Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Saturday, March 31, 2012

ဘလော့ဂါများသို့


ဘလော်ကာအပေါင်းတို့ခင်များ ၊ ဒီရက်အတွင်းမှာ ကိုကိုငွေမှာ ဘလော်ဂါ များရဲ့ဆန္ဒနဲ့ တထပ်တည်းကျမဲ့ ၊ အစီစဉ်နှစ်ခုရှိနေပါတယ် ၊ အဲဒါကတော့ ဧပြီ ၁ ရက်နေ့ ရွှေးကောက်ပွဲအနိုင် အရှုံးနဲ့၊ မြစ်ဆုံကိစ္စတို့ပဲဖြစ်ပါတယ်ခင်များ။

ကျွန်တော်တို့တတွေ ရွှေးကောက်ပွဲကိုဦးတည်နေချိန်မှာ၊ မြစ်ဆုံဒေသစီမံကိန်းကြီးအတွင်းမှာ ကွန် တိန်နာကားများ အစီလိုက်အတန်းလိုက် မြန်မာဖက်ကနေ တရုပ်ပြည်ဖက်ကို အ၀င်အထွက် လုပ်နေသလို၊ တရုပ်ပညာရှင်များလည်း မြစ်ဆုံဒေသကို အဆက်မပြတ်ဝင်ရောက်လာ နေတယ်လို့ ၊ ကြားသိရပါတယ်ခင်များ ။ ဘလော်ဂါကြီးများ အားလုံးကို မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်တန့်ရေးကို  ၀ိုင်းဝန်းရေးသား ကြပါအုံးလို့ နှိုးဆော်လိုက်ရပါတယ်ခင်များ။

Wednesday, December 8, 2010

ပါလီမန်ခေတ် နောက်ပိုင်း သမ္မတကြီးများ

               နိုင်ငံတော် သမတကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်

                                  သမ္မတကြီး ဦးနေ၀င်း၏ စတုတ္ထအကြိမ် လက်ထပ်ပွဲ


၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်အဖြစ် နာမည် ကျော်ကြားခဲ့သော တော်လှန်ရေး ကောင်စီခေါင်းဆောင်ကြီး ဦးနေ၀င်း ၄င်းလက်ထက်တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက် ၏ သားသေနတ်နှင့် ပစ်သတ်ခံရခြင်း ၊ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခြင်း မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားရာကျော်ကို ပစ်သတ်ခဲ့ခြင်း ၊ ကျောင်းသားများကို တောထဲသို့မောင်းထုတ်ခြင်း အထူးအားဖြင့် ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ် ကျောင်း သားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ 

ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ။
ဤခေါင်းဆောင်သည် ပညာဘယ်၍ ဘယ်မျှပညာတတ်ခဲ့သည်ဟု အမှတ်အသားမရှိခဲ့သော် ငြားလည်း မင်္ဂလာ ဆောင်ခြင်းကိစ္စကိုတော့ မကြာမကြာပြုလုပ်သည်ဟု သတင်းစာ ဟောင်းများ တွင် ဖတ်ရူရပါသည် ၊ အိမ်ထောင် ငါးဆက်ကျခဲ့သည်ဟု မှတ်သားရပြီး ပထမဆုံးအိမ်ထောင်မှာ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျ ခဲ့ပြီး ဦးငွေစိုးကို ဖွားမြင်ခဲ့ပါသည် ၊ ဒုတိယအကြိမ် ဒေါ်ခင်မေ သန်းနှင့် အိမ်ထောင်ကျပြီး ဒေါ်ကြေးမုံဝင်း ဒေါ်စန္ဒာဝင်းတို့ကို မွေးဖွားခဲ့ပြီး ၊ ၄င်းသည် ၁၉၇၂ခု နှစ်တွင် ကွယ်လွန်သဖြင့် မိန်းမမရှိလျှင် မနေနိုင်သော ခေါင်းဆောင်ကြီးသည် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်၊ ထို့နောက် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မိမယ်နှင့် အိမ်ထောင်ပြုခဲ့ပြီးနောက်ဆုံးတွင် ဒေါ်နီနီမြင့်နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပြန်ပါသည်။
ခေါင်းဆောင်ကြီး ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ကွယ်လွန်ခဲ့သည်။ 

ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ 

အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၎င်းလက်ထက် လုပ်ဆောင်ချက်တချို့မှာ ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ကိုအောင်မြင်ခြင်း၊ ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ် ကိုထူထောင်ခြင်း ၊ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊ မဟာဝိဇယစေတီတော် ကိုတည်ဆောက်ခြင်း၊ နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကိုတရားမ၀င်ငွေကြေးအဖြစ်အကြိမ်ကြိမ်ကြေငြာခဲ့ခြင်းတို့ ဖြစ်သည် ။
ဦးစန်းယု
ဦးစန်းယုသည် ဦးနေ၀င်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင် ဘာ လ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထူးခြားသည့် ပညာအရေချင်းနှင့် လုပ်ဆောင်ချက်ကို တစုံတရာမှတ်သားထားသော စာအုပ်စာတမ်းများကို မဖတ်ရှုခဲ့ရဖူးပါ။
                                                         ဦးစိန်လွင်

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ် သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။


၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ 

ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ အရေးခင်းကာလအတွင်း သူ၏နာမည်ကျော် စကားတချို့မှာ “ဓာတ်တိုင်နှင့် ခွေးသာကျန်ပါစေ ၊ အကုန်ပစ်သတ် ”ဟူ၏။

၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည်။
                                                        ဦးအေးကို

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည် ၊ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု မှတ်သားခဲ့ဘူး ပါသည်။၎င်းသည် ပြည်ဦးလွင် စစ်တက္ကသိုလ်၏ ဆရာတဦးဖြစ်သည်ဟု သိရပါသည်။
                                                  ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်သည် ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာ ၀န်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်၏ မိန့်ခွန်းတချို့မှာ "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထားကြပါ" ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။ 

ဒေါက်တာမောင်မောင်ကို ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက် ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။ 

ငယ်စဉ်က မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။ 

တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။ 

ဒေါက်တာမောင်မောင်သည် ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာ မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D. (Doctor of Law) ဘွဲ့ရရှိသည်။ 
ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ 
ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင် ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ 

၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာမောင်မောင်သည် မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင် ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ 
ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။
ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊ ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။ 

ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်များ

သွေးနီ ၁၉၄၆၊သက်ရှိရာဇဝင် ၁၉၅၆၊တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉၊နိုင်ငံ တော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော ၁၉၆၅၊မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉၊ သားမောင် စစ်သည်သို့ ၁၉၇၂၊တရားဥပဒေ အထွေထွေ ဗဟုသုတ ၁၉၇၄၊ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇The Forgotten Army ၁၉၄၆Burma's Teething Time ၁၉၄၉London Diary ၁၉၅၂Grim War Against KMT ၁၉၅၃Burma in the Family of Nations ၁၉၅၆Burma's Constitution ၁၉၅၉A Trial in Burma ၁၉၆၂Aung San of Burma ၁၉၆၂Law and Custom in Burma And The Burmese Family ၁၉၆၃Burma and General New Win ၁၉၆၉To A Soldier Son ၁၉၇၄ တို့ဖြစ်သည် ဒေါက်တာမောင်မောင်ကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများက ပညာတတ်မပီသသော ခေါင်းဆောင် ၊ ပညာတတ်ပါလျှက် ပညာကို အဘိုးအနားစားဖြင့် တန်ကြေးဖြတ်သူအဖြစ် နာမည်ပျက်ဖြင့် ခေါင်းဆောင် လုပ်သူ ၊ ပညာ ကိုအသုံးမချဘဲ ၊ မသူတော်ကိုဆရာတင်သူ စသဖြင့် စသဖြင့် နိုင်ငံတော်သမ္မတကြီး ဒေါက်တာမောင်မောင်ကို ထိုခေတ်ထိုအခါက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ တီးတိုးတီး တိုး သဖန်းအထိုး ခံခဲ့ရသော ခေါင်းဆောင်တဦးဖြစ်ပါသည် ။ 

Monday, November 29, 2010

ပါလီမန်ခေတ်၏ နောက်ဆုံးသမ္မတကြီး


           ထိုင်းဘုရင်မင်းမြတ် ဘူမိဘော်အဒှူယာဒတ်နှင့် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်
                         မန်းဝင်းမောင်အထုပ္ပတ္တိလက်ရေးမူမှ ဓာတ်ပုံ (ကျွန်တော်သမ္မတ)
                             မကွယ်လွန်မှီလပိုင်းအလို အင်းစိန်တွင်ရိုက်ကူးထားသောပုံ


မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ မန်းဝင်းမောင်ဟု လူသိများသည်။
ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်း၊ ဂျပ်ဆင် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ ရသည်။
၁၉၃၇-၄ဝ တွင် သန်လျင် ဘီအိုစီ စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်ဘဲ မြန်မာပြည်၌ နေခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယသို့ စေလွှတ်ခြင်း ခံရသည်။ အိန္ဒိယသို့ ပထမဆုံး ထွက်ခွာသော အဖွဲ့၌ ဒုတိယခေါင်းဆောင် အဖြစ် တာဝန် ပေးခံရသည်။ ကာလကတ္တားနှင့် သီဟိုဠ် တို့တွင် စစ်ပညာ သင်တန်းများ တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ်၊ မတ်လ ၃ဝ ရက် ညပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ် ကြို့ပင်သာရွာ အနီး၌ လေထီးဖြင့် ခုန်ဆင်းခဲ့သည်။ မြေပြင်အရောက် အကျမတော်၍ ပေါင်ကျိုးခဲ့သည်။ ဒဏ်ရာရသည့်ကြားမှပင် ဖက်ဆစ် တော်လှန်ရေး အတွက် ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံး လှုံ့ဆော်နိုင်ခဲ့သည်။ ၂ လကြာပြီးနောက် ဆေးကုသရန် ကာလကတ္တားသို့ လေယာဉ်ဖြင့် ပြန်ပို့ခံရသည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် ဦးသိန်းဖေ (မြင့်) နှင့်အတူ အိန္ဒိယမှ ပြန်ရောက်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင် ဗမာ ချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကရင်လူငယ်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌမှာ မန်းဘခိုင် ဖြစ်သည်။ ကရင်လူငယ် အစည်းအရုံးက ထုတ်ဝေသည့် တိုင်းရင်းသား ဂျာနယ်၏ အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ လမ်းညွှန်ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သခင်နု ဦးဆောင်သော အစိုးရ အဖွဲ့၌ ဓာတ်သတ္တုဌာန ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ အဖွဲ့၌ အဆောက်အဦး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်သည်။
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၆ ရက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ဆက်လက် ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပြည်တွင်း ရေကြောင်းနှင့် ပင်လယ်ဆိပ်ကမ်း ဆိုင်ရာ ဝန်ကြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ရွေးချယ်ခံရသော သမ္မတကြီး ဖြစ်လာသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီ၏ ထိန်းသိမ်းခြင်းခံရသည်။ ၁၉၆၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေး ကောင်စီက ဖိတ်ကြားသော ပြည်တွင်း အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်တိုင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်က အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရီ သုဓမ္မဘွဲ့များ ချီးမြှင့်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဘွဲ့တံဆိပ်များ ရခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယအဆင့်) ရခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့နေ ဦးစံလှ၊ ဒေါ်ဒွေးတို့၏ သမီး မမြမေနှင့် လက်ထပ်ခဲ့ပြီး သားလေးယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၉ ရက် ၉ လ ၁၉၈၈ ခုနှစ်တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် သမ္မတအဖြစ် စာရင်း၌ ပါရှိခဲ့သည်။
သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် 'ဌေးဝင်းမောင် ပြောသော လေထီးသမ္မတ' ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်သည်။
(သမ္မတကြီး မန်းဝင်းမောင်ရေးခဲ့သော စာအုပ်တစ်အုပ်မှာ “ကျွန်တော်သမ္မတ”ဟူ၍ မှတ်သာထားဖူးပါ သည် ၊ လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်တွင်ထင်၏) မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ လူတော်လူကောင်းများ ၊ ဆွေကောင်းမျိုးကောင်းများ ၊ ပညာတတ် လူရည်ချွန်များ အမိ မြန်မာနိုင်ငံကိုအုပ်ချုပ်သွားခဲ့သော ထိုထိုကာလတွေမှာ လူတိုင်းဟာ ပျော်ရွှင်ခဲ့ကြမှာ  ထိုခေတ်ကို မမှီခဲ့သော ထိုခေတ်မှာ လူမဖြစ်ခဲ့ရသော ကျွန်တော်ဟာ ဒီစာလေးတွေကို ဖတ်မှိတိုင်း အတိတ်ကို လွမ်းမှိသလိုလို ဖြစ်မှိပါတယ်။
 စာလေး ရေးနေစဉ်မှာတောင် ကျွန်တော့ရဲ့နားထဲမှာ ခပ်ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ (လွတ်လပ်တဲ့ မြန်မာပြည်....ထွဋ်မြတ်သည့် စံဋ္ဌာနီ ...မချွတ်အင် လွှတ်သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲနွှဲသံချီ ၊ မြန်မာ့ဟန်ရေး ရှေးထုံးမပြတ်ပါ အိုးစည် မောင်း ညိမ့်ညောင်းခါ တော်မှီ .....မင်းပေါင်းစုံစုံညီညီ ဗိုလ်ရှုသဘင်ပွဲ ခန်းမဆီ လျှမ်းစွကြိုင်ဝေစွာနော် ..နိုင်ငံတော်သမ္မတ ကြွချီ ၊ အောင်လံတော်ကို အလေးပြုရမည် ၊ ဗိုလ်ရှုသဘင်ပွဲ နွှဲသည့်အခါမှီ ..ကြည်း ရေ လေ စစ်သမီးမကျန်ရ မြန်မာ့တပ်မတော်ချီလာပြီ...............) ကျွန်တော်ဟာ စာရေးနေရင်း “လွှတ်သဘင်” သီချင်းလေး နားထဲကြားယောင် နေမှိပါတော့တယ်ခင်မျာ၊  အော် အတိတ် အတိတ် အတိတ်.............။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုတောင်းလိုက် ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ...။

Saturday, November 27, 2010

မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတကြီး ဒေါက်တာ ဦးဘဦး


          ၁၉၅၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် နှင့် သမ္မတကြီး ဆာဘဦး
သမ္မတကြီး အင်္ဂလိပ်ဘာသာဖြင့် ဆွေးစဉ်မျိုးဆက်အကြောင်းကို ရေးသားထားသည့်စာအုပ် မြန်မာပြန်

ဦးဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတကို ဗမာတိုင်းရင်းသား လူမျိုးထဲကနေ ရွေးချယ်ဖို့ အလှည့်ကျခဲ့ပါသည်။ ထိုအခါ ဒေါက်တာဘဦးသည် ပါလီမန် ဒီမိုကရေစီခေတ် အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် မှ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။

