Sunday, March 27, 2011

စာပေဟောပြောပွဲနှင့်အတူ


ကျွန်တော် ဖေဖ၀ါရီ လေးရက်နေ့က နေ့မတ်လ ၂၀ရက်နေ့ထိ မြန်မာနိုင်ငံကို ပြန်ဖြစ်တယ်ဗျ၊ မရောက်တာလဲ သုံးနှစ်လောက်ကြာပြီ၊ မြန်မာပြည်ဘာတွေထူးလဲပေါ့၊ ထူးတယ်ဘဲပြောရလိမ့်မယ် ထင်ပါတယ်၊ ခုတလော မြန်မာပြည်မှာ နိုင်ငံကျော်ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေ၊ နိုင်ငံကျော်စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပပြုလုပ်နေကြ တာကိုတွေ့မြင်ခဲ့ရပါတယ်။
ဟိုအရင်ကလဲ တရားပွဲတို့ စာပေဟောပြောပွဲတို့ဆိုတာ ရှိတော့ရှိခဲ့ကြပါရဲ့ ဒီလောက်မများဘူးလို့ထင်တယ်၊ အခုတော့ သိသိသာသာကိုများလာတယ်၊ ကျွန်တော် မှတ်မှိသလောက်ဆိုရင်တော့ စကာင်္ပူရောက် မြန်မာညီကိုယ်မောင်နှမတွေရဲ့ တပ်လှန့်သံကြောင့် စာပေဟောပြောပွဲတွေ တိုးတတ်များပြားလာတယ်ဆိုရင် မှားမယ်လို့မထင်ပါဘူး၊ ဘာကြောင့်လဲဆိုရင် အရင်ကလဲ စာဆိုတော်နေ့တို့ ၊ အမေ့နေ့တို့မှာ နှစ်စဉ်နှစ်တိုင်း စာရေးဆရာကြီးတွေ ဟောပြောကြပါတယ်၊ မန္တလေးမှာဆို ဦးလှသိန်းဓမ္မာရုံမှာ အမေ့နေ့ကို ၁၉၉၆ခုနှစ်ကတည်းကစပြီး ဘဘဦးသုခ ကအမေဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဟောခဲ့တယ်၊ နောက်တော့ စာဆိုတော်နေ့တွေ ကုလသမဂ္ဂဂေဇာတ်ဝင်နေ့တွေ၊ မြန်မာအခါတော်နေ့တွေမှာ ကြိုကြားကြိုကြား ဟောကြပြောကြတာ တွေ့ဖူးမြင်ဖူး ဖတ်ဖူး မှတ်ဖူးပါတယ်။
ရန်ကုန်မှာကတော့ ၂၀၀၃-၂၀၀၄ ကစပြီး၊ ကြည့်မြင်တိုင်က နိုင်ငံတော်သာဓု ပရိယတ္တိစာသင်တိုက်ကြီးမှာ ဧပြီလကနေစပြီး ဇွန်လကုန်ထိ ညစဉ်ညတိုင်း နိုင်ငံကျော်စာရေးဆရာကြီးတွေဖြစ်တဲ့ ဆရာချစ်တို့၊ နန္ဒာသိန်းဇံ၊ ဒေါက်တာမင်းတင်မွန်၊ ကောင်းသန့်၊ ဖေမြင့်၊ သိပ္ပံမှူးတင်၊ စတဲ့ဆရာကြီးတွေ၊ ရဟန်းစာဆိုတွေဘက်က အရှင်ဆန္ဒာဓိက၊ အရှင်ဆေကိန္ဒ၊ အရှင်သုန္ဒရ၊ အရှင်ပညာသီဟ၊ ရဝေနွယ်အင်းမ၊ ဓမ္မဘေရီတောင်စွန်း၊ စသဖြင့် နှစ်စဉ်နှစ်တိုင်း တစ်လကျော်နှစ်လ စာပေဟောပြောပွဲကျင်းကြပါသလို၊ ဧရာဝတီတိုင်းက ဒေးဒရဲမြို့မှာလဲ နှစ်တိုင်း နိုင်ငံကျော်စာရေးဆရာကြီးများ ကျွန်တော် မှတ်မှိသလောက်၊ ဒါရိုက်တာမောင်ဝဏ်ဏ၊ ချစ်ဦးညို၊ သုမောင်၊ မောင်မျိုးမင်း၊ ဓနုဖြူဆွေမင်း၊ အီကြာကွေး၊ နန္ဒာမိုးကြယ်၊ ဖေမြင့်၊ ချစ်စံဝင်း၊ လယ်တွင်းသားစောချစ်၊ စသောပုဂ္ဂိုလ်များ၊ ကြို့ပင်ကောက်မြို့မှာလဲ နှစ်စဉ် စာပေဟောပြော ပွဲတွေကျင်းပပါတယ်။
 ဒါပေမဲ့ ကျွန်တော်သိသလောက် အဲလောက်ဟောကြားခဲ့ပေမဲ့ စကာင်္ပူ ရောက်မြန်မာတွေကျင်းပတဲ့ စာပေဟောပြောပွဲလောက် နာမည်မကြီးကြပါဘူး၊ အခုမြန်မာပြည် ပြန်ရောက်တော့ အောင်မလေး အိမ်ပေါက်စေ့ စကာင်္ပူနိုင်ငံရောက် မြန်မာများ ကပြုလုပ်တဲ့ ပထမအကြိမ်စာပေ ဟောပြောပွဲကို လူတိုင်းလူတိုင်းကြည့်နေကြလို့ ၀မ်းသာလိုက်ရတာ ၊ လက်ဘက်ရည်ဆိုင်လဲ ဆရာချစ်၊ နေ၀င်းမြင့်၊ ဂျုး၊ ခင်ခင်ထူး ၊အောပီကျယ်၊ ခင်ခင်ထူး၊ ဂျုး ၊နေ၀င်းမြင့်၊ ဆရာချစ် ပတ်လည်ရိုက်နေလိုက်ကြတာ၊ ဒုတိယအကြိမ်လုပ်တော့လဲ လူတွေနားထောင်လိုက် ကြတာ၊ ဒါနဲ့မော်လမြိုင်ကို ၂လပိုင်းအကုန်လောက်က ရောက်တော့ စာပေဟောပြောပွဲလုပ်ကြသေးသတဲ့။
 ဟာ မြတ်စွာဘုရား သာသာလုပ်ပါ ညီကိုယ်ဝမ်းကွဲ ထွန်းမင်းကျော် အဆိုအရဆိုရင် ၇ရက်တောင်ကျင်းပတာတဲ့ လူပရိတ်သတ် တညကို နှစ်သောင်းလောက်လာနားထောင်တယ်၊ စာအုပ်ဈေးပွဲတော်ပါတယ်၊ ကျောင်းသားတွေအတွက် ကဗျာပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေ စတာတွေနဲ့ ဒီဇင်ဘာ၂၅ရက်နေ့ကနေ ကျင်းပလိုက်တာ ၃၁နေ့ကျမှ ပြီးတယ်တဲ့ စာရေးဆရာပေါင်း ၂၂ယောက်လာပြီးဟောပြောသွားတယ်လို့လဲ သူကဆက်ပြောပါတယ်၊ ကျွန်တော်ဆက်ဆက်ပြီး စဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ မွန်လူမျိုးတွေနေထိုင်တဲ့ အဲဒီအရပ်ဒေသဟာ ဘာလုပ်လုပ် သူတို့ကစပြီး ကြီးကြီးကျယ်ကျယ်လုပ်ကြတယ်၊ ဘာသာရေးနဲ့ပတ်သက်လို့ သာသနာတော်မြန်မာပြည်ကို စတင်ရောက်ရှိလာတာ မွန်ပြည်နယ်က၊ အမျိုးသားသီတင်းစာ စတင်ထွက်ရှိတာ မော်လမြိုင်က၊ အမျိုးသားကျောင်းတွေ စတင်တည်ထောင်တာ မော်လမြိုင်က တော်တော်နိုးကြားတဲ့ မော်လမြိုင်လို့ တွေးလိုက်မှိပါတယ်။
ညီကိုယ်တော်က DVD တစ်ချပ်ပေးလိုက်တယ်၊ အဲဒါက ဒုတိယပိုင်းတဲ့ စာရေးဆရာတွေ ဟောပြောထားတဲ့ ရုပ်သံခွေပါ၊ အဲဒီအခွေထဲမှာ ဆရာမခင်ခင်ထူး၊ ဆရာနေ၀င်းမြင့်၊ ဆရာဦးလှထွန်း(မြန်မာစာ)၊ ဆရာဦးဘုန်း(ဓာတု)၊ ဆရာကျော်ရင်မြင့်+ဖေလင်းသစ်၊ ဆရာအတ္တကျော်၊ ဆရာမဂျုး၊ ဆရာကြည်မင်း(ကျော်ဇောမင်း)၊ဆရာကိုတာ၊ ဆရာအော်ပီကျယ်တို့ ၁၀ယောက်ဟောပြောထားတဲ့အခွေပါ၊ ဟောပြောချက်တွေကလဲ ကောင်းလိုက်တာမှ ကြက်သီးမွေးညင်း ထချင်လောက်တဲ့ အထိကောင်းပါတယ်။
 ဒီအခွေကိုကြည့်ပြီး စာပေဟောပြောပွဲကို တပ်လှန့်ပေးလိုက်တဲ့ စကာင်္ပူက သဇင်မဂ္ဂဇင်းမိသားစု နဲ့မြန်မာ ညီကိုယ်မောင်နှမတွေကို ကျေးဇူးတင်မှိပါတယ်၊ သောကြာအယ်ဒီတာချုပ် ဆရာဝေသာက စကာင်္ပူ အခွေမြန်မာပြည်ကိုရောက်လာကတည်းက စာပေဟောပြောပွဲတွေကို အခွေထုတ်ရတယ်လို့ ဒီမှာသိကုန်ကြတယ်တဲ့၊ ဘယ်လိုဘဲဖြစ်ဖြစ် စာအုပ်စာပေဖတ်တယ်၊  စာရေးဆရာကြီးတွေရဲ့ အတွေးအမြင် အရေးအသားတွေကို နားထောင်ကြတယ်ဆိုတာ ၊ အင်မတန်မှကောင်းပါတယ်။
ဂျိန်းသွန်မဆင် ဆိုတဲ့ ပုဂ္ဂိုလ်က စာပေဟောပြောပွဲနဲ့ပတ်သတ်ပြီး စကားလေးတစ်ခု ပြောခဲ့ဖူးပါတယ်`မင်းဟာ စာအုပ်တစ်အုပ်ဖက်လို့ အတွေးအမြင်သစ် တစ်ခုကိုရတယ်ဆိုရင် စာအုပ်ရေးသားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို စာအုပ်တစ်အုပ် ဖတ်ချိန်လောက် အချိန်ပေးပြီး နားထောင်လိုက်ရင် မင်းဟာ အတွေးအမြင်သစ်တစ်ရာကို လက်ခံရရှိလိမ့်မယ်တဲ့´ စာအုပ်ဖတ်ခြင်း စာပေစကားနားထောင်ခြင်းဟာ တစ်ဦးတစ်ယောက်ခြင်း ရဲ့အသိညာဏ်ကို နိုးဆွပေးတာဘဲမဟုတ်ပါလား၊ ကျွန်တော်တို့အမိနိုင်ငံတော်ကြီးမှာ တဦးတစ်ယောက်ခြင်းအသိညာဏ်ဟာ အင်မတန်နဲပါးတာကိုတွေ့မြင်ရပါတယ်။
အလှူအိမ်မှာ ယနေ့တိုင် ဖိနပ်အခိုး ခံနေရဆဲပါ၊ မသာအိမ်မှာ ဟစ်ဟော့သီချင်းဖွင့် ဆူညံပြီး ၀ုန်းဒိုင်းကြဲ ရန်ဖြစ်နေကြဆဲပါ၊ ပြည်လမ်းမပေါ်မှာ အစိုးရက ညဘက်လင်းဘို့ထွန်းပေးထားတဲ့ လမ်းဘေးမီးတိုင်က မာကျုရီမီးသီးကြီးတွေကို အသက်၂၀ကျော် သုံးဆယ်တွေက ညကြီးသန်းခေါင်မှာ လေးခွနဲ့ပြစ်ပြီး လက်တည့်စမ်းနေကြဆဲပါ၊ ကားပေါ်မှာ ခါးပိုက်နှိုက်ကြဆဲ၊ ဗိုက်ကြီးသည်နဲ့ ဘုန်းတော်ကြီးကို နေရာမပေးတတ်ကြသေး၊ ကားပေါ်တက်ရင် တံဒေါင်နဲ့တွက်ပြီးတတ်တတ်ကြသလို၊ လူလစ်ရင်လဲ လစ်သလို ကွမ်းတံတွေး တဗြစ်ဗြစ်ထွေးတတ်ကြပါတယ်၊ ဘုရားဖူးရင်တောင် ပါလာတဲ့အိတ်ကို အရှေ့ချရှစ်ခိုးနေရဆဲမဟုတ်ပါလား။
စာပေဟောပြောသံတွေ တရားသံတွေဆူညံနေလင့်ကစား ခံစားတတ်တဲ့နှလုံးသား၊ ခံစားတတ်တဲ့ အသိညာဏ်တွေ တဦးချင်းတစ်ယောက်ချင်း မရှိသေးသမျှ ၊ ကျွန်တော်တို့ဝန်းကျင်ဟာ ဘယ်တော့မှ တည်ငြိမ်အောင် တည့်မတ်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ တွေးမှိပါတယ်၊ ဒါကြောင့် စာပေဟောပြောပွဲတွေလဲ နားထောင်ကြမယ်၊ တရားတော်တွေလဲ နာကြမယ်၊ လူတစ်ဦးတစ်ယောက်ချင်းမှာ ရှိသင့်ရှိထိုက်တဲ့ အသိညာဏ်လေးတွေလဲ ဖြည့်စွက်ကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နေရာ အမိမြန်မာပြည်ကြီးဟာ ပျော်ရွင်ချမ်းမြေ့သောသော အိုအေစစ်တစ်ခုဖြစ် လာလိမ့်မယ်လို့ ငွေလမင်းတို့ကယုံကြည်မှိပါတယ်။
စာရှုသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ၊ အော်ဒါနဲ့စကားမမစပ် လေယာဉ်ပေါ်တက်ခါနီး မှာ ဆရာအော်ပီကျယ်နဲ့ ဘလော်ကာ နေဇော်လင်းလား နေဇော်နိုင်လားတို့ မသိဘူး သူတို့ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ တွေ့လို့နုတ်ဆက်လိုက်သေးတယ်၊ ဒူဘိုင်းသွားမလို့တဲ့ ဆရာချစ်က ရှေ့ကရောက်နှင့်ပြီတဲ့ ဆရာအော်ပီကျယ်က ထိုင်းကနေ ဒူဘိုင်းလေယာဉ်စီးမယ်လို့ဆိုပါတယ်၊ စကာင်္ပူ ဟောပြောပွဲကို ဆရာအောင်သင်းမလာနိုင်လို့ စီဒီခွေနဲ့ ဘဲဟောပြောလိမ့်မယ်လို့ ဆရာအော်ပီကျယ်က ပြောသွားပါသေးတယ်။
 စကာင်္ပူမှာ လူကြီးနဲ့လူငယ်နှစ်ဖွဲ့ကွဲသွားပြီး စာပေဟောပြောပွဲ ၊ နှစ်ပွဲဖြစ်လိမ့်မယ်လို့ ဆရာအော်ပီကျယ်က ဘုန်းတော်ကြီးတစ်ပါးကို လျှောက်နေတာကို ကြားရပါတယ်၊ ဟင်း အောင်မြင်မယ်မကျန်သေးဘူး မြန်မာ အကျင့်က စပြီလို့ တွေးလိုက်မှိသေး။ နောက်ရက်တွေဘလော့တင်ဖြစ်ရင် မော်လမြိုင်ဟောပြောခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ ဟောပြောချက်တချို့ကို ကောက်နုတ်ရေးမယ်လို့ တွေးထားပါတယ် ဖတ်ျမယ်မလားခင်မျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Friday, March 25, 2011

ချစ်သူချော့နည်း


ကိုကိုငွေ စာရေးလေ ( ဟာနေပါအုံး မဒမ်ရဲ့ နားပါရစေအုံး) သူများတွေရေးပြီးတာ တစ်ပတ်လောက်ရှိပြီ ၊ အေးပါ ရေးပေးပ့ါမယ် အေးဆေးပေါ့ ၊ သူစတင် ဆော်သြနေတာ ၂၀ရက်နေ့ကတည်းက ၊ တကယ်တန်းပြောရရင်တော့ ဘယ်ကစပြီး ရေးရမှန်းကို မသိဘူး ၊ မိုးယံတို့ ကိုဇော်တို့ ရေးထားတာ သွားဖတ်တော့လဲ အော် ပျံလန်နေတာဘဲ ကောင်းတာကို ပြောပါတယ်၊ ကိုကိုငွေတို့က ဒါမျိုးသိပ်မစွမ်းလှဘူး ဒီကြားထဲ မဒမ်ငွေတို့က ဇွတ်ရေးခိုင်းနေသေးတယ်။
 စာရေးတာဟာ စာဖတ်တာနဲ့မတူဘူးဗျ၊ စာဖတ်တာက စိတ်ပါပါ မပါပါဖတ်လို့ ဖြစ်တယ် စိတ်ပါတဲ့အလျှောက် ၊ နဲနဲမှတ်မှိတယ် များများမှတ်မှိတယ် အဲလိုကွာတာ၊ စာရေးတာကြ တော့ စိတ်ပါမှကို ရေးလို့ရတယ် ၊ စာရေးနေတုန်း စိတ်ခံစားမှု တခုခုဖြစ်နေရင် စာက အဲဒီခံစားမှု့ကြီးအတိုင်း စာကထွက်နေတယ်၊ စိတ်မပါဘဲနဲ့ရေးထားတဲ့ စာတွေကို ဘယ်လိုလူကရေးရေး သိသာလွန်းတယ်၊ ဒါကြောင့်စိတ်မပါလို့၊ မရေးဖြစ်ခဲ့တာပါ ဤသည်ကား စကားချီးတည်း။
ချော့တော့မယ်နော်ကြည့်ထား။
အုန်း အုန်း….  ၊ ပြင်းထန်သော လက်သီးဆုတ်နှင့် ကျောပြင် ထိခတ်မှိသောအသံ နှင့်တပြိုင်နက် ချစ်သူရဲ့ ပါးစပ်မှ အာမေဋိတ်သံလေး နှင့်အတူ ချစ်သူရဲ့မျက်နှာလေးလည်း သနားစဖွယ် ငြိုးငယ်စွာ ဖြစ်နေလေရဲ့၊ ကျွန်တော်လဲ ပြုလုပ်လိုက်မှိပြီးမှ စိတ်ထဲမကောင်းမှိတာ အမှန်ပါ၊ ဘယ်လိုတောင်းပန်ရမလဲ၊ ကျွန်တော့်ခေါင်းထဲမှာ ဒေါင်ချာဆိုင်းနေလေရဲ့ ၊ သူ ကျွန်တော့်ကို စိတ်နာသွားပြီလား။
 မဒမ်…မဒမ်…မဒမ်…ကျွန်တော့် အသံကို သူမကြားတာလား၊ မကြားချင် ယောင်ဆောင် နေတာလားတော့ ကျွန်တော် မဝေခွဲတတ်၊ သူ့သူငယ်ချင်းတွေ ရှိတဲ့ တိုက်တန်းဘက်ကို သူထွက်ခွာသွားလေရဲ့၊ မိုးဖွဲလှတဲ့ စင်ကာပူရဲ့ Clementi -MRT နားက အမိုးအကာမဲ့ လမ်းတစ်ခု အလယ်မှာ ကျွန်တော်ဟာ ၁၀မိနစ်လောက် တွေဝေငေးမော တွေးတောမှိသွားတယ်။
နာရီတွေကိုသာ ပြန်ရွေ့လို့ရရင် လွန်ခဲ့တဲ့ နှစ်နာရီကို ကျွန်တော် ပြန်ရောက်သွားချင်ခဲ့တယ်၊ ဒီလိုအမှားမျိုး မကျူးလွန်ချင်လို့ပါ ၊ သူကစနေသမီး စိတ်ကြီးတယ်၊ ကျွန်တော်က စနေသား လက်သွက်တယ် ၊ နှစ်ယောက်ပေါင်းလိုက်ရင် တစ်ပတ်ကို စကားများတာ ၃ပွဲနဲ၅ပွဲကြားမှာ ဖြစ်တယ်၊ နစ်နစ်နာနာပြောတာ ဆိုတာ ဆဲတာ တုတ်တာ မပါ၊ နားလည်မှုတော့ရှိတယ်ဗျ။
ကျွန်တော်က ဒါစားဆိုရင် သူကဒီပြင်ဟာကို စားတယ်၊ ကျွန်တော်က ဒီဘက်သွားမလို့လို့ ပြော ရင်သူက ဟိုဘက်သွားမယ် လိုက်မလားလို့ အဘိယာစက ပြုတတ်တယ်၊ ဈေးသွားလို့ ကျွန်တော်က ပန်းသစ်တော်လေး ကောင်းလိုက်တာ၊ ၀ယ်ရအောင်ပါလို့ တိုက်တွန်းလိုက်တော့ သူက လိမ္မော်သီးတွေ ကောင်းသတဲ့၊ အဲလို တစ်ယောက်တစ်ပေါက်ဆိုပေမဲ့ စကားတော့ နဲနဲများကြတယ် ၊ စိတ်ကောက်စိတ်ဆိုး ပြန်ချော့ တည့်သွားရင် သူလဲသူ့အိမ်ပြန် ကျွန်တော်လဲ ကျွန်တော်အိမ်ပြန်လာ၊ ဒီလိုနဲ့ပြီးသွားခဲ့ကြတာပါ၊
 အခုတခါတော့ ကျွန်တော်ဟာ စိတ်တိုပြီး သူ့ကိုလက်ပါမှိပြီ၊ ကျွန်တော်က လက်သွက်သလို သူကလဲနှုတ်သွက်သူပါ ဒါပေမဲ့အခုကိစ္စကို သူလုံးဝတစ်ခွန်းဆို တစ်ခွန်းမှမဟဘဲ သူ့သူငယ်ချင်းတွေ အိမ်ဘက်ကို ကျွန်တော့ကိုတောင် မခေါ်ဘဲနဲ့ ထွက်သွားပြီ ကျွန်တော် ဘာလုပ်ရမလဲ၊ သူ.့နောက်ကလိုက်သွားရမှာလား၊ ရပ်နေခဲ့ရမှာလား အိမ်ပြန်ရမှာလား၊ သူကိုချစ်တယ် သူ့ချစ်သလောက် ကျွန်တော်သူ့ကိုပြန်ချစ်နိုင်တယ် ၊ သူဂရုစိုက်သလောက် ကျွန်တော်သူ့ကို ဂရုစိုက်ခဲ့တယ်၊ ဒီကိစ္စတွေမှာ သူနဲ့ကျွန်တော်ဟာ သရေဘဲ ၊ ကျွန်တော်တွေးပြီး နောက်ကြောင်းပြန်လျှောက်လာခဲ့တယ်။
ဖြစ်ရတဲ့အကြောင်းရင်းက ဒီလိုဗျ ၊ သူ့သူငယ်ချင်းတစ်ယောက်က မန္တလေးကို ပြန်မလို့တဲ့ အဲဒါ မဒမ်ရဲ့ မေမေဆီကို မဒမ်က လူကြုံထည့်ပေးချင်တာ ၊ အဲဒါနဲ့ သူ့သူငယ်ချင်းရှိတဲ့ Clementi ကို သွားကြတာ၊ ထီးကနှစ်ယောက်လုံးမပါဘူး၊ အဲဒီသူငယ်ချင်းတွေအိမ်ကို ရောက်ဖို့က mrt စီးပြီး Clementi မှာဆင်းပြီး လမ်းလျှောက်ရသေးတယ်။
 မိုးတွေကဖွဲဖွဲနဲ့ ကျွန်တော်က သူ့အိမ်ကိုပေးမဲ့အထုပ်ကို စွဲလာခဲ့တယ်၊ မဒမ် မိုးရွာနေပြီ ကိုကိုငွေ နေခဲ့ရမလားလို့ မေးလိုက်ပါတယ်၊ သူကစကား ပြန်မပြောနိုင်ပါ ၊ အထုပ်တွေ လက်ဆောင်တွေ ထည့်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာပြည်မှ မိဘ မောင်ဘွားများကိုဖုန်းနဲ့ လှမ်းပြောနေပါတယ်၊ ရထားပေါ်မှာကတည်းက အတန်တန်ပြောခဲ့ပါတယ် သူငယ်ချင်းတွေအိမ်ကိုရောက်မှ ထည့်ပေးလိုက်ပြီဆိုတာကို ဖုန်းဆက်ပြီးပြောပါ အဲသလိုကျွန်တော်က တိုက်တွန်းခဲ့သေးတယ်။
အခုမိုးရွာခါနီးနေပြီ ဘယ်လိုလုပ်ရမယ်ဆိုတာကို စကားပြန်မရဘူး ဖုန်းသာ သဲသဲမဲမဲ ဆက်နေတော့ ကျွန်တော်ကလဲ စိတ်ဆိုးပြီး ဟဲ့ ထီးပါလား မိုးရွာတော့မယ် ထီးကတစ်ချောင်းထဲဆိုရင် ကိုကိုငွေမလိုက်တော့ဘူး နှစ်ယောက်လုံး ရေဆိုကုန်လိမ့်မယ်၊ အဲလိုပြောနေတုန်း မဒမ်ငွေက ကျွန်တော်ကို သေသေချာချာကြည့်ပြီး တစ်ခွန်းပြောလိုက်ပါတယ်၊ အဲဒီစကားကြောင့် ကျွန်တော်ဟာ စိတ်တိုပြီး သူ့ကျောကုန်းကို အုံး အုံး ဆိုပြီး ခပ်ဖွဖွလေး နှစ်ချက် ဆင့်ထုလိုက်ပါတယ်။ သူပြောတဲ့ စကားက “မိုးကအခုရွာပလား” တဲ့၊ မိုးရွာမှ ပြောလို့ ဘာထူးမတုန်းဗျာ မရွာခင်ပြောမှ လုပ်သင့်တာ လုပ်ထားရမှာမဟုတ်ဘူးလား။ ဖြစ်ပုံကတော့ ဒီလိုဖြစ်သွားခဲ့တာပေါ့ဗျာ။
ဟာ ဒုက္ခဘဲ ကျွန်တော်ခုမှတွေးမှိသွားတယ်၊ ကျွန်တော့်ပိုက်ဆံအိတ်က မဒမ်နဲ့ပါသွားတယ် MRT ကဒ်ထဲမှာ ငွေကနှစ်ကျပ်လောက်ဘဲကျန်တော့ ဘယ်လိုလုပ်ပြီး MRT စီးရပါလိမ့်မလဲ၊ မဒမ် ကတော့ ဒီလမ်းက မုချ ပြန်လာမှာ ၊ မိုးတွေကလဲ ကျလာပြီ ကျွန်တော် MRT ဂိတ်ဝမှာ ဟိုလျှောက် ဒီလျှောက်နဲ့ အကြံထုတ်နေတုန်း ခပ်ဝေးဝေးက ဆောင့်ဆောင့်အောင့်အောင့်နဲ့ မဒမ်ငွေတစ်ယောက် ရောက်ချလာတာကို မြင်ပြီး ကျွန်တော်ခေါင်းထဲမှာ အကြံတစ်ခု ဖြတ်ခနဲ ပေါ်လာတယ်။ 
ကျွန်တော့် နှုတ်ဖျားက ကမ္ဘာပေါ်မှာ အသံတကာတို့ထက် ချိုမြိန်သော အသံဖြင့် “ဟလို မဒမ် ကိုကိုငွေကို စိတ်ဆိုးသွားလား ကိုကိုငွေက အချစ်စမ်းတာပါ၊ အခုမိုးရွာနေတာတောင် ထီးမပါဘဲနဲ့ မင်းကိုထိုင်စောင့်နေတာ ကြည့်လေ ဒီလောက်ဆိုရင် ကိုကိုငွေ မင်းအပေါ်ထားတဲ့ မေတ္တာ ကို ခန့်မှန်းလို့ ရလောက်ပါပြ”ီ  “သွားပါ အခုမှ ထုတုန်းက ထုပြီး အပိုတွေ ပြောမနေနဲ့ ဒီကတသက်လုံး အဖေရိုက်တာတောင် မခံခဲ့ရဘူး အခုကျမှ အနှိပ်စက်ခံနေရတာ” “ အေးပါကွာ ကိုကိုငွေ မှားပါတယ်၊ နောက်မဖြစ်စေရပါဘူး ကတိပေးပါတယ’်  “နောက်လဲ အမြဲတမ်း ဒီလိုဘဲလုပ်နေမှာဘဲ မဟုတ်လား ၊ တစ်သက်လုံးစိတ်ဆင်းရဲ မခံနိုင်ဘူးနော်၊ အမြဲဒီလိုလုပ်နေမှာလား၊” “ မလုပ်ပါဘူး အခုဟာက စိတ်တအားတိုသွားလို့ပါ၊ တောင်းပန်ပါတယ်နော် သိလား၊”
ကျွန်တော်ကလဲ သူကရီးစားဦးဆိုတော့ ချော့တတ်တဲ့အတွေ့အကြုံကမရှိ၊ ဘာစားအုံးမလ၊ဲ ဘာမှမစားဘူး၊ စိတ်ဆိုးသွားလား ၊ မဆိုးပါဘူး မျက်နှာ အနေအထားသည် ၊ ကောင်းကင်ယံတွင် မိုးသားတိမ်တိုက်တို့ လွမ်းမိုးအုံ့ဆိုင်းနေသကဲ့သို့ ၊ ကျွန်တော်ချစ်သူ မျက်နှာပြင်တွင် မျက်ရေကျရန် အဆင့်သင့်အနေထားဖြင့် လွှမ်းမိုးအုံ့ဆိုင်းနေလေ၏ ငါ့နှယ်နော် ရာဇ၀င်အိုး ဒုတ်နဲ့ထိုးမှိပြီ ၊ ဘယ်နှယ့်ချော့ရပါလိမ့် ၊ အကိုကွာ မင်းကိုဟင်းချက်ကျွှေးမယ် စားမယ်မလား၊ မစားဘူး၊ အင် ဒါဆိုရင် ဖျော်ရည်ကြိတ်တိုက်မယ်၊ မသောက်ဘူး ၊ အော ဘာ စားချင်တုန်း၊ မစားဘူး၊ ရော် ကျွန်တော်မေးနေတုန်း သူ့မျက်နှာပေါ်တွင် အုံ့ဆိုင်းနေသော မျက် ရည်စတို့သည်   အတားအစီးမရှိ လူရှေ့မရှောင်သူရှေ့မရှောင် သည်းထန်စွာ မျက်ရည်မိုးတို့ ရွာသွန်းဖြိုး လေတော့သည်။
ဒီအသက်အရွယ်အထိ ဒီတခါဘဲ ဒီလိုအထုခံရဖူးတယ်၊ အဖေတောင်အဲလိုမထုဘူးဘူး သူ့နဲ့ ကျမှ အထုခံရတယ်၊ ဒါတောင် သမီးရီးစားရှိသေးတယ်၊ အိမ်ထောင်ကျရင် ဒုက္ခပေါ့၊ သူများအတွဲ တွေများ ကြင်နာလိုက်ကြတာ၊ ဒီမှာတော့ အနှိပ်စက်ခံနေရတယ်၊ ဒီပုံစံအတိုင်းဆိုရင်တော့ လက်မထပ်နိုင်ဘူး၊ စသဖြင့် စသဖြင့် ပွစိ ပွစိ ပွစိနဲ့ ဘာတွေပြောလို့ ပြောမှန်းမသိပါဘူး ၊ အဲလောက်နားပူမယ်မှန်းသိရင် ထုကိုမထုဘူး အခုတော့ ထုလဲထုပြီးပြီ ဆိုတော့ ချော့တော့ချော့ရမှာအမှန်ဘဲ။
 ကိုကိုငွေကို ပြန်ရိုက်ပါ မဒမ်ငွေ စိတ်ရှိသလောက်ရိုက် ဟုတ်ပြီလား အဲလိုကြီး မျက်နှာစူပုပ်ပြီး မနေပါနဲ့ စိတ်ထဲမကောင်းလို့ပါ မဒမ်ငွေ ငိုရင် ကိုကိုငွေ ရင်ဘတ်နာတယ် စိတ်လဲတော်တော်လေးကို မကောင်းတာပါ ကဲ ထုလေ ရိုက်လေ ဆိုပြီး ကျနော်က သူ့လက်လေးကို  ကိုင်ပြီး ကျနော့်ကျောပြင်ကို ထုခိုင်းပါတယ် မဒမ်ကတော့ မထုပါဘူး ကျနော် ဇွတ်အတင်း လက်ဆွဲပြီး ၅ ချက်လောက်ထုလိုက်ပါတယ် အဲင်္ဒီတော့မှ မဒမ်က တော်ပြီ လက်ကိုလွှတ် ပြန်မယ် လို့ပြောပါတယ် ကျနော့်အထင် မဒမ်ငွေ စိတ်နဲနဲတော့ ပြေသွားတယ် ထင်ပါတယ်။
 ဒါပေမဲ့ မနက်ဖြန် သူ့အိမ်ကို အလည်သွားပြီး သူ့ကို ချက်ကျွေးရမယ် အရုပ်လေးတစ်ရုပ်လောက် လက်ဆောင်ဝယ်ပြီး ချော့ရအုန်းမယ် ဟူးးးးး ချစ်သူချော့ရတာလဲ မလွယ်ပါလား တကယ်ပါ ချော့နည်းရေးဆိုတော့လဲ ကျနော်က ပေါက်ပေါက်မြောက်မြောက် မချော့တတ်ပါဘူး ဒီအဖြစ်ကလေးက အခုဆို ကျနော်တို့ စကားပြောတိုင်း ခဏခဏ ပါနေတဲ့ အဖြစ်ကလေးပါ “ မိုးကရွာပြီလား၊ အုန်း အုန်း ဖြစ်ချင်တာလား “ ဆိုပြီး စိတ်ကောက်တော့မယ် ဆိုရင် အဲလို စကားလမ်းကြောင်းလွှဲပြီး ပြောဖြစ်နေပါတယ်။
မဒမ်ငွေရဲ့ ရာသီဥတုက နဲနဲကောင်းလာသလို ဖြစ်လာတော့ ကျွန်တော်လည်း ကိုယ့်ကိစ္စ ကိုယ်ဆက်လုပ်ရဦင်္းမည် ဖြစ်သဖြင့် ၊ ဟဲဟဲ ကို့ချစ်သူလေး မဒမ်ငွေ ကိုယ့်ကိုပိုက်ဆံအိတ်လေး တစ်ဆိတ်လောက် ပေးစမ်းပါ ၊`ဘာလုပ်မလို့လဲ ´ ငေါတူးတူးနှင့် ကျွန်တော့်ကိုမျက်စောင်းထိုးပြီး ကြည့်ခါမေးပါ၏၊ ဟဲဟဲ ကို MRT ကဒ်ဖြည့်မလို့ မနက်ဖြန်မင်းဆီလာရင် MRT ကဒ်ကမရှိတော့ဘူးလေ ဟဲဟဲ၊ အဲဒါကြောင့်ပါ။
 `မှန်မှန်ပြော MRT ကဒ်ထဲငွေဖြည့်စရာမရှိလို့ ၊ ပိုက်ဆံအိတ်ကို စောင့်နေတာမဟုတ်လား´ အိုဘာစကားတွေလဲ်၊ မဟုတ်ရပါဘူး ကိုက မင်းတစ်ယောက်ထဲ ပြန်သွားရမှာ စိတ်မချလို့ စောင့်နေတာပါ၊ `ရော့ ပိုက်ဆံအိတ်´ ကျွန်တော် လက်အစုံဟာ လေ၏လျှင်မြန်မှုနှုန်းဖြင့် သွက်လက်စွာ မဒမ်ငွေလှမ်းပေးသော ပိုက်ဆံကိုယူပြီး MRT ကဒ်ကိုငွေဖြည့်လိုက်ပါ၏၊ ဒါဘဲနော် အိမ်အထိ လိုက်ပို့ပေးမယ် သိလား၊ မနက်ဖြန် စနေနေ့ဆိုတော့ ကိုကိုငွေလာမှ ထမင်းစားသိလား၊ ၀က်နံရိုးကြော် လုပ်ကျွေဲး့မယ်၊ pooh အရုပ်လေး ၀ယ်လာခဲ့မယ်၊ စောင့်နေနော်သိလား ၊ ကျွန်တော် တို့နှစ်ယောက် MRT ပေါ်သို့ တက်လိုက်ပါတယ်။
 မဒမ်ငွေ အိမ်နားက MRTကို ရောက်တော့ မဒမ်က ကျွန်တော့ကြောကုန်းကို ဆင်းခါနီးတွင် အုန်းအုန်းဟု နှစ်ချက်ထုသွားပါ၏၊ ကျွန်တော် ဘာမှပြန်လုပ်ချိန် မရလိုက်ပါ၊ ကျွန်တော်ဆင်းပြီး သူ့ နောက် လိုက်မယ် လို့ ကြံခါရှိသေး ၊ MRT တံခါးက ပိတ်သွားလေ၏၊ အင်း အင်း  အင်း…………ယောကျာင်္းလေးဖြစ်ရတာ မလွယ်ပါလားကွယ်တို့။
ကဲ ကိုဇော် ရေ ကျွန်တော်ကတော့ သိပ်ချော့တတ်တာမဟုတ်ဘူး၊ ချော့ကိုမချော့တတ်တာ၊ ဘယ်သူ့ကိုမှ မချော့ခဲ့ဖူးဘူး ၊အခု ရေးထားတာလေး စာအရေးအသား မပြေပြစ်ရင် ကျနော်တောင်းပန်ပါတယ်ဗျာ သူကရီးစားဦး သူကသာချစ်သူ သူနဲ့သာ လက်ထပ်တော့မှာဆိုတော့ မချော့လဲ အချိန်တန်ရင် တစ်ယောက်ယောက်က စပြီး စကားပြောတာဘဲ၊ သိပ်ပြီး အထူးချော့မနေရဘူးပေါ့ဗျာ။
 အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။



