Monday, March 5, 2012

အင်တာနက်ဆိုင်အကြောင်းတစေ့တစောင်း

မြန်မာပြည်တွင်းမှာဖြင့်ရင်တော့ နှစ်တော်တော်များများလေး ကတည်းကိုက အင်တာနက်ဆိုင် ခေတ်စားလှချေတယ်ပေါ့ဗျာရယ်၊ ကိုကိုငွေအင်တာနက်ဆိုင်ကို စသိတာ ၂၀၀၄လောက်ကမှတ် တယ်၊ ဆူးလေဘုရားလမ်းက (ကာဆယ်)ဆိုတဲ့ဆိုင်ပေါ့၊ တနာရီကို ၂၅၀၀ကျတယ်၊ ကော်ဖီလည်း တခွက်တိုက်ရဲ့၊ အင်တာနက်ကဖေးဆိုတော့ ကိုကိုငွေက ကော်ဖီရောင်းတဲ့ဆိုင်မှတ်တာ၊ ဟုတ်ဖူး ဗျာတို့ရဲ့၊ နိုင်ငံတကာကိုဆက်သွယ်လို့ရတဲ့ အင်တာနက်ဆိုတာပေကိုး၊ သူငယ်ချင်းဇေမင်းသန်း ဆိုတဲ့အကောင် လန်ဒန်မှာကျောင်းတက်တယ်၊ ပြန်လာတော့အင်တာနက်အကြောင်း သိကောင်း စရာလေးတွေစေ့ငုရပါသကောဗျာ၊ ဟိုများဆီမှာတော့ဖြင့် အင်တာနက်ဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပမာကိုး၊ လူကြီးလူငယ်လူရွယ် လူလတ်အကုန်သုံးကြသတဲ့၊ နောက်ဆုံး အင်္ဂလန် ပြည်ဆီမှာ သာသနာပြုဖို့ရောက်နေတဲ့ ဘာမင်ဂန်ဆရာတော်ဘုရားကြီးတောင် အင်တာနက်သုံး တတ်တယ်ဆိုပဲ၊ သူတို့များဆီမှာ လူငယ်အစ ဘုန်းတော်ကြီးအဆုံး သုံးတတ်နေပေမဲ့၊ ကိုကိုငွေ တို့မြန်တိုင်းဋ္ဌာနီမှာက ချုရန်ခက်သည့် ပန်းသဇင်ပမာ အလှမ်းကွာလွန်းလှတာကိုး၊ အင်တာနက် မဆိုထားနဲ့၊ အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုတောင် ကိုကိုငွေတို့မသိသေးဘူးရယ်။

မောင်ဇေမင်းသန်းပြန်လာတော့ အင်တာနက်ပိုး ပါလာတယ်၊ ကွန်ပျုတာစကားနဲ့ပြောရမယ်ဆိုရင် ဗိုင်းရပ်စ်ပါလာတဲ့သဘောကိုး၊ သူ့ဆော်လေးက အမေရိကန်မှတဲ့။ ကိုကိုငွေနှင့်အပေါင်းသ ဟာများ ရန်ကုန်ပတ်ပြီး ဆိုင်ရှာလိုက်တော့၊ ကာဆယ်ဆိုတဲ့ ဆိုင်တွေ့တယ်ဗျာ၊ အ၀မှာ ဆိုင်းဘုတ်လေးရေးထားတယ်၊ တစ်ဟာဝါ ၂၅၀၀ကျပ်တဲ့၊ အင်္ဂလန်ပြန်အကောင်က ဆရာကြီး ကိုကိုငွေတို့က နောက်လိုက်တွေ၊ သူလုပ်နေတာကို ထိုင်ကြည့်နေတာ ဘာတွေမှန်းတော့မသိဘူး အိုကေတယ်လို့တော့ပြောတာပဲ၊ ပါးစပ်ကလည်းခနခနဆဲတယ်၊ ကော်နရှင်ကလည်းကွာ @# @#@@##အစရှိသဖြင့်ပေါ့လေ၊ ကိုကိုငွေက ဇေမင်းသန်း အင်တာနက်သုံးတာ ပြောတော့ သူ့ဆော်နဲ့ပြောမယ်လည်းပြောသေးတယ်၊ အခုတော့ ကော်နရှင်ဆိုတဲ့အကောင်နဲ့ပွဲကျနေပါလား ပေါ့၊ ကိုကိုငွေက ကော်နရှင်ဆိုတဲ့စကားလုံးကိုမသိတော့ အင်္ဂလန်မှာခင်လာတဲ့ သူ့သူငယ်ချင်း အောင်းမေ့နေတာ၊ နောက်သုံးနှစ်လောက်ကြာမှ၊ အဲဒီကောင်ဘာကိုဆဲတယ်ဆိုတာသိတယ်။

နောက်တော့ သူလည်းပြန်ရော ကျွန်တော်တို့တတွေ အကုန်လုံးအင်တာနက်အကြောင်းကို တလ လောက်စိတ်ဝင်စားလိုက်ကြတယ်၊ နောက်တော့မေ့မေ့ပျောက်ပျောက်ပါပဲ၊ နောက်ဟိုနိုင်ငံရောက် မဒမ်နဲ့တွေ့၊အင်တာနက်ရဲ့အကျိုးကျေးဇူးတယ်ကြီးမားပါကလားလို့ အောင်းမေ့ဆင်ခြင်မှိသေး တယ်။ ဟောအခုတော့ဖြစ်ရင် ဟိုလွန်ခဲ့တဲ့ နှစ်များစွာဆီကလိုမဟုတ်တော့ပါဘူး၊ မြန်မာပြည်မှာ အင်တာနက်ဆိုတာ အချို့သော မြို့ပြလေးတွေအထိ ခြေဆန့်နေပါပြီ၊ ကော်နရှင်ဆိုတဲ့ဟာကြီး ကောင်းတာမကောင်းတာအပထားလို့၊ သူ့အရပ်နဲ့သူ့ဇာတ် အစပ်အဟပ်တော့ တည့်ပါတယ်။ ကိုကိုငွေရံဖန်ရံခါခရီးထွက်တဲ့အခါ တောမြို့လေးတွေကိုရောက်တတ်တယ်၊ အဲဒီအခါ နီးစပ်ရာ အင်တာနက်ဆိုင်လေးကနေ မဒမ်ဆီဖုန်းဆက်၊ မဒမ်ငွေရေ ကိုငွေတော့ ဘယ်မြို့ကိုရောက်တယ်၊ ပြန်လာမယ်မနက်ဖြန်ဘာညာသာဓကာပေါ့လေ။

အိမ်ပြန်ရောက်တော့ ပြန်ပြဿနာကစတယ်၊ အင်တာနက်သုံးလို့ရအောင်လုပ်ထားတာက စက် တစ်လုံးတည်း၊ သုံးချင်သူတွေက အိမ်ရှိလူစေ့ဆိုတော့ အခြေအတင်လေးတွေမကြာခနဖြစ်ရတယ်၊ အဲဒီတော့ ကိုကိုငွေကနီးစပ်ရာဆိုင်မှာ ၊ မင်ဘာဝယ်ပြီးသွားသုံးရတယ်၊ မဒမ်နဲ့စတွေ့ကတည်းက တောမြို့တွေရောက်လို့ အင်တာနက်ဆိုင်ရှိတယ်ဆိုရင်တောင်၊ ကိုကိုငွေက အနည်းဆုံး ဖုန်းလေး ဖြစ်ဖြစ် ၁၀မိနစ်တန်သည်၊ ၁၅မိနစ်တန်သည်ပြောနေကြ၊ အဲလိုမပြောရရင်ဘုရားစူးပါစေ့၊ အိပ်လို့ ကိုမပျော်ဘူး၊ မဒမ်လည်းသိတယ်၊ မြန်မာစံတော်ချိန် ၇နာရီ စကာင်္ပူစံတော်ချိန် ၈း၃၀ဆိုရင်သူက စက်ဖွင့်ပြီး ကိုကိုငွေ့ကိုစောင့်နေတတ်တယ်၊ ကျွန်တော်တို့စတွေ့တာ ၂၀၁၀ဂျွန်လ၊ ယနေ့ထိ တခါမှ အင်တာနက်နဲ့ရင်ကိုရင်ခြင်း ဂျတ်ပင်သွင်းပြီး ပြောဆိုလာလိုက်တာ တနေ့မှပျက်သည်မရှိ ဘူးခဲ့ပါဘူး။ နှစ်ယောက်လုံးသိတယ်၊ မလာရင်အိပ်လို့နှစ်ယောက်လုံးမှမရတာကိုး။

ဟင်းအခုတော့ဖြင့်ရင်ကိုကိုငွေက အင်တာနက်ဆိုင်ကိုမန်ဘာဝင်ရတယ်၊ တနာရီကို၃၀၀နှုန်းနဲ့၊ တနေ့ကို၂နာရီအနဲဆုံးပြောတယ်၊ တခါတခါလေးနာရီအထိကြာတတ်တယ်၊ ကိုကိုငွေကအဲဒီအ ချိန်တွေချစ်စကားကြိုက်စကားပြောတာက ငါးမိနစ်တောင်မကြာဘူး၊ နေကောင်းလားစားပြီးပလား ဘာချက်တုန်း၊ အဆင်ပြေရဲ့လား၊ ပိန်သွားတယ်၊ ညကဘယ်အချိန်အိပ်တုန်း၊ အလုပ်တွေသိပ်မလုပ်နဲ့နော်၊ လမ်းလျှောက်၊ အားကစားလုပ်ပါဆို၊ မင်းကလေ ပြောစကားနားမထောင်ဘူး၊ ဆေးသောက်လား၊ မင်းကိုဆေးသောက်ဖို့ပြောရတာလဲ၊ မောတယ်သိလား၊ အခုထ ရေဗူးယူ၊ ချက်ချင်းဆေး သောက်ပြ၊ နောက်မှမလုပ်နဲ့ အခုလုပ်ကွာ၊ ဘာညာနဲ့ဆိုပြီး ပြောလိုက်တာ ၊ ရန်ဖြစ်တဲ့အခါ လည်းဖြစ်၊ ငိုတဲအခါငို၊ ရီတဲ့အခါရီ၊ အစုံပါပဲ၊ ပြန်မယ်ဆိုတော့မှ အကို့ကိုချစ်လား၊ အကိုကအများကြီးချစ်တယ်သိလား၊ ဒါနေ့စဉ်ပြောနေကြ စကားတွေပေါ့ဗျာရယ်။

လူ့စိတ်ဆိုတာ ဆန်းတယ်ဗျာတို့ရဲ့၊ ခုတလော အလုပ်အကိုင် ငွေကြေးအကြပ်အတည်းတွေ ကြောင့် ကိုကိုငွေစိတ်လက်သိပ်မရွင်ဘူး။ ဒါပေမဲ့၇နာရီဆိုရင်တော့ ကိုကိုငွေ အင်တာနက်ဆိုင် ရောက်ပါပြီ၊ အင်တာနက်ဆိုင်ရပ်ဝန်းဆိုတာကလည်း၊ လူမျိုးတရာ့တပါးမို့လား၊ ဖုန်းလာဆက်တဲ့ တရုပ်ကတရုပ်လိုပြော၊ ဘေးကကိုးရီးယားက ကိုးရီးယားလိုအော်၊ မလေးရှားမှာ အလုပ်သွားလုပ် တဲ့ယောကျာင်္းဖြစ်သူကို ကွန်မင့်ပေးနေတဲ့အမျိုးသမီးတစ်ယောက်က `ရှင်အဲဒီမှာပဲနောက်မိန်း မ ယူလိုက်ပါလား မကောင်းဘူးလား ကျမကရှင်ပေးတာနဲ့လောက်အောင်သုံးနေရတာ ခလေး ကျောင်းစရိတ်ကဘယ်လောက် ဘာညာနဲ့ နေ့စဉ်သုံးဘက်ဂျတ်တင်ပြရှင်းလင်းနေသည်ကတဖုံ´။

