Showing posts with label တဂ်. Show all posts
Showing posts with label တဂ်. Show all posts

Thursday, September 15, 2011

မထောက်ခံပါ ခင်များ (တဂ်)

ခုတလော ဘလော့အချင်းချင်း တဂ်ပို့လေးတွေရေးပြီး၊ အချင်းချင်း အမြင်ဖလှယ်ကြတော့၊ ကိုကိုငွေတို့ရဲ့ ငွေလမင်းဘလော့ကလည်း တစ်စခမ်းထပြီး၊ ဟိုလူ့တဂ်ချင် ဒီလူ့တဂ်ချင်နဲ့၊ တဂ်ရောဂါ ရလာတယ်ပေါ့ဗျာ၊ ဇနီးတောင်ညာစံ ဒေ၀ီမဟေသီ မဒမ်ငွေကလည်း၊ တဂ်ပို့ရေးပါရန် တောင်းဆိုလာပြန်တော့၊ ကိုကိုငွေလည်းတဂ်ပိုစ့်တခု တဂ်ဖြစ်သွားတယ်ပေါ့ဗျာတို့ရယ်။ အခုရေး မဲ့တဂ်ပို့ကတော့ အခြားမဟုတ်ပါဘူး၊ ကမ္ဘာတလွှားခေတ်စားနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အထက် ပိုင်း မြစ်ဆုံဒေသမှာ ဆောက်လုပ်ဆဲ၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးအကြောင်း ပါပဲဗျာတို့။

 သတင်းနဲ့မီဒီယာဆိုတာကြီးကို ကမ္ဘာနိုင်ငံအသီးသီးမှာဖြင့် စတုတ္ထမဏ္ဍိုင်လို့ ဆိုချေ တယ်ပေါ့ဗျာ၊ စတုတ္ထမဏ္ဍိုင်လို့ဆိုလိုက်တဲ့အခါ၊ စာနဲ့ရေးတဲ့သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဘလော့ တို့အပြင်၊ အသံနဲ့လွှင့်တဲ့လေလှိုင်းအသံ၊ ရုပ်ရောအသံရော အကုန်ကြားရမြင်ရတဲ့ သတင်းတွေပါ အကျုံးဝင်ပေသပေါ့ဗျာတို့ရယ်၊ အဲဒီစတုတ္ထမဏ္ဍိုင်ဆိုတာကြီးဖြင့်လည်း နိုင်ငံတိုင်း ကပြည်သူတစ်ဝက် အစိုးရတစ်ဝက်ပိုင်ကြတာကြီးပါပဲ၊ နိုင်ငံပိုင် မီဒီယာတွေရှိသလို ၊ ပုဂ္ဂလိကပိုင် မီဒီယာတွေလည်း ဒုနဲ့ဒေးပေါ့၊ နိုင်ငံတိုင်းဆိုပေသိ၊ အာဏာရှင်တွေ အုပ်စိုးတဲ့ အရပ်ဒေသတွေ မပါပါဘူးဗျာရယ်။

 မြောက်ကိုးရီးယား တို့လို၊ တချိန်က လစ်ဗျားတို့လို့၊ အဲလိုနိုင်ငံတွေမှာတော့ မရှိပေဖူးပေါ့၊ ယခုမြန်မာနိုင်ငံတော်ကြီးဟာ အင်မတန်မှ ၀မ်းသာဖွယ်ကောင်းလောက်အောင် ထင် လင်းမြင်သာတဲ့ အစိုးရတစ်ရပ်ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့်၊ ယခင်အစိုးရခေတ်ကဲ့သို့၊ မီဒီယာ ကိုချုပ်ချယ်ခြင်း အလျှင်းမရှိတာကို တွေ့မြင်လာရသလို၊ အရင်အစိုးရများ နှစ်ချီပြီး လုပ် ခဲ့တဲ့ အမျိုးသားရေး အပေါင်းလက္ခဏာဆောင်မှု့တို့ကိုလည်း တစ်လအတွင်းမှာ ပီပီပြင်ပြင်လုပ် ပြသွားတဲ့အတွက်၊ ခေတ်ရောစနစ်ပါ ပြောင်းလာပြီးဆိုကြပါစို့ဗျာ၊ သို့ကလိုမင့်လေလည်း `ဆွမ်း ဆန်ထဲ ကြက်ချေးရော´ဆိုတဲ့ စကားပုံလို၊ မြန်မာစာမတတ်ပဲ သြဘာစာထဖတ်တဲ့ဝံကြီး ၀ံကလေး အလွှေးအမွှားတွေလည်း၊ ဒီခေတ်ဒီစနစ်ထဲရှိကြ တယ်ပေါ့ဗျာရယ်။

 အစကတော့ တစ်ယောက်လောက်ရှိတာ မှတ်တာ အခုတော့ နှစ်ယောက်ဖြစ်သွားတယ်ပေါ့၊ ဒါကြောင့် အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ အဲဒီဝံကြီးဆိုသည့်မောင်ကို တော်တော်များများ ပြန်လှန်ချေပတဲ့ စာတွေ ပညာရှင်မျိုးစုံက ရေးသားပြီး ဂျာနယ်မျိုးစုံက ဖော်ပြကြတယ်ဗျာ၊ ဝေဖန်ကြတယ်၊ စာရေးဆရာတွေကလည်း ‘Save The Irrawady’ ဆိုပြီး ခေါင်းစဉ်နဲ့၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာကိုတာ၊ ဦးထွန်လွင်(မိုးလေ၀သ)တို့က ပြီးခဲ့တဲ့၁၀ ရက်နေ့က မင်္ဂလာဒုံ ဥယျာဉ်မြို့တော်က မဟာဂန္တာရုံ ကျောင်းတိုက်မှာ ပြုလုပ်ကြတယ်ဗျာ။

 အခုကျွန်တော် တဂ်ပို့က ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံပိုင် အမျိုး သား အမွေအနှစ်ကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်စုံ ရေကာတာကြီးကို တစ်ဦးပိုင် တစ်ယောက်ပိုင် အနေအထားမျိုးနဲ့ ရောင်းစားတော့မဲ့အရေး ဧရာဝတီမြစ်ကို သားမြေးစဉ်ဆက် မမြင်ဘူးတော့မဲ့ အရေး၊ ဧရာဝတီမြစ်ကို မှီခိုသောက်သုံးနေတဲ့ လူတွေရေငတ်မဲ့ဘေးကို ကချင်ပြည်နယ် တခုလုံး မြန်မာမြေပုံပေါ်ကနေ ရေပြင်ဖြစ်သွားမဲ့အရေး စတာတွေကို လျစ်လျူရှု့ပြီး နိုင်ငံသား တွေရဲ့ ဆန္ဒနဲ့ ဖီလာပြုပြီး အတင်းအဓမ္မ ပြုကျင့် ပြောဆိုနေတဲ့ လူရမ်းကားတစ်ယောက်ရဲ့ လုပ်ရပ် ပြော ဆိုချက်တွေကို စတုတ္ထမဏ္ဍိုင်မှာ အကျုံးဝင်တဲ့ ဘလော့ကာတွေ ဘာကြောင့်လက်ရှောင်နေသလဲ ဆိုတာကို  ကျွန်တော်နားမလည်အောင်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့် ဒီပိုစ့်ကို မြန်မာနိုင်ငံသား ဘလော်ကာတွေ အားလုံး ကိုယ့်အမြင်ကို ကိုယ်ထုတ်ဖော်ပြီး ကန့်ကွက်ကြဖို့ တာဝန်ရှိတယ်လို့ ယူဆလို့ ဘလော်ကာအားလုံးကို တဂ် လိုက်ပါတယ်၊ ဖြစ်နိုင်ရင် ဘလော်ကာအားလုံး နေ့တနေ့ သတ်မှတ်ပြီး အဲဒီသတ်မှတ် ထားတဲ့နေ့မှာ တဂ်ပိုစ့်ကို ပြိုင်တူတင်ကြဖို့ စိတ်ကူးမှိပါတယ်။ (မဖြစ်နိုင်ဖို့များပါတယ်)

`မတရားမှု့တခုမှာ၊ မင်းဟာကြားနေမယ်ဆိုရင်၊ မင်းဟာအဲဒီမတရားမှု့ကို အားပေးလိုက် တာပဲ´လို့ မာတင်လူသာကင်း ပြောခဲ့ဖူးပါတယ်၊  နိုင်ငံပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက် ဖို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်၊ ဒါဟာ တာဝန်တခုပါပဲ၊ နိုင်ငံပိုင်ပစ္စည်းဆိုသည်မှာ နိုင်ငံသားအားလုံးနဲ့ သာစပ်ဆိုင်ပါတယ်၊ နိုင်ငံပိုင်ပစ္စည်းကို နိုင်ငံသားတွေက တင်မြှောက်ထားတဲ့ လွှတ်တော်ကသာလျှင် စီမံခန့်ခွဲခွင့်ရှိပါတယ်၊ တဦးတစ်ယောက်သို့မဟုတ် အဖွဲ့အစည်းတခုခုက စီမံခန့်ခွဲခွင့် အခွင့် အာဏာမရှိပါ၊  စီမံခန့်ခွဲခြင်း အခွင့်အာဏာမရှိဘဲ၊ အခွင့်အာဏာရှိသယောင်  ပြုလုပ်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းကို နိုင်ငံတော်ပိုင်ပစ္စည်းများ အလွဲသုံးစားမှု့နှင့် တရားစွဲဆို လို့ရကြောင်း ရာဇသတ်ကြီးဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်၊  ဒါကြောင့် ရာဇ၀တ် မှု့ကျူးလွန်သူကို ကျူးလွန်နေတယ်လို့ပြောတာ အပြစ်ရှိတယ်လို့ ကျွန်တော် မခံစားရပါဘူး။

ယခုလည်း ထိုထိုပြစ်မှု့ကိုကျူးလွန်ဖို့ရန် နှုတ်ဖြင့် ဆော်အောနေသော အပြစ်သား ကို ကျွန်တော်တို့က  နိုင်ငံသားတွေရဲ့ရေးသားပြောဆိုခြင်းအခွင့် အာဏာနဲ့ ရေးသားခြင်းဖြစ်ပါ တယ်၊ အရင်ခေတ် ကဆိုရင်တော့ ထောင်ကျနိုင်ပါလိမ့်မယ်၊ ယခုခေတ်မှာ ထောင်လည်းမကျနိုင် တော့ပါ၊ ပြစ်ဒဏ်ကျခံထားရသူများကိုပင် နိုင်ငံတော်သမ္မတကြီးက သဘောထားကြီးစွာဖြင့် ပြည်ဝင်ခွင့်ပြန်လည်ပေးအပ်နေပြီ ဖြစ်သဖြင့်၊(ပြန်ရောက်သူများလည်းရှိနေပြီ) နိုင်ငံအကျိုးစီး ပွားအလို့ငှာ ရေးသားသော ကျွန်တော်တို့ ဘလော့များကို သမ္မတကြီးသိလျှင်ဖြင့် နိုင်ငံသားပီ သကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် `သီရီပျံချီ´ ဘွဲ့တောင်ချီးမြှင့်ဖွယ်ရှိပါတယ်။

