Sunday, January 30, 2011

လ၌ဖြစ်သော နိမိတ်လက္ခဏာ


ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ တစ်သွယ် ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ်နိမိတ် အဟော တည်း။
ဟူ၍ လတွင်ဖြစ်တတ်သော နိမိတ်လက္ခဏာများကို ၊ နတ်စက်ရောင်ဆရာတော်မှ သူ၏နတ်စက် ရောင်သိုက်စာတွင် ၊ အထင်အရှားရေးသားထားပါတယ်။ ဆိုလိုရင်းကတော့ လဟာ ၀ိုင်းဝိုင်းစက် စက်ထွန်းလင်းတောက်ပမနေဘဲ၊ အပိတ်အဖုံးများနှင့် မှောင်ပိတ်နေတာကို ဆိုလိုပါတယ်။ လဟာ အိမ်ဖွဲ့လျှင် အလင်းရောင် မရတော့ဘဲ ၊ မှောင်ပိတ်နေတတ်ပါတယ် ၊ ဒါကိုပင် ပညာရှင်များက လကြတ်သည်ဟု သုံးနှူံးတတ်ကြပါတယ်။
ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဆိုတာ ကတော့ တနင်္ဂနွေနေ့မှာ လကြတ်တယ်ဆိုရင် ပြည်ထဲအရေး သာယာဝပြောတတ်တယ် လို့ဆိုပါတယ်။
ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ ဆိုတာက ဗျ ဂ္ဃလို့ခေါ်တဲ့ ကျားနေ့ တနည်း တနလာင်္နေ့မှာ နေကြတ်လျှင်ဖြင့်၊ မိုးမရွာဘဲ အဲဒီနှစ်မိုးခေါင်းလိမ့်မယ်လို့၊ ဆိုလို ပါတယ်။
ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ အင်္ဂါနေ့ ကြတ်လျှင်တော့ မိုးမကောင်းပါဘူးတဲ့ခင် မျာ၊ မိုးရွာခဲ့လျှင်လဲ ရွာကာမတ္တမျှသာ ရှိပြီး ရေမပါလို့မို့ ကောက်ပဲသီးနှံများ ပျက်စီးမယ်လို့ ဆိုလို ပါတယ်။
ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ဆိုတာကတော့ ဗုဒ္ဓဟူးနေ့မှာ လကြတ်ပြီဆိုလျှင်တော့၊ တိုင်းခန်းပြည်ရွာ သာယာလိမ့်မယ်လို့ဆိုပါတယ်။
ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ ဆိုတာကတော့ ဂုရုခေါ် ကြာသပတေးနေ့မှာ လကြတ်ရင်ဖြင့် တိုင်းတစ်ပါးကသော်လည်းကောင်း၊ မိမိတိုင်းပြည်ထဲ ကသော်လည်းကောင်း သမီးကညာတို့၊ ရတနာဆင်ဖြူတို့ ဆိုက်ရောက်လာတတ်တယ်လို့ ဆိုလို ပါတယ်။
တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ ဆိုတာကတော့ သောကြာနေ့ လကြတ်လျှင်၊ လက်ဆောင် ဆက်သရလာမယ်လို့ ဆိုလိုပါတယ်။
မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ် နိမိတ် အဟော တည်း။ ဆိုတာကတော့ စနေနေ့ လကြတ်လျှင်တော့ တိုင်းပြည်ကြီးငယ် ပျက်ဆီး မယ်လို့ ဆိုလိုပါတယ်။ အခုရေးခဲ့တဲ့ အကြောင်းအရာများဟာ အဘိုးမှတ်စုမှ ကူးယူဖော်ပြခြင်း သာဖြစ်ပါတယ်၊ မှားသည်မှန်သည် ကျွန်တော်မသိပါ ၊ တတ်သိသော ပညာရှင်များ ဒီစာကို ဖတ်မှိ ပါက ၊ ထောက်ပြဝေဖန် ပြောဆိုနိုင်ပါကြောင်း။
ဘလော့စာရူသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့က ဆုတောင်း လိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Thursday, January 27, 2011

နေ၌ ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာ

ရ၀ိခေါ်တုံ၊ ရက်ဂဠုန်၌ ၊ ရောင်ဟုန်ထွန်းပ ၊ သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ မှတ်ရန်ထိုပြီး၊ တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။
လို့ နေမှာဖြစ်တဲ့ နိမိတ်လက္ခဏာများ အကြောင်းကို နတ်စက်ရောင်ဆရာက မင်းပြောင်းမင်းလဲ လက္ခဏာများဆိုပြီး၊ ရေးသားစပ်ဆိုထားပါတယ် ၊  နေသွားပုံကိုကြည့်ပြီး ၊ စပ်ဆိုထားပုံပါ ၊ ဝေဒပညာ မှာ ၊ နေဟာ ဂြိုလ်တွေကို နေ့စဉ်လှည့်ပတ်ပါတယ် ၊ ဂြိုလ်တစ်လုံး ဒါမှမဟုတ် ၊ ဘာဝတစ်ခု ကို တစ်ခါ ဖြတ်သွားဘို့ ၊ နေဟာ ၂နာရီခွဲကြာပါတယ် ၊ နေကိုတော့ စန်းလို့ခေါ်ဆိုပါတယ် ၊ တရံတခါမှာ စန်း လို့ခေါ်တဲ့ နေဟာ အိမ်တစ်အိမ်ပြီး တစ်အိမ်အစဉ်လိုက်မသွားဘဲ ၊ တနေရာထဲမှာ ရပ်တန့်နေတာကို အိမ်ဖွဲ့တယ်လို့ ခေါ်တာဖြစ်ပါတယ် ။
သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ ဆိုတာက နေဟာ တနင်္ဂနွေကိုဖြတ်ပြီး တနလာင်္ကိုမသွားဘဲ ၊ သူရဇ္ဇလို့ခေါ်တဲ့ တနင်္ဂနွေအိမ်မှာဘဲ ရပ်တန့်နေပါတယ် ၊ အဲသလို ကောင်းကင်မှာ နိမိတ်ဖြစ်ပေါ်နေပြီးဆိုရင်၊ မြေပြင်မှာ မီးလောင်ကျွမ်း တတ်ပါသတဲ့။
မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တနလာင်္မှာ အိမ်ဖွဲ့နေရင်တော့ဖြင့်၊ တိုင်းတစ်ပါးက သမီးကညာဆက်သမယ်လို့ ဆိုပါတယ် ။
တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ အင်္ဂါအိမ်မှာ စန်းရှိရင် တော့ မင်းလောင်းရာဇာ ရောက်ရှိမယ်လို့ဆိုပါတယ် ။
တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဗုဒ္ဓဟူးမှာ အိမ်ဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်တွင်းမှာ ပြည်တွင်း စစ်မက်ပေါ်ထွက်မယ်လို့ဆိုပါတယ်။
ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ ဆိုတာကတော့ ကြာပတေးအိမ်မှာ စန်းကလာဖွဲ့နေပြန်ရင် တော့ ၊ တိုင်းခန်းပြည်ရွာမှာ အပြစ်ဘေးဒဏ် တွေမသင့်ဘူး လွတ်ငြိမ်းချမ်းသာခွင့်တွေဘာတွေ ရမယ်ဆိုပါတယ်။
တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ သောကြာမှာ အိမ်ဖွဲ့ပြန်ရင်တော့ ၊ အဝေး ရက်ရွာက၊ ရတနာတွေဆက်သ ရောက်ရှိလာမယ်လို့ဆိုပါတယ်။
ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ စနေမှာ စန်းဟာ အိမ်လာဖွဲ့နေပြန် ရင်တော့ ၊ တိုင်းခန်းပြည်ရွာ ချမ်းသာမယ်လို့ဆိုပါတယ်။
ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။ ဆိုတာကတော့ စနေအိမ်မှာ စန်းဟာ မွန်းမတည့်မှီ ၊ စပြီးဖွဲ့တယ်ဆိုရင်တော့ မိန်းမတွေမှာ ဘေးအန္တရာယ် ရှိပြီး ၊ မွန်းတည့်ချိန်မှာ အိမ်လာဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် သူနဲ့ အမတ်ကြီးများ မကြာမှီ အန္တရာယ်ဖြစ်ပြီး ၊ နတ်ရွာစံ ကံတော်ကုန်မယ်လို့ ဆိုပါတယ်။
ဘလော့စာရှုသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်း လိုက် ပါတယ် ခင်မျာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, January 26, 2011

မင်းပြောင်းလဲခါနီး ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာ

နိဒါန်းမင်္ဂလာ၊စည်ထွန်းဖြာပိမ့်၊ ချုပ်ချာဧကရာဇ်၊ဘုန်းသစ်တတ်ဖြိုး၊စောသတိုးတို့၊ တန်ခိုးစည်းစိမ်၊ ရွှေအိမ်ရွှေနန်း၊ စံမြန်းစဉ်မှ၊ အနိစ္စသို့၊ ရောက်ရလိုသော်၊ ထင်ပေါ်နိမိတ်၊ အကြောင်းဟိတ်ကား။ အရိပ်ပြန်သွား၊ ဘုရားပုထိုး၊ တန်ခိုးရောင်ခြည်၊ ထွက်သည်ထင်မြင်၊ ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊ လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုလ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဂ္ဃ စရိယာ၊ သီဟစာတုံ၊ နိယတုံမှီး၊ မြေကြီးငလျှင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ အညာရေစီး၊ နတ်သမီးကမ်းပြို၊ နေ့ကိုကြယ်မြင်၊ နန်းတွင်းပျားစွဲ၊ ပျံဝဲလင်းတ၊ နားကျနန်းဦး၊ ဘီလူးကိုယ်ထင်၊ အမြင်ပြသွား၊ သားတစ်သွေးခဲ၊ သဲသဲဖြိုးစွာ၊ မိုးရွာကျောက်ခဲ၊ တောင်ကွဲထက်ခြမ်း၊ ကမ်းကို လွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊ ကြီးမားရောက်လာ၊ အိမ်ရာခဲပစ်၊ မြစ်ရေကမ်းဖို့၊ တောင်ပို့ရွေ့တွား၊ နဂါးပေါ်ထွက်၊ ဒိန္နက်သင်္ကြန်၊ ကြယ်ပျံကြယ် ပျောက်၊ အောက်သို့ကြွေကျ၊ လကိုကြယ်ထွင်း၊ ကြယ်ချင်းထိခိုက်၊ ရှေး၌စဉ်လာ၊ ဖြစ်ဖူးရာကို၊ ရာဇ၀င်ကြောင်း၊ စာဟောင်းအ ထွက်၊ သီးကုံးမြွတ်သည်၊ လေ့ကျတ်မှတ်ကုန် ရာသတည်း။
ဟူ၍ မင်းပြောင်းမင်းလဲ ဖြစ်ပေါ်ခါနီးတွင် နိမိတ်လက္ခဏာများကို ရှေးပညာရှိကြီးများ စပ်ဆိုသီကုံး ထားခဲ့ကြပါသည်၊ ပြည်ရွာပျက်တာ မင်းပြောင်းမင်းလဲ ဖြစ်တာတွေဟာ တခုနဲ့တခုစပ်စပ်မှုရှိ ကြ တယ်လို့ ဆိုပါတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတခုခုဖြစ်ပြန်ရင် ပြည်ရွာမှာ တခုခုဖြစ်တတ်သလို ပြည်ရွာမငြိမ်မ၀ပ် ဖြစ်တဲ့အခါမှာလဲ တိုင်းပြည်အုပ်ချုပ်သူများမှာ တခုခုဖြစ်တတ်ပါတယ်၊ ရတုပိုဒ် ပါ အဓိပ္ပါယ် တချို့ကို ကျွန်တော်အကုန် နားမလည်ပေမဲ့ နားလည်သလောက်တော့ ခတ်ဆစ် သဘောမျိုး ရေးသားပါ့မယ် ၊ မင်းပြောင်းမင်းလွဲ ဖြစ်တယ်ဆိုတာ လက်ရှိတိုင်းပြည်အုပ်ချုပ်တဲ့ မင်းသေတာ (နတ်ရွာစံ) ၊ ဒါမှမဟုတ် လက်ရှိမင်းထံမှ အရိုက်အရာ တိုင်းပြည်အုပ်ချုပ်ခွင့် အာဏာ ကို လုယူတာမျိုး ၊ တွေနဲ့ အကြုံးဝင် သက်ဆိုင်တယ်လို့ ဆိုပါတယ် ။
မင်းပြောင်းတော့မယ်ဆိုရင် လက်ရှိဘုရင်ကြီး နတ်ရွာစံကံတော်ကုန်တော့မယ် ဆိုရင်ဖြင့် နိုင်ငံ နဲ့အ၀န်းမှာ တည်ထားကိုးကွယ်တော်မူတဲ့ ဘုရားစေတီများ အရိပ်ထွက်ပါတယ် အခိုးလွတ်ပါ တယ် ၊ အခိုးလွတ်တယ်ဆိုတဲ့ နေရာမှာ ဘယ်အချိန်လွတ်ရင် ဘယ်နှစ်လအတွင်း ဘယ်အချိန် လွတ်ရင် ဘယ်နှစ်ရက်အတွင်း စသဖြင့် ရှေးပညာရှင်မျာ ရေးသားထားသည့် အမှတ်အသား တွေက စပ်ဆိုထားတဲ့ လင်္ကာပါ။ ဦးကုလားရဲ့ မှန်နန်းရာဇ၀င် မှာ ဘယ်မင်းသေတုန်းက ဘယ်ဘုရားအရိပ်ထွက်တယ် ၊ ဘယ်ဘုရား အခိုးလွတ်တယ်နဲ့ တခမ်းတနား ရေးသားဖော်ပြထား တာကို မှန်းနန်းရာဇ၀င်မှာ  ဖက်မှတ်ဖူးပါတယ်။
ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊ ဟူသော အဓိပ္ပါ့ယ်ကတော့ ကောင်းကင်တခုလုံး ဝေမှိုင်းနေတတ်သလို မုန်တိုင်းအချိန် အခါမဟုတ် ကျရောက်မဟုတ်ကျခြင်း ၊ လေပြင်းတိုင်းခြင်း နေနှစ်စင်းထွက်သလောက် ပူပြင်းခါ ရာ သီဥတုဖောက်ပြန်ခြင်းတို့ကို ဆိုလို ပါတယ်။

 လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုလ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဂ္ဃ စရိယာ၊ သီဟစာတုံ၊ နိယတုံမှီး၊ ဆိုတဲ့အဓိပ္ပါယ်ကတော့ တနင်္ဂနွေဂြိုလ် ၊ တနလာင်္ဂြိုလ် ၊ အင်္ဂါဂြိုလ် ၊ ကြာသပတေး ဂြိုလ် ၊ သောကြာဂြိုလ် ၊ စနေဂြိုလ် ၊ စန်းဂြိုလ် စသော ဂြိုလ်၈ခုဟာ သွားရိုးသွားစဉ်လည်ပတ် သလိုမဟုတ်ဘဲ ၊ ခုန်သွားတာမျိုး ၊ ရှေ့သွားမလိုလိုနဲ့ နောက်ပြန်သွားတာမျိုး ၊ ရှေ့မသွားနောက် မသွားဘဲနဲ့ ၊ ဘာဝတခုမှာ ရပ်တန့်နေတာမျိုးကိုဆိုလိုပါတယ်။
မြေကြီးငလျှင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ ဆိုတဲ့အဓိပ္ပါယ်ကတော့ မြေငလျှင်လှုတ်တတ်ပါ တတ်ပါတယ် ၊  မြေကြီးတွေ အက်ကွဲတတ်ပါတယ် မိုးရာသီမျိုးမှာ အက်ကွဲတာမျိုးပါ တော်လဲ တယ်ဆိုတာကတော့ လေတိုက်သံလိုလို ကမ်းပြိုသံလိုလို အသံမျိုးကို ညကြီးအချိန်မတော် ကြားနေရ တတ် တာမျိုးပါ။
 အညာရေစီး၊ နတ်သမီးကမ်းပြို၊ ဆိုတာမျိုးကတော့ အထက်အညာဒေသမှာ ရေဟာ တဖက်ကို သာစီးဆင်းပါတယ် ၊ အတတ်အကျမရှိပါဘူး အောက်မြန်မာပြည် တ၀န်းမှာသာ ရေတတ်ခြင်း ရေ ကျခြင်းဆိုတာရှိပါတယ် ၊ မင်းပြောင်းမင်းလွှဲဖြစ်တော့မယ်ဆိုရင်တော့ အစုန်အဆန်ဆိုပြီး အထက် အညာတွေဒေသ တွေမှာ ဖြစ်လာပါတယ် ။
 နေ့ကိုကြယ်မြင်၊ ဆိုတာကတော့ ကြယ်ဆိုတာ ညပိုင်းသာ မြင်ရစမြဲဖြစ်ပေမဲ့ နေ့ခင်ကြောင် တောင်ကြီးတောင် ကြယ်တွေအလုံးရေ တွက်လို့ရအောင် မြင်နေရမယ်လို့ဆိုလိုပါတယ်။
နန်းတွင်းပျားစွဲ၊ ပျံဝဲလင်းတ၊ နားကျနန်းဦး၊ ဘီလူးကိုယ်ထင်၊ အမြင်ပြသွား၊ ဆိုတာကတော့ ပျားဆို တာ အိမ်တို့ ကျောင်းတို့ နန်းတွင်းစတဲ့ ဆွဲလို့ရတဲ့နေရာတိုင်း ဆွဲပါတယ် ၊ သို့သော်မစွဲသင့်တဲ့ နေရာတွေမှာ စွဲနေတာမျိုးကိုဆိုလိုတာပါ ၊ လင်းတလဲထို့အတူပါ လင်းတဆိုတာ အိမ်တို့ ကျောင်းတို့မှာ မနားကောင်းမှာ ၊ နားလာမယ်ဆိုရင်တော့ အပြောင်းအလဲဖြစ်တတ်ပါတယ် ၊ ဘိုး တော်ဘုရားလက်ထက်တော်အခါက နန်းဦးစမုတ်မှာ လင်းတနားလို့ အယူတော်မင်္ဂလာဦးနိုးကို နိမိတ်ကောက်ခိုင်းတော့ အမျိုးသမီးကညာ ၁၁ရက်အတွင်း ဆက်သပါမယ်လို့ ၊ လျှောက်ထားဘူး ကြောင်း အယူတော်မင်္ဂလာလျှောက်ထုံးမှာ မှတ်သားဖူးပါတယ် ၊ ဒါကြောင့် မနားသင့်တဲ့နေရာ မှာ နားတာကိုသာ ဆိုလိုတာဖြစ်ပါတယ် ၊ ဘီလှူးကိုယ်ထင် ဆိုတာကတော့ နန်းတော်စမုတ် မုတ်ဦး လှေကားဦးတို့မှာ ထုလုပ်ထားတဲ့ ပန်းပုရုပ်လုံး ဘီးလူးကြီးများ အသက်ဝင်တာမျိုး မြို့တွင်းရွာတွင်း မှာ ရှိတဲ့ မြို့စောင့်နယ်စောင့် ဘီလူးကြီး တွေကိုယ်ထင်ပြတာကိုဆိုလိုပါတယ် ၊ ပုဂံခေတ်က ပုပ္ပါးရောက်စောရဟန်းမင်း နန်းတတ်စဉ် ၊ တိုင်းပြည်တွင်း မင်းလောင်းပေါ်တယ်လို့ သတင်းကြားလို့ နန်းဦးလေသာပြတင်းမှာ ထွက်ကြည့်နေတုန်း နန်းဦးစမုတ်က ဘီလူးအသက်ဝင် ပြီး ပုပ္ပါးရောက်စောရဟန်းမင်းကို တင်းပုတ်နဲ့ထုသတ်ခဲ့တယ်လို့ ပုဂံရာဇ၀င်မှာ အထင်ရှားဆိုပါ တယ်။
 သားတစ်သွေးခဲ၊ သဲသဲဖြိုးစွာ၊ မိုးရွာကျောက်ခဲ၊ ဆိုတာကတော့ မိုးဟာရေမပါဘဲ သားတစ်တွေ သွေးခဲတွေ ၊ ကျောက်ခဲမိုးရွာတာတွေကို ဆိုလိုတာပါ ။
 တောင်ကွဲထက်ခြမ်း၊ ကမ်းကို လွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊ ကြီးမားရောက်လာ၊ ဆိုတဲ့ သဘောကတော့ တောင်တွေပြိုကျတာ ၊ ရေတွေကြီးတာ ရေကြီးတဲ့အထဲ မကန်းတွေ ငါးကြီး လိပ်ကြီးတွေပါလာတာ ပေါ်တာကိုဆိုလိုတာပါ ။
အိမ်ရာခဲပစ်၊ မြစ်ရေကမ်းဖို့၊ တောင်ပို့ရွေ့တွား၊ နဂါးပေါ်ထွက်၊ ဒိန္နက်သင်္ကြန်၊ ဆိုတာတွေကတော့ အိမ်တွေကို ခဲကျတာ ၊ မြစ်ရေတွေက အချိန်ပြည့် ကမ်းကိုကျော်နေတာ ၊ ခြတောင်ပို့ ပြတောင် ပို့တွေ နေရာရွေ့လျှားတာ ၊ ကောင်းကင်မှာ နဂါးငွေ့တန်းတွေ ပေါ်တာ ၊ မကျသင့်တဲ့ နေ့ရက် တွေမှာ သင်္ကြန်ကျတာတွေကို ဆိုလိုပါတယ် ။
 ကြယ်ပျံကြယ် ပျောက်၊ အောက်သို့ကြွေကျ၊ လကိုကြယ်ထွင်း၊ ကြယ်ချင်းထိခိုက်၊ ဆိုတာကတော့ ကြယ်တွေ မလိုအပ်ဘဲ ပိုမိုကြွေကျတာ ၊ ရှိသင့်တဲ့အရပ်ဒေသမှာ ကြယ်တွေကျည်တွေမရှိတာ ၊ လကိုကြယ်ထွင်းဆိုတာက တော့ လထဲကိုကြယ်တွေဝင်တာ ၊ သူ့လမ်းကြောင်းနဲ့သူသွားနေတဲ့ ကြယ်တွေ ကျည်တွေဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်မသွားဘဲ ပူးသွားတာ အချင်းချင်းတိုက်မှိတာ တွေကို ဆိုလိုတာ ၊ အခုတင်ပြခဲ့တဲ့ လင်္ကာကြီးဟာ ဖြစ်တတ်တဲ့ အကြောင်းရာတွေကို နိဒါန်း မျှ သာရှိပါသေးတယ် ၊ အထက်ပါကိစ္စတွေအားလုံးဟာ မင်းပြောင်းမင်းလွှဲဖြစ်ရင် ဖြစ်ပေါ်တတ်တဲ့ နိ မိတ်လက္ခဏာ တွေသာဖြစ်ပါတယ် ၊ ဒါတွေဖြစ်တိုင်းတော့ မင်းပြောင်းမင်းလွှဲဖြစ်တတ် တာ မျိုးမဟုတ်ပါ ဆိုလိုတာက အထက်ပါအကြောင်းရာတွေကို မဖြစ်သင့်တဲ့နေရာမှာ ဖြစ်မှသာလျှင် မင်းပြောင်းမင်း လွှဲ ဖြစ်တာဖြစ်ပါကြောင်း သိသမျှဖောက်သယ်ချလိုက်ရပါတယ် ၊ အထက်ပါ အကြောင်းရာများရဲ့ အကျယ် ကို နောက်ပို့စ်တွေမှာ ဆက်လက်ရေးသားပါ့မယ်
ဘလော့စာရှုသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်း လိုက် ပါတယ် ခင်မျာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Tuesday, January 25, 2011

