Friday, November 5, 2010

ဒို့အချိန်

It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်............။

ဘ၀တခုမှာ ပညာရှာချိန် ဥစ္စာရှာချိန် တရားရှာချိန်ဟူ၍ ရှိပါ၏ ၊ လူ့သက်တမ်းကို ၇၅နှစ် သက်တမ်းဟုဆိုလျှင် မွေးကင်းစအရွှယ်မှစတင်ပြီး ၂၅နှစ်ထိသော သက်တမ်းသည် ပညာရှာရန် အချိန်ဖြစ်ပါ၏ ၊ ၂၅မှ ၅၀ထိကာလကို ဥစ္စာရှာသင့်ပါ၏ ၊၅၀မှ ၇၅တိုင်အောင်သော အချိန်ကို တရားရှာသင့်သည်မဟုတ်ပါလော ၊ ကျွန်တော်ပညာသင်ချိန်ကိုသာ ပြောလိုပါသည် ယခုခေတ်မှာ ကျွန်တော်နဲ့ ရွယ်တူညီကိုယ်များဟာ မကြာမကြာ ပြဿနာတတ်နေပါသည် ပညာသင်မလား ?ဥစ္စာရှာမလား ? ကျွန်တော်ကတော့ ပညာသင်ဖို့ အခွင့်လမ်းလဲရှိမယ် ၊ မိမိကသင်လဲ သင်နိုင် မယ်ဆိုရင် ပညာကိုသာ ဆက်သင်ပါလို့ တိုက်တွန်းခဲ့ပါတယ် ၊ သူငယ်ချင်းတွေ ဆုံတိုင်း ဒီကိစ္စကို ကျွန်တော်ပြောပါတယ် ၊ နောင်တချိန်မှာ ပညာတတ်တွေသာ ဦးဆောင်မဲ့ ခေတ်အခါ ကိုရောက် လာလိမ့်မယ်လို့ ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ၊ ဥစ္စာစီးပွားရှိသူတွေ ရှေ့တန်း ရောက်တယ် ဆိုတာ ၊ တည်ငြိမ်မှုမရှိသေးလို့ပါ တည်ငြိမ်သော တိုင်းပြည်ကြီးများတွင် အရာရာကို  ပညာတတ် တွေသာ နိုင်ငံကိုဦးဆောင် နေပါ တယ် ဒါကြောင့် ကျွန်တော်တို့ ညီကိုယ်မောင်နှမ များဟာ ဥစ္စာစီး ပွားဘယ်လောက်ရှိရှိ ပညာတတ် ကိုကျော်လို့မရဘူး ဆိုတာရယ် ဒီအချိန်ဟာ ပညာသင်ရမဲ့ အချိန် လို့ယုံကြည်မှိပါတယ် ။

ပညာတတ်ချင်ရင် ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ လက်ရှိအ ခြေနေနဲ့ ကြည့်လို့မရနိုင်ပါ ၊ တိုးတတ် ဖွံ့ဖြိုး နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မှ သာ အဆင်ပြေပါလိမ့်မည် ၊ သူငယ်ချင်းတစ်ယောက် ကပြောပါတယ် ၊ “မင်းတို့ကငွေရှိတော့ အဆင်ပြေတယ်ကွ ၊ ငါကငွေမရှိဘူး ငါ့အဖေက ခိုးကူးခွေ ရောင်းတယ် ၊ ငါဘွဲ့ရလဲ ခိုးကူးခွေဘဲ ရောင်းရမှာဘဲတဲ့ ” ကျွန်တော်ပြန်ပြောလိုက်ပါတယ် မင်းပညာတတ်ချင်သည် ဖြစ်စေ မတတ်ချင် သည်ဖြစ်စေ မင်းတတ်အောင်သင်ထားရမယ် ၊ နောင်တချိန်မှာတော့ ပညာဟာတန်ဘိုးရှိလာမှာ မုချဘဲ မင်းပြောတဲ့ ငွေရှိတဲ့သူတွေဟာ တချိန်မှာ ပညာတတ်ရဲ့ အောက်ကိုရောက်မယ် ၊ သူတို့အိတ်ထဲ ကငွေတွေဟာ ပညာတတ်တွေရဲ့ အိတ်ထဲကို အလိုလို စီးဝင်သွားလိမ့်မယ် ၊ အခုတော့ ငါဒီလောက်ဘဲ ပြောနိုင်မယ် ၊ ဒို့မှာ ရွေးချယ်စရာမရှိဘူး လုပ်ချင်သည်ဖြစ်စေ ၊ မလုပ်ချင်သည်ဖြစ်စေ မင်းလုပ်ကိုလုပ်ထားရလိမ့်မယ် ၊ ဟုတ်ကဲ့ ကျွန်တော့်ညီအကိုများကို ပြောလိုပါတယ် ၊ အခုအချိန်ုဟာ ပညာသင်ရမဲ့အချိန်ပါခင်မျာ….။အဲဒီ ခံစားချက်လေးကြောင့် ကျွန်တော်ဒီစာလေးကို ဘာသာပြန် ပါတယ်ခင်မျာ….။


ကျွန်တော်ငယ်ငယ်တုန်းက စီမံခန့်ခွဲမှု အကြံပေးရာထူးနေရာမျိုး အလုပ်ရှာတုန်းကပေါ့ဗျာ ။ တစ်စုံ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ နာမည်ကြီး ကြော်ငြာ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဖို့ ကြုံလာပါတယ် ၊ ဥက္ကဋ္ဌကြီးက ကျွန်တော့လုပ်ရည်ကိုင်ရည်ကို တစ်စွန်းတစ်စ သိထားပုံရတယ်လို့ လည်း ပြောတယ်။ ဘာဘဲပြောပြော ကျွန်တော်ကြောက်ဒူးတုန်မှိတယ် ၊ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ရင်မဆိုင်ဖူးဘူး။ မနက်ဖြန်၁၀နာရီမှာ ချိန်းထားတယ်၊ တစ်နာရီလောက် အတွေ့ခံမယ်တဲ့ ။

ကျွန်တော်အစောကြီး ကြိုရောက်ပါတယ် ၊ ၁၀နာရီအတိမှာဘဲ အင်မတန် ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ ၊ အခန်းကြီးကို ကျွန်တော့်ကိုပို့လိုက်ပါတယ် ၊ အဖိုးကြီးဟာ အကျီင်္လက်ပင့်တင် ထားပြီး ရှူးသိုးသိုးနဲ့ ကြည့်နေပါတယ် ၊ “မင်းအချိန် မိနစ်၂၀ပဲရမယ်”လို့ လှမ်းပြောလိုက်တယ် ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေမှိတယ် ၊ “ငါပြောနေတယ်လေ မင်းအချိန် မိနစ်၂၀ပဲရ မယ်လို့” ကျွန်တော် စကားတစ်ခွန်းမှ မထွက်မှိဘူး ၊ “မင်းအချိန်တွေကုန်နေပြီ ဘာကြောင့်ပါးစပ် မဟရတာတုန်း ”  “မိနစ်၂၀ ကျွန်တော်ရတာဆိုရင် ကျွန်တော့်ဟာ ကျွန်တော်လုပ်ချင်တာ လုပ်နိုင် တာပေါ့ ” ဒီတော့ အဖိုးကြီးဟာ အားရပါးရ ရီပါလေရော ၊ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်နာရီခွဲလောက် စကားပြောဖြစ်ကြတယ် ၊ ကျွန်တော် အလုပ်ရခဲ့တယ် ။

ဒီစာဖတ်ပြီးသွားတဲ့ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ရတဲ့အချိန်၂၅နှစ်အတွင်းမှာ ဘာလုပ် သင့် ပါသလဲ တွေးပေးကြပါအုံးခင်မျာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ ဟု ငွေလမင်းတို့က ဆုတောင်းပါတယ် ၊ အားလုံး မင်္ဂလာပါခင်မျာ………။
 Martin Rytte ရဲ့ Time Out ကိုဆီလျှော်သလို ပြန်ဆိုပါသည် ။

Wednesday, November 3, 2010

မဒမ်ငွေ ၂၇


မင်္ဂလာပါ မဒမ်ငွေ အသက်၂၆ နှစ်ပြည့်တဲ့ ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် မိမိအကျိုး သူတပါးအကျိုး လောကကောင်းကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ် ။

လူတစ်ယောက်ရဲ့ ၂၆နှစ်တာ အတွင်းမှာ ဖြတ်သန်းလာတဲ့ ၊ ဘ၀အတွေ့အကြုံ ၊ ကြုံတွေ့ဖူးခဲ့တဲ့ ခါးသီးမှုတွေ ၊ အောင်မြင်မှုတွေ ၊ ပျော်ရွှင်မှုတွေ ၊ မျက်ရည်တွေ သွေးတွေ ချွေးတွေနဲ့ ပုံစံတူ အခက်အခဲနဲ့ အောင်မြင်မှု့တွေကို ၂၇ရောက်တဲ့ မနက်ဖြန်မှာလဲ တွေ့ကြုံကောင်း ကြုံရအုံးမယ် ဆိုတာ မမေ့နဲ့နော် ။

လူတိုင်းတစ်ခုခုကို ရရင်ပျော်တတ်တယ် ၊ တခုခုကိုစွန့်လွတ်ရရင် ၀မ်းနည်းတတ်တယ် ၊ သမြော တတ်တယ် ၊ တွန့်တိုတတ်တယ် လူသားပီသတဲ့လူတွေဟာ ရယူခြင်း ရသထက် စွန့်လွတ်ခြင်း ရသကို ပိုမိုနှစ်သက်ကြတယ် ၊ ရယူမှုအပေါ်မှာ အရသာခံတတ်ပေမဲ့ စွန့်လွတ်ခြင်းရဲ့အပေါ်မှာ အရသာ မခံတတ်ဘူး ၊ မဒမ်ဟာ ၂၆နှစ်မှာတုန်းက ရယူခြင်းရသကို ခံစားတတ်ရင် ၊ အခုချိန်က စပြီး စွန့်လွှတ်ခြင်းရသကို ပြောင်းလဲခံစားတတ်ဖို့ အသင့်ပြင်ထားတော့ ။ မင်းအသက် ၂၇ မင်း လူ ကြီးဖြစ်ပြီ ။

မဒမ်ရေ  ရန်ကုန်ကနေ မီးရထားစီးလာရင် ၊ ပဲခူးကိုရောက်ရင် ရန်ကုန်နဲ့ နဲနဲဝေးလာတယ် ၊ မန္တလေးနဲ့ နဲနဲနီးလာပြီ ၊ သာစည်လောက်ရောက်ရင် ရန်ကုန်နဲ့ တော်တော်ဝေးပြီး မန္တလေးနဲ့ တော်တော်လေးနီးလာပြီ ၊ ဆိုလိုတာက လူ့ဘ၀ဆိုတာ ရန်ကုန် မန္တလေး အမြန်ရထားတစ်စီးကို လက်မှတ်ဖြတ်ထားသလိုပါဘဲ ၊ မွေးနေ့ဆိုတာ ရန်ကုန်နဲ့ မန္တလေးအကြားက ဘူတာငယ်လေး တွေလိုပါဘဲ ၊ အသက်တစ်နှစ်ကြီးတိုင်း  ဘူတာလေးတစ်ခုက ဆိုက်သွားတာဘဲမဟုတ်လား ၊ ဘယ်လိုဘဲဖြစ်ဖြစ် တချိန်မှာတော့ မန္တလေးဘူတာကြီးရောက်ရင် ကိုယ်ထိုင်ခဲ့တဲ့ ထိုင်ခုံကိုဖြုတ် ယူသွားလို့မရဘူးလေ ထားခဲ့ရမှာဘဲ၊ မွေးနေ့ဆိုတာ မန္တလေးဘူတာကြီးကို ရောက်တော့ပေမယ် ခုံတွေဖြုတ်ယူသွားလို့မရဘူးလို့ သတိပေးနေသလိုလေးပါဘဲ ။

မွေးနေ့ဆိုတာ တစ်ဖက်ကကြည့်ရင် ပျော်ရွှင်စရာနေ့ရက် လေးတွေဆိုပေမဲ့ တစ်ဖက်ကကြည့် တော့လဲ လူ့ပြည်မှာနေဖို့ တစ်နှစ်နဲသွားပြီဆိုတဲ့ ဘ၀တစ်ခုကုန်ဆုံးဖို့ အစနိဒါန်းဖြစ်သလို  လွန်ခဲ့တဲ့ ၂၆နှစ်ရဲ့ ကုန်ဆုံးခြင်း နိဂုံးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ၊ မဒမ်ရေ မနက်ဖြန်ကစပြီး အသက်တစ် နှစ်ကြီးသွားပြီနော် ၊ ဘ၀အတွက် အနာဂတ်တို့ မျိုးဆက်လေးတွေအတွက် တစ်ခုခုထားခဲ့ကြ ရအောင်ပါ ၊ မဒမ်ရဲ့ ၂၆နှစ်မြောက် မွေးနေ့မှသည် ၊ နောင်နှစ်ပေါင်းများစွာတိုင် လူ့ဘောင် လူ့လောကအတွက် တစ်ခုခု ကျန်ရစ်အောင် ထားခဲ့နိုင်ပါစေကြောင်း  ဆုမွန်တောင်းပြီး နိဂုံးချုပ် ပါတယ် မဒမ်………………..။

