Tuesday, August 16, 2011

ညောင်ရမ်းမင်းသား မသေပါ


 ထန်းတပင် မင်းသမီးအကြောင်း ဟိုနေ့ကရေးပြီးတော့ ဒီနေ့ညောင်ရမ်းမင်းသား အကြောင်း ရေးမယ်လေ၊ ရေးရတာအကြောင်းရှိတယ်ဗျ ၊ ပြီးခဲ့တဲ့လက ညောင်းရမ်းမင်းသား အကြောင်းကို ဘီယာသောက်ရင်း ငြင်းခုံကြတယ်လေ၊ ငြင်းခုန်ရခြင်းအကြောင်းက ညောင်ရမ်းမင်းသား သေလား မသေဘူးလား၊ နန်းတွင်းအရေးတော်ပုံမှာ သေတာလား အင်္ဂလိပ်လက်အောက်မှာ သေတာလား၊ ဒါမှမဟုတ် မထင်မရှားနဲ့သေခဲ့တာလား၊ အင်္ဂလိပ်တွေစီကိုရော တကယ်ခိုဝင်သွား သလား အဲလိုငြင်းကြတော့ ၊ ကျွန်တော်အင်္ဂလိပ်စီမှာ သေတာဖြစ်ကြောင်းပြောတာ၊ အဲဒါလေးကို ပြန်ပြီး ရေးလိုက်တာပါ၊ မျက်စိဒုက္ခခံကြအုံးနော်။

မြန်မာရာဇ၀င်ကို လေ့လာလိုက်စားဖူးသူတိုင်း မင်းတုန်းမင်းကြီး နာမကျမ်းဖြစ်စဉ်နှင့် သီပေါဘုရင် မင်းမြတ် နန်းမတက်မှီ ကြားကာလကို နန်းတွင်းသွေးထွက်သံယို ၊ ဖြစ်မှု့အများဆုံး၊ မဟာဆီ မဟာသွေးတို့ သွေးမြေအကျဆုံး၊ သီပေါဘုရင်မင်းသားထက် လက်ရုံးနှလုံးသာလွန်သော မင်းညီမင်းသားများ ကိုသတ်ဖြတ်နှိမ်နှင်းခံရ၍၊ သူ့ကျွန်အဖြစ်ရောက်ရန် အစပျိုးသောကာလ ဟူပြီး မြန်မာသမိုင်းဆရာများရော ၊ အနောက်တိုင်းမှ မြန်မာ့သမိုင်းကို ရေးသားဖော်ထုတ်ကြ သော ပညာရှင်အားလုံးတို့က တညီတညွတ်တည်း လက်ခံထားကြသောဟူ၏။

သက္ကရာဇ် ၁၂၄၀ပြည့် (ခရစ်နှစ် ၁၈၇၈) ၀ါခေါင်လတွင် မင်းတုန်းမင်းတြားကြီး ရောဂါပိုမိုဆိုးရွှား လာသဖြင့်၊ မှန်နန်းဆောင် အရှေ့တွင် မင်းကြီးမတ်ရာအချို့ လျို့ဝှက်တိုင်ပင်ကြပြီး၊ နန်းဆက်ခံနိုင် ရန် အလားအလာရှိသော မင်းညီမင်းသားများကို စာရင်းပြုစု၊ ညှိနှိုင်းကြပြီး၊ နောက်ဆုံးတွင် လောင်းရှည်မိဖုရား၏ သားတော် သီပေါကိုယ်တော်မြတ်ကို မင်းအဖြစ် နန်းလျှာထားကြသည်။

သီပေါကိုယ်တော်မြတ်ကား ပိဋကတ်တော်တတ် ရှင်လူထွက်ဖြစ်ပြီး ၊ နူးညံ့သိမ်မွေ့သောဟူ၏၊ ထိုအရည်အချင်းကပင်လျှင် အမတ်များစကားကို နားထောင်လက်ခံလိမ့်မယ်ဟု ယူဆခါ ကင်းဝန် မင်းကြီးက ဦးဆောင်သော နန်းလျှာရွေးချယ်ရေးအဖွဲ့က အမှတ်စဉ် ၂၀မြောက် နန်းရမိဖုရား လောင်းရှည်၏ သားတော်သီပေါကို နန်းတင်ရန်ရွေးချယ်ဆုံးဖြတ်ကြ၏။

ထို့နောက် မင်းတုန်းမင်းကြီးအမိန့်ကို သုံးပြီး သီပေါကိုယ်တော်မှအပ မင်းညီမင်းသားအားလုံးကို ကြေးတိုက်တွင်ချုပ်နှောင်ကြသည်၊ မင်းတုန်းမင်းတြား ကြီးသိသွားသောအခါ မင်းသားများကို ပြန်လွှတ်စေပြီး၊ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား တို့ကို ဘုရင်ခံ ခန့်အပ်ပြီး ရပ်ဝေးသို့ ရှောင်ထွက်သွားနိုင်ရင် စီစဉ်သည်။

