Monday, November 29, 2010
ပါလီမန်ခေတ်၏ နောက်ဆုံးသမ္မတကြီး
           ထိုင်းဘုရင်မင်းမြတ် ဘူမိဘော်အဒှူယာဒတ်နှင့် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်
                         မန်းဝင်းမောင်အထုပ္ပတ္တိလက်ရေးမူမှ ဓာတ်ပုံ (ကျွန်တော်သမ္မတ)
                             မကွယ်လွန်မှီလပိုင်းအလို အင်းစိန်တွင်ရိုက်ကူးထားသောပုံ
မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ မန်းဝင်းမောင်ဟု လူသိများသည်။
ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်း၊ ဂျပ်ဆင် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ ရသည်။
၁၉၃၇-၄ဝ တွင် သန်လျင် ဘီအိုစီ စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်ဘဲ မြန်မာပြည်၌ နေခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယသို့ စေလွှတ်ခြင်း ခံရသည်။ အိန္ဒိယသို့ ပထမဆုံး ထွက်ခွာသော အဖွဲ့၌ ဒုတိယခေါင်းဆောင် အဖြစ် တာဝန် ပေးခံရသည်။ ကာလကတ္တားနှင့် သီဟိုဠ် တို့တွင် စစ်ပညာ သင်တန်းများ တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ်၊ မတ်လ ၃ဝ ရက် ညပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ် ကြို့ပင်သာရွာ အနီး၌ လေထီးဖြင့် ခုန်ဆင်းခဲ့သည်။ မြေပြင်အရောက် အကျမတော်၍ ပေါင်ကျိုးခဲ့သည်။ ဒဏ်ရာရသည့်ကြားမှပင် ဖက်ဆစ် တော်လှန်ရေး အတွက် ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံး လှုံ့ဆော်နိုင်ခဲ့သည်။ ၂ လကြာပြီးနောက် ဆေးကုသရန် ကာလကတ္တားသို့ လေယာဉ်ဖြင့် ပြန်ပို့ခံရသည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် ဦးသိန်းဖေ (မြင့်) နှင့်အတူ အိန္ဒိယမှ ပြန်ရောက်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင် ဗမာ ချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကရင်လူငယ်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌမှာ မန်းဘခိုင် ဖြစ်သည်။ ကရင်လူငယ် အစည်းအရုံးက ထုတ်ဝေသည့် တိုင်းရင်းသား ဂျာနယ်၏ အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ လမ်းညွှန်ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သခင်နု ဦးဆောင်သော အစိုးရ အဖွဲ့၌ ဓာတ်သတ္တုဌာန ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ အဖွဲ့၌ အဆောက်အဦး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်သည်။
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၆ ရက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ဆက်လက် ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပြည်တွင်း ရေကြောင်းနှင့် ပင်လယ်ဆိပ်ကမ်း ဆိုင်ရာ ဝန်ကြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ရွေးချယ်ခံရသော သမ္မတကြီး ဖြစ်လာသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီ၏ ထိန်းသိမ်းခြင်းခံရသည်။ ၁၉၆၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေး ကောင်စီက ဖိတ်ကြားသော ပြည်တွင်း အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်တိုင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်က အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရီ သုဓမ္မဘွဲ့များ ချီးမြှင့်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဘွဲ့တံဆိပ်များ ရခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယအဆင့်) ရခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့နေ ဦးစံလှ၊ ဒေါ်ဒွေးတို့၏ သမီး မမြမေနှင့် လက်ထပ်ခဲ့ပြီး သားလေးယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၉ ရက် ၉ လ ၁၉၈၈ ခုနှစ်တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် သမ္မတအဖြစ် စာရင်း၌ ပါရှိခဲ့သည်။
သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် 'ဌေးဝင်းမောင် ပြောသော လေထီးသမ္မတ' ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်သည်။
(သမ္မတကြီး မန်းဝင်းမောင်ရေးခဲ့သော စာအုပ်တစ်အုပ်မှာ “ကျွန်တော်သမ္မတ”ဟူ၍ မှတ်သာထားဖူးပါ သည် ၊ လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်တွင်ထင်၏) မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ လူတော်လူကောင်းများ ၊ ဆွေကောင်းမျိုးကောင်းများ ၊ ပညာတတ် လူရည်ချွန်များ အမိ မြန်မာနိုင်ငံကိုအုပ်ချုပ်သွားခဲ့သော ထိုထိုကာလတွေမှာ လူတိုင်းဟာ ပျော်ရွှင်ခဲ့ကြမှာ  ထိုခေတ်ကို မမှီခဲ့သော ထိုခေတ်မှာ လူမဖြစ်ခဲ့ရသော ကျွန်တော်ဟာ ဒီစာလေးတွေကို ဖတ်မှိတိုင်း အတိတ်ကို လွမ်းမှိသလိုလို ဖြစ်မှိပါတယ်။
 စာလေး ရေးနေစဉ်မှာတောင် ကျွန်တော့ရဲ့နားထဲမှာ ခပ်ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ (လွတ်လပ်တဲ့ မြန်မာပြည်....ထွဋ်မြတ်သည့် စံဋ္ဌာနီ ...မချွတ်အင် လွှတ်သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲနွှဲသံချီ ၊ မြန်မာ့ဟန်ရေး ရှေးထုံးမပြတ်ပါ အိုးစည် မောင်း ညိမ့်ညောင်းခါ တော်မှီ .....မင်းပေါင်းစုံစုံညီညီ ဗိုလ်ရှုသဘင်ပွဲ ခန်းမဆီ လျှမ်းစွကြိုင်ဝေစွာနော် ..နိုင်ငံတော်သမ္မတ ကြွချီ ၊ အောင်လံတော်ကို အလေးပြုရမည် ၊ ဗိုလ်ရှုသဘင်ပွဲ နွှဲသည့်အခါမှီ ..ကြည်း ရေ လေ စစ်သမီးမကျန်ရ မြန်မာ့တပ်မတော်ချီလာပြီ...............) ကျွန်တော်ဟာ စာရေးနေရင်း “လွှတ်သဘင်” သီချင်းလေး နားထဲကြားယောင် နေမှိပါတော့တယ်ခင်မျာ၊  အော် အတိတ် အတိတ် အတိတ်.............။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုတောင်းလိုက် ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ...။
Saturday, November 27, 2010
မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတကြီး ဒေါက်တာ ဦးဘဦး
          ၁၉၅၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် နှင့် သမ္မတကြီး ဆာဘဦး
သမ္မတကြီး အင်္ဂလိပ်ဘာသာဖြင့် ဆွေးစဉ်မျိုးဆက်အကြောင်းကို ရေးသားထားသည့်စာအုပ် မြန်မာပြန်
ဦးဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတကို ဗမာတိုင်းရင်းသား လူမျိုးထဲကနေ ရွေးချယ်ဖို့ အလှည့်ကျခဲ့ပါသည်။ ထိုအခါ ဒေါက်တာဘဦးသည် ပါလီမန် ဒီမိုကရေစီခေတ် အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် မှ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။
သမ္မတကြီး ဒေါက်တာ ဦးဘဦးသည် ခရစ် ၁၈၈၇ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ ၌ ဖွားမြင်သည်။ အဘမှာ အရေးပိုင် ဦးဘိုးလှ (စီ-အိုင်-အီး၊ ကေ-အက်ဖ်၊ အမ်-အေ၊ တီ-အမ်) ဖြစ်ပြီး မိခင်မှာ ဒေါ်ညွန့် ဖြစ်သည်။ ဒေါက်တာ ဦးဘဦးသည် သားအကြီးဆုံး ဖြစ်သည်။ 
မောင်ဘဦးသည် ငယ်စဉ်က ပုသိမ်မြို့ မူလတန်းကျောင်းတွင် လည်းကောင်း၊ မအူပင်မြို့  အစိုးရ အလယ်တန်းကျောင်းတွင် လည်းကောင်း နေခဲ့ပြီး ယင်းမှတဆင့် ပုသိမ်မြို့ အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန်မြို့ အစိုးရ အထက်တန်း ကျောင်းများတွင် အဆင့်ဆင့် ပညာ သင်ကြားခဲ့သည်။ ထိုနောက် ရန်ကုန် ကောလိပ်သို့ တက်ရောက်၍ တက္ကသိုလ် ပညာများကို သင်ယူခဲ့သည်။ ၁၉ဝ၇ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ် တက္ကသိုလ်သို့ သွားရောက်ကာ ပညာ သင်ယူခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ကိန်းဗရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ဝတ်လုံ စာမေးပွဲကို အောင်မြင်ခဲ့သည်။ 