မင်းအတွက် နွေးထွေးသော အပြုံးတစ်ချက်ကို ဒီစာနဲ့အတူထည့်ပေးလိုက်တယ်နော်……..
မင်းကိုအရမ်းချစ်တဲ့ မင်းရဲ့ မောင်.....မစ္စတာငွေလမင်း…..။

Monday, November 1, 2010

ကိုယ်ပိုင်ပစ္စည်း အစစ်လား

                                                   မူရင်းစာအုပ်

                                                   ရေးသားတဲ့ နှစ်
                                                 မောင်ဆုရှင် ဘာသာပြန်သည်

စာအုပ်လေး တစ်အုပ်ဖတ်ဖူးတယ် ဆရာကြီး ဦးဉာဏ်ဝန် ရေးခဲ့တာ စာအုပ်နာမည်က “ပင်လယ်ပြာနဲ့ တံငါအို ” ၊ စာအုပ်လေးကို ၁၉၅၄ခုနှစ်မှာ ရေးခဲ့တာ ၊ ထုတ်တဲ့တိုက်က ဗန်းမော် စာအုပ်တိုက် ၊ ဘာသာပြန်မှန်း မသိခဲ့ဘူး ၊ ဘိုလိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ဒီစာအုပ်ရဲ့မူရင်းကို ရှာလို့ရလာတယ် The old man and the sea. တဲ့ ၊ ကမ္ဘာကျော် စာရေးဆရာကြီး ကဲနတ်ဟဲမင်းဝေး Ernest henim Gway ရဲ့စာအုပ်လေးပါ ၊ ဒီစာရေး ဆရာက တံငါလုပ်တာတို့ သတ်တာတို့ ဖြတ်တာတို့ ၊ မျှားတာတို့ တောလိုက်တာတို့ သူရေးခဲ့တဲ့ စာအုပ်တိုင်းမှာပါတယ် ၊ ဘယ်စာအုပ်ဖတ်ဖတ် တစ်နည်းမဟုတ် တစ်နည်းနည်းတော့ အဲလိုဟာတွေ နဲ့ပတ်သက်နေတယ် Indian Camp တို့ The sun also rises တို့ A farewell to Arms တို့ The short happy life of fancis macomber တို့ ဆိုတာတွေက သူ့စာအုပ်တွေဘဲ ဟဲမင်းဝေးရေးသမျှ ကမ္ဘာမကျော်တဲ့ စာအုပ်လို့ သိပ်မရှိပါဘူး ၊ သူ့ကို စာရေးဆရာကြီးတွေက “လူ့ပြည်က သတ်ဖြတ်ခြင်းရဲ့ ငရဲကို သိစေဖို့ ဘုရားသခင်က လူ့ပြည်ကို လွှတ်လိုက်တဲ့ စာရေးဆရာ လို့တောင် ပြောဆိုဂုဏ်ပြုကြတယ် ။

သူ့စာအုပ်ကို ဖတ်လိုက်တာနဲ့ ဘယ်လူမျိုးမဆို ဘယ်ဘာသာရေးကို ကိုးကွယ်တဲ့ လူမဆို ဘယ်ရှုထောင့်က မဆိုမှားတယ်လို့ ထောက်ပြဝေဖန်လို့ကို မရလောက်အောင် ရေးတတ်တယ် ၊ နိုင်ငံတိုင်းမှာ သူ့စာအုပ်ကို ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ပြန်လည်ရေးသားကြတယ် ၊  နိုင်ငံတိုင်း လူမျိုးတိုင်းလက်ခံတယ် ၊ သူရေးခဲ့တဲ့ စာအုပ်တွေထဲမှာ အခုပြောမဲ့ The old man and the sea ဟာနာမည်အကြီးဆုံးပါဘဲ ၊ ဒီစာအုပ် ကြောင့် ကမ္ဘာကျော်လာတယ်လို့လဲ ပြောလို့ရတယ် ၊ ပင်လယ်ကို ငါးထွက်ဖမ်းတဲ့ ဆန်တီယာဂိုဆို တဲ့ အဘိုးအိုတစ်ယောက် ငါးထွက်ဖမ်းတာကို ရေးထားတာပါ ၊ လူတိုင်းက စာအုပ်တစ်အုပ်ဖတ်ရင် ဖတ်တဲ့စာအုပ်က တစ်ခုခုပြောသွားတယ်တဲ့ ဒီစာအုပ်ကတော့ ၅ခုလောက်ကို ပြောသွားတယ်ထင်တာဘဲ ၊ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ် ၊ ပင်လယ်ပြင်မှာ ငါးထွက်ရှာတဲ့ အဘိုးအို ငါးကြီး အကြီးတော့ မှိခဲ့ပါရဲ့ ၊ ဒါပေမဲ့ သူ့ရွာကိုပြန်ရောက်တော့ ငါးကအရိုးဘဲ ကျန်တော့တယ် ၊ ဘ၀မှာ ရှာဖွေလာသမျှ ၊ သေဆုံးသွားတဲ့ တနေ့ ဘာမှမပါ လက်ဗလာကြီးနဲ့ ပြန်လာရတယ်လို့များ ပြောချင်လေသလား ၊ ဘာလားညာလားပေါ့ ၊

ဒါမှမဟုတ် အသက်ရွယ်ကြီးရင့်နေတဲ့ ငါလိုအဘိုးအိုတောင် ဒီလိုငါးကြီး ဖမ်းနိုင်ခဲ့သေးရင် မင်းတို့လို ငယ်ရွှယ်တဲ့လူတွေက ဘာလို့ငါ့မိလာတဲ့ ငါးလောက်မကကြီးတဲ့  ငါးကိုမင်းတို့တွေ  မဖမ်းနိုင်ရမလဲဆိုတဲ့ အတွေးမျိုးကိုပေးတဲ့ တတ်ကျမ်းလား ၊ ဒါမှမဟုတ် ငါးကဖမ်းတုန်းကတော့ အသားတွေ အရမ်းများတဲ့ ငါးကြီးပါကွယ် ၊ ဒါပေမဲ့ ပင်လယ်ထဲမှာ ငါးလေးတွေက တွက်လို့ အရိုးဘဲ ကျန်တော့တာ ၊ ငါအကောင်းဆုံး လုပ်ခဲ့တယ် အကောင်းဆုံး မဖြစ်ခဲ့ဘူး ဒီငါးရိုးကြီးဟာ ငါအကောင်းဆုံး လုပ်ခဲ့တယ်ဆိုတဲ့ သက်သေပါဘဲလို့ စိတ်ပြေစေတဲ့ အတွေးမျိုးပေးတဲ့ စာအုပ်လား ဘာလား ညာလား စသဖြင့် တွေးစရာတွေကတော့ အရမ်းများတဲ့စာအုပ်ရယ်ပါ ။

The old man and the sea ကို မြန်မာနိုင်ငံမှာ စာရေးဆရာ သုံးယောက် ဘာသာပြန်ပါတယ် ၊စာအုပ်တိုက်မျိုးစုံက ၅ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ် ၊ အစောဆုံး ကာလကတော့ ၁၉၅၄ ခုနှစ်မှာ ဗန်းမော်စာအုပ်တိုက်က ဆရာဦးဉာဏ်ဝန် ရေးခဲ့တာပါ ၊ ၁၉၆၄ခုနှစ်မှာ ဆရာတင့်တယ်က ဗမာ့ရှေ့ ဆောင် ပုံနှိပ်တိုက်က ထုတ်ဝေပါတယ် ၊ ၁၉၇၄ခုနှစ်မှာ ဆရာမောင်ဆုရှင်က စာပေဗိမ္မာန်က နေ ထုတ်ဝေပါတယ် ၊ ဆရာကဘဲဆက်လက်ပြီး ၁၉၉၅ခုနှစ်မှာ ယောမင်းကြီး စာအုပ်တိုက် ကထုတ်ဝေပြီး ၁၉၉၉ခုနှစ်မှာ ရာပြည့်ကနေထုတ်ဝေပါတယ် ၊ မြန်မာနိုင်ငံမှာ စာအုပ် တစ်အုပ်ကို စာရေးဆရာ နှစ်ဦးဘာသာပြန်တဲ့ စာအုပ်ကိုသာ တွေ့ဖူးပါသေးတယ် ၊ သုံးယောက် ဘာသာပြန်တဲ့ စာအုပ်ဆိုလို့ သိပ်ရှားပါတယ် ၊ မြန်မာနိုင်ငံရဲ့ ပဌမဆုံး ၀တ္ထုကို ဆရာကြီး ဂျိမ်းလှကျော်က ကိုရင်မောင် မမယ်မ နာမည်နဲ့ ရေးပါတယ် မူရင်းစာအုပ်က မွန်ဆိုခရစ္စတီး ရတနာသိုက်ပါ ဘာသာပြန်မှီးငြမ်း ထားတာပါ  ၊ ဆရာကြီးရွှေဥဒေါင်း ကတော့ စောလမုန်ရတနာသိုက် ဆိုပြီး မွန်ဆိုခရစ္စတီး ရတနာသိုက်ကို ထပ်ပြီးဘာသာပြန်ပါတယ် ။

The old min and the sea ကို ဟဲမင်းဝေးက ၁၉၅၂ခုနှစ်မှာ ရေးသားခဲ့တာပါ ၁၉၅၄ခုနှစ်မှာ စာပေကလောင်ဆုလို့ခေါ်တဲ့ ပူလစ်ဆာဆုကိုရရှိပါတယ် ၊ အဲဒီနှစ်မှာဘဲ နိုဗယ်ဆုရရှိပါတယ် ၊ ၁၉၅၈ခုနှစ်မှာ ၊ ဟောလီးဝုဒ်မှာ ရုပ်ရှင်ရိုက်ပါတယ် ၊ အဲဒီခေတ်တုန်းက ဒေါ်လာ ၆၅၀၀၀ပေးခဲ့ရ တဲ့  ကြေးအမြင့်ဆုံး သော ဇာတ်ညွန်းအဖြစ် မှတ်တမ်းဝင်ပါတယ် ၊ ဒီစာအုပ်ကို လုံးခြင်းထုတ်ဖို့ ဒေါ်လာ ၁၀၀၀၀ ပေးခဲ့ရလို့  ကြေးအကြီးဆုံး လုံးခြင်းဝတ္ထုလဲဖြစ်ခဲ့ပါတယ် ၊ ဒီလိုစာပေ တွေရေးသားပြီး ငါးမျှား ၊ တောလိုက် ၊ အပျော်တမ်းစစ်သား ဘ၀စတဲ့ လုပ်ငန်းတွေနဲ့ဘဲ သူဟာ မွေ့လျှော်သူပါ ၊ ပစ္စည်းမဲ့ လူတန်းစား စနစ်ကိုအရမ်းအားကျတဲ့ စာရေးဆရာကြီးလဲ ဖြစ်ပါတယ် ၊ သေရင် ငါ့နောက်မပါဘူးဆိုတဲ့ အတွေးမျိုးကို ဘာသာမဲ့ တစ်ယောက်ပေမဲ့ စာပေအသိဉာဏ် ၊ ဘ၀ အတွေ့အကြုံ တွေကနေ နားလည်သဘောပေါက်ပြီး လက်ခံကျင့်သုံးနေသူ ဖြစ်ပါတယ်၊ နိုဗယ် စာပေဆု ရခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့စာပေပညာရှင်သုံးယောက်ကိုသာ နိုဗယ်ဆု ချီးမြင့်ရပါသေးတယ် ၊ စာပေဆိုင်ရာ နိုဗယ်ဆုဟာ စာရေးဆရာတိုင်း မက်မောတဲ့ဆုပါ၊ လူတိုင်း တန်ဘိုးထား မြတ်နိုးကြပါတယ်၊ တချို့စာရေးဆရာကြီးများဟာ နိုဗယ်ဆုကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းထားခဲ့ကြပါတယ် ၊ ဟဲမင်းဝေးကတော့ နိုဗယ်ဆုရပြီး တစ်လလောက် မှာ သူရထားတဲ့ စာပေဆိုင်ရာ နိုဗလ်ဆုတံဆိပ်ကို ဘုရားရှိခိုး ကျောင်းတစ်ခုကို လှူပြစ် လိုက်ပါတယ် ၊ တစ်ကမ္ဘာလုံး သူ့ရဲ့အလှူကို အာရုံစူးစိုက်ခြင်း ခံခဲ့ရပါတယ်။

