Thursday, August 18, 2011

မြန်မာကို မပြားချင်သေးပါ

ခုတလော ကမ္ဘာ့မီဒီယာ တွေမှာထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ်ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ညီမတော်စပ်သူ၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီး ယင်လက်ခ်ရှင်နာ ၀ပ်ထရာက အမတ်ဦးရေ ၅၀၀ရှိတဲ့ ထိုင်းလွတ်တော်မှာ အရင်ဝန်ကြီးချုပ်ရဲ့ အဘီဆစ်ဝိချာချီဝ ရဲ့ ဒီမိုကရက်တစ်ပါတီကို အမတ်နေရာ ၁၀၆ နဲ့အသာရပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ချွေးချယ်သွားပါတယ်၊ သူ့ရဲ့ဖြူထိုင်းပါတီက အမတ်နေရာ ၂၆၅ နေရာ ၊ အဘီဆစ်က ၁၉၅ နေရာရရှိတော့၊ သူတို့ရဲ့အမတ်အရေအတွက် ကွာဟာမှု့ဟာ ၁၀၆ ရှိ တယ်ပေါ့ဗျာရယ်၊ အာရှတလွှားမှာ သာမက ကမ္ဘာလုံးဆိုင်ရာ အနေနဲ့ပါ လက်ရှိအမျိုးသမီး လက် ရှိအစိုးရမှာ ၀န်ကြီးချုပ်ဖြစ်နေသူပေါင်းဟာ ၁၄ဦးတောင် ရှိနေပြီဆိုရကား၊ ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတာ ဟုတ်လိုက်လေ လို့တောင် တွေးမှိသေးပါရဲ့။

ယင်လက်ခ် ဟာအခုမှ ပေါ်လာတဲ့ တောင်အာရှ ရဲ့အမျိုးသမီး ခေါင်းဆောင်မဟုတ်ပါလား၊ သူမတိုင်မှီ၊ ၁၉၆၀နှစ်များဆီက ခင်ပွန်းဖြစ်သူလုပ်ကြံခံလိုက်ရလို့ သိရီမာဝိုဘန်ဒါနာကီ ဆိုတဲ့ အမျိုးသမီးဟာ သီရိလကာင်္နိုင်ငံရဲ့ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သေးမဟုတ်လား၊ ထို့အတူ လွတ်တော်အမတ် ခင်ပွန်းဖြစ်သူ ဘင်နစ်နိုအကွီနို ဂျုနီယာ (လက်ရှိသမတဘစ်နစ်နို နွိုင်နွိုင်အကွီ နို-၃၏ဖခင်) လုပ်ကြံခံရပြီးနောက် အိမ်ရှင်မတဦးဖြစ်တဲ့ ကိုရာဇန်အကွီနိုသမ္မတဖြစ်လာသေးရဲ့။

အိန္ဒိယ ဘက်ငဲ့စောင်းပြီးကြည့်လိုက်ပြန်တော့ ဖခင်ဂျဝါဟလာနေရူးရဲ့နေရာကို သမီးဖြစ်သူ အင်ဒ ရာကဆက်ခံပြီး ၀န်ကြီးချုပ်လုပ်ပြန်တယ်၊ ပါကစ္စတန်ကျပြန်တော့ အလုပ်ကြံခံရတဲ့ ဘနာဇီယာ ဘူတိုက ၀န်ကြီးချုပ်နေရာ၊ အင်ဒိုနီးရှား ကိုလေ့လာလိုက်ပြန်တော့၊ မီဂါဝတီဆူကာနိုပူထရီ ဆိုတဲ့ အမျိုးသမီးက သမ္မတ၊ ဖိလစ်ပိုင်းမှာကြပြန်တော့ အာရိုယိုက သမ္မတ၊ ဘင်္ဂလားဒေ့ရှ် လက်ရှိအ တိုက်ခံခေါင်းဆောင်ကြပြန်တော့ အရင်က၀န်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၊ (အရင်သမ္မတဟောင်း ဇိုင်ယာမန်၏ ဇနီး) အဲဂလိုလေး အာရှတခွင်မှာဖြင့် ပြဲပြဲစင်အောင် အစွမ်းထက်လှသည့် အမျိုးသ မီးများ။

