Saturday, June 11, 2011

လကြတ်ခြင်း

             
 
                  16-6-2011 နေ့ လကြတ်ချိန် နိရာယနဇာတာခွင်

                 လာမည့် ၁၆-ရက်နေ့တွင် လကြတ်မည့်ပုံ အနေထား
မြန်မာနှစ် ၁၃၇၂ခုနှစ်၊ နယုန်လပြည့်နေ့ ခရစ်နှစ်၂၀၁၁ခုနှစ်၊ ကြာသပတေးတွင် လအပြည့်စုံ ကျတ်ခြင်း (Total eclipse) ကောင်းကင်ယံတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း ။ မြန်မာနိုင်ငံမှ နတ္တခတ္တဝေဒ ပညာရှင် ဆရာကြီး ဦးလှမောင်၏ တူ ဆရာကာလာစန်၏ သံဒိဋ္ဌ နေ့စဉ်ဂြိုလ် သွားပြက္ခဒိန် ၁၃၇၂ခု (၂၀၁၁ - ၂၀၁၂) နှစ်တွင် ရေးသားဖော်ပြထားသည်။

ဖော်ပြပါ နေ့ရက်တွင် ကြတ်မည့် လကြတ်ခြင်းအခြင်းရာကို ၊ အာရှ၊ အာဖရိက၊ ဥရောပ အချို့၊ သြစတေးလျ၊ အမေရိကအချို့၊ ပစိဖိတ်အချို့၊ အိန္ဒိယသမုဒ္ဒရာနှင့်၊ တောင်အတ္တလန္တိတ် တို့မှ သက်ဆိုင်သလို မြင်ရမည်ဖြစ်သည်။

မြန်မာစံတော်ချိန် နံနက် ၁နာရီ၊ ၆ မိနစ် ၄၈စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၇၉ဒီကရီ၊ ၅၄မိနစ်၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၁၈မိနစ်တွင် အိန္ဒိယသမုဒ္ဒရာတွင် စတင်ကြတ်ပြီး နံနက် ၂နာရီ ၅၄မိနစ်၊ ၂၄စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၅၄ ဒီဂရီ၊ ၂၀ မိနစ်နှင့် ၊ တောင် လတ္တီတွဒ် ၂၃ဒီဂရီ  ၂၃မိနစ်တွင် မာဒါဂါစကာ အနီးတွင်  လအပြည့်အစုံကြတ်၍  လကြတ်ခြင်း၏ အလယ်သို့ရောက်လျှက် နံနက် ၄နာရီ ၊ ၃၆ မိနစ်၊ ၄၈ စက္ကန့်တွင် လသည် အရှေ့ လောင်ဂျီတွဒ်  ၂၉ဒီဂရီ ၊ ၁၃မိနစ်နှင့် ၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၃၂ မိနစ်တွင် တောင်အာဖရိက  ကရက်စတိုရီး ယားမြို့ အနီးတွင် လကြတ်ခြင်းပြီးဆုံးမည်။
လကြတ်ချိန် စဆုံး ၃နာရီ ၃၀မိနစ်ကြာပြီး၊ သီးသန့်အပြည့်ဝကြတ်ချိန် (Duration of total obs curation) ၁နာရီ ၂၇ မိနစ်ကြာမြင့် မည်ဖြစ်ပါသည်။

