Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Monday, March 5, 2012

အင်တာနက်ဆိုင်အကြောင်းတစေ့တစောင်း

မြန်မာပြည်တွင်းမှာဖြင့်ရင်တော့ နှစ်တော်တော်များများလေး ကတည်းကိုက အင်တာနက်ဆိုင် ခေတ်စားလှချေတယ်ပေါ့ဗျာရယ်၊ ကိုကိုငွေအင်တာနက်ဆိုင်ကို စသိတာ ၂၀၀၄လောက်ကမှတ် တယ်၊ ဆူးလေဘုရားလမ်းက (ကာဆယ်)ဆိုတဲ့ဆိုင်ပေါ့၊ တနာရီကို ၂၅၀၀ကျတယ်၊ ကော်ဖီလည်း တခွက်တိုက်ရဲ့၊ အင်တာနက်ကဖေးဆိုတော့ ကိုကိုငွေက ကော်ဖီရောင်းတဲ့ဆိုင်မှတ်တာ၊ ဟုတ်ဖူး ဗျာတို့ရဲ့၊ နိုင်ငံတကာကိုဆက်သွယ်လို့ရတဲ့ အင်တာနက်ဆိုတာပေကိုး၊ သူငယ်ချင်းဇေမင်းသန်း ဆိုတဲ့အကောင် လန်ဒန်မှာကျောင်းတက်တယ်၊ ပြန်လာတော့အင်တာနက်အကြောင်း သိကောင်း စရာလေးတွေစေ့ငုရပါသကောဗျာ၊ ဟိုများဆီမှာတော့ဖြင့် အင်တာနက်ဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပမာကိုး၊ လူကြီးလူငယ်လူရွယ် လူလတ်အကုန်သုံးကြသတဲ့၊ နောက်ဆုံး အင်္ဂလန် ပြည်ဆီမှာ သာသနာပြုဖို့ရောက်နေတဲ့ ဘာမင်ဂန်ဆရာတော်ဘုရားကြီးတောင် အင်တာနက်သုံး တတ်တယ်ဆိုပဲ၊ သူတို့များဆီမှာ လူငယ်အစ ဘုန်းတော်ကြီးအဆုံး သုံးတတ်နေပေမဲ့၊ ကိုကိုငွေ တို့မြန်တိုင်းဋ္ဌာနီမှာက ချုရန်ခက်သည့် ပန်းသဇင်ပမာ အလှမ်းကွာလွန်းလှတာကိုး၊ အင်တာနက် မဆိုထားနဲ့၊ အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုတောင် ကိုကိုငွေတို့မသိသေးဘူးရယ်။

မောင်ဇေမင်းသန်းပြန်လာတော့ အင်တာနက်ပိုး ပါလာတယ်၊ ကွန်ပျုတာစကားနဲ့ပြောရမယ်ဆိုရင် ဗိုင်းရပ်စ်ပါလာတဲ့သဘောကိုး၊ သူ့ဆော်လေးက အမေရိကန်မှတဲ့။ ကိုကိုငွေနှင့်အပေါင်းသ ဟာများ ရန်ကုန်ပတ်ပြီး ဆိုင်ရှာလိုက်တော့၊ ကာဆယ်ဆိုတဲ့ ဆိုင်တွေ့တယ်ဗျာ၊ အ၀မှာ ဆိုင်းဘုတ်လေးရေးထားတယ်၊ တစ်ဟာဝါ ၂၅၀၀ကျပ်တဲ့၊ အင်္ဂလန်ပြန်အကောင်က ဆရာကြီး ကိုကိုငွေတို့က နောက်လိုက်တွေ၊ သူလုပ်နေတာကို ထိုင်ကြည့်နေတာ ဘာတွေမှန်းတော့မသိဘူး အိုကေတယ်လို့တော့ပြောတာပဲ၊ ပါးစပ်ကလည်းခနခနဆဲတယ်၊ ကော်နရှင်ကလည်းကွာ @# @#@@##အစရှိသဖြင့်ပေါ့လေ၊ ကိုကိုငွေက ဇေမင်းသန်း အင်တာနက်သုံးတာ ပြောတော့ သူ့ဆော်နဲ့ပြောမယ်လည်းပြောသေးတယ်၊ အခုတော့ ကော်နရှင်ဆိုတဲ့အကောင်နဲ့ပွဲကျနေပါလား ပေါ့၊ ကိုကိုငွေက ကော်နရှင်ဆိုတဲ့စကားလုံးကိုမသိတော့ အင်္ဂလန်မှာခင်လာတဲ့ သူ့သူငယ်ချင်း အောင်းမေ့နေတာ၊ နောက်သုံးနှစ်လောက်ကြာမှ၊ အဲဒီကောင်ဘာကိုဆဲတယ်ဆိုတာသိတယ်။

နောက်တော့ သူလည်းပြန်ရော ကျွန်တော်တို့တတွေ အကုန်လုံးအင်တာနက်အကြောင်းကို တလ လောက်စိတ်ဝင်စားလိုက်ကြတယ်၊ နောက်တော့မေ့မေ့ပျောက်ပျောက်ပါပဲ၊ နောက်ဟိုနိုင်ငံရောက် မဒမ်နဲ့တွေ့၊အင်တာနက်ရဲ့အကျိုးကျေးဇူးတယ်ကြီးမားပါကလားလို့ အောင်းမေ့ဆင်ခြင်မှိသေး တယ်။ ဟောအခုတော့ဖြစ်ရင် ဟိုလွန်ခဲ့တဲ့ နှစ်များစွာဆီကလိုမဟုတ်တော့ပါဘူး၊ မြန်မာပြည်မှာ အင်တာနက်ဆိုတာ အချို့သော မြို့ပြလေးတွေအထိ ခြေဆန့်နေပါပြီ၊ ကော်နရှင်ဆိုတဲ့ဟာကြီး ကောင်းတာမကောင်းတာအပထားလို့၊ သူ့အရပ်နဲ့သူ့ဇာတ် အစပ်အဟပ်တော့ တည့်ပါတယ်။ ကိုကိုငွေရံဖန်ရံခါခရီးထွက်တဲ့အခါ တောမြို့လေးတွေကိုရောက်တတ်တယ်၊ အဲဒီအခါ နီးစပ်ရာ အင်တာနက်ဆိုင်လေးကနေ မဒမ်ဆီဖုန်းဆက်၊ မဒမ်ငွေရေ ကိုငွေတော့ ဘယ်မြို့ကိုရောက်တယ်၊ ပြန်လာမယ်မနက်ဖြန်ဘာညာသာဓကာပေါ့လေ။

အိမ်ပြန်ရောက်တော့ ပြန်ပြဿနာကစတယ်၊ အင်တာနက်သုံးလို့ရအောင်လုပ်ထားတာက စက် တစ်လုံးတည်း၊ သုံးချင်သူတွေက အိမ်ရှိလူစေ့ဆိုတော့ အခြေအတင်လေးတွေမကြာခနဖြစ်ရတယ်၊ အဲဒီတော့ ကိုကိုငွေကနီးစပ်ရာဆိုင်မှာ ၊ မင်ဘာဝယ်ပြီးသွားသုံးရတယ်၊ မဒမ်နဲ့စတွေ့ကတည်းက တောမြို့တွေရောက်လို့ အင်တာနက်ဆိုင်ရှိတယ်ဆိုရင်တောင်၊ ကိုကိုငွေက အနည်းဆုံး ဖုန်းလေး ဖြစ်ဖြစ် ၁၀မိနစ်တန်သည်၊ ၁၅မိနစ်တန်သည်ပြောနေကြ၊ အဲလိုမပြောရရင်ဘုရားစူးပါစေ့၊ အိပ်လို့ ကိုမပျော်ဘူး၊ မဒမ်လည်းသိတယ်၊ မြန်မာစံတော်ချိန် ၇နာရီ စကာင်္ပူစံတော်ချိန် ၈း၃၀ဆိုရင်သူက စက်ဖွင့်ပြီး ကိုကိုငွေ့ကိုစောင့်နေတတ်တယ်၊ ကျွန်တော်တို့စတွေ့တာ ၂၀၁၀ဂျွန်လ၊ ယနေ့ထိ တခါမှ အင်တာနက်နဲ့ရင်ကိုရင်ခြင်း ဂျတ်ပင်သွင်းပြီး ပြောဆိုလာလိုက်တာ တနေ့မှပျက်သည်မရှိ ဘူးခဲ့ပါဘူး။ နှစ်ယောက်လုံးသိတယ်၊ မလာရင်အိပ်လို့နှစ်ယောက်လုံးမှမရတာကိုး။

ဟင်းအခုတော့ဖြင့်ရင်ကိုကိုငွေက အင်တာနက်ဆိုင်ကိုမန်ဘာဝင်ရတယ်၊ တနာရီကို၃၀၀နှုန်းနဲ့၊ တနေ့ကို၂နာရီအနဲဆုံးပြောတယ်၊ တခါတခါလေးနာရီအထိကြာတတ်တယ်၊ ကိုကိုငွေကအဲဒီအ ချိန်တွေချစ်စကားကြိုက်စကားပြောတာက ငါးမိနစ်တောင်မကြာဘူး၊ နေကောင်းလားစားပြီးပလား ဘာချက်တုန်း၊ အဆင်ပြေရဲ့လား၊ ပိန်သွားတယ်၊ ညကဘယ်အချိန်အိပ်တုန်း၊ အလုပ်တွေသိပ်မလုပ်နဲ့နော်၊ လမ်းလျှောက်၊ အားကစားလုပ်ပါဆို၊ မင်းကလေ ပြောစကားနားမထောင်ဘူး၊ ဆေးသောက်လား၊ မင်းကိုဆေးသောက်ဖို့ပြောရတာလဲ၊ မောတယ်သိလား၊ အခုထ ရေဗူးယူ၊ ချက်ချင်းဆေး သောက်ပြ၊ နောက်မှမလုပ်နဲ့ အခုလုပ်ကွာ၊ ဘာညာနဲ့ဆိုပြီး ပြောလိုက်တာ ၊ ရန်ဖြစ်တဲ့အခါ လည်းဖြစ်၊ ငိုတဲအခါငို၊ ရီတဲ့အခါရီ၊ အစုံပါပဲ၊ ပြန်မယ်ဆိုတော့မှ အကို့ကိုချစ်လား၊ အကိုကအများကြီးချစ်တယ်သိလား၊ ဒါနေ့စဉ်ပြောနေကြ စကားတွေပေါ့ဗျာရယ်။

လူ့စိတ်ဆိုတာ ဆန်းတယ်ဗျာတို့ရဲ့၊ ခုတလော အလုပ်အကိုင် ငွေကြေးအကြပ်အတည်းတွေ ကြောင့် ကိုကိုငွေစိတ်လက်သိပ်မရွင်ဘူး။ ဒါပေမဲ့၇နာရီဆိုရင်တော့ ကိုကိုငွေ အင်တာနက်ဆိုင် ရောက်ပါပြီ၊ အင်တာနက်ဆိုင်ရပ်ဝန်းဆိုတာကလည်း၊ လူမျိုးတရာ့တပါးမို့လား၊ ဖုန်းလာဆက်တဲ့ တရုပ်ကတရုပ်လိုပြော၊ ဘေးကကိုးရီးယားက ကိုးရီးယားလိုအော်၊ မလေးရှားမှာ အလုပ်သွားလုပ် တဲ့ယောကျာင်္းဖြစ်သူကို ကွန်မင့်ပေးနေတဲ့အမျိုးသမီးတစ်ယောက်က `ရှင်အဲဒီမှာပဲနောက်မိန်း မ ယူလိုက်ပါလား မကောင်းဘူးလား ကျမကရှင်ပေးတာနဲ့လောက်အောင်သုံးနေရတာ ခလေး ကျောင်းစရိတ်ကဘယ်လောက် ဘာညာနဲ့ နေ့စဉ်သုံးဘက်ဂျတ်တင်ပြရှင်းလင်းနေသည်ကတဖုံ´။