အခုပြထားတဲ့ ဇယားကွက်ကတော့ လက်ရှိကမ္ဘာမှာ အစိုးရ တာဝန်ထမ်းဆောင်နေတဲ့ အမျိုး သမီးများရဲ့ စရင်းဇယား (၁၄)ဦး။
အမည်
နိုင်ငံ
ရာထူး
စတင်ထမ်းဆောင်သောနှစ်
အင်ဂျယ်လာမာကယ်
ဂျာမနီ
ဝန်ကြီးချုပ်
၂၀၀၅
အင်လင်ဂျွန်ဆင်ဆာလိဖ်
လိုက်ဘေးရီးယား
သမ္မတ
၂၀၀၆
ခရစ္စတီးနားဖာနန် ဒက်ဇ်ကာ့ခ်ျနာ
အာဂျင်တီနား
သမ္မတ
၂၀၀၇
ဟာစီနာဝါဇက်
ဘင်္ဂလားဒေ့ရှ်
ဝန်ကြီးချုပ်
၂၀၀၉
ယိုဟန်နာဆီဂါရိုဒေါ့တီယာ
အိုက်စလန်
ဝန်ကြီးချုပ်
၂၀၀၉
ဂျာဒရန်ကာကိုဆော်
ခရိုအေးရှား
ဝန်ကြီးချုပ်
၂၀၀၉
လော်ရာချင်ချီလာ
ကော်စတာရီကာ
သမ္မတ
၂၀၁၀
ကမ်လာဘာဆက်ဘစ်ဆက်ဆာ
ထရီနီဒက်နှင့်
တိုးဘားဂိုး
ဝန်ကြီးချုပ်

ဂျုလီယာဂီးလက်
ၾသစေၾတးလ်
ဝန်ကြီးချုပ်
၂၀၁၀
အိုင်ဗက်တာရာဒီကိုဗာ
ဆလိုဗက်ကီးယား
ဝန်ကြီးချုပ်
၂၀၁၀
ဒီလ်မာရူးဆက်ဖ်
ဘရာဇီး
သမ္မတ
၂၀၁၁
မာရီယာ လွီဆာဘာတီ
ဆန်မာရီနို
Captian Regent
၂၀၁၁
ဆစ်မာရီယမ်ကေဒါမာ ဆီဒီဘီ
မာလီ
ဝန်ကြီးချုပ်
၂၀၁၁
ယင်လက်ခ်ရှင်နာဝပ်ထရာ
ထိုင်း
ဝန်ကြီးချုပ်
၂၀၁၁

ဒီစာရင်းကဘာဟုတ်သေးလို့တုန်း ဒါကလက်ရှိ အစိုးရတာဝန်တွေထမ်းဆောင်နေတဲ့ ၀န်ကြီး ချုပ်နဲ့ သမ္မတစာရင်းရှိသေးတယ်၊ အချို့နိုင်ငံများကြတော့ ဘုရင်မတွေ ၊ နိုင်ငံဥသျှောင်တွေ၊ ပြည်ထောင်စု ကောင်စီဝင်တွေ၊ ဘုရင်ခံချုပ်တွေ စတဲ့စတဲ့ အမျိုးသမီးကြီးတွေများလည်း ရှိသေး သပေါ့ဗျာရယ်၊ အောက်က စာရင်းဇယားလေးကို လည်း နဲနဲကြည့်လိုက်ပါအုံး။

