Wednesday, September 22, 2010

ကျွန်တော်နှင့် ထုံးကြီးရွာ ရထားပျက်မှု

ဝန်ဇင်း၁၆ အကြောင်းရေးပြီးတော့ မှတ်စု စာအုပ်ပြန်ဖက်ကြည့်တော့မှ ထူးထူးခြားခြား ရီခဲ့ရတာ လေးရှိသေးတယ် ၊ ဒီဟာလေးက လဲ မိတ္ထီလာ ကအပြန် ကြုံခဲ့တဲ့ ဟာဘဲ ၊ အလတ်ကောင်က မိတ္ထီလာ တပ်ရင်းတပ်ဖွဲ့တွေ ရဲ့ကိစ္စပြီးသွားတော့ ၊ မန္တလေးက ၉၅ ထင်ပါတယ် ၊ အဲဒီကို တာဝန်နဲ့ ဆက်လက်ထွက်ခွာ ရမယ်လို့ အမိန့်ကျလာတော့ သူမသွား ခင်တရက် အလိုမှာဘဲ ကျွန်တော့ကို ရန်ကုန်ပြန်မလား ၊ မန္တလေးလိုက်မလား လို့မေးပါတယ် ကျွန်တော်က မန္တလေး မလိုက်ဘူး ရန်ကုန်ပြန်မယ် လို့ ပြောတော့ အေး ပြင်ထား ဒီည ငါရထားနဲ့ စီစဉ်ပေးလိုက်မယ် လို့ ပြောပါတယ် ၊ ဖေဖေနဲ့ မေမေအတွက် ထမိန်နှစ်ထည်နဲ့ ချည်တဘက်ပါးပါးလေးနှစ်ထည် ပုဆိုးနှစ် ထည်ပါ ယူသွားရမယ်ဆိုပြီး အိပ်ထဲမှာ ထည့်ပေးပါတယ်..။

ရန်ကုန် မန္တလေး ရထားတွေက သာစည်မှာဘဲ စီးရတယ် ၊ အဲတုန်းက ခုတော့ ဘယ်လိုလဲ မသိဘူး စာပို့ရထားတဲ့ ၊ မန္တလေးက ညနေ လေးနာရီ ၁၅ ထွက်လာမဲ့ ၁၄ အစုန် သာစည်ကို ၁၀နာရီ ခွဲရောက်မယ် ဆိုပြီး ညနေစာ လိုက်ကြွေးပါတယ် ၊ အလတ်ကောင်က တပ်က ကားတစီးနဲ့ သာစည်ကို ရဲဘော်၎ယောက်နဲ့ လိုက်ပို့ပါတယ် ၊ ဟိုကိုရောက်တော့ ရုံပိုင်က VIP ကနေ လက်မှတ်တခု လုပ်ပေးတယ် ၊ (အပ) တောင်မဟုတ်ဘူး ပထမတန်း လက်မှတ် ၊ စောင့်လိုက်တဲ့ ရထား အချိန်းအတိကျပါဘဲ ၁၁ နာရီထိုးလို့တောင် မရောက်ဘူး ၊ ရထားရောက်တော့ တရေးရနေပြီ ၊ ရဲဘော် တစ်ယောက် ကျောကုန်းကို မှီအိပ်တာ ၊ ရထားပေါ်လဲ ရောက် နာရီလေးကြည့်လိုက်တော့ ၁၂နာရီ မတ်တင်း ၊ ကိုလတ်ကို နုတ်ဆက် ရဲဘော်တွေက နုတ်ဆက် နဲ့ ၊ နုတ်ဆက်နေတုန်း ရထားကြီးက ထွက်လာပါတော့ တယ် ။

