Tuesday, May 31, 2011
ကလေးတို့သဘာဝ
၁။ အမြဲတစေ အနှိမ်ခံရသော ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတတ်၏။ ထောက်ခံအားပေးမှု့ကို ရရှိသော ကလေးသည် မိမိကိုယ်မိမိ ယုံကြည်သူဖြစ်လာတတ်၏။
၂။ အမြဲတစေ အငေါက်ခံရသော ကလေးသည် အရာရာတွန့်ဆုတ်တတ် ကြောက်တတ် ပျင်း ရိတတ်၏။
 ချီးကျူးမှု့ကို ရရှိသော ကလေးသည် ဇွဲမလျှော့သူ သတ္တိရှိသူ ကြိုးစားသူဖြစ်လာတတ်၏။
၃။ အမြဲတစေ ပြစ်တင်ရှုံ့ချခြင်းကို ခံရသော ကလေးသည် အပြစ်ရှာသူ ရန်လိုသူဖြစ်လာတတ်၏
သည်းခံခွင့်လွှတ်သူတို့နှင့် အတူနေခဲ့ရသော ကလေးသည် သည်းခံခွင့်လွှတ်သူဖြစ်လာတတ်၏။
၎။ အမြဲတစေ အနိုင်ကျင့်ခံရသော ကလေးသည် သူတပါးကို အနိုင်ကျင့်သူ ဖြစ်လာတတ်၏။
မျှတသူ စာနာသူတို့နှင့် အတူနေခဲ့ရသော ကလေးသည် မျှတစာနာ သူဖြစ်လာတတ်၏။
၅။ လိမ်ညာ ညစ်ပတ်ခြင်းကို ခံထားရသော ကလေးသည် လိမ်ညာညစ်ပတ်သူ ဖြစ်လာတတ်၏။
ရိုးသားဖြောင့်မတ် သူတို့နှင့် အတူနေခဲ့ရသော ခလေးသည် ရိုးသားဖြောင့်မတ်သူ ဖြစ်လာ တတ်၏။
၆။ အမြဲတစေ ၀ိုင်းပယ်ခြင်းကို ခံရသော ကလေးသည် သူတပါးကို နာကျည်းသူဖြစ်လာတတ်၏။
ကူညီဖေးမ သူတို့နှင့်အတူ နေခဲ့ရသော ကလေးသည် သူတပါးအပေါ် ကူညီတတ် သူဖြစ် လာတတ်၏။
၇။ ရက်စက်မှု့ကိုခံရသော ကလေးသည် သူတပါးကို ရက်စက်သူ ဒုက္ခပေးသူ ဖြစ်လာတတ်၏။
အကြင်နာတရားကို ငယ်စဉ်ကရရှိ ခဲ့သောကလေးသည်  သူတပါးအပေါ် ကြင်နာတတ် သူဖြစ် လာ၏။
၈။ အမြဲတစေ မုန်းတီးခြင်းကို ခံရသော ကလေးသည် သူတပါးကို မုန်းတီးတတ်သူ ဖြစ်လာ တတ်၏။
မေတ္တာဖြင့် ပိုက်ထွေးမှု့ကို ခံရသော ကလေးသည် အားလုံးကို ချစ်တတ်သူ ဖြစ်လာတတ်၏။
၉။ လူဆိုးလူမိုက်များ ပညာမဲ့သူများနှင့် နေရသော ကလေးသည် လူဆိုးလူမိုက် ပညာမဲ့ဖြစ်လာ တတ်၏။
စာအုပ်စာပေများ ပညာရှိသူများနှင့် နေရသော ကလေးသည် ပညာရှိသူဖြစ်လာတတ်၏။
ယူနီဆက်က ထုတ်ဝေတဲ့ ဘုတ်အုပ်စာပေ တွေထဲက ဘာသာပြန်ရေးသားခြင်းပါ ဗျာတို့ရယ်၊ သားသမီးဆိုတာကတော့ ရတနာဆိုသမို့လား ၊ သို့ကလိုမင့်လဲ ရတနာဖြစ်အောင် လုပ်တတ်မှ သားရတနာဖြစ်တာ မဟုတ်ပါလား၊ မှင်နီတွေတားထားတဲ့ နေရာမှာ ကိုယ့်သားသမီးဖြစ်နေရင် ဘယ်နှာလုပ်ကြရပါလိမ့်မတုန်း၊ အဲသလို ဖြစ်လာမှ ဒို့သားမီးက ဆိုးချေတယ် မိုက်ချေတယ်ဟု ပြောဆိုနေသော်လည်း အလကားပါဘဲ ဗျာတို့ သို့ကလိုကြောင့်  `လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဖတို့က´ သားရွှေခဲ သမီးရွှေခဲတို့ကို ငယ်စဉ် တောင်ကျေး ကလေးဘ၀မှစလို့ အောက်က စာလုံးအစောင်းလေးတွေနဲ့ ရေးထားတဲ့ နေရာကို ရောက်အောင်ပို့ဆောင် ပေးရ သော် မကောင်းပါလားဗျာတို့။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။
Sunday, May 29, 2011
ဦးဏှောက်တို့ သဘာဝ
ကျွန်ုပ်တို့   ဖတ်  သမျှ၏ ၁၀%ကို
ကျွန်ုပ်တို့ ကြား သမျှ၏ ၂၀%ကို
ကျွန်ုပ်တို့ မြင် သမျှ၏ ၃၀%ကို
ကျွန်ုပ်တို့  မြင်+ကြား သမျှ၏ ၅၀%ကို
ကျွန်ုပ်တို့  ဆွေးနွေးငြင်းခုန် သမျှ၏ ၇၀%ကို
ကျွန်ုပ်တို့ ကိုယ်တိုင်ခံစားတွေ့ကြုံရ သမျှ၏ ၈၉%ကို
ကျွန်ုပ်တို့ သူတပါးအား သင်ကြားပေးဖြစ် သမျှ၏ ၉၅%ကို
ဦးဏှောက်တွင် မှတ်မှိကျန်ရစ်သည်။
ကဲ ကျွန်တော်တို့ဘာလုပ်သင့်သလဲ?
ဘလော့စာရှု့သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်။
Thursday, May 26, 2011
လောကသဘာဝ
ကံချင်းတူလျှင် ဥာဏ်ရှိသူက (စဉ်းစားတွေးတောသူ)ကသာမယ်။
 ဥာဏ်ချင်းတူလျှင် ၀ီရိယရှိသူ (သတ္တိရှို)ကသာမယ်။
 စည်းကမ်းရှိတာချင်းတူလျှင် စေတနာရှိသူ (စိတ်ကောင်း မွေးသူ) ကသာမယ်။
 စေတနာရှိတာချင်းတူလျှင် (နှုတ်ချိုသူ)ကသာမယ်။
 နှုတ်ချိုတာချင်းတူလျှင် (ရိုးသားဖြောင့်မတ်သူ)ကသာမယ်။
စာသားတွေ ကြိုက်လို့ တင်လိုက်ပါတယ် ( ဆားချက်တာ )...
