Sunday, January 30, 2011

လ၌ဖြစ်သော နိမိတ်လက္ခဏာ


ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ တစ်သွယ် ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ်နိမိတ် အဟော တည်း။
ဟူ၍ လတွင်ဖြစ်တတ်သော နိမိတ်လက္ခဏာများကို ၊ နတ်စက်ရောင်ဆရာတော်မှ သူ၏နတ်စက် ရောင်သိုက်စာတွင် ၊ အထင်အရှားရေးသားထားပါတယ်။ ဆိုလိုရင်းကတော့ လဟာ ၀ိုင်းဝိုင်းစက် စက်ထွန်းလင်းတောက်ပမနေဘဲ၊ အပိတ်အဖုံးများနှင့် မှောင်ပိတ်နေတာကို ဆိုလိုပါတယ်။ လဟာ အိမ်ဖွဲ့လျှင် အလင်းရောင် မရတော့ဘဲ ၊ မှောင်ပိတ်နေတတ်ပါတယ် ၊ ဒါကိုပင် ပညာရှင်များက လကြတ်သည်ဟု သုံးနှူံးတတ်ကြပါတယ်။
ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဆိုတာ ကတော့ တနင်္ဂနွေနေ့မှာ လကြတ်တယ်ဆိုရင် ပြည်ထဲအရေး သာယာဝပြောတတ်တယ် လို့ဆိုပါတယ်။
ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ ဆိုတာက ဗျ ဂ္ဃလို့ခေါ်တဲ့ ကျားနေ့ တနည်း တနလာင်္နေ့မှာ နေကြတ်လျှင်ဖြင့်၊ မိုးမရွာဘဲ အဲဒီနှစ်မိုးခေါင်းလိမ့်မယ်လို့၊ ဆိုလို ပါတယ်။
ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ အင်္ဂါနေ့ ကြတ်လျှင်တော့ မိုးမကောင်းပါဘူးတဲ့ခင် မျာ၊ မိုးရွာခဲ့လျှင်လဲ ရွာကာမတ္တမျှသာ ရှိပြီး ရေမပါလို့မို့ ကောက်ပဲသီးနှံများ ပျက်စီးမယ်လို့ ဆိုလို ပါတယ်။
ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ဆိုတာကတော့ ဗုဒ္ဓဟူးနေ့မှာ လကြတ်ပြီဆိုလျှင်တော့၊ တိုင်းခန်းပြည်ရွာ သာယာလိမ့်မယ်လို့ဆိုပါတယ်။
ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ ဆိုတာကတော့ ဂုရုခေါ် ကြာသပတေးနေ့မှာ လကြတ်ရင်ဖြင့် တိုင်းတစ်ပါးကသော်လည်းကောင်း၊ မိမိတိုင်းပြည်ထဲ ကသော်လည်းကောင်း သမီးကညာတို့၊ ရတနာဆင်ဖြူတို့ ဆိုက်ရောက်လာတတ်တယ်လို့ ဆိုလို ပါတယ်။
တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ ဆိုတာကတော့ သောကြာနေ့ လကြတ်လျှင်၊ လက်ဆောင် ဆက်သရလာမယ်လို့ ဆိုလိုပါတယ်။
မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ် နိမိတ် အဟော တည်း။ ဆိုတာကတော့ စနေနေ့ လကြတ်လျှင်တော့ တိုင်းပြည်ကြီးငယ် ပျက်ဆီး မယ်လို့ ဆိုလိုပါတယ်။ အခုရေးခဲ့တဲ့ အကြောင်းအရာများဟာ အဘိုးမှတ်စုမှ ကူးယူဖော်ပြခြင်း သာဖြစ်ပါတယ်၊ မှားသည်မှန်သည် ကျွန်တော်မသိပါ ၊ တတ်သိသော ပညာရှင်များ ဒီစာကို ဖတ်မှိ ပါက ၊ ထောက်ပြဝေဖန် ပြောဆိုနိုင်ပါကြောင်း။
ဘလော့စာရူသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့က ဆုတောင်း လိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Thursday, January 27, 2011

နေ၌ ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာ

ရ၀ိခေါ်တုံ၊ ရက်ဂဠုန်၌ ၊ ရောင်ဟုန်ထွန်းပ ၊ သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ မှတ်ရန်ထိုပြီး၊ တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။
လို့ နေမှာဖြစ်တဲ့ နိမိတ်လက္ခဏာများ အကြောင်းကို နတ်စက်ရောင်ဆရာက မင်းပြောင်းမင်းလဲ လက္ခဏာများဆိုပြီး၊ ရေးသားစပ်ဆိုထားပါတယ် ၊  နေသွားပုံကိုကြည့်ပြီး ၊ စပ်ဆိုထားပုံပါ ၊ ဝေဒပညာ မှာ ၊ နေဟာ ဂြိုလ်တွေကို နေ့စဉ်လှည့်ပတ်ပါတယ် ၊ ဂြိုလ်တစ်လုံး ဒါမှမဟုတ် ၊ ဘာဝတစ်ခု ကို တစ်ခါ ဖြတ်သွားဘို့ ၊ နေဟာ ၂နာရီခွဲကြာပါတယ် ၊ နေကိုတော့ စန်းလို့ခေါ်ဆိုပါတယ် ၊ တရံတခါမှာ စန်း လို့ခေါ်တဲ့ နေဟာ အိမ်တစ်အိမ်ပြီး တစ်အိမ်အစဉ်လိုက်မသွားဘဲ ၊ တနေရာထဲမှာ ရပ်တန့်နေတာကို အိမ်ဖွဲ့တယ်လို့ ခေါ်တာဖြစ်ပါတယ် ။
သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ ဆိုတာက နေဟာ တနင်္ဂနွေကိုဖြတ်ပြီး တနလာင်္ကိုမသွားဘဲ ၊ သူရဇ္ဇလို့ခေါ်တဲ့ တနင်္ဂနွေအိမ်မှာဘဲ ရပ်တန့်နေပါတယ် ၊ အဲသလို ကောင်းကင်မှာ နိမိတ်ဖြစ်ပေါ်နေပြီးဆိုရင်၊ မြေပြင်မှာ မီးလောင်ကျွမ်း တတ်ပါသတဲ့။
မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တနလာင်္မှာ အိမ်ဖွဲ့နေရင်တော့ဖြင့်၊ တိုင်းတစ်ပါးက သမီးကညာဆက်သမယ်လို့ ဆိုပါတယ် ။
တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ အင်္ဂါအိမ်မှာ စန်းရှိရင် တော့ မင်းလောင်းရာဇာ ရောက်ရှိမယ်လို့ဆိုပါတယ် ။
တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဗုဒ္ဓဟူးမှာ အိမ်ဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်တွင်းမှာ ပြည်တွင်း စစ်မက်ပေါ်ထွက်မယ်လို့ဆိုပါတယ်။
ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ ဆိုတာကတော့ ကြာပတေးအိမ်မှာ စန်းကလာဖွဲ့နေပြန်ရင် တော့ ၊ တိုင်းခန်းပြည်ရွာမှာ အပြစ်ဘေးဒဏ် တွေမသင့်ဘူး လွတ်ငြိမ်းချမ်းသာခွင့်တွေဘာတွေ ရမယ်ဆိုပါတယ်။
တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ သောကြာမှာ အိမ်ဖွဲ့ပြန်ရင်တော့ ၊ အဝေး ရက်ရွာက၊ ရတနာတွေဆက်သ ရောက်ရှိလာမယ်လို့ဆိုပါတယ်။
ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ စနေမှာ စန်းဟာ အိမ်လာဖွဲ့နေပြန် ရင်တော့ ၊ တိုင်းခန်းပြည်ရွာ ချမ်းသာမယ်လို့ဆိုပါတယ်။
ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။ ဆိုတာကတော့ စနေအိမ်မှာ စန်းဟာ မွန်းမတည့်မှီ ၊ စပြီးဖွဲ့တယ်ဆိုရင်တော့ မိန်းမတွေမှာ ဘေးအန္တရာယ် ရှိပြီး ၊ မွန်းတည့်ချိန်မှာ အိမ်လာဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် သူနဲ့ အမတ်ကြီးများ မကြာမှီ အန္တရာယ်ဖြစ်ပြီး ၊ နတ်ရွာစံ ကံတော်ကုန်မယ်လို့ ဆိုပါတယ်။
ဘလော့စာရှုသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်း လိုက် ပါတယ် ခင်မျာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, January 26, 2011