သမ္မတကြီး ဒေါက်တာ ဦးဘဦးသည် ခရစ် ၁၈၈၇ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ ၌ ဖွားမြင်သည်။ အဘမှာ အရေးပိုင် ဦးဘိုးလှ (စီ-အိုင်-အီး၊ ကေ-အက်ဖ်၊ အမ်-အေ၊ တီ-အမ်) ဖြစ်ပြီး မိခင်မှာ ဒေါ်ညွန့် ဖြစ်သည်။ ဒေါက်တာ ဦးဘဦးသည် သားအကြီးဆုံး ဖြစ်သည်။ 
မောင်ဘဦးသည် ငယ်စဉ်က ပုသိမ်မြို့ မူလတန်းကျောင်းတွင် လည်းကောင်း၊ မအူပင်မြို့  အစိုးရ အလယ်တန်းကျောင်းတွင် လည်းကောင်း နေခဲ့ပြီး ယင်းမှတဆင့် ပုသိမ်မြို့ အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန်မြို့ အစိုးရ အထက်တန်း ကျောင်းများတွင် အဆင့်ဆင့် ပညာ သင်ကြားခဲ့သည်။ ထိုနောက် ရန်ကုန် ကောလိပ်သို့ တက်ရောက်၍ တက္ကသိုလ် ပညာများကို သင်ယူခဲ့သည်။ ၁၉ဝ၇ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ် တက္ကသိုလ်သို့ သွားရောက်ကာ ပညာ သင်ယူခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ကိန်းဗရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ဝတ်လုံ စာမေးပွဲကို အောင်မြင်ခဲ့သည်။ 
ဒေါက်တာ ဦးဘဦးသည် ၁၉၂၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့ ၌ အစိုးရ အမှုလိုက် ရှေ့နေ အဖြစ် ဝင်ရောက် ထမ်းဆောင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဖျာပုံခရိုင် (ယခု - ဧရာဝတီတိုင်း) စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုမှတဆင့် တောင်ငူ၊ မအူပင်၊ မကွေး၊ မြောင်းမြ ခရိုင်များတွင် ခရိုင် စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ 
ယင်းနောက် ၁၉၃ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တရားလွှတ်တော်၊ တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် အင်းစိန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ်များသည် တောင်သူ လယ်သမား အရေးအခင်းများနှင့်ဂဠုန် ဆရာစံ နှင့် တော်လှန်ရေးသမားများ ထွက်သော နှစ်များ ဖြစ်ကြသည်။ မျိုးချစ်လယ်သမားခေါင်းဆောင်ကြီး ဆရာစံကိုကြိုးပေးသတ်ဖြတ်ဖို့ အမိန်ချခဲ့တဲ့ တရားသူးကြီးမှာ ဦးဘဦး ဖြစ်သည်။ 
၁၉၃၁ ခုနှစ်တွင် အထူးခုံရုံး အဖွဲ့ဝင် အဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ ၁၉၃၂ ခုနှစ်၊ ဧပြီလ အထိ၊ အင်းစိန်၊ ပြည်၊ သရက် ခရိုင်များ၏ စက်ရှင် တရားသူကြီးနှင့် အထူး တရားသူကြီး အဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။ ၁၉၃၂ ခုနှစ်၊ ဧပြီလတွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် အမြဲတမ်း တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ယင်းရာထူးသည် ဒုတိယ ကမ္ဘာစစ် ဖြစ်သည်အထိ ဖြစ်သည်။ 
ဒေါက်တာ ဦးဘဦးသည် တရားရေးဝန်ကြီး အဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၇ ခုနှစ်တွင် ရွေးကောက်ပွဲ ဆိုင်ရာ အထူးခုံရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၃ဝဝ ပြည့်နှစ်လောက် ရောက်သောအခါ ကျောင်းသား အရေးတော်ပုံ စုံစမ်းရေး ခုံရုံး ဥက္ကဋ္ဌ အဖြစ်လည်း ဆက်လက် ဆောင်ရွက်ခဲ့ရသည်။ အဓိပတိ ဒေါက်တာဘမော် အစိုးရ ဂျပန်ခေတ်တွင် တရား လွှတ်တော်ချုပ် တရားဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ရသည်။ 
စစ်ပြီးသော အခါမှ စ၍ လွတ်လပ်ရေး မရမီ စပ်ကြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ အထိ လက်ရှိ တရားလွှတ်တော် တရားဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူ ဆောင်ရွက် ခဲ့ရသည်။ မြန်မာနိုင်ငံ လွှတ်လပ်ရေး မရမီကလေးတွင် ဗြိတိသျှ အစိုးရတို့က 'ဆာ' ဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရသည်။ အာရှ အရှေ့တောင်ပိုင်း ဆိုင်ရာ မဟာမိတ် တပ်ဖွဲ့ သေနာပတိ လော့မောင့်ဘက်တန် မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဒေါက်တာ ဆာဘဦးသည် အိုရီယင့် ကလပ် ဥက္ကဋ္ဌ အဖြစ် ဧည့်ခံခဲ့သည်။ အလ္လာပသလ္လာပ စကားပြောဆိုရင်း မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရန် စကား ဆိုခဲ့ဖူးသည်ဟု သိရသည်။ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရာ၌လည်း ဒေါက်တာ ဆာဘဦးသည် အရေးပါသော နေရာမှ ထိရောက်စွာ ပါဝင် ဆောင်ရွက်ခဲ့သည်။ 
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော အခါ ဒေါက်တာ ဆာဘဦးကိုပင် တရား လွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ် အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် ဒေသဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်တို့တွင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ 
နိုင်ငံတော် အစိုးရက ဒေါက်တာ ဆာဘဦးအား အဂ္ဂမဟာသရေ စည်သူဘွဲ့နှင့် အဂ္ဂမဟာသီရိ သုဓမ္မဘွဲ့များကို ချီးမြှင့် ခံရပြန်သည်။ ယင်းအပြင် ရန်ကုန် တက္ကသိုလ်က ဥပဒေ ပါရဂူ (ဒေါက်တာ) ဘွဲ့ကို ချီးမြှင့်ခြင်း ခံရပြန်သည်။ ဒေါက်တာ ဆာဘဦးသည် သမ္မတ အဖြစ် တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ ဗြိတိသျှ အစိုးရက ပေးသော ဆာဘွဲ့ကို စွန့်လွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သမ္မတရာထူး သက်တမ်း ကုန်ဆုံးသော အခါ အငြိမ်းစား ယူခဲ့သည်။ သို့သော် ၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့  ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့ရပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာ ဦးဘဦးသည် လူမှု ဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကြက်ခြေနီ အသင်း၊ ပြည်သူ့ သူနာပြု အဖွဲ့၊ တက္ကသိုလ် ရန်ပုံငွေ အဖွဲ့၊ ပန်းဥယျာဉ် အသင်း စသည်တို့တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် 'ကျွနု၏ မြန်မာနိုင်ငံ' ခေါ် ကိုယ်ရေး အတ္တုပ္ပတ္တိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့သည်။ 
၁၉၁၃ ခုနှစ်တွင် ဒေါက်တာ ဦးဘဦးသည် ခရိုင် တရားသူကြီးဟောင်း ဦးအောင်ဇံ၏ သမီး ဒေါ်ဒေါ်ငြိမ်းနှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ဒေါ်ဒေါ်ငြိမ်းသည် ၁၉၂၂ ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရသည်။ ဒေါ်ဒေါ်ငြိမ်း ကွယ်လွန် သွားပြီးနောက် ဒေါက်တာ ဦးဘဦးသည် ၁၉၂၃ ခုနှစ်တွင် ရိက္ခာတော်ရ အရေးပိုင် ဦဆိုးဖေ၏ သမီး ဒေါ်ဒေါ်အေးနှင့် လက်ဆက်ခဲ့ရာ သမီး ၃ ယောက်နှင့် သား ၂ ယောက် ရရှိခဲ့သည်။ ဒေါ်ဒေါ်အေးသည် ၁၉၄၁ ခုနှစ်တွင် ကွယ်လွန် သွားပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာဦးဘဦးသည် တော်လှန်ရေး ကောင်စီ အစိုးရ အုပ်ချုပ်ရေး လွှဲပြောင်းယူပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ အသက် ၇၆ နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် အမှတ်(၅၄) ရွှေတောင်ကြားရိပ်သာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၌ ကွယ်လွန် အနိစ္စ ရောက်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် သမီး ၃ ယောက်နှင့် သား ၂ ယောက် ကျန်ရစ်ခဲ့သည်။ 

