Monday, September 19, 2011

ကျွန်တော်မြင်ခဲ့သော မိဘများ

ကျွန်တော်မြင်ခဲ့ရတဲ့ဖြစ်ရပ်တခုပါ၊ ကျွန်တော်ငယ်စဉ်က အစိုးရမူလတန်း မတက်ရခင် ရှစ်မိုင်လမ်းဆုံက ဆရာမကြီး ရင်ရင်ဝိုင်းရဲ့ နေ့ကလေးထိန်းကျောင်းကို တက်ခဲ့ရဖူးတယ်၊ အဲဒီကျောင်းလေးဟာ ယနေ့တိုင်ရှိနေဆဲ ၊ ဆရာမကြီးလည်း သက်ရှိထင်ရှားရှိနေဆဲပေါ့ဗျာ၊ အဲဒီ ကျောင်းလေးမှာဘဲ ဒီဇာတ်လမ်းလေးဖြစ်လာတယ်၊ ရင့်နင့်ဖွယ်ရာ ညီကိုယ်နှစ်ယောက်ရဲ့ အဖြစ်နဲ့ သစ္စာမဲ့သော အမေတစ်ယောက်ရဲ့ အဖြစ်ကို ကျွန်တော်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ တယ်။

 အဲဒီမြင်ကွင်း အဲဒီဖြစ်ရပ်ရဲ့ ရိုက်ခတ်မှု့ကြောင့် ကျွန်တော်ဟာ မဒမ်ငွေကလွဲပြီး ဘယ်မိန်းမကိုမှ မချစ်မှိခဲ့ဘူး၊ ရီးစားလည်းမထားခဲ့ဘူး မိန်းမဆိုရင် ကျွန်တော်အမြဲတမ်းသံသယ ရှိခဲ့တယ်၊ မိန်းမ တစ်ယောက်နဲ့ လိုအပ်တာထက်ပိုရင်းနှီးလာပြီ ဆိုရင် ကျွန်တော့်သူငယ်ချင်း အဲဒီညီကိုယ် နှစ်ယောက်ကို မျက်စိထဲမြင်လာမှိတယ်၊ ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ တချိန်မှာ အဲဒီ အကြောင်းလေးကို ၀တ္ထုဖွဲ့ရေးမယ်လို့ ရေးထားတယ်၊ ခက်တာက ကျွန်တော်ဟာ မြန်မာစာကို ဖတ်ရုံလောက်သာ ဖတ်တာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ကျစ်ကျစ်လစ်လစ် မရေးတတ်ဘူး၊ အခုတော့ ကျွန်တော်တို့ ငွေလမင်းဘလော့မှာ ရင်နင့်ဖွယ်ရာ ဒီဇာတ်လမ်းလေးကို တဖန်ပြန်ပြီး အသက်သွင်းလိုက်ပါတယ် ရေးနေရင်းနဲ့ပင် ကျွန်တော်ငယ်စဉ်က ခင်မင်ဖူးခဲ့တဲ့ အမွှာညီအကို နေမျိုးမောင်မောင်နဲ့ ပြည့်ဖြိုး မောင်မောင်ကို မျက်စိထဲပြန်မြင်ယောင်မှိပါတော့တယ်။

ကျွန်တော်အသက် သုံးနှစ်ခွဲ ၊ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က ဖြစ်ရပ်၊ ကျွန်တော်တို့ဟာ အဘိုးလက် ထက်စပြီး၊ ရှစ်မိုင်ခွဲ ၊ ရွှေနှင်းဆီလမ်းမှာ နေကြတယ်၊ အဲဒီရွှေနှင်းဆီလမ်းဟာ တချိန်က မြန်မာ့ ရုပ်ရှင်ခြံကြီးတခု ဖြစ်တဲ့အေ၀မ်းဆိုတဲ့ ရုပ်ရှင်ခြံကြီးပေါ့၊ အဲဒီခြံကြီးထဲမှာ ရှိရှိသမျှ ခလေးအားလုံး ဟာ၊ ကျောင်းမတက်မှီ သုံးနှစ်ကျော် လေးနှစ်အရွယ်တွေမှာ၊ မိဘများက ရင်ရင်ဝိုင်းဆိုတဲ့ ဆရာ မကြီးရဲ့ နေ့ကလေးထိန်းကျောင်းကိုပို့ကြတယ်၊ ဒါကြောင့် ဒီရင်ရင်ဝိုင်း နေ့ကလေးထိန်းကျောင်း လေးဟာ ရှစ်မိုင် ၊ ကိုးမိုင်၊ ဆယ်မိုင် ကခလေးတွေနဲ့၊ ကျိုက်ဝိုင်းဘုရားလမ်းက ကလေးတချို့ရဲ့ မရောက်မဖြစ်ရောက်ရမဲ့ နေရာတခုဆိုလည်းမမှားဘူးပေါ့ဗျာ။

ကျွန်တော်လည်းသုံးနှစ်ခွဲတော့ ရောက်ခဲ့တယ်၊ ကျွန်တော်ရောက်တော့  ကျွန်တော်နဲ့ရွယ်တူ တွေ လေးဆယ်လောက်ရှိတယ်၊ အဲဒီအထဲမှာ နေမျိုးမောင်မောင်နဲ့၊ ပြည့်ဖြိုးမောင်မောင် ဆိုတာပါ တယ်၊ အမွှာပူးညီကိုယ်တွေ ချောလိုက်တာ အဖေက တရုတ် အမေက ဗမာစစ်စစ်၊ ကျွန်တော်က မနက် ကိုးနာရီထိုးဆို ကျောင်းကိုရောက်တယ်၊ ကျွန်တော်ရောက်တဲ့ အချိန်ဆိုရင် သူတို့ညီကို လည်း မကြာခင်ရောက်လာတယ်၊ သူ့မေမေနဲ့ ဖေဖေက မာစီးဒီးကားအနက်ရောင် ကြီးနဲ့လာပို့ တာ၊ အဲဒီအချိန်က ကျောင်းလွယ်အိတ်လေးတွေ ခေတ်စားတဲ့အချိန် ဒါပေမဲ့ သူတို့ညီကိုနှစ် ယောက် က အနောက်တိုင်းဝတ်စုံနဲ့ ကျောပိုးအိတ်လေးတွေနဲ့၊ သူ့တို့ဖေဖေနဲ့ မေမေဟာ သူ တို့ကို နမ်းရှုံ့ပြီး၊ ကားပေါ်ပြန်တက်သွားပြီ ဆိုရင် သူတို့က တာတာ လို့ ပြောပြီး ၊ ရီပြကြတယ် ကျွန်တော့်လို ငိုလည်းမငိုဘူး ၊ သူမိဘတွေ ပြန်သွားပြီဆိုတာနဲ့ သူတို့ညီကို အတန်းထဲကို  ရောက်လာတာဘဲ ၊ ကျွန်တော်တို့ ကျောင်းမှာ စာသင်ခုံ ၁၂ခုံရှိတယ်၊ တခုံကို သုံးယောက် ထိုင် တယ်၊ အစက ကျွန်တော်က ရှေ့တန်းမှာ နောက်တော့ သူတို့ညီကိုယ်နှစ်ယောက် လာပေါင်း တက်တော့ သုံးယောက်ဖြစ်သွားတယ်။

သူတို့က ကျွန်တော်နဲ့တည့်တယ် သဘောလည်းကောင်းတဲ့ပုံဘဲ၊ ရီလိုက်ရင် ညီကိုယ်နှစ် ယောက် လုံး ပါးချိုင့်လေးတွေပေါ်တယ်၊ အသားကဖြူဖြူလေး  စကားပြောရင် နေမျိုးကလေ ၊ ပြည့်ဖြိုးက လေလို့ သူတို့နာမည်လေးတွေ ထည့်ထည့်ပြောတတ်တယ်၊ နေလည်မုန့်စားကျောင်း ဆင်းရင် သူ့ အိမ်က သူတို့ကိုထိန်းတဲ့ အမျိုးသမီးကြီးလာတယ် ၊ ဆွဲခြင်းထဲမှာ မုန့်တွေ စားစရာတွေ ပါလာတယ်၊ သူတို့ကိုကျွေးတယ်၊ သူလိုဘဲ ကျွန်တော့်အိမ်ကလည်း မေမေလာတယ် အဲလိုဘဲ ကြွေးတယ်။

 သူတို့ညီအကိုယ်က ထမင်းစားပြီးရင် မုန့်ကိုအဲဒီမှာပြီးအောင် မစားဘူး သူတို့ အတွက် ပါလာတဲ့မုန့်ကို အတန်းထဲကိုယူလာပြီး၊ ကျွန်တော့်မုန့်နဲ့ အလဲအလှယ် လုပ်စား ကြတယ်၊ ညီအကို နှစ်ယောက်လုံးအေးတယ်၊ အကိုစားသလို ညီကလည်းစားတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကလည်းချစ်လိုက်တာ အရမ်းပဲ၊ နောက်ဖေးသွားရင် တူတူသွားတယ်၊ ကစားရင် နှစ်ယောက်တူတူ ကစားတယ်၊ စာဖတ်ရင် နှစ်ယောက်တူတူဖတ်တယ်၊ အဲလောက်လိမ်မာအောင် သူတို့မိဘတွေ ဘယ်လိုသင်ထားလည်းတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ညီအကိုယ်တွေနဲ့ သိပ်ကွာတယ်။

သူတို့က ကျိုက်ဝိုင်းဘုရားလမ်းမှာ နေကြတာ၊ နောက်လအနည်းငယ်ကြာတော့ သူတို့က ကျွန်တော်တို့ လမ်းထဲကိုပြောင်းလာတယ်၊ ကျွန်တော်တို့လမ်းထိပ်မှာ ကျိုက်ထီးရိုး ဘုရားလေး တစ်ဆူရှိတယ်၊ အဲဒီဘုရားလေးရဲ့ ဘေးကခြံကြီးမှာ သူတို့မိသားစု လာနေကြတယ်၊ ကျွန်တော်နဲ့ တလမ်းထဲဘဲ၊ နောက်တော့ နေ့စဉ်ရက်ဆက် ကျောင်းပို့ကျောင်းကြို လူကြီးတွေလုပ်ရင်းနဲ့လူ ကြီးတွေချင်း ရင်းနှီးသွားကြတယ်၊ ကျွန်တော့်မေမေနဲ့ သူတို့မေမေဟာ ညီအစ်မလိုခင်သွားတယ်၊ မိဘတွေ အဲလောက်ခင်သွားတော့ ကျွန်တော်နဲ့ နေမျိုး၊ ပြည့်ဖြိုးတို့ဟာ ညီအကိုလိုဘဲဖြစ်သွားတယ်ပေါ့ဗျာ၊ ကျွန်တော်က အငယ်မဖြစ်ချင်ဘူးလေ ၊ ကျွန်တော်က အကိုတွေသာ ရှိတာဆိုတော့ ရွယ်တူလေးတွေ လိုချင်တာ၊ အခုတော့ရွယ်တူလေးတွေ နဲ့အဖော်ဖြစ်တော့ ကျွန်တော်လည်း ပျော်တာပေါ့။