အဲဒီမှာ စတင်ပြီး ဒုက္ခသုက္ခတွေ ရောက်ပါတော့တယ် ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ရထားတွေထဲမှာ ထိုင်ရတာ မသက်မသာ အရှိဆုံး ရထားကိုပြပါ ဆိုရင်တော့ မြန်မာ့မီးရထားပါဘဲ ၊ ပထမတန်းသာ ဆိုတယ် ၊ ညစ်ပတ်လိုက်တာ လွန်နေတာဘဲ  ၊ အသံကလဲ သိပ်လုံတာဘဲ ပဲကြီးလှော်နဲ့ မုန့်လေပွေကို တပြိုင်ထဲ ၀ါးနေရသလိုဘဲ ဂျိုပိုးလား ဂျပိုးလား နံနံစော်စော် အကောင်လေး တွေကလဲ ကိုက်တယ် တင်ပါးမှာ ဖုတွေတောင်ထွက်တယ် ၊ ပထမတန်းက VIP ရတာဆိုတော့ မျက်နှာ ချင်းဆိုင်မှာ နှစ်ယောက် ကျွန်တော့်ဘေးမှာ အမကြီးတစ်ယောက် ဋ္ဌာနဆိုင်ရာက ဘဲထင် ပါတယ် ၊ ရှေ့တည့်တည့်က လူကြီးပိုင်းစုံတွဲ တတွဲနဲ့ အလည်ခေါင်မှာတော့ တော့ လေးထောင့် စားပွဲ လေးတခုပါတယ် ၊ ဒါနဲ့စီးလာ လိုက်တာ နဲနဲကြာတော့ ရပ်ထားက ခဏရပ်တယ် ရန်ကုန်က လာမဲ့ ရထားကိုစောင့်နေတာ ဆိုဘဲ ၊ ဘေးက အသက်၂၅ လောက်ရှိမ အမကြီးက လဲစားလိုက်တဲ့ မုန့် ၊ သောက်လိုက်တဲ့ ရေ ရထားပေါ်မှာ လာတဲ့ အသယ်မှန်သမျှ သူနဲ့ မလွတ်ဘူး ၊ ပုဂံနဲ့ တစ်မျိုး ကြွပ်ကြွပ်အိပ်နဲ့ တဖုံ ၊ ဖက်နဲ့ တသွယ် မျိုးစုံ စားသောက်ပြီး နေပေမဲ့ သေးတခါ မှ ပေါက်တာ မမြင် သလို နောက်ဖေး သွားတာလဲ မမြင်မှိပါဘူး ၊ မကြာမကြာ လဲပြုံးပြုံးပြတယ် ၊ ရှေ့က ဘိုးတော်က ချီးပေါက်တာ ၊ ခဏခနဘဲ စိတ်ညစ်လိုက်တာ ဆိုတာ ဘာပြောကောင်းမလဲ ၊ နဲနဲအေးတာနဲ့ အက်ျီလေး ထုတ်ဝတ်နေတုန်း ၊ မောင်လေး မင်းမှာ တစ်ရှုးလေးမပါဘူးလားတဲ့ ၊ ဗျာ ဟုတ် ပါတယ် မမ မင်းလိုလို့လား ယူလေဆိုပြီး တစ်ရှုးလိပ်လေး ထုတ်ပေးလိုက်တယ် ။

ကျေးဇူးတင်ကြောင်း အမက တောင်ငူကို သွားမှာဖြစ်ကြောင်း ပြောဆိုပြီး ငုတ်တုတ်အိပ်ပျော် သွားပါတယ် ၊ မကြာမကြာ ခေါင်းက ပခုံးကို လာလာထိပါတယ် ၊ တောင်ငူရောက်တော့ သူဘာသာ ဆင်းသွားပါတယ် ၊ အဲဒီနေရာဘဲ ရွယ်တူအသက် ကြီးအကိုတစ်ယောက် ထပ်တတ်လာ ပါတယ် ၊ သူကတော့ တအားဖော်ရွေပါတယ် ၊ ရန်ကုန်သင်္ဃန်း ကျွန်းက ဆိုပြီး စတင်မိတ်ဆက်ပါတယ် ၊ တောင်ငူမှာ ပန်းပုလာထုတာ လို့လဲပြောပါတယ် ၊ တလမ်းလုံး အာလူးဖုတ် လာလိုက်တာ ၊ မိုးလင်းခါနီးမှ အိပ်ပျော်သွားကြပါတယ် ၊ အိပ်ယာနိုးတော့ ၉-နာရီ မျက်နှာ ရေသန့်ဘူးနဲ့ သစ်ရပါတယ် ၊ ပထမတန်း တွဲကရေက မရှိတော့ပါဘူး ၊ မုန့်ကြွပ်လေး ထုတ်စားပါတယ် ၊ ကိုယ့်ဘေးက ပန်းပုဆရာ ကမုန့်လဲပါမလာပါဘူး ၊ ရေဗူးလေး တော့တွေ့တယ် သူ့ကိုပါ ကိုယ့်မှာပါတဲ့ ဂျိုကာ မုန့်ကြွပ်ခလေးနဲ့ ဧည့်ခံရပါတယ် ။