နိုင်ငံနဲ့လူမျိုးပေါ် မတရား လုပ်နေတဲ့ ဖြစ်ရပ်ကို ကျွန်တော်တို့ဘလော်ကာတွေက မသိချင် ယောင်ဆောင်နေမယ်၊ အဖမ်းခံရမှာကြောက်လို့၊ ဘာဖြစ်မှာ ညာဖြစ်မှာကြောက်လို့နဲ့၊ နောက်တွန့်နေလိုက်ရင် ဧရာဝတီမြစ်ကြီး ပျက်သုဉ်းသွားတဲ့ သမိုင်းအမဲစက်ကြီးမှာ ကျွန်တော်တို့လည်း တစ်တပ်တအား ပါဝင်နေပြီဆိုတာ သတိပြုဖို့လိုပါတယ်။

ဒီမြစ်ဆုံကိစ္စကို ကျွန်တော်ပိုစ့်တခုရေးခဲ့ဖူးပါတယ်၊ နှစ်လည်းမနှစ်သက်ပါဘူး၊ ကျေလည်းမကျေနပ် ပါဘူး၊ အဲဒီစီမံကိန်းကြီးကို လုံးဝကိုမဖြစ်စေချင်ပါဘူး အဲဒီမကျေနပ်တဲ့အထဲမှာ စက်မှု့(၁) ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ အခုစကားရပ်တွေကို ပိုပြီးမနှစ်သက်ပါဘူး၊ သူပြောပုံတွေဟာ နိုင်ငံပိုင်ပစ္စည်းတခုကို အကျိုးရှိစီမံကိန်းတခုအဖြစ် ဝေဖန်ပိုင်းခြားပေးနေသည့် အသွင်သဏ္ဍာန်မဆောင်ပဲ၊ သူ့ခြံထဲ မှာစိုက်ထားတဲ့ သရက်သီးကို ရောင်းကွက်တင်ဖို့ အရောင်းမြင့်တင်နေတဲ့ လူတစ်ယောက်ရဲ့ ပြောဆိုသည့် အသွင်ဆောင် နေပါတယ်၊ တနည်းပြောရရင် ဈေးခေါ်နေသယောင်ထင်ရပါတယ်။

နိုင်ငံတခုရဲ့ဝန်ကြီးဌာနတခု ကိုဦးဆောင်သမှု့ပြုနေသူ ၀န်ကြီးတဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတဲ့ စကားရပ်လေးတွေကို ၊Weekly News သတင်းဝက်ဆိုက်မှာသာ ကြည့်လိုက်ကြ ပါတော့ဗျာတို့ရယ်။ ကျွန်တော် ဒီမြစ်ဆုံကိစ္စကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်ပြန်တော့ သူငယ်ချင်းတွေက ရန်ကုန်သားမို့ ဧရာဝတီမြစ်နဲ့ မဆိုင်ဘူးလို့ဆိုပြန်ပါတယ်၊ မင်းဘာသာ ရေးချင်ရင် မင်းဘလော့မှာ ဘလော်ကာတွေနဲ့ တိုင်ပင်ရေးတဲ့၊ ကျွန်တော်အပြစ်မမြင်ပါ ရန်ကုန် သားဖြစ်စေ ၊ မန္တလေးသားဖြစ်စေ ဧရာဝတီမြစ်နှင့် မဆိုင်ဟု ပြောဆိုလို့ရပါတယ်၊ သို့သော် နိုင်ငံ ပိုင် အမွေအနှစ်ကြီးတစ်ခု လို့ဆိုလိုက်ရင်တော့ဖြင့် မြန်မာနိုင်ငံသား အားလုံးနဲ့သက်ဆိုင်နေသည် ကိုမိမိက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မုချလက်ခံရမှာပဲဖြစ်ပါတယ်။

ကျွန်တော့် သူငယ်ချင်းက သူလိုငါလို အရပ်သားတစ်ယောက်မျှသာ ဖြစ်ပါတယ် ငါနဲ့မဆိုင်ဟု ပြောဆိုလာရင်ဖြင့် ပြဿနာမရှိသော်လည်း ၊ ၀န်ကြီးဋ္ဌာန တခုက ၀န်ကြီးမှ  ထိုသူငယ်ချင်း ပြော သလိုပြောလို့မရပါ၊ ပြောလို့မရသကဲ့သို့ ထိုစကားရပ်ကို သရုပ်ပြစေသကဲ့သို့ ဖြစ်စေသော ပြောဆိုမှု့များကို ရှောင်ရှားဖို့လိုပါတယ်။ ယခုသတင်းစာရှင်း လင်းပွဲမှာ ၀န်ကြီးပြောဆိုသော စကားများသည် ငါနှင့်မဆိုင်ဆိုသော စကားရပ်ကို သရုပ်ဖော်သကဲ့သို့ ဖြစ်နေ သည်ကို ၀န်ကြီး၏ သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသွားသော စကားရပ်များကို ထောက်ချင့်ကြည့်ရှု့ပါက တွေ့မြင်ရနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ၀န်ကြီးက မီးအားတွေ ပိုနေလို့ ဈေးကွက်သဘောအရ ရောင်းစားရတာ ဖြစ်ကြောင်းပြောဆိုပါတယ်၊ မြန်မာနိုင်ငံသား အားလုံးသည် ဧရာဝတီကို အဆုံးရှုံးခံပြီး ဘယ်သူမှ မီးလင်းချင်ကြမည်မဟုတ်ပါ၊ ကျွန်တော်တို့ ငယ်စဉ်ကတည်း မီးစက်တလှည့်၊ အင်ဗာတာ တခါ၊ ဖယောင်းတိုင်းမီးနှင့် တသွယ် နေထိုင်ကြီးပြင်း လာသည့်လူမျိုးများက အများစုဖြစ်ပါသည်။ ကျွန်တော်ကတော့ ဧရာဝတီကို အသုံးပြုပြီး မီးလည်းမလိုချင်ပါ၊ ဧရာဝတီမြစ်ကိုသာ လိုချင်ပါ သည်။ အင်တာနက်မှာ ဘလော့ရေးသားနေသူ အားလုံးကလည်း ကျွန်တော့်လိုပင် ဧရာဝတီမြစ် ကြီးကို လိုချင်ကြပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်အပါဝင် မိသားစုအားလုံးက ဒီဧရာဝတီမြစ်ဆုံ ရေကာတာ ကိစ္စကို အကျွင်း အကျန်မရှိ ကန့်ကွက်ပါတယ်။

ကျွန်တော်ငယ်စဉ်က ဇော်ဋီကာ စာအုပ်ကို ရေးသားသူ ဒေါက်တာကျော်စိန်ရဲ့ အသုံးချစိတ်ပညာ စာအုပ်မှာ ဤကဲ့သို့ ရေးသားထားသည်ကို မှတ်သားဖူးပါတယ်။ `ကျွန်ုပ်တို့ မြန်မာလူမျိုးတို့ သည်၊ ဘာသာတရား၏ အဆုံးအမကို လက်ခံကျင့်သုံး ကြသည့်အားလျှော်စွာ ပါဏာတိပါတာ သူ့အသက်သတ်ခြင်းတည်းဟူသောစာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းတတ်ကြပါသော်လည်း၊ သူ့အသက်ကို ကယ်ယူခြင်းအကျိုးငှာ ဆေးရုံဆေးခန်းတို့ကို ပေးကမ်းလှူဒန်းခြင်းတည်း ဟူသော ၀ါရိတ္တသီလမျိုးကို မစောင့်ထိန်းတတ်ကြပေ။ ထို့အတူ အဒိန္နာဒါနာ - သူတပါးပစ္စည်းကို မခိုးယူ ခြင်းတည်းဟူသော၊ စာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းကြပါသော်လည်း၊ ၀ါရိတ္တသီလ တည်းဟူ သော အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းတို့ကို မပျက်ဆီးအောင် မစောင့်ရှောက်တတ်ကြပေ´။ လို့ရေးသားထားသည်ကို မှတ်သားမှိပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံပိုင် အမွေအနှစ်ကို ထိန်းသိမ်းခြင်းသည် ၀ါရိတ္တသီလ တနည်းအားဖြင့် စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တခုပင်ဖြစ်ပါ၍၊ လူ့ကျင့်ဝတ်ကို လက်ခံကျင့်သုံးသည့် နိုင်ငံသားတစ်ယောက် ဖြစ်သည့်အားလျှော်စွာ နိုင်ငံပိုင် အမွေအနှစ် ပစ္စည်းတခုပျက် ဆီးစေမည့် စီမံကိန်းတခုဖြစ်သော  မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက်ပါ ကြောင်း ရေးသား တင်ပြရင်း၊ မြန်မာဘလော်ဂါ အားလုံးကို ဒီပိုစ့်ကို တဂ် လိုက်ပါကြောင်း။

ဘလော့စာရှု့သူများ ၀ါရိတ္တသီလ ခိုင်မာစွာ ဆောက်တည်နိုင်ပါစေကြောင်း၊ ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Friday, September 9, 2011

ဘလော့ဂါဆိုတာဘာလဲ (တဂ်)

ခုတလောမှာလည်း ဘလော့တခွင် တဂ်ပို့စ်ဆိုတာကြီး ခေတ်စားလှချေတယ်ပေါ့ဗျာရယ်၊ ဟိုနေ့ ကတစ်ခု တဂ်ပြီးသွားတယ်၊ ကိုအောင်(ပျုနိုင်ငံ)ရဲ့ တဂ်ပိုစ့်ဆိုတာလေ ဘလော့ဒေးဆိုလား အဲသလို တက်သ၍၊ မှတ်သ၍ ရေးသားတယ်ပေါ့ဗျာရယ်၊ အခုကျတော့ နတ်မင်း(ကျွန်တော် အခေါ်အားဖြင့်) ဘလော့နာမည် နတ်ဆိုး ဆိုတဲ့ အမောင်က ဘလော့ဆိုတာ ဘာလဲလို့ တဂ် လာပါသကောဗျာ၊ အဲဂလိုမင့်လေကြောင့် ယခုတခါ ရေးရပြန်ပါတယ်။

ဘလော့ဆိုတာကို စတင်ရေးကတည်းက၊ အွန်လိုင်းဒေရှင်နယ်ရီတွေမှာ ရှာဖွေဖူးခဲ့၊ မှတ်ခဲ့ဖူးပါရဲ့၊ အခုမြန်မာပြည်ရောက်တော့ ကော်နရှင်အခတ်ခဲတွေ ရှိတော့၊ နောက်ထပ် ဘလော့ကာဆိုတဲ့ စကားလုံးကိုဘယ်လို အဓိပ္ပါယ် ဖွင့်တယ်ဆိုတာ မသိရဘူး၊ ဒို့တိုင်းဋ္ဌာနီ တို့မြန်မာပြည်ဝယ်က ဒေရှင်နယ်ဒီတောင် အသစ်ဘယ်တော့မှ မလုပ်ကြဖူးဗျ၊ ဦးထွန်းငြိမ်းအဘိဓာန်တို့၊ လို့ခုနှစ်အို ရှစ်ဆွေး ဒေရှင်နယ်ရီတွေတော့ရှိတယ်၊ အဲဒီဟာတွေက ထန်းလျှက်တို့ ကွမ်းသီးတို့ ဘာတို့မပြောတတ်ရင်ရှာရတာလေ၊ အခု မြန် မာစာအဖွဲ့က ထုတ်တဲ့ အီးတူ မြန်မာကြီး ရှိလေရဲ့၊ ဘလော့ဆိုတဲ့ စကားလုံးမပါဘူး၊ သူတောင် မပါတော့ ၊ ဘလော်ကာဆိုတဲ့ဟာဆိုတော့ စဉ်းစားပေါ့၊ အဲကလိုရှားပါးတယ်။ အွန်လိုင်းဒေရှင်နယ်ရီကြည့်မယ်ဆိုပြီး အင်တာနက်ဆိုင် သွားတော့ အင်တာနက်ကော်နရှင်က ပတ်ကျိရဲ့ လျှင်မြန်မှု့နှုန်းနဲ့တတ်တယ်ဆိုတော့၊ မသိခဲ့ရဘူး ဟူလိုတည်း။