ကျောင်းပိတ်ရက်ဆိုရင် သူတို့အိမ်မှာ သွားနေတယ်၊ သူတို့နဲ့တူတူစားတယ်၊ ကစားတယ် ညနေကြရင်မေမေနဲ့ ဖေဖေက လာခေါ်တယ်၊ တခါတရံကျတော့လည်း သူတို့ညီကိုယ်က ကျွန်တော့်အိမ်ရှိရာကို ဆန်တတ်လာတတ်တယ်၊ သူ့အိမ်က ခလေးထိန်းက လိုက်ပို့တယ် ၊ညနေ ကျရင်သူတို့မိဘတွေက လာခေါ်တယ်၊ အိမ်က မိဘတွေကလည်း ယောကျာင်္းလေးဆို ကြိုက်သ လောက်လာ မိန်းခလေးသာမလာနဲ့ ၊ အဲလိုသဲသဲလှုတ်တွေဆိုတော့ ချစ်စရာကောင်းတဲ့ နေမျိုး တို့ညီအကိုယ်ဟာ၊ ကျွန်တော်တို့အိမ်မှာ ဖိုးကြိုင်းဒုတ်ဖြစ်နေတယ်။

အဲလိုမိသားစုချင်းလည်း အဆင်ပြေ သားသမီးချင်းလည်း အဆင်ပြေတော့ သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်ဟာ ကျွန်တော့တို့ကလေးတွေကို အကြောင်းပြုပြီး၊ လူကြီးချင်းချင်း ခင် မင်ကုန်ကြတယ်၊ နေမျိုးအဖေက ဦးနေဇင်လတ်တဲ့၊ သတို့မေမေနာမည်က ဒေါ်နီလာမြင့်၊ သူတို့ဖေဖေက စီးပွားရေးသမား ထုတ်ကုန်သွင်းကုန်လုပ်တာ၊ အဲဒီခေတ်က မာစီဒီးတွေ တွေနှစ်စီးလောက်စီးနိုင်တဲ့ လူတွေဆိုတော့၊ သဋ္ဌေးတွေလို့ပြောလည်း မမှားဘူးပေါ့။ သူ့မေမေ က အဲဒီ ဦးနေဇင်လတ်ရဲ့ ရုံးက ၀န်ထမ်း ဦးနေဇင်လတ်ထက် ၄နှစ်ငယ်တယ်။ ချောလိုက် အဲဒီအန်တီကြီးက မင်းသမီးစန္ဒာနဲ့ တစ်ရုပ်တည်းပဲ၊ အသံလေးကလေး ချိုသာတယ်။ သဘော လည်းကောင်းတယ်။

ကျွန်တော့်ကိုသူ့ သားလေးတွေလို သဘောထားတယ်၊ သူ့သားလေးတွေ အတွက်အ၀တ်အစား သွားဝယ်ရင် ကျွန်တော့် အတွက်လည်း တခုပါတတ်တယ်၊ ကျွန်တော့်အိမ်ကလည်း သူတို့လိုဘဲ ကျွန်တော့်အတွက်ဝယ်ရင် သူတို့ညီကိုယ်နှစ်ယောက်ကို တခုခုပြန်ဝယ်ပေးလေ့ရှိတယ်။ သူတို့က သူဋ္ဌေးတွေဆိုတော့ ခဏတိုင်းဝယ်တယ် ကျွန်တော်တို့က သူတို့လောက် မချမ်းသာတော့ ခဏတိုင်းမ၀ယ်ဖြစ်ဘူး၊ ကျွန်တော့စီမှာ သူတို့ဝယ်ပေးတာတွေများနေတယ်၊ နေမျိုးတို့ညီအကိုယ်မှာ ကျွန်တော်တို့ဝယ်ပေးတာ သိပ်မရှိဘူး၊ ကျောင်းသွားရင် သူတို့လိုဘဲ ကျွန်တော့်ကိုပါ အနောက်တိုင်းဝတ်စုံလေး တစုံလက်ဆောင်ပေးထားတယ် ၊ မသိရင် အားလုံးက ကျွန်တော်တို့ကို ညီကိုတွေလိုဘဲအောက်မေ့ကြတယ်။

ဦးနေဇင်လတ်ဟာ စာပေသမားဖြစ်ဟန်တူတယ် စာဖတ်ခန်းထဲမှာ စာအုပ်တွေတပုံတပင် ဂျာမနီ ကလာတဲ့ ခွေးတံဆိပ်နဲ့ ပီယာနိုကြီးတလုံးက စာဖတ်ခန်းအလယ်မှာ ထီးထီးကြီး၊ ရုံးပိတ်ရက် နေ့တွေမှာဆိုရင် သူ့မိန်းမနဲ့တူတူ အဲဒီစာဖတ်ခန်းထဲက ဆိုဖာခုံပေါ်မှာ ထိုင်ပြီးသူ့သားတွေ ကို စလိုက် ကျွန်တော့်ကိုစလိုက်နဲ့ တနေ့လုံးကုန်တယ် ၊ ညနေကျရင် မုန့်ထွက်ဝယ်ကျွေးတယ်၊ မုန့်ဆိုင်က ပြန်လာရင်တော့ ကျွန်တော့်ကို အိမ်ကိုလိုက်ပို့တယ်။သူတို့မိသားစုဟာ အမြဲတမ်းဆူညံ ပြီး ပျော်ရွှင်နေတတ်တာကို သတိထားမှိတယ်၊ ဦးနေဇင်လတ်ကတော့ ရုံးပိတ်ရက်ကလွဲပြီး ကျန်တဲ့ ရက်တွေအားလုံးမှာ မနက်ပိုင်းမရှိဘူး၊ ညနေပိုင်းကျွန်တော်တို့ ကျောင်းပြန်လာမှ သူ့ကိုတွေ့ တယ်။

သူတို့အိမ်မှာက အိမ်ကိုအကူလုပ်ပေးတဲ့ အန်တီကြီးတစ်ယောက်ရယ်၊ ကားမောင်းတဲ့လူရယ်၊ ခြံရှင်းတာတွေ ဘာတွေလုပ်တဲ့ မာလီအဘိုးကြီး တစ်ယောက်ရယ်ဘဲရှိတယ်၊ တနေ့မှာတော့ ကျွန်တော်ဟာ နေမျိုးတို့ညီအကိုယ်နဲ့ ဆော့ဘို့သူတို့အိမ်ကို လာခဲ့တယ်၊ ခြံတခါးမကြီး ပိတ်ထား ပေးမဲ့ ၊ တံခါးကြီးအောက်မှာ တံခါးလေးရှိတယ်လေ အဲဒါကိုခေါက်လိုက်ရင် ခြံရှင်းတဲ့ အဘိုးကြီး ကကျွန်တော့်ကို တံခါးလာဖွင့်ပေးတယ်၊ နေမျိုးတို့မရှိဘူးကွဲ့၊ မုန့်စားသွားမယ်ဆိုပြီး ထမင်းချက် တဲ့ကောင်မလေးနဲ့လိုက်သွားတယ်၊ ပြန်လာခါနီးနေပြီး မင်းအိမ်ထဲမှာစောင့်နေပေါ့တဲ့၊ အဲဒါနဲ့ ကျွန်တော်က ကိုယ့်ဖာသာ ကိုယ်အိမ်ထဲဝင်လာလိုက်တယ်၊ ဒီအိမ်ဟာ ကျွန်တော့်အိမ်လိုဘဲ ဖြစ် နေတာဆိုတော့၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကျွန်တော်သိတာပေါ့။

နေမျိုးတို့ နဲ့ကျွန်တော်က စာဖတ်ခန်းထဲမှာ ဆော့နေကျဆိုတော့ သူတို့မရှိတာနဲ့၊ ပျင်းလို့ ကျွန်တော်အပေါ်ထပ်ကို တတ်ပြီး၊ အန်တီမြင့်နဲ့ သွားနေမယ်လို့စိတ်ကူးပြီး ၊ နေမျိုးတို့ မိဘတွေ အိပ်တဲ့ အိပ်ခန်းဆီကိုကျွန်တော်လာခဲ့တယ်၊ အဲဒီမှာ ကျွန်တော့်တစ်သက်မှာ ပထမဆုံး မိန်းမ တစ်ယောက်ရဲ့ ဖောက်ပြန်မှု့ကို စတင်တွေ့ရှိခဲ့တာပါပဲ။ ကျွန်တော် တော်တော်လေး ထိန့်လန့်ခဲ့ တယ်၊ ဒီလိုကိစ္စတွေဟာ ငယ်စဉ်တုန်းက ဘာမှမသိခဲ့ပေမဲ့ ကျွန်တော်သိထားတာ တခုတော့ရှိတ တယ်၊ အဲဒါဘာလဲဆိုရင် မေမေရဲ့အိပ်ယာထဲမှာ ရှိရမဲ့လူဟာ ဖေဖေလို့ဘဲ နားလည်ထားတယ်၊

အဲလိုဘဲ နေမျိုးတို့ရဲ့ မေမေအိပ်ယာထဲမှာ ရှိရမဲ့လူဟာ နေမျိုးဖေဖေဘဲဖြစ်ရမယ်၊ အခုလို အိမ် မှာကားမောင်းတဲ့လူ ရှိမနေသင့်ဘူး။ အခုတော့ ကျွန်တော် မဖွယ်မရာကြီးကို မြင်ခဲ့ရတယ်၊ သူတို့ကတော့ ကျွန်တော် ရှိနေတယ်လို့တောင် သိပုံမပေါ်ပါဘူး၊ ကျွန်တော်လည်း ကလေး သဘာဝ ကြောက်ကြောက်နဲ့ အောက်ထက်ကို ဆင်းလာခဲ့တယ်၊ သူတို့ကတော့ မိုးမမြင်လေမ မြင်ပေါ့။

နောက်နှစ်ကျတော့ ကျွန်တော်နဲ့ နေမျိုးတို့ ရင်ရင်ဝိုင်းကျောင်းမှာ မူလတန်း (က)တန်းကို တက်ရ တယ်၊ သူတို့ညအီကိုယ်နဲ့ ကျွန်တော်နဲ့အရင်လိုဘဲ တူတူသွား တူတူစားပေါ့ဗျာ၊ အရင်လို နေမျိုးတို့ မေမေက ကျောင်းလာမပို့တော့ဘူး၊ နေမျိုးတို့ဖေဖေ တစ်ယောက်တည်းသာ ကျောင်းလာလာ ပို့တော့တယ်၊ နောက်နှစ်လ လောက်မှာ နေမျိုးတို့အိမ် တံခါးကြီးပိတ်ထားတယ် လူတွေမရှိတော့ ဘူး၊ နေမျိုးတို့ညီအကိုယ် နှစ်ယောက်လည်း ကျောင်းမလာတော့ဘူး၊

ကျွန်တော်က တခါတရံ လွမ်း လို့ သူ့တို့အိမ်ဘက်ကို ကျောင်းသွားရင်း ငေးမျှော်ကြည့်မှိတယ်၊ ဒါပေမဲ့ အိမ်ကြီးဟာ အရမ်း ခြောက်သွေ့နေပြီ၊ သစ်ပင်တွေလည်း နေမျိုးတို့ ရှိတုန်းကလို စိမ်းစိမ်းစိုစို မဟုတ်တော့ဘူး ခြောက်တဲ့အပင်ကခြောက်၊ ယိုင်တဲ့အပင်ကယိုင်၊ လဲတဲ့အပင်ပလဲနဲ့ ဖရိုဖရဲ အလဲလဲအကွဲကွဲတွေ နဲ့ စိတ်ပျက်စရာ မြင်ကွင်းကြီးဖြစ်နေတော့တယ်။ မေမေ နေမျိုးတို့ရောဟင်လို့ မေမေတို့ကို မေးတော့လည်း မရောမရာ မသေမချာနဲ့ ခရီးသွားတယ်ထင်တယ်တဲ့၊ ဒီလောက်ဘဲပြောနိုင်ကြတော့တယ်။နောက်တနှစ်ကြာတော့၊ ကျွန်တော်က အစိုးရကျောင်း တက်နေပြီ၊ သူငယ်ချင်း အသစ်တွေနဲ့ ကျွန်တော် နေမျိုးတို့ကို သတိမရတော့ဘူးလေ။