လမ်းထဲမှာတနေ့ကို ၁၆ခေါက်မကကိုကိုငွေနဲ့ ခလုပ်တိုက်လုနီးနီး နိစ္စဓူဝ မြင်တွေ့နေရတဲ့ အမျိုး သမီးလေးက သူ့ဘဲနဲ့ပြောနေပုံက `ငိုလိုက်မှာနော် ဘာသဲလဲ မနေ့ကတနေ့လုံး စောင့်နေ တာ အခုမှလာချော့မနေနဲ့ မရဘူးသိလား ဒီကအိမ်ကထွက်ရတာမလွယ်ဘူး သူ့ကိုချစ်လွန်းလို့ လာရ တာ ´ဆို၍ တမျိုး၊ `ဟီဟိ ဒါပြောစရာလား´ အသံစူးစူးလေးနဲ့ကောင်မလေး မျက်နှာလေးက လည်းတော်တော်ပျော်နေပုံပါ။ အဟင့်အဟင့်ဟီးဟီး ဆိုပြီးငိုသူတွေကငိုလိုငို။

 ကော်နရှင်မကောင်း လို့ဆဲတဲ့ကောင်ကဆဲ၊ ဟေ့ကောင်ပစ်ဟ မင်းအဖေမဟုတ်ဘူးစားလေ ဟာသေလိုက်၊@@@ @@##### ဆိုပြီး ဂိမ်းဆော့နေတဲ့အခန်းထဲက ထွက်လာတဲ့မောင်ရင်တချို့ရဲ့အသံ၊ အိုဗျာ အင်တာနက်ဆိုင်ဆိုတာ တော်တော်လေးကို အသံစုံပါတယ်၊ ဟေးသား နေကောင်းလား၊ သမီးကို ပို့လိုက်တာရလား၊ အဖေမေတ္တာပို့တယ်၊ ဘယ်လိုလည်း အင်္ဂလိပ်စာ အခြေနေက စပီကင် ကောင်းလာမှာပေါ့၊ စုံစီနဖာ အသံမျိုးစုံပေါ့၊ ကိုကိုငွေ အဲဒီအသံတွေကို အကုန်ထိုင်နားထောင်နေတာမဟုတ်ပါဘူး၊ ကိုကိုငွေဂျီတော့ဝင်နေတာ ကော်နရှင်ကနှေးနေတော့ ၀င်မရသေးလို့ ထိုင်နေတုန်းနားထဲဝင်လာတဲ့အသံတွေပါ၊ ၀မ်းသာလိုက်တာဗျာ ဂျီတော့က ဆိုင်းအင်တဲ့ ဟိဟိ မဒမ် နဲ့တွေ့ရတော့မယ်။

ဂျီတော့ဝင်ပြီး၍ ၁၄မိနစ်ခန့်ကြာသောအခါ၊ အကိုရောက်ပြီ ညီမရေ၊ ဘာလုပ်နေတုန်း၊ အဲဒီအသံ ကိုမကြားလို့ ဟင်ဟင် နဲ့မဒမ်များလုပ်လိုက်ရင် စိတ်ကတိုလိုက်တာမှအရမ်းပဲ၊vzo ဖွင့်မယ်၊ ပိန် သွားတယ်ညီမနော်၊ ကျမ်းမာရေးဂရုစိုက်ထုံးစံအတိုင်းပြောဆိုပြီး ၁နာရီ၂နာရီကြာတော့ နှုတ် ဆက်ပြီးဆိုင်ထဲကထွက်လိုက်တယ်၊ နားထဲကလေတ၀ီဝီနဲ့၊ ဟူး အင်တာနက်ဆိုင်ရယ်၊ လို့သာ ညည်းမှိတော့တယ်။ အင်တာနက်ဆိုင်ရပ်ဝန်းဆိုတာ၊ အဲဂလို ဒုက္ခတွေရှိသပေါ့ဗျာတို့ရယ်။

 ဒီကြားထဲ မြေအောက်ဆိုလား ရေအောက်ဆိုလား ကေဘယ်ကြိုးပြတ်လို့တို့၊ ကေဘယ်ကြိုးကြွက်ကိုက်လို့ ဆိုတာတွေကလည်း လာသေးတယ်၊ အဲဒီအချိန်တွေကြရင် ဖုန်းနဲ့မစ်ကောပေး မဒမ်ကိုပြန်ခေါ်ခိုင်း ဟူး၊ မြန်မာပြည်လည်းဗျာတို့ရယ်၊ ကိုယ့်ပြည်ကိုယ့်မြေမို့နေရပါတယ်၊ အကယ်လို့သာဖြစ်နိုင်မယ် ဆိုရင်၊ မနေချင်ပါဘူးဗျာ၊ အားလုံးတအုံတမကြီးကို နိုင်ငံရပ်ခြားမှာအခြေချဖို့ဆိုတာလည်း မဖြစ်နိုင်တော့ ဒီအသံ ဒီအသံတွေကိုသီးခံပြီး ချစ်သူနဲ့တွေ့ဖို့အရေး ညတိုင်းညတိုင်း ဒုက္ခ့ခံနေရပါတယ်။ မိတ်တွေ တို့များ မြန်မာပြည်ပြန်လာလို့ အင်တာနက်ဆိုင်မှာ အင်တာနက် သုံးကြမယ်ဆိုရင်ဖြင့် ဒီလိုဒီလို ကိစ္စနလေးတွေရှိတယ်လို့၊ ပြောလိုကြောင်းပါဗျား။

ဘလော့စာရှု့သူများ အသံစုံကင်းဝေးသော ကိုယ်ပိုင်အခန်းမှာနေပြီး ချစ်သူများထံသို့ အင်တာနက် မှတဆင့် vzo ချက်ခြင်း gtalk တော့ခြင်းများ အမြဲထာဝရပြုလုပ်နိုင်ပါစေကြောင်း ငွေလမင်း တို့ဆု မွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။


Thursday, February 23, 2012

ထိုထိုအပင် စိုက်စေချင်

ခုတလော ဘလော့မှာ ကိုကိုငွေတို့ စာမရေးဖြစ်ဘူး၊ တောင်လုပ်မြောက်လုပ်နဲ့ စာမရေးဖြစ်တော့ အိမ်ဦးနတ်သမီး မဒမ်ငွေက စာပေရေးရန် ၊ တိုက်တွန်းတာကိုး ဗျာတို့ရဲ့၊ သဟာကြောင့် ကိုကိုငွေ စာထရေးရတယ်၊ ရေးဆိုတော့ ဘာရေးရမယ်မသိဘူး၊ လောလောဆယ်ကိုကိုငွေက မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးရင်၊ ချမ်းချမ်းအေးအေးထဲ သစ်ပင်တွေရေထထလောင်းရတာကိုး၊ ညနေကျပြန် တော့လည်း တခါလောင်းရတယ်၊ လောင်းရင်းနဲ့ သစ်ပင်အကြောင်းတွေးမှိပြီး အိမ်ကလူကြီးတွေ သစ်ပင်ပန်းမာလ်တွေကို ရှေးလူကြီးသူမတွေ စိုက်တဲ့အတိုင်းစိုက်ကြ ပျိုးကြတာဖြစ်လို့၊ ဘလော့ စာရှု့သူတွေများထဲမှာ ၊ ချောအစိမ်းရောင်လွင်ပြင်လို သစ်ပင်ပန်းမာလ် အစိုက်အပျိုးဝါသနာထုံသူ များ ပါခဲ့ရင်ဖြင့် စိုက်ပျိုးတိုင်းဖြစ်အောင်ဆိုတဲ့ စေတနာလေးနဲ့ သင်ပင်ပန်းမာလ်အ ကြောင်း စိုက်အပ်မစိုက်အပ်သော သစ်ပင်များအကြောင်းနဲ့ နေ့အလိုက်စိုက်ပျိုးအပ်သော သစ်ပင် များဆိုပြီး သုံးပိုင်းခွဲပြီးရေးတင်လိုက်ပါငဲ့ဗျာ။

သစ်ပင်နှင့် ပန်းမာလ်ကိုတော့ လူတရာမှာ ၇၀လောက်ချစ်မြတ်နိုးကြပေရဲ့၊ မြေပိုင်ခြံပိုင်ရှိသူ များကြတော့ ၊ ခြံထဲမှာ စိုက်ကြလေရဲ့၊ တိုက်ခန်းရှိသူများကြတော့လည်း တိုက်ခန်းဝရန်တာလေး မှာ၊ ချစ်စဘွယ်အပင်လေးတွေ စိုက်ပျိုးကြနဲ့ရှိကြသမို့လား၊ သစ်ပင်ဆိုတာ မြေမှာဖြစ်စေ အိုးထဲ မှာဖြစ်စေ ချစိုက်ရင်အပင်ဖြစ်လာတတ်တဲ့ ဟာကိုခေါ်တယ်လို့ဆိုပါတယ်၊ ထိုအပင်ကပွင့်ခဲ့တာ ကိုတော့ ပန်းလို့ဆိုရဲ့၊ ချစိုက်လိုက်တဲ့ အပင်လေးဟာ ရိုးတံနဲ့ထီးထီးမားမားမဟုတ်ပဲ၊ ကန်ဇွန်း နွယ်၊ ခရှုနွယ်တွေလို အနွယ်ကနေပွင့်လာခဲ့ပြန်ရင်တော့ မာလ် (မာလ)လို့ခေါ်တယ်လို့ဆို ပါတယ်။ အပင်ကပွင့်ရင်ပန်း၊ အနွယ်ကပွင့်ရင် မာလ်လို့မှတ်ထားဖူးပါရဲ့ဗျာတို့ရယ်၊ အဲသလိုပဲ အပင်ကသီးတော့ သစ်သီးလို့ဆိုပါတယ်၊ အနွယ်ကသီးပြန်တော့ ၀လံ(၀လ)လို့ခေါ်တယ်ဆိုတာ လည်းမှတ်သားဖူးပါတယ်၊ သစ်သီးဝလံ၊ ပန်းမာလ် ပြပွဲဆိုတာ အများသိကြရဲ့မဟုတ်လား။

အနွယ်ပင်တွေဟာ ဘယ်လိုစိုက်စိုက် ဘယ်လိုပေါက်ပေါက် ဘာပြဿနာမှမရှိပေမဲ့၊ သစ်ပင်ဆို တဲ့အရာကတော့ မစိုက်သင့်နေရာ မစိုက်အပ်တဲ့အပင်တွေရှိပါသတဲ့၊ မစိုက်သင့်တဲ့အပင်ကို မစိုက်အပ် တဲ့နေရာမှာ စိုက်မှိရင်၊ အိမ်ဆူတယ်၊ လာဒ်တိတ်တယ်စသဖြင့် ရှေးလူကြီးများ အယူရှိခဲ့ကြပါ တယ်။ စိုက်သင့်တဲ့အရပ်မှာ စိုက်အပ်တဲ့ အပင်မျိုးစိုက်မှိပြန်ရင်လည်း ကြီးပွားချမ်း သာ ကြတ်သရေ အဖြာဖြာတိုးတတ်တယ်လို့ ရှေးမြန်မာဘိုးဘများ အယူရှိခဲ့ကြပါတယ်၊ ကိုကိုငွေ ကဒါတွေကို ယုံလို့ရေးတာမဟုတ်ပါ ဤကဲ့သို့အမှတ်အသားများရှိခဲ့ တယ်လို့ပြောလိုတာပါ။