လမ်းထဲမှာတနေ့ကို ၁၆ခေါက်မကကိုကိုငွေနဲ့ ခလုပ်တိုက်လုနီးနီး နိစ္စဓူဝ မြင်တွေ့နေရတဲ့ အမျိုး သမီးလေးက သူ့ဘဲနဲ့ပြောနေပုံက `ငိုလိုက်မှာနော် ဘာသဲလဲ မနေ့ကတနေ့လုံး စောင့်နေ တာ အခုမှလာချော့မနေနဲ့ မရဘူးသိလား ဒီကအိမ်ကထွက်ရတာမလွယ်ဘူး သူ့ကိုချစ်လွန်းလို့ လာရ တာ ´ဆို၍ တမျိုး၊ `ဟီဟိ ဒါပြောစရာလား´ အသံစူးစူးလေးနဲ့ကောင်မလေး မျက်နှာလေးက လည်းတော်တော်ပျော်နေပုံပါ။ အဟင့်အဟင့်ဟီးဟီး ဆိုပြီးငိုသူတွေကငိုလိုငို။

 ကော်နရှင်မကောင်း လို့ဆဲတဲ့ကောင်ကဆဲ၊ ဟေ့ကောင်ပစ်ဟ မင်းအဖေမဟုတ်ဘူးစားလေ ဟာသေလိုက်၊@@@ @@##### ဆိုပြီး ဂိမ်းဆော့နေတဲ့အခန်းထဲက ထွက်လာတဲ့မောင်ရင်တချို့ရဲ့အသံ၊ အိုဗျာ အင်တာနက်ဆိုင်ဆိုတာ တော်တော်လေးကို အသံစုံပါတယ်၊ ဟေးသား နေကောင်းလား၊ သမီးကို ပို့လိုက်တာရလား၊ အဖေမေတ္တာပို့တယ်၊ ဘယ်လိုလည်း အင်္ဂလိပ်စာ အခြေနေက စပီကင် ကောင်းလာမှာပေါ့၊ စုံစီနဖာ အသံမျိုးစုံပေါ့၊ ကိုကိုငွေ အဲဒီအသံတွေကို အကုန်ထိုင်နားထောင်နေတာမဟုတ်ပါဘူး၊ ကိုကိုငွေဂျီတော့ဝင်နေတာ ကော်နရှင်ကနှေးနေတော့ ၀င်မရသေးလို့ ထိုင်နေတုန်းနားထဲဝင်လာတဲ့အသံတွေပါ၊ ၀မ်းသာလိုက်တာဗျာ ဂျီတော့က ဆိုင်းအင်တဲ့ ဟိဟိ မဒမ် နဲ့တွေ့ရတော့မယ်။

ဂျီတော့ဝင်ပြီး၍ ၁၄မိနစ်ခန့်ကြာသောအခါ၊ အကိုရောက်ပြီ ညီမရေ၊ ဘာလုပ်နေတုန်း၊ အဲဒီအသံ ကိုမကြားလို့ ဟင်ဟင် နဲ့မဒမ်များလုပ်လိုက်ရင် စိတ်ကတိုလိုက်တာမှအရမ်းပဲ၊vzo ဖွင့်မယ်၊ ပိန် သွားတယ်ညီမနော်၊ ကျမ်းမာရေးဂရုစိုက်ထုံးစံအတိုင်းပြောဆိုပြီး ၁နာရီ၂နာရီကြာတော့ နှုတ် ဆက်ပြီးဆိုင်ထဲကထွက်လိုက်တယ်၊ နားထဲကလေတ၀ီဝီနဲ့၊ ဟူး အင်တာနက်ဆိုင်ရယ်၊ လို့သာ ညည်းမှိတော့တယ်။ အင်တာနက်ဆိုင်ရပ်ဝန်းဆိုတာ၊ အဲဂလို ဒုက္ခတွေရှိသပေါ့ဗျာတို့ရယ်။

 ဒီကြားထဲ မြေအောက်ဆိုလား ရေအောက်ဆိုလား ကေဘယ်ကြိုးပြတ်လို့တို့၊ ကေဘယ်ကြိုးကြွက်ကိုက်လို့ ဆိုတာတွေကလည်း လာသေးတယ်၊ အဲဒီအချိန်တွေကြရင် ဖုန်းနဲ့မစ်ကောပေး မဒမ်ကိုပြန်ခေါ်ခိုင်း ဟူး၊ မြန်မာပြည်လည်းဗျာတို့ရယ်၊ ကိုယ့်ပြည်ကိုယ့်မြေမို့နေရပါတယ်၊ အကယ်လို့သာဖြစ်နိုင်မယ် ဆိုရင်၊ မနေချင်ပါဘူးဗျာ၊ အားလုံးတအုံတမကြီးကို နိုင်ငံရပ်ခြားမှာအခြေချဖို့ဆိုတာလည်း မဖြစ်နိုင်တော့ ဒီအသံ ဒီအသံတွေကိုသီးခံပြီး ချစ်သူနဲ့တွေ့ဖို့အရေး ညတိုင်းညတိုင်း ဒုက္ခ့ခံနေရပါတယ်။ မိတ်တွေ တို့များ မြန်မာပြည်ပြန်လာလို့ အင်တာနက်ဆိုင်မှာ အင်တာနက် သုံးကြမယ်ဆိုရင်ဖြင့် ဒီလိုဒီလို ကိစ္စနလေးတွေရှိတယ်လို့၊ ပြောလိုကြောင်းပါဗျား။

ဘလော့စာရှု့သူများ အသံစုံကင်းဝေးသော ကိုယ်ပိုင်အခန်းမှာနေပြီး ချစ်သူများထံသို့ အင်တာနက် မှတဆင့် vzo ချက်ခြင်း gtalk တော့ခြင်းများ အမြဲထာဝရပြုလုပ်နိုင်ပါစေကြောင်း ငွေလမင်း တို့ဆု မွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။


Friday, November 18, 2011

ပေါက်ဖော်ကြီး သီတင်းကျွတ်


ငယ်စဉ်တုန်းကလေ သီတင်းကျွတ်ခါနီးပြီဟေ့လို့ လူကြီးတွေက ပြောလိုက်ပြီဆိုတာနဲ့ ကိုကို ငွေ တို့က အင်မတန်မြူးပျော်ကြတာကလား၊ သီတင်းကျွတ်ရင် မီးထွန်းလှည်းတွန်းဘို့ ငွေဆုရသည် ကတမျိုး၊ ငရဲမီးဆော့ရန်အလို့ငှာ ဖယောင်းခွာရ၊ ဘိလပ်ရည်ပုလင်း အဖုံးတွေ စုဆောင်းရ၊ ရောင်စုံစက္ကူ တွေစုထား၊ ရွှေသွေးတို့ မိုးသောက်ပန်းတို့ တေဇတို့လို စာအုပ်လေးတွေမှာ ပါတတ် တဲ့ မီးပုံးလုပ်နည်း၊ ဟူသမျှကို စာအုပ်တစ်အုပ်ထဲ ပုံလေးနဲ့ဆွဲပြီး မှတ်ထား၊ မကြာမကြာ စက္ကူအဟောင်းလေးတွေနဲ့ အဲဒီပုံစံကိုလေ့ကျင့် ။

 အဲသီတင်းကျွတ်ဖို့ နှစ်ရက်ပဲလိုတော့တယ်ဟေ့လို့၊ လူကြီးတွေက ပြောတာနဲ့ ကိုကိုငွေတို့ အရပ်တကာ အိမ်တကာ လှည့်လည်ကစားခြင်းကို ရပ်နားပြီး ၊ မီးပုံးလေးတွေလုပ်ရတယ်၊ ညီကိုသုံးယောက် အကြီးက စက္ကူညှပ်ပေး၊ ကိုကိုငွေက ဒုတ်တံလေးတွေကို ဓါးပါးပါး လေးနဲ့ချောလောအောင်သပ်ပေး၊ အလတ်ကောင်က ဆန်ကိုအမှုန့်လုပ်ပြီး ကော်ကြို ရလာတဲ့ ကော်နဲ့ ဒုတ်တံတို့ ညှပ်ထားတဲ့ စက္ကူရောင်စုံတွေနဲ့ ကပ်သင့်တဲ့နေရာကပ်၊ ချိုးသင့် တဲ့နေရာချိုး၊ အောက်ပိုင်းမှာ ရွံ့စေးထည့်ပြီး မီးအုပ်ဆောင်းလိုဟာလည်းပါရဲ့၊ အနားခြောက် ထောင့်နဲ့ အိမ်ရှေ့ဝရမ်တာမှာ ချိပ်ဆွဲစရာ ကြယ်ကြီးတွေလည်းပါရဲ့၊ စက္ကူလေးတွေကို အ၀ိုင်းညှပ်ပြီး အတွန့်လုပ်ထားတဲ့ သစ်ပင်တွေ ခြံတံခါး တွေအတွက်လည်းပါရဲ့ အစုံပါပဲ အရောင်သွေးစုံ မီးပုံးလေးတွေ လုပ်ကြ လူများ အိမ်တွေက မြင်ရအောင် ၁၆တောင်ဝါးကို အဖျားမှာ သစ်သား တစ်ချောင်း ကန့်လန့်ရိုက်ပြီး ၊ ရိုက်ထားတဲ့ သစ်သားတန်းမှာ တစ်လက္မသံလေးတွေရိုက် ရိုက်ထားတဲ့သံတွေမှာ လုပ်ထားတဲ့ မီးပုံးလေးတွေ အရောင်မတူ ကာလာကွဲလေးတွေချိပ်ပြီး ရှိတဲ့အားနဲ့ အိမ်ရှေ့တည့်တည့်မှာ ထောင်ထား အားပါးပါး လာလာကြည့်ကြ လှတယ်ဟေ့ ဟိုညီအကိုလုပ်ထားတဲ့ မီးတိုင်ကြီးက ဟင်းဟင်းဟင်း နဲ့ပီတိ တွေဖြစ်ကြ။

 အဲဒီမီးတိုင်ကြီးကို အောက်ကနေမော့ကြည့် အထဲကမီးမသေမချင်း၊ ချီးကျူးသံတွေ တဝေေ၀ကိုနားစွင့်၊ ဘေးဖက်ကအိမ်က မောင်တွေကလည်း ဒီက၁၆တောင် ၀ါးနဲ့ မီးတိုင်ထောင် တယ်ဆိုရင် သူတို့က အတောင်နှစ်ဆယ်ဝါးနဲ့ ထောင်တယ်၊ သူတို့က အတောင်နှစ်ဆယ်နဲ့ ထောင်ရင် ကျွန်တော်တို့က သူတို့ထက်ရှည်တဲ့ ၀ါးကိုနောက်နေ့ သစ်ဝါးဆိုင်မှာ လိုက်ရှာတယ် ကိုယ့်မီးပုံးလေးတွေကို သူတို့မီးပုံးထက်မြင့်စေချင်တာ၊ လူတွေပိုပြီး ချီးမွှမ်းစေချင်တာ ၊ ကိုယ် ထောင်ထားတဲ့ မီးပုံးကို သူများထောင်ထားတဲ့ မီးပုံးထက်ပိုပြီး ငွားငွားစွင့်စွင့်ရှိစေချင်တာကလား။ အပြိုင်အဆိုင်လေးနဲ့၊ ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း။

အဲမီးတိုင်ထဲက ဖရောင်းတိုင်ကုန်လို့ မီးပုံးတွေမီးမလင်းတော့ဘူးဆိုရင်တော့၊ ကိုကိုငွေက ပထ၀ီ မြေကြီးမှာ ဖရောင်းတိုင်းတွန်းပြီး မီးတွန်းလှည်းတွန်းတယ်၊ မီးတွန်းလှည်းဆိုတဲ့ဟာလေးကလည်း နဲတာမဟုတ်ဘူး တခုအစိပ်ပေးရတဲ့အခါလည်းရှိတယ်၊ ၃၅ကျပ်ပေးရတာလည်းရှိတယ်၊ ဒေါင်းရုပ် ဇီးကွတ်ရုပ်၊ စက်ရုပ်ကြီးမောင်ပြုံးချိုရုပ်အစုံပါတယ်၊ အဲဒီတွန်းလှည်းလေးတွေက တွန်းလိုက်ရင် ဒုတ်ဒုတ်ဒုတ် ဒက်ဒက်ဒက် ဒေါက်ဒေါက်ဒေါက် အသံစုံမြည်တယ် အဲဒီလှည်းလေးတွေကို တွန်းပြီးတော့ ရပ်ကွက်ထဲ လိုက်လှည့်၊ သူများတွေ ခြံရှေ့ အိမ်ရှေ့မှာ တွန်းထားတဲ့ဖရောင်းတိုင်တွေ လေတိုက် လို့ငြိမ်းနေတာပဲ ဖြစ်ဖြစ်၊ မငြိမ်းပဲကုန်သွားလို့ဖြစ်ဖြစ် အောက်မှာဖရောင်းတိုင်က အရည်ပျော်ပြီး အချပ်လိုက်ကြီးတွေဖြစ်နေတတ်တာကိုး။

