Monday, June 13, 2011
လွဲလိုက်ပုံ
၂၀၁၀ မတ်လ ၁၉ရက် သောကြာနေ့ ည ၉း၄၅ မှာ စင်ကာပူ ချန်ဂီလေဆိပ်ကို ရောက်လာခဲ့ပါတယ် သူငယ်ချင်း ၃ ယောက် အတူတူ အူတူတူ နဲ့ ရောက်ခဲ့ပြီး လာကြိုမဲ့သူငယ်ချင်းတွေ ရောက်ပြီလား မသိဘူး အတွေးနဲ့ ဟိုဟို  ဒီဒီ ရှာကြည့်တော့ သူငယ်ချင်း ၉ ယောက်လာကြိုကြတယ် အမလေး တော်ပါသေးရဲ့ လာကြိုလို့ မဟုတ်ရင် မသွားတတ် မလာတတ်နဲ့ ဒုက္ခရောက်မှာ ဒီလိုနဲ့ တက္ကစီ ငှါးပြီး အိမ်ခန်းငှါးထားတဲ့ နေရာအသီးသီးကို သူငယ်ချင်းတွေ ကောင်းမူ့နဲ့ ကျွန်တော်တို့ ၃ယောက်လုံး ချောချောမွေ့မွေ့နဲ့ ရောက်သွားပါတော့တယ်။
နောက်တစ်နေ့ကို သူငယ်ချင်းတွေကဘဲ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးပြီး MRT စီးဖို့သင်ပေး Bus စီးဖို့သင်ပေးကြပါတယ် နောက်နေ့ တနင်္ဂနွေနေ့ကို လျှောက်လည်မယ် ဆိုပြီး သူငယ်ချင်းတွေ ချိန်းတော့ သူငယ်ချင်း ၆ ယောက်စုနေတဲ့ အိမ်မှာ မြီးရှည်လုပ်စားပြီးမှ အထပ် ၅၀ ရှိတဲ့  Sky Bridge ကို သွားခဲ့ပါတယ် ကျွန်တော်က ဘတ်စ်ကားစီးရင် မူးတတ်တဲ့ အကျင့်ရှိတယ်။
ကားစီးတာအချိန်ကြာရင် အန်တယ် ရောက်ခါစလည်းဖြစ် ဘတ်စ်မစီးတာလဲ ကြာပြီဆိုတော့ မူးလာတယ် ဓါတ်ပုံတွေတော့ ရိုက်နိုင်ခဲ့တယ် အပြန်မူးတာမှ အရမ်းမူးတယ် သူငယ်ချင်းအိမ်ရောက်တော့ အိပ်ခန်းထဲ ၀င်အိပ်တယ် အိပ်ပြီးနိုးတော့ အိမ်သာ သွားတက်ခဲ့ပါတယ် အဲဒီမှာ ပထမဆုံးဖြစ်တဲ့ ကမောက်ကမလို့ ပြောမလား အလွဲလို့ ပြောမလား စဖြစ်ခဲ့ပါတယ် ဘာလဲဆိုတော့…
ကျွန်တော့်ကို ဖုံးဝယ်ပြီး သုံးရင် ပိုက်ဆံကုန်မှာဆိုးလို့ အလုပ်ရမှ ဖုံးအသစ်ဝယ်ဆိုပြီး ကျွန်တော့်ဆရာက Sony Ericsson ဖုံး ဆရာမှာ တစ်လုံးပိုနေတာတဲ့  Sim Card ပါ တခါတည်းထဲ့ပေးပါတယ် အဲဒီနေ့က ဖုံးကို ဂျင်းဘောင်းဘီ နောက်ဖက်က အိတ်ထဲမှာ ထိုးထည့်ထားတာပါ အိမ်သာတက်ပြီးတော့ သူငယ်ချင်းတွေ မုန့်စားရအောင်ဆိုပြီး စားကြတယ်။
မုန့်စားပြီးတော့မှ မန်းတလေးက အိမ်ကို ဖုံးဆက်ချင်တာနဲ့ ဖုံးလိုက်ရှာတော့ တစ်အိမ်လုံး ဘယ်မှာမှ ရှာမတွေ့တော့ဘူး အကုန်လုံးလဲ ရှာတာ နှံနေပြီ နောက်ဆုံးရှာစရာဆိုလို့ အိမ်သာတစ်ခုဘဲ ကျန်တော့မို့ သွားရှာလိုက်တော့ ထင်တဲ့အတိုင်းဘဲ ဖုံးလေးက ခွက်လေးထဲမှာ ထောင်ထောင်လေး ရေထဲမှာ ပေါ်နေပါတော့ မြန်မြန်ဆယ်ပြီး အ၀တ်နဲ့  သုတ်တော့ ရေထဲမှာ နာရီဝက်လောက် ကြာသွားတာဆိုတော့ တော်တော်စိုနေတာ ဘတ်ထရီထုတ်ပြီး နေပူလှန်း ကတ်ထုတ်ပြီး အဲဒီနားက ဈေးပေါတဲ့ Nokia ဖုံးလေးကို ၀ယ်သုံးရပါတော့တယ် ဆရာ့ ဖုံးကတော့ လုံးဝကို သုံးမရတော့ပါဘူး။ဖုံးကိစ္စပြောရင်းနဲ့ တလက်စတည်း ပြောလိုက်အုန်းမယ်နော် အလုပ်ရပြီးတော့ အိုင်ဖုံး plan လေးဝယ်လိုက်တယ် ၀ယ်ပြီး ၁ပတ်လောက်နေတော့ ထမင်းဟင်းချက်ရင်း အိတ်ကပ်ထဲကနေ အောက်ငုံလိုက်တာ့ ဖုံးက အောက်ကျပြီး  မှန်ကွဲသွားပါတယ် ကွဲပုံကလဲ နေကြာပန်းလို အက်ရာအကြီးကြီးဘဲ လက်နဲ့ တို့ရင် ရှတတဖြစ်နေတော့ မှန်ကို အဟောင်းဆိုင်ကို မှန်အသစ်လဲတော့ ပိုက်ဆံ ၈၀ ကုန်သွားတယ်။
ဒါတင်မပြီးသေးဘူး ဈေးဝယ်ရင်းနဲ့ လက်ကနေ ချပြီး ဟင်းသီးဟင်းရွက်ကို ရွေးလိုက်မှိတယ် ပြီးတော့ ဖုံးကို မေ့သွားတယ် အပြန်လမ်းကျမှ သိတော့ သွားရှာတယ် မတွေ့တော့ဘူး အဲဒါနဲ့ Cashier ကိုမေးတော့ သူတို့သိမ်းပေးထားတယ်တဲ့ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပျောက်တာ  ပြန်မရဘူး  Market က မန်နေဂျာက ဖုံးထဲက data အချို့ကို မေးပြီး ကျွန်တော့်ဖုံးဆိုတာ သေချာမှ ပြန်ပေးပါတယ် အခုရက်ပိုင်း ဖုံး Casing က ခဏခဏ ကွာနေတာနဲ့ စိတ်မရှည်တာနဲ့ စင်ကော်နဲ့ ဒေါင့်လေးဒေါင့်ကို ကပ်လိုက်မှိတယ် ဒီနေ့ သူငယ်ချင်းတွေနဲ့ စကားတိုက်ဆိုင်လို့ စင်ကော်ကပ်ထားတာကို ပြောလိုက်မှိတယ် အားလုံးက ၀ိုင်းပြီး ပြောကြတယ် ထူးဆန်းတယ်တဲ့ ပြန်ခွါရင် နင့်ဖုံး ဆေးကျွတ်မှာ ဘာညာဆိုပြီး ဟာသတစ်ခုလို ပြောနေကြတာ။
ဒီလို အလွဲလောက်က တော်သေးတယ် အလုပ်လျှောက်တဲ့အခါမှ လွဲလိုက်တာတွေမှ အများကြီးပါ ဘယ်လိုလွဲလဲ ဆိုတော့ Resume ကိုရေးတော့ သူငယ်ချင်းတစ်ယောက် ရေးပြီးသားမှာ မတူတာတွေပြင်ပြီး  အလုပ်လျှောက်ပါတယ် ဘယ်လိုမှားသွားလဲ ဆိုတော့ သူငယ်ချင်းက  BTech BE ဆိုပြီး ၂ပိုင်းခွဲပြီး ဘွဲ့ရခုနစ်ကို ပြထားတယ် အဲဒါကို ကျွန်တော်က BE ၊ ME ပြင်ထဲ့တယ် ME အတွက်  ခုနစ်ကို ပြင်ဖို့ သတိရပေမဲ့ BE ကိုပြင်ဖို့မေ့သွားတယ် ကျောင်းတက်ခုနစ်ကို ၂၀၀၄ လို့ မှားရေးလိုက်မှိတယ်။
အဲဒီအမှားကြီးနဲ့ အလုပ်လျှောက်တော့ ပထမဆုံးအလုပ်ကိုတော့ Work Permit နဲ့  လစာ ၁၈၀၀ ပေးတယ် Work Permit ကို မလုပ်ချင်တာနဲု့ငြင်းလိုက်တော့ Pass ကို မလျှောက်ဖြစ်ခဲ့ဘူး ဆိုတော့ အမှားကို မသိသေးဘူး ဒုတိယ အင်တာဗျုးက Drafter နဲ့ခေါ်ပါတယ်  သူတို့ဆွဲခိုင်းတဲ့ ပုံလေးက လွယ်နေတော့ ဆွဲတတ်ခဲ့ပါတယ် အဲဒါ ဘော့စ်က အိုကေရပြီ မင်းလစာတောင်းထားတာက ၂၀၀၀  အလုပ်ဆင်းပြီး ၆လ နေမှ ၂၀၀၀ ပေးမယ် အခုတော့ ၁၈၀၀ နဲ့ လက်ခံရင် အလုပ်ခန့်လိုက်ပြီ လိုအပ်တာတွေကို မန်နေဂျာကို ပေးခဲ့ပြီး နောက်အပတ်ကို အလုပ်စဆင်းလို့ ရပြီ ဆိုတော့ ၀မ်းသာခဲ့ပါတယ်။