မင်းပြောင်းလဲခါနီး ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာ

နိဒါန်းမင်္ဂလာ၊စည်ထွန်းဖြာပိမ့်၊ ချုပ်ချာဧကရာဇ်၊ဘုန်းသစ်တတ်ဖြိုး၊စောသတိုးတို့၊ တန်ခိုးစည်းစိမ်၊ ရွှေအိမ်ရွှေနန်း၊ စံမြန်းစဉ်မှ၊ အနိစ္စသို့၊ ရောက်ရလိုသော်၊ ထင်ပေါ်နိမိတ်၊ အကြောင်းဟိတ်ကား။ အရိပ်ပြန်သွား၊ ဘုရားပုထိုး၊ တန်ခိုးရောင်ခြည်၊ ထွက်သည်ထင်မြင်၊ ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊ လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုလ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဂ္ဃ စရိယာ၊ သီဟစာတုံ၊ နိယတုံမှီး၊ မြေကြီးငလျှင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ အညာရေစီး၊ နတ်သမီးကမ်းပြို၊ နေ့ကိုကြယ်မြင်၊ နန်းတွင်းပျားစွဲ၊ ပျံဝဲလင်းတ၊ နားကျနန်းဦး၊ ဘီလူးကိုယ်ထင်၊ အမြင်ပြသွား၊ သားတစ်သွေးခဲ၊ သဲသဲဖြိုးစွာ၊ မိုးရွာကျောက်ခဲ၊ တောင်ကွဲထက်ခြမ်း၊ ကမ်းကို လွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊ ကြီးမားရောက်လာ၊ အိမ်ရာခဲပစ်၊ မြစ်ရေကမ်းဖို့၊ တောင်ပို့ရွေ့တွား၊ နဂါးပေါ်ထွက်၊ ဒိန္နက်သင်္ကြန်၊ ကြယ်ပျံကြယ် ပျောက်၊ အောက်သို့ကြွေကျ၊ လကိုကြယ်ထွင်း၊ ကြယ်ချင်းထိခိုက်၊ ရှေး၌စဉ်လာ၊ ဖြစ်ဖူးရာကို၊ ရာဇ၀င်ကြောင်း၊ စာဟောင်းအ ထွက်၊ သီးကုံးမြွတ်သည်၊ လေ့ကျတ်မှတ်ကုန် ရာသတည်း။