စာအုပ်ဆိုင်သွားပြီး အောက်ဖိုစ့်ဒေရှယ်နယ်ရီကို ခိုးပြီး ဓာတ်ပုံရိုက်မယ် ကြံတော့ လူကမလစ်ဖူး၊ ဆိုင်ကလူတွေကလည်း အရိုက်မခံဘူး၊ အိမ်မှာရှိတဲ့ အောက်ဖို့ဒေရှင်နယ်ရီကြီးက နှစ်ကြိမ်မြောက် editလုပ်ထားတာ၊ ဘလော်ကာဆိုတဲ့ ဟာက လေးကြိမ်မြောက် edit လုပ်ထား တဲ့ အထဲမှာပါတယ်။ ဒါတောင် ဘလော့ဆိုတာလောက်ပဲ ဖွင့်ပြထားတယ်၊ ဘလော်ကာဆိုတာ ကိုဖွင့်မပြဘူး၊ BL0G- personal record that sb puts on their- အဲဒါကတော့ ဘလော့ဆိုတာ ပါပဲ၊ BLOG ဆိုတာက ကြိယာတဲ့ GG လို့ နောက်ကနေ ထည့်လိုက်ရင် N ဖြစ်သွားတယ်တယ်တဲ့။

 ဘလော်ကာ ဆိုပြီး ဘာမှရှင်းလင်းပြမထားဘူး၊ ဒါပေမဲ့ သူ့အောက်မှာ-BLOGOSPHERE ဆိုတဲ့ စကားလုံးတော့ပါလာတယ်၊ BLOGOSPHERE- all the blogs  that exist on the internet ထားပါသူများတွေလို အင်တာနက်မှာ စာရှာမရတော့ ကိုကိုငွေတို့ကလည်း၊ ရတာလေးနဲ့မှုတ်ရတာ အဲလိုမှ မမှုတ်ရင်လည်း တဖူးဖူးနဲ့ထိုင်မှုတ်ဖို့ရှိတာပေါ့။

ဟိုအင်္ဂလိပ် စကားပုံလေးတခုရှိတယ်ပေါ့ ဗျာရယ် ၊ If you don’t ask me, I know. But  if you ask me I don’t know. တဲ့ဗျာရယ်၊ မင်းမမေးရင် ငါသိတယ် ၊ မင်းမေးရင် ငါမသိတော့ဘူးတဲ့ ဟုတ်ပ အခု ဘလော့သာရေးနေတာ ဘလော့ဆိုတာဘာလည်းလို့လည်း မေးရော ဘယ်ကစ ပြောရမယ် မသိဘူးတော့ဘူးပေါ့ဗျာတို့ရယ်၊ သို့ပေမဲ့ မသိဘူးလား သိတာမှသိပ်သိတာပေါ့၊ ပြော စမ်း အင်းဟိုဟာ ဒီလိုလေဗျာ ဟိုဥစ္စာ ဟိုဒင်း ဟိုဟ၀ါလေဗျာ၊ အဲလိုဖြစ်ကုန်ကြတာပေါ့၊ မူရင်း အင်္ဂလိပ်အဖွင့်တွေမှာတော့၊ မိမိရဲ့ ကိုယ်ပိုင်ဓာတ်ပုံဖိုင်၊ ရုပ်သံဖိုင်၊ စာဖိုင်တွေကို အင်တာနက်ရဲ့ တထောင့်နေရာမှာ၊ သွားပြီး ကိုယ်ပိုင်အနေနဲ့ စုဆောင်းထားတဲ့ နေရာကို ဘလော့ ပေါ့ဗျာရယ်။

အဲလို ဆုဆောင်း သိမ်းဆည်းထားတတ်တဲ့လူကို ဘလော်ကာလို့ဆိုရပေမပေါ့၊ ဒါကတော့ စာပေလို ပြောတာ၊ လက်တွေ့မှာကျတော့ ဒီလိုမဟုတ်ဘူး၊ စာပေတွေကြီး ကိုးကားပြောနေလို့က လည်း သဘာဝသိပ်ကျတာမဟုတ်ဘူးဗျာရဲ့၊ စာပေ၀ါသနာပါသူ စာဖတ်သူ သူတပါးကို ကိုယ်သိ ထားတဲ့ဟာတွေကို ပြန်လည်မျှဝေသူလို့ စကားလုံးထွားထွားလေးတွေနဲ့ ဘလော်ကာများကို ချီး မြောက်ပြန်ရင်လည်း၊ ဘလော်မကာတဲ့လူတွေက သောက်ကြီးကျယ်လိုက်တာနဲ့ ဖြစ်ကုန် တော့မယ်လေ၊ တကယ်တန်း ဒီဘလော်ကာဆိုတဲ့ ဟာကြီးကို သရုပ်ခွဲရတာကလည်း ပဋိစ္စ သမုပ္ပါဒ် လောက် နီးနီးခက်ခဲ ရှုပ်ထွေးတယ်။

ကိုယ့်အမြင်နဲ့ကိုယ်ပြောရမယ်ဆိုရင်တော့၊ ဘလော့ကာဆိုတာ စုဆောင်းသူ လို့ပဲပြောပါရစေ၊ ဘာတွေစုဆောင်းမလဲ၊ ဓာတ်ပုံတွေစုမယ်၊ စာတွေစုထားမယ်၊ ရုပ်သံတွေစုမယ်၊ စုပြီးရင်း ငါဒါ တွေစုထားတယ်၊ မင်းတို့ကိုလည်းပြမယ်၊ ဘယ်နှယ့်လဲ ငါ့စုထားတဲ့ဓာတ်ပုံလေးကို မင်းသဘော ကျရဲ့လား၊ ကျတယ်ဆိုရင် အောက်မှာ ကွန့်မင့်လေးပေးခဲ့၊ သိပ်လှတဲ့ ဓာတ်ပုံလေးတွေ အခုလို တကူးတက ကူးယူပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အဲဒါ ဘလော်ကာ ပါဘဲ။

ငါဗဟုသုတ ရမဲ့ဟာတွေလေး မှတ်သားထားတဲ့ စာတိုပေစလေးတွေ၊ ဒီနေရာမှာ စုထားတယ်  လိပ်စာက www.@#$%%^$#@@.com မင်း သွားဖတ်ကြည့်ပါအုံး၊ ကြိုက်ရင် အောက်မှာ ကွန် မင့်လေးတစ်စောင်ရေးခဲ့၊ မင်းစုဆောင်းထားတဲံ့ ဗဟုသုတလေးတွေကို မျှဝေတဲ့ အတွက် ကျေး ဇူးတင်ပါတယ်၊ နောက်ကျရင်လည်း အဲလိုစာပေးလေးတွေ ထပ်ပြီးရှာဖွေတင်ပြနိုင်ပါစေ၊ အဲဒီကွန် မင့်လေးကို စာရေးသူကဖတ်ပြီး သဘောကျ၊ အော် ငါ့စာကို သူသဘောကျသွားပြီထင်တယ်၊ ငါ့ စာကလည်း တစ်ကယ်ကိုဗဟုသုတ ရစေတာကိုး…….ဟိုး…………ဟိုး………ဟိုး…………၊ ဟာ ဒီနေ့လူသာ ၁၀၀ကျော်လာတယ် ကွန်မင့်က ၂စောင်ပဲရပါလား၊ အဲဒါကြောင့် မရေးချင်တာဟွန်း $#$#@%$& အဲဒါ ဘလော်ကာ

ငါသီချင်းကောင်းလေးတွေ ဒီနေရာမှာ စုထားတယ် မင်းလာနားထောင်ပါလား၊ မင်းကြိုက်ရင်လည်း ကြိုက်တယ်ဟေ့လို့ ကွန်မင့်ရေးခဲ့၊ မကြိုက်ရင်လည်း ဘယ်လိုသီချင်းမျိုးလေး ကြိုက်တယ် ဆိုတာကို ပြောခဲ့မင်းကြိုက်တဲ့သီချင်းလေးတွေပါ ငါစုပေးထားမယ်၊ အဲဒါ ဘလော်ကာ

ငါဒီနေရာမှာ ငါ့အမြင်တွေကို ရေးသားစုဆောင်းထားတယ် အဲဒါမင်းရဲ့အမြင်လေးနဲ့ ဖလှယ်ရ အောင်လာခဲ့၊ တစ်ကယ်လည်း လာဆွေးနွေးပြီးဆိုရော ဒေါသသံတွေ၊ ခပ်များများနဲ့ ငါလောက် လည်းမသိပဲနဲ့၊ သူကစာဘယ်လောက်ဖတ်တာကျနေတာပဲ၊ ဘာညာနဲ့ စိတ်ထဲက ဖြစ်နေသော် လည်း ၊ သီးခံသော လူကြီးလူကောင်းတို့ရဲ့ မူဟန်အတိုင်း ဟုတ်ကဲ့ ကြိုးစားပါ့မယ်ခင်မျာ၊ ကြိုး စားနေပါတယ်ရှင့် ဆိုပြီး ကွန်မင့်ရေးသူ အောက်ကနေ သွားပြီး ကွန်မင့်ပြန်ပေးတတ်သူ အဲဒါ ဘလော်ကာ

နိုင်ငံရပ်ခြားတိုင်းတပါး ဘလော့ကာတွေက သူတို့ဘလော့မှာ သူတို့တင်ထားတာကို လာဖတ် ချင်ဖတ် မဖတ်ချင်နေ ငြင်းရင်ငြင်းခုန်ရင်ခုန် သတ်ချင်သတ်ဖြတ်ချင်ဖြတ် ကွန်မင့်ပေးချင်ပေး မပေးချင်မပေးနဲ့၊ ဝေဖန်ရင်ဖန် မဖန်ရင်နေ၊ ပစ်စုတ်ဒေ၀ ထားတတ်ကြပေမဲ့ မြန်မာဘလော်ကာ များကတော့ ဘလော့အလည်အပတ်ထွက်တယ်၊ သူတပါးရေးတာကို သွားဖတ်တယ်၊ ဝေဖန် တယ် လေကန်တယ်၊ ကွန်မင့်ပေးတယ်၊ အော်သူ့ဆီသွားမှ ငါ့ဆီလာမှပေါ့ ငါသွားလည်မှဖြစ်မယ်။