မြန်မာစာပေတွေထဲက လောကီသိပ္ပနေမိတ္တကကျမ်းဆိုတာ ရှိတယ်ပေါ့ဗျာရယ်၊ အချို့လည်း ခင်ကြီးဖျော်ဆရာတော်ရေးခဲ့တယ်ဆိုရဲ့၊ အချို့လည်း အမည်မဖော်လိုသူ ကျမ်းဆရာတစ်ယောက် ရေးခဲ့ဆိုလား၊ အဲဒီ လောကီသိပ္ပနေမိတ္တကကျမ်းဆိုတာ သစ်သီးဝလံ၊ပန်းမာလ်တွေအကြောင်း ရေးထားတာတွေပါလေရဲ့ အခုကိုကိုငွေက အိမ်တွေမှာ စိုက်အပ်တဲ့ သစ်ပင်နဲ့ စိုက်အပ်တဲ့အရပ် အကြောင်းကို အဲဒီဘုတ်အုပ်ထဲက လကာင်္လေးကို မျှဝေလိုက်ပါတယ်။

ဋ္ဌာနတည်ရာ၊ အရပ်မှာ၌၊ အိမ်ယာကစ ၊ စိုက်ကြပျိုးရန်၊ သစ်ပင်မှန်ကား၊ သဖန်းရှေ့မွန်၊ တောင်စွန်သရဖီ၊ တောင်ဆီသရက်၊ အဘက်သာခေါင်၊ အနောက်တောင်မှာ၊ အုံးစိုက်ရာ၏၊ အနောက်မှာရှား၊ နောက်ပါးဂန့်ဂေါ်၊ မြောက်မှာသော်သီး၊ အပြီးအံ့လောက်၊ အရှေ့မြောက်လာ၊ ဥသျှစ်စသား၊ စိုက်ကချမ်းသာ၊ ပြန်ရွာအိမ်က၊ စည်ပင်လှသည်၊ ကြွယ်ဝ သားမြေးစဉ်ဆက်တည်း။
လို့ရေးသားထားပါတယ် အဓိပ္ပါယ်က

အရှေ့အရပ်-သဖန်းပင်-ကြခတ်ပင်
အရှေ့တောင်-သရဖီပင်
တောင်-  သရက်ပင်-ပုန်းညတ်ပင်
အနောက်တောင်ထောင့်- အုံးပင်
အနောက်အရပ်-ရှားပင်
အနောက်မြောက်-ဂန့်ဂေါ်ပင်
မြောက်အရပ်- သီးပင်
အရှေ့မြောက်- ဥသျှစ်ပင်
များစိုက်ပျိုးကောင်းတယ်လို့ဆိုပါတယ်၊ ထိုထိုအရပ်မှာ ထိုထိုအပင်များ စိုက်ပျိုး ထားတယ်ဆိုရင်ဖြင့် သားမြေးစဉ်ဆက် ကြီးပွားချမ်းသာလိမ့်မယ်လို့ လောကီသိပ္ပ နေမိတ္တက ကျမ်းဆရာကြီးက သူ့ကျမ်းစာမှာရေးသားထားပါကြောင်း……………။
ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။




Thursday, January 12, 2012

ထိုကဗျာ

ကိုကိုငွေမှာ ဒီတလော ငြင်းရခုန်ရတယ်၊ ငြင်းတယ်ခုန်တယ်ဆိုတာက အမှန်တရားကို လိုချင်လို့ ပါ ၊ ကိုကိုငွေက သိလာတဲ့ဟာလေးတွေကို ဘလော့မှာ ပြန်ပြီးဖောက်သယ်ချနေတဲ့လူဆိုတော့ သိလိုသိငြား စပ်စုစေ့ငုရတယ်ပေါ့ဗျာတို့ရယ်၊ ကိုကိုငွေက မိုးလင်းရင် အလုပ်က အားက စားလုပ်ပြီးတာနဲ့ အနီးအပါးက လ္ဘတ်ရည်ဆိုင်ကိုလစ်ရတယ်၊ လ္ဘတ်ရည်ဆိုင်မှာ သူငယ်ချင်း အပေါင်းအဖော် တစုက ရောက်တတ်ရာရာ စကားတွေ ဖတ်ခဲ့သမျှသိခဲ့သမျှတွေ အကုန်လုံး ဖောက်သယ်ချကြ မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းလည်းငြင်းကြတယ် ကျွန်တော်တို့ သူ ငယ်ချင်းတစုရဲ့ ထူးခြားတဲ့ ၀ိသေသကတော့ ဘာကိုငြင်းငြင်းဘယ်တော့မှ အလျှော့ပေးလေ့ မရှိဘူး။

 ဘယ်လောက်မှန်အောင်ထောက်ပြနိုင်နိုင် အင်းငါမှားတယ်လို့ ၀န်ခံသောအလေ့မရှိဘူး တစ်ယောက်က ချက်နဲ့နကွတ်နဲ့ပြောနိုင်ပြီဆိုရင် ၊ ဘုထတောတော့တာပဲ မင်းကဘာကောင်တုန်း ဘာစာအုပ်ဖတ်ဖူးတုန်း ဘယ်ပညာရပ်ကိုဘယ်လောက်သင်ဖူးတုန်း ၊ ဘယ်တက္ကသိုလ်ကို တက်ခဲ့ ဖူးတုန်း၊ မနေ့တနေ့ကမှ စာအုပ် ကောက်ကိုင်တဲ့ကောင်ကများ ဘာညာနဲ့ စကားနာ ထိုးတယ်၊ ပြီးရင် နိုင်နိုင်ရှုံးရှုံး  ကိုယ့်သဘောကိုယ် ဆောင်ပြီးပြန်သွားကြတယ်၊ နောက်နေ့ လာကြည့် မနေ့ကအတိုင်းပြန်ဖြစ်နေတယ်၊ စိတ်ဆိုးတာ ကောက်တာ မရှိဘူး အဲဒါကတော့ထူးခြားတဲ့ အဲ့ဂျစ်တစ် လို့ဆိုရပေမပေါ့ဗျာတို့ရယ်။

ဒီနေ့တော့ဖြင့်ရင် ထုံးစံအတိုင်း လ္ဘတ်ရည်ဆိုင်ကို ချီတက်လာခဲ့တယ်ပေါ့ဗျာ၊ မျက်စကတော့ ခပ်လှုတ်လှုတ်ပေပဲ၊ ကြားနေရပါပြီ `ဗိုလ်အောင်ဆန်း ဦးအောင်ဆန်း အောင်ဆန်းတဲ့ဟေ့ တခေတ် ဆန်းလာတဲ့ ဇာနည်ပေ´ အဲဒီသီချင်းကို မောင်တစ်ယောက်က ဆိုပြနေတာ ဦးမင်းနောင်လား အဲဒီအဆိုတော်က ဟုတ်တယ်ဘာညာနဲ့ ပြောတုန်းရှိသေး နောက်တ ယောက်က ဗိုလ်ချုပ်ရေးခဲ့ တဲ့ `အနိုင်မခံ´ ကဗျာကိုရသလားတဲ့ ကိုကိုငွေကိုမေးတယ် ၊ ကိုကို ငွေက အဲဒီကဗျာငါမကြားဖူးဘူးကွ၊ မကြားဖူးဘူးဆိုတာ အနိုင်မခံကဗျာကို ဦးအောင်ဆန်း ရေးတယ်လို့မကြားဘူးတာ၊ ငါကြားဘူးတာက ဆရာကြီးညိုမြရေးတယ်ကြားဖူးတာ၊ အဲကနေ စလိုက်တာပြဿနာက ထုံးစံအတိုင်း ညိုမြကွ အောင်ဆန်းကွနဲ့ငြင်းရင်း ကိုယ့်သဘော ကိုယ်ဆောင်ပြီး စိတ်ဆိုးမာန်ဆိုး ဆိုင်က ထပြန်ခဲ့ ကြတယ်ပေါ့ဗျာ။

`ငါ့အားဖုံးကွယ်ထားသော လကွယ်သန်းခေါင်၊ ဤအမိုက်မှောင်တွင်းမှနေ၍ ၊ အနိုင်မခံအရှုံးမပေး တတ်သော၊ ငါ၏စိတ်ကိုဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။ ++++ ငါ့ဦး ခေါင်းသည် ငွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ ညွတ်ကားမညွတ် အစချီသော အနိုင်မခံ ခေါင်းစဉ်ပါ စာသားကို ဒုတိယ ကော်လိပ်သပိတ်အပြီး ၁၉၃၆ခုနှစ်၊ ၁၂၉၈ - တော်သလင်းလမှာ ထုတ်ဝေတဲ့ အိုးဝေ မဂ္ဂဇင်းခေါင်းစီးပိုင်းမှာ ပါရှိပါတယ်။ ဒီကဗျာရဲ့မူရင်းက ကောလိပ်အင်္ဂလိပ်စာပေ ပြဋ္ဌာန်းစာ အုပ် Golden Treasury အင်္ဂလိပ်ကဗျာညွန့်ပေါင်းစာအုပ်ပါ “Out of The night that covers me” အစချီ “Invictus” ကဗျာဘာသာပြန်ဖြစ်သည်၊ မူရင်းကဗျာပိုင်ရှင်မှာ W.E.Henley (ဒဗလျူဟိန်လေး) ဖြစ်ပြီး၊ ဟိန်းလေး နေမကောင်းဖြစ်နေစဉ် အင်ဒီဘာရာရှိဆေးရုံ၌ လူနာအဖြစ်တတ်၍  ဒုက္ခဝေဒနာ ကိုကြံကြံခံပြီး ထိုကဗျာကိုရေးခဲ့ရာ စာပေလောကတွင် ကျော် ကြားသွားသော ကဗျာ တပုဒ်ဖြစ်သည်၊ ထိုကဗျာကို ဆရာညိုမြက အကြမ်းဘာ သာပြန်ပေး ခဲ့ပြီး ဆရာကြီးမင်းသုဝဏ်က အချောကိုင်ပေးခဲ့သော ကဗျာဖြစ်သည်၊ ဦးအောင်ဆန်းကို လေးစား သမှု့ရှိသော သူများက ပုဂ္ဂိုလ်စွဲဖြင့် ဦးအောင်ဆန်းမလုပ်ခဲ့သည်ကို လုပ်ခဲ့သယောင်ယောင် ပြောဆိုနေခြင်းဖြစ်ပါတယ်။