သတင်းထောက်တစ်ယောက်က နိုဗယ်ဆုကြီးကို ဘာလို့လှူလိုက်ပါသလဲလို့ မေးလိုက်တဲ့အခါ “ကျွန်တော်က ကျွန်တော်ပိုင်တဲ့ အရာဝတ္ထုတခုကို သူများကို မပေးရသေးရင် ကျွန်တော်ပိုင်တဲ့ ပစ္စည်းလို့ မယူဆဘူး ဗျတဲ့ ” ကျွန်တော် ဟဲမင်းဝေးရဲ့ စကားကို ကျွန်တော်သိလိုက်တဲ့ အချိန်မှာ ငါတို့လက်ထဲက ပစ္စည်းတွေဟာ ငါတို့မပိုင်ဘူး ၊ ပိုင်တဲ့ ပစ္စည်းဆိုရင် ပေးလို့ရရမယ် ၊ သူများကို ပေးလို့မရဘူးဆိုရင် ငါရဲ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ အတွေးတွေ ပေါက်မှိပါတယ် အတွေးပေါက်ခဲ့ဖူးပါသော်လည်း တကယ်ပေးကမ်းစွန့်ကြဲ ရတော့မဲ့အခြေ နဲ့ကြုံပြီဆိုရင် လက်တွန့်ခဲ့ဖူးပါတယ် ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်မေမေက ကျွန်တော့်ကို အ၀တ်အစား သေးသေးလေး တစ်စုံ ထုတ်ပြပါတယ် ၊ မေမေဒါလေးက ဘယ်သူ့အတွက်လဲဆိုတော့ “မင်းသုံးနှစ်သားက ၀တ်ခဲ့တဲ့ ၀တ်စုံလေးတဲ့” အို ဘာလို့သိမ်းထားတာလဲ ပေးပြစ်လိုက်ပါလား မရှိတဲ့လူတွေကိုလို့ ပြောတော့  အို ဘာလို့ ပေးရမှာလဲတဲ့ ၊ ကျွန်တော် ၂၀၀၄ခုနှစ်က ကိုးရီးယားကို အလည်အပတ် အကိုတွေနဲ့ သွားဖူးပါတယ်၊ ဆိုးလ်မြို့တော်ရဲ့ လမ်းစုံတွေ လမ်းထိပ်တွေမှာ အ၀တ်အစားတင် သံစဉ်သေးသေးလေးတွေ တွေ့ပါတယ်၊ တချို့တွေက အိမ်မှာမ၀တ်တော့တဲ့  အ၀တ်အစားတွေကို အမှိုက်ပုံးထဲ မထည့်ဘဲနဲ့ လျှော်ဖွတ် မီးပူတိုက်ပြီး မရှိ ဆင်းရဲသားတွေ ယူဖို့ပြစ်ထားတာလို့ ပြောပါတယ် ၊ ကျွန်တော်က အကြီးကောင်ကို လက်တို့ပြီး ဒို့တွေရဲ့ အ၀တ်ဟောင်းတွေကိုလဲ ဒီလိုပေးကြည့်ရင် မကောင်းဘူးလားလို့ တိုင်ပင်ကြည့်တော့ ဘာလို့ဖိ့တုန်းဟ အမှတ်တရထားသင့်တယ်လို့ ပြန်ပြောပါတယ် ၊ ကျွန်တော်တို့ လူသားတွေဟာ အသစ်မြင်တိုင်း လိုချင်သလို ၊ အဟောင်းကိုလဲ မစွန့်လွတ် ချင်ကြပါ ၊ ဟဲမင်းဝေး ပြောသလို ကိုယ်ပိုင်ပစ္စည်းဟုတ်တယ် မဟုတ်ဘူး ဆိုတာဟာ သူတပါးကိုပေးကြည့်ရင် သိတယ်လို့ ဆိုတော့ ၊ ကျွန်တော်တို့တွေဟာ ကိုယ်မပိုင်တဲ့ ပစ္စည်းတွေနဲ့များ ကြီးပြင်းလာခဲ့ကြတာလား ၊ ဘယ်လောက်ထိ ဒီပစ္စည်းတွေနဲ့ နေအုံးမလဲလို့ တွေး ကြည့်နေမှိပါတော့တယ် …။

ငါးရာ့ငါးဆယ် အသီတိနိပါတ်တော် မြန်မာပြန်ထဲက မဉ္စက ဇာတ်တော်ဆိုတာလေး ဖတ်ဖူးပါတယ် ၊ မဉ္စက= ဆိုတာ ငါ့ဥစ္စာတဲ့ (ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန် ) နှံပြည်စုတ် ငှက်ကလေးဟာ မဉ္စက မဉ္စကနဲ့  ညောင်သီးအမှည့်တွေ ပြည့်နေအောင်သီးတဲ့ ညောင်ပင်ပေါ်မှာ တက်အော်နေပါတယ် ၊ တကယ်တမ်း သူစားနိုင်တာက ညောင်သီးလေး တစ်လုံးရယ်ပါ ၊ အဲဒီချိန်မှာ ဗျိုင်းလို အကောင်ကြီး ငှက်မျိုးတစ်အုပ် ရောက်လာပြီး ညောင်ပင်က အသီးတွေကို အကုန်စားပြစ်လိုက်ပါတယ် ၊ ငှက်ကြီးတွေက ၊ ညောင်သီးတွေကို ကုန်အောင်စားသွားပြီး အီးအီးတွေညောင်ပင်ပေါ် ပါချထားခဲ့ပါတယ် ၊ ငှက်ကလေး မောင်မဉ္စက ကတော့ ငှက်အကြီးတွေ စွန့်ခဲ့တဲ့ မစင်တွေနဲ့ ညောင်ပင်ပေါ်မှာ ငါ့ဥစ္စာ ငါ့ဥစ္စာနဲ့ အော်ဟစ်ကျန်ရစ်နေခဲ့ပါတော့တယ် ၊ တကယ်တော့ ကျွန်တော်တို့တွေဟာ မောင်မဉ္စက တွေများလား ခင်မျာ ။

ယခုအခါ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးညီကိုယ်မောင်နှမများ ၊ ဂီရိလေမုန်တိုင်းကြောင့် ဒုက္ခရောက် နေကြပါတယ် ၊ ကျွန်တော်တို့ရဲ့ မပိုင်ဆိုင်သေးတဲ့ ပစ္စည်းတချို့ကို ကိုယ်ပိုင်ဖြစ်အောင် ဘယ်လိုလုပ်ကြရင် ကောင်းလေမလဲလို့ ကျွန်တော်တို့ ဇနီးမောင်နှံတွေးနေကြပါတယ် ၊ ကျွန်တော်တို့ ဇနီးမောင်နှံကတော့ u$ ၅၀၀ လှူလိုက်ပါပြီ၊ အားလုံးကိုယ်ပိုင်ပစ္စည်း လုပ်နိုင်ကြလိမ့်မယ်လို့ ငွေလမင်းတို့က မျှော်လင့်ပါတယ်ခင်မျာ ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ….။




                    

Saturday, October 30, 2010

အခွင့်အရေး

ကျွန်တော် စာစရေးတော့ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ရေးမယ်လို့ စဉ်းစားခဲ့တာပါ တ ကယ်ရေးဖြစ်တော့ ၊ ဖတ်ထားတာတွေရော မှတ်ထားတာတွေရော ၊ ကြားဖူးခဲ့တာတွေ အတွေ့အ ကြုံတွေရော ရေးဖြစ်လာပါတယ် ၊ တခါတရံမှာ ဘာသာပြန်လေးတွေ ရေးချင်လာပါတယ် ၊ ဘာ သာပြန်လေးတွေ တော်တော်များများကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ chicken soup for the soul at work (101 stories of courage companion & creativity in the work place) တွေထဲက အလွန်ရိုးရှင်းတဲ့ စာတိုပေစလေးတွေပါ ၊ ဒီစာအုပ်ကို ကမ္ဘာကျော် chicken soup for the soul series မှ ၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုအတွက် သီးခြားထုတ်ဝေထားတာ ဖြစ်ပါတယ် ။

ဒီအထဲမှာ ပါဝင်တဲ့  ၀တ္ထုလိုလို ပုံပြင်လိုလို စာတိုပေစလေးတွေဟာ လူကြီးတွေအတွက် အရေပြား ပေါ် အယားပြေ လေးတွေဖြစ်နိုင်လောက်ပေမဲ့ ကျွန်တော်နဲ့ ရွယ်တူလူငယ်များအတွက်တော့ တစုံ တစ်ခုကို ညွန်ပြပေးနေတယ်လို့ ကျွန်တော်ကယုံကြည်တာ ကြောင့်ရယ် ၊ နောက်တစ်ခုက ကျွန်တော် သိတဲ့ စကားပုံလေးတစ်ခုထဲက It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်လို့ မှတ်သားထားဖူးပါတယ် ၊ ဘာသာပြန်တင်မဲ့ နေ့မှာ ဒီစာသားလေးကို သွယ်တန်းပြီး ပိုစ့််တင်ပါ့မယ် ၊

အခွင့်အရေး

တခါတုန်းက မြို့လေးတစ်မြို့က လမ်းဆုံတစ်နေရာမှာ လူငယ်လေး တစ်ဦးဟာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတာပေါ့ ။ ရိုးသားဖြောင့်မတ်တယ် ၊ ကြိုးစားတယ် ၊ ဖော်ရွေတယ် ဒါကြောင့် လူချစ်လူခင်များတယ် ၊ လူတွေဟာ သူ့ဆိုင်မှာ ဈေးဝယ်တယ် ၊ သူများတွေကိုပါ ၀ယ်သူတွေက တိုက်တွန်းပေးတယ် ၊ ဒီတော့ စီးပွားရေးလုပ်ငန်း စည်ပင်လာတယ် ၊ ဆိုင်သေးသေးလေးကနေ ဆိုင်ကြီးဖြစ်လာတယ် ၊ တစ်ဆိုင်ကနေ နှစ်ဆိုင် သုံးဆိုင်  တစ်နိုင်ငံလုံး တနံတလျား ဆိုင်ခွဲတွေ အများကြီး ဖြစ်လာတာပေါ့ ၊ တနေ့တော့ သူဟာ ဆေးရုံမှာ ဘုန်းဘုန်းလဲပါလေရော ၊ ဆရာဝန် တွေက ဒီတောင်ကို မကျော်နိုင်တော့ မှန်းသိနေကြပြီ ၊ ပုဂ္ဂိုလ်ကြီးဟာ သားသုံးယောက်ကို ဆေးရုံကို ခေါ်လိုက်ပြီး ၊ အရည်အချင်းစစ် ပွဲတစ်ခုပြုလုပ်တယ် ။

“မင်းတို့သုံးယောက်ထဲက တစ်ယောက်ဟာ အဖေနှစ်ပေါင်းများစွာ အချိန်ယူ ထူထောင်လာခဲ့တဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ် ၊ ဒီရာထူး အခုဘယ်သူနဲ့ ထိုက်တန်လဲ ဆိုတာ ငါအခု ဆုံးဖြတ်မယ် ရော့ ဒီမှာ တစ်ဒေါ်လာတန် တစ်ရွက်စီယူသွားကြ ၊ ၀ယ်ချင်တာဝယ်ခဲ့ ၊ ညနေ ဆေးရုံကို ပြန်လာခဲ့ကြ ၊ ၀ယ်လာတဲ့ ပစ္စည်းနဲ့ ဒီအခန်းထောင့်စေ့ ပြည့်အောင်ဖြည့် နိုင်ရမယ် ”

သားသုံးယောက်ဟာ အောင်မြင်နေတဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌဖြစ်ရမယ် ဆိုတော့ ၀မ်းသာ ပီတိဖြစ်ကြတာပေါ့ ၊ မြို့တွင်းဝင်ပြီး တစ်ဒေါ်လာဘိုး အပြိုင်အဆိုင် ဈေးဝယ်ထွက် ၊ ညနေကြ တော့ အဖေဖြစ်သူကမေးတယ် “သားကြီး မင်းတစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ” “အဖေ ကျွန်တော် သူငယ်ချင်းရဲ့ ယာတောကိုသွားပါတယ် ၊ တစ်ဒေါ်လာပေးပြီး ဟောဒီ ကောက်ရိုးနှစ် ထုံးဝယ်လာပါတယ် ” ကောက်ရိုးတွေကို အခန်းထဲဖြန့်ခင်းပြီး လိုက်တယ် ။ အခန်းထဲမှာ ကောက် ရိုးတွေ ကြဲပြန့်သွားပေမဲ့ ၊ ထောင့်စေ့အောင် မပြည့်နိုင်ဘူး ဖြစ်နေတယ် ။

ဒါနဲ့အဖိုးကြီးက “သားလတ် မင်းကော တစ်ဒေါ်လာနဲ့ ဘာတွေဝယ်လာ ခဲ့သလ”ဲ “ကျွန်တော် ကုန်ပဒေသာ တိုက်ကြီးတစ်ခုကို တက်ပြီး ဟောဒီ ကြက်မွှေးနဲ့ လုပ်တဲ့ ခေါင်းအုံးနှစ်လုံး ၀ယ်လာပါတယ် ” ကြတ်မွှေးခေါင်းအုံးကို ဖောက်ပြီး အခန်းထဲကိုဖြန့်ကြဲလိုက်ပေမဲ့ အခန်းက ထောင့်မစေ့ပြန်ပါဘူး ၊

“ကဲသားငယ် မင်းရော တစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ”  “အဖေ သားကတော့  အဖေအရင် တုန်းက ဖွင့်ခဲ့တဲ့ ဆိုင်မျိုးကို တွေ့အောင်ရှုာခဲ့ပါတယ် ။ ဆိုင်ရှင်ကို တစ်ဒေါ်လာပေးပြီး အကြွေ အရင်ဖြတ်လိုက်ပါတယ် ၊ ဆင့်ငါးဆယ်နဲ့ ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုကို အရင်ဆုံးလုပ် လိုက်ပါတယ် ၊ နောက် ဆင့်နှစ်ဆယ်ကို ကုသိုလ်ဖြစ် လူမှု့ရေးအဖွဲ့စည်းတစ်ခုကို လှူဒါန်းလိုက်  ပါတယ် ၊ နောက်ဆင့်နှစ်ဆယ်ကို ဘုရားရှိခိုးကျောင်းကို လှူလိုက်ပါတယ် ၊ ကျန်တဲ့ ဆယ်ဆင့် နဲ့ ဒီပစ္စည်းနှစ်ခု ၀ယ်လာပါတယ် ”

သားငယ်ဟာ သူ့အိတ်ထဲက မီးခြစ်ဗူးနဲ့ ဖယောင်းတိုင်လေးကိုထုတ်လိုက်ပါတယ် ၊ မီးခြစ်ပြီး ဖရောင်းတိုင်လေးကို မီးညှိလိုက်ခါ ၊ လျှပ်စစ်မီးကို ပိတ်လိုက်တယ် ၊ ဖယောင်းတိုင် မီးအလင်းရောင်ဟာ တစ်ခန်းလုံးကို ထောင့်စေ့ ပြည့်လျှံအောင်ထိ ထွန်းလင်းသွားပါတယ် ၊ အဘိုးကြီးဟာ အရမ်းဝမ်းသာပြီး “ဒါမှ ငါ့သားကွ မင်းသာဥက္ကဋ္ဌ ဖြစ်ထိုက်တယ် ၊ လူ့ဘ၀ အတွက် အရေးကြီးဆုံး သင်ခန်းစာကို မင်းသဘောပေါက်တယ် ၊ ဉာဏ်အလင်းရောင်ကို မင်းဘယ်လို ထွန်းညှိရမယ်ဆိုတာ မင်းသဘောပေါက်တယ် ၊ လူ့ဘ၀မှာ ဒါအရေးကြီးတယ်ကွ။

Nido Qubein ရဲ့ Let your light shine ကိုပြန်ဆိုပါသည် ။

ကျွန်တော်တို့တတွေဟာ တချိန်မဟုတ် တချိန်ချိန်မှာ ဒေါ်လာတစ်ရွက်ပေးပြီး လူစွမ်းလူစ ပြရမဲ့ အခွင့်အခါမျိုး ကြုံကြရပါလိမ့်မယ် ၊ အဲဒီအခါမှာ သားငယ်လေးလို လူစွမ်းလူစ ပြနိုင်လျှင်ဖြင့်……။
  

 အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …..။

Thursday, October 28, 2010

ဒိန်ချဉ်


ဒီတလော မဟာဂီတသီချင်း အကြောင်းရေးဖို့ ၊ ထံတျာတေရှင်သီချင်းကို အင်တာနက်မှာ ရှာရင်း နဲ့ ၊ ဒိန်ချဉ်လုပ်နည်းလာတွေ့ပါတယ် ၊ လုပ်ပုံလုပ်နည်းတွေက အစုံပါဘဲ ၊ မြန်မာ ကိုးရီး ယား ၊ အင်္ဂလန် ၊ ဂျပန် နိုင်ငံအလိုက် လုပ်ပုံလုပ်နည်း တော်တော်လေးစုံပါတယ် ၊ ယူကျု့မှာ ရှိတယ် အကုန်လုံး ၊ ဒိန်ချဉ်ကို ကျွန်တော်က ငယ်ငယ်ကတည်းက အရမ်းကြိုက်တယ် ၊ စားတာ မှ တော်တော်လေး စားပါတယ် ၊ ဒိန်ချဉ်ကို ထန်းလျှက်ရေနဲ့ စားတာ ပိုကြိုက်ပါတယ် ၊ အချို့နိုင်ငံ တွေမှာတော့ ပျားရည်နဲ့ စားသောက်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ သကြားနဲ့လဲ စားသုံးတာ တွေ့မြင်ဖူးပါတယ် ၊ဒိန်ချဉ်ဟာ အသားရေ လှပစိုပြေစေသလို ၊ ကိုယ်အနံ့ဆိုးတွေ ကင်းစေတယ် ၊ နောက်ပြီး အူမကြီးကို ကောင်းစွာအထောက်ကူဖြစ်စေလို့ ၊ ၀မ်းကိုလွယ်ကူစေတယ် ၊ အနာကို ကျက်စေတယ် ၊ အူမကြီးကင်ဆာကို  မဖြစ်စေဘူး ။

ဒါကြောင့် ကမ္ဘာအရပ်အရပ် နိုင်ငံအသီးသီးမှာ ၊ ဒိန်ချဉ်ကို ထုတ်လုပ်ရောင်းချကြသလို ၊ အများစု စားသောက်ကြပါတယ် ၊ ဒိန်ချဉ်ဟာ လတ်ဆတ်တဲ့ ဒိန်ချဉ်ဆိုရင် စိမ့်တဲ့အရသာ ရှိပါတယ် ၊ ရက် လွန်ဒိန်ချဉ်ကတော့ ချဉ်တဲ့အရသာ ရှိပါတယ် ၊ ချဉ်တာမှ အက်ဆစ် ချဉ်သလိုချဉ်ပါတယ် ၊ အထက်က ဖော်ပြအပ်တဲ့ အကျိုးကျေးဇူးတွေကတော့ ရက်မလွန်သေးတဲ့ ဒိန်ချဉ်ကိုစားသုံးမှသာ ရရှိစေမှာဖြစ်ပါတယ် ၊ ရက်လွန်တဲ့ ဒိန်ချဉ်ကတော့ ဘေးဥပါဒ်ကိုဖြစ်စေပါတယ် ၊ ယောမင်းကြီးဦး ဘိုးလှိုင်ရဲ့ နာမည်ကျော် ဥတုဘောဇနသင်္ဂဟကျမ်းလို့ ခေါ်တဲ့ အာယုဗ္ဗေဒ ဆေးကျမ်းမှာ ဒိန်ချဉ်သည် သွေးကိုသန့်စေ၏ ၊ ၀မ်းမီးအပူကိုအေးငြိမ်းစေ၏ ၊ ဆီးဝမ်းလေတို့ကိုသက်စေ၏ ၊ အသားအရေကိုလှပစေ၏ ၊ အရိုးချဉ်ဆီကိုဖြစ်ထွန်းစေတတ်၏ ၊ သလိပ်ဒေါသ စမြင်းဒေါသကို ကင်းရှင်းစေတတ်၏ လို့ရေးသားထားပါတယ် ၊ သို့သော် ရက်လွန်ဒိန်ချဉ်များကတော့ ထိုကဲ့သို့ ကောင်းကျိုးပေးစေတတ်မယ်လို့တော့ မထင်မှိပါဘူး ၊ အစားအစာများကို ရေရှည်ခံအောင်လုပ်ပြီး ရောင်းဝယ်ဖောက်ကားတတ်တဲ့ ယနေ့ခေတ်ခါမှာ ဒိန်ချဉ်များဟာ ရက်ပေါင်းများစွာ ခံအောင် အအေးခန်းထဲမှာထားပြီး ရောင်းချတတ်ကြသမို့ ၊ ရက်လွန်တဲ့ ဒိန်ချဉ်တွေအဖြစ်သာ ဈေးကွတ် အတွင်းမှာ မြင်တွေ့နေရပါတယ် ။

ဒိန်ချဉ်ရဲ့သက်တမ်းဟာ ဒိန်ချဉ်ဖြစ်ပြီး သုံးရက်အတွင်းသာဖြစ်ပါတယ် ၊ ဒါကြောင့် လောကနီတိမှာ သုံးရက်လွန်သော ဒိန်ချဉ်ကိုမမှီဝဲရာ ၊ အရွယ်လွန်သော မိန်းမ၌ မေထုန်မမှီဝဲရာ ၊ တပေါင်းတန်ခူးစ သောပူပြင်းသော နွေကာလတို့၌ နေ့လည်နေခင်းမအိပ်ရာ လို့ဆုံးမထားပါတယ် ၊ ဒီစကားရပ်များကို နီတိဆရာဟာ ဘုရားဟော ပါဠိတော်များမှ ကောက်ယူဖော်ပြထား ခြင်းဖြစ်ပါတယ် ၊ ကမ္ဘာကျော် မင်းသမီးကြီး အယ်လီဇဘက် တေလာနဲ့ အခြားသော မင်းသမီးတချို့ဟာ ညဘက်မှာ ဒိန်ချဉ်ကို လိမ်းပြီး အိပ်တယ်လို့ တိုင်းမ် မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်လိုက်ရပါတယ် ၊ ကျွန်တော် ထိုင်းမှာနေစဉ်က မဟာချုလာ လောင်ကွန်း တက္ကသိုလ် ဓာတ်ခွဲခန်းမှာ ဒိန်ချဉ်ကို သုတေသန လုပ်တာကို တွေ့ခဲ့ဖူးပါတယ် ၊ ဒိန်ချဉ်ကို အတုံးငယ်လေးတစ်ခုကို မိုက်ခရိုစကုတ်နဲ့ ပုံကြီးချဲ့ကြည့်လိုက်ရင် ဘက်တီးရီးယား ပိုးကောင်လေးတွေ အကောင်ပေါင်းသန်းချီပြီး တွေ့နိုင်တယ်လို့ သုတေသနအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သူငယ်ချင်းက ဆိုပါတယ် ၊ နို့အချဉ် ပေါက်သွားတာ အဲဒီပိုးကောင်လေးတွေ မွေးဖွားဖို့လို့ ဆိုပါတယ် ၊ ဒီိပိုးကောင်တွေဟာ ခန္ဓာကိုယ်အတွင်းမှာ လိုအပ်တဲ့ ပိုးကောင်တွေလို့ လဲဆိုပါတယ် ၊ ဒီပိုးကောင်လေးတွေဟာ ခန္ဓာကိုယ်ထဲကို ရောက်သွားရင်တော့ ခန္ဓာကိုယ်ထဲက လူကိုဥပါဒ်ဖြစ်စေတတ်တဲ့ ပိုးကောင်တွေကို ကိုက်ဖြတ်စားသောက်ပါသတဲ့ ၊ အထူးအားဖြင့် ၀မ်းကို ကိုက်စေတတ်တဲ့ ပိုးတစ်မျိုးကို အထူးနိုင်နင်းလို့ ၊ ဒိန်ချဉ်ကို တနေ့ကို ၂၀ဂရမ် ပုံမှန်စားသုံးရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမရှိဘူးလို့ သူငယ်ချင်း ဒေါက်တာမင်းမြတ်က ဆိုပါတယ် ။

ဒိန်ချဉ်ထဲမှာ ပါတဲ့ပိုးကောင်လေးတွေဟာ နေရောင်ခြည် တိုက်ရိုက်ထိရင် သေပါသတဲ့ ၊ အအေးချိန် ၅၅ ကျော်ရင်လဲ သေဆုံးတတ်ပါတယ်တဲ့ ၊ သူ့အလိုလိုကတော့ နာရီပေါင်း ၆၀ ကျော်ကြာရင် သေတယ်လို့လဲ မင်းမြတ်က ပြောပါတယ် ၊ ဘက်တီးရီးယားလေးတွေ သေဆုံးပြီးမှ စားသောက်တဲ့ ဒိန်ချဉ်ကတော့ ခန္ဓာကိုယ်ကို အကျိုးမဖြစ်စေတဲ့ အပြင် ၀မ်းပျက်တတ်တယ်လို့ ဆိုပါတယ် ။ လောကနီတီ စကားနဲ့ အလွန်ပင်ကိုက်ညီပါတယ် လောကနီတိမှာ သုံးရက်ကျော် သော ဒိန်ချဉ်လို့ ဆိုထားသလို ၊ ခေတ်သစ်ဆေးပညာမှာတော့ နာရီပေါင်း ၆၀ ကျော်ဆိုတော့ တိုက်ဆိုင်စွာဘဲ ခေတ်ဆေးပညာနဲ့ ရှေးပညာရှိတို့စကားဟာ ကိုက်ညီနေပြန်ပါတယ် ။

မည်သို့ပင် ဖြစ်စေကာမူ အစာလဲဆေး ဆေးလဲအစာဆိုသမို့ ၊ ဒိန်ချဉ်ကို ဆေးလိုဘဲစားစား မုန့်ပဲသရေစာ အနေနဲ့စားစား တခါတရံစားမှိကြမှာတော့ အမှန်ပါဘဲ ၊ စားသောက်ကုန်များဟာ တခါတရံမှာ သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုအစား တာရှည်အထားခံမှုကို ဘဲအဓိကထား ရောင်းဝယ် ဖောက်ကားကြသမို့ ၊ အားတဲ့ တနေ့နေ့မှာ ဒိန်ချဉ်ဖောက်ပြီး စားလျှင်ရင်ဖြင့် ၊ အာရောဂျံ ပရမံ လာဘံ ။ အာရောဂျံ -အနာကင်းခြင်းသည် ၊ ပရမံ-မြတ်သော ၊ လာဘံ -လာဘ်ပေတည်း ၊ ဟူသော ဘုရားဟော ဒေသနာနှင့် အညီ ၊ အသက်ရှည် အနာကင်းကြမည်ဖြစ်ပါကြောင်း ၊ ဒိန်ချဉ်အ ကြောင်းသိသလောက် ၊ ဖောက်သည်ချလိုက်ပါတယ် ။

