Sunday, May 15, 2011

ရွှေဘုံနိဒါန်းလာ မြန်မာမင်းခမ်းတော်များ

                                 ဆာရစ်ချက်တင်ပယ် ရေးဆွဲသော မင်းခမ်းတော်ပန်းချီကား
                           ဆရာချုံရေးဆွဲသည့် အကန်တော့ခံ ပန်းချီကား (ပုရပိုဏ်မူ)
                  ရတနာပုံ နေပြည်တော်ရှိ ခင်းကျင်းပြသထားသော လက်ရှိမင်းခမ်းတော်များ

မင်းခမ်းတော်ပစ္စည်းဟုဆိုရာတွင် ရွှေနန်းတော်တွင် နေ့စဉ်သုံး ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်း မဟုတ်ပေ၊ လွတ်လပ်ခြင်း အချုပ်အခြာအာဏာကို ပိုင်ဆိုးခြင်း၊ မြင့်မြတ်ခြင်း၊ ခန့်ညားခြင်း၊ ကျတ်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတို့၏ သင်္ကေတဖြစ်သော သီဟာသနပလ္လင် တော်ကြီး၏ ရှေ့တွင် ခင်းကျင်းရသည့် မင်း၏ အခမ်းနားသုံးဖြစ်သည့်၊  ကျောက်မျက်ရတနာ စီခြယ် ထားသော ရွှေထည်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပြီး။ ထိုပစ္စည်းကို ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ များဖြင့် စနစ်တကျ မှတ်တမ်းတင်ထားသည့်အတိုင်း လက်ဝဲမင်းခမ်းတော် ၁၈ခု ၊ လက်ယာမင်းခမ်းတော် ၁၇ခု ဟူ၍ ပုံသေသက်မှတ်ပြီး ခင်းကျင်း ရခြင်းဖြစ်ပါတယ်။ လက်ဝဲ မင်းခမ်းတော်များကို သတ်မှတ်ရာ၌ ခေတ်ကာလအရ သော်လည်း ကောင်း၊ မှတ်တမ်းမှတ်ရာ များအရလည်းကောင်း၊ အနည်းငယ်ကွဲပြားမှုရှိပါတယ်၊ ဥပမာအားဖြင့် ရွှေဘုံနိဒါန်းလာ မင်းခမ်း တော်များနှင့် ၊ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့တွင် ပါဝင်သော လက်ဝဲ၊ လက် ယာမင်း ခမ်းတော် များသည်၊ အနည်းငယ်ကွဲလွဲနေသည်ကို တွေ့ရပါတယ်။

ရွှေဘုံနိဒါန်းမှာ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၅ ခရစ်နှစ် ၁၇၈၃)တွင် ရေးသားပြီးစီးခဲ့ခြင်း ဖြစ်၍ မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့မှာ ရွှေဘုံနိဒါန်းထက် ပို၍နောက် ကျပြီးမှ ရေးသားဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါတယ်၊ မင်းခမ်းတော်ပစ္စည်းများဟူသည် နေ့စဉ် ခင်းကျင်းထား ရသည်မဟုတ်ဘဲ၊ တနှစ်တွင် သုံးကြိမ် ကျင်းပသည့် ၊  ကန်တော့ခံ အခမ်းနားများ တွင်သာ ခင်းကျင်းထား ရှိခြင်းဖြစ်ပါတယ်၊ ဘုရင်မင်းမြတ်သည် တနှစ်လျှင် နှစ်သစ်၊၀ါဝင်၊၀ါကျွတ် ဟူ၍ သုံးကြိမ်အခမ်း နားဖြင့် ကန်တော့ခံတော်မူကြောင်းကို စာပေတို့တွင် မှတ်သားရပါတယ်။

နှစ်သစ်ကန်တော့ပွဲကို နှစ်သစ်ကူးပြီး ရက်ပေါင်း၄၀မြောက်တွင် ကျင်းပလေ့ရှိကြောင်း ရွှေနန်း တော်သုံး ဝေါဟာရအဘိဓာန်တွင် ဖက်ရူမှတ်သားရပြီး၊ မြန်မာလအား ဖြင့် ကဆုန် သို့မဟုတ် နယုန်လတွင် ကျင်းပလေ့ရှိသည်ဟုလည်း သိရပါသည်၊  ထိုသို့သော အကန်တော့ခံ ပွဲများတွင် မှသာ အခမ်းနားအားဖြင့် လက်ဝဲလက်ယာ မင်းခမ်းတော်များ ခင်းကျင်း စေပြီး၊ ထီးဖြူတော်၎စင်း စီစိုက်ထူပြီး ဘယ်ညာအားဖြင့် ၈စင်းစိုက်ထူထားခါ၊ ထီးဖြူများအပြင် ယပ်မားတော်နှင့် အလံတော် များကို လည်း ပလ္လင်တော်အရှေ့တွင် စိုက်ထူထားရပါတယ်။

ဤပို့စ်ပါ မင်းခမ်းတော်များမှာ သီပေါမင်းတရားကြီးလက်ထက်တော် အသည်ဝန် တိုင်တားမြို့ စားမင်း မင်းကြီးမဟာသီဟသူရ မှတ်တမ်းတင်ပြုစုစီရင်ခဲ့သော နန်းတွင်း ပရပိုဒ်ဖြူတွင် တွေ့ရှိရ သော မင်းခမ်းနားတော်ပုံများကို ၊ အမျိုးသားပြတိုက်တွင်မှ ယူငင်တင်ပြခြင်းဖြစ်ပါသည်၊ ၁၈၈၆ ခုနှစ် မှစတင်ပြီး ကိုလိုနီဖြစ်ခဲ့စဉ်အချိန်တွင် မြန်မာများ၏ အထွဋ်အထိပ်ထားရာ သီဟာသန ပလ္လင်တော်ကို အိန္ဒိယနိုင်ငံ ကာလက္တားသို့ မင်းခမ်းတော်ပစ္စည်းများ နန်းတွင်း ပစ္စည်းများကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားခဲ့ကြပြီး။

လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်မြန်မာ အစိုးရ၏ မေတ္တာရပ်ခံချက်အရ ၁၉၄၈ခုနှစ်တွင် သီဟာသနပလ္လင်တော်ကိုလည်းကောင်း ၁၉၆၄ခုနှစ်တွင် မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်း ပစ္စည်းအချို့ကိုလည်းကောင်း ပြည်လည်ရရှိခဲ့ပြီး၊ ကျန်ရှိနေသော မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်းပစ္စည်းများကို လန်ဒန်မြို့ ၀ိတိုရိယနှင့်၊ အဲလဘတ်ပြတိုက်တွင် ယနေ့တိုင်ပြသ ထား ဆဲဖြစ်သည်ဟု သိရပါတယ် ၊ ပြန်လည်ရရှိခဲ့သော ပစ္စည်းများ၊ နန်းတွင်းပစ္စည်းများနှင့် မင်းမြောက် တန်ဆာများကို ၊ ယခုရန်ကုန်မြို့ အမျိုးသား ပြတိုက် ပထမထပ်တွင် မင်းခမ်း တော်ပစ္စည်းများ ပြခန်းတွင် ပြသထားရှိ လျှက်ရှိပါတယ်။

မြ၀တီမင်းကြီး ဦးစ၏ မင်းခမ်းတော်ဖွဲ့အလိုအားဖြင့် လက်ယာ မင်းခမ်း တော် ၁၈ပါးမှာ ၁-ကွမ်းတောင်းကြီး၊ ၂-ကွမ်းချပ်သုံးဆင့်၊၃-ကွမ်းလောင်း ကြီး၊ ၄-စလင့်ကြာငယ်၊ ၅-စလင့်ကြာကြီး၊ ၆-နဂါးကွမ်းခွက်၊ ၇-ရှစ်ထောင့်ကွမ်းခွက်၊ ၉-ပန်းတောင် ကြီး၊ ၁၀-မြူတာ၊ ၁၁-မြူတာ(မ)၊ ၁၂-ဖလား၊ ၁၃-တကောင်း၊ ၁၄-ပြတို့၊ ၁၅-သောက်ရေတင်၊ ၁၆-အိုးပြစ်၊ ၁၇-မကန်းကရား၊ ၁၈-နန်းဆွဲအုပ်တို့ဖြစ်ပြီး။

လက်ဝဲမင်းခမ်းတော် ၁၈ခု ကတော့၊ ၁-လက်တင်ကြားကွမ်းခွက်၊ ၂- ခြင်္သေ့ခံ ကွမ်းခွက်၊ ၃-ကွမ်းလောင်းငယ်၊ ၄-သလပ်၊ ၅-သလင်းမြောင်၊ ၆-သစ်တိုင်(တောင်ဝှေး)၊ ၇-ကျပ်လျှား၊ ၈-ခြေနင်း၊ ၉-ဖိနပ်၊ ၁၀-သားမြီးယပ်၊ ၁၁- သန်လျက်၊ ၁၂-တောင်ဝှေး၊ ၁၃- ခြင်္သေ့ခံကရား ၊ ၁၄-အိုး ပြစ်၊၁၅-မေးထောက်၊ ၁၆-ကျီးခြေ၊၁၇- မြူတာ၊ ၁၈-မြူတာ(ဖို)ဆိုပြီး လက်ဝဲ မင်းခမ်းတောင်ကိုလဲ ၁၈ပါးဟု မင်းခမ်းတော်နှင့် ပတ်သတ်ပြီး မြ၀တီမင်းကြီးဦးစက မင်းခမ်းတော် စပ်ဆိုရေးသား ထားသော်လည်း၊ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် လကာင်္ကြီးမှာ ဖြင့်`နှစ်လီပေါင်း မြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်း သည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်း တည်း။´လို့ ၀ဲဘက် မင်းခမ်းတော် ၁၃နှင့် ယာဘက်မင်း ခမ်းတော် ၁၃ဟူပြီး မင်းခမ်းတော်ပေါင်း ၂၆ခုရှိကြောင်းကို ရေးသားစပ်ဆိုထားပါတယ်။

ရွှေဘုံနိဒါန်းလာ မင်းခမ်းတော် ဆိုင်ရာ လကာင်္အပြည့်စုံတွင် အောက်ပါအတိုင်းရေး သားပြဆိုထား သည်ကို တွေ့မြင်ရပါတယ်။
(က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံလျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။
(ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံး စီ တည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော် ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်းတည်း။

နောက်ပိုစ့်များတွင် နန်းတွင်းပုရပိုဏ်ဖြူလာ မင်းခမ်းတော်ရွှေထည် ပစ္စည်းများကို ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြမည်ဖြစ်ပါကြောင်း ဘလော့စာရှု သူအပေါင်းတို့ခင်များ။
ဘလော့စာပေချစ်သူများ ဗဟုသုတကုံလုံ ကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက် ပါတယ်၊ ရွှလန်းချမ်းမြေ့ကြပါစေခင်မျာ။
(အထူးသတင်း- ချန်ဂီဆေးရုံတွင် ဆေးဝါးကုသခံနေသော  မဒမ်ငွေ၏ ကျောက်ကပ်တခြမ်းမှာ လုံးဝပျက်ဆီးသွားပြီ ဖြစ်ပါ၍၊ ရှေ့လတွင် ခွဲစိပ်ကုသမူခံနိုင်စေရန် အားမွေးနေရပါသဖြင့် ဆုမွန်ကောင်း တောင်းပေးစေလိုပါကြောင်း )