မန်နေဂျာက Resume ကအမှန်ဆိုရင် အဲဒီထဲအတိုင်း လျှောက်ပေးမယ်ဆိုပြီး  passport စာအုပ်ကိုဘဲ ကော်ပီကူးထားလိုက်ပါတယ် နောက်နေ့မနက် ၁၀နာရီလောက်မှာ သူငယ်ချင်းက ဖုံးဆက်ပြောတယ် နင့် Spass Reject တဲ့ ကြားလိုက်တော့ စိတ်ညစ်လိုက်တာ အရမ်းဘဲ ကုမ္ပဏီကို ဖုံးဆက်ပြောတော့ သူတို့က EP နဲ့ ထပ်လျှောက်ပေးမယ်ဆိုပြီး နေလည်မှာ လျှောက်ပေးတော့လဲ ချက်ချင်း Reject တဲ့ ဘာဆက်လုပ်မလဲ ကုမ္ပဏီကိုမေးတော့ Work Permit ကိုလက်ခံမလားတဲ့ အဲဒီ Work Permit ကို စဉ်းစားအုန်းမယ် ပြောပြီး သူငယ်ချင်းတွေနဲ့ ဆရာတွေကို မေးတော့  Appeal Letter လျှောက်ခိုင်းတဲ့။
ကုမ္ပဏီကို Appeal Letter လျှောက်ပေးဖို့ပြောတော့ အချိန် ၃ ပတ်ကြာမှာတဲ့ မစောင့်နိုင်ဘူးပြောတာနဲ့ Reject Reason ကိုတော့ မေးပေးပါဆိုတော့ ဘွဲ့ရတဲ့ခုနစ်မှာ problem ဖြစ်နေတာပြောမှ Resume ကို သေချာပြန်စစ်တော့မှ ကိုယ့်အမှားကို ကိုယ်ပြန်တွေ့ပါတယ် သေလိုက်ပါတော့ မှားတာမှ နဲနဲပါဘဲ အမှန်က ၂၀၀၁ ကို ၂၀၀၄ ဖြစ်နေမှတော့ Reject ဖြစ်တာမဆန်းပါဘူး MOM က မှန်နေရင်တောင် အလကားနေရင်း Reject ဖြစ်နေတတ်တာ ဒီလိုနဲ့ အလွဲတွေ တသီကြီး နဲ့ အခုချိန်ထိ ပျော်ပျော်ပါးပါးကို အလုပ်လုပ်နေပါတယ် နောက်မှ ဆက်ပြီး အလွဲတွေ အမှားတွေကို ရေးပါအုန်းမယ် ဖတ်လို့မကောင်းပေမဲ့ အမှတ်တရအနေနဲ့ ရေးချင်ပါတယ်။
ဒီနေ့ အသစ်ရောက်လာတဲ့ သူငယ်ချင်းတစ်ယောက်ကို sky bridge ကို လိုက်ပို့ပေးတော့ ရောက်ခါစက အဖြစ်လေးတွေ သတိရပြီး ပို့စ်တစ်ခုအဖြစ် ချရေးလိုက်ပါတယ် စာဖတ်သူတွေတော့ မသိဘူး ကိုကိုငွေကတော့ မဒမ်ငွေ မင်းရေးတာတွေက အသက်မပါဘူး ဖတ်လို့မကောင်းဘူးဆိုပြီး ခဏခဏပြောနေပေမဲ့ အမှတ်တမဲ့လေးတွေကို အမှတ်တရအဖြစ် ချရေးချင်လို့ ရေးလိုက်မှိပါတယ်။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေ။
Saturday, June 11, 2011
လကြတ်ခြင်း
                  16-6-2011 နေ့ လကြတ်ချိန် နိရာယနဇာတာခွင်
                 လာမည့် ၁၆-ရက်နေ့တွင် လကြတ်မည့်ပုံ အနေထား
မြန်မာနှစ် ၁၃၇၂ခုနှစ်၊ နယုန်လပြည့်နေ့ ခရစ်နှစ်၂၀၁၁ခုနှစ်၊ ကြာသပတေးတွင် လအပြည့်စုံ ကျတ်ခြင်း (Total eclipse) ကောင်းကင်ယံတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း ။ မြန်မာနိုင်ငံမှ နတ္တခတ္တဝေဒ ပညာရှင် ဆရာကြီး ဦးလှမောင်၏ တူ ဆရာကာလာစန်၏ သံဒိဋ္ဌ နေ့စဉ်ဂြိုလ် သွားပြက္ခဒိန် ၁၃၇၂ခု (၂၀၁၁ - ၂၀၁၂) နှစ်တွင် ရေးသားဖော်ပြထားသည်။
ဖော်ပြပါ နေ့ရက်တွင် ကြတ်မည့် လကြတ်ခြင်းအခြင်းရာကို ၊ အာရှ၊ အာဖရိက၊ ဥရောပ အချို့၊ သြစတေးလျ၊ အမေရိကအချို့၊ ပစိဖိတ်အချို့၊ အိန္ဒိယသမုဒ္ဒရာနှင့်၊ တောင်အတ္တလန္တိတ် တို့မှ သက်ဆိုင်သလို မြင်ရမည်ဖြစ်သည်။
မြန်မာစံတော်ချိန် နံနက် ၁နာရီ၊ ၆ မိနစ် ၄၈စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၇၉ဒီကရီ၊ ၅၄မိနစ်၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၁၈မိနစ်တွင် အိန္ဒိယသမုဒ္ဒရာတွင် စတင်ကြတ်ပြီး နံနက် ၂နာရီ ၅၄မိနစ်၊ ၂၄စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၅၄ ဒီဂရီ၊ ၂၀ မိနစ်နှင့် ၊ တောင် လတ္တီတွဒ် ၂၃ဒီဂရီ  ၂၃မိနစ်တွင် မာဒါဂါစကာ အနီးတွင်  လအပြည့်အစုံကြတ်၍  လကြတ်ခြင်း၏ အလယ်သို့ရောက်လျှက် နံနက် ၄နာရီ ၊ ၃၆ မိနစ်၊ ၄၈ စက္ကန့်တွင် လသည် အရှေ့ လောင်ဂျီတွဒ်  ၂၉ဒီဂရီ ၊ ၁၃မိနစ်နှင့် ၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၃၂ မိနစ်တွင် တောင်အာဖရိက  ကရက်စတိုရီး ယားမြို့ အနီးတွင် လကြတ်ခြင်းပြီးဆုံးမည်။
လကြတ်ချိန် စဆုံး ၃နာရီ ၃၀မိနစ်ကြာပြီး၊ သီးသန့်အပြည့်ဝကြတ်ချိန် (Duration of total obs curation) ၁နာရီ ၂၇ မိနစ်ကြာမြင့် မည်ဖြစ်ပါသည်။
နိရာယနဇာတာဂြိုလ်ခွင်၌ ဗြိစ္ဆာရာသီမှ ဓနုရာသီသို့ စန်းခေါ် တနလာင်္ဂြိုလ် လမင်းကူးပြောင်းခါစ ဓနုရာသီ -၀-အံသာ-၅- လိတ္တာတွင် လကြတ်ရာ မိဿရာသီ-(Ascendant) ၁၉ အံသာ- ၅၈ လိတ္တာ၊ မူလနက္ခတ်နှင့် ဓနုစန်းယှဉ်၍ လကြတ်ခြင်းဖြစ်သည်၊ ထိုလကြတ်ခြင်း၏ အကျိုးအပြစ်ကို ဂရင်းနစ်စံချိန် အနောက်နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်အရ ၆-လအတွင်းအကျိုးအာနိသင် ရှိသည်ဟု ၁၆၉၇ခုနှစ်က စ၍ လန်ဒန်မြို့တွင် ထုတ်ဝေခဲ့သော Foulsham’s Almanac နှင့် ၁၈၂၀ ခုနှစ်က စတင်ထုတ်ဝေခဲ့သော Raphael’s Almanac ၊ ၁၈၃၀ခုနှစ်လန်ဒန်မြို့မှ ထုတ်ဝေ ခဲ့သည့် Zadkiel’s Almanac ၊ Raphael’s Mundane Astrology စာအုပ်များက တညီတညွတ်တည်း ဆိုထားကြပါသော်လည်း။
မြန်မာစံတော်ချိန် အရှေ့နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်တို့နှင့် တွက်ချက်ထားသည့် ကန်ဦးမူသံ ဒိဋ္ဌပြက္ခဒိန်၊ ဆင်တဲမူ သံဒိဋ္ဌ ၊ ဆရာကာလန်စန်၏ နေ့စဉ်သုံး သံဒိဋ္ဌ ၊ နက္ခတ္တဝေဒ ပညာရှင် ၀ဏ္ဏကျော်ထင် ဆရာကြီး ပျဉ်းမနား ဦးသန်းမောင်၏ နေကြတ် လကြတ်ဆိုင်ရာ ဟောပြော ချက်များတွင် ယခုကဲ့သို့ လကြတ်ခြင်းမျိုးကို ၂လအတွင်း ဆိုးပြစ်ကောင်းကျိုးရှိကြောင်း မှတ် သား ရပါသည်။