Wednesday, March 23, 2011

စစ်ကိုင်းကောင်းမှုတော် နိမိတ်ပြ

ထုံးသင်္ကန်းမှ ရွှေသင်္ကန်း သို့ ပြောင်းလဲခြင်း ခံရသည့် စစ်ကိုင်း ကောင်းမှုတော် စေတီတော်ကြီးသည် ယနေ့  ညနေ အချိန် တွင် မူလထုံးသင်္ကန်းရောင် ကို ပြန်လည် ဖူးမြော်ကြရသည် ဟု နိမိတ် ပြသည်။
ထုံးသင်္ကန်း မှ ရွှေသင်္ကန်း ကို ဥာဏ်တော်မှ စတင်ပြောင်းလဲစဉ်
မူလ ထုံးသင်္ကန်း နှင့် သပ္ပယ် တော် မူသည့် စစ်ကိုင်းကောင်းမှု တော် စေတီ
င်္င်္် Freedom News Group မှ ကူးယူဖော်ပြပါသည်။
"စစ်ကိုင်း က လူတွေ ပြောပြောနေကြတယ်. ဘုရားက ညဘက် နဲ့ မနက် မိုးလင်းတွေ မှာ ဆိုရင် ထုံးသင်္ကန်း ပြန်ဖြစ်နေတယ်ဆိုတာ ထင်တယ်။ ညနေ ၀င်ရီတတောရာ ဘုရာကို အရှေ့ ဘက်က ကြည့်ရင် ထုံးသင်္ကန်း နဲ့  ဘုရား နား က လူတွေက ထုံးသင်္ကန်း နဲ့ ပဲ ကြည့် ခဲ့တာ ကြာတော့ ရွှေ့ ကို မမြင် တော့ ပဲ Illusion ဖြစ်တာ လို့  မုံရွာ တက္ကသိုလ်က ပြောတယ်" ကွန်မန့်တစ်ခုပါ။

Saturday, March 12, 2011

EP and S Pass အခြေခံလစာ လိုအပ်ချက်များ တိုးမြှင့်

Local ဝန်ထမ်းများ၊ အလုပ်သမားများ၏ ဝင်ငွေလစာတိုးတက်မှုများအတွက် အားပေးအားမြှောက်ပြုသည့် အနေဖြင့်သော်လည်းကောင်း အလုပ်ရှင် Company များအတွက် ပိုမိုကောင်းမွန်အရည်အချင်းပြည့်ဝသော နိုင်ငံခြားသား ကျွမ်းကျင်အလုပ်သမား ဝန်ထမ်းများ ရွေးချယ် ခန့်ထားနိုင်ရန်ရည်ရွယ်၍ လည်းကောင်း EP နှင့် S Pass အခြေခံလစာလိုအပ်ချက်များကို အလုပ်သမားဝန်ကြီးဌာန (MOM)က တိုးမြှင့် မည်ဖြစ်ကြောင်း  သိရှရပါသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ အဆိုပါ စည်းမျဉ်းအသစ်သည် စတင်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပြီး Spass အတွက် အခြေခံ လစာ လိုအပ်ချက်မှာ ယခင် S$1800 မှ S$2000 ကို၎င်း၊ EP အမျိုးအစားများဖြစ်သည့် Q1, P2 နှင့် P1 များအတွက် S$2800 , S$4000 နှင့် S$8000 အသီးသီးတိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Gan  Kim Yongကမနေ့က ပါလီမန်တွင် ပြုလုပ်နေသည့် ဝန်ကြီးဌာန Budget Debate အတွင်းကြေငြာသွားခြင်းဖြစ်သည်။

ယခုလက်ရှိကိုင်ဆောင်ထားသော EP နှင့် S Pass ဝန်ထမ်းများအနေဖြင့် နောက်တစ်ကြိမ် ယခင်စည်းမျဉ်းအတိုင်း ၁ နှစ်မှ ၂ နှစ်အထိ သတ်တမ်းတိုးခွင့်ပြုမည်ဖြစ်ပြီး၊ နောက်ပိုင်းသတ်တမ်းတိုးမှု များအတွက်ကိုမူ စည်မျဉ်းစည်းကမ်းအသစ်များဖြစ်သာဆက်လက် ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးကဆက်လက်ပြောကြားသွားသည်။

အဆိုပါ စည်းမျဉ်းအသစ်၊ အခြားသော နိုင်ငံခြားသား အလုပ်သမားများကိစ္စများ နှင့် နိုင်ငံခြားသား
အလုပ်ကမားများ၏ အရည်အသွေး စသည်တို့ကို ပါလီမန်အမတ်များမှာ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးအနေဖြင့် အမတ်များ၏ သဘောထားတင်ပြချက်များဖြစ်သည့် ကျွမ်းကျင် နိုင်ငံခြားသား အလုပ်သမားဝန်ထမ်းများနှင့် ပြည်တွင်း ကျွမ်းကျင် အလုပ်သမားဝန်ထမ်းများအကြား အလုပ်ရရှိမှုအတွက် ယှဉ်ပြိုင်ရမှုများရှိသည်ကို အသိအမှတ်ပြု နားလည်သဘောပေါက်ကြောင်း သို့သော် စင်္ကာပူအနေဖြင့် နိုင်ငံခြားသား ကျွမ်းကျင်သူများ ကိုတံခါးပိတ်၍ မဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားသွားပါသည်။


-----------------------------------------------------------------------------------------------------------------------------------------

အထက်ပါသတင်းတိုသည် 10/03/2011 ယနေ့ထုတ် TODAY Newspaper တွင် သတင်းထောက် Esther Ng ရေးသားချက် အပေါ် အတိုချုံး၍ ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ဘာသာပြန်မှု အဓိပ္ပါယ် အနည်းငယ် လွဲချော်နေခြင်းရှိခဲ့ပါလျှင် နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ကျနော့်အထင်ဖြင့် လာမည့်စနေ့နေ့ ထုတ် The Strait Time သတင်းစာတွင်၎င်း သတင်းနှင့် ပတ်သတ်သည့် သုံးသပ်ချက် အပြည့်အစုံ ထွက်ရှိလာနိုင်ဖွယ် ရှိပါသည်။ အကယ်၍ ထွက်ရှိလာပါက နောက်ဆက်တွဲအဖြင့် ကြိုးစားဖော်ပြပေးသွားပါမည်။ အထက်ပါသတင်းကို မည်သည့် website တွင်မဆို credit ပေး၍ ဖော်ပြခွင့်ပြုပါသည်။

Myanmar in Singapore မှ ဖတ်ရတာလေး တင်လိုက်တာပါ  သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပါ ဆားချက်လိုက်တာပါ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ လို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ်။


Monday, March 7, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက် (၂)