ဟူ၍ မင်းပြောင်းမင်းလဲ ဖြစ်ပေါ်ခါနီးတွင် နိမိတ်လက္ခဏာများကို ရှေးပညာရှိကြီးများ စပ်ဆိုသီကုံး ထားခဲ့ကြပါသည်၊ ပြည်ရွာပျက်တာ မင်းပြောင်းမင်းလဲ ဖြစ်တာတွေဟာ တခုနဲ့တခုစပ်စပ်မှုရှိ ကြ တယ်လို့ ဆိုပါတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတခုခုဖြစ်ပြန်ရင် ပြည်ရွာမှာ တခုခုဖြစ်တတ်သလို ပြည်ရွာမငြိမ်မ၀ပ် ဖြစ်တဲ့အခါမှာလဲ တိုင်းပြည်အုပ်ချုပ်သူများမှာ တခုခုဖြစ်တတ်ပါတယ်၊ ရတုပိုဒ် ပါ အဓိပ္ပါယ် တချို့ကို ကျွန်တော်အကုန် နားမလည်ပေမဲ့ နားလည်သလောက်တော့ ခတ်ဆစ် သဘောမျိုး ရေးသားပါ့မယ် ၊ မင်းပြောင်းမင်းလွဲ ဖြစ်တယ်ဆိုတာ လက်ရှိတိုင်းပြည်အုပ်ချုပ်တဲ့ မင်းသေတာ (နတ်ရွာစံ) ၊ ဒါမှမဟုတ် လက်ရှိမင်းထံမှ အရိုက်အရာ တိုင်းပြည်အုပ်ချုပ်ခွင့် အာဏာ ကို လုယူတာမျိုး ၊ တွေနဲ့ အကြုံးဝင် သက်ဆိုင်တယ်လို့ ဆိုပါတယ် ။
မင်းပြောင်းတော့မယ်ဆိုရင် လက်ရှိဘုရင်ကြီး နတ်ရွာစံကံတော်ကုန်တော့မယ် ဆိုရင်ဖြင့် နိုင်ငံ နဲ့အ၀န်းမှာ တည်ထားကိုးကွယ်တော်မူတဲ့ ဘုရားစေတီများ အရိပ်ထွက်ပါတယ် အခိုးလွတ်ပါ တယ် ၊ အခိုးလွတ်တယ်ဆိုတဲ့ နေရာမှာ ဘယ်အချိန်လွတ်ရင် ဘယ်နှစ်လအတွင်း ဘယ်အချိန် လွတ်ရင် ဘယ်နှစ်ရက်အတွင်း စသဖြင့် ရှေးပညာရှင်မျာ ရေးသားထားသည့် အမှတ်အသား တွေက စပ်ဆိုထားတဲ့ လင်္ကာပါ။ ဦးကုလားရဲ့ မှန်နန်းရာဇ၀င် မှာ ဘယ်မင်းသေတုန်းက ဘယ်ဘုရားအရိပ်ထွက်တယ် ၊ ဘယ်ဘုရား အခိုးလွတ်တယ်နဲ့ တခမ်းတနား ရေးသားဖော်ပြထား တာကို မှန်းနန်းရာဇ၀င်မှာ  ဖက်မှတ်ဖူးပါတယ်။
ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊ ဟူသော အဓိပ္ပါ့ယ်ကတော့ ကောင်းကင်တခုလုံး ဝေမှိုင်းနေတတ်သလို မုန်တိုင်းအချိန် အခါမဟုတ် ကျရောက်မဟုတ်ကျခြင်း ၊ လေပြင်းတိုင်းခြင်း နေနှစ်စင်းထွက်သလောက် ပူပြင်းခါ ရာ သီဥတုဖောက်ပြန်ခြင်းတို့ကို ဆိုလို ပါတယ်။

 လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုလ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဂ္ဃ စရိယာ၊ သီဟစာတုံ၊ နိယတုံမှီး၊ ဆိုတဲ့အဓိပ္ပါယ်ကတော့ တနင်္ဂနွေဂြိုလ် ၊ တနလာင်္ဂြိုလ် ၊ အင်္ဂါဂြိုလ် ၊ ကြာသပတေး ဂြိုလ် ၊ သောကြာဂြိုလ် ၊ စနေဂြိုလ် ၊ စန်းဂြိုလ် စသော ဂြိုလ်၈ခုဟာ သွားရိုးသွားစဉ်လည်ပတ် သလိုမဟုတ်ဘဲ ၊ ခုန်သွားတာမျိုး ၊ ရှေ့သွားမလိုလိုနဲ့ နောက်ပြန်သွားတာမျိုး ၊ ရှေ့မသွားနောက် မသွားဘဲနဲ့ ၊ ဘာဝတခုမှာ ရပ်တန့်နေတာမျိုးကိုဆိုလိုပါတယ်။
မြေကြီးငလျှင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ ဆိုတဲ့အဓိပ္ပါယ်ကတော့ မြေငလျှင်လှုတ်တတ်ပါ တတ်ပါတယ် ၊  မြေကြီးတွေ အက်ကွဲတတ်ပါတယ် မိုးရာသီမျိုးမှာ အက်ကွဲတာမျိုးပါ တော်လဲ တယ်ဆိုတာကတော့ လေတိုက်သံလိုလို ကမ်းပြိုသံလိုလို အသံမျိုးကို ညကြီးအချိန်မတော် ကြားနေရ တတ် တာမျိုးပါ။
 အညာရေစီး၊ နတ်သမီးကမ်းပြို၊ ဆိုတာမျိုးကတော့ အထက်အညာဒေသမှာ ရေဟာ တဖက်ကို သာစီးဆင်းပါတယ် ၊ အတတ်အကျမရှိပါဘူး အောက်မြန်မာပြည် တ၀န်းမှာသာ ရေတတ်ခြင်း ရေ ကျခြင်းဆိုတာရှိပါတယ် ၊ မင်းပြောင်းမင်းလွှဲဖြစ်တော့မယ်ဆိုရင်တော့ အစုန်အဆန်ဆိုပြီး အထက် အညာတွေဒေသ တွေမှာ ဖြစ်လာပါတယ် ။
 နေ့ကိုကြယ်မြင်၊ ဆိုတာကတော့ ကြယ်ဆိုတာ ညပိုင်းသာ မြင်ရစမြဲဖြစ်ပေမဲ့ နေ့ခင်ကြောင် တောင်ကြီးတောင် ကြယ်တွေအလုံးရေ တွက်လို့ရအောင် မြင်နေရမယ်လို့ဆိုလိုပါတယ်။
နန်းတွင်းပျားစွဲ၊ ပျံဝဲလင်းတ၊ နားကျနန်းဦး၊ ဘီလူးကိုယ်ထင်၊ အမြင်ပြသွား၊ ဆိုတာကတော့ ပျားဆို တာ အိမ်တို့ ကျောင်းတို့ နန်းတွင်းစတဲ့ ဆွဲလို့ရတဲ့နေရာတိုင်း ဆွဲပါတယ် ၊ သို့သော်မစွဲသင့်တဲ့ နေရာတွေမှာ စွဲနေတာမျိုးကိုဆိုလိုတာပါ ၊ လင်းတလဲထို့အတူပါ လင်းတဆိုတာ အိမ်တို့ ကျောင်းတို့မှာ မနားကောင်းမှာ ၊ နားလာမယ်ဆိုရင်တော့ အပြောင်းအလဲဖြစ်တတ်ပါတယ် ၊ ဘိုး တော်ဘုရားလက်ထက်တော်အခါက နန်းဦးစမုတ်မှာ လင်းတနားလို့ အယူတော်မင်္ဂလာဦးနိုးကို နိမိတ်ကောက်ခိုင်းတော့ အမျိုးသမီးကညာ ၁၁ရက်အတွင်း ဆက်သပါမယ်လို့ ၊ လျှောက်ထားဘူး ကြောင်း အယူတော်မင်္ဂလာလျှောက်ထုံးမှာ မှတ်သားဖူးပါတယ် ၊ ဒါကြောင့် မနားသင့်တဲ့နေရာ မှာ နားတာကိုသာ ဆိုလိုတာဖြစ်ပါတယ် ၊ ဘီလှူးကိုယ်ထင် ဆိုတာကတော့ နန်းတော်စမုတ် မုတ်ဦး လှေကားဦးတို့မှာ ထုလုပ်ထားတဲ့ ပန်းပုရုပ်လုံး ဘီးလူးကြီးများ အသက်ဝင်တာမျိုး မြို့တွင်းရွာတွင်း မှာ ရှိတဲ့ မြို့စောင့်နယ်စောင့် ဘီလူးကြီး