သူ့နာမည် ဂုန်မင်းမြောင် လူ့နာမည်မဟုတ် ကျေးရွာတစ်ခု၏ အမည်တည်း ၊ တည်ရာအရပ် ဒေသကတော့ ပဲခူးတိုင်း သာယာဝတီခရိုင် ၊ သာယာဝတီမြို့၏ အရှေ့ဘက် တစ်မိုင်ကျော်ကျော် ၊ ပြည်ကားလမ်းမကြီးဘေးမှာ ထိုရွာတည်ရှိပါသည် ။ ဂုန်မင်းမြောင်ရွာဟာ ၊ တောင်ရွာမြောက်ရွာ ၊ ရွာမဟူပြီး အပိုင်းသုံးပိုင်း ခွဲထားပါ၏ ၊ ရွာသူရွာသား အများစုဟာ လယ်သမားများနှင့် ၊ ပဲစိုက်တောင်သူအများစု နေထိုင်ရာအိမ်ခြေ ၆၀၀ကျော် တောမကျလွန်း၊ သာယာဝတီမြို့နဲ့ မဝေးလွန်းသည့်နေရာမှာ တည်ရှိပါ၏ ။ သာယာဝတီမြို့ကား သာမန်ညောင်ည မြို့မဟုတ် တိုက်နယ်မြို့တည်း၊ သမိုင်းအစဉ်အလာအရ သုပန္နက ဂဠုန်ဆရာစံ စသော နယ်ချဲ့အင်္ဂလိပ် မင်းတို့သွေးကို လန့်စေတတ်သော သမိုင်းဝင်ပုဂ္ဂိုလ်ကျော်တို့၏ သူပုန်ထရာဒေသပေတည်း ။
ထိုမြို့တွင် ရုံး ၊ ဂတ် ၊ ဆေးရုံ ၊ ထောင် ၊ ဘူတာ ၊ စာတိုက်စသော မြို့အရိပ် မြို့လက္ခဏာ တို့နှင့် ပြည့်စုံသော မြို့ဖြစ်သလို ၊ ထန်းလျှက် ဆန်မှုန့် စသည်တို့ နှင့် မုန့်ကိုထိုးပြီး ဆန်မှုန့်ဖြူး၍ စားသောက်ရသော ကရေကရာ နှင့် အုန်းသီးကို သကြားနှင့် အခဲပြုလုပ်ပြီး အုန်းမောင်ကူး ဟုခေါ်သော ဒေသထွက် မုန့်တို့ဖြင့် ရှေးအစဉ်လာမပျက် တထီးတနန်းရောင်းဝယ်နေကြလို့မို့ “ပုသိမ်မှာ ဟာလ၀ါ သာယာဝတီမှာ ကရေကရာ” ဟုပြောစမှတ်တွင်သောမြို့ ဖြစ်သည့်အပြင် လွတ်လပ်ရေးခေတ်မှစတင်ပြီး ယနေ့ခေတ်ထိ ခေတ်အဆက်ဆက် စာရေးဆရာကြီးများ ၊ နိုင်ငံ ခေါင်းဆောင်ကြီးများ ၊ ထွက်ရှိရာတိုက်နယ်မြို့ကြီးတခုဖြစ်ပါ၏ ။
ထိုမြို့ကို ကျွန်တော်ရောက်ပါ၏ အကိုအကြီးဆုံးက ဆရာဝန်ဖြစ်ရကား မြို့နယ်ဆရာဝန်ကြီးအဖြစ် အမှုထမ်းရန်၊ သာယာဝတီ ဆေးရုံကြီးသို့ ရာထူးတက် ပြောင်းရွေ့ရန် အမိန့်စာကျပါ၏ ၊ အကိုဖြစ်သူက တကိုယ်ရေ တစ်ကာယ လူပျိုကြီးဖြစ်တော့ သူ့ရတဲ့ အိမ်နဲ့ လူနဲ့မလိုက်လောက် အောင် အိမ်ချောင်လှပေသမို့ ၊ ရန်ကုန်မှာကျန်ရစ်ခဲ့သော မိဘညီကိုများအား အားတာနဲ့ သာယာဝတီကို အရောက်လှမ်းခဲ့ ဘို့ ၊ မကြာမကြာဖုန်းဖြင့် အဘိယာစကပြုပါ၏ ၊ ကျွန်တော်တို့ အိမ်တွင်လဲ အသက် ၈၀ကျော် အဘိုး ၊ မေမေ အလတ်ကောင် ကျွန်တော် ဖေဖေ စသဖြင့် အိမ်မှာ ဘယ်သူကမှ ဘယ်သူ့ကိုထားသွားလို့မရတဲ့ အနေအထားဖြစ်ပါ၏ ၊ အဘိုး၏ ဗာဟိယ ပလိဗောဓ များကို မေမေကတာဝန်ယူဆောင်ရွက်ရခြင်း ၊ ကျွန်တော်က ခွေးနှစ်ကောင်ရဲ့ ဗာဟိယ အ၀၀ကို တာဝန်ယူ ဆောင်ရွက်ရခြင်း ၊ ဖေဖေ ရုံးတက် ၊ အလတ်ကောင် ရုံးတက် စသဖြင့် တာဝန်ကိုယ်စီရှိကြသဖြင့် အကြီးကောင်ကို လွမ်းသော်လည်း၊ ဘယ်သူမှ ပေါက်ပေါက် မြောက်မြောက် သွားရောက်လည်ပတ်နိုင်ခြင်း မရှိပါချေ ။