 သူကနာမည်ကြီးဘလော်ကာ  နာမည်ကြီးတဲ့ဘလော့တွေရဲ့ စီဘောက်မှာ ငါ့ ရဲ့ဘလော့ လင့်လေး ထားပေးခဲ့မယ်၊ အဲဒီဘလော်ကာဆီလာဖတ်တဲ့ လူတွေက ငါ့ဆီကို အလို လိုလိုက် လာလိမ့်မယ်၊ ဒါဆိုရင် ငါ့ဘလော့က လူသိများတဲ့ဘလော့ဖြစ်ပြီ စသဖြင့် လူစည်ကား ရာစည်ကားကြောင်း ၊ ကွန်မင့်ရရာ ရကြောင်း အသေးစိတ်ကအစ တခမ်းတနားလုပ်တတ်တာ ဘလော်ကာ

ဘလော့မွေးနေ့ နှစ်ပတ်လည်နေ့ ဘလော့ကာရဲ့မွေးနေ့ ရီးစားနဲ့သူနဲ့ တနှစ်ပြည့်တဲ့နေ့ စတဲ့ နေတွေကို ဂူဂယ်ကနေပြီးတော့ စားကောင်းသောက်ဖွယ်တွေ မှာယူပြီးတော့ မစားရ၀ခမန်း ကျွေးမွေးပြီး အဖျော်ယမကာတို့ပါ လာဖတ်သူတို့ကို မှီဝဲစေတတ်တာ ဘလော်ကာ

(တချို့ဘလော်ကာတွေဆိုရင် အပြန်ကို လေယာဉ်နဲ့ပြန်ချင်ရင်ပြန်၊ မြေအောက်ရထား ၊ ဇိမ်ခံသ ဘောင်္စတာတွေ နဲ့တောင် မွေးနေ့ပွဲအပြန်အတွက်စေတနာ ဗလပွနဲ့ စီစဉ်ထား တတ်သေးတယ်)

တခါတရံကျတော့ စာကရေးစရာမရှိ၊ ရေးတုန်းကလာမဖတ်ဘဲ ၊ ပိုစ့်မတင်တာ တစ်ပတ်လောက် ကြာပြီဆိုမှ ကိုကိုငွေ ပျောက်နေပါ့လား၊ မဒမ်နေကောင်းလား၊ စာတင်ကျဲတယ်ဟေ့၊ မအားကျဘူး ထင်တယ်၊ လာသွားတယ်နော်၊ဘာတွေလုပ်နေတာတုန်း၊ မဒမ့်ကို ချက်ပြုတ်ကျွေးမွေးနေရ တယ်ထင်တယ်၊ မဒမ်ရေ ကိုကိုငွေ့ကိုနာနာရိုက်ပါဗျို့၊ စဖြင့်သဖြင့် စသဖြင့် ကွန်မင့်မပေးပဲ၊ သူတို့လာသွားကြောင်းသိအောင် စီဘောက်မှာ အော်ပြီး အလည်လာတတ်ကြတာ ဘလော်ကာ

ဘလော့မှာ လူတွေက များလာတော့ ဖောက်သည်ပျက်မှာကလည်းဆိုး၊ စာကရေးဖို့ကလည်း မရှိ တော့၊ ပုရွတ်ဆိတ်တွေရှိတဲ့နေရာကိုသွား ဘီစကွတ်မုန့် ကို အမှုန့်ချေပြီးကြွေးတာကို ဓာတ်ပုံ ရိုက်ယူလာပြီး၊ ဤကဲ့သို့ မဟာ့မဟာကုသိုလ်တို့ကို အထူးပြုလုပ်ပါ၏ ဟူပြီး ဓာတ်ပုံအောက်မှာ ကြံဖန်ပြီးရေးသားပြီး ဆားချက်တတ်တာ ဘလော်ကာ ( ဟီး ဟီး တိုက်ဆိုင်မူရှိက ဆောရီး)။

ဟင်းချက်နည်းဖတ်၊ စာအုပ်ထဲကအတိုင်း အိုးလှလှလေးတွေနဲ့ ချက်ပြီးဓာတ်ပုံရိုက်၊ ပြီးရင် အဲဒါ ဘာဟင်းပေါ့လို့အမည်တပ်၊ သူများအဲလိုဟင်းချက်ပြပြီဆိုရင်လည်း အောက်ကနေ အမရေ စား ချင်စရာလေးနော်၊ ဒီတခါ ကျောင်းပိတ်မှ လုပ်စားအုံးမယ်၊ (ဘာညာ နဲ့ သူစားသော်လည်း ကိုယ်ဝသကဲ့သို့ သောင်းသောင်းဖြဖြ ကွန်မင့်ပေးတတ်တာ ဘလော်ကာ

စာပေ၀ါသနာပါပြီး၊ စာနယ်ဇင်းတွေမှာဖော်ပြဖို့ အခွင့်လမ်းမရှိလို့၊ ရှိသော်လည်း မရေးလိုလို့ ကိုယ်ရဲ့သုတ /ရသတွေကို ဘလော့ပေါ်မှာ ရေးသားရင်း နောင်တချိန်စာနယ်ဇင်းမှာ ဖော်ပြခံရ သည့်အခါ အတော်အတန် ကလောင်ထက်ပြီး တန်းဝင်သည့် စာရေးကောင်းသူတဦးဖြစ်စေဖို့ ဘလော့မှာ လက်သွေးနေတတ်တာ ဘလော်ကာ

ကိုယ့်ဘ၀မှာ တွေ့ကြုံခဲ့ရတာတွေ၊ ဖတ်ခဲ့ရတဲ့ ဗဟုသုတတွေ၊ ရှားပါးတဲ့စာအုပ်တွေ၊ သွားခဲ့ရတဲ့ခရီးတွေ၊ ငါသိသလို စာဖတ်သူတွေ သိပါစေလို့၊ ရုံးတက်နေရင်း စာခိုးရိုက်၊ သူဋ္ဌေးကသိတော့ ဟောက်သော်လည်း သူဋ္ဌေးလစ်တာနဲ့ စာခိုးရှိုက် အားလပ်ရက်ကြတော့လည်း အပြင် မထွက်ပဲ၊ သူ့ရဲ့စာဖတ်ပရိတ်သတ်ကို သူသိသလို သိစေချင်တာ ဘလော်ကာ

ချစ်ခြင်းမေတ္တာကအစ မခိုင်မြဲတော့တဲ့ တခါသုံးလူ့အဖွဲ့အစည်းကြီးမှာ ချစ်ခြင်းထက် မုန်းခြင်း၊ ပျော်ရွှင်ခြင်းထက်၊ ၀မ်းနည်းပူဆွေးရခြင်း၊ ယုံကြည်မှု့ရှိခြင်းထက်၊ ကျဆုံးခြင်း၊ ရီမောခြင်းထက် ငိုကြွေးရခြင်းတွေ အဖက်ဖက် အရပ်ရပ်မှာ အားသာလို့မို့ သူ့စာဖတ်ပရိတ်သတ်တွေကို ချစ်ခြင်းမေတ္တာတွေ၊ပျော်ရွှင်ခြင်းတွေ၊ ယုံကြည်မှု့တွေ၊ ရီမောခြင်းတွေကို ပြည့်စုံစေချင်တဲ့ စေတနာနဲ့ သူဖက်ခဲ့ဖူးတဲ့ အနောက်တိုင်းစာအုပ်လေးတွေထဲက ၀တ္ထုကောင်းလေးတွေ သင်္ခန်းစာလေးတွေကို အချိန်ကုန် လူပင်ပန်း လက်ညောင်း ကိုယ့်ထမင်းကိုယ့်စား ကြီးဒေါ်နွား အလကားကျောင်း ပေးတတ်တာ ဘလော်ကာ

ပေါရာဏတွေ၊ စကားဟောင်းထုံးဟောင်းတွေ၊ ဖက်ရှင်တွေ၊ ရူခင်းတွေ၊ ကြားဖူးနားဝရှိတာတွေ၊ အကုန်လုံးကို သူ့စာကိုလာဖတ်သူတွေကို ဖြစ်နိုင်ရင် မိုးလင်းပေါက် ရေးပြတတ်ချင်ကြတာ
ဘလော်ကာ

သူ့ရေးသားထားတဲ့ လိပ်စာအတိုင်း လူများများ လာစေချင်တာ၊ ကွန့်မင့်များများရချင်တာ၊ အထင်မြင်လွဲပြီး၊ ကွန်မင့်ထားခဲ့သူတွေကို ငါကစေတနာနဲ့ရေးတာ သူကဒီလိုမြင်တယ်လို့ စာ ဖတ်သူတွေရဲ့ ကွန်မင့်လေးကိုဖတ်ပြီး ၀မ်းနည်းမှိတာ၊ စာဖတ်သူတွေရဲ့ ချီးမွှမ်းသံတွေကြောင့်၊ စာပေတွေ ထပ်ရေးချင်တာ၊ ကိုယ်စွမ်းရှိသမျှ အစွမ်းကုန်ရေးသားပေမဲ့ စာဖတ်မဲ့သူမရှိလို့၊ ငါ့ကြိုး စားရေးပေမဲ့ သူတို့လာမဖတ်ကြဘူးဆိုတော့ ၊ ငါဟာ စာရေးတတ်တဲ့သူမဟုတ်ဘူး၊ ငါအသုံး မကျဘူး ဆိုပြီးဝမ်းနည်းအားငယ်ပြီး၊ ဘလော့ရေးသားချင်းကို စွန့်ခွာသွားတတ်တာ ဘလော်ကာ

ဘလော်ကာ ဘလော်ကာ ဘလော်ကာ ……..ကာ………………..ကာ အများကြီးပဲဗျာတို့ရယ်၊ ဘလော်ကာဆိုတဲ့ စကားလုံးကို အင်္ဂလိပ်ဒေရှင်နယ်ရီမကလို့ ဘယ်အဘိဓာန်က သော်မှ အဓိပ္ပါယ်ပေါ်အောင်ဖွင့်နိုင်မယ်မထင်ပါဘူးဗျာရယ်၊  

စာပေဖြစ်စေ သီချင်းတွင်ဖြစ်စေ ကဗျာတွင်ဖြစ်စေ  ဓာတ်ပုံနှင့် ပန်းချီကားတို့တွင်ြ ဖစ်စေ၊သဒ္ဒဟုဆိုအပ်သော၊ အဖွဲ့အနွဲ့၊ အတ္ထဟုဆို အပ်သော ပြောချင်သော မက်စိပ်၊ သဘာဝတ္ထဟု ဆိုအပ်သော သဘာဝ ကျခြင်းမကျခြင်း အကျိုးရှိခြင်း မရှိခြင်း ထိုသုံးခုနှင့်ပြည့်စုံလျှင်၊ ပုံကောင်း၊ စာကောင်း၊ သီချင်းကောင်း  ပန်းချီကောင်း ဖြစ်သ ကဲ့ သို့