ညတညမှာ ကျွန်တော်တို့အိမ်ကို လူစိမ်းတစ်ယောက် ရောက်လာတယ်၊ ကျွန်တော်တို့ ညစာ စားပြီး သီချင်းဆိုကြဘို့ ပြင်ဆင်နေချိန်ပေါ့၊ ဒီလူကြီးကို ကျွန်တော်တို့မမှတ်မှိတော့ဘူး ကျွန်တော့် ကိုတော့ သူကသိတယ်၊ သူက ကျွန်တော့်ကို ပွေ့ဖက်နမ်းရှုံ့တယ်၊ နောက်ပြီး အဲဒီလူကြီးက သူမိန်းမအကြောင်းကို ဖေဖေကို ပြောပြနေတယ် ၊ ငိုလည်းငိုတယ် `ကျွန်တော် ရိပ်မှိတာ ကြာပါပြီဗျာ၊ သားလေးတွေမျက်နှာနဲ့ ကျွန်တော်သီးခံခဲ့တာ၊ ကျွန်တော် အတန်တန်ပြောခဲ့တယ် မလုပ်ပါနဲ့လို့၊ အကို့ဘက်က မှားတာရှိရင် ပြောပါ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်၊ အဲ ဒါကို သူဆက်လုပ်တယ်´၊ ပြောရင်းအဲဒီလူကြီးဟာ ရှိုက်ကြီးတငင်ငင်ငိုကြွေးတော့တယ်။ ကျွန်တော်ဘက်က လင့်ဝတ္တရားဘယ်လောက် ကျေခဲသလဲ ဆိုရင် အတွင်းခံပစ္စည်းတောင် ကျွန် တော်လျှော်ပေးခဲ့ပါတယ်´ ကျွန်တော့်မေမေက အဲဒီလူကြီးကို ကြည့်ပြီး သနားပြီး စိတ်ထိခိုက်ဟန် ပြနေသလို ဖေဖေမျက်နှာဝန်းမှာလည်း မျက်ရည်တွေက ရီဝေနေတယ်။

`ကိုယ့်မိန်းမဆိုတော့ ကျွန်တော်က ယုံကြည်တာပေါ့ဗျာ၊ အိမ်ခြံမြေဂရမ်တွေ ၊ လုပ်ငန်းနဲ့ပတ်သတ် တဲ့ပါမစ်တွေ အကုန်သူ့ကို အပ်ထားတာ၊ အခုတော့ ဘာတခုမှ မရှိတော့ဘူး၊ ကလေးနှစ်ယောက် နဲ့ ကျွန်တော့်ကို ထားခဲ့တယ်ဗျာ´ အခုခလေးတွေကို ကျွန်တော်ဘယ်လို ပျိုးထောင်ပေးရမှန်း မသိတော့ဘူး ကျွန်တော့်ကို+++++++++ ++++++++။ ကျန်တာတွေ ကျွန်တော် မသိတော့ဘူး ၊ ပြန်သွားမှ ဖေဖေက အဲဒါဦးနေဇင်လတ်တဲ့။

အဲဒီအကြောင်းရာတွေ ဖြစ်ပျက်ပြီးလို့ တနှစ်လောက် အကြာ ကျွန်တော်တို့နားက နာဂလှိုင်ဂူ ကလေးဝတောရ ပရဟိတကျောင်းမှာ၊  ကျွန်တော့်ရဲ့ ခြောက်နှစ်ပြည့် မွေးနေ့လုပ်တယ်၊ အဲဒီက မိဘမဲ့ ခလေးတွေကို နေ့လည်စာကျွေး ကောင်မလေးတွေကို ဘိုမရုပ်လေးတွေပေးတယ်၊ ကောင် လေးတွေကို ကော်ဘောလုံးလေးတွေ ပေးတယ်၊ အဲဒီမှာ ကျွန်တော်နဲ့ ရွယ်တူလောက်ရှိတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့တယ် ၊ မိဘမဲ့ဆိုပေမဲ့ သူများကလေးတွေလို ညစ်ပေမနေဘူး၊ အသားလေးကလည်းဖွေးဖွေး၊ ညီအကိုယ်နှစ်ယောက်လုံး ပါးချိုင့်လေးတွေနဲ့၊ နိုင်လွန်လုံချည် သေးသေးလေးတွေနဲ့ ညီကိုယ်နှစ်ယောက် ဆင်တူဝတ်ထားတယ်၊ ကျွန်တော်ဘောလုံးလေးတွေ ပေးတော့ ၊ ကျေးဇူးဘဲတဲ့ ၊ ကျွန်တော် တန်းပြီးသိလိုက်တယ် ဒါနေမျိုးနဲ့ ပြည့်ဖြိုးပဲဖြစ်ရမယ်လို့။

သူတို့က အတန်းလိုက်လာလာပြီး ပစ္စည်းယူကြတာဆိုတော့ သူတို့ယူပြီးတော့ ကျွန်တော်တို့ကို ကျောခိုင်းသွားတယ်၊ မေမေ ဟိုဟာနေမျိုးနဲ့ ပြည့်ဖြိုး ခေါ်လိုက်ကြည့်ပါလားလို့လို့ မေမေကို ပြောလိုက်တော့၊ မေမေက နေမျိုးမောင်မောင် ၊ ပြည့်ဖြိုးမောင်မောင် လို့မေမေကလှမ်းခေါ်လိုက် တော့ “ဗျာ” တဲ့၊ သူတို့နှစ်ယောက် လှည့်ကြီးပြီး မေမေဆီကို ရောက်လာကြတယ်။

ကလေးတွေကို ပစ္စည်းဝေပြီးတဲ့ အခါ မေမေနဲ့ ဖေဖေက အဲကျောင်းက သူတို့ကို ထိန်းတဲ့ ဦးယုဇန ဆိုတဲ့ ဘုန်းဘုန်းကို သူတို့ဇာတ်ကြောင်းကိုမေးတယ်၊ ဘုန်းဘုန်းပြောပြတာက သူတို့ ကို ၊ မော်တင်က တိုက်ခန်းပိုင်ရှင် တစ်ယောက် လာအပ်သွားတာတဲ့၊ သူ့ဖေဖေက အရက်မူးပြီး ကားတိုက်ဆုံးသွားတယ်တဲ့၊ သူတို့ရဲ့ မေမေက နဂိုကတည်းက မရှိဘူး ထင်တယ်တဲ့၊ တပည့်တော်တို့ အိမ်ကိုလာငှားကတည်းက၊ ပါမလာဘူးတဲ့၊ သူ့အဖေနာရေး ဖြစ်တော့လည်း မလာဘူးတဲ့၊ အဲဒါကြောင့် ဆွေမျိုးမရှိလို့ တပည့်တော် အရှင်ဘုရား တို့ဆီလာအပ်တာ လို့ပြောသွားတာ ဘဲဒကာမကြီးလို့ မိန့်တော်မူတယ်။

ကျွန်တော့မျက်စိထဲမှာ ၊ မြင်ကွင်းစုံကို ကျွန်တော်ပြန်မြင်ယောင်မှိတယ်၊ မာစီဒီးကားစီးပြီး အနောက်တိုင်းဝတ်စုံလေးတွေနဲ့ ကျောင်းလာတတ်တဲ့ ညီကိုယ်၊ သူတို့ကိုသိပ်ချစ်သလို တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတဲ့ သူ့ဖေဖေနဲ့ မေမေ၊ လင်ယောကျာင်္းမရှိခင် ခန်းထဲမှာ ဒရိုင်ဘာနဲ့ဖောက်ပြန်နေတဲ့ အဆင့်တန်းမဲ့ မိန်းမ၊ သားနှစ်ယောက်ကိုတောင် ပြစ်ပြီး လင်နောက်လိုက်သွားရဲတဲ့ မိန်းမရိုင်း တဦး၊ မိဘမဲ့ဂေဟာကို ရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်၊ အို အစုံပါဘဲဗျာ ………………………။ကျွန်တော် ဆက်မရေး ချင်တော့ဘူးဗျာ၊ အသက်ကြီးမှ ရေးတော့မယ်၊ ရေးရင်းစိတ်ညစ်လာလို့။

ဘလော့စာရှုသူ့များ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြပါစေ။



Thursday, September 15, 2011

မထောက်ခံပါ ခင်များ (တဂ်)

ခုတလော ဘလော့အချင်းချင်း တဂ်ပို့လေးတွေရေးပြီး၊ အချင်းချင်း အမြင်ဖလှယ်ကြတော့၊ ကိုကိုငွေတို့ရဲ့ ငွေလမင်းဘလော့ကလည်း တစ်စခမ်းထပြီး၊ ဟိုလူ့တဂ်ချင် ဒီလူ့တဂ်ချင်နဲ့၊ တဂ်ရောဂါ ရလာတယ်ပေါ့ဗျာ၊ ဇနီးတောင်ညာစံ ဒေ၀ီမဟေသီ မဒမ်ငွေကလည်း၊ တဂ်ပို့ရေးပါရန် တောင်းဆိုလာပြန်တော့၊ ကိုကိုငွေလည်းတဂ်ပိုစ့်တခု တဂ်ဖြစ်သွားတယ်ပေါ့ဗျာတို့ရယ်။ အခုရေး မဲ့တဂ်ပို့ကတော့ အခြားမဟုတ်ပါဘူး၊ ကမ္ဘာတလွှားခေတ်စားနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အထက် ပိုင်း မြစ်ဆုံဒေသမှာ ဆောက်လုပ်ဆဲ၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးအကြောင်း ပါပဲဗျာတို့။

 သတင်းနဲ့မီဒီယာဆိုတာကြီးကို ကမ္ဘာနိုင်ငံအသီးသီးမှာဖြင့် စတုတ္ထမဏ္ဍိုင်လို့ ဆိုချေ တယ်ပေါ့ဗျာ၊ စတုတ္ထမဏ္ဍိုင်လို့ဆိုလိုက်တဲ့အခါ၊ စာနဲ့ရေးတဲ့သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဘလော့ တို့အပြင်၊ အသံနဲ့လွှင့်တဲ့လေလှိုင်းအသံ၊ ရုပ်ရောအသံရော အကုန်ကြားရမြင်ရတဲ့ သတင်းတွေပါ အကျုံးဝင်ပေသပေါ့ဗျာတို့ရယ်၊ အဲဒီစတုတ္ထမဏ္ဍိုင်ဆိုတာကြီးဖြင့်လည်း နိုင်ငံတိုင်း ကပြည်သူတစ်ဝက် အစိုးရတစ်ဝက်ပိုင်ကြတာကြီးပါပဲ၊ နိုင်ငံပိုင် မီဒီယာတွေရှိသလို ၊ ပုဂ္ဂလိကပိုင် မီဒီယာတွေလည်း ဒုနဲ့ဒေးပေါ့၊ နိုင်ငံတိုင်းဆိုပေသိ၊ အာဏာရှင်တွေ အုပ်စိုးတဲ့ အရပ်ဒေသတွေ မပါပါဘူးဗျာရယ်။

 မြောက်ကိုးရီးယား တို့လို၊ တချိန်က လစ်ဗျားတို့လို့၊ အဲလိုနိုင်ငံတွေမှာတော့ မရှိပေဖူးပေါ့၊ ယခုမြန်မာနိုင်ငံတော်ကြီးဟာ အင်မတန်မှ ၀မ်းသာဖွယ်ကောင်းလောက်အောင် ထင် လင်းမြင်သာတဲ့ အစိုးရတစ်ရပ်ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့်၊ ယခင်အစိုးရခေတ်ကဲ့သို့၊ မီဒီယာ ကိုချုပ်ချယ်ခြင်း အလျှင်းမရှိတာကို တွေ့မြင်လာရသလို၊ အရင်အစိုးရများ နှစ်ချီပြီး လုပ် ခဲ့တဲ့ အမျိုးသားရေး အပေါင်းလက္ခဏာဆောင်မှု့တို့ကိုလည်း တစ်လအတွင်းမှာ ပီပီပြင်ပြင်လုပ် ပြသွားတဲ့အတွက်၊ ခေတ်ရောစနစ်ပါ ပြောင်းလာပြီးဆိုကြပါစို့ဗျာ၊ သို့ကလိုမင့်လေလည်း `ဆွမ်း ဆန်ထဲ ကြက်ချေးရော´ဆိုတဲ့ စကားပုံလို၊ မြန်မာစာမတတ်ပဲ သြဘာစာထဖတ်တဲ့ဝံကြီး ၀ံကလေး အလွှေးအမွှားတွေလည်း၊ ဒီခေတ်ဒီစနစ်ထဲရှိကြ တယ်ပေါ့ဗျာရယ်။

 အစကတော့ တစ်ယောက်လောက်ရှိတာ မှတ်တာ အခုတော့ နှစ်ယောက်ဖြစ်သွားတယ်ပေါ့၊ ဒါကြောင့် အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ အဲဒီဝံကြီးဆိုသည့်မောင်ကို တော်တော်များများ ပြန်လှန်ချေပတဲ့ စာတွေ ပညာရှင်မျိုးစုံက ရေးသားပြီး ဂျာနယ်မျိုးစုံက ဖော်ပြကြတယ်ဗျာ၊ ဝေဖန်ကြတယ်၊ စာရေးဆရာတွေကလည်း ‘Save The Irrawady’ ဆိုပြီး ခေါင်းစဉ်နဲ့၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာကိုတာ၊ ဦးထွန်လွင်(မိုးလေ၀သ)တို့က ပြီးခဲ့တဲ့၁၀ ရက်နေ့က မင်္ဂလာဒုံ ဥယျာဉ်မြို့တော်က မဟာဂန္တာရုံ ကျောင်းတိုက်မှာ ပြုလုပ်ကြတယ်ဗျာ။

 အခုကျွန်တော် တဂ်ပို့က ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံပိုင် အမျိုး သား အမွေအနှစ်ကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်စုံ ရေကာတာကြီးကို တစ်ဦးပိုင် တစ်ယောက်ပိုင် အနေအထားမျိုးနဲ့ ရောင်းစားတော့မဲ့အရေး ဧရာဝတီမြစ်ကို သားမြေးစဉ်ဆက် မမြင်ဘူးတော့မဲ့ အရေး၊ ဧရာဝတီမြစ်ကို မှီခိုသောက်သုံးနေတဲ့ လူတွေရေငတ်မဲ့ဘေးကို ကချင်ပြည်နယ် တခုလုံး မြန်မာမြေပုံပေါ်ကနေ ရေပြင်ဖြစ်သွားမဲ့အရေး စတာတွေကို လျစ်လျူရှု့ပြီး နိုင်ငံသား တွေရဲ့ ဆန္ဒနဲ့ ဖီလာပြုပြီး အတင်းအဓမ္မ ပြုကျင့် ပြောဆိုနေတဲ့ လူရမ်းကားတစ်ယောက်ရဲ့ လုပ်ရပ် ပြော ဆိုချက်တွေကို စတုတ္ထမဏ္ဍိုင်မှာ အကျုံးဝင်တဲ့ ဘလော့ကာတွေ ဘာကြောင့်လက်ရှောင်နေသလဲ ဆိုတာကို  ကျွန်တော်နားမလည်အောင်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့် ဒီပိုစ့်ကို မြန်မာနိုင်ငံသား ဘလော်ကာတွေ အားလုံး ကိုယ့်အမြင်ကို ကိုယ်ထုတ်ဖော်ပြီး ကန့်ကွက်ကြဖို့ တာဝန်ရှိတယ်လို့ ယူဆလို့ ဘလော်ကာအားလုံးကို တဂ် လိုက်ပါတယ်၊ ဖြစ်နိုင်ရင် ဘလော်ကာအားလုံး နေ့တနေ့ သတ်မှတ်ပြီး အဲဒီသတ်မှတ် ထားတဲ့နေ့မှာ တဂ်ပိုစ့်ကို ပြိုင်တူတင်ကြဖို့ စိတ်ကူးမှိပါတယ်။ (မဖြစ်နိုင်ဖို့များပါတယ်)

`မတရားမှု့တခုမှာ၊ မင်းဟာကြားနေမယ်ဆိုရင်၊ မင်းဟာအဲဒီမတရားမှု့ကို အားပေးလိုက် တာပဲ´လို့ မာတင်လူသာကင်း ပြောခဲ့ဖူးပါတယ်၊  နိုင်ငံပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက် ဖို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်၊ ဒါဟာ တာဝန်တခုပါပဲ၊ နိုင်ငံပိုင်ပစ္စည်းဆိုသည်မှာ နိုင်ငံသားအားလုံးနဲ့ သာစပ်ဆိုင်ပါတယ်၊ နိုင်ငံပိုင်ပစ္စည်းကို နိုင်ငံသားတွေက တင်မြှောက်ထားတဲ့ လွှတ်တော်ကသာလျှင် စီမံခန့်ခွဲခွင့်ရှိပါတယ်၊ တဦးတစ်ယောက်သို့မဟုတ် အဖွဲ့အစည်းတခုခုက စီမံခန့်ခွဲခွင့် အခွင့် အာဏာမရှိပါ၊  စီမံခန့်ခွဲခြင်း အခွင့်အာဏာမရှိဘဲ၊ အခွင့်အာဏာရှိသယောင်  ပြုလုပ်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းကို နိုင်ငံတော်ပိုင်ပစ္စည်းများ အလွဲသုံးစားမှု့နှင့် တရားစွဲဆို လို့ရကြောင်း ရာဇသတ်ကြီးဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်၊  ဒါကြောင့် ရာဇ၀တ် မှု့ကျူးလွန်သူကို ကျူးလွန်နေတယ်လို့ပြောတာ အပြစ်ရှိတယ်လို့ ကျွန်တော် မခံစားရပါဘူး။

ယခုလည်း ထိုထိုပြစ်မှု့ကိုကျူးလွန်ဖို့ရန် နှုတ်ဖြင့် ဆော်အောနေသော အပြစ်သား ကို ကျွန်တော်တို့က  နိုင်ငံသားတွေရဲ့ရေးသားပြောဆိုခြင်းအခွင့် အာဏာနဲ့ ရေးသားခြင်းဖြစ်ပါ တယ်၊ အရင်ခေတ် ကဆိုရင်တော့ ထောင်ကျနိုင်ပါလိမ့်မယ်၊ ယခုခေတ်မှာ ထောင်လည်းမကျနိုင် တော့ပါ၊ ပြစ်ဒဏ်ကျခံထားရသူများကိုပင် နိုင်ငံတော်သမ္မတကြီးက သဘောထားကြီးစွာဖြင့် ပြည်ဝင်ခွင့်ပြန်လည်ပေးအပ်နေပြီ ဖြစ်သဖြင့်၊(ပြန်ရောက်သူများလည်းရှိနေပြီ) နိုင်ငံအကျိုးစီး ပွားအလို့ငှာ ရေးသားသော ကျွန်တော်တို့ ဘလော့များကို သမ္မတကြီးသိလျှင်ဖြင့် နိုင်ငံသားပီ သကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် `သီရီပျံချီ´ ဘွဲ့တောင်ချီးမြှင့်ဖွယ်ရှိပါတယ်။

နိုင်ငံနဲ့လူမျိုးပေါ် မတရား လုပ်နေတဲ့ ဖြစ်ရပ်ကို ကျွန်တော်တို့ဘလော်ကာတွေက မသိချင် ယောင်ဆောင်နေမယ်၊ အဖမ်းခံရမှာကြောက်လို့၊ ဘာဖြစ်မှာ ညာဖြစ်မှာကြောက်လို့နဲ့၊ နောက်တွန့်နေလိုက်ရင် ဧရာဝတီမြစ်ကြီး ပျက်သုဉ်းသွားတဲ့ သမိုင်းအမဲစက်ကြီးမှာ ကျွန်တော်တို့လည်း တစ်တပ်တအား ပါဝင်နေပြီဆိုတာ သတိပြုဖို့လိုပါတယ်။

ဒီမြစ်ဆုံကိစ္စကို ကျွန်တော်ပိုစ့်တခုရေးခဲ့ဖူးပါတယ်၊ နှစ်လည်းမနှစ်သက်ပါဘူး၊ ကျေလည်းမကျေနပ် ပါဘူး၊ အဲဒီစီမံကိန်းကြီးကို လုံးဝကိုမဖြစ်စေချင်ပါဘူး အဲဒီမကျေနပ်တဲ့အထဲမှာ စက်မှု့(၁) ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ အခုစကားရပ်တွေကို ပိုပြီးမနှစ်သက်ပါဘူး၊ သူပြောပုံတွေဟာ နိုင်ငံပိုင်ပစ္စည်းတခုကို အကျိုးရှိစီမံကိန်းတခုအဖြစ် ဝေဖန်ပိုင်းခြားပေးနေသည့် အသွင်သဏ္ဍာန်မဆောင်ပဲ၊ သူ့ခြံထဲ မှာစိုက်ထားတဲ့ သရက်သီးကို ရောင်းကွက်တင်ဖို့ အရောင်းမြင့်တင်နေတဲ့ လူတစ်ယောက်ရဲ့ ပြောဆိုသည့် အသွင်ဆောင် နေပါတယ်၊ တနည်းပြောရရင် ဈေးခေါ်နေသယောင်ထင်ရပါတယ်။

နိုင်ငံတခုရဲ့ဝန်ကြီးဌာနတခု ကိုဦးဆောင်သမှု့ပြုနေသူ ၀န်ကြီးတဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတဲ့ စကားရပ်လေးတွေကို ၊Weekly News သတင်းဝက်ဆိုက်မှာသာ ကြည့်လိုက်ကြ ပါတော့ဗျာတို့ရယ်။ ကျွန်တော် ဒီမြစ်ဆုံကိစ္စကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်ပြန်တော့ သူငယ်ချင်းတွေက ရန်ကုန်သားမို့ ဧရာဝတီမြစ်နဲ့ မဆိုင်ဘူးလို့ဆိုပြန်ပါတယ်၊ မင်းဘာသာ ရေးချင်ရင် မင်းဘလော့မှာ ဘလော်ကာတွေနဲ့ တိုင်ပင်ရေးတဲ့၊ ကျွန်တော်အပြစ်မမြင်ပါ ရန်ကုန် သားဖြစ်စေ ၊ မန္တလေးသားဖြစ်စေ ဧရာဝတီမြစ်နှင့် မဆိုင်ဟု ပြောဆိုလို့ရပါတယ်၊ သို့သော် နိုင်ငံ ပိုင် အမွေအနှစ်ကြီးတစ်ခု လို့ဆိုလိုက်ရင်တော့ဖြင့် မြန်မာနိုင်ငံသား အားလုံးနဲ့သက်ဆိုင်နေသည် ကိုမိမိက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မုချလက်ခံရမှာပဲဖြစ်ပါတယ်။

ကျွန်တော့် သူငယ်ချင်းက သူလိုငါလို အရပ်သားတစ်ယောက်မျှသာ ဖြစ်ပါတယ် ငါနဲ့မဆိုင်ဟု ပြောဆိုလာရင်ဖြင့် ပြဿနာမရှိသော်လည်း ၊ ၀န်ကြီးဋ္ဌာန တခုက ၀န်ကြီးမှ  ထိုသူငယ်ချင်း ပြော သလိုပြောလို့မရပါ၊ ပြောလို့မရသကဲ့သို့ ထိုစကားရပ်ကို သရုပ်ပြစေသကဲ့သို့ ဖြစ်စေသော ပြောဆိုမှု့များကို ရှောင်ရှားဖို့လိုပါတယ်။ ယခုသတင်းစာရှင်း လင်းပွဲမှာ ၀န်ကြီးပြောဆိုသော စကားများသည် ငါနှင့်မဆိုင်ဆိုသော စကားရပ်ကို သရုပ်ဖော်သကဲ့သို့ ဖြစ်နေ သည်ကို ၀န်ကြီး၏ သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသွားသော စကားရပ်များကို ထောက်ချင့်ကြည့်ရှု့ပါက တွေ့မြင်ရနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ၀န်ကြီးက မီးအားတွေ ပိုနေလို့ ဈေးကွက်သဘောအရ ရောင်းစားရတာ ဖြစ်ကြောင်းပြောဆိုပါတယ်၊ မြန်မာနိုင်ငံသား အားလုံးသည် ဧရာဝတီကို အဆုံးရှုံးခံပြီး ဘယ်သူမှ မီးလင်းချင်ကြမည်မဟုတ်ပါ၊ ကျွန်တော်တို့ ငယ်စဉ်ကတည်း မီးစက်တလှည့်၊ အင်ဗာတာ တခါ၊ ဖယောင်းတိုင်းမီးနှင့် တသွယ် နေထိုင်ကြီးပြင်း လာသည့်လူမျိုးများက အများစုဖြစ်ပါသည်။ ကျွန်တော်ကတော့ ဧရာဝတီကို အသုံးပြုပြီး မီးလည်းမလိုချင်ပါ၊ ဧရာဝတီမြစ်ကိုသာ လိုချင်ပါ သည်။ အင်တာနက်မှာ ဘလော့ရေးသားနေသူ အားလုံးကလည်း ကျွန်တော့်လိုပင် ဧရာဝတီမြစ် ကြီးကို လိုချင်ကြပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်အပါဝင် မိသားစုအားလုံးက ဒီဧရာဝတီမြစ်ဆုံ ရေကာတာ ကိစ္စကို အကျွင်း အကျန်မရှိ ကန့်ကွက်ပါတယ်။

ကျွန်တော်ငယ်စဉ်က ဇော်ဋီကာ စာအုပ်ကို ရေးသားသူ ဒေါက်တာကျော်စိန်ရဲ့ အသုံးချစိတ်ပညာ စာအုပ်မှာ ဤကဲ့သို့ ရေးသားထားသည်ကို မှတ်သားဖူးပါတယ်။ `ကျွန်ုပ်တို့ မြန်မာလူမျိုးတို့ သည်၊ ဘာသာတရား၏ အဆုံးအမကို လက်ခံကျင့်သုံး ကြသည့်အားလျှော်စွာ ပါဏာတိပါတာ သူ့အသက်သတ်ခြင်းတည်းဟူသောစာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းတတ်ကြပါသော်လည်း၊ သူ့အသက်ကို ကယ်ယူခြင်းအကျိုးငှာ ဆေးရုံဆေးခန်းတို့ကို ပေးကမ်းလှူဒန်းခြင်းတည်း ဟူသော ၀ါရိတ္တသီလမျိုးကို မစောင့်ထိန်းတတ်ကြပေ။ ထို့အတူ အဒိန္နာဒါနာ - သူတပါးပစ္စည်းကို မခိုးယူ ခြင်းတည်းဟူသော၊ စာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းကြပါသော်လည်း၊ ၀ါရိတ္တသီလ တည်းဟူ သော အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းတို့ကို မပျက်ဆီးအောင် မစောင့်ရှောက်တတ်ကြပေ´။ လို့ရေးသားထားသည်ကို မှတ်သားမှိပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံပိုင် အမွေအနှစ်ကို ထိန်းသိမ်းခြင်းသည် ၀ါရိတ္တသီလ တနည်းအားဖြင့် စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တခုပင်ဖြစ်ပါ၍၊ လူ့ကျင့်ဝတ်ကို လက်ခံကျင့်သုံးသည့် နိုင်ငံသားတစ်ယောက် ဖြစ်သည့်အားလျှော်စွာ နိုင်ငံပိုင် အမွေအနှစ် ပစ္စည်းတခုပျက် ဆီးစေမည့် စီမံကိန်းတခုဖြစ်သော  မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက်ပါ ကြောင်း ရေးသား တင်ပြရင်း၊ မြန်မာဘလော်ဂါ အားလုံးကို ဒီပိုစ့်ကို တဂ် လိုက်ပါကြောင်း။

ဘလော့စာရှု့သူများ ၀ါရိတ္တသီလ ခိုင်မာစွာ ဆောက်တည်နိုင်ပါစေကြောင်း၊ ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Friday, September 9, 2011

ဘလော့ဂါဆိုတာဘာလဲ (တဂ်)

ခုတလောမှာလည်း ဘလော့တခွင် တဂ်ပို့စ်ဆိုတာကြီး ခေတ်စားလှချေတယ်ပေါ့ဗျာရယ်၊ ဟိုနေ့ ကတစ်ခု တဂ်ပြီးသွားတယ်၊ ကိုအောင်(ပျုနိုင်ငံ)ရဲ့ တဂ်ပိုစ့်ဆိုတာလေ ဘလော့ဒေးဆိုလား အဲသလို တက်သ၍၊ မှတ်သ၍ ရေးသားတယ်ပေါ့ဗျာရယ်၊ အခုကျတော့ နတ်မင်း(ကျွန်တော် အခေါ်အားဖြင့်) ဘလော့နာမည် နတ်ဆိုး ဆိုတဲ့ အမောင်က ဘလော့ဆိုတာ ဘာလဲလို့ တဂ် လာပါသကောဗျာ၊ အဲဂလိုမင့်လေကြောင့် ယခုတခါ ရေးရပြန်ပါတယ်။

ဘလော့ဆိုတာကို စတင်ရေးကတည်းက၊ အွန်လိုင်းဒေရှင်နယ်ရီတွေမှာ ရှာဖွေဖူးခဲ့၊ မှတ်ခဲ့ဖူးပါရဲ့၊ အခုမြန်မာပြည်ရောက်တော့ ကော်နရှင်အခတ်ခဲတွေ ရှိတော့၊ နောက်ထပ် ဘလော့ကာဆိုတဲ့ စကားလုံးကိုဘယ်လို အဓိပ္ပါယ် ဖွင့်တယ်ဆိုတာ မသိရဘူး၊ ဒို့တိုင်းဋ္ဌာနီ တို့မြန်မာပြည်ဝယ်က ဒေရှင်နယ်ဒီတောင် အသစ်ဘယ်တော့မှ မလုပ်ကြဖူးဗျ၊ ဦးထွန်းငြိမ်းအဘိဓာန်တို့၊ လို့ခုနှစ်အို ရှစ်ဆွေး ဒေရှင်နယ်ရီတွေတော့ရှိတယ်၊ အဲဒီဟာတွေက ထန်းလျှက်တို့ ကွမ်းသီးတို့ ဘာတို့မပြောတတ်ရင်ရှာရတာလေ၊ အခု မြန် မာစာအဖွဲ့က ထုတ်တဲ့ အီးတူ မြန်မာကြီး ရှိလေရဲ့၊ ဘလော့ဆိုတဲ့ စကားလုံးမပါဘူး၊ သူတောင် မပါတော့ ၊ ဘလော်ကာဆိုတဲ့ဟာဆိုတော့ စဉ်းစားပေါ့၊ အဲကလိုရှားပါးတယ်။ အွန်လိုင်းဒေရှင်နယ်ရီကြည့်မယ်ဆိုပြီး အင်တာနက်ဆိုင် သွားတော့ အင်တာနက်ကော်နရှင်က ပတ်ကျိရဲ့ လျှင်မြန်မှု့နှုန်းနဲ့တတ်တယ်ဆိုတော့၊ မသိခဲ့ရဘူး ဟူလိုတည်း။

စာအုပ်ဆိုင်သွားပြီး အောက်ဖိုစ့်ဒေရှယ်နယ်ရီကို ခိုးပြီး ဓာတ်ပုံရိုက်မယ် ကြံတော့ လူကမလစ်ဖူး၊ ဆိုင်ကလူတွေကလည်း အရိုက်မခံဘူး၊ အိမ်မှာရှိတဲ့ အောက်ဖို့ဒေရှင်နယ်ရီကြီးက နှစ်ကြိမ်မြောက် editလုပ်ထားတာ၊ ဘလော်ကာဆိုတဲ့ ဟာက လေးကြိမ်မြောက် edit လုပ်ထား တဲ့ အထဲမှာပါတယ်။ ဒါတောင် ဘလော့ဆိုတာလောက်ပဲ ဖွင့်ပြထားတယ်၊ ဘလော်ကာဆိုတာ ကိုဖွင့်မပြဘူး၊ BL0G- personal record that sb puts on their- အဲဒါကတော့ ဘလော့ဆိုတာ ပါပဲ၊ BLOG ဆိုတာက ကြိယာတဲ့ GG လို့ နောက်ကနေ ထည့်လိုက်ရင် N ဖြစ်သွားတယ်တယ်တဲ့။

 ဘလော်ကာ ဆိုပြီး ဘာမှရှင်းလင်းပြမထားဘူး၊ ဒါပေမဲ့ သူ့အောက်မှာ-BLOGOSPHERE ဆိုတဲ့ စကားလုံးတော့ပါလာတယ်၊ BLOGOSPHERE- all the blogs  that exist on the internet ထားပါသူများတွေလို အင်တာနက်မှာ စာရှာမရတော့ ကိုကိုငွေတို့ကလည်း၊ ရတာလေးနဲ့မှုတ်ရတာ အဲလိုမှ မမှုတ်ရင်လည်း တဖူးဖူးနဲ့ထိုင်မှုတ်ဖို့ရှိတာပေါ့။

ဟိုအင်္ဂလိပ် စကားပုံလေးတခုရှိတယ်ပေါ့ ဗျာရယ် ၊ If you don’t ask me, I know. But  if you ask me I don’t know. တဲ့ဗျာရယ်၊ မင်းမမေးရင် ငါသိတယ် ၊ မင်းမေးရင် ငါမသိတော့ဘူးတဲ့ ဟုတ်ပ အခု ဘလော့သာရေးနေတာ ဘလော့ဆိုတာဘာလည်းလို့လည်း မေးရော ဘယ်ကစ ပြောရမယ် မသိဘူးတော့ဘူးပေါ့ဗျာတို့ရယ်၊ သို့ပေမဲ့ မသိဘူးလား သိတာမှသိပ်သိတာပေါ့၊ ပြော စမ်း အင်းဟိုဟာ ဒီလိုလေဗျာ ဟိုဥစ္စာ ဟိုဒင်း ဟိုဟ၀ါလေဗျာ၊ အဲလိုဖြစ်ကုန်ကြတာပေါ့၊ မူရင်း အင်္ဂလိပ်အဖွင့်တွေမှာတော့၊ မိမိရဲ့ ကိုယ်ပိုင်ဓာတ်ပုံဖိုင်၊ ရုပ်သံဖိုင်၊ စာဖိုင်တွေကို အင်တာနက်ရဲ့ တထောင့်နေရာမှာ၊ သွားပြီး ကိုယ်ပိုင်အနေနဲ့ စုဆောင်းထားတဲ့ နေရာကို ဘလော့ ပေါ့ဗျာရယ်။

အဲလို ဆုဆောင်း သိမ်းဆည်းထားတတ်တဲ့လူကို ဘလော်ကာလို့ဆိုရပေမပေါ့၊ ဒါကတော့ စာပေလို ပြောတာ၊ လက်တွေ့မှာကျတော့ ဒီလိုမဟုတ်ဘူး၊ စာပေတွေကြီး ကိုးကားပြောနေလို့က လည်း သဘာဝသိပ်ကျတာမဟုတ်ဘူးဗျာရဲ့၊ စာပေ၀ါသနာပါသူ စာဖတ်သူ သူတပါးကို ကိုယ်သိ ထားတဲ့ဟာတွေကို ပြန်လည်မျှဝေသူလို့ စကားလုံးထွားထွားလေးတွေနဲ့ ဘလော်ကာများကို ချီး မြောက်ပြန်ရင်လည်း၊ ဘလော်မကာတဲ့လူတွေက သောက်ကြီးကျယ်လိုက်တာနဲ့ ဖြစ်ကုန် တော့မယ်လေ၊ တကယ်တန်း ဒီဘလော်ကာဆိုတဲ့ ဟာကြီးကို သရုပ်ခွဲရတာကလည်း ပဋိစ္စ သမုပ္ပါဒ် လောက် နီးနီးခက်ခဲ ရှုပ်ထွေးတယ်။

ကိုယ့်အမြင်နဲ့ကိုယ်ပြောရမယ်ဆိုရင်တော့၊ ဘလော့ကာဆိုတာ စုဆောင်းသူ လို့ပဲပြောပါရစေ၊ ဘာတွေစုဆောင်းမလဲ၊ ဓာတ်ပုံတွေစုမယ်၊ စာတွေစုထားမယ်၊ ရုပ်သံတွေစုမယ်၊ စုပြီးရင်း ငါဒါ တွေစုထားတယ်၊ မင်းတို့ကိုလည်းပြမယ်၊ ဘယ်နှယ့်လဲ ငါ့စုထားတဲ့ဓာတ်ပုံလေးကို မင်းသဘော ကျရဲ့လား၊ ကျတယ်ဆိုရင် အောက်မှာ ကွန့်မင့်လေးပေးခဲ့၊ သိပ်လှတဲ့ ဓာတ်ပုံလေးတွေ အခုလို တကူးတက ကူးယူပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အဲဒါ ဘလော်ကာ ပါဘဲ။

ငါဗဟုသုတ ရမဲ့ဟာတွေလေး မှတ်သားထားတဲ့ စာတိုပေစလေးတွေ၊ ဒီနေရာမှာ စုထားတယ်  လိပ်စာက www.@#$%%^$#@@.com မင်း သွားဖတ်ကြည့်ပါအုံး၊ ကြိုက်ရင် အောက်မှာ ကွန် မင့်လေးတစ်စောင်ရေးခဲ့၊ မင်းစုဆောင်းထားတဲံ့ ဗဟုသုတလေးတွေကို မျှဝေတဲ့ အတွက် ကျေး ဇူးတင်ပါတယ်၊ နောက်ကျရင်လည်း အဲလိုစာပေးလေးတွေ ထပ်ပြီးရှာဖွေတင်ပြနိုင်ပါစေ၊ အဲဒီကွန် မင့်လေးကို စာရေးသူကဖတ်ပြီး သဘောကျ၊ အော် ငါ့စာကို သူသဘောကျသွားပြီထင်တယ်၊ ငါ့ စာကလည်း တစ်ကယ်ကိုဗဟုသုတ ရစေတာကိုး…….ဟိုး…………ဟိုး………ဟိုး…………၊ ဟာ ဒီနေ့လူသာ ၁၀၀ကျော်လာတယ် ကွန်မင့်က ၂စောင်ပဲရပါလား၊ အဲဒါကြောင့် မရေးချင်တာဟွန်း $#$#@%$& အဲဒါ ဘလော်ကာ။

ငါသီချင်းကောင်းလေးတွေ ဒီနေရာမှာ စုထားတယ် မင်းလာနားထောင်ပါလား၊ မင်းကြိုက်ရင်လည်း ကြိုက်တယ်ဟေ့လို့ ကွန်မင့်ရေးခဲ့၊ မကြိုက်ရင်လည်း ဘယ်လိုသီချင်းမျိုးလေး ကြိုက်တယ် ဆိုတာကို ပြောခဲ့မင်းကြိုက်တဲ့သီချင်းလေးတွေပါ ငါစုပေးထားမယ်၊ အဲဒါ ဘလော်ကာ။

ငါဒီနေရာမှာ ငါ့အမြင်တွေကို ရေးသားစုဆောင်းထားတယ် အဲဒါမင်းရဲ့အမြင်လေးနဲ့ ဖလှယ်ရ အောင်လာခဲ့၊ တစ်ကယ်လည်း လာဆွေးနွေးပြီးဆိုရော ဒေါသသံတွေ၊ ခပ်များများနဲ့ ငါလောက် လည်းမသိပဲနဲ့၊ သူကစာဘယ်လောက်ဖတ်တာကျနေတာပဲ၊ ဘာညာနဲ့ စိတ်ထဲက ဖြစ်နေသော် လည်း ၊ သီးခံသော လူကြီးလူကောင်းတို့ရဲ့ မူဟန်အတိုင်း ဟုတ်ကဲ့ ကြိုးစားပါ့မယ်ခင်မျာ၊ ကြိုး စားနေပါတယ်ရှင့် ဆိုပြီး ကွန်မင့်ရေးသူ အောက်ကနေ သွားပြီး ကွန်မင့်ပြန်ပေးတတ်သူ အဲဒါ ဘလော်ကာ။

နိုင်ငံရပ်ခြားတိုင်းတပါး ဘလော့ကာတွေက သူတို့ဘလော့မှာ သူတို့တင်ထားတာကို လာဖတ် ချင်ဖတ် မဖတ်ချင်နေ ငြင်းရင်ငြင်းခုန်ရင်ခုန် သတ်ချင်သတ်ဖြတ်ချင်ဖြတ် ကွန်မင့်ပေးချင်ပေး မပေးချင်မပေးနဲ့၊ ဝေဖန်ရင်ဖန် မဖန်ရင်နေ၊ ပစ်စုတ်ဒေ၀ ထားတတ်ကြပေမဲ့ မြန်မာဘလော်ကာ များကတော့ ဘလော့အလည်အပတ်ထွက်တယ်၊ သူတပါးရေးတာကို သွားဖတ်တယ်၊ ဝေဖန် တယ် လေကန်တယ်၊ ကွန်မင့်ပေးတယ်၊ အော်သူ့ဆီသွားမှ ငါ့ဆီလာမှပေါ့ ငါသွားလည်မှဖြစ်မယ်။

 သူကနာမည်ကြီးဘလော်ကာ  နာမည်ကြီးတဲ့ဘလော့တွေရဲ့ စီဘောက်မှာ ငါ့ ရဲ့ဘလော့ လင့်လေး ထားပေးခဲ့မယ်၊ အဲဒီဘလော်ကာဆီလာဖတ်တဲ့ လူတွေက ငါ့ဆီကို အလို လိုလိုက် လာလိမ့်မယ်၊ ဒါဆိုရင် ငါ့ဘလော့က လူသိများတဲ့ဘလော့ဖြစ်ပြီ စသဖြင့် လူစည်ကား ရာစည်ကားကြောင်း ၊ ကွန်မင့်ရရာ ရကြောင်း အသေးစိတ်ကအစ တခမ်းတနားလုပ်တတ်တာ ဘလော်ကာ။

ဘလော့မွေးနေ့ နှစ်ပတ်လည်နေ့ ဘလော့ကာရဲ့မွေးနေ့ ရီးစားနဲ့သူနဲ့ တနှစ်ပြည့်တဲ့နေ့ စတဲ့ နေတွေကို ဂူဂယ်ကနေပြီးတော့ စားကောင်းသောက်ဖွယ်တွေ မှာယူပြီးတော့ မစားရ၀ခမန်း ကျွေးမွေးပြီး အဖျော်ယမကာတို့ပါ လာဖတ်သူတို့ကို မှီဝဲစေတတ်တာ ဘလော်ကာ။

(တချို့ဘလော်ကာတွေဆိုရင် အပြန်ကို လေယာဉ်နဲ့ပြန်ချင်ရင်ပြန်၊ မြေအောက်ရထား ၊ ဇိမ်ခံသ ဘောင်္စတာတွေ နဲ့တောင် မွေးနေ့ပွဲအပြန်အတွက်စေတနာ ဗလပွနဲ့ စီစဉ်ထား တတ်သေးတယ်)

တခါတရံကျတော့ စာကရေးစရာမရှိ၊ ရေးတုန်းကလာမဖတ်ဘဲ ၊ ပိုစ့်မတင်တာ တစ်ပတ်လောက် ကြာပြီဆိုမှ ကိုကိုငွေ ပျောက်နေပါ့လား၊ မဒမ်နေကောင်းလား၊ စာတင်ကျဲတယ်ဟေ့၊ မအားကျဘူး ထင်တယ်၊ လာသွားတယ်နော်၊ဘာတွေလုပ်နေတာတုန်း၊ မဒမ့်ကို ချက်ပြုတ်ကျွေးမွေးနေရ တယ်ထင်တယ်၊ မဒမ်ရေ ကိုကိုငွေ့ကိုနာနာရိုက်ပါဗျို့၊ စဖြင့်သဖြင့် စသဖြင့် ကွန်မင့်မပေးပဲ၊ သူတို့လာသွားကြောင်းသိအောင် စီဘောက်မှာ အော်ပြီး အလည်လာတတ်ကြတာ ဘလော်ကာ။

ဘလော့မှာ လူတွေက များလာတော့ ဖောက်သည်ပျက်မှာကလည်းဆိုး၊ စာကရေးဖို့ကလည်း မရှိ တော့၊ ပုရွတ်ဆိတ်တွေရှိတဲ့နေရာကိုသွား ဘီစကွတ်မုန့် ကို အမှုန့်ချေပြီးကြွေးတာကို ဓာတ်ပုံ ရိုက်ယူလာပြီး၊ ဤကဲ့သို့ မဟာ့မဟာကုသိုလ်တို့ကို အထူးပြုလုပ်ပါ၏ ဟူပြီး ဓာတ်ပုံအောက်မှာ ကြံဖန်ပြီးရေးသားပြီး ဆားချက်တတ်တာ ဘလော်ကာ ( ဟီး ဟီး တိုက်ဆိုင်မူရှိက ဆောရီး)။

ဟင်းချက်နည်းဖတ်၊ စာအုပ်ထဲကအတိုင်း အိုးလှလှလေးတွေနဲ့ ချက်ပြီးဓာတ်ပုံရိုက်၊ ပြီးရင် အဲဒါ ဘာဟင်းပေါ့လို့အမည်တပ်၊ သူများအဲလိုဟင်းချက်ပြပြီဆိုရင်လည်း အောက်ကနေ အမရေ စား ချင်စရာလေးနော်၊ ဒီတခါ ကျောင်းပိတ်မှ လုပ်စားအုံးမယ်၊ (ဘာညာ နဲ့ သူစားသော်လည်း ကိုယ်ဝသကဲ့သို့ သောင်းသောင်းဖြဖြ ကွန်မင့်ပေးတတ်တာ ဘလော်ကာ။

စာပေ၀ါသနာပါပြီး၊ စာနယ်ဇင်းတွေမှာဖော်ပြဖို့ အခွင့်လမ်းမရှိလို့၊ ရှိသော်လည်း မရေးလိုလို့ ကိုယ်ရဲ့သုတ /ရသတွေကို ဘလော့ပေါ်မှာ ရေးသားရင်း နောင်တချိန်စာနယ်ဇင်းမှာ ဖော်ပြခံရ သည့်အခါ အတော်အတန် ကလောင်ထက်ပြီး တန်းဝင်သည့် စာရေးကောင်းသူတဦးဖြစ်စေဖို့ ဘလော့မှာ လက်သွေးနေတတ်တာ ဘလော်ကာ ။

ကိုယ့်ဘ၀မှာ တွေ့ကြုံခဲ့ရတာတွေ၊ ဖတ်ခဲ့ရတဲ့ ဗဟုသုတတွေ၊ ရှားပါးတဲ့စာအုပ်တွေ၊ သွားခဲ့ရတဲ့ခရီးတွေ၊ ငါသိသလို စာဖတ်သူတွေ သိပါစေလို့၊ ရုံးတက်နေရင်း စာခိုးရိုက်၊ သူဋ္ဌေးကသိတော့ ဟောက်သော်လည်း သူဋ္ဌေးလစ်တာနဲ့ စာခိုးရှိုက် အားလပ်ရက်ကြတော့လည်း အပြင် မထွက်ပဲ၊ သူ့ရဲ့စာဖတ်ပရိတ်သတ်ကို သူသိသလို သိစေချင်တာ ဘလော်ကာ။

ချစ်ခြင်းမေတ္တာကအစ မခိုင်မြဲတော့တဲ့ တခါသုံးလူ့အဖွဲ့အစည်းကြီးမှာ ချစ်ခြင်းထက် မုန်းခြင်း၊ ပျော်ရွှင်ခြင်းထက်၊ ၀မ်းနည်းပူဆွေးရခြင်း၊ ယုံကြည်မှု့ရှိခြင်းထက်၊ ကျဆုံးခြင်း၊ ရီမောခြင်းထက် ငိုကြွေးရခြင်းတွေ အဖက်ဖက် အရပ်ရပ်မှာ အားသာလို့မို့ သူ့စာဖတ်ပရိတ်သတ်တွေကို ချစ်ခြင်းမေတ္တာတွေ၊ပျော်ရွှင်ခြင်းတွေ၊ ယုံကြည်မှု့တွေ၊ ရီမောခြင်းတွေကို ပြည့်စုံစေချင်တဲ့ စေတနာနဲ့ သူဖက်ခဲ့ဖူးတဲ့ အနောက်တိုင်းစာအုပ်လေးတွေထဲက ၀တ္ထုကောင်းလေးတွေ သင်္ခန်းစာလေးတွေကို အချိန်ကုန် လူပင်ပန်း လက်ညောင်း ကိုယ့်ထမင်းကိုယ့်စား ကြီးဒေါ်နွား အလကားကျောင်း ပေးတတ်တာ ဘလော်ကာ။

ပေါရာဏတွေ၊ စကားဟောင်းထုံးဟောင်းတွေ၊ ဖက်ရှင်တွေ၊ ရူခင်းတွေ၊ ကြားဖူးနားဝရှိတာတွေ၊ အကုန်လုံးကို သူ့စာကိုလာဖတ်သူတွေကို ဖြစ်နိုင်ရင် မိုးလင်းပေါက် ရေးပြတတ်ချင်ကြတာ
ဘလော်ကာ။

သူ့ရေးသားထားတဲ့ လိပ်စာအတိုင်း လူများများ လာစေချင်တာ၊ ကွန့်မင့်များများရချင်တာ၊ အထင်မြင်လွဲပြီး၊ ကွန်မင့်ထားခဲ့သူတွေကို ငါကစေတနာနဲ့ရေးတာ သူကဒီလိုမြင်တယ်လို့ စာ ဖတ်သူတွေရဲ့ ကွန်မင့်လေးကိုဖတ်ပြီး ၀မ်းနည်းမှိတာ၊ စာဖတ်သူတွေရဲ့ ချီးမွှမ်းသံတွေကြောင့်၊ စာပေတွေ ထပ်ရေးချင်တာ၊ ကိုယ်စွမ်းရှိသမျှ အစွမ်းကုန်ရေးသားပေမဲ့ စာဖတ်မဲ့သူမရှိလို့၊ ငါ့ကြိုး စားရေးပေမဲ့ သူတို့လာမဖတ်ကြဘူးဆိုတော့ ၊ ငါဟာ စာရေးတတ်တဲ့သူမဟုတ်ဘူး၊ ငါအသုံး မကျဘူး ဆိုပြီးဝမ်းနည်းအားငယ်ပြီး၊ ဘလော့ရေးသားချင်းကို စွန့်ခွာသွားတတ်တာ ဘလော်ကာ။

ဘလော်ကာ ဘလော်ကာ ဘလော်ကာ ……..ကာ………………..ကာ အများကြီးပဲဗျာတို့ရယ်၊ ဘလော်ကာဆိုတဲ့ စကားလုံးကို အင်္ဂလိပ်ဒေရှင်နယ်ရီမကလို့ ဘယ်အဘိဓာန်က သော်မှ အဓိပ္ပါယ်ပေါ်အောင်ဖွင့်နိုင်မယ်မထင်ပါဘူးဗျာရယ်၊  

စာပေဖြစ်စေ သီချင်းတွင်ဖြစ်စေ ကဗျာတွင်ဖြစ်စေ  ဓာတ်ပုံနှင့် ပန်းချီကားတို့တွင်ြ ဖစ်စေ၊သဒ္ဒဟုဆိုအပ်သော၊ အဖွဲ့အနွဲ့၊ အတ္ထဟုဆို အပ်သော ပြောချင်သော မက်စိပ်၊ သဘာဝတ္ထဟု ဆိုအပ်သော သဘာဝ ကျခြင်းမကျခြင်း အကျိုးရှိခြင်း မရှိခြင်း ထိုသုံးခုနှင့်ပြည့်စုံလျှင်၊ ပုံကောင်း၊ စာကောင်း၊ သီချင်းကောင်း  ပန်းချီကောင်း ဖြစ်သ ကဲ့ သို့

ဘလော်ကာဆိုသည်မှာလည်း အဖွဲ့အနွဲ့ဆိုသော- သဒ္ဒ၊  အတ္ထ- ဆိုတဲ့မိမိဆိုလိုရင်းမက်စိပ်နဲ့၊ သဘာဝတ္ထ- ဟုဆိုအပ်သော သဘာဝကျခြင်း မကျ ခြင်းနှင့် အကျိုးရှိခြင်း မရှိခြင်းတို့ကို ညှိနှိုင်းရေးသားပြီး ၊ ကိုယ်ပိုင်းဘလော့ပေါ်မှာစုဆောင်းခါ စာဖက်သူတို့အား ပြန်လည်ဝေမျှတင် တင်ပြတတ်သူများကို ဘလော်ကာ ဟူသော စကားလုံးနှင့် အနီးစပ်ဆုံး တူစေလိမ့်မည်ဟု၊ ကိုကိုငွေမှ တသီးပုဂ္ဂလ အမြင်ရှိပါကြောင်း၊  
ပြောကြားရင်း နတ်မင်းရဲ့ ဘလော်ကာဆိုတာ ဘာလဲဆိုတဲ့ တဂ်ပိုစ့်ကို နိဂုံးချုပ်ပါကြောင်း။

(ဒီပိုစ့်မှာ ရေးသားခဲ့ခြင်းများသည်၊ ပျော်ရွှင်လို ရီမောလို၍သာ ရေးသားခြင်းဖြစ်ပါသည်၊ တိုက်ဆိုက်မှု့များ အလျှင်းရှိခဲ့ပါလျှင် ကိုကိုဘလော်ကာ မမဘလော်ကာ တီတီဘလော်ကာနှင့် အန်ကယ်ဘလော်ကာ များမှ အမိုက်အမဲလေးမို့ခွင့်လွတ်စေလိုပါကြောင်း )

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေချင်မျာ။






Sunday, September 4, 2011

ထိန့်လန့်မှိပါကြောင်း

Black ဟူသည်၊ မဲသော၊ မည်းနက်သော နာမည်ပျက်ဖြစ်သော၊ ယုတ်မာသော၊ အပြစ်ရှိသော၊ မှောင်ချသည်၊ မှောင်ချခြင်းခံရသော စသည့်အနက်ဓိပ္ပါယ်များရှိပါ၏၊  ထို့အတူ Without ဆိုသည် မှာလည်း၊ မရှိဘဲ၊ မဟုတ်ဘဲ၊ မပါရှိဘဲ၊ လျစ်လျူပြုလျှက်၊ ရှောင်းရှားခြင်း၊ ဟူသော အဓိပ္ပါယ်ရှိ သည်ကို အားလုံးအသိပင်ဖြစ်သည်မဟုတ်ပါလော၊ သို့သော်လည်း ဘလက်ခ်နှင့် ၀တ်သောက် ဟု ဆိုလိုက်လျှင်၊ တဖက်နိုင်ငံမှ တရားမ၀င်တင်သွင်းသော ကားနှင့် ဆိုင်ကယ်များဟု မြန်မာ နိုင်ငံသား အများအပြား အကျွမ်းဝင်းရင်းနှီးပြီးသားဖြစ်ပါလိမ့်မည်။

ဤကဲ့သို့ တဖက်နိုင်ငံမှ ဘလခ်နှင့်ဝတ်သောက်များ မြောက်များစွာ မြန်မာပြည်၌သုံးစွဲ နေကြခြင်း ကိုထောက်ဆ၍ ၊ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်ရေး( စက်မှုဇုန်) လုပ်ငန်းများသည် အမှန်တကယ် မိမိတို့၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်နိုင်စွမ်းရှိမရှိ အပေါ် အရှိကို အရှိတိုင်း လက်ခံဆန်းစစ်သင့်သည်မဟုတ်ပါလော၊ တဖက်နိုင်ငံမှာ( ခုနှစ်ထွက်/အမျိုးစားအလိုက်) မှောင်ခို လမ်းကြောင်းမှ တင်သွားလာသော တစ်ပတ်ရစ်အသုံးပြုပြီးသား (USED) ကားများကို ဖင်တိ ခေါင်းတိလုပ်ပြီး ၊ စက်မှု့ဇုန်ထုတ်ကားများ အဖြစ် တရားဝင် မြန်မာ့ရုပ်သံမှ ထုတ်လွှင့်ပြသခါ တရားဝင်လိုင်စင်ထုတ်ပေးခြင်းသည်၊ နိုင်ငံတကာနယ်ပယ်ကို မဆိုထားနှင့် ဒေသတွင်း နိုင်ငံများအတွင်းမှာပင် အထင်မြင်သေးဘွယ်ရာ အောက်တန်းကျ လုပ်ရပ်ဖြစ်သလို ကောင်းမွန်သော အစိုးရတရပ်၏ လုပ်ထုံးလုပ်နည်းတို့နှင့်လည်း ဖီလာပြုနေသည်ကို သက်ဆိုင်ရာမှ သတိပြုသင့်ပေသည်။

အိမ်နီးချင်းနိုင်ငံတခုမှ အသုံးပြုပြီး တစ်ပတ်ရစ် မော်တော်ယာဉ်များကို၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုသယ်ယူ၍ ၊ ပြည်တွင်းရောက်ရှိလာပါက အဆိုပါမော်တော်ယာဉ်ကို ဖြေလျှော့မှု့တခုအဖြစ် သတ်မှတ်အမြတ်ခွန်ဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးခြင်းသည်လည်း၊ မိမိနိုင်ငံ၏ စီးပွားရေးဂုဏ်သိက္ခာကို ထိုခိုက်စေကြောင်း လုပ်နေသူများ ကိုသိစေချင်ပါ၏။

 တစ်ပတ်ရစ် (USED) မော်တော်ယာဉ် တံဆိပ်မျိုးစုံ၊ မော်ဒယ်မျိုးစုံကို တစ်ဖက် နိုင်ငံ၏ နယ်စပ်ကွပ် လပ်ကြီးတခုအတွင်း အမိုးအကာမဲ့ စုပုံရပ်ထားပြီး၊ ထိုကားများသည် ထိုနိုင်ငံ အတွင်း လမ်းများပေါ်သို့ လုံးဝဘီးချခွင့်မရဘဲ မိမိနိုင်ငံဘက်သို့ ဈေးကွက်ကြီးတခုအနေဖြင့် အဓိက ထားရောင်းရန် စုပုံထားခြင်းကို မဂ္ဂဇင်းကြီးတခုက ဓာတ်ပုံများနှင့် တကွ ရေးသားဖော်ပြ ခဲ့ဖူးသည်။

ထိုမှောင်ခိုဝင်လာသော ကားများကို မြန်မာ့စက်မှု့ဇုန်ထုတ် ကားများအဖြစ် အမည်တပ်ထားခြင်းအ ပေါ် ဆိုင်ရာမော်တော်ယာဉ်ထုတ်လုပ်သော ပင်ရင်းနိုင်ငံကုမ္ပဏီကြီးများက တရားစွဲဆိုခြင်းမပြု သည်ပင်လျှင် ကံကောင်းလေစွ၊ သို့သော် နိုင်ငံတခု၏ ကျင့်ဝတ်သိက္ခာအရ ထိုထို အလုပ်မျိုးကို မလုပ်အပ်ပေ၊ ထိုကြောင့် မြန်မာ့စက်မှု့လက်မှု့သည် ကမ္ဘာ့တန်းဝင်ပစ္စည်းများ ထုတ်လုပ်နေပါပြီ ဟု အရှက်မဲ့ ကျြေညာရဲ ဖြေရဲသော စက်မှု့ဆိုင်ရာ ၀န်ကြီးဝန်ကလေးတို့ သတိပြုဘွယ်ရာဖြစ်ပါ၏။

ဈေးကွတ်စီးပွားရေး စနစ်ကျင့်သုံးပါသည်ဟူ၍ နိုင်ငံပိုင်မီဒီယာမှ ပြူးတူးကြောင်တောင် ဖြင့် အော်ဟစ်ပြောဆိုတတ်သော အရပ်သားဝန်ကြီး တဖြစ်လဲ တောထွက် ၀န်ကြီးတဦး ကိုမေးလို သည်မှာ  ၄င်းပြောသော ဈေးကွတ်စီးပွားရေးကျင့်သုံးသည့် နိုင်ငံတခုတွင် ကားနှင့်မော် တော်ဆိုင် ကယ်တင်သွင်းခွင့် ပိတ်ပင်ထားခြင်းသည် ဥပဒေနှင့်ညီညွတ်သလော၊ သို့တည်းမဟုတ် စီးပွားရေးရာ အချောင်သမားများ စီးပွားရေးပါဝါအီလစ်များ၏ လက်ဝါးကြီးအုပ်မှု့လားဟု မေးလို ပါ၏။

ဆိုင်ကယ်များ

တရုတ်လုပ်မော်တော် ဆိုင်ကယ်အများစုသည် 110.CC အမျိုးအစားအင်ဂျင်ဖြစ်ပြီး၊ အောက်ပါ တံဆိပ် ၀တ်သောက် မော်တော်ဆိုင်ကယ်များကို မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဧရာဝတီတိုင်းတို့တွင် အများအပြားတွေ့ရသည်။

(1)kembo(2)penbo(3)lojia(4)canda(5)feling(6)Zhineng(7)jialing(8)hensien(9)yixing(10) Ambo(11)fekon(12)Lanjar(13) Zihstar(14) Zoung shan (15)yinshi (16)lonsin(17) hibird (18)follow me  စသောအမျိုးစားများ၊ ထိုင်းနိုင်ငံလုပ်  125.CC ,110.cc,100.CC အဂျင် တပ်မောင်တော်ဆိုင်ကယ်များ၊ မလေးရှားနိုင်ငံလုပ် Kaze မော်တော်ဆိုင်ကယ်များ အထက်ပါ တံ ဆိပ်များဖြင့် အသစ်စက်စက်များပါကင် မပါဘဲ တရုတ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှတဆင့် မြန်မာပြည်တွင်းမန္တလေးသို့ ရောက်ရှိလာပုံမှာ အံဘွယ်ဘနန်းကိစ္စများပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုထိုဆိုင်ကယ်တို့သည် စစ်ဆေးရေးဂိတ်၊ အကောက်ခွန်ဂိတ်၊ စသည်များ အဆင့်ဆင့်ကို ဘယ်လိုကျော်ဖြတ်လာကြပါသနည်း၊ မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မြ၀တီမြို့နှင့် အနီးကပ်ဆုံးပြည်မဒေသ ပဲခူးသို့ ရောက်ရှိရင်အတွက် စစ် ဆေးရေးဂိတ်နှင့်၊ အကောက်ခွန်ဂိတ်ပေါင်း ၁၃ခုကို ဖြတ်ကျော်ရမည် ၄င်းတို့မှာ-----

၁-တဖက်ကမ်းမှ မြ၀တီအ၀င်ဂိတ်၊ ၂-မြ၀တီမြို့အထွက်ဂိတ်၊ ၃-သင်္ကန်းညီနောင်ဂိတ်၊ ၄-အလယ် ဗိုလ်တဲစခန်းဂိတ်၊ ၅-အောက်ဗိုလ်တဲစခန်းဂိတ်၊ ၆-ကော့ကရိတ်မြို့အ၀င်ဂိတ်၊၇- ကော့ကရိတ်မြို့ အထွက်ဂိတ်၊ ၈-ကျုံဒိုး တံတားဖြတ်ဂိတ်၊ ၉-ဘာအံမြို့အ၀င်ဂိတ်၊၁၀-ဘားအံတံတားဂိတ်၊ ၁၁-မွန်ပြည်နယ် ကျိုက်ထိုမြို့( မရမ်းကုမ်းနယ်စပ်ကုန်ပစ္စည်းများ စစ်ဆေးရေးဂိတ်ကြီး) နယ်စပ်ကုန် သွယ်ရေး/အကောက်ခွန်/ လူဝင်မှုကြီးကြပ်ရေး/မြန်မာနိုင်ငံရဲတပ်ဖွဲ့/ကနညအဖွဲ့များဖြင့် စုဖွဲ့ထား သောအဖွဲ့အစည်းကြီး၊ ၁၂-စစ်တောင်းတံတားသစ်ကြီး အထွက်ဂိတ်၊ ၁၃- ဝေါမြိုနယ်အ၀င်ဂိတ် အဲလိုဂိတ်တွေကို ဘယ်လိုဒီဆိုင်ကယ်တွေ ဖြတ်ကျော်လာခဲ့သည်ကို၊ ဆိုင်ရာပုဂ္ဂိုလ် သတိပြုဆင် ချင်ဘွယ်ဖြစ်ပါ၏။

လာဒ်ပေးလာဒ်ယူ ပပျောက်အောင်လုပ်နေပါသည်ဟု ပြောဆိုနေကြသောအခါ ထိုထိုကိစ္စတို့ကို အကျယ်ချဲ့ကြည့်ရန်လိုအပ်ပေသည်၊ ဘလက်ခ်နှင့်ဝတ်သောက်ဆိုင်ကယ်များ မြန်မာနိုင်ငံတွင် အတိုင်းအတာ တခုထိ ပိုမိုများပြားနေသည်ကို ဆိုင်ရာဝန်ကြီးများ မုန်လာဥဟူ၍ ငြင်းဆိုရန် မသင့် တော်ပါပေ၊ မည်သို့ပင်ဖြစ်စေကားမူ စီးပွားရေးပါဝါအီလစ်များကြောင့်၊  နိုင်ငံတော်၏ အမျိုးသား စီးပွားရေး တခုလုံး ပျက်သုဉ်းသွားနိုင်သည်ကို ဆိုင်ရာပုဂ္ဂိုလ်များ အလေးအနက်သတိပြု သင့်ပါ၏။

ယခင်က `ခေတ်ပျက်သန်းကြွယ်သူဋ္ဌေးများ ´ ပေါ်ပေါက်ခဲ့ဖူးသလိုသည်၊ ယခုအခါမူကား `စနစ်ပျက် ဘီလျှံကြွယ် သူဋ္ဌေးကြီးများ ပေါ်ပေါက်လာကြပြီ၊ သို့ဖြစ်၍ နိင်ငံတော် သမ္မတကြီးမိန့်ခွန်း ပါ Clean Government နှင့်၊ Good Government အတွက် ပြည်သူတစ်ဦးအနေဖြင့် အထိန့်တလန့် ဖြစ်မှိပါကြောင်း။

ဘလော့စာရှု့သူများ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ တရားဝင် တင်သွင်းခွင့် ပါမစ် တစ်ယောက်ကို ၅ဆောင်လောက် ရရှိနိုင်ကြပါစေကြောင်း၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။