စာကြွင်း
ရွှေဥသြ စာအုပ်မှ ကူးယူပြီး ပို့စ်တင်ဖို့ လုပ်နေတုန်း သူငယ်ချင်း ကျော်မင်းမြတ်က မြန်မာဝီခီမှာ ရှိတယ်ဆိုလို့ ၊ သွားကြည့်လိုက်ပါတယ် ရွှေဥသြရဲ့ စာအုပ်ထဲကအတိုင်း ရေးထားတာဖြစ်လို့မို့ တူတူဘဲဆိုပြီး ကူးချပြီး ဒီမှာတင်လိုက်ပါတယ် ၊ စာဖတ်သူများ ကျမ်းမာပျော်ရွှင်ကြပါစေ ၊ ဒီပို့စ်ပြီး ရင်တော့ ပါလီမန်ခေတ်ရဲ့ နောက်ဆုံးသမ္မတကြီး မန်းဝင်းမောင် အကြောင်းကိုတင်ပါ့မယ် ၊ ပြီးရင် ၊ မဆလခေတ်မှ နအဖခေတ်တိုင်အောင် နိုင်ငံခေါင်းဆောင်များ အကြောင်းကို တင်ပါ့မယ် ပြီးရင် မင်းပြောင်းမင်းလဲတွင်ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ကို ဖတ်ချင်စဖွယ်ပိုစ့်လေးတွေ ပိုင်းပြီးတင်ပါ့မယ် ၊ အထက်ပါအကြောင်းအရာတွေကို ပိုစ့်လေးနှစ်ခုနဲ့ဘဲ တင်မှာပါ ၊ စောင့်ပြီးအား ပေးကြအုံးနော် ၊ စာကစရေးစဆိုတော့ အားပေးတာ မခံရရင် အားငယ်တတ်လို့ပါ ၊ အားငယ်ရတဲ့ အထဲ မဒမ်ငွေရဲ့ ဟိန်းဟောက်မှုဒဏ်ကိုလဲ သနားစဖွယ်ခံယူနေရပါတယ် ၊ အားလုံးရွှင်လန်းချမ်း မြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းပေးလိုက်ပါတယ် ၊ ရွှင်လန်းချမ်း မြေ့ကြပါ စေ ခင်မျာ..။

Wednesday, November 24, 2010

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတကြီး ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်
       ၁၉၄၈ခုနှစ် ဇန္န၀ါရီလေးရက် လွတ်လပ်ရေးနေ့အလံတင်အခမ်းနားတွင်တွေ့ရသော သမ္မတကြီး



ကျွန်တော်ဟာ ခပ်ငယ်ငယ်က သတင်းစာတွေ မဂ္ဂဇင်းတွေထဲမှာ ဘယ်နိုင်ငံသမ္မတကြီး ကိုသွား ရောက်တွေ့ဆုံ ၊ ဘယ်နိုင်ငံ သမ္မတကြီး ဘယ်နိုင်ငံသို့ သွားရောက်လည်ပတ် စသဖြင့် မကြာခဏ ဖတ်ရပါတယ် ၊ ၂၀၀၃ခုနှစ်ကျမှ ကျွန်တော်ဟာ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကြီးများ ရှိခဲ့ဖူးတယ်လို့ သိခဲ့ရသူပါ။
 တနေ့မှာတော့ ကျွန်တော်ဟာ ဖိုးဖိုးကို နိုင်ငံတော်သမ္မတကြီးတွေကိုသိဖူးခဲ့လား ပြောပြပေးပါအုံးလို့ တောင်းဆိုကြည့်တော့ ဖိုးဖိုးက သိပ်သိတာပေါ့ကွယ် ၊ နိုင်ငံတော် သမ္မတကြီးများဟာ နိုင်ငံရပ်ခြားက သမ္မတကြီးတွေလိုမဟုတ်ဘူး ၊ အမျိုးဇာတ် အင်မတန်မြင့် တယ်ကွယ် ၊ သူတို့အခမ်းအနားနဲ့ ကြွလာရင် မြန်မာရှင်ဘုရင် ခေတ်ကလိုဘဲ ၊ စည်တော်တွေ နဲ့ အလုပ်အကြွေးတွေ သက်တော်စောင့်တွေနဲ့ ကြွတော်မူကြတယ် ၊ ဘိုးဘိုးတို့ဆိုရင် နိုင်ငံတော် သမ္မတကြီးကြွမဲ့ နေရာကိုသွားပြီး နိုင်ငံတော်သမ္မတကြီးကို ဖူးမျှော်ရတာ ၀ကိုမ၀ပါဘူး။
 ဘယ်နိုင်ငံတော် သမ္မတကြီး တက်တက် ၊ အမြဲတမ်းကြွတတ်တဲ့ နေရာကတော့ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်ပဲကွယ့် သူတို့ဟာ သိမ်ဖြူဆရာတော်ကြီးဆီကို အမြဲတမ်း ကြွရောက်ဖူးမြော်ကြတယ် ၊ သိမ်ဖြူ ဆရာတော်ကြီးဟာ အဲဒီခေတ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲတံဆိပ်တော်ကို ဦးစွာရတော်မူတဲ့ ရဟန်းပညာရှင်ကြီးကွဲ့ သိပ်ဖြူဆေးအဘိဓာန်၊ သိမ်ဖြူဓာတ်ကျမ်း ၊ သိမ်ဖြူ သရုပ်ပြ ဆေးအဘိဓာန် အဲသလိုရှားပါးတဲ့ ဆေးကျမ်းကြီးတွေ ဗေဒင်ကျမ်းကြီးတွေ ပြုစုတော်မူသလို ၊ ဗေဒင်ပညာကိုလဲ တဖက်ကမ်းခတ် တတ်မြောက် တော်မူတယ်။
 ဒါကြောင့် နိုင်ငံတော်ဆိုင်ရာ အခါတော်ပေးတာတို့လို ကိစ္စရပ်တွေကို  နိုင်ငံတော် သမ္မတကြီးများ အဆက်ဆက်က ယုံကြည်ပြီး ဆရာတော်မိန့်တော်မူသလို လုပ်ကြတယ်၊ အဲဒါ ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖိုးဖိုး ပြောပြသွားတဲ့ သမ္မတကြီးများ အကြောင်း တစ်စိတ်တစ်ဒေသပါ ခင်မျာ ။
နောက်တစ်ခုကတော့ မင်္ဂလာဒုံ စစ်ဆေးရုံက ဓာတ်မှန်ဆိုင်ရာ ဆရာဝန်ကြီး ကျွန်တော့ရဲ့ကိုကိုလတ်ဟာ နိုင်ငံတော်သမ္မတတွေကို အရမ်းလေးစား အားကျသူပါ၊ သူ့အခန်းထဲမှာ အလံပေါင်းမြောက်များစွာနဲ့၊ နိုင်ငံတော်သမ္မကြီးများရဲ့ ရှားပါးပုံများကို မှန်ဘောင်နဲ့ ထည့်ထားပြီး ခေါင်းရင်း ချိတ်ထားသူပါ၊ စာအုပ်စာပေဆိုရင်လဲ အဲဒီလိုအကြောင်းတွေကိုသာ ဖတ်ရူလေ့ရှိပါတယ်။
 တနေ့မှာတော့ သူ့အခန်းထဲမှာ စာအုပ်တစ်အုပ်တွေ့ပါတယ်၊ ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)စပယ်ဦး စာပေဖြစ်ပါတယ် ၊ အဲဒီစာအုပ်ထဲမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်အကြောင်း ပါလာတာကို ဖတ်လိုက် ရပါတယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)အရ မြန်မာနိုင်ငံတွင် လူ ဦးရေ အများဆုံး ဖြစ်သည့် ရှမ်း ၊ ကရင် ၊ ကချင် ၊ ဗမာ ဆိုပြီး လေးအုပ်စုကို တစ်စုစီ အလှည့်ကျ နိုင်ငံတော်သမ္မတ တင်မြှောက်ကြပါတယ်။
 အဲဒီအထဲမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့် နောက်ပိုင်း တွင် နိုင်ငံရေးအတွက် ပူပန်နေကြသော ရှမ်းခေါင်းဆောင်တချို့နှင့် ၊ အင်္ဂလိပ်အလိုတော်ရှိ တချို့ ၏ သွေးခွဲမှုကို ခံနေရသော တိုင်းရင်းသား ခေါင်းဆောင်ကြီးတချို့ အားရ ကျေနပ်အောင် စသော ရည်ရွယ်ချက်တို့ဖြင့် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ရွှေဥသြ ရေးသားသည့် ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’စာအုပ်ပါ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်၏ အထုပ္ပတ္တိကို ဤကဲ့သို့ရေးသားထားသည်ကို ကျွန်တော် ဖတ်ရူ့ခဲ့ရပါသည် 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသမ္မတကြီး (စ၀်ရွှေသိုက်)
စဝ်ရွှေသိုက်သည် မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ် (ခရစ် ၁၈၉၆-ခုနှစ်)တွင် ညောင်ရွှေမြို့၌ ညောင်ရွှေစော်ဘွားကြီး အဖ ဆာစပ်မောင်နှင့် အမိ မဟာဒေဝီတို့မှ ဖွားမြင်သော သားဖြစ်သည်။
ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေ နတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။
မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။
ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။
၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။
ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆၀ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။
၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက်အား ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စင်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ)စပ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။  လို့ဖက် မှတ်လိုက်ဖူးပါတယ်ခင်မျာ ၊ စာရှုသူအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း တချိန်က သမ္မတကြီးရဲ့ ပုံကိုငေးမျှော်၍ နောင်အနာဂတ် သမ္မတဟာ ဘယ်သူဘယ်ဝါဆိုတာ စောင့်မျှော် ကြည့်ရှု့ကြပါစို့လား ခင်မျာ ။

Monday, November 22, 2010

မြန်မာ့နိုင်ငံရေး ကြယ်တစ်ပွင့်လား

                                   ပြည်နယ်လွတ်တော်အမတ်လေး မနန်းအက်စကီမိုး


 “ပြန်ထဲအရေး ပေါက်နှင့်ကျေးသို့ ၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏” ကန်တော် မင်းကျောင်းဆရာတော်ရဲ့လောကသာရပျို့မှာ ဆိုထားသမို့ ၊ ပြည်ထောင်စု မြန်မာနိုင်ငံဖွား လူငယ်လူရွယ်များဟာ နိုင်ငံရေးလုပ်ကိုင်မှုကို တော်တော်များများ လက်ရှောင်ကြပါတယ် လုပ်ကိုင်သူ လူငယ်လူရွယ်များကလဲ တည်ဆဲဥပဒေ ဥပဒက်တွေနဲ့ ငြိစွန်းလို့မို့ မကြာခဏဆိုသလို အင်းစိန် ၊ သာယာဝတီ ၊ ဟိုဟိုဒီဒီ ထောင်နန်းစံမြန်းကြရသဖြင့် ၊ ကျွန်တော်အပါအ၀င် မြန်မာလူငယ်လူရွယ် တော်တော်များများဟာ ထောင် အကျမခံနိုင်ပါသဖြင့် ၊ မိဘဆွေမျိုး ညီကိုယ်မောင်နှမ  တစုက ၀ိုင်းဝန်းတောင်းပန်လို့မို့ နိုင်ငံအရေး စိတ်ဝင်စားကြပါသော်လဲ ထဲထဲဝင်ဝင် လုပ်ကိုင်ကြခြင်းမရှိပါ ၊ သို့သော် အကြောင်းညီညွတ် လာရင်တော့ဖြင့်  လုပ်ကိုင်သူတိုင်းရဲ့ နောက်ကိုဝိုင်း ရံပေးလိုကြသည့် စိတ်ဓာတ်မှာ ၊ မြန်မာလူငယ်တစ်ရာတွင် ၉၉ယောက်ရှိသည်ဟု ခန့်မှန်းမှိပါသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တို့ဖြင့် ပြဋ္ဌာန်းအတည်ပြုလိုက်သော ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာထုတ်ပြန်ချက်တစ်ခုတွင် ရှမ်းအမျိုးသားဒီမိုကရက်တစ် ပါတီတွင် အမှတ်(၁)ပြည်နယ်လွတ်တော်မဲဆန္ဒ နယ်မြေ လဲချားတွင် ယှည်ပြိုင်ဖက် ကမ္ဘာကျော် ကြံ့ခိုင်ဖွင့်ဖြိုးအသင်းကြီးရဲ့ အမတ်လောင်းဦးစိုင်းချစ်ဆွေနှင့် တစည ပါတီအမတ်လောင်း ဦးလပန်းတို့ကို မဲအရေတွက်ပေါင်း ၄၀၀၀ကျော်နဲ့ အပြတ်အသတ်နိုင်ခဲ့သူလေးပါ ၊ နာမည်ကတော့ နန်း အက်စကီမိုးဖြစ်ပါတယ် ၊ အသက်ကတော့ ၂၅နှစ်ပါ ၊ ဒီအသက်အရွယ်ဟာ လွတ်တော်  အမတ်လောင်း ၀င်ပြိုင်ခွင့်ရတဲ့ အသက်ကန့်သက်ချက်ကို ပြည့်မှီရုံသာရှိပါတယ် ။ ယှဉ်ပြိုင်ဖက် အမတ်တွေရဲ့ အသက်ကိုကြည့်ရင် မြေးအဖိုးအရွယ်လောက် ရှိတာကို တွေ့ရမှာဖြစ်ပါတယ် ၊ မည်သို့ပင်ဖြစ်စေ ၊ မနန်းအက်စကီမိုးဟာ မြန်မာနိုင်ငံအတွက် အသက်အငယ်ဆုံး ပြည်နယ်လွတ်တော် အမတ် တစ်ယောက်ဖြစ်ခဲ့သလို ၊ သူ့ရဲ့ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီအတွင်းမှာလဲ အသက်ငယ်ဆုံးသော ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပါပြီ ။

