Saturday, August 6, 2011

လူမျောက်မိသားစု

ပုံ (၁) လူမျောက်မိသားစု
ကုန်းဘောင်မင်းများ လက်ထက်မှာ ရုံးကြီး ငါးရပ်ဆိုတာ ရှိလေငဲ့ ၊ ထိုငါးမျိုးသော ရုံးတို့တွင် တစ်ခု အပါဝင်ဖြစ်သော ရွှေတိုက်ဟူဘိကား၊ မင်းများ၏ အသုံးဆောင်တော်များ အပြင် ရတနာ ပစ္စည်းများ၊ အလောင်းမင်းတရားကြီး လက်ထက်မှစတင်ပြီး မင်းတုန်းမင်းကြီးတိုင်အောင် ကုန်းဘောင်ဆက် မင်းများ၏ ၊ ကိုယ်အလေးချိန်နှင့် ထပ်တူရွှေသားဖြင့် သွန်းလောင်းပြုလုပ်ထားသော ရွှေကိုယ်လေးများကို ထားရှိပါတယ်။

ထို့ပြင် မင်းအဆက်ဆက် တွင် အစိုးရရာ နိုင်ငံတော် အရပ်ရပ်မှ၊ တင်သွင်းဆက်သလာသော ပစ္စည်းပစ္စယများ ၊ မင်းခမ်းတော်များ၊ ရတနာများ၊ အသုံး ဆောင်တော်များကို ပန်းချီဖြင့် ရေးသား မှတ်တမ်းပြုစုထားသော နန်းတွင်းပရပိုဒ်ဖြူ ကိုလည်း ရွှေတိုက်မှာပင် ထားရှိပါတယ်။

 ထိုပုရပိုဒ်ဖြူသည်၊ ဆေးရေးပန်းချီစာအုပ်ဖြစ်ပြီး၊ ရွှေနန်းစဉ် လက်သုံးပုံတော် ပုရပိုဒ်ဖြူ ဟူ၍ လူသိများပါတယ်၊ နန်းတွင်းပုရပိုဒ်ဖြူဟူသည်၊ မင်းတပါးအသစ် နန်းတတ်တော်မူတိုင်း အသည်ဝန် ခန့်ထားတော်မူပြီး၊ ထိုအသည်ဝန်ကို တာဝန်ပေးအပ်ခါ ထိုမင်းလက်ထက်တော် တွင် အပြည်ပြည် အခန်းခန်း မှဆက်သလာရာ ပစ္စည်းပစ္စယများ အသုံးဆောင်တော်များ၊ ရတနာများ၊ အံဖွယ်ရာ ၊ ဆင်၊ မြင်း၊ လူ၊ စသော  ဆက်သလာသော ပစ္စည်းများကို  ဆေးရေးပန်းချီဖြင့် မှတ်တမ်းတင်ထားသော ပန်းချီမှတ်တမ်းစာအုပ်ဖြစ်ပါသည်။

ကုန်းဘောင်မင်းဆက်၏ နန်းတွင်းပုရပိုဒ်ဖြူကို အလောင်းမင်းတရားကြီး လက်ထက်တော်မှ စတင်ရေးသားလာပြီး၊ ကုန်းဘောင်ဆက်၏ နောက်ဆုံး မင်းဆက်ဖြစ်သော သီပေါဘု ရင်မင်းတရားကြီးလက် ထက်တော်ထိ ရေးသားမှတ်တမ်းတင်ထားသော မှတ်တမ်းစာအုပ်ဖြစ် သည်။

 ထိုနန်းတွင်းပုရပိုဒ်ဖြူကို နောက်ဆုံးရေးသားမှတ်တမ်း တင်ခဲ့သော သူမှာ သီပေါမင်းတရား ကြီးလက်ထက် အသည်ဝန် တိုင်တားမြို့စားမင်း မင်းကြီးမဟာသီဟသူရဖြစ်ပါသည်။ ထိုနန်းတွင်း ပုရပိုဒ်ဖြူ တနေရာတွင် သက္ကရာဇ်(၁၁၈၃) ခုနှစ် ရတနာပူရ နန်းတည် ဘကြီးတော်ဘုရား လက်ထက် ဟံသာဝတီမြို့ဝန်မှ လူမျောက် ငရွှေမောင်ကို လာရောက်ဆက်သဟု ပုံနှင့်တကွ ရေး သားမှတ်တမ်းပြု စုထားပါတယ်။