ဒေါက်တာ ဦးဘဦးသည် ၁၉၂၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့ ၌ အစိုးရ အမှုလိုက် ရှေ့နေ အဖြစ် ဝင်ရောက် ထမ်းဆောင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဖျာပုံခရိုင် (ယခု - ဧရာဝတီတိုင်း) စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုမှတဆင့် တောင်ငူ၊ မအူပင်၊ မကွေး၊ မြောင်းမြ ခရိုင်များတွင် ခရိုင် စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ 
ယင်းနောက် ၁၉၃ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တရားလွှတ်တော်၊ တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် အင်းစိန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ်များသည် တောင်သူ လယ်သမား အရေးအခင်းများနှင့်ဂဠုန် ဆရာစံ နှင့် တော်လှန်ရေးသမားများ ထွက်သော နှစ်များ ဖြစ်ကြသည်။ မျိုးချစ်လယ်သမားခေါင်းဆောင်ကြီး ဆရာစံကိုကြိုးပေးသတ်ဖြတ်ဖို့ အမိန်ချခဲ့တဲ့ တရားသူးကြီးမှာ ဦးဘဦး ဖြစ်သည်။ 
၁၉၃၁ ခုနှစ်တွင် အထူးခုံရုံး အဖွဲ့ဝင် အဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ ၁၉၃၂ ခုနှစ်၊ ဧပြီလ အထိ၊ အင်းစိန်၊ ပြည်၊ သရက် ခရိုင်များ၏ စက်ရှင် တရားသူကြီးနှင့် အထူး တရားသူကြီး အဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။ ၁၉၃၂ ခုနှစ်၊ ဧပြီလတွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် အမြဲတမ်း တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ယင်းရာထူးသည် ဒုတိယ ကမ္ဘာစစ် ဖြစ်သည်အထိ ဖြစ်သည်။ 
ဒေါက်တာ ဦးဘဦးသည် တရားရေးဝန်ကြီး အဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၇ ခုနှစ်တွင် ရွေးကောက်ပွဲ ဆိုင်ရာ အထူးခုံရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၃ဝဝ ပြည့်နှစ်လောက် ရောက်သောအခါ ကျောင်းသား အရေးတော်ပုံ စုံစမ်းရေး ခုံရုံး ဥက္ကဋ္ဌ အဖြစ်လည်း ဆက်လက် ဆောင်ရွက်ခဲ့ရသည်။ အဓိပတိ ဒေါက်တာဘမော် အစိုးရ ဂျပန်ခေတ်တွင် တရား လွှတ်တော်ချုပ် တရားဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ရသည်။ 
စစ်ပြီးသော အခါမှ စ၍ လွတ်လပ်ရေး မရမီ စပ်ကြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ အထိ လက်ရှိ တရားလွှတ်တော် တရားဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူ ဆောင်ရွက် ခဲ့ရသည်။ မြန်မာနိုင်ငံ လွှတ်လပ်ရေး မရမီကလေးတွင် ဗြိတိသျှ အစိုးရတို့က 'ဆာ' ဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရသည်။ အာရှ အရှေ့တောင်ပိုင်း ဆိုင်ရာ မဟာမိတ် တပ်ဖွဲ့ သေနာပတိ လော့မောင့်ဘက်တန် မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဒေါက်တာ ဆာဘဦးသည် အိုရီယင့် ကလပ် ဥက္ကဋ္ဌ အဖြစ် ဧည့်ခံခဲ့သည်။ အလ္လာပသလ္လာပ စကားပြောဆိုရင်း မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရန် စကား ဆိုခဲ့ဖူးသည်ဟု သိရသည်။ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရာ၌လည်း ဒေါက်တာ ဆာဘဦးသည် အရေးပါသော နေရာမှ ထိရောက်စွာ ပါဝင် ဆောင်ရွက်ခဲ့သည်။ 
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော အခါ ဒေါက်တာ ဆာဘဦးကိုပင် တရား လွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ် အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် ဒေသဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်တို့တွင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ 
နိုင်ငံတော် အစိုးရက ဒေါက်တာ ဆာဘဦးအား အဂ္ဂမဟာသရေ စည်သူဘွဲ့နှင့် အဂ္ဂမဟာသီရိ သုဓမ္မဘွဲ့များကို ချီးမြှင့် ခံရပြန်သည်။ ယင်းအပြင် ရန်ကုန် တက္ကသိုလ်က ဥပဒေ ပါရဂူ (ဒေါက်တာ) ဘွဲ့ကို ချီးမြှင့်ခြင်း ခံရပြန်သည်။ ဒေါက်တာ ဆာဘဦးသည် သမ္မတ အဖြစ် တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ ဗြိတိသျှ အစိုးရက ပေးသော ဆာဘွဲ့ကို စွန့်လွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သမ္မတရာထူး သက်တမ်း ကုန်ဆုံးသော အခါ အငြိမ်းစား ယူခဲ့သည်။ သို့သော် ၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့  ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့ရပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာ ဦးဘဦးသည် လူမှု ဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကြက်ခြေနီ အသင်း၊ ပြည်သူ့ သူနာပြု အဖွဲ့၊ တက္ကသိုလ် ရန်ပုံငွေ အဖွဲ့၊ ပန်းဥယျာဉ် အသင်း စသည်တို့တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် 'ကျွနု၏ မြန်မာနိုင်ငံ' ခေါ် ကိုယ်ရေး အတ္တုပ္ပတ္တိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့သည်။ 
၁၉၁၃ ခုနှစ်တွင် ဒေါက်တာ ဦးဘဦးသည် ခရိုင် တရားသူကြီးဟောင်း ဦးအောင်ဇံ၏ သမီး ဒေါ်ဒေါ်ငြိမ်းနှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ဒေါ်ဒေါ်ငြိမ်းသည် ၁၉၂၂ ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရသည်။ ဒေါ်ဒေါ်ငြိမ်း ကွယ်လွန် သွားပြီးနောက် ဒေါက်တာ ဦးဘဦးသည် ၁၉၂၃ ခုနှစ်တွင် ရိက္ခာတော်ရ အရေးပိုင် ဦဆိုးဖေ၏ သမီး ဒေါ်ဒေါ်အေးနှင့် လက်ဆက်ခဲ့ရာ သမီး ၃ ယောက်နှင့် သား ၂ ယောက် ရရှိခဲ့သည်။ ဒေါ်ဒေါ်အေးသည် ၁၉၄၁ ခုနှစ်တွင် ကွယ်လွန် သွားပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာဦးဘဦးသည် တော်လှန်ရေး ကောင်စီ အစိုးရ အုပ်ချုပ်ရေး လွှဲပြောင်းယူပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ အသက် ၇၆ နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် အမှတ်(၅၄) ရွှေတောင်ကြားရိပ်သာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၌ ကွယ်လွန် အနိစ္စ ရောက်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် သမီး ၃ ယောက်နှင့် သား ၂ ယောက် ကျန်ရစ်ခဲ့သည်။ 
စာကြွင်း
ရွှေဥသြ စာအုပ်မှ ကူးယူပြီး ပို့စ်တင်ဖို့ လုပ်နေတုန်း သူငယ်ချင်း ကျော်မင်းမြတ်က မြန်မာဝီခီမှာ ရှိတယ်ဆိုလို့ ၊ သွားကြည့်လိုက်ပါတယ် ရွှေဥသြရဲ့ စာအုပ်ထဲကအတိုင်း ရေးထားတာဖြစ်လို့မို့ တူတူဘဲဆိုပြီး ကူးချပြီး ဒီမှာတင်လိုက်ပါတယ် ၊ စာဖတ်သူများ ကျမ်းမာပျော်ရွှင်ကြပါစေ ၊ ဒီပို့စ်ပြီး ရင်တော့ ပါလီမန်ခေတ်ရဲ့ နောက်ဆုံးသမ္မတကြီး မန်းဝင်းမောင် အကြောင်းကိုတင်ပါ့မယ် ၊ ပြီးရင် ၊ မဆလခေတ်မှ နအဖခေတ်တိုင်အောင် နိုင်ငံခေါင်းဆောင်များ အကြောင်းကို တင်ပါ့မယ် ပြီးရင် မင်းပြောင်းမင်းလဲတွင်ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ကို ဖတ်ချင်စဖွယ်ပိုစ့်လေးတွေ ပိုင်းပြီးတင်ပါ့မယ် ၊ အထက်ပါအကြောင်းအရာတွေကို ပိုစ့်လေးနှစ်ခုနဲ့ဘဲ တင်မှာပါ ၊ စောင့်ပြီးအား ပေးကြအုံးနော် ၊ စာကစရေးစဆိုတော့ အားပေးတာ မခံရရင် အားငယ်တတ်လို့ပါ ၊ အားငယ်ရတဲ့ အထဲ မဒမ်ငွေရဲ့ ဟိန်းဟောက်မှုဒဏ်ကိုလဲ သနားစဖွယ်ခံယူနေရပါတယ် ၊ အားလုံးရွှင်လန်းချမ်း မြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းပေးလိုက်ပါတယ် ၊ ရွှင်လန်းချမ်း မြေ့ကြပါ စေ ခင်မျာ..။
Friday, November 26, 2010
အဖိုးနှင့် သူ့မြေး ကျွန်တော်
အဖိုးသာအခုနေရှိရင် အသက်၉၆နှစ် ရှိပြီ ၊ ကျွန်တော့်အဖိုးကို မြန်မာသက္ကရာဇ် ၁၂၇၇ခုနှစ် ၊ နယုန်လပြည့်ကျော် ၁၅ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၁၁-၆-၁၉၁၅ခုနှစ် ၊ မှာ မော်လမြိုင်မြို့မှာ  အဖဦးသာဆိုင် (ရွှေလှံဗိုလ်ခေါ် ကောလင်းမြို့စား မန္တလေး မြို့တော်ဝန် မဟာမင်းခေါင် အနော်ရ ထာဘွဲ့ခံ မင်းကြီးဦးချိမ့်၏  ၀န်စာရေးတော်ကြီး)နှင့် ၊ အမိဒေါ်နှင်းအိ (သီပေါ ဘုရင်၏ ပြည်လုံး အံ့လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိ ရန်အောင်၏ သမီး)တို့မှ ဖွားမြင်ခဲ့သူပါ။
