Showing posts with label အထွေထွေဗဟုသုတ. Show all posts
Showing posts with label အထွေထွေဗဟုသုတ. Show all posts

Sunday, March 17, 2013

မနာလိုမှိတယ်

လူတွေဟာ မိမိကို တစ်ယောက်ယောက် မင်းဟာခွေးဖြစ်မဲ့အကောင်လို့ ပြောတာခံရ ရင်နာ တတ်သလို၊ ခွေးမြီး ကောက်ကျဉ်ထောက်စွပ်၊ ခွေးကျင့်ခွေးကြံကြံတဲ့ကောင်စသဖြင့် အပြောခံ လိုက် ရပြီဆိုရင် တော် တော်လေးနာတတ်ကြပါတယ်၊ ဘယ်နှာကြောင့် လူတွေခွေး ကို နှာခေါင်း ရှုံ့ကြပါလိမ့်ဗျာ ကိုကိုငွေ အခုရေးမဲ့ခွေးလေးတွေကတော့ လူတွေနှာခေါင်း ရှုံ့အံ့မ ထင်ပါဘူး အခန့်မသင့် မနာ လိုစိတ်တောင် ပေါက်သွားနိုင်ပါသဗျာ။ ကိုကိုငွေ ဘုတ်အုတ် စာပေထဲက စေ့ငုမှတ်သား ထားတဲ့ ကမ္ဘာကျော် ခွေးသုံးကောင်ရဲ့ အကြောင်းတ စေ့တ စောင်းပါဗျာတို့။
 
အင်္ဂလန်နိုင်ငံက သတ္တမမြောက်အပ်ဒွပ်ဘုရင် (King Edward Vll) ကြီးအနိစ္စရောက်တော့ ဘုရင်ကြီးရဲ့အချစ်တော် ခွေးကလေး ဆီဆာဟာ အသုဘအခမ်းနားကို ရှေ့ဆုံးကပို့ဆောင် ပါသတဲ့ဗျာ။
သြစတြီးယားပြည် ဆောဇဘက် (salzburg) မြို့သား ဂီတပညာရှင်ကြီး မိုးဇတ်ရဲ့( Mozart) ကွယ်လွန် ၁၇၉၁ခုနှစ်က အချစ်တော်ခွေးကလေး အသုဘပို့လိုက်ပါပို့ဆောင်ခဲ့တယ်မဟုတ်ပေ လားစာရှု့ သူ၊ ခွေး ဆိုသည် သတ္တ၀ါဟာ သစ္စတရားရဲ့ အထိမ်းအမှတ်တခုဆိုတာ အထင်အရှား မဟုတ်ပါကလားဗျာ။

နောက်တကောင်ကတော့ (Trouble) ထရောဘယ်အမည်ရှိခွေးမလေးတစ်ကောင် ပါဗျာတို့ရယ်၊ အနက်အဓိပ္ပါယ်ကတော့၊ ဒုက္ခ၊ ဆိုတဲ့အဓိပ္ပါယ်ပေါ့၊ အကြင်ဒုက္ခ၏သမီးပျို အမည်ရှိ မရောဘယ် ကို၊ ဟိုတယ်လုပ်ငန်းရှင် ရင်းနှီးမြုတ်နှံသူ ဟယ်လ်စလေး ဆိုတဲ့အမျိုးသမီးကြီးမွေးစားထား တယ်ပေါ့ဗျာရယ်။ ထိုသူကြွယ်မကြီး ကွယ်လွန်တဲ့အခါ ထရော်ဘယ်အတွက် ဒေါ်လာသန်းပေါင်း ၁၂သန်း အမွေထား ရစ်ခဲ့တယ်တဲ့ဗျာ။ မြန်မာအသပြာကျပ်ငွေနှင့် တွက်ချက်ချေသော် ကုဋေ ၁၀၀၀ ကျော်မဟုတ်တုံလော၊ ကျပ်သိန်း၁၅၀၀ပေါက်တဲ့ လူတစ်ယောက်ရဲ့ ပိုက်ဆံဟာ  ဒီထရော် ဘယ်က အသေး သုံးငွေလောက် ရှိတော့မပေါ့။

 အဲသဟာကြောင့် ပြဿနာတွေအထွေးထွေး အရှုတ် ရှုတ်ဖြစ်ခဲ့သည်ပေါ့ဗျာ။ သူဋ္ဌေးမကြီး က မြေးနှစ် ဦးရှိသည်ကို မပေးခဲ့ပဲ ၊ မနုဿဇာတ်တွင် မပါ အဟိတ်တိရိစ္ဆာန်မျှဖြစ်တဲ့၊ မိထရော်ဘယ် ကို ပေးရ မလားဆိုပြီး စိတ်အလိုမကျဖြစ်ခါ၊ ဒုစရိုက် သားကောင်တွေနဲ့ ပေါင်းသင်းပြီး ခွေးမလေးကို သတ်မယ်ဖြတ် မယ်၊ ပြန်ပေးဆွဲမယ်ဆိုပြီးချိန်း ခြောက်စာတွေပို့လေတော့၊ ခွေးမလေး ရဲ့အမွေထိန်း တွေက ဂျွန်ဒေးဆိုတဲ့ လူတစ်ယောက်ကို ခေါင်းဆောင်ထားပြီး ဘော်ဒီကပ်တွေ ငှား ရမ်းပြီး ပြီး စောင့်လျှောက်ရတယ်ပေါ့ဗျာ၊ အဲဒီလုံခြုံရေးစရိတ်စကတွေက တနှစ်အတွက် ပေါင် တ သိန်းကျော် ကျသတဲ့။

မုလနေထိုင်ရာလိပ်စာက အမေရိကန်ပြည်ထောင်စု နယူယောက်မြို့၊ ပန်းခြံလမ်း ၄၆ထပ်မြင့်တဲ့ ဟိုတယ်ရဲ့အပေါ်ဆုံးထပ်မှာ လုံခြုံရေးအပြည့်အစုံနဲ့ အကြင်ထရော်ဘယ်က နေထိုင်သတဲ့။ အဲဒီဟို တယ်ကြီးက ထရော်ဘယ်ရဲ့ ပိုင်ရှင် လီယိုနာဟယ်လ် စယေးပိုင်းတဲ့ဟို တယ်တဲ့ ဗျာ၊ နောက် တော့ အဲဒီမှာစိတ်မချရလို့၊ ဖရော်ရီဒါပြည်နယ်ကို ကိုယ်ပိုင်လေ ယာဉ်တ စီးနဲ့ ရွေ့ပြောင်းေ ပးပြီး၊ သူဋ္ဌေး မကြီးပိုင်တဲ့ ခြံမြေတခုမှာမွေးမြူရပြန်ပါသတဲ့။ 

အမေရိကန်ဒေါ်လာ ၁၂သန်းဖြင့် ခွေးမလေးထရော်ဘယ်၏ ဘ၀တလျှောက်လင်ယူသားမွေး ကိစ္စပါမကျန် သုံးဆောင်စေပြီး၊ ကျန်ရှိသည့် ငွေများကိုမှ ပရဟိတလုပ်ငန်းမှာ သုံးဆောင်ရမယ်လို့ သူဋ္ဌေး မကြီးက သေတမ်းစာမှာရေးခဲ့ပါသတဲ့ဗျာ။ တွေးကြည့်မှိတာက လူကသာခွေးကြွေးတာ ကြားဖူးပါရဲ့ဗျာ၊ အခုတော့ပြောင်းပြန်ကြီးဖြစ်နေသလို့၊ ခွေးပိုမှာလူစာဖြစ်နေသပေါ့၊ လောကကြီး လည်းတယ် ကမောက် ကမနိုင်ပေသကိုး။ ခွေးဖြစ်တာတောင် ခွေးချမ်းသာမဟုတ်ပါကလားဗျာတို့။ ဘယ်လောက်ပင် ချမ်းသာ ချမ်းသာ ခွေးဟာခွေးပဲမဟုတ်ပါလား။ ခွေးမဖြစ်ချင်ပေမဲ့ အဲဒီထရော် ဘယ်ဆို တဲ့ခွေးမလေး ကိုတော့ မနာလိုမှိပါကြောင်းပါဗျာတို့။

ဘလော့စာရှု့သူများ ပျော်ရွှင်နိုင်ကြပါစေကြောင်းဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြ ပါစေခင်မျာ။

Monday, March 12, 2012

ဒီအခန်းကိုဖြတ်

ဟိုတလောစီက ပေါ့သပ္ပုရိသနွယ်ဝင်သူတော်စင်တို့ရယ်၊ ဒါရိုက်တာဝိုင်းရိုက်တဲ့ ဇာတ်လမ်းတို လေးတခုကြည့်လိုက်ရပါသကော၊ ဒီအခန်းကိုဖြတ်လို့အမည်ရှိတဲ့ ဇာတ်ကားလေးပေါ့၊ ကိုကိုငွေ ကမြန်မာဇာတ်ကားတွေ မကြည့်ပါဘူး၊ အခုခေတ်မင်းသားတွေ လူစေ့အောင်တောင်သိတဲ့ လူမ ဟုတ်ပါဘူးဗျာတို့ရဲ့၊ လူမင်း လွင်မိုး ကျော်ရဲအောင်၊ ဒွေး ကျော်ဟိန်း ညွန့်ဝင်း အဲသလောက်သာ သိပါတယ်၊ နိုင်ငံခြားကားကြည့်တာများပါတယ်၊ ပြည်တွင်းဖြစ်ကိုအားပေးပါ ဆိုတဲ့ဆောင်ပုဒ်ကို မယုံကြည်တာရော၊ သရုပ်ဆောင်တာတွေ ပြောတာဆိုတာတွေကလည်း ၊ ဘယ်လိုမှခံစားလို့မရ တာရယ်ကြောင့် မကြည့်ဖြစ်တာပါ။

