Wednesday, August 3, 2011

ငေါင်း


ဟိုအရင်တခါက မိတ်ဆက်ပေးထားပြီးသားပါဗျာတို့ရယ်၊ ကျွန်တော်ရဲ့အဘိုးဟာ စာပေအလွန် အမင်းဝါသနာပါတတ်တော့ သူ့ခေတ်သူ့အခါက ရေးသားထားတဲ့ မှတ်တမ်းမှတ်ရာ တချို့၊ ဟိုခေတ် ဟိုအခါက ရေးသားခဲ့ကြတဲ့ သတင်းစာ ၊ စာနယ်ဇင်း မျိုးစုံတို့က ဗဟုသုတဖြစ်ဘွယ်လေး တွေကို သူ့ရဲ့ အထူလေးလက်မခွဲလောက်ရှိတဲ့ A4 မကျတကျဆိုဒ်နဲ့ ရေးသားထားခဲ့တဲ့ မှတ်စုဆိုတဲ့ စာအုပ်တွေကို အမွေခံဖြစ်တဲ့ သူ့မြေးကျွန်တော်က ရခဲ့ရပေသမို့၊ အဲဒီစာအုပ်တွေ ထဲက စိတ်ဝင်စားစရာ တချို့ကို ဘလော့စာရှု့ သူများကို မျှဝေခြင်းရယ်ပါ၊ မှားကောင်းလည်း မှားပါလိမ့်မယ်၊ မှန်ရင်လည်းမှန်မှာပါ ၊ သို့သော်လည်း ဗဟုသုတကတော့ ဖြစ်မယ်လို့ ကျွန်တော်ယူ ဆမှိပါတယ်၊ သို့သဟာကြောင့် ငွေလမင်း ဘလော့တွင်ရေးသားလိုက်ရပါကြောင်း ဟူလို။

 ငေါင်းဟူသော သတ္တ၀ါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာဝအကောင်လို့ လူတွေက ယူဆ ကြပါတယ်၊ ငေါင်းဆိုတာ ငုံးလိုလို ကြက်လိုလို သတ္တ၀ါ ၊ ခြေတစ်ချောင်းပါသော လူလိုသတ္တ၀ါလို့ အမျိုးမျိုး ပြောကြလေရဲ့၊ တောထဲမှာ ငေါင်းကိုတွေ့လို့ ဖမ်းလိုလျှင် ပိုက်နှင့် မထောင်ရ ၊ ကျော့ကွင်းဖြင့်မဖမ်းရ၊ ငှက်ပျောဖတ်ကို ခင်းပြီးထောင်ဖမ်းလျှင်၊ ချော်လဲသွားလိမ့်မည်ဟု ငေါင်းဖမ်းနည်း ကိုလည်း ကြားဖူးပြန်၏။မြန်မာတိုင်းရင်းဆေးပညာ၏ ထိပ်ခတ်နာ ပျောက်ဆေးတွင်၊ ဒေါင်းရိုး၊ ငေါင်းရိုးတို့ ပါရှိကြောင်းသရသလို၊ တိမ်သလာပျောက်မျက်စဉ်းတွင်လည်း ငေါင်းရိုးပါရှိသည်ဟု မှတ်သားခဲ့ရပြန်ပါတယ်။

ဟုမ္မလင်းနယ်စပ်၊ နန့်တောရွာ၊ ဆင်လမောင်းရွာ၊ ကိုးထောင်ရွာအနီး တောကြီးအတွင်း၊ ငေါင်း ခြေရာတွေ့ဖူး၍၊ မုဆိုးများလိုက်ရှာကြသည်၊ ငေါင်းသည် ခြေတချောင်းထောက်လျှက်၊ သွားတတ် သည်၊ ဦးခေါင်းနောက်စေ့ နေရာရှိ၊ အောက်ချင်းငှက် နှုတ်သီးကဲ့သို့ အချွန်အတတ်ကြီးဖြင့် ကသစ်၊ အိုင်ပင်များ၏ လူတစ်ရပ်ကျော်အမြင့်၌ နေတတ်ပြီး ကြာကြာရပ်တတ်သည်၊ ညဘက်အိပ်သည်၊ ဂဏန်းဘာသာစကားဖြင့်၊ (စောက်ကွန်း-ခြေတချောင်းပါသော အကောင်)ဟု ခေါ်သည်။ ဗန်းမောက်နယ် တောင်ချပ်ကြားကြီးထဲမှ ငေါင်းသေအရိုးများတွေ့ဘူးကြောင်း အရိုးအလျားလိုက် ၁၀တောင်ခန့် ရှည်ကြောင်းပြောကြသည်။