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။
Saturday, May 21, 2011
‘ဗျူး’ (တဂ်)
‘ဗျူး’ ဆိုတဲ့ တဂ်ပို့စ် လေးကို မောင်မျိုးက စပြီးတဂ်တုန်းက သတိထားမိတယ် နောက်ပိုင်း အလုပ်မအားတာနဲ့ရေးမယ်ဆိုပြီး ဆက်မရေးဖြစ်ဘဲ မေ့သွားတယ် အခုမှဘဲရေးဖြစ်တော့တယ် နောက်ကျသွားတာတောင်းပန်ပါတယ်။
မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။
ဖြေ = Blog ကိုသိတာ ၂၀၀၉ လောက်ကပါ စာဖတ်တာ ၀ါသနာပါတော့ စာတွေဘဲ လိုက်ဖတ်ဖြစ်ပါတယ် နောက်ပိုင်း သူငယ်ချင်းမတစ်ယောက်ရေးနေတဲ့ ဘလော့မှာ တခါတရံ ပို့စ်လေးတွေ ရေးဖြစ်ပါတယ်။ မဒမ်ငွေနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း အမှတ်တရအနေနဲ့ ဘလော့တခုလုပ်မယ်လို့ စဉ်းစားပြီး ၂၀၁၀ ဇူလိုင်လမှာ စပြီး ဘလော့စရေးဖြစ်ပါတယ်။
မေး= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေ တိုးတက်ပြောင်းလဲလာပြီး ဘာတွေ မပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ။
ဖြေ= အစပိုင်းရေးခါစက ဘာရေးရမှန်းလဲ မသိဘူး စာတွေဖတ်ထားတာတွေတော့ ရှိတယ် တကယ်ရေးမယ်ဆိုတော့ ဘာတွေရေးရမှန်းမသိဘူး ပို့စ်တခု တခုကိုရေးဖို့ မအားတာထက် ဘာရေးရမှန်းမသိလို့ မရေးဖြစ်တာများတယ်။ နောက်ပိုင်း ရေးတာများလာတော့ ဘာတွေရေးရမလဲ ဆိုတာ ခေါင်းထဲမှာ အလိုလိုပေါ်နေတယ် မအားလို့သာ မရေးဖြစ်တာ အဲလိုကွာခြားလာတယ် ထင်တာဘဲ တိုးတက်ပြောင်းလဲလာတာတော့ မပြောတတ်ပါဘူး ဒီလိုပါဘဲ အပျော်တမ်းရေးနေတာပါ ကိုယ်ဖတ်ထားတာ သိထားတာကို ပြန်ပြီးရှယ်တဲ့သဘောလောက်ပါဘဲ။
မေး= ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာပျောက်သွားသေးတယ်လေ ။
ဖြေ= ဒီမေးခွန်းကတော့ ကျနော်နဲ့သိပ်မဆိုင်ဘူးထင်တယ် တော်တော်ကြာ ပျောက်သွားလောက်အောင် မရှိဘူးထင်တာဘဲ အားရင်တော့ ရေးနေတာဘဲလေ။
မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။
ဖြေ= ကျနော်အဖတ်အများဆုံး ဘလော့တွေကတော့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း ၊နိုင်းနိုင်းစနေ၊ ချော(အစိမ်းရောင်လွင်ပြင်)တို့ဖြစ်ပါတယ် သူတို့ကို ဘလော့စဖတ်ကတည်းက အရေးအသားတွေကို ကြိုက်ပါတယ် တခြားဘလော့တွေကိုလဲ တတ်နိုင်သလောက် ဖတ်ပါတယ် ဘလော့တိုင်းမှာ ရသတမျိုးစီ ရှိနေတတ်ပါတယ်။ဥပမာ မခင်ဦးမေ ဘလော့ ဆိုရင်အမြဲဖတ်တယ် မခင်ဦးမေရဲ့စာတွေ ဖတ်ရတာ စိတ်ထဲပေါ့ပေါ့ပါးပါးရှိတယ် ။ ဖတ်စရာမရှိရင် ဘလော့ဂါများရဲ့ ပို့စ် များကို သွားသွားပြီး ဖတ်ပါတယ် ဟင်းချက်ဘလော့တွေကို သွားဖတ်ပြီး မဒမ်ငွေကို ဟင်းတွေချက်ကျွေးပါတယ်။
မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။
ဖြေ = ဘလော့ရေးခါစက ကွန်မန့်ကို အရမ်းလိုချင်တယ် ပို့စ် တင်ပြီးသွားရင် ဘယ်သူတွေ ကွန်မန့်ပေးပြီး ဘာတွေပြောသွားလဲ ဆိုတာ တချိန်လုံးထိုင်စောင့်နေတတ်ပါတယ် သူတို့တွေ အမြင်တွေကနေ ကိုယ့်ရဲ့အားနည်းချက်တွေကို သိလာရပါတယ် အခုလဲ ကွန်မန့်လေးတွေကို ဖတ်ပြီး ကြည်နူးရပါတယ် ဘလော့ရေးသူတွေအတွက် ကွန်မန့်ဆိုတာ အားဆေးတခွက်လိုဘဲ လို့ ကျနော်ထင်ပါတယ်။
မေး=ဘယ်လိုစာတွေရေးဖြစ်သလဲဘာအကြောင်းတွေရေးဖြစ်လဲ။
ဖြေ = စိတ်ထဲရှိတာတွေ ရေးဖြစ်တယ် တခါတလေ ကျနော် ဖတ်လိုက် ကြားလိုက်ရတဲ့ စာတွေ စကားတွေကနေ ပြောချင်တာတွေကို ဘလော့မှာ ပို့်စ်ရေးပြီး တင်ဖြစ်ပါတယ်။
မေး=အချစ်အကြောင်းတွေရေးဖြစ်တာက။
ဖြေ= ဘလော့ကို စရေးပြီဆိုကတည်းက မဒမ်ငွေနဲ့ ချစ်သူသက်တမ်း ၁လ ပြည့်တဲ့နေ့မှာ စရေးမိတာပါ အစပိုင်းမှာ ချစ်စခင်စ ကြင်နာစဆိုတော့ အချစ်နဲ့ ပတ်သက်တာတွေဘဲ ရေးဖြစ်ပါတယ်။