တွေကိုယ်ထင်ပြတာကိုဆိုလိုပါတယ် ၊ ပုဂံခေတ်က ပုပ္ပါးရောက်စောရဟန်းမင်း နန်းတတ်စဉ် ၊ တိုင်းပြည်တွင်း မင်းလောင်းပေါ်တယ်လို့ သတင်းကြားလို့ နန်းဦးလေသာပြတင်းမှာ ထွက်ကြည့်နေတုန်း နန်းဦးစမုတ်က ဘီလူးအသက်ဝင် ပြီး ပုပ္ပါးရောက်စောရဟန်းမင်းကို တင်းပုတ်နဲ့ထုသတ်ခဲ့တယ်လို့ ပုဂံရာဇ၀င်မှာ အထင်ရှားဆိုပါ တယ်။
 သားတစ်သွေးခဲ၊ သဲသဲဖြိုးစွာ၊ မိုးရွာကျောက်ခဲ၊ ဆိုတာကတော့ မိုးဟာရေမပါဘဲ သားတစ်တွေ သွေးခဲတွေ ၊ ကျောက်ခဲမိုးရွာတာတွေကို ဆိုလိုတာပါ ။
 တောင်ကွဲထက်ခြမ်း၊ ကမ်းကို လွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊ ကြီးမားရောက်လာ၊ ဆိုတဲ့ သဘောကတော့ တောင်တွေပြိုကျတာ ၊ ရေတွေကြီးတာ ရေကြီးတဲ့အထဲ မကန်းတွေ ငါးကြီး လိပ်ကြီးတွေပါလာတာ ပေါ်တာကိုဆိုလိုတာပါ ။
အိမ်ရာခဲပစ်၊ မြစ်ရေကမ်းဖို့၊ တောင်ပို့ရွေ့တွား၊ နဂါးပေါ်ထွက်၊ ဒိန္နက်သင်္ကြန်၊ ဆိုတာတွေကတော့ အိမ်တွေကို ခဲကျတာ ၊ မြစ်ရေတွေက အချိန်ပြည့် ကမ်းကိုကျော်နေတာ ၊ ခြတောင်ပို့ ပြတောင် ပို့တွေ နေရာရွေ့လျှားတာ ၊ ကောင်းကင်မှာ နဂါးငွေ့တန်းတွေ ပေါ်တာ ၊ မကျသင့်တဲ့ နေ့ရက် တွေမှာ သင်္ကြန်ကျတာတွေကို ဆိုလိုပါတယ် ။
 ကြယ်ပျံကြယ် ပျောက်၊ အောက်သို့ကြွေကျ၊ လကိုကြယ်ထွင်း၊ ကြယ်ချင်းထိခိုက်၊ ဆိုတာကတော့ ကြယ်တွေ မလိုအပ်ဘဲ ပိုမိုကြွေကျတာ ၊ ရှိသင့်တဲ့အရပ်ဒေသမှာ ကြယ်တွေကျည်တွေမရှိတာ ၊ လကိုကြယ်ထွင်းဆိုတာက တော့ လထဲကိုကြယ်တွေဝင်တာ ၊ သူ့လမ်းကြောင်းနဲ့သူသွားနေတဲ့ ကြယ်တွေ ကျည်တွေဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်မသွားဘဲ ပူးသွားတာ အချင်းချင်းတိုက်မှိတာ တွေကို ဆိုလိုတာ ၊ အခုတင်ပြခဲ့တဲ့ လင်္ကာကြီးဟာ ဖြစ်တတ်တဲ့ အကြောင်းရာတွေကို နိဒါန်း မျှ သာရှိပါသေးတယ် ၊ အထက်ပါကိစ္စတွေအားလုံးဟာ မင်းပြောင်းမင်းလွှဲဖြစ်ရင် ဖြစ်ပေါ်တတ်တဲ့ နိ မိတ်လက္ခဏာ တွေသာဖြစ်ပါတယ် ၊ ဒါတွေဖြစ်တိုင်းတော့ မင်းပြောင်းမင်းလွှဲဖြစ်တတ် တာ မျိုးမဟုတ်ပါ ဆိုလိုတာက အထက်ပါအကြောင်းရာတွေကို မဖြစ်သင့်တဲ့နေရာမှာ ဖြစ်မှသာလျှင် မင်းပြောင်းမင်း လွှဲ ဖြစ်တာဖြစ်ပါကြောင်း သိသမျှဖောက်သယ်ချလိုက်ရပါတယ် ၊ အထက်ပါ အကြောင်းရာများရဲ့ အကျယ် ကို နောက်ပို့စ်တွေမှာ ဆက်လက်ရေးသားပါ့မယ်
ဘလော့စာရှုသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်း လိုက် ပါတယ် ခင်မျာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Tuesday, January 25, 2011

