Sunday, November 14, 2010

ဥစ္စာစောင့်နှင့် သိုက်နန်းရှင် (၃ )

ထိုင်းလေယာဉ်ကွင်းထဲမှ အယုဒ္ဓယ နဂါးသိုက်နန်း ပုံ
 
သိုက်တူးတဲ့နေရာမှာ အားလုံးက သတိဘဲ သတိမြဲရတယ် ၊ ဘာကိုမှ စိတ်ထဲမထားရဘူး သရဲသဘက်တို့ ဘာတို့ဆိုတာလဲ ကြောက်လို့မရဘူး ၊ ဘိုးဘိုးတို့ ခေတ်တုန်းက လူတွေ ကသတ္တိတကယ်ရှိကြတယ် ၊ အပျင်းပြေ သရဲနဲ့နပမ်းလုံးတဲ့ လက်ပံတန်းက ဦးသန်း တင်ဆိုတာ ဘိုးဘိုးကိုယ်တွေ့မြင်ခဲ့တာ အဲလိုသတ္တိဗျတ္တိ ပြည့်စုံတဲ့လူတွေကြီး စုထားတာ သိုက်တူးတာက တစ်ယောက်မှားတာနဲ့အကုန်ဒုက္ခဖြစ်နိုင်တယ် ၊ ဒါကြောင့် သိုက်တူးတဲ့ လူအားလုံးဟာ သတ္တိရှိကြရတယ် ၊ တူးတဲ့နေ့က လကွယ်ညကြီးကွယ် သန်းခေါင်ကျော် တော့ ဘိုးဘိုးတို့ အကုန်လုံး အကျီတွေချွတ်ထားရတယ် ၊ ကိုယ်လုံးတီးတွေ ပုဆိုးတွေကို ခါးတောင်းမြောင်အောင် ကျိုက်ပြီး ကြိုးစီးထားရတယ် ၊ နောက်ပြီး အိတ်တစ်ယောက် တစ်လုံးစီနဲ့ မတ်တပ်ရပ်နေရတယ် ၊ ဆရာက ဘိုးဘိုးတို့ ပါးစပ်ထဲကို ဆေးလုံးတစ်လုံး စီလိုက်ခွံ့တယ် ၊ အဲဒီဆေးလုံးတွေ ဗိုက်ထဲရောက်ကတည်းက နာလိုက်တာ ၅မိနစ်လောက် ၊ ပြီးတော့ဆရာက သိုက်နန်းရှင်ကို လိပ်ပြာချုပ်လိုက်တယ် ၊ ဘိုးဘိုး လိပ် ပြာချုပ်တာဆိုတာဘာလဲ။


လိပ်ပြာချုပ်တယ်ဆိုတာက ရန်ကုန်မှာ လူဖြစ်နေတဲ့ ဒီသိုက် နန်းကို စောင့်တဲ့ သိုက်နန်းရှင်မကို မေ့မြောသွားအောင် ဂါထာတွေ မန္တာန်တွေနဲ့ လှမ်းလုပ် လိုက်တာ ၊ အဲဒီတော့ အဲလူက ဘာဖြစ်သွားလဲ သူကအိပ်ပျော်သွားတာပေါ့ ၊ ညကြီးမအိပ် ဘူးလား ၊ အိပ်တာပေါ့ ညကြီးလူတိုင်းအိပ်တာပေါ့ ၊ အခုလိုဂါထာတွေ မန္တာန်တွေနဲ့ သိပ်လိုက်ရင် ပုံမှန်အိပ်တာနဲ့မတူတော့ဘူး ၊ ပုံမှန်အိပ်နေရင် သူ့ရဲ့အစောင့်အရှောက် တွေက သူ့ကိုအိပ်မက်နဲ့ သွားပြောကြတယ် ၊ အဲလိုအခါမှာ သူကအခြားသိုက်နန်းက အစောင့်အရှောက်တွေကို အကူအညီတောင်းပြီး သူ့သိုက်ကို တူးနေတဲ့လူတွေကို ဒုက္ခပေးနိုင်တယ်။


အဲဒါကြောင့် သူ့ကိုအဲလို ကူညီတောင်းခံလို့မရအောင် လိပ်ပြာကိုချုပ် ထားလိုက်တာ အဲလိုလုပ်ပြီးသွားရင် သူ့လိပ်ပြာကို ဆရာက ယွန်းကွမ်းအစ်ထဲထည့်ထား လိုက်တယ် ၊ လိပ်ပြာကိုလား အင်းပေါ့ သူ့လိပ်ပြာကို ၊ ဒါဆိုလိပ်ပြာက အကောင်လား အဘိုးရဲ့ ဘယ်ကသာမြေးရယ် အကောင်မဟုတ်ပါဘူး ၊ ချည်ခင်လေး တစ်ခုပါဘဲ ၊ အဲဒီချည်ကို သိုက်နန်းရှင်အမည်တပ်ပြီး ထည့်ထားလိုက်တာပါ ။ သိုက်တူးပြီးသွားရင်တော့ အဲဒီချည်ခင်လေးကို အပြင်ပြန်ထုတ်လိုက်တယ် ၊ ဒါဆို သိုက်နန်းရှင်က အိပ်မောကျရာက နေနိုးနေပြီ ၊ သူလဲဥပဒ်မဖြစ်တော့ဘူးကွယ် ။

 လိပ်ပြာလဲချုပ်ပြီးရော ဆရာက မနေ့ညက ဆေးနွားချထားတဲ့ နေရာကို သွားပြီး ဂါထာမန္တန်တွေ ရွတ်လိုက်ပြီး ဆေးလုံး တစ်လုံး ပြစ်ချလိုက်တယ် ၊ နောက်တစ်ခါ လဲ အဲလိုလုပ်ပြီး ထပ်ပြစ်ချလိုက်တယ် ၊ အဲဒီချိန်မှာ မြေးရေ ဘယ်ကမှန်းမသိဘူး ကြက်သံကြီး ကတော် ကတော်နဲ့ဆိုတာ နားကွဲမတတ်ဘဲ ၊ ဆရာက အဘိုးတို့ကို လှည့်မကြည့်တော့ဘူး သူ့အလုပ်ကို သူလုပ်နေတယ် ၊ မြေကြီးတွေ ဆိုတာ တုန်လိုက်တာ ဟီးဟီး ထနေတယ် ၊  ဘိုးဘိုးတို့က မကြောက်ကြဘူး ဒါတွေကဖြစ်တတ်တယ်လေ၊ သိပ်ကြာပါဘူး နွားသိုးကြီးလောက် အရပ်အမောင်းလောက်ရှိတဲ့ ကြက်ကြီး တစ်ကောင် ဆရာဘေး တစ်လံကွာလောက် ရောက်လာပြီး နုတ်သီးနဲ့ မြေကြီးကို ပေါက်လိုက်တာ ဆိုတာနားကွဲမတတ်ဘဲ ၊ သူလဲပေါက်ပြီးရော ဆရာက မန္တာန်တွေ ရွတ်တယ်။


အဲဒီအချိန်မှာ မြေကျွင်းကြီးက တဖြေးဖြေးနတ်လာပြီး ၊ တံခါးကြီး တခုပေါ်လာ တယ် ၊ ဘာတံခါးတုန်း ဘိုးဘိုး သိပါဘူးကွယ် သစ်သားတံခါးလိုလို ကျောက်တံခါးလိုလို ဟာပါ ၊ ဘိုးဘိုးဆရာက တွင်းဝလဲရောက်ရော နောက်ထပ်ဂါထာတွေ ရွတ်တယ် ၊ အဲဒီအချိန်မှာ ခုနက ကြက်ကြီးက ကြက်ဖတွန်သလို ဆွေးဆွေးမြေ့မြေ့ကြီးတွန်ပြီး ၊ သူ့နုတ်သီးနဲ့ ၊ တံခါးခြေရင်းကို ခေါက်တယ် ၊ ခြေထောက်တွေကလဲ ယက်တယ် မြေဆံတွေဆိုတာ တဖွားဖွားဘဲ ၊ ဆရာက ဘိုးဘိုးတို့အရှေ့မှာ ကြက်ကြီးက ဆရာ့အရှေ့မှာ ၁၀မိ နစ်လောက်မှာ “၀ုန်း” ကနဲ အသံကြီးနဲ့ တံခါးကြီးပွင့်သွားတယ် ၊ အဲလိုပွင့်သွားရော ဆရာ ကကြက်ကြီးရဲ့ ကျောကုန်းကို လက်ထဲမှာပါတဲ့ ကြိမ်လုံးလေးနဲ့ တို့လိုက်တယ် ၊ ကြက်ကြီးက ရူးရူးနဲ့ အသံကြီးဟာ နွားသိုးတွေ ခွေ့ခါနီး အသံပေးသလိုကြီး ၊ ကြက်ကြီးက ကြိမ်နဲ့လဲ တို့လိုက်ရော မလှုတ်မယှက်ကြီး ဖြစ်သွားတယ် သိလား ၊ ကျောက်ရုပ်ကြီးလိုဘဲ ၊ ဒါပေမဲ့ ရူးရူးရှဲရှဲ အသံတွေကတော့ ထွက်နေသေးတယ် ၊ မျက်လုံးကြီးက ခရမ်းချဉ်သီး အမှည့်ကြီးလို နီရဲပြီး နေတယ် ၊ အဘိုးတို့ အားလုံးကို အထဲဝင်ဖို့ ဆရာက ကြိမ်ကိုဝင့် ပြတယ် ၊ အဘိုးတို့ အားလုံး အထဲကိုဝင်လိုက်တယ် ။

ဘာတွေတွေ့တုန်း ဘိုးဘိုး အထဲမှာ တိုက်ခန်းတစ်ခန်းလောက် အကျယ်အ၀န်းနဲ့ နေရာထိုင်ခင်းလေး တွေ့တာပေါ့ကွယ် ၊ နေရာလေးက နေချင်စဖွယ်လေးပါကွယ် ၊ အကောင်ကြီးတွေကများ ကြောက်စရာကောင်းလိုက်ပုံ ၊ သွားတွေဖြဲပြ ၊ ပြူးပြနဲ့ လူကိုချောက်ခြားအောင် လုပ်နေကြတာ၊ လူတွေကလဲ သတ္တိရှိတာက တစ်ကြောင်း နောက်ပြီးတော့ အပြင်မှာကတည်းက ဆရာက မှာထားတာက တစ်ကြောင်း အဲလိုကြောင့်မကြောက်ကြပေမဲ့ တခါတရံ ဟီးဟီး ဟင်းဟင်းအသံတွေဟာ နားနားမှာ ကပ်ကပ်ပြီးအော်နေသလိုဘဲ ၊ သူတို့ကို ဆရာက ဂါထာတွေ မန္တာန်တွေနဲ့ တုတ်နှောင်ထားတယ် ဆိုပေမဲ့ အသံတော့ ထွက်ရသေးတယ်ကွယ်။


လူကိုကြိုးတုတ်ထားရင် ပြောင်ပြလိုရသလို ပါးစပ်ကနေ ဟိုအော်ဒီအော် အော်လို့ရသလိုမျိုးပေါ့ကွာ ၊ သူတို့လဲ လှုပ်လို့မရအောင် တုတ်ထားပေမဲ့ ပါးစပ်တို့ မျက်နှာတို့က အော်လိုက် ကြောက်အောင်ခြောက်လိုက်အဲလိုလုပ်နေကြတာ ၊ ဘိုးဘိုးတို့က မကြောက်ကြပါဘူး ၊ တချို့လိပ်ပြာငယ်တဲ့လူတွေက အဲဒါတွေကိုမြင်ရင် သွေးရူးသွေးတန်းဖြစ်ပြီး ၊ ခုနက စည်တော်ကျိုးမောင်းလေးကို ယောင်ပြီးတီးတတ်ကြတယ် ၊ ဒါကြောင့် ဆရာက မောင်းလေးရှေ့မှာ သွားပြီးရပ်နေတယ် ။


အဲဒီမောင်းလေးရဲ့ ဘယ်ညာတစ်ဖက်စီမှာ လောင်းလှေလေးတွေတွေ့တယ် ၊ တစ်ဆယ့်ခြောက်စီးရှိတယ် တစ်ဖက်ကို ရှစ်စီးက ရွှေရောင်လေး နောက်ရှစ်စီးက ငွေရောင်လေး ၊ အဲဒီလှေတွေရဲ့ အနောက်မှာ သုံးထောက်ချွန် သေတ္တာလေးတွေများကြီးကွယ်၊ ဘယ်လိုသေတ္တာလဲ ဘိုးဘိုး၊ မင်းပိရိမစ်တွေကိုမြင်ဖူးတယ်မလား၊မြေးလေး မြင်ဖူးပါတယ် ၊ အေးအဲလိုသေတ္တာလေးတွေ အများကြီးဘဲ ၊ ဆရာက လက်ညိုးထိုးပြလိုက်တာနဲ့ ဖိုးဖိုးတို့က အဲဒါတွေကို မလိုက်တယ် ၊ အထဲမှာ ရတနာရှိမှန်းတော့သိတယ် ဒါပေမဲ့ ဖွင့်မရဘူး ၊ ပြောရမယ်ဆိုရင် သွန်းထားတဲ့အတိုင်းဘဲ ဘယ်နားမှာမှ အစအန ရှာမရဘူး ၊ ဆရာ့ကို ဖွင့်မရကြောင်း မျက်ရိပ်မျက်ကဲပြလိုက်တော့ ဆရာက သူ့ကြိမ်လုံးလေးနဲ့ အနားမှာရှိတဲ့ ဒီသိုက်ရဲ့ အစောင့်အရှောက် အကြီးအကဲလိုထင်ရတဲ့ သဘက်ခေါ်မလားမသိဘူး လူလိုလို ၀က်လိုလို နားရွတ်ကြီးနှစ်ခုက တစ်ခုကိုခင်းပြီး တစ်ခုကိုခြုံသလိုလုပ်ပြီး တုန်းလုံးလှဲနေတဲ့ အကောင်ကြီးကို ဆရာက ကြိမ်လုံးလေးနဲ့ တို့လိုက်ရော သေတ္တာလေးတွေက အလိုလို ပွင့်တယ်ကွယ် ဂျုတ်ကလေးတွေလိုဘဲ တစ်ခုခြင်းပွင့်သွားတာ ဖိုးဖိုးတို့က အဲဒီအထဲက ပစ္စည်းတွေကို နှိုက်ယူကြရတယ် ဆရာပြောတာကတော့ သိုက်စောင့်ကြီးက သူ့ပစ္စည်းတွေကို ဂါထာနဲ့ ပိတ်ထားတယ်ဆိုဘဲ ဆရာကကြိမ်နဲ့ရိုက်တော့မှ သူကဖွင့်ပေးတာလို့ ဆိုတယ်ကွယ်။