အဲဒါတွေကိုသိမှလဲ ကိုယ်ပန်းပင်လေးတွေဟာ ဘာကိုလိုအပ်တယ် ၊ ဘာကြောင့်ဒီ လိုဖြစ်တယ်ဆိုတာ သိမယ်လေကွာ ။ သစ္စာပန်းကို စိုက်တဲ့နေရာမှာ အများ အားဖြင့် သဲမြေ ၊ နုန်းစနယ်မြေ အဲလိုမြေနှစ်ခုမှာဘဲ စိုက်တာများတယ်ညီရဲ့ ၊ သဲမြေဆိုရင် မြေသြဇာမကြာခဏ ထည့်ပေးရတယ်ညီရဲ့ ၊ နုန်းစနယ်မြေဆိုရင်တော့ နဲနဲဘဲထည့်ရတယ်ညီ မထည့်လဲရတယ် ၊ နုန်းစနယ်မှာ စိုက်တဲ့ သစ္စာပန်းမိခင်ဥမကြီးမှာ Organic နဲ့  Inorganic ဒြပ်တွေ ပါဝင်နေတော့  အပင်ဟာ အလိုလိုရှင်သန်ကြီးထွားတယ်ညီ ၊ မြေသြဇာ အာနိသင်ကိုတော့ ဆောင်းရာ သီမှာပဲ တွေ့ရလေ့ရှိတယ်ညီ ။
ပန်းပင်လေးဖြစ်လာပြီဆိုရင်တော့ ဒီအတိုင်းထားလို့မဖြစ်သေးဘူးညီ ပန်းပင်ဟာ ခလေးလေးလိုဘဲ အမြဲတစေ ဂရုစိုက်နေရတယ် ၊ N (နိုက်ဒရိုဂျင်) ချို့တဲ့ရင် ပန်းပင်လေးတွေဟာ အပွင့်နဲလာမယ် ၊ ပန်းခိုင်နဲလာမယ် ၊ အရွက်တွေဟာ အစိမ်းရောင် ဖျော့လာနေမယ်ညီ ၊ K (ပိုတတ်ဆီယမ်) ချိ့လာ ပြီဆိုရင်တော့ အဖူးအပွင့်နည်းမယ် ၊ ပန်းခိုင်နည်းမယ် ၊ ပန်းပွင့်မှုနောက်ကျမယ် ၊ အရွက်အကြော တွေဝါနေမယ်။
 Ca (ကယ်လ်လစီယမ်) ချို့တဲ့ရင်တော့ ဒုတိယနဲ့ တတိယ ပန်းပွင့်တွေအောက်က ရိုးတံမှာ အက်ကွဲနေတတ်တယ်ကွ ၊ အဲသိပ်ချို့တဲမှုတွေ များလာပြီဆိုရင်တော့ ပွင့်ဖူးအက်တာမျိုး ပုတ်တာမျိုးတွေကို ထင်ထင်ရှားရှားတွေ့လာတတ်တယ် ၊ Fe (သံဓာတ်) ချို့တဲ့လာပြီဆိုရင်တော့ အရွတ်နု အကြောများကြားမှာ အ၀ါရောင်အကွတ်တွေ ဖြစ်နေတယ် ညီရ ၊ Mg (မဂ္ဂဆီယမ်) ချို့ တဲ့လာပြီ ဆိုရင်တော့ အရွက်ရင့် အကြောများကြားမှာ အ၀ါရောင် အကွတ်လေးတွေဖြစ်နေ တတ် ပြန်ရောကွ ၊ Bo (ဗိုရွန်) ချို့ရင်တော့ အရွက်အနားလေးတွေ ကွဲလာမယ် ၊ ပုံသဏ္ဍာန်မမှန်တဲ့ အ ရွက်တွေ ထွက်လာမယ် ၊ ပုတွန့်လိန်တဲ့ ပန်းတွေဖြစ်နေမယ် ၊ ဒါဆိုတော့ရင်တော့ ဗိုရွန်ချို့တဲ့နေပြီ ဆိုတာ ကြိန်းသေတယ်ညီ။
နောက်တခုက ပန်းတွေစိုက်ခင်မှာ ခပ်စိပ်စိပ် စိုက်ပျိုးမှိတာ ၊ အမြစ် တွေကို ထိခိုက်မှိတဲ့အခါ ရေ၀ပ်နေတဲ့ အခါတွေမှာတော့ ၊ အရွက်တွေဟာ အညိုရောင် ပြောင်းသွားတတ်တဲ့ညီရဲ့ ၊ ဒါကြောင့် သစ္စာပန်းစိုက်တဲ့လူဟာ မျိုးဥတွေကို မျိုးကောင်းမျိုးသန့်ကို ရွေး ချယ်ဝယ်ယူဘို့တော့ အရမ်းလိုအပ်တယ် ၊ ညီလဲပန်းချစ်တဲ့လူဆိုတော့ ဘုရားပန်းဝယ်တဲ့အခါ ပန်းပွင့်တွေကိုကြည့်ပြီး ဒါဘာတွေချို့တဲ့နေတယ်ဆိုတာ မှန်းဆပြီး အဲလိုအပြစ်အနာဆာ ကင်းတဲ့ ပန်း တွေကို ၀ယ်ယူမှ ရေရှည်ခံတယ်ညီ ၊ အပြစ်အနာဆာကင်းတဲ့ ပန်းတပွင့်ဆိုတာ အထက်ပါအကြောင်းရာတွေနဲ့ ကင်းလွတ်နေမှ အပြစ်နာဆာကင်းတဲ့ ပန်းတပွင့် ပန်းတခိုင် ပန်းတပင်ဖြစ်တယ် ညီ ။
နောက်တခုက သစ္စာပန်းတွေဟာ အခြားပန်းနဲ့မတူဘူး အခြားပန်းတွေဟာ အဟာရဖြည့်ဆည်း တဲ့အခါ မိမိကြိုက်သလို ဖြည့်ဆည်းလို့ရတယ် ၊ သစ္စာပန်းကြတော့ အဲလိုမရဘူးညီ စနစ်တကျ လေးကြိမ်ကြိမ်ကျွေးရတယ် ။ အပင်မပေါက်မှီ ၊ အရွက်လေးတွေ ၂-၃ရွက်ထွက်လာချိန်ရယ် ၊ အ ရွက်ကြားမှာ ပန်းခိုင်လေးတွေထွက် လာချိန်ရယ် ၊ ပန်းပွင့်ပြီး နှစ်ပါတ်အကြာမှာရယ် အဲသလိုသူ့ အချိန်နဲ့ သူလိုအပ်သလို ကျွေးသွားရတယ်။
 ပန်းပွင့်ချိန်မှ ကျွေးရတာကတော့ မျိုးဥကြီးထွားဖို့နဲ့ ဥသိမ်လေးတွေ ထွက်လာနိုင်အောင်လို့ပါပဲ ၊ မမှန်မကန် မြေသြဇာ ကျွေးမှိရင်တော့ ပန်းမပွင့်တော့ဘူးညီ ၊ အပင်လေးတွေ စိတ်ဆိုးကုန်တယ်ထင်တယ် ၊ မြေသြဇာကို စနစ်တကျကျွေးရင်တော့  အပင်တွေဟာ တအားသန်တယ် အပွင့်မှန်တယ် အဲလိုဖြစ်လာပြီဆိုရင် တိုင်လေးတွေကို အပင်ဘေးမှာ စိုက်ပေးရတယ် ၊ ဘာလို့ဆိုရင် အကို့ခြံက လေတိုက်တယ်ကွ။
 တချို့နေရာတွေကျတော့ လေကမတိုက်ဘူးလေ ၊ လေမတိုက်တဲ့ဒေသတွေမှာတော့ တိုင်စိုက်ဖို့ မလိုအပ်ဘူးသိလားညီ ၊ သစ္စာပန်းစိုက်ရတာဟာ ခလေးလေးကို မွေးရသလိုဘဲညီ အယုအယသိပ်ခံတဲ့ ပန်းညီရဲ့ ၊ တချို့က စိုက်တော့ စိုက်တယ် အပင်လောက်ဖြစ်ပြီး အဖူးမဖူးတာ ၊ ဖူးတော့ဖူးပါရဲ့ မပွင့်တာ အဲလိုတွေ ခြံသမားတွေ ခဏခဏကြုံလို့ မွဲသွားတဲ့ ပန်းတောင်သူတွေလဲ ရှိတယ်ညီရဲ့ ။
နောက်ပြီး ပန်းမပွင့်နိုင်တဲ့အကြောင်း ငါးချက်လောက်ရှိသေးတယ်ညီရဲ့၊ ခြောက်သွေ့ရင် ပန်းမပွင့် နိုင်ဘူးညီ ၊ နွေဦးရာသီမှာ စိုက်ရင်တော့ ခြောက်သွေ့မှုဖြစ်ပြီး အပင်ကြီးထွားမှု ရပ်သွားတန့် သွား တာညီ ၊ နွေဦးရာသီမှာ (ဆောင်းအကုန်) မှာ နေ့တာတိုတာရော ၊ အာဟာရ ချို့တဲ့လို့ရော အစို လုံလောက်စွာ မရတာရော အဲဒါတွေစုပေါင်းပြီး ၊ ခြောက်သွေ့မှုဖြစ်တာညီ ။
ခြောက်သွေ့မှုဖြစ်တာနဲ့ တန်းပြီးတော့ အာဟာရချို့တာဘဲ ၊ အာဟာရကြောင့် ခြောက်သွေ့မှုဖြစ် နိုင်သလို ၊ ခြောက်သွေ့မှုကြောင့်လဲအာဟာရ ပြတ်သွားတတ်တယ်ညီ ၊ မြေကြီးရဲ့ အစိုဓာတ်နဲ့ ပန်းမပွင့်တာကလဲ စပ်ဆက်နေတာဘဲညီရဲ့ မြေကြီးမှာ အစိုဓာတ်မရှိရင် ပန်းကမပွင့်နိုင်ပြန်ဘူး ၊ ဆောင်းရာသီမှာ အကြောင်းမဟုတ်ပေမဲ့ အခြားရာသီတွေမှာ ခြောက်တခါ စိုတလှည့်ဖြစ်နေရင် တော့ မြေအစိုဓာတ်ရရှိမှုကို အဟန့်အတားဖြစ်ပြီး ပန်းမပွင့်နိုင်ဘူးညီ။
 နောက်တခုက အဟာရချို့တဲ့ချိန်နဲ့ အပူချိန်မြင့်နေတဲ့ ကာလမျိုးတိုက်ဆိုင် နေပြန်ရင်လဲ ပန်းမပွင့်ပြန်ဘူးကွ ၊ အဲသလိုဖြစ်ရ တာလဲ အမြစ်မှာဒဏ်ရာရမှုက စတယ်ညီ ၊ အမြစ်မှာ ဒဏ်ရာရနေတော့ အတွင်းပိုင်းက အာဟာရ စားသုံးနိုင်သလောက် အပြင်ကအာဟာရ စုပ်ယူနိုင်မှု လျော့နည်းနေတာကြောင့် ပန်းမပွင့်နိုင်ဘူး ညီ ၊ နောက်တမျိုးက မျိုးဆက်နဲ့ဆိုင်တယ်ညီ ၊ အလင်းရောင်နဲ့ အပူချိန်က မျိုးကိုလိုက်ပြီး ခံနိုင် ရည် အနဲအများ ဖြစ်နေတာကွ ၊ ဒါကြောင့် မျိုးညံ့တာကိုစိုက်မှိရင် ပန်းမပွင့်နိုင်ဘူး ၊ မျိုးကောင်းရင် အပူဒဏ်ခံနိုင်တယ် ၊ အလင်းဒဏ်ခံနိုင်တယ် ၊ ပန်းတွေလဲအများကြီး ပွင့်နိုင်သပေါ့ကွာ ။
နောက်တခါ ပန်းပွင့်ရတဲ့ အကြောင်းတွေပြောပြအုံးမယ်ညီ ၊ ပန်းပွင့်တာဟာ နေ့တာရှည်တာ တိုတာနဲ့ စပ်ဆက်တယ်ညီ ၊ နေ့တာတိုခဲ့ရင် ပန်းတွေဟာ မပွင့်ပဲအငုံ အတိုင်းရှိနေရာက ပျက်ဆီး သွားတယ် ၊ ပန်းပွင့်ခိုင်လဲ နဲသွားတတ်တယ် ၊ ဒါကြောင့်ပုံမှန်အတိုင်း ပွင့်ဖို့နေ့တာရှည်ဘို့ လိုတယ် ညီ ၊ သစ္စာပန်းကို နေ့အလင်းရောင် (Day light) ၈နာရီပေးမယ်ဆိုရင် ၁၃ဒဿမ ၂ရာခိုင်နှုန်းသာ ပန်းပွင့်ပြီး ၈၉ဒဿမ ၈ရာခိုင်နှုန်းက ပျက်ဆီးသွားတယ်။
နေ့အလင်းရောင် ၁၀နာရီပေးမယ်ဆိုရင် ၅၀ရာခိုင်နှုန်းကပွင့်ပြီး ၅၂ဒဿမ ၉ရာခိုင်နှုန်းပျက်ဆီးတယ်ညီ ၊ နေ့အလင်းရောင် ၁၂နာရီပေး မယ်ဆိုရင်တော့ ၊ ၁၀၀ရာခိုင်နှုန်းပန်းပွင့်တာကို တွေ့ရတယ်ညီ ၊ မူမှန်တဲ့သစ္စာပန်းကို ရဖို့အတွက် နေ့အလင်းရောင်၁၂နာရီ ရဘို့လိုအပ်တယ် ၊ ၁၂နာရီအလင်းရောင် ရတိုင်းတော့ ပန်းကောင်းကိုမရပါဘူးညီ ၊ နေရောင်ခြည်အပြင်း အပျော့ပေါ်မူတည်သေးတယ် ၊ အလင်းအားသိနဲတယ်ဆိုရင် တော့ ပန်းပွင့်မှုက အားနဲသွားတတ်ပြန်ရောကွ ၊ အလင်းအားနဲရင် လူတွေက ပြုပြင်ဖန်တီးပေးရ တယ် ၊ အဲလိုပြုပြင်မယ်ဆိုရင် (40 Iwa) လိုအပ်တယ်ညီ ။
သစ္စာပန်းဟာ အမျိုးပေါင်း (၁၀၀၀၀)ကျော်ရှိတယ်လို့ မှတ်တမ်းတွေမှာဆိုတယ်ညီရဲ့ ၊ အကိုသိသ လောက်ပြောရရင် ဆောင်းစိုက်မျိုးထဲက white friendship T.1200. (white),friendship. Pink parade(pink). Traveler(rose),valeria,Intripid,red Majesty (scurlot or red),Jacksonville Good,Jester,T.590,Gold Field (yellow), Beverly Ann,T.704 (lavender), spic and span, Flamingo (salmon) and peter pears (Orange) ဒါတွေကတော့ ဆောင်းတွင်းမှာသာ စိုက်ပျိုး ရတဲ့မျိုးတွေဘဲညီ ဒါကအကို သိသလောက်ပြောတာကွ ၊ အဲဒီပန်းမျိုးတွေအားလုံးဟာ အဖူးမပွင့် ခင် ခူးနိုင်တယ်ညီ ၊ ရောင်းချချိန်မှာပွင့်တယ် ၊ နေ့တာအတိုအရှည်နဲ့ အပူ့ချိန်တုန့်ပြန်မှု အခြား မျိုး တွေထက် နည်းတယ် ၊ ရာသီဥတု လွှမ်းမိုးမှုကိုလဲ မခံရဘူးညီရဲ့ ၊ ပန်းတခိုင်မှာ ၁၆ပွင့်ထိ ပွင့်နိုင် တယ်ညီ ။
မြောက်ပိုင်းဒေသ တွေမှာတော့ Impala,Kings, Ranson(Red),spring song, Tryelove(pink), White prosperity, Moming bride (white), lemon lime,Goldm scepter,Goldem Harvest (yellow), အဲလိုပန်းမျိုးတွေ စိုက်ကြတယ်ညီရဲ့ ၊ အခုပြောတဲ့ အခေါ်အဝေါ်တွေကို ဥယျာဉ်စိုက်တဲ့ လူတွေမသိဘူးညီရဲ့ ၊ လူတော်တော်များများက လူများလုပ်လို့ လိုက်လုပ်တာဘဲရှိတာလေညီရယ် တကယ့်ကိုယ် ၀ါသနာအရင်းခံနဲ့ လုပ်တဲ့သူဆိုတာ ရှားတယ် ၊ ဒီဒေသတွေမှာတော့ ဥယျာဉ်သမား တွေကို ပန်းမျိုးတွေကို နှစ်မျိုးခွဲလိုက်ကြတယ်ကွ ၊ ဒီမှာအခေါ်ကတော့ နုတ်ခမ်းတွန့်တဲ့ ပန်းမျိုး ကိုတော့(အနားတွန့်) မျိုးတဲ့ ၊ နုတ်ခမ်းမတွန့်တဲ့ပန်းမျိုးကိုတော့ (အနားမတွန့်)တဲ့ညီ။
နုတ်ခမ်းတွန့်မျိုးမှာ သလဲနီ၊ အဖြူ ၊ ၀ါတာပြာ ၊ ရွှေကြားဝါ ၊ ပန်းဆီ ၊ အစိမ်း ၊ စတော်ဘယ်ရီ ၊ အဲဒီ ပန်းတွေပါဝင်တယ်ညီ ၊ နုတ်ခမ်းမတွန့်မျိုး  ကြပြန်တော့  အပြာ ၊ ပြည်ဝါ ၊ ခရမ်း ၊ ပတ္တမြား ၊ ဆိုပြီး အရောင်တွေ ထပ်ခွဲလိုက်တယ် ၊ ဒီနေရာမှာထူးခြားတာ တခုကတော့ ပတ္တမြားနီဆိုတဲ့ ပန်းမျိုးကို မြန်မာတနိုင်ငံလုံးမှာ ပြည်မြို့တခုဘဲ ရောင်းတန်းဝင်တဲ့အထိ စိုက်ပျိုးလို့ရတယ်ညီ ၊ ပြင်ဦးလွင်မှာ တောင် ဒီပတ္တမြားနီ ပန်းမျိုးကို စိုက်ပျိုးလို့မအောင်မြင်ဘူး ၊ ဒါကြောင့် ဒီကပတ္တမြားနီတွေကို အဲဒီ ကိုပို့ပြီး ဖြန့်ဖြူးပေးနေရတယ် ၊ ဈေးလဲအကောင်းဆုံးဘဲ ညီရ ။
သစ္စာပန်းရဲ့အားနည်းချက်ဟာ ရနံ့မရှိတာဘဲညီ နောက်တခုက ဘယ်ပန်းတွေမှာမှမရှိတဲ့ အဖိုအင်္ဂါ အမအင်္ဂါဟာ သစ္စာပန်းမှာရှိနေတယ်ညီ ၊ ဒါကြောင့် မျိုးစပ်လို့သိပ်ကောင်းတယ် ၊ နိုင်ငံခြားတွေမှာ ရုက္ခဗေဒပညာရပ်ကို လက်တွေ့မျိုးစပ်ဖို့သင်ကြားပြီဆိုရင် သစ္စာပန်းနဲ့သာ လက်တွေ့သင်ကြားကြ တယ်ညီရဲ့ ။
 အနံကင်းနေတာကိုတော့ ယနေ့တိုင် ဘယ်ပညာရှင်ကမှ အနံရှိတဲ့သစ္စာပန်း မျိုးဆက် ကိုမဖန်တီးနိုင်သေးဘူး ၊ သုတေသန စာတမ်းတခုမှာတော့ အမေရိက တောင်ပိုင်းမှာ အလေ့ကျ ပေါက်နေတဲ့ သစ္စာပန်းရိုင်းတွေမှာ ရနံ့ရှိနေတယ်လို့ ဆိုတယ်ကွ ၊ အဲသည်ပန်းရိုင်းတွေနဲ့ မျိုးစပ် ကြမယ်ဆိုရင်တော့ တနေ့မှာ ရနံ့သင်းတဲ့ သစ္စာပန်းကိုရလိမ့်မယ်လို့ အကိုကတော့ မျှော်လင့်နေမှိ တာဘဲကွာ ။
သစ္စာပန်းကို မျိုးစပြီး စပ်ခဲ့တဲ့လူက Manchesterတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး W.Herbet ကွ သူက သစ္စာပန်းမျိုးဆက်သစ်ကို ပထမဦးဆုံး စစပ်ခဲ့တာပေါ့ ၊ သစ္စာပန်းရဲ့ မူရင်းမျိုးဟာ အ၀ါ ရောင်ညီရ “Natalensis (Primulinus)”လို့ခေါ်တယ် ၊ အဲဒီကနေစပြီး အပွင့်ကြီးမျိုးကို မျိုးစပ်ရာက နေ ၊ တဖြေးဖြေး အရောင်သွေးစုံလင်တဲ့ ပန်းမျိုးတွေရလာတာပဲ ၊ အဲဒီမျိုးကနေ ရလာတဲ့ မျိုးဆက် တချို့နဲ့ပဲ “Prins” အပွင့်သေးမျိုးကို ထပ်ပြီးစမ်းသပ်အောင်မြင်ခဲ့တာဘဲ ။