ယခုလကြတ်မှု့၏ နိုင်ငံအလိုက် ဆိုးကျိုးမှာ အမေရိကန်ပြည်ထောင်စု နှင့် ဆက်စပ်သည့် ပြည်နယ်များ ၊ တောင်အာဖရိက ဒေသတချို့တို့တွင် မုန်တိုင်းများ ၂လအတွင်း တိုက်ခတ် ပါလိမ့်မည် ၊ မြန်မာ နိုင်ငံအတွက်ကား ရခိုင်ကမ်းလွန် နှင့် မုတ္တမ ဒေသများသို့ မုန်တိုင်းများ အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းတွင် ပျက်ပြယ်ပါလိမ့်မည်။ သြစတေးလျ ပြည်နယ်များနှင့် ၊ အိန္ဒိယ ပြည်နယ်ကြီးများတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်ပြီး အနီးအပါး နိုင်ငံများ ဒေသများသို့ ရွေ့လျားပါလိမ့်မည်။ မြန်မာပြည်တွင် လျှပ်စီးမိုးကြိုး များ မကြာခဏ ဖြစ်ပေါ်ခါ  နောက်ဆက်တွဲမုန်တိုင်းများပါ တိုက်ခတ်မည်ဟု ခန့်မှန်းရပါသည်။
လူတဦးခြင်း၏ ဆိုးကျိုးကောင်းပြစ်မှာ ယေဘုယျ အားဖြင့် တနလာင်္ သားသမီးများ အထူးမကောင်းဟု မှန်းဆရပါသည်၊ ဓာတ်လိုက်ခြင်း၊ ယာဥင်္တိုက်မှု့၊ အလုပ်အ ကိုင်ကြပ် တည်းခြင်း၊ နေရာပြောင်းရွေ့ရခြင်း၊ နှလုံး၊ သရက်ရွတ်၊ အူ ၊ စသော ၀မ်းတွင်း အနာရော ဂါများဖြင့် ဆေးရုံတတ်၍ ဆေးကုသမှု့ခံယူနေသူ  ဖြစ်ပါက အသုံးဆုံးရှုံးနိုင်ပါသည်၊ ဆေးရုံတတ် ရောက် နေ သူမဟုတ်ပါက ထိုရောဂါများကို သတိထားရန်ဖြစ်ပါသည်။
နေကြတ်လကြတ် ခြင်းသည် ဖြစ်ပေါ်သည့် ရာသီ ဘာဝနှင့်ဆိုင်သည့် ထူးခြားမှု့ဖြစ်မည်ဟု W Gorn old ရေးသားသည့် `နေကြတ် လကြတ် သီအိုရီနှင့် လက်တွေ့စာအုပ်´ကမိန့်မှာ ထားသလို
ကမ္ဘာကျော် အင်္ဂလိပ်နက္ခတ်ဗေဒင်ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်သော Alan leo ရေးသားပြုစုသော ဗေဒင်အဘိဓာန်ကို ဆက်လက်ပြုစုသူ V.E Robson က မူလဖွားဇာတာရှိလဂ်၊ စန်း (တနလာင်္)၊ တနင်္ဂနွေဂြိုလ်နှင့် အခြားဂြိုလ်များ ၊ ၁၀ဘာဝတို့အပေါ် နေကြတ်ခြင်းသည် ဇာတာရှင်အတွက် ထူး ခြားမှုဖြစ်စေတတ်ပြီး၊ မူလဖွားဇာတာရှိ ဂြိုလ်တလုံးအပေါ်သို့၊ ကောဇာ နေကြတ် လကြတ် ခြင်းသည်  ဆိုးကျိုးသက်ရောက်မည်ဖြစ်သည်။
မွေးဇာတာရှိ မူလကြာသပတေး ဂြိုလ်အပေါ် နေကြတ်လကြတ်ပါက တခါတရံ ကောင်းကျိုးသက် ရောက်စေပြီး၊ မူလသောကြာဂြိုလ် အပေါ် ကြတ်လျှင် သာမန်ကောင်းကျိုးသက်ရောက်မှု့ ရှိမည် ဖြစ်သည်၊ လဂ်၊ စန်း တနင်္ဂနွေ ဂြိုလ်ပေါ်သို့ နေလကြတ်ခြင်းသည် အဆိုးဆုံးဖြစ်သည်၊ ဇာတာရှင် ၏ ကျမ်းမာရေးကို ထိခိုက်စေတတ်ပြီး အသက်အန္တရာယ်ကို ဖြစ်စေတတ်သည်ဟု ဟော ဆိုပါ  တယ်။
မြန်မာ နက္ခတ္တပညာရှင်ကြီး ၀ဏ္ဏကျော်ထင် ဆရာကြီးပျဉ်းမနား ဦးသန်းမောင်ကလည်း ၄င်းနည်း တူဟောဆိုထားသည်ကို မှတ်သားရပါတယ်။ ထို့အတွက် ကြောင့် ယခုနှစ် လကြတ်ခြင်းသည် တနလာင်္သားသမီးများ အတွက် မကောင်းသလို ၊ ဖော်ပြပါ နိုင်ငံကြီးများ အတွက်နှင့် အမိမြန်မာ နိုင်ငံ ရခိုင်ကမ်းလွန်ဒေသ များသည်လည်း မကောင်းပါကြောင်း မှတ်သားမှိသမျှ ဖောက်သယ် ချလိုက်ရပါတယ်။
(အလားတူ လကြတ်ခြင်းမျိုးကို လာမည့်ဒီဇင်ဘာ ၁၀ရက်နေ့တွင် ထပ်မံ ဖြစ်ပေါ်အုံးမည်ဟု ဆရာကာလာစန်၏ နေ့စဉ်ဂြိုလ်သွားပြက္ခဒိန် (Ephemeris) (2011-2012) တွင်ရေးသား ဖော်ပြ ထားပါတယ်)
ဘလော့စာရှု့သူများ ဝေဒဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။
Thursday, June 9, 2011
အချစ်များ သူ့ဆီမှာ
ဒီပို့စ်ကို ဘယ်ကစရေးရမှန်း မသိလို့ မအားချင်ယောင်ဆောင်နေတာပါ ကိုကိုငွေ ပြောသလိုပါဘဲ စိတ်ထဲမှာတော့ ရှိပါတယ် ဒါပေမဲ့ စာရေးဆိုတော့ မရေးတတ်ဘူး ကိုကိုငွေ တို့ကတော့ စာရေးနေကြမလား သူ့အတွက် လွယ်ပေမဲ့ ကျွန်တော့်အတွက် ခက်တဲ့အလုပ်ဖြစ်နေပါတယ် ရေးပါဆိုပြီး နားပူနေတော့လည်း ပြောတတ်သလို ပြောလိုက်ပါ့မယ်။
ကိုကိုငွေ ကို စပြီး မှတ်မှတ်ရရ သိခဲ့တာ ကျွန်တော် အိုဗာတိုင် ညပိုင်း လုပ်ရတဲ့ညက တစ်ရုံးလုံး တစ်ယောက်ထဲ ကြောက်နေတာနဲ့ တစ်ယောက်ယောက်ကို စကားပြောဖို့ ဂျီတော့မှာ ကြည့်လိုက်တော့ ကိုကိုငွေ အကောင့်တစ်ခုဘဲ ရှိတယ် သူငယ်ချင်းတွေကလဲ တစ်ယောက်မှ မရှိဘူး ဖုံးခေါ်ပြောရင် ပိုက်ဆံကုန်မှာဆိုးလို့ ဂျီတော့ကနေ ခေါ်လိုက်တော့ သူ့နာမည်လဲ ကျွန်တော်မသိ ကျွန်တော့်ကိုလဲ သူမသိ..သူမသိ ကိုယ်မသိ စသိခဲကြပါတယ် အဲဒီအခါကျမှာ စတင် မိတ်ဆက်ကြပါတယ် ဒီလိုနဲ့ နောက်တော့ ခင်မင်လာရာကနေ ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့ ဒါလဲ ကိုကိုငွေ ပြောပြထားလို့ သိပြီးဖြစ်ကြမှာပါ။
ကျွန်တော် အလုပ်မှာ အလွဲလွဲအချော်ချော် ဖြစ်လို့ စိတ်ညစ်ရင် ကိုကိုငွေက စိတ်ပြေရာ ပြေကြောင်း ဟာသလေးတွေ ပြောပြ သီချင်းလေးတွေ ဆိုပြ ကဗျာရွတ်ပြ တရားလဲ ဟောလိုက်သေးတယ် ကိုကိုငွေက ပြောလို့ပြောတာ မဟုတ်ဘူး စွယ်စုံရတယ် စာလဲတော်တော် ဖတ်ထားပုံရတယ် ကျွန်တော်ဆိုရင် တခါတလေ သူပြောပြတာတွေ တခါမှ မကြားဖူးတဲ့ ဗဟုသုတတွေ ပါတယ် သူ့ကြောင့် စိတ်ညစ်တာတွေ စိတ်ပင်ပန်းတာတွေ မေ့ပျောက်သွားပါတယ်။