ဘလော်ကာဆိုသည်မှာလည်း အဖွဲ့အနွဲ့ဆိုသော- သဒ္ဒ၊  အတ္ထ- ဆိုတဲ့မိမိဆိုလိုရင်းမက်စိပ်နဲ့၊ သဘာဝတ္ထ- ဟုဆိုအပ်သော သဘာဝကျခြင်း မကျ ခြင်းနှင့် အကျိုးရှိခြင်း မရှိခြင်းတို့ကို ညှိနှိုင်းရေးသားပြီး ၊ ကိုယ်ပိုင်းဘလော့ပေါ်မှာစုဆောင်းခါ စာဖက်သူတို့အား ပြန်လည်ဝေမျှတင် တင်ပြတတ်သူများကို ဘလော်ကာ ဟူသော စကားလုံးနှင့် အနီးစပ်ဆုံး တူစေလိမ့်မည်ဟု၊ ကိုကိုငွေမှ တသီးပုဂ္ဂလ အမြင်ရှိပါကြောင်း၊  
ပြောကြားရင်း နတ်မင်းရဲ့ ဘလော်ကာဆိုတာ ဘာလဲဆိုတဲ့ တဂ်ပိုစ့်ကို နိဂုံးချုပ်ပါကြောင်း။

(ဒီပိုစ့်မှာ ရေးသားခဲ့ခြင်းများသည်၊ ပျော်ရွှင်လို ရီမောလို၍သာ ရေးသားခြင်းဖြစ်ပါသည်၊ တိုက်ဆိုက်မှု့များ အလျှင်းရှိခဲ့ပါလျှင် ကိုကိုဘလော်ကာ မမဘလော်ကာ တီတီဘလော်ကာနှင့် အန်ကယ်ဘလော်ကာ များမှ အမိုက်အမဲလေးမို့ခွင့်လွတ်စေလိုပါကြောင်း )

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေချင်မျာ။






Monday, August 29, 2011

ဘလော့ဒေး ( တဂ်)


ကျွန်တော်မြန်မာပြည်မှာ ရှိစဉ်ကတော့  ဘလော့ဆိုတာ ဘာမှန်းမသိပါဘူးဗျာ၊ ထိုင်းကိုသွားပြီး ကျောင်းတက်တော့မှ၊ ဘလော့ကိုစတင်သိရှိခဲ့တာပါ၊ ဘလော်ကာဆိုတဲ့စကားလုံးကိုတော့ မြန် မာပြည်မှာနေစဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်၊ ဘလော်ကာ နေဖုန်းလတ် ဘာညာပေါ့လေ မြန်မာပြည်မှာနေစဉ်ကအဲလောက်ပဲ သိခဲ့တယ်၊ ထိုင်းကိုရောက်တော့ စာအုပ်တွေဘာတွေ အင်တာနက်မှာရှာကြည့်ရင်း၊ ဘလော့စပေါ့ဆိုတဲ့ ဟာလေးကိုသိလာတယ်၊ စိတ်တော့ကူးမှိခဲ့တယ်၊ ငါလည်းတချိန်ချိန်မှာ အဲလိုလေးရေးဖြစ်ရင် ကောင်းမယ်ပေါ့၊ ဘလော့ကို စတင်သိရှိချိန်ဟာ ၂၀၀၉ခုနှစ်မတ်လထဲမှာပါ။

အဲဒီအချိန်က ကျောင်းတက်တယ်၊ စာအုပ်တွေရှာတယ်၊ အဲဒီလောက်ဘဲ လုပ်တတ်တယ်၊ ပျင်းရင် ချက်တင်ထိုင်တယ်၊ အဲဒီတုန်းက မဒမ်တို့ဘာတို့ဆိုတာ လူပြည်မှာရှိတယ် မရှိဘူးဆိုတာတောင် အတိအကျသိတာမဟုတ်ဘူး၊ ဘလော့ကိုစတင်ရေးတော့ နှင်းမိုးမိုး ရဲ့ ဘလော့မှာပါ၊ သူနဲ့ ချက် တင်ထိုင်ရင်း သူငယ်ချင်းဖြစ်တော့၊ သူကသင်ပေးတယ် ဘယ်လိုရေးတယ် ဘာညာပေါ့၊ ၂၀၁၀ရောက်တော့ သူဘလော့တခု လုပ်မယ်ပေါ့၊ နာမည်က နှင်းမိုးမိုး တဲ့ အဲဒီမှာလာရေးပေါ့တဲ့၊ နောက်ပြီးတော့ ဘလော့ရဲ့ ပတ်စ၀က်တွေ ဘာတွေ အကုန်လုံးကို ကျွန်တော့်ကိုအပ်တယ် သူရေးတဲ့အခါ မြန်မာပြည်က အဆင်ပြေရင် မြန်မာပြည်ကတင်တယ်၊ သူအဆင်မပြေရင် ကျွန်တော်က ထိုင်းကနေတင်တယ်။

အဲလိုကနေ နောက်တော့ ကျွန်တော့်ရဲ့ ရှု့မညီးတဲ့ ချစ်ဇနီးလောင်း မဒမ်ငွေနဲ့တွေ့တဲ့အခါ ငွေလမင်း ဆိုတဲ့ဘလော့လေးကိုလုပ်ဖြစ်သွားတယ်၊ ရည်ရွယ်ချက်ကတော့ သူပြောချင်တာရှိရင် စာရေးပြီး ၊ တင်ပေါ့ ကျွန်တော်လည်း ပြောစရာရှိရင် အဲလိုပဲတင်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ၊ နှင်း မိုးမိုးမှာ စတင်ပြီးရေးကတည်းက အန်ကယ်မောင်မောင်တို့၊ မဗေဒါ၈၈တို့၊ ချောအစိမ်းရောင် လွင်ပြင်၊ ကိုကိုးအိမ်၊ ကိုမောင်လေး( ယခု ညိမ်းနိုင်) ၊ နတ်ဆိုး၊ မာနတ် ၊ ဘကျောက် ၊ မခင်ဦးမေ ၊ ကောင်းမွန်ဝင်း၊ ကိကိ၊ ရတနာ၊ မသဒ္ဒါ တို့နဲ့ စတင်သိခဲ့တယ်။

ဘလော့ရေးတယ်ဆိုတာ တခါတရံ အရမ်းဝမ်းနည်းစရာတွေ ကြုံတွေ့ရပါတယ်၊ ကိုမာနတ်ကြီးက သူရဲ့ဘလော့ကို မရေးတော့ဘူးလို့ ချက်တင်ကနေပြောတော့ တော်တော်လေး ၀မ်းနည်းမှိတယ်၊ ဘာလို့လည်းဆိုရင် သူကကျွန်တော်မသိတာမှန်သမျှ အကုန်ပြောပြတာ နောက်ဆုံးဒိုမိန်းလုပ်တဲ့ အထိ သူကူညီခဲ့တယ်၊ အဲလိုရဲဘော်ရဲဘက်တဦး မရေးတော့ဘူးလို့ နုတ်ဆက်တော့ စိတ်မ ကောင်းဘူး၊ နောက်ပြီး ဘကျောက်ကိုအစက တော်တော်အမြင်ကပ်တာ၊ ပုံကြည့်လိုက်တော့ ခါး ထောက်ပြီး ဆရာကြီးအထာနဲ့ ဒါပေမဲ့သူစာတွေ သွားဖတ်ကြည့်လိုက်တော့ သူ့ရုပ်နဲ့တစ်ခြား စီဖြစ်နေတယ်၊ သိပ်ချစ်ဘို့ကောင်းတဲ့ လူတစ်ယောက် အဖြစ် အသိမှတ်ပြုလိုက်တယ်၊ ဘလော့ အသစ်လေးတွေကို လက်တွဲခေါ်တယ်၊ ပိုစ့်တင်တိုင်း လာလာပြီး ဟာသလေးနှောပြီး လာလာမန့် တတ်တယ်၊ သူလာဖတ်ရင် ကျွန်တော်လည်း တန်းပြီးသူ့စီလိုက်ပြီး အော်စရာရှိတာအော် မန့်စရာ ရှိတာမန့်။

တခါတုန်းက ကျွန်တော်သူ့ကို သွားနောက်နေတာ မဒမ်ကအနောက်ကလိုက်ပြီး လိုက်ခေါ်တဲ့ ပုံ စံလေး စီဘောက်မှာ အော်ခဲ့တယ်၊`ကိုကိုငွေ လူကြီးက နေမကောင်းဘူး´ အခုပြန်ခဲ့ ဆိုပြီး စီဘောက်မှာ သွားအော်လိုက်တာ ဘကြီးကျောက်က ဟားဟားဟားတဲ့ အဲဒီအချိန်က သူဆုံးဘို့ နှစ်လလောက်လိုတော့တယ်၊ နောက်ပြီး ဆုံးခါနီး ၅ရက်အလိုမှာ သူလာမန့်သွားသေးတယ် ၊ နောက်ဆုံးမန့်ခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်သတိမထားမှိခဲ့ဖူး၊ သူဆုံးတော့ သူ့ဘလော့လေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်ျမှိတယ်၊ မဒမ်ကလည်း ၀မ်းနည်းတယ်တဲ့ သူတို့လည်း ဘလော့လည်ရင်း ရင်းနှီးကြတယ်လေ။

လူဆိုတာကလည်း ပရိတ်သတ်လိုချင်ကြသမို့လား၊ ဘလော့စလုပ်တော့ လူဘယ်လောက်လာ ဖတ်သလဲ၊ လာမန့်သွားတာကဘယ်သူလဲ၊ အောင်မယ်လာမန့်သွားတဲ့လူက ဘလော်ကာ အကြီးစားကြီးပါလား၊ ပီတိတွေဖြစ်လို့ လူမလာရင်လည်း မကြိုက်လို့ထင်ပါ့၊ ဘယ်နှယ့်ရေးရပါလိမ့် စသဖြင့် ပီတိသောမနဿတွေဖြစ်လိုဖြစ်၊ ဘ၀င်မကျတဲအခါလည်းမကျ၊ နောက်တော့ ဘလော့ရဲ့ သဘောတရားကိုနားလည်လာတယ်၊ အော်ဒို့ကရေးသူဘက်က ပြောချင်တာကို ဘလော့မှာချရေး လိုက်တော့၊ ဖတ်သူ့ဘက်ကလည်း သူ့အခွင့်ရေးအရ ဝေဘန်တာတို့ဘာတို့၊ လုပ်ကြမှာပဲ သူ့အခွင့်ရေးပေါ့လို့၊ နားလည်မှိတယ်။

ဘလော့ကို  အမှန်ကန်စားသုံးသူ ဟိုဘလော်ကာ မလေးရှားက ဟိုဝါ ဘယ်သူ မိုးယံ(လူသားအားလုးအတွက်)ံဆိုတဲ့လ၊ူ ကိုယ့်ကိုကိုယ် တော်တော်လေး ဟာသမြောက်ပြီ မှတ်နေတာ အဲလူနဲ့တွေ့လိုက်ရင် ကိုယ့်စကားက ခလေးဟာသဖြစ်ပြီး သူ့ပြောတဲ့ဟာသက ပညာရှင်တွေပြောတဲ့ ဟာသဖြစ်နေတယ်။ သူနဲ့ အရမ်းကို ပါတနာကျတဲ့ ကိုဇော် ရဲ့စာတွေကိုလည်း ဖတ်မှိတယ် တခါက စကားပြောဖူးပါတယ်၊ နောက်တော့မပြောဖြစ်တော့ဘူး၊ အကြိုက်ဆုံး ဘလော့တခုကတော့ အန်တီခင်ဦးမေရဲ့ ဘလော့ကို နားလည်လို့ သွားဖတ်တာတော့ မဟုတ်ဘူး၊ သူဘာရေးရေး ကျွန်တော်နားမလည်ဘူး ဘာပြောချင်တာမှန်းကိုမသိတာ၊ ရန်ဖြစ်နေတာလား စိတ်ကောက်တာလား၊ စိတ်ထဲပေါ်တာရေးတာလားပေါ့၊ အဲလို အနုလုံ ပဋိလုံ ဖတ်သော်လည်း ဘာမှကိုမသိတဲ့သဘောကိုက သူ့ရဲ့ဘလော့ ကိုခဏခဏ ရောက်ဖို့အကြောင်းဖြစ်နေတယ်။

