Tuesday, October 11, 2011

ဝင်ငွေအကောင်းဆုံး အမျိုးသမီး အော်ပရာဝင်းဖရေး

 

 
အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် နာမည်ကျော်ကြားနေသော အော်ပရာဝင်းဖရေးသည် ယခုနှစ်၏ ၀င်ငွေအကောင်းဆုံးသော အမျိုးသမီး အနုပညာရှင်များစာရင်းတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်တွင် ကိုယ်ပိုင်ရုပ်သံလိုင်းကို တင်ဆက်နိုင်ခဲ့သည့် ၀င်ဖရေးသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၂၉၀ ကျော်ရရှိခဲ့ပြီးနောက် ၀င်ငွေအကောင်းဆုံး အမျိုးသမီးအနုပညာရှင် တစ်ဦးနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဝင်ငွေအကောင်းဆုံး အနုပညာစာရင်းကို Forbes Megazine မှ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၁ မေလ အတွင်း ရရှိခဲ့သော ၀င်ငွေများကို မူတည်ပြီးတွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွက်ချက်ခဲ့သော စာရင်းအရ ပေါ့ပ်အဆိုတော် လေဒီဂါဂါမှာ ၀င်ငွေအကောင်းဆုံး ဒုတိယနေရာတွင်သာ ရှိနေခဲ့ကြောင်း သိရသည်။

လေဒီဂါဂါအနေဖြင့် ၀င်းဖရေး၏ ၀င်ငွေကို မည်သို့မျှ မီနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်အတွင်း လေဒီဂါဂါ၏ ၀င်ငွေမှာ အမေရိကန်ဒေါ်လာသန်း ၉၀ ဖြစ်သည်။

လေဒီဂါဂါကို အမေရိကန်ဒေါ်လာသန်း၂၀၀ကျော် ဖြတ်ထားနိုင်ခဲ့သော ၀င်းဖရေး၏ ၀င်ငွေအများစုမှာ ယခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော OWN ရုပ်သံလိုင်းမှ တစ်ဆင့် ရရှိခဲ့သော ၀င်ငွေများကြောင့် ဖြစ်ပါသည်။ OWN သည် ၀င်းဖရေးပိုင်ဆိုင်သည့် ရုပ်သံလိုင်းဖြစ်ပြီး ထိုအစီအစဉ်မထုတ်လွှင့်မီကပင် ကြော်ငြာအမြောက်အမြား ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဝင်ဖရေးနှင့် လေဒီဂါဂါတို့ပြီးနောက် ၀င်ငွေအကောင်းဆုံး တတိယနေရာတွင်ရှိနေသော အမျိုးသမီးမှာ ဘတ်တနီဖရန်ကယ် ဖြစ်ပါသည်။ ဖရန်ကယ်မှာ Real Housewives of New York ရုပ်သံဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင် တစ်ဦးဖြစ်ပြီး ယခုနှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၅ သန်း ရရှိခဲ့သည်။

စူပါမော်ဒယ် ဂျီဆဲဘန်ချမ်၊ အဆိုတော် တေလာဆွဖ် နှင့် အယ်လန်ဒီဂျန်နရစ်တို့မှာ ၀င်ငွေအမေရိကန်ဒေါ်လာ ၄၅ သန်းစီဖြင့် အကောင်းဆုံး စတုတ္တ နေရာတွင် ရှိနေခဲ့ကာ ကေတီပယ်ရီမှာ ၀င်ငွေအကောင်းဆုံး အဠမနေရာတွင်သာ ရှိနေခဲ့သည်။

Weekly Eleven Journal မှ ကူးယူဖော်ပြသည်။