ဒီတစ်ပတ်တော့ သွားမယ်ဟေ့ သာယာဝတီကို သောကြာနေ့ ညနေသွားမယ် ၊ ဒီစကားကို စတင် ပြောဆိုသူက ဖေဖေပါ ၊ အားလုံးလဲ ရောက်အောင် အိမ်တာဝန်တွေလဲ မလစ်ဟင်းရအောင် ကျွန် တော်နဲ့ ဖေဖေက ဒီတစ်ပတ် သောကြာနေ့ ညနေသွားမယ် တနင်္ဂနွေနေ့ ညပြန်လာမယ် ၊ နောက် တစ်ပတ် မေမေနဲ့ အလတ်ကောင်နဲ့ သွား စသဖြင့် အားလုံး တညီတညွတ်တည်း ထိုအဆိုကို အတည်ပြုကြသဖြင့် သောကြာနေ့ ညနေမှာ ကျွန်တော်ဟာ ဖေဖေနှင့် သာယာဝတီကိုသွားဖို့ ဖြစ်လာပါတော့တယ်၊ နေ့လည်ကတည်းက ကျောပိုးအိတ် မှတ်စုစာအုပ် အ၀တ်စားတစ်စုံ ရေဗူး မုန့်ကြွပ် ၊ အကုန်ပြင်ဆင်ပြီးပါပြီ ၊ ညနေဖေဖေက ရုံးကဒရိုင်ဘာ ဦးမြအေး ကိုပါ တပါတည်း ခေါ် ဆောင်ပြီး အိမ်မှာ ထမင်းစားသောက်ပြီး ကားနှင့်ထွက်လာခဲ့ပါပြီ ။ အိမ်ကစထွက်တော့ ၅း၄၅ သုံးဆယ်မြို့ အနီးက ဥက္ကံမြို့ကို ရောက်တော့ ဥက္ကံဘုရားကြီးပွဲနှင့် ကြုံကြိုက်သဖြင့် ပွဲဈေး ဆင်းလမ်း လျှောက်လိုက်ပါသေး၏ ၊ အဆိုတော်ခင်မောင်တိုး၏ မဇ္စျိမလှိုင်း စတိက်ရှိုးအဖွဲ့ ဒီညတွင် ထိုဘုရားပွဲ၌ကပြရန် အစီအစဉ် ရှိသော ဟူ၏ ။
တစ်နာရီလောက် အညောင်းပြေ လမ်းလျှောက် အပြီးတွင် ၊ မြန်မာဘီယာ ဆိုင်တခုကို တွေ့သဖြင့် ဖေဖေကို ဘီယာသောကဖို့ တိုက်တွန်းလိုက်ပါ၏ ၊“ ဖေဖေ သောက်ရအောင်လေ” နှစ်ခါ မပြောရပါ အေးကောင်းသားဘဲ ဟုသာဆိုပါ၏ ၊ ( ကျွန်တော်တို့ ညီကိုအားလုံးတို့သည် ဆယ်တန်း မအောင်ခင်ကတည်းကပင် အရက်မျိုးစုံ ဘီယာမျိုးစုံကို မှီဝဲတတ်ပါသည် ၊ ဖေဖေသင် ပေးတာ ဖြစ်ပါသည် ၊ ယနေ့တိုင်လဲ အခန်းထဲမှာ အရက်တစ်လုံး ဘီယာတစ်စုံတော့ အမြဲရှိပါ၏ ဘီယာဆို တစ်ဗူး အရက်ဆို ၅ ပတ်ထိ ကျော်အောင် မသောက်သုံးဖူးပါ ၊ အိမ်မှာသာ သောက်တတ်ပါ၏ သောက်ချင်တဲ့ အချိန်သောက်ပါ၏ ၊ ဘယ်သူမှမတား မူးလျှင်စာဖတ်ပါ၏ ၊ စကားတစ်ခွန်းမှမပြော ကိုယ်ဖာသာ နေပါ၏ ၊ ဤအတတ်ပညာ အားလုံးကို အချို့သောသူများ တက္ကသိုလ်တက်မှ သင်ယူတတ်မြောက်ကြပါသော်လည်း ၊ ကျွန်တော်တို့ ညီကိုများမှာ ဆယ်တန်းမအောင်ခင်ကတည်းက အိမ်မှာပင်သင်ယူ တတ်မြောက်ပါ၏ မွေးသဖခင်၏ ကျေးဇူး တည်း ၊ ကျွန်တော် တို့ညီကိုများ အရက်သမားမဖြစ်တာ မူးရင်မရမ်းတတ်တာ သည် ဖေဖေ၏ သဘောထားကြီးခြင်း အုပ်ထိန်းမှု ကျနသေသပ်ခြင်း တို့ကြောင့်ဟု သဘောပေါက်မှိပါ၏ (ဤကား စကားမြွတ်တည်း )
သောက်စားပြီး၊ မူးမူးနဲ့ ကားပေါ် ထိုးအိပ်ပြီး ၊ ကိုကိုကြီး အိမ်ကိုရောက်တော့ ညနှစ်နာရီ ထိုးပါပြီ ၊ ခရီးပန်းလာရင် အပန်းပြေအောင်ဟူသော သဘောနှင့် ညလည်စာနှင့် အရက်ဝိုင်းတည် ခင်းပြန်သဖြင့် ၊ အလိုက်သိလိုက်သည့် သားကြီး သြရသပေတကားဟု ဂုဏ်ယူဝင့်ကြွားသော အပြုံးနှင့် ဒရိုင်ဘာ ဦးမြအေးကို နောက်တစ်ပွဲ စလိုက်ရအောင်ဗျာ လို့ ပြောလိုက်တဲ့ ဖေဖေ စကားနှင့် အပြုံးကို ယနေ့တိုင် မမေ့နိုင်ပါသေး ။
သားဖသုံးယောက် စားသောက်ပြီး အနုပညာဘက် ကိုလှည့်လည်ပြန် သဖြင့် အိမ်စောင့်နတ် များ နားညီးရန် အကြောင်းဖန်ပြန်ပါ၏ ၊ ဖေဖေ တယောထိုး အကြီးကောင် စစ်ကိုင်းတောင် သီချင်း လူချွန်လူကောင်း သီချင်း နှစ်ပုဒ်ကို သီဆိုနေသည့်အထိတော့ လူကမှတ်မှိသေးပါ၏ ၊ နောက်ပိုင်း ကိစ္စတစ်ခုမှ မသိတော့ပါ ၊ မိုးလင်းတော့ ကုတင်ပေါ်မှာ ကျွန်တော်ရောက်နေပြီး ညာဘက်မှာ ဖေဖေ ကျောပေးအိပ်နေပါ၏ ၊ အချိန်ကား ဆယ်နာရီ ထိုးလှပါပြီ မျက်နှာသစ် ဖေဖေကိုနိုး အကြီး ကောင်က စနေနေ့လဲ ဆေးရုံကိုသွားရသည်ဟု အိမ်တော်ထိန်းကြီး က ဆိုပါ၏ ။
ပူလိုက်တဲ့ နေခြစ်ခြစ်တောက်လို့ နေ့လည်၂ချက်တီးတော့ အကြီးကောင်ပြန်လာ နေ့လည်စာ စား သူ့ရတဲ့ အိမ်လေးက ပုပုဝိုင်းဝိုင်း ဗိုလ်တဲလိုဟာလေး မှန်တွေနဲ့ အလုံပိတ်ထားသလို အဲယားကွန်း လေးလဲ ရှိပြန်သဖြင့် တကယ့်ဗိုလ်တဲ သဖွယ်ဖြစ်ပါ၏ ၊ ကိုကို လည်စရာပတ်စရာ လေးများ လို့မေးမလို့ စကားတ၀က်ရှိသေး ၊ ဘာမှ မရှိဘူးကွ လည်ချင်ရင် ဟိုမှာ ဆရာစံ ပန်းခြံ ကြွ အဲဒီကို ၊ “အယ်” လက်ညိုးညွန်ရာ ကြည့်လိုက်တော့ ကားလမ်းဘေးက ပန်းခြံကြီး လူတစ် ယောက်မှမတွေ့ ၊ ကိုကိုကြီးရဲ့ အိမ်တော်ထိန်း မောင်သန်းညွန့် ကတော့ သွားရင်သွားလေ ညီလေး ဆိုင်ကယ်နဲ့ လိုက်ပို့မယ် ၊ အောင်မလေးဗျာ ဒီနားနဲ့ ဒီနား ဆိုင်ကယ်နဲ့သွားစရာလား နေပါ ၊ မသွားပါဘူး ၊ ဒါဆိုရင် မနက်ဖြန်ကျွန်တော်နဲ့ ဆရာကြီး နေ့လည်ပိုင်း ထောင်ကို ဆေးသွားစစ်ရမယ် လိုက်မလား ၊ “ဟေ” ဘာထောင်တုန်းဟ ထောင်ကြီးလေ သာယာ ၀တီထောင် ဆိုတာ မကြားဖူးဘူးလား ၊ အေးကြားဖူးပါတယ် ၊ အဲကိုသွားရမှာ လိုက်မှာလား “ဟ” ကောင်းသပေါ့ လိုက်မယ် ၊ ဒါဆိုဆရာကြီးကို ပြောလိုက်မယ် အေး လိုက်မယ် လို့ပြောလိုက် (သာယာဝတီ ထောင်ထဲ ရောက်ခဲ့ပုံကို ပိုစ့်တစ်ခု သက်သက်ရေးပြီး တင်ပါ့မယ် ) နောက်နေ့ နံနက် ၁၀ နာရီ သွား နေ့လည် ၃နာရီဝန်းကျင် အိမ်ကိုပြန်ရောက်ပြီး ၊ ညနေ ၄း၃၀ မှာကိုကိုကြီး ရဲ့ အိမ်က ထွက်လာခဲ့ပါတယ် ။ ကျွန်တော်တို့ အိမ်ကို ပြန်ရောက်တော့ ည ၁၂နာရီပါ ဒါကတော့ သာယာဝတီမြို့ကို ပထမ တစ်ခေါက် ရောက်ခဲ့စဥ်ကအကြောင်း ဖြစ်ပါတယ် ။
ဒုတိယ တစ်ခေါက်ကတော့ ၊ အကြီးကောင်က အိမ်မှ သူ့ကီးဘုတ်ကို တီးမလို့လာပို့ပါ ဟူ၍ ဖုန်းဆက်သဖြင့် ၊ ထိုကီးဘုတ်ကြီးကို ရန်ကုန် = သာယာဝတီ လှိုင်းကားစီး၍ ကျွန်တော်သွားပို့ ရသောကြောင့် ဒုတိယအကြိမ် သာယာဝတီကို ရောက်ရပြန်၏ ၊ ပထမတစ်ခေါက်ကဲ့သို့ပင် နှင့် ဘာမှ မထူးခြား တစ်ယောက်ထဲ လာတာဖြစ်လို့မို့ ၊ အေးအေး ဆေးဆေးပင် အိမ်တော်ထိန်း မောင်သန်းညွန့်နှင့် ဈေးဝယ်လိုက် ၊ ထမင်းကူချက် ညဘက်သီချင်းဆိုကြ တယောထိုး ပီယာနိုတီး ဟုတ်လို့ ၊ ဒီညလဲ အဆိုတော် ဒေါ်ကြည်အောင်ရဲ့ “သင်္ကန်း ဂုဏ်ရေ ” သီချင်းကို အကြီးကောင် လက်ကျမို့လို့ ကျွန်တော်က ပြန်တပ်ပေးရမယ်ဆိုပြီး ယူလာတဲ့ ကီးဘုတ်ကြီးကို ဟိုခေါက်ဒီခေါက် လုပ်ပြီး အကြီးကောင် ပြန်လာချိန်စောင့်နေမှိပါ၏ ၊ သူပြန်လာတော့ ကိုးနာရီလောက် ရှိပါပြီ ၊ ရေချိုး ညစာစား ပြီးတော့ ၁၀နာရီထိုးပြီ သီချင်းကလဲ စတင်ပါပြီ ၊ ကျွန်တော်က ကီးဘုတ်တီးပါတယ် ၊ အကြီးကောင်က သီချင်းဆိုပါတယ် ။
“နန္ဒမူအခေါင်း န၀ရတ်ပျံပလ္လင် ၊ဖန်ဂူတန်ဆောင်း ဒြဗ်ကမ်းပါးယံတွင်၊ သယမ္ဘူအလောင်း ဆဒ္ဒန်ဆင်ကို ရန်သူအဟောင်း သောနုတ္တိုရ် သဘောယုတ်သမို့ ဤသို့သတ်ရန်ပြင်။ ဟိမ၀န္တာတွင်……………ဟင်ဟင်…………” ဒေါက် ဒေါက် ဒေါက် ဆရာကြီး ဒေါက်ဒေါက်ဒေါက် ဆရာကြီး …………..အာ ဒုက္ခဘဲ ဘာတုန်းဟ တစ်ဒေါက် တစ်ဒေါက်ဒေါက်နဲ့ ။ဤ အသံကား အိမ်တော်ထိန်း ကိုသန်းညွန့်အသံ ပေတည်း ၊ မွေးလူနာတဲ့ ဆရာ ဆေးရုံက လာခေါ်နေတယ် ၊ “ဟာဒီမြို့ရောက် ကတည်းက မွေးလိုက်ရတဲ့ ကလေး ဘာမှကိုမလုပ်ရတော့ လူတွေများ တော်တော်မွေးနိုင်ပါ့ ညဘက်မွေးတာ တော်တော်ဝါသနာ ထုံတဲ့မြို့ဘဲဟေ့@@@@@” မြည်တွန်တောက်တီးပြီး အိမ်ပေါ်မှ ဆင်းသွားပါ၏ ၊ ကျွန်တော်ခမျာ ကီးဘုတ်တစ်လုံးနဲ့ ယောင်ချာချာ ကျန်ရစ်ခဲ့ပြီး ကိုယ့်ဖာသာ တောင်တီး မြောက်တီးနဲ့ အဆုံးမှာတော့ အိပ်ယာညောင်းစောင်းမှာ လှဲလျှောင်းမှိလိုက်ပါ၏ ။
မနက်၁၀နာရီလောက် ထပြီး အိမ်တော်ထိန်းကြီးရဲ့ ကမ္ဘာ့အခါးဆုံး ကော်ဖီကို သုံးဆောင်ပြီး ၊ အိမ်တော်ထိန်းကြီးနဲ့ သာယာဝတီ ဈေးကြီးကိုသွားပြီး ဈေးလိုက်ဝယ် ၊ ပြန်လာကူညီချက်ပြုတ် ပြီး စားသောက် ၊ ဆရာညွန့် ကျွန်တော်လိုက်လည်ချင်တယ် ၊ လည်လေ လိုက်ပို့မှာပေါ့ ဟုတ်ဘူး ဆရာညွန့်ရဲ့ ဒီကတစ်ယောက်ထဲ လိုက်လည်ချင်တာ ၊ ဘယ်ကိုသွားချင်တာတုန်း ရွာကို လိုက်လည်ချင်တယ် ၊ ဒါဆို ဒီကနေ အရှေ့စူးစူးကို သွားသိလား အဲဒီမှာ ရွာတွေရှိတယ် လိုက်လည်လိုက် ၊ အင်း ဟုတ်ပြီ ကျော်ပိုးအိတ်ထဲ ရေဗူးမုန့်နဲ့ ပိုက်ဆံအိတ်လေးထည့်ပြီး ၊ ဘောင်းဘီ ဒူးကျနဲ့ တောမကျမြို့မကျ စတိုင်ဖမ်းပြီး လမ်းလျှောက်ထွက်လာပါ၏ ၊ ဟော ဟိုးမှာ တွေ့ပြီ ဘာကြီးတုန်း အယ် ရေစင်ကြီးဟ ဒီလောက်ဒုထည်ကြီး မားတဲ့ဟာကြီးကို ဆောက်ထားပုံ ကြည့်ရတာ ၊ မြန်မာတွေဆောက်တာ မဟုတ်တန်ရာ ၊ စပ်စုအုံးမှ ဟော ဘုန်းကြီးကျောင်းပါလား ကျောင်းနာမည်က ဂုန်မင်းမြောင် ဘုရားကြီး ကျောင်းတိုက် ၊ ဘုန်းတော်ကြီးဘုရားကို ဦးတင်ပြီး မေးကြည့်ရင်တော့ သိလောက်ကောင်းရဲ့ ၊ စိတ်ကူးကိုအကောင်ထည် ဖော်ဖို့ ဖိနပ်ချွတ်ပြီး ဘုန်းတော်ကြီး ကျောင်းထဲကို ၀င်လာသောအခါ ၊ ဟဲ့ ဒကာလေး ဘယ်ကတုန်း ရွာထဲကလား ဟုတ်ပါဘူး ဘုန်းဘုန်းဘုရား ၊ တပည့်တော်က သာယာဝတီက ဆရာဝန်ကြီးရဲ့ ညီအရင်းပါ ဟေ ဟုတ်လား ဘာလာလုပ်တာလဲ ကျောင်းကို ၊ ဒီရေစင်ကြီးကို စိတ်ဝင်စားလို့ ဘုရား ဘယ်သူ ဆောက်တာလဲ ဘုရား ၊ မြန်မာတွေဆောက်တာ မဟုတ်ဘူးမလားဘုန်းဘုန်း ၊ မင်းက ဘယ်ကနေ သိလာသလဲ ၊ မဟုတ်ပါဘူး တပည့်တော်မှန်းကြည့်တာပါ ၊ သံတွေကလဲ ကောင်းတယ် မဟုတ်လားဘုရား ၊ သံနဲ့ဆောက်တဲ့ ရေစင်ဆိုလို့ ဒီမှာနဲ့ သာစည်ဘူတာမှာဘဲ တွေ့ဖူးသေးတယ် ၊ ပြောပြပါဘုရား အေးပြောမယ်လေ ငှက်ပျော်သီး မုန့်တွေစား၊ စားပါမယ် ဘုရား ၊ ဒို့ငယ်ငယ်တုန်းက ဆောက်ထားတဲ့ ရေစင်ကြီးကွဲ့ တိတိကျကျတော့ မသိတော့ဘူး ၁၉၆၅ ခုနှစ်က ထင်တယ် ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက ဂျပန်နိုင်ငံက ပညာရှင်တွေ နဲ့တိုင်ပင်ပြီး အခု မင်းလာခဲ့တဲ့ ပြည်လမ်းမကြီးကို ဖောက်တယ် ၊ ဒီလမ်းတွေဟာ ဂျပန်တွေ ဖောက်ပေးထားတာ ယနေ့ တိုင် မပျက်သေးဘူး တွေ့လား ၊ မင်းတို့ရန်ကုန်မှာ တစ်လတောင်မခံ ဘူးလမ်းဖောက် တာ ဒီလမ်းဟာ ငါ့အသက်နဲ့ ဆိုရင် ၁၂ဘဲ ငယ်တယ် ၊ တနေ့တနေ့ ကားကြီးကားငယ် အစီးတစ်ထောင်ကျော် ဖြတ်သန်းနေတာ ဘာမှမဖြစ်ဘူး မှန်လှပါဘုရား ၊ တပည့်တော်က ဒီရေစင် ကြီးကိုသိချင်တာ ၊ အေးပါဟ ဒီရေစင်က အဲဒီလမ်းကိုလာဖောက်တဲ့ ဂျပန်အင်ဂျင်နီယာတွေ ၀မ်းလျှောလို့ ရေစင်တည်ပြီး ၊ ရေကျိုချက်သောက်ကြတာလေ ၊ အခုထိကျန်နေတာ အော်တင်ပါ့ ဘုရား ၊ တပည့်တော် ရွာထဲလျှောက်လည်အုံးပါမယ် ဘုန်းဘုန်း အေးသွားလေ ၊ မင်းအကိုကိုလဲ ပြောလိုက် ၊ ငါမုန့်တွေ ကျွေးလိုက်တဲ့အကြောင်း ငါကလာလညဖို့ ဖိတ်တယ် ဆိုတာရယ် တင်ပါ့ဘုန်းဘုန်း ။
ဘုန်းတော်ကြီးနဲ့ စကားစမြည် ပြောဆိုပြီး ရွာတန်းကြီး ဆုံးအောင်လျှောက် ဖုန်တလုံးလုံးနဲ့ သွားရတာ ပျော်စရာကောင်းပါဘိတောင်း ဟိုမှာ လယ်ကွင်းတွေပါလား သွားအုံးမှ လယ်ကွင်းထဲ ရောက်တော့ စပါးတွေရိတ်သိမ်းထားတာရယ် ငှက်ကလေး တွေ စုပြုံစားသောက်နေတာရယ်ကို ကြည့်ပြီး တယ်ပျော်ရွှင်စရာကောင်းပါလား ၊ အလို မြတ်စွာဘုရား ဘယ်လိုဖြစ်တာလဲ တွေ့လိုက်ရတဲ့ မြင်ကွင်းကား ၊ အံ့သြစရာ အတိပြီးလေ၏ ၊ တောမကျ မြို့မကျကွင်းပဲတွေ သီးနေ တဲ့ ၊ လယ်ကွက်ထဲ ဘက်ဟိုး လို့ခေါ်တဲ့ မြေထိုးစက်ကြီး တစ်လုံးက အလုပ်လုပ်နေပါပကော ၊ ဧကန်န ယာပိုင်ရှင်ဟာ သူဋ္ဌေးနဲ့တူရဲ့ ၊ လယ်ကိုခေတ်မှီပစ္စည်းတွေနဲ့ ထွန်ယက်တာများလား လူက စပ်စုချင်စိတ်နဲ့ သွားကြည့်မှိပါတယ် ၊ မိန်းမကြီးတစ်ယောက်ကလဲ အဝေးကနေ လှမ်းကြည့် တော့ လက်တွေလှုပ်လိုက် ၊ ကိုယ်တွေလှုပ်လိုက်ဆိုတော့ သူလိုချင်တဲ့ ပုံစံကို ညွန်ကြားနေ တယ်ထင်ပါမှိပါရဲ့ ၊ ဗဟုသုတအလို့ငှာ သွားရောက်လေ့လာအုံးမှ တော်မယ်ဟု စိတ်ပိုင်းဖြတ်ပြီး အကြင်အရပ်သို့ဦးတည်ပြီး ခပ်သုတ်သုတ် လျှောက်လာကြည့်တော့ ၊ အထင်နဲ့ အမြင်လွဲလေပြီ ၊
မိန်းမကြီး၏ အသံကား တဖြေးဖြေး ပီပြင်လာပါ၏ ၊ ဒီိဘက်က ထိုးပါ ဟိုလိုထိုးပါ ဟု မြေထိုးစက် မောင်းနေသူကို ညွန်ကြားနေသည်မဟုတ် ၊ ငိုယိုတောင်းပန်နေသောအသံတည်း “မောင်ရင်လေး ရယ် တောင်းပန်ပါတယ် ၊ ဟိုဘက်ကို အရင်ထိုးပါ အဘွားကမုဆိုးမပါကွယ် ၊ ပဲကောက် အလုပ်သ မားတွေ ငှားမရလို့ပါ ၊ တစ်နွေလုံး စိုက်လာတာလေးတွေ ခူးပါရစေ ၊ တစ်ညဘဲ အချိန်ပေးပါ သားလေးတို့ရယ် အမေ့သားသမီးတွေ ခရီးသွားနေလို့ပါ ပဲရိတ်တဲ့လူတွေကလဲငှားလို့မရလို့ပါ ပဲမရှိတဲ့ဘက်ကနေ အရင်တူးသွားပါ ” ကျွန်တော်ဆက် မကြားနိုင်တော့ပါ ၊ ယန္တရားပေါ်က လူမဟုတ် ခွေးမဟုတ် အကောင်က မူးနေဟန်ရှိပါတယ် ၊ အဘွားကြီးကိုကြည့်ပြီး ကျွန်တော် မျက်ရည်လည်မှိပါ၏ ၊ နောက်ဆုံး ယန္တရားမောင်းနှင်သူကို အဆုံးစွန်ဆုံး တောင်းပန်သည့်အနေ ဖြင့် ၊ အဘွားအိုတစ်ယောက် လက်အုပ်ချီမိုး ကန်တော့လေတော့၏ ၊ အကြင် ယာဉ်မောင်းက ဂရုမစိုက် သူ့အလုပ်သည်သာ အလုပ်ဟူ၍ ယူဆဟန်ရှိပေတကား ။
“ဟိုအဖွားကြီး ခင်များကိုဖယ်လို့ ပြောနေတာနော် ထိမှိမယ် ၊ ဒီနားမလာနဲ့ ၊ ထိမှိရင်တာဝန်မယူဘူး” ၊ သားလေးရယ် အမေကမုဆိုးမပါ ၊ ဟိုဘက်က အရင်တူးလိုက်ပါ ၊ မြေတွေလဲဆုံးရှုံးပြီးပါပြီ ၊ ဒီပဲလေးကို ၊ ဒီညအပြီးခူးပေးပါ့မယ် ၊ အမေ့ကြီးကို သနားပါကွယ် ၊ သာသမီးတွေ ခရီးသွားနေလို့ပါ ဒီပဲတွေရောင်းပြီး အကြွေးဆပ်ရမှာမို့ပါ ၊ အမေ့မှာ မြေတွေလဲဆုံး ပြီမို့ ဆက်ပြီးလုပ်စားစရာ မရှိတော့ပါဘူး ၊ ဟီးဟီး အဲဒီအသံ ဗလံကို တွေကို ကြားရတာ အတော်ထိခိုက် ကြေကွဲစရာပါ ကိုယ့်အမေထက်ကြီးတဲ့ မိန်းမကြီးတစ်ယောက်က အသက်သုံးဆယ်လောက် သားအရွယ် တူအရွယ် လူငယ်တစ်ယောက်ကို လက်အုပ်ချီပြီး ငိုကြီးချက်မ ပြောဆိုနေသော စကားတို့ကို ကိုယ့်နဲ့ မဆိုင်တဲ့ အသုဘတွေမြင်ရင်တောင် မျက်ရေ ကျတတ်တဲ့ ကျွန်တော်ဟာ ရောယောင်ငိုမှိပါ၏ ၊ ဤနိုင်ငံကား ကွန်မြူနစ်ဝါဒီ ထွန်းကားသော နိုင်ငံမဟုတ် ဂါရဝေါစ ၊ နိဝါတောစ သန္တုဋ္ဌိစ ကတညုတာ ဟူသော မင်္ဂလာ ထွန်းကားရာ နိုင်ငံတည်း ၊ အနောက်နိုင်ငံများလို့ မိခင်ဖခင်အရွယ် ကို လူအိုရုံပို့တတ်သော နိုင်ငံမျိုးမဟုတ် ၊ ကိုယ့်မိဘကို သေတဖန် သက်တစ်ဆုံး ဘုရားခန်းတင် လုပ်ကျွေးသော နိုင်ငံတည်း ၊ ဤနိုင်ငံတွင် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဟုခေါ်သော မြင့်မြတ်ယဉ်ကျေး လှသော ဘာသာတခု အထွန်းကား ဆုံးနိုင်ငံတည်း ၊ မြင်ကွင်းကား ကွန်မြူနစ်ဆန်ဆန် အာဏာရှင်ဆန်ဆန် မြင်ကွင်းမျိုးတည်း ၊ ဒို့နိုင်ငံကား ဂါရနိဝါတ မရှိတော့ပြီ ၊ ဘာသာတရား ဟူသော အဆုံးအမသည်လဲ မြို့နဲ့ဝေးလေ မှေးမှိန်လေ ဖြစ်ချေပြီးတကား ။ လွတ်လပ်ရေးရပြီ ဟု စာအုပ်ထဲမှာ ဖတ်ဖူးမှတ်ဖူးထား ပါသော်လည်း ၊ တောသူတောင်သား ဟူသော အနှိပ်စက်ခံ လူထုသည် ယနေ့တိုင် အင်္ဂလိပ် ခေတ် ဂျပန်ခေတ်တို့လို အနှိပ်စက်ခံ အညှင်းဆဲခံ ဘ၀တွေရှိပေသေးတကား ။
အဘွားကြီးသည် ဤမျှနှင့် မရပ် မြေကော်သော ဂေါ်အရှေ့မှ လက်နှစ်ဖက်ကို ဖြန့်ကားပြီး ဟိုဘက်ကဟာကို တူးဘို့ ငိုယိုပြီး ပြောပြန်လေ၏ ၊ ယန္တရားမောင်းသော မောင်ရင်နှင့် လူတစ်ယောက် ယာဉ်ပေါ်မှ ဆင်းပြီး အဘွားအိုအား လက်တစ်ဖက် တစ်ယောက် ၊ မယူပြီး မြေဆိုင်ခဲများ ၊ ပုံထားရာဘက်သို့ မယူလာပြီး ချထားလေ၏ ၊ အဘွားအိုကား အငိုမရပ် ၊ သူ့လက်တစ်စုံ ဖြင့် မြေဆိုင်ခဲပေါ်မှ ပဲပင်လေးတွေကို နုတ်ပြီး ငိုယိုနေပြန်၏ ၊ ယာဉ်မောင်းသည့် တိရိစ္ဆာန်များ ပါးစပ်မှလဲ အယုတ်တ အနတ္တတွေ ဆဲတိုင်းပြီး ၀တ္တရားနှောက်ယှက်မှုနဲ့ ထောင်ထဲထည့်လိုက်ရမလား ဘာလားနှင့် ဆဲဆိုရေရွတ်နေပေသေး၏ ၊ ကျွန်တော် အဘွားနားသွားပြီး ၊ “အဘွားရယ် ယူမနေပါနဲ့တော့ တော်ကြာထိခိုက်မှိပါမယ် ၊ ရွာထဲကလား အတူတူကျွန်တော်နဲ့ ပြန်မယ်လေ ဟု အဘွားအို ကိုချော့မော့မှိပါ၏ ၊ အဘွားအိုကား ငိုယိုလျှက် ၊ ငါ့မြေးရယ် အဖွားမှာ ယာလေး ၃ဧက ရှိတာပါ ၊ အဖွားယာထဲက နေ ဆည်မြောင်းဖြတ်တူး တော့ ၊ အရော်လဲ တစ်ပြားတစ်ချပ်မပေးဘူး အလံတိုင်တွေ စိုက်ပြီး တန်းတူးတာဘဲ ၊ တစ်နေ့က လာပြောတော့ ချက်ချင်းမတူးဘူး မှတ်တာ ဟိုဘက်က ယာတွေတွေ့လား ဒီရွာက သူဋ္ဌေးတွေရဲ့ ယာတွေဘဲ ၊ အဖွားလက်ညိုးညွန်ရာကိုကြည့်လိုက်တော့ လူတွေနဲ့ ပဲရိတ်နေသော အုပ်စုတွေကို တွေ့ရပါ၏ ၊ အလံတိုင်လေးများ တန်းစီပြီး စိုက်ထူထားသော မြေတူးဖို့ လမ်းတစ်လျှောက် ကိုတွေ့ရပါ၏ ၊ တူးမြောင်းကြီးကား အလျားမခန့်မှန်းတတ် အနံက ပေလေးဆယ်နီးပါး ရှိမည်ဟု ခန့်မှန်းမှိပါ၏ ။
ပိုက်ဆံရှိတဲ့ လူတွေ ယာဘက်က အရင်မတူးဘူး ၊ တကယ်တန်းက သူတို့ဘက်က အရင်တူးရမှာ ဒီမောင်းတဲ့ကောင်တွေက အဲဒီလူတွေဆီက ငွေယူပြီး နောက်မှတူးရမဲ့ အဖွားတို့ဘက်ကနေ အရင်လာတူးတယ် ဟီးဟီး အဖွားတို့မှာ ငွေကမရှိတော့ ပဲရိတ်မဲ့လူမငှားနိုင်ဘူး ပိုက်ဆံရှိတဲ့ လူတွေက ရွာထဲမှာ ပဲရိတ်နိုင်တဲ့ လူတွေကို အကုန်ငှားပြီး သူတို့ဘက်က အရင်ရိတ်ကုန်ကြပြီ ၊ အဘွားက မြေလဲမရှိတော့ဘူးဆိုတော့ ဒီပဲလေးတော့ ယူချင်တာပေါ့ စိတ်တော်တော်လေးပျက်ဖို့ ကိုကောင်းပါ၏ ကဲအဘွား ကျွန်တော်နဲ့ ရွာထဲအတူတူ ပြန်ရအောင် ခူးနေလဲ ဘာမှရမှာ မဟုတ်ဘူး ၊ ကျွန်တော်အဘွားကို ကြင်နာစွာ ဖေးမခေါ်ပြီး ရွာဘက်သို့ ဦးတည်လျှောက်ခဲ့ ပါ၏ ၊ အဘွားလဲ စကားမပြောနိုင် ကျွန်တော်လဲမပြောနိုင်ပါ ၊ ဘာမဆိုင် ညာမဆိုင် မဟာဂီတ သီချင်းကြီးတွေထဲက “ကြုံလေဘွေ ပတ်ပျိုး” ကိုသတိရမှိပါ၏ ၊ “ ကြုံလေဘွေ ကြုံလေဘုံဘွေ စောထွေမှိုင် မိရင်းကံငယ်ခေ ၊ ဂြိုလ်မင်းက မယ့်ကိုမွှေ နတ်မင်းတို့ နေနိုင်ပေ”…….။
သားအိမ်ထဲ ၀င်အုံးလေ ကျွန်တော်အတွေးပျက်သွား၏ ၊ အဘွားအိမ်လေးထဲကို ၀င်မှိပါ၏ ၊ အဘွားအိမ်ကား ခြေတံရှည် ပြင်ထောင်သွပ်မိုး အိမ်တည်း အိမ်အောက်မှာ ကွတ်ပြစ်တခု ခင်းထားပြီး ၊ ထိုပေါ်မှာ ကျွန်တော့ကို ဓာတ်ဗူးတစ်လုံးနှင့် ရေနွေးတိုက်ပြီး ဘယ်ကလဲဟု မေးပါသည် ၊ မြို့နယ်ဆရာဝန်ကြီးရဲ့ ညီပါခင်မျာ စသဖြင့် မိတ်ဆက်ပြီး ၊ ဒါနဲ့ ဒီလယ်တွေကို အစိုးရက လျှော်ကြေးမပေးဘူးလား အမေကြီး ပေးပါတယ် ဘယ်လောက်ပေးလဲ တစ်ဧကကို ၃၅ကျပ် ၊ ဗျာ သုံးဆယ်ငါးကျပ် ဟုတ်လား ဟုတ်တယ် ဟုလေသံပြတ်နှင့် ဖြေပါ၏ ၊ မြေတစ်ဧက ကို အပြင်မှာဘယ်ဈေးပေါက်သလဲ အဘွား ၄သိန်း ဟာ လေးသိန်းပေါက်တဲ့ မြေကြီးကို ၃၅ကျပ်ပေးတာ၊ ဒီလူတွေ ရူးနေကြလား မသိဘူး ၊ ဘယ်သူမှ မတိုင်ဘူးလား အမေကြီးတို့က ဘယ်သူ့ကို တိုင်ရမှာတုန်းကွယ် တိုင်ရမဲ့လူတွေက လုပ်နေတဲ့ဟာကို အာဗျာ အမေကြီးမှာ သားသမီး ရှိတော့ဘူးလား ရှိတယ် သုံးဆယ်မြို့ကို အလှူသွားနေကြလို့ ၊ ယာကဒီသုံးဧက ဘဲရှိတာလား အခြားရှိသေးလား ၊ ၁၁ဧက ရှိတယ် ကျန်တာ တွေက စပါးစိုက်တဲ့ လယ်တွေ ပဲကတော့ ဒီသုံးဧကဘဲရှိတာ ၊ ကျန်တာတွေက သားတွေ သမီးတွေကို ခွဲပေးလိုက်ပြီ ဒီယာသုံးဧကက သူ့တို့ အဖေလက်ထက်ကတည်း စိုက်လာတဲ့ ယာလေးမို့ နှမြောမှိတယ် ၊ အချို့ဆို အကုန်ပါသွားတဲ့လူတွေ ရှိတယ် ။
ရေနွေးသောက်ပြီး အိမ်ပေါ်ကပြန်ဆင်းလာခဲ့ပြီး အပြန်လမ်းမှာ တစ်ဦးတည်းတွေးလာမှိခဲ့ပါ၏ ၊ ငါသာ အရာရှိကြီးတစ်ယောက်ဖြစ်ခဲ့ရင် ၊ ဒါမှမဟုတ် တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့်ရခဲ့ရင် ၊ စသော စသော အတွေးဖြင့် ကျွန်တော် ကိုကိုရဲ့အိမ်ကို ရောက်တော့ ကျွန်တော့်ဒိုင်ယာရီလေးထဲမှာ ဂုန်မင်းမြောင်မှ အမှတ်တရ ဟူသော ခေါင်းစဉ်လေးဖြင့် တွေ့ပုံမြင်ပုံ အလုံးစုံလေးကို ရေးချမှိပါတော့၏ ။
ရန်သူမျိုးငါးပါးဟူ၍ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်စဉ်က ဘုန်းဘုန်းဦး ဆေကိန္ဒ သင်ပေးခဲ့ဖူးပါ၏ ၊ ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ ဟူ၏ ၊ ကျွန်တော့်မွေးရပ် အမိ မြန်မာနိုင်ငံသည် ၊ ကမ္ဘာတည်သရွှေ့ ရန်သူမျိုးငါးပါး ဘေးကင်းလွတ်နိုင်ပါစေကြောင်း ဆုတောင်း ချင်မှိခဲ့ပါ၏ ၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါသော် ………..။
7 comments:
ခရီးသွားမှတ်တမ်းရေးလေ့ရှိတယ်ထင်တယ်နော်
ကောင်းတယ်
သာယာဝတီသွားတာ လက်မတို့လို့ စိတ်ဆိုးတယ်။ နောက်တစ်ခါ ကျ ထောင်ထဲထိလိုက်မယ်။ ဟို အန္ဓကောင်ကို မဆုံမခဲ့တာ စိတ်ဆိုးတယ်။ အဲဒီကောင် ကျွန်တော့်နား မှာရှိရင်မလွယ်ဘူး။
ဒီတစ်လောတော့ ဒေါသတွေထွက်နေလို့ ဖေဖေ ငွေလမင်းရေ။ ဂြီ
ဒီလို အဖြစ်အပျက်တွေဟာ နိုင်ငံတစ်နံတစ်လျား အများအပြားပါဘဲ မစ္စတာငွေလမင်းရေ
ဘာလို့ဆို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ဖို့ နိုင်ငံအနှံ့ ဆည်တွေဆောက် လမ်းတံတားတွေ ဖောက်နေကြတယ်လေ။
ခုလို မြေယာတွေ၊ အိမ်တွေ သူတို့ဆောက်မဲ့နေရာနဲ့ လမ်းကြောင်းနဲ့မလွတ်လို့ သိမ်းယူခံနေရတာ နေရာတိုင်းမှာပါဘဲ။
ဘယ်သူ့ကိုများ လောက်လောက်လားလား အလျော်ပေးတယ်ရယ်လို့မှ မကြားမိပါဘူး။
တိုင်လား ပြုလားလုပ်လို့ကတော့ ပုဒ်မတွေ တစ်သီကြီးနဲ့ ကိုယ်တောင် ထောင်ထဲရောက်အောင် ပြန်လုပ်ကြဦးမှာ။
ဒီလိုနဲ့ နိုင်ငံတော်ကြီးက ခေတ်မီလာတာ .........................
ကြာပါပြီ။
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်င်္ငတော်သစ်ကြီးဆီ သို့ ဤနည်းဖြင့်ချီတက်နေကြောင်း မှတ်သားလိုက်ရပါသည်။
မကြားဖူးတာတွေကြားရတယ်၊
“ ဂုန်မင်းမြောင်” ဆိုတဲ့ နံမည်ကိုပြောတာပါ။
အထဲကအကြောင်းတစ်ခုကတော့ ၊ မကြားချင်တာတွေကြားရတယ်။ နော်။
ခင်မင်စွာဖြင့်
- ခင်ဗျားအိမ်က ကောင်းလှချည့်လား။
- ဟုတ်တယ်။ ဟိုးက မြစ်ကူးတံတား ဆောက်လို့လေ။
- ဟင် ဘယ်မှာလဲ မတွေ့ဘူး။
- အင်း . . ၁၀၀ %
ဆိုတဲ့ ဟာသလေး ကြားဖူးတယ် မဟုတ်လား။ အဲဒီလိုပါပဲလေ။
ဂုန်မင်းမြောင် မှာဆိုတော့ ၂၀၀၄ နောက်ပိုင်းလို့ထင်တယ်။ သုံးဆယ်ဆည် စီမံကိန်းလေ။
၂၀၀၃ အထိတော့ ကျွန်တော် အဲဒီမှာ အလုပ်လုပ်ခဲ့တာ။
ခင်ဗျား ပြောသလိုပဲ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခါးစီးခံ ရတာပေါ့။ တချို့ဆို လယ်တွေ အကုန် စီမံကိန်းထဲ ပါသွားလို့ ကြောင်တောင်တောင် ဖြစ်သွားတဲ့ လူတွေတောင် တွေ့ဘူးတယ်။
အမြဲလာအားပေးလို့ရ အောင်Link ချိတ်ခွင့် ပြုပါ။
ခင်မင်စွာဖြင့်
Post a Comment