Monday, March 28, 2011

လင်ယောကျာ်းအရောင်းဆိုင်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က လမ်းတစ်လမ်းမှာ လင်ယောကျာ်းအရောင်းဆိုင်လို့ ဆိုင်းဘုတ်ထိုးထားတဲ့ ဆိုင်တစ်ခုဖွင့်ထားတယ်၊ အမျိုးသမီးတွေအတွက် အဲဒီဆိုင်မှာ ကိုယ့်စိတ် ကြိုက်အမျိုးသားကို ရွေးချယ်ပြီးဝယ်ယူနိုင်ပါတယ်။ ဒီအရောင်းဆိုင်ရဲ့ အလုပ်လုပ်ပုံကတော့ အ၀င်ဝမှာ လမ်းညွန်ဆိုင်းဘုတ်တခုရေးထားပါတယ်၊`သင်ဟာ ဒီဆိုင်ထဲကို တစ်ကြိမ်သာဝင်ရောက်ခွင့်ရှိတယ်၊ ဒီဆိုင်မှာ အထပ်ပေါင်းခြောက်ထပ်ရှိတယ်၊ အထပ်မြင့်သွားလေလေ ရောင်းကုန်ယောကျာ်းတွေရဲ့၊ အရည်အသွေးဟာ မြင့်သွားလေလေ ဖြစ်ပါတယ်၊ကိုယ်ကဆုံးဖြတ်ချက် ချပြီးပြီဆိုရင် အထပ်တစ်ထပ်က လင်ယောကျာ်းကို ငါယူလိုက်မယ်ဆိုရင် ယူလိုက်နိုင်တယ်၊ မကြိုက်သေးရင် နောက်တထပ် တက်ပြီးလေ့ လာနိုင်တယ်၊ ဒါပေမဲ့ အထက်အထပ်ကို တက်ပြီးသွားရင်တော့ အောက်ထပ်မှာ တွေ့ခဲ့တဲ့ယောကျာ်းကို ပြန်ရွေးခွင့်မရှိတော့ဘူး၊ ဆိုင်ထဲထွက်တော့မယ်ဆိုမှ အောက်ထပ်ကို ပြန်ဆင်းခွင့်ရှိတယ်လို့´ ရေး သားထားပါတယ်။

အမျိုးသမီးတစ်ယောက်က သူ့အတွက်လိုက်ဖက်တဲ့ ယောကျာ်းတစ်ယောက် ကိုရွေးချယ်ဝယ်ယူ မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆိုင်အတွင်းကို ရောက်လာပါတယ်၊ သူမဟာ ပထမရဲ့ တံခါးဝမှာ ရေးထားတဲ့ ဆိုင်းဘုတ်ကိုဖတ်ကြည့်လိုက်ပါတယ်၊ ဆိုင်းဘုတ်မှာ ရေးထာားတာက `အလုပ် အကိုင်ရှိပြီး ဘာသာရေး ကိုင်းရှိုင်းသော လင်ယောကျာင်္းများ´လို့ရေးသားထားပါတယ်။ အမျိုးသမီးဟာ သူလိုချင်တဲ့ယောကျာင်္း မှာ ဒီထက်ပြည့်စုံတဲ့ အရည်အချင်းတွေ ရှိစေလိုတဲ့ ဆန္ဒကြောင့် ဒုတိယထပ်ကို ဆက်လက်တက် လာပါတယ်။

 ပထမထပ်နည်းတူ ဒုတိယထပ်ရဲ့ တံခါးဝမှာလည်း ဆိုင်းဘုတ်လေးတခု ရေးထိုးထားပါတယ်၊ `အလုပ်အကိုင်ရှိ၊ ဘာသာရေး ကိုင်းရှိုင်းသည့်အ ပြင် ကလေးချစ်တတ်သော အမျိုးသားများ´ ထိုအမျိုးသမီးက ဒီလောက်အရည်အချင်းကို မနှစ်သက် သေးပါဘူး၊ သူ့ရဲ့ဘ၀လက်တွဲဖော်ဟာ ဒီထက်ပိုမို ပြည့်စုံတဲ့ အရည်အသွေးတွေရှိသင့်တယ်လို့ ယူဆပြီး ၊ တတိယထပ်ကို ဆက်လက် ထွက်ခွာလာပါတယ်။

တတိယထပ်ရဲ့ တံခါးဝဆိုင်းဘုတ်မှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့်အပြင်၊ ကလေးချစ်တတ်ပြီး၊ ရုပ်ရည်သန့်ပြန့်သော အမျိုးသားများ´လို့ရေးထားပါတယ်၊ အမျိုးသမီးဟာ ထို ဆိုင်းဘုတ်ကို ဖတ်ကြည့်ပြီး၊ အထက်က အထပ်တွေမှာ ဒီထက်ပိုမိုပြည့်စုံတဲ့ ယောကျာ်းတွေ ရှိတန်သေးရဲ့လို့ စိတ်ကူးနဲ့၊ ဘ၀ကြင်ယာကို ဒိထက်မက အရည်အချင်းတွေနဲ့ ပြည့်စုံလိုတာ ကြောင့် စတုတ္ထအထပ်ကို ထပ်ပြီးတက်ခဲ့ပါတယ်။

စတုတ္ထအထပ်ရဲ့ တံခါးဆိုင်းဘုတ်မှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့် အပြင် ၊ ကလေးချစ်တတ်သည်၊ ရုပ်ရည်သန့်ပြန့်ပြီး၊ အိမ်မှု့ကိစ္စများကိုပါ ၀ိုင်းလုပ်တတ်သော အမျိုး သားများ´ လို့ရေးထားပါတယ်၊ အမျိုးသမီးဟာ ဆိုင်းဘုတ်ကိုဖတ်ပြီး၊ ရွေးရနိုးနိုး အထက်တက်ရနိုးနိုးနှင့် စဉ်း စားရင်း၊ ပဉ္စမအထပ်ကို ဆက်လက်တက်သွားပါတယ်။

ပဉ္စမအထပ်ရဲ့ တံခါးဝမှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့်အပြင်၊ ကလေးချစ် တတ်သည်၊ ရုပ်ရည်သန့်ပြန့်သည်၊ အိမ်မှု့ကိစ္စများကို ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးတတ်သလို၊ အင်မတန် ချစ်တတ်ကြင်နာတတ်သော အမျိုးသားများ´လို့ရေးသားထားပါတယ်၊ အမျိုးသမီးဟာ ဆိုင်းဘုတ်ကို ဖတ်ပြီး ၊ အပေါ်သို့သာ ဆက်လက်တက်သွားပါတယ်။

ဆဋ္ဌမမြောက် အခန့်းရဲ့ ဆိုင်းဘုတ်မှာတော့`သင်ဟာဒီအထက်ကိုရောက်လာတဲ့ (၄၅၈၇၅၇ )ယောက်မြောက်ဧည့် သည်ဖြစ်ပါတယ်၊ ဒီအလွှာမှာ ဘာအမျိုးသားမှ မရှိပါဘူး၊ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေဘဲ  ရှိပါတယ်၊ အခုလို လင်ယောကျာ်း အရောင်းဆိုင်ကို လာရောက်တဲ့ အတွက်ကျေးဇူးတင်ပါတယ်၊ ဒီဆိုင်ကနေပြန်လည်ထွက်ခွာတော့ မယ်ဆိုရင်တော့ ပစ္စည်းတွေမေ့မကျန်အောင် ဂရုစိုက်ပါ ၊ အစစ အရာရာ အဆင်ပြေပါစေလို့ လင်ယောကျာ်း အ ရောင်းဆိုင်က ဆုတောင်းလိုက်ပါတယ်´ လို့ရေးသားထားပါတယ်။

ဒီပုံပြင်လေးကို ဆရာကျော်ရင်မြင့်+ဖေလင်းသစ်က၊  ၂၉.၁၂.၂၀၁၀ ဗုဒ္ဓဟူးနေ့ညမှာ မော်လမြိုင် မြို့မှာ ဟောပြောသွားတာပါ၊ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်၊ တခါတရံမှာ ကျွန်တော် တို့တွေဟာ ရွေးချယ်ခွင့်ကြုံတတ်ကြပါတယ်၊ ကိုယ်ကရွေးချယ်ခွင့် ရှိတဲ့အချိန်မှာ အရွေးချယ်ခံ ပစ္စည်းတို့အပေါ် ၊ မတရားသဖြင့် (လိုအပ်တာထက်ပိုပြီး ဒါမှမဟုတ် ထိုက်တန်တာထက် ပိုပြီး ရယူလိုတတ်ကြပါတယ်) လူသားတိုင်း လူသားတိုင်းဟာ ရွှေထုပ်သည့် မြပုဝါ ဖြစ်ချင်ကြသည် မဟုတ်ပါလား၊ သို့သော် မိမိနှင့် ထိုက်တန်သော အရာသည်သာ အကောင်းဆုံးမဟုတ်ပါလားခင် မျာ………..။

 စာရူ့သူများ ထိုက်တန်တာကို ရွှေးချယ်နိုင်ကြပါစေကြောင်း ငွေလမင်းတိုက ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ။