Sunday, May 15, 2011

ရွှေဘုံနိဒါန်းလာ မြန်မာမင်းခမ်းတော်များ

                                 ဆာရစ်ချက်တင်ပယ် ရေးဆွဲသော မင်းခမ်းတော်ပန်းချီကား
                           ဆရာချုံရေးဆွဲသည့် အကန်တော့ခံ ပန်းချီကား (ပုရပိုဏ်မူ)
                  ရတနာပုံ နေပြည်တော်ရှိ ခင်းကျင်းပြသထားသော လက်ရှိမင်းခမ်းတော်များ

မင်းခမ်းတော်ပစ္စည်းဟုဆိုရာတွင် ရွှေနန်းတော်တွင် နေ့စဉ်သုံး ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်း မဟုတ်ပေ၊ လွတ်လပ်ခြင်း အချုပ်အခြာအာဏာကို ပိုင်ဆိုးခြင်း၊ မြင့်မြတ်ခြင်း၊ ခန့်ညားခြင်း၊ ကျတ်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတို့၏ သင်္ကေတဖြစ်သော သီဟာသနပလ္လင် တော်ကြီး၏ ရှေ့တွင် ခင်းကျင်းရသည့် မင်း၏ အခမ်းနားသုံးဖြစ်သည့်၊  ကျောက်မျက်ရတနာ စီခြယ် ထားသော ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပြီး။ ထိုပစ္စည်းကို ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ များဖြင့် စနစ်တကျ မှတ်တမ်းတင်ထားသည့်အတိုင်း လက်ဝဲမင်းခမ်းတော် ၁၈ခု ၊ လက်ယာမင်းခမ်းတော် ၁၇ခု ဟူ၍ ပုံသေသက်မှတ်ပြီး ခင်းကျင်း ရခြင်းဖြစ်ပါတယ်။ လက်ဝဲ မင်းခမ်းတော်များကို သတ်မှတ်ရာ၌ ခေတ်ကာလအရ သော်လည်း ကောင်း၊ မှတ်တမ်းမှတ်ရာ များအရလည်းကောင်း၊ အနည်းငယ်ကွဲပြားမှုရှိပါတယ်၊ ဥပမာအားဖြင့် ရွှေဘုံနိဒါန်းလာ မင်းခမ်း တော်များနှင့် ၊ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့တွင် ပါဝင်သော လက်ဝဲ၊ လက် ယာမင်း ခမ်းတော် များသည်၊ အနည်းငယ်ကွဲလွဲနေသည်ကို တွေ့ရပါတယ်။

ရွှေဘုံနိဒါန်းမှာ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၅ ခရစ်နှစ် ၁၇၈၃)တွင် ရေးသားပြီးစီးခဲ့ခြင်း ဖြစ်၍ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့မှာ ရွှေဘုံနိဒါန်းထက် ပို၍နောက် ကျပြီးမှ ရေးသားဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါတယ်၊ မင်းခမ်းတော်ပစ္စည်းများဟူသည် နေ့စဉ် ခင်းကျင်းထား ရသည်မဟုတ်ဘဲ၊ တနှစ်တွင် သုံးကြိမ် ကျင်းပသည့် ၊  ကန်တော့ခံ အခမ်းနားများ တွင်သာ ခင်းကျင်းထား ရှိခြင်းဖြစ်ပါတယ်၊ ဘုရင်မင်းမြတ်သည် တနှစ်လျှင် နှစ်သစ်၊၀ါဝင်၊၀ါကျွတ် ဟူ၍ သုံးကြိမ်အခမ်း နားဖြင့် ကန်တော့ခံတော်မူကြောင်းကို စာပေတို့တွင် မှတ်သားရပါတယ်။

နှစ်သစ်ကန်တော့ပွဲကို နှစ်သစ်ကူးပြီး ရက်ပေါင်း၄၀မြောက်တွင် ကျင်းပလေ့ရှိကြောင်း ရွှေနန်း တော်သုံး ဝေါဟာရအဘိဓာန်တွင် ဖက်ရူမှတ်သားရပြီး၊ မြန်မာလအား ဖြင့် ကဆုန် သို့မဟုတ် နယုန်လတွင် ကျင်းပလေ့ရှိသည်ဟုလည်း သိရပါသည်၊  ထိုသို့သော အကန်တော့ခံ ပွဲများတွင် မှသာ အခမ်းနားအားဖြင့် လက်ဝဲလက်ယာ မင်းခမ်းတော်များ ခင်းကျင်း စေပြီး၊ ထီးဖြူတော်၎စင်း စီစိုက်ထူပြီး ဘယ်ညာအားဖြင့် ၈စင်းစိုက်ထူထားခါ၊ ထီးဖြူများအပြင် ယပ်မားတော်နှင့် အလံတော် များကို လည်း ပလ္လင်တော်အရှေ့တွင် စိုက်ထူထားရပါတယ်။

ဤပို့စ်ပါ မင်းခမ်းတော်များမှာ သီပေါမင်းတရားကြီးလက်ထက်တော် အသည်ဝန် တိုင်တားမြို့ စားမင်း မင်းကြီးမဟာသီဟသူရ မှတ်တမ်းတင်ပြုစုစီရင်ခဲ့သော နန်းတွင်း ပရပိုဒ်ဖြူတွင် တွေ့ရှိရ သော မင်းခမ်းနားတော်ပုံများကို ၊ အမျိုးသားပြတိုက်တွင်မှ ယူငင်တင်ပြခြင်းဖြစ်ပါသည်၊ ၁၈၈၆ ခုနှစ် မှစတင်ပြီး ကိုလိုနီဖြစ်ခဲ့စဉ်အချိန်တွင် မြန်မာများ၏ အထွဋ်အထိပ်ထားရာ သီဟာသန ပလ္လင်တော်ကို အိန္ဒိယနိုင်ငံ ကာလက္တားသို့ မင်းခမ်းတော်ပစ္စည်းများ နန်းတွင်း ပစ္စည်းများကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားခဲ့ကြပြီး။

လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်မြန်မာ အစိုးရ၏ မေတ္တာရပ်ခံချက်အရ ၁၉၄၈ခုနှစ်တွင် သီဟာသနပလ္လင်တော်ကိုလည်းကောင်း ၁၉၆၄ခုနှစ်တွင် မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်း ပစ္စည်းအချို့ကိုလည်းကောင်း ပြည်လည်ရရှိခဲ့ပြီး၊ ကျန်ရှိနေသော မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်းပစ္စည်းများကို လန်ဒန်မြို့ ၀ိတိုရိယနှင့်၊ အဲလဘတ်ပြတိုက်တွင် ယနေ့တိုင်ပြသ ထား ဆဲဖြစ်သည်ဟု သိရပါတယ် ၊ ပြန်လည်ရရှိခဲ့သော ပစ္စည်းများ၊ နန်းတွင်းပစ္စည်းများနှင့် မင်းမြောက် တန်ဆာများကို ၊ ယခုရန်ကုန်မြို့ အမျိုးသား ပြတိုက် ပထမထပ်တွင် မင်းခမ်း တော်ပစ္စည်းများ ပြခန်းတွင် ပြသထားရှိ လျှက်ရှိပါတယ်။

မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့အလိုအားဖြင့် လက်ယာ မင်းခမ်း တော် ၁၈ပါးမှာ ၁-ကွမ်းတောင်းကြီး၊ ၂-ကွမ်းချပ်သုံးဆင့်၊၃-ကွမ်းလောင်း ကြီး၊ ၄-စလင့်ကြာငယ်၊ ၅-စလင့်ကြာကြီး၊ ၆-နဂါးကွမ်းခွက်၊ ၇-ရှစ်ထောင့်ကွမ်းခွက်၊ ၉-ပန်းတောင် ကြီး၊ ၁၀-မြူတာ၊ ၁၁-မြူတာ(မ)၊ ၁၂-ဖလား၊ ၁၃-တကောင်း၊ ၁၄-ပြတို့၊ ၁၅-သောက်ရေတင်၊ ၁၆-အိုးပြစ်၊ ၁၇-မကန်းကရား၊ ၁၈-နန်းဆွဲအုပ်တို့ဖြစ်ပြီး။

လက်ဝဲမင်းခမ်းတော် ၁၈ခု ကတော့၊ ၁-လက်တင်ကြားကွမ်းခွက်၊ ၂- ခြင်္သေ့ခံ ကွမ်းခွက်၊ ၃-ကွမ်းလောင်းငယ်၊ ၄-သလပ်၊ ၅-သလင်းမြောင်၊ ၆-သစ်တိုင်(တောင်ဝှေး)၊ ၇-ကျပ်လျှား၊ ၈-ခြေနင်း၊ ၉-ဖိနပ်၊ ၁၀-သားမြီးယပ်၊ ၁၁- သန်လျက်၊ ၁၂-တောင်ဝှေး၊ ၁၃- ခြင်္သေ့ခံကရား ၊ ၁၄-အိုး ပြစ်၊၁၅-မေးထောက်၊ ၁၆-ကျီးခြေ၊၁၇- မြူတာ၊ ၁၈-မြူတာ(ဖို)ဆိုပြီး လက်ဝဲ မင်းခမ်းတောင်ကိုလဲ ၁၈ပါးဟု မင်းခမ်းတော်နှင့် ပတ်သတ်ပြီး မြ၀တီမင်းကြီးဦးစက မင်းခမ်းတော် စပ်ဆိုရေးသား ထားသော်လည်း၊ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် လကာင်္ကြီးမှာ ဖြင့်`နှစ်လီပေါင်း မြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်း သည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်း တည်း။´လို့ ၀ဲဘက် မင်းခမ်းတော် ၁၃နှင့် ယာဘက်မင်း ခမ်းတော် ၁၃ဟူပြီး မင်းခမ်းတော်ပေါင်း ၂၆ခုရှိကြောင်းကို ရေးသားစပ်ဆိုထားပါတယ်။

ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် ဆိုင်ရာ လကာင်္အပြည့်စုံတွင် အောက်ပါအတိုင်းရေး သားပြဆိုထား သည်ကို တွေ့မြင်ရပါတယ်။
(က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံလျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။
(ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံး စီ တည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော် ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်းတည်း။

နောက်ပိုစ့်များတွင် နန်းတွင်းပုရပိုဏ်ဖြူလာ မင်းခမ်းတော်ရွှေထည် ပစ္စည်းများကို ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြမည်ဖြစ်ပါကြောင်း ဘလော့စာရှု သူအပေါင်းတို့ခင်များ။
ဘလော့စာပေချစ်သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်၊ ရွှလန်းချမ်းမြေ့ကြပါစေခင်မျာ။
(အထူးသတင်း- ချန်ဂီဆေးရုံတွင် ဆေးဝါးကုသခံနေသော  မဒမ်ငွေ၏ ကျောက်ကပ်တခြမ်းမှာ လုံးဝပျက်ဆီးသွားပြီ ဖြစ်ပါ၍၊ ရှေ့လတွင် ခွဲစိပ်ကုသမူခံနိုင်စေရန် အားမွေးနေရပါသဖြင့် ဆုမွန်ကောင်း တောင်းပေးစေလိုပါကြောင်း )

Tuesday, May 10, 2011

Pre-ပြဿနာ

Knowledge Society ပညာအဖွဲ့အစည်း၊ Knowledge Age ပညာခေတ် ၊ Learnig Society အမြဲထာဝရ သင်ယူနေသော လူ့အဖွဲ့အစည်း၊ Education for all  အားလုံးအတွက် ပညာ၊ စသဖြင့် ၊ ၂၁ရာစုနှစ်အတွင်း သုံးဆယ့်တစ်ဘုံတွင် တစ်ဘုံအပါဝင်ဖြစ်သော ဤလူ့ဘုံရှိ ပညာရှိ များက အထပ်ပါ အဆိုအမိန့်များ မိန့်မြွတ်ထားသမို့ အချုပ်အားဖြင့်ဆိုရသော် ပညာအရေးကြီးပါ၏ ဟူလို။

ပညာအရေး ကြီးကြောင်း အားလုံးသိပြီဆိုရင်တော့ ဖြင့်ကား အဘယ်အရွယ်၌ ၊ အနှီပညာကို သင်ယူလေ့လာ ကြားရပါအံ့နည်းဟူသော အမေးပုစ္ဆာသည်ကား အင်မတန်မှပင် စိတ်ဝင်စားဘွယ် ရာ ကောင်းလေသည်မဟုတ်တုံ့လော၊ ကိုကိုငွေတို့ ငယ်စဉ်က ချောင်းကြိုချောင်းကြား မြောင်း ကြိုမြောင်းကြား ၊ လမ်းပေါင်းစုံ ရပ်ကွက်ပေါင်းစုံ၊ တောရောမြို့ပါ ဆော့ကစားပြီးသကာလ လေးနှစ်ကျော် ငါးနှစ်မှ လွယ်အိပ်စလွယ်သိုင်းပြီး ကျောင်းတတ်ခဲ့ကြသည်များကို မှတ်မှိပါချေ ပါသေး၏။

ယခုခေတ်မူကား ဟိုအရင်လိုမဟုတ်ပါချေ ၊ Pre-School ခေတ်တည်း ၊ မိခင်ဘခင်တို့သည် သားသမီးတို့အား အက်ကျုကေးရှင်း (Education) သြချရသူများ ဖြစ်လာစေရန် အလို့ငှာ Pre-School ကြတော့ချေရာ ကျောင်းမနေမှီ ၁နှစ် Pre ၊ ၂နှစ် Pre ၊ ၃နှစ် Pre ၊ လေးနှစ် Pre ၊ ၅နှစ် pre စသဖြင့် သူ့ထက်ငါ Pre လျှက်ရှိကြဘိချေရာ၊ အချို့သော ဖေဖေမေမေတို့သည် ကလေးကို ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းကပင် မွေးလာမည့် အနာဂတ် အတုံးအခဲ ရတနာလေးများကို ဘယ် ဘယ် Pre School ထားရပါအံ့နည်းဟု စုံစမ်းပြီးသကာလ ကျောင်းအပ်နှံနေကြမဟုတ်လော ကိုကိုငွေ ၀န်းကျင်တွင်ကြည့်ပါ တူမဖြစ်သူ သုံးနှစ်အရွယ် ချမ်းချမ်း ပရီကျောင်းသူ P1၊ အကိုဝမ်းကွဲ မွေး တာရာရွှေစင် သုံးနှစ်ကျော် P2၊ အိမ်နီးအပါး သူများသည်လဲ p1 p2 p3 p4 စဖြင့်စဖြင့် အများအပြားရှိရလေကုန်၏။ထိုတူမ တူလေးတို့သည် နောင်အနာဂတ်တွင် လူ့အဘိုး တန်လေးများ ဖြစ်လာပါစေရန်  နံနက်ရှစ်နာရီခွဲမှ စတင်ပြီး ဘုတ်အုပ်လွယ် အိပ်ကြီးများ ကို မနိုင့်တနိုင်သယ်ယူခါ ဆိုင်ရာ  Pre-school များသို့ အသက အသကချီ တတ်ကြလေကုန်၏ ။

ဒိန်းမတ် ၊ ဖင်လန် စသော ဥရောပနိုင်ငံတချို့က စောစီးစွာ ကလေးကို ဘုတ်အုပ်စာပေသင်ယူစေ ခြင်းသည် မှားသည်ဟုယူဆကြပြီး၊ ကြိုက်သလောက်စော့ ၊ ကြိုက်သလောက် ကစား ကစားနည်း ရှိသမျှ အကုန်ကစား အသက်၆နှစ်မှစာသင်ဟူသတတ်။  (ဆရာတာရေးတဲ့ ငါတို့ဘာကြောင့် ကျောင်း သွားရသလဲစာအုပ်တွင်) မူကြိုကျောင်းတွင် အရေးအဖတ် အတွက် သင်ကြားရမည်ဟူ သောအဆိုကို ဂျပန်က ၀%နှုန်းလက္ခံပြီး ၊ အမေရိကန်နိုင်ငံက ၁%နှုန်းလက္ခံ ၊ တရုပ်ကမူ ၃၅%လက်ခံသောဟူ၏ ။

ခလေးကို စာကျက်ဘို့ အတင်းတိုက်တွန်းရမည်ဟူသော အဆိုကို  ဂျပန်က ၀%နှုန်းလက္ခံ၊ အမေရိကန် ၁%လက္ခံ၊ တရုပ် ၃၅%နှုန်းလက္ခံ ၊ ကလေးငယ်ဘ၀ အစကောင်းချင်လို့ပါခင်မျာ ဟူသော အဆိုကိုမူကား ဂျပန်က၂%နှုန်းသာလက္ခံ၊ အမေရိကန် ၅၁%လက္ခံ ၊ တရုပ်က ၆၇%လက္ခံကြောင်း ဖက်ရူလိုက်ရပါတယ်၊ ချုံငုံသုံးသပ်ရသည်ရှိသော် အနှီ Pre-School များတွင် စာသင်ဘို့ စာကျတ်ဘို့ ရာနှုန်းပြည့်လက်ခံသော အယူအဆမဟုတ်ချေသည် တမုံ့။

တနေ့တော့  လမ်းကြုံတာနဲ့ ပြည်လမ်းနှင့် မြေနီကုန်းလမ်းထောင့်ရှိ တိုတယ်အကယ်ဒမီ Pre-School တွင် တတ်ရောက် ပညာစေ့ငုသင်ကြားနေသော ၃နှစ်ကျော် အရွယ်တူမကို ကျောင်းကြို ရန်အလို့ငှာ  တူမလေးကျောင်းအဆင်းကို စောင့်ရင်း ဘေးမှ ကျွန်တော်လို ကျောင်းလာကြိုနေ သော မိခင်သုံးယောက်ထံမှ ဤကဲ့သို့နားသောတဆင်ရပါ၏ စာရှုသူ….။

ပထမအမျိုးသမီး `အိမ်ကသားလေး မူကြိုကလေ သိပ်ကောင်းတာဘဲ၊ သားသားအခုမှ ၃နှစ်လား ရှိသေးတာ ၁၃လီထိအလွတ်ဆိုနိုင်တာ အံ့ရောဟူသတည်း´ ဒုတိယအမျိုးသမီး `စီးကမ်းကောင်း လိုက်တာဟယ် ဆရာမက ရောက်တာနဲ့တန်းစီ အကုန်အိပ်၊ မျက်စိမှိတ်ထား၊ မအိပ်ရင် ကြိမ်လုံးကြည့်ထားလို့ ဆူထည့်လိုက်တာ အကုန်လုံးကြမ်းပေါ်မှာ ခေါင်းအုံးကလေးတွေနဲ့ ငြိမ်နေ တာပဲ၊ စီးကမ်းကောင်းလိုက်တာ ဟူသတတ်။´ တတိယ အမျိုးသမီးကမူကား ဤနှယ်မိန့်မြွတ်ပါ ၏ အိုကွယ် ဘိုလိုချည်းရေးခိုင်းတော့တာ My name is mg mg. My father is U Ba. My mother is daw mya. I like banana. ဆိုပြီး လိုက်ကူး ၊ ပြီးရင်အလွတ်ပြန်ဆို ၊ ဒွတ်ဒက် ရွတ်ရှက် ဘာတတ်သလဲ မမေးနဲ့ ဟူလို။အခြားသော အရပ်အရွာ ကမ္ဘာတို့ Pre-School အဓိပ္ပါယ်ကို မည်သို့ပင်ဖွင့်လင့်ကစား ကျွနုပ်တို့ အရပ် ကျွနုပ်ဇာတ်သည်၊ ကျွနုပ်တို့နည်း ကျွနုပ်တို့ဟန် ကျွနုပ်တို့အတွေးဖြင့် ထုဆစ်ပုံဖော်နေ သည်မှာ အားရစရာပင်ဖြစ်ပါ၏။

ကျွန်တော် တစ်ဦးတည်း၏ လိုအင်ဆန္ဒအရသော် မူကား ကလေးတို့ကို မွေးကင်းစ ၀ူးဝူးဝါးဝါး ပြောတတ်ကတည်းက အလီစကျတ်ခိုင်းသော် မကောင်းလားဟု အတွေးဝင်မှိပါ၏၊ အနို့အပြင် ကျောင်းမတတ်မှီ Pre-School မှာကတည်းက အင်္ဂလိပ်ဘုတ်အထဲက ဟာတွေ အကုန်ရသတော့ ဟု မိဘများဂုဏ်ယူနိုင်စေရန် Dictionary တစ်အုပ်လုံးကို ကျတ်ခိုင်းထားလျှင်ကော အကျိုးမထူး နိုင်ပါကလား ဘလော့စာရူသူ၊ တစ်ကနေ တစ်ထောင်အထိ အခေါက်ပေါင်း ၁၀၀ရေးကြစမ်း။ အနို့ကလိုလည်း Training မောင်းချင် မောင်းပေးနိုင်ပါ၏။ သို့တည်းမဟုတ် ပုံနှိပ်စာအုပ်ထဲက စာ တွေ ဗလာစာအုပ်ထဲကို အကုန်ကူးထည့်ကြစမ်း စသည်ဖြင့်လည်း လမ်းညွန်သမှုပြုနိုင်ပါ၏။ ခုန်ပေါက်ပြေး လွှား ဆော့ကစားနေမဲ့အစား၊ မီးရထားလေးတွေ ကားလေးတွေနဲ့ ဆော့ကစားနေ မည့်အစား၊ အရုပ်လေးတွေနဲ့ ဆော့နေမည့်အတူတူ၊ သမိုင်း၅ပုဒ်၊ ပထ၀ီ အပုဒ်၂၀၊ အင်္ဂလိပ် စာအကြောင်း ၁၀၀၊ အမြှောက်အလီ ၁၀ပုဒ်ကျတ်နေသည်က အကျိုးမများပါလား  အိုမိကောင်း ဖခင်။ ကိုကိုငွေနဲ့ မဒမ်ငွေတို့ ခလေးရခဲ့ပါက ၀မ်းကကျွတ်ကျွတ်ခြင်းမှာပင်လျှင် Pre-School သို့ ပို့လိုက်မည်အကြောင်း သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့။     

ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Monday, May 9, 2011

အမေ




အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုအမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့် မိန်းမက ပြောပါ တယ်။သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့အလုပ်တွေနဲ့ သားသ မီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကိုအ ကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
 

အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက် စားပြီးရုပ် ရှင်ကြည့် ဖို့ ပြောလိုက်ပါတယ်။"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"အမေဟာ ညည့်နက်မှ ဖုန်းလာ ရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င် တတ်တဲ့သူပါ။"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကား လေးဘာလေြးေ ပာ ချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ပြန်ပြောပါတယ်။အဲဒီအပတ် သောကြာ နေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။


ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကိုရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာတွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါး ၀မှာ စောင့်နေပါတယ်။ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့ နောက်ဆုံး အကြိမ်မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါ တယ်။အမေ့မျက် နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင် ကိုယ်ဝါလိုပဲလင်း လက်တောက် ပနေပါတယ်။


"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့ဘယ်တွေသွားတယ် ဘာတွေစား တယ်ဆို တာ သူတို့ကိုပြန်ြေ ပာပြ ရဦးမယ်။သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေက ပြော တယ်။ဆိုင်အကောင်း စားကြီး မဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေး တစ်ဆိုင် ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။

စားပွဲမှာ ထိုင်ပြီးတော့ အစား အသောက်စားရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။အမေက စာ လုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီး စိုက်ကြည့်နေတဲ့ အမေ့ကိုတွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေ ကပြော တယ်..."သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..." "အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့ကျွန်တော် ပြန်ပြောလိုက် ပါတယ်။ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားေ ကာင်းကောင်း ပြောဖြစ် ခဲ့ပါတယ်။ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အခုလတ်တလော ကိုယ် ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြ တာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင် လွတ်သွား တဲ့အထိပါပဲ။


 အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲအပြင် ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."လို့ပြောလို့ ကျွန်တော် သဘောတူလိုက် ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့ လား" လို့ အပြုံးနဲ့ မေးပါတယ်။"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထား တာထက် တောင် အများကြီး ပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။


ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီးအမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာအမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့ မလားဆိုတာ တော့သိပ်မသေချာဘူး... ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။


အမေ့သားနဲ့ အမေ့ချွေးမ အတွက်ပါ...သားနဲ့ညစာထွက်စားတဲ့ ညဟာ အမေ့အတွက် ဘယ် လောက် အဓိပ္ပါယ် ရှိတယ်ဆိုတာသားဘယ်တော့မှ သိမှာမဟုတ်ပါဘူး... သားကို အမေသိပ် ချစ်တယ်..."အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့ ပျော်ရွှင်စရာ အချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီး တယ်ဆိုတာ ကျွန်တော်နားလည်လိုက်ပါတယ်။

ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလိုမိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာအတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်းမိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံးလုပ် ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ် ယောက်ထဲနေ တတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တ မောပြန်လို ချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာအမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည် လာမိပါတယ်။မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကို လည်းအ လုပ်တွေ ရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။


(အမေများနေ့အတွက် အမှတ်တရပေးပို့လိုက်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မေးလ်လေးကို ပြန်လည် မျှဝေလိုက်ပါတယ်။)


ရွှင်လန်းချမ်းမြေ့ကြပေါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြ ပါစေခင်မျာ..။

Saturday, May 7, 2011

ကြက်ဥနှင့်ပြစ်သော် အဘယ်နည်း???

ကျွန်တော်ငယ်ငယ်က မော်လမြိုင်ကို ခဏခဏရောက်တယ်၊ မြို့မဟုတ်ပါဘူး၊တောရွာလေးပါ ၊ တောရောက်တော့ ရောက်သည့်အားလျှော်စွာပေါ့ ၊ ဟိုဟာလုပ်ဒါလုပ် သစ်ပင် တတ် ချောင်း ချို ချောင်း ကြား မြောင်းကျိုမြောင်းကြား ဂဏာန်းနှိုက် ပုဇွန်နှိုက် တောတတ်၊ အားရတယ်မရှိပါဘူး၊ တခါတရံကြတော့ ၊ ပွဲတွေဘာတွေ ကတဲ့ရာသီနဲ့ကြုံကြိုက်တဲ့အခါ ရှိတယ်၊ ကျွန်တော် ၇နှစ်သား ကမှတ်ပါတယ်၊ အဲဒီဒေသမှာ ပွဲကတာ ပွဲနာမည်က ပြည်သူ့စိန်ခဲ လားဘဲ ကလိုက်တဲ့မင်းသား ၊ ကျွန်တော် တို့ကလဲ ဘမျိုး ဘိုးတူဗျ ပွဲအင်မတန်ကြိုက်တယ်၊ ကတာခုန်တာ တီးတာမှုတ်တာ အကုန်ဝါသနာပါတယ်၊ ၇နှစ်သား အရွယ်ဆိုတာ ပွဲခင်းထဲရောက်တာနဲ့ အိပ်ရမှာ ဖြစ်ပေမဲ့ ကျွန် တော်က အိပ်ကိုမအိပ်ဖူး ၊ အပျိုတော်ထွက် တာကနေ စလိုက်တာ ၊ အော်ပဒါ၊ မြန်မာသံစဉ်၊ စတိက် ရှိုး ၊ ပြဇာတ်၊ နှစ်ပါးသွား ၊နောက်ပိုင်း အိုး မိုးလင်း ထိဆိုပါစို့ဗျာ။

ကျွန်တော့်တို့ ကပွဲကြည့်မှာဆိုတော့ သူကြီးက ဖျာနေရာတို့ဘာတို့ စီစဉ်ပေးထားရတယ်၊ ကျွန် တော်တို့ ဘေးဖျာတချပ်ကျော်က လူတွေမကဘဲ ခွေးတစ်ကောင်ပါ ပွဲထိုင်ကြည့်နေတာကို တွေ့ တယ်ဗျ၊ ကျွန်တော်ကလဲ ဒီခွေးကို ပွဲကြိုက်တဲ့ခွေးဘဲ မှတ်တာဘဲ၊ နောက်တော့မဟုတ်ဘူးဗျ၊ ဒီခွေးက ကိစ္စရှိလို့ ပွဲခင်းထဲကို တကူးတက ပိုင်ရှင်ဖြစ်သူက အစာရေစာ ပေးပြီး အချိုသက်ခေါ် ထားတာ၊ တညလုံးဘာပြဿနာမှမဖြစ်ဘူး၊ နှစ်ပါးသွားထွက်တော့ မင်းသားစိန်ခဲနဲ့ မင်းသမီးနှစ် ပါးလည်း သွားရော ခုနက ကျွန်တော်တို့ ဖျာတချပ်ကျော်က ၀ှီးကနဲ အသံကြီးထွက်ပြီး ကိန်ကိန် ဆိုတဲ့အ သံပါကြား လိုက်ရတယ်၊ နောက်တော့ ဘေးကခွေးကို ဘယ်အမျိုးကောင်းသားက ခွေးကို ဝေဟင် မှာလေ ယာဉ်စီးစေပြီး ကနေတဲ့ ဇာတ်စင်ပေါ်ကို အလည်အပတ် လွှတ်လိုက် သလဲမဆို တတ်ဘူး၊ အိုး ပြေးသူပြေး လွှားသူလွှား အော်ကြ ဟစ်ကြ နဲ့ ပွဲပျက်တယ်ဆိုပါစို့။