နိရာယနဇာတာဂြိုလ်ခွင်၌ ဗြိစ္ဆာရာသီမှ ဓနုရာသီသို့ စန်းခေါ် တနလာင်္ဂြိုလ် လမင်းကူးပြောင်းခါစ ဓနုရာသီ -၀-အံသာ-၅- လိတ္တာတွင် လကြတ်ရာ မိဿရာသီ-(Ascendant) ၁၉ အံသာ- ၅၈ လိတ္တာ၊ မူလနက္ခတ်နှင့် ဓနုစန်းယှဉ်၍ လကြတ်ခြင်းဖြစ်သည်၊ ထိုလကြတ်ခြင်း၏ အကျိုးအပြစ်ကို ဂရင်းနစ်စံချိန် အနောက်နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်အရ ၆-လအတွင်းအကျိုးအာနိသင် ရှိသည်ဟု ၁၆၉၇ခုနှစ်က စ၍ လန်ဒန်မြို့တွင် ထုတ်ဝေခဲ့သော Foulsham’s Almanac နှင့် ၁၈၂၀ ခုနှစ်က စတင်ထုတ်ဝေခဲ့သော Raphael’s Almanac ၊ ၁၈၃၀ခုနှစ်လန်ဒန်မြို့မှ ထုတ်ဝေ ခဲ့သည့် Zadkiel’s Almanac ၊ Raphael’s Mundane Astrology စာအုပ်များက တညီတညွတ်တည်း ဆိုထားကြပါသော်လည်း။

မြန်မာစံတော်ချိန် အရှေ့နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်တို့နှင့် တွက်ချက်ထားသည့် ကန်ဦးမူသံ ဒိဋ္ဌပြက္ခဒိန်၊ ဆင်တဲမူ သံဒိဋ္ဌ ၊ ဆရာကာလန်စန်၏ နေ့စဉ်သုံး သံဒိဋ္ဌ ၊ နက္ခတ္တဝေဒ ပညာရှင် ၀ဏ္ဏကျော်ထင် ဆရာကြီး ပျဉ်းမနား ဦးသန်းမောင်၏ နေကြတ် လကြတ်ဆိုင်ရာ ဟောပြော ချက်များတွင် ယခုကဲ့သို့ လကြတ်ခြင်းမျိုးကို ၂လအတွင်း ဆိုးပြစ်ကောင်းကျိုးရှိကြောင်း မှတ် သား ရပါသည်။

ယခုလကြတ်မှု့၏ နိုင်ငံအလိုက် ဆိုးကျိုးမှာ အမေရိကန်ပြည်ထောင်စု နှင့် ဆက်စပ်သည့် ပြည်နယ်များ ၊ တောင်အာဖရိက ဒေသတချို့တို့တွင် မုန်တိုင်းများ ၂လအတွင်း တိုက်ခတ် ပါလိမ့်မည် ၊ မြန်မာ နိုင်ငံအတွက်ကား ရခိုင်ကမ်းလွန် နှင့် မုတ္တမ ဒေသများသို့ မုန်တိုင်းများ အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းတွင် ပျက်ပြယ်ပါလိမ့်မည်။ သြစတေးလျ ပြည်နယ်များနှင့် ၊ အိန္ဒိယ ပြည်နယ်ကြီးများတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်ပြီး အနီးအပါး နိုင်ငံများ ဒေသများသို့ ရွေ့လျားပါလိမ့်မည်။ မြန်မာပြည်တွင် လျှပ်စီးမိုးကြိုး များ မကြာခဏ ဖြစ်ပေါ်ခါ  နောက်ဆက်တွဲမုန်တိုင်းများပါ တိုက်ခတ်မည်ဟု ခန့်မှန်းရပါသည်။

လူတဦးခြင်း၏ ဆိုးကျိုးကောင်းပြစ်မှာ ယေဘုယျ အားဖြင့် တနလာင်္ သားသမီးများ အထူးမကောင်းဟု မှန်းဆရပါသည်၊ ဓာတ်လိုက်ခြင်း၊ ယာဥင်္တိုက်မှု့၊ အလုပ်အ ကိုင်ကြပ် တည်းခြင်း၊ နေရာပြောင်းရွေ့ရခြင်း၊ နှလုံး၊ သရက်ရွတ်၊ အူ ၊ စသော ၀မ်းတွင်း အနာရော ဂါများဖြင့် ဆေးရုံတတ်၍ ဆေးကုသမှု့ခံယူနေသူ  ဖြစ်ပါက အသုံးဆုံးရှုံးနိုင်ပါသည်၊ ဆေးရုံတတ် ရောက် နေ သူမဟုတ်ပါက ထိုရောဂါများကို သတိထားရန်ဖြစ်ပါသည်။

နေကြတ်လကြတ် ခြင်းသည် ဖြစ်ပေါ်သည့် ရာသီ ဘာဝနှင့်ဆိုင်သည့် ထူးခြားမှု့ဖြစ်မည်ဟု W Gorn old ရေးသားသည့် `နေကြတ် လကြတ် သီအိုရီနှင့် လက်တွေ့စာအုပ်´ကမိန့်မှာ ထားသလို
ကမ္ဘာကျော် အင်္ဂလိပ်နက္ခတ်ဗေဒင်ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်သော Alan leo ရေးသားပြုစုသော ဗေဒင်အဘိဓာန်ကို ဆက်လက်ပြုစုသူ V.E Robson က မူလဖွားဇာတာရှိလဂ်၊ စန်း (တနလာင်္)၊ တနင်္ဂနွေဂြိုလ်နှင့် အခြားဂြိုလ်များ ၊ ၁၀ဘာဝတို့အပေါ် နေကြတ်ခြင်းသည် ဇာတာရှင်အတွက် ထူး ခြားမှုဖြစ်စေတတ်ပြီး၊ မူလဖွားဇာတာရှိ ဂြိုလ်တလုံးအပေါ်သို့၊ ကောဇာ နေကြတ် လကြတ် ခြင်းသည်  ဆိုးကျိုးသက်ရောက်မည်ဖြစ်သည်။

မွေးဇာတာရှိ မူလကြာသပတေး ဂြိုလ်အပေါ် နေကြတ်လကြတ်ပါက တခါတရံ ကောင်းကျိုးသက် ရောက်စေပြီး၊ မူလသောကြာဂြိုလ် အပေါ် ကြတ်လျှင် သာမန်ကောင်းကျိုးသက်ရောက်မှု့ ရှိမည် ဖြစ်သည်၊ လဂ်၊ စန်း တနင်္ဂနွေ ဂြိုလ်ပေါ်သို့ နေလကြတ်ခြင်းသည် အဆိုးဆုံးဖြစ်သည်၊ ဇာတာရှင် ၏ ကျမ်းမာရေးကို ထိခိုက်စေတတ်ပြီး အသက်အန္တရာယ်ကို ဖြစ်စေတတ်သည်ဟု ဟော ဆိုပါ  တယ်။

မြန်မာ နက္ခတ္တပညာရှင်ကြီး ၀ဏ္ဏကျော်ထင် ဆရာကြီးပျဉ်းမနား ဦးသန်းမောင်ကလည်း ၄င်းနည်း တူဟောဆိုထားသည်ကို မှတ်သားရပါတယ်။ ထို့အတွက် ကြောင့် ယခုနှစ် လကြတ်ခြင်းသည် တနလာင်္သားသမီးများ အတွက် မကောင်းသလို ၊ ဖော်ပြပါ နိုင်ငံကြီးများ အတွက်နှင့် အမိမြန်မာ နိုင်ငံ ရခိုင်ကမ်းလွန်ဒေသ များသည်လည်း မကောင်းပါကြောင်း မှတ်သားမှိသမျှ ဖောက်သယ် ချလိုက်ရပါတယ်။

(အလားတူ လကြတ်ခြင်းမျိုးကို လာမည့်ဒီဇင်ဘာ ၁၀ရက်နေ့တွင် ထပ်မံ ဖြစ်ပေါ်အုံးမည်ဟု ဆရာကာလာစန်၏ နေ့စဉ်ဂြိုလ်သွားပြက္ခဒိန် (Ephemeris) (2011-2012) တွင်ရေးသား ဖော်ပြ ထားပါတယ်)

ဘလော့စာရှု့သူများ ဝေဒဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။