 အဲသဟာတွေကို ကိုကိုငွေတို့က တွန်းလှည်းတွန်းရင်း အောက်ဆိုက်ရှာတဲ့အနေနဲ့၊ မငြိမ်းသေးရင် မီးမှုတ်ယူ၊ ငြိမ်းရင်ခွာယူ၊ အဲလိုခွာယူနေတဲ့ အချိန်များ အိမ်ထဲကအိမ်ရှင်တွေက အဟင်းအဟမ်းနဲ့ ချောင်း များဟန့်လိုက်လို့ကတော့ ကိုကိုငွေတို့က ပြေးမှပြေး ပြေးရင်လည်း ရိုးရိုးမပြေးဘူး လှည်းတွန်း ပြေးတော့ လှည်းလေးက ဒေါက်ဒေါက်တတ်တတ်နဲ့ ကျွန်တော်တို့အိမ်ရှေ့ရောက်မှ အသံတိက် တော့ ဒါဘယ်သူဆိုတာ မီးထွန်းထားတဲ့လူကြီးတွေက သိတာပေါ့၊ သိပေမဲ့လည်း မပြောကြဘူး ခြံထဲမှာက ယောကျာင်္းလေးရှားတာကိုး ကိုကိုငွေတို့လို မြန်မာဆန်တဲ့ ယောကျာင်္းလေးတွေက ရှား တော့ မသိကျိုးကျွံ့ပြုနေကြတာ၊ အဲဒါကိုကိုငွေတို့က အဟုတ်မှတ်ပြီး ငါ့ကိုမသိဘူးလို့ထင်တာ နေ့တိုင်းသွားသွားမတယ်။

 သူတို့ကလည်း နေ့တိုင်းထွက်ထွန်းတာပဲ တခါတရံ ၀ါဆိုဖရောင်းတိုင်လို အတိုင်ကြီးတွေကိုတောင် ခါးဖြတ်ပြီး ဒါမှမဟုတ် မီးထွန်းလက်စကို မှုတ်ပြီးထားခဲ့ပေးတာ၊ သူတို့စိတ်ထဲမှာလည်း ခလေးတွေငရဲ မီးဆော့ပါစေပေါ့၊ အလှူအတန်းလုပ်တဲ့သဘောနေပါလိမ့် မယ်။ မြန်မာလူမျိုးများရဲ့ ချစ်စရာ ဓလေ့လေးတွေက အဲလိုနေရာတွေမှာလဲ ရှိတတ်တယ်မဟုတ်လား။

အဲသလို မှုတ်လို့ခွာလို့ ရလာတဲ့ဖယောင်းတွေကို အိမ်ပြန်ယူလာပြီး၊ အိမ်ခြေရင်းက နေ၀င်း နောင်တို့ ငမိုးတို့ ကျော်မင်းထွန်းတို့ အောင်မြတ်ကျော်တို့ကို လှမ်းခေါ်၊ ငရဲမီးကစားမယ်ဟေ့ ဘယ်သူတို့ဘယ်ဝါတို့လို့ အော်ဟစ်ခေါ်လိုက်ပြီဆိုရင် အဲဒီမောင်ရင်တွေလည်း ကိုကိုငွေလို ဖရောင်းတိုင်အကျိုးအပဲ့တို့၊ ဖရောင်းဂျတ်တို့နဲ့ ရောက်ချလာတာပဲ၊ အဲသူတို့ရောက်လာပြီဆို ရင် ကိုကိုငွေက မြေကျင်းလေးတူးရတယ် ဖရောင်းတိုင်တလက္မလောက် အတိုင်တွေထည့်ထွန်း လို့ရတဲ့ ကျင်းငယ်လေး အဲကျင်းလေးထဲ ခုနကရလာတဲ့ ဖရောင်းထုပ်ထဲက ဖရောင်းတိုင်လေး ကိုထောင်ထွန်းလိုက် ပြီးရင် လေးလက္မသံလောက် ဒါမှမဟုတ် သွတ်နန်းကြိုးလိုဟာကို ခွေပြီးကျင်းပေါ်တင် ၊ ပြီးတော့ ကျားကွက်လို့ခေါ်တဲ့ ဘိလပ်ရည်ပုလင်းအဖုံးကို ပက်လက်လေး လန်တင်ထားပြီး ဖရောင်းဂျတ်လေးထည့် ဖရောင်းဂျတ်ကအရည်ပျော်လာပြီဆိုတာနဲ့ အောက်က မီးက အဲဒီဘိလပ်ရည်ခွက်လေးကို တက်လောင် မီးတော်တော်များများလေး လောင်ပြီလဲဆိုရော  ရေလေးနဲနဲလေးနဲ့ ဖြန်းလိုက် ၀ုန်းကနဲ့ အသံလေးနဲ့ မီးလုံးကြီး၂ပေကျော် ၃ပေထိ တက်သွား အောင်မလေး ဘာပြောကောင်းမလဲ ရင်ထဲကိုသိပ်ကနဲ သိပ်ကနဲနေတယ် စိတ်ထဲမှာလည်း ငါကွ ဆိုတဲ့ မာန်မျိုးအပြည့်နဲ့ပေါ့။

သူငယ်ချင်းတွေ တစ်ယောက်တခါ သို့မဟုတ် နှစ်ခါစီလုပ်ပြီးတော့၊ ဒီညတော်ကြမယ် နက်ဖြန် ခါကျမှ ဆက်လုပ်မယ်ဆိုပြီး သဘောတူကျ၊ ဒီကစားနည်းကို ငရဲမီးကစားတာလို့ ခေါ်တယ် ဘယ်သူတွေထွင်ခဲ့သလဲတော့သိဘူး၊ ဘယ်လိုတတ်လိုက်မှန်းလည်းမသိဘူး၊ ဒါပေမဲ့တော်တော် တော့ပျော်ဖို့ကောင်းတာအမှန်ပဲ၊  တစ်ယောက်တည်းကစားရင်လည်း ပျော်ဖို့မကောင်းဘူး လူကြီး တွေပါရင်လည်း ပျော်ဖို့မကောင်းဘူး၊ ရွယ်တူတွေနဲ့ စုကစားမှပျော်ဖို့ကောင်းတယ်။

အဲကစားလို့ပြီးသွားပြီဆိုရင်တော့ တစ်ယောက်တစ်ယောက်စီမှာ ဖရောင်းတိုင်းအတိုအထွာလေး တွေ ဖရောင်းဂျတ် အပေါင်းအစလေးတွေကျန်ခဲ့သေးတယ်၊ တချို့က နောက်နေ့ဆော့ဖို့ချန်ထား တတ်တယ်၊ ကိုကိုငွေကအဲလိုဟာမျိုးကို အလွန်လောဘရှိတယ်၊ မတ်စေ့လို့ခေါ်တဲ့ ၂၅ပြားစေ့နဲ့ ခုနကကျန်တဲ့ ဖရောင်းတိုင်အတိုအထွာကြေး၊ ဖရောင်းဂျတ်ကြေး မျောက်ပန်းလှန်ကြတယ်၊ ကိုကို ငွေနိုင်တာများပါတယ်၊ နိုင်လို့ရတဲ့ ဖရောင်းဂျတ်ကို အုံးမှုတ်ခွက်ကြီးထဲမှာ ထည့်ထားလိုက်တာပဲ နောက်ရက်တွေ ဆက်လောင်း ဆက်ခွာ ဆက်ဆော့၊ အဲသီတင်းကျွတ် နောက်ဆုံးနေ့ကို ရောက်ပြီ ဆိုရင်၊ ခုနကလောင်းကစားကရထားတဲ့ ဖရောင်းဂျတ်လေးတွေကို အရည်ကျိုပြီး မီးစာ လေးနဲ့ ဆီမီးခွက်ခလေးထဲထည့် အောက်ကနေပြီး သစ်သားပြားလေးနဲ့ခံပြီး ပန်းပင်အောက်တို့ ကျောက်ပြင် မီးဖိုချောင်၊ ဆန်အိုး ဆီပုံး အဲဒီနေရာလေးတွေမှာ တခွက်စီ တခွက်စီလိုက်ချထားရ တယ်။

 ဘာလို့လဲလို့ဆိုရင် အဲဒီပန်းပင်တို့ မီးဖိုချောင်တို့ ကျောက်ပြင်တို့မှာ စောင့်တဲ့နက်တွေ ရှိတယ်တဲ့၊ သူတို့က လှူစရာမရှိလို့ ဘုရားကိုလှူရအောင် ကိုကိုငွေတို့က စပို့တင်း လုပ်ပေးရတာဆိုကိုး အဘိုးကအဲလိုပြောတာပဲ၊ ဖရောင်းအရည်နဲ့လုပ်ထားတဲ့ ဆီမီးခွက် ခလေးတွေ သွားချပြီဆိုရင် ပါးစပ်ကလည်း ထုတ်ပြောရသေးတယ်၊ ကျောက်ပြင်မှာ ချထားမယ် ဆိုရင် ကျောက်ပြင်စောင့်နတ်ကြီး ကျောက်ပြင်စောင့်နတ်ကြီးအတွက် ဆီမီးခွက်ပေးပါတယ်၊ ကျွန်တော်ပေးတဲ့ ဆီမီးခွက်နဲ့ ဘုရားကိုလှူပါ ကျွန်တော့်ကိုလည်း ကျမ်းမာရေးကောင်းအောင် ပညာတော်အောင်စောင့်လျှောက်ပါ ဘာညာနဲ့ ပြောခဲ့ရတယ်။

 ကျွန်တော့အဖိုးကို ကျွန်တော်က မေးတော့ အဲလိုလုပ်တော့ဘာဖြစ်တုန်း ဖိုးဖိုးလို့မေးတော့ အဲလိုလုပ်ရင် စီးပွားဖြစ်တယ်ကွဲ့တဲ့၊ သားကစီးပွားမှမလုပ်တာကို ဘာဖြစ်မှာတုန်းဆိုတော့ မင်းကညဖက်ညဖက် မျောက်ပန်းလှန် တယ်လေ (ခေါင်းပန်းလှည့်တယ်) အဲဒီတော့ မင်းနိုင်ရင် နတ်တွေက သူတို့ဆီမီးခွက်ရမှာဆိုတော့ မင်းကိုသူတို့က မစတာပေါ့ကွဲ့၊ လို့ကျွန်တော့်အဖိုးကပြောတော့  စိတ်ထဲတော့ နဲနဲကျေနပ်သွားတယ်၊ ငါ့ဖရောင်းတွေ ညတိုင်းနိုင်တာက ဒါကြောင့်ကိုးလို့တွေးမှိတယ်။

 ကြီးလာတဲ့အခါကျတော့မှ တွေးမှိတာက ကျွန်တော်တို့တွေ  သူများထွန်းထားတဲ့ ဖရောင်း တိုင်ကိုမှုတ်ယူလာတာတို့ ဖရောင်းခွာတာတို့ ဆိုတာတွေက သမာတာလည်း ပါရဲ့ မသမာတာ လည်း ပါရဲ့မဟုတ်လား၊ မသမာစွာယူငင်လာမှိရင် အပြစ်ရှိတယ်လေ၊ အဲဒီအပြစ်တွေ ကျေအောင် လို့ ကုသိုလ်ပြန်လုပ် ခိုင်းတဲ့သဘောလို့ ကျွန်တော်ကတော့ထင်တာပါဘဲ။