ဟလို

စာမရေးဖြစ်တာ ကြာခဲ့ပါပြီ နှစ်စဉ်ဒီဇင်ဘာ ရောက်ရင်ဖြင့် ခရီးသွားချင်တဲ့ရောဂါကို မလွန်ဆန်နိုင် လို့ သွားလိုက်ရတဲ့ခရီး ၊ စကာင်္ပူ မလေး ထိုင်း ၊ စကာင်္ပူကို ရောက်တာတော့ ကြာပေါ့ ၊ စကာင်္ပူ ကိုအခြေပြုပြီး နီးစပ်ရာနိုင်ငံတွေ ကိုလည်လိုက်ပတ်လိုက်တာ ၊ ငွေလဲကုန် ခရီးလည်းပန်းပြီမို့ ဘလော့ ရေးတဲ့ဖက်ကို လှည့်လိုက်ပါအုံးမယ် ၊ ဘလော့မှာလဲ စာကြွေးတွေက တင်နေတော့ ပြောထားတဲ့ မင်းပြောင်းမင်းလွှဲတွင် ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ဆိုတာကို ဆက်ပြီးရေးသားပါ့မယ်။

နောက်တစ်ခုက ကျေးဇူးတင်ထိုက်သူတွေကိုလဲကျေးဇူးတင်ပါတယ် ၊ မစ္စတာမိုးယံရဲ့ ကျေးဇူးကြောင့် စီဘောက်အသစ်လေးရပါပြီ ကျေးဇူးတင်ပါတယ် မစ္စတာမိုးယံ ၊ အရင်စီဘောက်ဟောင်း ကလဲ အစိမ်းရောင် လွင်ပြင်သခင်မ မမချောရဲ့ ကျေးဇူးပါ ၊ အစိမ်းရောင်လွင်ပြင် သခင်မကိုလည်း ကျေးဇူးတင်ပါတယ် ၊ ဒီဘလော့တွေ မှာစာရေးဘို့ စတင်ပြီး ဖြစ်လာတာကတော့ ဘလော့ သူငယ်ချင်းမတစ်ယောက်ပါ သူ့ကြောင့်သာ ဒီလိုစာတွေကို ရေးနိုင်ခဲ့တာဖြစ်လို့ စာရေးတိုင်းသူ့ကို သတိရသလို ၊ ကိုယ်ရေးတဲ့စာတွေကို သူများတွေလာဖတ်ရင်လဲ သူ့ကို ကျေးဇူးအထူး တင်ရပါတယ်။

နောက်တစ်ယောက်ကတော့ ဘလော့ရဲ့ ထာဝရဖောက်သယ်ကြီး စကာင်္ပူနိုင်ငံက တီတီလေး မသဇင်ပါ ၊ အသစ်မရေးမလဲ အမြဲသူလာဖတ်တတ်ပါတယ် ၊ စကာင်္ပူမှာတုန်းကလဲ သူက ဂျော်နီ ဝေါ့ကား အရက်တစ်လုံးနဲ့ဥာဏ်ပူဇော်ဖူးခဲ့သလို ၊ မစ္စတာငွေနဲ့ မဒမ်ငွေကို ဂိုးဒင်းမိုင်းတာဝါမှာ ညစာလိုက်ကျွေးပြီး ၊ ဈေးဝယ်ထွက်ပေးဖူးတဲ့ သူပါ ကျေးဇူးတင်ပါတယ် တီတီ နောက်များကြရင် ဂျော်နီ ဝေါ့ကားအရက်မှ မဟုတ်ဘဲ   အခြားအခြားသော အရက်သေစာ သေရည်သေရက်တို့ ဖြင့် လည်း ကြုံတိုင်းဥာဏ်ပူဇော်နိုင် ပါတယ် ဥာဏ်ပူဇော်တိုင်းကိုလဲ ပက်ပက်စက်စက် လက်ခံပါကြောင်း တပါတည်း အသိပေးလိုက်ပါတယ် ။

နောက်တစ်ယောက်ကတော့ မဒမ်ငွေပါ မစ္စတာငွေမရှိခင်မှာ ဘလော့မှာ သူ့ရဲ့ မဖြစ်ချင်ဆုံး ဆန္ဒများ နှင့် အဖြစ်ချင်ဆုံး ဆန္ဒများ ပိုစ့်ကိုဘလော့မှာတင်ထားလို့ ကျေးဇူးတင်ပါတယ် မဒမ် ၊ မဒမ်လဲ ၂၀၁၁မှာ စာရေး တော်တော်ကောင်းလာပါတယ် ၊ ကြိုးစားပါ မဒမ်  ကြိုးစားရင်တော့ဖြင့် ဒိုးပြားရဖွယ်ရှိပါ တယ် ။ မစ္စတာငွေ မရှိခင် ပိုစ့်အသစ်တွေ မတင်ခင်မှာ နေ့စဉ် စာလာဖတ်ကြတဲ့ မဒမ်ငွေနှင့်တကွ  ၃၁ဘုံ ကျင်လည်ကုန်သော အဲဟုတ်ပေါင် ၊ မဒမ်ငွေနဲ့ တကွ ဘလော်ကာ ဘလော်ကီ အပေါင်း စာဖတ်သူအပေါင်း ကွန်မင့် ပေးသူအပေါင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကျွန်တော်ရဲ့ ဒီဇင်ဘာ ခရီးစဉ်ပြီးဆုံးပြီး ဘလော့ကို ပြန်လည်ရေးသားနေပြီ ဖြစ်ပါကြောင်း ။

အားလုံးရွှင်လန်း ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် မင်္ဂလာပါခင်မျာ…။