ဦးအောင်ဆန်းသည် ၁၉၃၅ခုနှစ်အတွက်သာ အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့ပြီး ၁၉၃၆ခုနှစ် အတွက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ဆရာညိုမြဖြစ်သည်။ ဒီကိစ္စကို ကိုကိုငွေရမ်းပြောနေခြင်းမ ဟုတ်ပါ အထောက်အထားရှိပါသည်၊ ၁၉၇၅ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့ပါ နေ့စွဲဖြစ့် အိုးဝေ အယ်ဒီတာဟောင်း ဆရာညိုမြက  နိုင်ငံတော်စာကြည့်တိုက်မှူးဆရာတိုက်စိုးအား မှတ်စုတခု ပို့ခဲ့ရာ ထိုမှတ်စုတွင် “၁၉၃၆ ခုနှစ်တွင် ကျွန်တော်သည် တက္ကသိုလ်သမဂ္ဂအိုးဝေ မဂ္ဂဇင်းကို တာ ၀န်ခံအယ်ဒီတာအဖြစ် ကိုအောင်ဆန်းနေရာကို ဆက်ခံခဲ့ပါသည်၊ ထိုနှစ်အိုးဝေခေါင်းစီးပိုင်းတွင် အနိုင်မခံဟူသော ခေါင်းစဉ်ဖြင့်  ရေးသားပါရှိခဲ့ရာ Invictus ဟူသော ကဗျာကိုမှီး၍ ရေးသားခဲ့ခြင်း ဖြစ်သည်၊ ထိုနေ့က ကျွန်တော်သည် တက္ကသိုလ် ထမင်းစားခန်း၌ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့နှင့် တစ်စားပွဲတည်း အတူ (ဗိုလ်ချုပ်အောင်ဆန်းလည်းပါသည်) ထမင်းစားခဲ့ရာ  မင်းသုဝဏ် ကကျွန်တော့်စာကို အချောကိုင်ပေးခဲ့ပါသည်”

(အထက်ပါစာအကြောင်းကို ၂-၄-၇၇ နေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံသုတေသနအသင်း နှစ်ပတ် လည် အစည်းအဝေးတွင်  ဆရာတိုက်စိုး (ဦးသန်းထွက်) ကိုယ်တိုင်ဖက်ကြားခဲ့သော မိန့်ခွန်း တွင် ထိုမှတ်စုအကြောင်း ထည့်သွင်းပြောကြားသွားပါသည်)

ကိုကိုငွေသည် အနိုင်မခံ ကဗျာကို ဆရာညိုမြရေးခဲ့သည်ဟူသော ကိစ္စကို အထက်ပါ အချက်အ လတ်များကြောင့် ပြောနိုင်ခြင်းဖြစ်ပါသည်၊ ကျွန်တော့်ကို ဦးအောင်ဆန်းရေးသည်ဟု အကိုးကား မဲ့ပြောသော မောင်ကား မည်သို့သော အချက်လတ်ကို ကိုးကားသည်ဟူ၍ ကိုကိုငွေမသိပါ ကိုကို ငွေသိသည်မှာ အနိုင်မခံ ကဗျာ၏ မူရင်းဘာသာပြန်ဆိုသူမှာ (ကုန်းဘောင်ရှာပုံတော်)ရေးသားသူ ရှာပုံတော်မင်းသားကြီး ဆရာကြီးအိုးဝေညိုမြပင် ဖြစ်ပါကြောင်း……………။

ဘလော့စာရှု့သူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်း ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Friday, December 30, 2011

ကဗျာရူး

ကဗျာဆိုတာ လူတိုင်းရွတ်ဆိုဖူးကြရဲ့မို့လား၊ သူငယ်တန်းကနေပြီး တက္ကသိုလ်ရောက်သည့် တိုင်ကဗျာတွေ သင်အံဖက်မှတ်လေ့ကျတ်မှတ်သား လာလိုက်ကြတာ  ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ် မှာပါတဲ့ ကဗျာတွေကိုက ၂၀ကျော်၃၀ ၊ သူငယ်တန်းက ကိုကိုငွေတို့ အော်ခဲ့ကြတယ်လေ မမ၀၀၊ ထထက အကထမ ၊ ကပါကပါ ၊ မမရာ ညညလသာသာ ၊ ညအခါ ငါစာရ မမ၀၀ထထက၊ ဒါက သူငယ်တန်းစာပါ၊ နောက်တော့ စပါးရွှေဝါ ၀င်းပါစေ ပန်းတွေသင်းပါစေ၊ ငှက်ကလေးတွေ မိုးတိမ် ကြား ပျံ နိုင်ကြစေသား၊ မေတ္တာပို့သ တဲ့ ကဗျာလေး၊ နောက်တော့ တောင်တောရယ်သာ၊ မာလာ ကငုံဖူး တစ်ပင်ကို နှစ်ပင်ယှက်တယ် ကျေးငှက်ကမြူး၊ ဒါလေးကြတော့ တောဖွဲ့တောင်ဖွဲ့လေး၊ နောက် ဖိုးတောင်သူ့တဲတို့၊ မြစ်ဧရာတို့ ၊ တောဒဟတ်ပန်းတို့၊ ချိုပေစွ ဟင်းချိုတို့ စတဲ့စတဲ့ ကဗျာလေးတွေကို ကျွန်တော်တို့ကို စာပေသင်ကြားပေးခဲ့ကြသော အာစရိယဂိုဏ်းဝင်ကျေးဇူး ရှင်များရဲ့ သွန်သင်မှု့ကြောင့် ကျွန်တော်တို့တတွေ ကဗျာကိုသိလာ နားလည်လာ ခံစားတတ်လာ ကြရဲ့မဟုတ်လားဗျာတို့ရယ်၊ ဆရာသမားများကိုလည်း ဒီစာလေးရေးရင်းကနေ လက်အုပ်ချီမိုး ရှိကြီးခိုးမှိပါရဲ့။

ကိုကိုငွေက မနေ့ကဘာဟင်းနဲ့ ထမင်းစားတယ်ဆိုတာသာ မမှတ်မှိရှိရမယ် ငယ်စဉ်က ကဗျာလေး တွေကိုတော့ မှတ်မှိသေးတယ် ၊ ၀ါသနာ ပါတဲ့အတိုင်းပေါ့ ကဗျာစာအုပ်တွေ ဖတ်ရမယ်မှန်း မသိခဲ့ချိန်က ၊ ကျောင်းသုံးစာအုပ်ထဲက ကဗျာလေးတွေကို ခံစားပြီး ရွတ်ဆိုတာ ၊ ဟောနောက် တော့ မိဘများအဘိုးများက ဟိုစာအုပ်ထဲက ကဗျာလေးသင်ပေး ဒါလေးသင် ပေးနဲ့သင်ပေးလိုက် တော့ တော်တော်လေးရွတ်တတ်ဆိုတတ်ရှိလာတယ်ပေါ့ဗျာ တို့ရယ်၊ ငယ်ငယ်ကဆို မဲဇာတောင် ခြေရတုကို အဘိုးက မယ်ဒလင်နဲ့ တီးပြတာ ကိုကိုငွေက ဆိုတာ အောင်မလေး မျက်ရည်တောင် ကျလိုက်သေး၊ လွမ်းမောဖွယ်ရာကြီးမလား ၊ သားတွေမယား တွေနဲ့ ခွဲပြီး မဲဇာတောထဲမှာ နေရောင်တောင်မမြင်ရရှာတဲ့ ရတုရှင်ခမျာ ဘယ်လောက် သနားစရာ ကောင်းလိုက်လို့တုန်း၊ ဟော နောက်တော့ ကဗျာကို ဝေဖန်တတ်လာတယ်၊ စာလိုပေလိုဝေဖန်တတ်တာ မဟုတ်ရပါဘူး ကိုယ်စိတ်ထင်နဲ့ ကိုယ်ဝေဖန်တာ။ ပြောရင်းနဲ့ တောင် ကဗျာတပိုင်းတစ ခေါင်းထဲပေါ်လာလိုက်သေး။

လွမ်းများဘုရင် ၊ လွမ်းကြင်ငှက်ကိုလ ၊ လွမ်းစာခွေဆက်ချင်ငဲ့၊ လွမ်းလျှက်ပင်  ကြည့်စမ်းပါ့ဗျာတို့ ရယ် အလွမ်းကိုတည်ပြီး ပတ်လည်ရိုက်သွားပုံလေးများ မလှပေဖူးလားဗျာ၊ ဒါပေမဲ့ ဒီစာဆိုတော် ကိုတော့ဖြင့်ရင် ကိုကိုငွေက ခေတ်မမှီဘူးလို့ဝေဖန်ချင်တာပဲ ဘာလို့လဲဆိုရင် လွမ်းကြင်ငှက်ကို စာပို့ခိုင်းစရာမှမလိုတာလေ ဟုတ်ဘူးလား၊ Air mail တို့ G- mail တို့ ရှိနေပြီပဲဥစ္စာ။

လွဏ်းစက်ပျံလေယာဉ်နှင့် ၊ ခင်ခင့်စံခန်း ၊ မှာတော်ချင်စမ်းပါဘိ ၊ လွမ်းသူကိုယ်တိုင် ၊ လွမ်းရွှေဂရို့၊ ရေလို့မနိုင် ၊ နိဗ္ဗာန်တိုင် လွမ်းမယ်လေး ၊ လွမ်းတလို့မှိုင် ။ ဒီဆရာသမားကဆိုရင် ဖြင့် ခေတ်မှီတယ် ဘာလို့လဲဆိုရင် သူက Air mail နဲ့စာပို့ရမှန်းသိတယ်၊ ဒါပေသိ သူ့ခမျာ ကိလေသာ အားကောင်းရှာတော့ နိဗ္ဗာန်ထိတောင် လွမ်းမယ်ဆိုတော့ တရားထိုင်နေရင်း ချစ်သူ အကြောင်းတွေးမည့်သူလေလား။

နိဗ္ဗိန္ဒာတေးထပ်လေးတွှေလည်း ကြိုက်ပါရဲ့ ထုံးရွှေရောင်၊ နောင်မကျော့ချင်ဘု၊ တောင်တမော့ ဗွေအငူ၊ ဆိုတာတွေ၊ ရွှေနောက်ဆံ မယ်မတင်းရအောင် ငယ်စာရင်းဖျတ်ပါတော့ဘုရား ဆိုတဲ့ မမြလေးရဲ့ ကဗျာတွေ ကျက်ခဲ့မှတ်ခဲ့ပေမဲ့ ၊ ခုတော့ဖြင့်ရင် အစဆုံးတောင်မရပေတော့ဘူး၊  ဦးပုညရဲ့ ၀တ်ပန်းတည် ဆင်အသစ်နှင့်၊ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်၊ မေတ္တာသွန်းတဲ့ ၊ငယ်ကျွမ်းဖော်ရယ်၊ အလွဏ်းတော်၊ဖြေရှာရစ်တော့လေး ဆိုတဲ့ တေးထပ်လေးဖတ်မှိပြန်တော့ မျက်ရည်ဝဲပြီး သာဓုခေါ်မှိတယ် ၊ ခမျာမှာ ငယ်ချစ်သူကိုထားပြီး ရသေ့ရဟန်းပြုပြီး တောထွက်မယ် ဆိုကိုး။

အဲဒီနိဗ္ဗိန္ဒာတေးထပ်ကို များရွဲ့ဆိုထားသလားထင်ရတဲ့ ခေတ်သစ်ဘောလည်လေးကလည်း တမျိုး ပျော်စရာကောင်းနေပြန်ရော ၊ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုချင်ကြောင်း စပ်ဆိုထားပုံက စိပ်ပုတီးနဲ့ ရိပ်ကြီးရယ်ခို ၊ ချောင်အနီး မောင်ကြီးတစ္ဆေကိုက် လိမ့်မယ်၊ မင်းလိုက်ခဲ့အုံး ..။ဆိုတော့ ကိုကိုငွေ ကအဲဒီ ကဗျာလေးကိုတော်တော်လေးသဘောကျတယ် မဒမ်ငွေကိုလည်း တောတက်ပြီးပုတီးစိပ် တဲ့အခါ ခေါ်သွားမယ်လို့မှန်းတယ်၊ ဘာလို့ဆိုရင် ကိုကိုငွေက သရဲအရမ်းကြောက်တတ်တဲ့ သဘောရှိတယ်။