အဲဒီသီတင်းကျွတ်ဆိုတဲ့ ဟာလေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကပေါ့ဗျာတို့ရယ်၊ ခလေးတို့ ဘာသာဘာဝ ပျော်ခဲ့ရတာပေါ့၊ အခုသတင်းကျွတ်များကြတော့ တယ်လွယ်သကိုး မောင်မယ်တို့ရဲ့၊ သီတင်းကျွတ်ပြီဆိုလိုက်တာနဲ့ နီးစပ်ရာ လျှပ်စစ်ဆိုင်က မီးဆိုင်းလေးတွေ မီးသီး လေးတွေ ၀ယ်ပြီးဆင်လိုက်ကြတာပါပဲ၊ တချို့ကြတော့လည်း တရုတ်မီးပုံးလေးတွေ၊ အဲဒီပစ္စည်း တော်တော်များများကလည်း ကျွနုပ်တို့ရဲ့ မိတ်ဆွေကောင်းကြီး တရုတ်ရဲ့ နိုင်ငံတွင်းကဖြစ် တယ် ဆိုကိုး၊ တရုတ်မီးဆိုင်းရတယ်၊ မီးသီးရှိမယ်၊ မီးပန်းရှိမယ်၊ မီးပုံးပျံရှိမယ်၊ ဗောက်အိုးမျိုးစုံရှိမယ်၊ ရူး ဒိုင်းရှိမယ်။

 ကဲသီတင်းကျွတ်နဲ့ဆက်စပ်ပြီး ကျွန်တော်တို့ မြန်မာဖြစ်ပစ္စည်း ဘယ်မှာရှိကြလို့တုန်း ဗျာတို့ရယ်၊ ပြည်တွင်းဖြစ်ကိုအားပေးပါ၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ ဆိုတဲ့ ဆိုင်းဘုတ်တွေတောင် သူတို့ကိုရေးတဲ့ စုတ်တံနဲ့ သဘောင်္ဆေးက မြန်မာပြည်ထုတ်မှ မဟုတ်တာကိုးဗျာရဲ့၊ တခါတခါ ဘာလိုလိုနဲ့ မသိမသာလေး တိုင်းတပါးက ကိုယ့်ရိုးရာဓလေ့ကို မွေးစားသွားတာ ကိုယ့်ရိုး ရာဓလေ့ကို တိုင်းတပါးသားတွေထုတ်တဲ့ ပစ္စည်းနဲ့ ဆင်နွှဲရတာ သိပ်တော့ ဟန်မကျဘူး လို့ထင်မှိတာပါဘဲ၊ သီတင်းကျွတ် ဆိုသီတင်းကျွတ်မို့၊ သက်ြန်ဆို သင်္ကြန်မို့၊ ကြာရင်တော့ ကျွန်တော် တို့ ဒီအတိုင်းဆက်သွားနေရင်ဖြင် ယဉ်ကျေးမှု့ကိုတောင် တရုတ်ကမွေးစားတော့မှာ ကြိန်းသေ သလောက်ဖြစ်နေပါပြီကော။

မြန်မာ့လက်ဝှေ့ကို ဂျပန်ကမွေးစားသလိုမျိုး၊ မြန်မာခြင်းဝိုင်းကို ယိုးဒယားကမွေးစားသလိုမျိုး၊ မြန်မာတွေရဲ့ သင်္ကြန်နဲ့ သီတင်းကျွတ်ကိုလည်း တရုတ်က မကြာခင်တရုတ်ကမွေးစားတော့မယ်လို့ ကိုကိုငွေက ထင်လို့မို့ ယခုသတင်းကျွတ်ကိုတော့ဖြင့် ပေါက်ဖော်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ပေါက်ဖော်ကြီး သီတင်းကျွတ်ဟု တင်စားခေါ်ဝေါ်လိုက်ရပါကြောင်း။

ဘလော့စာရှု့သူများ မြန်မာရိုးရာဓလေ့ထုံးထမ်းများကို မြန်မာပြည်ဖြစ်ပစ္စည်း စစ်စစ်ဖြင့်သာ ဆင်နွှဲနိုင်ကြပါကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက်ပါတယ် ရွှင်လန်းချမ်းမြေ့ကြပါ စေခင်များ။


Saturday, October 8, 2011

Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခု


၂၆-၀၉-၂၀၁၁ Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခုဖြစ်ပွါးခဲ့သည်။ ဖြစ်စဉ်မှာ Shwe Thadar Pte.Ltd. (111 North Bridge Rd #04-45A, Peninsula Plsza, Singapore 179098) ၏ပိုင်ရှင်ဖြစ်သူ စံဦး (၂၆ နှစ်) Passport No.863028၊ Employment Pass FIN No.G0648722Q ကိုင်ဆောင်သူသည် မြန်မာသံရုံးတွင် Passport သက်တမ်းတိုး၊ အခွန်ဆောင်၊ မှန်ကန်ကြောင်းထောက်ခံစာများကို ကိုယ်စားလှယ်လွှဲစာများနှင့်အတူ တရားဝင် တာဝန်ယူဆောင်ရွက်ပေးနေသူဖြစ်သည်။

အဆိုပါနေ့စွဲတွင် Passport စာအုပ် ၄၂ အုပ်၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင်ရန် ငွေကြေး (S$ 100,000) တစ်သိန်းနီးပါးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု (သပြေနု) မှ၊ အခွန်ဆောင်ရန်အပ်နှံထားသော စာအုပ်များကို ပြန်လည်ရယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းယူရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထို့ကြောင့် ၄င်းရှိနိုင်သည်ဟု သတင်းရရှိသော "မိုး" PP အခွန်ဆောင်၊ သက်တမ်းတိုး အကျိုးဆောင်အိမ် (BLK-27, #05-186 Lorong 6, Toa Payoh, S310027) သို့ လိုက်လံရှာဖွေရာ တရားခံအားမတွေ့ရပဲ မိခင်ဖြစ်သူ ဒေါ်သဒ္ဒါဖြူနှင့်သာတွေ့ဆုံခဲ့ရသည်။ ဒေါ်သဒ္ဒါဖြူကို စစ်ဆေးမေးမြန်းရာ သားဖြစ်သူ စံဦးသည် ငွေများနှင့်ထွက်ပြေးသွားကြောင်း၊ သူမ၏ နိုင်ငံကူးလက်မှတ်ကိုပါ ပေါင်နှံထားကြောင်းသိရသည်။

၎င်း၏သားဖြစ်သူ စံဦး၏လုပ်ဆောင်ချက်များသည် သူမနှင့်မည်သို့မျှမသက်ဆိုင်ကြောင်း၊ မည်သို့မျှလုပ်ဆောင်မပေးနိုင်ကြောင်း၊ နိုင်ငံကူးလက်မှတ်များမှာ စံဦး၏ Employer ဖြစ်သူ မအေးမာ (ASK AMYA Travels and Tours Pte.Ltd) ထံတွင် အပ်နှံထားကြောင်းဝန်ခံပြောဆိုသည်။ အထက်ပါဝန်ခံချက်အရ မအေးမာ၏ နေအိမ် (Blk-113, Braddle Rd, Lorong 1) တွင် PP (passport) စာအုပ်များကို လိုက်လံသိမ်းဆည်းရာ၊ စာအုပ်များနှင့်အတူ ဖမ်းဆီးရရှိသည်။ သိမ်းဆည်းရရှိသော စာအုပ်များကို ဒေါ်သန်းသန်းနု (သပြေနု) မှ သက်ဆိုင်ရာကာယကံရှင်များအား ၂၇-၀၉-၂၀၁၁ မှစပြီး ပြန်လည်ပေးအပ်လျက်ရှိရာ အချို့သောဆက်ဆိုင်သူများမှာ ယနေ့တိုင် လာရောက်ယူဆောင်ခြင်းမရှိသေးပါ။ တရားခံ စံဦးမှာလည်းယနေ့တိုင်လွတ်မြောက်ဆဲဖြစ်သည်။


mrsorcerer@googlegroups.com  မှ ကူးယူဖော်ပြသည်။

Monday, September 19, 2011

ကျွန်တော်မြင်ခဲ့သော မိဘများ

ကျွန်တော်မြင်ခဲ့ရတဲ့ဖြစ်ရပ်တခုပါ၊ ကျွန်တော်ငယ်စဉ်က အစိုးရမူလတန်း မတက်ရခင် ရှစ်မိုင်လမ်းဆုံက ဆရာမကြီး ရင်ရင်ဝိုင်းရဲ့ နေ့ကလေးထိန်းကျောင်းကို တက်ခဲ့ရဖူးတယ်၊ အဲဒီကျောင်းလေးဟာ ယနေ့တိုင်ရှိနေဆဲ ၊ ဆရာမကြီးလည်း သက်ရှိထင်ရှားရှိနေဆဲပေါ့ဗျာ၊ အဲဒီ ကျောင်းလေးမှာဘဲ ဒီဇာတ်လမ်းလေးဖြစ်လာတယ်၊ ရင့်နင့်ဖွယ်ရာ ညီကိုယ်နှစ်ယောက်ရဲ့ အဖြစ်နဲ့ သစ္စာမဲ့သော အမေတစ်ယောက်ရဲ့ အဖြစ်ကို ကျွန်တော်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ တယ်။

 အဲဒီမြင်ကွင်း အဲဒီဖြစ်ရပ်ရဲ့ ရိုက်ခတ်မှု့ကြောင့် ကျွန်တော်ဟာ မဒမ်ငွေကလွဲပြီး ဘယ်မိန်းမကိုမှ မချစ်မှိခဲ့ဘူး၊ ရီးစားလည်းမထားခဲ့ဘူး မိန်းမဆိုရင် ကျွန်တော်အမြဲတမ်းသံသယ ရှိခဲ့တယ်၊ မိန်းမ တစ်ယောက်နဲ့ လိုအပ်တာထက်ပိုရင်းနှီးလာပြီ ဆိုရင် ကျွန်တော့်သူငယ်ချင်း အဲဒီညီကိုယ် နှစ်ယောက်ကို မျက်စိထဲမြင်လာမှိတယ်၊ ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ တချိန်မှာ အဲဒီ အကြောင်းလေးကို ၀တ္ထုဖွဲ့ရေးမယ်လို့ ရေးထားတယ်၊ ခက်တာက ကျွန်တော်ဟာ မြန်မာစာကို ဖတ်ရုံလောက်သာ ဖတ်တာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ကျစ်ကျစ်လစ်လစ် မရေးတတ်ဘူး၊ အခုတော့ ကျွန်တော်တို့ ငွေလမင်းဘလော့မှာ ရင်နင့်ဖွယ်ရာ ဒီဇာတ်လမ်းလေးကို တဖန်ပြန်ပြီး အသက်သွင်းလိုက်ပါတယ် ရေးနေရင်းနဲ့ပင် ကျွန်တော်ငယ်စဉ်က ခင်မင်ဖူးခဲ့တဲ့ အမွှာညီအကို နေမျိုးမောင်မောင်နဲ့ ပြည့်ဖြိုး မောင်မောင်ကို မျက်စိထဲပြန်မြင်ယောင်မှိပါတော့တယ်။

ကျွန်တော်အသက် သုံးနှစ်ခွဲ ၊ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က ဖြစ်ရပ်၊ ကျွန်တော်တို့ဟာ အဘိုးလက် ထက်စပြီး၊ ရှစ်မိုင်ခွဲ ၊ ရွှေနှင်းဆီလမ်းမှာ နေကြတယ်၊ အဲဒီရွှေနှင်းဆီလမ်းဟာ တချိန်က မြန်မာ့ ရုပ်ရှင်ခြံကြီးတခု ဖြစ်တဲ့အေ၀မ်းဆိုတဲ့ ရုပ်ရှင်ခြံကြီးပေါ့၊ အဲဒီခြံကြီးထဲမှာ ရှိရှိသမျှ ခလေးအားလုံး ဟာ၊ ကျောင်းမတက်မှီ သုံးနှစ်ကျော် လေးနှစ်အရွယ်တွေမှာ၊ မိဘများက ရင်ရင်ဝိုင်းဆိုတဲ့ ဆရာ မကြီးရဲ့ နေ့ကလေးထိန်းကျောင်းကိုပို့ကြတယ်၊ ဒါကြောင့် ဒီရင်ရင်ဝိုင်း နေ့ကလေးထိန်းကျောင်း လေးဟာ ရှစ်မိုင် ၊ ကိုးမိုင်၊ ဆယ်မိုင် ကခလေးတွေနဲ့၊ ကျိုက်ဝိုင်းဘုရားလမ်းက ကလေးတချို့ရဲ့ မရောက်မဖြစ်ရောက်ရမဲ့ နေရာတခုဆိုလည်းမမှားဘူးပေါ့ဗျာ။