မေး=ဘာအကြောင်းအရေးချင်ဆုံးလဲ
ဖြေ= စာဖတ်သူတွေကို အတွေးတခုခု ပေးနိုင်မဲ့ စာမျိုးရေးချင်ပါတယ်။
မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။
ဖြေ= ဘလော့လေးကြောင့် ဘလော့ဂါများနဲ့ ရင်းနှီးခင်မင်လာရပါတယ် မိတ်ဆွေပေါများလာတာ ကောင်းကွက်ပေါ့ဗျာ။ ဆိုးကွက်ကတော့ မစဉ်းစားမိဘူး။
မေး=သူငယ်ချင်းတွေကိုဘာများပြောချင်ပါသေးလဲ
ဖြေ= ဘလော့ရေးတဲ့သူ အားရှိအောင် ကွန်မန့်မပေးချင်ရင်တောင် စီဘောက်မှာ တခုခုပြောခဲ့ကြပါလို့ ပြောချင်ပါတယ်။
ကျနော် ပြောတတ်သလောက် ဗျူး တဂ်ပို့စ်လးကို ဖြေပြီးသွားပါပြီ မောင်မျိုးရဲ့ တဂ်လေးပါ အကြောင်းကြောင်းကြောင့် နောက်ကျသွားတာ တကယ်တောင်းပန်ပါတယ်။
Tuesday, May 17, 2011
မဒမ်ငွေ၏ တနပ်စာ
ဒီတလော စိတ်မောလူမောနဲ့ ဖြစ်နေတာဗျ ၊ ဘလော့တွေမှာလဲ တဂ် ထားတာတွေ မရေး ပေးနိုင် တော့ အားနာတယ်၊ ဘယ်လောက်ဘဲ စိတ်မောမော စိတ်မညစ်တတ်တာ ကတော့ ဗီဇပြောရမ လားမသိဘူး၊ ပျော်လို့တော့မဟုတ်ပါဘူးရယ်၊ စိတ်မညစ်တတ်လို့ပါ ။
မဒမ်ငွေက ဒီတလော ၂၁ရက်လုံးလုံး ဘာမှကျွေးလို့မရဘူး၊ ရောဂါအခြေနေက ဘာမှန်းမသိဘူး၊ ဆေးခန်းသွား၊ ဆေးသောက် ဆေးထိုး ၊ နေ့လည်ဖက် အကောင်းကြီး ညကြတော့ ဖျား မိုးလင်း တော့ အလုပ်မလုပ်နိုင် အလုပ်မလုပ်နိုင်တာ ဘာမှမဖြစ်ဘူး ဘာမှမစားတာရယ်၊ စားပြီးရင်အန် တာရယ်ကို၊ စိတ်ပူတာ တနေ့တော့ သူဝမ်းဗိုက်ကြီးက ပူလာတာ ၊ ကျောက်ကပ်ပျက်စီးသွားတဲ့ ဘယ်ဘက်အခြမ်းကလေ တော်တော်လေးကို ရောင်လာပါတယ်။
 ဆေးတွေတိုက်ရင် အန်တယ်၊ သစ်သီးလေးတွေတော့ စားနိုင်ပါတယ်၊ သူအမြဲတမ်းစားတာ ကဗလာသီး အစိပ်လေးတွေ ၊ ဆေးခန်းက ပေးလိုက်တဲ့ ဆေးတွေကလဲ ပြင်းလွန်းလို့ အစာမရှိဘဲ သောက်၊ ကျွန်တော် အဲဒီရက်တွေက ခေါင်းပူတယ်ဗျ၊ နောက်နေ့ကျတော့ မဒမ်ကို ကျွန်တော် ပြောလိုက်မှိတယ်၊ `ယူရေ မင်းဆေးမသောက်နဲ့တော့ကွာ´လို့ အစာမရှိဘဲ ဒီိလိုသာ ဆေးပြင်း တွေသောက်နေရင် မင်းဒုက္ခရောက်လိမ့်မယ်လို့၊ အန်ပါများတော့ အစာအိမ်က သွေးကြောမျှင် လေးတွေ ပြတ်ထွက်ကုန်တယ်၊ နောက်ပြီးတော့ အစာအိမ်ထဲက အက်ဆစ်တွေပါ တအားထွက် တော့အစာအိမ်ကပါ မနေနိုင်တော့ဘူးထင်တယ်၊ နာလာတာနေမှာပေါ့ အမြဲတမ်း အပူချိန်က တစ်ရာကျော်မှာရှိနေတယ်၊ ကဲ ကိုကိုငွေဘာလုပ်သင့်သလဲ။
ဒါနဲ့သူနဲ့ ကျွန်တော် တိုင်ပင်ပြီး ဆေးခန်းက ပေးတဲ့ဆေးတွေကို တစ်လုံးမှမသောက်ဘဲ ဒီည တော့အိပ်ပလိုက်တယ်၊ ထင်တဲ့အတိုင်းပါဘဲ ၊ ဆေးခန်းက အစာအိမ်ဆေးတွေ အဖျားဆေးတွေကို မသောက်ဘဲ နေလိုက်တယ်၊ ဖျားလာရင်တော့ အဖျားဆေးသောက်မယ်ပေါ့၊ အဆင်ပြေလိုက်တာ ဗျာ၊ အဲဒီနေ့က စပြီးမဒမ်ငွေ သက်သာလာတာ၊ ဟိုဟာ စားချင်ဒါစားချင် ဖြစ်လာတယ် ၊ အစာ ၂၁ရက်မစားဘူးဆိုတော့၊ မာတာတွေတော့ စားလို့မရဘူး၊ ဆန်ပြုတ်တိုက်တယ်၊ ခေါက်ဆွဲချက် ကျွေးတယ်၊ အခုတော့ သူနဲနဲစမ်းစားလာပါပြီ။
၂၂ရက်မြောက်နေ့ရဲ့ ညနေပိုင်းမှာ ဆေးခန်းကိုတခါထပ်သွားလိုက်တယ်၊ ဆရာဝန်က သူ့ကို တောင်မှတ်မှိနေပြီ၊ နောက်ဆုံး ပူနေတဲ့ဗိုက်ကိုကြည့်ပြီး ဆရာဝန်က ကျောက်ကပ်အလုပ်မလုပ် တော့တာကို ရိပ်မှိသွားဟန်ရှိတယ်၊ နောက်ပြီး ၀မ်းထဲမှာရှိနေတဲ့ ကျောက်လဲနေရာရွေ့နေတယ် လို့ သူက ပြောလိုက်ပြီး၊ ချန်ဂီ ဆေးရုံကိုချက်ခြင်းသွားဘို့ ညွန်ကြားလိုက်တယ်၊ ဆရာ ၀န်ထောက်ခံ စာလဲပေးလိုက်တယ်။
 ဟိုရက်က X –Ray ရိုက်ဖို့ ဆရာဝန်က စာတစ်စောင်ရေး ပေးသေးတယ်၊ သို့သော် သူပြောတဲ့အတိုင်းသွားတော့ နောက်လလောက်မှ ရိုက်လို့ရမယ်လို့ ရက်ချိန်းပေးတယ်၊ နက်ဖြန်တော့ ချန်ဂီကို သွားကြမယ်ပေါ့ ၊ လိုအပ်တာတွေ ပြင်ဆင်ကြ ဆေးရုံ တက်ရရင်လဲ တက်မယ်ဆိုပြီး အထုပ်ပြင်ကြတယ်ဗျာ၊
ဆေးရုံမှာလိုအပ်တာက ဆရာဝန်ရဲ့ ထောက်ခံစာရယ်၊ အသက်အာမခံထားတယ်ဆိုတဲ့ စာရွက် စာတမ်းတွေရယ်၊ ဒေါ်လာ၂၀၀၀လောက်ရယ်ပါ၊ ဆေးရုံရောက်တော့ X-Ray ရိုက်လိုက်တာ ကျောက်တွေ့တယ်၊ နောက် သေချာအောင်ဆေးစစ်တာတွေ စကင်ဖတ်လိုက်တာတွေ နဲ့ စုပေါင်းပြီး ဆရာဝန်ရဲ့ မှတ်ချက်ကတော့ မဒမ်ငွေ ဘယ်ဘက်ကျောက်ကပ်တခြမ်း ပျက်ဆီးသွားပြီ လို့အတည်ပြုလိုက်တယ်။
 နောက်တော့ မဒမ်ရဲ့ ဘယ်လက်မောင်းနဲ့ လက်ဖမိုးမှာ ဆေး၃လုံးထိုး လိုက်တယ်၊ ပူတင်းကားနေတဲ့ မဒမ်ရဲ့ ဗိုက်ဟာ အလိုလိုချပ်ပြီးကျသွားတယ်၊ သူတို့စီမှာ ဆေးကု ရတာဟာ ဆေးဘိုးဝါးခ တခဏအတွင်း ၁၀၀၀ လောက်ကုန်ပေမဲ့၊ သက်သာသွားတာရယ် အဖြေ အတိအကျ သိသွားတာရယ်ဟာ၊ ကျွန်တော်တို့နှစ်ယောက်အတွက် အရမ်းပျော်စရာကောင်း တယ်ဗျ။ ကျေလဲကျေနပ်တယ်၊ အရမ်းလဲ ကရုစိုက်ကြတယ်။
ခွဲစိပ်မယ်ဆိုတာ ဆရာဝန်ကလဲပြောတယ်၊ နောက်ပြီးတော့ ဒီလောက်အဖြေအတိအကျကို ဆရာဝန် တွေရော ဆေးကုခံမဲ့လူနာကပါ အတိအကျ မြင်တွေ့နေရပေမဲ့ ၊ သူတို့က ဒါကို အတည်ထပ်ပြုဘို့လိုသေးတယ်တဲ့၊ ချန်ဂီဆေးရုံထက် မြင့်တဲ့ဆေးရုံမှာ ဆေးထပ်စစ်ရအုံးမယ် ၊ စကင် ထပ်ရိုက်ခိုင်းသေးတယ်၊ သူတို့က ကြိန်းသေအောင်ဆိုတဲ့စေတနာနဲ့ပါ ၊ အခုအဲဒီဆေးရုံ ကိုချန်ဂီဆေးရုံက ရေးပေးလိုက်တဲ့ ဆရာဝန်ရဲ့စာနဲ့ မဒမ်ရဲ့ ကျော်ကပ်ကိုရိုက်ထားတဲ့ စီဒီခွေရယ် ကိုကိုင်ပြီးစောင့်နေရတယ်။
 နောက်ထပ် ၁၀၀၀ထောင်လောက်ကုန်ရအုံးမဲ့ သဘောပေါ့၊ အကယ် လို့သာ ခွဲစိပ်ဘို့ကြိန်းသေပြီဆိုရင်တော့ အကြီးစား ခွဲစိပ်မှု့ဖြစ်လို့ ဒေါ်လာ တစ်သောင်း ကျော်ကုန်ကျမယ်လို့ ခန့်မှန်းပြောဆိုပါတယ်။ မဒမ်ငွေ ရုံးက Issurance  လုပ်ပေးထားတော့ မဒမ်ငွေဘက်က အလွန်ဆုံးငွေကုန်ရင် နှစ်ထောင်လောက်ဘဲ ကုန်မှာဆိုတော့ တော်သေးတာပေါ့ဗျာ။
အခုတော့ မဒမ်ငွေလဲ တော်တော်နေကောင်း နေပါပြီ၊ အလုပ်ကိုလဲ သူ့သူဌေးက မခိုင်းဘူး ထိုင်စားခိုင်းထားတယ်၊ အလုပ်မရှိတော့ ဘလော့လည်တယ်၊ တဂ်ထားတာလေးတွေ ရေးတယ် ပေါ့၊ ပျော်တယ်ဗျာ အရင်ကထက်တောင်ပျော်သေး၊ ဟော ၂၁ရက် အဖတ်မစားတဲ့ မဒမ်ငွေ ကို စားသောက်လာလို့ ကျွန်တော်က၀မ်းသာတယ်၊ ချက်ကျွေးတယ်၊ မဒမ်ငွေလည်း နလန်ထမို့ထင့် စားလိုက်ပုံကတော့၊ အညာလေသံလေးနဲ့ ပြောရရင်တော့ အံ့ချက်တော်လို့တောင် ပြောရမလိုဘဲ။
နေကောင်းတ်ဲနေ့က စပြီးပြောမယ်နော်၊ သူဘာတွေစားသလဲပေါ့၊ ကျွန်တော်တို့သူနဲ့ ညနေပိုင်းဈေးသွား တယ်၊ သူက ပလာတာ နှစ်ချပ်စားတယ်၊ နောက်ပြီးတော့ ကုတ်တဗူးသောက်တယ်၊ နောက်ထပ် ထမင်းကျော် တစ်ပန်းကန် တစ်ယောက်တည်းစားတယ်၊ အဲကနေပြန်လာတုန်းလေး ဈေးကနေ ကြက်သားနဲ့ ၀က်သား ၄ကျပ်ဘိုးစီ၊ ၀ယ်လာတယ်၊ ပြီးတော့ ကဗ္ဗလာသီး ခြောက်လုံးဝယ်တယ်၊ ပြန်လာတယ်၊ အိမ်ကိုရောက်တော့ ၀က်သားလေးတွေကိုပြုတ်ပြီး၊ အသားမွှာလေးလုပ်ပြီး ၀က်သားနဲ့ ကြတ်သားမွှကျော် ကျော်ခိုင်းတယ်၊ ကျော်ပေးပြီးပြီးခြင်း ထစားတယ်။
 အဲဒီညမှာဘဲ ခေါက် ဆွဲချက်တယ်၊ ကြက်သားလေးနဲ့ အဲဒါကိုလည်း တပွဲထစားလိုက်သေးတယ်၊ ကဗ္ဗလာသီး နှစ်လုံး စားပြီး အိပ်သွားတယ်။နောက်နေ့ကြတော့ မနက်စာကို အကြော်အလှော်လေးတွေနဲ့ ချက်ပြုတ် ကျော်လှော်စားသောက်ပြီး၊ ညနေပိုင်းကြတော့ ထိုင်းဈေးကိုသွားစားကြတယ်၊ ထမင်းဖြူ၊ တုံယန်း ဟင်းချို၊ ၀က်သားပေါင်းနဲ့ မစိုးပါဘူးဗျ၊ မဒမ်စားနိုင်ပါတယ်၊ အဲဒီထိုင်းဈေးကနေ မျှစ်ရယ်၊ ဆန်ပြား ထုပ်တွေရယ်၊ တုံယန်းအခြောက်ထုပ်ရယ်ဝယ်လာပြီး  ညပိုင်းရောက် တော့ ပြောင်းဖူးကြော်စားတယ်။
ကျွန်တော်ပျော်လိုက်တာဗျာ၊ သူတအားစားလာတယ်ပေါ့၊ စိတ်အားငယ်ခြင်း ၊ ငိုရင်းဝမ်းနည်းခြင်း မျက်နှာငယ်ခြင်းမရှိပါဘူး၊ စားသောက်ပြီးအိပ်ပါများလာလို့ မျက်နှာကြီးသာ ကြီးလာပါတယ်၊ နောက်နေ့ မိုးလင်းတော့ ထထခြင်း ခေါက်ဆွဲနန်းပြားနှစ်ထုပ် ပြုတ်သောက်ပါတယ်၊ နေ့လည်ကြတော့ မနေ့က၀က်သားမွှာကြော်လေးကို မျှစ်နဲ့ရောချက်ပြီးစားပါတယ်၊ နောက်ပြီး ကြက်သားပြုတ်ထားတာကို ၊ ပဲငပိနဲ့ချက်ပြီးစားပါတယ်၊ ညနေပိုင်းကြတော့ ကျွန်တော်ဈေးသွား ပါတယ်၊ လေချူသီးလို့ခေါ်တဲ့၊ တရုတ်ဇီးသီး ၅ကျပ်ခွဲဖိုးဝယ်လာပါတယ်၊ နှစ်ယောက်သားစားတာ တနေ့တည်းကုန်သွားပါတယ်။
 ညနေ ၃နာရီလောက်မှာ ဗိုက်ဆာလို့ နန်းပြားနှစ်ထုပ်ထပ်ဖျော် သောက်ပါတယ်၊ လက်ဘက်တပွဲသုတ်စားတယ်၊ လေချူသီးထပ်စားပါတယ်၊ ၅နာရီလောက်မှာ နှစ်ယောက်လုံးဗိုက်ဆာလာလို့ Betok food court ကို သွားပြီး သူကကြက်ခြေထောက်နဲ့၊ ကြာဇံဖတ်ကို ခေါက်ဆွဲအရည်နဲ့တပွဲ သောက်ပါတယ်၊ ကျွန်တော်က ခေါက်ဆွဲအဖတ်နဲ့ အရေတပွဲသောက်ပါတယ် တစ်ယောက်သုံးကျပ်ဘိုးပါ၊ အဲဒီနောက်မှာ မဒမ်ငွေက ကြက်ခြေထောက် အကင်၂ကျပ်ခွဲဘိုးစားပါတယ်၊ ကျွန်တော်က ဘီယာသောက်ပါတယ်၊ နောက်ပြီး မဒမ်က ကြံရည်တစ်ခွက် သောက်ပါတယ်၊ ဗိုက်တွေ လည်းတင်းကားနေပြီမို့ အိမ်ကိုပြန်လာပါတယ်။
အိမ်ရောက်ရော မဒမ်ငွေက ဗိုက်ဆာလိုက်တာလို့ သနားစဘွယ်မျက်နှာလေးနဲ့ ညီးညူရှာပါ တယ်၊ ကဲမဒမ် ဘာစားချင်လဲပြော အိုင်ချက်ကြွေးမယ်ပေါ့ ပြောင်းဖူးကျော်ပါတဲ့ခင်မျာ၊ အဲဒါနဲ့ ပြောင်းဖူးတစ်ဖူးကို မုန့်နှစ်တို့ဘာတို့နဲ့ နယ်ဖတ်ပြီး အပြားလေးတွေ ကြော်ကျွေးလိုက်ပါတယ်၊ အော် နေမကောင်းဘူးမို့လားခင်မျ၊ စားချင်ရှာပေမပေါ့၊ ညအိပ်တော့ ကျွန်တော်စဉ်းစားတယ် ကျောက်ကပ်တခြမ်း ထုတ်ရမဲ့လူတွေဟာ ဒီလိုစားသလားပေါ့၊ ဒါမှမဟုတ် ကျော်ကပ်ကြောင့် များ ခံတွင်းလိုက်သေလားပေါ့၊ ဒါမှမဟုတ် မပြောကောင်းမဆိုကောင်း ဆေးရုံကနေပြီး ဘုတ်များဝင် လာသလားလို့ တွေးပြီး ကျွန်တော်တွေးနေမှိလိုက်သေးတယ်၊ အဲဒီညမှာ အိမ်မက်မက်တော့ ကျွန်တော်က ဘလော့ရေးတာတဲ့ ခေါင်းစဉ်က မဒမ်ငွေရဲ့ တနပ်စာတဲ့။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောက်ကပ်တခြမ်း ထုတ်ရတာဘဲဖြစ်ဖြစ် ၊ မထုတ်ရတာဘဲဖြစ်ဖြစ် မဒမ်ငွေ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် ရီနိုင်မောနိုင်တာကိုဘဲ၊ ပျော်လှပါပြီ ငွေဆိုတာ ရှိရင်တော့ ကုန် မှာပေါ့ဗျာ၊ ရှာရင်လဲရနိုင်တာဘဲ မဟုတ်ပါလား၊ ငွေရှာဘို့အတွက် ကျွန်တော်တို့နှစ်ယောက်လုံး မှာ ပညာဆိုတဲ့အရင်းနှီး ထိုက်သလောက်ရှိနေပါ့ဘဲ၊ ငွေထုပ်ကြီးဖင်ခုထိုင်ပြီး မစားနိုင်မသောက် နိုင်နဲ့ နေနေရတဲ့လူတွေထက်စာရင် ကျွန်တော်တို့နှစ်ယောက်ဟာ ကံကောင်းနေတာဘဲ မဟုတ် ပါလား၊ ငွေရှိပြီးမပျော်ရွှင်တဲ့ဘ၀တွေထက် ငွေရှိပြီး စားသောက်ပျော်ပါးပြီး ကျမ်းမာစွာနေနိုင်ခါ ချစ်ချစ်ခင်ခင် နေနေရတာကိုဘဲ ကျွန်တော်ပျော်လှပါပြီ။
 နေမကောင်းနေတဲ့ကာလတလျှောက်လုံး သူစားချင်တာချက်ကျွေး သူ့အ၀တ်တွေလျှော်ဖွပ်ပေး မီးအိုးထိုးပေး၊ နှိပ်ပေး လမ်းလျှောက်ပေး ဆေးခန်းလိုက်ပို့ သတို့သားလောင်း တစ်ယောက်တာဝန်ကျေပွန်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်မှိ ပါတယ်၊ တစ်ကယ်တန်းတော့ ဒီ၂၁ရက်ဟာ ကျွန်တော့ရဲ့အချစ်ကို မဒမ်စမ်းသပ်ခွင့်ရသွာတာ ဘဲ မဟုတ်ပါလား၊ တစ်ခုမဒမ်ကိုတောင်းပန်ချင်တာက ကျွန်တော် ချက်ပြုတ်ပြီး မဒမ်မစားလို့ နေမ ကောင်းတဲ့အချိန်မှာ မဒမ်ကိုအော်မှိပါတယ်၊ အဲဒါကိုမဒမ်က စိတ်မဆိုးဘဲ ခွင့်လွတ်ပါလို့၊ ကိုကို ငွေကတောင်းပန်ပါတယ်။