ဟလို

စာမရေးဖြစ်တာ ကြာခဲ့ပါပြီ နှစ်စဉ်ဒီဇင်ဘာ ရောက်ရင်ဖြင့် ခရီးသွားချင်တဲ့ရောဂါကို မလွန်ဆန်နိုင် လို့ သွားလိုက်ရတဲ့ခရီး ၊ စကာင်္ပူ မလေး ထိုင်း ၊ စကာင်္ပူကို ရောက်တာတော့ ကြာပေါ့ ၊ စကာင်္ပူ ကိုအခြေပြုပြီး နီးစပ်ရာနိုင်ငံတွေ ကိုလည်လိုက်ပတ်လိုက်တာ ၊ ငွေလဲကုန် ခရီးလည်းပန်းပြီမို့ ဘလော့ ရေးတဲ့ဖက်ကို လှည့်လိုက်ပါအုံးမယ် ၊ ဘလော့မှာလဲ စာကြွေးတွေက တင်နေတော့ ပြောထားတဲ့ မင်းပြောင်းမင်းလွှဲတွင် ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ဆိုတာကို ဆက်ပြီးရေးသားပါ့မယ်။

နောက်တစ်ခုက ကျေးဇူးတင်ထိုက်သူတွေကိုလဲကျေးဇူးတင်ပါတယ် ၊ မစ္စတာမိုးယံရဲ့ ကျေးဇူးကြောင့် စီဘောက်အသစ်လေးရပါပြီ ကျေးဇူးတင်ပါတယ် မစ္စတာမိုးယံ ၊ အရင်စီဘောက်ဟောင်း ကလဲ အစိမ်းရောင် လွင်ပြင်သခင်မ မမချောရဲ့ ကျေးဇူးပါ ၊ အစိမ်းရောင်လွင်ပြင် သခင်မကိုလည်း ကျေးဇူးတင်ပါတယ် ၊ ဒီဘလော့တွေ မှာစာရေးဘို့ စတင်ပြီး ဖြစ်လာတာကတော့ ဘလော့ သူငယ်ချင်းမတစ်ယောက်ပါ သူ့ကြောင့်သာ ဒီလိုစာတွေကို ရေးနိုင်ခဲ့တာဖြစ်လို့ စာရေးတိုင်းသူ့ကို သတိရသလို ၊ ကိုယ်ရေးတဲ့စာတွေကို သူများတွေလာဖတ်ရင်လဲ သူ့ကို ကျေးဇူးအထူး တင်ရပါတယ်။

နောက်တစ်ယောက်ကတော့ ဘလော့ရဲ့ ထာဝရဖောက်သယ်ကြီး စကာင်္ပူနိုင်ငံက တီတီလေး မသဇင်ပါ ၊ အသစ်မရေးမလဲ အမြဲသူလာဖတ်တတ်ပါတယ် ၊ စကာင်္ပူမှာတုန်းကလဲ သူက ဂျော်နီ ဝေါ့ကား အရက်တစ်လုံးနဲ့ဥာဏ်ပူဇော်ဖူးခဲ့သလို ၊ မစ္စတာငွေနဲ့ မဒမ်ငွေကို ဂိုးဒင်းမိုင်းတာဝါမှာ ညစာလိုက်ကျွေးပြီး ၊ ဈေးဝယ်ထွက်ပေးဖူးတဲ့ သူပါ ကျေးဇူးတင်ပါတယ် တီတီ နောက်များကြရင် ဂျော်နီ ဝေါ့ကားအရက်မှ မဟုတ်ဘဲ   အခြားအခြားသော အရက်သေစာ သေရည်သေရက်တို့ ဖြင့် လည်း ကြုံတိုင်းဥာဏ်ပူဇော်နိုင် ပါတယ် ဥာဏ်ပူဇော်တိုင်းကိုလဲ ပက်ပက်စက်စက် လက်ခံပါကြောင်း တပါတည်း အသိပေးလိုက်ပါတယ် ။

နောက်တစ်ယောက်ကတော့ မဒမ်ငွေပါ မစ္စတာငွေမရှိခင်မှာ ဘလော့မှာ သူ့ရဲ့ မဖြစ်ချင်ဆုံး ဆန္ဒများ နှင့် အဖြစ်ချင်ဆုံး ဆန္ဒများ ပိုစ့်ကိုဘလော့မှာတင်ထားလို့ ကျေးဇူးတင်ပါတယ် မဒမ် ၊ မဒမ်လဲ ၂၀၁၁မှာ စာရေး တော်တော်ကောင်းလာပါတယ် ၊ ကြိုးစားပါ မဒမ်  ကြိုးစားရင်တော့ဖြင့် ဒိုးပြားရဖွယ်ရှိပါ တယ် ။ မစ္စတာငွေ မရှိခင် ပိုစ့်အသစ်တွေ မတင်ခင်မှာ နေ့စဉ် စာလာဖတ်ကြတဲ့ မဒမ်ငွေနှင့်တကွ  ၃၁ဘုံ ကျင်လည်ကုန်သော အဲဟုတ်ပေါင် ၊ မဒမ်ငွေနဲ့ တကွ ဘလော်ကာ ဘလော်ကီ အပေါင်း စာဖတ်သူအပေါင်း ကွန်မင့် ပေးသူအပေါင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကျွန်တော်ရဲ့ ဒီဇင်ဘာ ခရီးစဉ်ပြီးဆုံးပြီး ဘလော့ကို ပြန်လည်ရေးသားနေပြီ ဖြစ်ပါကြောင်း ။

အားလုံးရွှင်လန်း ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် မင်္ဂလာပါခင်မျာ…။

Saturday, December 18, 2010

ဖြစ်ချင်ခဲ့သောဆန္ဒများနှင့် မဖြစ်ချင်သောဆန္ဒများ

ကျနော်လဲ သူများတွေလိုဘဲ ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ် အစက ဒီပို့စ်ကို မစ်စတာငွေလမင်း ခရီးက ပြန်လာမှ ရေးခိုင်းမလို့ဘဲ ကျနော်က ပြောပြမယ် သူက ဖတ်လို့ကောင်းအောင် စာပြန်ရေးပြီးမှ တင်မယ်ပေါ့ အဲလို စိတ်ကူးထားပါတယ် ဒါပေမဲ့ အခုဘလော့တွေ လျှောက်ဖတ်ပြီးတော့လည်း မအိပ်ချင်သေးတာနဲ့ ရေးကြည့်လိုက်တာပါ မစ်စတာက ပြောပါတယ် မင်းစာရေးတာက တောင့်တောင့်ကြီးတဲ့ ဖတ်လို့မကောင်းဘူးဆိုတော့ စာကိုသိပ်မရေးဖြစ်ပါဘူး သူရေးတာကိုဘဲ စာလုံးပေါင်းစစ်ပေးတာလောက်ဘဲ လုပ်တာပါ စာဖတ်တော့ ၀ါသနာပါတယ် မိုးယံပြောသလိုဘဲ မုန့်ထုပ်တဲ့ သတင်းစာတို့ ဂျာနယ်တို့ကစပြီး ဖတ်ပါတယ် စာအုပ်ကတော့ ကြုံရင်ကြုံသလိုဖတ်ပါတယ်။


နိဒါန်းပျိုးနေတာနဲ့ စာကရှည်နေပြီ ကျနော်ငယ်ငယ်က တော်တော်ဆိုးတယ်လို့ မေမေကပြောပါတယ် စကားပြောတတ်ခါစက ကျနော်က ဈေးထဲက ပလတ်စတစ်မျက်မှန်တွေကို ၀ယ်ခိုင်းပါတယ်တဲ့ မေမေက တခုဝယ်ပေးတာကို ကျနော်က အကုန်လိုချင်ပါတယ်တဲ့ ဒါနဲ့မေမေက မျက်မှန်၁၀ခုလုံးကို ၀ယ်ပေးလိုက်ပါတယ် ပြီးတော့ မျက်မှန်ကို မေမေက တပ်ပေးပါတယ် ကျနော်က လောဘကြီးတယ်တဲ့ ၁၀ခုလုံးကို တပ်ပေးပါဆိုလို့ မျက်မှန်၁၀ခုလုံးကို နဖူးကစပြီး လည်ပင်းထိတပ်ပေးရပါတယ်တဲ့ မေမေနဲ့ဖေဖေက ကျနော်ကို ကြီးလာရင် နိုင်ပါ့မလား အခုကိုတော်တော် ဆိုးနေပြီဆိုပြီး စိတ်ပူခဲ့ကြပါတယ်တဲ့  အဲ အသက်ကြီးလာတော့ မျက်မှန်တပ်ရမှာကို အရမ်းရှက်ပါတယ်  ဒါပေမဲ့ ငယ်ငယ်က ဇာတိပြလာပါတယ် ၁၀ တန်းမှာ စာတွေကို သိပ်ပြီးကောင်းကောင်း မမြင်ရတော့ပါဘူး ဒါနဲ့ မျက်မှန်မတပ်ချင်ခဲ့သော ဆန္ဒဟာ ဖြစ်လာပါတော့တယ် အဲဒီကတည်းက တပ်ရတာ မျက်မှန်ကို အိပ်ချိန်မှ ချွတ်ရတာ ဒီနေ့ထိပါဘဲ အခုဆို ပါဝါ တော်တော်ထုနေသလို မျက်မှန်မပါရင် ကောင်းကောင်းမမြင်ရပါဘူး။


ကိုမောင်လေး ရဲ့ ၉တန်းတုန်းက ဆရာမ မေးခံရတဲ့ ပုံစံမျိုး ကျနော်လဲ ၆တန်းတုန်းက မြန်မာစာ ဆရာမက မေးဖူးတယ် တစ်တန်းလုံးကို ကြီးလာရင် ဘာဖြစ်ချင်တာလဲဆိုပြီး တစ်ယောက်ပြီး တစ်ယောက် မေးခံရဖူးပါတယ် ကျနော်ကတော့ ဘာရယ်မဟုတ် ငယ်ငယ်က ဝေဖာအချောင်းလေးတွေနဲ့ အိမ်ဆောက်တမ်း ကစားဖူတော့ အင်ဂျင်နီယာ ဖြစ်ချင်ပါတယ်လို့ ပြောခဲ့ပါတယ် အဲဒါလေးတော့ အခုတကယ်ဖြစ်နေပါတယ် ဒါပေမဲ့ အလုပ်ကို အခုမှ နဖူးတွေ့ ဒူးတွေ့ လုပ်ဖူးတာဆိုတော့ တကယ်လုပ်ကြည့်တော့ အဆင်မပြေတာတွေ များပါတယ် အခုထိကြိုးစားတုန်းပါ။


အင်ဂျင်နီယာ လိုင်းကို အိမ်နဲ့အတိုက်အခံလုပ်ပြီး ယူထားရတာ ၁၀ တန်းတုန်းကလေ ကြုံတုန်းကြွားလိုက်အုန်းမယ် ပျော်ပျော်ပါးပါး ဟေးလားဝါးလားနဲ့ နေလာတာကို အောင်စာရင်းထွက်တော့ ၄ ဒီ နဲ့အောင်တယ် မေမေနဲ့ဖေဖေက ဆရာဝန်လုပ်ခိုင်းတာ မလုပ်ချင်ဘူး ဆေးရုံနံကို မခံနိုင်ဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး  ကိုယ်လုပ်ချင်တာလုပ်လာတာ ဘီအီး ထိ ၅ နှစ်လောက်ဘဲ ဆိုပြီးတက်လာတာ ကိုယ်အလှည့်ကျမှ ဘယ်လိုဖြစ်တယ် မသိဘူး ကျောင်းပိတ်ရက်များသွားပြီး ၂၀၀၁ ခုနစ်အောင်တဲ့သူတွေ နဲ့ ဘီတက်ပထမနှစ် မှာပေါင်းပြီးတက်ခိုင်းတော့ ဘီးအီးထိ ၆ နစ်ကြာသွားပါရော အဲဒါနဲ့ သူများတွေ သွားသွားနေတဲ့ စလုံးဆိုတာကြီးကို အရမ်းသွားချင်တော့ မေမေ က ခွင့်မပြုဘူး ဒီမှာဘဲ အလုပ်လုပ်ရမယ်တဲ့ ဒါနဲ့ မေမေနဲ့ သဘောတူညီမှူတစ်ခု လုပ်ရပါတယ် ၂ နှစ်လောက်ဘဲသွားကြည့်မှာပါ အကြာကြီးမနေပါဘူး ဆိုတော့ မေမေက ဒါဆို မာစတာပြီးအောင်တက်ပြီးမှ သွားရမယ်တဲ့ ဒီလိုနဲ့ မတက်ချင်ဘဲ ကျောင်းဆက်တက်ရတာ ၃ နှစ်လောက်ထပ်ကြာသွားပါတယ်  ကျနော် ကျောင်းကို ၂၀၀၁ က စပြီးတက်တာ ၂၀၁၀ မတ်လ မှပြီးပါတယ် ပြီးပြီးချင်း ထွက်လာလိုက်တာ အလုပ်အတွေ့အကြုံဆိုတာ ဘာဆိုဘာမှမသိဘူး အလုပ်လျှောက်တော့  ခပ်တည်တည်နဲ့ အတွေအကြုံ့ ၂ နှစ်ဆိုပြီး လိမ်လျှောက်ပါတယ် အလှုပ်ရတော့ စာတွေ့နဲ့ လက်တွေ မတူ တော်သေးတယ် စီနီယာ မြန်မာ အကိုကြီးက ပြောပြောပြလို့ စီနီယာ အလုပ်မလာတဲ့နေ့ဆို ကိုဇော် ပြောသလို တိုင်ပတ်နေတော့တာပါ။


စာရေးတော့ မကောင်းပါဘူး သူများတွေလို စာဖတ်သူကို ဆွဲခေါ်သွားလောက်အောင် စာမရေးတတ်ဘူး ဒါပေမဲ့ အဲလို လူတွေကို အားကျတယ် သူတို့လို ရေးတတ်ချင်တယ် ကျနော် က ဘာလုပ်လုပ် အလွဲချည်းလုပ်တာများပါတယ် ကျနော်ထင်တာ ဒါဆို ဖြစ်သွားတာ တခြား မစ်စတာက ခရီးသွားတာ ကြာအုန်းမယ်ဆိုတော့ ဘလော့ကို ဒီအတိုင်းကြီးပစ်မထားချင်လို့ ရေးတတ်သလောက် ရေးလိုက်ပါတယ် အားပေးမယ်ဆိုရင် ကျနော် အလုပ်ရှာနေတုန်း အဖြစ်လေးတွေကို ရေးချင်ပါသေးတယ် အခုရေးနေတာတွေက ခေါင်းစဉ်နဲ့ မကိုက်ဘူးဆိုရင် တောင်းပန်ပါတယ် စိတ်ထဲရှိတာတွေ ချရေးလိုက်တာပါ


ငယ်ငယ် က ဖြစ်ချင်တာ တစ်ခုရှိသေးတယ် အဆိုတော် အရမ်းဖြစ်ချင်တာ ဟဲဟဲ ကျောင်းမှာဆို ၀ဲကမ်း ရောက်ရင် သီချင်းဆိုချင်တဲ့သူ စာရင်းကောက်လို့ကတော့ ထိပ်ဆုံးကဘဲ နှစ်တိုင်းဆိုတယ် ဒါပေမဲ့ ဘီအီးကစပြီး ဆိုလို့မရတော့ဘူး အငယ်တွေကို ဦးစားပေးရမယ်ဆိုလို့ အသံကတော့ မကောင်းဘူး ၀ါသနာအရဆိုတာဘဲ အခုထိလဲ အဆိုတော်ဖြစ်ချင်တုန်းဘဲ မဖြစ်နိုင်ပါဘူး အသံမှမကောင်းတာ မဟုတ်လား စာမေးပွဲပြီးရင် ဘာလုပ်လဲ ဆိုတော့ အိမ်မှာ တနေကုန် သီချင်းဆိုတယ် ရပ်ကွက်ထဲက လူတွေ နားညီးတော့တာပေါ့ စာမေးပွဲအတွင်းလဲ အသံကုန်အော် ပြီး ၇ အိမ်ကြား ၈ အိမ်ကြားစာကျက်တယ် ပြီးတော့လဲ ဆိုနေကြ သီချင်းတွေဖွင့်ပြီး ရေသောက်ပြီး ဆိုပါတယ် အဲလောက်ကို သီချင်းဆို ၀ါသနာပါခဲ့ပါတယ်


နောက်တစ်ခု စိတ်ကူယဉ်ခဲ့တာ ရှိသေးတယ် ငယ်ငယ်ကြည့်ခဲ့တဲ့ အက်ရှင်ဇာတ်ကားက မင်းသမီးတွေကိုကြည့်ပြီး ကြီးလာရင် စုံထောက်လုပ်ချင်ခဲ့သေးတာ ရှေ့နေလဲ လုပ်ချင်လိုက်သေးတယ် နောက်ပြီး ဘုရားတွေ သွားဖူးရင် နိုင်ငံခြားသားတွေကို ဘုရားသမိုင်းရှင်းပြတဲ့ စကားပြန်မမတွေကို မြင်ရင်လဲ တိုးဂိုက် လုပ်ချင်ခဲ့သေးတယ် ဖြစ်ချင်ခဲ့တာတွေကတော့ စုံနေတာဘဲ ငယ်ငယ်က မေမေက ကျနော်ကို ဆရာမလုပ်စေချင်တာ စာသင်ဝါသနာမပါဘူး မသင်ချင်ခဲ့ဘူး ဒါပေမဲ့ ၁၀ တန်း အောင်စာရင်းထွက်ပြီး နောက်တစ်ရက်ကစလို့ ၁၀ တန်း ဂိုက် လုပ်ခဲ့တာ ဒီကို မလာခင်အထိကို သင်ခဲ့ရတုန်းပါ ဖြစ်ချင်တာက တိုးဂိုက် လုပ်ရတာ ၁၀ တန်း ဂိုက် စာမသင်ချင်ပါဘူးဆိုမှ မေမေ က ဒီကပြန်လာရင် စာ သင်တဲ့အလုပ်ဘဲ ဆက်လုပ်ပါတဲ့ အိုးမကွာအိမ်မကွာ နေရတယ်တဲ့ နောက်တော့ ဘာဖြစ်မလဲမသိဘူး အခုလောလောဆယ်တော့ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတွေလို အလုပ်ကိုလုပ်တတ်ချင်တယ်။


မေမေနဲ့ မတူချင်တာ တစ်ခုရှိသေးတယ် ဘာလဲဆိုတော့ မေမေက ဖေဖေကို အရမ်းချစ်တယ် ကျနော်က မေမေကို ခဏခဏပြောမှိတယ် ဖေဖေသိပ်ချစ်တာဘဲလို့ သမီးကြီးလာရင် မေမေလိုမျိုး မချစ်ချင်ပါဘူးလို့ စိတ်ပင်ပန်းလိုက်တာလို့ ဖေဖေကိုဘဲ လိုက်စိတ်ပူနေတယ် စိတ်မချဖြစ်နေတယ် ဖေဖေ အပြင်သွားရင် ဘယ်လောက်ကြာမှာလဲ လို့မေးတယ် ပြောထားတဲ့အချိန်ကို ကျော်သွားရင် ဖေဖေ သွားတဲ့ဆီကို မေမေက လိုက်ပြီးခေါ်ပါတယ် မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို မေမက ဖေဖေကိုချစ်တာပါ မေမေကိုကြည့်ပြီး အချစ်ဆိုတာကြီးကို မကြုံချင်ဘူး အခုတော့ ကျနော်က မေမေထက်တောင် ပိုဆိုးနေမလားဘဲ ဖေဖေက အသက်မရှည်ခဲ့ပါဘူး အခု ဖေဖေဆုံးတာ ၃ နှစ်ကျော်သွားပါပြီ ဒါပေမဲ့ မေမေက နေ့တိုင်း ဖေဖေ အကြောင်းမပါရင် မပြီးဘူး စကားပြောတိုင်းထဲ့ပြောတယ် တခါတခါ မေမေကို သနားမှိတယ် မေမေက ပြောတယ် ညည်းဖေဖေကို ခရီးသွားနေတယ်လိှု့ဘဲ စိတ်ထဲမှတ်နေတယ်တဲ့ နောက်ပြီးပြောပါသေးတယ် ဖေဖေ ဆုံးတော့ သူလဲ နေချင်စိတ်မရှိဘူးတဲ့ ဒါပေမဲ့သားသမီး ၃ ယောက်လုံးမိဘ မဲ့ကုန်မှာဆိုးလို့တဲ့ ဖေဖေ ကို သတိရတိုင်း မေမေက ငိုပါတယ် ကျနော်ပါ လိုက်ငိုမိပါတယ် ဖေဖေကို ဒီလောက်အစောကြီး ထွက်မသွားစေချင်သေးဘူး ကျနော်လုပ်ကျွေးချင်သေးတယ် အဲဒီ ဆန္ဒကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ ပါဘူး


ကျနော်က အိမ်မှာ အကြီးဆုံးပါ ကျနော်မှာ အကိုကြီး အစ်မကြီး တွေ ရချင်ခဲ့တာပါ အဲဒါလဲ ဖြစ်ချင်ခဲ့သော ဖြစ်မလာတာတွေပါ မေမေက ဆရာမ ဖြစ်ဖြစ် ရုံးဝန်ထမ်းဖြစ်ဖြစ် လုပ်စေချင်တယ် ကျနော်ကတော့ အခု ဒီကပြန်ရင် ကိုယ်ပိုင်စီးပွားရေးလေး တခုခုပေါ့ တတ်နိုင်သလောက်လေး တခုခု လုပ်ချင်ပါတယ် စိတ်ထဲအခုပေါ်လာတွေကို ချရေးလိုက်တာပါ ကျနော်ရဲ့ တောင့်တောင်ြ့ကီးဖြစ်နေသော စာများကို မျက်စိညောင်းခံပြီး လာဖတ်ပေးသူများကို ကျေးဇူးတင်ပါတယ်



 စာဖတ်သူများအားလုံး ကျန်းမာပါစေလို့ ငွေလမင်းတိုက ဆုတောင်းလိုက်ပါတယ်။

Friday, December 10, 2010

ပြည်ရွာပျက်ကြောင်း ၁၀ပါး

မြို့ရွာပျက်မည်၊ ကြောင်းဆယ်တည်ကို ၊နားလည်စေကြ ၊ လကာင်္ပြအံ့၊ ဂြိုလ်မရှစ်ထောင့် ၊ မဖြောင့်သွားလာ ၊ ခေါင်းပါးစာရေ ၊ ချိန်နေမမှန် ၊ ရွာသွန်မြူးခုန် ၊ ပဇ္ဇုန်ထွေထူး၊ လေရူးပေါပေါ ၊ ဖျောဖျောတက်တိုး၊ မိုးကြိုးအသံ၊ လမှန်ကြူးက၊ ဒေါင့်တဲစသည်၊ လုပ်ထယာခင်း၊ ကျဆင်းပိုးထူ၊ ခွေးအူချိန်လွဲ၊ တောထဲကြွက်နက်၊ တောကြက်သင်းခို၊ ရွာကိုဝင်လျှိုး၊ ကြမ်းပိုး ပိုးဟပ်၊ ထူထပ်များစွာ၊ နှံစာသငယ်၊ ပေါယယ်ကျရောက်၊ ဗျဂ္ဃစိမ်းစား၊ သစ်ကျားရဲယောင်၊ မရှောင်လုယူ၊ ခိုးသူလည်းထ ပြည်မအုပ်စိုး၊ မင်းစိုးများလက် ၊ ကြခတ်ဝါးကြီး ၊ သီးသောကြောင်းဟိတ်၊ ဆယ်နိမိတ်မူ ၊ ဆိတ်ဆိတ်ပြည်ရွာ ၊ ပျက်တတ်စွာဟု ၊ သာရတ္ထဒီပနီ၊ ကျမ်းထွက်ပြီ၏၊ သညီရုံးပေါင်း ၊ ထိုအကြောင်းကို ၊ ဆင့်လောင်းအသစ်၊ မဖြစ်စိမ့်ငှာ၊ ဧကရာတို့၊ ပညာရှုမျှော်၊ ပေါင်းသူတော်နှင့်၊ တိုင်ပင်ချင့်၍၊ မြတ်ကျင့်ဆယ်မည်၊ ဆောင့်တည်တုံလတ်၊ မှူးမတ်ကြီးငယ် ၊ ပြည်စွယ်ပြည်သွား၊ ပြည်သူများကို၊ တရားမသွေ၊ စောင့်နေမြဲစွာ၊ သရဏာဖြင့်၊ လှူဒါမငြို၊ ဥဒါဖြို၍၊ ပြည်ကိုကုမပေရာသောဝ်။

ဒီလကာင်္ကြီးကတော့ တိုင်းခန်းပြည်ရွာ ပျက်ဆီးဘို့ကြုံလာပြီ ဆိုရင် ဖြစ်တတ်တဲ့ အတိတ်နိမိတ် လက္ခဏာ ၁၀ပါးကို ဧကပိုဒ်ရတုဖွဲ့ထားတာ ဖြစ်ပါတယ် ၊ သာရတ္ထဒီပနီကျမ်းက လာတဲ့လက္ခဏာ တွေလို့ အဖိုးက ပြောပြဖူးပါတယ်။
တိုင်းပြည်ပျက်တော့မယ်ဆိုရင် ၊ အရင်ဆုံးကောင်းကင်မှာ ရှိတဲ့ ဂြိုလ်တွေဟာ သွားရိုးသွားစဉ် လမ်းအတိုင်းမသွားဘဲ ၊ ကပြောင်းကပြန် ရှေ့သွားလိုက် ၊ နောက်ပြန်ဆုတ်လာလိုက် ၊ ခုန်သွား လိုက်၊ အဲလိုကပြောင်းကပြန် မမှန်မကန်တွေ သွားလာတတ်ပါသတဲ့ခင်မျာ ။
အစာရေစာတွေ ရှားပါးပြတ်လတ်တတ်ပါသတဲ့၊ နေဟာ အချိန်မှန်မထွက် အချိန်မှန်မ၀င်တော့ဘူး လို့လဲ ဆိုပါတယ် ၊ မိုးကလဲ ရွာချင်တဲ့အချိန်ရွာ တတ်သလို ၊ မိုးရွာမလိုဟန်နဲ့ လေရူးတသုန်သုန် ရှိ နေတတ်ပြန်ပါသတဲ့၊ မိုးကရွာပြန်ရင်လဲ ဖြောဖြောကြီး ရွာပြီး ရုတ်တရက်ပြန် တိတ်သွားတယ်လို့ ဆိုပါတယ် ၊ ရွာချိန်မှာ မရွာဘဲ မရွာရမဲ့အချိန်မှာ မိုးရွာတတ်ပါတယ် ။
ဆန်ရေစပါး ၊ ပဲနှမ်းပြောင်းတွေ စိုက်ပျိုးရာမှာလဲ တောင့်တဲပိုးလို ပိုးတွေကျရောက်တတ်ပြီး ၊ တော ထဲမှာနေတဲ့ ၀မ်းဖြူတဲ့ ကြွက်တွေဟာ အရောင်တကိုယ်လုံး နက်ပြီး ၊ ဆန်ရေစပါး ပဲနှမ်းပြောင်း တွေကို ကိုက်ဖြတ်ဝါးမျို စားသောက်တတ်ပါသတဲ့။
တောထဲမှာနေတဲ့  တောကြက်တွေဟာ တိုင်းပြည်ပျက်လုရင် ၊ လူမွေးတဲ့ကြက်တွေနဲ့ ရောနှောပြီး နေထိုင်တတ်ပါသတဲ့၊ အိမ်မွေးခွေးတွေဟာလဲ အချိန်ကာလမဟုတ်ဘဲ အူတတ်တယ်လို့ ဆိုပါ တယ်၊ လူနေအိမ်တွေမှာတော့ ကြမ်းပိုးတွေ ပိုးဟပ်တွေ ပေါများနေတတ်ပြီး၊ နှံပြည်စုတ်ငှက်ငယ် များ ၊ နှံကောင်များ ခါတိုင်းထက်မတူ ပေါများတတ်တယ်လို့ဆိုပါတယ်။
ကျားရဲတိရိစ္ဆာန်တွေဟာ၊ မြို့ထဲရွာထဲထိ၊ ၀င်ရောက်သတ်ဖြတ် စားသောက်တတ်တယ်လို့ ဆိုပါ တယ်၊ ခိုးသူတွေလဲ ထပါသတဲ့ ၊ အုပ်ချုပ်တဲ့ မင်းများဟာလဲ ဟိုနားတစ်မင်း ဒီနားတစ်ဗိုလ် ဖြစ်တတ်ပါသတဲ့ ၊ အထူးအားဖြင့်ကတော့ အိမ်တွေ ခြံတွေမှာ စိုက်ပျိုးထားတတ်ကြတဲ့ ကြခတ်ဝါးတွေဟာ အသီးသီးပါတယ်။
စက်တင်ဘာ သံဃာ့အရေးခင်း မဖြစ်ခင်ကာလက အိမ်ရှေ့က ဘုန်းတော်ကြီးကျောင်းက ကြခတ် ၀ါးရုံတွေမှာ အသီးတွေသီးပါတယ်၊ ဖိုးဖိုးကို ၀ါးသီးတွေသီးတယ်ဗျ ၊ ဘယ်လိုအသုံးဝင်လဲ လို့မေး ကြည့်တော့ ၊ ဘယ်မတုန်းဟ လို့ဖိုးဖိုးက မေးပါတယ် ၊ ကျွန်တော်က ကျောင်းမှာ သီးတာလို့ ပြော တော့ ၊ ဖိုးဖိုးဟာ ဆန်တွေ ဆီတွေ မာမားကို တအားဝယ်ခိုင်းထားပါတယ် ၊ ဖိုးဖိုးစိတ်ချမ်းသာပြီး ရောဆိုပြီး မေမေဟာ ဖိုးဖိုးဝယ်ခိုင်းသလောက် ၀ယ်ပြီးထားပါတယ် ၊ စက်တင်ဘာလမှာ သံဃာ့အ ရေးအခင်းကြီးကြောင့် ဆန်တွေဆီတွေ ဈေးထိုးတက်သွားမှ ဖိုးဖိုးပြောတာ မှန်လိုက်တာလို့ အားလုံးက ထောပနာပြုကြပါတယ်။
အထက်က ရတုထဲမှာ ပါတဲ့ဆယ်ပါးက ကိုက်ညီလာပြီဆိုရင် တိုင်းခန်းပြည်ရွာ ပျက်ဆီးတတ်တယ် လို့ဆိုပါတယ်၊ အဲသလိုဖြစ်လာရင် တိုင်းပြည်က ဘုရင်ကစပြီး ပြည်သူပြည်သားအထိ ကုသိုလ် ကမ္မပထ တရားဆယ်ပါးကို ကျင့်သုံးပြီး၊ ဆိုင်ရာသီလတွေ ဖြည့်ကျင့်ပြီး တိုင်းခန်းပြည်ရွာကို ကုသ ရမယ်လို့ဆိုပါတယ်၊ မည်သို့ပင်ဖြစ်စေ ၊ ယုံတာမယုံတာ အပထားလို့ ကျွန်တော်တို့ မြန်မာလူမျိုး တွေမှာ ဒီလိုစာပေတွေ ဒီလိုလမ်းညွန်တွေ၊ ရှိခဲ့တာကပင် ကျွန်တော်တို့လူမျိုးနဲ့ နိုင်ငံအတွက် အဖိုး မဖြတ်နိုင်တဲ့ ရတနာများ ပင်မဟုတ်ပါလားခင်မျာ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ မောင်နှမက ဆုတောင်းလိုက်ပါတယ် ၊ မမငွေက ဟိုနေ့က ကျောက်ကပ်ရောင်လို့ နေမကောင်းဘူးလေ၊ နေသာမကောင်းတယ် စကား ကတော့ တော်တော်လေးပြောနိုင်ပါတယ် ၊ အခုတော့ နဲနဲလေး နေသာထိုင်သာ ဖြစ်နေပါပြီ မစ္စတာငွေရဲ့ စကားကိုနားမထောင်တဲ့ လူတိုင်း ဒီလိုဖြစ်ရမယ်ဆိုတာ အခုတော့ သဘောပေါက် ရောပေါ့ ၊ (ဤသည်ကား စကားညှပ်) အားလုံးမင်္ဂလာပါ ခင်မျာ။