မိုးလင်းမှ အကြောင်းစုံ မေးကြည့်တော့ မင်းသားစိန်ဂဲ ဇာတ်ထဲက မင်းသမီးနဲ့ ရွာထဲက ကာလသားတွေနဲ့က တော်တော်လေပေးဖြောင့်ဆိုဘဲ၊ ကာလသားတွေနဲ့ လေပေးဖြောင့်တဲ့ မင်းသမီးကို ညောင်နာနာနဲ့ မင်းသားစိန်ခဲက တညလုံး အပျိုတော် ထွက်ပြီးကတည်းက မိုးလင်းလို့ နောက်ပိုင်းကတဲ့အထိ ဒီမင်းသမီးတလက်ထဲကို မင်းသားစိန်ခဲက တွဲကလို့ ၊ ရွာကကာလသားကြီးတွေက သူတို့အချစ်တော်မင်းသမီးကို အဲလို တညလုံး ၂ရက်ဆက်တိုက် ကရကောင်းလားဆိုပြီး ခွေးနဲ့ပြစ်တင်ပြီး ပွဲဖျက်တယ်လို့ သဲ့သဲ့ကြား ခဲ့တာဘဲ၊ အဲဒီအကြောင်းကို ထိုင်းမှာကျောင်းတတ်တုန်းက သူငယ်ချင်းတွေ ပြောပြတော့ တော်တော်လေး ရီကြတယ်၊ နောက်ပြီးတော့ သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးတယ် ယဉ်ကျေးမှု့ သိပ်မထွန်းကားလို့ ကွတဲ့၊ တို့အာရှနိုင်ငံတော်တော်များများမှာ ဒီလိုဘဲဖြစ် နေဆဲ တဲ့။

အခုအောက်က သတင်းလေး ဖက်လိုက်တော့ ဇာတ်စင်ပေါ်ကို ခွေးပြစ်တင်တာကို အနှီသူငယ် ချင်းက ယဉ်ကျေးမှု့မထွန်းကား သည်ဟု ဆိုရကား၊ ကြက်ဥနှင့် ပေါက်လျှင် အဘယ်သို့နည်းဟု ပုစ္ဆာပြုလိုက် ချင်ပါဘိတောင်း။

စာရှု့သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။

 

 

          Australian charged over Justin Bieber egg throwing

SYDNEY: An Australian teenager was charged Thursday with breaking into the roof of a concert arena so he could throw eggs at Canadian pop sensation Justin Bieber.

The 17-year-old heartthrob, touring Australia, has been mobbed by screaming girls at sold-out shows, but had eggs thrown at him when performing his first single "One Time" at a concert in Sydney on Friday.

None hit him and he finished singing the song before taking a break so the stage could be cleaned up.

Australian Associated Press said a 17-year-old Sydney resident was arrested at his home early Thursday and charged with breaking and entering, trespass and malicious damage following complaints from Acer Arena.

He was bailed to appear at a children's court on June 2.


Thursday, May 5, 2011

လူမဖြစ်တတ်သော ကောင်မလေးနှစ်ယောက်

                                    အမွှာပူးသမီးမွေးစဉ်က ပြုံးပျော်နေသော သမ္မတဟောင်းဂျော့ဘွတ်
                                                    berbera နဲ့ Jenna
                                    အသက်ပြည့် ဘီယာမှီဝဲခွင့်ရရှိထားသူလေးနှစ်ဦး

အတာသင်္ကြန် အတွင်းက နာရေးကူညီမှု့အသင်းရန်ကုန်လည်း တော်တော်လေးကို မအားမလတ်ရှိ ပြီး၊ နာရေးကိစ္စအ၀၀ကို ကူညီပို့ဆောင်ပေးရသည်ဟူသတတ်၊ ထိုကဲ့သို့မအားမလတ်ပို့ဆောင် သဂြိုလ်ရ သည့် အခါတွင်း တွင် ရန်ကုန်တွင်သေဆုံးသူပေါင်း ၁၇၅ဦးကို အန်ကယ်ကျော်သူက ဦးစီးပြီး အသုဘ ကိစ္စအ၀၀ အတွက် ပို့ဆောင်သဂြိုင်္လ်ပေးခဲ့ရသောဟူ၏။

ထိုသတင်းတွေရဲ့နောက်ဆက်တွဲအရ သေဆုံးသူ တစ်ဝက်မှာ သင်္ကြန်ရေဆော့ကစားရင်း အရက်မူး လွန်ပြီး သေဆုံးသူများ ဖြစ်တယ်လို့သိရပါသေး၏၊ တချို့မှာ အသက် ၁၅/၁၆ ကျော်ကျော်မိန်း ခလေးတွေ တောင်ပါဝင်တယ်လို့ ပြောပြတဲ့လူက တအံ့တသြကြီး ပြောပြနေလို့ သဘောကျမှိသေးတယ်။

သူငယ်ချင်းတစ်ယောက်က ဂျီတော့ကနေ သူငယ်ချင်းမတစ်ယောက် အခါတွင်း ပျော်ပါး ဆော့က စားရင်း ၊ အရက်မူးလွန်ပြီး သေချင်းဆိုးသွားရှာတယ်လို့ သတင်းပေးလာလို့၊ကိုကိုငွေကလဲ အားကျမခံ မောင်ရင်ရယ် ၁၅/၁၆တွေ အရက်သောက်လို့ သေတာဘာများဆန်းလို့ တုန်း ဘိန်းတောင်ရှုနေမှဟုတ်စာ ၊ သူကပြန်ပြောပါတယ် ကျွန်တော့်ကို `မင်းကလဲကွာ´ မကွာနဲ့ မောင်ရင်ရဲ့ ဒို့နိုင်ငံရဲ့ တချို့သော အရပ်ဒေသတွေမှာ  တချို့မိဘတွေ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို အရက်ဆိုင်လွတ်ပြီး အရက်ဝယ်ခိုင်းတယ်မောင်၊ စာသင်ကျောင်းနားမှာ ဘီယာ ဆိုင်ရှိတယ်မောင်၊ ထန်းတောထဲမှာ တက္ကသိုလ်ရှိတယ်မောင်၊ တက္ကသိုလ်ဝန်းကျင်မှာ ဘော်ဒါလို လို ဘာလိုလိုနဲ့ မာဆပ်ဖွင့်ထား တာရှိတယ်၊ နောက်ဆုံးကွာ ဆောင်ကြာမြိုင်တောင်ရှိနေသေး တယ်မင်းဘာပြော ချင်သတုန်းမောင်ရင်။