 အဘိုးဟာ ရှေးခေတ် နောက်ခေတ်ကို ပက်ပက်စက်စက်ကြီး မှီခဲ့သူမို့ ၊ ဗဟုသုတမျိုးစုံ ၊ အတွေ့အကြုံမျိုးစုံ ရှိသူပါ ၊ မျိုးချစ်စိတ် အလွန်အမင်းပြင်းထန်သူမို့ ၊ အင်္ဂလိပ်ကျောင်း မတတ်ဖူးပါ ၊ သို့သော် အင်္ဂလိပ်စာ တော်တော်တတ်သလို ဂျပန်စာနဲ့ ဂျပန်စကားကိုပါ တတ်မြောက်ပါတယ် ၊ ကျွန်တော်အကို ဆရာဝန်ကြီးများကတောင် အဖိုးဖတ်ဖူးတဲ့ အင်္ဂလိပ်စာ အုပ်မျိုးမဖတ်ဖူးခဲ့ပါ ၊ အဘိုးက မော်လမြိုင်ဗုဒ္ဓဘာသာ ကျောင်းထွက်လို့ဆိုပါတယ် ၊ ၇တန်း အောင်ခဲ့တယ်ကွယ့်လို့ ပြောပါ တယ် ၊ မော်လမြိုင်က ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ စာသင်ပေးခဲ့ဖူးသေးတယ်လို့ ပြောခဲ့ဖူးပါတယ် ကိုရင်ဝတ်နဲ့ ပထမလတ်တန်းအောင်မြင်ခဲ့ဖူးပါတယ်။
 လွတ်လပ်ရေး ခေတ်တလျှောက်လုံး ၊ ဘီအိုင်အေ ၊ ဘီဒီအေ အဲလို ခေတ်တွေမှာတော့ စစ်သားလုပ်ခဲ့ပါသေးတယ် ၊ ဘီအိုင်အေမှာ ဗိုလ်ကြီး အဆင့်တာဝန် ထမ်းဆောင်ခဲ့သူပါ ၊ ဂျပန်ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ စစ်တိုက်ခဲ့သူပါ၊ ဂျပန်ခေတ်က စစ်တောင်းတံတား တိုက်ပွဲမှာ ဂျပန်စစ်ဗိုလ်နဲ့ ဓားချင်း ယှဉ်ခုတ်ခဲ့လို့ အဖိုးညာလက်အဖျားတွေ ပြတ်ကျလုနီးနီး ဓားထိခဲ့ပါတယ်၊ ဖဆပလ ခေတ်မှတော့၊ ဖဆပလအဖွဲ့ထဲမှာ အတွင်းရေးမှူးလုပ်ပါတယ်။
 ဗိုလ်ချုပ်ရဲ့ အမိန့်နဲ့ ဂျပန်စစ်ပြန်တွေကို ပြန်လည် နေရာချထားရေး လုပ်ပါတယ် ၊ လွတ်လပ်ရေးခေတ်မှာ မဏ္ဍိုင်သတင်းစာ ကိုတည် ထောင်ခဲ့ပြီး ၊ ဘိုးဘိုးမိန်းမကတော့ မော်လမြိုင် သွေးဆေးနာမည်နဲ့ ဆေးတိုက်ဖွင့်ပါတယ်၊ ၁၉၉၆ခုနှစ်မှာ နိုင်ငံဂုဏ်ရည်တတိယဆင့် ရရှိခဲ့ပါတယ်၊ ၁၉၇၀ခုနှစ်မှာ သမိုင်းဝင် ပမဆင့်ကို အဘိုးရော အဖွားပါ ပူးတွဲရပါတယ် ၊ စာပေနှံ့စပ်ပုံကတော့ အံ့လောက်ပါတယ် ၊ ဒါကတော့ အဖိုးရဲ့ ဘ၀ တစိတ်တဒေသပါ ။
ကျွန်တော်ကတော့ မြန်မာသက္ကရာဇ် ၁၃၅၂ခု ၊ ပြာသိုလပြည့်ကျော် ၁ရက် ၊ ခရစ်နှစ် ၁၉၉၀ပြည့် ဒီဇင်ဘာ ၃၁ရက် ၊ တနလာင်္နေ့ည မြန်မာစံတော်ချိန် ၁၂နာရီ ၊ ၅မိနစ်တွင် မြောက်လတ္တီကျု ၁၆ဒီဂရီ  ၄၇မိနစ် ၊ အရှေ့လောင်ဂျီကျူ့၉၆ ဒီဂရီ ၁၂မိနစ်တွင် ရန်ကန်မြို့ ဒဗ္ဗလင်ဆေးရုံတွင် သတို့သား .....ကို မာတာမိခင်မှ ဖွားသန့်စင်သည် အသက်၁၂၀ ရှည်စေသော်ဟု အဖိုး လုပ်ပေးထားတဲ့ ဇာတာမှာ အဲလိုရေးထားပါတယ်။
ကျွန်တော့ကိုမွေးမဲ့နေ့ ညနေမှာ မော်လမြိုင်မှာ အဖွားဆုံးပါတယ် ၊ အဲဒီည သန်းခေါင်းယံအချိန်မှာ ကျွန်တော်မွေးပါတယ် ၊ အဖွားနဲ့ ကျွန်တော်ဟာ မီးဝင်မီးထွက် ဖြစ်ပါတယ် ၊ အဖွားဆုံးခါနီးတော့ အဖွားရဲ့ခြေထောက်မှာ အဖိုးက မီသွေးလေးနဲ့ခြစ်ပေးလိုက်ပြီး မေမေဆီမှာ ပြန်ဝင်စားလို့ မှာလိုက်တယ်လို့ ဆိုပါတယ် ၊ ကျွန်တော်ကို အဲဒီညမှာ မွေးတော့ အဖိုးဟာ သူ့မိန်းမ၀င်စားတာ ဟုတ်မဟုတ် သိချင်လို့ ကျွန်တော်ခြေထောက်ကို ကြည့်ခိုင်းတယ်လို့ဆိုပါ တယ် ၊ တိုက်ဆိုင်စွာဘဲ ကျွန်တော်ဘယ်ဘက် ခြေထောက်မှာ ၊ အမဲရောင်အခြစ်ရာ အမှတ်သားလေးပါလာတဲ့အပြင် ၊ ညာဖက်နံပါးမှာပါ အမဲစက်ကြီးတစ်ခုပါလာပါတယ် ၊ အဲဒီအမှတ်အသားဟာ ဖွားဖွားမှာလဲ ပါတယ်လို့ မေမေကဆိုပါတယ် ၊ မည်သို့ပင်ဖြစ်စေ ကျွန်တော်ဟာ အဖွားဝင်စားပါတယ်ဆိုပြီး အဖိုးရဲ့အချစ်တော်ဖြစ်သွားပါတယ် ။
အိမ်မှာအဖိုးဟာ သြဇာကြီးမားသူ ဖြစ်ပါတယ် ၊ အဖိုးက ကျွန်တော့်ဘက်တော်သားကြီးဖြစ်လို့ ကျွန်တော်ရဲ့ပါးဟာ အဖိုးတည်းဟူသော စိန်နားကပ်ကြောင့်  ပါးတည်းဟူသော ကျွန်တော်ဟာ ပြောင်ပြောင်ပြောင်နဲ့ နေပါတယ် ၊ နောင်တော်ကြီး နှစ်ပါးရဲ့ငြူစူစောင်းမြောင်း မှုကိုအပြင်း အထန်ခံရပါတယ် ၊ အဖိုးဘယ်သွားသွား သွားလေရာ ခေါ်ဆောင်သွားတတ်ပါတယ် ၊ ကျွန်တော် တို့ ညီကိုယ် တွေဟာ အသက်၇ နှစ်စီကွာပါတယ် ၊ အကြီးဆုံးအကိုနဲ့ ကျွန်တော်ဟာ ၁၄နှစ်ကွာပါ တယ် အလတ်ကောင်နဲ့ ကျွန်တော်ဟာ ၇နှစ်ကွာပါတယ်။
မိဘနှစ်ပါး အလုပ်သွားချိန်မှာ အကိုနှစ်ယောက် ကျောင်းတက်နေပါတယ်၊ ကျွန်တော်နဲ့ အဖိုးကတော့ အိမ်တော်စောင့် ဖြစ်ပါတယ်၊ အဖိုးက ကျွန်တော်စာမတတ်ခင်ကတည်းက ဘုရားရှိခိုးသင်ပေး ၊ သီချင်းတွေ သင်ပေး ပီယာနိုတီးခိုင်း တယောထိုးခိုင်း ၊ စာလေးရေးတတ်လာတော့ ဟိုဟာမှတ်ခိုင်း ဒါမှတ်ခိုင်း ၊ ဟိုဟာသင်ပေး ဒါသင်ပေး လုပ် ပါတယ် ၊ ဒါကြောင့် ကျွန်တော့မိသားစုမှာ ကျွန်တော်ဟာ အဖိုးနဲ့ မိသားစုဝင်တွေထက် ပိုမိုအကျွမ်းဝင်သူပါ။
 အဖိုးဆုံးတော့ အဖိုးရဲ့စာအုပ်တွေ ခွဲဝေရေးပြဿနာများတတ်ပါတယ် ၊ ကျွန်တော်ဟာ ကျွန်တော်ဗီရိုလေးထဲမှာ အဖိုးရှိစဉ်ကတည်းက အဖိုးရဲ့မှတ်စုတချို့ကို ကျွန်တော် ရေးထားတဲ့ စာအုပ်တွေနဲ့ ပူးတွဲပြီး စာအုပ်ကြီးတစ်အုပ်ချုပ်လိုက်ပါတယ် ၊ စာအုပ်မှာလဲ ကျွန်တော့် နာမည် တပ်ပြီး ထားလိုက်ပါတယ် ၊ မှတ်စုစာအုပ်တွေကို ဖေဖေပိုင်ရမှာ ဖြစ်ပေမဲ့ ၊ ဖိုးဖိုးရဲ့ မြေးကျွန်တော် ကသာ ပိုင်စေရမယ်လို့ ဖိုးဖိုး ဥပဒေထားရစ်ခဲ့ပါတယ် ၊ သိတော်မူကြတဲ့အတိုင်း ဥပဒေထားခဲ့သူ မရှိတော့တဲ့နောက်ပိုင်း ၊ ဥပဒေဟာ အသက်မ၀င်တော့ပါဘူး ၊ ကျွန်တော်ပြည်ပရောက်နေလို့ ဈာပန လုပ်တဲ့နေမှ ပြန်ရောက်ပါတယ်။
 အခုတော့ အဖိုးမှတ်စုတွေ ယူထားတဲ့ လူတွေဆီကနေ ကျွန်တော် ပြန်ခိုးယူထားလို့ ၊ နဲနဲတော့ ပြန်ရပါပြီ ၊ ဖိုးဖိုးဟာ စာရေးနိုင်သူဖြစ်ပါတယ် ၊ ကဗျာလကာင်္တွေ မှတ်တမ်းမှတ်ရာတွေ ၊ ကိုယ့်တွေ့မှတ်တမ်းတွေ တော်တော်စုံပါတယ်၊ အခုတော့ ဖိုးဖိုးရဲ့ မှတ်စုထဲက မင်းပြောင်းမင်းလွဲဖြစ်ရင် ဖြစ်ပေါ်တတ်တဲ့ အရိပ်နိမိတ်လက္ခဏာတရားဆိုတဲ့ နတ်စက်ရောင် သိုက်စာပါ လကာင်္ရှည်ကြီးတခုကို အပိုင်းခွဲပြီး ပိုစ့်တင်ရင်ကောင်း မလား စဉ်းစားမှိပါတယ် ။
 ကဲစာဖတ်သူ ကျွန်တော်အဲဒီ လင်္ကာကြီးကို ကျွန်တော်သိသလောက် အဓိပ္ပါ့ယ်ရှင်းပြီး ငွေလမင်း ဘလော့မှာ တင်ရင် စာဖတ်သူက စောင့်ဖတ်မှာလားလို့ မေးချင်ပါတယ် ဖတ်မယ်မလားခင်မျာ ၊ မညာပါနဲ့ ဖတ်မယ်ဆိုရင် အောက်မှာကွန်မင့်ရေးခဲ့ ၊ ဘာမဖတ်ဖူးလား၊ ဟားဟား မရေးဘူးပေါ့ဗျ ၊ စသဖြင်စသဖြင့် စကားတွေပြောပြီး ကျွန်တော်အိပ်မက်က လန့်နိုးခဲ့ပါတယ်။
 ညကအကြောင်းရာတွေပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်အဖိုး မှတ်စုဖတ်ပြီး အိပ်ပျော်သွားရင်း အိပ်မက်မက်နေတာကိုး ၊ အိပ်မက်ထဲမှာ အခုစာဖတ်နေတဲ့လူကို ကျွန်တော်က အဖိုးအကြောင်း ရှင်းပြနေတာတဲ့ ၊အိပ်ယာနိုးတော့ အိပ်မက်ထဲက ပြောခဲ့တဲ့အတိုင်း ရေးရင်ကောင်းမလား မရေးရင်ကောင်းမလား ၊ တွေးနေတုန်း မဒမ်ငွေဆီကို ထိုအကြောင်းအရာ အတည်ဖြစ်စေဖို့ အစီရင်ခံလိုက်ရာ ၊ ရေးသားရမည်ဖြစ်ကြောင်း အော်ဒါထွက်လာသဖြင့် ကျွန်တော်ရေးဖို့ စီစဉ်နေရပါတော့တယ် ၊ စာရူသူကရော ရေးစေချင်လားခင်မျာ??????????????
Wednesday, November 24, 2010
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး
             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတကြီး ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်
       ၁၉၄၈ခုနှစ် ဇန္န၀ါရီလေးရက် လွတ်လပ်ရေးနေ့အလံတင်အခမ်းနားတွင်တွေ့ရသော သမ္မတကြီး
ကျွန်တော်ဟာ ခပ်ငယ်ငယ်က သတင်းစာတွေ မဂ္ဂဇင်းတွေထဲမှာ ဘယ်နိုင်ငံသမ္မတကြီး ကိုသွား ရောက်တွေ့ဆုံ ၊ ဘယ်နိုင်ငံ သမ္မတကြီး ဘယ်နိုင်ငံသို့ သွားရောက်လည်ပတ် စသဖြင့် မကြာခဏ ဖတ်ရပါတယ် ၊ ၂၀၀၃ခုနှစ်ကျမှ ကျွန်တော်ဟာ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကြီးများ ရှိခဲ့ဖူးတယ်လို့ သိခဲ့ရသူပါ။