အားလုံးအသက်ရှည် အနာကင်းဖို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ။
ဒိန်ချဉ်လုပ်နည်း ရုပ်သံ

Tuesday, October 26, 2010

သာယာဝတီထောင်သို့ တစ်ခေါက်


                                            ကမ္ဘာကျော် အင်းစိန်ထောင်ကြီးပုံ(အပေါ်စီးမှ ကြည့်ပုံ)

ကဲသွားမယ်ဟေ့ ဟုတ်ကဲ့ ကျွန်တော်က ဘာလုပ်ရမှာတုန်း ဆေးအိတ်ကိုင်၊ ဟုတ် ဆရာညွန့် မလိုက်ဘူးလား၊ ဟေ့ ကောင်လေး ထောင်ဟ၊ ဟိုတယ်မဟုတ်ဘူး လိုက်ချင်တိုင်း လိုက်လို့ မရဘူး သုံးယောက်ဘဲ ၀င်လို့ရတယ်၊ ငါရယ်မင်းရယ်၊ နက်စ်ရယ် သုံးယောက် အကိုက်ဘဲ ဆရာညွန့် အိမ်စောင့်ရမယ် “ဟုတ်ကဲ့ဆရာကြီး” ကောင်လေး မင်းဆေးအိတ် ငါ့ပေးစမ်း ငါထည့်စရာရှိလို့ကျွန်တော် လှမ်းကြည့်လိုက်တော့ ဆေးပြင်းလိပ်တွေကို လက်မလောက် အတိုလေးတွေ ညီနေအောင် ဓားနဲ့ဖြတ်ထားတဲ့ ဆေးပြင်းလိပ်အတိုလေးတွေပါ။


“ကိုကို အဲဒါ ဆေးပြင်းလိပ်တွေမလား ဘာလုပ်တာတုန်း” မင်းမသိပါဘူး ကောင်လေးရာ၊ ဟိုရောက်တော့မှကြည့် “မင်းရဲ့ ကိစ္စ ၀ိစ္စတွေကပြီးပလား” “ပြီးပြီလေ ဘာမှသိပ်မပါပါဘူး ချောကလက်လေးရယ်၊ ဆန်းလိုက် ဝေဖာနှစ်ထုပ်ရယ်၊ ရေဗူးရယ် ပိုက်ဆံအိတ်ရယ် ဒါဘဲ၊ ရော့ ဒီသတင်းစာ စက္ကူလေးတွေ မင်းအိတ်ထဲ ထည့်ခဲ့၊ ဘာလုပ်ဖို့တုန်းဗျ၊ သေသေချာချာ ထည့်ခဲကွာ စကားမများနဲ့ အသုံးရှိလို့ ဟုတ်ကဲ့ ကျွန်တော့်အိတ်ထဲကို သတင်းစာ စာရွက် လက်သုံးလုံးလောက် ဖြတ်ဖြတ်ပြီး အထပ်လိုက်လေးတွေကို ကလစ်နဲ့ကိုက်ပြီး ထားတဲ့ စက္ကူလေးတွေတစ်ထပ်ကို ကျွန်တော့် ကျောပိုးအိတ်ထဲကို ထည့်ပေးပါတယ်၊ အားလုံးပြီးတော့ အိမ်ရှေ့ကနေ အကျဉ်းဦးစီး သာယာဝတီ ဆိုတဲ့ တံဆိပ်နဲ့၊ ဂျစ်ကားအပြာရောင် တစ်စီးထိုးရပ်လာပါတယ်၊ တီတီ၊ ကဲ ကောင်လေး သွားကြမယ်၊ ကားရောက်ပြီ ။

ကားရှေ့ခန်းမှာ ကိုကိုကြီး စီးပြီးတော့၊ ကျွန်တော်က ကားနောက်က စီးရပါတယ်၊ သာယာဝတီ ဆေးရုံကြီးကို ရောက်တော့၊ အသင့်စောင့်နေတဲ့ ဆေးရုံပြာတာ တစ်ယောက်ဟာ ဆေးဘောက်ကို ကိုင်ပြီး ကားပေါ်တက်ပါတယ်၊ ကျွန်တော်နဲ့ နောက်ခန်းမှာ အတူတူစီးပြီး၊ ဆရာကြီးရဲ့ နဲ့ဘာတော်လဲ ဘာညာ သာရကာ မေးမြန်းပါတယ်၊ နာမည်က ကိုငွေစိုးလို့ ပြောပါတယ်၊ သာယာဝတီ ထောင်အ၀ကို ရောက်ပြီဆိုကြပါတော့ဗျာ၊ ဂျိုင်း ဒီအသံကြီးက သာယာဝတီ ထောင်ဗူးဝလို့ ခေါ်တဲ့ ထောင်တံခါးမကြီး အောက်က တံခါးငယ်လေးရဲ့ ပိတ်သံပါ၊ သာယာဝတီထောင်မှာ အခြားထောင်တွေနဲ့မတူ ထောင်ဗူး နှစ်ခုရှိပါတယ်၊ တစ်ပေါက်ကတော့ အခြားထောင်တွေများလို ထောင်ဗူးဝကြီးပါ၊ ကျန်တစ်ပေါက်ကတော့ ဆရာစံဗူးလို့ခေါ်ပါတယ်၊ ဒီဆရာစံဗူးဆိုတာက နယ်ချဲ့တွေကို တော်လှန်ပုန်ကန်ခဲ့တဲ့ သုပန္နက ဂဠုန်ဆရာစံ အတွက် ဖောက်ခဲ့တဲ့ အပေါက်ဖြစ်ပါတယ်၊ အကြောင်းက ဒီလိုပါ ဆရာစံကို ကြိုးပေးဖို့ သာယာဝတီ ထောင်မှာထားဖို့ ခေါ်လာစဉ်က ဆရာစံကို ထောင်ဗူးဝကြီးက သွင်းပါတယ်။


ထောင်ဗူးဝဆိုတာ လူတွေကို နံနှိမ် ထားတဲ့နေရာလို့ ဆိုပါတယ် ၊ အဲဒီဗူးကြီးရဲ့ အမြင့်အုတ်ရိုးပေါ်မှာ အမျိုးသမီးတွေရဲ့ အညစ်အညမ်း ပစ္စည်းတွေနဲ့ စီမံထားတယ်လို့ ဆိုပါတယ်၊ အကယ်၍ လူတစ်ယောက်ဟာ ကာယ သိဒ္ဓိစတဲ့ ဆေးတွေ အင်းတွေ ခန္ဓာကိုယ်မှာ ထိုးထားမယ်ဆိုရင် ထောင်ဗူးဝကို ရောက် တာနဲ့ ထိုဆေးတွေဟာ အာနိသင် ပျက်ပြယ်သွားပါတယ်၊ အကြောင်းကတော့ ထိုလူဟာ ဆေးတွေရဲ့ အစွမ်းသတ္တိကြောင့် ထောင်ထဲမှာ ရိုက်ရင်ထုရင် မနာကျင်တော့တာကြောင့် အာဏာဖီဆန်တာတွေ ထောင်ထတာတွေ လုပ်မှာစိုးတဲ့အတွက် အင်္ဂလိပ်အစိုးရက စနစ်တကျ လုပ်ထားတာ ဖြစ်ပါတယ် ။


ဆရာစံကို ဒီထောင်ဗှူးဝကနေ သွင်းတဲ့အခါမှာ ဆရာစံဟာ မ၀င်ဘဲ ပေရပ်နေပါတယ်၊ ထောင်ကြပ်တွေ ဘာယာတွေက ထုထောင်းရိုက်နှက်သော်လည်း ဆရာစံဟာ အခြားအပေါက်ကနေ မသွင်းရင် မ၀င်ဘူးလို့ ပေရပ်နေတာကြောင့်၊ ထောင်ရဲ့အခြား တစ်ဖက်ကနေ ဆရာစံဝင်ဖို့ အပေါက်တစ်ခု ဖောက်ပေးလိုက်ရပါတယ်၊ အဲဒီခေတ်က အခြေအနေအရ ဆရာစံဟာ အင်မတန် သြဇာကြီးတာက တစ်ကြောင်း၊ ဆရာစံကို အကြောင်းပြုပြီး နောက်လူတွေက အစိုးရမင်းတွေကို ပုန်ကန်ခြားနားမှာ စိုးရိမ်လို့ ဖောက်ပေးလိုက်ရတာလို့ ပြောပါတယ် ။ အဲဒါကတော့ ဆရာစံ ဗူးအကြောင်းသိကောင်းစရာလေး တစ်ခုပါ ။

ဂျိုင်း ဒီအသံကြီးလဲ ကြားလိုက်ရော ကျွန်တော် ထောင်ထဲကို ရောက်နေပါပြီ၊ အဲဒီအသံကြီးကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ငါတို့ပြန်မထွက်ရရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးမျိုး ၀င်လာပြီး ကြောက်လှန့်မှိပါတယ်၊ စိတ်က ကြောက်ကြောက်ရှိတာမို့ ကိုကိုဂျုတီ ကုတ်ကိုလှမ်းဆွဲလိုက်မှိ ပါတယ်၊ ဟဲ့ ကောင်လေး နေစမ်း ဘာဖြစ်တာတုန်း ကြောက်လို့ဗျ ဟားဟား xxxxxx ကြောက်ပါလား ဘာကြောက်စရာ ရှိလို့တုန်း လွှတ်စမ်း ငါလက်မှတ်ထိုးရမယ်၊ နှစ်ရစ်နဲ့ ထောင်အကြပ် တစ်ယောက်က ကိုကိုကြီးကို အလေးပြုပြီး လူဝင်လူထွက် စာရင်းမှာ လက်မှတ် ထိုးစေပါတယ်၊ ကျွန်တော်လဲ ထိုးခဲ့ပါတယ်။ အလုပ်အကိုင် ဆိုတဲ့နေရာမှာ သူနာပြုလို့ ရေးလိုက်ပါတယ်၊ လာရသည့်အကြောင်း ကိစ္စဆိုတဲ့ နေရာမှာ ဆေးကုသဆိုပြီး ထည့်လိုက်ပါတယ်၊ နောက် ဆရာကိုငွေစိုး လက်မှတ်ထိုးပါတယ်၊ ပြီးတာနဲ့ ထောင်ကြပ်ဟာ စာအုပ်ပိုက်ပြီး ရှေ့ကသွားပါတယ်၊ ကျွန်တော်တို့က နောက်ကလိုက်ပါတယ်၊ အခန်းတစ်ခန်းရှေ့မှာ ကျွန်တော်တို့တွေ မတ်တပ်ရပ်နေရပြီး ၊ ထောင်ကြပ်ဟာ  အခန်းထဲဝင်သွားပါတယ် ။


အခန်းဝမှာ ရေးထားတဲ့ စာတန်းလေးက “ဒုထောင်ပိုင်” ရုံးခန်းလို့ ရေးထားပါတယ်၊ နောက်တစ်ခန်း “ထောင်ပိုင်ကြီး” နောက်တစ်ခန်း “ဒုထောင်မှူး” နောက်တစ်ခန်း “ထောင်မှူးကြီး”၊“ထောင်မှူးကြီး” အခန်းမှာ ထောင်ကြပ်ကြီးက စာအုပ်ယူပြီး ၀င်သွားပြန်ပါတယ်၊ သူပြန်ထွက်လာတော့ ထောင်မှူးကြီးပါ ပါလာပြီး ပြီးနှုတ်ဆက်ပါတယ်၊ ဆရာကြီး ဒီက လေးက ဟောက်စ် ဆင်းနေတာလား၊ မဟုတ်ဘူး ထောင်မှူးရဲ့ ကျွန်တော့်ညီ အိမ်တော်ဝန် ဖျားနေလို့ ညီလေးကို ပေါ်တာ ဆွဲလာတာ၊ ဟားဟား ကောင်းပါလေ့ဗျာ ကဲဆရာ ဆက်လုပ်စရာ ရှိတာ လုပ်လိုက်အုံး၊ ကျွန်တော် အလုပ်လုပ်လိုက်အုံးမယ်  နောက်အပတ် လောက်ဆိုရင် ဆရာ လာစရာ မလိုတော့ လောက်ဘူးဗျ၊ အထက်က ဒီမှာ ဆရာဝန်တစ်ယောက် ချပေးမယ်လို့ အော်ဒါ ထွက်လာပြီ၊ ဟုတ်လား ကောင်းတာပေါ့ ထောင်မှူးကြီးရယ်။