လူဆိုတာ ကိုယ့်ကို ဂရုစိုက်တာကို အများစုက ကြိုက်ကြတယ်မလား သူက ချစ်သူမဖြစ်ခင်ကတည်းက တော်တော်လေးကို ဂရုစိုက်ပါတယ် တနေ့ကို မနက်တခါ (အိပ်ရာထချိန်) နေ့လည်တခါ(ထမင်းစားချိန်) ညနေတခါ (ရုံးဆင်းချိန်) ညတခါ( အိပ်ခါနီးချိန်) ဒါတောင် ကြားထဲကို ဆက်ချင်ဆက်သေးတာ အဲဒီလိုနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ချစ်သူဖြစ်ပြီးတော့လဲ အရင်ကထက်ပို ဂရုစိုက်ပါတယ် သူအားတဲ့တချိန်လုံးကို အွန်လိုင်းပေါ် အမြဲရှိနေတတ်ပြီး ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ကျွန်တော်အားတဲ့ အချိန်ကို စောင့်နေတတ်ပါတယ်။
ကိုကိုငွေ စာမေးပွဲပြီးတော့ ကျွန်တော့်ဆီကို ဒီဇင်ဘာလကို အလည်ရောက်လာပါတယ် တွေ့ပုံကတော့ ကိုကိုငွေ ပြောထားပြီးသားပါ သူက အလည်လာတဲ့သူဆိုတော့ တနေကုန် သူ့သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သူတစ်ယောက်ထဲဖြစ်ဖြစ် လျောက်လည်တယ်  ညနေရောက်ရင် ကျွန်တော့်ဆီကို လာတယ် ညစာအတူတူ သွားစားကြတယ် ကိုကိုငွေ စတွေ့စက ဆေးလိပ်ကို လက်ကမချဘူး ဆိုင်ထိုင်ရင် ဘီယာကသောက်သေးတယ် ကွမ်းကစား၊ ကျွန်တော်လေ စိတ်ညစ်လိုက်တာ အဲဒါနဲ့  သူ့ကို နားလည်အောင် ပြောပြရတယ်။
 ကျွန်တော့် ဖေဖေ က အသက်၁၀နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့လို့ အသက် ၄၃ နှစ်မှာ ငယ်ငယ်လေးနဲ့ ဆုံးသွားခဲ့တယ်လို့ ကျွန်တော်နဲ့ အတူတူ အသက်ရှည်ရှည်နေချင်ရင် ဆေးလိပ်ကို မသောက်ပါနဲ့လို့ ပြောတော့ နဲနဲချင်းဖြတ်ပါ့မယ် လို့ပြောပါတယ် ဘီယာကိုလဲ အမြဲမသောက်ပါနဲ့ တလကို တခါလောက်ဆို တော်ရောပေါ့ တော်ကြာ ဗိုက်ကြီးပူလာရင် ကြည့်မကောင်းပါဘူးလို့ ပြောတော့လဲ ကိုကိုငွေက သိပ်လှချင်တဲ့သူလေ ပြောပြီးနောက်ပိုင်း ကျွန်တော်နဲ့ တခုခုစားတိုင်း မသောက်တော့ဘူး ကျွန်တော့်နောက်ကွယ် ခိုးသောက်ရင်တော့ မပြောတတ်ဘူး။
 ကျွန်တော့်ရှေ့တော့ လိမ်မာပြတယ် ကွမ်းစားရင်လဲ ပါးစပ်ကြီးက နီရဲနေတာ ဆိုတော့ စကားပြောရင် တဖက်လူကို အားနာစရာကောင်းတယ် အိမ်မှာနေတဲ့အချိန်မှ စားပါ စားပြီးရင်လဲ သွားတိုက်ပြီးမှ အပြင်ထွက်ပါဆိုပြီး ချော့ပြောရတာပေါ့ ကိုကိုငွေက ကျွန်တော်ပြောတာတွေကို တတ်နိုင်သလောက် ပြင်ပေးပါတယ် ကျွန်တော်ပြောတာလဲ သူ့အတွက်မလား ကျွန်တော့်အတွက် မပါဘူးလေ အဲဒီလို စကား နားထောင်တာတွေကြောင့်လဲ သူ့ကို ပိုချစ်လာရပါတယ် အားလပ်ရက်တွေမှာ လျောက်လည်ကြတယ်။
 ဟင်းချက်စရာတွေ ၀ယ်ဖို့ ဈေးသွားရင် သူနဲ့ ကျွန်တော်က ဆန်ကျင်ဖက် သူကြိုက်တာဆိုရင် အဲဒါက မကောင်းဘူးလို့ ကျွန်တော်ကပြောတယ် ကျွန်တော် ကြိုက်တာဆိုရင်လဲ သူကမ၀ယ်ဖို့တားတယ် နောက်ဆုံးစကားများပြီး ပြန်လာရတာချည်းဘဲ စကားများပြီးရင် ကိုကိုငွေက ပြန်ချော့တော့  စိတ်ပြေသွားပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ ဒီလိုနဲ့ ၂ လပြည့်တော့ ကိုကိုငွေ မြန်မာပြည်ကို ပြန်သွားပါတယ် ကိုကိုငွေက အခုတက်နေတဲ့အတန်းကို ဒီပလိုမာနဲ့ရပ်လိုက်မယ်ဆိုတော့ ကျောင်းဆက်တက်စရာ မလိုတော့ဘူး ဒါကြောင့် သူက ရန်ကုန်မှာ ၂လလောက်နေပြီးတော့  ဧပြီလမှာ ကျွန်တော့်ဆီကို အလည်ထပ်လာပါတယ်။
ဒီတခေါက် ကိုကိုငွေ ရောက်ပြီး ၂ပတ်လောက်နေတော့ စပြီး နေမကောင်းဖြစ်တာပါ သူငယ်ချင်းတွေကလဲ အလုပ်ကိုယ်စီသွားနေကြတာဆိုတော့ အားနေတဲ့ကိုကိုငွေဘဲ ပြုစုရတာပေါ့ စပါယ်ရှယ် နာ့စ် တစ်ယောက်ကို အလကားငှါးထားလိုက်ပါတယ် အဲဒီနာ့စ်က လူနာပြုစု ထမင်းဟင်းချက် အစုံရပါတယ် ဆေးခန်းသွားလဲ ကိုကိုငွေ လိုက်ပို့ပါတယ် ကျွန်တော့်မှာ ဆေးခန်းမှာ ၂ပတ်လောက် ဆေးထိုးဆေးသောက်လုပ်နေတာကို မသက်သာဘဲ ပိုဆိုးလာတယ်။
 ကျောက်ကပ်က ပိုရောင်လာတယ် ကုပေးတဲ့ဆရာဝန်က ဆေးရုံကိုသာ သွားလိုက်ပါတော့လို့ ပြောလို့ ဆေးရုံသွားတော့ ဆရာဝန်တွေက ချက်ချင်း ဆေးစစ် သွေးစစ် ဓါတ်မှန်ရိုက် စကန်ဖတ်တော့ ဗိုက်ကတော်တော်လေးကို ရောင်နေတာဆိုတော့ ကျောက်ကပ်က လုံးဝပျက်စီးနေပြီး ခွဲထုတ်ရမယ် အခုလောလောဆယ် ကျောက်ကပ်ရောင်တာလျော့သွားအောင် ဆေးထိုးပေးမယ် သောက်ဆေးပေးမယ် နောက်ပြီး တခြား လယ်ဗယ်မြင့်တဲ့ ဆေးရုံမှာ စပါယ်ရှယ်စကန် ထပ်ဖတ်ရမယ် ပြောပါတယ် အဲဒီလိုနဲ့ နောက်ဆေးရုံကို တပတ်နေတော့ သွားတော့ ဗိုက်ကသက်သာနေပြီး မေ၇ာင်တော့ဘူး မနာတော့ဘူး။
 ဒီတခါ စကန်ဖတ်တာ နာရီဝက်ကြာပါတယ် ပိုက်ဆံလဲ တော်တော်ကုန်တယ် resultကို အင်္ဂါနေ့တုန်းက ဆရာဝန်ဆီ သွားမေးတော့ ကျောက်ကပ်က အလုပ်လုပ်သေးတယ် ၁၅% အလုပ်လုပ်နေတယ် ကောင်းတဲ့ကျောက်ကပ်က ၈၅% လုပ်နေတယ် လုံးဝ အလုပ်မလုပ်တဲ့ ကျောက်ကပ်ဖြစ်မှ ထုတ်ပစ်တာကောင်းတယ်တဲ့  ကျွန်တော်လဲ တော်တော်ပျော်သွားတယ်။
 အခုလောလောဆယ် ဆီးကျောက်ကို Laser Operation နဲ့ ချေမယ် ခွဲစရာမလိုဘူး နာလဲမနာဘူး ဆီးကျောက်ထုတ်ပြီးရင် ကျောက်ကပ်က မရောင်တော့ဘူး တဲ့ သိသိချင်း မေမေကို ဖုံးဆက်ပြောတော့ မေမေလဲ ၀မ်းသာနေပါတယ်  ကိုကိုငွေ လဲ ဖုံးဆက်တော့ ဆရာကြီးလေသံနဲ့ အစကတည်းက ထင်သားဘဲတဲ့ ကျွန်တော် ဇွန်လ ၂၄ ကို လေဆာအော်ပရေရှင်း လုပ်မယ်ဆိုတော့ ကိုကိုငွေက ဇွန်လ ၂၂ ရက်နေ့ကို သူလာခဲ့မယ်တဲ့ ဆေးရုံကို သူ့လိုက်ပို့ချင်တာတဲ့ စိတ်ပူလို့ ပြောပါတယ်။