 တနေ့မှာတော့ ကျွန်တော်ဟာ ဖိုးဖိုးကို နိုင်ငံတော်သမ္မတကြီးတွေကိုသိဖူးခဲ့လား ပြောပြပေးပါအုံးလို့ တောင်းဆိုကြည့်တော့ ဖိုးဖိုးက သိပ်သိတာပေါ့ကွယ် ၊ နိုင်ငံတော် သမ္မတကြီးများဟာ နိုင်ငံရပ်ခြားက သမ္မတကြီးတွေလိုမဟုတ်ဘူး ၊ အမျိုးဇာတ် အင်မတန်မြင့် တယ်ကွယ် ၊ သူတို့အခမ်းအနားနဲ့ ကြွလာရင် မြန်မာရှင်ဘုရင် ခေတ်ကလိုဘဲ ၊ စည်တော်တွေ နဲ့ အလုပ်အကြွေးတွေ သက်တော်စောင့်တွေနဲ့ ကြွတော်မူကြတယ် ၊ ဘိုးဘိုးတို့ဆိုရင် နိုင်ငံတော် သမ္မတကြီးကြွမဲ့ နေရာကိုသွားပြီး နိုင်ငံတော်သမ္မတကြီးကို ဖူးမျှော်ရတာ ၀ကိုမ၀ပါဘူး။
 ဘယ်နိုင်ငံတော် သမ္မတကြီး တက်တက် ၊ အမြဲတမ်းကြွတတ်တဲ့ နေရာကတော့ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်ပဲကွယ့် သူတို့ဟာ သိမ်ဖြူဆရာတော်ကြီးဆီကို အမြဲတမ်း ကြွရောက်ဖူးမြော်ကြတယ် ၊ သိမ်ဖြူ ဆရာတော်ကြီးဟာ အဲဒီခေတ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲတံဆိပ်တော်ကို ဦးစွာရတော်မူတဲ့ ရဟန်းပညာရှင်ကြီးကွဲ့ သိပ်ဖြူဆေးအဘိဓာန်၊ သိမ်ဖြူဓာတ်ကျမ်း ၊ သိမ်ဖြူ သရုပ်ပြ ဆေးအဘိဓာန် အဲသလိုရှားပါးတဲ့ ဆေးကျမ်းကြီးတွေ ဗေဒင်ကျမ်းကြီးတွေ ပြုစုတော်မူသလို ၊ ဗေဒင်ပညာကိုလဲ တဖက်ကမ်းခတ် တတ်မြောက် တော်မူတယ်။
 ဒါကြောင့် နိုင်ငံတော်ဆိုင်ရာ အခါတော်ပေးတာတို့လို ကိစ္စရပ်တွေကို  နိုင်ငံတော် သမ္မတကြီးများ အဆက်ဆက်က ယုံကြည်ပြီး ဆရာတော်မိန့်တော်မူသလို လုပ်ကြတယ်၊ အဲဒါ ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖိုးဖိုး ပြောပြသွားတဲ့ သမ္မတကြီးများ အကြောင်း တစ်စိတ်တစ်ဒေသပါ ခင်မျာ ။
နောက်တစ်ခုကတော့ မင်္ဂလာဒုံ စစ်ဆေးရုံက ဓာတ်မှန်ဆိုင်ရာ ဆရာဝန်ကြီး ကျွန်တော့ရဲ့ကိုကိုလတ်ဟာ နိုင်ငံတော်သမ္မတတွေကို အရမ်းလေးစား အားကျသူပါ၊ သူ့အခန်းထဲမှာ အလံပေါင်းမြောက်များစွာနဲ့၊ နိုင်ငံတော်သမ္မကြီးများရဲ့ ရှားပါးပုံများကို မှန်ဘောင်နဲ့ ထည့်ထားပြီး ခေါင်းရင်း ချိတ်ထားသူပါ၊ စာအုပ်စာပေဆိုရင်လဲ အဲဒီလိုအကြောင်းတွေကိုသာ ဖတ်ရူလေ့ရှိပါတယ်။
 တနေ့မှာတော့ သူ့အခန်းထဲမှာ စာအုပ်တစ်အုပ်တွေ့ပါတယ်၊ ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)စပယ်ဦး စာပေဖြစ်ပါတယ် ၊ အဲဒီစာအုပ်ထဲမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်အကြောင်း ပါလာတာကို ဖတ်လိုက် ရပါတယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)အရ မြန်မာနိုင်ငံတွင် လူ ဦးရေ အများဆုံး ဖြစ်သည့် ရှမ်း ၊ ကရင် ၊ ကချင် ၊ ဗမာ ဆိုပြီး လေးအုပ်စုကို တစ်စုစီ အလှည့်ကျ နိုင်ငံတော်သမ္မတ တင်မြှောက်ကြပါတယ်။
 အဲဒီအထဲမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့် နောက်ပိုင်း တွင် နိုင်ငံရေးအတွက် ပူပန်နေကြသော ရှမ်းခေါင်းဆောင်တချို့နှင့် ၊ အင်္ဂလိပ်အလိုတော်ရှိ တချို့ ၏ သွေးခွဲမှုကို ခံနေရသော တိုင်းရင်းသား ခေါင်းဆောင်ကြီးတချို့ အားရ ကျေနပ်အောင် စသော ရည်ရွယ်ချက်တို့ဖြင့် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ရွှေဥသြ ရေးသားသည့် ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’စာအုပ်ပါ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်၏ အထုပ္ပတ္တိကို ဤကဲ့သို့ရေးသားထားသည်ကို ကျွန်တော် ဖတ်ရူ့ခဲ့ရပါသည် 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသမ္မတကြီး (စ၀်ရွှေသိုက်)
စဝ်ရွှေသိုက်သည် မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ် (ခရစ် ၁၈၉၆-ခုနှစ်)တွင် ညောင်ရွှေမြို့၌ ညောင်ရွှေစော်ဘွားကြီး အဖ ဆာစပ်မောင်နှင့် အမိ မဟာဒေဝီတို့မှ ဖွားမြင်သော သားဖြစ်သည်။
ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေ နတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။
မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။
ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။
၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။
ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆၀ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။
၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက်အား ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စင်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ)စပ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။  လို့ဖက် မှတ်လိုက်ဖူးပါတယ်ခင်မျာ ၊ စာရှုသူအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း တချိန်က သမ္မတကြီးရဲ့ ပုံကိုငေးမျှော်၍ နောင်အနာဂတ် သမ္မတဟာ ဘယ်သူဘယ်ဝါဆိုတာ စောင့်မျှော် ကြည့်ရှု့ကြပါစို့လား ခင်မျာ ။
Monday, November 22, 2010
မြန်မာ့နိုင်ငံရေး ကြယ်တစ်ပွင့်လား
                                   ပြည်နယ်လွတ်တော်အမတ်လေး မနန်းအက်စကီမိုး
 “ပြန်ထဲအရေး ပေါက်နှင့်ကျေးသို့ ၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏” ကန်တော် မင်းကျောင်းဆရာတော်ရဲ့လောကသာရပျို့မှာ ဆိုထားသမို့ ၊ ပြည်ထောင်စု မြန်မာနိုင်ငံဖွား လူငယ်လူရွယ်များဟာ နိုင်ငံရေးလုပ်ကိုင်မှုကို တော်တော်များများ လက်ရှောင်ကြပါတယ် လုပ်ကိုင်သူ လူငယ်လူရွယ်များကလဲ တည်ဆဲဥပဒေ ဥပဒက်တွေနဲ့ ငြိစွန်းလို့မို့ မကြာခဏဆိုသလို အင်းစိန် ၊ သာယာဝတီ ၊ ဟိုဟိုဒီဒီ ထောင်နန်းစံမြန်းကြရသဖြင့် ၊ ကျွန်တော်အပါအ၀င် မြန်မာလူငယ်လူရွယ် တော်တော်များများဟာ ထောင် အကျမခံနိုင်ပါသဖြင့် ၊ မိဘဆွေမျိုး ညီကိုယ်မောင်နှမ  တစုက ၀ိုင်းဝန်းတောင်းပန်လို့မို့ နိုင်ငံအရေး စိတ်ဝင်စားကြပါသော်လဲ ထဲထဲဝင်ဝင် လုပ်ကိုင်ကြခြင်းမရှိပါ ၊ သို့သော် အကြောင်းညီညွတ် လာရင်တော့ဖြင့်  လုပ်ကိုင်သူတိုင်းရဲ့ နောက်ကိုဝိုင်း ရံပေးလိုကြသည့် စိတ်ဓာတ်မှာ ၊ မြန်မာလူငယ်တစ်ရာတွင် ၉၉ယောက်ရှိသည်ဟု ခန့်မှန်းမှိပါသည်။
ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တို့ဖြင့် ပြဋ္ဌာန်းအတည်ပြုလိုက်သော ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာထုတ်ပြန်ချက်တစ်ခုတွင် ရှမ်းအမျိုးသားဒီမိုကရက်တစ် ပါတီတွင် အမှတ်(၁)ပြည်နယ်လွတ်တော်မဲဆန္ဒ နယ်မြေ လဲချားတွင် ယှည်ပြိုင်ဖက် ကမ္ဘာကျော် ကြံ့ခိုင်ဖွင့်ဖြိုးအသင်းကြီးရဲ့ အမတ်လောင်းဦးစိုင်းချစ်ဆွေနှင့် တစည ပါတီအမတ်လောင်း ဦးလပန်းတို့ကို မဲအရေတွက်ပေါင်း ၄၀၀၀ကျော်နဲ့ အပြတ်အသတ်နိုင်ခဲ့သူလေးပါ ၊ နာမည်ကတော့ နန်း အက်စကီမိုးဖြစ်ပါတယ် ၊ အသက်ကတော့ ၂၅နှစ်ပါ ၊ ဒီအသက်အရွယ်ဟာ လွတ်တော်  အမတ်လောင်း ၀င်ပြိုင်ခွင့်ရတဲ့ အသက်ကန့်သက်ချက်ကို ပြည့်မှီရုံသာရှိပါတယ် ။ ယှဉ်ပြိုင်ဖက် အမတ်တွေရဲ့ အသက်ကိုကြည့်ရင် မြေးအဖိုးအရွယ်လောက် ရှိတာကို တွေ့ရမှာဖြစ်ပါတယ် ၊ မည်သို့ပင်ဖြစ်စေ ၊ မနန်းအက်စကီမိုးဟာ မြန်မာနိုင်ငံအတွက် အသက်အငယ်ဆုံး ပြည်နယ်လွတ်တော် အမတ် တစ်ယောက်ဖြစ်ခဲ့သလို ၊ သူ့ရဲ့ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီအတွင်းမှာလဲ အသက်ငယ်ဆုံးသော ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပါပြီ ။
မြန်မာနိုင်ငံရဲ့ သမိုင်းအနေအထားများကို ကြည့်ရူသုံးသပ်တဲ့အခါ ရှမ်းအမျိုးသားများဟာ အင်မတန် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်တာကို တွေ့မြင်ကြရမှာပါ ၊ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ် ၁၉၄၇မှာ နိုင်ငံတော်သမ္မကြီးဖြစ်ခဲ့သူဟာ စ၀်ရွှေသိုက်ဖြစ်သလို ၊ ဖက်ဒရယ်ပြည်ထောင်မှုအဖြစ် ရေးသားချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အချက်အလက်တို့ကို မျက်ကွယ်ပြုပြီး ခွဲထွက်ပိုင်ခွင့်ရှိသော တိုင်းရင်းသားများတွင်လဲ ရှမ်းတိုင်းရင်းသားများ လူမျိုးစုတစ်ခုသာ တရားဝင်ခွင့်ပြုခဲ့ကြပါတယ် ၊ အခြား မည်သည့်တိုင်းရင်းသားများမှ ခွဲထွက်ပိုင်ခွင့်မရှိပါ ၊ အဘယ်ကြောင့်ဆိုသော် ရှမ်း လူမျိုးများသည် မြန်မာဘုရင်၏ လက်အောက်ခံမဟုတ်ဘဲ ၊ တစ်ထီးတစ်နန်း နေထိုင်သောလူမျိုးစု ဖြစ်သောကြောင့်လို့ ၊ ပင်လုံစာချုပ်တွင် ပါဝင်ချုပ်ဆိုရေးသားခဲ့တဲ့ ဦ်းချန်ထွန်းရဲ့ ပင်လုံအကြောင်းသိကောင်းစရာမှာ ဖတ်မှတ် လိုက်ဖူးပါတယ် ၊ ဒါကြောင့်များ အရမ်းနိုးကြားနေတဲ့ လူမျိုးတွေများလားလို့ တွေးပြီး အားကျမှိပါတယ် ။
မြန်မာနိုင်ငံမှာ တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရားဝင်ပြည်နယ် လွတ်တော်အမတ် ဖြစ်ခဲ့သူ မနန်းအက်စကီးမိုးဟာ လဲချားအထက မှာကိုးတန်းအောင်မြင်ခဲ့ပြီး မန္တလေး VEC ပညာ ရေးရိပ်ဿာမှာ ဆယ်တန်းအောင်မြင်ခဲ့ခါ အေးသာယာက GTC မှာ ITနဲ့ ကျောင်း၂နှစ်တက်ခဲ့တယ်လို့ ဆိုပါတယ် ၊ ပင်လုံတက္ကသိုလ်ကနေ ၂၀၀၉ခုနှစ်က အင်္ဂလိပ်စာနဲ့ ကျောင်းပြီးခဲ့တယ်လို့ ဘီဘီစီ အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့ မိုဘီဂျီနိုမှာ ဖြေကြားသွားပါတယ်။
လွတ်တော်အမတ် အဖြစ်နဲ့ ပထမဦးဆုံး လုပ်ချင်တဲ့အလုပ်က ဘာလဲလို့ မေးကြည့်တဲ့အခါ “ကျမတို့နယ်မှာ မူလတန်း ပညာရေး အခမဲ့ပြုလုပ်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်” နောက်တစ်ခုကတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် လုပ်မယ်လို့လဲ ဖြေကြားသွားပါသေးတယ် ၊ မြန်မာ့နိုင်ငံရေး  လောကမှာ ဘယ်သူ့ကိုအားကျပါသလဲလို့ မေးတဲ့အခါ “မေမေစု”ကိုအားကျပါသတဲ့ ၊ စကားပြောခွင့်ရခဲ့ရင် သူ့မဲဆန္ဒနယ်မှာ သူတွေ့ကြုံခဲ့ရတာလေးတွေကို ပြန်ပြောပြချင်တယ်လို့ ဆိုပါတယ် ၊ ဘာကို အကြောက်ဆုံး လဲလို့မေးမြန်းတဲ့အခါမှတော့ ကြိုတင်မဲကို ကြောက်ပါသတဲ့ ၊ ကြိုတင်မဲ ပေးခွင့်ရှိတဲ့ နယ်သုံးခုလုံးမှာ သူဟာရှုံးနိမ့်ခဲ့လို့လို့ ဆိုပါတယ် ။ မည်သို့ပင် ဖြစ်စေ တည်ဆဲအစိုးရရဲ့ တရားဝင်ခွင့်ချက်နဲ့ တရားဝင်ပြည်နယ်လွတ်တော် အမတ်လေးဖြစ်လာခဲ့သူ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး လွတ်တော်အမတ်လေးကို ၀ိုင်းဝန်းဂုဏ်ပြု ကြပါစို့လားခင်မျာ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ။
Saturday, November 20, 2010
ကြာဝတ်မှုံကုန်မှာ စိုးတယ်
 “ရင့်မှာတစ်ကျိပ် ၊ နုမှာငါးရာ ၊ နောင်လာရှစ်သောင်း ၊ ဘုရားပေါင်းလို့ ”လို့ဆိုပါတယ်ခင်မျာ ၊ ဒါကတော့ သီဟိုဠ်ကျွန်းကရေးတဲ့ ၊ မဟာဝင်ကျမ်းစာများအရလို့ဆိုပါတယ် ၊ သီဟိုဠ်ရဟန်းတော် များရေးသားခဲ့သော ၊ မဟာဝံသ ၊ ဗုဒ္ဓ၀ံသ ၊ ထူပ၀ံသ ၊ ရာဇ၀ံသ ၊ မဟာဗောဓိဝံသ ၊ စသော ကျမ်းစာများကို မြန်မာနိုင်ငံမှာ သာသနာရေးဋ္ဌာနက မြန်မာဘာသာနဲ့ပြန်လည် ဘာသာပြန်ဆို ရေးသားကြလို့ ၊ ဗုဒ္ဓဘာသာဝင်များ တော်တော်လေးဗဟုသုတ တိုးခဲ့ရပါတယ်။
 အထက်ပါ စာအုပ်လေးတွေကို ဖတ်ဖူးရင်တော့ ၊ မြန်မာနိုင်ငံက ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရေး သားခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းဆိုတာ သီဟိုဠ်ရဟန်းတော်များ ၊ ဆင်ဟာလိဘာသာ ၊ ပါဠိဘာ သာတို့နှင့် ရေးသားထားခဲ့တဲ့ ဗုဒ္ဓ၀ံသကျမ်းစာကို မြန်မာဘာသာစကားနဲ့ ပြန်လည်ရေးသားထား တာလို့သိနိုင်ပါတယ် ၊ ရှေးတုန်းက မြန်မာဘုန်းတော်ကြီးများဟာ မြန်မာ+ပါဠိ+သက္ကတဘာသာ စကားတို့အပြင် ဆင်ဟာလီဘာသာ စကားကိုပါ တတ်ကျွမ်းတော်မူကြတယ်လို့  ဒီစာအုပ်လေးတွေဖတ်ရင်းက အတွေးပေါက်မှိလို့ တော်တော်လေး လေးစားအားကျမှိပါတယ် ၊ ကျွန်တော်တို့မှာက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့ နမောတဿတောင် အနက်အဓိပ္ပါယ်မသိပေဘူးမို့လား ။
ခပ်ငယ်ငယ်တုန်းက ဘုန်းကြီးတွေပေါ် (ပြစ်မှားမှိခဲ့ဖူးပါတယ် ) နောက်တော့ ၊ ကျွန်တော်တို့တွေ လှူဒါန်းထောက်ပံ့ထားတာတွေဟာ အလကားမဟုတ်ဘူး ၊ ဆိုတာကို ဘာသာရေးစာပေတွေ ဖတ်လေ ပိုသိလေလေဖြစ်ပါတယ် ၊ မြန်မာနိုင်ငံမှာ ဒီလိုဆရာတော်ကြီးများကို ပိုင်ဆိုင်ခွင့်ရတာ ဟာနိုင်ငံကျက်သရေ တစ်ပါးလို့တောင် တွေးမြင်မှိပါတယ် ၊ နိုင်ငံတစ်ခုမှာ ထုတ်ကုန်ပစ္စည်း မျိုးစုံရှိပါတယ် ၊ အမာထုတ်ကုန်နဲ့ အပျော့ထုတ်ကုန်လို့ ၊ အကြမ်းအားဖြင့် မှတ်သား ထားနိုင်ပါတယ်။
 နိုင်ငံကြီးတိုင်းမှာ ဒီထုတ်ကုန်နှစ်မျိုးရှိကိုရှိပါတယ် ၊ တချို့နိုင်ငံကြီးများမှာ အမာထုတ်ကုန်အနေနဲ့ စက်မှုလက်မှုစသော ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး၊ အပျော့ထုတ်ကုန်အနေနဲ့ ပညာရေးကို ထုတ်ကုန်လုပ်ပါတယ် ၊ တချို့နိုင်ငံတွေများကြတော့ အမာထုတ်ကုန်သာ ရှိပါတယ် ၊ အပျော့ထုတ်ကုန် မရှိပါ ၊ တချို့နိုင်ငံများကြပြန်တော့ အမာရော အပျော့ပါ မရှိပါ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမာထုတ်ကုန်အဖြစ် ၊ ကျွန်းသစ်၊ရေနံစသော သဘာဝတွင်းထွက် ၊ ကုန်းထွက် ၊ရေထွက်တွေရှိသလို ၊ အပျော့ထုတ်ကုန်အနေနဲ့ ကမ္ဘာကျော်ဝိပဿနာတရားများ ရှိနေပါတယ်။
ဒီထက်အံသြစရာ ကောင်းတဲ့အချက်ကတော့ ယနေ့တိုင်ကမ္ဘာကျော်နေဆဲ ဆရာကြီးဂိုအင်ဂါက ဒီဝိပဿနာပညာရပ်များကို ၊ ငွေစာရင်းမင်းကြီး ဦးဘခင်ထံမှ သင်ယူလာတာဖြစ်ပြီး ၊ ဦးဘခင်က ရဟန္တာဟု ကျော်ကြားတော်မူတဲ့ ဝေဘူဆရာတော်ကြီး၏ အထံမှ သင်ယူလာတာဖြစ်တယ်လို့ ဆရာကြီး ဟောကြားထားတဲ့ ဘာသာရေးနဲ့ ဂိုဏ်းဂဏများဆိုတဲ့ စာအုပ်မှာ အထင်အရှားရေးသား ထားပါတယ်။
 ဆရာကြီးဂိုအင်ဂါရဲ့ အင်တာဗျူးတစ်ခုမှာ အင်္ဂလန်နိုင်ငံက ပရော်ဖက်ဆာတစ်ဦးက ဗုဒ္ဓပြောတာနဲ့ ထပ်ချပ်မကွာ တိကျတဲ့ ၀ိပဿနာပညာကိုရဖို့ ၊ ဘယ်နိုင်ငံမှာ သင်ယူခြင်းဟာ အကောင်းဆုံး ဖြစ်ပါသလဲလို့ မေးတဲ့အခါ ၊ ဆရာကြီးက “၀ိပဿနာဟာ မြန်မာနိုင်ငံရဲ့ ထွက်ကုန် ဖြစ်ပါတယ်တဲ့ ၊ မြန်မာနိုင်ငံမှ ကျမ်းတတ်ဆရာတော်များထံမှာ သင်ကြားဆည်းပူးမယ်ဆိုရင် ဗုဒ္ဓ ဟောကြားထားတဲ့အတိုင်း ထပ်ချပ်မကွာ သိမြင်နားလည်နိုင်ပါလိမ့်မယ် အာမခံနိုင်တာတစ်ခုက တော့ မြန်မာနိုင်ငံကလွဲပြီး ဗုဒ္ဓရဲ့ဝိပဿနာပညာကို သီအိုရီအရရော လက်တွေ့အနေနဲ့ပါ မည်သည့်နိုင်ငံမှာမှ မြင်တွေ့နိုင်မည် မဟုတ်ပါလို့ ” ဖြေကြားလိုက်ပါတယ် ။
ဒါဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်ပါလားခင်မျာ ၊ ကျွန်တော်တို့တွေ တစ်အိမ်တစ်ဇွန်းနဲ့ လောင်းလှူထားတဲ့ ဆွမ်း ထမင်းတွေရဲ့ရလာဒ်မဟုတ်ပါလား ၊ မိမိတို့ရဲ့ ချွေးနဲစာလေးတွေနဲ့ စုဆောင်းထားတဲ့ ငွေကြေး အနည်းငယ်နဲ့ စုပေါင်းစပ်ပေါင်း လှူဒါန်းကြလို့မို့ သံဃာတော်အရှင်သူမြတ်များ အစုအဖွဲ့တစ်ရပ် ပေါ်ပေါက်လာပြီး ဒီလိုပညာရပ်တွေကို စုပေါင်းသင်ကြား ပို့ချနိုင်ကြတာ မဟုတ်ပါလား ၊ ကျွန်တော်တို့ဟာ အလွန်ဆင်းရဲတဲ့ တိုင်းပြည်မှာ လူဖြစ်နေရလို့မို့ ရုပ်ဝတ္ထုပစ္စည်းကို မက်မောခဲ့ကြတာတော့ အမှန်ပါ။
 ရုပ်ဝတ္ထုပစ္စည်းဆိုတာ အသုံးကြာတဲ့အခါ ရိုးအီသွားတတ်ပါတယ် ၊ ရုပ်ဝတ္ထုဘက်ကို နေ့ရောညပါ မအားမလပ် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ အားနဲချက်တွေ ရှိလာခဲ့ကြပါတယ် ၊ ရုပ်ဝတ္ထုရဲ့ လိုအပ်ချက် များလေလေ စိတ်ပိုင်းဆိုင်ရာ အားနဲချက်ဟာ ပိုပိုများပြားလာလေ ဖြစ်ပါတယ် ၊ လိုအပ်ချက်သိပ်များလာတဲ့အခါ သမာတာရော မသမာတာရော တရားသော မတရားသော သိပ်မစဉ်းစားနိုင်တော့ပါ ၊ အသိဥာဏ်ပြည့်ဝတဲ့ တစ်နေ့မှာတော့ ဘာသာရေးနဲ့ ဖြေဆေးထိုး ကြရပါလိမ့်မယ် ၊ မည်သို့ပင် ဖြစ်စေ ကျွန်တော်နိုင်ငံမှာ ဘုန်းတော်ကြီးတွေနဲ့ ၀ိပဿနာတရား ရှိနေသည် မဟုတ်ပါလား ။
 လွတ်လပ်ရေးခေတ်က ဂျာမန်ရဟန်းတော် အရှင်လောကနာထဟာ ပြင်ဦးလွင်မြို့မှာ သီတင်းသုံးစဉ်မှာ၊ ဗိုလ်ချုပ်အောင်ဆန်းက ဂါရ၀ပြုခဲ့ပြီး မြန်မာနိုင်ငံသားတို့အတွက် သြ၀ါဒတစ်ခုပေးပါလို့ လျှောက်တော့ အရှင်လောကနာထက “မြန်မာနိုင်ငံသားတွေဟာ ကြာပင် အောက်က ဖားတွေနဲ့တူတယ် ၊ ဒို့နိုင်ငံရပ်ခြားကလူတွေက ပျားတွေပိတုန်းတွေနဲ့ တူတယ် ကြာပင်အောက်က ဖားဟာ ကြာပန်းရဲ့ဝတ်မှုံကို ဘယ်လောက်ကောင်းမှန်း မသိဘူး မြေကြီးပဲ စားတယ် ၊ ပျားတွေ ပိတုန်းတွေကတော့ဖြင့် အဝေးကနေ ကြာပင်ရဲ့ဝတ်မှုံကို လာရောက်စုပ်ယူ ကြတယ်လို့ ” မိန့်တော်မူကြပါသတဲ့။