အမည်
နိုင်ငံ
ရာထူး
တာဝန်ယူသည့်နှစ်
မေရီမက်အယ်လီဆေး
အိုင်ယာလန်
သမ္မတ
၁၉၉၇
တာဂျာဟာလိုနန်
ဖန်လန်
သမ္မတ
၂၀၀၀
မစ်ချယ်လင်းကမ်မီရေး
ဆွစ်ဇာလန်
ပြည်ထောင်စုကောင်စီဝင်
၂၀၀၃
ဒေါရစ်လျူသာ့ဒ်
ဆွစ်ဇာလန်
ပြည်ထောင်စုကောင်စီဝင်
၂၀၀၆
အိပ်လင်းဝစ်ဒ်မာရှမ့်ဖ်
ဆွစ်ဇာလန်
ပြည်ထောင်စုကောင်စီဝင်
၂၀၀၈
ဆိုင်မွန်နက်တာဆိုမာရူဂါ
ဆွစ်ဇာလန်
ပြည်ထောင်စုကောင်စီဝင်
၂၀၁၀
ပရာတီဘာပတေး
အိန္ဒိယ
သမ္မတ
၂၀၀၇
ဒါလီယာဂရီဘောက်စကာတေး
လစ်သူရေးနီး
ယားနိုင်ငံ
သမ္မတ
၂၀၀၉
ရိုဇာအိုတွန်ဘာယေဗာ
ကာဂျစ္စတန်
သမ္မတ
၂၀၁၀
အာတီဖတီဂျာဟ်ဂျာဂါ
ကိုဆိုဗို
သမ္မတ
၂၀၁၀
ပါလက်တီလူဆီ
 စိန့်လူစီယာ
ဘုရင်ခံချုပ်
၁၉၉၇
လူစီလိတ်ခ်တက်
အန်တီဂူယာ
ဘုရင်ခံချုပ်
၂၀၀၇
ကွင်တင်ဘရိုက်စ်
ၾသစေၾတးလ်
ဘုရင်ခံချုပ်
၂၀၀၈
ဘီထရစ်
နယ်သာလန်
ဘုရင်မ
၁၉၈၀
အယ်လီဇဘက်-၂
ဗြိတိန်နှင့် ၁၆ နိုင်ငံ 
ဘုရင်မ
၁၉၅၂
မာဂရက်-၂
ဒိန်းမတ်
ဘုရင်မ
၁၉၇၂

အဲသလို အတိတ်ကခေါင်းဆောင်မှု့တွေကလည်း ရှိကြပြန်တာကိုး၊ ဒါဇယားထဲမှာ ပါတဲ့ တချို့ သော အမျိုးသမီးတွေက အခုထိတိုင် ခေါင်းဆောင်နေကြတုန်းဗျာရယ်၊ အဲသလိုအရှိန်နဲ့ သာဆက်သွားရင်ဖြင့် ကမ္ဘာကြီးဟာ မုချကိုပြားသွားနိုင်ပါရဲ့၊ ကျွနုပ်တို့ရဲ့ ရွှေနိုင်ငံကြီးကိုလည်း ကျွန်တော်က သိပ်ပြားစေချင်တယ်။

သို့သော်လည်း ဟိုတလောက မန္တလေးရတနာပုံ တက္ကသိုလ် ကို မဒမ်ငွေရဲ့မောင်လေးများနဲ့ အလည်လိုက်သွားပြန်တော့ ၊ နောင်တချိန်ခေါင်းဆောင်မဲ့ ခေါင်းဆောင်မလေးတွေ ထန်းရည် သောက်သုံးနေလိုက်ပုံများ အားရကျေနပ်စရာ၊   စုံတွဲများ ချိန်းတွေ့ပြီး ဟိုဒင်းဟိုဝါ ကိစ္စကို လိုအပ်သလို အသုံးပြုနိုင်ရန် ထန်းရွက်ဖြင့် ပြုလုပ်ထားသော စုံတွဲများအတွက် ထန်းလက်တဲလေးများ ၊အရပ်ထဲက ဘီယာဆိုင်မှာ ဆိုရင်လည်း ယောကျာင်္းလေးတွေတောင် ထိုင်စရာမရှိ၊ သူတို့လေးတွေခေါင်းဆောင်ပြန်ရင် မြန်မာပြည်ကြီးက အရက်နဲ့ဘီယာဆိုင် ဒီထက်နှစ်ဆတိုးဘို့ရှိတဲ့အပြင် ၊ ဇိမ်ခန်းများတောင် ပေါလာနိုင်ကောင်းရဲ့ အဲဒီခေတ် မြန်မြန်ရောက်ပါစေဗျာရယ်။ ဘီယာ အရက်လေး ပေါပေါများများ ချိုချိုချောင်ချောင် မှီဝဲချင်လို့ပါ။