Wednesday, December 8, 2010

ပါလီမန်ခေတ် နောက်ပိုင်း သမ္မတကြီးများ

               နိုင်ငံတော် သမတကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်

                                  သမ္မတကြီး ဦးနေ၀င်း၏ စတုတ္ထအကြိမ် လက်ထပ်ပွဲ


၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်အဖြစ် နာမည် ကျော်ကြားခဲ့သော တော်လှန်ရေး ကောင်စီခေါင်းဆောင်ကြီး ဦးနေ၀င်း ၄င်းလက်ထက်တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက် ၏ သားသေနတ်နှင့် ပစ်သတ်ခံရခြင်း ၊ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခြင်း မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားရာကျော်ကို ပစ်သတ်ခဲ့ခြင်း ၊ ကျောင်းသားများကို တောထဲသို့မောင်းထုတ်ခြင်း အထူးအားဖြင့် ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ် ကျောင်း သားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ 

ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ။
ဤခေါင်းဆောင်သည် ပညာဘယ်၍ ဘယ်မျှပညာတတ်ခဲ့သည်ဟု အမှတ်အသားမရှိခဲ့သော် ငြားလည်း မင်္ဂလာ ဆောင်ခြင်းကိစ္စကိုတော့ မကြာမကြာပြုလုပ်သည်ဟု သတင်းစာ ဟောင်းများ တွင် ဖတ်ရူရပါသည် ၊ အိမ်ထောင် ငါးဆက်ကျခဲ့သည်ဟု မှတ်သားရပြီး ပထမဆုံးအိမ်ထောင်မှာ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျ ခဲ့ပြီး ဦးငွေစိုးကို ဖွားမြင်ခဲ့ပါသည် ၊ ဒုတိယအကြိမ် ဒေါ်ခင်မေ သန်းနှင့် အိမ်ထောင်ကျပြီး ဒေါ်ကြေးမုံဝင်း ဒေါ်စန္ဒာဝင်းတို့ကို မွေးဖွားခဲ့ပြီး ၊ ၄င်းသည် ၁၉၇၂ခု နှစ်တွင် ကွယ်လွန်သဖြင့် မိန်းမမရှိလျှင် မနေနိုင်သော ခေါင်းဆောင်ကြီးသည် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်၊ ထို့နောက် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မိမယ်နှင့် အိမ်ထောင်ပြုခဲ့ပြီးနောက်ဆုံးတွင် ဒေါ်နီနီမြင့်နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပြန်ပါသည်။
ခေါင်းဆောင်ကြီး ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ကွယ်လွန်ခဲ့သည်။ 

ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ 

အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၎င်းလက်ထက် လုပ်ဆောင်ချက်တချို့မှာ ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ကိုအောင်မြင်ခြင်း၊ ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ် ကိုထူထောင်ခြင်း ၊ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊ မဟာဝိဇယစေတီတော် ကိုတည်ဆောက်ခြင်း၊ နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကိုတရားမ၀င်ငွေကြေးအဖြစ်အကြိမ်ကြိမ်ကြေငြာခဲ့ခြင်းတို့ ဖြစ်သည် ။
ဦးစန်းယု
ဦးစန်းယုသည် ဦးနေ၀င်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင် ဘာ လ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထူးခြားသည့် ပညာအရေချင်းနှင့် လုပ်ဆောင်ချက်ကို တစုံတရာမှတ်သားထားသော စာအုပ်စာတမ်းများကို မဖတ်ရှုခဲ့ရဖူးပါ။
                                                         ဦးစိန်လွင်

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ် သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။


၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ 

ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ အရေးခင်းကာလအတွင်း သူ၏နာမည်ကျော် စကားတချို့မှာ “ဓာတ်တိုင်နှင့် ခွေးသာကျန်ပါစေ ၊ အကုန်ပစ်သတ် ”ဟူ၏။

၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည်။
                                                        ဦးအေးကို

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည် ၊ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု မှတ်သားခဲ့ဘူး ပါသည်။၎င်းသည် ပြည်ဦးလွင် စစ်တက္ကသိုလ်၏ ဆရာတဦးဖြစ်သည်ဟု သိရပါသည်။
                                                  ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်သည် ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာ ၀န်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်၏ မိန့်ခွန်းတချို့မှာ "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထားကြပါ" ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။ 

ဒေါက်တာမောင်မောင်ကို ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက် ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။ 

ငယ်စဉ်က မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။ 

တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။ 

ဒေါက်တာမောင်မောင်သည် ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာ မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D. (Doctor of Law) ဘွဲ့ရရှိသည်။ 
ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ 
ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင် ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ 

၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာမောင်မောင်သည် မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင် ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ 
ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။
ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊ ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။ 

ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်များ

သွေးနီ ၁၉၄၆၊သက်ရှိရာဇဝင် ၁၉၅၆၊တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉၊နိုင်ငံ တော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော ၁၉၆၅၊မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉၊ သားမောင် စစ်သည်သို့ ၁၉၇၂၊တရားဥပဒေ အထွေထွေ ဗဟုသုတ ၁၉၇၄၊ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇The Forgotten Army ၁၉၄၆Burma's Teething Time ၁၉၄၉London Diary ၁၉၅၂Grim War Against KMT ၁၉၅၃Burma in the Family of Nations ၁၉၅၆Burma's Constitution ၁၉၅၉A Trial in Burma ၁၉၆၂Aung San of Burma ၁၉၆၂Law and Custom in Burma And The Burmese Family ၁၉၆၃Burma and General New Win ၁၉၆၉To A Soldier Son ၁၉၇၄ တို့ဖြစ်သည် ဒေါက်တာမောင်မောင်ကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများက ပညာတတ်မပီသသော ခေါင်းဆောင် ၊ ပညာတတ်ပါလျှက် ပညာကို အဘိုးအနားစားဖြင့် တန်ကြေးဖြတ်သူအဖြစ် နာမည်ပျက်ဖြင့် ခေါင်းဆောင် လုပ်သူ ၊ ပညာ ကိုအသုံးမချဘဲ ၊ မသူတော်ကိုဆရာတင်သူ စသဖြင့် စသဖြင့် နိုင်ငံတော်သမ္မတကြီး ဒေါက်တာမောင်မောင်ကို ထိုခေတ်ထိုအခါက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ တီးတိုးတီး တိုး သဖန်းအထိုး ခံခဲ့ရသော ခေါင်းဆောင်တဦးဖြစ်ပါသည် ။