အခုတောင်သူငယ်ချင်း တစ်ယောက်ကပြောလာလို့၊ မင်းကြိုက်ပါလိမ့်မယ်ဆိုပဲ၊ အဲဒါနဲ့ ဒီအခန်း ကိုဖြတ်ဇာတ်ကားလေးကြည့် မှိတယ်ဆိုပါဆိုဗျာရယ်၊ အိုး အဟုတ်ဘုရားစူးစေ့ ၅ခါပြန်ကြည့်ရ တယ်ဗျာ၊ ကောင်းလွန်းလို့ ဇာတ်ကားတွေကို ဆင်ဆာဖြတ်နေတဲ့အခန်းမှာ တယောနဲ့ မြန်မာ့ မြန်မာ့ရုပ်ရှင်သီချင်းကို အီးလေးဆွဲပြီး ထိုးသွားလိုက်ပုံများ၊ လူသေတဲ့အခါ သုဿာန်မှာ တီးတဲ့ မျောက်မင်းအူသံဆိုတဲ့ သံပေါက်အတိုင်းကိုး၊ ထားလိုက်ပါတော့ဗျာတို့၊ ပြောလိုတာက အဲဒီဇာတ် လမ်းထဲက အခန်းတခန်းကိုပါဗျာ၊ အရာရှိတစ်ယောက်ကို မင်းသားကသွားပြီး မုန့်ပုံးနဲ့ ကန်တော့ တာအရာရှိမင်းက ဒီလောက်ကိစ္စကြီးကို မုန့်ပုံးတပုံးနဲ့ ကန်တော့ရသလားဘာလား ညာလားပြော ဆိုငေါက်ငန်းနေတော့၊ လာကန်တော့တဲ့ မင်းသားက `ဆရာကလည်း လောမကြီးပါနဲ့´ ဆိုပြီး မုန့်ပုံးကို ဖွင့်ပြလိုက်တော့ လားလား မုန့်ပုံးဟုတ်ပါရိုးလား ဗျာတို့၊ ငါးထောင်တန် ငွေစက္ကူတွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံပုံး၊ ပိုက်ဆံပုံးကြီးဗျာတို့၊ အဲဒါမှာ အရာရှိမင်းက ပြုံးချိုသွားပြီး `မဆိုး ပါဘူး ကောင်လေးကြီးပွားအုံးမယ်၊ ချမ်းသာအုံးမယ်´ဆိုပြီး ဆုတောင်းပတ္ထနာပြုနေတဲ့အခန်း ပြောလိုတာက မုန့်ပုံးဆိုတဲ့ဟာကြီးကိုပါဗျာ။

မြန်မာလူမျိုးတွေ ကကျေးဇူးသိတတ်သမို့လား၊ အခါကြီး ရက်ကြီးတွေမှာ၊ ကန်တော့ကြတယ် မိဘဆရာသမားတွေကို အဲလိုအခါမှာ မုန့်ပုံးတို့၊ မုန့်ခြင်းတို့ဆိုတဲ့ဟာတွေက မပါမဖြစ်လေ၊ ၂၀၀၀ခုနှစ်လောက်များစီက၊ အဆိုတော်ဇော်ဝင်းထွဋ်ကြီး မုန့်ပုံးသွားဝယ်ရင်း၊ မုန့်ပုံးဖွင့်လိုက်တာ အမေရိကန် ဒေါ်လာရာတန်အုပ်လိုက်ထွက် လာသတဲ့ဗျာတို့၊ မုန့်ပုံးရဲ့ ဇာတိပ၀တ္တိကို လေ့လာ လိုက်တော့၊ အကြင်မုန့်ပုံးဟာ သွားလေသူဝန်ကြီးချုပ် ကြီးအိမ်ကလာတဲ့မုန့်ပုံးဆိုပဲ၊ အနှီဝန်ကြီး ချုပ်နဲ့ အဆိုတော်ဇော်ဝင်းထွဋ်တို့ကလည်း အိမ်ခြင်းကပ်လို့ကိုး။ မုန့်တွေလာကန်တော့တာ များ တော့ အိမ်ကလူတွေမစားနိုင်၊ မစားနိုင်တော့ နီးစပ်ရာဆိုင်ပြန်သွင်း အဲကလိုနဲ့ အဆိုတော်ဇော် ၀င်းထွဋ်ကြီး ဒေါ်လာပါမုန့်ပုံးကြီးရသွားကရောဗျာ၊ တကယ့်ဖြစ်ရပ်ပါဗျာတို့။ ဟိုးဟိုးကိုကျေုာ်လို့  အဲဒီကတည်းက မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရားကိုခန့်မှန်း မှိတယ်ကိုကိုငွေက လူကြီးတွေကို သွားကန်တော့တဲ့အခါ ကံစမ်းမဲဖောက်သလို မုန့်ပုံးထဲကို ငွေထည့်ထည့်ကန်တော့ရတာပါကလား လို့ပေါ့။

ကမ္ဘာမြေကြီးက ကျဉ်းပါတယ်ဆိုတဲ့ ဆုန်သင်းပါရဲ့သီချင်းလို့ပေါ့ဗျာ၊ ကျဉ်းတော့ စရိုက်လေး တွေကကူးဆက်တယ်၊ အနောက်တိုင်းယဉ်ကျေးမှု့တွေက အရှေ့တိုင်းကိုရောက်လာလိုလာ၊ အရှေ့တိုင်းကဟာတွေက အနောက်တိုင်းရောက်လိုရောက်၊ ဒီနိုင်ငံရဲ့ယဉ်ကျေးမှု့ကလည်း ဟိုဘက်နိုင်ငံတွေရောက်၊ ဟိုဘက်နိုင်ငံက ယဉ်ကျေးမှု့များကလည်း ဒီဘက်ကိုကူးလာနဲ့၊ ယဉ် ကျေးမှု့တွေကူးလူးဆက်ဆံလိုက်တဲ့ဟာက၊ မြန်မာတွေမုန့်ပုံးထဲ ငွေထည့်ပြီးလူကြီးမိဘတွေကို ကန်တော့တဲ့ယဉ်ကျေးမှု့ကလည်း ထိုင်းနိုင်ငံကိုကူးဆက်သွားတယ်ဗျာတို့ရယ်။ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်သက်ဆင်ရှင်နာဝပ် ဆိုတာကိုကြားဖူးမှိကြမှာပေါ့ဗျာတို့၊ အနှီဝန်ကြီးချုပ်ကို ထိုင်းစစ် ဘက်ဆိုင်ရာ အရာရှိများတွေက ၊ အကတိလိုက်စားချေတယ်၊ အာဏာအလွဲသုံးစားလုပ်ချေတယ် ဆိုပြီးသကာလ၊ ၂၀၀၆ခုနှစ်မှာ ထိုင်းစစ်တပ်က နိုင်ငံတော်အာဏာသုံးရပ်ကို အနှီဝန်ကြီးချုပ်ထံမှ သိမ်းပြီး၊ ၄င်းရဲ့ရက်စ်ထိုင်းပါတီနှင့် ပါတီအဖွဲ့ဝင်တွေကိုလည်း၊ နိုင်ငံရေးငါးနှစ် လုပ်ကိုင်ခွင့် ပိတ်ပင် တယ်ဆိုကိုး။

အဲသလိုနဲ့အကြင်ဝန်ကြီးချုပ်က အင်္ဂလန်မှာ၁၈လသွားနေ၊ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့ပြန် လာ၊ မှတ်လ ၁ ရက်နေ့ထိုင်းကိုရောက်၊ အဲအချိန်မှာ ထိုင်းရဲအဖွဲ့ကဖမ်းဆီးပြီး တရားရုံးကိုပို့၊ တရားရုံးတော်က အာမခံငွေအမေရိကန်ဒေါ်လာ ၂၆၇၀၀၀သက်မှတ်၊ အဲဒီနောက် ကျည်ကာကား ကိုစီးပြီး ထိုင်းဆရာတော်ကိုဖူးမြော်၊ သူတည်းခိုတဲ့ဟိုတယ်ရဲ့အပေါ်ထပ်မှာ ရဟတ်ယာဉ်တစ်စီး ထားပြီးအမှု့ရင်ဆိုင်တယ်ပေါ့ဗျာတို့ရယ်။ သူ့အမှု့တွေကလည်းစုံနံသာမြိုင်ပတ်ပျိုးလိုပဲ ဗျာတို့ရဲ့ တော်တော်လေး အကွေ့အကောက်တွေများလှတယ်၊ သူကိုယ်၌ကလည်း ဒေါ်လာသန်း၄၀၀ ချမ်းသာ တဲ့သန်းကြွယ်သူဋ္ဌေး၊ ထိုင်းနိုင်ငံရဲ့ ၁၆ယောက်မြောက်သော အချမ်းသာဆုံးသောပုဂ္ဂိုလ်၊ မန်စီး တီးအသင်းကြီးကိုတောင် ပိုင်ထားသမို့လား။