 ကျွန်တော်တို့ ထောင်ကြပ် ခေါ်လာတဲ့ နေရာကို ရောက်ပါပြီ၊ မိန်းဂျေးလို့ ခေါ်တဲ့ ဗဟိုထောင်ကြီးရဲ့ အောက်ဆုံးအထပ်ဖြစ်ပါတယ်၊ အဲဒီအထဲမ၀င်ခင် ကျွန်တော်တို့တွေကို တစ်ရစ်နဲ့ ထောင်ကြပ်တစ်ယောက်နဲ့ သုံးရစ် ထောင်ကြပ်ကြီးတို့က အ၀တ်အစားတွေကို ဆောင်းဘောက် စပီကာ နောက်ပိုင်းမှာရှိတဲ့ သံလိုက်အ၀ိုင်းကြီးတွေနဲ့ လိုက်ကပ်ပြီး စစ်ပါတယ်၊ အဓိပ္ပါယ်က ကျွန်တော်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဓားတို့ ဓားမြောင်တို့ ဘရိတ်ဓား စတာတွေ ပါလာမှာ ဆိုးလို့လို့ဆိုပါတယ်၊ ဂျုတီကုတ်ကို ချွတ်ပေးလိုက်ရပြီး၊ အသံဖမ်းစက် ဘာညာတွေ ပါမှာဆိုးလို့ တစ်ယောက်ချင်း စစ်ဆေးပါတယ်၊ အားလုံး စစ်ပြီးပြီဆိုမှ ထိုအဆောင်လေးထဲကို ကျွန်တော်တို့ ၀င်ခွင့်ရပါတယ်၊ အခုဆေးကုသမဲ့ နေရာကတော့ ထောင်မကြီးရဲ့ အဆောင်တစ် အောက်ထပ်က အခန်းလေးဖြစ်ပါတယ်၊ ကုတင်ပုလေး တစ်လုံးမှာ ဂုန်နီအိတ်ခင်းထားပါတယ်။

ဆေးခန်းအသေးစားလေးလို ဆေးထည့် ဘီဒိုပုလေးတစ်ခု၊ ဒွစ်ချိပ်တဲ့ စင်တစ်ခ၊ု  မီးအိမ်တစ်ခု မီးချောင်းနှစ်ချောင်း၊ ဒန်ဇလုံတစ်ခု၊ ရေဘုံဘိုင်ခေါင်းနဲ့ ဘေလ်စင်တစ်ခ၊ု  ထိုင်စရာ ခုံသုံးလုံး ၊ စားပွဲတစ်ခုနဲ့ နဲ့ စားပွဲနဲ့ ထိုင်ရမဲ့ ခုံတစ်လုံး ဒါအကုန်ပါဘဲ၊ ထောင်ဆိုပေမဲ့ အပြင်ဆေးခန်းလေး တွေလိုဘဲ သပ်ရပ်လှပါတယ်၊ လေကောင်း လေသန့်လေးလဲရပါတယ်။ အားလုံး ဆေးအိတ်ကို ခုံပေါ်တင်ပြီး ကျွန်တော်က ခုံတစ်လုံးမှာ ထိုင၊် ဆရာကိုငွေစိုးက ထောင်ကပေးတဲ့ ဆေးဘုတ် (ထောင်လူနာမှတ်တမ်း)မှာ ယနေ့ ဆေးကုသခွင့်ရသည့် လူနာတွေရဲ့ အရေအတွက်ကို ကိုကိုကြီးကို ပြောလိုက်ပါတယ်၊ ဆရာကြီး ၃၉ ယောက်ဗျာ၊ အင်း ။ 


အပြင်တံခါးဝမှာတော့ ထောင်ကြပ်နှစ်ယောက် အပြာဝတ် ဒါဗာယာလို့ခေါ်တဲ့ ဆေးခန်းအုပ်ချုပ် တာဝန်ကျ ထောင်သား တစ်ယောက်က သတိအနေထားနဲ့ ရပ်နေကြပါတယ်၊ ဗာယာဆိုတာ တန်းစီးလိုဟာနဲ့ တူပါတယ်၊ ရေကန်မှာ အုပ်ချုပ်ဖို့တာဝန်ကျသူကို ရေကန်ဗာယာလို့ ခေါ်ပါတယ်၊ စိုက်ခင်းအုပ်ချုပ်ဖို့ တာဝန်ကျသူကတော့ စိုက်ခင်းဗာယာပေါ့ သူတို့လဲ ထောင်သားတွေပါဘဲ၊ မကြာခင် ကိုကိုကြီးက အကြပ်ကြီး စမယ်ဗျို့လို့ တာဝန်ကျနေတဲ့ ထောင်ကြပ်ကြီးကို လှမ်းပြောလိုက်ပါတော့တယ် ။

ဒေါင် ဒေါင် ဒေါင် ………….အဆောင်တစ်.“ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” အဆောင်နှစ် “ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” အဆောင်သုံး“ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ”အဆောင်လေး“ ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” ဆေးခန်းအရှေ့က ခုနက ဆေးခန်း ဗာယာမှ စပြီးအော်လိုက်ပြီး တစ်ဆင့်တစ်ဆင့် ဆင့်ကဲဆင့်ကဲ တစ်ထောင်လုံး ထိုအသံကြီးများ ဖြင့် လွှမ်းမိုးသွားပါတော့၏။ ၁၀မိနစ်လောက် အကြာမှာ လူနာ ၃၉ ဦးအပြင် သူ့တို့ရဲ့ တန်းစီးများ တန်းစီးဆိုတာ ဒီနေရာမှာ နှစ်မျိုးတွေ့ပါတယ်၊ တန်းစီးကြီး ၁၂မှတ် ဗာယာ လို့ခေါ်ပါတယ်၊ တန်းစီးငယ်ကတော့ ရှစ်မှတ် ဗာယာလို့ခေါ်ပါတယ်။ 


တန်းစီးနှစ်ဦးအပြင် ဘုတ်ကိုင် ဆိုတာ ရှိပါသေးတယ်၊ ခေါင်းဆောင်ပါ ထမင်းစားတဲ့ကိစ္စမှာ ဝေခြမ်းပေးရသူကို ထမင်းဘုတ်၊ မိလ္လာ သွန်ဖို့ တာဝန်ခွဲပေးရတဲ့သူကို မိလ္လာဘုတ် ခေါ်ပါတယ်၊ ဆေးစစ်ဖို့ ကြီးကြပ်ပေးသူကို ဆေးဘုတ် စသဖြင့် ဘုတ်မျိုးစုံ ရှိပါတယ်၊ အကျဉ်းထောင် အတွင်းမှာ လူနာတိုင်း ဆေးကုသခွင့်ရ သည်မဟုတ်ပါ၊ ဘယ်လောက် အသဲအသန် ဖြစ်နေနေ ဘုတ်ကိုင်တဲ့ လူကို လာဘ်ထိုးရပါတယ်၊ အဲလူတွေက သူ့တို့ဘုတ်မှာ မှတ်ပြီး၊ ဆေးခန်းဗာယာကိုပြ ဆေးခန်းဗာယာကနေ ထောင်ပိုင်ကိုပြ ထောင်ပိုင် ကနေမှ တစ်ဆင့် ထောင်မှူးကြီးဆီကို တင်ပြပြီး အထက် အဆင့်ဆင့်က လက်မှတ်ထိုး လိုက်မှသာလျှင် ယခုလိုဆေးကုသခွင့်ရကြပါတယ် ။

တန်းစီးကြီးနဲ့ တန်းစီးငယ်ဆိုတာက တန်းစီးကြီးဆိုတာ ဆိုင်ရာအဆောင်တစ်ခုလုံးရဲ့ နှစ်ကြီးသမား ထောင်ဝါရင့်ကိုခေါ်တာပါ၊ ထောင်အတွင်းမှာ သူ့သြဇာဟာ ဘုရင်ခံ အနေအထားလောက် ရှိပါတယ်၊ တန်းစီးငယ်ကတော့  သူနေထိုင်တဲ့ အဆောင်မှာ အကြီးဆုံးခေါင်းဆောင်ပါ နှစ်ကြီး နှစ်ငယ်နဲ့ မဆိုင်ပါ ထောင်လက်ကောက်လို့ ထောင်အခေါ်နဲ့ ခေါ်ကြပါတယ်၊ အင်္ဂလိပ်ခေတ်တုန်းကတော့ ၈မှတ်ဗာယာ၊ ၁၂မှတ်ဗာယာ၊ သူတို့အထက်မှာ သန္ဓေဆိုတာ ရှိပါသေးတယ်၊ သန္ဓေရဲ့အထက်မှာ ၆ထောင်ပိုင်၊ သူ့အထက်မှာ ဂွင်းနီး ဆိုတာရှိပါသေးတယ် နာမည်အရင်းက ကွင်းနီပါ ကွင်းအနီကြီးကို လည်ပင်းမှာ စွပ်ထားရလို့ပါ သူ့ရာထူးက ထောင်ကြပ်ချုပ်ကြီးလို့ ခေါ်ပါ တယ်၊ ဒါကအင်္ဂလိပ်ခေတ်ကပါ ဒီခေတ်မှာတော့ ရှိလားမရှိလား မသိပါဘူး၊ ကျွန်တော်ကတော့ တန်းစီး ဘုတ်ကိုင် ဗာယာ ဆိုတာတွေကိုဘဲမြင်ခဲ့ရပါတယ်  ထောင်အာဏာပိုင် အားလုံးကတော့ နံပါတ်ဒုတ်ကို ကိုင်ရပါတယ်၊ တန်းစီးတွေ ဘုတ်ကိုင်တွေမှာ ကိုင်ခွင့်မရှိပါ၊ အင်္ဂလိပ်ခေတ်ကတော့ ဂွင်းနီကြီးတွေ ဒုတ်ကိုင်ရပါတယ်၊ ဒါတွေကတော့ ဆရာကြီး ဒဂုံရွှေမျှားရဲ့ “ထောင်မင်းသား ဦးဖိုးထော်” စာအုပ်နဲ့ ထောင်မှူးကြီးငြိမ်း စာရေးဆရာ ရန်အောင်မောင်မောင်ရဲ့ “ထောင်တစ်သက် အတွေ့အကြုံစာအုပ်” တွေထဲက ထောင်ဗဟုသုတ တချို့ကို ထည့်ရေးလိုက်တာပါ ။

အင်္ဂလိပ်မင်း လက်ထက်မှာ ထောင်တွေဟာ အင်မတန်စနစ်ကျပါတယ်၊  နိုင်ငံရေးသမား တွေအတွက် အေကလပ်၊ ဘီကလပ် စသဖြင့် ထားပေးထားပါတယ်၊ ထောင်ဆရာဝန် ဟူပြီး သီးသန့်ရှိပါတယ် ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး နောက်ပိုင်း ကလပ်တွေအကုန် ဖြုတ်လိုက်ပါတယ်  ထောင်ဆရာဝန် ဟူ၍ သီသန့်မရှိဘဲ မြို့နယ် ခရိုင်စသဖြင့် ထောင်ရှိရာ မြို့နယ်တွေမှာ တာဝန်ကျ ဆရာဝန်တွေနဲ့သာ အများအားဖြင့် ကုသပေးပါတယ် ။

ဆေးဘုတ်ကိုင် ထောင်သား အခန်းထဲကို ၀င်လာပါတယ် ဆရာကိုငွေစိုးကို ဆေးဘုတ်ပြပါတယ် ဆေးဘုတ်ထဲက အစဉ်လိုက် အတိုင်းခေါ်ယူ ကုသရမှာ ဖြစ်ပါတယ်၊ ကိုကိုကြီးက ဆေးဘုတ်ကိုင် ကို အပြင်ထွက်ခိုင်းလိုက်ပါတယ်၊ ထိုလူက အပြင်ထွက်ပြီး အော်ပါတယ်၊ အော်တာမှ အစုံပါ အမည် အေးကို  အဖ ဘယ်သူ၊ လူမျိုး၊ ပြစ်မှု၊ ထောင်သက်၊ အမှုစီရင်လိုက်တဲ့ရုံး စသဖြင့် စုံစုံ စိစိ အော်ပြီးမှ ဆေးကုသခံရမဲ့ ထောင်သားက ရောက်လာပါတယ်၊ ကုတင်ပေါ်တက် ဆေးကုသရပါတယ်၊ ဆေးကုခံရမဲ့ ထောင်သားတွေဟာ အပြင်မှာ တရားထိုင်သလို ပုံစံမျိုးနဲ့ ထောင်ပုံစံ ထိုင်နေရပါတယ်၊ တချို့လူနာ အကျဉ်းသားတွေဟာ ခြေထောက်မှာ ခြေကျင်းကြီးတွေပါပါတယ်၊ ထိုင်လို့မရပါ၊ မတ်တပ်ရပ်နေရပါတယ်၊ ခြေကျင်းမှာ ဒေါက်တွေပါပါတယ်၊ ဒေါက်တွေကို ခါးမှာ ချီထားတဲ့ကြိုးနဲ့ ချိပ်ဆက်ထားလို့မို့ ခြေကျင်းဝတ်ထားရတဲ့ အကျဉ်းသားအားလုံးဟာ ထိုင်လို့မရပဲ အိပ်ရင်လဲ မတ်တပ်ရပ်သာ အိပ်လို့ရပါတယ် ။