နောက်တခုက အပျိုကြီး မမချောရဲ့ဘလော့စပေါ့ သေချာဖတ်ကြည့်ရင်၊ သူကတည်ငြိမ်တယ်၊ ခြေခြေမြစ်မြစ်ရေးတတ်တယ်၊ အပျိုကြီးဆိုပေသိ အချစ်အကြောင်းများ ရေးရမယ်ဆိုရင် ဆရာမ မတင်ဝင်းတောင် သူကကျော်တက်နိုင်တယ်၊ ဘာသာပြန်ကလည်း ရွှေဥဒေါင်းနီးနီး စကားလုံးရွေး တာကအစ ကျစ်လစ်အောင်ရေးဖွဲ့တတ်တဲ့ အပျိုကြီး အဲဒါကြောင့်လည်း ဘဲ မရတာနေမယ်။ နောက်တစ်ယောက်ကတော့ မန္တလာသူ မရွှေစင်ဦး စာအုပ်တွေ တင်ပေးတော့ သူ့ဘလော့က စာကြည့်တိုက်ကြီးလိုဖြစ်နေတယ်၊ သွားသွားမွှေရနှောက်ရနဲ့ တော်တော်လေးအလုပ်ဖြစ်ပါတယ်။

ကျွန်တော့် ငွေလမင်း စတည်ထောင်တော့ လူမလာကြဖူး၊ ကျွန်တော်က စာလည်းမရေးတတ်တာ ပါမှပေါ့၊ ချောတို့ မရွှေစင်ဦးတို့ မကောင်းမွန်ဝင်းတို့မခင်ဦးမေတို့စီက ပြန်လာရင် ကိုယ့် ဘလော့ကိုကိုယ်ကြည့်ပြီး အားငယ်မှိတယ်၊ အစိမ်းရောင်လွင်ပြင်သခင်မကို ရင်ဖွင့်တော့ သူများ စိတ်ဝင်စားမဲ့ဟာတွေရေးရတယ်တဲ့၊ ဒါဆို လူလာကြသတဲ့ အဲလိုပြောလို့ ဖတ်ထားတာတွေ မှတ်စုတွေ ကြည့်ရေး၊ ဘလော့တွေမှာ ဟစ်ဖြစ်နေတဲ့ သတင်း အစ ခရီးသွားမှတ်တမ်း စသဖြင့်စသဖြင့် အစုံအလင်ရေးဖြစ်ပြီး အခုလို ရောက်လာခဲ့ပါရဲ့။

ဘလော့ဆိုတာ ကွန်မင့်ရေးပြီးတော့ နောက်ပြောင်ကျီစယ်လို့ရသလို၊ ဝေဘန်အကြံပြုလို့လည်းရတယ်၊ ရန်စလို့လဲရတယ်၊ တချို့ကတော့ ဆဲကြတယ်၊ ဘလော့ဆိုတာ တခါတခါ ကိုယ်နဲ့ မဆိုင်တဲ့ပြဿနာကိုလည်း ကိုယ့်ပြဿနာကဲ့သို့ အုံးအုံးကြွက်ကြွက် လုပ်တတ်ကြတယ်၊ ဘလော့ ဆိုတာ တခါတရံ မသိတဲ့အကြောင်းအရာတွေကို ရေးတင်ပြီး ထိုအကြောင်းရာတွေကို သိတဲ့သူ တွေကိုဖော်ထုတ်လို့ရတယ်။

 ဘလော့ဆိုတာ ကိုယ့်ရဲ့သဘောထား အမြင်ကို စာပေစီစစ်ကြားခံ မလိုပဲ၊ ကိုယ့်သဘောနဲ့ ကိုယ် ရေးလို့ရတယ်၊ ကို့သဘောနဲ့ ကိုယ်ရေးပြီဆိုရင် သူ့သဘောနဲ့သူ ပြောကြမယ်ဆိုတာကိုလည်း ဘလော့ရေးတဲ့ ဘလော်ကာများက နားလည်ဖို့လိုတယ်၊ တခါ တရံမှတော့ ကိုယ့်သဘောနဲ့ ကိုယ်ရေးပြီး သူ့သဘောနဲ့ သူလာပြီးဝေဘန်တဲ့ သူတွေကို သ်ီးမခံနိုင်လို့ ပြန်လှန်ချေပတဲ့ ဘလော့ကာများကိုလည်း တွေ့ရတတ်တယ်၊ အဲသလိုသာ လုပ်နေကြရင်ဖြင့် ဘလော့ရေးသူနဲ့ ဘလော့ဖတ်သူကြားမှာ တချိန်မှာ ပဋိပက္ခသဘော ဆောင်လာနိုင်တယ်လို့ ထင်မြင်မှိတယ်။

ကျွန်တော်သတိထားမှိတာ တခုက ဘလော့ဆိုတာ အုပ်စုမဟုတ်ဘူးလို့မြင်မှိတယ်၊ ကို့ယ်အမြင်ကို ကိုယ်တင်ပြတဲ့ နေရာတခုလို့သာ သဘောပေါက်တယ်၊ သိထားတဲ့အသိပညာတွေကို ဝေမျှတဲ့ နေရာလို့သဘောပေါက်တယ်၊ တခါတုန်းက ဘလော့နှစ်ခုပြဿနာတတ်ကြတော့ အုပ်စုဖွဲ့ပြီး ရန်ဖြစ်လိုက်ကြတာ ၊ ရှက်စရာ တော်တော်လေးကောင်းတယ်၊ တချို့ဘလော်ကာတွေရဲ့ စီဘောက် တွေကို အဝေဘန်ခံရတဲ့ ဘလော်ကာတွေက လာပြီးဆဲတုတ်ကြတယ်၊ စီဘောက်တွေ ပိတ် လိုက်ရတယ်၊ ဘလော့တခုဆိုရင် အဲဒီနေ့မနက်ပိုင်း ၁နာရီအတွင်းမှာ ကွန်မင့် ၇၀ကျော်နဲ့ အဆဲ ခံလိုက်ကြရတယ်၊ နောက်ဆုံးရလာဒ်က သုံးလလောက် ဘလော့၅ခု ပိတ်သွားတယ်၊ တစ်ခုဆိုရင် ခုထိမဖွင့်ရဲဘူး အဲလိုဖြစ်တာဟာ ဘလော့အုပ်စုဆန်ဆန် ဘလော့လမ်းသရဲဆန်ဆန် လုပ်နေကြတယ်လို့မြင်မှိတယ်၊ ကျွန်တော်တို့ရေးတဲ့စာတွေကို လာဖတ်တဲ့လူတွေလည်း အဲလိုဘဲထင်သွားလိမ့်မယ်လို့ ထင်တယ်။

ဘလော့ဆိုတာ စာဖတ်သူတွေရှိလို့သာ ရပ်တည်လို့ရနေတာမလား၊ စာဖတ်သူတွေသာမရှိရင် ဘယ်သူကရေးတင်ကြမလဲ၊ အဲဒီတော့ ဘလော့ရေးတဲ့ကျွန်တော်တို့ဟာ စာဖတ်သူတွေကို စိတ် ပျက်မသွားစေဘို့ နေထိုင်တတ်ကြရမယ်မဟုတ်လားခင်မျာ။

ဘလော့နေ့ကြီးမှစပြီး ဘလော့ရဲ့ အညစ်အကြေးလို့ပြောလို့ရတဲ့ ၊ အုပ်စုဖွဲ့ခါ မှန်တာမမှန်တာ မဝေဘန်ဘဲ ကိုယ့်လူထိရင် အော်ဟစ် ချေပတတ်ဖို့ ၀န်မလေးတတ်တဲ့ ဘလော့ရေးသူ မဖြစ်စေဘို့နဲ့ ၊မိမိရဲ့သဘောတရားကို ပြန်လှန်ဆွေးနွေးသော စာဖတ်သူနဲ့တွေ့တဲ့အခါ ယဉ်ကျေးသော လူမျိုးတို့၏ ကိုယ်အမူအရာ နုတ်အမူရာတို့ဖြင့် မဆန့်ကျင်ခါ ပြန်လည် ဆွေးနွေးနိုင်သူ ၊ ကိုယ်နှင့် မသင့်တင့်သူများကို စောင်းမြောင်းမရေးတတ်သူ၊ ကြုံတွေ့ခဲ့ရသော ခါးသီးဖွယ်ရာများကိုပင်လျှင် စာဖတ်သူတို့ အမြင်တွေ ခါးသီးဖွယ်ရာအဖြစ် မမြင်စေဘဲရေးတတ်သူ ဒီထက် ဒီထက် ပိုကောင်း ပိုကောင်းသော ဘလော့စာရေးသူ စသည့် ဘလော့စာရေးသူတို့၏ဂုဏ်ရည်ဖြင့် ပြည့်စုံအောင် ကျွန်တော်ကြိုးစားမယ်လို့ ကတိပြုရင်း နိဂုံးချုပ်ပါတယ်ခင်မျာ။


ကိုအောင်(ပျူနိုင်ငံ) ရဲ့ တဂ်ပိုစ့်ကို မဒမ်ရဲ့ကျမ်းမာရေးအခြေနေကြောင့် နောက်ကျမှ တင်ဖြစ်သဖြင့် မူရင်းတဂ်ပိုင်ရှင် ဘလော်ကာ ကိုအောင်(ပျုနိုင်ငံ)အား အနူးအညွတ်တောင်း ပန်ပါကြောင်း။

ဘလော့စာရေးသူ(ဘလော်ကာ)များ အင်တာနေရှင်နယ် နက်ဝက်အတွင်း ဘလော့ဆိုသဟာကြီး ရှိသမျှကာလပတ်လုံး၊ အကျိုးရှိသော စာပေများရေးသားပြီး ဘလော့အညစ်ကြေးများ မတင်မကျန်အောင် ပြုမှုဆောင်ရွက်ရေးသားနိုင်ပါစေကြောင်း ဘလော့ဒေး အမှတ်တရအဖြစ်  ငွေလမင်းတို့ ဆုမွန်တောင်းပါ တယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Tuesday, August 9, 2011

ကြိုက်၏ မကြိုက်၏ (တဂ်)