ထိုရွှေတိုက်တွင် ထားရှိသော နန်းတွင်းပုရပိုဒ်ဖြူ၏ အဆိုအရ ၊ လူမျောက်ငရွှေမောင်သည်၊ လာရောက်ဆက်သစဉ် လွန်စွာအသက်ငယ်သေးပြီး၊ မျက်နှာတခုလုံးတွင်၊ အမွှေးအမှင်များဖုံးအုပ် နေပြီး၊ ထိုအမွေးအမျှင်များသည် အညိုရောင်အဆင်းရှိပြီး၊  ပိုးသားကဲ့သို့ အလွန်နူးညံ့ပြီး အရှည် တမိုက်ခန့်ထိ ရှိသည်ဟု ရေးသားထားပါတယ်။

ထိုမင်းလက်ထက် မြန်မာနှစ် (၁၁၈၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၉)ရက်နေ့တွင်၊ ဂျွန်က ရောဖို့ ဦးဆောင်သော အင်္ဂလိပ်သံအဖွဲ့သည် အမရပူရမြို့တော်သို့ ရောက်ရှိခဲ့ပြီး၊ ထိုအဖွဲ့တွင် ပါဝင်သော ကပ္ပတိန်ယူးလ်၏ အစီအရင်ခံစာတွင် လူမျှောက်ငရွှေမောင်နှင့် တွေ့ဆုံခဲ့ရပုံကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါတယ်။

ယူးလ်၏ အစီရင်ခံစာတွင် လူမျောက်ငရွှေမောင် အကြောင်းကို ဤကဲ့သို့ မှတ်တမ်းတင်ထား ပါတယ်၊ လူမျောက် ငရွှေမောင်သည် ရှေ့သွားအနည်းငယ်သာ ရှိပြီး အံသွားလုံးဝ မရှိပေ၊ သို့ရာတွင် အလွန်မာကျောသော အရာဝတ္ထုများကို ကောင်းစွာဝါး စားနိုင်သည်၊ အသားလုံးဝ မစားပေ၊ ဟင်းသီးဟင်းရွတ်နှင့်၊ ပဲ သစ်သီးသစ်ဖုများသာ စားသည်။

ထူးခြားချက်မှာ မောင်ရွှေမောင်၏ မိဘများသည် သာမန်လူသားများပင်ဖြစ်သည်၊ မောင်ရွှေမောင် တစ်ဦးတည်းသာ အမွှေးအမျှင်များ ဖုံးအုပ်နေခြင်းဖြစ်သည်၊ မောင်ရွှေမောင်သည် အမျိုးသမီးငယ် တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သမီးတစ်ဦးရှိသည်၊ ဖခင်မောင်ရွှေမောင်ကဲ့သို့ တစ်ကိုယ်လုံး အမွှေး မမျှင်များ ဖုံးလွှမ်းလျက်ရှိသည်၊ အမည်မှာ မယ်ဖုံးဟုခေါ်သည်ဟု ရေးသားမှတ်တမ်းတင် ခဲ့ပါတယ်။

နောက်ပိုင်း လူမျှောက်ငရွှေမောင် အကြောင်းကို သိမှီခဲ့သူ မြင်းမှူးမင်းသားကြီး ဦးမောင်မောင် တင်က ပြည်ဦးလွင်စံအိမ်တော်တွင် နေထိုင်ခိုက် ၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီဒုတ်ဦးဘချိုနှင့် အဘိုးကို `မယ်ဖုံးဟာ သာမန်အရပ်သား တစ်ယောက်နှင့် လက်ထပ်တယ်၊ မောင်ဘိုးဆင်လို့ ခေါ် တဲ့သားတစ်ယောက်ရတယ်၊ ၁၄နှစ်သားအရွယ် မောင်ဘိုးဆင်ကလည်း သူ့အဘိုးဖြစ်သူ ဦးရွှေမောင်နှင့် အမေဖြစ်သူမယ်ဖုံးကဲ့သို့၊ တစ်ကိုယ်လုံးအမွှေးအမျှင် များရှိတယ်ဗျား´ ဟုပြောဖူး ခဲ့ကြောင်း ၊ မှတ်စုအောက်ခြေမှာ ရေးသားထားတာကို ဖတ်မှတ်မှိပါတယ်။

(လူမျောက်ငရွှေမောင်ဆိုတာ ရှိခဲ့တယ်ဆိုတာကို ဒါဝင်သာ သိခဲ့ရင် မြန်မာပြည်များ ရောက်လာ လောက်တယ်လို့တောင် တွေးမှိသေးတယ်၊ လူမျောက် ငရွှေမောင်ရဲ့သမီး မယ်ဖုံးရဲ့ပုံကတော့ ရှိပါတယ်၊ အရင်တုန်းက ဒီဘလော့ရဲ့ ညာဖက် မှာ တင်ထားတယ်၊ ခေတ်စနစ်တွေကြောင့် မျက်မှန်တပ်ထားရတယ်၊ မျောက်ပေမဲ့၊ ခေတ်သိပ်မှီတယ်၊ စကပ်နဲ့ ဘောင်းဘီရှည်သာ ၀တ်တယ် မဒမ်ငွေကိုပြောတာ မဟုတ်ရပါဘူး၊ ကိုကိုငွေ ချစ်သူကိုပြောတာပါ။)

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။
 
လူ့မျောက်မိသားစု အတွက် ပုံလေးတွေ ရှာရင်း တွေ့ရှိလာတဲ့ သူတို့မိသားစုအကြောင်းလေးတွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်အချက်အလက်မတူတာများရှိရင်နားလည်ပေးကြပါလို့ပြောချင်ပါတယ်။
http://shwefriends.com/profiles/blog/list?month=11&year=1999လင့်တွင်အပြည့်အစုံ ဖတ်နိုင်ပါသည်

ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို လူထုဒေါ်အမာ၊ ဒဂုန်ခင်ခင်လေး၊ ဦးစိန်မောင်ဦး၊ မြကေတု၊မောင်သန်းဆွေ(ထားဝယ်)အစရှိတဲ့စာရေးဆရာများကပုံစံအမျိုးမျိုးရေးခဲ့ကြပါတယ၊်ဒဂုန်ခင်ခင်လေးကစာဆိုတော်ဝတ္ထုကြီးထဲမှာ၊ လူထုဒေါ်အမာက ဈေးကောက်လူမျောက် ဆောင်းပါး၊ ဦးစိန်မောင်ဦးကလူမျောက်မိသားစုနှင့် သိပံ္ပပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့်သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့နာမည်တွေနဲဖြစ်ပါတယ်။



ပုံ (၂) ဦးရွှေမောင်
ပထမဆုံးလူမျောက်ဖြစ်တဲ့ဦးရွှေမောင်ကို၁၇၉၆ခုနှစ်မှာသံလွင်မြစ်ဘေးကလောနိုင်ငံမိုင်းရုံးကြီးနယ်မှာမွေးဖွားခဲ့တယ်။(ပထဝီအခြေအနေနဲ့အခေါ်အဝေါ်အရအဲဒီဒေသဟာအခုထိုင်းနိုင်ငံထဲကMaeYongပဲဖြစ်ဖို့များပါတယ်)အဲဒီဒေသကိုအပိုင်စားတဲ့စော်ဘွားတစ်ယောက်ကထူးထူးဆန်းဆန်းအမွှေးအမျှင်တွေနဲ့ကလေးငယ်ကိုမြန်မာဘုရင်ထံအထူးအဆန်းလက်ဆောင်ပဏ္ဍာအဖြစ်နဲ့ဆက်သလိုက်တာမို့သူ့အသက်ငါးနှစ်သားအရွယ်မှာဘုရင်ထံကိုရောက်လာပါတယ်။သူ့တစ်ကိုယ်လုံးမှာအမွှေးနုနုလေးတွေရှည်လျားစွာပေါက်နေတယ်။သူ့မျက်လုံးအသားအရေပုံစံစတာတွေကမြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။

(ဒီအဖြစ်အပျက်တွေကို၁၈၂၆မှာပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့အင်္ဂလိပ်သံအဖွဲ့ကကရောဖို့(ဒ်)မှတ်တမ်းကိုလူထုဒေါ်အမာဆောင်းပါးထဲမှာဖတ်နိုင်ပါတယ်)

ရွှေမောင်ဟာအဲဒီကတည်းကနန်းတွင်းမှာပျော်တော်ဆက်အဖြစ်နဲ့ကြီးပြင်းလာခဲ့တယ်။မျောက်တွေလိုကပြဖျော်ဖြေရပါသတဲ့။သူ့မိဘတွေမှာရောသူတို့မျိုးနွယ်စုထဲမှာပါသူ့လို အမွှေးအမျှင်တွေမရှိဘူးလို့ သူကပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀အရွယ်မှရောက်ပါတယ်တဲ့။ အသက်၂၂မှာတော့ဘုရင်က(ဘကြီးတော်ဘုရား)သူ့ကိုလှတဲ့နန်းတွင်းသူတစ်ယောက်နဲ့လက်ထပ်ပေးပါတယ်။သူတို့ကလေး လေးယောက်ရခဲ့တယ်။ အားလုံးကမိန်းခလေးတွေချည်းပါပဲ။

နှစ်ယောက်ကတော့ယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားခဲ့ပြီးတတိယသမီးလေးကမိခင်ဖြစ်သူနဲ့တော်တော့်ကို တူပါသတဲ့။ နောက်ဆုံး ၂နှစ်အရွယ် ကလေးတစ်ယောက်ကတော့သူ့လိုပဲ အမွှေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံး သမီးက ရွှေမောင်ရဲ့အမွေကိုဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။
ပုံ(၃) ကိုရွှေမောင်တို့ အကြောင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သူ John Crawfurd



ပုံ (၄) မဖုံး

အဲဒီနောက် ၁၈၅၅မှာ အင်းဝကို ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက် ၃၁အရွယ် ရှိနေပါပြီ။သူ့ကို အီတလီလူမျိုး တစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကိုခေါ်သွားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်သီပေါမင်းကခွင့်မပြုခဲ့ပါဘူး။နောက်ဆုံးတော့ မဖုံးကိုဘုရင်ကပဲသာမန်အရပ်သားတစ်ယောက်နဲ့လက်ထပ်ပေးခဲ့တာလို့ဆိုရပါမယ်။ဦးရွှေမောင်ကတော့လူဆိုးဓားပြတွေသတ်ဖြတ်လို့ကွယ်လွန်ပြီးခဲ့ပြီလို့သိရပါတယ်။မဖုံးဟာလည်းသူ့အဖေဦးရွှေမောင်လိုပဲတစ်ကိုယ်လုံးကိုအမွှေရှည်တွေနဲ့ဖုံးလို့နေပါတယ်။မဖုံးကနေ သားသမီး သုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့မမိတို့ဟာမဖုံးလိုပဲ တစ်ကိုယ်လုံးမှာ အမွှေးတွေနဲ့ ဖြစ်ပါတယ်။
 ပုံ(၅) ၁၈၅၅မှာ မဖုံးအကြောင်းကိုမှတ်တမ်းတင်နိုင်ခဲ့သူ Sir Henry Yule
(May1,1820-December30,1889)


သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကိုကောက်ခံပြီးအသက်မွေးဝမ်းကျောင်းမှုပြုခဲ့တယ်။သူတို့ဟာကြည့်ရှုသူတစ်ယောက်ချင်းစီကနေရူပီးငွေလေးဆယ်ယူတယ်လို့သိရပါတယ်။နာမည်ကြီးဖျော်ဖြေတင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁၈၇၁ ခုနှစ် ကတည်းကသူတို့ကိုအမေရိကန်ခေါ်ပြီး သူရဲ့ (Greatest Show On Earth) ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှပြစားဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်က ခွင့်မပြုခဲ့ဘူး။ 


၁၈၈၅မှာတော့ သီပေါမင်းနန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာနေပြည်တော်ကနေတောတွင်းတစ်နေရာကိုထွက်ပြေးခဲ့ကြတယ်။မောင်ဖိုးဆက်ဟာမျက်စိမကောင်းတော့တဲ့မိခင်မဖုံးကိုကျောမှာပိုးပြီးထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။တောထဲမှာ သူတို့ ဒုက္ခရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့အီတလီလူမျိုး အရာရှိ ကပတ်တိန် ပေပာနိုက (Captain Paperno) သူတို့ကိုရှာတွေ့ပြီးကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၈၈၆ဇွန်လထဲမှာမမိ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၃နှစ် အရွယ်လောက်မှာဖြစ်ပါလိမ့်မယ်။၁၈၈၆နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ပီကာဒလီ လမ်းပေါ်က Egyptian Hall မှာပြန်လည်တွေ့မြင်ရပါတယ်။


ပုံ(၆)မဖုံး (၃၁နှစ်) နှင့် မောင်ဖိုးဆက် (၁၄လသားအရွယ်)
(၇)မောင်ဖိုးဆက်
 
ပုံ(၈) မဖုံးတို့ကို အမေရိကားမှာ ပြစားခဲ့သည့် Phineas Taylor Barnum
(July5, 1810 – April 7, 1891)


၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံးနဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မဖုံး အသက်က ၆၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး မျက်စိလည်းကွယ်နေပါပြီ။ ဘာနမ်လည်း သူတို့ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံကအမေရိကားမှာ စီစဉ်တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိနှစ်ယောက်ကိုပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက်အရင် လာပြီး စည်းရုံးနေတဲ့ အခြားသောပွဲစီစဉ်နေသူတွေလည်း အဲဒီကို ကြိုရောက်နေတာကိုတွေ့ခဲ့ရပြန်တယ်။

နောက်ဆုံးမှာတော့ဘာနမ်ဟာ အခြားသူတွေပေးတဲ့ဈေးထက် အများကြီးပိုပေးပြီး (ယခုခေတ် ဒေါ်လာ၂.၃သန်းလောက်ပေးရတယ်လို့ သိရပါတယ်) သူတို့မိသားစုကို ၁နှစ် စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့သဘောတူညီချက် ရရှိခဲ့ပါတယ်။ မဖုံးနဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာလန်ဒန်ကနေပြင်သစ်နိုင်ငံကနာမည်ကျော်FoliesBergereကိုလည်းရောက်သွားခဲ့ပါသေးတယ်။အဲဒီနောက်သူတို့ဟာဘာနမ်နဲ့သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ဆပ်ကပ်ပွဲတွေမှာလိုက်ပါဖျော်ဖြေခဲ့ကြတယ်။
 
စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပါတ်တိန် ဟနရီယူး(လ်) လာတုန်းကသူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက်၆၄နှစ်လို့ မှတ်ယူရပါတယ်။ သူ့ဈာပနကို ဝါရှင်တန်ဒီစီ သင်္ချုင်းမှာပဲ မြန်မာထုံးတမ်းစဉ်လာ အတိုင်း သဂြို ခဲ့တယ်လို့သိရပါတယ်။

မဖုံး ကွယ်လွန်သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့အတူ ဆက်ပြီး ပွဲတွေပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော်တစ်ဦးဖြစ်ပါတယ်။ မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွှေးတွေဖုံးနေပေမယ့်ခါးကနေစပြီးဒူးအထိမင်ကြောင်အပြည့်ထိုးထားတယ် နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလိုဆက်ဆံရေး ကောင်းမွန်တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင်ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ရတာက ၁၈၉၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World's Columbian Dental Congress, Volume 1မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁မှာတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့သွားတွေကိုစစ်ဆေးကြည့်ဖို့ ကြိုးစားပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။အဲဒီနောက်ပိုင်းမှာတော့သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။

 
Buchanan's Journal of Man, February 1887 Volume 1, Number 1 ထဲမှာမောင်ဖိုးဆက်မှာသားသမီးမရှိဘူးလို့ဆိုထားတာမို့အောက်ပါဓာတ်ပုံအရဆိုရင်လည်းအမျိုးသမီးငယ်ဟာမောင်ဖိုးဆက်ရဲ့ညီမမယ်မိဖြစ်ပါလိမ့်မယ်။အလယ်မှာရပ်နေတဲ့လူဟာမဖုံးရဲ့ယောက်ျား မောင်ဖိုးဆက်ရဲ့ အဖေဖြစ်လိမ့်မယ်လို့တွက်ဆကြပါတယ်။မယ်မိကလည်းအသက်၂၆နှစ်မှာကွယ်လွန်ခဲ့တယ်ဆိုတော့သားသမီးမရှိလောက်ပါဘူး။နောက်ဆုံးမျိုးဆက်ဖြစ်တဲ့မောင်ဖိုးဆက်မှာသားသမီးမရှိဘူးဆိုတော့မျိုးဆက်ပြတ်သွားတယ်လို့ ယူဆရပါတယ်။
ပုံ(၉) From Martin Monestier's Human Oddities.

ပုံ(၁၀) Maphoon, Moung-Phoset and Mah-Me. The original Goss photograph
from which the La Nature (1875) illustration was engraved
 

Wednesday, August 3, 2011

ငေါင်း


ဟိုအရင်တခါက မိတ်ဆက်ပေးထားပြီးသားပါဗျာတို့ရယ်၊ ကျွန်တော်ရဲ့အဘိုးဟာ စာပေအလွန် အမင်းဝါသနာပါတတ်တော့ သူ့ခေတ်သူ့အခါက ရေးသားထားတဲ့ မှတ်တမ်းမှတ်ရာ တချို့၊ ဟိုခေတ် ဟိုအခါက ရေးသားခဲ့ကြတဲ့ သတင်းစာ ၊ စာနယ်ဇင်း မျိုးစုံတို့က ဗဟုသုတဖြစ်ဘွယ်လေး တွေကို သူ့ရဲ့ အထူလေးလက်မခွဲလောက်ရှိတဲ့ A4 မကျတကျဆိုဒ်နဲ့ ရေးသားထားခဲ့တဲ့ မှတ်စုဆိုတဲ့ စာအုပ်တွေကို အမွေခံဖြစ်တဲ့ သူ့မြေးကျွန်တော်က ရခဲ့ရပေသမို့၊ အဲဒီစာအုပ်တွေ ထဲက စိတ်ဝင်စားစရာ တချို့ကို ဘလော့စာရှု့ သူများကို မျှဝေခြင်းရယ်ပါ၊ မှားကောင်းလည်း မှားပါလိမ့်မယ်၊ မှန်ရင်လည်းမှန်မှာပါ ၊ သို့သော်လည်း ဗဟုသုတကတော့ ဖြစ်မယ်လို့ ကျွန်တော်ယူ ဆမှိပါတယ်၊ သို့သဟာကြောင့် ငွေလမင်း ဘလော့တွင်ရေးသားလိုက်ရပါကြောင်း ဟူလို။

 ငေါင်းဟူသော သတ္တ၀ါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာဝအကောင်လို့ လူတွေက ယူဆ ကြပါတယ်၊ ငေါင်းဆိုတာ ငုံးလိုလို ကြက်လိုလို သတ္တ၀ါ ၊ ခြေတစ်ချောင်းပါသော လူလိုသတ္တ၀ါလို့ အမျိုးမျိုး ပြောကြလေရဲ့၊ တောထဲမှာ ငေါင်းကိုတွေ့လို့ ဖမ်းလိုလျှင် ပိုက်နှင့် မထောင်ရ ၊ ကျော့ကွင်းဖြင့်မဖမ်းရ၊ ငှက်ပျောဖတ်ကို ခင်းပြီးထောင်ဖမ်းလျှင်၊ ချော်လဲသွားလိမ့်မည်ဟု ငေါင်းဖမ်းနည်း ကိုလည်း ကြားဖူးပြန်၏။မြန်မာတိုင်းရင်းဆေးပညာ၏ ထိပ်ခတ်နာ ပျောက်ဆေးတွင်၊ ဒေါင်းရိုး၊ ငေါင်းရိုးတို့ ပါရှိကြောင်းသရသလို၊ တိမ်သလာပျောက်မျက်စဉ်းတွင်လည်း ငေါင်းရိုးပါရှိသည်ဟု မှတ်သားခဲ့ရပြန်ပါတယ်။

ဟုမ္မလင်းနယ်စပ်၊ နန့်တောရွာ၊ ဆင်လမောင်းရွာ၊ ကိုးထောင်ရွာအနီး တောကြီးအတွင်း၊ ငေါင်း ခြေရာတွေ့ဖူး၍၊ မုဆိုးများလိုက်ရှာကြသည်၊ ငေါင်းသည် ခြေတချောင်းထောက်လျှက်၊ သွားတတ် သည်၊ ဦးခေါင်းနောက်စေ့ နေရာရှိ၊ အောက်ချင်းငှက် နှုတ်သီးကဲ့သို့ အချွန်အတတ်ကြီးဖြင့် ကသစ်၊ အိုင်ပင်များ၏ လူတစ်ရပ်ကျော်အမြင့်၌ နေတတ်ပြီး ကြာကြာရပ်တတ်သည်၊ ညဘက်အိပ်သည်၊ ဂဏန်းဘာသာစကားဖြင့်၊ (စောက်ကွန်း-ခြေတချောင်းပါသော အကောင်)ဟု ခေါ်သည်။ ဗန်းမောက်နယ် တောင်ချပ်ကြားကြီးထဲမှ ငေါင်းသေအရိုးများတွေ့ဘူးကြောင်း အရိုးအလျားလိုက် ၁၀တောင်ခန့် ရှည်ကြောင်းပြောကြသည်။

မြန်မာပြည် မြောက်ပိုင်းအင်းတော်မြို့နယ် အတွင်းစုံစမ်းရာ ဆရာတော်တစ်ပါးက ငေါင်းသတ္တ၀ါ ကိုမမြင်ဘူးကြောင်း၊ သို့ရာတွင်လူ ကဲ့သို့သဏ္ဍာန် ခြေတစ်ချောင်းပါရှိကြောင်း ၊ ဒူးဇစ်ကွေး၍ မရကြောင်း၊ သစ်ပင်မှီလျှက်၊ မတ်တပ်အိပ်တတ်ကြောင်း၊ ပြေးရာတွင် အလွန့်လွန်မြန်သည်ဟု ကြားဖူးကြောင်း မိန့်ကြားသည်။ မြစ်ကြီးနားခရိုင်၊ ကောက်ကွေ့ချောင်းဖျားသို့ ဆင်ခေါင်းဦးစီး ရစ်ဆင်သွားရှာရာ နောက်စေ့တွင် အချိန်အတတ်ကြီးပါပြီး ခြေတစ်ချောင်းဖြင့် ခုန်ပေါက်ထွက်ပြေးသော ငေါင်းသတ္တ၀ါကို မြင်လိုက်ဖူးကြောင်း ကြားရသည်။

၁၉၅၅ခုနှစ်ခန့်တွင် မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ်၊ ဆယ်လောက်ရွာနှင့်၊ ၁၃မိုင်အကွာ က၀ါးပွန်း ရွာမှ ရှေ့တည့်တည့်တောကြီး အတွင်းရွာမှ နှစ်မိုင်ခွဲခန့်အကွာတွင် ၀ဂျစ်ခန်ဆိုသူသည်၊ အိမ်ဆောက်ရန် သစ်ပျဉ်များရှာဖွေသည်။ သစ်သားသပ်ရိုက်ပြီး အိမ်ပြန်ခဲ့သည်၊ နောက်တနေ့ တောထဲပြန်သွားသည်၊ သပ်ကိုဆွဲနှူတ်ရာတွင် လက်တစ်ဖက်က သပ်ရိုက်ထားသော ကွဲကြောင်းအတွင်း နှိုက်မှိ၍ လက်ညပ်အော်ဟစ်နေသော ငေါင်းတစ်ကောင်ကို တွေ့ရသည်။ ဆယ်လော်ရွဲာစခန်းမှ ရဲအုပ်စိန်ခါးကန်နှင့် ရဲသားတစ်ဦး ကျောင်းဆရာ လှဖဲအလီဘူတို့ လိုက်သွားပြီး ကြိုးချည်ဖမ်းဆီးခဲ့သည်။

ဆယ်လော်ရွာ စခန်းတွင် တစ်ညထားပြီး မြစ်ကြီးနား သစ်တောရုံးသို့ ပို့ရန် စီစဉ်သည်။ နံနက်တွင် သေဆုံးသွားသည်၊ ထိုငေါင်း၏၊ ကိုယ်အင်္ဂါသည် ပြားချပ်သည်။ လက်မောင်းထွားကျိုင်းသည်။ အရပ်ငါးပေတစ်လကမရှိသည်၊ ဒူးဇစ်မရှိ၊ ခြေဖ၀ါး အနောက်လည်နေပြီး ဖနောင့်သည် အရှေ့ဘက်သို့ ရောက်နေသည် ခါးတစ်ဆစ်နှင့် ခြေမျက်စိ တစ်ဆစ်သာရှိသည်။ နဖူးသည် ခြောက်လက်မကျော် ကျယ်ပြီး ပြောင်နေသည်။ မေးကောက်သည် ခေါင်းနောက်စေ့တွင် ပေါက်ချွန်းကဲ့သို့ အမောက်ပမာ အရိုးကြီးပါရှိသည်။ သစ်ပင်ပေါသော တောနက်ကြီးထဲတွင် နေထိုင်တတ်သည်။ တစ်ပင်မှတစ်ပင် သို့ ဘယ်ညာလွှဲပြောင်းပြီး ကိုယ်တွယ်သွားတတ်သည်၊ ဤသို့လေ့လာတွေ့ရှိခဲ့ကြောင်း  နန့်မွန်ရွာမှ အမတ်ဟောင်းကြီးတစ်ဦးက ထောက်ခံရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးအနောက်ဘက်၊ နနွယ်ရွာကမလေးမှ ဒေါ်စိန်ပုက လယ်သမားများ ဆည်ပိတ်ထားသည်ကို လာဖောက်သည့် ငေါင်းတစ်ကောင်အကြောင်း ပြောပြ ဖူးသည်။ လယ်သမားများ ချထားသော ငှက်ပျော်ဖတ်ပေါ် ချော်လဲ၍ ဖမ်းမိသည်။ ငေါင်းသည် ငှက် မဟုတ်ပေ၊ အတောင်ပံမပါချေ၊ အရပ်ငါးပေကျော်သည်၊ ခါးကျောအဆစ်လုံးဝ မရှိပေ။ နောက်ဆုံး ငေါင်းနှင့်ပတ်သတ်၍ အထူးခိုင်လုံလှသော အထောက်အထားတစ်ခုမှာ ကုန်ဘောင်မင်းများ လက်ထက် ရွှေတိုက်တွင်ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုံတော် ပုရပိုဏ်ဖြူဖြစ်ပါသည်။ အဆိုပါ ဆေးရေးပရပိုဏ်တွင်၊ လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင်နှင့်၊ လူငေါင်းများပုံပါရှိသည်။

ဘိုးတော်ဘုရားလက်ထက်တွင် ငေါင်းတစ်ကောင်ကို တောင်ငူမြို့ မြတ်စောညီနောင်ဘုရားမှ ရသည်။ တောင်ငူ မြို့ဝန်က ဆက်သသည်၊ လက်နှစ်ဖက်ပါသည်၊ ခြေတစ်ချောင်းသာရှိသည်၊ လက်နှစ်ဖက်ကို ၊ အတောင်သဖွယ် ဘေးတဖက်တချက်သို့ ဖြန့်ကား၍ထားသည်။ အမျိုးသမီး မျက်နှာနှင့်တူသည်၊ ဆံပင်တိုသည် ၊ အသံမှငှက်သံဖြစ်သည်၊ အသားမစားဟုဆို၏။

အချုပ်အားဖြင့်ဆိုရသော် ငေါင်းသတ္တ၀ါသည်၊ နာနာဘာဝ အယောင်ဆောင်ပြခြင်းမဟုတ်ပေ၊ ငှက်လည်း မဟုတ်ပါ၊ လက်နှင့်လူခေါင်းသဏ္ဍာန်ပါသော ထူဆန်းသည့် သတ္တ၀ါဆန်းပင်ဖြစ်သည်၊ အမျိုးတုံး ရှားပါးသော သတ္တ၀ါဆန်း တစ်ကောင်မျှသာဖြစ်သည်၊ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ မွေးရာ အမိမြေသည် ဤကဲ့သို့သော အလွန်တရာရှားပါးသည့် မျိုးတုန်း သတ္တ၀ါမျိုးများပင် ကျင်လည် ကျက်စား နေထိုင်ဖူးခဲ့သည်ပင် မဟုတ်ပါလားဗျာရယ်၊ ကဲပြောဖူးလား ဗဟုသုတရပါ တယ်ဆိုနေ။
ဘလော့စာရူ့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Thursday, July 21, 2011

လက်ယာ မင်းခမ်းတော်များ ၃


နန်းတွင်းပုရပိုဒ်ဖြူလာ မှန်စိမ်းစီ ရှစ်ထောင့်ကွမ်းခွက်


အမျိုးသားပြတိုက်တွင် ပြသထားသော ရှစ်မြောင်ကွမ်းခွက်တော်
၁။ ရှစ်ထောင့်ကွမ်းခွက်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းများဖြစ်ပြီး ပုံနန်းခွက် များဖြစ် သော ခိုနန်းခွက် ၊ ထောင့်ချိုးကွမ်းခွက်၊ ဆယ့်နှစ်မြှောင့် ကွမ်းခွက်၊ ရှစ်မြောင့်ကွမ်း ခွက်များတွင်၊ အပါအ၀င်ဖြစ်သည်။
အချို့ကို ကျောက်မျက်စီချယ်၍၊ အချို့ကို မှန်တပ် ၊ အချို့ကို ပယင်းတပ်ပြီး အလှဆင်ထား သည်၊ အမျိုးသားပြတိုက်တွင် ရွှေသားသက်သက်ဖြင့် ပြုလုပ်၍ ပတ္တမြား ကျောက်မျက်များ စီချယ် ထားသော ရှစ်ထောင့်ကွမ်းခွက်ကို ပြသထားသည်။ အိမ်ရှေ့မင်း၊ မိဖုရားတို့၏ အသုံးအ ဆောင်ဖြစ်ကြောင်း ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်၊ အင်္ဂလိပ်အခေါ်အဝေါ်မှာ Octagonal Betel Cup ဖြစ်သည်။


ရှစ်မြောင်ကွမ်းခွက်၏ အပေါ်ပိုင်း ရှိ မြန်မာမှု့ အနုသုခုမ လက်ရာများ
 

ရှစ်မြောင်ကွမ်းခွက်၏ အောက်ခြေ မြန်မာမှု့ အနုသုခုမ လက်ရာများနှင့် ပတ္တမြားများ စီချယ်ထားပုံ 


ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ်  ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။