သစ္စာပန်းမျိုး အကြောင်းပြောရင် အများကြီးဟ ၊ ဟော်လန်အပွင့်ကြီး အမျိုးအကြောင်းကို ပြောပြမယ်ညီ ၊ ကိုယ်တို့နိုင်ငံမှာ အများစု စိုက်ပျိုးရောင်းချနေတာက အဲဒီဟော်လန်အပွင့် ကြီး မျိုးဘဲညီရဲ့ ၊ ဒီပန်းမျိုးကို မြန်မာပြည်မှာ စိုက်တယ် ၊ မြန်မာပြည်မှာဘဲ မျိုးပွားတယ် အကိုတောင် လေးခါရှိပြီ မျိုးပွားလိုက်တာ ၊ ဒီပန်းမျိုးကို ၁၉၅၉-၁၉၇၀ တ၀ိုက်မှာ  ပြည်ဦးလွင်တောင်ဖက်မှာ နေတဲ့ ဦးဘသွယ်က ဟော်လန်နိုင်ငံက( Polyploid ) ကို တိုက်ရိုက်မှာယူ စတင်စိုက်ပျိုးရာကနေ ဟော်လန် သစ္စာပန်းလို့ မြန်မာမှုပြုလိုက်တာညီရဲ့ ၊ အနားတွန့် အပွင့်ကြီးတဲ့ ပန်းမျိုးတွေဆိုရင် ဟော်လန်သစ္စာလို့ သိမ်းကျုံးခေါ်ကြတော့တာဘဲ ။
ရိုးရိုးမြန်မာ အပွင့်သေးမျိုး (အမ)နဲ့ ဟော်လန်အပွင့်ကြီး (အဖို)မျိုးစပ်ရင် မျိုးအောင်တယ်ညီ ၊ မျိုး စေ့ရတယ် အပင်ပေါက်ဖို့မသေချာဘူး ၊ အပွင့်ကြီး ဟော်လန်(အမ)နဲ့ အပွင့်သေးမျိုး(အဖို)မျိုးစပ် ရင်တော့ မျိုးအောင်တယ် ၊ မျိုးစေ့ရတယ် အပင်ပေါက်တာသေချာတယ် ၊ ဟော်လန်အချင်းချင်းစပ် ရင်တော့ မျိုးမအောင်ဘူးညီ ၊ အဲလိုမျိုးစပ်ရင်းကနေ ကိုတို့ခြံထဲမှာ ကြောင်ကြောင်ကြားကြား ချစ် စဘွယ် သစ္စာပန်းလေးတွေ ရလာတာဘဲ ၊ မျိုးစပ်တာက ညီရယ် အရောင်လှဖို့နဲ့ ပင်စည်ကြီးလာ အောင် ၊ ပန်းခိုင်များအောင် ၊ ရောဂါဒဏ် ခံနိုင်အောင် ဒါတွေအတွက် စပ်တာပါ ၊ သူများစပ်ပြီးသား စိုက်လဲရတယ် ၊ အကိုက လူပျိုကြီးဆိုတော့ မျိုးစပ်သိပ်ဝါသနာပါတယ် ဟားဟားဟား ။
ပန်းစိုက်ရင် ရောဂါအကြောင်းကလဲ သိထားမှညီ ၊ အကိုစိုက်စတုန်းက ခဏခဏ ရှုံးတယ် ပန်းခုတ် ဘို့ ရက်နီးမှ ပန်းဖျက်ပိုးကျတာခံရလို့ ၊ သစ္စာပန်းက အရောင်အသွေးတင် စုံတာမဟုတ်ဘူးညီ ရောဂါလဲ တော်တော်စုံတဲ့ ပန်းဟ ၊ အပင်အခြေနေ အရွတ်အနေထား တွေကြည့်ပြီး ဘာပိုးတွေ ဖြစ်နေတယ် ၊ ဘာနဲ့ကာကွယ်ရမယ်ဆိုတာ သိရတယ် ၊ တချို့က အတွေ့အကြုံမရှိတော့ ကျနေတဲ့ ရောဂါကတခု ထည့်လိုက်တဲ့ဆေးက တမျိုးဆိုတော့ ငွေကုန်လူပန်းပြီး အချည်းအနှီး ဖြစ်ကုန်တယ် ညီ ။
ကြီးထွားနေတဲ့ အရွက်တွေ ၊ အပွင့်တွေကို တွေမှာ ပျားတွေစုပ် စားပိုးတွေကျလာရင် ယေဘုယျအား ဖြင့် Aphid လို့သက်မှတ်ထားရတယ် ၊ ဒီကောင်က ဗိုင်းရပ်တွေလဲ သယ်လာတယ် ၊ အပွင့်တွေ အရွတ်တွေမှာ ပင့်ကူအိပ်လေးတွေလို လာဖွဲ့တယ် ၊ ပန်းမစိုက်ပျိုးခင်ကတည်းက စိုက်မဲ့မြောင်း တွေထဲကို Malathion, Dimethoate,Entosulphan (ဒါမှမဟုတ်) Albicarb granyles တွေနဲ့ မစိုက်ခင် ကြိုတင်ထည့်ပေးပြီးကာကွယ်လို့ရတယ်ညီ။
Trips လို့ခေါ်တဲ့ ပိုးတမျိုးကျ ရင်တော့ ပန်းလေးတွေမှာ အနာစက်ခလေးတွေ ဖြစ်လာတယ်ညီ ၊ အဲဒါဆိုရင် Diazinon,Monocrotphos,Acerhate ဆေးတွေနဲ့ ပေါင်းမြက်ရှင်းချိန်မှာ ကာကွယ်နိုင် တယ်ကွ။
အပင်စပေါက်တဲ့ အချိန်က အရွက်နှစ်ရွက် ထွက်ချိန်ထိရယ် ၊ ပန်းခိုင်အဖူး စထွက်ချိန်ထိရယ်၊ ပန်းခိုင်က အောက်ဆုံးပန်းပွင့်စပြီး ထွက်ချိန်ရယ် အရွတ်နဲ့ အပွင့်ကိုကိုက်ဖြတ် စားသောက်တတ် တဲ့၊ “ဖြတ်ပိုး” အန္တရာယ်ကို သတိထားရတယ်ညီ၊ Bacillus churingiensis. Monocrotophos. Trichorotor ဆေးမှုန့်ဖြန်းပြီးကာကွယ် နိုင်တယ်ညီရဲ့။
Metes ပိုးကတော့ မျိုးစိတ်နှစ်စိတ်လောက်သာ ဖျက်ဆီးတော့ စီးပွားရေးကို မထိခိုက်ဘူးညီ၊ Nem atodes ပိုးတွေကတော့ Root Knot nematode သာဖျက်ဆီးတတ်တယ် ၊ ဥတွေကိုရေနွေးစိမ်တာ တို့ ၊ မြေငွေ့မှိုင်းတိုက်တာတို့၊ မြေငွေ့မှိုင်းတိုက်ခြင်းနဲ့ ကာကွယ်နိုင်တယ်ညီ။
အခုပြောတာက အပင်မှာ ကျတတ်တဲ့ပိုးကိုသာ ပြောပြခဲ့တာညီ အပွင့်နဲ့အဖူးကို သီးသန့်ဖျက်ဆီး ကျရောက်တတ်တဲ့ ပိုးတွေရှိသေးတယ်ညီရ၊ Botrytis Blight (sotrytis gladiolorun) ရောဂါဟာ အပွင့်နဲ့ အရွတ်ကိုဖျက်ဆီးတယ်ညီ၊ အေးပြီးစွတ်စိုတဲ့ ရာသီဥတုမှာ ရောဂါပြန့်ပွားချိန်မို့ သတိထား ကာကွယ်ရတယ်၊ ဒီရောဂါကျလာပြီဆိုရင် အရွက်မျက်နှာပြင်တဖက်မှ အညိုရောင် ဒါမှမဟုတ် မီးခိုး ရောင် အစက်အပြောက်တွေပေါ်လာတယ်၊ ရောဂါသိပ်ဆိုးဝါးလာပြီဆိုရင်တော့ အရွတ်ရဲ့မျက်နှာပြင်နှစ်ခုလုံးမှာ တွေ့ရတတ်တယ်ညီ၊ ရေစိုနာကွက်ကြီး တွေဟာလဲ ပွင့်ဖက်(Petals) ပေါ်မှာတွေ့ ရတယ်ညီ၊ အဲဒီရေစိုနာ ကွတ်ကြီးတွေဟာ မီခိုးရောင်အမျှင်တွေ အဖြစ်ပြောင်းသွားတယ်၊ အဲဒီရောဂါကို Maneb(Which Zinc)နဲ့ Benomyl ဆေးတွေပက်ဖြန်းပေးရတယ်။
ပူနွေးစိုစွတ်စိုတဲ့ ရာသီမှာတော့ Curvularia Blight ရောဂါပိုးကျရောက် တတ်တယ် ၊ ဒီပိုးဟာ အရွတ်တွေကနေ တဆင့် ပန်းတွေကို ကူးစက်သွားတယ်၊ ဥသိမ်လေးတွေ မြေပေါ်ထွက်စ အခြောင့်လေးတွေကို ဖျက်ဆီးပြစ်တယ်၊ Moneb and Chlorothalonil တွေနဲ့သုံးပြီး နှိမ်နှင်းရင် ထိရောက်တယ်ညီ။
Bacterial leaf and neck rots, Pseudomonas marginata and Xanthomonas gummisudans လို့ခေါ်တဲ့ရောဂါကတော့ ပူနွေးတဲ့ မိုးရာသီတွေမှာ ဖြစ်တတ်တယ်ညီရဲ့၊ ထိထိ ရောက်ရောက် ကာကွယ်နည်းမရှိသေးဘူး၊ ဒါပေမဲ့ ပေါင်းမြက်တွေကို နိုင်အောင်ရှင်းပေးရင်တော့ ဒီရောဂါဟာ အဖြစ်နည်းပါတယ်ညီ။
အေးပြီးစိုစွတ်တဲ့ ရာသီမှာတော့ Stromatinda dry rot ရောဂါကျရောက်တတ်တယ်၊ ရောဂါဖြစ် လာပြီဆိုရင် ဥအပေါ်ပိုင်းမှာ အညိုရောင် အသားလျှာ (Lissue)တွေဖြစ်နေပြီး စူးရှတဲ့မှိုနံ့လည်း ထွက်နေတတ်တယ်ညီ၊ အရွက်အောက်ခြေကြားမှာ အနက်ရောင် Sclerotia တွေကိုမြင်ရတယ်ညီ ရဲ့၊ ပန်းဥကြီးရယ်၊ ဥသိမ်တွေရယ်ကို ရေနွေးပူစိပ်ခြင်း၊ မြေမှိုင်းတိုက်ခြင်း၊ စိုက်ခင်းထဲမှာ Dicjloran ဆေးထည့်ပြီး မွှေပေးခြင်းတွေနဲ့ ကာကွယ်နိုင်တယ်ကွ၊ ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ဖူး တဲ့ မြေမှာ ပန်းထပ်မစိုက်တာ အကောင်းဆုံးဘဲညီ။
နောက်တခု ညီလေးကိုပြောပြအုံးမယ် မင်း AIDS ရောဂါကိုသိလား သိပါတယ်ဗျ အေးလူမှ ဒီရော ဂါရှိတာမဟုတ်ဘူးကွ ပန်းမှာလဲ အဲဒီရောဂါရှိတယ်၊ ယနေ့တိုင်လဲ ဖြေဆေးမဖော်နိုင်သေးဘူး၊ အဲဒီရောဂါဖြစ်ပြီ ဆိုရင် ပန်းတခြံလုံးကို မီးရှို့ပြစ်ရတော့တာဟေ့၊ Fusarium Corm rot လို့ခေါ် တယ်အဲဒီရောဂါ ဟာ တကမ္ဘာလုံးကို ပြန့်နှံ့နေပြီ အဲဒီရောဂါဒဏ်ကို ခံနိုင်တဲ့ မျိုးဥလဲ ခုချိန်ထိ မရှိသေးဘူး၊ ကုသတဲ့ဆေးဝါးလဲမဖော်နိုင်သေးပြန်ဘူး။
လူတွေဟိုရောဂါ ဘယ်ကစဖြစ်လဲသိလား သိတာပေါ့အကိုရဲ့ လိင်ကိစ္စကနေ စဖြစ်တာမလား၊ အေးဟုတ်တယ် ပန်းတွေမှာလဲ ဒီရောဂါဟာ ပန်းမျိုးစပ်ရာကနေ ကူးဆက်သွားတာဘဲ၊ အဲဒီရောဂါ ဖြစ်လာပြီဆိုရင် လက္ခဏာမပြဘူးညီ၊ မြုံနေ တတ်တယ်၊ ဒီရောဂါကြောင့် သိုလှောင်ထားတဲ့ ပန်းဥတွေပုတ်တယ်၊ ပုံသဏ္ဍာန်ပျက်တယ်၊ ပြီးတော့ ပန်းမထွက်နိုင်ဘူး၊ ပန်းပွင့်ပုံသဏ္ဍာန်လဲ ပျက်ဆီးသွားတယ် ၊ ဥတွေကို ရေနွေးစိပ်မယ်၊ မှိုသက်ဆေးနဲ့ စိမ်ပြီးမှ စိုက်ပျိုးမယ်၊ မြေငွေ့မှိုင်းတိုက်မယ် အဲလိုတွေကြိုတင်လုပ်ထားမယ်ဆိုရင် တော့မကျတော့ပါဘူး ၊ အေးအဲလိုလုပ်လို့မှ ဒီရောဂါဖြစ်လာရင်တော့ ခြံကိုပါ မီးတိုက်ပလိုက်ရတယ် ဒါမှနောက်နှစ်တွေအတွက် စိတ်ချရတယ်ညီရေ့။
 နောက်တမျိုးကတော့ သစ္စာပန်းဥတွေကို ပုပ်စေတတ်တဲ့  ရောဂါမှိုတမျိုးရှိသေးတယ်ညီ Cuoryularia, Stromontina နဲ့ Botryfis (soft rot) လို့ခေါ်တယ်ညီ ရောဂါတွေဘဲညီ မှိုသတ် ဆေးတွေနဲ့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဘဲညီ အခြားမှိုတွေ ဘတ်တီးရီးယားတွေက တော့ စီးပွားရေးထိခိုက်လောက်အောင် အထိတော့ အနှောင့်ယှက်မပေးတတ်လို့ တော်စားသာ တာညီ သစ္စာပန်းပေါ်တွေကို Cucumber,Mosaic,Temato mosaic Virus တွေကျရောက်နိုင် သေးတယ်ညီရဲ့။
အဲသည်ဗိုင်းရပ်တွေ ကျရောက်လာပြီဆိုရင် ပန်းခိုင်အဖုံး (Spathe)ရယ် ၊ အ ရွတ်တွေမှာရယ် သေနာကွတ် (Chdorsis) တွေပေါ်လာတယ် ၊ ပန်းပွင့်တွေမှာ အစက် အပျောက်တွေ ဖြစ်လာတယ် ၊ ပန်းခိုင်တွေ တွန့်လိန်လာတယ် အပင်ပုလာတယ် ၊ ရောဂါကင်းတဲ့ မျိုးဥတွေ ရွေးချယ်စိုက်ပျိုးခြင်း၊ ရောဂါကျနေတဲ့ အပင်အပင်ကို နုတ်ပြီး မီးရှို့ပြစ်ခြင်း စတာတွေနဲ့ ဗိုင်းရပ်တွေရန်က ကာကွယ်နိုင်တယ်ညီ အင်္ဂလိပ်စာ အခေါ်အဝေါ် အင်္ဂလိပ်စာ အသုံးနှုန်းတွေ ကြောင့် ငါ့ညီမှတ်ရတာရှုတ်ကုန်ပြီလား မသိဘူး။
 ရှုပ်ကုန်တယ်ဆိုရင် ဒီကဥယျာဉ်သမားတွေ မှတ်သလို သာမှတ်သွားကွာ ပင်ရင်းပုတ်တဲ့ရောဂါ ၊ အရွက်ရောဂါ ၊ အပွင့်တွင်ကျသော ရောဂါ ၊ ဥတွင်ကျသော ရောဂါ ၊ အမြစ်တွင်ကျသော ရောဂါတဲ့ ၊ ပန်းမှာ ရောဂါဘယ်လောက်ပေါပေါ ဒီငါး မျိုးက ကျော်ပြီး မဖြစ်ဘူးညီ ဒါကြောင့် အကိုတို့ ပန်းစိုက်သမားတွေဟာ ပန်းတပွင့် ပန်းတခိုင်ရဘို့ အလွန် ခက်ခက်ခဲခဲနဲ့ စိုက်ပျိုးရတာညီ ။
ပန်းပင်တပင်ဖြစ်ဘို့ အဲလောက်ကြိုးစားထားရပေမဲ့ ပန်းပွင့်တော့ တခင်းလုံးပွင့်တာမဟုတ် ဘူး ညီရဲ့ ဟိုတခိုင် ဒီတခိုင်ပွင့်တာမျိုး ညီရဲ့ ပိုးမွေးသလို မွေးလာပြီး ပွင့်ခါနီးမှ သဘာဝအန္တရာယ် ၊ ရာသီဥတု အန္တရာယ် ၊ ရောဂါမျိုးမွှား အန္တရာယ်တွေကြောင့်လဲ ဆင်ပြောင်ကြီး အမြီးကျမှ တစ် သွားတဲ့ ဥယျာဉ်သမားတွေလဲ ဒုနဲ့ဒေးညီ ၊ အမြဲစမ်းသပ် ၊ အမြဲလေ့လာ ၊ အမြဲသုသေတနပြု ၊ အ မြဲ သိပ္ပံနည်းကျ နည်းစနစ်တွေနဲ့ ကာကွယ်တားဆီးနှိမ်နင်းနေမှ ၊ အောင်မြင်တဲ့ ပန်းခြံတခြံ အဖြစ် အောင်မြင်တဲ့ ပန်းခင်းတွေအဖြစ် ရောက်တယ်ညီ ။
ပန်းအကြောင်းတွေတော့ သိပြီ အောင်မြင်တဲ့ ပန်းတွေကို ဈေးကွက်ကိုဘယ်လိုပို့လဲ အကို။ အော် အေး ဒီလိုကွ အကိုတို့ပြည်မြို့မှ သစ္စာပန်းကောက်တဲ့ ဒိုင်လေးခုရှိတယ် ဒိုင်ကိုရောက်လာတဲ့ ပန်းတွေကို ၅ခိုင် တစည်း စည်းပြီး ည(၁၀)နာရီရထားနဲ့ ရန်ကုန်ဒိုင်ကိုပို့တယ်ညီရဲ့ ၊ တချို့က တော့ ပြည်ဒိုင်ကနေ နိုင်သလောက်တဆင့်ဝယ်ပြီး ရန်ကုန်ဒိုင်တွေကိုပြန်သွင်းတယ် ၊ အကိုက တော့ အကို့ကားနဲ့ ရန်ကုန်က အကို့ပန်းဆိုင်ကို တိုက်ရိုက်ပို့တယ်ညီ။
 ပြည်ကနေ ရန်ကုန်ထိ သြဂုတ်လကနေ မတ်လထိ တင်ပို့တယ် ၊ မိုးရော ဆောင်းရောပေါ့ကွာ ၊ ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ္တော်ဆိုတာ သစ္စာပန်းအလှိုင်ဆုံး ကာလတွေပေါ့ ဈေးလဲအရဆုံး ကာလတွေပေါ့၊ ရန်ကုန်ကို ရောက်ပြီဆိုရင် အကောင်းဆုံးပန်းတွေကို စကာင်္ပူကို လေယာဉ်နဲ့ပို့တယ်ညီ။
 ကျန်တဲ့ပန်းတွေကို ကြိုတင်မှာထားတဲ့ ဟိုတယ်ကြီးတွေနဲ့ မင်္ဂလာဆောင် အလှူ နာရေး စတဲ့နေရာတွေမှာ သုံးတယ် ၊ ဟိုတယ်ကြီးတွေက မင်္ဂလာဆောင်တွေ မိတ်ဆက်အခမ်းနား တွေအတွက် တခါမှာရင် ပန်း၁သောင်းခွဲလောက်ပို့ရတဲ့ အခါတွေရှိတယ်ညီရဲ့ ၊ ကဲညီ မိုးချုပ်ပြီ ညစာစားပြီး အိပ်ကြစို့ ၊ မင်းတို့နက်ဖြန်ပြန်မယ်မလား အကိုမင်းတို့ သုံးယောက်ကို ရန်ကုန်ထိ ပို့ပေးပါမယ်ဗျား ၊ ဟားဟားဟား….။