ပထမလူနာ ဆေးတစ်လုံးထိုးလိုက်ပါတယ်၊ နောက်လူနာ ချောင်းတဟွတ်ဟွတ်နဲ့ပါ ချောင်းကို သလိပ်မရဘဲ ဆိုးနေတဲ့ ပုံစံမျိုးပါ၊ ကိုကိုကြီးက “ဘာဖြစ်သလဲ ” ချောင်းတအားဆိုးပါတယ် ခင်မျ၊ ကြာပြီလား တစ်လကျော်ပါပြီ၊ သွေးပါလား၊ ပါပါတယ်၊ ဆေးလိပ်သောက်လား အရင်က သောက်ပါတယ် အခုသောက်စရာမရှိလို့ သောက်လို့မရတော့ပါဘူး၊ ဘယ်အချိန်က စပြီး ချောင်းဆိုးတယ်လို့ မှတ်မှိသလဲ၊ ဟုတ်ကဲ့ လွန်ခဲ့တဲ့ တစ်လလောက်က ဆေးလိပ်သောက်ရင်း ကနေစပြီး ချောင်းဆိုးတာပါ ၊ ဘာဆေးလိပ်လဲ၊ ဟုတ်ကဲ့ ပြောရမှာ ခက်ပါတယ်၊။


အလုပ်လုပ်ရင်း ဆေးလိပ်တို နှစ်ခုတွေ့လို့ကောက်လာပါတယ်၊ အဆောင်ပြန်ရောက်တော့ အထဲကပါတဲ့ ဆေးသားလေးတွေကို ထုတ်ယူပြီး သနပ်ဖက်ကို ရေခွက်ထဲထည့်ပြီး နူးပါတယ်၊ ပြီးတော့ ဖက်လေးကို လေသလပ်ခံပြီး ခုနက ထုတ်ထားတဲ့ ဆေးသားလေးတွေနဲ့ ဆေးလိပ် သေးသေးလေးတွေ လိပ်သောက်ပါတယ် စုစုပေါင်း လက်မလောက်ရှိတဲ့ ဆေးလိပ်လေး နှစ်ခုရပါတယ်၊ အဲဒီညကနေ စချောင်းဆိုးပါတယ်၊ ကျွန်တော် ဘေးကနားထောင်နေရင်း တော်တော် စိတ်ဆင်းရဲမှိပါတယ် တကယ့်လူငရဲဘဲ လို့တွေး မှိပါတယ်။


ခင်များ အပြင်မှာ မိသားစု ရှိလား၊ မရှိပါဘူး ဆရာကြီး၊ ဒါဆိုထောင်ဝင်စာ မရဘူးပေါ့၊ ဟုတ်ကဲ့ မရပါဘူးခင်မျာ၊ ဘာစားချင်သလဲ ကျုပ်ရေးပေးလိုက်မယ်၊ အမဲသားပါ ဆရာကြီး၊ အေး ဒီစာယူပြီး ဆေးဘုတ်ကိုပြလိုက်၊ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ဆေးလိပ်က သောက်ချင်သေးတာလား၊ ဘယ်လိုမေးလိုက်တာလဲ ဆရာကြီးရယ်၊ အစာစားပြီးတိုင်း ခံတွင်းချဉ်လိုက်တာ ဆိုတာ ပါးတွေတောင် တောင်ပါတယ် ဆရာကြီးရယ်၊ ကိုကိုကြီး ဘေးဘီကြည့်ပြီး ကျွန်တော့်ကို လာဖို့ မျက်ရိတ်ပြလိုက်ပါတယ် ၊ စက္ကူတွေပေး၊ ကျွန်တော် ခုနစက္ကူထုတ်လေးကို ဆေးအိပ်နား ချပေးလိုက်ပါတယ်၊ အဲဒီထဲက စက္ကူဖြတ်စ တစ်ထပ်ကို ထောင်သားကြီးရဲ့ ခါးကို ကျစ်ပေးလိုက်ပါတယ် သူ့အိတ်ထဲက ဆေးပြင်းလိပ်တိုလေးတွေ သုံးလေးခုကိုလဲ ခါးမှာ မသိမသာလေး ကျစ်ပေးလိုက် ပါတယ်၊ ထိုလူနာ စကားပြန်မပြောပါ မျက်လုံးတွေက တအား ကျေးဇူးတင်နေပုံပါ ။

ဖိုးနီ၊ သူကတော့ ခြေထောက်မှာ ခြေကျင်းကြီးနဲ့ပါ လာပုံကိုက စမ်းစမ်းနဲ့၊ ဘာဖြစ်သလဲ မျက်စိတွေ ၀ါးလာပါတယ် ဆရာကြီ ၊ အင်း ကြာပြီလား ဟုတ်ကဲ့ ကြာပါပြီ၊ နောက်ဆုံး အဖြေကတော့ ခြေထောက်မှာ တပ်ထားတဲ့ သံခြေကျင်းကြီးကနေ ခြေထောက်ပတ်လည် စားပြီး သံဆိပ်တက်ပြီး မျက်စိ ကွယ်လုကွယ်ခင် ဖြစ်နေတာပါ၊ ကိုကိုကြီးက ပြင်ပဆေးရုံမှာ ဆေးကုသခံယူဖို့ ဆေးဘုတ်ကို ခေါ်ပြီး လက်မှတ် ထိုးပေးလိုက်ပါတယ် ၊ ဆေးတစ်လုံးထိုးပြီး ပေးလိုက်တာလဲ တွေ့ပါတယ် ။ 


နောက်တစ်ယောက် ဦးကြည်မောင် အသက်၅၀ကျော် အဘိုးကြီးပါ တစ်ခေါင်းလုံးဖွေးဖွေး ဖြုနေပါပြီ၊ ဘာဖြစ်သလဲ မူးတယ်ဆရာ တောင်ယာထဲမှာ ပြစ်ပြစ်လဲတာ ၁၀ခါ မကတော့ဘူး၊ သွေးတိုးရှိသလား ရှိပါတယ်၊ သွေးပေါင်ချိန်လိုက်တော့ သွေးတိုးနေပါတယ် ထောင်အစားအစာတွေနဲ့ မတည့်တာတွေလဲ ပါမယ်နဲ့တူပါတယ်၊ ထောင်ဆိုတာက ငါးပိငါးခြောက် တအားစားတဲ့ နေရာမို့လား၊ ဆေးတစ်လုံးထိုးပြီး ဆေး ပေးနေတာကို တွေ့ပါတယ်။


အဲဒီအချိန်မှာ ကျွန်တော်ဟာ အလိုက်ကန်းဆိုးမသိဘဲ အိတ်ထဲက နို့ဝေဖာတွေကို ထုတ်စားနေမှိပါတယ်၊ အဘိုးကြီးက အနံမွှေးလို့လားမသိဘူး၊ ကျွန်တော်ဘက်ကိုဘဲ ခေါင်းငဲ့ငဲ့လာပါတယ်၊ တံထွေးကိုလဲ မကြာမကြာ မျိုချပါတယ်၊ ကျွန်တော်က အဘ စားချင်လို့လား၊ အေးစားချင်တယ်လို့ ပြောပါတယ် ၊ ကိုကိုကြီးက တားရမှာလဲ အားနာတယ်ထင်ပါတယ်၊ ကောင်လေး လျှောက်မလုပ်နဲ့ကွ သူတို့မှာ လွယ်တာ မဟုတ်ဘူး အပြင်ရောက်ရင် တန်းစီးက ကစ်လိမ့်မယ်၊ ကိုကိုရယ် သနားပါတယ် ကျွေးလိုက်မယ်လေ၊ နေအုံး ဆိုပြီး၊ အဘိုးကြီးကို တံခါးကိုကြောပေးခိုင်း လိုက်ပါတယ်၊ ကျွန်တော်က အဘိုးကြီး မျက်နှာ ရှေ့ကနေရပါတယ်၊ ကိုကိုက နားကြပ်နဲ့ ကျောထောက်လိုက် ဟိုထောက်လိုက် ဒီထောက်လိုက်နဲ့ အယောင်ပြပေးနေပါတယ်၊ ကျွန်တော်က အဘိုးကြီးကိုမုန့်ခွံ့ကျွေးပြီး ရေတိုက်ရပါတယ်၊ တော် တော်စားချင်နေပုံ ရပါတယ်၊ ဝေဖာကို မ၀ါးဘဲ မျိုးချတယ်တောင် ထင်မှိပါတယ်၊ အသက်ကကြီးလို့ ဝေဖာဟာ ပါးစပ်ထဲမှာ ခြောက်ခြောက်နေလို့ ရေလေးပါ ကူကူတိုက်ပေးနေရပါတယ်၊ ဘာမဆိုင်ညာမဆိုင် ၊ ငါ့ဘိုးဘိုးသာ ဆိုရင်လို့ စိတ်ကူးမှိပြီး စိတ်တော်တော်မကောင်း ဖြစ်မှိပါတယ်။ 


ဒီအသက် ဒီအရွယ် ဟာ ဘုရားကျောင်းကန်မှာ တရားထိုင် ပုတီးစိပ်နဲ့ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း နေရမဲ့ အချိန်ဖြစ်ပေမဲ့၊ အကုသိုလ်ကြောင့်  လူ့ငရဲမှာ ၀ဋ်ခံနေရတာဟာ ရင်ထဲမချိစရာပါ၊ သူလဲ ဆေးလိပ်သောက်တတ်တယ်လို့ ဆိုသမို့ ထုံးစံအတိုင်း ဆေးပြင်းလိပ် အတိုလေးတွေနဲ့ စက္ကူလေး တစ်ထပ် ကျစ်ပေးလိုက်ပါတယ်၊ လူနာအားလုံးဟာ လူရုပ်လူသဏ္ဍာန် မပီပြင်ကြတော့ပါ၊ တွေ့လိုက်ရရင် လူတွေအားလုံးဟာ ငတ်မွတ်ပြီးနေတဲ့ လူတွေလိုပါဘဲ၊ ကျွန်တော်တို့ ညီအကို နဲ့ ဆရာကိုငွေစိုး၊ လာတုန်းက အတိုင်း အစစ်ဆေးခံ လက်မှတ်ထိုးပြီး ပြန်ထွက်လာပြီး ၊ အကျဉ်းဦးစီးက ကားနဲ့ ပြန်လာခဲ့လိုက်ပါတယ်။ 


အိမ်ပြန်ရောက်တော့၊ ကိုကိုက ဘာလို့ ချောင်းဆိုးတဲ့ လူကိုဆေးလိပ်ပေးရတာတုန်း ချောင်းပိုဆိုးနေရင် ခက်မကုန်ဘူးလား၊ ငါဆရာဝန် ပါကောင်လေးရာ သိပါတယ်၊ ငါကသူ့တို့ကို သောက်စေချင်လို့ ပေးလိုက်တာမဟုတ်ဘူးဟ ထောင်ထဲမှာ ဆေးလိပ်ရှိရင်၊ အကုန်ဖြစ်တယ်ကွာ မသောက်တဲ့ လူတွေလဲ သောက်တယ်လို့ ငါ့ကို ညာပြောနေတာ ငါသိတာပေါ့၊ ငါဘာလို့ပေးလိုက်လဲ သိလား၊ ဘာလို့တုန်း ရောဂါသည်တွေက ညဘက် ညောင်းရင် ဆေးလိပ်တိုက်ပြီး အနင်းခံနိုင်တယ်လေ၊ အနှိပ်လဲခံနိုင်တယ် အဲလိုလေး တွေးပြီး ပေးလိုက်တာကွ၊ ဒီလိုမှန်း အစကသိရင် ကိုကိုရာ ကျားပျံမကောက် ဆေးလိပ်ကြီးတွေ အစည်းလိုက် ၀ယ်သွားတာပေါ့၊ အေးပေါ့ ဒါမှ ဒို့ညီအကိုနှစ်ယောက် ထောင်အတူတူကျမှာ ထောင်ဥပဒေမှာ အပြင်ကဘာမှ သွင်းခွင့်မရှိဘူးကွ၊ ထောင်ဝင်စာတောင် အစားအစာလောက် လက်ခံတာ ။ အရင်တုန်းက ဆရာကြီးသိန်းဖေမြင့်တို့ ထောင်ထဲကနေ ထမင်းချိုင့် အပြင်မှာ ဆွဲစားတယ်လို့ ကြားဖူးပါတယ်။ 