အမည်မသိတေးထပ် ဆရာတစ်ယောက်ရဲ့ မယားချစ်ပုံတေးထပ်လေးကလည်း ရီချင်စရာ အစတော့ မေ့နေပြီး အဆုံးပဲရတော့တယ် ဘာတဲ့ ခင်လေးက ကြင်ရေးမျှော်လျှင် ၊ ဖင်ဆေးတော် မူခိုင်းကွဲ့လေး ဆိုလား၊ အဲဒီတေးထပ်လေးကြတော့ ကိုကိုငွေက တော်တော်မိန်းမချစ်တဲ့ ဆရာပဲလို့ ချီးမွမ်းတယ်။

နောက်တေးထပ်လေးကျတော့ အင်္ဂလိပ်စာ တတ်ကြောင်း ပြဆိုတဲ့ တေးထပ်လေး သဘောတွေ့ လှလွန်းလို့ အရကျတ်ထားမှိခဲ့သေး ၊ I love you very much စွဲမှိကပ်မှန်တယ်၊ hurry up ကြံ ရွယ်သည်၊ စံစပါယ်ဇင်ပန်း ၊ rosy cheek ခိုင်ပန်းကျုကို I want to kiss ဖို့ရွယ်မှန်း။ အဲဒီတေးထပ် ဆရာကျပြန်တော့ တီထွင်ဥာဏ်အင်မတန်ရှိတယ်လို့ သုံးသပ်မှိပါရဲ့၊ ခေတ်လည်းမှိပါ့နော်။

ပဒုမတုပကာ နင်မယောင်နဲ့၊ ဆင်ပြောင်ကို ခြင်ကောင်းဝါးသည့်နှယ်၊ ယားရုံမျှ ဥပမာ၊ နင့်အမေ ရှင်ဇလာနှင့် ၊ ငါဆရာအိမ်ထောင်ကျလျှင် ၊ မဒုဆို မောင်ရွှေမမှာ သားငယ်မျှသာ …………………………………….ငါဆရာ မင်းဖေဘကို ဦးချလှည့်ဦး ၊ ဒါကတော့ လယ်တီဆရာတော် ဘုရားကြီးက ပုသိမ်ဆရာတော်ဦးပဒုမကို ပရမတ္ထဒီပနီဋီကာကို ဝေဖန်မှုနဲ့ မတန်မရာလုပ်သည် ဆိုပြီး ဆဲဆိုကြိန်းမောင်းသော တေးထပ် ဆရာတော်ကြီးများလဲ ဆဲကြတုတ်ကြပေသကိုး၊ ဆရာတော်ပဒုမကတော့ ဘယ်လိုတုန့်ပြန်လည်း မသိရပါဘူး၊ ပညာရှင်တွေဆဲလေ ကိုကိုငွေတို့ လိုမတောက်တခေါက်တွေပညာရလေပေါ့ ၊ ကိုကိုငွေတို့သာ ဆဲရင် အယုတ္တအနတ္တတွေသာ ထွက်မယ် ဒီလို ဂုဏ်မြောက်တဲ့ တေးထပ်တပုဒ် တော့ဖြစ်မယ်မထင်။

စာဆိုတော် အကျော်အမော်ကြီးတွေလည်း ရန်လိုကြ၊ ငယ်ကျိုးငယ်နာ ဖော်ထုတ်ပြီး ကဗျာရေးကြ နဲ့ လုပ်လိုက်ကြတာ ၊ ဆရာဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ အတွဲဆိုရင် သာတောင် ကလော် ကြသေး ၊ ကဗျာစီ မောင်ပုည ၊ ဆောင်ဂုဏ်ပြထုတ်လျှင်၊ တောင်ချုံကပုတ်သင်လို ၊ ကုတ်ခွင်သိန် လက်သေး၊ မင်းမြောက်လို့ ၊ သင်းလောက်ကျော်တယ် ၊ ထွင်းဖောက်ကော် ဥာဏ်မျိုးနဲ့ဝေး။ စလေဆရာကို ဆရာဖေက နှံလိုက်တဲ့တေးထပ်ပေပေါ့ ၊ စလေဆရာကြီးက လကကလေးသိမ်နေ တာကိုး။

ဆရာဦးပုညကလည်း ဘယ်ရမတုန်း သူလည်း စာပေပညာရှင်ဆိုတော့ ဆရာဖေကိုတခါနှံလိုက်ပုံက ခတောင်းကျိုက်၊ ပတုံးပိတ်ရယ်နှင့်၊ ကျုံးထိပ်ကငဖေ ၊ ကုန်းပြိတ္တ တစ္ဆေလို၊ အသရေဟိတ် နွမ်း…........ဆရာဖေတို့က မြင်းကုန်းနှီးချုပ်တဲ့အချုပ်တန်းဆိုတာ မြောက်ပြင်က နဂါးဒေါ်ဦး ကျောင်းဘက်ဆိုတော့ မြောက်ကျုံးထိပ်ကျမှာပေါ့ ၊ ခတောင်းကျိုက်ဆိုတာကတော့ စလေဆရာက ဆရာဖေ အလုပ်လုပ်ချိန် လှမ်းခြောင်းတယ်ထင်ပါရဲ့၊ လက်သံကလည်းပြောင်ပါ့ ဆရာရယ် ၀က်ဝက်ကိုကွဲကရောပါလား။

နောက်ရှိသေးရဲ့ ဆရာဖေကို ဆော်တဲ့ တေးထပ်တွေ ဂျတ်ကောင်နှယ်၊ ဖင်ကြားက သန်းစကား ၀ါသူ ၊………………….. မိုးကြိုးနဲ့ အီးသံလို အလှမ်းကွာလွန်းတာမို့လေး။ အဲလိုအဲလို ပညာရှင်တွေ ရှိခဲ့တော့ ကိုကိုငွေတို့တွေ ကဗျာဆိုတာတွေသိရ၊ တေးထပ်ဆိုတာနားလည်ရနဲ့ ကျေးဇူးများပါ ပေ့ ကဗျာဆရာကြီးတို့ရယ်၊ အခုတော့ဖြင့် ဒီလိုတေးထပ်တွေ ရေးမဲ့သူလည်းမရှိတော့သလို ဖတ်တဲ့လူလည်း နည်ဲးပါးသွားပြီ၊ တချို့ကိုကိုငွေသူငယ်ချင်း များဆိုရင် ကြားတောင်မကြားဖူးဖူးတဲ့  မြန်မာကဗျာနဲ့ စာပေဟာ တိမ်ကောလုဖြစ်ပါကော ။

ကိုယ်မွေးတဲ့သားလေးသမီးလေးကို ဘယ်လို သီချင်းနဲ့များချော့သိပ်ကြရမှာပါလိမ့်၊ ကာရံမပါ နဘေမရှိ သုတိမသာ သောတာလကာင်္ရမဖြစ်တဲ့ ဒုန်းဒုန်းဒိုင်းဒိုင်း အသံများကိုတော့ဖြင့် ကိုကိုငွေ စိတ်ဝင်စားမှုသိပ်မရှိလှပါ၊ ပြောနေရင်း နဲ့ပင် ကိုကိုငွေ ငယ်စဉ်က အိမ်ရှေ့သရက်ပင်အောက်က ခုံအ၀ိုင်းကြီးမှာ မယ်ဒလင် တစ်ဒေါင်ဒေါင်နဲ့ အဘိုးနဲ့သူငယ်ချင်းတစုက `တိမ်ညိုမြင်လျှင် ဖူးရောက်ချင်သည် ၊ ငှက်သွင်ပျံကြွ ၊ မတတ်သော်……..သီချင်းသည်ကြီး ပြည်လှဖေရဲ့နက်သျှင်နောင်သီချင်း ည်ီးသံကို ရေးရေးကြား ယောင်မှိ ပါတော့တယ်။

ဘလော့စာရှု့သူများ မြန်မာစာပေမြန်မာကဗျာ မြန်မာဂီတ ခံစားနိုင်ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Sunday, December 25, 2011

ဤပြည့်မျက်နှာကြည့်ကြပါတော့


မြန်မာပြည်သူ ၊ဟူပေရကား
အကြွားလည်းကင်း ၊တရားကျင့်နှင့်
စိတ်မြဲတည်ကြည်၊ရဲရင့် ဇွဲရင်း
တွေးမှလျှော်ကန် ၊မွေးမှမှန်လိမ့်။
မြန်မာပြည်သူ၊ ဟူပေသဖြင့်
အကျင့်လည်းမှန်၊ အကြံလည်းကောင်း
အကြောင်းလည်းမျှော်၊ သို့မှတော်လိမ့်။
မြန်မာပြည်သူ၊ ဟူပေသောကြောင့်
တော်ဖြောင့်ကျင့်သုံး၊ မြတ်နှလုံးနှင့်
သုံးပါးသောကံ ၊ ယဉ်မှဟန်လိမ့်။

ဒီကဗျာလေးက ဆရာကြီးတင်မိုးရဲ့ကဗျာလေးပါခင်မျာ မြန်မာဆိုတာ အဲလိုစိတ်ရင်းစိတ်ဓာတ် ရှိတဲ့သူကို ခေါ်ပါသတဲ့။

ယခုတလော မြန်ပြည်တွင်းမှာတော့ဖြင့်ရင် စိတ်မချမ်းသာဖွယ်ရာ သတင်းတွေ ပြည့်နှက်လို့ နေပါတယ် ၊ လူဆိုးဂိုဏ်းဆန်ဆန် လူသတ်မှု့၊ လုယက်မှု့၊ စသဖြင့် ဒေါသပိုင်းဆိုင်ရာ အနိဋ္ဌာရုံ ပြစ်မှု့များ၊ ဘုရင်နောင်ပဲကုန်သည်အသင်းရဲ့ သိန်းနှစ်သောင်းကျော် လိမ်လည်မှု့၊ သိန်းငါးထောင် ကျော်လိမ်လည်မှု့၊ နိုင်ငံကျော် ဆေးတိုက်ကြီးတခုရဲ့ သားသမီးတော်စပ်သူများက သိန်းနှစ် သောင်းကျော် လိမ်လည်ပြီး ဘန်ကောက်ထွက်ပြေးတဲ့ လောဘဆိုင်ရာ အနိဋ္ဌာရုံ များ၊ မြေနီကုန်း လမ်းစုံ ၆စီးဆင့်တိုက်သွားသည့် ကားတိုက်မှု့၊ ဘုရင့်နောင်လမ်းပေါ်က ကားကြီးကားလေး တိုက် သည့် မောဟဆိုင်ရာပြစ်မှု့များဖြင့် ပြည်တွင်းမှာ ပြည့်နှက်ပြီး စိတ်လက်မသက်မသာ ဖြစ်ရသလို။