ဒီတလော ဘလော့လောကတခွင်မှာဖြင့်(တဂ်) များကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာချေတယ် ပေါ့ဗျာရယ်၊ သို့ကလိုမင့်လည်း (တဂ်) ရေးတယ်ဆိုရင်ဖြင့် မူရင်းပိုစ့်ရေးတဲ့ သူ့ရဲ့ ရေးပုံရေးနည်း ကို အခြေခံပြီး ၊ ပြန်လည်ရေးသား ရစမြဲမို့လား၊ ကိုကိုငွေတို့လို့ ကမ္ဘာ့ရွာကို ရောက်နေတဲ့ သူများကြတော့ဖြင့်၊ ဘလော့စပေါ့မှာ ရေးသားထားတဲ့ စာပေဟူသမျှ၊ ဖတ်ရှုလေ့လာ သုံးသပ်ခွင့် မရပြန်ဘူး၊ ဒါဆိုတော့ ဒိုမိန်းရော ရသလားလို့ မေးတော့ ရတဲ့အခါရပြီး မရတဲ့အခါ မရပြန်ဘူး အဲသည်တော့ကား ဘယ်သူတွေဘယ်လိုရေးမှန်းမသိ၊ ဘာမှန်းမသိနဲ့ အဲသလိုဖြစ်တယ် အဲသဟာကြောင့် (ကမ္ဘာ့ရွာ) မြန်မာပြည်ကြီးက ပွင့်တော်မူတဲ့ နတ်ဆိုးလေးရဲ့ info စာမျက်နှာကို ကြည့်ရှုပြီး ၊ တုပရေးလိုက်ရပါကြောင်းဟူလိုတည်း။

ကြိုက်တယ် မကြိုက်ဘူး ဆိုတာကတော့ လူတိုင်းရှိသပေါ့ဗျာရယ်၊ ကျွန်တော်ကတော့ ခန္ဓာကိုယ် မှာ နာခေါင်းနဲ့ နားရွက်မကြိုက်ဘူးဗျာရဲ့၊ ဘယ့်နှာသဘောလည်းဆိုရရင်ဖြင့်၊ နားခေါင်းက  သူများတွေ ကြော်တာ လှော်တာဆိုရင် အရင်ဆုံးအနံ့ရတယ်၊ မကောင်းတဲ့အနံ့ဆိုလဲ သူက အရင်သိတယ်၊ အဲသဟာကြောင့် နားခေါင်းကိုမကြိုက်ဘူး၊ နားရွက်ကတော့ ဟိုဟာကြား ဒီဟာကြား၊ ဒီဟာကြီးရှိတာဆိုရင်ဖြင့် စာလည်းကောင်းကောင်းဖတ်လို့မရပြန်၊ နားသိပ်ပူ လာရင်ခေါင်းပါမူးလာပြန်ရော အဲဒါကြောင့်မို့ နားနဲ့နှာခေါင်းကိုမကြိုက်ဘူးလို့ပြောတာ။

ကြိုက်တဲ့ဟာတွေကတော့ မျက်စိ သိပ်ကြိုက်တယ်၊ ပါးစပ်ကြိုက်တယ်၊ မမြင်ချင်ရင်ပိတ်ထား မစားချင်ရင် မစားနဲ့ ကဲကောင်းဘူးလား။ မျက်စိပိတ်ထား ပါးစပ်ပိတ်ထားတဲ့အတွက်ကြောင့် လက်လဲအလုပ်မရှုပ်တော့ဘူး၊  နားတို့နှာခေါင်းတို့ကြတော့ လက်ကိုသုံးပြီးပိတ်မှရတယ်။

လူတွေထဲမှာ ကြိုက်တဲ့ဟာကတော့ စကားပြောကြည့်လို့ ကိုယ့်စကားကို အဆင့်တန်းရှိရှိ တုန့် ပြန်နိုင်တဲ့လူဆိုရင်ကြိုက်တယ်၊ သန့်ရှင်းတဲ့လူတွေကိုလည်းကြိုက်တယ်၊ သေသေသပ်သပ် နေ တတ်ထိုင်တတ်တဲ့လူများဆိုရင်လည်းကြိုက်ပြန်တယ်၊ အနံ့တထောင်းထောင်းနဲ့၊ အမွှေးအမျှင် တကားကားနဲ့ အဲဒီလိုယောကျာင်္း မိန်းမများကိုကြတော့ နှုတ်တောင်မဆက်ချင်ဘူးဗျာရယ်။

အစားအစာလား မုန့်ဟင်းခါးကြိုက်တယ်၊ နို့ကြိုက်တယ်၊ ဆန်ပြုတ်ကြိုက်တယ်၊ အချဉ်ကြိုက် တယ်၊ ထမင်းမကြိုက်ဘူး ဒါပေမဲ့နေ့တိုင်းစားနေရတယ်၊ ဖြစ်နိုင်ရင်တော့ မနက်စောစော ဆန် ပြုတ် ညနေပိုင်း ဆန်ပြုတ်ကို နေ့တိုင်းသောက်ချင်ပါရဲ့၊ မဒမ်နဲ့ညားမှဘဲ ပြုတ်ခိုင်းရမှာဘဲ။ မကြိုက်ဆုံး အစားစာထဲမှာတော့ ဟိုမရောက်ဒီမရောက် မုန့်တီဆိုတဲ့ဟာ၊ မြန်မာမုန့်တီရော ရခိုင်မုန့်တီရော မုန်းမှမုန်း။

အားကစားထဲမှာတော့ လမ်းလျှောက်နဲ့ တောင်တက်သိပ်ဝါသနာပါတယ်၊ ရောက်တဲ့အရပ်မှာ တောင်ရှိတယ်ဆိုရင် တက်တာဘဲ၊ မကြိုက်ဆုံးအားကစား ဘောလုံး၊ ချောတိုင်တက်၊ ခေါင်းအုံး ရိုက် တွေပါ။

အချစ်ဆုံးမိန်းမ မဒမ်ငွေ၊ အနှစ်သက်ဆုံး မိန်းမ မဒမ်ငွေ၊ တခါတရံ အမုန်းဆုံးမိန်းမ မဒမ်ငွေပါပဲ၊ အကြိုက်ဆုံး အလုပ် မဒမ်ငွေ့ ကျောက်ကုန်းကို ထုရခြင်း၊ အကြိုက်ဆုံး အားကစား မဒမ်ငွေကို စပြီး ပြေးရခြင်း၊ အကြိုက်ဆုံး အမျိုးသမီး မရှိပါဘူး  (ချောတဲ့လှတဲ့မိန်းမတိုင်း ကုလား တရုတ် ကိုးရီးယား ဂျပန် အင်္ဂလိပ် မလွတ်ပါဘူး အားလုံးကိုကြိုက်ပါတယ် ဒါပေမဲ့ မဒမ်ငွေကျိန်းမှာ ဆိုးလို့မရှိဘူး  ရေးမှဖြစ်မယ်)။

အနေအထိုင်နဲ့ ပတ်သတ်ပြီးတော့ကား အကြိုက်ဆုံးနေထိုင်နည်းကတော့ ခေတ်ဟောင်းသီချင်း လေးနားထောင်ပြီး ၊ သမိုင်းစာအုပ်လေး တခုခုဖတ်ပြီး နေထိုင်ရတာကိုကြိုက်တယ်၊ မကြိုက်ဆုံး အနေအထိုင်ကတော့ မဒမ်ငွေကဲ့သို့ ၊ ဟိုသွားချင် ဒီသွားချင် အခုနေမကောင်းဘူးပြောပြီး ညကငိုတယ် မိုးလင်းတော့   Angels 8 ရှိုးဆိုလား ဘာလား ထသွားကြည့်တယ် အဲလိုနေထိုင်မှု့မျိုးကို မကြိုက်ပြန်ဘူး။

အပြောအဆို တိုးတိုးပြောတာကြိုက်တယ်၊ ကျယ်ကျယ်လောင်လောင် ပြောတာမကြိုက်ဘူး၊ ရေးရင်းရေးရင်း ချာလပတ်လည်နေပြီ၊ ဘာတွေရေးမှိမှန်းလည်းမသိဘူး၊ သူများက တဂ် တော့ ဒီကလည်းလိုက်ရေးရတာ၊ မောင်တို့ရွာက ဘလော့တွေဘာတွေ ဖတ်ရတာမဟုတ်ဘူး၊ ဒိုမိန်းတောင်ပွင့်ချင်မှ ပွင့်တာ၊ အဲဒီတော့ နီးစပ်ရာ ကိုနတ်ဆိုး ရဲ့ တဂ်ပို့စ်ကို ၊ ကြည့်ပြီး လိုက်ရေးလိုက်တာ၊ မှားရင်လည်း သည်းခံကြပါ၊ ဟိုရောက် ဒီရောက် ဖြစ်နေ တယ်လို့တော့ သိပါတယ်။

အရေးပေါ်ရေးလိုက်ရတော့ ဘယ်ကနေဘယ်လိုစရမှန်းတောင်မသိပါဘူး ဗျာတို့ရယ်၊ ဒီပိုစ့်ကို ဖတ်ပြီး မျက်စိ ဒုက္ခများ ရောက်သွားမယ်ဆိုရင်ဖြင့် ငမိုက်သား ကိုကိုငွေအားခွင့်လွတ်ပါ ရန်တောင်းပန်ပါ၏၊ တဂ်ပိုင်ရှင်ကြီး(မောင် စွယ်စုံကျမ်း)ကလည်း ငါ့၏ တဂ်ပိုစ့်ကို ဒီမောင်ရင်က ဖြစ်သလိုရေးပေးတယ် လို့မထင်စေလိုပါကြောင်း…..ဟောင်း……..ဟောင်း…..။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။

Saturday, May 21, 2011

‘ဗျူး’ (တဂ်)


‘ဗျူး’ ဆိုတဲ့ တဂ်ပို့စ် လေးကို မောင်မျိုးက စပြီးတဂ်တုန်းက သတိထားမိတယ် နောက်ပိုင်း အလုပ်မအားတာနဲ့ရေးမယ်ဆိုပြီး ဆက်မရေးဖြစ်ဘဲ မေ့သွားတယ် အခုမှဘဲရေးဖြစ်တော့တယ် နောက်ကျသွားတာတောင်းပန်ပါတယ်။

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။

ဖြေ = Blog ကိုသိတာ ၂၀၀၉ လောက်ကပါ စာဖတ်တာ ၀ါသနာပါတော့ စာတွေဘဲ လိုက်ဖတ်ဖြစ်ပါတယ် နောက်ပိုင်း သူငယ်ချင်းမတစ်ယောက်ရေးနေတဲ့ ဘလော့မှာ တခါတရံ ပို့စ်လေးတွေ ရေးဖြစ်ပါတယ်။ မဒမ်ငွေနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း အမှတ်တရအနေနဲ့ ဘလော့တခုလုပ်မယ်လို့ စဉ်းစားပြီး ၂၀၁၀ ဇူလိုင်လမှာ စပြီး ဘလော့စရေးဖြစ်ပါတယ်။

မေး= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေ တိုးတက်ပြောင်းလဲလာပြီး ဘာတွေ မပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ။

ဖြေ= အစပိုင်းရေးခါစက ဘာရေးရမှန်းလဲ မသိဘူး စာတွေဖတ်ထားတာတွေတော့ ရှိတယ် တကယ်ရေးမယ်ဆိုတော့ ဘာတွေရေးရမှန်းမသိဘူး ပို့စ်တခု တခုကိုရေးဖို့ မအားတာထက် ဘာရေးရမှန်းမသိလို့ မရေးဖြစ်တာများတယ်။ နောက်ပိုင်း ရေးတာများလာတော့ ဘာတွေရေးရမလဲ ဆိုတာ ခေါင်းထဲမှာ အလိုလိုပေါ်နေတယ် မအားလို့သာ မရေးဖြစ်တာ အဲလိုကွာခြားလာတယ် ထင်တာဘဲ တိုးတက်ပြောင်းလဲလာတာတော့ မပြောတတ်ပါဘူး ဒီလိုပါဘဲ အပျော်တမ်းရေးနေတာပါ ကိုယ်ဖတ်ထားတာ သိထားတာကို ပြန်ပြီးရှယ်တဲ့သဘောလောက်ပါဘဲ။