မြန်မာနိုင်ငံရဲ့ သမိုင်းအနေအထားများကို ကြည့်ရူသုံးသပ်တဲ့အခါ ရှမ်းအမျိုးသားများဟာ အင်မတန် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်တာကို တွေ့မြင်ကြရမှာပါ ၊ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ် ၁၉၄၇မှာ နိုင်ငံတော်သမ္မကြီးဖြစ်ခဲ့သူဟာ စ၀်ရွှေသိုက်ဖြစ်သလို ၊ ဖက်ဒရယ်ပြည်ထောင်မှုအဖြစ် ရေးသားချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အချက်အလက်တို့ကို မျက်ကွယ်ပြုပြီး ခွဲထွက်ပိုင်ခွင့်ရှိသော တိုင်းရင်းသားများတွင်လဲ ရှမ်းတိုင်းရင်းသားများ လူမျိုးစုတစ်ခုသာ တရားဝင်ခွင့်ပြုခဲ့ကြပါတယ် ၊ အခြား မည်သည့်တိုင်းရင်းသားများမှ ခွဲထွက်ပိုင်ခွင့်မရှိပါ ၊ အဘယ်ကြောင့်ဆိုသော် ရှမ်း လူမျိုးများသည် မြန်မာဘုရင်၏ လက်အောက်ခံမဟုတ်ဘဲ ၊ တစ်ထီးတစ်နန်း နေထိုင်သောလူမျိုးစု ဖြစ်သောကြောင့်လို့ ၊ ပင်လုံစာချုပ်တွင် ပါဝင်ချုပ်ဆိုရေးသားခဲ့တဲ့ ဦ်းချန်ထွန်းရဲ့ ပင်လုံအကြောင်းသိကောင်းစရာမှာ ဖတ်မှတ် လိုက်ဖူးပါတယ် ၊ ဒါကြောင့်များ အရမ်းနိုးကြားနေတဲ့ လူမျိုးတွေများလားလို့ တွေးပြီး အားကျမှိပါတယ် ။

မြန်မာနိုင်ငံမှာ တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရားဝင်ပြည်နယ် လွတ်တော်အမတ် ဖြစ်ခဲ့သူ မနန်းအက်စကီးမိုးဟာ လဲချားအထက မှာကိုးတန်းအောင်မြင်ခဲ့ပြီး မန္တလေး VEC ပညာ ရေးရိပ်ဿာမှာ ဆယ်တန်းအောင်မြင်ခဲ့ခါ အေးသာယာက GTC မှာ ITနဲ့ ကျောင်း၂နှစ်တက်ခဲ့တယ်လို့ ဆိုပါတယ် ၊ ပင်လုံတက္ကသိုလ်ကနေ ၂၀၀၉ခုနှစ်က အင်္ဂလိပ်စာနဲ့ ကျောင်းပြီးခဲ့တယ်လို့ ဘီဘီစီ အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့ မိုဘီဂျီနိုမှာ ဖြေကြားသွားပါတယ်။

လွတ်တော်အမတ် အဖြစ်နဲ့ ပထမဦးဆုံး လုပ်ချင်တဲ့အလုပ်က ဘာလဲလို့ မေးကြည့်တဲ့အခါ “ကျမတို့နယ်မှာ မူလတန်း ပညာရေး အခမဲ့ပြုလုပ်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်” နောက်တစ်ခုကတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် လုပ်မယ်လို့လဲ ဖြေကြားသွားပါသေးတယ် ၊ မြန်မာ့နိုင်ငံရေး  လောကမှာ ဘယ်သူ့ကိုအားကျပါသလဲလို့ မေးတဲ့အခါ “မေမေစု”ကိုအားကျပါသတဲ့ ၊ စကားပြောခွင့်ရခဲ့ရင် သူ့မဲဆန္ဒနယ်မှာ သူတွေ့ကြုံခဲ့ရတာလေးတွေကို ပြန်ပြောပြချင်တယ်လို့ ဆိုပါတယ် ၊ ဘာကို အကြောက်ဆုံး လဲလို့မေးမြန်းတဲ့အခါမှတော့ ကြိုတင်မဲကို ကြောက်ပါသတဲ့ ၊ ကြိုတင်မဲ ပေးခွင့်ရှိတဲ့ နယ်သုံးခုလုံးမှာ သူဟာရှုံးနိမ့်ခဲ့လို့လို့ ဆိုပါတယ် ။ မည်သို့ပင် ဖြစ်စေ တည်ဆဲအစိုးရရဲ့ တရားဝင်ခွင့်ချက်နဲ့ တရားဝင်ပြည်နယ်လွတ်တော် အမတ်လေးဖြစ်လာခဲ့သူ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး လွတ်တော်အမတ်လေးကို ၀ိုင်းဝန်းဂုဏ်ပြု ကြပါစို့လားခင်မျာ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ။