Monday, September 27, 2010

လေရောင်း လေ၀ယ် ဒေါ်ကုဋေကြွယ်

 Time မျက်နှာဖုံး ပါဘဲရှင်
 ဒါက စီးပွားရေးလုပ်နေတာ ရှင့် အာလူးဖုတ်နေ တယ်မထင်နဲ့
သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဆော်လေ ကျမကိုလာဖားနေတာ မဲရအောင်ဆွဲ ဆောင်ပေးဘို့
 ဒါကလက်ရှိသမ္မတကြီး ဘားရတ်အိုဘားမား က ကျမကို ဂုဏ်ပြုနေတာ
ဒါက သူသမ္မတ ဖြစ်ဘို့အတွက် မဲသန်းချီရ အောင်မဲဆွယ် ပေးခဲ့လို့ ကျေးဇူးဆပ်တာ

 “ရုန်းကန်ကြိုးစားမှုမရှိလျှင် အားအင်ဆိုတာလည်း မရှိနိုင်ဘူး”..“မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး၊ တကယ့်ကြောက် စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ”လို့ Time မဂ္ဂဇင်းမှာ လူသားတွေ အတွက် ခွန်အား ဖြစ်စေ မဲ့ စကားတစ်ခွန်းကို ပြောဆို ခဲ့တဲ့သူကတော့ ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်တဲ့ (Oprah Winfrey) အော်ပရာ ၀င်းဖရေး ဖြစ်ပါတယ် သူမရဲ့ ချမ်းသာကြွယ်ဝမှုက ၁၉၉၉ တွင် ၇၂၅ မီလီယံ ($725 Million)ကြွယ်ဝပြီး ၂၀၀၉ ခုနှစ်မှာတော့ ၂.၇ ဘီလီယံ( $2.7 Billion)ထိ ချမ်းသာကြွယ်ဝ လာတဲ့ ကုဋေကြွယ်သူဋ္ဌေး မကြီးတဦး ဖြစ်သလို ယခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမားအတွက် မဲသန်းပေါင်းချီရရှိအောင် မဲဆွယ်ပေးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အ ကျော် ကြား ဆုံးလူများတွင် သူသည် ထိပ်ဆုံးမှ ပါဝင်ပါတယ် ။

အဲသလောက် ချမ်းသာကြွယ်ဝ အောင်ဘယ်လိုအလုပ် အကိုင်တွေကို အမာခံ လုပ်ကိုင်ခဲ့ ပါသလဲလို့ မေးခဲ့ရင်တော့ ၊ စနစ်တကျ စကားပြောတဲ့ အလုပ်ကိုလုပ် သူလို့သာ ဖြေဆိုရမှာ ဖြစ်ပါတယ် ၊ စကား ဆိုတာ မပြောတတ်တဲ့ လူများအတွက် ကတော့ ရန်သူများပြီး လူအမြင်ကပ် တာသာအဖတ်တင် တတ်ပေမဲ့ ၊ စနစ်တကျ ပြောတတ်သူ များအတွက်ကတော့ သန်းချီပြီး ငွေကြေး ရနိုင်ပါတယ် ၊ ကမ္ဘာပေါ်မှာ ဖို့စ် မော်တာကား တွေ ခေတ်စားခဲ့ ချိန်က သံမဏိ စက်ရုံပိုင် ရှင်ကြီး အင်ဒရူးကာနတ်ဂျီရဲ့ ၊ စက်ရုံတွေမှာ လူတွေ အလုပ်မလုပ်ချင်တဲ့ စိတ်ကျရောဂါ နဲ့ အလား သဏ္ဍာန်တူ ရောဂါတွေ ပျံ့နှံ့ခဲ့လို့ အလုပ်သမားတွေ မှိုင်တွေ ငေးမောပြီး အလုပ်မလုပ်ချင် ကြလို့မို့ အလုပ်လုပ်ချင်အောင် စကားပြောနိုင်တဲ့ လူကိုရှာဖွေပြီး အလုပ်ခန့်အပ် ခဲ့ရဖူးပါတယ် ၊ ဒုတိယကမ္ဘာစစ် မဖြစ်မှီကာ လမှာ အမေရိကန် ဒေါ်လာတစ်သန်း ဆိုတဲ့ ငွေကြေးဟာ နဲတဲ့ပမာဏ မဟုတ်ပါဘူး ၊ သံမဏီ စက်ရုံမှာ ပထမဦးဆုံး ဋ္ဌာနလက်ကိုင် ရှိမန်နေဂျာ တစ်ယောက်ကို တစ်နှစ်ကိုဒေါ် လာတစ်သန်းပေးပြီး ခန့်အပ်လိုက်ရပါတယ် ၊ သူ့ရဲ့ အလုပ်အကိုင်က အလုပ်မလုပ် ချင်တဲ့ လူကို အလုပ်လုပ်ချင်လာ အောင်ပြောဆိုရတာပါ ၊ ပထမဦးဆုံး အလုပ် ခန့်အပ်ခံရသူက တော့ ကမ္ဘာ့အစကား အပြောအကောင်းဆုံး ပုဂ္ဂိုလ်ကြီး ချားရွတ်ပါ ။ ဆိုလိုတာက စကားပြော တတ်တဲ့ လူတွေအတွက် စကားဟာ ငွေကို သန်းချီအောင် ရှာပေးနိုင်တယ်လို့ သိစေလိုတာပါ ။

အခုလဲ အော်ပရာဝင်းဖေး လုပ်တဲ့အလုပ်အကိုင်က အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်များမှာ Talk Shows များဖြစ်ပြီး လူကြိုက်များလှပါတယ်။ အစီအစဉ်တင်ဆက်သူတစ်ဦးက ဦးဆောင်ပြီး ဖိတ်ကြား ထားတဲ့ ဧည့်သည်များနဲ့ စကားဝိုင်း လေးတစ်ခု ဖန်တီးပြီး ၀ိုင်းဝန်း ဆွေးနွေး ကြ တဲ့ အစီ အစဉ်ကို Talk Show လို့ ခေါ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ လူတွေကို စိတ်ဓာတ်အားမြှင့်ပေးတဲ့ ခေါင်းစဉ်မျိုးတွေ၊ လူမှုပြဿနာတွေ၊ မိသားစု ပြဿနာတွေ စတာ တွေဖြစ်ပြီး အစီအစဉ် တင်ဆက်သူရဲ့တင်ပြမှုကောင်းပုံ ဟာသဥာဏ်ရွှင်ပုံတို့ အပေါ်မှာ မူတည်ပြီး ထိုစကားဝိုင်းများသည် နာမည်ကြီးလာတတ်ပါတယ်။ ထိုသူများထဲမှ လူမည်း တစ်ဦး ဖြစ်သူ အော်ပရာဝင်းဖရေးသည် ထူးထူးခြားခြား ဘ၀ကိုရုန်းကန်ကာ အောင်မြင်လာသူတစ်ဦး ဖြစ်ပါ တယ်။သူဟာ ချီကာဂို(Chicago) ကို ၁၉၈၃ ပြောင်းရွှေ့နေထိုင်ချိန်က စလို့ AM Chicago ရုပ်သံ လိုင်းမှာ မနက်ပိုင်း Talk Show တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်း ငယ်အ တွင်း မှာပင် အခြားသူများ၏ Talk Show များထက် ပိုမိုအောင်မြင်လာခဲ့တယ်။ အဲဒီ အချိန် ကစပြီး Oprah Winfrey Show လို့ နာမည်ကျော်ကြားလာခဲ့ပါတယ်။

အဲသလောက် ချမ်းသာ ပြီး အဲသလောက် အောင်မြင်လာတဲ့ လူတွေမှာ ၀မ်းနည်းစရာ အတိက်က အရိပ်မဲ တွေရှိစမြဲပါ ၊ အတိက်က ပေးတဲ့ သင်္ခန်းစာ တွေကို အနာဂတ် ရဲ့နမူနာ အဖြစ် ခံယူကျင့် သုံးပြီး ဘ၀ကို အောင်မြင်စွာ ရုန်းကန်နေတဲ့ အမျိုးသမီး တဦးရဲ့ အတိက်ပုံရိပ်လေး တွေက ဒီလိုလေးရယ် ပါ… (Oprah Winfrey) အော်ပရာဝင်းဖရေးကို ၁၉၅၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့၌ မစ္စစပီနယ်ရှိ ကော့စ်စီးယပ်ကိုမြို့တွင် အလွန်ဆင်းရဲသော လူမည်းမိသားစုတစ်စုမှ မွေးဖွားခဲ့တယ် ။ အမေဖြစ်သူ ဗာနစ်တာလီ က အိမ်ဖော်တစ်ယောက်ဖြစ်ပြီးတော့ အဖေဖြစ်သူ ဗာနွန်ဝင်းဖရေးက စစ်သားတစ် ယောက်ဖြစ်တယ်။ အော်ပရာဝင်းဖရေး ကို ကိုယ်ဝန်ရချိန်၌ မိဘနှစ်ပါးက ဆယ် ကျော် သက်အရွယ်သာရှိသေးတယ်။ သူ့ကိုမွေးဖွားပြီးမကြာခင်မှာပဲ မိဘနှစ်ပါးက လမ်းခွဲ ခဲ့ကြတယ်။ သူ့အဖေက နောက်ပိုင်းမှာ စစ်တပ်ကနားပြီး ဆံပင်ညှပ်တဲ့သူ လုပ်နေတယ်။ ငယ်ငယ် က အော်ပါ့ (Orpah) လို့ မှည့်ထားပေမယ့် သူငယ်ချင်းတွေ အိမ်သားတွေက Oprah လို့ခေါ်ရင်း အော်ပရာ (Oprah) လို့ အမည်တွင်သွားတယ်လို့သူက ပြောပြတယ်။


သူ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ နိုင်ငံမြောက်ပိုင်းကို ခရီးထွက်သွားတယ်။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဟတ်တိုင်းအယ်လီနှင့် ခြောက်နှစ်အရွယ်ထိ နေထိုင်ခဲ့ရတယ်။ သူ့အဖွားကလည်း အလွန်ဆင်းရဲတယ်။ ၀င်းဖရေးအတွက်အင်္ကျီကို အာလူးသီးထည့်တဲ့ ဂုန်နီအိတ်များနဲ့ ချူပ် ပေးတယ်။ အဲဒီအင်္ကျီတွေကိုဝတ်ထားတဲ့ ၀င်းဖရေးကို အခြားကလေးငယ်များက နောက် ပြောင်ကြ တယ်။ အဖွားက ၀င်းဖရေးကို သုံးနှစ်သား အရွယ်ကတည်းက စာဖတ်ဖို့သင်ပေးခဲ့ တယ်။ အနီးနားရှိ ဘုရားရှိခိုးကျောင်းသို့ ခေါ်သွားတယ်။ ဘုရားကျောင်းရှိသူတွေက ၀င်ဖရေးရဲ့ သမ္မာကျမ်းစာကို သံနေသံထား မှန်မှန် သာယာနာပျော်ဖွယ် ရွတ်ဆိုတတ်လို့ “တရားဟော ဆ ရာလေး”ဟု ချစ်စနိုး ခေါ်ကြတယ်။ အဖွားက ကြိမ်တုတ်လေးတစ်ချောင်းကို ကိုင်တတ်ပြီး ၀င်းဖ ရေး ဘုရားစာမရွတ်ဆိုဘဲ အမှားတစ်ခုခုလုပ်လျင် ၀င်ဖရေးကို ရိုက်တတ်တယ်။


ဝင်းဖရေး အသက် ၆ နှစ်ရောက်တော့ အမေဖြစ်တဲ့ဗာနစ်တာ ပြန်ရောက်လာပြီး အဖွား နေအိမ်ကနေ ၀စ်ကွန်ဆင်း (Wisconsin) ပြည်နယ်ထဲမှာရှိတဲ့ မေ၀ယ်ကီးမြို့(Milwaukee)ကို ခေါ် လာတယ်။ သူ့အမေက အိမ်ဖော်အဖြစ် တနေကုန်နီးပါး အလုပ်လုပ် ရတာကြောင့်မို့ သူ့အဖွား လောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အုပ်ထိန်းမှုကင်းမဲ့နေတဲ့ ကလေးငယ် ၀င်းဖရေးဟာ အသက် ၉ နှစ်အရွယ်မှာ ၀မ်းကွဲအကိုတွေ၊ ဦးလေးတွေ၊ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ အ နိုင်ကျင့်မှုကို ခံခဲ့ရတယ်။


ဆင်းရဲပြီး ဆိုးရွားလှတဲ့ နေ့ရက်တွေကို ရင်ဆိုင်နေရစဉ်မှာပင် ၀င်းဖရေးက စာကြိုးစားတယ်။ အတန်းတွေမှာစာတော်လို့ တစ်တန်းပြီးတစ်တန်း ကျော်ပြီးတက်ရတယ်။ ဆရာဆရာမတွေက ၀င်း ဖရေးကို စာတော်ပြီးသွက်လက်ချက်ချာလို့ ချစ်ကြတယ်။ အသက် ၁၃ နှစ်မှာ အထက် တန်း ကျောင်းတစ်ခုကို တက်ရောက်ဖို့အတွက် ပညာသင်ဆု ချီးမြှင့်ခံရတယ်။ နှစ်ပေါင်းများစွာ အနိုင် ကျင့်ခံခဲ့ရတဲ့ဝင်းဖရေးဟာ အပျိုပေါက်ဖြစ်နေတဲ့ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်မှု ၊ အဓ္ဓမကျင့်မှုတွေကြောင့် အပျိုဖော်ဝင်ကာစ ၀င်းဖရေးမှာ ရင်သွေးငယ်ကို လွယ်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကလေးမွေးခဲ့ပေမယ့် အဖတ်မတင်ဖြစ်ခဲ့ရတယ်။ အဲဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ အမေက၀င်းဖရေးကို တန်နက်စ် ဆီး  ပြည် နယ် (Tennessee) ၊ နက်ခ်ျဗီလာ (Nashville) မှာနေတဲ့ ၀င်းဖရေးရဲ့အဖေ ဗာနွန်ဝင်းဖရေးဆီသို့ လွှတ်လိုက်တယ်။ သူ့အဖေက စည်းစနစ်ကြီးပြီး ပညာရေးကို အားပေးလို့ ၀င်းဖရေးရဲ့ဘ၀ဟာ အပြောင်းအလဲတစ်ရပ် ဖြစ်လာတယ်။

EastNashvilleအထက်တန်း ကျောင်းမှာတက်ရောက် ခွင့်ရရှိခဲ့ပြီးစာ တော်လို့ဂုဏ် ထူးဆောင် ကျောင်းသူအဖြစ်သတ်မှတ်ခြင်းခံခဲ့တယ်။ သူက ကျောင်းရဲ့ ကျပန်းစကားပြောအဖွဲ့ (Speech Team) မှာ အထင်ရှားဆုံးကျောင်းသူ ဖြစ်လာခဲ့တယ်။ စကားပြောပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုရရှိခဲ့တယ်။ Tennessee State University ရဲ့ ပညာသင်ဆုရရှိခဲ့တယ်။ အသက် ၁၇ နှစ် အရွယ်မှာ လူမည်းအလှမယ် (Miss BlackTennesseeBeauty Pagent အဖြစ်ရွေး ခံရ တယ် အဲဒီ အချိန်မှာပဲ ပြည်တွင်း ရေဒီယိုသတင်း ဌာနတစ်ခုဖြစ်တဲ့ WVOLကအလုပ်လုပ်ဖို့ ကမ်းလှမ်း လာခဲ့တယ် ထိုသတင်းဌာန မှာပဲအထက်တန်း နှင့်ကောလိပ်ကျောင်း သားဘ၀ စာသင် နှစ် ၂နှစ်တွင်လုပ်ကိုင် ခဲ့တယ်သူကအသက်အငယ်ဆုံးနဲ့ပထမဆုံးလူမည်းအသံလွှင့်သူ တစ်ဦး ဖြစ် လာတယ်။
သတင်းဌာနမှာ အလုပ်လုပ် ကိုင်တော့ အဖွားဖြစ် သူကတအံ တသြမဖြစ်ခဲ့ ဘူးလို့ ဆိုတယ် ၀င်း ဖရေးက ငယ်ငယ်က တည်းက  စကားပြော  တတ်တယ် စင်ပေါ်မှာ လည်းရဲရဲ  တင်းတင်းပြော တတ်တယ်လို့ အဖွားက ပြောတယ် ငယ်ငယ်က အင်တာဗျူး အမေးအဖြေ ကစားတမ်းများ ကစား ခဲ့တယ်လို့လည်း ပြောတယ်။ သူအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှု တွေကြောင့်လို့ ၀င်းဖရေးက ပြောပါတယ်။ “အဖွားက အကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”။ ကလေးငယ်များကို လိင်အဓမ္မ ကျင့်မှုနှင့်သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ သူဟာ သူရဲ့ငယ်ဘ၀က အ ဓမ္မကျင့် ခံရမှုများကိုတင်ပြပြီး ဆွေးနွေးခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်၊ မိန်းက လေးငယ်များကို စိတ်ဓာတ် ရေးရာမြှင့် တင်ပေးဖို့ ဆွေးနွေး အကြံပြုခဲ့ပါတယ်။

မှတ်ချက်……..။
ဒါကတော့ ၀င်းဖရေးရဲ့ ကိုယ်ရေးအချက်အလက် တချို့သာဖြစ်ပါတယ် ၊ ဒီစာလေးက တကယ်တော့ ကျွန်တော် မစ္စတာ ငွေလမင်း ရေးသားထားတဲ့ စာမဟုတ်ပါဘူး ၊ မစ္စစ် ငွေလမင်းရဲ့ မေးလ်ထဲက ဖော်ဝက်မေးလ်တစ်စောင် ဖြစ်ပါတယ် ၊ ကျွန်တော် က မစ္စစ်ရေ ဒါလေးကို မတင် ချင်ဘူးကွာ အခြားဘလော့တွေ မှာရှိနေရင် ဒို့ငွေလမင်း ဘလော့ကကူးယူတယ်ထင်ပြီး လူအထင်သေး သွားပါလိမ့်လို့ ပြောတော့ မစ္စစ်ငွေလ မင်းက ဆီလျှော်အောင် ပြန်ရေးပါလို့ ပြောပါတယ် ၊ ကျွန် တော် လဲသေသေ ချာချာ ဖတ်ကြည့်ပြီး အင်တာနက် မှာ ရှာကြည့်တော့  ၀င်းဖရေးရဲ့ ဘ၀ဇာတ် ကြောင်းဟာ စိတ်ဝင် စားစရာ ကောင်းတာကို တွေ့ရပါတယ် ၊ ကျွန်တော့ဘ၀ မှာလဲ သူငယ်ချင်းမ တစ်ယောက်ဟာ ချစ်သူ တုချစ်သူယောင် တစ်ယောက်ရဲ့ လိင်မှုဆိုင်ရာ စော်ကားမှုခံ ရပြီး လူ့ငရဲမှာ ခလေးသုံး ယောက်နဲ့ ဒုက္ခများနေတာကို ကိုယ့်တွေ့ ကြုံခဲ့ဖူးပါတယ် ၊ မြန်မာ အမျိုးသမီးလေး များဟာ အရှက်ကို အသက်တင်မက ဘဲအငတ်ခံပြီးထိ ကာကွယ်ရမယ် ဆိုတဲ့ မှားယွင်းတဲ့ အယူအဆ တွေကြောင့် မြန်မာ မိန်းခလေးငယ် တချို့ လင်ဆိုးလင်ပေ တွေကို ဆင်းရဲဒုက္ခခံပြီး ပေါင်းသင်းနေထိုင် နေရတာကို တွေ့မြင်မှိပါတယ် ၊ တကယ်တန်းတော့ ဗုဒ္ဓတရားတော် များအရ လူဟာ အတိက်ကံကြောင့် မကောင်းတဲ့ အကျိုးပေးခံရ တဲ့သဘောမျှ သာပါဘဲ ၊ ဒါကိုရဲရဲ ၀င့်ဝင့်နဲ့ ရင်ဆိုင်ပြီး ၊ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့  လုပ်သင့်လုပ်ထိုက် တာကို ဆက်လက်လုပ်ကိုင် သွားရင် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုဟာ ရတတ်စမြဲလို့ ယုံကြည်ပါတယ် ၊ ၀င်းဖရေးလို  ကမ္ဘာကျော် သန်းကြွယ်သူဋ္ဌေး မကြီးတစ်ယောက်တောင် ဒီလိုလိင်မှု့ဆိုင်ရာ အနိုင် ကျင့်မှု ကိုလူ သိရှင်ရှား ထုတ်ဖော်ပြီး  Talk Show ပြောနိုင်သေးရင် ၊ လိင်မှုဆိုင်ရာ စော်ကားခံရတဲ့ မြန်မာ မိန်းခလေး တချို့က ဘာကြောင့် စော်ကားသူနဲ့ ပေါင်းသင်းနေထိုင် ရမှာလဲဆိုတဲ့ အတွေးမျိုးလေး လဲဝင်လာ ပါတယ် ၊ ဒီပိုစ့်ကို ဖတ်မှိခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ ၀င်းဖရေးလို ကြုံခဲ့ဖူးတယ် ဆိုရင် ၊ ၀င်းဖရေးလို ဘဲ ဘ၀ကို အရှုံးမပေးဘဲ ရဲရဲဝင့်ဝင့် ရင်ဆိုင်သွား နိုင်ပါစေ ဆိုတဲ့ စေတနာနဲ့ ဒီအကြောင်း လေးကို ပြန်လည်ရေးသား မျှဝေရခြင်းဖြစ်ပါတယ် ၊ လေရှည်တယ်လို့ မထင်ပါနဲ့ (မစ္စစ်ငွေလမင်းက ရေးခိုင်းလို့ပါ ရေးချင်လို့ မဟုတ်ပါဘူး ) စာရှုသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျမ်းမာ ချမ်းသာပါစေ ကြောင်း မစ္စတာငွေလမင်းနဲ့ မစ္စစ် ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။