အမေအဖေတွေနဲ့ခွဲ၊ မိသားစုနဲ့ခွဲ၊ ညီကိုယ်မောင်နှမနဲ့ခွဲပြီး ရေခြားမြေခြား တိုင်းတပါးမှာ မိရဲ့ ပညာနဲ့ ဆိုင်တဲ့အလုပ်ရော မိမိပညာနဲ့မစပ်ဆိုင်တဲ့ အလုပ်ရော ရရာအလုပ်ကို နဖူးချွေးခြေမ ကျအောင် အဆူခံ၊ အနှိမ်ခံ ၊ ဘ၀တွေနဲ့ ရုန်းကန်လှုပ်ရှားပြီး ရှိတဲ့ငွေလေး မြန်မာပြည်ရှိ မိဘ မောင်ဖွား မိသားစုများရှိရာထံ ပြန်ပို့ဖို့ ငွေလွှဲပို့အပ်လိုက်ပါတယ်၊ လိမ်ပြီး အင်္ဂလန်ထွက်ပြေးတဲ့ လူနဲ့၊ သံရုံးဆိုင်ရာ စာရွတ်စာတမ်းတွေကို မလုပ်တတ်လို့ ၊ ရုံးဝင်ရုံးထွက် မကျွမ်းကျင်လှလို့၊ ကူညီမလားလို့မမှတ်လိုက်နဲ့ ၊ အင်းနိုင်ငံရပ်ခြားမို့လား သူတို့လဲ အလုပ်လုပ်နေရ တယ်ဆိုပြီး၊ မြန်မာအချင်းချင်း ငါ့ကိုမကူညီရမလားရယ်လို့ စိတ်ထဲမထား နားလည်မှု့အပြည့်နဲ့ မိမိလစာလေး ထဲက တချို့တ၀က် ခွဲဝေပြီး ပွဲခဥာဏ်ပူဇော်ခ အဖြစ်ပေးပြီး၊ သံရုံးဆိုင်ရာ စာအုပ် စာတမ်း ကိစ္စတွေလုပ်ခိုင်းလိုက်ပါတယ်၊ ငွေတွေယူပြီး ထွက်ပြေးလိုပြေး ၊ တော်သေးရဲ့ မောင်မင်း ကြီးသား မယ်မင်းကြီးမများက စာအုပ်စာတမ်းလေးတွေထားခဲ့ကြပေလို့၊ ယူသွားအစဖျောက် လိုက်မှဖြင့် စာအုပ်ပိုင်ရှင်တို့ခမျာနိုင်ငံရပ်ခြား တိုင်းတပါးမှာ ဒုက္ခကြီးလိုက်မဲ့ဖြစ်ခြင်း..။

အော် ဘယ်နှယ့်ဖြစ်နေကြပြီတုန်း ရွှေမြန်မာတို့ရယ်၊ နိုင်ငံတွင်းမှာလည်း အကြီးပိုင်းကစပြီး ခိုးကြ လိမ်ကြ၊ ကောက်ကြ ကျစ်ကြနဲ့ဖြစ်ကုန်လို့၊ ရာထူးပြုတ်လိုပြုတ်၊ ထွက်ပြေးတဲ့လူကပြေး၊ ပြည်ပ ရောက်မှ မြန်မာသူခိုးဆိုပြီး ဖမ်းပြီးပြန်ပို့ရလိုပို့ရနဲ့၊ ကျွန်တော်တို့တိုင်းပြည်ဟာ ဒီလိုလူလွန်မသား လူလွန်မသမီးတွေကြီးလား၊ ဒေသတွင်းနိုင်ငံ တွေများရော နိုင်ငံတကာမှာရောပါ လှည့်ပတ်အရှက် ခွဲနေတဲ့ လူတွေကြီးဖြစ်ကုန်ကြပလား၊ ကျွန်တော်တို့ငယ်စဉ် ဒါမျိုးတွေကြားရတာ ဒီလောက်မစိပ် ပါဘူး ငါးနှစ်တခါ ဆယ်နှစ်တခါ ဆိုတာမျိုးလို ကြားရသိရတာပါ ။

 အခုတော့တလခြားတခါ ကြားသိနေရတာက ဘယ်နှယ်ကြောင့် ဒီပုံဒီလိုဖြစ် ကုန်ကြတုန်း ဗျာ။ ကိုယ်အဆင်မပြေတိုင်းထခိုးရမှာလား၊ ကိုယ်အဆင်ပြေချင်တိုင်း သူများချွေးနဲစာကို ခိုးယူလု ယက်ရတော့မလား၊ ခင်များတို့ရဲ့သားသမီးတွေကို အဲလိုသင်ပေးမလား၊ ခင်များတို့ကို နိုင်ငံရပ် ခြားတွေမှာ ဖမ်းမှိကြတော့၊ နိုင်ငံသိက္ခာကျတယ် အဲဒီသိက္ခာအတွက် နိုင်ငံကိုဘယ်လိုမျက်နှာနဲ့ ပြန်လာကြမတုန်း၊ လက်ထိပ်နဲ့ လေယာဉ်ပေါ်က ဆင်းလာတဲ့ ခင်များတို့ရဲ့ ကြတ်သရေမဲ့တဲ့ မျက်နှာတွေကို နိုင်ငံပိုင်ဂျာနယ်တွေ၊ သတင်းစာတွေက နိုင်ငံကျော်သူခိုးကြီးတွေအဖြစ် ထည့်သွင်း ရေးသားကြလိမ့်မယ်။ ခင်များတို့ရဲ့ ခိုးဝှက်ဖျံကျ ကလိမ်ကျခြင်းအမှု့ဟာ ဒီပြင်သိက္ခာတတ်စရာ မရှိပါဘူး။

လူတစ်ယောက်ကပြောလာတယ် မှော်ဘီနည်းပညာက ကျောင်းသားတစ်ယောက် အဖေအမေ လယ်သမားတဲ့၊ မြန်မာပြည်မှာ အလုပ်ရှားလှလို့ ။ စကာင်္ပူတက်အလုပ်ရှာ အလုပ်ကရတယ် အင်ဂျင်နီယာ လစာ၁၈၀၀တဲ့၊ စကာင်္ပူသွားဖို့ သူတို့မိဘက ငွေတသိန်းကို အတိုး နှစ်သောင်းနဲ့ချေးပြီး ၁၈သိန်းထည့်ပေးလိုက်သတဲ့၊ အလုပ်ကနှစ်လပြည့်ခါနီးမှ ရလို့ အခုမှ ပထ မဆုံးလစာကို မိအိုဖအိုတွေ အကြွေးလေးဖဲ့ဆပ်ဖို့ ငွေလွှဲလိုက်တာ စကာင်္ပူငွေ ၁၂၀၀တဲ့ ၊ အဲဒီငွေကို လူ လွန်မသားသမီးတွေလိမ်သွားလို့၊ အိမ်ထဲမှာကြိတ်ငိုပြီး ၊ အတိုးမသပ်နိုင်လို့ အိမ်နဲ့ခြံ ပေါင်လိုက် ရတယ်တဲ့၊ ကဲခင်များတို့ စဉ်းစားကြည့်ကြပါအုံး၊ လူလွန်မသား သမီးတို့ရယ်။ အဲဒီသားမိသားဖ တွေဘယ်လိုခံစားကြရမလဲ၊ ခင်များတို့ကတော့ အင်္ဂလန်ပြေး အဖမ်းခံလိုက်တာနဲ့၊ ပြီးသွားပေမဲ့ သူတို့လိုသားမိတွေ ဘ၀ဘယ်လောက်များ သနားဖို့ကောင်း လိုက်မလဲ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး စကားလုံးရိုင်းရင် သီးခံဖတ်ကြပါခင်မျာ၊ အလိမ်ခံရတဲ့လူတွေဟာ အဆင်ပြေတဲ့လူ ငွေကြေးချောင်လယ်တဲ့လူဆိုတာ အနဲစုလောက်သာ ပါပါလိမ့်မယ်၊ မမြင်ရတဲ့ ဘ၀တွေဟာ လူလိမ်လူကောက်တွေကြောင့် အိမ်မက်တွေပြိုပျက်ခဲ့ကြတယ်ဆိုတာတော့ တွေး ကြည့်ရုံနဲ့ပင်သိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ သူခိုးဂျပိုးကြီးများမဟုတ်ပါ၊ စာနာ တတ်သော နှလုံးသားရှိသော လူများ၊ မင်္ဂလာနှင့်နေသော မင်္ဂလာကိုဆောင်နှင်းတတ်သော လူများသာဖြစ်ပါတယ်၊ ရှေးတုန်းက သူခိုးမရှိတဲ့တိုင်းပြည်လို့တောင် စာတွေမှာရေးသားထား တာဖတ်ဖူးပါတယ်။

 မြန်မာပြည်ဆိုတာ ပညာတတ်များ နိုင်ငံအကျိုးသယ်ပိုးသူများ၊ ကမ္ဘာ့အလယ် နိုင်ငံကျက်သရေဆောင် သားကောင်းသမီးကောင်း များကို မွေးဖွားပေးရာ ကျက်စားရာ ဒေသကြီး ဖြစ်သလို။ ထိုနိုင်ငံ၌ မွေးဖွားတဲ့ မြန်မာဆိုတဲ့လူမျိုးကလည်း အကြွားကင်းခြင်း ၊ ကိုယ်ကျင့်တရား ကောင်းခြင်း၊ စိတ်တည်မြဲခြင်း စသော စိတ်ပိုင်းဆိုင်ရာ စိတ္တသတ္တိနဲ့ပြည့်စုံသော သူများသာ ဖြစ် ပါတယ်။ ကမ္ဘာ့အလည်နိုင်ငံမျက်နှာ မငယ်ရတဲ့ လူမျိုးနဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကြီးကို နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာမှလုပ်မပေးနိုင်ခဲ့ရင်တောင် ကျွန်တော်တို့ တဦးကိုတဦး မေတ္တာထားခြင်း ၊ ကူညီရိုင်းပင်းခြင်း ၊ ရိုးသားဖြောင့်မတ်ခြင်းတွေနဲ့ နိုင်ငံကျေးဇူးကို ပြန်လည်ဆပ်ခဲ့ကြရအောင်ပါခင်မျာ။

ရှေးမြန်မာ ဘိုးဘွားများဟာ ထွန်တုံးထွန်တံ လှည်းနဲ့နွား၊ တောင်သူယာလုပ် ဓားမခုတ်တွေနဲ့  အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြပြီး  တိုင်းပြည်အတွက် တီဗွီ၊ ရေခဲသေတ္တာ၊ လေယာဉ်ပျံ ၊ မော် တော်ကေား၊ ရထား စတာတွေကို အဖိုးအဖွားတွေ မတီထွင်နိုင်ခဲ့ကြပါ သို့သော်၊ ကျွန်တော် တို့အတွက် အားကျစရာကောင်းလှတဲ့၊ သူတို့ရဲ့ ကိုယ်ကျင့်တရားများ အမွေထားရှိ ခဲ့ကြတယ်မ ဟုတ်ပါလား၊ အဘိုးအဘွားတွေ  မတီထွင်နိုင်ခဲ့တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအတွက်၊ အဘိုးအဘွား တွေ အမွေပေး ခဲ့တဲ့ ကိုယ်ကျင့်တရားတွေနဲ့ လဲလှယ်ပြစ်ကြတော့မလားခင်မျာ ၊ လဲတဲ့လူ တွေကရော သူတို့ရဲ့ မျိုးဆက်ကို ဘယ်လိုအမွေတွေထားခဲ့မှာလဲခင်မျာ။  လောလော ဆယ်ကျွန် တော့်အမြင်မှာတော့ နိုင်ငံနဲ့လူမျိုးသိက္ခာကျ သွားရပါပြီ၊ နိုင်ငံခြားသားတွေက မြန်မာဆိုရင် သူခိုး လို့ကိုထင်ကုန်ကြပါပြီ၊ မြန်မာနိုင်ငံကြီးသာ လူသားမိဘ တစ်ယောက်ဆိုလျှင် ကမ္ဘာကို သူဘယ် လိုမျက်နှာပြရပါလိမ့်မတုန်း။