မြန်မာပြည် မြောက်ပိုင်းအင်းတော်မြို့နယ် အတွင်းစုံစမ်းရာ ဆရာတော်တစ်ပါးက ငေါင်းသတ္တ၀ါ ကိုမမြင်ဘူးကြောင်း၊ သို့ရာတွင်လူ ကဲ့သို့သဏ္ဍာန် ခြေတစ်ချောင်းပါရှိကြောင်း ၊ ဒူးဇစ်ကွေး၍ မရကြောင်း၊ သစ်ပင်မှီလျှက်၊ မတ်တပ်အိပ်တတ်ကြောင်း၊ ပြေးရာတွင် အလွန့်လွန်မြန်သည်ဟု ကြားဖူးကြောင်း မိန့်ကြားသည်။ မြစ်ကြီးနားခရိုင်၊ ကောက်ကွေ့ချောင်းဖျားသို့ ဆင်ခေါင်းဦးစီး ရစ်ဆင်သွားရှာရာ နောက်စေ့တွင် အချိန်အတတ်ကြီးပါပြီး ခြေတစ်ချောင်းဖြင့် ခုန်ပေါက်ထွက်ပြေးသော ငေါင်းသတ္တ၀ါကို မြင်လိုက်ဖူးကြောင်း ကြားရသည်။

၁၉၅၅ခုနှစ်ခန့်တွင် မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ်၊ ဆယ်လောက်ရွာနှင့်၊ ၁၃မိုင်အကွာ က၀ါးပွန်း ရွာမှ ရှေ့တည့်တည့်တောကြီး အတွင်းရွာမှ နှစ်မိုင်ခွဲခန့်အကွာတွင် ၀ဂျစ်ခန်ဆိုသူသည်၊ အိမ်ဆောက်ရန် သစ်ပျဉ်များရှာဖွေသည်။ သစ်သားသပ်ရိုက်ပြီး အိမ်ပြန်ခဲ့သည်၊ နောက်တနေ့ တောထဲပြန်သွားသည်၊ သပ်ကိုဆွဲနှူတ်ရာတွင် လက်တစ်ဖက်က သပ်ရိုက်ထားသော ကွဲကြောင်းအတွင်း နှိုက်မှိ၍ လက်ညပ်အော်ဟစ်နေသော ငေါင်းတစ်ကောင်ကို တွေ့ရသည်။ ဆယ်လော်ရွဲာစခန်းမှ ရဲအုပ်စိန်ခါးကန်နှင့် ရဲသားတစ်ဦး ကျောင်းဆရာ လှဖဲအလီဘူတို့ လိုက်သွားပြီး ကြိုးချည်ဖမ်းဆီးခဲ့သည်။