အားလုံးပါတဲ့ အိတ်ကိုယ်စီနဲ့ ထည့်ပြီးရော အဖိုးတို့အထဲမှာ ပါတဲ့ ငရွှေ ဆိုတဲ့ ရခိုင်တစ်ယောက်ဟာ စိတ်ဖောက်ပြီး ဟေးဟေးဟေးဆိုပြီး အသံနက်ကြီးနဲ့ထအော်တယ် ၊ ဒီအခန်းလေးထဲမှာ ဒီလိုအသံဟာ အရမ်းကျယ်လောင်တယ် ၊ ကျန်တဲ့လူတွေကလဲ အားလုံး သတိရှိကြတော့ အော်နေတဲ့ ငရွှေကို လှမ်းအကြည့် ငရွှေက မောင်းအရှေ့မှာ ရပ်နေတဲ့ ဆရာဆီကို တဟုန်ထိုး ပြေးသွားတယ် ၊ ဘာလို့လဲဟင်ဘိုးဘိုး သိုက်ထဲမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဟိုငေးဒီငေးငေးရင်းက မဖွယ်မရာတွေ မြင်ပြီး စိတ်ဖောက်ပြန်သွားတာလေ ၊ စိတ်ဖောက် ပြန်သွားတော့ သိုက်စောင့်ရှောက်တဲ့ သတ္တ၀ါတွေဟာ ပြိတ္တာဆိုပေမဲ့ ကမ္မစိတ္တိရှိတယ် ဘာလဲ ကမ္မစိတ္တိဆိုတာ အော် တန်ခိုးကိုပြောတာပေါ့ တန်ခိုးကြီးနဲ့ နတ်ဗြဟ္မာတွေလိုတော့ ဟိုဟာဖန်ဆင်း ဒါဖန်ဆင်းနိုင်တဲ့ တန်ခိုးမျိုး မဟုတ်ပါဘူး၊ သူ့တို့ရဲ့ ကုသိုလ်အလျှောက်ဖြစ်တဲ့ သူတပါးစိတ်ကို ညို့နိုင်တဲ့ တန်ခိုးမျိုးကိုဆိုလိုတာပါကွယ်။ 


လူတွေတောင် စိတ်ပညာတတ်တဲ့ လူက စိတ်ပညာမတတ်တဲ့ လူကိုညို့လို့ ရတယ်မဟုတ်လား ၊ လူတွေကစိတ်ကိုညို့လို့ရအောင် ကျင့်ထားရတာ ၊ သူတို့က ကျင့်စရာမလိုဘူး ၊ ကုသိုလ်အလျှောက်ဖြစ်တာ ၊ လူဆိုတဲ့ အမျိုးက ကြောက်ရင်စိတ်ညို့လို့ သိပ်ကောင်းတာမျိုးကွယ့် ငရွှေက စလာကတည်းက အဲလိုဟိုငေး ဒီငေးဆိုတော့ ကြောက်စိတ်ဝင်သွားပုံဘဲ ၊ ဘိုးဘိုးတို့ကတော့ ဆရာကိုလဲယုံတယ် ၊ စကားကိုလဲနားထောင်တယ် ဘယ်မှမကြညဘူး ကြည့်မှိရင်လဲ ၊ ခနဆိုခေါင်းငုံ့ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်တာဘဲ ၊ ဆရာက အပြင်မှာကတည်းကမှာထားပြီးသားဘဲ ၊ သူတို့တွေဘာမှ မလုပ်နိုင်ပါဘူးဆို ၊ ငရွှေက အဲလိုမယုံဘူးလေ ဟိုက ချောက်လှန့်နေတာကို စိတ်ဖောက်ပြန်သွားတာ ၊ အခုတော့ စိတ်ပါအညို့ခံရပြီး ဆရာရပ်နေတဲ့ မောင်းလေးနားကို ဟေးဟေးဟေး ဆိုတဲ့ အသံနက်ကြီးအော်ပြီး ပြေးသွားတယ်။

ဆရာဟာ အင်မတန်သတိရှိတယ် ၊ ဟဲ့ငရွှေ လုပ်စရာရှိတာလုပ်စမ်း လို့အမိန့်ပေးပေမဲ့ ငရွှေဟာ လူစိတ်ပျောက်ပြီး ဆရာဆီကို မျက်လုံးပြူးကြီးနဲ့ သရဲသဘက် စီးသလို အတင်းဝင်တယ် ၊ အဘိုးတို့အားလုံးဟာ ဆရာဆီအပြေး ဆရာရှေ့ရောက်တော့ ငရွှေဟာ တုန်းလုံးကြီးလဲနေတယ် ၊ သူ့ကိုဆရာက လည်ပင်းက အကြောတစ်ခုကို ဖြတ်ကနဲ့ နှိပ်လိုက်တာ ငရွှေ သတိလစ်ပြီး အော်တောင်မအော်နိုင်တော့ဘူး ၊ အဘိုးတို့တတွေ အထုပ်ကိုယ်စီနဲ့ ပြန်ထွက်လာပြီး ၊ တစ်ယောက်က ငရွှေကို ထမ်းရတယ် ၊ အဘိုးတို့ သိုက်ကနေပြန်ထွက်လာတော့ ဟီးကနဲ့ အသံကြီးနဲ့ မြေကြီးတွေဆိုတာ သိမ့်သိမ့်ခါကုန်တယ် ၊ အဘိုးတို့တတွေ အပြင်ပြန်ရောက်တော့ အုံးကနဲ ခုနကနေရာကြီးဟာ ချိုင့်ကြီး ဖြစ်သွားတယ် ၊ ကောင်းကင်မှာ မီးရူးမီးပန်းလွှတ်သလိုမျိုး အလင်းရောင်တွေ ဖြာထွက်ကုန် တယ် ၊ ဆရာပြောတာကတော့ အဲဒါသိုက်မှာရှိတဲ့ အစောင့်တွေက ဆိုင်ရာပုဂ္ဂိုလ်တွေဆီ ပြန်သွားတယ်လို့ဆိုတယ်ကွယ် ။

ဘာတွေရလဲ ဘိုးဘိုး ငွေဒင်္ဂါးတွေ အများစုပါကွယ် ၊ ကျန်တာတစ်ခုနှစ်ခုက ရှေးခေတ် အသုံးအဆောင် လင်ပန်းလိုဟာလဲ ပါတယ် ၊ ကွမ်းအစ်ကြီးတစ်လုံးပါတယ် ၊ ရွှေအစစ်လို့ထင်တယ် ၊ မှတ်မှတ်ရရရှိတာတစ်ခုကတော့ ၊ ညာတကုတ်လို့ခေါ်တဲ့ ဘုရားဆင်းတုနဲ့ ဆင်တူတဲ့ ပစ္စည်းလေးပါကွယ် ၊ ညာတကုတ်ဆိုတာ ဘုရားတော့မဟုတ်ဘူးကွဲ့ ဒါပေမဲ့ မသိရင် ဘုရားဆင်းတုလိုဘဲ ၊ ဘုန်းကြီးတွေ သင်္ကန်းက ဘယ်လက်ပေါ်ကိုတင်တယ်နော် မြေး ၊ ညာတကုတ်ဆိုတာကတော့ ညာဖက်ကိုသင်္ကန်းတင်ထားတဲ့ ရဟန်းလိုလိုဘုရားလိုလို အရုပ်လေးပါကွယ် ၊ အဲဒီအရုပ်လေးဟာ တစ်လက္မလောက် ထုရှိတဲ့ သံချောင်းတွေကိုတောင် အရုပ်လေးနဲ့ ထိလိုက်ရင် ပြတ်ထွက်သွားတယ်။


ရှေးကသံဝဇ္ဖာ ပဒ္ဒါးဝိဇ္ဖာတွေရဲ့ ဂမ္ဘီရ ပစ္စည်းတစ်ခုပါကွယ် ၊ ကြေးနဲ့လုပ်ထားတာပါ ၊ ကြေးဆိုတာ အနီ + အ၀ါ စသဖြင့်သာ သိကြပေမဲ့ ဒီညာတကုတ်လေးကိုတော့ ကြေးနက်နဲ့လုပ်ထားတာ ၊ ဘာလိုလဲ ဘိုးဘိုး ကြေးနက်က ကြေးနီကြေးဝါတွေကို အဂ္ဂိရက်ပညာတွေနဲ့ အပူပေးပြီး အရောင် ပြောင်းအောင်လုပ်လိုက်ရင် ကြေးအနက်ဖြစ်သွားတယ် ၊ လူတိုင်းလုပ်လို့မရဘူးကွယ် ၊ အဂ္ဂိရက်ပညာကို ပါရဂူမြောက်တတ်နေမှ လုပ်လို့ရတယ် ၊ ဒါကြောင့် ဒီအရုပ်ကို လုပ်သွား သူတွေဟာ ၀ိဇ္ဖာတွေလို့ အဘိုးပြောတာကွယ် ၊ ကြေးနက်တာကို ဘိုးဘိုးက ဘယ်လိုသိ တုန်း ၊ သိတာပေါ့ကွယ် စာထဲမှာဖတ်ဖူးတာပေါ့ ၊ ကြေးနီ+ကြေးဝါတွေဟာ ပင်ကိုယ်အ ရောင်အတိုင်း အနီ + အ၀ါ ဖြစ်သလို ကြေးနက်ဖြစ်တဲ့ ညာတကုတ်ကလဲ အနက်ရောင် လေးပါကွယ် ၊ သူ့ကိုသံချောင်းနဲ့ ခြစ်လိုက်တဲ့အခါ ခြစ်လိုက်တဲ့အတိုင်း အ၀ါရောင်က လေးပေါ်လာတယ် ၊ ချက်ခြင်းဆိုသလို အနက်ရောင်လေး ပြန်ပြောင်းသွားတယ် ၊ ဒါကတော့ ညာတကုတ်ခေါ်တဲ့ ဂမ္ဘီရပစ္စည်းလေးပေါ့ကွယ် ၊ သူဟာရတနာ ပစ္စည်းမဟုတ် ပါဘူး ၊ ကာယသိဒ္ဓိအတွက်လုပ်ထားတဲ့ အဘိုးတန် ဂမ္ဘီရ အဆောင်ယောင်တစ်ခုပါ ။

 ဒီနားမှာ သူနဲ့နာမည်တူ ရတနာတစ်ခုအကြောင်းကိုလဲ  စပ်စပ်ပြီး ပြောပြအုံးမယ်ကွဲ့ အဲဒါကတော့ ရတနာပစ္စည်းပါ သီတဂုတ်လို့ခေါ်တယ် ပြောပြအုံးမယ် ၊ ဘိုးဘိုးလက်စွပ်ကို ကြည့်စမ်းအနီရောင်တောက်နေတယ် တွေလား ၊ အဲဒါပတ္တမြားလပ်စွပ်ကွဲ့ ၊ ပတ္တမြားဟာ ရတနာတွေ ထဲမှာ ဒုတိယ တန်ဘိုးကြီးပစ္စည်းဘဲ တွင်းထွက်ပစ္စည်းကွဲ့ ၊ အခုပြောမဲ့ သီတ ကုတ်ဆိုတာလဲ ပတ္တမြားနွယ်ဝင်တဲ့ ပစ္စည်းတစ်ခုဘဲ ၊ ပတ္တမြားတော့မဟုတ်ဘူး သို့သော် အရောင်ကို ကြည့်ပြီး ရှေးလူကြီးများက ပတ္တမြားနွယ်ဝင်လို့ သတ်မှတ်ကြတယ် ၊ ဘိုးဘိုးလဲ သိတာမဟုတ်ဘူး ပုဂံဝန်ထောက်မင်းကြီး ဦးတင် ရှင်းပြဖူးတာ မှတ်သားထားတာဘဲ။ 


လွတ်လပ်ရေးမရခင် သုံးနှစ်အလိုလေးနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်းရယ် ၊ ဒီဒုတ်ဦးဘချိုရယ် ပျော်ဘွယ်က ဆရာမြရယ် ဘိုးဘိုးရယ် အဝေးရောက် မင်းကြီးဦးအောင် ဆီကို ပေထုတ်တွေ နိုင်ငံတော်စာကြည့်တိုက်လုပ်ဖို့ အလှူသွားခံကြတယ် ၊ အဲဒီအချိန်က အဝေးရောက်မင်းကြီးဟာ စစ်ကိုင်းမှာ ကျန်းကျမ်းမာမာရှိသေးတယ် ၊ အဝေးရောက် မင်းကြီးဆိုတာက မြန်မာဘုရင်တွေ လက်ထက် မင်းနေပြည်တော်နဲ့ဝေးတဲ့ဒေသတွေမှာ ဘုရင့်ကိုယ်စားသွားပြီး အုပ်ချုပ်တဲ့လူတွေကို အဝေးရောက် မင်းကြီးခေါ်တယ် ၊ မင်းကြီးဟာ စာပေပညာရှင်ဖြစ်လို့ စကားပြောရင် အင်မတန်မှ မှတ်သားဖို့ကောင်းတယ်။ 


ဒီဒုတ်ဦးဘချိုက သီတဂုတ်အကြောင်းမေးတော့ သူပြောပြတာက လူတွေပစ္စည်း မဟုတ် ဘူးတဲ့ သီတဂုတ်ဆိုတာ တန်ခိုးရှင်တွေ ဒါမှမဟုတ်ရင် အဂ္ဂိရက်ဝိဇ္ဖာတွေ ဖန်တီးခဲ့တဲ့ ပစ္စည်းလို့ ပြောတယ်ကွယ် ၊ အရောင်ဟာ အပြင်ကိုဖြာထွက်နေတတ်တယ် သူ့ကို အမှောင်ထဲမှာ ထားလိုက်ရင် သူရဲ့အနီရောင်က တစ်ပေပတ်လည်လောက်ကို ဖြာထွက် တယ် ၊ ဒန်အိုးတစ်လုံးထဲကို နို့သုံးပိဿာလောက် ထည့်ပြီးအဲဒီ သီတဂုတ်ဆိုတာလေးကို ထည့်လိုက်ရင် ဒန်အိုးတစ်ခုလုံး ရဲရဲတောက်တယ် ၊ ဂွမ်းတွေနဲ့ ထားလိုက်ရင်လဲ အဲဒီ သီတဂုတ်ဟာ ဂွမ်းဆိုင်ကြီးကို နီရဲသွားစေတယ် ၊ အဲဒါသီတဂုတ်ဘဲ ၊ သူကပတ္တမြားလို အရောင် သို့သော် သူ့မှာအကွက်မပါဘူး ၊ လူကြီး လက်သဲခွံလောက် သာသာရှိတယ်  ပုံသဏ္ဍာန်က အခွံ့နွာပြီးသား ငုံးဥကိုထက်ခြမ်းခွဲထားသလို အောက်ပိုင်းကညီနေတယ် အဲဒါကတော့ သီတကုတ်ပေါ့ကွယ် ၊ အိုးဖိုးဖိုးမြင်ဖူးသလား သီတကုတ်ကို သိပ်မြင်ဖူးတာပေါ့ကွယ်။ 