(ဘလော့စာရှုသူများခင်မျာ ကျွန်တော်တို့ ညီကိုသုံးယောက် သွားရောက်လည်ပတ်ခဲ့တဲ့ ကိုကြီး ထွန်းစောရဲ့  ပြည်မြို့အနီးက ပွင့်လှသိမ်ကုန်းကျေးရွာ ပန်းခြံလေးကိုဖြင့် ကြုံကြိုက်ရင် ၀င်ပြီး စပ် စုကြည့်ကြပါအုံးလို့ ပန်းခြံရဲ့ အရှင်သခင် ဒေါက်တာထွန်းစောရဲ့ ကိုယ်စား ငွေလမင်းတို့က တိုက် တွန်းလိုက်ပါတယ် ၊ စာရှုသူများ ပန်းဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့မှ ဆု မွန်ကောင်း တောင်းလိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။)

Saturday, March 5, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက်

ကျွန်တော်ငယ်စဉ်ကပါခင်မျာ ကျွန်တော့်ကိုကိုကြီးရဲ့ သူငယ်ချင်းကိုကြီး ထွန်းစောဟာ ကိုးမိုင်အေ ၀မ်းခြံထဲက ဦးမောင်မောင်စိုး လမ်းပေါ်မှာ နေထိုင်ပါတယ် ၊ မိဘတွေက လဲ ချမ်းသာသူပါ ၊ မွန်လူ မျိုးကြီးဖြစ်ပါတယ် ၊ ၀၀တုတ်တုတ်ကြီးပါ  ညီမလေး၂ယောက်ရှိပါတယ် ၊ မိဘချင်းလဲရင်းနှီးသူတွေ ပါ ၊ ကိုကြီးထွန်းစောဟာ ဒေါက်တာဘွဲ့ယူထားသူပါ ၊ ယူကေမှာလဲ အရိုးအကြောနဲ့ မဟာဘွဲ့ အောင်မြင်ထားသူပါ ၊ ဒါပေမဲ့ သူကဆေးမကုပါဘူး ပန်းစိုက်စားပါတယ် ၊ ကျွန်တော်ကိုကိုကြီးက ပန်းဆရာဝန်လို့ နောက်နောက်ခေါ်ပါတယ် ၊ ကိုကြီးထွန်း ကိုကြီးဘာလို့ ဆေးမကုသလဲဗျလို့ မေးကြည့်တော့ “မဟော်သဓာဟာ လက်ထဲမှာဆေးလုံးပါလာပေမဲ့ ဆေးကုတဲ့သမားတော်မလုပ် ဘူးညီရယ် အကိုလဲအဲလိုဘဲ ဟားဟားဟား”လို့မေးတိုင်းအဲလိုဖြေပါတယ်။
 ပန်းစိုက်စားတယ်ဆိုပြီး ဆင်းတိဆင်းရဲ လူတော့မဟုတ်ပါဘူး၊ တစ်နှစ်ကို ငွေသိန်း၄၀၀ကျော်ဝင်ပါတဲ့ ၊ ဒါတောင် တစ်မျိုးထဲစိုက်တာပါ ၊ သစ္စာပန်းတစ်မျိုးဘဲ စိုက်ပါတယ် ၊ စကာင်္ပူနိုင်ငံကို ၁၉၉၆ခုနှစ်ကတည်းက စတင်ပို့တယ်လို့ဆိုပါတယ် ၊ သုံးကြိမ်လောက် မအောင်မြင်ဖြစ်ခဲ့တယ်လို့ လဲပြောပါတယ် ၊  နောက်ပိုင်းတွေမှာတော့ အောင်မြင်ခဲ့ပြီလို့ ပြောပါတယ် ၊ ၂၀၀၆ နဲ့၂၀၀၇မှာ ပန်းဘိုးငွေသိန်း ၇၀၀ ကျော်ရရှိတယ်လို့ ဆိုပါတယ် ၊ အခုလဲရန်ကုန်မှာ ရုံးခန်းဖွင့်ပြီး ၀န်ထမ်း၅၀ကျော်နဲ့ ပန်းရောင်း နေတာပါဘဲ။
သူ့ရဲ့ပန်းခြံဟာ ပြည်မြို့က သန္ဓေပင် နှင့် ကြံတောကုန် နားက ပွင့်လှသိမ်ကုန်းဆိုတဲ့ နေရာမှာ ရှိပါတယ။် ခြံအကျယ်အ၀န်းက ၁၅ ဧကပါ ၊ အိမ်ကိုလာလည်တိုင်း လာလာခေါ်ပေမဲ့ ကျွန်တော်တို့ ညီကိုတွေ မလိုက်ဖြစ်ကြပါ ၊ ဒီတခါတော့ သူ့မွေးနေ့ ခြံထဲမှာလုပ်မှာ မလိုက်ရင်သေခန်းပြတ်လို့ ပါးနဲ့မားကိုအပူကပ်ပါတယ် ၊ အဲဒါနဲ့ ကျွန်တော်တို့ညီကိုများဟာ သူ့ခေါ်ရာကိုလိုက်ခဲ့ရပါ တော့တယ် ၊ သူ့ခြံကြီးကတော်တော်ကျယ်ပါတယ် ၊ ပန်းစိုက်ဘို့လုပ်ထားတဲ့ ဘောင်လေးတွေ အများကြီးနဲ့ ထိုးထိုးထောင်ထောင် သစ္စာပန်းလေးတွေဟာ ၊ အရမ်းလှပပြီး ခြံထဲဝင်လာတဲ့လူကို ရင်ကိုအေးမြသွားစေပါတယ်။
 ညပိုင်းမှာ ကွစ်ပြစ်ကြီးပေါ်ထိုင်ပြီး အရက်သောက်ကြ လေဖုတ်ကြ သီချင်းဆိုကြ တယောထိုးကြနဲ့ ပျော်စရာကောင်းလှပါတယ် ၊ ကိုကြီးထွန်းရဲ့ ခြံဝန်ထမ်းတွေဟာ စုစုပေါင်း ၂၂ယောက်လို့ဆိုပါတယ် ၊ တစ်နှစ်လုံးနေမှ ပန်းပင်စိုက်တာနဲ့ အထွေထွေဝန်ထမ်းစရိတ် ဟာ သိန်း၂၀ကျော်ဘဲကုန်ကျပါတယ်တဲ့ ၊ ရတဲ့ငွေဟာ သိန်းရာချီရတာဆိုတော့ သူဟာအရင်းရှင် ကြီးဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။
သူ့ရဲ့ခြံကြီးထဲမှာ ဓာတ်ခွဲခန်းလေးလဲရှိပါသေးတယ် ၊ ပန်း ပင်တွေကို ကျတဲ့ပိုးတွေကို သုတေသနလုပ်တယ်လို့ ဆိုပါတယ် ၊ ဒီမြေကြီးတွေ ၀ယ်တုန်းက တစ်ဧကမှ သုံးသိန်းမရှိတရှိဘဲ ပေးရတယ်လို့ ပြောပါတယ် ၊ ကိုကြီးထွန်းရာ အကိုပန်းရောင်းတာက ချမ်းသာလိုက်တာ လွန်ရော တချို့ပန်းစိုက်တဲ့လူတွေကြတော့လဲ ဆင်းရဲလှပါလားဗျ ၊ “မတူဘူး ညီရဲ့ အကိုကပညာတတ်လေ တချို့ပန်းသာစိုက်နေတာ သစ္စာပန်းကို ဘယ်မျိုးစေ့ထဲပါမှန်းတောင် မသိဘူးညီ ၊ ပညာတတ်တဲ့ ပညာမတတ်တဲ့လူ လုပ်ငန်းခြင်းယှဉ်လုပ်ရင် ပညာတတ်တဲ့လူက ချမ်းသာတာဘဲ။
 အကိုပန်းစိုက်မယ်ဆိုတော့ အကို့အိမ်က ဆရာဝန်လုပ်ခိုင်းတယ် ၊ လှည်းတန်းမှာ တိုက်ခန်း ၀ယ်ပေးထားတယ် ၊ ဆေးခန်းဖွင့်ဘို့ အကိုကရောင်းစားလိုက်တယ် ပန်းစိုက်ဘို့အရင်း နှီး လုပ်ပလိုက်တယ် ၊ ဟောအခုတော့ ဆရာဝန်လုပ်ချင်လိုက်တာလို့ ပြောရင်မိဘတွေမပြောနဲ့ ပူတီးတို့ကတောင် လက်မခံတော့ဘူး ၊ မင်းအမပူတီးက ဘာပြောတယ်မှတ်လဲ အကိုမလုပ်နိုင် တော့ရင် ဒီပန်းခြံကို သူ့ကိုပေးရမယ်တဲ့ ၊ ဒီလုပ်ငန်းကိုသူ ဆက်လက်လုပ်ကိုင်မယ်တဲ့ ဟားဟား လောဘကြီးလိုက် ၊ ကျွန်တော်တို့ အဲဒီညမူးရူးပြီး ဟိုဟာအော် ဒီဟာအော်နဲ့အော်ကြပါသော်လဲ ရွာအပြင် ခြံဖြစ်ပါ၍ မည်သူမှလဲ လာမတားပါ ၊ ပျော်စရာတော့အလွန်ကောင်းလှပါတယ် ၊ ကိုကြီး ထွန်း ကျွန်တော်အိပ်ချင်လို့ သွားအိပ်တော့မယ် ၊ မနက်ဖြန် ကိုကြီးရဲ့ သစ္စာပန်းအကြောင်းကို သေ သေချာချာ ပြောပြနော် ကျွန်တော်မှတ်ထားမယ် ၊ နောက်တော့ စာရေးဆရာ လုပ်ဖြစ်ရင် ကိုကြီး ပန်းခြံကို ကြော်ငြာပေးမယ် ၊ ဟုတ်ပါပြီဗျား ဟားဟားဟား….။