အမှု့တွေက သူ့ရဲ့ဇနီး ပိုဂျမန်ရှင်နာဝပ်က ရက်ချာဒါပီဆတ်ဒေသမှာ မြေ၀ယ်ခဲ့ဖူးလေရဲ့၊ အဲငွေ မြေကိုသူတို့ပိုင်တဲ့ငွေနဲ့မဟုတ်ပဲ၊ ထိုင်းဘဏ်လက်အောက်မှာရှိတဲ့ Financial Institution Development Fund ကငွေတွေနဲ့ဝယ်ခဲ့တယ်ဆိုတာကတမှု့၊ မြေ၀ယ်တုန်းက ပေါက်ဈေးထက် အဆမတန်နည်းသော ဘက်ငွေသန်းပေါင်း ၇၇၂ သန်းနှင့်ရောင်းဘို့အတွက် သက်ဆင်ကအာဏာ ပြပြီးအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာကတမှု့၊ ရှယ်ယာငွေအမေရိကန်ဒေါ်လာ ၁၆.၃သန်းကို လွှဲ ပြောင်းမှု့မှာ အခွန်တိမ်းရှောင်မှု့ရှိတယ်ဆိုတာကတမှု့၊ အမှု့ပေါင်းသောင်းခြောက်ထောင် ရင်ဆိုင် ပြီးတဲ့အခါမှာတော့၊ သက်ဆင်ပိုင် ဒေါ်လာ၂ဘီလျံကို ထိန်းသိမ်းလိုက်ဟူလို၊ ဇနီးပိုဂျမန်ရှင်နာဝပ် ကို ထောင်သုံးနှစ်ချ၊ သူမရဲ့အကိုကိုလည်းထောင်သုံးနှစ်၊ သူမရဲ့အတွင်းရေးမှူးကိုလည်း ထောင် ၂ နှစ်ချ၊ အမှု့ကိုလည်း အမေရိကန်ဒေါ်လာ ၁၄၉.၀၀၀ဖြင့် အာမခံပေးထားခဲ့တယ်လို့ဆိုလေငဲ့ ဗျာ။

ကိုကိုငွေလည်း ပြောရင်းချာလည်လည်တော့မလို့၊ ပြောလိုတာက ယဉ်ကျေးမှု့တွေ ကူးလူးဆက် ဆံသွားတဲ့အကြောင်းပြောချင်တာပါ၊ မုန့်ပုံးတွေထဲမှာ ငွေထည့်ထည့်ကန်တော့တတ်တဲ့ယဉ်ကျေး မှု့က ထိုင်းမှာလည်းရှိတယ်လို့၊ အားမငယ်ဖို့ ရွှေမြန်မာတွေကိုသိလိုတာပါ၊ ၂၀၀၈ခုနှစ်၊ဇွန်လ ၂၆ ရက်နေ့မှာ BBC ကသတင်းတစ်ပုဒ်လွှင့်ပါရော၊ သက်ဆင်ရှင်နာဝပ်ရဲ့ ရှေ့နေက တရားသူကြီးကို  သကြားလုံးဗူးကြီးတဘူး လက်ဆောင်သွားပေးသတဲ့၊တရားသူကြီးမင်းက သကြားလုံးကိုစားရန် အလို့ငှာ ဗူးကိုဖွင့်လိုက်တော့ အမေရိကန်ဒေါ်လာ ၆၀၀၀၀ သောင်း ဘူးထဲကထွက်လာသတဲ့။ အဲဒီမှာ တရားသူကြီးမင်းက ဒေါသပုန်ထပြီး လက်ဆောင်ပေးတဲ့ရှေ့နေကို ခေါ်ပြီးဆူတော့ ၊ ရှေ့ နေတော်မင်းမြတ်က ဗူးခြင်းမှားပေးမှိကြောင်း တောင်းပန်သတတ်။

ကိုကိုငွေ ကအဲဒီသတင်းနားထောင်ပြီး၊ တော်တော်လေး စိတ်ညစ်သွားတယ်၊ အဲလိုပိုက်ဆံပါတဲ့ ဘူးလာပေးတော့ ပြန်ခေါ်ပေးရ ဒေါပွရနဲ့မရှုပ်ပါကလား သပ္ပုရိသနွယ်ဝင်သူတော်စင်။ ကိုကိုငွေ တို့တောင် အဲလိုငွေပါတဲ့ဘူးမျိုးလိုချင်လိုမှ လူကြီးတွေရဲ့အိမ်အနီးအပါးမှာ ရှိတဲ့စတိုးဆိုင်တွေ မားကပ်တွေမှာ မုန့်ပုံးတို့ အရက်တို့လိုက်ဝယ်နေရ သမို့လား။ အခုဟာက မှားပေးမှန်းလည်းသိ နေမှဥစ္စာ၊ အထဲကပါတဲ့ငွေနဲ့ ၀ယ်စားလိုက်ရုံပေါ့ဟုတ်ဘူးလား။ ဒီပြန်ပေးတဲ့လူကြီးတော် တော်အတာပါပဲဗျာ။ မြန်မာပြည်က လူကြီးတွေကိုအတုခိုးအုံးမှရမယ်လို့ ထင်မှိတာပါပဲ၊ မြန်မာ ပြည်မှာတော့ ဒါမျိုးကြားကြားဘူးပေါင်၊ ယဉ်ကျေးမှု့တွေကူးဆက်တာကလည်း အကုန်လုံးမကူး ဆက်ဖူးနဲ့တူပါရဲ့။ စာရှု့သူတို့ ထိုင်းကိုများရောက်ခဲ့လိုရှိရင် အဲလိုပြန်မပေးရဘူးလို့၊ ပြောပေး လိုက်ကြပါအုံး၊ မြန်မာ့ယဉ်ကျေးမှု့တွေကို ထိုင်းနိုင်ငံက အကုန်မရသွားမှာဆိုးလို့ပါ။

စာရှု့သူများ မုန့်ပုံးချောကလက်ပုံးများ လက်ဆောင်ရခဲ့သည်ရှိသည်၊ ပြန်မပေးပါနဲ့လို့ မလိုချင်ရင် ကိုကိုငွေနဲ့မဒမ်ငွေကိုဖုန်းဆက်ပါလို့၊ ခရီးစရိတ်အကုန်ခံပြီး လာယူပါ့မယ်လို့မှာထား ပါရစေနော်။ ကိုကိုငွေက သကြာလုံးတို့ ချောကလက်တို့သိပ်နှစ်သက်တာကလား  ဒီအခန်း ကိုဖြတ်ဆိုတဲ့ ဇာတ်ကားလေးကြည့်ရင်း အတွေးပေါက်မှိသွားတာပါဗျာတို့ ရယ်။

ဘလော့စာရှု့သူများ မုန့်ပုံးများများ ချောကလက်ပုံးများများ ရပါစေကြောင်း၊ ငွေလမင်းတို့ဆုမွန် တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Thursday, February 23, 2012

ထိုထိုအပင် စိုက်စေချင်

ခုတလော ဘလော့မှာ ကိုကိုငွေတို့ စာမရေးဖြစ်ဘူး၊ တောင်လုပ်မြောက်လုပ်နဲ့ စာမရေးဖြစ်တော့ အိမ်ဦးနတ်သမီး မဒမ်ငွေက စာပေရေးရန် ၊ တိုက်တွန်းတာကိုး ဗျာတို့ရဲ့၊ သဟာကြောင့် ကိုကိုငွေ စာထရေးရတယ်၊ ရေးဆိုတော့ ဘာရေးရမယ်မသိဘူး၊ လောလောဆယ်ကိုကိုငွေက မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးရင်၊ ချမ်းချမ်းအေးအေးထဲ သစ်ပင်တွေရေထထလောင်းရတာကိုး၊ ညနေကျပြန် တော့လည်း တခါလောင်းရတယ်၊ လောင်းရင်းနဲ့ သစ်ပင်အကြောင်းတွေးမှိပြီး အိမ်ကလူကြီးတွေ သစ်ပင်ပန်းမာလ်တွေကို ရှေးလူကြီးသူမတွေ စိုက်တဲ့အတိုင်းစိုက်ကြ ပျိုးကြတာဖြစ်လို့၊ ဘလော့ စာရှု့သူတွေများထဲမှာ ၊ ချောအစိမ်းရောင်လွင်ပြင်လို သစ်ပင်ပန်းမာလ် အစိုက်အပျိုးဝါသနာထုံသူ များ ပါခဲ့ရင်ဖြင့် စိုက်ပျိုးတိုင်းဖြစ်အောင်ဆိုတဲ့ စေတနာလေးနဲ့ သင်ပင်ပန်းမာလ်အ ကြောင်း စိုက်အပ်မစိုက်အပ်သော သစ်ပင်များအကြောင်းနဲ့ နေ့အလိုက်စိုက်ပျိုးအပ်သော သစ်ပင် များဆိုပြီး သုံးပိုင်းခွဲပြီးရေးတင်လိုက်ပါငဲ့ဗျာ။

သစ်ပင်နှင့် ပန်းမာလ်ကိုတော့ လူတရာမှာ ၇၀လောက်ချစ်မြတ်နိုးကြပေရဲ့၊ မြေပိုင်ခြံပိုင်ရှိသူ များကြတော့ ၊ ခြံထဲမှာ စိုက်ကြလေရဲ့၊ တိုက်ခန်းရှိသူများကြတော့လည်း တိုက်ခန်းဝရန်တာလေး မှာ၊ ချစ်စဘွယ်အပင်လေးတွေ စိုက်ပျိုးကြနဲ့ရှိကြသမို့လား၊ သစ်ပင်ဆိုတာ မြေမှာဖြစ်စေ အိုးထဲ မှာဖြစ်စေ ချစိုက်ရင်အပင်ဖြစ်လာတတ်တဲ့ ဟာကိုခေါ်တယ်လို့ဆိုပါတယ်၊ ထိုအပင်ကပွင့်ခဲ့တာ ကိုတော့ ပန်းလို့ဆိုရဲ့၊ ချစိုက်လိုက်တဲ့ အပင်လေးဟာ ရိုးတံနဲ့ထီးထီးမားမားမဟုတ်ပဲ၊ ကန်ဇွန်း နွယ်၊ ခရှုနွယ်တွေလို အနွယ်ကနေပွင့်လာခဲ့ပြန်ရင်တော့ မာလ် (မာလ)လို့ခေါ်တယ်လို့ဆို ပါတယ်။ အပင်ကပွင့်ရင်ပန်း၊ အနွယ်ကပွင့်ရင် မာလ်လို့မှတ်ထားဖူးပါရဲ့ဗျာတို့ရယ်၊ အဲသလိုပဲ အပင်ကသီးတော့ သစ်သီးလို့ဆိုပါတယ်၊ အနွယ်ကသီးပြန်တော့ ၀လံ(၀လ)လို့ခေါ်တယ်ဆိုတာ လည်းမှတ်သားဖူးပါတယ်၊ သစ်သီးဝလံ၊ ပန်းမာလ် ပြပွဲဆိုတာ အများသိကြရဲ့မဟုတ်လား။