မေး= ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာပျောက်သွားသေးတယ်လေ ။

ဖြေ= ဒီမေးခွန်းကတော့ ကျနော်နဲ့သိပ်မဆိုင်ဘူးထင်တယ် တော်တော်ကြာ ပျောက်သွားလောက်အောင် မရှိဘူးထင်တာဘဲ အားရင်တော့ ရေးနေတာဘဲလေ။

မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။

ဖြေ= ကျနော်အဖတ်အများဆုံး ဘလော့တွေကတော့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း ၊နိုင်းနိုင်းစနေ၊ ချော(အစိမ်းရောင်လွင်ပြင်)တို့ဖြစ်ပါတယ် သူတို့ကို ဘလော့စဖတ်ကတည်းက အရေးအသားတွေကို ကြိုက်ပါတယ် တခြားဘလော့တွေကိုလဲ တတ်နိုင်သလောက် ဖတ်ပါတယ် ဘလော့တိုင်းမှာ ရသတမျိုးစီ ရှိနေတတ်ပါတယ်။ဥပမာ မခင်ဦးမေ ဘလော့ ဆိုရင်အမြဲဖတ်တယ် မခင်ဦးမေရဲ့စာတွေ ဖတ်ရတာ စိတ်ထဲပေါ့ပေါ့ပါးပါးရှိတယ် ။ ဖတ်စရာမရှိရင် ဘလော့ဂါများရဲ့ ပို့စ် များကို သွားသွားပြီး ဖတ်ပါတယ် ဟင်းချက်ဘလော့တွေကို သွားဖတ်ပြီး မဒမ်ငွေကို ဟင်းတွေချက်ကျွေးပါတယ်။

မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။

ဖြေ = ဘလော့ရေးခါစက ကွန်မန့်ကို အရမ်းလိုချင်တယ် ပို့စ် တင်ပြီးသွားရင် ဘယ်သူတွေ ကွန်မန့်ပေးပြီး ဘာတွေပြောသွားလဲ ဆိုတာ တချိန်လုံးထိုင်စောင့်နေတတ်ပါတယ် သူတို့တွေ အမြင်တွေကနေ ကိုယ့်ရဲ့အားနည်းချက်တွေကို သိလာရပါတယ် အခုလဲ ကွန်မန့်လေးတွေကို ဖတ်ပြီး ကြည်နူးရပါတယ် ဘလော့ရေးသူတွေအတွက် ကွန်မန့်ဆိုတာ အားဆေးတခွက်လိုဘဲ လို့ ကျနော်ထင်ပါတယ်။

မေး=ဘယ်လိုစာတွေရေးဖြစ်သလဲဘာအကြောင်းတွေရေးဖြစ်လဲ။

ဖြေ = စိတ်ထဲရှိတာတွေ ရေးဖြစ်တယ် တခါတလေ ကျနော် ဖတ်လိုက် ကြားလိုက်ရတဲ့ စာတွေ စကားတွေကနေ ပြောချင်တာတွေကို ဘလော့မှာ ပို့်စ်ရေးပြီး တင်ဖြစ်ပါတယ်။

မေး=အချစ်အကြောင်းတွေရေးဖြစ်တာက။

ဖြေ= ဘလော့ကို စရေးပြီဆိုကတည်းက မဒမ်ငွေနဲ့ ချစ်သူသက်တမ်း ၁လ ပြည့်တဲ့နေ့မှာ စရေးမိတာပါ အစပိုင်းမှာ ချစ်စခင်စ ကြင်နာစဆိုတော့ အချစ်နဲ့ ပတ်သက်တာတွေဘဲ ရေးဖြစ်ပါတယ်။

မေး=ဘာအကြောင်းအရေးချင်ဆုံးလဲ

ဖြေ= စာဖတ်သူတွေကို အတွေးတခုခု ပေးနိုင်မဲ့ စာမျိုးရေးချင်ပါတယ်။
 
မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။

ဖြေ= ဘလော့လေးကြောင့် ဘလော့ဂါများနဲ့ ရင်းနှီးခင်မင်လာရပါတယ် မိတ်ဆွေပေါများလာတာ ကောင်းကွက်ပေါ့ဗျာ။ ဆိုးကွက်ကတော့ မစဉ်းစားမိဘူး။

မေး=သူငယ်ချင်းတွေကိုဘာများပြောချင်ပါသေးလဲ

ဖြေ= ဘလော့ရေးတဲ့သူ အားရှိအောင် ကွန်မန့်မပေးချင်ရင်တောင် စီဘောက်မှာ တခုခုပြောခဲ့ကြပါလို့ ပြောချင်ပါတယ်။

ကျနော် ပြောတတ်သလောက် ဗျူး တဂ်ပို့စ်လးကို ဖြေပြီးသွားပါပြီ မောင်မျိုးရဲ့ တဂ်လေးပါ အကြောင်းကြောင်းကြောင့် နောက်ကျသွားတာ တကယ်တောင်းပန်ပါတယ်။

Monday, May 16, 2011

လတ်တလော စိတ်ဆန္ဒများ(တဂ်)



တဂ် ပို့စ် လေးကို အခုမှ ရေးဖြစ်တာ နောက်ကျသွားတာ ဆောရီးပါ ကျန်းမာရေးကြောင့် ဘလော့တွေကို ဖတ်ဖြစ်သော်လည်း  ကွန်မန့်မပေးဖြစ်ပါဘူး အခုလဲ အလုပ်မလုပ်ရတော့ အရမ်းကို ပျင်းနေတာ ကြိုးစားပြီး တဂ်ထားထာလေး ရေးလိုက်ပါတယ်

 
(1)အစားချင်ဆုံးအစားအစာ - အခုလောလောဆယ် ချဉ်ချဉ်စပ်စပ် မာလာဟင်းလေး စားချင်တယ်

(2)နေ့တိုင်းစားဖြစ်တဲ့အစား -ထမင်းနဲ့ဟင်း

(3)အလိုချင်ဆုံးရေမွှေး - မရှိပါ

(4)သုံးဖြစ်နေတဲ့ရေမွှေး - မရှိပါ

(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - တခါမှ မစဉ်းစားဖူးဘူး..မရှိပါဘူး

(6)အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း 4 အဖြူရောင်လေး

(7)သုံးဖြစ်နေတဲ့ဖုန်း - အိုင်ဖုန်း 3G

(8)အရူးသွပ်ဆုံးအရာ - မရှိပါ

(9)အနီးစပ်ဆုံးဂီတ - အွန်လိုင်းကသီချင်းများ

(10)အလိုချင်ဆုံးစာအုပ် - မရှိပါ

 (11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - ပိုချစ်ရတဲ့သူ ကိုယ်ဘဲဖြစ်ပါစေ(ဂျူး)

(12)အကြားချင်ဆုံးစကား - “မနက်ဖြန် မြန်မာပြည်ပြန်လို့ရပြီ
တဲ့

(13)အဖြစ်ချင်ဆုံးဆန္ဒ - ပျော်ရွှင်ကျန်းမာပြီး မိသားစုနဲ့တသက်လုံး နေသွားချင်တယ်


(14)အလိုချင်ဆုံးဆု - ကျန်းမာပျော်ရွှင်တဲ့ဘ၀တစ်ခု

(15)အသွားချင်ဆုံးနေရာ - ကိုရီးယား(နှင်းတွေအရမ်းကျနေတဲ့အချိန်)

(16)သွားဖြစ်နေတဲ့နေရာတွေ - အိမ်နားကမားကတ်

(17)အကြည့်ချင်ဆုံးရုပ်ရှင် - မရှိပါ

(18)အပြောချင်ဆုံးစကား - မရှိပါ

(19)အယုံကြည်ဆုံးလူသား - မေမေ

(20)မယုံကြည်ဆုံးအရာ - ဟန်ဆောင်ပြောတဲ့စကား

(21)အမုန်းဆုံးအရာ - မရှိပါ

(22)အသောက်ဖြစ်ဆုံးအအေး - လိမ္မော်ရည်


(23)လတ်တလောအထိတွေ့ဆုံးအရာ - ကီးဘုတ်နဲ့မောက်စ်

(24)မကောင်းတဲ့ကျန်းမာရေး - ကျောက်ကပ်နဲ့ဆီးကျောက်

(25)အကောင်းဆုံးအဖော် - ကိုကိုငွေ(ထင်တာဘဲ)

(26)လက်ရှိအကြိုက်ဆုံးသီချင်း - ငွေလမင်း

(27)အကြောက်ဆုံးအလုပ် - သေချာလုပ်ရဲ့သားနဲ့မှားသွားတဲ့အလုပ်

(28)တန်ဖိုးအထားဆုံးအရာ - မေတ္တာတရား

(29)အကြောက်ဆုံးတိရိစ္ဆာန် - အဆိပ်ပါတဲ့တိရစ္ဆာန်အကုန်

(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မရှိပါ

(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုန်း ၊ ပိုက်ဆံအိတ်နဲ့ ထီး ၊ သော့။

(32)သွားဖြစ်နေတဲ့နေရာတွေ - ဖြေပြီးသွားပြီ

(33)စိတ်အညစ်ဆုံးအချိန် - နေမကောင်းဖြစ်တဲ့အချိန် နဲ့အဆူုခံရတဲ့အချိန်

(34)အနေချင်ဆုံးနေရာ - အေးချမ်းတိတ်ဆိတ်တဲ့တောင်ပေါ်ရဲ့ အိမ်သေးသေးတစ်လုံးမှာ

(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - မြန်မာငွေတစ်ကျပ်ကို ဒေါ်လာတစ်ထောင်နဲ့ညီမျှသတဲ့

(36)ပေးချင်တဲ့သတင်းတစ်ခု -မရှိပါ

(37)အပျော်ဆုံးဖြစ်မယ့်အချိန် - စင်ကာပူထီ ၂.၂ သန်းပေါက်မဲ့နေ့

မရှိပါ” တွေများလို့ တမျိုးမထင်ကြပါနဲ့ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ.နေကောင်းခါစ ဆိုပေမဲ့ အလုပ်မလုပ်ရသေးတော့ ပျင်းနေတာနဲ့ တဂ်ထားတာတွေ့လို့ ရေးလိုက်ပါတယ် ကျန်းမာရေးကတော့ ဆေးထိုးဆေးသောက်နေပါတယ် ဇွန်လထဲမှာ ဘယ်ဘက်ကျောက်ကပ်နဲ့ ဆီးအိမ်ထဲကျောက်ကို ခွဲထုတ်ရပါ့မယ် ခွဲစိတ်ရမယ့်ရက်ကိုတော့ အတိအကျမသိသေးပါဘူး ဒီကြားထဲ လိုအပ်တဲ့ ဆေးစစ်တာတွေပြီးမှ ခွဲမယ်လို့ဆရာဝန်က ပြောပါတယ်
ဘလော့စာပေချစ်သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်။