 ပျားတွေပိတုန်းတွေ စုပ်ယူသွားရင် ကြာဝတ်မှုံတွေ တ ချိန်ကုန်လေမလား လို့တွေးကြည့်ခဲ့ဖူးပါတယ် ၊ ၀တ်မှုံဆိုတာ ကုန်တတ်ပါတယ် ၊ ဒါပေမဲ့ ကြာပင်ရှိနေသေးရင်တော့ ကြာဝတ်မှုံကို စိတ်ပူစရာမလိုပါ ၊ ကြာပင်စိုက်ဖို့လိုပါတယ် ကြာပင်ပွားဖို့လိုပါတယ် ၊ မြန်မာနိင်ငံက ကျွန်းကိုအပင်လိုက်ရောင်းတော့ ငွေသိပ်မရလိုက်ပါ ၊ တရုတ်က မြန်မာပြည်က ၀ယ်ထားသော ကျွန်းသစ်ကို ပါကေးလုပ်ပြီး ပြန်ရောင်းတဲ့အခါ  မြန်မာပြည်က တန်ဘိုးများစွာ ပေးဝယ်ရပါသည်။
 ယနေ့ခေတ်အခါတွင် မြန်မာနိုင်ငံတွင် ကိုရင်ငယ်များ အင်မတန်ရှားပါးနေသလို ၊ပညာတတ် ရဟန်းတော်များ နိုင်ငံရပ်ခြားတွင် သီတင်းသုံးတော်မူ ကပြီး ၊ ပြည်တွင်းသို့ ပြန်လည်ကြွရောက် မလာတော့ပါ ၊ လူပညာတတ်များက နိုင်ငံခြားမှာ နေထိုင်ကြသည့် နည်းတူ ၊ ရဟန်းပညာတတ်များ နိုင်ငံရပ်ခြားတွင် သီတင်းသုံးတော်မူလေပြီ ၊ ပညာတတ်လူများ ပြည်တွင်းမှာနည်းလေပြီ ၊ ပညာတတ် လူများအတွက် မြန်မာနိုင်ငံမှ တက္ကသိုလ် ကောလိပ်တို့မှ နှစ်စဉ်အသစ်မွေးထုတ်ပေးနေပါသော်လည်း ၊ ရဟန်းပညာတတ်တို့အတွက် မွေးထုတ်ပေးရာ အညာကျေးလက်တောရွာတို့တွင် ၊ ရှင်ပြုသူ ၊ သာမဏေခေါ် ကိုရင်လုပ်သူများ နည်းပါးသွားကြသဖြင့် ၊ လူပျိုရဟန်းနှင့် လူပျိုကိုရင်လေးများရှားလေပြီ။
 အသက်ကြီးမှဝတ်သော တောထွက်ခေါ် ပါဠိစာပေမတတ်သည့် ၊ ရဟန်းများသာ များချေပြီတကား ၊ ရဟန်းပညာတတ်များ ပြည်တွင်းမှာ နည်းပါးပြီး ပြည်ပမှာများစွာ သီတင်းသုံး နေထိုင်နေကြသဖြင့် ၊ ကျွန်တော်တို့နိုင်ငံမှာ အခမဲ့ဖြန့်ဖြူးပေးနေသော ပြည်တွင်းဖြစ် ၀ိပဿနာ တရားတော်များကို ကျွန်တော်တို့အိုလာသည့် အခါ ဒေါ်လာနှင့် ပေးဝယ်ရလေမလား။ ယနေ့ချိန်ထိ ကမ္ဘာမှာ အမွန်မြတ်ဆုံး ထုတ်ကုန် ဖြစ်သော ၀ိပဿနာ ဟူသော ကျွန်ုပ်တို့၏ ကြာဝတ်မှုံသည် ၊ ပြည်တွင်းမှာ ကျွန်တော် အိုသည့်အထိ ကျန်ကောင်းပါလေစ ၊ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ကြာပင်မစိုက်ခဲ့ဖူးလင့်ကစား သူများ စိုက်ထားတဲ့ ကြာပင်လေးတွေရဲ့ ကြာဝတ်မှုန်ကိုတော့ ကျွန်တော် ကုန်မှာဆိုးပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ..။
Wednesday, November 17, 2010
ဥစ္စာစောင့်နှင့် သိုက်နန်းရှင် ဇာတ်သိမ်းပိုင်း
ထိုင်းလေယာဉ်ကွင်းထဲမှ အယုဒ္ဓယ နဂါးသိုက်နန်း ပုံ
ဘိုးဘိုး သိုက်ကရလာတာတွေ ဘယ်လိုခွဲဝေယူတုန်း ဘိုးဘိုးကဘာရတုန်း ၊ အင်းဟုတ် သားနော် ၊ စကားတွေချော်နေတာ ဘိုးဘိုးက ငွေဒင်္ဂါးပြားရတယ် ၊ တစ်ယောက်ကို နှစ်ပိဿာလောက် ရှိမယ်ထင်ပါတယ် ၊ ဘိုးဘိုးဆရာက တန်းခွဲပေးတာလား၊ ဘယ်က သာကွယ် ၊ သိုက်တူးလို့ရရင် တန်းပြီး ယူလို့မရပါဘူး ၊ အစီအမံတွေကို လုပ်ရသေးတယ် ကွဲ့ ၊ ငွေယားတို့ ဆေးယားတို့ ဆိုတာတွေရှိသေးတယ်။
 ငွေယားဆိုတာက အဲဒီငွေတွေ ဒါမှမဟုတ် ပစ္စည်းတွေကို ကိုင်လိုက်တာနဲ့ ယားတာဘဲ ၊ တချို့ကျတော့ ကိုင်ရုံနဲ့ မယားဘူး သုံးမှယားတယ် ၊ ပြောရရင်ရှည်တော့မယ်ကွယ့် ဒီလိုကွယ် ဗေဒင်လေးပုံဆိုတာ မြေးကြားဖူးသလား ၊ ကြားဖူးတာပေါ့ တိတိကျကျတော့မသိဘူး ၊ အင်း ဗေဒင်လေးပုံတဲ့ သာမ ၊ ယဇု ၊ ဣရု ၊ အထဗ္ဗဏ ၊ ဆိုတဲ့ ဗေဒင်လေးပုံ ရှိတယ် ၊ အဲဒီဗေဒင်ပညာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ရသေ့တွေကွယ့် အိန္ဒိယနိုင်ငံ ဟိမ၀န္တာ တောင်တန်းမှာ နေထိုင်ကြတဲ့ ဟင်ဒီဝါဒီ ရသေ့ကြီးတွေဘဲ ၊ သူတို့တွေဟာ ဘယ်ခုနှစ်လောက်က တည်းက ဗေဒင်ပညာရပ်တွေကို တ်ီထွင်ခဲ့တယ်ဆိုတာ တိတိကျကျ ယခုတိုင်ပညာရှင် တွေမသိရသေးဘူး ဗုဒ္ဓဘုရားမပွင့်ပေါ်မှီကတည်းက ရှိခဲ့တယ်ဆိုတာ ပိဋကတော်မြန်မာ ပြန်တွေမှာတွေ့ဖူးတယ်။
အလောင်းတော်မွေးတော့ တောထွက်ပြီး ဘုရားဖြစ်မယ်လို့ ဟောခဲ့တဲ့ ကောဏ္ဍည ရဲ့အနွယ်တွေဖြစ်တဲ့ ကောဏ္ဍညပုဏ်ဏား အနွယ်တွေဟာ ဗေဒင် ပညာကို ဆုံးခမ်းတိုင်အောင်သင်ယူခဲ့တဲ့ အနွယ်တော်တွေလို့ သက္ကဘာသာနဲ့ရေးထားတဲ့ ကရာဇိသျှာမူနတီး (နပ်ပတ်တီးဗေဒင်ကျမ်း)အဖွင့်မှာရေးထားတယ် ၊ ယခုတိုင်လဲ အဲဒီ အနွယ်တော်တွေဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်နဲ့ ၊ ပန်ဂျပ်ပြည်နယ်တွေမှာ ကျန်ရှိနေ သေးတယ်လို့ ဆိုတယ်ကွယ် ၊ မိတ်ဆွေတစ်ယောက် ပြောတာကတော့ အခုတော့ ကောဏ္ဍညအနွယ်တွေဟာ နတ်ဆရာအဖြစ်အသက်မွေး နေတယ်လို့ ပြောတာပါဘဲ ။
 ဘိုးဘိုး ငွေယားလေ ဘယ်လိုဖြစ်တာတုန်း၊ အေးပါကွယ် ငွေယားပါဘဲ ပြောပါ့မယ် ရေးမှာ သာလိုက်ရေးထားပါ ၊ ဗေဒင်ကျမ်းလေးဆောင်ကို ပြုစုတဲ့ ရသေ့တွေဟာ စုစုပေါင်း ရှစ်သောင်းရှိတယ်လို့ ဆိုတယ်ကွယ် ၊ သာမဆိုတဲ့ကျမ်းမှာ တောတောင်ရေမြေတို့ရဲ့ နိ မိတ်လက္ခဏာတွေတဲ့ ၊ ယဇု ဆိုတဲ့ကျမ်းမှတော့ ဘဂ၀ါဂီတကျမ်းတွေတဲ့ တောတွေ တောင်တွေကိုစောင့်တဲ့ နတ်တွေကို ပူဇော်ပုံပူဇော်နည်းတွေရေးထားတယ် ဆိုတယ် ၊ ဣရု ကျမ်းဆိုတာကတော့ အမျိုးမျိုးပြောကြပါတယ်ကွယ် ၊ သခင်ဘသောင်းရဲ့ ဘာသာကြီး လေးခု အနှစ်သာရမှာ ရေးထားတဲ့အတိုင်းဆိုရင်တော့ သူဟာလဲ ယဇ်နတ်ပူဇော်ဖို့ ရေး စပ်သီကုံးထားတဲ့ ကဗျာကျမ်းတစ်မျိုးဆိုပါတော့။
 အထဗ္ဗဏဆိုတဲ့ ဗေဒင်ကျမ်းကတော့ အရမ်းစုံတဲ့ ကျမ်းပေါ့ ဗေဒင်ပညာ ၊ ဝေဒင်ပညာ ၊ စုန်းအတတ် ၊ ကဝေအတတ် ၊ အဂ္ဂိရက် အတတ် ၊ နေကြတ် ၊ လကြတ် ၊ နက္ခတ်ကြတ် ၊ နေသွား၊ လသွား၊ နက္ခတ်သွား အင်း ၊ အိုင်၊ ခလှဲ့ ၊ လက်ဖွဲ့ ၊ အဆောင် ၊ ယတြာ ၊ ကာယသိဒ္ဓိ ၊ ပီယသဒ္ဓိ ၊ ရာဇသျှို ၊ ဣတ္ထိသျှို ၊ပီယသျှို ၊စတဲ့အတက်ပညာတွေ အသားလှုတ်ကျမ်း ၊ အိမ်မက်တိတ္ထုံ ၊ ချတောင်ဘို့ ၊ ပျားစွဲ ၊လင်းတနား ၊ စသဖြင် စသဖြင့် ကောင်းကျိုးဆိုးကျိုးတွေကို ဟောတဲ့ ကျမ်းတဲ့ ၊ ဘိုးဘိုး ဗေဒင်နဲ့ဝေဒင်ဆိုတာ မတူဘူးလား၊ မတူပါဘူးကွဲ့။
ဝေဒင်ပညာဆိုတာ ဗေဒင်နဲ့မတူဘူး သူကအိန္ဒိယက လာတဲ့ပညာပါ ၊ နေနဲ့လရဲ့သွားလာပုံကို ကြည့်ပြီး ဇာတာပုံချပြီး ဟောတာကွယ် ဒီနေရာမှာ ဟောပုံက မတူဘူး တချို့ကနေသွား တဲ့လမ်းကြောင်းကို ကြည့်ပြီးဟောတာကို စန်းအဟောလို့ခေါ်တယ် လသွားတာ ကိုကြည့်ပြီး ဟောတာကိုတော့ လာဘ်အဟောတဲ့ ဒါကြောင့်ဇာတာပုံတွေမှာလာဘ် ဆိုတာလေး ပါတာ အိန္ဒိယမှာ ယနေ့တိုင် ဒီပညာတွေထွန်းကားနေတုန်းဘဲ သူတို့ကတော့ နေသွားတာကိုကြည့်ဟောတယ် စန်းအဟောပေါ့ကွယ် ဘယ်လိုဘဲ ဟောဟော နှစ်ခုလုံးကို ဝေဒင်ပညာခေါ်ပါတယ် ၊ ဗေဒင်ပညာဆိုတာက မြန်မာဖြစ်ပါ၊ မွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စား ၈နဲ့စား ပေါင်းမြောက် စသဖြင့်ကြည့်ရှုသုံးသပ် ဟောတာကို ဗေဒင်ပညာကွယ့် ။
အဲဒီဗေဒင်လေးပုံမှာ အထဗ္ဗဗေဒင်ကျမ်းဟာ အင်မတန်ကျယ်ဝန်းတယ် ၊ ကျမ်းစာပြုစုမဲ့ ရသေ့ရှစ်သောင်းထဲက လောကီအတတ်ပေါင်းစုံကို တတ်မြောက်တဲ့ လက်ရွေးစင် ရသေ့ ကြီး ၁၈ပါးကို ရွှေးထုတ်ပြီး အခုပြောမဲ့ အထဗ္ဗဏ ဗေဒင်ကျမ်းကိုရေးခဲ့တာဘဲကွယ် ၊ အဲဒီ ရသေ့ကြီးတွေဟာ သူတို့ရေးတဲ့ ကျမ်းစာတွေထဲက အတိုင်းဟုတ်မဟုတ် ဖြစ်မဖြစ်ကို စမ်း စစ်တဲ့အနေနဲ့ ငွေတွေသွန်းလုပ်ခဲ့ကြတယ်။
 နောင်လူတွေ ဒီပညာရပ်တွေကို လေ့လာ လိုက်စားတဲ့လူတွေ ဒီပညာရပ်တွေကို ကုန်အောင်သင်ယူနိုင်စေဖို့ ၊ အကျင့်သီလကောင်း ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်စေဖို့ ၊ စတဲ့စတဲ့ အကြောင်းတွေကို ကြည့်ပြီးတော့ ကိုင်ရင်ယားတဲ့ ငွေယားတွေ ၊ သုံးရင်ယားတဲ့ နတ်ယားတွေ ၊ ယူသုံးပြီး ပြန်မထားရင် ယားတဲ့ သစ္စာယားတွေ ၊ နောက်တစ်ခုအတတ်ပညာတွေနဲ့ ဆိုင်တဲ့ အင်းယားဆိုတာ လဲရှိသေးတယ် အဲလိုဟာတွေကို ဖန်တီးထားခဲ့တယ် ၊ အဲဒါတွေကိုနိုင်နင်းတဲ့ ဖြေဆေး နည်းတွေကိုလဲ အထဗ္ဗဗေဒင်ကျမ်းမှာ အကုန်ထည့်ရေးထားခဲ့တယ် ၊ သဘောကတော့ ဒီပညာတွေကို မတတ်ဘဲ ၊ ဒီပစ္စည်းတွေကိုသုံးလို့မရဘူးလို့ပြောခဲ့ချင်တာနေမှာပေါ့။
 ဘိုးဘိုး သစ္စာယားဆိုတာက ခေတ္တယူသုံးလို့ရတယ်ပေါ့ ၊ အေးလေ ယူသုံးလို့ရတယ် ယူ သုံးပြီး ပြန်မထားမှ ယားတာ ၊ တခါမှမကြားဖူးပါဘူးဘိုးဘိုးကလဲ  ရှိလို့လား ရှိတာပေါ့ကွယ် ၊ မင်းကသာမကြားဖူးတာပါကွယ် ၊ မြန်မာပြည်မှာ အဲလိုရွှေထည်ငွေထည်တွေကို ငှားပြီး သုံးလို့ ရတဲ့နေရာ ဘိုးဘိုးသိခဲ့တာတွေကို လေးနေရာလောက်ရှိတယ် ၊ အထင်ရှားဆုံးက ကျောက်ဆည်မြို့က ကျောက်သေတ္တာဘုရားဟာ အထင်ရှားဆုံးပေါ့ ၊ အဲဒီဘုရားမှာ ခုတိုင် ကျောက်သေတ္တာကြီးရှိသေးတယ် ဟိုတုန်းက အဲဒီအထဲမှာ ရွှေထည်ပစ္စည်းတွေ အားကြီးရော။
 လူတွေက ရှင်ပြုမယ် ရဟန်းခံမယ်ဆိုရင် အဲဒီသေတ္တာကြီးထဲဟာ ရတနာပစ္စည်းတွေကို ငှားရမ်းပြီး ရှင်လောင်းတွေ ပဉ္ဇင်းလောင်းတွေကို ဆင်ပေးကြတယ် ၊ ပြီးတော့ ပြန်ထားတယ် ဘာမှမဖြစ်ပါဘူး ၊ နောက်ပိုင်းတော့ လူတွေက ယုတ်မာပြီး အချောင်လိုချင်လာတော့ ပြန်မထားကြ အဲလိုနဲ့ အဲဒီသေတ္တာကြီးမှာ ဘာမှမရှိတော့တာ ၊ ဒါဆိုယူသွားတဲ့လူတွေက အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ဟာတွေကိုတတ်လို့ ယူနိုင်တာပေါ့ အင်းဖြစ်နိုင်တာပေါ့ကွယ် ။ မတတ်ဘဲနဲ့ ခိုးယူသွားပြီး အသေခံတဲ့လူမိုက်တွေလဲ ရှိမှာပေါ့ ။
ဒါနဲ့ဘိုးဘိုးတို့သိုက်ထဲက ရလာတဲ့ ဥစ္စာတွေနဲ့ ဒီအထဗ္ဗဏဗေဒင်ကျမ်းကို ပြုစုခဲ့တဲ့ ရသေ့ကြီး တွေနဲ့က ဘယ်လိုဆက်စပ်တာတုန်း အင်း မင်းကိုဘိုးဘိုးပြောဖူးတယ်လေ ၊ ငွေဒင်္ဂါးတွေရခဲ့ တယ်ဆိုတာ ၊ ရတနာပုံ ဒေါင်းဒင်္ဂါးတွေမဟုတ်ဘူးကွဲ့ ၊ ဘိုးဘိုးတို့ရခဲ့တဲ့ ငွေဒင်္ဂါးပြားတွေက အကြီးကြီးတွေကွ ဘယ်လောက်ကြီးလဲဆိုရင် တချို့အပြားတွေက သူငယ်တော်အက ကတဲ့အခါ  သူငယ်တော် မင်းသားလေး လည်ပင်းမှာဆွဲထားတဲ့ အပြားလောက်ကိုရှိတယ် ၊ တချို့က ဒင်္ဂါးလို့သာ ပြောတာအ၀ိုင်းမဟုတ်ဘူး ၊ လေးထောင့်တွေ ၊ သုံးထောင့်ချွန်တွေ ဒါတွေကို သိုက်အပြင်ကို ရောက်တော့ဆရာက စုပုံစေတယ် ၊ ဘိုးဘိုးတို့သယ်လာတဲ့ အိတ်၁၉လုံးကို သွန်လိုက်တာ အပုံကခါးလောက်ကို ရှိတယ်။
 ပြီးတော့ ဆရာဟာ ဘိုးဘိုးတို့ကိုပြောတယ် ၊ ဒါဟာ ခုနက ရသေ့ကြီးတွေရဲ့ပစ္စည်းတွေတဲ့ ၊ ဒင်္ဂါးတွေမှာ တချို့က စန္ဒရီရုပ်ပါတယ် ၊ တချို့က မြန်မာ စာအက္ခရာတွေထဲက “သ”လိုလို “တ”လိုလို“ဟ”လိုလိုပါတယ် ၊ ဒါကြောင့်ဆရာဟာ ဒီငွေတွေဟာ သုံးလို့မရသေးဘူးလို့ဆိုတယ် ၊ ဒီငွေသားတွေဟာ ရှေးရသေ့တွေစီရင်ထားလို့မို့ ၊ ငွေမှာစောင့်တဲ့ အစောင့်သီးသန့် ရှိသေးတယ်တဲ့ ၊ အဲငွေတွေဟာ သုံးရင်ယားတဲ့ ဆေးယားတွေတဲ့ ၊ ဒါကြောင့်ဖြေ ဆေး လိုတယ်လို့ဆိုတယ်ကွယ် ၊ ဒါဆိုဒင်္ဂါးပြားတွေက တစ်ယောက်ထဲ သွန်းထားတာမဟုတ်ဘူး ပေါ့ ၊ အင်းပေါ့ ရသေ့ဆရာကြီးတွေ ၁၈ပါး စီရင်ခဲ့တာ ၊ သူတို့ရဲ့မူပိုင်သင်္ကေတတွေ ရှိတယ် ၊ အဲဒီ သင်္ကေတဆိုတာ ဆရာပြောမှဘိုးဘိုးတို့ သိရတာ ၊ ဘူမိရတ်ကျမ်းမှာပါတယ်ကွဲ့ ၊ ဘူမိရတ်ကျမ်း ဆိုတာလဲ အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ကျမ်းငယ်တစ်စောင်ပါကွယ် ၊ အဲဒါဆို အဲဒီ၁၈ပါးလုံးကို ဘိုးဘိုးသိလား ၊ သိတာပေါ့ ပြောပြမယ်ကွယ် ။
ဘိုးဘိုမှတ်စုစာအုပ်ထဲမှာ ဒီရသေ့ကြီးတွေအကြောင်းမှတ်ထားတယ် ကျီးသဲလေးထပ်  ဆ ရာတော်ကြီးရေးခဲ့တဲ့ စွယ်စုံကျော်ထင်ပုစ္ဆာကျမ်းရဲ့ စာမျက်နှာ ၂၈၆ ၊ ပုစ္ဆာအမှတ် ၄၂၈ကို မှာ ၊ “ငွေယားလည်းသတ် ၊ ဘူမိရတ် ၊ အတတ်ဘယ်ဗေဒင်ထွက်နည်း။” ဆိုတဲ့ ပုစ္ဆာပါတယ် အဲဒီပုစ္ဆာအတိုင်း မြေးကိုပြောပြမယ် ၊ အထဗ္ဗဏ ဗေဒင်ကျမ်းကို ပြုစုတော်မူတဲ့ ရသေ့ဆရာ ကြီးများဟာ သူ့တို့ပြုစုတဲ့ကျမ်းစာတွေကို နောင်လူတွေ အပူအပင်ကင်းကင်းနဲ့ သင်ယူနိုင် အောင် ၊ သီလရှိတဲ့လူတွေ ကောင်းမှုပြုနိုင်အောင်ဆိုပြီး သူတို့ပြုစုခဲ့တဲ့ ကျမ်းစာတွေထဲမှာ ပါတဲ့ ငွေလုပ်နည်းသွန်းနည်းတွေအတိုင်း ငွေတွေသွန်းလုပ်ပေးခဲ့ကြတယ်။
 နောင်လူတွေ ဟာပညာလဲတတ် ၊ ဥစ္စာလဲရတဲ့အခါ သူတို့ရဲ့ကျေးဇူးရှင်ဟာ ဘယ်သူလဲဆိုတာ သိရ အောင်ကိုယ်ပိုင်အမှတ်အသား လေးတွေထားခဲ့တယ်ကွဲ့ အဲဒီထဲက ခေါင်းဆောင်ရသေ့ကြီး ဘွဲ့နာမည်က သာသန တဲ့ သူသွန်းခဲ့တဲ့ငွေတွေက ကျောဘက်နဲ့ဝမ်းဘက် တစ်ခုခုမှာ “ဃ”အက္ခရာ “လ”အက္ခရာ “က”အက္ခရာ တစ်ခုခုပါတယ် ၊ သူငွေတွေက ကိုင်တာနဲ့ ယား တယ် ၊ တဗ္ဗရသေ့ကြီးငွေကတော့ တံဆိပ်လိုလိုဘုလေးတွေပါတယ် ၊ နာဂီသက္ခ ရသေ့ကြီး သွန်းခဲ့တဲ့ငွေတွေကျပြန်တော့ “သ”အက္ခရာ၃ခုပါတယ်ကွယ် ၊ သုဇနရသေ့ကြီးငွေကတော့ “က”အက္ခရာပါတယ် ၊ စိတြရသေ့ကြီးငွေတွေကတော့ ဂဠုန်တံဆိပ်နဲ့ ၊ အဋ္ဌနံရသေ့ကြီးငွေ တွေကတော့ တံဆိပ်မပါဘူး လေးထောင့်ပုံ အချောင်းတွေ အမြောင်တွေကွဲ့ ဒီရသေ့ကြီး အထိ ငွေတွေကတော့ ကိုင်တာနဲ့ယားနဲ့ ငွေယားအမျိုးအစားတွေကွဲ့၊ သူ့ရေးခဲ့တဲ့ ဗေဒင်ကျမ်းထဲက ဖြေနည်းကိုမသိရင် ကိုင်တာနဲ့ယားတာဘဲ ၊ သိတဲ့လူကတော့ သုံးရုံဘဲ ပြဿနာမရှိဘူးကွယ် ။
နောက်ရသေ့ကြီးကတော့ ကောက္ကစိန္ဒရသေ့ကွယ် စန္ဒရီရုပ်ပါတယ် ၊ နောက်တစ်ပါးက တိစိ တ္တသွာသု ရသေ့တဲ့ သူကတော့ ငွေတွေမကဘူး ရွှေတွေလဲသွန်းခဲ့သေးတယ် ၊ အဂ္ဂိရတ် ပညာရပ်မှာပါတဲ့ ရွှေဖမ်းနည်းဟာ ဒီရသေ့ကြီးစီရင်ခဲ့တာ ၊ တံဆိပ်အမှတ်အသားမပါဘူး ကျောက်ဆည်မြို့နားက ကျောက်သေတ္တာဘုရားမှာ ကျောက်သေတ္တာနဲ့ထားခဲ့ ရွှေထည် ငွေထည်တွေဟာ သူ့သွန်းခဲ့တာပေါ့ကွယ် ၊ သူကတော့ငွေယား အမျိုးအစားမဟုတ်ဘူး သစ္စာယားခေါ်တယ် ၊ ငှားသုံးလို့ရတယ် ကတိအတိုင်း ပြန်လာမထားရင်တော့ ယားတယ် ဗျာ ၊ သူထားခဲ့တဲ့ကျမ်းစာကို သင်ယူတတ်မြောက်တဲ့ လူတွေက နည်းသိပြီး ယူသုံးရင်တော့ ရတယ်လို့ဆိုတယ်ကွယ်။
 နောက်တစ်ပါးက သံသာဝိသုရသေ့ သူ့ရဲ့ငွေတွေ မှာတော့ “၀”အက္ခရာပါတယ် ၊ တက္က ရသေ့ကြီးရဲ့ငွေကတော့ အမဲရောင် ဒါမှမဟုတ်ရင် မဲညစ်ညစ်တွေ ၊ ကတ္တိရသေ့ ကြီးရဲ့ငွေတွေကတော့ အ၀ိုင်းတွေဆိုရင် “ဠ”အက္ခရာ နှစ်ချက်ပါတယ် ၊ တြိဂံ စတုဂံ ပုံတွေဆိုရင်တော့ “၀”အက္ခရာနဲ့လေ ၊ ယသိန္ဒရသေ့ကြီးရဲ့ ငွေတွေကတော့ “ပ၊ဖ”တခုခုပါတတ်တယ် ၊ ဂန္ဓရီရသေ့ကြီး စီရင်ခဲ့တဲ့ ငွေတွေကတော့ “၀” အက္ခရာပါတယ်ကွဲ့ ၊ အ၀ိုင်းတွေလို့ဆိုတယ် အလေးချိန် ၅၀ကျပ်သားရှိတယ်လို့ ဆိုတယ်ကွယ် ၊ ကောကာလိက ရသေ့ကြီးကတော့ စန္ဒရီပုံပါတဲ့ ငွေချောင်းတွေကိုသွန်းခဲ့တယ်လို့ ဆိုတယ်ကွဲ့။
 ငွေယားဟာ ကိုင်ရင်ယားတယ် ၊ သုံးရင်သေတယ် ၊ သစ္စာယားက ပြန်မထား ရင်သေတတ်တယ် ၊ ယားတတ်တယ် ၊ ဆေးယားကတော့ သုံးရင်ယားတယ် ၊ အင်းယား တို့ ဘာတို့ကတော့ကွယ် အဘိုးမသိပါဘူး ၊ မှတ်ထားဖူးတာလဲ မရှိခဲ့ဘူးကွယ် ၊ ဘိုးဘိုးတစ်ယောက်ထဲမသိတာမဟုတ်ဘူး ဘိုးဘိုးဆရာလဲ အဲဒါကိုမသိဘူး ၊ ဘိုးဘိုးဆရာရဲ့ ဆရာက အင်းယားကြောင့် သွေးအန်သေသွားတာလို့ ဆရာပြောခဲ့တယ်ကွယ် ။
ဒါဆိုသိုက်ထဲကို ဒီငွေတွေ ဘာလို့ရောက်နေသလဲ ဘိုးဘိုး၊ အိုဒါကတော့ကွယ် သိုက်ဆိုတာ ဘုရားပစ္စည်းစောင့်တဲ့လူ ရှိသလို ၊ မသူတော်တွေယူသုံးမှာ စိုးလို့ စောင့်တဲ့ သိုက်လဲ ရှိဟန်တူပါရဲ့ ဘိုးဘိုးတို့ တူးခဲ့တဲ့ သိုက်ထဲမှာ ဒီတစ်သိုက်သာ ဒီလိုငွေတွေတွေ့ခဲ့ဖူးတယ် ဘိုးဘိုး ဆရာပြောတာကတော့ ဒီငွေတွေဟာ သိုက်နန်းရှင်က လောဘကြီးပြီး တွေ့တာ တွေလိုက်ယူ သိမ်းထားတာလို့ ပြောတာဘဲ ၊ ဟုတ်လောက်တယ်ကွဲ့ သူတို့လဲလူလိုဘဲ လောဘတော့ ရှိရှာမှာပါဘဲ ၊ ဘိုးဘိုးတို့ရခဲ့တာ ဒီငွေတွေကြီးလား ဒေါင်းဒင်္ဂါးလေးဘာလေး မပါဘူးလား ၊ ပါပါသကောကွယ် ၊ ရတနာပုံ တစ်သုံးဒင်္ဂါးတွေမှ ထပ်လို့။
ငွေတွေကိုဘယ်လိုခွဲဝေကြလဲဘိုးဘိုး ၊ သိုက်ကရတဲ့ငွေတွေကို ဘိုးဘိုးတို့တည်နေတဲ့ ဘုရားနားမှာ ပုံတယ်ကွယ် ၊ ဆရာကကြည့်ပြီး သင်္ကေတပါတဲ့ ငွေတွေကို သီးသန့်စုပုံစေတယ် ၊ မပါတာတွေကတော့ အဲဒီညမှာဘဲ ဝေယူလိုက်ကြတယ် ၊ ဆရာကတော့ ညာတကုတ်လေးရယ် ၊ ကွမ်းအစ်ကြီးတစ်လုံးရယ် ၊ လင်ဗန်းရယ် ၊ နောက်တစ်ခုက အဆောင်တခုပါဘဲကွယ် တောက်တဲ့ လိုလို ၊ အိမ်မြောင်လိုလို အဆောင်တစ်ခုရယ်ကို သူယူတယ် ၊ ငွေတွေကိုတော့ ဝေပုံကျအတိုင်းယူပါတယ် ၊ ဒါပေမဲ့ဘိုးဘိုးတို့လိုသုံးတာမဟုတ်ဘူး ၊ အကုန်လှူပြစ်တာ ၊ ထူးထူး ဆန်းဆန်း ပစ္စည်းတို့ ၊ ရတနာတို့ဆိုရင်တော့ သူက၀ါသနာပါတယ် ၊ အဲလိုဟာတွေကို ဆောင်လဲ ဆောင်ထားလေ့ရှိတယ်။
ဘိုးဘိုးရဲ့ ဆရာဟာ ရခိုင်ပြည်က အန်းမှာနေတာ ၊ နာမည်အရမ်းကြီးတယ် ၊ ဘယ်လိုအစွမ်းသတ္တိတွေကြောင့်ရယ် မသိဘူး ၊ သူ့ကိုသေနတ် နဲ့ပြစ်တာ ၊ ကျည်မထွက်ဘူးကွယ် ၊ ဘိုးဘိုးတခါက အန်းကိုတာဝန်နဲ့သွားတုန်း ၊ သေနတ်နဲ့ သူ့ကိုပြစ်ခိုင်းတယ် ၊ လုံးဝကိုပြစ်လို့မရဘူး ၊ ခြောက်လုံးပြူးဆိုတာ ဆုံလည်လည်သလို လည်နေတယ် တခြောက်ခြောက်နဲ့ ၊ အဲလိုထူးဆန်းတဲ့ အဆောင်အယောင်တွေကြောင့် ဖြစ်မယ်ထင်တယ် ၊တံဆိပ်အမှတ်အသားပါ ငွေတွေကတော့ အုတ်ဖုတ်ဘို့တူးထားတဲ့ မြေကျွင်းကြီးထဲကို ထည့်ကြတယ် ၊ ပြီးတော့ ပဉ္စမုတ္တ လောင်းတယ် ကွဲ့ ၊ ဘာတုန်း ပဉ္စမုတ္တဆိုတာ ပဉ္စဆိုတာ ငါးခု ၊ မုတ္တဆိုတာက ကျင်ငယ်ရေ ၊ မစင်လို့လဲ ယူလို့ရတယ်ကွဲ့ ၊ အဘိုးတို့က ကျင်ငယ်နဲ့ အဲဒီကျွင်းထဲကို လောင်းပန်းထည့်ရတယ် ၊ ရှဲရှဲ ဆိုတဲ့အသံတွေမြည်တယ်ကွဲ့ ၊ အဲဒီအချိန်ကိုင်ရင် နူတတ်တယ် ၊ ဒါမှမဟုတ် အဖြူစွဲ သွားတယ်လို့ ဆရာကဆိုတယ်။
မိုးလင်းတော့ ဆရာက ဘိုးဘိုးတို့ကို ရွာထဲက နွားချေးတွေ ကို တောင်းနဲ့ ကျုးံယူခိုင်းတယ် ၊ ယူပြီးအဲဒီကျင်းထဲကို ထည့်ရတယ် ၊ ဘိုးဘိုးတို့ သိုက်တူးတာ လကွယ်နေ့ ၊ ဒီငွေတွေကို ပြန်ဖော်ယူတာ လဆန်း၃ရက်နေ့လို့မှတ်မှိတယ် ၊ မိုးလင်းတော့သိုက်တူးတဲ့ နေရာမှာ ဂျိုင့်ကြီးဖြစ်သွားတယ် ၊ ဘာမှတော့မထူးခြားပါဘူး ရေကန်ဟောင်းတခုလိုပါဘဲ ၊ လပြည့်နေ့ထိ ဘိုးဘိုးတို့ သင်ပေါင်းချောင်ရွာမှာ နေခဲ့ကြရတယ် စေတီတော်လေးကို မြသိန်းတန်လို့ ဘွဲ့ပေးခဲ့ပြီး ၊ သိုက်တူးလို့ ဂျိုင့်ဖြစ်သွားတဲ့ နေရာကို အုတ်ဖုတ်ဘို့မြေတူးတဲ့ ကျင်းနဲ့ စပ်ဟပ်ပေးလိုက်ပြီး လေးထောင့်သဏ္ဍာန် ရေကန်လေး လုပ်ခဲ့ ကြတယ်။
 အ၀ိုင်းတွေ ၊ အချောင်းတွေ ၊ စမူဆာလို ငွေဒင်္ဂါးတွေကိုတော့ ဆရာဟာ ဘိုင်နင်းပြီး အရည်ကျိုတယ် ၊ ၀ါးဆစ်ဗူးတွေ ကိုမြေမှာမြုတ်ပြီး အရည်ကျိုထားတဲ့ ငွေတွေကို လောင်းထည့်ပြီး တစ်ယောက်ကို စိန်ပြောင်းကျည်ခွံ့လောက်ရှိတဲ့ ငွေတုံးလေးတွေ လုပ်ပြီးယူခဲ့ကြတယ် ၊ လကွယ်နေ့ မှာစေတီတော်ကို ထီးတော်တင်ခဲ့ပြီး ၊ သိုက်မှာရှိတဲ့ မကျွတ်မလွတ်တွေကို အမျှအတန်းပေးဝေတယ် ၊ ဘိုးဘိုးတို့ ရဲ့ဝေစုထဲက သဒ္ဓါသလောက် အလှူအတန်းပြုဖို့ ဆရာကတိုက်တွန်းခဲ့တယ် ၊ နောက်လပြည့်ကျော် ၂ရက်နေ့လောက် ထင်ပါတယ် ၊ ဘိုးဘိုးတို့တွေ အဲဒီသင်ပေါင်းချောင်ရွာကျောင်းမှာ ဆရာနဲ့တကွ အလှူအတန်းလုပ်ပြီး ပြန်လာခဲ့ကြတယ်။
 နောက်ဘိုးဘိုး ရန်ကုန်ရောက် မော်လမြိုက်ရောက် ဖြစ်နေတုန်း ၊ ဆရာနဲ့တွေ့ပြီး ဆရာက ဒီစေတီတော်လေးကို မင်းတသက်ဝတ်တစ်ခုလို လုပ်ပြီးလှူဒါန်းခိုင်းတယ် ၊ အဲဒီသိုက်ကိုဘိုးဘိုးတို့နဲ့ သွားတူးခဲ့တဲ့ ရဲဘော်ရဲဘက်တွေဟာ တချို့က ဆုံးပြီး တချို့က ငွေရေးကြေးရေး ချို့တဲ့ကြတယ်လို့ ဆရာကပြောတယ်ကွယ်၊ ဒါကြောင့်ဘိုးဘိုးဟာ ဒီဘုရားလေးကို ကိုယ်တိုင်ရော လူကြုံနဲ့ရော ၊ လှူဒါန်း နေတာ ပေါ့ကွယ် ………။
 ဘိုးဘိုးဟာ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖောက်သည်ချပြီး မောလာလို့လား ၊ အတိက်ကိုပြန်သတိရလာလို့လား ၊ ကျွန်တော်မပြောတတ်ပါ ၊ ရီဝေငေးမောတဲ့ သူ့အကြည့်တွေကို ကျွန်တော်သတိထားလိုက်မှိပါတယ် ၊ ကျွန်တော်လဲ အဘိုးရဲ့ ပုံပြင်လေးတွေ နားထောင်ရင်း ၊ အိပ်ချင်ပြီဘိုးဘိုးလို့ ပြောဆိုပြီး ဘိုးဘိုးကို ကန်တော့ပြီး ကျွန်တော်အခန်းထဲကို ကျွန်တော်ပြန်လာခဲ့ပါတယ် ၊ မှတ်မှတ်ရရ ကျွန်တော် အဲဒီညက မြသိန်းတန် စေတီလေးကို မရောက်ဖူးပါဘဲနဲ့ ၊ အိပ်မက်မက်ပါတယ် ၊ နောက်၃နှစ်လောက် ကြာတော့ ၊ အဲဒီစေတီလေးဆီကို ကျွန်တော်တို့ မိသားစုအကုန်လုံး ၊ ရောက်ခဲ့ကြပါတော့ တယ် ။
စာကြွင်း
ယခုရေးခဲ့တဲ့ ဥစ္စာစောင့်နဲ့သိုက်နန်းရှင်ဟာ စိတ်ကူးယဉ်ရေးသားထားတာ မဟုတ်ပါ ၂၀၀၉ခုနှစ် အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အသက်၉၄နှစ်အရွယ် ကျွန်ုပ်ဘိုးဘိုးရဲ့ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်ပါတယ် ၊ ပြောပြတယ်ဆိုတာလဲ တခါတည်းပြောပြခဲ့တာမဟုတ်ပါ ၊ ကြုံသလိုပြောပြ ခဲ့တာသာဖြစ်ပါတယ် ၊ တခါတရံ အိပ်ယာထဲမှာ ပြောပြပါတယ် ၊ တခါတရံမှာ နေ့လည်ပိုင်းတွေဖြစ်ပြီး၊ တခါတရံမှာတော့ သူ့ကိုနှိပ်ပေးနေတဲ့ အချိန်မျိုးတွေမှာ ပြောပြခဲ့ပါတယ် ။
 ဒီမြသိန်းတန်စေတီလေး ဆိုတာကတော့ ဧရာဝတီတိုင်း ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့ ၊ သင်ပေါင်းချောင်ကျေးရွှာမှာ ၊ တည်ရှိနေပါတယ် ၊ ဒီစေတီတော် လေးကို ၊၂၀၀၆ခုနှစ်မှာ ဘိုးဘိုးခေါင်းဆောင်ပြီး ၊ ကျွန်တော်တို့မိသားစုများ ထီးတော်တင်လှူ ပူဇော်ခဲ့ကြပါတယ် ၊ အခုတော့ အဲဒီသင်ပေါင်းချောင် ၊ ကျေးရွာလေးမှာ ၊ ဘိုးဘိုးတို့ ခေတ် တုန်းကလို ဘုန်းတော်ကြီး တစ်ကျောင်းထဲမဟုတ်တော့ဘဲ ၊ နှစ်ကျောင်းဖြစ်သွားပါပြီ ၊ ဒက္ခိဏာရုံကျောင်းနဲ့ ၊ ဥတ္တရာရုံကျောင်းပါ ၊ တစ်ကျောင်းမှာ ရခိုင်ဆရာတော်တွေ သီတင်းသုံးတော်မူပြီး ၊ ဘိုးဘိုးတို့သိုက်တူးတုန်းက ရှိခဲ့တဲ့ ကျောင်းကတော့ အခုအခါ ဥတ္တရာရုံလို့ခေါ်ပါတယ် ၊
ဘိုးဘိုးတို့ခေတ်က ဆရာတော်ရဲ့တပည့်လို့သိရပါတယ် ၊ ယခု လက်ရှိဆရာတော်ကတော့ ဗမာဆရာတော်ဖြစ်ပါတယ် ၊ ကျွန်တော် မှတ်မှိသလောက် အနီးအနားဝန်းကျင် ရွာများကတော့ ၊ ကုန်းတန်းကလေးကျေးရွှာ ၊ ၆နံပါတ်ကျေးရွှာ ၊ လေးကုန်းကျေးရွှာဆိုပြီး အစဉ်လိုက်တည်ရှိပါတယ် ၊ အဲဒီလေးကုန်း ကျေးရွာထဲမှာပင် ၊ ဂျပန် ခေတ်က တည်ဆောက်ခဲ့တဲ့ တန်တရာ ဆန်စက်ကြီးရှိပါတယ် ၊ နံပါတ်ကတော့ ၆၁၉ ပါတဲ့ ၊ ရွာတွေအားလုံးဟာ ၊ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်ကြီး တစ်ခုဖြစ်တဲ့ ၊ တိုးမြစ်၏ ကမ်းနဖူး တွင်တည်ရှိနေပြီး ၊ နွေအခါသမယမှာ အလွန်ပျော်ဖွယ်ရာကောင်းပြီး ၊ စပါးပင်နံလေး တသင်းသင်းရယ်နဲ့ရယ်ပါ ၊
စာဖတ်ပရိတ်သတ်ထဲက တစုံတစ်ယောက်ဟာ ၊ ထိုထိုရွာကလေးကို ရောက်ခဲ့မယ်ဆိုရင်ဖြင့် ၊ ဥစ္စာစောင့်နဲ့ သိုက်နန်းရှင်အဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တဲ့နေရာလေးဖြစ်တဲ့ ၊ မြသိန်းတန်စေတီနှင့် ၄င်းနဲ့ကပ်ရပ်က အလျားပေ၆၀ကျော် ၊ အနံ ၃၀ပေလောက်ရှိတဲ့ ရေကန်သာလေးကိုပါ ကြည့်ရှုခဲ့ပြီး ၊ ကျွန်တော်တို့မိသားစုရဲ့ ကုသိုလ်လေးကို အနုမောဒနာပြုပေးပါအုံးလို့ ပြောကြားရင်းနဲ့ ၊ ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတဲ့ ပိုစ့်လေးကို နိဂုံးကမ္ပတ်အဆုံးသတ်ပါရစေ ၊ အားလုံးရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ၊ မင်္ဂလာပါခင်မျာ..။
ကျွန်တော်ရေးခဲ့တာ တော်တော်ကြာသွားပါပြီး ၊ စာဖတ်သူတို့ကိုညှင်းဆဲလိုလို့မဟုတ်ပါ ၊ မှတ်ထားတဲ့ စာအုပ်ဟာ အိမ်မှာကျန်ရစ်နေခဲ့လို့ပါ ၊ မှတ်စုစာအုပ်ကို DHLနဲ့ပို့ခိုင်းရပါ တယ်၊ကုန်ကျငွေဟာ ၆၅ဒေါ်လာဖြစ်ပါတယ် ၊ ကျွန်တော်၉တန်းကျောင်းသားလောက် ကတည်းက ရေးမှတ်ထား တဲ့ ဇာမဏီလို့ခေါ်တဲ့ ရုံးသုံးစာအုပ် လေးအုပ်ကို တအုပ်ထဲ ပေါင်းချုပ်ထားတဲ့ ၊ မှတ်စုစာအုပ်ကြီးပါ ၊ မှတ်ထားတဲ့အကြောင်းအရာတွေ များသမို့ ၊ ကောင်းတာလေးတွေကို ၊ ဘလော့မှာ ရေးတင်ရမယ်လို့ ၊ မဒမ်ငွေက ဆုံးဖြတ်ပါတယ် ၊ မဒမ်ငွေရဲ့ သြဇာအာဏာကို လုံးဝလုံးဝ မလွန်ဆန်နိုင်တဲ့ သနားစရာအလွန်ကောင်းသည့် မစ္စတာငွေလမင်းရဲ့ အရူးလွယ်အိတ်ပမာ ၊ ရေးချွတ်မှတ်သားထားသည့် ၊ စာတိုပေစတချို့ ကိုလဲ လာရောက်မျက်စိဒုက္ခခံကြပါအုံးလို့ ၊ အဘိယာစက ပြုလိုက်ပါရစေလားခင်မျာ ..။