အနွယ်ပင်တွေဟာ ဘယ်လိုစိုက်စိုက် ဘယ်လိုပေါက်ပေါက် ဘာပြဿနာမှမရှိပေမဲ့၊ သစ်ပင်ဆို တဲ့အရာကတော့ မစိုက်သင့်နေရာ မစိုက်အပ်တဲ့အပင်တွေရှိပါသတဲ့၊ မစိုက်သင့်တဲ့အပင်ကို မစိုက်အပ် တဲ့နေရာမှာ စိုက်မှိရင်၊ အိမ်ဆူတယ်၊ လာဒ်တိတ်တယ်စသဖြင့် ရှေးလူကြီးများ အယူရှိခဲ့ကြပါ တယ်။ စိုက်သင့်တဲ့အရပ်မှာ စိုက်အပ်တဲ့ အပင်မျိုးစိုက်မှိပြန်ရင်လည်း ကြီးပွားချမ်း သာ ကြတ်သရေ အဖြာဖြာတိုးတတ်တယ်လို့ ရှေးမြန်မာဘိုးဘများ အယူရှိခဲ့ကြပါတယ်၊ ကိုကိုငွေ ကဒါတွေကို ယုံလို့ရေးတာမဟုတ်ပါ ဤကဲ့သို့အမှတ်အသားများရှိခဲ့ တယ်လို့ပြောလိုတာပါ။

မြန်မာစာပေတွေထဲက လောကီသိပ္ပနေမိတ္တကကျမ်းဆိုတာ ရှိတယ်ပေါ့ဗျာရယ်၊ အချို့လည်း ခင်ကြီးဖျော်ဆရာတော်ရေးခဲ့တယ်ဆိုရဲ့၊ အချို့လည်း အမည်မဖော်လိုသူ ကျမ်းဆရာတစ်ယောက် ရေးခဲ့ဆိုလား၊ အဲဒီ လောကီသိပ္ပနေမိတ္တကကျမ်းဆိုတာ သစ်သီးဝလံ၊ပန်းမာလ်တွေအကြောင်း ရေးထားတာတွေပါလေရဲ့ အခုကိုကိုငွေက အိမ်တွေမှာ စိုက်အပ်တဲ့ သစ်ပင်နဲ့ စိုက်အပ်တဲ့အရပ် အကြောင်းကို အဲဒီဘုတ်အုပ်ထဲက လကာင်္လေးကို မျှဝေလိုက်ပါတယ်။

ဋ္ဌာနတည်ရာ၊ အရပ်မှာ၌၊ အိမ်ယာကစ ၊ စိုက်ကြပျိုးရန်၊ သစ်ပင်မှန်ကား၊ သဖန်းရှေ့မွန်၊ တောင်စွန်သရဖီ၊ တောင်ဆီသရက်၊ အဘက်သာခေါင်၊ အနောက်တောင်မှာ၊ အုံးစိုက်ရာ၏၊ အနောက်မှာရှား၊ နောက်ပါးဂန့်ဂေါ်၊ မြောက်မှာသော်သီး၊ အပြီးအံ့လောက်၊ အရှေ့မြောက်လာ၊ ဥသျှစ်စသား၊ စိုက်ကချမ်းသာ၊ ပြန်ရွာအိမ်က၊ စည်ပင်လှသည်၊ ကြွယ်ဝ သားမြေးစဉ်ဆက်တည်း။
လို့ရေးသားထားပါတယ် အဓိပ္ပါယ်က

အရှေ့အရပ်-သဖန်းပင်-ကြခတ်ပင်
အရှေ့တောင်-သရဖီပင်
တောင်-  သရက်ပင်-ပုန်းညတ်ပင်
အနောက်တောင်ထောင့်- အုံးပင်
အနောက်အရပ်-ရှားပင်
အနောက်မြောက်-ဂန့်ဂေါ်ပင်
မြောက်အရပ်- သီးပင်
အရှေ့မြောက်- ဥသျှစ်ပင်
များစိုက်ပျိုးကောင်းတယ်လို့ဆိုပါတယ်၊ ထိုထိုအရပ်မှာ ထိုထိုအပင်များ စိုက်ပျိုး ထားတယ်ဆိုရင်ဖြင့် သားမြေးစဉ်ဆက် ကြီးပွားချမ်းသာလိမ့်မယ်လို့ လောကီသိပ္ပ နေမိတ္တက ကျမ်းဆရာကြီးက သူ့ကျမ်းစာမှာရေးသားထားပါကြောင်း……………။
ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။




Thursday, January 12, 2012

ထိုကဗျာ

ကိုကိုငွေမှာ ဒီတလော ငြင်းရခုန်ရတယ်၊ ငြင်းတယ်ခုန်တယ်ဆိုတာက အမှန်တရားကို လိုချင်လို့ ပါ ၊ ကိုကိုငွေက သိလာတဲ့ဟာလေးတွေကို ဘလော့မှာ ပြန်ပြီးဖောက်သယ်ချနေတဲ့လူဆိုတော့ သိလိုသိငြား စပ်စုစေ့ငုရတယ်ပေါ့ဗျာတို့ရယ်၊ ကိုကိုငွေက မိုးလင်းရင် အလုပ်က အားက စားလုပ်ပြီးတာနဲ့ အနီးအပါးက လ္ဘတ်ရည်ဆိုင်ကိုလစ်ရတယ်၊ လ္ဘတ်ရည်ဆိုင်မှာ သူငယ်ချင်း အပေါင်းအဖော် တစုက ရောက်တတ်ရာရာ စကားတွေ ဖတ်ခဲ့သမျှသိခဲ့သမျှတွေ အကုန်လုံး ဖောက်သယ်ချကြ မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းလည်းငြင်းကြတယ် ကျွန်တော်တို့ သူ ငယ်ချင်းတစုရဲ့ ထူးခြားတဲ့ ၀ိသေသကတော့ ဘာကိုငြင်းငြင်းဘယ်တော့မှ အလျှော့ပေးလေ့ မရှိဘူး။

 ဘယ်လောက်မှန်အောင်ထောက်ပြနိုင်နိုင် အင်းငါမှားတယ်လို့ ၀န်ခံသောအလေ့မရှိဘူး တစ်ယောက်က ချက်နဲ့နကွတ်နဲ့ပြောနိုင်ပြီဆိုရင် ၊ ဘုထတောတော့တာပဲ မင်းကဘာကောင်တုန်း ဘာစာအုပ်ဖတ်ဖူးတုန်း ဘယ်ပညာရပ်ကိုဘယ်လောက်သင်ဖူးတုန်း ၊ ဘယ်တက္ကသိုလ်ကို တက်ခဲ့ ဖူးတုန်း၊ မနေ့တနေ့ကမှ စာအုပ် ကောက်ကိုင်တဲ့ကောင်ကများ ဘာညာနဲ့ စကားနာ ထိုးတယ်၊ ပြီးရင် နိုင်နိုင်ရှုံးရှုံး  ကိုယ့်သဘောကိုယ် ဆောင်ပြီးပြန်သွားကြတယ်၊ နောက်နေ့ လာကြည့် မနေ့ကအတိုင်းပြန်ဖြစ်နေတယ်၊ စိတ်ဆိုးတာ ကောက်တာ မရှိဘူး အဲဒါကတော့ထူးခြားတဲ့ အဲ့ဂျစ်တစ် လို့ဆိုရပေမပေါ့ဗျာတို့ရယ်။

ဒီနေ့တော့ဖြင့်ရင် ထုံးစံအတိုင်း လ္ဘတ်ရည်ဆိုင်ကို ချီတက်လာခဲ့တယ်ပေါ့ဗျာ၊ မျက်စကတော့ ခပ်လှုတ်လှုတ်ပေပဲ၊ ကြားနေရပါပြီ `ဗိုလ်အောင်ဆန်း ဦးအောင်ဆန်း အောင်ဆန်းတဲ့ဟေ့ တခေတ် ဆန်းလာတဲ့ ဇာနည်ပေ´ အဲဒီသီချင်းကို မောင်တစ်ယောက်က ဆိုပြနေတာ ဦးမင်းနောင်လား အဲဒီအဆိုတော်က ဟုတ်တယ်ဘာညာနဲ့ ပြောတုန်းရှိသေး နောက်တ ယောက်က ဗိုလ်ချုပ်ရေးခဲ့ တဲ့ `အနိုင်မခံ´ ကဗျာကိုရသလားတဲ့ ကိုကိုငွေကိုမေးတယ် ၊ ကိုကို ငွေက အဲဒီကဗျာငါမကြားဖူးဘူးကွ၊ မကြားဖူးဘူးဆိုတာ အနိုင်မခံကဗျာကို ဦးအောင်ဆန်း ရေးတယ်လို့မကြားဘူးတာ၊ ငါကြားဘူးတာက ဆရာကြီးညိုမြရေးတယ်ကြားဖူးတာ၊ အဲကနေ စလိုက်တာပြဿနာက ထုံးစံအတိုင်း ညိုမြကွ အောင်ဆန်းကွနဲ့ငြင်းရင်း ကိုယ့်သဘော ကိုယ်ဆောင်ပြီး စိတ်ဆိုးမာန်ဆိုး ဆိုင်က ထပြန်ခဲ့ ကြတယ်ပေါ့ဗျာ။

`ငါ့အားဖုံးကွယ်ထားသော လကွယ်သန်းခေါင်၊ ဤအမိုက်မှောင်တွင်းမှနေ၍ ၊ အနိုင်မခံအရှုံးမပေး တတ်သော၊ ငါ၏စိတ်ကိုဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။ ++++ ငါ့ဦး ခေါင်းသည် ငွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ ညွတ်ကားမညွတ် အစချီသော အနိုင်မခံ ခေါင်းစဉ်ပါ စာသားကို ဒုတိယ ကော်လိပ်သပိတ်အပြီး ၁၉၃၆ခုနှစ်၊ ၁၂၉၈ - တော်သလင်းလမှာ ထုတ်ဝေတဲ့ အိုးဝေ မဂ္ဂဇင်းခေါင်းစီးပိုင်းမှာ ပါရှိပါတယ်။ ဒီကဗျာရဲ့မူရင်းက ကောလိပ်အင်္ဂလိပ်စာပေ ပြဋ္ဌာန်းစာ အုပ် Golden Treasury အင်္ဂလိပ်ကဗျာညွန့်ပေါင်းစာအုပ်ပါ “Out of The night that covers me” အစချီ “Invictus” ကဗျာဘာသာပြန်ဖြစ်သည်၊ မူရင်းကဗျာပိုင်ရှင်မှာ W.E.Henley (ဒဗလျူဟိန်လေး) ဖြစ်ပြီး၊ ဟိန်းလေး နေမကောင်းဖြစ်နေစဉ် အင်ဒီဘာရာရှိဆေးရုံ၌ လူနာအဖြစ်တတ်၍  ဒုက္ခဝေဒနာ ကိုကြံကြံခံပြီး ထိုကဗျာကိုရေးခဲ့ရာ စာပေလောကတွင် ကျော် ကြားသွားသော ကဗျာ တပုဒ်ဖြစ်သည်၊ ထိုကဗျာကို ဆရာညိုမြက အကြမ်းဘာ သာပြန်ပေး ခဲ့ပြီး ဆရာကြီးမင်းသုဝဏ်က အချောကိုင်ပေးခဲ့သော ကဗျာဖြစ်သည်၊ ဦးအောင်ဆန်းကို လေးစား သမှု့ရှိသော သူများက ပုဂ္ဂိုလ်စွဲဖြင့် ဦးအောင်ဆန်းမလုပ်ခဲ့သည်ကို လုပ်ခဲ့သယောင်ယောင် ပြောဆိုနေခြင်းဖြစ်ပါတယ်။

ဦးအောင်ဆန်းသည် ၁၉၃၅ခုနှစ်အတွက်သာ အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့ပြီး ၁၉၃၆ခုနှစ် အတွက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဆရာညိုမြဖြစ်သည်။ ဒီကိစ္စကို ကိုကိုငွေရမ်းပြောနေခြင်းမ ဟုတ်ပါ အထောက်အထားရှိပါသည်၊ ၁၉၇၅ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့ပါ နေ့စွဲဖြစ့် အိုးဝေ အယ်ဒီတာဟောင်း ဆရာညိုမြက  နိုင်ငံတော်စာကြည့်တိုက်မှူးဆရာတိုက်စိုးအား မှတ်စုတခု ပို့ခဲ့ရာ ထိုမှတ်စုတွင် “၁၉၃၆ ခုနှစ်တွင် ကျွန်တော်သည် တက္ကသိုလ်သမဂ္ဂအိုးဝေ မဂ္ဂဇင်းကို တာ ၀န်ခံအယ်ဒီတာအဖြစ် ကိုအောင်ဆန်းနေရာကို ဆက်ခံခဲ့ပါသည်၊ ထိုနှစ်အိုးဝေခေါင်းစီးပိုင်းတွင် အနိုင်မခံဟူသော ခေါင်းစဉ်ဖြင့်  ရေးသားပါရှိခဲ့ရာ Invictus ဟူသော ကဗျာကိုမှီး၍ ရေးသားခဲ့ခြင်း ဖြစ်သည်၊ ထိုနေ့က ကျွန်တော်သည် တက္ကသိုလ် ထမင်းစားခန်း၌ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့နှင့် တစ်စားပွဲတည်း အတူ (ဗိုလ်ချုပ်အောင်ဆန်းလည်းပါသည်) ထမင်းစားခဲ့ရာ  မင်းသုဝဏ် ကကျွန်တော့်စာကို အချောကိုင်ပေးခဲ့ပါသည်”

(အထက်ပါစာအကြောင်းကို ၂-၄-၇၇ နေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံသုတေသနအသင်း နှစ်ပတ် လည် အစည်းအဝေးတွင်  ဆရာတိုက်စိုး (ဦးသန်းထွက်) ကိုယ်တိုင်ဖက်ကြားခဲ့သော မိန့်ခွန်း တွင် ထိုမှတ်စုအကြောင်း ထည့်သွင်းပြောကြားသွားပါသည်)

ကိုကိုငွေသည် အနိုင်မခံ ကဗျာကို ဆရာညိုမြရေးခဲ့သည်ဟူသော ကိစ္စကို အထက်ပါ အချက်အ လတ်များကြောင့် ပြောနိုင်ခြင်းဖြစ်ပါသည်၊ ကျွန်တော့်ကို ဦးအောင်ဆန်းရေးသည်ဟု အကိုးကား မဲ့ပြောသော မောင်ကား မည်သို့သော အချက်လတ်ကို ကိုးကားသည်ဟူ၍ ကိုကိုငွေမသိပါ ကိုကို ငွေသိသည်မှာ အနိုင်မခံ ကဗျာ၏ မူရင်းဘာသာပြန်ဆိုသူမှာ (ကုန်းဘောင်ရှာပုံတော်)ရေးသားသူ ရှာပုံတော်မင်းသားကြီး ဆရာကြီးအိုးဝေညိုမြပင် ဖြစ်ပါကြောင်း……………။

ဘလော့စာရှု့သူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်း ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Friday, December 30, 2011

ကဗျာရူး

ကဗျာဆိုတာ လူတိုင်းရွတ်ဆိုဖူးကြရဲ့မို့လား၊ သူငယ်တန်းကနေပြီး တက္ကသိုလ်ရောက်သည့် တိုင်ကဗျာတွေ သင်အံဖက်မှတ်လေ့ကျတ်မှတ်သား လာလိုက်ကြတာ  ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ် မှာပါတဲ့ ကဗျာတွေကိုက ၂၀ကျော်၃၀ ၊ သူငယ်တန်းက ကိုကိုငွေတို့ အော်ခဲ့ကြတယ်လေ မမ၀၀၊ ထထက အကထမ ၊ ကပါကပါ ၊ မမရာ ညညလသာသာ ၊ ညအခါ ငါစာရ မမ၀၀ထထက၊ ဒါက သူငယ်တန်းစာပါ၊ နောက်တော့ စပါးရွှေဝါ ၀င်းပါစေ ပန်းတွေသင်းပါစေ၊ ငှက်ကလေးတွေ မိုးတိမ် ကြား ပျံ နိုင်ကြစေသား၊ မေတ္တာပို့သ တဲ့ ကဗျာလေး၊ နောက်တော့ တောင်တောရယ်သာ၊ မာလာ ကငုံဖူး တစ်ပင်ကို နှစ်ပင်ယှက်တယ် ကျေးငှက်ကမြူး၊ ဒါလေးကြတော့ တောဖွဲ့တောင်ဖွဲ့လေး၊ နောက် ဖိုးတောင်သူ့တဲတို့၊ မြစ်ဧရာတို့ ၊ တောဒဟတ်ပန်းတို့၊ ချိုပေစွ ဟင်းချိုတို့ စတဲ့စတဲ့ ကဗျာလေးတွေကို ကျွန်တော်တို့ကို စာပေသင်ကြားပေးခဲ့ကြသော အာစရိယဂိုဏ်းဝင်ကျေးဇူး ရှင်များရဲ့ သွန်သင်မှု့ကြောင့် ကျွန်တော်တို့တတွေ ကဗျာကိုသိလာ နားလည်လာ ခံစားတတ်လာ ကြရဲ့မဟုတ်လားဗျာတို့ရယ်၊ ဆရာသမားများကိုလည်း ဒီစာလေးရေးရင်းကနေ လက်အုပ်ချီမိုး ရှိကြီးခိုးမှိပါရဲ့။

ကိုကိုငွေက မနေ့ကဘာဟင်းနဲ့ ထမင်းစားတယ်ဆိုတာသာ မမှတ်မှိရှိရမယ် ငယ်စဉ်က ကဗျာလေး တွေကိုတော့ မှတ်မှိသေးတယ် ၊ ၀ါသနာ ပါတဲ့အတိုင်းပေါ့ ကဗျာစာအုပ်တွေ ဖတ်ရမယ်မှန်း မသိခဲ့ချိန်က ၊ ကျောင်းသုံးစာအုပ်ထဲက ကဗျာလေးတွေကို ခံစားပြီး ရွတ်ဆိုတာ ၊ ဟောနောက် တော့ မိဘများအဘိုးများက ဟိုစာအုပ်ထဲက ကဗျာလေးသင်ပေး ဒါလေးသင် ပေးနဲ့သင်ပေးလိုက် တော့ တော်တော်လေးရွတ်တတ်ဆိုတတ်ရှိလာတယ်ပေါ့ဗျာ တို့ရယ်၊ ငယ်ငယ်ကဆို မဲဇာတောင် ခြေရတုကို အဘိုးက မယ်ဒလင်နဲ့ တီးပြတာ ကိုကိုငွေက ဆိုတာ အောင်မလေး မျက်ရည်တောင် ကျလိုက်သေး၊ လွမ်းမောဖွယ်ရာကြီးမလား ၊ သားတွေမယား တွေနဲ့ ခွဲပြီး မဲဇာတောထဲမှာ နေရောင်တောင်မမြင်ရရှာတဲ့ ရတုရှင်ခမျာ ဘယ်လောက် သနားစရာ ကောင်းလိုက်လို့တုန်း၊ ဟော နောက်တော့ ကဗျာကို ဝေဖန်တတ်လာတယ်၊ စာလိုပေလိုဝေဖန်တတ်တာ မဟုတ်ရပါဘူး ကိုယ်စိတ်ထင်နဲ့ ကိုယ်ဝေဖန်တာ။ ပြောရင်းနဲ့ တောင် ကဗျာတပိုင်းတစ ခေါင်းထဲပေါ်လာလိုက်သေး။

လွမ်းများဘုရင် ၊ လွမ်းကြင်ငှက်ကိုလ ၊ လွမ်းစာခွေဆက်ချင်ငဲ့၊ လွမ်းလျှက်ပင်  ကြည့်စမ်းပါ့ဗျာတို့ ရယ် အလွမ်းကိုတည်ပြီး ပတ်လည်ရိုက်သွားပုံလေးများ မလှပေဖူးလားဗျာ၊ ဒါပေမဲ့ ဒီစာဆိုတော် ကိုတော့ဖြင့်ရင် ကိုကိုငွေက ခေတ်မမှီဘူးလို့ဝေဖန်ချင်တာပဲ ဘာလို့လဲဆိုရင် လွမ်းကြင်ငှက်ကို စာပို့ခိုင်းစရာမှမလိုတာလေ ဟုတ်ဘူးလား၊ Air mail တို့ G- mail တို့ ရှိနေပြီပဲဥစ္စာ။

လွဏ်းစက်ပျံလေယာဉ်နှင့် ၊ ခင်ခင့်စံခန်း ၊ မှာတော်ချင်စမ်းပါဘိ ၊ လွမ်းသူကိုယ်တိုင် ၊ လွမ်းရွှေဂရို့၊ ရေလို့မနိုင် ၊ နိဗ္ဗာန်တိုင် လွမ်းမယ်လေး ၊ လွမ်းတလို့မှိုင် ။ ဒီဆရာသမားကဆိုရင် ဖြင့် ခေတ်မှီတယ် ဘာလို့လဲဆိုရင် သူက Air mail နဲ့စာပို့ရမှန်းသိတယ်၊ ဒါပေသိ သူ့ခမျာ ကိလေသာ အားကောင်းရှာတော့ နိဗ္ဗာန်ထိတောင် လွမ်းမယ်ဆိုတော့ တရားထိုင်နေရင်း ချစ်သူ အကြောင်းတွေးမည့်သူလေလား။

နိဗ္ဗိန္ဒာတေးထပ်လေးတွှေလည်း ကြိုက်ပါရဲ့ ထုံးရွှေရောင်၊ နောင်မကျော့ချင်ဘု၊ တောင်တမော့ ဗွေအငူ၊ ဆိုတာတွေ၊ ရွှေနောက်ဆံ မယ်မတင်းရအောင် ငယ်စာရင်းဖျတ်ပါတော့ဘုရား ဆိုတဲ့ မမြလေးရဲ့ ကဗျာတွေ ကျက်ခဲ့မှတ်ခဲ့ပေမဲ့ ၊ ခုတော့ဖြင့်ရင် အစဆုံးတောင်မရပေတော့ဘူး၊  ဦးပုညရဲ့ ၀တ်ပန်းတည် ဆင်အသစ်နှင့်၊ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်၊ မေတ္တာသွန်းတဲ့ ၊ငယ်ကျွမ်းဖော်ရယ်၊ အလွဏ်းတော်၊ဖြေရှာရစ်တော့လေး ဆိုတဲ့ တေးထပ်လေးဖတ်မှိပြန်တော့ မျက်ရည်ဝဲပြီး သာဓုခေါ်မှိတယ် ၊ ခမျာမှာ ငယ်ချစ်သူကိုထားပြီး ရသေ့ရဟန်းပြုပြီး တောထွက်မယ် ဆိုကိုး။

အဲဒီနိဗ္ဗိန္ဒာတေးထပ်ကို များရွဲ့ဆိုထားသလားထင်ရတဲ့ ခေတ်သစ်ဘောလည်လေးကလည်း တမျိုး ပျော်စရာကောင်းနေပြန်ရော ၊ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုချင်ကြောင်း စပ်ဆိုထားပုံက စိပ်ပုတီးနဲ့ ရိပ်ကြီးရယ်ခို ၊ ချောင်အနီး မောင်ကြီးတစ္ဆေကိုက် လိမ့်မယ်၊ မင်းလိုက်ခဲ့အုံး ..။ဆိုတော့ ကိုကိုငွေ ကအဲဒီ ကဗျာလေးကိုတော်တော်လေးသဘောကျတယ် မဒမ်ငွေကိုလည်း တောတက်ပြီးပုတီးစိပ် တဲ့အခါ ခေါ်သွားမယ်လို့မှန်းတယ်၊ ဘာလို့ဆိုရင် ကိုကိုငွေက သရဲအရမ်းကြောက်တတ်တဲ့ သဘောရှိတယ်။

အမည်မသိတေးထပ် ဆရာတစ်ယောက်ရဲ့ မယားချစ်ပုံတေးထပ်လေးကလည်း ရီချင်စရာ အစတော့ မေ့နေပြီး အဆုံးပဲရတော့တယ် ဘာတဲ့ ခင်လေးက ကြင်ရေးမျှော်လျှင် ၊ ဖင်ဆေးတော် မူခိုင်းကွဲ့လေး ဆိုလား၊ အဲဒီတေးထပ်လေးကြတော့ ကိုကိုငွေက တော်တော်မိန်းမချစ်တဲ့ ဆရာပဲလို့ ချီးမွမ်းတယ်။

နောက်တေးထပ်လေးကျတော့ အင်္ဂလိပ်စာ တတ်ကြောင်း ပြဆိုတဲ့ တေးထပ်လေး သဘောတွေ့ လှလွန်းလို့ အရကျတ်ထားမှိခဲ့သေး ၊ I love you very much စွဲမှိကပ်မှန်တယ်၊ hurry up ကြံ ရွယ်သည်၊ စံစပါယ်ဇင်ပန်း ၊ rosy cheek ခိုင်ပန်းကျုကို I want to kiss ဖို့ရွယ်မှန်း။ အဲဒီတေးထပ် ဆရာကျပြန်တော့ တီထွင်ဥာဏ်အင်မတန်ရှိတယ်လို့ သုံးသပ်မှိပါရဲ့၊ ခေတ်လည်းမှိပါ့နော်။

ပဒုမတုပကာ နင်မယောင်နဲ့၊ ဆင်ပြောင်ကို ခြင်ကောင်းဝါးသည့်နှယ်၊ ယားရုံမျှ ဥပမာ၊ နင့်အမေ ရှင်ဇလာနှင့် ၊ ငါဆရာအိမ်ထောင်ကျလျှင် ၊ မဒုဆို မောင်ရွှေမမှာ သားငယ်မျှသာ …………………………………….ငါဆရာ မင်းဖေဘကို ဦးချလှည့်ဦး ၊ ဒါကတော့ လယ်တီဆရာတော် ဘုရားကြီးက ပုသိမ်ဆရာတော်ဦးပဒုမကို ပရမတ္ထဒီပနီဋီကာကို ဝေဖန်မှုနဲ့ မတန်မရာလုပ်သည် ဆိုပြီး ဆဲဆိုကြိန်းမောင်းသော တေးထပ် ဆရာတော်ကြီးများလဲ ဆဲကြတုတ်ကြပေသကိုး၊ ဆရာတော်ပဒုမကတော့ ဘယ်လိုတုန့်ပြန်လည်း မသိရပါဘူး၊ ပညာရှင်တွေဆဲလေ ကိုကိုငွေတို့ လိုမတောက်တခေါက်တွေပညာရလေပေါ့ ၊ ကိုကိုငွေတို့သာ ဆဲရင် အယုတ္တအနတ္တတွေသာ ထွက်မယ် ဒီလို ဂုဏ်မြောက်တဲ့ တေးထပ်တပုဒ် တော့ဖြစ်မယ်မထင်။

စာဆိုတော် အကျော်အမော်ကြီးတွေလည်း ရန်လိုကြ၊ ငယ်ကျိုးငယ်နာ ဖော်ထုတ်ပြီး ကဗျာရေးကြ နဲ့ လုပ်လိုက်ကြတာ ၊ ဆရာဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ အတွဲဆိုရင် သာတောင် ကလော် ကြသေး ၊ ကဗျာစီ မောင်ပုည ၊ ဆောင်ဂုဏ်ပြထုတ်လျှင်၊ တောင်ချုံကပုတ်သင်လို ၊ ကုတ်ခွင်သိန် လက်သေး၊ မင်းမြောက်လို့ ၊ သင်းလောက်ကျော်တယ် ၊ ထွင်းဖောက်ကော် ဥာဏ်မျိုးနဲ့ဝေး။ စလေဆရာကို ဆရာဖေက နှံလိုက်တဲ့တေးထပ်ပေပေါ့ ၊ စလေဆရာကြီးက လကကလေးသိမ်နေ တာကိုး။

ဆရာဦးပုညကလည်း ဘယ်ရမတုန်း သူလည်း စာပေပညာရှင်ဆိုတော့ ဆရာဖေကိုတခါနှံလိုက်ပုံက ခတောင်းကျိုက်၊ ပတုံးပိတ်ရယ်နှင့်၊ ကျုံးထိပ်ကငဖေ ၊ ကုန်းပြိတ္တ တစ္ဆေလို၊ အသရေဟိတ် နွမ်း…........ဆရာဖေတို့က မြင်းကုန်းနှီးချုပ်တဲ့အချုပ်တန်းဆိုတာ မြောက်ပြင်က နဂါးဒေါ်ဦး ကျောင်းဘက်ဆိုတော့ မြောက်ကျုံးထိပ်ကျမှာပေါ့ ၊ ခတောင်းကျိုက်ဆိုတာကတော့ စလေဆရာက ဆရာဖေ အလုပ်လုပ်ချိန် လှမ်းခြောင်းတယ်ထင်ပါရဲ့၊ လက်သံကလည်းပြောင်ပါ့ ဆရာရယ် ၀က်ဝက်ကိုကွဲကရောပါလား။

နောက်ရှိသေးရဲ့ ဆရာဖေကို ဆော်တဲ့ တေးထပ်တွေ ဂျတ်ကောင်နှယ်၊ ဖင်ကြားက သန်းစကား ၀ါသူ ၊………………….. မိုးကြိုးနဲ့ အီးသံလို အလှမ်းကွာလွန်းတာမို့လေး။ အဲလိုအဲလို ပညာရှင်တွေ ရှိခဲ့တော့ ကိုကိုငွေတို့တွေ ကဗျာဆိုတာတွေသိရ၊ တေးထပ်ဆိုတာနားလည်ရနဲ့ ကျေးဇူးများပါ ပေ့ ကဗျာဆရာကြီးတို့ရယ်၊ အခုတော့ဖြင့် ဒီလိုတေးထပ်တွေ ရေးမဲ့သူလည်းမရှိတော့သလို ဖတ်တဲ့လူလည်း နည်ဲးပါးသွားပြီ၊ တချို့ကိုကိုငွေသူငယ်ချင်း များဆိုရင် ကြားတောင်မကြားဖူးဖူးတဲ့  မြန်မာကဗျာနဲ့ စာပေဟာ တိမ်ကောလုဖြစ်ပါကော ။

ကိုယ်မွေးတဲ့သားလေးသမီးလေးကို ဘယ်လို သီချင်းနဲ့များချော့သိပ်ကြရမှာပါလိမ့်၊ ကာရံမပါ နဘေမရှိ သုတိမသာ သောတာလကာင်္ရမဖြစ်တဲ့ ဒုန်းဒုန်းဒိုင်းဒိုင်း အသံများကိုတော့ဖြင့် ကိုကိုငွေ စိတ်ဝင်စားမှုသိပ်မရှိလှပါ၊ ပြောနေရင်း နဲ့ပင် ကိုကိုငွေ ငယ်စဉ်က အိမ်ရှေ့သရက်ပင်အောက်က ခုံအ၀ိုင်းကြီးမှာ မယ်ဒလင် တစ်ဒေါင်ဒေါင်နဲ့ အဘိုးနဲ့သူငယ်ချင်းတစုက `တိမ်ညိုမြင်လျှင် ဖူးရောက်ချင်သည် ၊ ငှက်သွင်ပျံကြွ ၊ မတတ်သော်……..သီချင်းသည်ကြီး ပြည်လှဖေရဲ့နက်သျှင်နောင်သီချင်း ည်ီးသံကို ရေးရေးကြား ယောင်မှိ ပါတော့တယ်။

ဘလော့စာရှု့သူများ မြန်မာစာပေမြန်မာကဗျာ မြန်မာဂီတ ခံစားနိုင်ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Sunday, December 25, 2011

ဤပြည့်မျက်နှာကြည့်ကြပါတော့


မြန်မာပြည်သူ ၊ဟူပေရကား
အကြွားလည်းကင်း ၊တရားကျင့်နှင့်
စိတ်မြဲတည်ကြည်၊ရဲရင့် ဇွဲရင်း
တွေးမှလျှော်ကန် ၊မွေးမှမှန်လိမ့်။
မြန်မာပြည်သူ၊ ဟူပေသဖြင့်
အကျင့်လည်းမှန်၊ အကြံလည်းကောင်း
အကြောင်းလည်းမျှော်၊ သို့မှတော်လိမ့်။
မြန်မာပြည်သူ၊ ဟူပေသောကြောင့်
တော်ဖြောင့်ကျင့်သုံး၊ မြတ်နှလုံးနှင့်
သုံးပါးသောကံ ၊ ယဉ်မှဟန်လိမ့်။

ဒီကဗျာလေးက ဆရာကြီးတင်မိုးရဲ့ကဗျာလေးပါခင်မျာ မြန်မာဆိုတာ အဲလိုစိတ်ရင်းစိတ်ဓာတ် ရှိတဲ့သူကို ခေါ်ပါသတဲ့။

ယခုတလော မြန်ပြည်တွင်းမှာတော့ဖြင့်ရင် စိတ်မချမ်းသာဖွယ်ရာ သတင်းတွေ ပြည့်နှက်လို့ နေပါတယ် ၊ လူဆိုးဂိုဏ်းဆန်ဆန် လူသတ်မှု့၊ လုယက်မှု့၊ စသဖြင့် ဒေါသပိုင်းဆိုင်ရာ အနိဋ္ဌာရုံ ပြစ်မှု့များ၊ ဘုရင်နောင်ပဲကုန်သည်အသင်းရဲ့ သိန်းနှစ်သောင်းကျော် လိမ်လည်မှု့၊ သိန်းငါးထောင် ကျော်လိမ်လည်မှု့၊ နိုင်ငံကျော် ဆေးတိုက်ကြီးတခုရဲ့ သားသမီးတော်စပ်သူများက သိန်းနှစ် သောင်းကျော် လိမ်လည်ပြီး ဘန်ကောက်ထွက်ပြေးတဲ့ လောဘဆိုင်ရာ အနိဋ္ဌာရုံ များ၊ မြေနီကုန်း လမ်းစုံ ၆စီးဆင့်တိုက်သွားသည့် ကားတိုက်မှု့၊ ဘုရင့်နောင်လမ်းပေါ်က ကားကြီးကားလေး တိုက် သည့် မောဟဆိုင်ရာပြစ်မှု့များဖြင့် ပြည်တွင်းမှာ ပြည့်နှက်ပြီး စိတ်လက်မသက်မသာ ဖြစ်ရသလို။

အမေအဖေတွေနဲ့ခွဲ၊ မိသားစုနဲ့ခွဲ၊ ညီကိုယ်မောင်နှမနဲ့ခွဲပြီး ရေခြားမြေခြား တိုင်းတပါးမှာ မိရဲ့ ပညာနဲ့ ဆိုင်တဲ့အလုပ်ရော မိမိပညာနဲ့မစပ်ဆိုင်တဲ့ အလုပ်ရော ရရာအလုပ်ကို နဖူးချွေးခြေမ ကျအောင် အဆူခံ၊ အနှိမ်ခံ ၊ ဘ၀တွေနဲ့ ရုန်းကန်လှုပ်ရှားပြီး ရှိတဲ့ငွေလေး မြန်မာပြည်ရှိ မိဘ မောင်ဖွား မိသားစုများရှိရာထံ ပြန်ပို့ဖို့ ငွေလွှဲပို့အပ်လိုက်ပါတယ်၊ လိမ်ပြီး အင်္ဂလန်ထွက်ပြေးတဲ့ လူနဲ့၊ သံရုံးဆိုင်ရာ စာရွတ်စာတမ်းတွေကို မလုပ်တတ်လို့ ၊ ရုံးဝင်ရုံးထွက် မကျွမ်းကျင်လှလို့၊ ကူညီမလားလို့မမှတ်လိုက်နဲ့ ၊ အင်းနိုင်ငံရပ်ခြားမို့လား သူတို့လဲ အလုပ်လုပ်နေရ တယ်ဆိုပြီး၊ မြန်မာအချင်းချင်း ငါ့ကိုမကူညီရမလားရယ်လို့ စိတ်ထဲမထား နားလည်မှု့အပြည့်နဲ့ မိမိလစာလေး ထဲက တချို့တ၀က် ခွဲဝေပြီး ပွဲခဥာဏ်ပူဇော်ခ အဖြစ်ပေးပြီး၊ သံရုံးဆိုင်ရာ စာအုပ် စာတမ်း ကိစ္စတွေလုပ်ခိုင်းလိုက်ပါတယ်၊ ငွေတွေယူပြီး ထွက်ပြေးလိုပြေး ၊ တော်သေးရဲ့ မောင်မင်း ကြီးသား မယ်မင်းကြီးမများက စာအုပ်စာတမ်းလေးတွေထားခဲ့ကြပေလို့၊ ယူသွားအစဖျောက် လိုက်မှဖြင့် စာအုပ်ပိုင်ရှင်တို့ခမျာနိုင်ငံရပ်ခြား တိုင်းတပါးမှာ ဒုက္ခကြီးလိုက်မဲ့ဖြစ်ခြင်း..။

အော် ဘယ်နှယ့်ဖြစ်နေကြပြီတုန်း ရွှေမြန်မာတို့ရယ်၊ နိုင်ငံတွင်းမှာလည်း အကြီးပိုင်းကစပြီး ခိုးကြ လိမ်ကြ၊ ကောက်ကြ ကျစ်ကြနဲ့ဖြစ်ကုန်လို့၊ ရာထူးပြုတ်လိုပြုတ်၊ ထွက်ပြေးတဲ့လူကပြေး၊ ပြည်ပ ရောက်မှ မြန်မာသူခိုးဆိုပြီး ဖမ်းပြီးပြန်ပို့ရလိုပို့ရနဲ့၊ ကျွန်တော်တို့တိုင်းပြည်ဟာ ဒီလိုလူလွန်မသား လူလွန်မသမီးတွေကြီးလား၊ ဒေသတွင်းနိုင်ငံ တွေများရော နိုင်ငံတကာမှာရောပါ လှည့်ပတ်အရှက် ခွဲနေတဲ့ လူတွေကြီးဖြစ်ကုန်ကြပလား၊ ကျွန်တော်တို့ငယ်စဉ် ဒါမျိုးတွေကြားရတာ ဒီလောက်မစိပ် ပါဘူး ငါးနှစ်တခါ ဆယ်နှစ်တခါ ဆိုတာမျိုးလို ကြားရသိရတာပါ ။

 အခုတော့တလခြားတခါ ကြားသိနေရတာက ဘယ်နှယ်ကြောင့် ဒီပုံဒီလိုဖြစ် ကုန်ကြတုန်း ဗျာ။ ကိုယ်အဆင်မပြေတိုင်းထခိုးရမှာလား၊ ကိုယ်အဆင်ပြေချင်တိုင်း သူများချွေးနဲစာကို ခိုးယူလု ယက်ရတော့မလား၊ ခင်များတို့ရဲ့သားသမီးတွေကို အဲလိုသင်ပေးမလား၊ ခင်များတို့ကို နိုင်ငံရပ် ခြားတွေမှာ ဖမ်းမှိကြတော့၊ နိုင်ငံသိက္ခာကျတယ် အဲဒီသိက္ခာအတွက် နိုင်ငံကိုဘယ်လိုမျက်နှာနဲ့ ပြန်လာကြမတုန်း၊ လက်ထိပ်နဲ့ လေယာဉ်ပေါ်က ဆင်းလာတဲ့ ခင်များတို့ရဲ့ ကြတ်သရေမဲ့တဲ့ မျက်နှာတွေကို နိုင်ငံပိုင်ဂျာနယ်တွေ၊ သတင်းစာတွေက နိုင်ငံကျော်သူခိုးကြီးတွေအဖြစ် ထည့်သွင်း ရေးသားကြလိမ့်မယ်။ ခင်များတို့ရဲ့ ခိုးဝှက်ဖျံကျ ကလိမ်ကျခြင်းအမှု့ဟာ ဒီပြင်သိက္ခာတတ်စရာ မရှိပါဘူး။

လူတစ်ယောက်ကပြောလာတယ် မှော်ဘီနည်းပညာက ကျောင်းသားတစ်ယောက် အဖေအမေ လယ်သမားတဲ့၊ မြန်မာပြည်မှာ အလုပ်ရှားလှလို့ ။ စကာင်္ပူတက်အလုပ်ရှာ အလုပ်ကရတယ် အင်ဂျင်နီယာ လစာ၁၈၀၀တဲ့၊ စကာင်္ပူသွားဖို့ သူတို့မိဘက ငွေတသိန်းကို အတိုး နှစ်သောင်းနဲ့ချေးပြီး ၁၈သိန်းထည့်ပေးလိုက်သတဲ့၊ အလုပ်ကနှစ်လပြည့်ခါနီးမှ ရလို့ အခုမှ ပထ မဆုံးလစာကို မိအိုဖအိုတွေ အကြွေးလေးဖဲ့ဆပ်ဖို့ ငွေလွှဲလိုက်တာ စကာင်္ပူငွေ ၁၂၀၀တဲ့ ၊ အဲဒီငွေကို လူ လွန်မသားသမီးတွေလိမ်သွားလို့၊ အိမ်ထဲမှာကြိတ်ငိုပြီး ၊ အတိုးမသပ်နိုင်လို့ အိမ်နဲ့ခြံ ပေါင်လိုက် ရတယ်တဲ့၊ ကဲခင်များတို့ စဉ်းစားကြည့်ကြပါအုံး၊ လူလွန်မသား သမီးတို့ရယ်။ အဲဒီသားမိသားဖ တွေဘယ်လိုခံစားကြရမလဲ၊ ခင်များတို့ကတော့ အင်္ဂလန်ပြေး အဖမ်းခံလိုက်တာနဲ့၊ ပြီးသွားပေမဲ့ သူတို့လိုသားမိတွေ ဘ၀ဘယ်လောက်များ သနားဖို့ကောင်း လိုက်မလဲ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး စကားလုံးရိုင်းရင် သီးခံဖတ်ကြပါခင်မျာ၊ အလိမ်ခံရတဲ့လူတွေဟာ အဆင်ပြေတဲ့လူ ငွေကြေးချောင်လယ်တဲ့လူဆိုတာ အနဲစုလောက်သာ ပါပါလိမ့်မယ်၊ မမြင်ရတဲ့ ဘ၀တွေဟာ လူလိမ်လူကောက်တွေကြောင့် အိမ်မက်တွေပြိုပျက်ခဲ့ကြတယ်ဆိုတာတော့ တွေး ကြည့်ရုံနဲ့ပင်သိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ သူခိုးဂျပိုးကြီးများမဟုတ်ပါ၊ စာနာ တတ်သော နှလုံးသားရှိသော လူများ၊ မင်္ဂလာနှင့်နေသော မင်္ဂလာကိုဆောင်နှင်းတတ်သော လူများသာဖြစ်ပါတယ်၊ ရှေးတုန်းက သူခိုးမရှိတဲ့တိုင်းပြည်လို့တောင် စာတွေမှာရေးသားထား တာဖတ်ဖူးပါတယ်။

 မြန်မာပြည်ဆိုတာ ပညာတတ်များ နိုင်ငံအကျိုးသယ်ပိုးသူများ၊ ကမ္ဘာ့အလယ် နိုင်ငံကျက်သရေဆောင် သားကောင်းသမီးကောင်း များကို မွေးဖွားပေးရာ ကျက်စားရာ ဒေသကြီး ဖြစ်သလို။ ထိုနိုင်ငံ၌ မွေးဖွားတဲ့ မြန်မာဆိုတဲ့လူမျိုးကလည်း အကြွားကင်းခြင်း ၊ ကိုယ်ကျင့်တရား ကောင်းခြင်း၊ စိတ်တည်မြဲခြင်း စသော စိတ်ပိုင်းဆိုင်ရာ စိတ္တသတ္တိနဲ့ပြည့်စုံသော သူများသာ ဖြစ် ပါတယ်။ ကမ္ဘာ့အလည်နိုင်ငံမျက်နှာ မငယ်ရတဲ့ လူမျိုးနဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကြီးကို နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာမှလုပ်မပေးနိုင်ခဲ့ရင်တောင် ကျွန်တော်တို့ တဦးကိုတဦး မေတ္တာထားခြင်း ၊ ကူညီရိုင်းပင်းခြင်း ၊ ရိုးသားဖြောင့်မတ်ခြင်းတွေနဲ့ နိုင်ငံကျေးဇူးကို ပြန်လည်ဆပ်ခဲ့ကြရအောင်ပါခင်မျာ။

ရှေးမြန်မာ ဘိုးဘွားများဟာ ထွန်တုံးထွန်တံ လှည်းနဲ့နွား၊ တောင်သူယာလုပ် ဓားမခုတ်တွေနဲ့  အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြပြီး  တိုင်းပြည်အတွက် တီဗွီ၊ ရေခဲသေတ္တာ၊ လေယာဉ်ပျံ ၊ မော် တော်ကေား၊ ရထား စတာတွေကို အဖိုးအဖွားတွေ မတီထွင်နိုင်ခဲ့ကြပါ သို့သော်၊ ကျွန်တော် တို့အတွက် အားကျစရာကောင်းလှတဲ့၊ သူတို့ရဲ့ ကိုယ်ကျင့်တရားများ အမွေထားရှိ ခဲ့ကြတယ်မ ဟုတ်ပါလား၊ အဘိုးအဘွားတွေ  မတီထွင်နိုင်ခဲ့တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအတွက်၊ အဘိုးအဘွား တွေ အမွေပေး ခဲ့တဲ့ ကိုယ်ကျင့်တရားတွေနဲ့ လဲလှယ်ပြစ်ကြတော့မလားခင်မျာ ၊ လဲတဲ့လူ တွေကရော သူတို့ရဲ့ မျိုးဆက်ကို ဘယ်လိုအမွေတွေထားခဲ့မှာလဲခင်မျာ။  လောလော ဆယ်ကျွန် တော့်အမြင်မှာတော့ နိုင်ငံနဲ့လူမျိုးသိက္ခာကျ သွားရပါပြီ၊ နိုင်ငံခြားသားတွေက မြန်မာဆိုရင် သူခိုး လို့ကိုထင်ကုန်ကြပါပြီ၊ မြန်မာနိုင်ငံကြီးသာ လူသားမိဘ တစ်ယောက်ဆိုလျှင် ကမ္ဘာကို သူဘယ် လိုမျက်နှာပြရပါလိမ့်မတုန်း။

ကွယ်လွန်ပြီဖြစ်တဲ့ ကဗျာဆရာကြီးတင်မိုးက ဤမြေကျေးဇူး ၊ ခူး၍မ၀၊ သတ်၍မရဲ၊ တခဲနက်ပေ၊ ပြုလေပြောလေ၊ ကြံလေသမျှ၊ ဤပြည့်မျက်နှာ ၊ ကြည့်ကြပါလော့။ ဟုရေးသား စပ်ဆိုထားပါ တယ်ကျွန်ုပ်တို့၏ ကိုယ့်ကျင့်တရားကြောင့် တပါးသူတို့ ဥစ္စာစည်းစိမ်ပျက်ဆီးသော် မကောင်းပါ၊ ထို့ထက် မိမိကိုယ်ကျင့်တရားကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ညိုးနွမ်းလျှင်ပို၍ပို၍ မကောင်းပါ။ နိုင်ငံကျေးဇူးကို မဆပ်နိုင်သော်ရပါ၏ ၊ သို့သော် သည်မြေသည်ရေ ၏ကျေးဇူးကိုတော့ မချေ ဖျက်မှိပါစေနှင့်၊ ကျေးဇူးချေဖျက်တတ်သော လူတို့၏ သွားရာလမ်း သည်လည်း ဖြောင့်တမ်း သည် ဟူ၍ မကြားနာခဲ့ဖူးပါ၊ မမိ၏ အပြောအဆို အလုပ်အကိုင် အမူအကျင့်တို့ကြောင့် ဤတိုင်းပြည် မျက်နှာ ငယ်ရလျှင်………………။ ထို့ကြောင့် ပြုလေ ပြောလေ ကြံလေသမျှ ဤပြည့်မျက်နှာ ကြည့်ကြပါ တော့…………..ဟုပတ္ထနာပြုရင်း…..။

ဘလော့စာရှု့သူများ အလိမ်အညာခံရခြင်းမှကင်းဝေးပြီး၊ စာရိတ္တမဏ္ဍိုင် ကြံခိုင်ရိုးသားသူများ ဖြစ် ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ(ရှင်)..