ကျွန်တော် နေမကောင်းဖြစ်တော့ ကိုကိုငွေခမျာ မျက်နှာလဲမကောင်းဘူး လူမမာက သူ့ကို ပြန်ချော့နေရတယ် သူချက်ပေးတာကို မစားရင် စိတ်ဆိုးသေးတယ် နေမှမကောင်းတာ ဘာမှမစားနိုင်ဘူး လေ  သူစိတ်ဆိုးမှာဆိုးလို့ ကြိတ်မှိတ်ပြီး စားတော့လဲ ပျို့အန်တယ် အရည်ဘဲသောက်နိုင်တော့ ကိုကိုငွေက အရည်သောက် မျိုးစုံကို လုပ်ကျွေးပါတယ် အုန်းနို့ခေါက်ဆွဲ ၊မုန်ဟင်းခါး (ကိုယ်တိုင်ချက် ရယ်ဒီမိတ်မဟုတ်) ကြာဇံဟင်း စွပ်ပြုတ် ငါးဆန်ပြုတ် ကြေးအိုး တမျိုးပြီးတမျိုး လုပ်ပေးပါတယ် ကျွန်တော်တောင် ကိုကိုငွေလောက် မချက်တတ်ပါဘူး။ ကျွန်တော်မစားရင် သူလဲမစားဘူး ကျွန်တော် နေမကောင်းတော့ ကျွန်တော်လဲ ပိန်သွားတယ် သူလဲ ပိန်သွားတယ် ဘီယာသောက်ထားတဲ့ ဗိုက်လဲလျော့သွားတယ်။
အခုလို နေမကောင်းဖြစ်တော့ ကိုကိုငွေ ချစ်တာတွေ ပိုသိလာရပါတယ် ပြီးတော့ ဆေးလိပ်လုံးဝပြတ်သွားတယ် ဒီရောက်နေတဲ့ရက်တွေ ကွမ်းလုံးဝမစားဘူး ဘီယာကိုတော့ တပတ်တခါလောက် သောက်တယ် အခုတော့ ရန်ကုန်မှာ နေတော့ ကွမ်းစားဖြစ်တယ်လို့ ပြောပါတယ် ကွမ်းက ဆေးလိပ်လောက် မဆိုးဘူးဆိုတော့ ဘာမှ မပြောတော့ပါဘူး အဲဒီအတွက် ကျွန်တော် ပျော်ပါတယ် လူရွေးမမှားဘူးလို့လဲ ထင်ပါတယ် မဒမ်ငွေ  ဘာကြောင့် ကိုကိုငွေကို ချစ်တာလဲဆိုရင် အရမ်းဂရုစိုက်လို့ ချစ်တာပါ ဟင်းချက်ကောင်းတာလဲ ပါတယ်။ အခုတော့ ဘာဆက်ရေးရမှန်း မသိတော့လို့ ဒီလောက်နဲ့ဘဲ နားပါတော့မယ် ကိုကိုငွေလောက် စာရေးမကောင်းတော့ ရေးရတာ အားသိပ်မရှိဘူး။
ဘလော့စာရှု့သူများ  ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ။
Friday, June 3, 2011
ဆန္ဒနဲ့ဘဝ
သူငယ်ချင်းတွေက မေးကြတယ် ဘာကြောင့်မဒမ်ငွေကို ချစ်ခဲ့သလဲတဲ့၊ အဲဒီမေးခွန်းက ကြည့်တော့သာ ဘာမှမဟုတ်တာဗျ၊ ဖြေရတာတော်တော်ကြပ်တဲ့ မေးခွန်းလို့ထင်မှိတယ်၊ ဟုတ်တယ်လေ မိန်းခလေးနဲ့ ယောကျာ်းလေး ချစ်ကြကြိုက်ကြတာ ဘာလို့လဲဆိုတော့ ခက်မနေဘူးလားဗျာ။
ကျွန်တော်နဲ့သူက ရည်းစားဖြစ်ချိန် သိပ်မရှိလိုက်ဘူး၊ သိုးသိုးသွပ်သွပ် ရည်းးစားဖြစ်ပြီး ကျွန်တော်သူ့အကြောင်းကို စကာင်္ပူမှာ ၂လနေပြီး သွားလေ့လာလိုက်တယ်၊ vzo မှာညတိုင်း ချက်နေကျဆိုတော့ ရင်းနှီးပြီးသား ဓာတ်ပုံလည်းပို့တယ် ကျွန်တော်က ဓာတ်ပုံရိုက်ရတာကို မကြိုက်ဘူး သူနဲ့တွေ့မှ အောင်မလေးဗျာ ဓာတ်ပုံကြီး နေ့တိုင်းရိုက် ဖြစ်နေတော့တာ သူလာကြိုတယ် လေယာဉ်ကွင်း ကို အဲကျမှ အပြင်မှာ မြင်ဖူးတာ  စတွေ့တော့လေ ရင်ထဲသိမ့်သိမ့်သိမ့်နဲ့ နေတယ်သိလား လေယာဉ်ပေါ်မှာတုန်းက ကျွန်တော်ကတွေးထားတာ ငါကယောကျာ်းလေး ဣနြေ္ဒနဲ့ သံပတ်ခွေနဲ့ နေမှပေါ့ အဲလိုတွေး ထားလိုက်တာ။
ချန်ဂီရောက်ပြီး သူ့မျက်နှာလေးမြင်တော့ အကုန်ပျောက် ရှေးရေစက်လား အခု ရေစက်လားတော့ မသိနိုင်ဘူးပေါ့၊ အားတင်းထားသမျှ အကုန်လုံးလုံး အရည်ပျော်ကျတာဘဲ လေယာဉ်ကွင်းထဲမှာ ဘေးလူတွေ ဘာတွေကြည့်ပြီး လှမ်းနမ်းပလိုက်တာ ဒီတခါနမ်းဖူးတာဘဲ မိန်းခလေးတစ်ယောက်ကို ပြီးမှ ငါတယ်ပြီး နှာခေါင်းသွပ်ပါလားလို့ တွေးပြီး ရှက်နေမှိသေးတယ် အောင်မလေး ဒို့ဇနီးလောင်း ချစ်စဖွယ်လေးရဲ့ နှုတ်ခွန်း ဆက်သလိုက်ပုံက ၀လာတယ်နော်တဲ့၊ အော် မဒမ်ရယ် ၀တော့ခန့်ညားတာပေါ့ လို့ပြောလိုက်မှိသေး။
စတွေ့တာက ဂျီတော့မှာ မဒမ်အကောင့်ကို ကျွန်တော်သိလဲမသိဘူး အပ်လဲမအပ်ဘူး မဒမ်လဲ မအပ်ဘူး အလိုလို ရောက်လာတာ၊ ယုံရင်ယုံမယုံရင်နေ ကျွန်တော့်အကောင့်ထဲရှိနေတာ ကြာပေါ့၊ ခေါ်ပါဘူး ကျွန် တော်က။ သူကစခေါ်တာ ကြောက်လို့တဲ့ သူ့ရုံးခန်းမှာ သူတစ်ယောက်ထဲလေ အိုဗာတိုင် ဆင်းရတဲ့ညပေါ့ အဲဒါနဲ့ တစ်လလောက် ကြာတော့ ကျွန်တော်က သူ့ကို ဟိုအကြောင်းမေး ဒီအကြောင်းမေး ပညာ အရည်ချင်း ဘာညာ၊ အဲလိုတွေ မေးရင်းနဲ့က သူနဲ့စခင် တာဘဲ။
သူ့ပုံစံက စာတွေသာ တတ်ပြီး ဘာမှခံစားတတ်တဲ့ ပုံမပေါ်ဘူး စိတ်ထဲကလဲ အဲလိုထင်တာနဲ့ သီချင်းဆိုပြ ပီယာနိုတီးပြ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာဆိုတာ တစ်အုပ်လုံးကုန်တယ် တနေ့တပုဒ်ဖတ်ပြီး ရှင်းပြရတာ၊ အဲဒီကတည်းက သူ့ကိုပျော်ရွှင်စေချင်တယ်။ အဲလိုနဲ့ စာမေးပွဲဖြေမဲ့ရက်ကြီးမှာ သူ့ကို ချစ်တယ်လို့ ပြောလိုက်တာ၊ ရှက်လိုက်တာဗျာ မျက်နှာဘယ်ထားရမှန်းမသိဘူး ဟုတ်တယ်လေ ချစ်လို့ချစ်တယ်ပြောတာ၊ သူသိပ်ကံကောင်းတာ အဲဒီစကားကို သူ့ကိုအရင် ပြောမှိတာဘဲ၊ အရင်က ကျွန်တော်ပြောခဲ့တာက မေးတဲ့လူက မေးလို့ပြောတာ ဒီတခါတော့ ကျွန်တော်က စပြောတာ။
ဘယ်လောက်ချစ်မှိခဲ့လဲသိလား မယုံရင် မဒမ်ကိုမေးကြည့် မဒမ်တခုခု ဖြစ်နေတယ်ဆိုရင် ထိုင်းမှာနေတဲ့ ကျွန်တော်က ရင်ဘတ်လာအောင့်တယ်၊ ငိုနေတာမျိုး တခုခု ပြောချင်တာမျိုးဆိုရင် ကျွန်တော်စိတ်ထဲမှာ သိနေတယ်၊ ပြဿနာ တခုခုတက်နေတယ်ရင် အဲလိုဖြစ်နေတယ်မလား မဒမ်လို့မေးလိုက် ဘယ်လိုလုပ်သိလဲ လို့သူက ပြန်မေးတတ်တယ် ၊ သူ့စိတ်ပူစရာရှိရင် ကျွန်တော့်ကို ပြောပြတယ် ကျွန်တော်က မင်းထင်သလိုမဖြစ်ပါဘူး ဘယ်လိုဖြစ်ပါလိမ့်မယ်လို့၊ မှန်းပြောလိုက်ရင် ပြောတဲ့အတိုင်းဖြစ်တယ်၊ အချစ်ရဲ့ တန်ခိုး လေလားလို့တောင် တွေးမှိတယ်။ 