ဆယ်လော်ရွာ စခန်းတွင် တစ်ညထားပြီး မြစ်ကြီးနား သစ်တောရုံးသို့ ပို့ရန် စီစဉ်သည်။ နံနက်တွင် သေဆုံးသွားသည်၊ ထိုငေါင်း၏၊ ကိုယ်အင်္ဂါသည် ပြားချပ်သည်။ လက်မောင်းထွားကျိုင်းသည်။ အရပ်ငါးပေတစ်လကမရှိသည်၊ ဒူးဇစ်မရှိ၊ ခြေဖ၀ါး အနောက်လည်နေပြီး ဖနောင့်သည် အရှေ့ဘက်သို့ ရောက်နေသည် ခါးတစ်ဆစ်နှင့် ခြေမျက်စိ တစ်ဆစ်သာရှိသည်။ နဖူးသည် ခြောက်လက်မကျော် ကျယ်ပြီး ပြောင်နေသည်။ မေးကောက်သည် ခေါင်းနောက်စေ့တွင် ပေါက်ချွန်းကဲ့သို့ အမောက်ပမာ အရိုးကြီးပါရှိသည်။ သစ်ပင်ပေါသော တောနက်ကြီးထဲတွင် နေထိုင်တတ်သည်။ တစ်ပင်မှတစ်ပင် သို့ ဘယ်ညာလွှဲပြောင်းပြီး ကိုယ်တွယ်သွားတတ်သည်၊ ဤသို့လေ့လာတွေ့ရှိခဲ့ကြောင်း  နန့်မွန်ရွာမှ အမတ်ဟောင်းကြီးတစ်ဦးက ထောက်ခံရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးအနောက်ဘက်၊ နနွယ်ရွာကမလေးမှ ဒေါ်စိန်ပုက လယ်သမားများ ဆည်ပိတ်ထားသည်ကို လာဖောက်သည့် ငေါင်းတစ်ကောင်အကြောင်း ပြောပြ ဖူးသည်။ လယ်သမားများ ချထားသော ငှက်ပျော်ဖတ်ပေါ် ချော်လဲ၍ ဖမ်းမိသည်။ ငေါင်းသည် ငှက် မဟုတ်ပေ၊ အတောင်ပံမပါချေ၊ အရပ်ငါးပေကျော်သည်၊ ခါးကျောအဆစ်လုံးဝ မရှိပေ။ နောက်ဆုံး ငေါင်းနှင့်ပတ်သတ်၍ အထူးခိုင်လုံလှသော အထောက်အထားတစ်ခုမှာ ကုန်ဘောင်မင်းများ လက်ထက် ရွှေတိုက်တွင်ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုံတော် ပုရပိုဏ်ဖြူဖြစ်ပါသည်။ အဆိုပါ ဆေးရေးပရပိုဏ်တွင်၊ လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင်နှင့်၊ လူငေါင်းများပုံပါရှိသည်။

ဘိုးတော်ဘုရားလက်ထက်တွင် ငေါင်းတစ်ကောင်ကို တောင်ငူမြို့ မြတ်စောညီနောင်ဘုရားမှ ရသည်။ တောင်ငူ မြို့ဝန်က ဆက်သသည်၊ လက်နှစ်ဖက်ပါသည်၊ ခြေတစ်ချောင်းသာရှိသည်၊ လက်နှစ်ဖက်ကို ၊ အတောင်သဖွယ် ဘေးတဖက်တချက်သို့ ဖြန့်ကား၍ထားသည်။ အမျိုးသမီး မျက်နှာနှင့်တူသည်၊ ဆံပင်တိုသည် ၊ အသံမှငှက်သံဖြစ်သည်၊ အသားမစားဟုဆို၏။

အချုပ်အားဖြင့်ဆိုရသော် ငေါင်းသတ္တ၀ါသည်၊ နာနာဘာဝ အယောင်ဆောင်ပြခြင်းမဟုတ်ပေ၊ ငှက်လည်း မဟုတ်ပါ၊ လက်နှင့်လူခေါင်းသဏ္ဍာန်ပါသော ထူဆန်းသည့် သတ္တ၀ါဆန်းပင်ဖြစ်သည်၊ အမျိုးတုံး ရှားပါးသော သတ္တ၀ါဆန်း တစ်ကောင်မျှသာဖြစ်သည်၊ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ မွေးရာ အမိမြေသည် ဤကဲ့သို့သော အလွန်တရာရှားပါးသည့် မျိုးတုန်း သတ္တ၀ါမျိုးများပင် ကျင်လည် ကျက်စား နေထိုင်ဖူးခဲ့သည်ပင် မဟုတ်ပါလားဗျာရယ်၊ ကဲပြောဖူးလား ဗဟုသုတရပါ တယ်ဆိုနေ။
ဘလော့စာရူ့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။