ကျောင်းသားတွေ လာခေါ် တဲ့ဖယ်ရီကားကြည့်လိုက်ပြန်တော့ တင်ထားတဲ့ စောင်း ဘောက်က လူတရပ်လောက်ရှိတယ်၊ ကားဆရာမေးကြည့်တော့ ကျောင်းသားမိဘတွေက ကားပေါ်မှာ အဲလိုစောင်းဘောက်နဲ့ ဖယ်ရီကို ငှားသလားလို့ စပ်စုလိုက်တော့ ၊ အောင်မလေးဆရာသမား တမင်တင်ထားရတာဗျ ၊ စောင်းဘောက်သေးရင် မလိုက်ဘူး လို့ပြန်ပြောလို့မှတ်သားရခဲ့သေး။ ကျောင်းကြိုတဲ့ဖယ်ရီကားပေါ်မှာ လက်တော့နဲ့စောင်းဘောက်ပါတယ်ဆိုတော့ ကျွန်တော့်သား သမီးတွေကြီးတဲ့အခါ ကားပေါ်မှာ နိုက်ကလပ်တောင် ပါဝင်လာဖွယ်ရှိလေရဲ့။

ရန်ကုန်ရွှေမြို့တော်စီက ဒဂုံတက္ကသိုလ်ကြီးနီးနား ၀န်းကျင်ကအဆောင်များ ကြည့်လိုက်ပြန်တော့ ဖဲဝိုင်းရယ်မျိုးစုံ၊ ပုလင်းရယ်စုံပါဘိသနဲ့၊ ဟိုဟာဒီဟာတွေအတွက်လေး ဘိလေးကရှိသေးပြန် တက္ကသိုလ်ကြီးများတွင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးအပြင် တဆယ့်ကိုးပါးမြောက် ဖဲရိုက်ခြင်း၊ ၂၀ မြောက် အရက်သောင်းခြင်းများအပြင် ၊ ၂၁ပါးမြောက် မိန်းမယောကျာင်္းလိုက်စားခြင်းများကို ပါ ပူး တွဲသင်ပေးနေကြလေရကား၊  ငါ့သားလေးတွေ သမီးတွေ ဘယ်တက္ကသိုလ်ပို့ရပါလိမ့်မတုန်း၊ ကဲရှိပါစေဗျာတို့ ဘယ်သူတွေ ဘာဖြစ်တယ်ပြောပြော၊ ကိုကိုငွေ မြန်မာပြည်ကို ရော ကမ္ဘာပြားတာနည်းတူ ပြားချင်ရဲ့လားလို့မေးခဲ့ရင်တော့ ကျွန်တော်က ချွင်းချက်နဲ့ ဖြေချင်ပါ တယ်။ ဟုတ်ကဲ့ ကျွန်တော်မြန်မာကိုလည်း ပြားချင်ပါတယ်…..သို့သော် …..သိုသော် ….သို့သော် လက်ရှိအခြေနေ မျိုးမှာဖြင့် မြန်မာကိုတော့ မပြားချင်သေးပါကြောင်း…………………။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Tuesday, August 16, 2011

ညောင်ရမ်းမင်းသား မသေပါ


 ထန်းတပင် မင်းသမီးအကြောင်း ဟိုနေ့ကရေးပြီးတော့ ဒီနေ့ညောင်ရမ်းမင်းသား အကြောင်း ရေးမယ်လေ၊ ရေးရတာအကြောင်းရှိတယ်ဗျ ၊ ပြီးခဲ့တဲ့လက ညောင်းရမ်းမင်းသား အကြောင်းကို ဘီယာသောက်ရင်း ငြင်းခုံကြတယ်လေ၊ ငြင်းခုန်ရခြင်းအကြောင်းက ညောင်ရမ်းမင်းသား သေလား မသေဘူးလား၊ နန်းတွင်းအရေးတော်ပုံမှာ သေတာလား အင်္ဂလိပ်လက်အောက်မှာ သေတာလား၊ ဒါမှမဟုတ် မထင်မရှားနဲ့သေခဲ့တာလား၊ အင်္ဂလိပ်တွေစီကိုရော တကယ်ခိုဝင်သွား သလား အဲလိုငြင်းကြတော့ ၊ ကျွန်တော်အင်္ဂလိပ်စီမှာ သေတာဖြစ်ကြောင်းပြောတာ၊ အဲဒါလေးကို ပြန်ပြီး ရေးလိုက်တာပါ၊ မျက်စိဒုက္ခခံကြအုံးနော်။