စားသောက်ပြီး တစ်မှေးမှေးလိုက်တော့ အောင်မလေး သောက်ကျိုးနဲ ၊ လူတွေ အကုန်လုံး အောက် မှာ ၊ ရထားကြီးကလဲ ရပ်လို့ ဘယ်လိုတုန်း ဆိုပြီးလေ့လာ လိုက်တော့ ရထားစက်ခေါင်း ပျတ်လို့တဲ့ ၊ ရန်ကုန်က ရထားခေါင်းသွားယူ နေပြီတဲ့ ညနေလောက်ရောက်မယ် တဲ့ အိုး ၊ ကိုယ့်ဘေးက ပန်းပုဆရာ သမားကသိဟန် မတူသေးတော့  အကိုထဟ လူတွေအကုန်လုံး အောက် မှာ ဒို့နှစ်ယောက်ထဲ ကျန်တာ ၊ မင်းကိုလာခေါ်တာ ဒို့ဘာစားကြမလဲ ဆိုတော့မှ ပြူးပြဲပြီး ဟေ ဟုတ်လား ဆိုပြီး ကသိုက်ကရိုက် ထလာပြီး ရထားပေါ်ကနေ ခုန်ဆင်းလိုက်ပါတယ် ၊ နာရီ ကြည့်လိုက်တော့ ၁၂ နာရီကျော်နေ ပါပြီး ဗိုက်တွေက ဆာလောင်နေပြီ ဖြစ်ကြောင်း အစာချက် ကိရိယာများက အချက်ပေးပါတယ် ။

ရထားဘေးဝန်း ကျင်မှာ ရထားပေါ်ရှိတဲ့ လူတွေအကုန်ဆင်း ပြီးရွာထဲက အသယ်တွေ လာရောင်းသမျှ ၊ လေလံစနစ် ပုံစံမျိုးနဲ့ တောင် ၀ယ်စားနေတာကို တွေ့ရပါတယ် ၊ ရထားတစီးလုံး မှာ လူပေါင်း ၃၀၀ကျော် ၄၀၀နီးပါး ရှိမယ်လို့ထင်ပါတယ် အတန်းစား အမျိုးမျိုး အလွှာ အသီးသီး အဲဒီထဲမှာ ငွေရှင်ကြေးရှင်တွေက လေလံပုံစံနဲ့ ၂၀၀တန်းပစ္စည်းကို ၅၀၀လောက် ပေးဝယ်စားနေ တော့ ၊ ချို့တဲ့ သော လူတချို့ဝယ် ဘို့ပြောထားလိုက်ပြီးမှ ၊ ရောင်းတော့ ငွေပိုပေးတဲ့ လူကိုရောင်းလိုက် တာတွေ လူမဆန်စွာတွေ့ မြင်ရပါတယ် ၊ ရေအိုးခေါင်း ပေါ်ရွတ်ပြီး ရေကုသိုလ် လို့ ၊ အော်ဟစ်နေတဲ့ လူများကလဲ ၊ ရေဗူး တဗူးကို နှစ်ရာတို့ ဘာတို့ဖြစ်လာ ပါတယ် ၊ ရွာနာ မည်က ထုံးကြီးပါ ၊ အိမ်ခြေ ၁၀၀တောင်မပြည့်ပါ ၊ ရေတောင် အဲဒီရွာမှာ လုံလောက်အောင် ရှိပုံ မပုံပါ ၊ ဟိုးနောက် ကို လှမ်းမျှော်ကြည့်လိုက်တော့ လူတစ်စု ဆဲတိုင်းနေတာ တွေ့ရပါသေးတယ် ၊ ဟိုစကား ဒီစကား တစွန်းတစ ကြားလိုက်ရတော့ တော်တော်လေး စက်ဆုပ်သွားပါတယ် ၊ စားစရာ ၀ယ်စားတာတောင် လူတိုင်းမပြည့်စုံ လို့ ၊ ရေသန့်ဗူးတဗူးကို ဆိုင်မှာဝယ်ရင် ၁၅၀ ပေးရချိန်မှာ ၂၀၀နဲ့ ပေးဝယ်သောက် တဲ့ရေက ကန်ရေမဟုတ်ဘဲ ၊ အိုင်ထဲက နေခပ်လာတဲ့ ရေတွေကို ခေါင်းပေါ်မှာ ခပ်တည်တည်နဲ့ တင်ရောင်းနေကြတာကို ၀ယ်သောက်တဲ့လူတွေက ဒိုက်ဆော်လား အပုတ်နံ့ ဆိုလား ရလို့ ရေသယ်ကို ရန်တွေ့နေတာပါ ဘေးက ရေသယ်တွေကလဲ ၀ိုင်းပြီး အဲဒီရေ ရောင်းတဲ့ လူကို ၊ ဆူပူရန်ထောင်ပြီး သူတို့ရေ ရောင်းရအောင် လုပ်နေကြတာကို တွေ့မြင်ရပါသေးတယ် ။

မြန်မာလူမျိုးများရဲ့ အကျင့်စာရိတ္တဟာ အင်မတန်အောက်တန်း ကျတဲ့ အဆင့်ကိုရောက်ရှိနေပါ ပြီ ဒုက္ခရောက်ရင် ကူညီတဲ့လူတွေ ဒီခေတ်မှာ သေကုန်တာလား မရှိတော့တာလား ၊ မျိုးတုန်းကုန် တာလား ၊ မသိတော့ပါဘူး အကျင့်စာရိတ္တ သိပ်ခေါင်းပါး ကုန်ပါပြီ ၊ ကာယသတ္တိဟာ ကျင့်ယူရင် လွယ်ပါတယ် ၊ ရန်ဖြစ်တာ ကြောက်တဲ့လူဟာ သိုင်း  ၊ လက်ဝှေ့ ၊ ကရာတေး ၊ ဂျူဒို ၊ တခုခု သင်ထားလိုက်ရင် ရန်ဖြစ်ရမှာကို ၀န်မလေး တတ်တော့ပါဘူး ၊  ငါနဲ့မတန်ရင် မယူဘူး ၊ မတရားတာမလုပ်ဘူး ၊ မဟုတ်တာ မပြောဘူး  ဆိုတဲ့  စိတ်ပိုင်းဆိုင်ရာ သတ္တိကတော့ ကျင့်ဘို့ တော်တော် ခတ်ခဲပါတယ် ၊ မြန်မာတွေ ဟာယုတ်ပတ်ပြီ ဆိုရင် သူတပါးနဲ့ မယှဉ်နိုင်လောက် အောင်ယုတ်ပတ်ပါတယ် ၊ နာဂစ်မုန်တိုင်း တိုက်တော့ ရေသန့်ဗူးကြီး တဗူး ၂၀၀၀ ဖြစ်သွားပါတယ်၊ သံတချောင်းကို ၂၀၀၀ ဖြစ်သွားလို့ ကျွန်တော်တို့ အိမ်ကလူတွေ တအားအံ့သြ သွားဘူးပါတယ် ၊ ကျန်တဲ့ စားသောက်ကုန် ဆိုတာတော့ ကြုံဘူးတဲ့ လူတိုင်းသိပါတယ် ၊ ဘာသာ တရား သိပ်ထွန်းကားပါတဲ့ ၊ သာကီနွယ် မျိုး မြန်မာအမျိုးသားတွေ ဘယ်နည်း ဘယ်ပုံဖြစ်သွား တာလဲတော့ ကျွန်တော်လဲ မတွေးတတ်အောင်ရှိပါတယ် ။