`အိုကွာ´ လို့သူကတခွန်းဘဲပြောနိုင်တယ်၊ ကျွန်တော် လဲ ဆက်ပြောလိုက်သေးတယ်၊ ရန်ကုန်မြို့ လည်ခေါင်မှာ ယာမလိုစိတ်ကြွ ဆေးပြား ၀ယ်လို့ရတယ် ပိုက်ဆံတတ်နိုင်လို့ကတော့ မူးယစ်ဆေး မျိုးစုံရတယ်ကွ၊ ဒီလိုဖြစ်နေမှ တော့ သင်္ကြန်ရက် အရက် သောက်ပြီး ကာလနာ တိုက်တာ ဘယ်တတ်နိုင် မတုန်းလို့ ဘုတောတော လိုက်မှိပါတယ်။

ဒီလိုသတင်းမျိုးတွေ ကိုကိုငွေတို့ ၀န်းကျင်မှာ ရိုးဟိုးဟိုးနေပါ့မဟုတ်လား ဆေးမိလို့  ဘယ်လူ ကြီးသားက ဘယ်အဆိုတော်နဲ့ ဆေးချကြလို့ ရဲကမှိပေမဲ့ မဖမ်းရဲဘူး၊ ခနခနကြားတယ် ဘယ်သူ့သမီးနဲ့ ဘယ်သူ့သားက ဆေးလွန်ပြီးဆေးရုံရောက်ပြန်ပြီ စသဖြင့်စသဖြင့် အဲသလိုကြား ဖန်များတော့ နားတောင်ယဉ်နေပါပြီ၊ ဒါတွေနဲ့ပတ်သတ်ပြီး စကားမစပ် လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်က ဧပြီလလား မေလလား မမှတ်မှိဘူး၊ သတင်းတခုဖက်လိုက်ရသေးတယ်၊ အဲဒီအချိန်က အမေရိကန် နိုင်ငံရဲ့ ၄၃ဆက်မြောက် သမ္မတကြီး ဂျော့ဘုရှ် ရဲ့ အမွှာသမီးနှစ်ဦးဖြစ်တဲ့ berbera နဲ့ Jenna ဆိုတဲ့ ငတိမလေးနှစ်ယောက် ညကြီးအချိန်မတော် တက္ကဆက်ပြည်နယ်ထဲက  Austin အရပ်မှာ ရှိ တဲ့ Chuy’s ဆိုတဲ့ ဘားလေးတခုမှာ သူများမှတ်ပုံတင်နဲ့ ဘီယာဝယ်မှိလို့ တက္ကဆက်ပြည်နယ်ရဲ့ ဥပဒေအရ အသက်၂၁နှစ်မပြည့်သေးဘဲ အရက်မရောင်းချခွင့်မရှိသောကြောင့် အဆိုပါ သတို့သမီး နှစ်ယောက်ကို ရဲကိုအကြောင်းကြား ပြီးဖမ်းဆီးသမှု့ပြုခဲ့လိုက်တဲ့ကြောင်းဖက်လိုက်ရပါသေး တယ်။

ရောင်းတဲ့ဆိုင်ကိုလဲ ပထမအကြိမ်ရောင်းချခြင်းကြောင့် ဆိုင်ကို ရက်ပေါင်း၆၀ ပိတ်၊ ၀ယ်ယူသူကို လည်း ဒဏ်ငွေ၅၀၀ပေးခိုင်းလို့ ကမ္ဘာတလွှား ဟိုးလေးတကျော်ဖြစ်တဲ့ သတင်းတမုတ်ဟုတ် ချင်း တောင်ပျံ့နှံ့ သွားသေးမဟုတ်လား။ ဖခင်ဖြစ်သူ သမ္မတကြီးခင်မျာ ၀ါရှင်တန်ကိုသွားဘို့ သမ္မတ အထူးလေ ယာဉ်ပေါ်ကိုရောက် နေမှ ရဲကဖုန်းဆက်လို့၊ တက္ကဆက်ကိုပြန်ပြီး အသက်၂၁ နှစ်မပြည့်သေးတဲ့ သမီး ငယ်လေးတွေ အတွက် ဒဏ်ငွေ၅၀၀ကို ကိုယ်တိုင်ပေးဆောင်လိုက်ရပြီး၊ သူ့သမီးလေးတွေကြောင့် ဆိုင်ပိတ် သိမ်းလိုက်ရတဲ့ ဆိုင်ရှင်ကြီးကိုလဲ ၀မ်းနည်းပါကြောင်း တောင်းပန်လိုက်ရသေးဆိုဘဲ။

 အခါတွင်းမှာ သေခဲ့တဲ့ အမျိုးသမီးငယ်လေးတွေကို အရက် ရောင်းလိုက်တဲ့ ဆိုင်တို့ ဘီယာရောင်းလိုက်တဲ့ ဆိုင်တို့ကို နိုင်ငံတော်သမ္မတကြီး နေပြည်တော် ဆရာသိန်းက အဲသလို ဥပဒေဥပဒတ်တွေနဲ့ ထုတ်ပြန်တားမြစ်ထားရင် သိပ်ကောင်းမှာဘဲလို့ တွေးမှိလိုက်သေးတယ်။ သို့ကလိုမင့်လေလဲ၊ စိတ်ကူးဟာ စိတ်ကူးသာရှိတာဘဲပ ကိုကိုငွေတို့က ဘာအာဏာမှ မရှိပါ့ဘဲ ရှိတဲ့လူများ လုပ်ချင်ရင်လုပ်ဖို့ပေါ့ ။

ကဲနိဂုံးချုပ်မယ်ဗျာ ၊  ဟိုအမေရိကန် သမ္မတဟောင်းကြီးရဲ့ သမီးလေး နှစ်ယောက် ဘီယာမ သောက်ရဘူး ဟုတ်စ ၊ လာခဲ့မြန်မာပြည်ကို ဒီမှာ မင်းတို့ထက် ငယ်တဲ့ မြန်မာမိန်းခလေး တွေတောင် ဘီယာတို့ အရက်တို့ပေါပေါများများ ပျော်ပျော်ရွှင်ရွှင် သုံးဆောင် နေမှ ၊ မင်းတို့ ညီမဟာ ကံကိုဆိုးတယ်၊ လူစဖြစ်ဘို့ စဉ်းစားကတည်းက မြန်မာပြည်မှာ လူဝင်စားဘို့ ကောင်းတယ်၊ အခုတော့ အမေရိကန်သမ္မတ ကတော်ကြီး လော်ဒါဘွတ် ထံဝင်စားတော့ ဘီယာမ သောက်ရဘဲ အရှက် တကွဲအကျိုးနဲဖြစ်တာပေါ့ ၊ ဒို့ဆီက လူဆင်းရဲ တွေဆီမှာ သာဝင် စားလိုက်ရင် ၁၅/၁၆ လောက်နဲ့ ကလပ်လဲရောက်မယ်၊ ဘီယာ လဲ သောက်ရတယ် ၊ အရက် လဲသောက်ရတယ် +++++ +ဖြစ်တယ်ပေါ့ကွာ ပေါ့ကွာ။ နောင်များ လူဖြစ် တတ်ပါစေပေါ့….။

ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ..။





Tuesday, May 3, 2011

မှန်ရာကို သစ္စာဆိုပါမည်..။

ဒီတလော စာမရေးဖြစ်တာ တော်တော်လေးကြာနေပါပြီ၊ နေ့ဖက်တွေကြတော့ မအားဘူး ညဖက် အားလို့ စာလေးပေးလေး ရေးမလားမှတ်တယ်၊ မန္တလေးရွှေမြို့တော်က ဘလော်ကာ စိန်ကိုးကို ကိုးက လှမ်းလှမ်းခေါ်တာနဲ့ မရေးဖြစ်ဘူး၊ နေ့ဖက်ကြတော့ မဒမ်က မာဆပ်သွားသွားနေရတယ် ခေါင်းကိုက်လို့၊ ဟိုနေ့က ဆေးခန်းသွားတယ်၊ ကုန်လိုက်တဲ့ပိုက်ဆံ။

ဘယ်လောက် ဘလော့နဲ့ဝေးစွခြောက်ပါး အေးမြယောကျာင်္း ဖြစ်နေသလဲဆိုရင် ဘလော့ ကာများရဲ့ အချစ်တော် ငွေလမင်းတို့အခေါ်အားဖြင့် ဘကျောက် ဘ၀တပါးကူး ပြောင်း သွားတာ မသိလိုက်ဘူး ၊ ဧပြီလ ၂၄ရက်နေ့ကတောင် ငွေလမင်းမှာ လာပြီးတော့ ကွန်မင့်ပေးသွားသေး တယ်၊ နောက်ဆုံး ကွန်မင့်လေလား ဘကျောက်ရယ်၊ ဘကျောက်ရေ ငွေလမင်းတို့က လူငယ်တွေ ဆိုတော့ မရိုမသေ မလေးမစားနဲ့ ပေါက်ကရ ပေါက်ပန်းဈေး ပြောဆိုမှိခဲ့ရင် သည်းခံပါလို့ တောင်း ပန်လိုက်ပါတယ်၊ အဘရဲ့ ဘလော့ကို လာပြီးတော့ ကွန်မင့်မရေးချင်ဘူးဗျ ၊ ကျွန်တော်က ၀မ်း နည်းတတ်တယ်၊ မဒမ်ကလဲ နေမကောင်းနေတဲ့ကြားက အလိုက်ကန်းဆိုးမသိ သွားမန့်လိုက်ပါအုံး တဲ့၊ ကျွန်တော်လဲ မန့်မလို့ စာတွေရေးပြီးမှ စိတ်မကောင်းဖြစ်လာလို့၊ ဖြတ်ပလိုက်တယ်ဘ ကျောက်ရေ၊ ကျွန်တော် တို့ရဲ့ ငွေလမင်းလေးက ဘလော့စပေါ့ မဟုတ်တော့ဘူးဗျ ၊ ဒိုမိန်းဖြစ်သွား ပြီသိလား၊ အော် …. အဘ ..အဘ မြင်မသွားရရှာပါလား၊ ဧရာဝဏ်ဆင်သေလို့ ဧရာဝဏ်နတ်သားဖြစ်တယ်ဆိုရင် ၊ ဘလော်ကာ ဘကျောက်သေရင် ဘလော်ကာကျောက် နတ်မင်း၊ သို့တည်းမဟုတ် ဘလော့နတ် မင်းကြီး ဖြစ်စေချင်ပါတယ်။

ဘကျောက်ဆုံးပြီး ရက်သိပ်မကွာဘူး အိုစမာဘင်လာဒင်ဆုံးတယ်၊ ဘကျောက်သာရှိသေးရင် ဟာ သနှောပြီး ဘယ်နည်းဘယ်ပုံရေးပါလိမ့်မလဲလို့ အတွေးနဲ့ ဆွေးနေသေးတယ်၊ တစ်ကယ်လို့သာ ဘကျောက်က ဘလော်ကာနတ်မင်းကြီး ဖြစ်ရင် ဘ၀တူနတ်သားတွေနဲ့ အိုစမာအကြောင်းရေး ကြပေါ့ ၊ ဟုတ်ဘူးလား၊ ကုသိုလ်ကလဲ အမျှအတန်းပေးရလောက်အောင်ထိ ကြီးကြီးမားမား မရှိဘူး အဘရဲ့၊ ဟိုးနေ့ကတော့ ကုန်တိုက်ထဲ ဂျပန်ငလျင်အတွက် အလှူခံပုံးတွေ့လို့ ၂ကျပ်လှူ လိုက်တယ်၊ နောက်တခါ အကြွေစေ့ ၁ကျပ်နဲ့ ပြား၇၀လောက်ရှိတယ်၊ အဲဒါအဘကို အမျှပေး တယ် သာဓုခေါ်ပါ အဘကျောက်၊ အဘမြေးမကိုလဲ စောင့်လျှောက်နော် ၊ စကာင်္ပူထီ ၅စောင်ထိုး ထားတယ် လေးရက်နေ့ထွက်မတဲ့ အဘရဲ့ ၊ မစလိုက်စမ်းပါ ပထမဆုလောက်ပါအောင် ပါလို့ကတော့ စကာင်္ပူမှာရှိတဲ့ ဘလော်ကာတွေကို အဘကျောက်အတွက် ဆိုပြီး တိုပါးယိုးကျောင်း မှာသွားလှူပလိုက်မယ်။

အော်အဘရေ စကားမစပ်ဗျာ ၊ မနေ့ညက ဘလော်ကာမာနတ်မင်းက ကူညီလို့ ငွေလမင်းတို့ရေး နေကြ ၊ http://www.lamin30.blogspot.com/ ကို http://www.ngwelamin.com/ ပြောင်းလိုက်တယ်၊ အိုင်တီ ကိုနကန်းတစ်လုံးမသိတဲ့ ကျွန်တော့်ကို ရှင်းပြနေလိုက်ပုံများ သိပ်ပြီး ချစ်ဘို့ကောင်း တယ်လို့တောင် ဆိုလိုက်ချင်ပါရဲ့ အဘရဲ့၊ အဲဒီမာနတ်ကြီးက တန်းဗျူ ဟာ ဆော့ဝဲလေး ပြေးလိုက်ပြီး မလေးရှားကနေ စကာင်္ပူကို လှမ်းကလိ လိုက်တာ ငွေလမင်းဒေါ့ကွန်းဖြစ် သွားတာပါဘဲအဘရဲ့။ ကဲအဘရေ လိုရင်းပြောမယ်ဗျာ စာသိပ် မရေးဖြစ်ဘူး အဘမြေးမဒမ်ငွေ နေမကောင်းဘူး၊ အိုစမာဘင်လာဒင်သေပြီ၊ အဘကို ဘလော်ကာနတ်မင်းဖြစ်စေချင်တယ်၊ လှူ တန်းထားတာလေးတွေကို အမျှအတန်းပေးဝေတယ်၊ အဘဆုံးတာကို ၀မ်းတော်တော်နည်းတယ်၊ စကာင်္ပူထီထိုးထားတာပေါက်ရင် အဘအတွက် စကာင်္ပူ ဘလော်ကာတွေစုပြီး အလှူလုပ်ပေးမယ်၊ မစပေါ့၊ http://www.ngwelamin.com/ ဖြစ်သွားပြီ ဒါပါဘဲအဘရေ အဘကောင်းရာသုဂတိ လားပါစေ။