အဲဒီတုန်းက ကျွန်တော် စိတ်ထဲမှာ သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အပူသောက များတဲ့လူလို့ ခံစားမှိတယ်၊ သူကလည်း သူ့ဘ၀ ဖြတ်သန်းလာပုံကို ပြောပြတယ်၊ ၁၀တန်းအောင် ကတည်းက ဂိုက်လုပ်လာရ တယ်၊ မိသားစုကိုလုပ်ကျွေးတယ် စသဖြင့်ပေါ့လေ လေးစားစရာတော့ကောင်းတယ်၊ ကျွန်တော်သူ့ကိုမမှီဘူး အဲဒီအရည်ချင်းတွေ ကျွန်တော့်မှာမရှိ ဘူး။
အမ်အီးဘွဲ့ယူပြီး စကာင်္ပူကိုလာပြီး အလုပ်လုပ်တဲ့အထိ သူ့ဖာသာသူအားကိုးလာတာ နောက်ပြီးတော့ သူ့အမေဟာ အရင်ကပန်းရောင်းတယ်တဲ့  သူကဆင်းရဲလို့ အထင်သေးလားလို့ မေးဖူးတယ် ကျွန်တော်က ပြန်ပြောလိုက်ပါတယ်၊ အထင်သေးလားလို့မေးနေတဲ့မင်းဟာ အခုအချိန် မှာ လမ်းဘေးမှာပန်းရောင်းနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေရင်တော့ အကိုအထင်သေးမယ်လို့၊ ဒီလောက်အခက်ခဲ ဒီလောက်အကြပ်အတည်းတွေထဲကနေ မာစတာဘွဲ့ရအောင် လုပ်လာနိုင်တဲ့ မင်းကို အထင်ကြီးလေးစား အားကျမှိတယ်လို့ ပြန်ဖြေခဲ့ဘူးတယ်၊ ပညာအရည်ချင်းအရ မဒမ်ထက် ကျွန်တော်က နိမ့်ကျပါတယ်၊ တစ်ကယ်တန်းတော့ ကျွန်တော်က အမ်အေ ဒီပလိုမာတက်နေတဲ့ ကျောင်းသားတစ်ယောက်။
ကျွန်တော် ငယ်ငယ်က စာပေနဲ့ဂီတကို အကျွမ်းတ၀င်ရှိခဲ့တယ်၊ ယနေ့တိုင်လည်းရှိနေဆဲပါ၊ မဒမ်ကတော့ အဲလိုမဟုတ်ဘူး၊ စာပေနဲ့သိပ်မနီးစပ်ဖူးဗျ အခုတော့ နီးစပ်လာပြီ၊ ခပ်ငယ်ငယ်က စာအုပ်တစ်အုပ်ဖတ်ဖူးတယ်၊ မျိုးဆက်တွေအတွက် ဘာထားခဲ့မလဲတဲ့ အဲဒီစာအုပ်လေးဖတ်ပြီး ကျွန်တော်ရဲ့ မျိုးဆက်ကို ပညာတတ်တွေ စာပေဂီတကျွမ်း ကျင်သူတွေဖြစ်စေချင်တယ်။
ငယ်ငယ် ကတည်းက စဉ်းစားမှိတာက ငါပညာတတ်ရမယ်၊ ငါ့ယူမဲ့မိန်းမ ငါ့ထက်ပိုပညာတတ်ရမယ်၊ ငါ့သား သမီးတွေ ငါ့ထက်ပိုတော်ရမယ်လို့ စိတ်ကူးထားဖူးတယ်၊ ငယ်စဉ်ကတည်းက မဒမ်နဲ့တွေ့တဲ့ အချိန်အထိ ကျွန်တော် ရည်းစားမထားဖူးခဲ့ဘူး၊ ဂျီတော့မှာတော့ တစ်ယောက်ထားဖူးတယ် ပညာအရည်ချင်း မေးကြည့်တော့ ဆယ်တန်းလိုလို ကျောင်းပြီးသလိုလိုနဲ့ ဝေ့လည်ကြောင် ပတ်လုပ်တာနဲ့၊ နောက်တော့ သူနဲ့လဲ မချက်ဖြစ်တော့ဘူး၊ မဒမ်ကတော့ ရည်းစား၂ယောက် ထားဖူး ခဲ့တယ်။
ဒါတွေပြဿနာမရှိ ကျွန်တော်နဲ့ မတွေ့ခင်က  ကိစ္စတွေလို့ဘဲတွေးတယ်၊ သူနဲ့ရည်းစား စဖြစ်စတုန်းက ကတောင် သူတို့မြို့က သူ့သူငယ်ချင်း စစ်ဗိုလ်တစ်ယောက်က လှမ်းရီးစားစကား ပြောသေးတယ်၊ မဒမ်က ဘာလုပ်ရမလဲလို့ မေးလာတယ် မင်းကိုယ်ရေးကိုယ်တာကိုဒို့ဝင်မပါဘူး မင်းဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ အပြတ်ပြောလိုက် တယ်  နောက်တော့ အဲဒီမောင်လဲ  သူ့ကို ရီးစားစာမပို့တော့ဘူး လို့သိရတယ်။
ကျွန်တော်တို့ ချစ်သူစဖြစ်ကတည်းက သူ့ကိုအရင်က ကိစ္စတွေအကုန်ရှင်းထား ဒို့အရှေ့မှာ ပြဿနာမပေါ်စေနဲ့လို့ တခါတည်းပြောထားလိုက်တယ် အဲဒီကိစ္စတွေမှာ မဒမ် အရမ်းပြတ်သားခဲ့တယ်၊  အဲဒီအတွက် ကျွန်တော် သူ့ကိုချီးမွမ်းမှိတယ်။ ကျွန်တော်တို့ ချစ်သူလဲဖြစ်သွားရော ဘာတခုမှာ အသံဗလံမကြားရဘူး အခုတော့ ကျွန်တော်ရဲ့ ဆန္ဒပြည့်ဝတယ် လို့ထင်မှိတာဘဲ ၊ ကျွန်တော့်ထက် ပညာတတ်တဲ့ ဇနီးလောင်းကို လက်တွဲ မှိတယ်။ 
သူကငယ်ငယ်ကတည်းက စိတ်သောကရှိတဲ့လူ၊ ကျွန်တော်က  ငယ်စဉ်ကတည်းက အပူဆိုလို့ ရေနွေးတောင် ပူပူတောင် မသောက်တတ်ဘူး၊ ပျော်ပျော်နေတတ်တယ်၊ သူ့ကိုသီချင်းဆိုပြ ကျွန်တော်က ရှေ့ကနေဆို သူ့ကို နောက်ကနေဆိုခိုင်း အဲလိုလေး ပျော်ပျော်ရွှင်ရွှင် နေပေးလိုက်တော့ သူအပူသောကတွေ  လျှော့သွားတယ်ထင်တာဘဲ၊ တွေ့တဲ့အချိန်က ကျွန်တော် သူ့ကို ပျော် အောင်ထားတယ်၊ စိတ်ဆိုးရင် ကျွန်တော်ဘက်ကဘဲ စပြီးလျှော့ပေးတယ် စိတ်ဆိုးမှိရင်လဲ ၅မိနစ် အတွင်းပြန်တောင်းပန်တယ် ကျွန်တော်က  စားမယ်ဆိုရင် ချက်ကျွေးတယ်၊ နိုင်ငံတခု ကိုသွားတိုင်း တန်ဘိုးမကြီးတဲ့ ပစ္စည်းလေးတွေ လက်ဆောင်  နဲ့စားစရာတွေ ၀ယ်ပြီး စကာင်္ပူကိုဝင် ပေးဖြစ်တယ်။
ကျွန်တော် စကာင်္ပူကိုရောက်တိုင်း အတူတူသွားဖြစ်တဲ့နေရာက တော့ အိကုတ်ကမ်းခြေ သွားဆော့တာ နှစ်ယောက်အတူတူ ၊ ပြန်လာရင်တော့ ရန်ဖြစ်ပြန်လာတာဘဲ သူကလဲ သူငယ်ပြန် တဲ့ရောဂါရှိတယ် မကြာမကြာ ကျွန်တော့်ကို ကုန်းပိုးခိုင်းတယ် ကျွန်တော်ကလည်း ခဏတဖြုတ် ပိုးပေးတယ် ချစ်တာကိုး ဟုတ်ဘူးလား အခွန်ဆောင်ရတာမှတ်လို့။ သူကပြောသေးတယ် ကိုးရီးယားကားထဲမှာ မင်းသားက မင်းသမီးကို ကုန်းပိုးတာတဲ့ အဲဒါချစ်ခြင်းရဲ့ သင်္ကေတလို့လဲ ကိုးရီးယားကားတွေကို ကိုးကားပြီးပြောတယ်၊ သူပြောတဲ့ကားတွေကိုလည်း ကျွန်တော် မကြည့်ဖူးပါဘူး ချစ်ကြောင်း သက်သေပြချင်တာနဲ့ ကုန်းပိုးပေးလိုက်တယ်၊ တခါတရံမှာ ကျွန်တော်က သက်သေမပြနိုင်ခဲ့ဘူး ဗိုက်အင့်နေလို့ သူက ထမင်းစားပြီးစ အချိန်တွေမှာဘဲ ကုန်းစီးချင်တဲ့သဘော ရှိတယ်။ ကျန်တဲ့အချိန်ဆို သူကပိုးခိုင်းဘို့ မေ့နေတတ်တယ်လေ။