သို့ရာတွင် ၁၈၇၈ခု အောက်တိုဘာ ၁ရက်နေ့တွင် မင်းတုန်းမင်းနတ်ရွာစံပြီးနောက် ၊ မင်းသားများ မင်းသမီးများ၊ မူးဟောင်းမတ်ဟောင်းများကို သတ်ဖြတ်သည်၊ ညောင်ရမ်းမင်းသား ငယ်မည်( မျိုးပုံ) နှင့် ၊ ညောင်အုပ်မင်းသား ငယ်မည် (မျိုးယုံ)တို့က အခြေနေကို ကြိုတင်သိရှိကြပြီး၊ ဘုန်းတော်ကြီး Dr.Marks ( မြန်မာပြည်ဝယ် နှစ်လေးဆယ်) စာအုပ်ရေးသားသူ၏ နေရာကို ဆက် ခံသူ ဘုန်းတော်ကြီး Reverend James A.Colbeck အိမ်သို့တိမ်းရှောင်သွားပြီး၊ ထိုခရစ်ယာန် ဘုန်းတော်ကြီး၏ အကူအညီဖြင့် အင်္ဂလိပ်ကိုယ်စားလှယ်အိမ်သို့ ရောက်ရှိသွားသည်။

ထို့အတူ ညောင်းရမ်းမင်းသား၏ သားငယ်သမီးငယ်တို့ကိုလည်း ရုပ်ဖျက်ပြီး အင်္ဂလိပ်ကိုယ်စား လှယ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ရသည်။ ဤအချက်ကို E.V.C. Foucar ရေးသားသည့် Mandalay The Golden စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

အချို့သော စာအုပ်တို့တွင် Reverend James A.Colbeck ကို Dr.Marks ၏နေရာကို ဆက်ခံသူ ဟုမပြပေ၊ မန္တလေးနေပြည်တော် ဗြိတိသျှသံရုံး ၀န်ထောက်အဖြစ်ဖော်ပြထားသည်၊ ညောင်ရမ်း မင်းသား အောက်မြန်မာပြည်သို့ အမှန်တကယ် ကယ်တင်ရောက်ရှိသွားကြောင်းမှာ အထူးပင် ထင်ရှားသည်။

 လန်ဒန်မြို့ ဗြိတိသျှပြတိုက် အရှေ့တိုင်းဆိုင်ရာ စာပေပြခန်းရှိ ဗြိတိသျှသံအမတ် ဂျိမ်းကို လဗက်၏ မှတ်တမ်း၌`ဤစာအုပ်ကတ်တလောက်သည် ညောင်းရမ်းမင်းသား၏ ပိဋကတ်တိုက် စာအုပ်များ၊ ပေပုရပိုက် အဆူဆူများ၏ စာရင်းဖြစ်ပါသည်၊ ခရစ်နှစ် ၁၈၇၈ခုနှစ်တွင် အထက်မြန် မာပြည် မန္တလေးမြို့ရှိ ဗြိတိသျှသံရုံးမှ (ကျွန်တော်) ကိုလဗက်၏ အကူအညီ အရိပ်အာဝါသဖြင့် ညောင်းရမ်းမင်းသား နန်းတော်အတွင်းရေး ဘေးရန်မှ လွတ်မြောက်ကာ မန္တလေးမှ ထွက်ခွာခွင့်ကို ရသော အခါတွင် ကျွန်တော်၏ လက်တွင်းသို့ ရောက်လာသော………….´ဟူ၍ ရေးသားဖော်ပြ ထားသည်ကို ထောက်ရှု့ပြီး အသတ်ခံရသော မဟာဆီမဟာသွေး မင်းညီမင်းသားတို့အထဲတွင် ညောင်ရမ်းမင်းသား မပါဝင်နိုင်ကြောင်း မှန်းဆကြည့်မှိပါ၏။ အော် ကံကြီးလိုက်တဲ့ မင်းသားရယ်။

ကျွန်တော်လည်းစာဖတ်ရင်း ကွန်ပျုတာရှေ့ရှိတာနဲ့ ကောက်ရေးလိုက်တာ ဖတ်သူတွေရင်ထဲတခု ခုကျန်ခဲ့ရင်တော့ ပင်ပန်းရကျိုးနပ်ပါပြီ။

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုမွန် တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Saturday, August 13, 2011

နှုတ်ဆက်တော့မည် ဧရာဝတီ

ကျွန်တော်ငယ်စဉ်က ဧရာဝတီ ဆိုတဲ့သီချင်းလေးရဖူးတယ်ဗျ ၊ `ရေဘောင်ဘင် စီးပါလို့ မြစ်ကြီး ++ဧရာဝတီ´ ဆိုတဲ့သီချင်းလေးလေ ကြားဖူးကြားရဲ့မလား၊ ၁၉၉၁ ခုနှစ်များရောက်တော့၊ ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးဆိုတဲ့ သီချင်းလေးကို ရလိုက်မှိသေးတယ်။

`ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ……..၊ ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့ ၀ိညာဉ် ဧရာဝတီ…….အဲဒီစာသားလေးနဲ့ သီချင်းကို အော်ဟစ်ဆိုခဲ့ဖူးတယ်၊ ဆရာဇော်ဂျီက ဧရာ ၀တီကဗျာလေးမှာလည်း၊ `ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေခါလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာမမြင်သော်လဲ့၊ မျှော်၍သာ အထင်နှင့်လှခဲ့ပေါ့လို့၊ မြစ်ကြီး ဧရာကို တခမ်းတနားဖွဲ့ခဲ့ကြလေရဲ့။

 မြန်မာပြည်သားလေဗျာ၊ မြန်မာဆိုတာ မြစ်ကြီးလေးသွယ်သားဗျ၊ ခိုင်ခံ့တဲ့ ပုဂံဆိုတာရှိသလို၊ အမြဲစီးဆင်းနေတဲ့ ဧရာဝတီဆိုတဲ့ မြစ်ကြီးလည်းရှိတယ်။ ဒါကြောင့် ဧရာဝတီ လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံသား တို့ရဲ့ ရေသယံဇာတ ကြွယ်ဝမှု့ကို ဖော်ကျုးပြီးသား ဖြစ်သွားတတ်တယ်လေ၊ ဒါကြောင့် သက္ကတ ကျမ်းစာများမှာပင် (River Of The Refreshment ) ငါတို့ကို တဖန်အင်းအားတွေ ပေးတဲ့ မြစ်ကြီးလို့ တခမ်းတနားရေးသားဖော်ပြခံခဲ့ရတဲ့မြစ်ကြီး။

