Monday, November 29, 2010

ပါလီမန်ခေတ်၏ နောက်ဆုံးသမ္မတကြီး


           ထိုင်းဘုရင်မင်းမြတ် ဘူမိဘော်အဒှူယာဒတ်နှင့် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်
                         မန်းဝင်းမောင်အထုပ္ပတ္တိလက်ရေးမူမှ ဓာတ်ပုံ (ကျွန်တော်သမ္မတ)
                             မကွယ်လွန်မှီလပိုင်းအလို အင်းစိန်တွင်ရိုက်ကူးထားသောပုံ


မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ မန်းဝင်းမောင်ဟု လူသိများသည်။
ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်း၊ ဂျပ်ဆင် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ ရသည်။
၁၉၃၇-၄ဝ တွင် သန်လျင် ဘီအိုစီ စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်ဘဲ မြန်မာပြည်၌ နေခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယသို့ စေလွှတ်ခြင်း ခံရသည်။ အိန္ဒိယသို့ ပထမဆုံး ထွက်ခွာသော အဖွဲ့၌ ဒုတိယခေါင်းဆောင် အဖြစ် တာဝန် ပေးခံရသည်။ ကာလကတ္တားနှင့် သီဟိုဠ် တို့တွင် စစ်ပညာ သင်တန်းများ တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ်၊ မတ်လ ၃ဝ ရက် ညပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ် ကြို့ပင်သာရွာ အနီး၌ လေထီးဖြင့် ခုန်ဆင်းခဲ့သည်။ မြေပြင်အရောက် အကျမတော်၍ ပေါင်ကျိုးခဲ့သည်။ ဒဏ်ရာရသည့်ကြားမှပင် ဖက်ဆစ် တော်လှန်ရေး အတွက် ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံး လှုံ့ဆော်နိုင်ခဲ့သည်။ ၂ လကြာပြီးနောက် ဆေးကုသရန် ကာလကတ္တားသို့ လေယာဉ်ဖြင့် ပြန်ပို့ခံရသည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် ဦးသိန်းဖေ (မြင့်) နှင့်အတူ အိန္ဒိယမှ ပြန်ရောက်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင် ဗမာ ချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကရင်လူငယ်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌမှာ မန်းဘခိုင် ဖြစ်သည်။ ကရင်လူငယ် အစည်းအရုံးက ထုတ်ဝေသည့် တိုင်းရင်းသား ဂျာနယ်၏ အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ လမ်းညွှန်ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သခင်နု ဦးဆောင်သော အစိုးရ အဖွဲ့၌ ဓာတ်သတ္တုဌာန ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ အဖွဲ့၌ အဆောက်အဦး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်သည်။
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၆ ရက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ဆက်လက် ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပြည်တွင်း ရေကြောင်းနှင့် ပင်လယ်ဆိပ်ကမ်း ဆိုင်ရာ ဝန်ကြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ရွေးချယ်ခံရသော သမ္မတကြီး ဖြစ်လာသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီ၏ ထိန်းသိမ်းခြင်းခံရသည်။ ၁၉၆၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေး ကောင်စီက ဖိတ်ကြားသော ပြည်တွင်း အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်တိုင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်က အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရီ သုဓမ္မဘွဲ့များ ချီးမြှင့်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဘွဲ့တံဆိပ်များ ရခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယအဆင့်) ရခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့နေ ဦးစံလှ၊ ဒေါ်ဒွေးတို့၏ သမီး မမြမေနှင့် လက်ထပ်ခဲ့ပြီး သားလေးယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၉ ရက် ၉ လ ၁၉၈၈ ခုနှစ်တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် သမ္မတအဖြစ် စာရင်း၌ ပါရှိခဲ့သည်။
သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် 'ဌေးဝင်းမောင် ပြောသော လေထီးသမ္မတ' ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်သည်။
(သမ္မတကြီး မန်းဝင်းမောင်ရေးခဲ့သော စာအုပ်တစ်အုပ်မှာ “ကျွန်တော်သမ္မတ”ဟူ၍ မှတ်သာထားဖူးပါ သည် ၊ လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်တွင်ထင်၏) မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ လူတော်လူကောင်းများ ၊ ဆွေကောင်းမျိုးကောင်းများ ၊ ပညာတတ် လူရည်ချွန်များ အမိ မြန်မာနိုင်ငံကိုအုပ်ချုပ်သွားခဲ့သော ထိုထိုကာလတွေမှာ လူတိုင်းဟာ ပျော်ရွှင်ခဲ့ကြမှာ  ထိုခေတ်ကို မမှီခဲ့သော ထိုခေတ်မှာ လူမဖြစ်ခဲ့ရသော ကျွန်တော်ဟာ ဒီစာလေးတွေကို ဖတ်မှိတိုင်း အတိတ်ကို လွမ်းမှိသလိုလို ဖြစ်မှိပါတယ်။
 စာလေး ရေးနေစဉ်မှာတောင် ကျွန်တော့ရဲ့နားထဲမှာ ခပ်ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ (လွတ်လပ်တဲ့ မြန်မာပြည်....ထွဋ်မြတ်သည့် စံဋ္ဌာနီ ...မချွတ်အင် လွှတ်သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲနွှဲသံချီ ၊ မြန်မာ့ဟန်ရေး ရှေးထုံးမပြတ်ပါ အိုးစည် မောင်း ညိမ့်ညောင်းခါ တော်မှီ .....မင်းပေါင်းစုံစုံညီညီ ဗိုလ်ရှုသဘင်ပွဲ ခန်းမဆီ လျှမ်းစွကြိုင်ဝေစွာနော် ..နိုင်ငံတော်သမ္မတ ကြွချီ ၊ အောင်လံတော်ကို အလေးပြုရမည် ၊ ဗိုလ်ရှုသဘင်ပွဲ နွှဲသည့်အခါမှီ ..ကြည်း ရေ လေ စစ်သမီးမကျန်ရ မြန်မာ့တပ်မတော်ချီလာပြီ...............) ကျွန်တော်ဟာ စာရေးနေရင်း “လွှတ်သဘင်” သီချင်းလေး နားထဲကြားယောင် နေမှိပါတော့တယ်ခင်မျာ၊  အော် အတိတ် အတိတ် အတိတ်.............။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုတောင်းလိုက် ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ...။