Sunday, January 30, 2011

လ၌ဖြစ်သော နိမိတ်လက္ခဏာ


ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ တစ်သွယ် ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ်နိမိတ် အဟော တည်း။
ဟူ၍ လတွင်ဖြစ်တတ်သော နိမိတ်လက္ခဏာများကို ၊ နတ်စက်ရောင်ဆရာတော်မှ သူ၏နတ်စက် ရောင်သိုက်စာတွင် ၊ အထင်အရှားရေးသားထားပါတယ်။ ဆိုလိုရင်းကတော့ လဟာ ၀ိုင်းဝိုင်းစက် စက်ထွန်းလင်းတောက်ပမနေဘဲ၊ အပိတ်အဖုံးများနှင့် မှောင်ပိတ်နေတာကို ဆိုလိုပါတယ်။ လဟာ အိမ်ဖွဲ့လျှင် အလင်းရောင် မရတော့ဘဲ ၊ မှောင်ပိတ်နေတတ်ပါတယ် ၊ ဒါကိုပင် ပညာရှင်များက လကြတ်သည်ဟု သုံးနှူံးတတ်ကြပါတယ်။
ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဆိုတာ ကတော့ တနင်္ဂနွေနေ့မှာ လကြတ်တယ်ဆိုရင် ပြည်ထဲအရေး သာယာဝပြောတတ်တယ် လို့ဆိုပါတယ်။
ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ ဆိုတာက ဗျ ဂ္ဃလို့ခေါ်တဲ့ ကျားနေ့ တနည်း တနလာင်္နေ့မှာ နေကြတ်လျှင်ဖြင့်၊ မိုးမရွာဘဲ အဲဒီနှစ်မိုးခေါင်းလိမ့်မယ်လို့၊ ဆိုလို ပါတယ်။
ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ အင်္ဂါနေ့ ကြတ်လျှင်တော့ မိုးမကောင်းပါဘူးတဲ့ခင် မျာ၊ မိုးရွာခဲ့လျှင်လဲ ရွာကာမတ္တမျှသာ ရှိပြီး ရေမပါလို့မို့ ကောက်ပဲသီးနှံများ ပျက်စီးမယ်လို့ ဆိုလို ပါတယ်။
ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ဆိုတာကတော့ ဗုဒ္ဓဟူးနေ့မှာ လကြတ်ပြီဆိုလျှင်တော့၊ တိုင်းခန်းပြည်ရွာ သာယာလိမ့်မယ်လို့ဆိုပါတယ်။
ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ ဆိုတာကတော့ ဂုရုခေါ် ကြာသပတေးနေ့မှာ လကြတ်ရင်ဖြင့် တိုင်းတစ်ပါးကသော်လည်းကောင်း၊ မိမိတိုင်းပြည်ထဲ ကသော်လည်းကောင်း သမီးကညာတို့၊ ရတနာဆင်ဖြူတို့ ဆိုက်ရောက်လာတတ်တယ်လို့ ဆိုလို ပါတယ်။
တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ ဆိုတာကတော့ သောကြာနေ့ လကြတ်လျှင်၊ လက်ဆောင် ဆက်သရလာမယ်လို့ ဆိုလိုပါတယ်။
မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ် နိမိတ် အဟော တည်း။ ဆိုတာကတော့ စနေနေ့ လကြတ်လျှင်တော့ တိုင်းပြည်ကြီးငယ် ပျက်ဆီး မယ်လို့ ဆိုလိုပါတယ်။ အခုရေးခဲ့တဲ့ အကြောင်းအရာများဟာ အဘိုးမှတ်စုမှ ကူးယူဖော်ပြခြင်း သာဖြစ်ပါတယ်၊ မှားသည်မှန်သည် ကျွန်တော်မသိပါ ၊ တတ်သိသော ပညာရှင်များ ဒီစာကို ဖတ်မှိ ပါက ၊ ထောက်ပြဝေဖန် ပြောဆိုနိုင်ပါကြောင်း။
ဘလော့စာရူသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့က ဆုတောင်း လိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။