ကျွန်တော်လည်းသုံးနှစ်ခွဲတော့ ရောက်ခဲ့တယ်၊ ကျွန်တော်ရောက်တော့  ကျွန်တော်နဲ့ရွယ်တူ တွေ လေးဆယ်လောက်ရှိတယ်၊ အဲဒီအထဲမှာ နေမျိုးမောင်မောင်နဲ့၊ ပြည့်ဖြိုးမောင်မောင် ဆိုတာပါ တယ်၊ အမွှာပူးညီကိုယ်တွေ ချောလိုက်တာ အဖေက တရုတ် အမေက ဗမာစစ်စစ်၊ ကျွန်တော်က မနက် ကိုးနာရီထိုးဆို ကျောင်းကိုရောက်တယ်၊ ကျွန်တော်ရောက်တဲ့ အချိန်ဆိုရင် သူတို့ညီကို လည်း မကြာခင်ရောက်လာတယ်၊ သူ့မေမေနဲ့ ဖေဖေက မာစီးဒီးကားအနက်ရောင် ကြီးနဲ့လာပို့ တာ၊ အဲဒီအချိန်က ကျောင်းလွယ်အိတ်လေးတွေ ခေတ်စားတဲ့အချိန် ဒါပေမဲ့ သူတို့ညီကိုနှစ် ယောက် က အနောက်တိုင်းဝတ်စုံနဲ့ ကျောပိုးအိတ်လေးတွေနဲ့၊ သူ့တို့ဖေဖေနဲ့ မေမေဟာ သူ တို့ကို နမ်းရှုံ့ပြီး၊ ကားပေါ်ပြန်တက်သွားပြီ ဆိုရင် သူတို့က တာတာ လို့ ပြောပြီး ၊ ရီပြကြတယ် ကျွန်တော့်လို ငိုလည်းမငိုဘူး ၊ သူမိဘတွေ ပြန်သွားပြီဆိုတာနဲ့ သူတို့ညီကို အတန်းထဲကို  ရောက်လာတာဘဲ ၊ ကျွန်တော်တို့ ကျောင်းမှာ စာသင်ခုံ ၁၂ခုံရှိတယ်၊ တခုံကို သုံးယောက် ထိုင် တယ်၊ အစက ကျွန်တော်က ရှေ့တန်းမှာ နောက်တော့ သူတို့ညီကိုယ်နှစ်ယောက် လာပေါင်း တက်တော့ သုံးယောက်ဖြစ်သွားတယ်။

သူတို့က ကျွန်တော်နဲ့တည့်တယ် သဘောလည်းကောင်းတဲ့ပုံဘဲ၊ ရီလိုက်ရင် ညီကိုယ်နှစ် ယောက် လုံး ပါးချိုင့်လေးတွေပေါ်တယ်၊ အသားကဖြူဖြူလေး  စကားပြောရင် နေမျိုးကလေ ၊ ပြည့်ဖြိုးက လေလို့ သူတို့နာမည်လေးတွေ ထည့်ထည့်ပြောတတ်တယ်၊ နေလည်မုန့်စားကျောင်း ဆင်းရင် သူ့ အိမ်က သူတို့ကိုထိန်းတဲ့ အမျိုးသမီးကြီးလာတယ် ၊ ဆွဲခြင်းထဲမှာ မုန့်တွေ စားစရာတွေ ပါလာတယ်၊ သူတို့ကိုကျွေးတယ်၊ သူလိုဘဲ ကျွန်တော့်အိမ်ကလည်း မေမေလာတယ် အဲလိုဘဲ ကြွေးတယ်။

 သူတို့ညီအကိုယ်က ထမင်းစားပြီးရင် မုန့်ကိုအဲဒီမှာပြီးအောင် မစားဘူး သူတို့ အတွက် ပါလာတဲ့မုန့်ကို အတန်းထဲကိုယူလာပြီး၊ ကျွန်တော့်မုန့်နဲ့ အလဲအလှယ် လုပ်စား ကြတယ်၊ ညီအကို နှစ်ယောက်လုံးအေးတယ်၊ အကိုစားသလို ညီကလည်းစားတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကလည်းချစ်လိုက်တာ အရမ်းပဲ၊ နောက်ဖေးသွားရင် တူတူသွားတယ်၊ ကစားရင် နှစ်ယောက်တူတူ ကစားတယ်၊ စာဖတ်ရင် နှစ်ယောက်တူတူဖတ်တယ်၊ အဲလောက်လိမ်မာအောင် သူတို့မိဘတွေ ဘယ်လိုသင်ထားလည်းတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ညီအကိုယ်တွေနဲ့ သိပ်ကွာတယ်။

သူတို့က ကျိုက်ဝိုင်းဘုရားလမ်းမှာ နေကြတာ၊ နောက်လအနည်းငယ်ကြာတော့ သူတို့က ကျွန်တော်တို့ လမ်းထဲကိုပြောင်းလာတယ်၊ ကျွန်တော်တို့လမ်းထိပ်မှာ ကျိုက်ထီးရိုး ဘုရားလေး တစ်ဆူရှိတယ်၊ အဲဒီဘုရားလေးရဲ့ ဘေးကခြံကြီးမှာ သူတို့မိသားစု လာနေကြတယ်၊ ကျွန်တော်နဲ့ တလမ်းထဲဘဲ၊ နောက်တော့ နေ့စဉ်ရက်ဆက် ကျောင်းပို့ကျောင်းကြို လူကြီးတွေလုပ်ရင်းနဲ့လူ ကြီးတွေချင်း ရင်းနှီးသွားကြတယ်၊ ကျွန်တော့်မေမေနဲ့ သူတို့မေမေဟာ ညီအစ်မလိုခင်သွားတယ်၊ မိဘတွေ အဲလောက်ခင်သွားတော့ ကျွန်တော်နဲ့ နေမျိုး၊ ပြည့်ဖြိုးတို့ဟာ ညီအကိုလိုဘဲဖြစ်သွားတယ်ပေါ့ဗျာ၊ ကျွန်တော်က အငယ်မဖြစ်ချင်ဘူးလေ ၊ ကျွန်တော်က အကိုတွေသာ ရှိတာဆိုတော့ ရွယ်တူလေးတွေ လိုချင်တာ၊ အခုတော့ရွယ်တူလေးတွေ နဲ့အဖော်ဖြစ်တော့ ကျွန်တော်လည်း ပျော်တာပေါ့။

ကျောင်းပိတ်ရက်ဆိုရင် သူတို့အိမ်မှာ သွားနေတယ်၊ သူတို့နဲ့တူတူစားတယ်၊ ကစားတယ် ညနေကြရင်မေမေနဲ့ ဖေဖေက လာခေါ်တယ်၊ တခါတရံကျတော့လည်း သူတို့ညီကိုယ်က ကျွန်တော့်အိမ်ရှိရာကို ဆန်တတ်လာတတ်တယ်၊ သူ့အိမ်က ခလေးထိန်းက လိုက်ပို့တယ် ၊ညနေ ကျရင်သူတို့မိဘတွေက လာခေါ်တယ်၊ အိမ်က မိဘတွေကလည်း ယောကျာင်္းလေးဆို ကြိုက်သ လောက်လာ မိန်းခလေးသာမလာနဲ့ ၊ အဲလိုသဲသဲလှုတ်တွေဆိုတော့ ချစ်စရာကောင်းတဲ့ နေမျိုး တို့ညီအကိုယ်ဟာ၊ ကျွန်တော်တို့အိမ်မှာ ဖိုးကြိုင်းဒုတ်ဖြစ်နေတယ်။

အဲလိုမိသားစုချင်းလည်း အဆင်ပြေ သားသမီးချင်းလည်း အဆင်ပြေတော့ သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်ဟာ ကျွန်တော့တို့ကလေးတွေကို အကြောင်းပြုပြီး၊ လူကြီးချင်းချင်း ခင် မင်ကုန်ကြတယ်၊ နေမျိုးအဖေက ဦးနေဇင်လတ်တဲ့၊ သတို့မေမေနာမည်က ဒေါ်နီလာမြင့်၊ သူတို့ဖေဖေက စီးပွားရေးသမား ထုတ်ကုန်သွင်းကုန်လုပ်တာ၊ အဲဒီခေတ်က မာစီဒီးတွေ တွေနှစ်စီးလောက်စီးနိုင်တဲ့ လူတွေဆိုတော့၊ သဋ္ဌေးတွေလို့ပြောလည်း မမှားဘူးပေါ့။ သူ့မေမေ က အဲဒီ ဦးနေဇင်လတ်ရဲ့ ရုံးက ၀န်ထမ်း ဦးနေဇင်လတ်ထက် ၄နှစ်ငယ်တယ်။ ချောလိုက် အဲဒီအန်တီကြီးက မင်းသမီးစန္ဒာနဲ့ တစ်ရုပ်တည်းပဲ၊ အသံလေးကလေး ချိုသာတယ်။ သဘော လည်းကောင်းတယ်။

ကျွန်တော့်ကိုသူ့ သားလေးတွေလို သဘောထားတယ်၊ သူ့သားလေးတွေ အတွက်အ၀တ်အစား သွားဝယ်ရင် ကျွန်တော့် အတွက်လည်း တခုပါတတ်တယ်၊ ကျွန်တော့်အိမ်ကလည်း သူတို့လိုဘဲ ကျွန်တော့်အတွက်ဝယ်ရင် သူတို့ညီကိုယ်နှစ်ယောက်ကို တခုခုပြန်ဝယ်ပေးလေ့ရှိတယ်။ သူတို့က သူဋ္ဌေးတွေဆိုတော့ ခဏတိုင်းဝယ်တယ် ကျွန်တော်တို့က သူတို့လောက် မချမ်းသာတော့ ခဏတိုင်းမ၀ယ်ဖြစ်ဘူး၊ ကျွန်တော့စီမှာ သူတို့ဝယ်ပေးတာတွေများနေတယ်၊ နေမျိုးတို့ညီအကိုယ်မှာ ကျွန်တော်တို့ဝယ်ပေးတာ သိပ်မရှိဘူး၊ ကျောင်းသွားရင် သူတို့လိုဘဲ ကျွန်တော့်ကိုပါ အနောက်တိုင်းဝတ်စုံလေး တစုံလက်ဆောင်ပေးထားတယ် ၊ မသိရင် အားလုံးက ကျွန်တော်တို့ကို ညီကိုတွေလိုဘဲအောက်မေ့ကြတယ်။

ဦးနေဇင်လတ်ဟာ စာပေသမားဖြစ်ဟန်တူတယ် စာဖတ်ခန်းထဲမှာ စာအုပ်တွေတပုံတပင် ဂျာမနီ ကလာတဲ့ ခွေးတံဆိပ်နဲ့ ပီယာနိုကြီးတလုံးက စာဖတ်ခန်းအလယ်မှာ ထီးထီးကြီး၊ ရုံးပိတ်ရက် နေ့တွေမှာဆိုရင် သူ့မိန်းမနဲ့တူတူ အဲဒီစာဖတ်ခန်းထဲက ဆိုဖာခုံပေါ်မှာ ထိုင်ပြီးသူ့သားတွေ ကို စလိုက် ကျွန်တော့်ကိုစလိုက်နဲ့ တနေ့လုံးကုန်တယ် ၊ ညနေကျရင် မုန့်ထွက်ဝယ်ကျွေးတယ်၊ မုန့်ဆိုင်က ပြန်လာရင်တော့ ကျွန်တော့်ကို အိမ်ကိုလိုက်ပို့တယ်။သူတို့မိသားစုဟာ အမြဲတမ်းဆူညံ ပြီး ပျော်ရွှင်နေတတ်တာကို သတိထားမှိတယ်၊ ဦးနေဇင်လတ်ကတော့ ရုံးပိတ်ရက်ကလွဲပြီး ကျန်တဲ့ ရက်တွေအားလုံးမှာ မနက်ပိုင်းမရှိဘူး၊ ညနေပိုင်းကျွန်တော်တို့ ကျောင်းပြန်လာမှ သူ့ကိုတွေ့ တယ်။