ကဲဘလော့စာရူသူ ကျွန်တော့ရဲ့ခေါင်းစဉ်မှာတပ်ထားတဲ့ မဒမ်ငွေရဲ့တနပ်စာကိုရေးရင်း စိတ်ထဲရှိ တာရေးချလိုက်တာဘဲဗျ၊ မဆိုင်တာတွေရေး တာဘဲလို့ အပြစ်တင်မယ်ဆိုရင်လည်း ပျော်လို့ရေး လိုက်မှိတာမို့ သီးခံကြပါလို့ တောင်းပန်လိုက်ပါတယ် အားလုံးစာရှုသူတွေ ကျမ်းမာ ပျော်ရွှင်နိုင်ပါ ကြောင်း ငွေလမင်းတို့ ဆုမွန် တောင်းပါတယ်၊ ရွှင်လန်းချမ်း မြေ့ကြပါစေခင်မျာ။
Monday, May 16, 2011
လတ်တလော စိတ်ဆန္ဒများ(တဂ်)
တဂ် ပို့စ် လေးကို အခုမှ ရေးဖြစ်တာ နောက်ကျသွားတာ ဆောရီးပါ ကျန်းမာရေးကြောင့် ဘလော့တွေကို ဖတ်ဖြစ်သော်လည်း  ကွန်မန့်မပေးဖြစ်ပါဘူး အခုလဲ အလုပ်မလုပ်ရတော့ အရမ်းကို ပျင်းနေတာ ကြိုးစားပြီး တဂ်ထားထာလေး ရေးလိုက်ပါတယ်
(1)အစားချင်ဆုံးအစားအစာ - အခုလောလောဆယ် ချဉ်ချဉ်စပ်စပ် မာလာဟင်းလေး စားချင်တယ်
(2)နေ့တိုင်းစားဖြစ်တဲ့အစား -ထမင်းနဲ့ဟင်း
(3)အလိုချင်ဆုံးရေမွှေး - မရှိပါ
(4)သုံးဖြစ်နေတဲ့ရေမွှေး - မရှိပါ
(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - တခါမှ မစဉ်းစားဖူးဘူး..မရှိပါဘူး
(6)အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း 4 အဖြူရောင်လေး
(7)သုံးဖြစ်နေတဲ့ဖုန်း - အိုင်ဖုန်း 3G
(8)အရူးသွပ်ဆုံးအရာ - မရှိပါ
(9)အနီးစပ်ဆုံးဂီတ - အွန်လိုင်းကသီချင်းများ
(10)အလိုချင်ဆုံးစာအုပ် - မရှိပါ
 (11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - ပိုချစ်ရတဲ့သူ ကိုယ်ဘဲဖြစ်ပါစေ(ဂျူး)
(12)အကြားချင်ဆုံးစကား - “မနက်ဖြန် မြန်မာပြည်ပြန်လို့ရပြီ
တဲ့
(13)အဖြစ်ချင်ဆုံးဆန္ဒ - ပျော်ရွှင်ကျန်းမာပြီး မိသားစုနဲ့တသက်လုံး နေသွားချင်တယ်
(14)အလိုချင်ဆုံးဆု - ကျန်းမာပျော်ရွှင်တဲ့ဘ၀တစ်ခု
(15)အသွားချင်ဆုံးနေရာ - ကိုရီးယား(နှင်းတွေအရမ်းကျနေတဲ့အချိန်)
(16)သွားဖြစ်နေတဲ့နေရာတွေ - အိမ်နားကမားကတ်
(17)အကြည့်ချင်ဆုံးရုပ်ရှင် - မရှိပါ
(18)အပြောချင်ဆုံးစကား - မရှိပါ
(19)အယုံကြည်ဆုံးလူသား - မေမေ
(20)မယုံကြည်ဆုံးအရာ - ဟန်ဆောင်ပြောတဲ့စကား
(21)အမုန်းဆုံးအရာ - မရှိပါ
(22)အသောက်ဖြစ်ဆုံးအအေး - လိမ္မော်ရည်
(23)လတ်တလောအထိတွေ့ဆုံးအရာ - ကီးဘုတ်နဲ့မောက်စ်
(24)မကောင်းတဲ့ကျန်းမာရေး - ကျောက်ကပ်နဲ့ဆီးကျောက်
(25)အကောင်းဆုံးအဖော် - ကိုကိုငွေ(ထင်တာဘဲ)
(26)လက်ရှိအကြိုက်ဆုံးသီချင်း - ငွေလမင်း
(27)အကြောက်ဆုံးအလုပ် - သေချာလုပ်ရဲ့သားနဲ့မှားသွားတဲ့အလုပ်
(28)တန်ဖိုးအထားဆုံးအရာ - မေတ္တာတရား
(29)အကြောက်ဆုံးတိရိစ္ဆာန် - အဆိပ်ပါတဲ့တိရစ္ဆာန်အကုန်
(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မရှိပါ
(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုန်း ၊ ပိုက်ဆံအိတ်နဲ့ ထီး ၊ သော့။
(32)သွားဖြစ်နေတဲ့နေရာတွေ - ဖြေပြီးသွားပြီ
(33)စိတ်အညစ်ဆုံးအချိန် - နေမကောင်းဖြစ်တဲ့အချိန် နဲ့အဆူုခံရတဲ့အချိန်
(34)အနေချင်ဆုံးနေရာ - အေးချမ်းတိတ်ဆိတ်တဲ့တောင်ပေါ်ရဲ့ အိမ်သေးသေးတစ်လုံးမှာ
(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - မြန်မာငွေတစ်ကျပ်ကို ဒေါ်လာတစ်ထောင်နဲ့ညီမျှသတဲ့
(36)ပေးချင်တဲ့သတင်းတစ်ခု -မရှိပါ
(37)အပျော်ဆုံးဖြစ်မယ့်အချိန် - စင်ကာပူထီ ၂.၂ သန်းပေါက်မဲ့နေ့
မရှိပါ” တွေများလို့ တမျိုးမထင်ကြပါနဲ့ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ.နေကောင်းခါစ ဆိုပေမဲ့ အလုပ်မလုပ်ရသေးတော့ ပျင်းနေတာနဲ့ တဂ်ထားတာတွေ့လို့ ရေးလိုက်ပါတယ် ကျန်းမာရေးကတော့ ဆေးထိုးဆေးသောက်နေပါတယ် ဇွန်လထဲမှာ ဘယ်ဘက်ကျောက်ကပ်နဲ့ ဆီးအိမ်ထဲကျောက်ကို ခွဲထုတ်ရပါ့မယ် ခွဲစိတ်ရမယ့်ရက်ကိုတော့ အတိအကျမသိသေးပါဘူး ဒီကြားထဲ လိုအပ်တဲ့ ဆေးစစ်တာတွေပြီးမှ ခွဲမယ်လို့ဆရာဝန်က ပြောပါတယ်
ဘလော့စာပေချစ်သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်။
Sunday, May 15, 2011
ရွှေဘုံနိဒါန်းလာ မြန်မာမင်းခမ်းတော်များ
                                 ဆာရစ်ချက်တင်ပယ် ရေးဆွဲသော မင်းခမ်းတော်ပန်းချီကား
                           ဆရာချုံရေးဆွဲသည့် အကန်တော့ခံ ပန်းချီကား (ပုရပိုဏ်မူ)
                  ရတနာပုံ နေပြည်တော်ရှိ ခင်းကျင်းပြသထားသော လက်ရှိမင်းခမ်းတော်များ
မင်းခမ်းတော်ပစ္စည်းဟုဆိုရာတွင် ရွှေနန်းတော်တွင် နေ့စဉ်သုံး ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်း မဟုတ်ပေ၊ လွတ်လပ်ခြင်း အချုပ်အခြာအာဏာကို ပိုင်ဆိုးခြင်း၊ မြင့်မြတ်ခြင်း၊ ခန့်ညားခြင်း၊ ကျတ်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတို့၏ သင်္ကေတဖြစ်သော သီဟာသနပလ္လင် တော်ကြီး၏ ရှေ့တွင် ခင်းကျင်းရသည့် မင်း၏ အခမ်းနားသုံးဖြစ်သည့်၊  ကျောက်မျက်ရတနာ စီခြယ် ထားသော ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပြီး။ ထိုပစ္စည်းကို ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ များဖြင့် စနစ်တကျ မှတ်တမ်းတင်ထားသည့်အတိုင်း လက်ဝဲမင်းခမ်းတော် ၁၈ခု ၊ လက်ယာမင်းခမ်းတော် ၁၇ခု ဟူ၍ ပုံသေသက်မှတ်ပြီး ခင်းကျင်း ရခြင်းဖြစ်ပါတယ်။ လက်ဝဲ မင်းခမ်းတော်များကို သတ်မှတ်ရာ၌ ခေတ်ကာလအရ သော်လည်း ကောင်း၊ မှတ်တမ်းမှတ်ရာ များအရလည်းကောင်း၊ အနည်းငယ်ကွဲပြားမှုရှိပါတယ်၊ ဥပမာအားဖြင့် ရွှေဘုံနိဒါန်းလာ မင်းခမ်း တော်များနှင့် ၊ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့တွင် ပါဝင်သော လက်ဝဲ၊ လက် ယာမင်း ခမ်းတော် များသည်၊ အနည်းငယ်ကွဲလွဲနေသည်ကို တွေ့ရပါတယ်။
ရွှေဘုံနိဒါန်းမှာ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၅ ခရစ်နှစ် ၁၇၈၃)တွင် ရေးသားပြီးစီးခဲ့ခြင်း ဖြစ်၍ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့မှာ ရွှေဘုံနိဒါန်းထက် ပို၍နောက် ကျပြီးမှ ရေးသားဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါတယ်၊ မင်းခမ်းတော်ပစ္စည်းများဟူသည် နေ့စဉ် ခင်းကျင်းထား ရသည်မဟုတ်ဘဲ၊ တနှစ်တွင် သုံးကြိမ် ကျင်းပသည့် ၊  ကန်တော့ခံ အခမ်းနားများ တွင်သာ ခင်းကျင်းထား ရှိခြင်းဖြစ်ပါတယ်၊ ဘုရင်မင်းမြတ်သည် တနှစ်လျှင် နှစ်သစ်၊၀ါဝင်၊၀ါကျွတ် ဟူ၍ သုံးကြိမ်အခမ်း နားဖြင့် ကန်တော့ခံတော်မူကြောင်းကို စာပေတို့တွင် မှတ်သားရပါတယ်။
နှစ်သစ်ကန်တော့ပွဲကို နှစ်သစ်ကူးပြီး ရက်ပေါင်း၄၀မြောက်တွင် ကျင်းပလေ့ရှိကြောင်း ရွှေနန်း တော်သုံး ဝေါဟာရအဘိဓာန်တွင် ဖက်ရူမှတ်သားရပြီး၊ မြန်မာလအား ဖြင့် ကဆုန် သို့မဟုတ် နယုန်လတွင် ကျင်းပလေ့ရှိသည်ဟုလည်း သိရပါသည်၊  ထိုသို့သော အကန်တော့ခံ ပွဲများတွင် မှသာ အခမ်းနားအားဖြင့် လက်ဝဲလက်ယာ မင်းခမ်းတော်များ ခင်းကျင်း စေပြီး၊ ထီးဖြူတော်၎စင်း စီစိုက်ထူပြီး ဘယ်ညာအားဖြင့် ၈စင်းစိုက်ထူထားခါ၊ ထီးဖြူများအပြင် ယပ်မားတော်နှင့် အလံတော် များကို လည်း ပလ္လင်တော်အရှေ့တွင် စိုက်ထူထားရပါတယ်။
ဤပို့စ်ပါ မင်းခမ်းတော်များမှာ သီပေါမင်းတရားကြီးလက်ထက်တော် အသည်ဝန် တိုင်တားမြို့ စားမင်း မင်းကြီးမဟာသီဟသူရ မှတ်တမ်းတင်ပြုစုစီရင်ခဲ့သော နန်းတွင်း ပရပိုဒ်ဖြူတွင် တွေ့ရှိရ သော မင်းခမ်းနားတော်ပုံများကို ၊ အမျိုးသားပြတိုက်တွင်မှ ယူငင်တင်ပြခြင်းဖြစ်ပါသည်၊ ၁၈၈၆ ခုနှစ် မှစတင်ပြီး ကိုလိုနီဖြစ်ခဲ့စဉ်အချိန်တွင် မြန်မာများ၏ အထွဋ်အထိပ်ထားရာ သီဟာသန ပလ္လင်တော်ကို အိန္ဒိယနိုင်ငံ ကာလက္တားသို့ မင်းခမ်းတော်ပစ္စည်းများ နန်းတွင်း ပစ္စည်းများကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားခဲ့ကြပြီး။
လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်မြန်မာ အစိုးရ၏ မေတ္တာရပ်ခံချက်အရ ၁၉၄၈ခုနှစ်တွင် သီဟာသနပလ္လင်တော်ကိုလည်းကောင်း ၁၉၆၄ခုနှစ်တွင် မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်း ပစ္စည်းအချို့ကိုလည်းကောင်း ပြည်လည်ရရှိခဲ့ပြီး၊ ကျန်ရှိနေသော မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်းပစ္စည်းများကို လန်ဒန်မြို့ ၀ိတိုရိယနှင့်၊ အဲလဘတ်ပြတိုက်တွင် ယနေ့တိုင်ပြသ ထား ဆဲဖြစ်သည်ဟု သိရပါတယ် ၊ ပြန်လည်ရရှိခဲ့သော ပစ္စည်းများ၊ နန်းတွင်းပစ္စည်းများနှင့် မင်းမြောက် တန်ဆာများကို ၊ ယခုရန်ကုန်မြို့ အမျိုးသား ပြတိုက် ပထမထပ်တွင် မင်းခမ်း တော်ပစ္စည်းများ ပြခန်းတွင် ပြသထားရှိ လျှက်ရှိပါတယ်။
မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့အလိုအားဖြင့် လက်ယာ မင်းခမ်း တော် ၁၈ပါးမှာ ၁-ကွမ်းတောင်းကြီး၊ ၂-ကွမ်းချပ်သုံးဆင့်၊၃-ကွမ်းလောင်း ကြီး၊ ၄-စလင့်ကြာငယ်၊ ၅-စလင့်ကြာကြီး၊ ၆-နဂါးကွမ်းခွက်၊ ၇-ရှစ်ထောင့်ကွမ်းခွက်၊ ၉-ပန်းတောင် ကြီး၊ ၁၀-မြူတာ၊ ၁၁-မြူတာ(မ)၊ ၁၂-ဖလား၊ ၁၃-တကောင်း၊ ၁၄-ပြတို့၊ ၁၅-သောက်ရေတင်၊ ၁၆-အိုးပြစ်၊ ၁၇-မကန်းကရား၊ ၁၈-နန်းဆွဲအုပ်တို့ဖြစ်ပြီး။
လက်ဝဲမင်းခမ်းတော် ၁၈ခု ကတော့၊ ၁-လက်တင်ကြားကွမ်းခွက်၊ ၂- ခြင်္သေ့ခံ ကွမ်းခွက်၊ ၃-ကွမ်းလောင်းငယ်၊ ၄-သလပ်၊ ၅-သလင်းမြောင်၊ ၆-သစ်တိုင်(တောင်ဝှေး)၊ ၇-ကျပ်လျှား၊ ၈-ခြေနင်း၊ ၉-ဖိနပ်၊ ၁၀-သားမြီးယပ်၊ ၁၁- သန်လျက်၊ ၁၂-တောင်ဝှေး၊ ၁၃- ခြင်္သေ့ခံကရား ၊ ၁၄-အိုး ပြစ်၊၁၅-မေးထောက်၊ ၁၆-ကျီးခြေ၊၁၇- မြူတာ၊ ၁၈-မြူတာ(ဖို)ဆိုပြီး လက်ဝဲ မင်းခမ်းတောင်ကိုလဲ ၁၈ပါးဟု မင်းခမ်းတော်နှင့် ပတ်သတ်ပြီး မြ၀တီမင်းကြီးဦးစက မင်းခမ်းတော် စပ်ဆိုရေးသား ထားသော်လည်း၊ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် လကာင်္ကြီးမှာ ဖြင့်`နှစ်လီပေါင်း မြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်း သည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်း တည်း။´လို့ ၀ဲဘက် မင်းခမ်းတော် ၁၃နှင့် ယာဘက်မင်း ခမ်းတော် ၁၃ဟူပြီး မင်းခမ်းတော်ပေါင်း ၂၆ခုရှိကြောင်းကို ရေးသားစပ်ဆိုထားပါတယ်။
ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် ဆိုင်ရာ လကာင်္အပြည့်စုံတွင် အောက်ပါအတိုင်းရေး သားပြဆိုထား သည်ကို တွေ့မြင်ရပါတယ်။
(က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံလျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။
(ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံး စီ တည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော် ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်းတည်း။
နောက်ပိုစ့်များတွင် နန်းတွင်းပုရပိုဏ်ဖြူလာ မင်းခမ်းတော်ရွှေထည် ပစ္စည်းများကို ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြမည်ဖြစ်ပါကြောင်း ဘလော့စာရှု သူအပေါင်းတို့ခင်များ။
ဘလော့စာပေချစ်သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်၊ ရွှလန်းချမ်းမြေ့ကြပါစေခင်မျာ။
(အထူးသတင်း- ချန်ဂီဆေးရုံတွင် ဆေးဝါးကုသခံနေသော  မဒမ်ငွေ၏ ကျောက်ကပ်တခြမ်းမှာ လုံးဝပျက်ဆီးသွားပြီ ဖြစ်ပါ၍၊ ရှေ့လတွင် ခွဲစိပ်ကုသမူခံနိုင်စေရန် အားမွေးနေရပါသဖြင့် ဆုမွန်ကောင်း တောင်းပေးစေလိုပါကြောင်း )