တွေ့တိုင်းပြောဖြစ် တဲ့စကားတစ်ခွန်းက ဒို့ခန္ဓာကိုယ်မှာ မင်းမကြိုက်တဲ့ အပြုအမူ အပြောအဆို အနေအထိုင် တွေ့ရင်အချိန်မရွေးပြောနိုင်တယ်၊ တစ်ကယ်လဲ ပြင်ပေးခဲ့တယ် ဘီယာကို ကိုယ့်ပိုက်ဆံနဲ့ကို သောက်တာတောင် သူသောက်ဆိုမှ သောက်တယ် ကျွန်တော့်ဘက်ကလဲ သူ့ကိုပြင်ပေးတယ် မင်းကိုလည်းအဲလိုဘဲ ဖြစ်စေချင်တယ်လို့၊ ပြောဖြစ်တယ်၊ မဒမ်ကိုဘာလို့ချစ်လဲ ဟုတ်လား တကယ်တမ်း ပြောရရင် ပညာတတ်တာရယ်၊ ရိုးသားတာရယ် သူတစ်ဖက်သားကို ကြင်နာတတ်တာရယ်၊  ကျွန်တော့်ကို ဆရာလုပ်နိုင်တာရယ။် ကျွန်တော်က ငယ်ငယ်ကတည်းက အေးဆေးနေလာတာ ဘယ်သူ့မှ ကျွန်တော့်ကို အထူးဆုံးမနေရဘူး မိဘတွေက သားတွေကြီး ဆိုတော့ စာအုပ်တွေဘဲပေးထားတာ၊ ကျွန်တော်တို့ အိမ်မှာ ဆရာမရှိဘူး တပည့်လည်းမရှိဘူး အားလုံးတူတူဘဲ ဖေဖေမကောင်းရင် အားလုံး ပြန်ပြောလို့ရတယ် ကျွန်တော်တို့ကလဲ ပြန်ပြောတယ်။ ကျွန်တော်မကောင်းရင်လည်း အတူတူဘဲ။
ကိုယ့်အသိနဲ့ ကိုယ်နေလာတာ ကျွန်တော့် တစ်သက် ရန်တစ်ခါ ဖြစ်ဘူး တယ် စာသင်ပေး တဲ့ဆရာမနဲ့၊ သူများလာဆုံးမရင် စိတ်ဆိုးတယ်၊  ငါဒီလောက် ကောင်း အောင်နေ နေတာကိုလို့ ထင်မှိတယ် မဒမ်ဆုံးမတာကြတော့ ချစ်လို့လားတော့ မသိဘူး နားဝင်ချိုတယ် သူ့လို ကျွန်တော့်ကို ဘယ်သူ့မှမဆုံးမဖူးဘူး  သူကျွန်တော့်ကို ဆူတဲ့အခါ ငါ့ရဲ့လိုအပ်ချက်ကို သူထောက်ပြနေတာလို့ဘဲ တွေးမှိတယ်။
ကြိန်းသေတာကတော့ မဒမ်က ကျွန်တော်ကို တော်တော်လေး ချုပ်ကိုင်နိုင်တယ် သူပြောရင်ပြီး ဆိုသလိုဘဲ။ သူကဆရာမ လုပ်လာတာဆိုတော့ ကျွန်တော့်ကို ပညာသားပါပါ ဆုံးမတတ်တယ် နောက်ပြီး မဒမ်မှာ ချစ်စရာကောင်းတဲ့ အကျင့် တခုရှိတယ် အဲဒါကတော့ အတင်းမပြောတတ်ဘူး တချို့တွေ ပြောတယ် ထင်တာဘဲ ၊ မဒမ်ကတော့ မပြောဘူး နောက်တော့မသိဘူး၊ မပြောစေချင် ဘူး ။
မကြိုက်တာတွေလဲ ရှိတယ်၊ အဲဒါတွေကတော့ အလွန်အမင်း စွတ်ဖက်တာလေ အကြောင်းကိစ္စတစ်ခုကို အပ်ကြောင်းထပ်တာ၊ အကြောင်းစုံ မသိဘဲ ဆရာဝင်လုပ်တာ အဲဒါတွေကတော့ မကြိုက်ဘူး၊ သီးခံနိုင်သလောက်တော့ သီးခံပေးတာဘဲ သီးမခံနိုင်ရင်တော့ အော်လိုက်တာ ကဲ့ဟေ့ ဘာညာ ဆိုရင် သူဆက်မပြောတော့ဘူး ဆက်ပြောရင် ကျွန်တော်က စိတ်ဆိုးနေလိုက်တယ် သူလိုက်ချော့ တာဘဲ၊ မဒမ်ကမချောဘူး မချောပေမဲ့ ချစ်ဘို့ကောင်းတယ် တော်တော်လေးကို ချစ်ဘို့ကောင်းတာ တခါတခါ ဆရာလုပ်တာကို ကျွန်တော် အောင့်သက်သက်ကြီး ခံရတယ်၊ စိတ်ဆိုးပြလိုက်ရင်တော့ မဒမ်က တမ်းတောင်းပန်တာဘဲ နောက်မလုပ်ဘူးပေါ့ ၊ နောက်တော့ လည်း လုပ်တာပါဘဲ။
ကျွန်တော် စဉ်းစားမှိတယ် မဒမ်သာ ဒီလောက်ပညာ မတတ်ဘူးဆိုရင် ကျွန်တော် သူ့ကို ဇနီးသည် အဖြစ်လက်ခံနိုင်ရဲ့လားလို့ပေါ့ ၊ ကျွန်တော်သိတယ် မဒမ်သာ ကျွန်တော့်ထက် ပညာမတတ်ရင် ကျွန်တော် ချစ်ခဲ့မှိရင်တောင် လက်ထပ်ဖြစ်လိမ့်မယ် မဟုတ်ဘူး။ ကျွန်တော့မျိုးဆက်ကို ကျွန်တော့ထက်တော်စေချင်တယ်၊ အဲလိုဖြစ်ဘို့ကလည်း ကျွန်တော့သားသမီးတွေနဲ့ လက်ပွန်းတနည်းနေရမဲ့ သူ့တို့ မေမေဟာ ပညာတတ်မှကို ဖြစ်မယ်လို့ ယုံကြည်ထားမှိလို့ပါဘဲ။
ငွေရှာတတ်ဘို့မလိုဘူး ကျွန်တော် မဒမ်ကိုရှာဖွေကျွေးနိုင်တယ်၊ သူရှာချင်ရင်တော့ တားမှာ မဟုတ်ဘူး စိတ်လည်းမ၀င်စားဘူးဗျာ။ ပညာမတတ်ပေမဲ့ ငွေရှာနိုင်တယ်ဆိုတဲ့ ဆင်ခြေမျိုးကို ကျွန်တော် အရွံ့ဆုံးဘဲ၊ သားတွေ သမီးတွေအတွက် သူ့အမေဟာ ဘယ်လောက်ပညာ တတ်တယ်ဆိုတာကိုဘဲ လိုချင်တယ် ၊ ငွေ ဘယ်လောက်ချမ်းသာတယ်ဆိုတာကို မလိုချင်ဘူး ၊ အဲဒါ ကျွန်တော့်အတ္တ။
အခုတော့ ရုပ်ကြီးဒီလောက်ဆိုးနေတာတောင် ကျွန်တော်ချစ်မှိတယ်၊ သူ့ကို တခါတရံ မိခင်လိုသဘောထားတယ်၊ တခါတရံ ညီမလို သဘောထားတယ် ခေါ်တာတောင် ကျွန်တော်က ညီမပုလို့ ချစ်စနိုးခေါ်တာ၊ တခါတရံတော့ အမေလို့ခေါ်ဖြစ်တယ် သူအသည်းအသန်နေ မကောင်းတုန်း ကလေ အရမ်းကို စိတ်ပူတယ်သူ့ကို သူ့ရဲ့ဝေ ယျာဝစ္စလေးတွေကို ကျွန်တော် အကုန်လုပ်ပေးဖြစ်တယ်၊ လျှော်တာဖွပ်တာ ချက်တာပြုတ်တာ ကျွေးတာမွေးတာ ဆေးခန်းပို့၊ ဈေးသွား အကုန်လုံးပေါ့ဗျာ ကြမ်းတိုက်တာ သန့်ရှင်းရေးလုပ်တာလည်းပါတယ်၊ အကုန်ပြောမယ်ဗျာ ရေအိမ်ဝင်တာတောင် ကျွန်တော်ကူညီခဲ့တယ်။
ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ မငြိုငြင်မှိဘူး၊ အဲဒီအချိန်မှာ တွေးနေမှိတာက သူနေကောင်းအောင် ငါဘာလုပ်ပေးရမလဲ ဆိုတာဘဲ၊  သူသာဆုံးသွားရင်လို့ မတွေးသင့်တာတွေ တွေးပြီး ငိုမှိသေးတယ် ၊ သူကကျွန်တော် မျက်ရည်ကျတာကို သိတယ် သူမသေပါဘူးလို့ အာမခံချက်ပေးတယ်  အာမခံတဲ့ အတိုင်းဘဲ သူနေပြန်ကောင်းလာတယ် မဒမ်ကို သတိထားမှိတာ တစ်ခုက သူလုပ်မယ်လို့ ပြောထားတဲ့ဟာကို လုပ်ဖြစ်အောင် လုပ်တတ်တာဘဲ။
သူအဲလိုပြောမှ ကျွန်တော် ငိုတာ အသံတောင်ထွက်လာလိုက်သေး ဟိဟိ ရှက်လိုက်တာ တခါမှ မငိုဖူးဘူး၊ သူနဲ့ကျမှ ရွှေမန်း တင်မောင် နဲ့နင်လား ငါလားဖြစ်နေတယ်၊ မသေရဘူးနော် သိလား မင်းကိုသေဘို့ အကိုခွင့် မပြုနိုင်သေးဘူးလို့ အကိုက မင်းလိုမိန်းမ နောက်တစ်ယောက် မရှာနိုင်ဘူးလို့ မင်းကိုဘဲ လက်ထပ်မှာ  မင်းနဲ့အကိုဟာ သာမန်တွေ့ဆုံတာ မဟုတ်ဘူး နတ်တွေသိကြားတွေက ဆုံအောင် လုပ်ပေးလိုက်တာ  ဘာညာ ဆိုပြီးသူ့လက်ကို ကိုင်ပြီး ၀မ်းနည်း မျက်ရည်ကျလိုက်သေး။