ခေတ်တွေအဆက်ဆက် ပြောင်းခဲ့ပေမဲ့ လူသား အပြစ်ထောင် ဆိုတာတွေဟာ သံသရာ လည်နေအုံးမှာတော့ အမှန်ပါ၊ အရင်က ထောင်တွေထဲမှာ ညရောက်ပြီ ဆိုရင် တာဝန်ကျ စန္ဒရီဗာယာ များက ၁၅မိနစ် တစ်ခါ “အားလုံးကောင်းပါသည်ဗျား” လို့ ထောင်တိုင်း မှာ ညတိုင်း ညတိုင်း အော်ရပါသတဲ့ ၊ ကုလား စန္ဒရီများက ALL Well  ဆပ် လို့ အော်ပါသတဲ့ ဆပ်ဆိုတာကတော့ ကုလားစကား ခင်များ ဆိုတဲ့ အဓိပ္ပါယ်ပါ အားလုံးပေါင်းလိုက်တဲ့အခါ “အားလုံး ကောင်းပါသည်ဗျား” ၁၈၉၄ခုနှစ်ကတည်းက ရေးသားခဲ့တဲ့ အကျဉ်း ထောင်ဥပဒေ Burma Jail Mannual ဟာ နှစ်ပေါင်းရာကျော် ကြာခဲ့ပြီ ဖြစ်ပေမဲ့ ထောင်ထဲက ညဘက်အော်သလို အကျဉ်းအသီးသီး ထောင်အသွယ်သွယ်မှ လွတ်မြောက်လာခဲ့တဲ့ ထောင်သား ထောင်သူများ အရပ်ထဲကို ပြန်ရောက်လာတဲ့အခါ “အားလုံးကောင်းပါသည်”လို့ ဖြစ်သွားကြတာများ  ဘယ်နှစ်ဦးလောက် တွေ့ဖူးလေသလဲကွယ်တို့…………။ ဟိုကြေငြာလေးထဲကလို တိုးလို့ တိုးလို့ တိုးလို့ သာပင် ဆိုးနေကြသည် မဟုတ်ပါလော ………….။


စာရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းပေးလိုက်ပါတယ် ။

Saturday, October 23, 2010

ဝါတော်စဉ်တေးထပ်များ (၁)

မြတ်ဗုဒ္ဓဟာ သက်တော်၈၀ ၊ ၀ါတော် ၄၅ ဖြင့် သတ္တ၀ါတို့အား တရားဓမ္မ ဟောကြားချေချွတ်တော် မူခဲ့ပါတယ် ၊ ဘုရား အဖြစ်နဲ့ နှစ်ပေါင်း၄၅ နှစ်ကို တနေရာတည်း ဖြင့် နေခဲ့တာမဟုတ်ပါ ၊ ကျွတ်ထိုက်တဲ့ ဝေနေယျများ ရှိရာ အရပ်သို့ အမြဲကြွချီနေသမို့ နေရာအတည်တကျ မရှိပါ ၊ သို့သော်လည်း သာဝတ္ထိပြည်မှာတော့ အများအား ဖြင့် သီတင်းသုံးတော်မူပါတယ် ၊ ၀ါတော်စဉ်တေးထပ်ဆိုတာ ဘယ်နှစ်ဝါမြောက်မှာ ဘယ်အရပ်မှာ သီတင်း သုံးခဲ့ တယ်ဆိုတာကို ရှေးပါဠိစာပေ ကျွမ်းကျင် နိုင်နင်း တော်မူသော အရှင်သူမြတ်များက  ပိဋကစာပေ တို့မှ မွေနှောက်ပြီး တေးထပ်ကဗျာများ ရေးစပ် သီကုံးခဲ့တာဖြစ်ပါတယ် ၊ ထိုတေးထပ်ကဗျာများကို ၀ါတော်စဉ် တေးထပ်လို့ ခေါ်ပါတယ် ။
(၁)
သယမ္ဘူစောနေနတ် ၊                             
မနောဓာတ်ချိုရွှင် ။
ပြောစမှတ် စာဆိုတင်မည် ၊
ဝါဆိုစဉ်မှတ်သား ။
မြတ်ဓမ္မရွှေစကြာ ၊
မိကဒါ ဟောကပ်ရှေ့ဖျား ။ 
(ပဌမ၀ါကို မိကဒါဝုန်တော မှာ ၀ါကယ်တော်မူသည် )

ဒု+တ+စ ရာစဂြိုလ် ၊
ဝါဆိုတော်မူသား ။
ဝေသာလီ ပြည်အပါး ၊
ငါးဝါမြောက် ဘုန်းကြွယ် ။
မကုဋာ တောင်ဂီရိ ၊
ခြောက်ဝါရှိ ကိန်းဝပ်စံပယ် ။
 (ဒုတိယ +တတိယ + စတုတ္ထ ၀ါများကို ရာဇဂြိုလ်ပြည်တွင် ၀ါဆိုတော်မူပြီး ၊ ငါးဝါမြောက်တွင် ဝေသာလီပြည်တွင် ၀ါဆိုတော်မူသည် ၊ ၆၀ါမြောက်တွင် မကုဋာဂီရိ တောင်တွင် ၀ါကပ်တော်မူ၏ ။ )

နောင်ခါသိ ထိမ်းမှတ်လွယ်အောင် ၊
ကိန်းသပ္ပာယ် ညွန်းရစ်တော့ ။
ခုနှစ်ဝတိံသာ ၊
မြန်းကြွ ကပ်ရှာ ။
ရှစ်ဝါမြောက် စံတုကွာမှာ ၊
သံသုမာ ဂီရိပလေး ။
 (၇ ၀ါမြောက်ဝါကို တာဝတိံသာ နတ်ပြည်တွင် မယ်တော်သန္တုဿိတ နတ်သားအား အဘိဓမ္မာ ဒေသနာတော်မြတ် ဟောကြာတော်မူပြီး ၀ါကပ်တော်မူ၍ ၊ ၈ ၀ါမြောက်ကို သံသုမာဂီင်္ရိ ထောင်ထိပ်မှာ ၀ါကပ်တော်မူသည် )

(၂)
ကောသဗ္ဗီ ကိုးဝါရ ၊
စိုးနာထ မှီထိုင် ။
ဖြိုးသာလှ ပုလဲမြိုင်မှာ ၊
အပြီးပိုင် တစ်ဆယ်ကူး ။
ဗြဟ္မဏ နာဠရွာမှာ ၊
ဝါကြွတာ ဆယ့်တစ်ရခူး ။
(၉၀ါမြောက်ကို ကောသဗ္ဗီပြည်တွင် ၀ါဆိုတော်မူပြီး ၊ ၁၀ ၀ါမြောက်ဝါကို ပလလဲတောမှာ ၀ါဆိုတော်မူသည် ၊ ၁၁ ၀ါမြောက်ကို ဗြဟ္မဏ နာဠရွာတွင် ၀ါဆိုတော်မူပါ၏ ။)

တစ်ဆယ့်နှစ် နေလျှင်ဝါ ၊
ဝေရဉ္စာ ပြည်ထူး ။
တောင်ဇာလီ မြတ်ဦးမှာတော့ ၊
ဆယ့်သုံးကျုး ၀ါတော် ။
ဆယ့်လေးကြိမ် ဇေတ၀န ၊
ကပိလ ဆယ့်ငါးဝါခေါ် ။
(၁၂ ၀ါမြောက်ကို ဝေရဉ္စာ ပြည်မှာ ၀ါကပ်တော်မူပြီး ၊ ၁၃၀ါ မြောက်ကို ဇာလိယတောင် (စာလိယ တောင်ဟုလဲ ခေါ်သည် )တွင်ဝါကပ်တော်မူပါတယ် ၊ ၁၄၀ါမြောက်မှာတော့ ဇေတ၀န်ရွှေကျောင်းမှာ သီတင်းသုံးတော်မူပြီး ၊ ၁၅ ၀ါမှာတော့ ဆွေတော်မျိုးတော်တို့ရဲ့ ကပိလ၀တ် နေပြည်တော်မှာ သီတင်းသုံး တော်မူခဲ့ပါ၏ ။)

အာဠ၀ီ ဆယ့်ခြောက်ကျော်မှာ ၊
စက်ရောက်ပျော် ပြန်လှန်းလို့ ။
စံမြန်းသည့် ရာဇဂြိုလ် ၊
ဆယ့်ခုနှစ်ကို ။
ဆယ့်ရှစ်နှင့် ဆယ့်ကိုးအလိုမှာ ၊
ဇာလီဆို တောင်ထိပ်ပလေး ။
(၁၆၀ါမြောက် ၀ါတော်ကို အာဠ၀ီပြည်မှာ ကပ်တော်မူပြီး ၊ ၁၇ ၀ါမြောက်မှာတော့ ရာဇဂြိုလ်ပြည်မှာ ပြန်လည် သီတင်းသုံးတော်မူပါတယ် ၊ ၁၈ ၀ါ ၁၉၀ါ တို့ကိုတော့ ဇာလိယတောင်မှာ ပြန်လည်ကြွချီသီတင်း သုံးတော်မူပါ၏ ။ )

(၃)
ရာဇဂြိုလ် တသွယ်ထည့် ၊
နှစ်ဆယ်ပြည့် ၀ါအကြိမ် ။
နယ်မလှည့် မာရဇိန်မှာ ၊
ဇရာနှိမ် အိုရွမ်း ။
နှစ်ဆယ့်လေး သာဝတ္ထီမှာ ၊

ဝါကျွတ်မှီ လှည့်ပတ်စံမြန်း ။
(၂၀၀ါမြောက်မှာ ရာဇဂြိုလ်ပြည်တွင် သီတင်းသုံးတော်မူပြီး ၊၂၁၀ါမြောက်မှ ၄၄၀ါထိ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းနှင့် ၀ိသာခါ ကျောင်းအမကြီး၏ ဗုဗ္ဗာရုံကျောင်းတိုက်တို့တွင်၂၄၀ါတိုင်တိုင် သီတင်းသုံး ၀ါဆိုတော်မူပြီး)


အန္တိမ နေမှုဝါ ၊
ဝေဠုရွာ တစ်ခန်း ။
အာယုတော် ဇီဝိန်နွမ်းပြီးမို့ ၊
ရည်ချိန်မှန်း စဉ်လာ ။
မြတ်ဝါဆို လေးဆယ်ငါးတွင်မှ ၊
အေးနယ်သွား မြန်းကြွခေမာ ။
(၄၅ငါးဝါတွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အနီး ဝေဠုဝ ရွာလေးတွင် နောက်ဆုံးဝါကပ်တော်မူပြီး ပရိနိဗ္ဗာန် စံမြန်းတော်မူသည် )

များဝေနေ သံသရာကို ၊
ယဉ်တဖြာ မဂ်နန်းနှင့်  ။
ဖြတ်လွှမ်း၍ နိဗ္ဗူခွင် ၊
လှမ်းပို့ ကယ်တင် ။
ဘုရားမြတ် ၀ါဆိုစဉ်ကို ၊
စာလိုချင် မှတ်စမ်းတော့လေး ။
မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီး ၄၅နှစ်တာကာလ အတွင်း ဋ္ဌာနပေါင်း ၁၅ဋ္ဌာန ကျောင်းပေါင်း ၁၆ကျောင်း ၀ါပေါင်း ၄၅၀ါ သီတင်းသုံးတော် မူသွားပါကြောင်း ကိုရှေးပညာရှိ ကဗျာ့က၀ိများ ကရေးသားသွားသော ၀ါတော်စဉ်တေးထပ်ကို မှတ်သားမှိသမျှ ၊ ဗဟုသုတ အလို့ငှာ ရေးသား တင်ပြလိုက်ရပါသည် ။

မှတ်ချက်
ဝါတော်စဉ်တေးထပ်များဟာ စုစုပေါင်း ခြောက်ပုဒ်ရှိပါတယ် ၊ ကျွန်တော်ထံမှာလဲ ခြောက်ပုဒ်လုံး ရှိပါတယ် နောက်ပိုစ့်တွေကျမှ ထပ်မံရေးသားပါ့မယ် ၊ ဒီဝါတော်စဉ်တေးထပ်များကို တေးထပ်သင်စဉ်က ဘိုးဘိုးက နမူနာ တေးထပ်များအဖြစ် သူ့မှတ်စုစာအုပ်ထဲမှ ကူးယူစေခဲ့တာဖြစ်ပါတယ် ၊ ရေးသားသည့် ပုဂ္ဂိုလ်မှာ ထန်းတပင် ဆရာတော်ဟု သိရပါတယ် ၊ ဘွဲတော်က ဦးပညာသာမိ လို့မှတ်မှိပါတယ် ၊ မှားချင်လဲ မှားပါလိမ့် မယ် မကြိန်းသေပါ ၊ ယခုတော့ ပိုစ့်ရှည်သွားမှာ ဆိုးသည့်အတွက် ဤမျှနှင့် နိဂုံးချုပ်ပါတယ် ၊ ဒီတေးထပ်ကို တင်မယ်လို့ လုပ်တော့ မဒမ်ငွေလမင်းက သူ့ဘလော့မှာ စာလာဖတ်တဲ့ လူတွေ မကြိုက်လောက်ဘူး လို့ ပြောပါတယ် ၊ မစ္စတာငွေလမင်းအနေနဲ့ ကတော့ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရှားပါးလှတဲ့ စာကောင်းပေမွန်များ ဖြစ်လို့ မျှဝေလိုတဲ့ စေတနာလေးနဲ့ တင်လိုက်ရပါတယ် ၊ မဒမ်ငွေလမင်း ပြောသမျှကို အမြဲတမ်း ကြိတ်မှိတ်သီးခံ နေရသည့် သနားစဖွယ်ဖြစ်သည့်  မစ္စတာ ငွေလမင်း ။