ရှမ်းပြည်မှာ အဲဒီသီတဂုတ်ပိုင်တဲ့ လူနဲ့တောင် ဘိုးဘိုးက ရင်းနှီးတယ် ၊ ဒါနဲ့ သီတကုတ်ရဲ့ တန်ဘိုးက ဘယ်လောက်လဲ ပြည်တန်တဲ့ပတ္တမြား နဲ့တန်ဘိုး ဘယ်လိုကွာတုန်းဟင် ၊ အဝေးရောက်မင်းကြီးရဲ့ စကားအရ ပြည်တန် ပတ္တမြားတောင် သီတဂုတ်ကိုလေးပုံ ပုံလို့ တစ်ပုံရဲ့ တ၀က်ဆိုရင်တောင် မပြည့်မှီဘူးလို့ သီပေါဘုရင်လက်ထက်က တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက မိန့်တော်မူခဲ့သတဲ့ ၊ အဲလောက် တန်ဘိုးကြီးတာကြီးကို ဘယ်သူကပိုင်တာတုန်း ၊ သူကသူဋ္ဌေးလား အိုးသူဋ္ဌေး ပေါ့ကွယ် ဘယ်လောက်ချမ်းသာတုန်းဆိုရင် ဂျော့ဘုရင်မင်းမြတ်ကတောင် ဆာဘွဲ့ပေး ထားရတဲ့သူဋ္ဌေးဗျ သီပေါစော်ဘွား ဆာစောချယ်ဆိုတာလေ မြေးကိုသင်ပေးထားတဲ့ မိုးဒေ ၀ါသီချင်းရေးတဲ့ အလကာင်္ကျော်စွာ ဒေါ်စောမြအေးကြည်ရဲ့ သားတော်တယ်လို့ ပြောလို့ ရတယ် ။


မြန်မာမင်းလက်ထက်က သီပေါစောဘွားကြီးရဲ့ ဇနီးလေ ၊ အခုဆာစောချယ်ဟာ ဒေါ်စောမြအေးကြည်ရဲ့ ယောကျာ်း ယခင်သီပေါစော်ဘွားကြီးရဲ့ သားတော်ပေါ့ ၊ အဲဒီဆာ စောချယ်ဟာ ဘိုးဘိုးတို့ကို သူနေခဲ့တဲ့ အခုပင်လုံ ခေါ်တယ် ၊ အရင်က လဲချားလို့ခေါ်တဲ့ မြို့တော်မှာ သူရဲ့ဟော်နန်းမှာ ခုနကပြောသလို သရုပ်ပြခဲ့ဘူးတယ် ၊ ဒါကြောင့် ဘိုးဘိုးက မြင်ဖူးနေတာကွယ် ။

အိုးနေအုံး ဘိုးဘိုး ညာတကုတ်ကရော တန်ဘိုးတော့ကြီးတယ် မြေးရယ် ညာတကုတ်က ရတနာပစ္စည်း မဟုတ်ဘူး ကာယသိဒ္ဓိပစ္စည်းကွဲ့ ၊ ဒီညာတကုတ် ကိုဆောင်ထားရင် ဆောင်ထားတဲ့လူကို ဘာမှလုပ်လို့မရတော့ဘူး ၊ ဓါးနဲ့ခုတ်ရင် ဓားကို ကျိုးထွက်သွား တာ ၊ ခွေတာတို့ အသွားပဲ့တာတို့မဟုတ်ဘူး ထက်ပိုင်းကိုပြတ်ထွက်သွားတာ ရေဒီယိုပေါ်ကို သစ်သားဗူးတစ်ခုနဲ့ တင်လိုက်ရင် အသံတိတ်သွားတယ် ၊ လူမှာကပ်ပြီး ဓာတ်မီးလိုဟာနဲ့ ထိုးလိုက်ရင် အဲဒီဓာတ်မီးက မီးမလင်းတော့ဘူး အဲလိုစွမ်းလို့ တန်ဘိုးမကြီးပေမဲ့ အဖိုးတန်ပစ္စည်းတစ်ခုပါဘဲ ။ 


ဘိုးဘိုးအဲဒီ ညာတကုတ်လေးက အခုဘယ်ရောက်သွားလဲ ဆရာဟာ ဆုံးခါနီးတော့ သူ့သမက် မဟာဗောဓိဆရာကြီး ဦးမြတ်သာကို ပေးခဲ့တယ် ၊ ဦးမြတ်သာကနေ ဧရာဝတီတိုင်း ဓနုဖြူမြို့က ရွှေရင်ကျော်ဂိုဏ်းကိုတည်ထောင်တဲ့ ဘိုးတော်ဟန်ကိုပေးခဲ့တယ် ၊ ဘိုးတော်ဟန်မရှိတော့ အခုပဲခူးတိုင်းထဲက မြစ်သာကျွန်း ကျေးရွှာမှနေတဲ့ စက္ကဗျုဟသိုင်းဂိုဏ်းကို တည်ထောင်တဲ့ ဆရာ အောင်သောင်းစီမှာလို့ နောက်ဆုံးသိရတာဘဲကွယ် ၊ ဒါကြောင့် ဆရာသောင်းကို ဓားနဲ့ဘယ်သူမှ မခုတ်နိုင်တာ ထင်တယ် ၊ ဟားဟားဟား ဆိုပြီး အဘိုးကသူ့ဘာသာ သူသဘောတွေ ကျနေပါတယ် ။

ဇာတ်သိမ်းပိုင်းကိုမျှော်….

Friday, November 12, 2010

အသိအမှတ်ပြုတာခံချင်တယ်


“  It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင်ခြင်းပဲ ဖြစ်တယ်။ ”
လူဆိုတဲ့ အမျိုးဟာ အုပ်စုနဲ့ အစုအဖွဲ့နဲ့ နေတတ်တဲ့ ကွန်မြူနတီမျိုးပါ ၊ လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် ၊ ဆိုင်ရာ အဖွဲ့စည်းတစ်ခုထဲမှာ ကျင်လည်ရမှာတော့ မုချပါ ၊ ကျွန်တော်တို့တွေဟာ တခါတရံမှာ ၊ မိမိကျင်လည်နေတဲ့ ၀န်းကျင်က လူတွေကို တရံတခါ မျက်ကွယ်ပြုမှိတတ်ကြပါတယ် ၊ တမင်တော့ မျက်ကွယ်ပြုခဲ့ကြတာ မဟုတ်ပါဘူး ၊ သတိမထားမှိတာ ကြီး ကြီးမားမား မဖြစ်လာနိုင်ပါဘူးလို့ ထင်တာအဲလိုကနေ တစတစနဲ့ ၀န်းကျင်နဲ့ဝေးသွား တတ်သူတွေ ဖြစ်လာကြပါတယ်။

 တခါတရံမှာတော့ ၀န်းကျင်ဟာ ငါ့ကိုပြစ်ပယ်ထားတယ်လို့တောင် စိတ်ဖိစီးမှု မျိုးတွေ ဖြစ်လာတတ်ပါတယ် ၊ တကယ်တန်းတော့ ၀န်းကျင်က ပြစ်ထားတာမဟုတ်ပါဘူး ၊ ၀န်း ကျင်ကို ကျွန်တော်တို့က ပြစ်ထား ခဲ့ကြတာရယ်ပါ ၊ မိမိရဲ့ဝန်းကျင်ကို မိမိနဲ့တသားထဲ ဖြစ်အောင် လုပ်ဖို့ဆိုတာက ခက်လှတယ်မဟုတ်ပါဘူး ၊ သူတို့ကို အသိမှတ်ပြုပေးဖို့ပါ ၊ လူတိုင်းဟာ အသိ မှတ်ပြုတာတော့ ခံချင်ပါတယ် ၊ မြန်မာလူမျိုးများဟာ တစ်စုံတစ်ယောက်ကို စတင်ခင်မင်လာရင်တော့ ၊ ကျေးဇူးတင်စကားများ လှိုင်နေအောင် လောကွတ် ချော်တတ်ပါတယ် ၊ ရင်းနှီးကျွမ်းဝင်တဲ့ အခါမှာတော့ ဖာသိဖာသာ “ငါပိုင်ပါတယ်ကွာ”ဆိုတဲ့သဘောမျိုးနဲ့ နေတတ်ကြလို့ လူမှု့ရေးတွေ တအားဆုံးရှုံးသွားတဲ့ လူမျိုးတွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။

အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ သူက “မင်းတို့လူမျိုးတွေက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို သိပ်မပြောကြဘူးနော်တဲ့” ဘာဖြစ်လို့လဲလို့ မေးကြည့်တဲ့အခါ  မင်းတို့ကို နေ့စဉ် ချက်ကျွေးနေတဲ့ မင်းတို့အိမ်ကအမေကို ထမင်းဝိုင်းမှာ အခုလို ချက်ကျွေးတာကို ကျေးဇူးတင်ပါတယ် လို့ပြောတာ ငါမမြင်ဖူးခဲ့ဘူးတဲ့ “မင်းကရော မင်းမေမေကို ပြောဖူးသလားတဲ့ ” ကျွန်တော်ပြုံးမှိပါတယ် ၊ ဒို့ကလဲ ဒို့ဘဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးဟာ ဒို့လူမျိုးတွေအတွက် အရမ်းဆင်းရဲနေပါလားလို့ တွေးမှိပါတယ် ။

အသိအမှတ်ပြုတာခံချင်တယ်
တနေ့ ကျွန်တော် ပရောဂျတ်အဖွဲ့နှင့် လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်မူတွေ စစ်ဆေးနေစဉ် ဒီဇာတ်လမ်းလေး စခဲ့တာပါဗျာ ။ တစ်ခုသောနံနက်ခင်းမှာ ကျွန်တော်ဟာ ၀န်ထမ်းတစ်ဦးနဲ့ အတူ ကားပါကင်ကို ဖြတ်လျှောက်သွားတုန်းမှာ ပဲနိပိုက်ဆံ အကြွေစေ့လေး တစ်စေ့ကောက်ရမှိတယ် ။ အမှတ်မထင် နောက်ရွှတ်တဲ့ သဘောနဲ့ ပဲနိလေးကို အဖော်ဝန်ထမ်းကို ပေးလိုက်ရင်းက “ ခင်များရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးမြင့်တယ်ဗျာ ” အဲဒီဝန်ထမ်းဟာ ပဲနိလေးကို အိပ်ထဲထည့်လိုက်ပြီး ၊ “ကျေးဇူးတင်ပါတယ်ဗျား လို့ ” ပြန်ပြောခဲ့တယ် ။

နောက်ခြောက်လ အကြာ အဲဒီဝန်ထမ်းနဲ့ အတူ အခြားမြို့တစ်မြို့မှာ လုပ်ငန်း စစ်ဆေးရေးလုပ်နေ တုန်း ၊အဲလိုပဲ အမှတ်မထင် ပဲနိလေး တစ်စေ့ကောက်ရလို့ ပေးလိုက်ပြန်ပါတယ်ဗျာ ။ တနေ့ သူ့ရုံးခန်းကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်သွားတော့ ရုံးခန်းနံရံမှာ စက္ကူ အဖြူရောင် နောက်ခံထားပြီး ပဲနိစေ့လေး ၂စေ့ကို တခမ်းတနား ကပ်ထားတာတွေ့ရတယ် ၊ သူ့လုပ်ဆောင်ချက်ကို အသိအမှတ် ပြုတဲ့ အထိမ်းအမှတ်နဲ့ ချီးမြင့်လို့ ပြသထားတာလို့ ၀င့်ကြွားစွာပြောသေးတယ်ဗျ ၊ ဒီပဲနိစေ့လေးတွေ ချိပ်ဆွဲပြသထားတာကို မြင်ရတဲ့ အခြားဝန်ထမ်းတွေက သူတို့ရဲ့လုပ်ဆောင်ချက်ကိုရော ဘာဖြစ်လို့ အသိအမှတ် မပြုတာလဲလို့ မေးမြန်းကြတော့ တာပေါ့ဗျာ ။

ဒါနဲ့ပဲ ကျွန်တော်ဟာ ပဲနိစေ့ကို ထုတ်ပေးချီးမြင့်ရတဲ့ အလုပ်ကြီးကို စတင်ရပြီပေါ့ဗျာ ၊ အလုပ် ကျေပွန်စွာ ထမ်းဆောင်ခြင်းကို အသိအမှတ်ပြုတဲ့ သဘောဖြစ်ကြောင်း ၊ ဆုလာဘ်ချီးမြင့်ခြင်း မဟုတ်ပါကြောင်း ၊ ရှင်းပြရသေးတာပေါ့ဗျာ ၊ မကြာပါဘူး ၀န်ထမ်းတွေဟာ ကြော်ငြာ သင်ပုန်း ပေါ်မှာ ပဲနိစေ့ ဂုဏ်ပြုချက်ကို ချိတ်ဆွဲပြဖို့ တိုက်တွန်းကြပြန်ရော ၊ ပဲနိစေ့နဲ့ ယှဉ်ပြီး ရရှိသူ“သင့် လုပ်ဆောင်ချက်ကို အသိအမှတ်ပြုသည်” “သင့်ကြောင့်လုပ်ငန်း အောင်မြင်သည် ”စသဖြင့် စာကြောင်းတွေကို ဖော်ပြတဲ့ ဆိုင်းဘုတ်ပြားလေး တစ်ခုတီထွင် ဖြစ်ခဲ့တယ် ။

တခါတုန်းကဆိုရင် အမျိုးသင်္မီးငယ် ၀န်ထမ်းတစ်ဦးဟာ သူ့လုပ်ဆောင်ချက် မှန်ကန်တာကို ကျွန်တော် ပက်ပင်းတွေ့ကြုံခဲ့ရတော့ ပဲနိစေ့လေး လိုချင်ပြန်ပါရော ၊ ကျွန်တော်မှာလဲ အဲဒီတုန်းက အိတ်ထဲမှာ ပဲနိစေ့က မရှိတဲ့အချိန်ဖြစ်နေတော့ ကွာတားစေ့ (တကွာတား=၂၅ပဲနိ) ပေးလိုက်တယ် ၊ သူမက ၂၄ပဲနိ ပြန်အမ်းတယ်လေ ။ အဲဒါဟာ ကျွန်တော့် အလုပ်ဋ္ဌာနမှာ “ဂုဏ်ထူးဆောင် ပဲနိစေ့ဆု ” ပေါ်ပေါက်လာပုံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ လုပ်ငန်းဋ္ဌာနမှာ ၀န်ထမ်းတွေရဲ့ ကောင်းမွန်သော လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ နည်းစနစ်ကြီးတစ်ရပ် ဖြစ်လာတာပေါ့ဗျာ .။
Gary Hruskaရဲ့ Your Work is Recognized ကိုပြန်ဆိုရေးသားပါသည် ။
တချို့သော ပညာတတ်များဟာ ၀န်းကျင်ကို အသိအမှတ်မပြုတတ်ပါ ၊ တချို့သော ဥစ္စာရှင်များလဲ ထို့အတူ ပြုမူတတ်ကြပါတယ် ၊ အရာရာကို တချို့က ပညာနဲ့ဆုံးဖြတ်ပြီး ၊ တချို့ကတော့ ဥစ္စာနဲ့ တန်ဘိုးဖြတ်ပါတယ် ၊ ကျွန်တော်နားလည် ထားတာကတော့ ပညာတတ်ရုံ ဥစ္စာရှိရုံနဲ့ အရာရာကို စီမံခန့်ခွဲနိုင်သည်မဟုတ်  ၊ ပညာ ၊ ဥစ္စာ ၊ ပေါင်းသင်းဆက်ဆံရေး စသော အကြောင်း တရားတွေ ညီညွတ်နေမှသာ အရာရာကို စီမံခန့်ခွဲ အုပ်ချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ၊လူဘောင်လူ့ဘ၀မှာ ပုံစံအမျိုးမျိုးး အနေအထားအဖုံဖုံနဲ့ ဆိုင်ရာဝန်းကျင်မှာ ကျင်လည်ရမယ် ဆိုတာက တော့ကျွန်တော်တို့ လုံးဝငြင်းပယ်လို့မရပါ ။

 ကျွန်တော်တို့တွေ ဟာဝန်းကျင်ကိုမသိ ကျိုးကျွံ့ပြု၍ နေမှိတာဘဲဖြစ်ဖြစ်၊ သတိမေ့လျှော့ နေမှိခဲ့ တာဘဲဖြစ်ဖြစ် ရှိခဲ့ကြပါလိမ့်မယ် ၊ ဒါဟာ ကောင်းတဲ့အရိပ်နိမိတ် လက္ခဏာမဟုတ်ပါ၊ ၀န်းကျင်ကို တခုတ်တရ အသိ မှတ်ပြုပြီး နေထိုင်သွားခြင်းကပင် လျှင် ကောင်းမွန်သော အနာဂတ်အတွက် အကောင်း ဆုံးအထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ၊ ဒီစာလေးကို ဖတ်မှိကြတဲ့ တစုံတစ်ယောက်ဟာ ကျွန်တော်တို့နဲ့အတူ ဆိုင်ရာဝန်းကျင်ကို အသိမှတ်ပြုနေထိုင် သွားကြရအောင်ပါလို့ အဘိယာစက ပြုပါရစေလားခင်မျာ၊ အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းပါတယ် ။

(ကျွန်တော်ဒီရက်မှာ နဲနဲအလုပ်ရှုပ်နေတဲ့အတွက် ၊ ပိုစ့်တင်ကြဲနေတာကို သည်းခံကြပါလို့ အမြဲလာဖတ် ရူနေတဲ့ စာဖက်သူတွေကို တောင်းပန်ပါတယ် ၊ ကွန့်မင့်ပေးကြတဲ့ ဘလော်ကာ များ ကိုလဲ ငွေလမင်းတို့ ကျေးဇူးအထူးတင်ပါတယ် ၊ ငွေလမင်းတို့ မအားလို့လာမလည်နိုင်ခဲ့ရင်လဲ အပြစ်တော်မမတင်ဘဲ အချစ် တော်ဝင်ကြပါလို့ ဒီရက်ပိုင်းအတွင်း မဒမ်ငွေဟာ အလုပ်တအား ပင်ပန်းနေလို့ ဘလော့တွေလိုက် မဖတ်နိုင်ကြောင်း ပြောပြလာပါတယ် ၊ စာဖတ်သူများကို အခုလို ဖတ်လို့ရအောင် မဒမ်ငွေက ကျွန်တော့်ကို ဘာသာပြန်ခိုင်းနေတာပါ ၊ကျွန့်တော်အလိုဆိုရင် တော်တော်နဲ့ ရေးဖြစ်သေးမယ် မထင်ပါ ၊  ဒမ်ဒမ်ဟာ  စာဖတ်သူတို့ကို ကျွန်တော်ထက်တောင် အလေးထားလွန်းတဲ့ ဘလော်ကာတစ်ဦး ဖြစ်သလို အလွန်ချစ် စဖွယ်ကောင်းတဲ့ ချစ်ဇနီး လောင်းလေး ဖြစ်ပါကြောင်းကို နဲနဲလေး ကြော်ငြာ ၀င်လိုက်ပါရစေ ။)

Saturday, November 6, 2010

ပျောက်ဆုံးနေသည့် နိုင်ငံတော် သီချင်းတစ်ပိုဒ်

               မြန်မာသံရုံးရှိသည့် နိုင်ငံတိုင်းတွင် ပေးပို့ထားရသည့် မြန်မာနိုင်ငံတော်သီချင်းနုတ်

မကြာသေးမှီက နိုင်ငံတော်အလံသစ်ကို လွင့်ထူလိုက်ကြပေသည် ၊ မြန်မာများ ခေတ်အဆက် ဆက် အလံအသွယ်သွယ် လွှင့်ထူခဲ့ကြပြီ မဟုတ်လော ၊ ကျွန်တော်တို့ ငယ်စဉ်က ကျောင်းမှာ အလေးပြုခဲ့သော အလံတော်သည် အရွယ်တူကြယ်ဖြူ တစ်ဆယ့်လေးလုံးပါ အလံတော် ဖြစ်သည် ၊ မဆလ ခေတ် ၁၉၇၂ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အလံတော်သတ်မှတ်ရေး အပိုဒ် ၊ အခဏ်းတို့ဖြင့် နိုင်ငံ၏ အညွန့်အဖြစ် တစ်နည်း အရေးကြီးသောနိုင်ငံ၏ အမှတ်အသား လက္ခ ဏာတစ်ရပ်အနေဖြင့် မှတ်သားခဲ့ကြ မှတ်ယူခဲ့ကြ အလေးပြုခဲ့ကြပေသည် ။

မကြာသေးမှီက ၂၀၀၈ခုနှစ် အခြေခံဥပဒေပါ ၊ ပုဒ်မ၄၃၇ ၊ ပုဒ်မခွဲ (က) အရ  ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ၊ စတင်သုံးစွဲကြောင်း ကြေညာပြီး အလံတင် အခမ်းအနားများ ပြုလုပ်ကြကြောင်း ၊ မီဒီယာများတွင် မြင်တွေ့ပြီးဖြစ်သည် ။ ထိုအလံသည် သုံးရောင်ခြယ်အလံဖြစ်သည် ၊ အတိုက်ခံအင်အားစုများ ဒီမိုကရေစီ လှုပ်ရှားသူများ အများအပြား ဆန့်ကျင်ကန့်ကွတ်ခဲ့သည် ၊ AP သတင်းစာမျက်နှာပေါ်တွင် ထိုအလံကို မီးရှို့ရုံမျှမက နိုင်ငံ ခြားသားများကပါ ၊ ခြေထောက်ဖြင့် တက်နင်းနေသည်ကို စိတ်မချမ်းသာစရာတွေ့မြင်ခဲ့ရသည် ၊ ဤကိစ္စကား ပေါ့သေးသေး ကိစ္စရပ်မဟုတ် ၊ မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့သော အင်္ဂလိပ် များပင်လျှင် ၊ မြန်မာ့ဒေါင်းအလံကို အသိအမှတ်ပြုရသည်၊ လေးစားရသည် မိမိတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယခုလက်ရှိတွင် ဤအလံသည် နိုင်ငံကိုကိုယ်စားပြုထားသော အလံဖြစ်ပြီး နိုင်ငံနဲ့ လူမျိုးကို ယာယီအားဖြင့် ကိုယ်စားပြုထားသည့် အလံတော်ဖြစ်သည် ၊ မကြိုက်လျှင် မြန်မာနိုင်ငံသားများ ကန့်ကွက်ခွင့်ရှိသည် ၊ မီးရှို့လို့ရသည် နောက်ဆုံး အိမ်သာပါ သုံးလို့ရသည်၊ သို့သော် နိုင်ငံခြားသားများ ခြေထောက်ဖြင့် တက်နင်းတာကိုတော့ လုံးဝ မကျေနပ်ပါ ၊ မကျေနပ်ပါ ဟူ၍ ဘယ်သူ့ကိုမှ သွားပြောလို့မရသဖြင့် ကိုယ့်ပိုင်ဘလော့တွင် တင်၍ရေးပါသည် ။

 မြန်မာတွေ မကြိုက်ရင် မြန်မာ့အလံကို မည်သည့်နေရာ မည်သည့်အချိန်တွင် မည်သည့်ပုဂ္ဂိုလ်က မဆို စိတ်ကြိုက်လုပ်ပါ ၊ မိမိသဘောထားအရ လုပ်ချင်တာကိုလုပ်ပါ လုပ်ခွင့်ရှိပါသည် ၊ နိုင်ငံခြားသားများကိုတော့ လုံးဝ လုံးဝ မနင်းပါစေနဲ့ လို့လုပ်နေတဲ့လူတွေကို ပြောလိုပါသည် ၊ မြန်မာဟူသည် သမိုင်း အစဉ်လာ ၊ ယဉ်ကျေးမှု ၊ ဇာတိသွေး ဇာတိမာန် ကြီးသောလူမျိုးဖြစ်သည် ၊ ခေတ်အခြေအနေရ အောက်ကျနောက်ကျ ဖြစ်နေပေမဲ့ လုပ်ပိုင်ခွင့်ရှိသည့် တနေ့တွင် မုချ ရှေ့တန်း ရောက်မည့် နိုင်ငံဖြစ်သည်ဟု ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်နေပါသည် ၊ နိုင်ငံခြားသားများ နိုင်ငံရဲ့အထိမ်းအမှတ် အလံတော်ကိုနင်းနေသည့်ပုံကို ကျွန်တော်မြင်ရသည့်အခါ အရမ်းကို စိတ်ထိခိုက်မှိပါသည် ကိုယ့်နိုင်ငံနဲ့ လူမျိုးကိုမထီမဲ့မြင်ပြုလေသည်ဟု ထင်မြင်ပါသည် မြန်မာများနင်းတာကို ကျွန်တော်ဘာမှ မပြောလိုပါ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေမှာ မကျေနပ်တာကို ပြသခွင့်ရှိပါသည် အလံတော်ကို မြန်မာလူမျိုးမှအပ ဘယ်နိုင်ငံသား ဘယ်လူမျိုးမှ မထီမဲ့မြင်လုပ်တာကိုမခံချင်သည့် မျိုးချစ်စိတ် ကျွန်တော်မှာ ကိန်းအောင်းပါသည် ၊ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်အလံကို အလေးထားပါသည် ၊ ကျွန်တော်ထိုင်းမှာ နေစဉ်က သူငယ်ချင်း အမေရိကန်ပေါက် ထိုင်းတစ်ယောက်က အမေရိကန်အလံပုံနဲ့ အောက်ခံဘောင်းဘီကို ၊ ကျွန်တော်ဝတ်သည်ကို သူလုံးဝမကြိုက်ကြောင်း စာသင်ခန်းထဲတွင်ပြော ပါသည် ၊ ဒါတောင် ဒီကောင်ဟာ ထိုင်းလူမျိုး အမေရိကန်ပေါက်ပါ ၊ ဒီမြေမှာမွေး ဒီမြေမှာကြီး ၊ ဒီထမင်းစားလာတဲ့ ကျွန်တော်ဟာ နိုင်ငံရဲ့အမှတ်အသားလို့ ပြဋ္ဌာန်းလိုက်တဲ့ ဒီအလံကို မြန်မာမဟုတ်ဘဲ ၊ နိုင်ငံခြားသားက ပိုင်စိုးပိုင်နင်း စော်စော်ကားကား နင်းတာကို ကျွန်တော် အရမ်းနာပါသည် ။ ယခုနိုင်ငံခေါင်းဆောင်များကို ကျွန်တော်မနှစ်သက်ပါ ၊ သို့သော် ကျွန်တော့်လူမျိုး သူခိုးဓားပြ တစ်ယောက်ကို နိုင်ငံခြားသားတယောက် လာရိုက်ရင် ကျွန်တော် လူမျိုး သူခိုးဓားပြဘက်က ကျွန်တော်ဝင်ရောက် ကာကွယ်ပါမည် ၊ ဒါဟာ ကျွန်တော်နိုင်ငံပေါ် ကျွန်တော်ထားသော စိတ်ဓာတ်ဖြစ်ပါသည် ။

နောက်တစ်ခုက နိုင်ငံတော်သီချင်းဖြစ်ပါသည် ၊ ကျွန်တော်တို့ ငယ်စဉ်က ကမ္ဘာမကျေသီချင်းကို သာဆိုခဲ့ရပါသည် ၊ တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြည် ၊ ဒို့မြေ ၊ များလူခပ်သိမ်း စသဖြင့် စသဖြင့် အလံတော်ခြေဆင်း မသီဆိုခဲ့ရပါ ၊ ဘယ်နှစ်လောက်က စသီဆိုခဲ့တာလဲ ဆိုတာ မမှတ်မှိ ပါ ၊ ကျွန်တော် အောခတ်စတင်းတက်စဉ်က သူငယ်ချင်းထဲမှာ ကိုးရီးယားတစ်ယောက် ပါပါတယ် မြန်မာ ရှစ်တန်းကျောင်းသားပါ နာမည်က ဂျိုးပြန်အော့ ကျောင်းနာမည်က ထရီလျှံပါ သူက ကျွန် တော့ကို  ပြီးခဲ့တဲ့လ ၂၉ရက်နေ့က ဖုန်းဆက်ပြီးမေးပါတယ် ၊ အဲဒီခြေဆင်းလေးကို ဘယ်နှစ် လောက်က စဆိုတာလဲတဲ့ သိရင်ပြောစမ်းပါတဲ့ ကျွန်တော်ကမသိဘူး မေ့တေ့တေ့ဘဲလို့ မေးကြည့်အုံးမယ်လို့ ပြောလိုက်တယ် ခုထိအဖြေကမရသေးဘူး ၊ ပါးတို့ခေတ်ကတော့ ဆိုခဲ့ရတယ်တဲ့ ၊ မားလဲဆိုခဲ့ရတယ် ကိုကိုတွေနဲ့ ကျွန်တော်တို့ ကျောင်းတတ်တော့ မဆိုခဲ့ရဘူး အကြီးကောင်ကြီးက ၁၉၈၉ခုနှစ်မှာ စမဆိုတော့တာလို့ ပြောတယ်ခင်မျ ၊ နောက်ပြန်ပြီး သီဆိုတာက ၂၀၀၀ခုနှစ်ဝန်းကျင်မှာပါ ၊ တစ်တန်း ကျောင်းသုံးမြန်မာဖတ်စာ စာအုပ်မှာလဲ ကျွန်တော် တို့တုန်းက ခြေဆင်းမပါပါ ၊ ကမ္ဘာမကျေ မြန်မာပြည် စသဖြင့် စသဖြင့် သာပါပါသည် ၊ ၁၉၉၈ခုနှစ် ၀န်းကျင်တွင် မြန်မာဖတ်စာအုပ်နှင့် သမိုင်းစာအုပ်တချို့ ပြန်ကြားရေးနဲ့ ပြည့်သူ့ဆက် ဆံရေးမှ ပြန်လည်ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ၄င်းနှစ် တစ်တန်းဖတ်စာတွင် နိုင်ငံတော်သီချင်း ခြေဆင်း ပြန်လည်ပါလာတာကိုတွေ့ရပါတယ် ၊ အဲဒီနှစ်ဝန်းကျင်လောက်မှာဘဲ ကျွန်တော်တို့ နိုင်ငံတော် သီချင်းကို ခြေဆင်းပါ ကျောင်းမှာ သီဆိုခဲ့ရသည်ဟု မှတ်မှိပါသည် ။

ကျွန်တော်ရဲ့ ဂီတဆရာ ဦးမောင်မောင်လတ်ကတော့ ဒေါ်မာမာအေး အမေရိကန်မှာ ၁၉၉၈တုန်း က ဒီစာခြေဆင်းစာသားလေးကို ပြန်လည်ထည့်သွင်းသီဆိုဖို့ ၊ သူ့မွေးနေ့မှာ မွေးနေ့တက်ရောက် လာတဲ့ လူတွေကို သင်ပေးခဲ့တယ်ဆိုပြီး ပြောပြပါတယ် ၊ ကျွန်တော် ယူကျုမှာ ရှာကြည့်တော့ အဲ ဒီရုပ်သံဖိုင်တွေ တွေ့ပါတယ် ၊ အခုတပါတည်း တင်ပေးလိုက်ပါတယ် ၊ ဦးမောင်လတ်ရဲ့ အဆိုအရ အမေရိကန်ရောက် သံအရာရှိကြီးများကို ထိုစာသားကို တပ်မတော် စစ်ထောက်လှမ်းရေးကို ပြော ပြလိုက်ရာကနေ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဆိုင်ရာကိုတင်ပြပြီး ပြန်လည်ပြင်ဆင်လိုက်တယ်လို့ ဆိုပါတယ် ၊ ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ဒီစာကိုဖတ်မှိတဲ့ တစုံတစ်ယောက်ထဲက သိသူများရှိ ခဲ့ရင် ၊ ဗဟုသုတ အနေနဲ့ ပြောပြခဲ့ပါလို့ ၊ တောင်းဆိုပါရစေ ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အလံ တော် ၊ နိုင်ငံတော်သီချင်း ၊ နိုင်ငံတော် အမှတ်တံဆိပ် ဟူပြီး နိုင်ငံ၏ အရေးကြီးသော အမှတ် သင်္ကေတများကို ၊ အရေးကြီးဆုံး နိုင်ငံ၏ အမှတ်အသားများအဖြစ် ဖြစ်ပေါ်လာပုံ အဓိပ္ပါယ်ဖွင့် ဆိုချက် စသဖြင့် စသဖြင့် တိတိကျကျ ရေးသားထားသော စာအုပ်စာတမ်း မှတ်တမ်းမှတ်ရာ များရှိ ကြပါသော်လည်း ကျွန်တော့်မွေးရပ်မြေ အမိမြန်မာပြည်သည် ၊ ထိုထိုအကြောင်းတို့ကို ဖတ်ရှုမှတ် သားရန် ရှာဖွေပါသော်လည်း “ဝေးစွ ခြောက်ပါး ၊ အေးမြယောကျာ်း” ဖြစ်ချေတပုံ့ ။

နိုင်ငံတော်သီချင်းကို YMBA သခင်တင် ရေးသည်ဟုသာ သိထားပါသော်လည်း အမေရိကန်  ရောက် သီချင်းသည်ကြီး ဒေါ်မာမာအေးက BBC တွင်အပတ်စဉ်လွှင့်နေကြ “ပြောစရာတွေ တစ်ပုံကြီး ရှိသေးတယ်”အမှတ်စဉ် ၁၃၅ မှာ ဒီလိုလေး ပြောပြသွားပါတယ် ……။

သောတရှင်တို့ရေ၊ အရင်တစ်ပတ်က ‘တို့ဗမာ’ သီချင်းထဲကနေပြီးတော့ ‘နိုင်ငံတော်သီချင်း’ အဖြစ် စာပြောင်း အသွင်ပြောင်းသွားတာလေး သိရအောင် တင်ပြပေးခဲ့တယ်။ အဲဒီလို အပြောင်းအလွဲ လုပ်ဖြစ်တဲ့ အကြောင်းကို ခြေရာကောက်တဲ့အခါမှာ သူ့ကျွန်ဘ၀က လွတ်ဖို့ သခင်စိတ်မွေး တော်လှန်ရေးမီးမွှေး၊ ဗမာတို့သွေး ပူနွေးစေရအောင် စွမ်ဆောင်ပေးတဲ့ ဒီတေးသံ ရင်တွင်းမှာ လျှံနေလို့ တခြားသော အသံ နားကမခံ ဖြစ်နေတာတဲ့၊ ကြားဖူးခဲ့ရပါတယ်။

နိုင်ငံတော်သီချင်းအဖြစ် စီစဉ်ကြရတဲ့သူတွေထဲမှာ မာအေးရဲ့ ဆရာ ရွှေပြည်အေးတို့ စောင်းဦးဘသန်းတို့လည်း ပါကြတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်အလက်များအရ ဌာန်ကရိုဏ်းကျန စီခြယ် သီကုံးခဲ့ကြတဲ့ ဦးလေးရန်နိုင်စိန်တို့ ဘဘ ဒဂုန် ဆရာတင်တို့နဲ့လည်း ကျွမ်းဝင်လေးစား အ၀င်အထွက် များခဲ့တော့ သက်ကြီးစကား သက်ငယ်ကြား သဘောမျိုးနဲ့ ကြားခဲ့ရတာပါပဲ။


သီချင်းရေးဆရာကြီးတွေဟာ ‘တို့ဗမာသီချင်း’ ကို ကျော်ပြီး မရေးချင်ကြဘူး။ ဒါကြောင့် စာပဲ ပြောင်းခဲ့ကြတာပါတဲ့ရှင်။ အဲဒါဟာလည်း စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ် အစိုးရလက်ထက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ နိုင်ငံတော် သီချင်း ရွေးကြတုန်းက အတည်ပြုခဲ့ တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ တိုင်းပြည် လွတ်လပ်ရေး ကြေညာတော့လည်း ဒီသီချင်းကိုပဲ ပြန် စသုံးခဲ့ပါတယ်။

မာအေးတို့ ဖြတ်သန်းခဲ့ရတဲ့ တစ်ပါတီ ခေတ်ထဲမှာ အခြေခံဥပဒေ တစ်ကြိမ် ထပ်ပြီး ရေးဆွဲခဲ့ရာမှာလည်း နိုင်ငံတော်သီချင်း ပါစမြဲပါပဲ။ ဂီတ စာဆိုများကို ရေးစေတာပါပဲ။ ဒီခေတ်ကျတော့ ကိုယ့်လူတွေ ကိုယ့်အကိုတွေ မောင်တွေချည်းပဲဟာ - သိရတာပေါ့၊ သူတို့လည်း မရေးချင်ကြပါဘူး။ သူတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိကြပေမယ့် ဘယ်သူမှ သီချင်းသစ် တစ်ခုခုကို မရွေးခဲ့ကြဘူး။ လွတ်လပ်အဦး ကူပေးဖူးတဲ့ အသီးသီးသော ကျေးဇူးရှင်တွေလို့ လေးစား နေရာထားတတ်တဲ့ အမျိုးချစ်စိတ်ကြောင့်တဲ့။ ကိုယ်တိုင် ခံယူချက်တွေကို ပြောခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်း ‘ကမ္ဘာမကြေ’ ဟာ မပြောင်းမလွဲ တည်တံ့ခဲ့တာပါရှင်။

မာအေးရဲ့ တစ်ဦးတည်း အမြင်မှာတော့ ‘အသံအဓိကကျတဲ့အကြောင်း’ ပြစရာ တစ်ခုပါပဲ။ ၀ိုင်အင်ဘီ ဆရာကြီး ရှာထားတဲ့ အသံကို ယူပြီး စာဖြည့်ရေးသားတာမို့ တို့ဗမာသီချင်းက စာဆိုလို့ ‘ကမ္ဘာမကြေ’ရယ်၊ ‘ဒါတို့ပြည်’ ဆိုတာရယ် လောက်ပဲ တွေ့ရပါတယ်။ ဒါကြောင့် အသံကို အဓိကထားတာလို့ မြင်ရတာပါ။ ဒီတော့ နိုင်ငံတော်သီချင်းရေးဆရာ ကဗ္ဗည်းထိုးရင် ၀ိုင်အမ်ဘီ သခင်တင်+ရန်နိုင်စိန် နှင့် ဒဂုန်ဆရာတင် ဖြစ်သင့်တယ်။ တို့ဗမာကျတော့ သခင်ဘသောင်း နဲ့ ၀ိုင်အမ်ဘီ သခင်တင် တွဲဖက်ရေးသားသည်ပေါ့၊ မကောင်းဘူးလား။


ကဲ - တို့ဗမာကိစ္စ အတိုအထွာ မှတ်စရာလေးတွေ တေးထားတာကို ပြောရရင် တို့ဗမာအစည်းအရုံးကြီးကို ဗဟန်း ရေတာရှည်လမ်း၊ ခြံအမှတ် ၃၃ သခင်ဘသောင်းနေအိမ်မှာ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ တို့ဗမာသီချင်းကို သခင်ဘသောင်း စာရှာပြီး ၀ိုင်အမ်ဘီဆရာတင်က သီချင်းအဖြစ် ရေးပါတယ်။ တို့ဗမာသီချင်းကို ရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနဲ့ စာဖတ်အသင်းမှာ ဇူလိုင် ၁၉ ရက်နေ့က စတင် သီဆိုခဲ့တယ်။ တက္ကသိုလ်ကျောင်းသားထဲက ပထမဆုံး သီဆိုခဲ့တဲ့သူကတော့ ‘သခင်ချင်းစိန်’ ပါတဲ့ရှင်။ နောင်အခါ သခင်ချင်းစိန်ဟာ ရုပ်ရှင် ဒါရိုက်တာကြီး ဦးချင်းစိန်ခေါ် ခေတ်ဟောင်း ဂီတစာဆို နဲ့ အဆိုတော် ရုပ်ရှင် မင်းသားကြီး ရွှေညာမောင် ဖြစ်လာခဲ့ပါတယ်။ သီချင်းဖွင့်ပွဲကိုတော့ ရွှေတိဂုံ စေတီတော် ရာဟုဒေါင့် တန်ဆောင်းကြီးမှာ ၁၉၃၀ ပြည့် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၄ နာရီမှာ ကျင်းပခဲ့ပါတယ်။ သခင်ဘသောင်းက သီချင်းအဓိပ္ပာယ်များ ရှင်းပြ၊ သခင် သခင်မဘွဲ့တွေ ခံယူ ခေါ်သုံးကြဖို့ ဟောပြောပြီး ၀ိုင်အမ်ဘီကြီးက သခင်တင် နာမည် ပြောင်းကာ ကိုယ်တိုင် ဆိုပြခဲ့ပါသတဲ့ရှင်။

အသင်းကိစ္စ၊ သီချင်းကိစ္စ ပြီးရင် သီချင်းရှင်အကြောင်းလည်း မှတ်မှ တော်မယ် ထင်တယ် ရှင်တို့။ ဆရာတင်ဟာ မန္တလေး ရွှေဘုန်းရှိန်အရပ်သားတဲ့ရှင့်။ မိဘတွေက ဦးရန်အောင် နဲ့ ဒေါ်သိန်း ဖြစ်ပါတယ်။ ဖခင်က သီပေါဘုရင် ပါတော် မမူခင်တုန်းက သွေးသောက်စု အမှုတော်ထမ်းကိုးရှင့်။ ဒါကြောင့် ဆရာတင်က နိုင်ငံရေးဗီဇ ပြင်းပြတာ ဖြစ်မှာပဲ။ ဂီတလည်း ၀ါသနာထုံတော့ ဂီတပါ သင်တဲ့ ‘ကယ်လီကျောင်း’ ထားပေးခဲ့တာနဲ့ စာလည်းရ ဂီတလည်းရ ဖြစ်လာသူပေါ့ရှင်။ ဟိုခေတ်က ခေတ်စားတဲ့ လက်ဆွဲဘာဂျာ ကောင်းစွာ တတ်တယ်လို့ ဆိုပါတယ်။ ၀ိုင်အမ်ဘီလို့ နာမည်မှာ ပါလာရတာကတော့ “YOUNG MEN BUDDHIST:” ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်း ဖွင့်ပြီး တီးဝိုင်းလည်း ထောင်လို့ပါ။ နိုင်ငံရေးလောက မ၀င်မီကတော့ အငြိမ့်သီချင်းတွေ၊ ရုပ်ရှင်သီချင်းတွေ၊ ဓာတ်ပြား သီချင်းတွေ ရေးတာပေါ့။ သခင်ဖြစ်ပြီးတဲ့ နောက်မှာတော့ နိုင်ငံအကျိုးပြု သီချင်းတွေပဲ အားစိုက် ရေးသား နယ်လှည့် စည်းရုံးသွားခဲ့တာ နောက်ဆုံးနေ့အထိပါပဲ။

ဒါကတော့ သီချင်းသည်ကြီး ဒေါ်မာမာအေးနိုင်ငံတော် သီချင်းစတင်ဖြစ် ပေါ်လာပုံကို ပြောပြသွား တာပါ ၊ ကျွန်တော့်ဆရာ ဦးမောင်မောင်လတ်ကတော့ နိုင်ငံတော်သီချင်းကို ရေးကတည်းက ခြေ ဆင်းပါပါသတဲ့ ၊ ခေတ်အဆက်ဆက်မှာလဲ သီဆိုခဲ့ကြပါသတဲ့ ၊ တရားမျှတ-လွတ်လပ်ခြင်းနဲ့မ သွေ-တို့ပြည်-တို့မြေ-များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့ခွင့်တူညီမျှ-၀ါဒဖြူစင်တဲ့ပြည်-တို့ပြည်-တို့မြေ-ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။” ဒီအပိုဒ်လေးဟာ ဥပဒေနဲ့ ပတ်သက်ပြီး ရေးထားတာဖြစ်ပါသတဲ့ ၊ ဥပဒေ တစ်ခုကိုပြုတော့မယ်ဆိုရင် အချက်သုံးချက်ကို အခြေခံပြီး ပြုစုရပါသတဲ့ အဲဒါကို ဥပဒေရဲ့ ဥပဒေလို့ ခေါ်ပါတဲ့ ဘာတွေလဲဆိုရင် ၁-တရားမျှတရ မယ် ၊၂-လွတ်လပ်ရမယ် ၊ ၃-ငြိမ်းချမ်းရမယ်လို့ ဆရာကဆိုပါတယ် ။

ဒါကြောင့် ဒို့နိုင်ငံတော်သီချင်းဟာ သီချင်းမည်ကာမတ္တလုပ်ထားတာ မဟုတ်ဘူးလို့လို့ ဆရာ ကဆက်ရှင်းပြပါတယ် ၊ နောက်ပြီး အဆင့်တန်းမြင့်တဲ့ နိုင်ငံကြီးတွေဟာ နိုင်ငံတော်သီချင်းကို နိုင်ငံဖြစ်တူရိယာတွေနဲ့သာ သီဆိုကြတယ်ကွ ၊ ဒို့ငယ်ငယ်က နိုင်ငံတော်သီချင်းဆိုပြီဆို ဟွန်းတယောကြီးတွေနဲ့ သီဆိုကြတယ် ၊ နိုင်ငံတော်တော်များများမှာလဲ ဒီလိုဘဲနိုင်ငံဖြစ်တူရိယာနဲ့ ဆိုကြတယ် ၊ နိုင်ငံပိုင်တူရိယာ ပစ္စည်းမရှိမှ သူတပါးတူရိယာ ပစ္စည်းနဲ့ဆိုတယ် ၊ ဒို့နိုင်ငံ တော်သီချင်းခြေဆင်းကို မင်းနားထောင်ကြည့် တယော နဲ့သာ ဆိုတယ် ၊ ဒါကြောင့် အမေရိ ကားကို ငါရောက်တော့ နီကရိုးနိုင်ငံက ဒေါက်တာတစ်ယောက် က ၊ သူနားထောင်ဖူးတဲ့ နိုင်ငံတော် သီချင်းတွေထဲမှာ “အင်္ဂလန်နိုင်ငံတော်သီချင်းနဲ့ မြန်မာနိုင်ငံတော် သီချင်းကသာ ကိုယ်ပိုင်ဂီတ စစ်စစ်နဲ့ဆိုတယ်လို့ ”ချီးမွမ်းခံခဲ့ရဖူးတယ်…။
ကျွန်တော့်စကားကို နိဂုံးချုပ်ပါတော့မယ် ၊ မြန်မာနိုင်ငံတော် သီချင်းမှာ ခြေဆင်းရှိတယ် ၊ ခေတ်အ ဆက်ဆက်က ဆိုခဲ့တယ် ၊ ၁၉၈၉ခုနှစ်လာက်ကနေ ၁၉၉၈လောက်ထိ ခေတ္တယာယီ မသီဆိုတော့ ဘူး ၊ အဲဒီနှစ်လောက်မှာ အမေရိကန်ရောက် ဒေါ်မာမာအေးက ပြန်လည်သီဆိုတာကို ၊ အစိုးရက ထောက်ခံအသိမှတ်ပြုတဲ့အနေနဲ့ ၊ နိုင်ငံတော်သီချင်းကို ခြေဆင်းကို တရားဝင်ပြန်လည် သီဆိုလာတယ် ၊ ကျွန်တော်အဲလို မှတ်သားထားဖူးပါတယ် အဲဒါဟုတ်ပါသလားခင်များ ၊ စာဖတ် သူများ ၊ သိသလောက် ပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။

နိုင်ငံတော်သီချင်းမူရင်း

ငယ်ငယ်တုန်းကဆိုခဲ့တာက ဒီလို

ဒေါ်မာမာအေးက ဒီလိုစလိုက်တယ်လို့ ကျွန်တော်သိထားတယ်


Friday, November 5, 2010

ဒို့အချိန်

It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်............။

ဘ၀တခုမှာ ပညာရှာချိန် ဥစ္စာရှာချိန် တရားရှာချိန်ဟူ၍ ရှိပါ၏ ၊ လူ့သက်တမ်းကို ၇၅နှစ် သက်တမ်းဟုဆိုလျှင် မွေးကင်းစအရွှယ်မှစတင်ပြီး ၂၅နှစ်ထိသော သက်တမ်းသည် ပညာရှာရန် အချိန်ဖြစ်ပါ၏ ၊ ၂၅မှ ၅၀ထိကာလကို ဥစ္စာရှာသင့်ပါ၏ ၊၅၀မှ ၇၅တိုင်အောင်သော အချိန်ကို တရားရှာသင့်သည်မဟုတ်ပါလော ၊ ကျွန်တော်ပညာသင်ချိန်ကိုသာ ပြောလိုပါသည် ယခုခေတ်မှာ ကျွန်တော်နဲ့ ရွယ်တူညီကိုယ်များဟာ မကြာမကြာ ပြဿနာတတ်နေပါသည် ပညာသင်မလား ?ဥစ္စာရှာမလား ? ကျွန်တော်ကတော့ ပညာသင်ဖို့ အခွင့်လမ်းလဲရှိမယ် ၊ မိမိကသင်လဲ သင်နိုင် မယ်ဆိုရင် ပညာကိုသာ ဆက်သင်ပါလို့ တိုက်တွန်းခဲ့ပါတယ် ၊ သူငယ်ချင်းတွေ ဆုံတိုင်း ဒီကိစ္စကို ကျွန်တော်ပြောပါတယ် ၊ နောင်တချိန်မှာ ပညာတတ်တွေသာ ဦးဆောင်မဲ့ ခေတ်အခါ ကိုရောက် လာလိမ့်မယ်လို့ ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ၊ ဥစ္စာစီးပွားရှိသူတွေ ရှေ့တန်း ရောက်တယ် ဆိုတာ ၊ တည်ငြိမ်မှုမရှိသေးလို့ပါ တည်ငြိမ်သော တိုင်းပြည်ကြီးများတွင် အရာရာကို  ပညာတတ် တွေသာ နိုင်ငံကိုဦးဆောင် နေပါ တယ် ဒါကြောင့် ကျွန်တော်တို့ ညီကိုယ်မောင်နှမ များဟာ ဥစ္စာစီး ပွားဘယ်လောက်ရှိရှိ ပညာတတ် ကိုကျော်လို့မရဘူး ဆိုတာရယ် ဒီအချိန်ဟာ ပညာသင်ရမဲ့ အချိန် လို့ယုံကြည်မှိပါတယ် ။

ပညာတတ်ချင်ရင် ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ လက်ရှိအ ခြေနေနဲ့ ကြည့်လို့မရနိုင်ပါ ၊ တိုးတတ် ဖွံ့ဖြိုး နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မှ သာ အဆင်ပြေပါလိမ့်မည် ၊ သူငယ်ချင်းတစ်ယောက် ကပြောပါတယ် ၊ “မင်းတို့ကငွေရှိတော့ အဆင်ပြေတယ်ကွ ၊ ငါကငွေမရှိဘူး ငါ့အဖေက ခိုးကူးခွေ ရောင်းတယ် ၊ ငါဘွဲ့ရလဲ ခိုးကူးခွေဘဲ ရောင်းရမှာဘဲတဲ့ ” ကျွန်တော်ပြန်ပြောလိုက်ပါတယ် မင်းပညာတတ်ချင်သည် ဖြစ်စေ မတတ်ချင် သည်ဖြစ်စေ မင်းတတ်အောင်သင်ထားရမယ် ၊ နောင်တချိန်မှာတော့ ပညာဟာတန်ဘိုးရှိလာမှာ မုချဘဲ မင်းပြောတဲ့ ငွေရှိတဲ့သူတွေဟာ တချိန်မှာ ပညာတတ်ရဲ့ အောက်ကိုရောက်မယ် ၊ သူတို့အိတ်ထဲ ကငွေတွေဟာ ပညာတတ်တွေရဲ့ အိတ်ထဲကို အလိုလို စီးဝင်သွားလိမ့်မယ် ၊ အခုတော့ ငါဒီလောက်ဘဲ ပြောနိုင်မယ် ၊ ဒို့မှာ ရွေးချယ်စရာမရှိဘူး လုပ်ချင်သည်ဖြစ်စေ ၊ မလုပ်ချင်သည်ဖြစ်စေ မင်းလုပ်ကိုလုပ်ထားရလိမ့်မယ် ၊ ဟုတ်ကဲ့ ကျွန်တော့်ညီအကိုများကို ပြောလိုပါတယ် ၊ အခုအချိန်ုဟာ ပညာသင်ရမဲ့အချိန်ပါခင်မျာ….။အဲဒီ ခံစားချက်လေးကြောင့် ကျွန်တော်ဒီစာလေးကို ဘာသာပြန် ပါတယ်ခင်မျာ….။


ကျွန်တော်ငယ်ငယ်တုန်းက စီမံခန့်ခွဲမှု အကြံပေးရာထူးနေရာမျိုး အလုပ်ရှာတုန်းကပေါ့ဗျာ ။ တစ်စုံ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ နာမည်ကြီး ကြော်ငြာ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဖို့ ကြုံလာပါတယ် ၊ ဥက္ကဋ္ဌကြီးက ကျွန်တော့လုပ်ရည်ကိုင်ရည်ကို တစ်စွန်းတစ်စ သိထားပုံရတယ်လို့ လည်း ပြောတယ်။ ဘာဘဲပြောပြော ကျွန်တော်ကြောက်ဒူးတုန်မှိတယ် ၊ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ရင်မဆိုင်ဖူးဘူး။ မနက်ဖြန်၁၀နာရီမှာ ချိန်းထားတယ်၊ တစ်နာရီလောက် အတွေ့ခံမယ်တဲ့ ။

ကျွန်တော်အစောကြီး ကြိုရောက်ပါတယ် ၊ ၁၀နာရီအတိမှာဘဲ အင်မတန် ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ ၊ အခန်းကြီးကို ကျွန်တော့်ကိုပို့လိုက်ပါတယ် ၊ အဖိုးကြီးဟာ အကျီင်္လက်ပင့်တင် ထားပြီး ရှူးသိုးသိုးနဲ့ ကြည့်နေပါတယ် ၊ “မင်းအချိန် မိနစ်၂၀ပဲရမယ်”လို့ လှမ်းပြောလိုက်တယ် ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေမှိတယ် ၊ “ငါပြောနေတယ်လေ မင်းအချိန် မိနစ်၂၀ပဲရ မယ်လို့” ကျွန်တော် စကားတစ်ခွန်းမှ မထွက်မှိဘူး ၊ “မင်းအချိန်တွေကုန်နေပြီ ဘာကြောင့်ပါးစပ် မဟရတာတုန်း ”  “မိနစ်၂၀ ကျွန်တော်ရတာဆိုရင် ကျွန်တော့်ဟာ ကျွန်တော်လုပ်ချင်တာ လုပ်နိုင် တာပေါ့ ” ဒီတော့ အဖိုးကြီးဟာ အားရပါးရ ရီပါလေရော ၊ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်နာရီခွဲလောက် စကားပြောဖြစ်ကြတယ် ၊ ကျွန်တော် အလုပ်ရခဲ့တယ် ။

ဒီစာဖတ်ပြီးသွားတဲ့ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ရတဲ့အချိန်၂၅နှစ်အတွင်းမှာ ဘာလုပ် သင့် ပါသလဲ တွေးပေးကြပါအုံးခင်မျာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ ဟု ငွေလမင်းတို့က ဆုတောင်းပါတယ် ၊ အားလုံး မင်္ဂလာပါခင်မျာ………။
 Martin Rytte ရဲ့ Time Out ကိုဆီလျှော်သလို ပြန်ဆိုပါသည် ။

Wednesday, November 3, 2010

မဒမ်ငွေ ၂၇


မင်္ဂလာပါ မဒမ်ငွေ အသက်၂၆ နှစ်ပြည့်တဲ့ ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် မိမိအကျိုး သူတပါးအကျိုး လောကကောင်းကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ် ။

လူတစ်ယောက်ရဲ့ ၂၆နှစ်တာ အတွင်းမှာ ဖြတ်သန်းလာတဲ့ ၊ ဘ၀အတွေ့အကြုံ ၊ ကြုံတွေ့ဖူးခဲ့တဲ့ ခါးသီးမှုတွေ ၊ အောင်မြင်မှုတွေ ၊ ပျော်ရွှင်မှုတွေ ၊ မျက်ရည်တွေ သွေးတွေ ချွေးတွေနဲ့ ပုံစံတူ အခက်အခဲနဲ့ အောင်မြင်မှု့တွေကို ၂၇ရောက်တဲ့ မနက်ဖြန်မှာလဲ တွေ့ကြုံကောင်း ကြုံရအုံးမယ် ဆိုတာ မမေ့နဲ့နော် ။

လူတိုင်းတစ်ခုခုကို ရရင်ပျော်တတ်တယ် ၊ တခုခုကိုစွန့်လွတ်ရရင် ၀မ်းနည်းတတ်တယ် ၊ သမြော တတ်တယ် ၊ တွန့်တိုတတ်တယ် လူသားပီသတဲ့လူတွေဟာ ရယူခြင်း ရသထက် စွန့်လွတ်ခြင်း ရသကို ပိုမိုနှစ်သက်ကြတယ် ၊ ရယူမှုအပေါ်မှာ အရသာခံတတ်ပေမဲ့ စွန့်လွတ်ခြင်းရဲ့အပေါ်မှာ အရသာ မခံတတ်ဘူး ၊ မဒမ်ဟာ ၂၆နှစ်မှာတုန်းက ရယူခြင်းရသကို ခံစားတတ်ရင် ၊ အခုချိန်က စပြီး စွန့်လွှတ်ခြင်းရသကို ပြောင်းလဲခံစားတတ်ဖို့ အသင့်ပြင်ထားတော့ ။ မင်းအသက် ၂၇ မင်း လူ ကြီးဖြစ်ပြီ ။

မဒမ်ရေ  ရန်ကုန်ကနေ မီးရထားစီးလာရင် ၊ ပဲခူးကိုရောက်ရင် ရန်ကုန်နဲ့ နဲနဲဝေးလာတယ် ၊ မန္တလေးနဲ့ နဲနဲနီးလာပြီ ၊ သာစည်လောက်ရောက်ရင် ရန်ကုန်နဲ့ တော်တော်ဝေးပြီး မန္တလေးနဲ့ တော်တော်လေးနီးလာပြီ ၊ ဆိုလိုတာက လူ့ဘ၀ဆိုတာ ရန်ကုန် မန္တလေး အမြန်ရထားတစ်စီးကို လက်မှတ်ဖြတ်ထားသလိုပါဘဲ ၊ မွေးနေ့ဆိုတာ ရန်ကုန်နဲ့ မန္တလေးအကြားက ဘူတာငယ်လေး တွေလိုပါဘဲ ၊ အသက်တစ်နှစ်ကြီးတိုင်း  ဘူတာလေးတစ်ခုက ဆိုက်သွားတာဘဲမဟုတ်လား ၊ ဘယ်လိုဘဲဖြစ်ဖြစ် တချိန်မှာတော့ မန္တလေးဘူတာကြီးရောက်ရင် ကိုယ်ထိုင်ခဲ့တဲ့ ထိုင်ခုံကိုဖြုတ် ယူသွားလို့မရဘူးလေ ထားခဲ့ရမှာဘဲ၊ မွေးနေ့ဆိုတာ မန္တလေးဘူတာကြီးကို ရောက်တော့ပေမယ် ခုံတွေဖြုတ်ယူသွားလို့မရဘူးလို့ သတိပေးနေသလိုလေးပါဘဲ ။

မွေးနေ့ဆိုတာ တစ်ဖက်ကကြည့်ရင် ပျော်ရွှင်စရာနေ့ရက် လေးတွေဆိုပေမဲ့ တစ်ဖက်ကကြည့် တော့လဲ လူ့ပြည်မှာနေဖို့ တစ်နှစ်နဲသွားပြီဆိုတဲ့ ဘ၀တစ်ခုကုန်ဆုံးဖို့ အစနိဒါန်းဖြစ်သလို  လွန်ခဲ့တဲ့ ၂၆နှစ်ရဲ့ ကုန်ဆုံးခြင်း နိဂုံးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ၊ မဒမ်ရေ မနက်ဖြန်ကစပြီး အသက်တစ် နှစ်ကြီးသွားပြီနော် ၊ ဘ၀အတွက် အနာဂတ်တို့ မျိုးဆက်လေးတွေအတွက် တစ်ခုခုထားခဲ့ကြ ရအောင်ပါ ၊ မဒမ်ရဲ့ ၂၆နှစ်မြောက် မွေးနေ့မှသည် ၊ နောင်နှစ်ပေါင်းများစွာတိုင် လူ့ဘောင် လူ့လောကအတွက် တစ်ခုခု ကျန်ရစ်အောင် ထားခဲ့နိုင်ပါစေကြောင်း  ဆုမွန်တောင်းပြီး နိဂုံးချုပ် ပါတယ် မဒမ်………………..။

မင်းအတွက် နွေးထွေးသော အပြုံးတစ်ချက်ကို ဒီစာနဲ့အတူထည့်ပေးလိုက်တယ်နော်……..
မင်းကိုအရမ်းချစ်တဲ့ မင်းရဲ့ မောင်.....မစ္စတာငွေလမင်း…..။

Monday, November 1, 2010

ကိုယ်ပိုင်ပစ္စည်း အစစ်လား

                                                   မူရင်းစာအုပ်

                                                   ရေးသားတဲ့ နှစ်
                                                 မောင်ဆုရှင် ဘာသာပြန်သည်

စာအုပ်လေး တစ်အုပ်ဖတ်ဖူးတယ် ဆရာကြီး ဦးဉာဏ်ဝန် ရေးခဲ့တာ စာအုပ်နာမည်က “ပင်လယ်ပြာနဲ့ တံငါအို ” ၊ စာအုပ်လေးကို ၁၉၅၄ခုနှစ်မှာ ရေးခဲ့တာ ၊ ထုတ်တဲ့တိုက်က ဗန်းမော် စာအုပ်တိုက် ၊ ဘာသာပြန်မှန်း မသိခဲ့ဘူး ၊ ဘိုလိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ဒီစာအုပ်ရဲ့မူရင်းကို ရှာလို့ရလာတယ် The old man and the sea. တဲ့ ၊ ကမ္ဘာကျော် စာရေးဆရာကြီး ကဲနတ်ဟဲမင်းဝေး Ernest henim Gway ရဲ့စာအုပ်လေးပါ ၊ ဒီစာရေး ဆရာက တံငါလုပ်တာတို့ သတ်တာတို့ ဖြတ်တာတို့ ၊ မျှားတာတို့ တောလိုက်တာတို့ သူရေးခဲ့တဲ့ စာအုပ်တိုင်းမှာပါတယ် ၊ ဘယ်စာအုပ်ဖတ်ဖတ် တစ်နည်းမဟုတ် တစ်နည်းနည်းတော့ အဲလိုဟာတွေ နဲ့ပတ်သက်နေတယ် Indian Camp တို့ The sun also rises တို့ A farewell to Arms တို့ The short happy life of fancis macomber တို့ ဆိုတာတွေက သူ့စာအုပ်တွေဘဲ ဟဲမင်းဝေးရေးသမျှ ကမ္ဘာမကျော်တဲ့ စာအုပ်လို့ သိပ်မရှိပါဘူး ၊ သူ့ကို စာရေးဆရာကြီးတွေက “လူ့ပြည်က သတ်ဖြတ်ခြင်းရဲ့ ငရဲကို သိစေဖို့ ဘုရားသခင်က လူ့ပြည်ကို လွှတ်လိုက်တဲ့ စာရေးဆရာ လို့တောင် ပြောဆိုဂုဏ်ပြုကြတယ် ။

သူ့စာအုပ်ကို ဖတ်လိုက်တာနဲ့ ဘယ်လူမျိုးမဆို ဘယ်ဘာသာရေးကို ကိုးကွယ်တဲ့ လူမဆို ဘယ်ရှုထောင့်က မဆိုမှားတယ်လို့ ထောက်ပြဝေဖန်လို့ကို မရလောက်အောင် ရေးတတ်တယ် ၊ နိုင်ငံတိုင်းမှာ သူ့စာအုပ်ကို ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ပြန်လည်ရေးသားကြတယ် ၊  နိုင်ငံတိုင်း လူမျိုးတိုင်းလက်ခံတယ် ၊ သူရေးခဲ့တဲ့ စာအုပ်တွေထဲမှာ အခုပြောမဲ့ The old man and the sea ဟာနာမည်အကြီးဆုံးပါဘဲ ၊ ဒီစာအုပ် ကြောင့် ကမ္ဘာကျော်လာတယ်လို့လဲ ပြောလို့ရတယ် ၊ ပင်လယ်ကို ငါးထွက်ဖမ်းတဲ့ ဆန်တီယာဂိုဆို တဲ့ အဘိုးအိုတစ်ယောက် ငါးထွက်ဖမ်းတာကို ရေးထားတာပါ ၊ လူတိုင်းက စာအုပ်တစ်အုပ်ဖတ်ရင် ဖတ်တဲ့စာအုပ်က တစ်ခုခုပြောသွားတယ်တဲ့ ဒီစာအုပ်ကတော့ ၅ခုလောက်ကို ပြောသွားတယ်ထင်တာဘဲ ၊ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ် ၊ ပင်လယ်ပြင်မှာ ငါးထွက်ရှာတဲ့ အဘိုးအို ငါးကြီး အကြီးတော့ မှိခဲ့ပါရဲ့ ၊ ဒါပေမဲ့ သူ့ရွာကိုပြန်ရောက်တော့ ငါးကအရိုးဘဲ ကျန်တော့တယ် ၊ ဘ၀မှာ ရှာဖွေလာသမျှ ၊ သေဆုံးသွားတဲ့ တနေ့ ဘာမှမပါ လက်ဗလာကြီးနဲ့ ပြန်လာရတယ်လို့များ ပြောချင်လေသလား ၊ ဘာလားညာလားပေါ့ ၊

ဒါမှမဟုတ် အသက်ရွယ်ကြီးရင့်နေတဲ့ ငါလိုအဘိုးအိုတောင် ဒီလိုငါးကြီး ဖမ်းနိုင်ခဲ့သေးရင် မင်းတို့လို ငယ်ရွှယ်တဲ့လူတွေက ဘာလို့ငါ့မိလာတဲ့ ငါးလောက်မကကြီးတဲ့  ငါးကိုမင်းတို့တွေ  မဖမ်းနိုင်ရမလဲဆိုတဲ့ အတွေးမျိုးကိုပေးတဲ့ တတ်ကျမ်းလား ၊ ဒါမှမဟုတ် ငါးကဖမ်းတုန်းကတော့ အသားတွေ အရမ်းများတဲ့ ငါးကြီးပါကွယ် ၊ ဒါပေမဲ့ ပင်လယ်ထဲမှာ ငါးလေးတွေက တွက်လို့ အရိုးဘဲ ကျန်တော့တာ ၊ ငါအကောင်းဆုံး လုပ်ခဲ့တယ် အကောင်းဆုံး မဖြစ်ခဲ့ဘူး ဒီငါးရိုးကြီးဟာ ငါအကောင်းဆုံး လုပ်ခဲ့တယ်ဆိုတဲ့ သက်သေပါဘဲလို့ စိတ်ပြေစေတဲ့ အတွေးမျိုးပေးတဲ့ စာအုပ်လား ဘာလား ညာလား စသဖြင့် တွေးစရာတွေကတော့ အရမ်းများတဲ့စာအုပ်ရယ်ပါ ။

The old man and the sea ကို မြန်မာနိုင်ငံမှာ စာရေးဆရာ သုံးယောက် ဘာသာပြန်ပါတယ် ၊စာအုပ်တိုက်မျိုးစုံက ၅ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ် ၊ အစောဆုံး ကာလကတော့ ၁၉၅၄ ခုနှစ်မှာ ဗန်းမော်စာအုပ်တိုက်က ဆရာဦးဉာဏ်ဝန် ရေးခဲ့တာပါ ၊ ၁၉၆၄ခုနှစ်မှာ ဆရာတင့်တယ်က ဗမာ့ရှေ့ ဆောင် ပုံနှိပ်တိုက်က ထုတ်ဝေပါတယ် ၊ ၁၉၇၄ခုနှစ်မှာ ဆရာမောင်ဆုရှင်က စာပေဗိမ္မာန်က နေ ထုတ်ဝေပါတယ် ၊ ဆရာကဘဲဆက်လက်ပြီး ၁၉၉၅ခုနှစ်မှာ ယောမင်းကြီး စာအုပ်တိုက် ကထုတ်ဝေပြီး ၁၉၉၉ခုနှစ်မှာ ရာပြည့်ကနေထုတ်ဝေပါတယ် ၊ မြန်မာနိုင်ငံမှာ စာအုပ် တစ်အုပ်ကို စာရေးဆရာ နှစ်ဦးဘာသာပြန်တဲ့ စာအုပ်ကိုသာ တွေ့ဖူးပါသေးတယ် ၊ သုံးယောက် ဘာသာပြန်တဲ့ စာအုပ်ဆိုလို့ သိပ်ရှားပါတယ် ၊ မြန်မာနိုင်ငံရဲ့ ပဌမဆုံး ၀တ္ထုကို ဆရာကြီး ဂျိမ်းလှကျော်က ကိုရင်မောင် မမယ်မ နာမည်နဲ့ ရေးပါတယ် မူရင်းစာအုပ်က မွန်ဆိုခရစ္စတီး ရတနာသိုက်ပါ ဘာသာပြန်မှီးငြမ်း ထားတာပါ  ၊ ဆရာကြီးရွှေဥဒေါင်း ကတော့ စောလမုန်ရတနာသိုက် ဆိုပြီး မွန်ဆိုခရစ္စတီး ရတနာသိုက်ကို ထပ်ပြီးဘာသာပြန်ပါတယ် ။

The old min and the sea ကို ဟဲမင်းဝေးက ၁၉၅၂ခုနှစ်မှာ ရေးသားခဲ့တာပါ ၁၉၅၄ခုနှစ်မှာ စာပေကလောင်ဆုလို့ခေါ်တဲ့ ပူလစ်ဆာဆုကိုရရှိပါတယ် ၊ အဲဒီနှစ်မှာဘဲ နိုဗယ်ဆုရရှိပါတယ် ၊ ၁၉၅၈ခုနှစ်မှာ ၊ ဟောလီးဝုဒ်မှာ ရုပ်ရှင်ရိုက်ပါတယ် ၊ အဲဒီခေတ်တုန်းက ဒေါ်လာ ၆၅၀၀၀ပေးခဲ့ရ တဲ့  ကြေးအမြင့်ဆုံး သော ဇာတ်ညွန်းအဖြစ် မှတ်တမ်းဝင်ပါတယ် ၊ ဒီစာအုပ်ကို လုံးခြင်းထုတ်ဖို့ ဒေါ်လာ ၁၀၀၀၀ ပေးခဲ့ရလို့  ကြေးအကြီးဆုံး လုံးခြင်းဝတ္ထုလဲဖြစ်ခဲ့ပါတယ် ၊ ဒီလိုစာပေ တွေရေးသားပြီး ငါးမျှား ၊ တောလိုက် ၊ အပျော်တမ်းစစ်သား ဘ၀စတဲ့ လုပ်ငန်းတွေနဲ့ဘဲ သူဟာ မွေ့လျှော်သူပါ ၊ ပစ္စည်းမဲ့ လူတန်းစား စနစ်ကိုအရမ်းအားကျတဲ့ စာရေးဆရာကြီးလဲ ဖြစ်ပါတယ် ၊ သေရင် ငါ့နောက်မပါဘူးဆိုတဲ့ အတွေးမျိုးကို ဘာသာမဲ့ တစ်ယောက်ပေမဲ့ စာပေအသိဉာဏ် ၊ ဘ၀ အတွေ့အကြုံ တွေကနေ နားလည်သဘောပေါက်ပြီး လက်ခံကျင့်သုံးနေသူ ဖြစ်ပါတယ်၊ နိုဗယ် စာပေဆု ရခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့စာပေပညာရှင်သုံးယောက်ကိုသာ နိုဗယ်ဆု ချီးမြင့်ရပါသေးတယ် ၊ စာပေဆိုင်ရာ နိုဗယ်ဆုဟာ စာရေးဆရာတိုင်း မက်မောတဲ့ဆုပါ၊ လူတိုင်း တန်ဘိုးထား မြတ်နိုးကြပါတယ်၊ တချို့စာရေးဆရာကြီးများဟာ နိုဗယ်ဆုကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းထားခဲ့ကြပါတယ် ၊ ဟဲမင်းဝေးကတော့ နိုဗယ်ဆုရပြီး တစ်လလောက် မှာ သူရထားတဲ့ စာပေဆိုင်ရာ နိုဗလ်ဆုတံဆိပ်ကို ဘုရားရှိခိုး ကျောင်းတစ်ခုကို လှူပြစ် လိုက်ပါတယ် ၊ တစ်ကမ္ဘာလုံး သူ့ရဲ့အလှူကို အာရုံစူးစိုက်ခြင်း ခံခဲ့ရပါတယ်။

သတင်းထောက်တစ်ယောက်က နိုဗယ်ဆုကြီးကို ဘာလို့လှူလိုက်ပါသလဲလို့ မေးလိုက်တဲ့အခါ “ကျွန်တော်က ကျွန်တော်ပိုင်တဲ့ အရာဝတ္ထုတခုကို သူများကို မပေးရသေးရင် ကျွန်တော်ပိုင်တဲ့ ပစ္စည်းလို့ မယူဆဘူး ဗျတဲ့ ” ကျွန်တော် ဟဲမင်းဝေးရဲ့ စကားကို ကျွန်တော်သိလိုက်တဲ့ အချိန်မှာ ငါတို့လက်ထဲက ပစ္စည်းတွေဟာ ငါတို့မပိုင်ဘူး ၊ ပိုင်တဲ့ ပစ္စည်းဆိုရင် ပေးလို့ရရမယ် ၊ သူများကို ပေးလို့မရဘူးဆိုရင် ငါရဲ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ အတွေးတွေ ပေါက်မှိပါတယ် အတွေးပေါက်ခဲ့ဖူးပါသော်လည်း တကယ်ပေးကမ်းစွန့်ကြဲ ရတော့မဲ့အခြေ နဲ့ကြုံပြီဆိုရင် လက်တွန့်ခဲ့ဖူးပါတယ် ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်မေမေက ကျွန်တော့်ကို အ၀တ်အစား သေးသေးလေး တစ်စုံ ထုတ်ပြပါတယ် ၊ မေမေဒါလေးက ဘယ်သူ့အတွက်လဲဆိုတော့ “မင်းသုံးနှစ်သားက ၀တ်ခဲ့တဲ့ ၀တ်စုံလေးတဲ့” အို ဘာလို့သိမ်းထားတာလဲ ပေးပြစ်လိုက်ပါလား မရှိတဲ့လူတွေကိုလို့ ပြောတော့  အို ဘာလို့ ပေးရမှာလဲတဲ့ ၊ ကျွန်တော် ၂၀၀၄ခုနှစ်က ကိုးရီးယားကို အလည်အပတ် အကိုတွေနဲ့ သွားဖူးပါတယ်၊ ဆိုးလ်မြို့တော်ရဲ့ လမ်းစုံတွေ လမ်းထိပ်တွေမှာ အ၀တ်အစားတင် သံစဉ်သေးသေးလေးတွေ တွေ့ပါတယ်၊ တချို့တွေက အိမ်မှာမ၀တ်တော့တဲ့  အ၀တ်အစားတွေကို အမှိုက်ပုံးထဲ မထည့်ဘဲနဲ့ လျှော်ဖွတ် မီးပူတိုက်ပြီး မရှိ ဆင်းရဲသားတွေ ယူဖို့ပြစ်ထားတာလို့ ပြောပါတယ် ၊ ကျွန်တော်က အကြီးကောင်ကို လက်တို့ပြီး ဒို့တွေရဲ့ အ၀တ်ဟောင်းတွေကိုလဲ ဒီလိုပေးကြည့်ရင် မကောင်းဘူးလားလို့ တိုင်ပင်ကြည့်တော့ ဘာလို့ဖိ့တုန်းဟ အမှတ်တရထားသင့်တယ်လို့ ပြန်ပြောပါတယ် ၊ ကျွန်တော်တို့ လူသားတွေဟာ အသစ်မြင်တိုင်း လိုချင်သလို ၊ အဟောင်းကိုလဲ မစွန့်လွတ် ချင်ကြပါ ၊ ဟဲမင်းဝေး ပြောသလို ကိုယ်ပိုင်ပစ္စည်းဟုတ်တယ် မဟုတ်ဘူး ဆိုတာဟာ သူတပါးကိုပေးကြည့်ရင် သိတယ်လို့ ဆိုတော့ ၊ ကျွန်တော်တို့တွေဟာ ကိုယ်မပိုင်တဲ့ ပစ္စည်းတွေနဲ့များ ကြီးပြင်းလာခဲ့ကြတာလား ၊ ဘယ်လောက်ထိ ဒီပစ္စည်းတွေနဲ့ နေအုံးမလဲလို့ တွေး ကြည့်နေမှိပါတော့တယ် …။

ငါးရာ့ငါးဆယ် အသီတိနိပါတ်တော် မြန်မာပြန်ထဲက မဉ္စက ဇာတ်တော်ဆိုတာလေး ဖတ်ဖူးပါတယ် ၊ မဉ္စက= ဆိုတာ ငါ့ဥစ္စာတဲ့ (ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန် ) နှံပြည်စုတ် ငှက်ကလေးဟာ မဉ္စက မဉ္စကနဲ့  ညောင်သီးအမှည့်တွေ ပြည့်နေအောင်သီးတဲ့ ညောင်ပင်ပေါ်မှာ တက်အော်နေပါတယ် ၊ တကယ်တမ်း သူစားနိုင်တာက ညောင်သီးလေး တစ်လုံးရယ်ပါ ၊ အဲဒီချိန်မှာ ဗျိုင်းလို အကောင်ကြီး ငှက်မျိုးတစ်အုပ် ရောက်လာပြီး ညောင်ပင်က အသီးတွေကို အကုန်စားပြစ်လိုက်ပါတယ် ၊ ငှက်ကြီးတွေက ၊ ညောင်သီးတွေကို ကုန်အောင်စားသွားပြီး အီးအီးတွေညောင်ပင်ပေါ် ပါချထားခဲ့ပါတယ် ၊ ငှက်ကလေး မောင်မဉ္စက ကတော့ ငှက်အကြီးတွေ စွန့်ခဲ့တဲ့ မစင်တွေနဲ့ ညောင်ပင်ပေါ်မှာ ငါ့ဥစ္စာ ငါ့ဥစ္စာနဲ့ အော်ဟစ်ကျန်ရစ်နေခဲ့ပါတော့တယ် ၊ တကယ်တော့ ကျွန်တော်တို့တွေဟာ မောင်မဉ္စက တွေများလား ခင်မျာ ။

ယခုအခါ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးညီကိုယ်မောင်နှမများ ၊ ဂီရိလေမုန်တိုင်းကြောင့် ဒုက္ခရောက် နေကြပါတယ် ၊ ကျွန်တော်တို့ရဲ့ မပိုင်ဆိုင်သေးတဲ့ ပစ္စည်းတချို့ကို ကိုယ်ပိုင်ဖြစ်အောင် ဘယ်လိုလုပ်ကြရင် ကောင်းလေမလဲလို့ ကျွန်တော်တို့ ဇနီးမောင်နှံတွေးနေကြပါတယ် ၊ ကျွန်တော်တို့ ဇနီးမောင်နှံကတော့ u$ ၅၀၀ လှူလိုက်ပါပြီ၊ အားလုံးကိုယ်ပိုင်ပစ္စည်း လုပ်နိုင်ကြလိမ့်မယ်လို့ ငွေလမင်းတို့က မျှော်လင့်ပါတယ်ခင်မျာ ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ….။




                    

Saturday, October 30, 2010

အခွင့်အရေး

ကျွန်တော် စာစရေးတော့ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ရေးမယ်လို့ စဉ်းစားခဲ့တာပါ တ ကယ်ရေးဖြစ်တော့ ၊ ဖတ်ထားတာတွေရော မှတ်ထားတာတွေရော ၊ ကြားဖူးခဲ့တာတွေ အတွေ့အ ကြုံတွေရော ရေးဖြစ်လာပါတယ် ၊ တခါတရံမှာ ဘာသာပြန်လေးတွေ ရေးချင်လာပါတယ် ၊ ဘာ သာပြန်လေးတွေ တော်တော်များများကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ chicken soup for the soul at work (101 stories of courage companion & creativity in the work place) တွေထဲက အလွန်ရိုးရှင်းတဲ့ စာတိုပေစလေးတွေပါ ၊ ဒီစာအုပ်ကို ကမ္ဘာကျော် chicken soup for the soul series မှ ၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုအတွက် သီးခြားထုတ်ဝေထားတာ ဖြစ်ပါတယ် ။

ဒီအထဲမှာ ပါဝင်တဲ့  ၀တ္ထုလိုလို ပုံပြင်လိုလို စာတိုပေစလေးတွေဟာ လူကြီးတွေအတွက် အရေပြား ပေါ် အယားပြေ လေးတွေဖြစ်နိုင်လောက်ပေမဲ့ ကျွန်တော်နဲ့ ရွယ်တူလူငယ်များအတွက်တော့ တစုံ တစ်ခုကို ညွန်ပြပေးနေတယ်လို့ ကျွန်တော်ကယုံကြည်တာ ကြောင့်ရယ် ၊ နောက်တစ်ခုက ကျွန်တော် သိတဲ့ စကားပုံလေးတစ်ခုထဲက It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်လို့ မှတ်သားထားဖူးပါတယ် ၊ ဘာသာပြန်တင်မဲ့ နေ့မှာ ဒီစာသားလေးကို သွယ်တန်းပြီး ပိုစ့််တင်ပါ့မယ် ၊

အခွင့်အရေး

တခါတုန်းက မြို့လေးတစ်မြို့က လမ်းဆုံတစ်နေရာမှာ လူငယ်လေး တစ်ဦးဟာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတာပေါ့ ။ ရိုးသားဖြောင့်မတ်တယ် ၊ ကြိုးစားတယ် ၊ ဖော်ရွေတယ် ဒါကြောင့် လူချစ်လူခင်များတယ် ၊ လူတွေဟာ သူ့ဆိုင်မှာ ဈေးဝယ်တယ် ၊ သူများတွေကိုပါ ၀ယ်သူတွေက တိုက်တွန်းပေးတယ် ၊ ဒီတော့ စီးပွားရေးလုပ်ငန်း စည်ပင်လာတယ် ၊ ဆိုင်သေးသေးလေးကနေ ဆိုင်ကြီးဖြစ်လာတယ် ၊ တစ်ဆိုင်ကနေ နှစ်ဆိုင် သုံးဆိုင်  တစ်နိုင်ငံလုံး တနံတလျား ဆိုင်ခွဲတွေ အများကြီး ဖြစ်လာတာပေါ့ ၊ တနေ့တော့ သူဟာ ဆေးရုံမှာ ဘုန်းဘုန်းလဲပါလေရော ၊ ဆရာဝန် တွေက ဒီတောင်ကို မကျော်နိုင်တော့ မှန်းသိနေကြပြီ ၊ ပုဂ္ဂိုလ်ကြီးဟာ သားသုံးယောက်ကို ဆေးရုံကို ခေါ်လိုက်ပြီး ၊ အရည်အချင်းစစ် ပွဲတစ်ခုပြုလုပ်တယ် ။

“မင်းတို့သုံးယောက်ထဲက တစ်ယောက်ဟာ အဖေနှစ်ပေါင်းများစွာ အချိန်ယူ ထူထောင်လာခဲ့တဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ် ၊ ဒီရာထူး အခုဘယ်သူနဲ့ ထိုက်တန်လဲ ဆိုတာ ငါအခု ဆုံးဖြတ်မယ် ရော့ ဒီမှာ တစ်ဒေါ်လာတန် တစ်ရွက်စီယူသွားကြ ၊ ၀ယ်ချင်တာဝယ်ခဲ့ ၊ ညနေ ဆေးရုံကို ပြန်လာခဲ့ကြ ၊ ၀ယ်လာတဲ့ ပစ္စည်းနဲ့ ဒီအခန်းထောင့်စေ့ ပြည့်အောင်ဖြည့် နိုင်ရမယ် ”

သားသုံးယောက်ဟာ အောင်မြင်နေတဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌဖြစ်ရမယ် ဆိုတော့ ၀မ်းသာ ပီတိဖြစ်ကြတာပေါ့ ၊ မြို့တွင်းဝင်ပြီး တစ်ဒေါ်လာဘိုး အပြိုင်အဆိုင် ဈေးဝယ်ထွက် ၊ ညနေကြ တော့ အဖေဖြစ်သူကမေးတယ် “သားကြီး မင်းတစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ” “အဖေ ကျွန်တော် သူငယ်ချင်းရဲ့ ယာတောကိုသွားပါတယ် ၊ တစ်ဒေါ်လာပေးပြီး ဟောဒီ ကောက်ရိုးနှစ် ထုံးဝယ်လာပါတယ် ” ကောက်ရိုးတွေကို အခန်းထဲဖြန့်ခင်းပြီး လိုက်တယ် ။ အခန်းထဲမှာ ကောက် ရိုးတွေ ကြဲပြန့်သွားပေမဲ့ ၊ ထောင့်စေ့အောင် မပြည့်နိုင်ဘူး ဖြစ်နေတယ် ။

ဒါနဲ့အဖိုးကြီးက “သားလတ် မင်းကော တစ်ဒေါ်လာနဲ့ ဘာတွေဝယ်လာ ခဲ့သလ”ဲ “ကျွန်တော် ကုန်ပဒေသာ တိုက်ကြီးတစ်ခုကို တက်ပြီး ဟောဒီ ကြက်မွှေးနဲ့ လုပ်တဲ့ ခေါင်းအုံးနှစ်လုံး ၀ယ်လာပါတယ် ” ကြတ်မွှေးခေါင်းအုံးကို ဖောက်ပြီး အခန်းထဲကိုဖြန့်ကြဲလိုက်ပေမဲ့ အခန်းက ထောင့်မစေ့ပြန်ပါဘူး ၊

“ကဲသားငယ် မင်းရော တစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ”  “အဖေ သားကတော့  အဖေအရင် တုန်းက ဖွင့်ခဲ့တဲ့ ဆိုင်မျိုးကို တွေ့အောင်ရှုာခဲ့ပါတယ် ။ ဆိုင်ရှင်ကို တစ်ဒေါ်လာပေးပြီး အကြွေ အရင်ဖြတ်လိုက်ပါတယ် ၊ ဆင့်ငါးဆယ်နဲ့ ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုကို အရင်ဆုံးလုပ် လိုက်ပါတယ် ၊ နောက် ဆင့်နှစ်ဆယ်ကို ကုသိုလ်ဖြစ် လူမှု့ရေးအဖွဲ့စည်းတစ်ခုကို လှူဒါန်းလိုက်  ပါတယ် ၊ နောက်ဆင့်နှစ်ဆယ်ကို ဘုရားရှိခိုးကျောင်းကို လှူလိုက်ပါတယ် ၊ ကျန်တဲ့ ဆယ်ဆင့် နဲ့ ဒီပစ္စည်းနှစ်ခု ၀ယ်လာပါတယ် ”

သားငယ်ဟာ သူ့အိတ်ထဲက မီးခြစ်ဗူးနဲ့ ဖယောင်းတိုင်လေးကိုထုတ်လိုက်ပါတယ် ၊ မီးခြစ်ပြီး ဖရောင်းတိုင်လေးကို မီးညှိလိုက်ခါ ၊ လျှပ်စစ်မီးကို ပိတ်လိုက်တယ် ၊ ဖယောင်းတိုင် မီးအလင်းရောင်ဟာ တစ်ခန်းလုံးကို ထောင့်စေ့ ပြည့်လျှံအောင်ထိ ထွန်းလင်းသွားပါတယ် ၊ အဘိုးကြီးဟာ အရမ်းဝမ်းသာပြီး “ဒါမှ ငါ့သားကွ မင်းသာဥက္ကဋ္ဌ ဖြစ်ထိုက်တယ် ၊ လူ့ဘ၀ အတွက် အရေးကြီးဆုံး သင်ခန်းစာကို မင်းသဘောပေါက်တယ် ၊ ဉာဏ်အလင်းရောင်ကို မင်းဘယ်လို ထွန်းညှိရမယ်ဆိုတာ မင်းသဘောပေါက်တယ် ၊ လူ့ဘ၀မှာ ဒါအရေးကြီးတယ်ကွ။

Nido Qubein ရဲ့ Let your light shine ကိုပြန်ဆိုပါသည် ။

ကျွန်တော်တို့တတွေဟာ တချိန်မဟုတ် တချိန်ချိန်မှာ ဒေါ်လာတစ်ရွက်ပေးပြီး လူစွမ်းလူစ ပြရမဲ့ အခွင့်အခါမျိုး ကြုံကြရပါလိမ့်မယ် ၊ အဲဒီအခါမှာ သားငယ်လေးလို လူစွမ်းလူစ ပြနိုင်လျှင်ဖြင့်……။
  

 အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …..။