ကွယ်လွန်ပြီဖြစ်တဲ့ ကဗျာဆရာကြီးတင်မိုးက ဤမြေကျေးဇူး ၊ ခူး၍မ၀၊ သတ်၍မရဲ၊ တခဲနက်ပေ၊ ပြုလေပြောလေ၊ ကြံလေသမျှ၊ ဤပြည့်မျက်နှာ ၊ ကြည့်ကြပါလော့။ ဟုရေးသား စပ်ဆိုထားပါ တယ်ကျွန်ုပ်တို့၏ ကိုယ့်ကျင့်တရားကြောင့် တပါးသူတို့ ဥစ္စာစည်းစိမ်ပျက်ဆီးသော် မကောင်းပါ၊ ထို့ထက် မိမိကိုယ်ကျင့်တရားကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ညိုးနွမ်းလျှင်ပို၍ပို၍ မကောင်းပါ။ နိုင်ငံကျေးဇူးကို မဆပ်နိုင်သော်ရပါ၏ ၊ သို့သော် သည်မြေသည်ရေ ၏ကျေးဇူးကိုတော့ မချေ ဖျက်မှိပါစေနှင့်၊ ကျေးဇူးချေဖျက်တတ်သော လူတို့၏ သွားရာလမ်း သည်လည်း ဖြောင့်တမ်း သည် ဟူ၍ မကြားနာခဲ့ဖူးပါ၊ မမိ၏ အပြောအဆို အလုပ်အကိုင် အမူအကျင့်တို့ကြောင့် ဤတိုင်းပြည် မျက်နှာ ငယ်ရလျှင်………………။ ထို့ကြောင့် ပြုလေ ပြောလေ ကြံလေသမျှ ဤပြည့်မျက်နှာ ကြည့်ကြပါ တော့…………..ဟုပတ္ထနာပြုရင်း…..။

ဘလော့စာရှု့သူများ အလိမ်အညာခံရခြင်းမှကင်းဝေးပြီး၊ စာရိတ္တမဏ္ဍိုင် ကြံခိုင်ရိုးသားသူများ ဖြစ် ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ(ရှင်)..


Thursday, December 22, 2011

သတိပြုပါ ပျိုကညာ

ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု့ မတူကွဲပြားကြသည့် နိုင်ငံချီးသာဖြစ်ကြပေ၏၊ တူသည်ဆိုကြရာဝယ် စဉ်းငယ်မျှ စဉ်တူယိုးမှား တူတတ်ကြသည်က များသည်မဟုတ်ပါလား ဗျာတို့ရယ်။ ဘယ်နိုင်ငံမ ဆို ယောကျာင်္းလေး ရိုးရာဝတ်စုံ အပြင်ဆိုလျှင် ဘောင်းဘီအတို အရှည်၊ အကျီလက်ရှည်၊ လက်တို၊ စပို့ရှပ်၊ စသဖြင့် ၀တ်ဆင်ကြသကဲ့သို့၊ မိန်းခလေးဆိုလျှင်လည်း ၊ ရိုးရာဝတ်စုံ ဂ်ျပန် ဆိုလျှင်ကီမိုနို၊ မြန်မာဆိုလို အချိပ်ထမိန်နှင့်ယဉ်ဖုံး၊ စသဖြင့် ၀တ်ဆင်တတ်ကြသလို စကပ်တိုရှည်၊ ဘောင်းဘီတိုရှည်၊ ကြိုးတစ်ချောင်း၊ ဘာညာဝတ်ကြတယ်ပေါ့ဗျာရယ်၊ အဲဒီဝတ်တဲ့ဟာကတော့ ကမ္ဘာရဲ့ ဘယ်နေရာ မှာနေသည်ဖြစ်စေ ၊ မည်သူ့လူမျိုးပင်ဖြစ်စေ မကွဲမပြား ၀တ်စားဆင်ယင် ကြတယ်ပေါ့ဗျာရယ်။ အဲသလို လူမျိုးမတူ နေထိုင်ရာဝန်းကျင်မတူပေသိ အ၀တ်အစားမှာ သွား ရောက်တူညီနေကြ တာကပင်လျှင် ဂလိုဘယ် ဖြစ်တယ်လို့ ဆိုကြသမို့လားများတို့။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ မကြာသေးခင်ကမှ မင်္ဂလာဆောင်သွားတဲ့ ဗြိတိန် တော်ဝင်မင်းသား ၀ီလျှံနဲ့ သူရဲ့သတို့သမီးတို့ရဲ့ ၀တ်စုံလေးကိုပါ ၊ ယဉ်ကျေးတဲ့ လူမျိုးကြီးတွေ ဖြစ်တဲ့အားလျှော်စွာ မင်းသမီးဝတ်သွားတဲ့ အနောက်တိုင်းဝတ်စုံလေးက ကြည့်လိုက်တာနဲ့ပင် ဒါဟာသာမန်လူမဟုတ် နန်းဆန်သောလူပေတည်းဟု မပြောသော်လည်း ပြောနေသကဲ့သို့ ယဉ်ကျေးမှု့မတူသော ကိုကိုငွေတို့ကပင်လျှင်ခန့် မှန်းလို့ရပေသကိုးဗျာရဲ့၊ ထိုမင်္ဂလာပွဲကို တတ် ရောက်လာတဲ့ သံတမန်တွေ ဘုရင်ဆွေတော်မျိုးတော်တွေ အားလုံးဟာ သူတို့ဝတ်ဆင်လာတဲ့ ၀တ်စုံများဟာ တည်ငြိမ်အေးချမ်းပြီး အမိကောင်းအဖကောင်းနိုင်ငံကောင်းရဲ့ သားသမီး တွေဖြစ် တယ် ဆိုတာကို ညွန်ပြနေသကဲ့သို့မဟုတ်ပါလား။

ကိုကိုငွေတို့ မြန်တိုင်းဋ္ဌာနီမှာတော့ အနောက်တိုင်းလည်း ကူးချပါတယ်၊ အရှေ့တိုင်းလည်း ကူးချ ပါတယ်၊ အကုန်ကူးချပြီး အကုန်လျှောက်ဝတ်ကြတော့ အကုန်ဘာတွေဖြစ်ကုန်မှန်းမသိတော့ပါဘူး ၀တ်ပုံစားပုံတွေကြည့်ရတာနဲ့ပင် မိခင်ကောင်းဖခင်ကောင်းတွေရဲ့ အဆုံးအမကို မရတဲ့သူတွေလို ခံစားမှိပါတယ်။ ဘုရားပေါ် စကပ်မ၀တ်ရလို့ စာတမ်းရေးထားရတဲ့အထိ ရဲတင်းလာပါတယ်။ စကပ်ဝတ်လာလို့မှ လမ်းဘေးဈေးထိုင်ဝယ်လို့မသင့်တော်၊ ကျွန်တော် သူငယ်ချင်းမိုးမိုးရှိတဲ့ ကျောက်မြောင်း ကျားကွက်သစ်လမ်းမ ပေါ်ကို ည၇း၀၀နာရီလောက် အရောက်မှာ အောင်မလေး စကာင်္ပူတောင် ကျွန်တော်တို့ ကျောက်မြောင်းလောက် အတိုအကြပ် ၀တ်မဲ့သူမရှိဘူးထင်ပါရဲ့ သူများနိုင်ငံတွေမှာ အတိုအကြပ်ဝတ်တာဟာ လွတ်လပ်နေပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ အတိုအ ကြပ်ဝတ်တာကတော့ အကြောင်းရှိပါသတဲ့ခင်မျာ၊ ဘယ်လိုအကြောင်းလဲဆိုရင် သူငယ်ချင်းမတစ် ယောက်အတိုဝတ်ပြီးသွားလိုက်တဲ့ကိစ္စက တက္ကစီသမားက ဈေးဘယ်လောက်လဲလို့ အမေးခံရ တဲ့အထိ စော်ကားခံလိုက်ရပါသတဲ့၊ မြန်မာပြည်မှာ အတိုအကြပ်ဝတ်တဲ့လူဟာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေးသူတွေက စတင်ဝတ်ကြတယ်လို့ဆိုပါတယ်။

အဲလိုလူတွေဝတ်တာကို ဘယ်လိုမိကောင်းဖခင်သမီးတွေက အတုခိုးပြီးဝတ်ကြတယ်တော့ ကျွန် တော်မသိပါဘူး၊ ရုံးလုပ်ငန်းလုပ်ရလို့ ၊ ၀န်ထမ်းဖြစ်လို့ မဖြစ်မနေ ၀တ်နေရတယ်ဆိုရင် ကိုကိုငွေ တို့ပြောစရာမရှိပါ၊ အမေလူထုဒေါ်အမာက အမေ့ရှေးစကား စာအုပ်မှာ `အမေတို့ငယ်စဉ်က အ၀တ် အစားဝတ်ထားတာကို ကြည့်လိုက်တာနဲ့ ဒါကသဘင်သည်၊ ဒါကတော့ အရပ်သူအရပ် သားလို့ ခွဲခြားသိကြတယ်၊ သဘင်သည်ရဲ့ ၀တ်ပုံစားပုံဟာ အမြဲတမ်းအရပ်သူအရပ်သား နဲ့မတူ ကွဲပြားနေတယ်၊ ဒါကသဘင်သယ်ကိုး သဘင်သည်ဆိုတာ အတုခိုးစရာမဟုတ်ဘူး သူကရုပ်နဲ့ ပြ ပြီးအလုပ်လုပ်စားရတဲ့ သူမျိုး´´ လို့အမေလူထုဒေါ်အမာကရေးသား ခဲ့ပါတယ်။

အခုတော့ တာမွေကျောက်မြောင်း ၀န်းကျင်မှာတော့ အတုမခိုးသင့်တဲ့ လူတွေကို အမျိုးကောင်း သမီးတွေ အတုခိုးကုန်ကြပြီ ထင်ပါရဲ့၊ လောကကြီးဟာ ပျက်ဆီးလာပြီဆိုရင် မမြင်သင့်တဲ့အရာ ဖော်ပြရန် မသင့်လျှော်တဲ့ အရာတွေကိုတောင် လှစ်ဟဖော်ပြလာကြတယ်လို့၊ ဗုဒ္ဓစာပေများမှာ လည်းဟောကြားထားတာရှိပါရဲ့၊ လောကကြီးမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေကြသမို့ လား။ ပြီးခဲ့တဲ့ ၂၀ရက်နေ့ထုတ် The Straits Times သတင်းစာမှာ `စကပ်တိုဝတ် အမျိုးသမီး များ အရှက်ရစေမည့်နေရာကို ဖုန်းကင်မရာများက လက်စွမ်းပြကြသဖြင့် စကပ်တိုဝတ်အမျိုးသမီး များ အနေအထိုင်အသွားအလာ ဆင်ခြင်ကြဖို့ ဂျပန်ရဲ့ဋ္ဌာနက သတိပေးချက်ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းပါလာပါတယ် ဗျာတို့ရယ်။