ဒါက အကြောင်းဆက်လို့ တွေးမှိတာလေး ထည့်ရေးလိုက်တာပါ ၊ ကျွန်တော်နဲ့ ပန်းပုဆရာဟာ ထမင်းဆာ လာပါတယ် ၊ အကိုဘယ်လို လုပ်မလဲ ဗျာလို့ မေးကြည့်တော့ ဒီလိုလုပ်ကွာ တဲ့ ရွာထဲ ၀င်ပြီး ဆိုင်တွေ ဘာတွေ ရှာရအောင်တဲ့ ၊ ဒါနဲ့ လိုက်ရှာတာ ပဲကြီးလှော်တောင် မရတော့ ပါဘူး ခင်မျာ ၊ ကျွန်တော်တို့ နှစ်ယောက် ကနောက်လဲ နောက်ကျတယ် မို့လား တချို့လူတွေ လာဝယ်သွား ကြပြီလေ ၊ တချို့လူတွေက တော့ ငွေကြေးအသင့် တင့်ရှိမယ် ထင်တဲ့ အိမ်တွေကို အကူညီတောင်းပြီး ၊ ထမင်းစု ချက်စားပါတယ် ၊ ရထားတစီးလုံး လူသုံးရာ ကျော်ကို အိမ်တရာ တောင်မရှိတဲ့ ရွာလေးနဲ့  ကွတ်တိဖြစ် နေရောပေါ့  ၊ ရထား ဆီပြန်လာတော့  ဘုန်းတော်ကြီး နှစ်ပါးလဲ အငတ်ဘေး ဆိုက်နေရှာတယ် ၊ စပ်စုပြီး သွားမေးတာ အရှင်တို့ ဆွမ်းစားပြီး ပလား ဘုရားလို့ မေးလိုက်မှိတယ် ၊ ကိုယ်ကလဲ ကိုယ့်အကြောင်းနဲ့ ကိုယ်မေးတာပါ ဘုန်းကြီးကျောင်း လေးဘာလေး သွားစားရအောင် ၊ အစားအစာဆိုတာ ဘုန်းကြီးကျောင်း မှာပေါတာ များတယ်မဟုတ်လား မေးလိုက်မှ ကိုယ်ပါ တရားခံ ဖြစ်သွားတယ် ၊ အေးသားရ ငါတို့လဲ ဘုန်းကြီး ကျောင်း စုံစမ်းတာ မရှိဘူးတဲ့ဟ ၊ ဒါကြောင့်ထိုင်နေတာ တဲ့ ဘုန်းကြီး စကား အဆုံး ကိုယ်ပါ စိတ် ဓာတ် တော်တော်လေးကျသွားတယ် ၊ စားစရာမရှိဘူးလို့ သိနေလို့လား မသိဘူး ဗိုက်ကလဲ ဆာလိုက် တာဗျာ ၊ ကဲအကိုရေ လာဗျာ နောက်တစ်ခေါက် ရွာထဲဝင်ရအောင်လို့ တခုခုတော့ ရအောင်ကြံမယ် ဗျာ  ၊ အေးကွာ တဲ့ တခုခုတော့ ရမှာပါတဲ့ ၊ ရွာထဲ ၀င်တော့လဲ ကျွန်တော် မပြောရဲဘူး ခင်မျာ ၊ ဗိုက်ကတော့ ဆာတယ် တခါမှ အဲလိုမကြုံဘူးတော့ ခတ်နေတယ် အိမ်ထဲလဲမ၀င် ရဲ စကားလဲ မပြောရဲ ၊ ပြောရမှာလဲ ရှက်ဆိုတော့ နောက်ဆုံး အရဲစွန့်ပြီး ဈေးဆိုင် လေးတခုကို ၀င်လိုက်တယ် ၊ အမကြီး တစ်ယောက်ဘဲရှိတယ် ၊ ရောင်းလို့ရတဲ့ ငွေလေးတွေ ရေတွက်နေတာ နဲ့တူပါတယ် ။

မမ မင်းတို့ ရွာမှာ ဆန်ဆိုင်တွေ ဘာတွေမရှိဘူးလားဗျာ လို့မေးလိုက်တော့ ၊ ရှိတာပေါ့ မောင်လေးရဲ့တဲ့ ဒါပေမဲ့ ဆန်မရှိတော့လောက်ဘူး တဲ့ ခုနကအမတောင် ဧည့်သယ်တွေ အတွက် သွားဝယ်တော့ မရှိတော့ဘူးလေ တဲ့ ကဲပျက်ကရော ဆိုတာဒါဘဲ နေမှာပေါ့  ၊ ကိုကိုပန်းပု ဆရာကလဲ ကိုယ့်ထက်ဆိုးတယ် ၊ ခေါင်းကြီးငုံ့ပြီး ၊ ကဲ အကို မင်းဘယ်လိုလုပ်မလဲ ငါလဲမသိတော့ဘူးကွာ တဲ့ ဒါဆိုဟိုဘက် ရွာတွေ လျှောက်သွားမယ်ဗျာ ၊ လို့အဖော်စပ်တော့ သူကလဲ အေးကွာတဲ့ ထိုင်နေတာထက် စာရင် တခုခုရမှာပါတဲ့ ၊ ဒါနဲ့ ကွင်းထဲက နေဖြတ်ပြီး ခပ်ပြပြလေး မြင်ရတဲ့ ရွာတန်းဘက်ကို သွားမယ်ဆိုပြီး နှစ်ယောက်သား ကျောပိုးအိပ် တစ်ယောက် တလုံးစီနဲ့  ရေနဲနဲစီ ရှိတဲ့ ရေဗူးလေး တစ်ဗူးစီ ကိုင်ပြီး လမ်းလျှောက် လာတာ ပူလိုက်တဲ့ နေ လူအနောက် လိုက်ပူနေသလား မှတ်ရတယ် ၊ စပါးရိုးပြတ် တွေက လဲယားတယ် နေပူ ချွေးထွက် အောက်က ရိုးပြတ်တွေက ရှနဲ့ ခံရခတ်လိုက်တာ ဗျာ ၊ ကွင်းတဲလေး တစ်လုံးတွေ့တယ် အကိုဝင် နားမယ်ဗျာ ဆိုတော့ အေးဆိုပြီး နှစ်ယောက်သား ၀င်နားကြတာပေါ့ ၊ သားမိနှစ်ယောက် အိပ်နေ တယ် ၊ ခွေး တစ်ကောင် ကဟောင်တယ် ၊ တဲရှင်သားမိက ထလာတော့ ဘာလဲ တဲ့  ပါးစပ်က လဲဆာလွန်းလို့ လားမသိဘူး လွတ်ခနဲထွက် သွားတယ် ၊ ဗိုက်ဆာလို့ပါ လို့ပြောလိုက်တော့ ကျွန်တော့် ရုပ်ရေ ကြည့်ပြီး တော်တော်သနား သွားဟန်တူတယ် ၊ လာလာ မောင်လေးတို့ ဘယ်ကလဲ ဘာလဲနဲ့ မေးတော့ ၊ အကြောင်းအကုန်ပြောပြ  အင်း ဖြစ်မှဖြစ်ရလေကွယ် ၊

အမယောကျာင်္း ဒိုင်းဝန်း ဆိုလားသွားခပ်တယ်တဲ့ ဘာကြီးလဲ မသိဘူး ဒိုင်းဝန်းက အမမှာ ငပိရေကြိုနဲ့ ဆန်တော့ရှိတယ် စားနိုင်လားတဲ့ ဟုတ်ကဲ့ စားမယ် လို့နှစ်ယောက်သား သံပြိုင်ထွက် သွားတယ် ၊ သူ့သမီးလေးက ချစ်စရာလေး မဲမဲ၀၀လေး လေးနှစ်လောက်ရှိပြီ ထင်တာဘဲ ၊ အဲအမ ကြီးက ဆန်လေးလုံးလောက် ရှိတယ်ထင်ပါတယ် ၊ ထည့်ပြီးချက်တယ် ၊ ကျွန်တော်တို့ နှစ်ယောက် က မီးမွှေးပေးတယ် ၊ သူကချက်တယ် ၊ ကြက်ဥ နှစ်လုံးပါ ထမင်းအိုးထဲ အလုံးလိုက်ထည့် ချက်တယ် ၊ ကျွန်တော်တို့ ကိုရန်ကုန်ကလား ဘယ်ကလဲ အစုံပါဘဲ ကျွန်တော်တို့လဲ အကုန်ဖြေ တာဘဲ ၊ ပြီးတော့ သူက တဲအပြင်ထွက်သွားတယ် ၊  တဲရဲ့ခေါင်းရင်း မှာ ပေါက်နေတဲ့ အရွတ်တချို့ ခူးလာတယ် ၊ မြင်းခွာရွတ်လို့ ခေါ်တဲ့ ပုပုဝိုင်းဝိုင်း လေးတွေ ၊ ပြီးတော့ စမုတ်တိုင်နဲ့ လုပ်ထားတဲ့ ၊ သီတံမှာ ငရုပ်သီး အနီတောင့်တွေ ထိုးသီတယ် ပြီးတော့ မီးဖိုနားမှာ  အဲဒီသီတံ လေးကို ထောင်ထားလိုက်တယ် ၊ အဲဒီသီတံက မွေးလာတဲ့ ငရုပ်သီး ညော်နံ့လေးဟာ ဗိုက်ကို တော်တော်လေး ဆာလောင်စေပါတယ် ၊ အမကြီး ဘာလုပ်ပေးရမလဲ ဆိုတော့ ငရုပ်သီးထောင်းတဲ့ ခုနက သီထားတဲ့ ငရုပ်သီးတွေ ငရုပ်ဆုံ နခမ်းပဲ့ထဲ ထည့်ထောင်းခိုင်းတယ် ၊ ငပိရေ ကျိုအုံးမယ် ဆိုပြီး ဒန်ဒယ်အိုး ပိန်လေးထဲကို ကြွပ်ကြွပ်အိပ်ထဲ ကငပိလေးတွေထည့်ပြီး ကျိုတယ် ၊ ထမင်းအိုး ထဲက ထမင်းတွေ ကို ပုဂံထဲခူးထည့်  ၊ ပုဂံလဲ များများစားစား မရှိပါဘူး နှစ်ချပ်ဘဲ ရှိတယ် ၊ ပုဂံ လုံးလေးက ရွယ်တူ သုံးခုလောက်ရှိတယ် တခုထဲကိုငပိရေ ထည့် ကျွန်တော်နဲ့ ပန်းပုဆရာ ထောင်းထားတဲ့ ငရုပ်သီးကို ငပိရေထဲရော အချို့မှုန့်လေးလဲ ထည့်တာကိုတွေ့တယ် ၊ ပြီးတော့ ကြတ်ဥခွာပေး ၊ ကြက်ဥကိုပန်းကန်ထဲ ထည့် ဆီထည့် ၊ မြင်းခွာရွတ် ပုပုလေးတွေကို ရေဆေးပြီး ပုဂံတလုံးထဲ ထည့်ပေး အဲအမကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက် တက်ညီ လက်ညီလုပ်လိုက်တာ ထမင်းစား ရခါနီးနေပါပြီ ။

အဲဒီချိန်မှာ ပါးစပ်က သီချင်းဆိုပြီး ဒိုင်းဝန်းလို့ ခေါ်တဲ့ ပိုက်နဲ့ယက်လုပ်ထားပြီး ၀ါးနဲ့အနားကွတ် ထားတဲ့ ငါးဖမ်းကိရိယာနဲ့ ၊ အကိုကြီးတစ်ယောက် ၀င်လာပါတယ် ၊ ဟေး မိသန်းငြိမ်း ဧည့်သယ်တွေလား တဲ့ ၊ ဟုတ်တယ် ရထားပျက်လို့တဲ့ တော် ၊ ထမင်းမစားရသေးဘူး ဆိုလို့ ရှိတာလေး ချက်ကြွေးနေတာ ၊ ဟနေအုံး ဒီမယ် ပုဇွန်တွေ ပါတယ်တဲ့ ကြော်ကြွေးလိုက်တဲ့ ကျွန်တော် တော်တော်လေး အံ့အားသင့်မှိပါတယ် ၊ စိတ်မကောင်းလဲ ဖြစ်မှိပါတယ် ၊ အော် သူတို့ကျတော့ စိတ်ကောင်းရှိလိုက်တာလို့ ပါလာတဲ့ ပလိုင်းလေးထဲက