နေကောင်းလာရင် ဘာမစားနဲ့ ဘာမလုပ်နဲ့ ဘယ်လိုမနေနဲ့ ဘယ်လိုမထိုင်နဲ့ ဥပဒေဥပဒတ်တွေ ထုတ်ပြန်ထားရမယ်၊ ရေများများသောက်ဖို့ စာလုံးကြီးကြီး နဲ့ရေးပြီး သူ့အခန်းမှာ ကပ်ပေးရမယ်၊ နေ့တိုင်းရေကြိုချက် တိုက်ရမယ်၊ ရေချိုးပေး ရမယ်၊ စတာတွေဘဲ တွေးမှိတယ်၊ နောက်ကျရင်သူမှာ ကျောက်ကပ်  တခြမ်းမှမရှိရှာတော့ဘူး လို့တွေးပြီး ကျွန်တော် ကြေကွဲမှိတယ်။ အစိုးရိမ်ဆုံးကတော့ မျိုးဆက်ပြန့်ပွားဘို့ အလွယ်တကူ ဖြစ်နိုင်ပါတော့မလား လို့ပေါ့၊ မှန်တာပြောရရင် ကျွန်တော် သား သုံးယောက်လိုချင်တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် မဒမ်ကို ဘာကြောင့် ချစ်ခဲ့သလဲလို့မေးတဲ့ ငသက်ဆိုတဲ့ မောင်ရင်ကို ပြောပြချင်တာကတော့ ငါ့ထက်ပညာတတ်ပြီး ဇွဲရှိလို့လို့ ဖြေလိုက်ရုံပေါ့။ တခါတရံ သူတ အားဆရာလုပ်တဲ့အခါ ကိုယ့်ထက်ပညာတတ်တဲ့ လူကို ရွေးချယ်မှိထားတာကိုး ခံပေါ့လို့ ရယ်သွမ်း သွေးမှိတယ်။ ဟုတ်ကဲ့ ခင်မျာ ကျွန်တော် မဒမ်ကို ကျွန်တော့ထက် ပညာတတ် လို့ချစ်ပါတယ်။
မဒမ်ကတော့ ကျွန်တော့်ကိုဘာကြောင့် ချစ်သလဲဆိုတာ ဆက်ရေးပါလိမ့်မယ်၊ ဘလော့စာရှု့သူများ  ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင် လန်းချမ်းမြေ့ကြပါစေ။
Tuesday, May 31, 2011
ကလေးတို့သဘာဝ
၁။ အမြဲတစေ အနှိမ်ခံရသော ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတတ်၏။ ထောက်ခံအားပေးမှု့ကို ရရှိသော ကလေးသည် မိမိကိုယ်မိမိ ယုံကြည်သူဖြစ်လာတတ်၏။
၂။ အမြဲတစေ အငေါက်ခံရသော ကလေးသည် အရာရာတွန့်ဆုတ်တတ် ကြောက်တတ် ပျင်း ရိတတ်၏။
 ချီးကျူးမှု့ကို ရရှိသော ကလေးသည် ဇွဲမလျှော့သူ သတ္တိရှိသူ ကြိုးစားသူဖြစ်လာတတ်၏။
၃။ အမြဲတစေ ပြစ်တင်ရှုံ့ချခြင်းကို ခံရသော ကလေးသည် အပြစ်ရှာသူ ရန်လိုသူဖြစ်လာတတ်၏
သည်းခံခွင့်လွှတ်သူတို့နှင့် အတူနေခဲ့ရသော ကလေးသည် သည်းခံခွင့်လွှတ်သူဖြစ်လာတတ်၏။
၎။ အမြဲတစေ အနိုင်ကျင့်ခံရသော ကလေးသည် သူတပါးကို အနိုင်ကျင့်သူ ဖြစ်လာတတ်၏။
မျှတသူ စာနာသူတို့နှင့် အတူနေခဲ့ရသော ကလေးသည် မျှတစာနာ သူဖြစ်လာတတ်၏။
၅။ လိမ်ညာ ညစ်ပတ်ခြင်းကို ခံထားရသော ကလေးသည် လိမ်ညာညစ်ပတ်သူ ဖြစ်လာတတ်၏။
ရိုးသားဖြောင့်မတ် သူတို့နှင့် အတူနေခဲ့ရသော ခလေးသည် ရိုးသားဖြောင့်မတ်သူ ဖြစ်လာ တတ်၏။
၆။ အမြဲတစေ ၀ိုင်းပယ်ခြင်းကို ခံရသော ကလေးသည် သူတပါးကို နာကျည်းသူဖြစ်လာတတ်၏။
ကူညီဖေးမ သူတို့နှင့်အတူ နေခဲ့ရသော ကလေးသည် သူတပါးအပေါ် ကူညီတတ် သူဖြစ် လာတတ်၏။
၇။ ရက်စက်မှု့ကိုခံရသော ကလေးသည် သူတပါးကို ရက်စက်သူ ဒုက္ခပေးသူ ဖြစ်လာတတ်၏။
အကြင်နာတရားကို ငယ်စဉ်ကရရှိ ခဲ့သောကလေးသည်  သူတပါးအပေါ် ကြင်နာတတ် သူဖြစ် လာ၏။
၈။ အမြဲတစေ မုန်းတီးခြင်းကို ခံရသော ကလေးသည် သူတပါးကို မုန်းတီးတတ်သူ ဖြစ်လာ တတ်၏။
မေတ္တာဖြင့် ပိုက်ထွေးမှု့ကို ခံရသော ကလေးသည် အားလုံးကို ချစ်တတ်သူ ဖြစ်လာတတ်၏။
၉။ လူဆိုးလူမိုက်များ ပညာမဲ့သူများနှင့် နေရသော ကလေးသည် လူဆိုးလူမိုက် ပညာမဲ့ဖြစ်လာ တတ်၏။
စာအုပ်စာပေများ ပညာရှိသူများနှင့် နေရသော ကလေးသည် ပညာရှိသူဖြစ်လာတတ်၏။
ယူနီဆက်က ထုတ်ဝေတဲ့ ဘုတ်အုပ်စာပေ တွေထဲက ဘာသာပြန်ရေးသားခြင်းပါ ဗျာတို့ရယ်၊ သားသမီးဆိုတာကတော့ ရတနာဆိုသမို့လား ၊ သို့ကလိုမင့်လဲ ရတနာဖြစ်အောင် လုပ်တတ်မှ သားရတနာဖြစ်တာ မဟုတ်ပါလား၊ မှင်နီတွေတားထားတဲ့ နေရာမှာ ကိုယ့်သားသမီးဖြစ်နေရင် ဘယ်နှာလုပ်ကြရပါလိမ့်မတုန်း၊ အဲသလို ဖြစ်လာမှ ဒို့သားမီးက ဆိုးချေတယ် မိုက်ချေတယ်ဟု ပြောဆိုနေသော်လည်း အလကားပါဘဲ ဗျာတို့ သို့ကလိုကြောင့်  `လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဖတို့က´ သားရွှေခဲ သမီးရွှေခဲတို့ကို ငယ်စဉ် တောင်ကျေး ကလေးဘ၀မှစလို့ အောက်က စာလုံးအစောင်းလေးတွေနဲ့ ရေးထားတဲ့ နေရာကို ရောက်အောင်ပို့ဆောင် ပေးရ သော် မကောင်းပါလားဗျာတို့။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။
Sunday, May 29, 2011
ဦးဏှောက်တို့ သဘာဝ
ကျွန်ုပ်တို့   ဖတ်  သမျှ၏ ၁၀%ကို
ကျွန်ုပ်တို့ ကြား သမျှ၏ ၂၀%ကို
ကျွန်ုပ်တို့ မြင် သမျှ၏ ၃၀%ကို
ကျွန်ုပ်တို့  မြင်+ကြား သမျှ၏ ၅၀%ကို
ကျွန်ုပ်တို့  ဆွေးနွေးငြင်းခုန် သမျှ၏ ၇၀%ကို
ကျွန်ုပ်တို့ ကိုယ်တိုင်ခံစားတွေ့ကြုံရ သမျှ၏ ၈၉%ကို
ကျွန်ုပ်တို့ သူတပါးအား သင်ကြားပေးဖြစ် သမျှ၏ ၉၅%ကို
ဦးဏှောက်တွင် မှတ်မှိကျန်ရစ်သည်။
ကဲ ကျွန်တော်တို့ဘာလုပ်သင့်သလဲ?
ဘလော့စာရှု့သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်။
Thursday, May 26, 2011
လောကသဘာဝ
ကံချင်းတူလျှင် ဥာဏ်ရှိသူက (စဉ်းစားတွေးတောသူ)ကသာမယ်။
 ဥာဏ်ချင်းတူလျှင် ၀ီရိယရှိသူ (သတ္တိရှို)ကသာမယ်။
 စည်းကမ်းရှိတာချင်းတူလျှင် စေတနာရှိသူ (စိတ်ကောင်း မွေးသူ) ကသာမယ်။
 စေတနာရှိတာချင်းတူလျှင် (နှုတ်ချိုသူ)ကသာမယ်။
 နှုတ်ချိုတာချင်းတူလျှင် (ရိုးသားဖြောင့်မတ်သူ)ကသာမယ်။
စာသားတွေ ကြိုက်လို့ တင်လိုက်ပါတယ် ( ဆားချက်တာ )...
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။