သူတို့အိမ်မှာက အိမ်ကိုအကူလုပ်ပေးတဲ့ အန်တီကြီးတစ်ယောက်ရယ်၊ ကားမောင်းတဲ့လူရယ်၊ ခြံရှင်းတာတွေ ဘာတွေလုပ်တဲ့ မာလီအဘိုးကြီး တစ်ယောက်ရယ်ဘဲရှိတယ်၊ တနေ့မှာတော့ ကျွန်တော်ဟာ နေမျိုးတို့ညီအကိုယ်နဲ့ ဆော့ဘို့သူတို့အိမ်ကို လာခဲ့တယ်၊ ခြံတခါးမကြီး ပိတ်ထား ပေးမဲ့ ၊ တံခါးကြီးအောက်မှာ တံခါးလေးရှိတယ်လေ အဲဒါကိုခေါက်လိုက်ရင် ခြံရှင်းတဲ့ အဘိုးကြီး ကကျွန်တော့်ကို တံခါးလာဖွင့်ပေးတယ်၊ နေမျိုးတို့မရှိဘူးကွဲ့၊ မုန့်စားသွားမယ်ဆိုပြီး ထမင်းချက် တဲ့ကောင်မလေးနဲ့လိုက်သွားတယ်၊ ပြန်လာခါနီးနေပြီး မင်းအိမ်ထဲမှာစောင့်နေပေါ့တဲ့၊ အဲဒါနဲ့ ကျွန်တော်က ကိုယ့်ဖာသာ ကိုယ်အိမ်ထဲဝင်လာလိုက်တယ်၊ ဒီအိမ်ဟာ ကျွန်တော့်အိမ်လိုဘဲ ဖြစ် နေတာဆိုတော့၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကျွန်တော်သိတာပေါ့။

နေမျိုးတို့ နဲ့ကျွန်တော်က စာဖတ်ခန်းထဲမှာ ဆော့နေကျဆိုတော့ သူတို့မရှိတာနဲ့၊ ပျင်းလို့ ကျွန်တော်အပေါ်ထပ်ကို တတ်ပြီး၊ အန်တီမြင့်နဲ့ သွားနေမယ်လို့စိတ်ကူးပြီး ၊ နေမျိုးတို့ မိဘတွေ အိပ်တဲ့ အိပ်ခန်းဆီကိုကျွန်တော်လာခဲ့တယ်၊ အဲဒီမှာ ကျွန်တော့်တစ်သက်မှာ ပထမဆုံး မိန်းမ တစ်ယောက်ရဲ့ ဖောက်ပြန်မှု့ကို စတင်တွေ့ရှိခဲ့တာပါပဲ။ ကျွန်တော် တော်တော်လေး ထိန့်လန့်ခဲ့ တယ်၊ ဒီလိုကိစ္စတွေဟာ ငယ်စဉ်တုန်းက ဘာမှမသိခဲ့ပေမဲ့ ကျွန်တော်သိထားတာ တခုတော့ရှိတ တယ်၊ အဲဒါဘာလဲဆိုရင် မေမေရဲ့အိပ်ယာထဲမှာ ရှိရမဲ့လူဟာ ဖေဖေလို့ဘဲ နားလည်ထားတယ်၊

အဲလိုဘဲ နေမျိုးတို့ရဲ့ မေမေအိပ်ယာထဲမှာ ရှိရမဲ့လူဟာ နေမျိုးဖေဖေဘဲဖြစ်ရမယ်၊ အခုလို အိမ် မှာကားမောင်းတဲ့လူ ရှိမနေသင့်ဘူး။ အခုတော့ ကျွန်တော် မဖွယ်မရာကြီးကို မြင်ခဲ့ရတယ်၊ သူတို့ကတော့ ကျွန်တော် ရှိနေတယ်လို့တောင် သိပုံမပေါ်ပါဘူး၊ ကျွန်တော်လည်း ကလေး သဘာဝ ကြောက်ကြောက်နဲ့ အောက်ထက်ကို ဆင်းလာခဲ့တယ်၊ သူတို့ကတော့ မိုးမမြင်လေမ မြင်ပေါ့။

နောက်နှစ်ကျတော့ ကျွန်တော်နဲ့ နေမျိုးတို့ ရင်ရင်ဝိုင်းကျောင်းမှာ မူလတန်း (က)တန်းကို တက်ရ တယ်၊ သူတို့ညအီကိုယ်နဲ့ ကျွန်တော်နဲ့အရင်လိုဘဲ တူတူသွား တူတူစားပေါ့ဗျာ၊ အရင်လို နေမျိုးတို့ မေမေက ကျောင်းလာမပို့တော့ဘူး၊ နေမျိုးတို့ဖေဖေ တစ်ယောက်တည်းသာ ကျောင်းလာလာ ပို့တော့တယ်၊ နောက်နှစ်လ လောက်မှာ နေမျိုးတို့အိမ် တံခါးကြီးပိတ်ထားတယ် လူတွေမရှိတော့ ဘူး၊ နေမျိုးတို့ညီအကိုယ် နှစ်ယောက်လည်း ကျောင်းမလာတော့ဘူး၊

ကျွန်တော်က တခါတရံ လွမ်း လို့ သူ့တို့အိမ်ဘက်ကို ကျောင်းသွားရင်း ငေးမျှော်ကြည့်မှိတယ်၊ ဒါပေမဲ့ အိမ်ကြီးဟာ အရမ်း ခြောက်သွေ့နေပြီ၊ သစ်ပင်တွေလည်း နေမျိုးတို့ ရှိတုန်းကလို စိမ်းစိမ်းစိုစို မဟုတ်တော့ဘူး ခြောက်တဲ့အပင်ကခြောက်၊ ယိုင်တဲ့အပင်ကယိုင်၊ လဲတဲ့အပင်ပလဲနဲ့ ဖရိုဖရဲ အလဲလဲအကွဲကွဲတွေ နဲ့ စိတ်ပျက်စရာ မြင်ကွင်းကြီးဖြစ်နေတော့တယ်။ မေမေ နေမျိုးတို့ရောဟင်လို့ မေမေတို့ကို မေးတော့လည်း မရောမရာ မသေမချာနဲ့ ခရီးသွားတယ်ထင်တယ်တဲ့၊ ဒီလောက်ဘဲပြောနိုင်ကြတော့တယ်။နောက်တနှစ်ကြာတော့၊ ကျွန်တော်က အစိုးရကျောင်း တက်နေပြီ၊ သူငယ်ချင်း အသစ်တွေနဲ့ ကျွန်တော် နေမျိုးတို့ကို သတိမရတော့ဘူးလေ။

ညတညမှာ ကျွန်တော်တို့အိမ်ကို လူစိမ်းတစ်ယောက် ရောက်လာတယ်၊ ကျွန်တော်တို့ ညစာ စားပြီး သီချင်းဆိုကြဘို့ ပြင်ဆင်နေချိန်ပေါ့၊ ဒီလူကြီးကို ကျွန်တော်တို့မမှတ်မှိတော့ဘူး ကျွန်တော့် ကိုတော့ သူကသိတယ်၊ သူက ကျွန်တော့်ကို ပွေ့ဖက်နမ်းရှုံ့တယ်၊ နောက်ပြီး အဲဒီလူကြီးက သူမိန်းမအကြောင်းကို ဖေဖေကို ပြောပြနေတယ် ၊ ငိုလည်းငိုတယ် `ကျွန်တော် ရိပ်မှိတာ ကြာပါပြီဗျာ၊ သားလေးတွေမျက်နှာနဲ့ ကျွန်တော်သီးခံခဲ့တာ၊ ကျွန်တော် အတန်တန်ပြောခဲ့တယ် မလုပ်ပါနဲ့လို့၊ အကို့ဘက်က မှားတာရှိရင် ပြောပါ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်၊ အဲ ဒါကို သူဆက်လုပ်တယ်´၊ ပြောရင်းအဲဒီလူကြီးဟာ ရှိုက်ကြီးတငင်ငင်ငိုကြွေးတော့တယ်။ ကျွန်တော်ဘက်က လင့်ဝတ္တရားဘယ်လောက် ကျေခဲသလဲ ဆိုရင် အတွင်းခံပစ္စည်းတောင် ကျွန် တော်လျှော်ပေးခဲ့ပါတယ်´ ကျွန်တော့်မေမေက အဲဒီလူကြီးကို ကြည့်ပြီး သနားပြီး စိတ်ထိခိုက်ဟန် ပြနေသလို ဖေဖေမျက်နှာဝန်းမှာလည်း မျက်ရည်တွေက ရီဝေနေတယ်။

`ကိုယ့်မိန်းမဆိုတော့ ကျွန်တော်က ယုံကြည်တာပေါ့ဗျာ၊ အိမ်ခြံမြေဂရမ်တွေ ၊ လုပ်ငန်းနဲ့ပတ်သတ် တဲ့ပါမစ်တွေ အကုန်သူ့ကို အပ်ထားတာ၊ အခုတော့ ဘာတခုမှ မရှိတော့ဘူး၊ ကလေးနှစ်ယောက် နဲ့ ကျွန်တော့်ကို ထားခဲ့တယ်ဗျာ´ အခုခလေးတွေကို ကျွန်တော်ဘယ်လို ပျိုးထောင်ပေးရမှန်း မသိတော့ဘူး ကျွန်တော့်ကို+++++++++ ++++++++။ ကျန်တာတွေ ကျွန်တော် မသိတော့ဘူး ၊ ပြန်သွားမှ ဖေဖေက အဲဒါဦးနေဇင်လတ်တဲ့။

အဲဒီအကြောင်းရာတွေ ဖြစ်ပျက်ပြီးလို့ တနှစ်လောက် အကြာ ကျွန်တော်တို့နားက နာဂလှိုင်ဂူ ကလေးဝတောရ ပရဟိတကျောင်းမှာ၊  ကျွန်တော့်ရဲ့ ခြောက်နှစ်ပြည့် မွေးနေ့လုပ်တယ်၊ အဲဒီက မိဘမဲ့ ခလေးတွေကို နေ့လည်စာကျွေး ကောင်မလေးတွေကို ဘိုမရုပ်လေးတွေပေးတယ်၊ ကောင် လေးတွေကို ကော်ဘောလုံးလေးတွေ ပေးတယ်၊ အဲဒီမှာ ကျွန်တော်နဲ့ ရွယ်တူလောက်ရှိတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့တယ် ၊ မိဘမဲ့ဆိုပေမဲ့ သူများကလေးတွေလို ညစ်ပေမနေဘူး၊ အသားလေးကလည်းဖွေးဖွေး၊ ညီအကိုယ်နှစ်ယောက်လုံး ပါးချိုင့်လေးတွေနဲ့၊ နိုင်လွန်လုံချည် သေးသေးလေးတွေနဲ့ ညီကိုယ်နှစ်ယောက် ဆင်တူဝတ်ထားတယ်၊ ကျွန်တော်ဘောလုံးလေးတွေ ပေးတော့ ၊ ကျေးဇူးဘဲတဲ့ ၊ ကျွန်တော် တန်းပြီးသိလိုက်တယ် ဒါနေမျိုးနဲ့ ပြည့်ဖြိုးပဲဖြစ်ရမယ်လို့။

သူတို့က အတန်းလိုက်လာလာပြီး ပစ္စည်းယူကြတာဆိုတော့ သူတို့ယူပြီးတော့ ကျွန်တော်တို့ကို ကျောခိုင်းသွားတယ်၊ မေမေ ဟိုဟာနေမျိုးနဲ့ ပြည့်ဖြိုး ခေါ်လိုက်ကြည့်ပါလားလို့လို့ မေမေကို ပြောလိုက်တော့၊ မေမေက နေမျိုးမောင်မောင် ၊ ပြည့်ဖြိုးမောင်မောင် လို့မေမေကလှမ်းခေါ်လိုက် တော့ “ဗျာ” တဲ့၊ သူတို့နှစ်ယောက် လှည့်ကြီးပြီး မေမေဆီကို ရောက်လာကြတယ်။

ကလေးတွေကို ပစ္စည်းဝေပြီးတဲ့ အခါ မေမေနဲ့ ဖေဖေက အဲကျောင်းက သူတို့ကို ထိန်းတဲ့ ဦးယုဇန ဆိုတဲ့ ဘုန်းဘုန်းကို သူတို့ဇာတ်ကြောင်းကိုမေးတယ်၊ ဘုန်းဘုန်းပြောပြတာက သူတို့ ကို ၊ မော်တင်က တိုက်ခန်းပိုင်ရှင် တစ်ယောက် လာအပ်သွားတာတဲ့၊ သူ့ဖေဖေက အရက်မူးပြီး ကားတိုက်ဆုံးသွားတယ်တဲ့၊ သူတို့ရဲ့ မေမေက နဂိုကတည်းက မရှိဘူး ထင်တယ်တဲ့၊ တပည့်တော်တို့ အိမ်ကိုလာငှားကတည်းက၊ ပါမလာဘူးတဲ့၊ သူ့အဖေနာရေး ဖြစ်တော့လည်း မလာဘူးတဲ့၊ အဲဒါကြောင့် ဆွေမျိုးမရှိလို့ တပည့်တော် အရှင်ဘုရား တို့ဆီလာအပ်တာ လို့ပြောသွားတာ ဘဲဒကာမကြီးလို့ မိန့်တော်မူတယ်။