သစ္စာပန်းရဲ့အစ
သစ္စာပန်းဟာ မူရင်းမိခင်ဒေသဟာ တောင်အမေရိကတိုက်ရဲ့မြေထဲပင်လည်ဒေသမှာ စတင်ဖြစ် ပေါ်လာပါတယ် ၊ အာဖရိကတိုက်တောင်ပိုင်း ၊ မြောက်ပိုင်း ၊ အလယ်ပိုင်း ၊ အမေရိကတိုက်နဲ့ အာရှတိုက် အထိပျံ့နှံ့လာပါတယ် ၊ ၁၉၅၆ခုနှစ်မှာ တူရကီနိုင်ငံက သစ္စာပန်းမျိုးစေ့တချို့ဟာ ဥရောပ တိုက်ထဲထိ ပျံ့နှံ့သွားတယ်လို့ တချို့ကဆိုကြသေးတယ်ကွ ၊ မြန်မာနိုင်ငံကိုတော့ ၁၉၂၅ခု နှစ်မှာရောက်ခဲ့တယ် ၊ ပြင်ဦးလွင်က ရုက္ခဗေဒ ဥယျာဉ်နဲ့ ဘုရင်ခံအိမ်တော်မှာ စတင်စိုက်ပျိုးရာ ကနေ ၊ ၁၉၂၇ခုနှစ်မှာ မြန်မာပြည်တော်တော်များများမှာ စတင်စိုက်ပျိုးဖြစ်ထွန်းလာတယ်တဲ့ ညီရဲ့ ။
အခုဆိုရင် ပြည်ခရိုင်တစ်ခုလုံး သစ္စာပန်းကိုစိုက်လာပြီ ညီလေးရဲ့ ၊ ပြည်မြို့က စိုက်တဲ့သစ္စာပန်းဟာ ပြင်ဦးလွင်က စိုက်တဲ့သစ္စာပန်းနဲ့ အရည်သွေးခြင်းတန်းတူဘဲညီ ၊ ပြင်ဦးလွင်က မြေကို မပြုမပြင်ရဘဲ စိုက်ရတာဆိုတော့ အနံခြင်းယှဉ်လိုက်ရင်တော့ ၊ ကိုကိုတို့ ပန်းကအနံနဲနဲ နည်းတယ် ၊ ဒါကတော့လူမသိ သူမသိ လျှို့ဝှက်ချက်ပေါ့ကွာ ၊ ဒါပေမဲ့ သစ္စာပန်းဆိုတာ အနံအဓိကကျတဲ့ ပန်းမဟုတ်ဘူးကွ ၊ ပန်းပွင့် ၊ အပင် ၊ တိုရှည်နဲများနဲ့သာ တန်ဘိုးဖြတ်ရတာ ဖြစ်လို့၊ သိပ်ပြီးတော့ အရေးမကြီးတဲ့ ကိစ္စတခုဘဲလို့ ယေဘုယျမှတ်ထားလို့ရတယ်။
 ကိုကြီးထွန်း သစ္စာပန်းကို စကာင်္ပူကို ပို့ခဲ့တယ်ဆို ဘယ်လိုပို့တာတုန်း ၊ ဒီလိုပါညီ ၁၉၉၅နဲ့ ၁၉၉၆ခုနှစ်ကပါ ၊ ပန်းတွေကို ညနေပိုင်းမှာ ခုတ်ထား ၊ ည (၉)-(၁၀)နာရီ အမြန်ရထားနဲ့ ရန်ကုန်ပို့ ၊ ရန်ကုန်မှာရှိတဲ့ ကိုယ့်ရဲ့ရုံးခန်းကနေ ပန်းတွေကို ယူထားပြီး စကာင်္ပူလေကြောင်းလိုင်းနဲ့ ပို့လိုက်တာဘဲ ၊ ခက်တာက ဟိုရောက်တော့ပန်းတွေက ပွင့်ကုန်လို့ ၊ ပန်းရောင်းရမဲ့ အချိန်နဲသွားတယ်ညီ ၊ အဲဒီမှာ အကိုတို့ရှုံးတာဘဲ ၊ စကာင်္ပူကို တရုတ်နှစ်ကူးဆိုရင် ပို့တယ် ၊ အခုက လေကြောင်းလိုင်းတွေကလဲ အဆင်ပြေလာပြီလေ ဒီနှစ်တရုတ်နှစ်ကူးမှာ ရောင်းရငွေ သိန်း ၃၀၀ကျော်ဘိုးလို့ မှန်းထားတယ် ၊ အော် ညီရယ်ဒီလောက် ကတော့ ရပါတယ် ၊ ကုန်ုကျငွေများသလို အခွန်အတုတ်တွေကလဲ ပန်းအစည်းလိုက်ပေါ်မှာ အခွန် ဆောင်ရတာ ၊ အရင်က ကွန်တိန်နာနဲ့ ချိန်ရတာ ၊ အခုတော့ တစ်စီးခြင်းဖြစ်သွားပြီ ၊ ရတာတွေဘဲညီက မြင်တာကိုးကွ ၊ ပေးရတာတွေကလဲ မနဲဘူးညီ ။
ဘယ်လိုမြေတွေစိုက်နိုင်လဲ သစ္စာပန်းက ရေစီးရေလာကောင်းတဲ့ မြေကြီးရှိတဲ့ နေရာကိုနှစ်သက် တယ်ညီရဲ့ ၊ သစ္စာပန်းဆိုတာက ဥဘေးကနေ အမြစ်ထွက်ပေါက်ရတာဆိုတော့ကွာ အမြစ်ထိုး ထွက်လို့ကောင်းတဲ့ မြေမျိုးကိုနှစ်သက်တယ် ၊ အမြန်ခြောက်သွေ့စေတတ်တဲ့ မြေမျိုးကိုတော့ မနှစ် သက်ပြန်ဘူး ၊ ရေ၀ပ်တဲ့ မြေမျိုးကိုလဲ မကြိုက်ဘူး ၊ အစိုဓာတ်လဲရှိရမယ် အမြစ်ထိုးထွက်လို့ ကောင်းတဲ့ မြေလဲဖြစ်ရမယ်ဆိုရင်တော့ သစ္စာပန်းစိုက်နိုင်ပါတယ်ကွ ၊ မြေတိုင်းမှာစိုက်လို့ ဖြစ်ပါတယ် ခြောက်သွေ့လွယ်တဲ့မြေ မဟုတ်ရဘူး ၊ ရေ၀ပ်မနေရဘူး ရေ၀ပ်နေရင် အပင်ခါးရိပြီး အမြစ်ပုတ်သွားတတ်တယ် ၊ စီးပွားဖြစ်စိုက်မယ် ဆိုရင်တော့ကွာ စိုက်ပျိုးရလွယ်ကူတဲ့ သဲနုန်းမြေအမျိုးအစား ဖြစ်ရမယ် ၊ သစ်ဆွေးဓါတ် Organle Matter ထည့်ပေးသင့်တယ် ၊ စိုက်ပျိုးမဲ့ မြေဟာ PH 6.0 ရှိရ မယ် ၊ အဲဒီအဆင့်တန်းမရှိဘူးဆိုရင် အောင်မြင်ဘို့ခက်တယ် ၊ မြေကိုလဲပြုပြင်ရမယ် ထယ်ထိုး ၊ ထွန်မွေ ၊ သုံးကြိမ်လောက်လုပ်လိုက်ရင်တော့ သမန်းကောင်းတဲ့မြေ ဖြစ်လာပြီး ခုနကအဆင့် အတန်းကို မှီသွားတယ် ။
ဘယ်ရာသီတွေမှာ စိုက်ရလဲ ဒို့နိုင်ငံမှာတော့ မိုးဦးကျ မေ၊ဇွန် ၊ ဆောင်းဦးပေါက် စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာမှာ စိုက်ကြတယ်ညီ ၊ ဘယ်လိုစိုက်ကြလဲအကို ။ စိုက်တာကတော့ နည်း စနစ်ငါးခုရှိတယ် ၊ အဆင်ပြေသလိုစိုက်ကြတာပါဘဲ ၊ ဘောင်ဖေါ်စိုက်ပျိုးခြင်း နှစ်ပင်တစ်တန်းစနစ် နဲ့ စိုက်လို့ရအောင် ဘောင်တွေဆွဲရတယ်ညီ ၊ ဘောင်တခုနဲ့တခု သုံးပေကွာပြီး မြောင်းရဲ့အရှည်က ပေခြောက်ဆယ်ရှိတယ် ၊ မြောင်းဘောင်ပေါ်က သစ္စာပန်းနှစ်တန်းဟာ တစ်တန်းနဲ့တစ်တန်း ဆယ် လက်မကွာတယ်  ၊ တစ်ပင်နဲ့ တစ်ပင်ဟာ သုံးလက္မ သို့မဟုတ် ခြောက်လက္မ ခွဲထားရတယ် ၊ ဒါကတော့ ဘောင်ဖေါ်စိုက်ပုံပေါ့ ။
နောက်တခုက ဥသိမ်စိုက်ပျိုးခြင်းပဲကွ မျိုးဥယျာဉ်တွေမှာ မျိုးမွေးပြီး မျိုးကောင်းဥတွေ ရောင်းချ တယ် ဥသိမ်လေးတွေဟာ စားတော်ပဲစေ့လောက်ဘဲ ရှိတယ်ညီရဲ့၊ ဥသိမ်စိုက်ပျိုးခြင်းဟာ တနှစ် လောက်စိုက်ပျိုးရပေမဲ့ ၊ ပန်းပွင့်သေးဘူးညီရဲ့ ဒါပေမဲ့ ကြီးထွားလာတဲ့ ဥသိမ်လေးတွေကို မျိုးအဖြစ်သုံးလို့တော့ရတယ် ၊ ဥသိမ်သက်တမ်း၂နှစ်ကျော်ရင်တော့ ပန်းပွင့်လာတယ် ၊ တချို့က တော့၃နှစ်လောက်ကြာတယ်။
စိုက်ပျိုးပုံကတော့မခက်ပါဘူးကွ မြောင်းဘောင်ဖော် တစ်မြောင်းနဲ့ တစ်မြောင်း ၆လက္မလောက်ခွာပြီး မြောင်းငယ်လေးတွေဆွဲလိုက် ၊ ဥတခုနဲ့ တခုဟာ ၃လက္မခြား လောက်စိုက်လိုက်ရင် ဖြစ်သွားတာပါဘဲ ၊ မြေသြဇာ ထက်သန်ဖို့တော့ လိုတယ်ညီရဲ့ ၊ ဒါမှဥကြီး ထွားတာမြန်တယ် ၊ မိုးဦးကျတာနဲ့ ပေါင်းရှင်း ၊ မြေဆွဲပြီး ပျိုးထောင်စိုက်ပျိုးရတယ် ၊ ဒီနည်းက တော့ ပန်းအဖြစ်ရောင်းတဲ့ဥယျာဉ်သမား ၊ ခြံသမားတွေသိပ်မလုပ်ကြဘူး အကိုကတော့ လုပ်တယ် ဒါမှ မျိုးကောင်းမျိုးသန့်အတွက် စိတ်ချရတယ်ညီ ၊ ဒီနည်းကို မျိုးရောင်းတဲ့လူတွေကဘဲ သီးသန့် လုပ်တတ်ကြတယ် ။
နောက်တခုက အစေ့ကိုစိုက်တာ ဥသိမ်ကိုစိုက်တဲအခါ ဆန်းသစ်တဲ့ အရောင်အသွေးနဲ့ တိုးတတ် တဲ့မျိုးဆက်တွေရဖို့  ခဲယဉ်းလို့ တချို့က အစေ့ကိုစိုက်ကြတယ် ၊ အကိုအခုစိုက်ထားတဲ့ ဥသိမ်မျိုး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်က အမျိုးညီ ၊ အစေ့ကိုစိုက်ပုံကတော့ကွာ မစိုက်ခင် အရင်ပျိုးထောင်ရတယ်ညီရဲ့ ထင်းရူးသေတ္တာထဲမှာမြေဆွေး ၊ နွားချေးဆွေးတွေကို မွအောင် ထည့်ပြီးမှ အစေ့ချလိုက်ရတယ်။
 တပေါင်းလ ဆိုရင် ပျိုးထောင်ဖို့အကောင်းဆုံး လပဲညီရဲ့ ၊ စိုက် ပျိုးတော့မယ်ဆိုရင်တော့ ၊ ၁/၂လက္မလောက် မြေမှာမြုတ်ပြီး စိုက်ရတယ် ၊ တပါတ်အတွင်း အပင်ပေါက်တာဘဲ ညီရဲ့ ၊ အပင်ပေါက်လေးတွေဟာ မသိရင် မြတ်နဲ့တူတယ် ၊ ရွေ့ပြောင်း စိုက်ရင် ခတ်ခဲလို့ ကြီးတဲ့အထိထားရတယ် ၊ ပျိုးပင်ပေါက်ကို အလောတော် ရေစိုအောင်ထား ၊ ပေါင်းမြက်ရှင်း ၊ ညှက်လွန်းတဲ့အပင်တွေကိုလည်း နှုတ်ပြစ်ရတယ် ၊ ပျိုးပင်ပေါက်တွေကို ဆောင်ဦး ပေါက်မှာ တူးဖော်တာအကောင်းဆုံးဘဲ။
 အဲဒီကာလဆိုရင် သစ္စာပန်းအစေ့လေးတွေဟာ ဥသိမ် လောက်ကြီးလာပြီ ညီရဲ့ ၊ ဥသိမ်လေးတွေကို သေချာစွာသိမ်းဆည်းပြီး ရှေ့နှစ်မိုးဦးကျမှာ ပြန်လည်စိုက်ပျိုးဖို့ မျိုးသိမ်းထားရတယ် ညီရဲ့ ဒုတိယနှစ်မှာတော့ အပင်တစ်ပင်တည်းက ပေါက် ဖွားလာတဲ့ သားပင် တွေက ပန်းပွင့်များစွာဟာ အရောင်အမျိုးမျိုးနဲ့ ပွင့်လာရော ၊ အရေအသွေးရှိ အလားအလာကောင်း တဲ့အပင်တွေကို ရွေးချယ် မျိုးထားပေးပြီး ကျန်တဲ့အပင် တွေကို ဖယ်ရှားပြစ် ရတယ်ညီရဲ့ ။
နောက်တခုကတော့ ရေထဲမှာ စိုက်ပျိုးတာပါ ၊ ဒီစိုက်နည်းက စီးပွားဖြစ်စိုက်ပျိုးနည်းမဟုတ်ဘူး ညီ အနောက်နိုင်ငံတွေမှာ ပန်းအလှထိုးပြီး အိမ်တွင်းအလှဆင်တာ စတာတွေလုပ်တဲ့နည်းပါ ၊ ဒို့နိုင်ငံ မှာမလုပ်ကြဘူး ၊ ဒို့လူမျိုးက အလှအပကိုသာကြိုက်တာ အပန်းပန်းတော့မခံဘူးလေ ၊ ကြိုက်တဲ့ လူတွေများတယ် ၊ မြတ်နိုးတဲ့လူက မရှိဘူးလေ ၊ ဒီစိုက်ပုံလေးကတော့ သစ္စာပန်းဥကို ရေထည့် ထားတဲ့ အိုးထဲက ကျောက်တုံးပေါ်မှာ တင်ပြီးစိုက်ရတာညီ ၊ ဥလေးကို ရေမျက်နှာပြင်ပေါ်မှာ နဲနဲ လေးဖော်ပေးထားရတယ် ၊ ရေရဲ့ (level)ကိုတော့ မကြာမကြာစစ်ပေးဘို့ လိုမယ်ညီ ၊ စိုက်ပျိုးထား တဲ့အိုးတွေကို အေးပြီး အလင်းရောင်မှရှိ လေ၀င်လေထွက် ကောင်းတဲ့နေရာမှာ အပင်သူငယ်လေး ၁လက္မကျော်တဲ့ အထိထားပေးရတယ်။
 အဲဒီအရွယ်ကို ရောက်ပြီဆိုရင်တော့ အလင်းရောင်ပိုရပြီး အနွေးဓာတ်ရှိတဲ့ နေရာကို တဖြေးဖြေး ရွေ့ရွေ့စိုက်ပေးရတယ် ညီရဲ့ ၊ အဲပန်းလေးတွေပွင့်လာ ပြီဆိုရင်တော့ ၊ အလှထိုးပန်းအိုးလေး ဖြစ်သွားရောညီ ၊ ဒါကတော့ အိမ်တွေမှာ အလှဆင်တဲ့ သစ္စာပန်းစိုက် ပျိုးနည်းလေးပါဘဲ ၊ ကိုကိုအိမ်က ဧည့်ခန်းထဲမှာ စိုက်ထားတဲ့ ပန်းလေးတွေက ဒီနည်းနဲ့စိုက်ထားတာညီ ၊ ဂျပန်နိုင်ငံမှာ အဲလိုစိုက်ပျိုးပြီးသား ပန်းအိုးလေးတွေ ရောင်းတယ်ညီ ။
နောက်တနည်းကတော့ ရှားပန်းပန်းမျိုးတွေကို စိုက်တာညီ ထက်ခြမ်းခွဲစိုက်နည်းခေါ်တယ် သစ္စာပန်းဥအောက်ဖက် အမာရွတ် (ချက်)ပိုင်းပါအောင် ဓားထက်ထက်နဲ့ လှီးရတယ် ၊ (lateral bud ) မျက်စေ့လည်း ပါရမယ် ၊ ထက်ချမ်း ခွဲထားတဲ့ သစ္စာပန်းဥကို အခြောက်ထားပြီး စိုက်ကွင်းမှာ စိုက်ရတယ် ။ သစ္စာပန်းဥ အမြစ်ကို မီးသွေးမှုန့်နဲ့ စိုက်မယ်ဆိုရင်တော့ ဥထဲကရေခိုးရေငွေ့ တွေအပြင်ထွက် မသွားတော့ဘူး ၊ အပြင်က ရေခိုးရေငွေ့ကိုလည်း စုပ်ယူနိုင်သေးတယ် ၊ ပြင်ပပိုးမွှားရောဂါကိုလည်း ကာကွယ်နိုင်သေးတယ်ညီ ရဲ့ နောက်ပြီး ပန်းပွင့်လဲမြန်တယ်ကွ ၊ တချို့ကတော့ (Aldrin) လူးစိုက်ရင်တော့ ပိုကောင်းတာပေါ့ ညီ။
 ရှားပါးတဲ့ သစ္စာပန်းမျိုးတွေကို ထက်ခြမ်းခွဲပြီးစိုက်ပျိုးတာဟာ မျိုးဥနဲနဲနဲ့ အပင်များများရတယ် ညီရဲ့ နောက်မျိုးဥတွေအတွက် ကုန်ကျစရိတ်လဲ အင်မတန်သက်သာတယ်ညီ ။ အကိုတော်တော်လေး ပန်းအကြောင်းကို သိတယ်နော် အင်းပေါ့အကိုက ပန်းသယ်ဆိုတော့ ပန်းအကြောင်းသိရတာပေါ့ ဒီလောက်သိရုံနဲ့တော့ ပန်းစိုက်လို့မရသေးဘူးညီ ၊ အကိုပန်းစိုက်စားဘို့ ၄နှစ်လောက် စာအုပ် မျိုး စုံဖက်ပြီး လက်တွေ့ ၂နှစ်လုပ်ခဲ့ရတယ် ၊ မင်းကပန်းရောင်းတာလေးဘဲ မြင်တာကိုကွ ။
အခုပြောခဲ့တာက ပန်းစိုက်ပုံလောက် ရှိသေးတာညီရဲ့ မင်းကို သစ္စာပန်းတွေရဲ့ လိုအပ်တဲ့ အာဟာ ရအကြောင်းတွေ ပြောပြရအုံးမယ်။

ဟုတ်ကဲ့ စာရေးထားတာ များနေလို့ ခွဲတင်ပါ့မယ် စာဖတ်သူများ စိတ်ဝင်စားရင် ပန်းစိုက်လို့ရအောင် သစ္စာပန်း စိုက်နည်း ပြုစုနည်းများကို မှတ်ထားတာရော စာအုပ်များမှ ပါကိုးကားပြီးတော့ ရေးထားပါတယ် ခင်မျာ ။ စာဖတ်သူများ ကျန်းမာပျော်ရွှင်ပါစေ လို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ဗျာ။