ဘလော့ကာအပေါင်းတို့ခင်မျာ ငွေလမင်းတို့ကို http://www.ngwelamin .com/ ပြောင်းချိတ် ပေး ပါဟု ပြောကြားလိုပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ငွေလမင်းတိုက ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, April 21, 2011

ဒေါ်လာ၂၀၏ တန်ဘိုး


ဟောပြောပွဲတခုတွင် ပညာရှင်တစ်ယောက်ဟာ ဒေါ်လာ၂၀တန် တစ်ရွတ်ကို ကိုင်ပြီး ဒီဒေါ်လာ ၂၀တန်ဒေါ်လာကို ယူချင်တဲ့ လူရှိရင် လက်ထောင်ပါလို့၊ စတင်ပြောဆိုလိုက်ပါတယ်၊ အဲဒီအချိန် မှာ ဟောပြောပွဲလာ ပရိတ်သတ်အားလုံးဟာ လက်ညိုးကိုယ်စီထောင်ပြီး ယူလိုကြောင်းပြ သလိုက် ကြပါတယ်၊ အဲဒီအချိန်မှာ ဟောပြောသူပညာရှင်က `ကောင်းပါပြီ´ ကျွန်တော့်ကို တခုခု လုပ်ခွင့် ပြုပါလို့ ပရိတ်သတ်ကို တောင်းဆိုလိုက်ပြီး ခုနက ပြထားတဲ့ ဒေါ်လာ၂၀တန်ကို လက်နဲ့ပွတ်ချေပြီး ကျေ မွသွားအောင်ပြုလုပ် လိုက်ပါတယ်။

 သူကဆက်ပြီး ပရိတ်သတ်ကို မေးလိုက်ပါတယ် `ဒီ၂၀တန် ငွေစက္ကူကို လိုချင်တဲ့ သူများ ရှိရင်သေး  လက်ထောင်ပါလို့ ပညာရှင်ကမေးလိုက်ပါတယ်၊´ အဲလိုမေးလိုက်ချိန်မှာ လက် ထောင်တဲ့ သူများဟာ အရင်ကလိုဘဲ ယုတ်လျော့မှုမရှိတာကို ပညာရှင်ကတွေ့မြင် နေလိုက် ပါတယ်။

`အိုကေ ဟုတ်ပြီ ကျွန်တော် ဒီလိုထပ်လုပ်ရင်ရောလို့´ ပညာရှင်က မေးပြီး ခုနက ၂၀တန်ဒေါ်လာ ကို ကြမ်းပြင်ပေါ်ကို ပြစ်ချပြီး၊ ခြေထောက်နဲ့ တတ်နင်းချေပါတယ်၊ ပြီးတော့ ပြန်ကောက်ပါတယ် ပြန်ကောက်တော့ ငွေစက္ကူဟာ ကြေမွနေရုံတင်သာမကဘဲ၊ ညစ်ပေပြီးနေပါတော့တယ်၊ အဲဒီအချိန်မှာ ပညာရှင်က အခုကိုင်ထားတဲ့ ကြေမွညစ်ပေနေတဲ့ ငွေစက္ကူကို လိုချင်တဲ့လူများ ရှိသေးရင် လက်ညိုးထောင်ပါလို့ ထပ်မံပြီးမေးလိုက်တဲ့ အခါမှာတော့ အရင်ကလိုဘဲ လက်ညိုးထောင်သူများ များပြားနေဆဲပါ။

အဲဒီအချိန်မှာ ပညာရှင်က `လေးစားအပ်တဲ့ မိတ်ဆွေများခင်မျာ အင်မတန် အဘိုးတန်တဲ့ သင်္ခန်းစာ တခုကို ကျွန်တော်တို့ ရလိုက်ပြီဖြစ်ပါတယ်၊ ဒီငွေစက္ကူကို ဘယ်လိုဘဲလုပ်လုပ် မိတ်ဆွေ တွေက လိုလားနှစ်သက် လက်ခံကြဆဲဖြစ်ပါတယ်၊ ညစ်ပေအောင် ပေပွကြေမွအောင် လုပ်ခဲ့ပြီးပါ ပြီ၊ ဒါပေမဲ့ မိတ်ဆွေတွေကတော့ ဒီငွေစက္ကူကို လိုလားနေဆဲဖြစ်ပါတယ်၊ အဲဒါဘာကြောင့်လဲ ဆိုရင် သူဟာ အရင်ကလည်း ဒေါ်လာ၂၀၊ အခုလဲ ဒေါ်လာ၂၀ဘဲဖြစ်ပြီး သူ့တန်ဘိုးကို ယုတ် လျှော့သွားခြင်းမရှိလို့ပါဘဲ။ လို့ပြောဆိုပြီး သူ့ ရဲ့ဟောပြောပွဲကို ရုပ်သိမ်းလိုက်ပါတယ်။

ဒီပုံပြင်လေးကတော့ ဆရာဖေလင်းသစ် မော်လမြိုင်မှာ ဟောပြောသွားတဲ့ ဟောပြောချက်ထဲက ပုံပြင်လေးတခုပါ၊ တန်ဘိုးရှိတဲ့အရာ ၀တ္ထုတခုခုကို ဘယ်လိုတန်ဘိုးကျအောင် လုပ်လုပ် လက်ခံ သူတွေ ကလက်ခံနေသေးရင် ထိုအရာဝတ္ထုဟာ တန်ဘိုးရှိနေဆဲဖြစ်တယ်လို့ ဆရာဟာဆိုလိုဟန် ရှိပါတယ်၊ ဒီပုံပြင်လေးကို ဆရာက မဂ္ဂဇင်းတခုမှာ ရေးလိုက်ပေမဲ့ မြန်မာနိုင်ငံ စာပေစိစစ်ရေးက ဖော်ပြခွင့်မရရှိတဲ့အတွက် ဆရာ့ရဲ့ပုံပြင်လေးဟာ ဖော်ပြခွင့်မရလိုက်ဖူးလို့ ဆရာက ဆိုပါတယ်။

ပတ္တမြား အစစ် ၊ နွံ့မှာနစ်သော် ၊ မညစ်အရောင် တိုး၍ပြောင်၏လို့ မြန်မာဆိုရိုးစကား ရှိ သမို့လားခင်မျာ တန်ဘိုးရှိသော အရာဝတ္ထုတိုင်းကို ဖုံးကွယ်လို့ ရတယ်ဟူ၍ ကြား ဖူးမှိကြပါ သလား??????။ ဒေါ်လာ၂၀ကို ဤမျှလောက် လူတိုင်း တန်ဘိုးထားသည်ဟု ဆိုလျှင်….??????။

ဘလော့စာရှုသူများ မင်္ဂလာနှစ်သစ်ပါလို့ နုတ်ခွန်းဆက်သရင်း ၊ တန်ဘိုးရှိသော အရာဝတ္ထုများကို ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း ၊ ငွေလမင်းတို့ သားမိက ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်မျာ။