ကျွန်တော့မျက်စိထဲမှာ ၊ မြင်ကွင်းစုံကို ကျွန်တော်ပြန်မြင်ယောင်မှိတယ်၊ မာစီဒီးကားစီးပြီး အနောက်တိုင်းဝတ်စုံလေးတွေနဲ့ ကျောင်းလာတတ်တဲ့ ညီကိုယ်၊ သူတို့ကိုသိပ်ချစ်သလို တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတဲ့ သူ့ဖေဖေနဲ့ မေမေ၊ လင်ယောကျာင်္းမရှိခင် ခန်းထဲမှာ ဒရိုင်ဘာနဲ့ဖောက်ပြန်နေတဲ့ အဆင့်တန်းမဲ့ မိန်းမ၊ သားနှစ်ယောက်ကိုတောင် ပြစ်ပြီး လင်နောက်လိုက်သွားရဲတဲ့ မိန်းမရိုင်း တဦး၊ မိဘမဲ့ဂေဟာကို ရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်၊ အို အစုံပါဘဲဗျာ ………………………။ကျွန်တော် ဆက်မရေး ချင်တော့ဘူးဗျာ၊ အသက်ကြီးမှ ရေးတော့မယ်၊ ရေးရင်းစိတ်ညစ်လာလို့။

ဘလော့စာရှုသူ့များ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြပါစေ။



Friday, September 2, 2011

ဈေးကြီးလွန်းလို့ပါ

ယဉ်ကျေးမှု့ဆိုသဟာကြီးကို နိုင်ငံတိုင်း လူမျိုးတိုင်း တန်ဘိုးထားကြသမို့လား ဗျာတို့ရယ်၊ အဲသ ဟာကြောင့်မို့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု့ အတွက် လူသားရင်းမြစ်ဖွံ့ဖြိုးရေး အစီစဉ်တွေ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ဟောပြောပွဲတွေလုပ်ကြပေသပေါ့၊ ယဉ်ကျေးမှု့ဆိုသ ဟာကြီးက လူ့အရင်းမြစ်ထဲပါသမို့လားဗျာရယ်၊ သူတပါးပစ္စည်းအချောင်ယူချင်၊ မတော်လောဘနဲ့ရှာဖွေ၊ မကောင်းတာတွေကြံ၊ နုတ်ကလဲအထွက်ကြမ်းဆိုရင်ဖြင့် ဘယ်လိုလုပ်ပြီး ဒီလု့တို့အဖို့ မယ်၊။

ပညာဆိုတဲ့ လူ့အရင်းမြစ်ကိုရှာဖွေနိုင်ပါ့မလဲဗျာတို့၊ အချောင်ရမှန်းသိနေရင် အချောင်ပဲ လိုက်ယူရလိမ့်မပေါ့၊ အဲကလို အဲဂလိုကြောင့် ပညာ၊ စီးပွား၊ ဥစ္စာတို့ရဲ့ အခြေခံအရင်းမြစ်ဟာ ကိုယ်နုတ် နှစ်လုံး သုံးပါလုံး ယဉ်ကျေးလိမ္မာခြင်းပေမို့လားဗျာရယ်၊ သဟာကြောင့် အမိမြန်မာပြည် အပါအ၀င် နိုင်ငံရပ်ခြား တိုင်းတပါးတို့တွင်လည်း ယဉ်ကျေးလိမ္မာသင်တန်း၊ တရားပွဲ၊ ဆွေးနွေးခြင်း ဟောပြောပွဲ လုပ်ခြင်း၊ စသော လူသားအရင်းမြစ် ဖွံ့ဖြိုးမှု့ အစီစဉ်တွေကြောင့်၊ ဗြိတိန်နိုင်ငံက ခိုးဆိုးလုယက် ၃၀%ကျဆင်း၊ အမေရိကန် ၄၅%ကျဆင်း၊ ဂျာမနီ ၆၅%ကျဆင်း၊ ဂျပန် ၇၂ %နှုန်း၊ အဲဂလိုနည်းတွေနဲ့ လူသားရင်းမြစ်ကို မြှင့်တင်ကြသည်ဟူလို။

နိုင်ငံရပ်ခြား တွေကိုလည်း သူတစ်ပါးလို များများမရောက်ဖူးပါဗျာတို့ရယ်၊ မိမိနိုင်ငံ အတွင်းမှာဘဲ ကျင်လည်ကျတ်စားရသည် အားလျှော်စွာ၊ အတွေ့အကြုံ အလုံးစုံကို ဖောက်သယ်ချတဲ့သဘောပါ ပဲ၊ ပါဏာတိပါတာ ၊ အဒိန္နာ ဒါနာ၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မုသားပြောခြင်း၊ အရက်သေစာ သောက်စားမူးယစ်ပြီး ကာရာအိုကေဆိုခြင်း၊ သူများသားမယားကို ပြစ်မှားခြင်း တနည်းအားဖြင့်( သူများပစ္စည်းကို ကိုယ့်ပစ္စည်းကဲ့သို့ ပုံမှန်သုံးစွဲခြင်း) ၊ စသောကံငါးပါး တို့ဟာဆိုရင်ဖြင့်၊ ငါးပါးသီလခေါ်သပေါ့ မြန်မာနိုင်ငံမှာ ကျောင်းတတ်ဖူးတဲ့ သူငယ်တန်း ခလေးတွေတိုင်း သိကြလေရဲ့၊ အခြားနိုင်ငံက သူတွေဟာ ဒါတွေကိုအသက်လေးဆယ် လောက်မှ သိကြတာကို မြင်ခဲ့ဖူး ကြားခဲ့ဘူးပါရဲ့ဗျာတို့ရယ်။အဲသလို လူ့ကျင့်ဝတ်တွေနဲ့ ရင်းနှီးပြီးကြီး ပြင်းခဲ့ရတဲ့ မြန်မာလူမျိုးများပင် မဟုတ်ပါတုံလော၊

ကျွန်တော်တို့ မိဘများက ငယ်ငယ်က ဆုံးမလေရဲ့၊ သူများပစ္စည်းမယူရဘူးနော်သား၊ ယူတော့ဘာဖြစ်လဲပါးရယ်လို့ပြန်ပြောတော့ မိုးကြိုးပစ်တတ်သတဲ့၊ ဘယ်သူကပြစ်မှာတုန်းလို့ မေးတော့ သိကြားမင်းကပြစ်မှာတဲ့၊မေမေဖြစ်သူကလည်း မိဘပစ္စည်းကို မသိဘဲ မယူရဘူးနော် ယူတော့ဘယ်လိုဖြစ်သလဲမေမေ ကိုယ့်မိဘပစ္စည်းကို မသိဘဲယူရင် မိုးကြိုးပစ်တတ်တယ် ကိုကိုငွေတို့ ငယ်စဉ်က ငါးကြော်မှခိုးမစားရဲ၊ မိုးကြိုးပစ်မှာ ကြောက်လို့၊ သိကြားမင်း ဆိုတဲ့ဟာ ကြီးကို မမြင်ဘူးဘဲ ကြောက်နေရတယ်။

ကျွန်တော့အဖေနဲ့အမေက ကျွန်တော့်ကိုသာ ဆုံးမတယ် မထင်နဲ့ ကျွန်တော့်အကိုတွေလည်း အဲလိုဘဲဆုံးမတယ်တဲ့၊ ကိုကို မိုးကြိုးနဲ့ ပစ်တယ်ဆိုတဲ့ သိကြားမင်းကို မြင်ဖူးလားကိုကိုလို့ မေးတော့ ၊ သူလည်းဝါးတားတား သူတို့က ၀ါးတားတားသာ ဖြစ်တာ လိမ်ရင် ခိုးရင် မုသားပြောရင် အရက်သောက်ရင် သူများမိန်းမ ပြစ်မှားရင် မိုးကြိုးပြစ်မယ် လို့မုချယုံကြည်ကြတာလေ၊ တခါတရံ မိုးကြီးလေကြီးများကျလို့ ဒိန်း ဒိုင်းနဲ့ မိုးချိန်းသံ မိုးကြိုးပစ် သံများကြားရင်ဖြင့် ၊ မေမေက အသံကြားတဲ့ဖက်လှည့်ပြီး အေးအဲဒါလေးထောင့်ကန်ဘက် ပြစ်တာ အဲဒီဖက်က ငါးရှာဖားရှာ အရက်သမား မိဘစော်ကားတဲ့ လူတွေများတယ်၊ ဘာညာနဲ့ ကျွန်တော်တို့ ညီကိုယ်တွေကို ခြောက်တာ အကြီးကောင်ကြီးတွေကလည်း အသက်သာ လေးဆယ်နားနီးတာ မျက်လုံးပြူးကြီးတွေနဲ့ မေမေနားကပ်ပြီး ကြောက်နေလိုက်ပုံများ၊ တကယ် လားဟန်ဆောင်သလားတော့ ကျွန်တော်မသိဘူး ကျွန်တော်လည်းမေမေအဲလိုပြောရင် ကြောက် တာဘဲ။

မကောင်းတာလုပ်ရင် ရူးဂါးမင်းကပြစ်သတဲ့၊ ကျွန်တော်ငယ်ငယ်တုန်းက အဲဒီရှုးဂါးမင်းက ကျွန်တော်တို့အိမ်မှာ သိပ်ခေတ်စားတယ်။  ညအိပ်ယာဝင်တော့ ဖေဖေတို့မေမေတို့က  ၊ မြတ်စွာ ဘုရားလက်ထက် တော်တုန်းက သစ္စကပုရပိုက်ကြီးဆိုတာ ရှိသတဲ့ ဘုရားနဲ့ ငြင်းတာ ရှုံးနေလျှက်နဲ့ ၀န်မခံလို့ သိကြားမင်းက ဘီလူးယောင်ဆောင်ပြီး ရဲရဲနီတဲ့ သံ တင်းပုတ်ကြီးနဲ့ မှားပါတယ်လို့ဝန်မခံရင်ထုမယ် ဘာညာနဲ့ ချိန်းခြောက်လို့ သစ္စကပရပိုဏ်ကမြတ်စွာဘုရားကို အရှုံးပေးရသတဲ့၊ သိကြားမင်းကလည်း လျှောက်သွားတယ်တဲ့ သာသနာ တော်အတွင်းမှာ သာသနာတော်ကိုစော်ကားပြီး မိဘစကားနားမထောင်တဲ့လူ ကံငါးပါးကို မလုံခြုံ သူတွေကို မိုးကြိုးလက်နက် နဲ့ပစ်ပါ့မယ်ခွင်းပါ့မယ်လို့ ကတိပေးသတဲ့။

နောက်ပြီး ပိဋကတ်တော် မြန်မာပြန် အဗ္ဗန္တသုတ်ထဲမှာ သိကြားမင်းက ကိုရင်ပေါက်စ ရဟန္တာလေးတွေ ဖြစ်တဲ့ သုမန သာမဏေတို့ ၊ ရေ၀တသာမဏေတို့ သံကိစ္စ သာမဏေတို့တွေကို ထမင်းကျွေးပါ့မယ်ဆိုပြီး ခေါ်သွားပြီး ထမင်းမကျွေးဘဲ ဆဲဆိုနေတဲ့ ပုဏ္ဏားမကို သိကြားမင်းက ဆင်းပြီး ၀ရဇိန်နဲ့ပြစ်မယ် ခတ်မယ် ဘာညာနဲ့ဆင်း ချိန်းခြောက်ဖူးကြောင်း။ ရှေးရှေးတုန်းက မိဘတွေကို ဆော်ကားသူများ မိုးကြိုးပြစ်ကြောင်း စတဲ့ဟာတွေက၊ အိပ်ယာဝင်ပုံပြင် ကျွန်တော်တို့ ညီကိုယ်သုံးယောက်မှာ အဲဒီ ၀ရဇိန်နဲ့ သိကြားကို အမျိုးမျိုးပုံဖော်ကြည့်ကြတယ်၊ အပြစ်လုပ်ရမှာလည်း ကြောက်တယ်၊ အခုထိ အရက်ဆို သောက်ကိုမသောက်ဘူး (ဘီယာဘဲ)သောက်တယ်၊ မိုးကြိုးပစ်မှာဆိုးလို့။