ဘိုးဘွားတွေကတော့ သန့်စင်တဲ့ ဧရာဝတီကြီးကို ထားခဲ့ပေမဲ့၊ ကျွန်တော်တို့တွေ့ရဲ့ လက်ထက်မှာတော့၊ အနာဂတ်အတွက် အဘိုးအဘွားတွေ ထားခဲ့သလို သန့်စင်မွန်မြတ်တဲ့ မြစ်ကြီး ဧရာဝတီကို ထားခဲ့ဖို့က မကြိန်းသေတော့ဘူးလေ၊ ဧရာဝတီကို ဗိုက်ဖောက်ပြီး သဲတွေရောင်းစားတယ်၊  ကျောက်စရစ်တွေ ထုတ်ယူကြတယ်၊ ရွှေတွေကျင်ကြတယ်၊ ကြာတော့ဧရာဝတီဟာ အနာတရ တွေများပြီး၊ ရေကြောင်းတွေပြောင်းခဲ့ပြီ ၊ မြစ်ကြီးဧရာဝတီ မှန်ကန်စွာ ရေမစီးဆင်းတော့ပြီ။

ဒီလိုအနာတရတွေ များနေပေမဲ့ စောင့်ရှောက်သူကင်းမဲ့တဲ့ မြစ်ကြီးဧရာကို ဒဏ်ရာကုစားပေးမဲ့ လူမရှိတဲ့အပြင် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါဝင် မေခ၊ မလိခမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု့စာချွန်လွှာ (MOU) ကို ၂၀၀၆ခုနှစ်က အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာနနှင့် တရုတ်(China Power Investment Coporation) နှင့် စာချုပ် ချုပ်ဆိုပြီး ဧရာဝတီကြီးရဲ့ ဂုဏ်သွေးစုပ်ကြလေရဲ့။

၂၀၁၁၊ ၆လပိုင်းတုန်းက Think Think Group လို့ဆိုတဲ့ အဖွဲ့အစည်းတခုကတော့ မြစ်ဆုံစီမံ ကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းရယ်ကို လာပြီးတော့ လေ့လာကြတယ်လေ၊ အဲဒီထဲမှာပါ ၀င်တဲ့လူတွေက အသက်လေးဆယ်ကျော် ၀န်းကျင်လူလတ်ပိုင်းတွေပါ၊ စင်္ကာပူတက္ကသိုလ် များက PhD ရထားသူတွေပါတယ်၊ သူတို့လေ့လာပြီး မြန်မာပြည်ကို အကြံဥာဏ်ပေးခဲ့တာက `ဒီမြစ်စုံရေကာတာတွေဆောက်လုပ်ရင် မြန်မာပြည်သူတွေကို ထိခိုက်နိုင်တယ်၊ ဒီနေရာမှာ ဆည်ကြီးတွေ ၇-ခုမဆောက်သင့်ဘူး၊ မဖြစ်မနေဆောက်မယ်ဆိုရင်တော့ အသေးလေး ၂-ခုသာ ဆောက်သင့်တယ်၊ ဆည်တခုတည်းရဲ့ ရေ၀ပ်ဧရိယာဟာ စတုန်းရန်းမိုင် ၅၀၀နီးပါးရှိတယ်။

 အဲဒီတခုတည်းကပင်လျှင် ကချင်ပြည်နယ်ဧရိယာရဲ့ လေးပုံတစ်ပုံဖြစ်တယ်လို့ အကြံပေးသွားပြီး ရရှိလာတဲ့ အချက်လက်များကိုလည်း၊ တရုတ်အစိုးရကို Professional ပီသစွာ တိတိကျကျ အစီရင်ခံသွားမယ်လို့  အကြံပေး ပြောကြားသွားပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ သယံဇာတတွေဖြစ်တဲ့ သစ်တောတွေ၊ နိုင်ငံခြားသားခရီးသွား တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ရေမြေတောတောင်တွေ၊ မြေအောက်သယံဇာတဖြစ် တဲ့ရွှေ၊ ရေနံ ၊ ကျောက်စိမ်းနဲ့ အခြားဓာတ်သတ္တုတွေဆုံးရှုံးမှာကတော့ ကြိန်းသေပါဘဲ၊ တရုတ်အ စိုးရရဲ့ (MOU) စာချုပ်အရ ရင်းနှီးမြုပ်နှံမဲ့ ငွေကြေးပမာဏဟာ ၃.၆ဘီလျံ ဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ ချိန်ကြည့်ရင်တော့ တော်တော်နဲတဲ့ငွေပမာဏပါ၊ နောက်ပြီး အကျိုးအမြတ်ဝေခွဲမှု့က ၁၀ပုံ ၂ပုံခွဲဆိုတော့ တော်တော် လေးကို စဉ်းစားရမဲ့သဘောဖြစ်ပါတယ်။ ဒီစီမံကိန်းသာ အကောင် ထည်ပေါ်ခဲ့ရင် ကချင်ပြည်နယ်ရဲ့ စတုရန်းမိုင်း ၃၅၀၀ရေမြုတ်ပါမယ်၊ ဒါဟာ ကချင်ပြည်နယ် ရဲ့ မြေဧရိယာ ကုန်သလောက်ဖြစ်နေပါပြီ၊ ဒါတွေမကဘဲ ရေ၀ပ်သွားတဲ့ အတွက်ဆုံးရှုံးရမဲ့ သယံဇာ တတွေ၊  biodiversity အများကြီး အများကြီး အများကြီးဗျာ။

နောက်ပြီး ဧရာဝတီမြစ်ရေဟာ အရင်လမ်းကြောင်းအတိုင်း မစီးဆင်းရဘဲ ဘေးကိုဝိုက်ပြီး စီးဆင်းရ မှာဖြစ်လို့ အရင်စီးဆင်းနေကျ လမ်းဟာ အလိုလိုကောသွားပါလိမ့်မယ်၊ ကဲကျွန်တော်တို့တွေ ဘယ်လောက်ဆုံးရှုံးလိုက်သလဲ၊ ကျွန်တော်တို့အဲလိုဆုံးရှုံးလိုက်ပေမဲ့ တရုတ်ပြည်က ပြည်နယ်ကြီး တွေကတော့ ဧရာဝတီရဲ့ ခွန်အားတွေနဲ့ မီးတွေထိန်ထိန်ညီးတော့မယ် နှစ်ပေါင်း ငါးဆယ်လောက် မီဂါဝပ် တစ်ထောင်ထွက်မှ ကျွန်တော်တို့က ၂၅၀မီဂါဝပ်ရမယ်၊ ထားပါ မီးရတာမရတာက ကျွန်တော်တို့အတွက် မထူးဆန်းတော့ပါဘူး။

 ထူးဆန်းတာက ဒီမြစ်ကြီး မြစ်အဖြစ်ကနေ ကုန်း ခေါင်ခေါင် ဖြစ်သွားမှာကို ဘယ်သူကတာဝန်ယူမှာလဲ၊ အခုစာချုပ်တွေကို လက်မှတ်ထိုးထားတဲ့ လူတွေက တာဝန်ယူမှာလား၊ နိုင်ငံသားတွေရဲ့ အမျိုးသားရေး လက္ခဏာ အမွန်အမြတ် ပစ္စည်းကြီးတခု အသိဥာဏ်မဲ့ လူတစုရဲ့လက်ချက်နဲ့ တိမ်ကောပပျောက်သွားမှာကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမလဲ။ သယံဇာတ မုဒိမ်းမှု့နဲ့ ဘ၀ပျက်ရတော့မဲ့ ဧရာဝတီကြီးကို ကျွန်တော်တို့မှာ ဘာပါဝါ ဘာအာဏာမှမရှိတော့ ဘာမှမလုပ်ပေးနိုင်ဘူး။

မျက်ရည်ဝဲရတာဘဲ ရှိမှာပေါ့ ကျွန်တော့သားတွေ သမီးတွေကြီးတဲ့အခါ မေခနဲ့မလိခကို အခွင့်သင့်လို့ရောက်ခဲ့တဲ့အခါ ဟိုလွန်ခဲ့တဲ့နှစ်များဆီက ဒီမြစ်နှစ်ခုပေါင်းစုံရာနေရာကနေ ဧရာဝတီမြစ်ကြီးရှိခဲ့တယ်လို့ ပုံပြင် ကိုဝမ်းနည်းစွာ ပြောရလိမ့်မယ်ထင်ပါရဲ့။

ဧရာဝတီမြစ်ကြီးနဲ့ပတ်သတ်ပြီး ဆရာကြီးလူထုစိန်ဝင်းနဲ့ အင်တာဗျူးတခုမှာ ဆရာကြီးက သတင်းသမားတစ်ယောက်အနေနဲ့၊ `ဧရာဝတီမြစ်ကြီးရဲ့ တိမ်ကောပပျောက်ရမဲ့ အန္တရာယ်တွေ ရှိလာလို့၊ အန္တရာယ်ကို မျက်စိအရှေ့မှာတင် တွေ့လာရလို့၊ သတင်းတွေ ၊ မီဒီယာတွေမှာ ဧရာဝတီမြစ်အကြောင်း မမြင်ချင်အဆုံး မတွေ့ချင်အဆုံးမြင်နေရ ၊ ကြားနေရလို့၊ သတင်းသမား တစ်ယောက်အနေနဲ့ ဒီဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်သွားမဲ့ဘယ်အရေးကိစ္စမဆို တားဆီး ရမှာဘဲဖြစ်တယ်လို့´ ဖြေသွားပါတယ်။

ဆက်ပြီးတော့ ဆရာကြီးက ဧရာဝတီနဲ့ပတ်သတ်ပြီး ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီး ရေးသားပြောဆိုနေတယ်လို့ ပြောလာလို့ရှိရင် အဲဒီအချက်ကို လုံးဝငြင်းဆိုပါတယ်လို့၊ ထပ်လောင်းပြောသွားပါသေးတယ်၊ ဆရာကြီးသည်လည်း ဧရာ ၀တီမိခင်ရဲ့ သားပဲမဟုတ်လား။

သြဂုတ်လ ၉ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာမှာ (လျှပ်စစ်ဝန်ထမ်းတစ်ဦး) ဆိုတဲ့အမည်နဲ့ရေး သားတဲ့၊ `ထာဝရ အမွေအနှစ် မွန်မြတ်သည့်စေတနာ´ ဆိုတဲ့ဆောင်းပါးမှာ ဆောင်းပါးရှင်က….

`နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မှီစွာ ဖြည့်တင်းဆောင်ရွတ် ပေးနိုင်ရန်အတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်ထည်ဖော် ဆောင်ရွတ်ပေး လျှက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တနှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်ထည်ဖော် ဆောင်ရွတ် လျှက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာဝှမ်းရေအားလျှပ်စစ်နှင့် ပတ်သတ်၍ နိုင်ငံတ  ကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသားလျှက်ရှိသည်ဟု ´နိုင်ငံပိုင်သတင်းစာမှာ ရေးသားဖော်ပြပါတယ်၊ ကျွန်တော်ကတော့ အဲ ဒီစာဖတ်ပြီး အဲဒီဆောင်းပါးရှင်ကို ထမင်းစားတာမှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မှိတယ်။

အဲဒီဆောင်းပါရှင်းက အဲဒီဆောင်းပါမှာ နိုင်ငံအတွက်ဘယ်လိုအကျိုးရှိတယ် ဧရာဝတီမြစ်ကြီး အတွက်အာမခံချက် ဒါတွေကိုတခုမှချမပြသွားဘူး၊ တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ရဲ့ ၅၆၉ စာမျက်နှာပါ အချက်အလတ်တွေကိုသာကိုးကားပြီးရေးသွားပါတယ်၊ ဒီဆည်တွေမဆောက်မှီ ဧရာဝတီမြစ်ကိုဘယ်လို မြစ်ကြောင်းဆိုင်ရာ ပြုပြင်မှု့တွေလုပ်မယ် ဆိုတာတခုမပါဘူး၊ ဧရာဝတီ ကိုဆည်လုပ်လိုက်လို့ ရေမစီးဆင်းတော့ရင် ၊ ဧရာဝတီမြစ်ရေကို မှီခိုသောက်သုံးနေတဲ့ လူတွေရဲ့ နွေရာသီ ရေချိုပြဿနာ ဘယ်လိုဖြေရှင်းမလဲဆိုတာ မပါဘူး၊ ဘာတွေရေးသွားတယ်မှတ်လဲ ဒီဆည်တွေ ဆောက်တဲ့အတွက် လူ၂၆၀၀ အလုပ်ရတယ်တဲ့၊ အိမ်ထောင်စု ထောင်ဂဏာန်း လောက် နေရာ ချထားပေးလို့ရတယ်တဲ့။

ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းအမွေအနှစ် (National Heritage) ဗျ၊ တမျိုးသား လုံးနဲ့ဆိုင်တဲ့ နိုင်ငံလုံးဆိုင်ရာအမွေအနှစ်ကို နိုင်ငံပရောဂျက်တခုအနေနဲ့ အကျိုးအမြတ်ထုတ် ယူတာကို လူ၂၆၀၀လောက် အလုပ်ရတယ်၊ အိမ်ထောင်စု တစ်ထောင်နေရာချထားပေးနိုင်တယ် ဆိုတော့ ၊ အဲဒီဆောင်းပါရှင်ဟာ၊ အရူးထောင်ကနေ ပြန်လာတာဖြစ်ရင်ဖြစ် မဖြစ်ရင် အိမ်မှာရူးနေ လို့ပေါဗျာ၊ အဲလူရဲ့စကားကို နားထောင်ပြီး နိုင်ငံပိုင်မီဒီယာတခုကနေ ထည့်ခွင့်ပေးတယ်ဆိုတာ ကလည်း ရေးတဲ့လူထက်သာလို့သာပေါ့၊ သူပြောတဲ့အတိုင်း လူသန်းပေါင်း ၇၀ကျော်ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ၊ လူ၂၆၀၀ မျက်နှာကိုသာ ကြည့်ပြီးလုပ်မယ်ဆိုရင် ဒီအလုပ်ဟာ သီအိုရီအရ တောင် မစဉ်းစားကောင်းတဲ့ လုပ်ငန်းဆိုတာ မသိလို့သာဖြစ်ပါလိမ့်မယ်။

ဘယ်လိုဘဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကို ဧရာဝတီက နုတ်ဆက်နေပြီလေ ၊ ကျွန်တော်တို့ ဘိုးဘွား တွေထားခဲ့တဲ့ ဧရာဝတီဟာ ကျွန်တော်တို့လက်ထက်မှာ ပျောက်ကွယ်လုဖြစ်နေပြီ၊ ပျောက် ကွယ်တော့မယ်၊ ကျွန်တော်တို့ကို သားမြေးတွေဟာ ဧရာဝတီမြစ်ဆုံကို မြင်ဖူးတော့မယ်မထင်ပါ ဘူးဗျာ။

ကျွန်တော် စာကိုနိဂုံးချုပ်ပါတော့မယ် ၊ ဘယ်သူဘဲလုပ်လုပ် ဘာဘဲလုပ်လုပ် ၀မ်းနည်း ကြေကွဲစရာတွေ မဖြစ်အောင် ချင့်ချင့်ချိန်ချိန်လေးလုပ်ကြပါလို့ ပြောဆိုခွင့်ရှိရင် ပြောချင်ပါရဲ့၊ မြစ်ဆိုတာ နိုင်ငံတိုင်းမရှိဘူးဗျာ မြစ်ရှိတဲ့နိုင်ငံဟာ အင်မတန်မှ ရှားတယ်။ အင်္ဂလန်ပြည်ဟာ သိန်း မြစ်ကြောင့် သမိုင်းကြီးသလို ၊ ကျွန်တော်တို့လဲ ဧရာဝတီမြစ်ကြောင့် သမိုင်းကြီးခဲ့ကြတယ် အတိတ်က အတိတ်က စာရေးနေရင်း ကျွန်တော်လေ ခင်ဝမ်းဆိုခဲ့တဲ့ +++ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်းစီးဆင်း+++ဧရာဝတီ ဧရာဝတီ ဧရာဝတီ …ဆိုတဲ့သီချင်း လေးကို ညည်းရင်း မျက်ရည်များတောင် ၀ဲမှိပါပေါ့ ဧရာဝတီရယ်။

ဘလော့စာရှု့သူများ အမျိုးသားရေး အမွှေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ။


Friday, August 12, 2011

ဘာပေးရမလဲ

ခုတလော ကိုကိုငွေ စန်းထပုံကတော့ မပြောချင်ပါဘူးဗျာရယ်၊ မဒမ်ငွေနဲ့ ကိုကိုငွေကို မဒမ်ငွေရဲ့ အမေက၊ သဘောတူတယ်တဲ့၊ အဲဒီတော့ အသက်သုံးဆယ်ပြည့်တာနဲ့ ထိမ်းမြားမင်္ဂလာအမှု့ စီရင်ပြုရမယ်လို့ဆိုပါတယ်၊ စေ့စပ်ပွဲကိုတော့ဖြင့် တန်ဆောင်မုန်းလမှာ မိဘတွေက ဆွေမျိုးအရင်းတွေကို ခေါ်ပြီးအသိပေးမယ်၊ အဲဒီနေ့မှာဘဲ စေ့စပ်ကြောင်းလမ်းမယ်လို့ ယောက္ခမ ဖြစ်သူ ၊ မဒမ်ငွေအမေက အမိန့်ကျသကိုးဗျာရဲ့။

ကိုကိုငွေသိချင်တာက စေ့စပ်တဲ့အခါ ဘာပေးရတုန်းသိချင်တာ အချို့သော အချို့သော ဆရာ သမားများရဲ့အဆိုကတော့ လက်စွပ်ဝယ်ပေးရသော ဟူ၏၊ တချို့သော ဆရာသမားများကြပြန် တော့ ၊ လက်စွပ်တောင် ရွှေမလုပ်နဲ့ဟကောင်ရ၊ ပလက်တီနမ်သာ အကောင်းဆုံးလို့ ဆိုပြန်တယ် တချို့ကြပြန်တော့ လက်စွပ်ထက် ပလတ်တီနမ်ဆွဲကြိုးကို ရုရှားစိန်လော့ကတ်သီးလေး လုပ်ပေးပြီး ဆင်လိုက်ရင်ဖြင့်၊ ထိုထိုသော လော့ကတ်သီးဟာ နှလုံးသားနှင့်နီးရကား အသဲနှလုံး အူသိမ်းအူမ မကျန် အချစ်စိတ်တို့ဖြင့် ထုံးမွှမ်းသွားပြီး  အချစ်စိတ်တို့သည် နေ့ညမပျက် တလဆက် ယိုဖိတ် အရိပ်ရိပ် တက်လာသောဟူ၏။

အမျိုးသမီးတွေကို စပ်စုကြည့်ပြန်တော့ ` ဟဲ့ နင့်ကောင်မလေးကို လက်စွပ်တို့ဆွဲကြိုးတို့ မပေး နဲ့ဟဲ့ ရိုမန်တစ်ဆန်ဆန်လေးဖြစ်သွားအောင် သရဖူလေးစောင်းပေးလိုက်၊ သရဖူတခုကို ပလတ်တီနမ်နဲ့ လုပ်ရင် ၁၀သိန်းတောင်မကုန်ဘူး၊ သရဖူအထွဋ်ကိုတော့ စိန်ကောင်းလေး တစ် လုံးလောက်နဲ့ဆင်လိုက်ရင် ဖြစ်ပါပြီဟယ်၊ သူပြောသလို တွက်ချက်လိုက်တော့ ၂၅ သိန်းလောက် ကုန်ဘို့ဖြစ်နေတယ်၊ လက်ခကြီးက ၂သိန်းခွဲပေးရမယ်ဆိုဘဲ၊ ကိုကိုငွေက အဲလောက်မတတ်နိုင် ဘူးလေ။

မဒမ်ငွေကို ကိုယ်ရှာဖွေထားတဲ့ ငွေထဲကဘဲ တခုခုလုပ်ပေးချင်တာ ဟိုတောင်းဒီတောင်းနဲ့တော့ လုပ်မပေးချင်ဘူးဗျ၊ ဟိုတောင်းဒီတောင်းဆိုရင်တော့ သရဖူလည်းဖြစ်နိုင်ကောင်းပါရဲ့၊ ဒါပေမဲ့ ကျွန်တော် မလုပ်ချင်ဘူး၊ ကျွန်တော်ရှာဖွေထားတာနဲ့ဘဲ ၀ယ်ပေးချင်တာ၊ မဒမ်ကိုသိပ်ချစ်တော့ စေ့စပ်တဲ့အခါပေးရမဲ့ပစ္စည်း စဉ်းစားရတာလည်း၊ သိပ်ခေါင်းကိုက်တယ်။

 နောက်တယောက်ပေးတဲ့အကြံကတမျိုး `အောင်မယ်လေး ဟယ် ကြီးကြီးကျယ်ကျယ် ဘာ လက်စွပ်ပေးမှာတုန်း ၊ သရဖူဆိုတာ မယ်တွေမှစောင်းတာဟဲ့ သောက်ရူးရဲ့၊ ဘာ…ဆွဲကြိုး ဘယ်မှာ မြင်ဘူးလို့တုန်း ခပ်တုန်းတုန်းတွေမလုပ်နဲ့ဟဲ့ ၊ ဒို့လိုအမျိုးသမီးတွေဆိုတာ အမြဲတမ်း အသစ်အဆန်းဖြစ်နေမှဟဲ့ ငါပေးချင်တဲ့အကြံကတော့ လက်စွပ်သော ဘာသော လုပ်မနေနဲ့၊ သူလိုချင်တာသာမေးလိုက်၊ သူပြောတဲ့ဟာ ၀ယ်ပေးလိုက်၊ သူကအကြီးကြီးပြောလာလို့ မတတ် နိုင်ရင်၊ သူပြောတဲ့ဟာရဲ့ အသေးစားလေးဖြစ်ဖြစ် ၀ယ်ပေးလိုက် မကောင်းဘူးလား၊´ အင်း လို့တော့ ကျွန်တော်ခေါင်းညိမ့်လိုက်တယ်။

နောက်တစ်ယောက်ကြပြန်တော့ `ဒို့တုန်းကတော့ စေ့စပ်တုန်းက လက်စွပ်လည်းမဟုတ်ဘူးဟဲ့၊ သူခလေးဘ၀တုန်းက သွားရေတွေခနခနကျလို့ ဗေဒင်ဆရာကိုမေးတော့ ခမဲလိုတယ်ဆိုလို့ ငွေ လက်စွပ်ကလေး တခုလုပ်ပြီးပေးထားတာ၊ အဲဒါလေးကိုသူက သိမ်းထားတော့ ငါတို့လည်းစေ့စပ် ရော ငါကရွှေဆွဲကြိုးရှိတော့  အဲဒါလေး ငါ့လည်ပင်းမှာဆွဲလိုက်တာဘဲ၊´`စေ့စပ်တယ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ပစ္စည်းတခုခု ပေးလိုက်ရင် ပြီးတာဘဲဟဲ့´ အင်းသူပြောပုံလည်း မဆိုး ဘူးလို့မှတ်သားလိုက်ရပါတုံရောဗျာ။

အဲလိုခမဲများ ပေးရမယ်ဆိုလို့ကတော့ မဒမ်ငွေလည်ပင်းမှာ  စာဖူးတောင်းလိုတောင် ဖြစ်သွားအုံးမယ်၊ ကိုကိုငွေက ခမဲသိပ်ဆောင်တယ် ငယ်ငယ်က သားငယ်လေးဆိုတော့ သွားရည် ခနခနကျတယ်လေ ၊ အရင်က ကျွန်တော့်ဗီရိုလေးထဲမှာ ယွန်းဗူးလိုလုပ်ထားတဲ့ ကော်သေတ္တာလေးမှာ လက်စွပ်သေးသေး ခြေကျင်းသေးသေး လက်ကောက်သေးသေး လေးတွေ ဘစုခရုတွေ များမှများ မေမေ ဘာတွေလဲဗျာလို့မေးတော့ မင်းခမဲတွေလေတဲ့။ အဲဒါတွေ မဒမ်လည်ပင်း ဆွဲပေးလိုက်ရင်တော့ တော်တော်ကြည့်ကောင်းမယ်ထင်တယ်။

စေ့စပ်ပွဲမှာ တန်ဘိုးကြီးကြီးတွေပေးလိုက်ပါပြီတဲ့ ၊ ညားတဲ့အခါ ဘယ်နှာနဲ့ရင်းနှီး စားသောက် ကြမတုန်းဗျာရယ်၊ ဘယ်အိမ်မှာနေမှာတုန်း၊ ဘာအလုပ်ကိုလုပ်မလဲ၊ သားတွေသမီးတွေကို ဘယ်နှာသော ပညာရပ်တို့ဖြင့် အသက်မွေးခါ ပြုစုစောင့်လျှောက်ရပါအံ့၊ မွေးဖွားလာသော သား သမီးကိုလည်း ဘယ်နှာမည်သော ကျောင်းသို့ပို့ဆောင် ပညာသင်အံစေ့ ရပါအံ့နည်း ၊ စသော စေသာ ထွေရာလေးပါး ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စဉ်းစားရင်း ကိုကိုငွေ ခေါင်း ကိုက်ရပါ၏။

စဉ်းစားကြည့်လေဗျာ၊ ကျွန်တော့်ဇနီးလောင်း ငွေလေးဟာဆိုရင်ဖြင့် အသားနဲနှဲဖြူတယ်၊ ပလတ်တီနမ်ဆင်လိုက်ပြန်တော့ ၊ သူအလှတိမ်မြုပ်သွားနိုင်တယ်ဗျာရယ်၊ ဒါဆိုသရဖူလား အလကားပါ တန်ဘိုးသာကြီးပြီး သွားလေရာ ဆောင်းလို့ရတာမှမဟုတ်တာ၊ ရွှေ အိုဗျာ ရွှေဆိုတဲ့ ဟာက ၀ါဝါကြီးမို့လား မဒမ်ကဖြူတော့ လမ်းဘေးက ထုံးသုတ်ထားတဲ့ ဓာတ်တိုင်ကို သဘောင်္ ဆေး အ၀ါတွေရစ်ထားတဲ့ မီးပွိုင့်လိုဖြစ်တော့မပေါ့၊ မလှပါဘူး၊ လက်စွပ်လား သူ့မှာရှိတယ် ကျွန် တော်က သူမှာရှိတဲ့ဟာဆိုရင် ဘာမှမပေးချင်ဘူး၊ ဆွဲကြိုး ရှိပါသကောဗျာ လော့ကတ်သီးတောင် ရှိသေးတယ်။

ဒါဆိုကိုကိုငွေ မဒမ်ကို စေ့စပ်မဲ့ တန်ဆောင်မုန်းလ ဘာဆင်မလဲ ဆိုတာ သိချင်နေကြပြီမို့လား၊ ပြောမယ်လေ ၊ ပြောချင်နေတာ ကျွန်တော်က သူများလို ဟိုဟာသည်ဟာ တုတ်စွမြုတ်စွ မဆင်ချင်ဘူးဗျ ၊ ဆင်မဲ့ဆင်ရင်လည်း တဆင်စာကို ဆင်လိုက်ချင်တာ သရဖူပါမယ်၊ နားကပ်လည်းပါရမယ်၊ လက်စွပ်ပါမယ် ဆွဲကြိုးလည်း ပါရအုံးမယ်၊ လက်ကောက်ပါတယ်၊ ခြေကျင်း  ခါးပတ် အကုန်လုံး ၂၀၀၀ဖိုးလောက် ဆင်မယ်မှန်းထားတယ်။

ကျွန်တော်က အဲဒီပစ္စည်းတွေကို ဘယ်ပန်းတိမ်မှာမှ မအပ်ဘူး ကိုယ်ပိုင်လုပ်မှာလေ ဟန်းမိတ် ကုန်ကြမ်းကိုတော့ ရန်ကုန်မှာ ဆန်ကုန်သည်လုပ်နေတဲ့ ကျောက်ပန်းတောင်းက မြင့်မောင်ဆိုတာ သူငယ်ချင်း အရင်းလေ သူ့မိဘတွေက ထန်းလျှက်လုပ်တယ်၊ သူငယ်ချင်းရေ မင်းဒီတစ် ခေါက်ပြန်ရင် ငါ့ကို ထန်းဖူးတခုလောက် လှီးလာခဲ့စမ်းပါလို့ မှာလိုက်တယ်၊ ဘာလုပ် ဖို့တုန်းဟတဲ့၊ စရိတ် ကုန်တယ်တဲ့ အော်သူငယ်ချင်းရယ် ဘယ်လောက်ကုန်မှာတုန်း ၂၀၀၀ ပေါ့ကွတဲ့ ငါပေးပါ့ မယ်ကွာလို့၊ မင်းကဘာလုပ်မလို့တုန်းတဲ့။

အော် ငါတန်ဆောင်မုန်းလကြရင်စေ့စပ် တော့မယ် လေ၊ အဲဒါနဲ့ ထန်းဖူးနဲ့ ဘာဆိုင်တုန်းတဲ့ ဟ ဆိုင်ပါသကောကွာ မင်းယူလာ တဲ့ထန်း ဖူးကို မကျီးသီးနဲ့နှပ်ထားပြီး တန်ဆောင်မုန်းလဆန်း လောက်ဆိုရင် နှပ်လောက်ပြီဆိုမှ လက်စွပ် တို့ ဆွဲကြိုးတို့ လုပ်ပြီး စေ့စပ်မလို့လို့ ပြောလိုက် ပါရဲ့။ ပလတ်တီနမ်တွေ ရွှေတွေ၊ စိန်တွေ ပေါလှတဲ့ ဒီခေတ်မှာ ရိုမန်တစ်ဆန်ဘို့ဆိုတာက ထန်းဖူး လက်ဝတ်ရတနာ ဒွါဒရာတွေထက် ဘယ်အရာကများ ရိုမန်တစ်ဆန်နိုင်အုံးပါ့မလဲ ဗျာတို့ ရယ်….။

ကဲမဒမ်ရေ အကိုကတော့ စေ့စပ်ပွဲအတွက် အားလုံးစီစဉ်နေရတာနဲ့ တစ်ညလုံးအိမ်မပျော်ဘူး အခုမှဘဲ ညီမနဲ့ထိုက်တန်မဲ့လက်ဝတ်ရတနာကို ရှာဖွေတွေ့ရှိတော့တယ်၊ မင်းကြိုက်တယ်မလား ဒါတောင် ကြာပုတီးလုပ်ဘို့က ကွမ်းခြံကုန်းက ငဇော်နဲ့မတွေ့သေးလို့၊ သူနဲ့သာတွေ့လိုက်ရင် မင်းအတွက် ထန်းလက်ဝတ်ရတနာများ အပြင်ကို ကြာပုတီးတောင် ရဘွယ်ရာ  ရှိသေးတယ်သိလား။ ထန်းဖူး နဲ့လုပ်တယ်ဆိုပေမဲ့၊ ငယ်စဉ်က ကိုကိုငွေ အညာသွားလည်ရင် အမြတ်တနိုးဆင်ယင်ခဲ့ရတဲ့ ပစ္စည်းတွေ ငွေရဲ့သိလား။

အော်ဘလော့စာရှု့သူများခမျာ ကိုကိုငွေ စေ့စပ်ပွဲ အကြောင်း စီစဉ်နေရတာနဲ့ စာဖတ်သူတို့နဲ့ စကားမပြောမှိဘူးဖြစ်နေတယ်၊ အိမ်ဦးနတ်သမီးနဲ့ စကားပြောနေရလို့ ခွင့်လွှတ်ကြနော်၊ ဘာများ အကြံပေးချင်ကြသေးလဲမသိဘူး၊ အကြံဥာဏ်လေး ပေးကြပါအုံးလို့ ………။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။