မြန်မာရာဇ၀င်ကို လေ့လာလိုက်စားဖူးသူတိုင်း မင်းတုန်းမင်းကြီး နာမကျမ်းဖြစ်စဉ်နှင့် သီပေါဘုရင် မင်းမြတ် နန်းမတက်မှီ ကြားကာလကို နန်းတွင်းသွေးထွက်သံယို ၊ ဖြစ်မှု့အများဆုံး၊ မဟာဆီ မဟာသွေးတို့ သွေးမြေအကျဆုံး၊ သီပေါဘုရင်မင်းသားထက် လက်ရုံးနှလုံးသာလွန်သော မင်းညီမင်းသားများ ကိုသတ်ဖြတ်နှိမ်နှင်းခံရ၍၊ သူ့ကျွန်အဖြစ်ရောက်ရန် အစပျိုးသောကာလ ဟူပြီး မြန်မာသမိုင်းဆရာများရော ၊ အနောက်တိုင်းမှ မြန်မာ့သမိုင်းကို ရေးသားဖော်ထုတ်ကြ သော ပညာရှင်အားလုံးတို့က တညီတညွတ်တည်း လက်ခံထားကြသောဟူ၏။

သက္ကရာဇ် ၁၂၄၀ပြည့် (ခရစ်နှစ် ၁၈၇၈) ၀ါခေါင်လတွင် မင်းတုန်းမင်းတြားကြီး ရောဂါပိုမိုဆိုးရွှား လာသဖြင့်၊ မှန်နန်းဆောင် အရှေ့တွင် မင်းကြီးမတ်ရာအချို့ လျို့ဝှက်တိုင်ပင်ကြပြီး၊ နန်းဆက်ခံနိုင် ရန် အလားအလာရှိသော မင်းညီမင်းသားများကို စာရင်းပြုစု၊ ညှိနှိုင်းကြပြီး၊ နောက်ဆုံးတွင် လောင်းရှည်မိဖုရား၏ သားတော် သီပေါကိုယ်တော်မြတ်ကို မင်းအဖြစ် နန်းလျှာထားကြသည်။

သီပေါကိုယ်တော်မြတ်ကား ပိဋကတ်တော်တတ် ရှင်လူထွက်ဖြစ်ပြီး ၊ နူးညံ့သိမ်မွေ့သောဟူ၏၊ ထိုအရည်အချင်းကပင်လျှင် အမတ်များစကားကို နားထောင်လက်ခံလိမ့်မယ်ဟု ယူဆခါ ကင်းဝန် မင်းကြီးက ဦးဆောင်သော နန်းလျှာရွေးချယ်ရေးအဖွဲ့က အမှတ်စဉ် ၂၀မြောက် နန်းရမိဖုရား လောင်းရှည်၏ သားတော်သီပေါကို နန်းတင်ရန်ရွေးချယ်ဆုံးဖြတ်ကြ၏။

ထို့နောက် မင်းတုန်းမင်းကြီးအမိန့်ကို သုံးပြီး သီပေါကိုယ်တော်မှအပ မင်းညီမင်းသားအားလုံးကို ကြေးတိုက်တွင်ချုပ်နှောင်ကြသည်၊ မင်းတုန်းမင်းတြား ကြီးသိသွားသောအခါ မင်းသားများကို ပြန်လွှတ်စေပြီး၊ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား တို့ကို ဘုရင်ခံ ခန့်အပ်ပြီး ရပ်ဝေးသို့ ရှောင်ထွက်သွားနိုင်ရင် စီစဉ်သည်။

သို့ရာတွင် ၁၈၇၈ခု အောက်တိုဘာ ၁ရက်နေ့တွင် မင်းတုန်းမင်းနတ်ရွာစံပြီးနောက် ၊ မင်းသားများ မင်းသမီးများ၊ မူးဟောင်းမတ်ဟောင်းများကို သတ်ဖြတ်သည်၊ ညောင်ရမ်းမင်းသား ငယ်မည်( မျိုးပုံ) နှင့် ၊ ညောင်အုပ်မင်းသား ငယ်မည် (မျိုးယုံ)တို့က အခြေနေကို ကြိုတင်သိရှိကြပြီး၊ ဘုန်းတော်ကြီး Dr.Marks ( မြန်မာပြည်ဝယ် နှစ်လေးဆယ်) စာအုပ်ရေးသားသူ၏ နေရာကို ဆက် ခံသူ ဘုန်းတော်ကြီး Reverend James A.Colbeck အိမ်သို့တိမ်းရှောင်သွားပြီး၊ ထိုခရစ်ယာန် ဘုန်းတော်ကြီး၏ အကူအညီဖြင့် အင်္ဂလိပ်ကိုယ်စားလှယ်အိမ်သို့ ရောက်ရှိသွားသည်။

ထို့အတူ ညောင်းရမ်းမင်းသား၏ သားငယ်သမီးငယ်တို့ကိုလည်း ရုပ်ဖျက်ပြီး အင်္ဂလိပ်ကိုယ်စား လှယ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ရသည်။ ဤအချက်ကို E.V.C. Foucar ရေးသားသည့် Mandalay The Golden စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

အချို့သော စာအုပ်တို့တွင် Reverend James A.Colbeck ကို Dr.Marks ၏နေရာကို ဆက်ခံသူ ဟုမပြပေ၊ မန္တလေးနေပြည်တော် ဗြိတိသျှသံရုံး ၀န်ထောက်အဖြစ်ဖော်ပြထားသည်၊ ညောင်ရမ်း မင်းသား အောက်မြန်မာပြည်သို့ အမှန်တကယ် ကယ်တင်ရောက်ရှိသွားကြောင်းမှာ အထူးပင် ထင်ရှားသည်။

 လန်ဒန်မြို့ ဗြိတိသျှပြတိုက် အရှေ့တိုင်းဆိုင်ရာ စာပေပြခန်းရှိ ဗြိတိသျှသံအမတ် ဂျိမ်းကို လဗက်၏ မှတ်တမ်း၌`ဤစာအုပ်ကတ်တလောက်သည် ညောင်းရမ်းမင်းသား၏ ပိဋကတ်တိုက် စာအုပ်များ၊ ပေပုရပိုက် အဆူဆူများ၏ စာရင်းဖြစ်ပါသည်၊ ခရစ်နှစ် ၁၈၇၈ခုနှစ်တွင် အထက်မြန် မာပြည် မန္တလေးမြို့ရှိ ဗြိတိသျှသံရုံးမှ (ကျွန်တော်) ကိုလဗက်၏ အကူအညီ အရိပ်အာဝါသဖြင့် ညောင်းရမ်းမင်းသား နန်းတော်အတွင်းရေး ဘေးရန်မှ လွတ်မြောက်ကာ မန္တလေးမှ ထွက်ခွာခွင့်ကို ရသော အခါတွင် ကျွန်တော်၏ လက်တွင်းသို့ ရောက်လာသော………….´ဟူ၍ ရေးသားဖော်ပြ ထားသည်ကို ထောက်ရှု့ပြီး အသတ်ခံရသော မဟာဆီမဟာသွေး မင်းညီမင်းသားတို့အထဲတွင် ညောင်ရမ်းမင်းသား မပါဝင်နိုင်ကြောင်း မှန်းဆကြည့်မှိပါ၏။ အော် ကံကြီးလိုက်တဲ့ မင်းသားရယ်။

ကျွန်တော်လည်းစာဖတ်ရင်း ကွန်ပျုတာရှေ့ရှိတာနဲ့ ကောက်ရေးလိုက်တာ ဖတ်သူတွေရင်ထဲတခု ခုကျန်ခဲ့ရင်တော့ ပင်ပန်းရကျိုးနပ်ပါပြီ။

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုမွန် တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။