ထိုစကပ်တိုဝတ် အမျိုးသမီးများကို ဖုန်းကင်မရာဖြင့် ရိုက်ကူးနေကြတဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ ငါးနှစ် ကထက် အဆ၆၀မြင့်တတ်လာတယ်လို့ အဆိုပါရဲဋ္ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ကျေ ညာသွားသေးရဲ့။ အဲသလိုဓာတ်ပုံ ရိုက်ကြတာက ဘက်စကားပေါ်၊ ရထားပေါ်၊ ဘူတာပေါ် ၊ ဓာတ် လှေကားထဲ၊ ဈေးဝယ်ရင်း စသောနေရာတို့တွင် ကာယကံရှင်မသိအောင် ခိုးရိုက်ကြတာများတယ် လို့ဆိုပါတယ်၊ ဒါကြောင့် ရဲဋ္ဌာနအနေဖြင့် အတိုဝတ် မိန်းခလေးတို့အနေဖြင့် မည်သည့်နေရာ သွားသွား ကိုယ့်ကိုအမျိုးသားတဦးဦးက ထိုကဲ့သို့ဓာတ်ပုံများ မရိုက်နိုင်ရန် သတိရှိရန်လိုကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။

ထို့သို့မမြင်အပ်သောနေရာတို့ကို ဓာတ်ပုံခိုးရိုက်သည့်အတွက် ရဲစခန်းကို ရောက်လာကြသည့် အမှု့ပေါင်းက လွန်ခဲ့သော ၂၀၀၆တွင် ၁၀၈၇ ရှိခဲ့ပြီး၊ ယခုနှစ်တွင် ၁၇၄၁ အထိ တိုးတက်များပြား လာတယ်လို့ The Straits Times ဖော်ပြထားတာကို ဖက်မှတ်လိုက်ရပါတယ်။

ကျွန်တော်တို့ အမိမြေလည်း ထိုကဲ့သို့သော အမှု့အခင်းများ မပေါ်ပေါက်လာနိုင်ဟု မည်သူ တဦးတစ်ယောက်ကမှာအာမ ခံနိုင်မည်မဟုတ်ပါ၊ တရားဥပဒေ စိုးမိုးရေးလုပ်နေသည့် ယနေ့ကာ လတွင်ပင်လျှင် မြို့လည်ခေါင်လူသတ်မှုများ၊ လူဆိုးဂိုဏ်းဆန်ဆန် လူသတ်မှု့များ မြန်မာပြည်မှာ တလအတွင်းနှစ်ခု ဆက်တိုက်ဖြစ်နေကြောင်း မီဒီယာများမှာ ဖက်ရှု့နေရပါတယ်၊ ထိုကြောင့် `အယူလွယ်လျှင် သူကြွယ်တောင် ခိုးသကဲ့လို၊ သိမ်းထားလျှင်လည်း ဘိန်းစားပင်မခိုးဟူဟော´ စကားပုံလို ၊ ပျိုမေတို့အနေဖြင့် မိမိအ၀တ်စားကြောင့် မိမိကို ယုံထင်ကြောင်ထင် အထင်မခံရေ အာင်၊ မိမိရဲ့ဝတ်စားဆင်ယင်မှု့သည် ယဉ်ကျေးမှု့ဓလေ့ထုံးထမ်းကို ဖီလာဖြစ်စေမည့် (တာဝန် အရ အသက်မွေးဝမ်းကြောင်းအရကို မဆိုလိုပါ) အသွင်သဏ္ဍာန်မဖြစ်အောင်၊ မိမိရဲ့ ၀တ်စားဆင် ယင်မှု့ကြောင့် ၊ မိဘဆရာသမားများ ဂုဏ်သိက္ခာ မထိပါးရလေအောင်၊ မိမိရဲ့ ၀တ်စားဆင်ယင်မှု့ ကြောင့် မမြင်သင့်သော လှစ်ဟ၍ မပြသင့်သော နေရာများကို သူတပါး၏ ကင်မရာမှ တဆင့် အင် တာနက် စာမျက်နှာများပေါ်သို့ မရောက်ရှိလာအောင် ၀တ်စားဆင်ယင်သင့်ပါကြောင့် ကိုကိုငွေနဲ့ မဒမ်ငွေက မေတ္တာရှေ့ထား ရေးသားလိုက်ရပါကြောင်း။

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံ ကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။





Friday, December 16, 2011

မိန်းကလေးများ အသဲကွဲတတ်သည်

 
အချစ်ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ချစ်သူသေဆုံးခြင်း စသည်စသည် အကြောင်းကြောင်းတို့ကြောင့် လူတို့မှာ အသဲကွဲခြင်းဟုခေါ်သော စိတ်နှလုံးထိခိုက်ခြင်းဝေဒနာကို ခံစားရသည်ဖြစ်ခါ၊ ထိုထိုသော ရောဂါဘယ ကိုခံစားရသူအပေါင်းတွင် မိန်းကလေးများက ပိုမိုပြီး အထိခိုက်ဆုံးဖြစ်ကြောင်း  နိုဝင်ဘာ ၂၀ရက်နေ့ထုတ် Daliy Mail သတင်းစာပါ သတင်း တစ်ပုဒ်က ဆိုတယ်ပေါ့ သပ္ပုရိသ သူတော်စင်အပေါင်းတို့။

အမေရိကန်နိုင်ငံ အာကင်းဆတ် တက္ကကသိုလ်မှ ဒေါက်တာအဘီရှက်ဒက်ရှ်မက်၏ လေ့လာတွေ့ ရှိချက်မှာတော့ လူသားတွေဟာ ပျော်ရွှင်မှု့ကြောင့်ဖြစ်စေ၊ စိတ်နှလုံးထိခိုက်မှု့ ကိစ္စကြောင့် ဖြစ် စေ စိတ်ကို အထူးလှုံ့ဆော်သော ကိစ္စနှင့်ကြုံသောအခါ လူ့နှလုံးကို အတိုင်းအတာတခုထိ ထိခိုက် ဒဏ်ရာရတတ်ပြီး နှလုံးရောဂါရသည်အထိဖြစ်တတ်တယ်လို့ ဆိုလေငဲ့၊  သို့ကလို ခံစားရသော လူသားတို့အနက်မှ သုံးတောင်ဝတ်မိန်းမသားများမှာ နှလုံးရောဂါအဖြစ်ဆုံးပါတဲ့ ဗျာတို့ရယ်။

ဆက်လက်ပြီး ဒေါက်တာအဘီရှက်က စိတ်မကောင်းစရာနှင့်ကြုံရသောအခါ  စိတ်ဖိစီးမှု့ဒဏ်ကို ဖြစ်စေသော အဒရီလင်နှင့် အခြားဟော်မုန်း များသည် ပမာဏ အများအပြားထွက်လာတတ်သည်၊ ထို့သောထွက်လာသော ဟိုမုန်းများက နှလုံး၏ သွေးတွန်းထုတ်ရာ အခန်းကို ရုတ်ချည်းဖောင်း တတ်လာစေ၍၊ ပုံမှန်လည်ပတ်နေကျ စည်းချက်ကို ပျက်စေပြီး၊ ထိုသို့ပျက်သွားခြင်းကို နှလုံးရှော့ခ် ဖြစ်ခြင်းဟု ဆိုကြောင်း၊ အလွန်စိတ်ထိခိုက်စရာ နှင့်ကြုံရပါက ဟိုမုန်းများ ဆောင့်တက်ပြီး ထိုသို့ ရှော့ဖြစ်တက်တယ်လို့လည်း ဆိုလေရဲ့။

အထက်ပါ နှလုံးရှော့ဖြစ်ခြင်း ဝေဒနာ (တနည်း) အသဲကွဲခြင်းကို ဗြိတိန်နိုင်ငံ တစ်ဝန်း ဆေးရုံတစ် ထောင်ကျော်မှာ စစ်တမ်းကောက်လိုက်တဲ့အခါ ဝေဒနာရှင် ၆၂၂၉ဦးအနက် အတောင်နှစ်ဆယ် ၀တ်မင်းယောကျာင်္းများရဲ့ပါဝင်မှု့က ၆၇၁ဦးသာ ရှိတယ်လို့ဆိုပါတယ်၊ အမျိုးသမီးများဟာ အမျိုး သားများထက် နှလုံးဖောက်ပြန်နိုင်ချေဟာ ၉.၅ ဆခန့် များပြားတယ်လို့ ဆိုချေတယ်ပေါ့ဗျာတို့ ရယ်။

သို့ကလို အထိမခံ ရွှေပုဂံကဲ့သို့ ထိလွယ်ရှလွယ်ရှိချေ လှစွာသော အနှီအမျိုးသမီးထု ကြီးကို နှလုံးကွဲအောင် ပြုမှုနိုင်သော လူသားများမှာ ကိုကိုငွေတို့ကဲ့သို့သော ချစ်သူကြင်သူ ယောကျာင်္း များကသာ ပြုလုပ်နိုင်တယ်လို့လဲ ကိုကိုငွေ စေ့ငုရသော ရိုက်တာသတင်းတရပ်မှာလည်း ဖော်ပြ တာကို ဖတ်မှတ်လိုက်သေးပေတော့၊ အကြင် သတို့သားတို့က မိမိရဲ့ ချစ်သူကြင်သူကို အဘယ့် ကြောင့် နှလုံးကွဲအောင်ပြုချေဘိသနည်း။ အကြင်သတို့သမီးကလည်း မိမိကိုချစ်ခင်တဲ့ သတို့သားလောင်က နှလုံးကွဲလောက်အောင် ဘယ်လိုပြစ်မှု့တွေ ကျူးလွန်ဘိသတုန်း။

ချစ်သူစုံတွဲဆိုတာ စိတ်ညစ်စရာ စိတ်ဆိုးစရာ ရံဖန်ရံခါ ရှိပေလိမ့်မပေါ့ ၊ ငိုအောင်မလုပ်နဲ့လေ ငိုအောင် လုပ်ပြီးရင်လည်း ဟိုမောင်က ပြန်ချော့ချေပေါ့ ၊ ခုတော့ဟုတ်ပေါင်ဗျာတို့ရယ် သတို့သမီး လောင်း၊ သတို့သားလောင်းတို့ကလည်း အိုင်မြင်တိုင်း ခြေဆေး၊ ချုံကွယ်ကွယ်တိုင်း ရှုးရှုးပေါက် နေတော့ကား မကြာမခဏဆိုသလို အင်တာနက်ဆိုင်မှာ ငိုသံတွေ ရှိုက်သံတွေကြားရသပေါ့။ ငိုသံ ရှိုက်သံတွေက အရေးမကြီးဘူးဗျာတို့ ကိုယ့်လုံးလ ပယောဂကြောင့်မယ်မင်းကြီးမလေး များခင်မျာ နှလုံးကွဲသွားလျှင်ရင်ဖြင့် ပါဏာတိပါတာ ဖြစ်မယ်မဟုတ်ပါလား၊ ဘယ်နှာကြောင့်လဲကိုကိုငွေလို့ မေးခဲ့ရင် မိန်းကလေးတွေက ယောကျာင်္းလေးများထက် အသဲကွဲလွယ်ကူကြောင်းပါ သပ္ပုရိသနွယ် ၀င်သူတော်စင် အပေါင်းတို့ လေ။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ (ရှင်)……။