ဒါတွေက ငယ်ငယ်တုန်းကလေဗျာ၊ အခုကကြီးနေပြီပဲဟာကို တခါမှသိကြားမင်းနဲ့ မတွေ့တော့ သိပ်မကြောက်ချင်တော့ဘူး၊ ဒီသိကြားမင်းကလည်း နှစ်တိုင်းလာတယ်တဲ့ လူပြည်ကို လာတိုင်းလည်း ကျွန်တော်နဲ့မတွေ့ဖူးဘူး အမှန်မှာသူက ရုံးခန်းလေးဖွင့်ဖို့ကောင်းတာ ဘယ်ရှာမရမှန်းမသိဘူး ရုံးခန်းလေးနဲ့ဆိုတော့ တွေ့ရမြင်ရလွယ်တာပေါ့သူမရှိလည်း စာရေးမ လေးဖြစ်ဖြစ် ငှားပြီးထားသင့် သူမရှိတဲ့အခါတွေ့ရတာပေါ့ ၊ မဟာမြတ်မုနိဘုရားကြီး ဗောက်ဖောက် သွားတဲကောင် မိုးကြိုးပစ်တယ်မကြားဖူး၊ ဘုရားခေါင်းဖြတ်ပြီး ယိုးဒယားလာ ရောင်းစား တဲ့ ကောင်တွေလည်း မိုးကြိုးမပြစ်ဖူး၊ စက်တင်ဘာအရေးခင်းဖြစ်တုန်းကလည်း မိုးကြိုး ရော လေကြိုးရော ဘာမှမလာဖူး၊ ဘုရားကို ပြောတုန်းကတော့ ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ ၊ အဲလိုသူက ထင်ထင်ရှားရှားမပြတော့ ကျွန်တော်တို့ လိုကောင်တွေက မကြောက်တော့ဖူး။

ဟိုတလောကတော့ ရန်ကုန်ပြန်ရောက်စ ဆိုတော့ ရွှေတိဂုံတက်ဖူးပါတယ်၊ သူငယ်ချင်းတစ် ယောက်ကားနဲ့လိုက်ပို့တာ ၊ မြောက်မုခ်ကနေ တတ်ခဲ့တယ်၊ သူကလုပ်စရာပြီးရင် အရှေ့မုခ်ကို လာကြိုမယ်လို့ဆိုတယ်၊  ဖိနပ်လေးကို ကြွပ်ကြွပ်အိတ် အကြည်လေးနဲ့ ထည့်ယူလာပြီး၊ စနေ ထောင့် ကျောက်စိမ်းဘုရားနားမှာ ကျကျနနထိုင် ဘုရားကိုအာရုံပြု၊ ပရိတ်လေးရွတ်၊ မျက်လုံးလေး ဖွင့်ဖွင့်ပြီးကောင်မလေးတွေကိုလည်း မကြာမကြာကြည့် အဲလိုလေးဆိုတော့၊ ဘာကိုမှအမှတ်မရ လောက်အောင် အာရုံကရနေတာ အော်ရန်ကုန်သားဖြစ်လင့်ကစား ရွှေတိဂုံရှင်ပင်နဲ့ ဝေးရတာ ကြာပါပေါ့၊ ကမ္ဘာအံဖွယ်ကြီး ကမ္ဘာမှာ အတုမရှိဘူး၊ အတုရှိဘို့နေနေသာသာ အတူတောင်မရှိတဲ့ ဘုရားပါလား။

 နိုင်ငံခြားသားတိုင်းက မြန်မာက လို့ပြောရင် ရွှေတိဂုံကိုငါသိတယ်လို့ ပြန်ပြောကြ တဲ့ဘုရား၊ တန်ဆောင်တွေကြည့်လိုက်ပါအုံး အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေး ကောင်စီလက် ထပ်မှာ သဘောင်္ဆေးနဲ့ ဆိုင်းဘုတ် အလွန်အလုပ်လုပ်ကြလို့ ၊ ဒီတန်ဆောင်းတွေဟာ ရွှေရောင် ပြောင်းကုန်ကြရတာ၊ အရင်တုန်းက ရွှေတိဂုံ တန်ဆောင်းတွေဟာ သစ်စေးရောင် အညိုရောင်တွေ သုတ်ထားတာ၊ အဲဒီအရောင်ကို ဗိသုကာ ဆရာကြီးခင်မောင်ရင်က မြန်မာရောင်ကွ မြန်မာဆိုတာ ညိုတာကြိုက်တယ်၊ ၊ မှိုင်းတာကြိုက်တယ်၊ တည်တာကြိုတယ် ၊ ငြိမ်တာကြိုက် တယ်၊ အဲဒါ ကြောင့် ဘုရားတံဆောင်းက သစ်သားကနုတ်တွေကို အညိုရောင် သစ်စေးသုတ်ထားတာ၊ မြန်မာ ဆိုတာ လျှပ်ပေါ်လော်လီတာမကြိုက်ဘူး၊ ဘာညာသာဓကာ စသဖြင့်နဲ့တွေးပြီး ၊ ပြန်တော့မှ သူငယ်ချင်းရောက်လောက်ပြီ အချိန်လည်းမနဲတော့ဘူးဆိုပြီး ဖိနပ်လှမ်းယူလိုက်တော့ ဖိနပ် မရှိတော့ဘူးဗျ။

`ဟလို သူငယ်ချင်း ငါ့ဖိနပ်ပျောက်လို့ ငါ့ကိုဖိနပ်လေးတရံလောက် ၀ယ်လာပေးပါကွာ ပိုက်ဆံပါ လား၊ ငါပြန်ပေးမယ်၊ မပါဘူးကွ၊ ၃၅၀၀ဘဲရှိတော့တာ ဟာ ဒါဆိုလည်းဖော့ဖိနပ်သာ ၀ယ်ခဲ့ကွာ နံပါတ် ကတော့မင်းခြေထောက်နဲ့ သာတိုင်းဝယ်ခဲ့လိုက် ၊ မင်းဖိနပ်ကို ဘယ်ထားလို့ပျောက်တာ တုန်း အော် ငါ့ဘေ်းနားချထားတာဘဲလေ´ ကားပေါ်ရောက်တော့ လာတုန်းက ဖိနပ်တမျိုးနဲ့လာတာ ပြန်တော့ ရေချိုးခန်းသုံးဖော့ဖိနပ်နဲ့၊ အော် သင်္ခါ သင်္ခါ တော်တော်လေးမှန်ပါကလား။

စေတီ ပုထိုးဂူမျိုးမျိုးတွေ ပေါပါရဲ့၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြီး ၅သိန်းကျော် ခြောက်သိန်းနီးပါး၊ တရားပွဲတွေက ကျောင်းတွင်း ကျောင်းပြင် ဘုရားဝန်း ဘုရားပြင်၊ လမ်းဘေးပါ မကျန် တနှစ်တနှစ်ပွဲပေါင်း ၁၀၀၀ကျော် ၂၀၀၀ထောင်နီးပါး ၊ ဆရာတော်ဘုရားကြီးများ ဟောဖော် ညွန်ပြ ဆိုဆုံးမတဲ့နိုင်ငံ၊ အဘိဓမ္မာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ မင်္ဂလာစာမေးပွဲ၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲ၊ အဘိဓမ္မာစာမေးပွဲ စသဖြင့် လူတွေကို ယဉ်ကျေးအောင်ဆုံးမတဲ့ နိုင်ငံပါဗျာရယ်၊ အဲ လောက်ဘာသာရေးနဲ့ ပတ်သတ်ပြီးသင်တန်း စာမေး ပွဲတွေလုပ်ပေးတယ်လို့ ဘယ်နိုင်ငံမှာမှ မရှိဘူးထင်ပါရဲ့၊ သိမ်မင်္ဂလာကြတ်သရေ အရမ်းပြည့်စုံတဲ့တိုင်းပြည်ကြီးပါ။

ဒါကမြင်ရတဲ့ အပိုင်းက မမြင်ရတဲ့အပိုင်းကလည်း ရူးဂါးမင်းက ၀ရဇိန်နဲ့ပြစ်မယ် ဘာမယ်ဆိုတာ တွေက ရှိသေးတယ်၊ ဒါတောင် ကျွန်တော်မြန်မာတို့ရဲ့ အထွဋ်မြတ် ရွှေတိဂုံစေတီတော်ပေါ် ဖိနပ်ပျောက် ခဲ့သေးတယ်၊ သူငယ်ချင်းမေးတော့ သူကနှစ်ခါရှိပြီတဲ့၊ နောက်တစ်ယောက်က သင်တန်းမှာ လဲ စီးခံရတာတဲ့၊ နောက်တယောက် အသလွတ်ကိုပျောက်တာ နာရေးသွားတုန်း လစ်သွားခြင်းခံ ရတာ၊ စသဖြင့်စသဖြင့် တော်တော်များများ အဲဂလိုဖြစ်တယ်။

 သူငယ်ချင်းတစ်ယောက်က  အောင်မယ် ဖိနပ်ခိုးတယ်ဆိုပြီး အထင်မသေးနဲ့ကိုယ့်လူတို့ အင်္ဂလိပ်စာတတ်တယ် စကောနဲ့အယ်ရိုဆော့ ယှဉ်ချထား အယ်ရိုဆော့ကိုမယူဘူး စကော ကိုယူတယ်၊  အဲလိုပြောလိုက်တော့ ကြံဖန်ဂုဏ်ယူလိုက်သေးတယ် အင်္ဂလိပ်စာတတ် မြန်မာဖိနပ် သူခိုးလို့။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင် ဖိနပ်ခိုးတာနင်လို့ အင်္ဂလိပ်ခေတ်က ကဗျာစပ်ခဲ့တဲ့လူကို ပြန်တောင်ချေပလိုက် ချင်သေး ၊ အေဘီစီဒီ တတ်ရဲ့သားနဲ့ ဖိနပ်ခိုးပါလျှင်၊ စကောရတယ်ရှင် လို့။

အိမ်ပြန်ရောက်တော့ ဖေဖေ ဖေ့ဖေ့သိကြားမင်းက မနက်က ဘုရားအာရုံပြုနေရင်း သားဖိနပ်ကို မသွားတဲ့မောင်ရင်ကို ၀ရဇိန်နဲ့မပြစ်ပါလားလို့ ပြောလိုက်တော့ ဖေဖေကရီပြီး ဘာပြောတယ် တယ်ထင်သလဲ၊ ဟေ့ ကိုလူ့ သိကြားမင်းဝရဇိန်လက်နက် ပျက်နေလို့  ပန်းတိမ် ရောက်နေ တယ်သားရဲ့ လို့ဖေဖေက အတည်ပေါက်နဲ့ပြောပါတယ်၊ ကျွန်တော်က ဖေဖေ ကလည်း ပေါက်က ရပြောတော့မယ် ဟာ တကယ်ကိုယ့်လူ့ရဲ့ အဲဒါကြောင့် စလေဦးပုညက တေးထပ် တပုဒ်တောင် စပ် ထားသေးတယ် (ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန် ၊ ပြစ်ရှာမဲ့၊ ၀ရဇိန်ငယ်၊ ပန်းတိမ်မှာ ပြင်တုန်းထင်ရဲ့လေး)။ ဟားဟားဟား လို့သာ အော်ရီပြစ်လိုက် မှိပါတော့တယ်၊ ပန်းတိမ်အပ်ပြီး ၀ဇိန်လက်နက်ကို ပြင်နေတယ်ဆိုရင်လဲ၊ မြန်မြန်လေး ပြင်တော်မူပါ  ရှုးဂါးမင်းရယ်၊ ဖိနပ်တွေ ဈေးကြီးလွန်းလို့ပါလို့။

ဘလော့စာရှု့သူများ  ဖိနပ်စောရတောဝါ ကင်းရှင်းပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်း ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။