Tuesday, August 16, 2011

ညောင်ရမ်းမင်းသား မသေပါ


 ထန်းတပင် မင်းသမီးအကြောင်း ဟိုနေ့ကရေးပြီးတော့ ဒီနေ့ညောင်ရမ်းမင်းသား အကြောင်း ရေးမယ်လေ၊ ရေးရတာအကြောင်းရှိတယ်ဗျ ၊ ပြီးခဲ့တဲ့လက ညောင်းရမ်းမင်းသား အကြောင်းကို ဘီယာသောက်ရင်း ငြင်းခုံကြတယ်လေ၊ ငြင်းခုန်ရခြင်းအကြောင်းက ညောင်ရမ်းမင်းသား သေလား မသေဘူးလား၊ နန်းတွင်းအရေးတော်ပုံမှာ သေတာလား အင်္ဂလိပ်လက်အောက်မှာ သေတာလား၊ ဒါမှမဟုတ် မထင်မရှားနဲ့သေခဲ့တာလား၊ အင်္ဂလိပ်တွေစီကိုရော တကယ်ခိုဝင်သွား သလား အဲလိုငြင်းကြတော့ ၊ ကျွန်တော်အင်္ဂလိပ်စီမှာ သေတာဖြစ်ကြောင်းပြောတာ၊ အဲဒါလေးကို ပြန်ပြီး ရေးလိုက်တာပါ၊ မျက်စိဒုက္ခခံကြအုံးနော်။

မြန်မာရာဇ၀င်ကို လေ့လာလိုက်စားဖူးသူတိုင်း မင်းတုန်းမင်းကြီး နာမကျမ်းဖြစ်စဉ်နှင့် သီပေါဘုရင် မင်းမြတ် နန်းမတက်မှီ ကြားကာလကို နန်းတွင်းသွေးထွက်သံယို ၊ ဖြစ်မှု့အများဆုံး၊ မဟာဆီ မဟာသွေးတို့ သွေးမြေအကျဆုံး၊ သီပေါဘုရင်မင်းသားထက် လက်ရုံးနှလုံးသာလွန်သော မင်းညီမင်းသားများ ကိုသတ်ဖြတ်နှိမ်နှင်းခံရ၍၊ သူ့ကျွန်အဖြစ်ရောက်ရန် အစပျိုးသောကာလ ဟူပြီး မြန်မာသမိုင်းဆရာများရော ၊ အနောက်တိုင်းမှ မြန်မာ့သမိုင်းကို ရေးသားဖော်ထုတ်ကြ သော ပညာရှင်အားလုံးတို့က တညီတညွတ်တည်း လက်ခံထားကြသောဟူ၏။

သက္ကရာဇ် ၁၂၄၀ပြည့် (ခရစ်နှစ် ၁၈၇၈) ၀ါခေါင်လတွင် မင်းတုန်းမင်းတြားကြီး ရောဂါပိုမိုဆိုးရွှား လာသဖြင့်၊ မှန်နန်းဆောင် အရှေ့တွင် မင်းကြီးမတ်ရာအချို့ လျို့ဝှက်တိုင်ပင်ကြပြီး၊ နန်းဆက်ခံနိုင် ရန် အလားအလာရှိသော မင်းညီမင်းသားများကို စာရင်းပြုစု၊ ညှိနှိုင်းကြပြီး၊ နောက်ဆုံးတွင် လောင်းရှည်မိဖုရား၏ သားတော် သီပေါကိုယ်တော်မြတ်ကို မင်းအဖြစ် နန်းလျှာထားကြသည်။

သီပေါကိုယ်တော်မြတ်ကား ပိဋကတ်တော်တတ် ရှင်လူထွက်ဖြစ်ပြီး ၊ နူးညံ့သိမ်မွေ့သောဟူ၏၊ ထိုအရည်အချင်းကပင်လျှင် အမတ်များစကားကို နားထောင်လက်ခံလိမ့်မယ်ဟု ယူဆခါ ကင်းဝန် မင်းကြီးက ဦးဆောင်သော နန်းလျှာရွေးချယ်ရေးအဖွဲ့က အမှတ်စဉ် ၂၀မြောက် နန်းရမိဖုရား လောင်းရှည်၏ သားတော်သီပေါကို နန်းတင်ရန်ရွေးချယ်ဆုံးဖြတ်ကြ၏။

ထို့နောက် မင်းတုန်းမင်းကြီးအမိန့်ကို သုံးပြီး သီပေါကိုယ်တော်မှအပ မင်းညီမင်းသားအားလုံးကို ကြေးတိုက်တွင်ချုပ်နှောင်ကြသည်၊ မင်းတုန်းမင်းတြား ကြီးသိသွားသောအခါ မင်းသားများကို ပြန်လွှတ်စေပြီး၊ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား တို့ကို ဘုရင်ခံ ခန့်အပ်ပြီး ရပ်ဝေးသို့ ရှောင်ထွက်သွားနိုင်ရင် စီစဉ်သည်။

သို့ရာတွင် ၁၈၇၈ခု အောက်တိုဘာ ၁ရက်နေ့တွင် မင်းတုန်းမင်းနတ်ရွာစံပြီးနောက် ၊ မင်းသားများ မင်းသမီးများ၊ မူးဟောင်းမတ်ဟောင်းများကို သတ်ဖြတ်သည်၊ ညောင်ရမ်းမင်းသား ငယ်မည်( မျိုးပုံ) နှင့် ၊ ညောင်အုပ်မင်းသား ငယ်မည် (မျိုးယုံ)တို့က အခြေနေကို ကြိုတင်သိရှိကြပြီး၊ ဘုန်းတော်ကြီး Dr.Marks ( မြန်မာပြည်ဝယ် နှစ်လေးဆယ်) စာအုပ်ရေးသားသူ၏ နေရာကို ဆက် ခံသူ ဘုန်းတော်ကြီး Reverend James A.Colbeck အိမ်သို့တိမ်းရှောင်သွားပြီး၊ ထိုခရစ်ယာန် ဘုန်းတော်ကြီး၏ အကူအညီဖြင့် အင်္ဂလိပ်ကိုယ်စားလှယ်အိမ်သို့ ရောက်ရှိသွားသည်။

ထို့အတူ ညောင်းရမ်းမင်းသား၏ သားငယ်သမီးငယ်တို့ကိုလည်း ရုပ်ဖျက်ပြီး အင်္ဂလိပ်ကိုယ်စား လှယ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ရသည်။ ဤအချက်ကို E.V.C. Foucar ရေးသားသည့် Mandalay The Golden စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

အချို့သော စာအုပ်တို့တွင် Reverend James A.Colbeck ကို Dr.Marks ၏နေရာကို ဆက်ခံသူ ဟုမပြပေ၊ မန္တလေးနေပြည်တော် ဗြိတိသျှသံရုံး ၀န်ထောက်အဖြစ်ဖော်ပြထားသည်၊ ညောင်ရမ်း မင်းသား အောက်မြန်မာပြည်သို့ အမှန်တကယ် ကယ်တင်ရောက်ရှိသွားကြောင်းမှာ အထူးပင် ထင်ရှားသည်။

 လန်ဒန်မြို့ ဗြိတိသျှပြတိုက် အရှေ့တိုင်းဆိုင်ရာ စာပေပြခန်းရှိ ဗြိတိသျှသံအမတ် ဂျိမ်းကို လဗက်၏ မှတ်တမ်း၌`ဤစာအုပ်ကတ်တလောက်သည် ညောင်းရမ်းမင်းသား၏ ပိဋကတ်တိုက် စာအုပ်များ၊ ပေပုရပိုက် အဆူဆူများ၏ စာရင်းဖြစ်ပါသည်၊ ခရစ်နှစ် ၁၈၇၈ခုနှစ်တွင် အထက်မြန် မာပြည် မန္တလေးမြို့ရှိ ဗြိတိသျှသံရုံးမှ (ကျွန်တော်) ကိုလဗက်၏ အကူအညီ အရိပ်အာဝါသဖြင့် ညောင်းရမ်းမင်းသား နန်းတော်အတွင်းရေး ဘေးရန်မှ လွတ်မြောက်ကာ မန္တလေးမှ ထွက်ခွာခွင့်ကို ရသော အခါတွင် ကျွန်တော်၏ လက်တွင်းသို့ ရောက်လာသော………….´ဟူ၍ ရေးသားဖော်ပြ ထားသည်ကို ထောက်ရှု့ပြီး အသတ်ခံရသော မဟာဆီမဟာသွေး မင်းညီမင်းသားတို့အထဲတွင် ညောင်ရမ်းမင်းသား မပါဝင်နိုင်ကြောင်း မှန်းဆကြည့်မှိပါ၏။ အော် ကံကြီးလိုက်တဲ့ မင်းသားရယ်။

ကျွန်တော်လည်းစာဖတ်ရင်း ကွန်ပျုတာရှေ့ရှိတာနဲ့ ကောက်ရေးလိုက်တာ ဖတ်သူတွေရင်ထဲတခု ခုကျန်ခဲ့ရင်တော့ ပင်ပန်းရကျိုးနပ်ပါပြီ။

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုမွန် တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။