လက်နှစ်ဆုပ်စာ လောက်ရှိတဲ့ ပုဇွန်လေး မသေးမကြီးလေး တွေကို ရေဆေးပြီး ၊ မိန်းမဖြစ်သူကို လာပေးပါတယ် ၊ မိန်းမက ခေါင်းတွေရော ဘာတွေရော အဖြူထည်ကျော်ပြီး ၊ ထည့်စရာ ပန်းကန်မရှိတော့လို့ ဒယ်အိုးလေး အတိုင်း ဆေးလိပ်ပြာခွက်လုပ် တဲ့ မြေခွက်ထဲမှာ တင်ပြီး ထမင်းဝိုင်းကို လာပို့ပါတယ် ၊ ကဲ မောင်လေးနှစ်ယောက် စားတော့ ဆိုတော့ ဘာပြောကောင်းမလဲ စားလိုက်တာ တာဆိုတာ ၊ ကျွန်တော်ဟာ မြန်မာပြည်အနေ ထားအရ သူဌေးသား တစ်ယောက်လို့ ပြောလို့ရပါတယ် ၊ ကျွန်တော့ တစ်သက်မှာ အဲလိုအစား အစာမျိုး လုံးဝမစားဘူးခဲ့ပါ ၊ စားခဲ့ ဘူးသမျှ အစားထဲမှာ လဲ ဒီလောက်မြိန်တဲ့ ထမင်းတနပ်ကို အဲဒီတခါ ဘဲစားဘူးပါတယ် ၊ တဲရှင်အကိုကြီးကေ၇ချိုးပြီး တတ်လာပါတယ် ၊ လင်မယားနှစ် ယောက် ကထိုင်ကြည့်နေပါတယ် ကျွန်တော်တို့ စားတာသောက်တာ ကြည့်ပြီး သူတို့ပျော်နေပုံ ရပါတယ် ၊ ဘယ်ကလဲ ဘယ်လိုဖြစ်တာလဲ စုံနေတာဘဲ မေးတာ ဖြေလိုက်စားလိုက်နဲ့ ၊ ထမင်းအိုး လေးဟာ တ၀က်လောက်ဘဲ ကျန်တော့ပါတယ် ၊ သူတို့က ထပ်ထည့်ခိုင်းနေပါတယ် ၊ ရထားပေါ် ကလူတွေ ဘယ်လိုစားကြတုန်း ၊ မသိဘူးနော် လို့မေးလာပါသေးတယ် ၊ စုချက်စားနေတာတော့ တွေ့တယ် လို့ပြောလိုက်တော့  ၊ အင်းမချမ်းသာလို့ပါ ကွာ ချမ်းသာရင် ငါလာလှူပါတယ်တဲ့ ၊ အော် မြန်မာ စစ်လိုက်တာ အကိုကြီးရယ်လို့ စိတ်ထဲကတောင် ကြိတ်ပြီး ချီးကျုးမှိသေးပါတယ် ။

စားသောက်ပြီးမှ ဘုန်းကြီးနှစ်ပါးကို သွားသတိရတယ် ၊ အကိုကြီး ဘုန်းကြီးနှစ်ပါး ဆွမ်းမစားရ သေးဘူးဗျ ၊ လို့  ဒါလေးတွေ ကျွန်တော်တို့ ထည့်ယူသွားလို့ရမလား ၊ ဟာရတယ် ကောင်းပါ့မလား ငါ့ညီရယ် စားပြီးသားတွေ ဘုန်းကြီးလှူလို့ ၊ ရလောက်ပါတယ် အကိုရာ သူတို့နှစ်ပါးလဲ ဆာမှာပေါ့ ၊ အင်း ကြွပ်ကြွပ်အိပ် နဲ့ထည့်ပေးလိုက်မယ် တဲ့ ၊ ကြက်ဥ တခြမ်းရယ် ပုဇွန်ကျော် ၊လေးနဲနဲရယ် ငပိရေ နဲ့ အတို့ရယ် တပါတည်းပေါင်းထည့်ပေးပါတယ် ၊ ကျွန်တော်လဲ စားသောက်ပြီးလို့ ၊ ပြန်ခါနီးမှာ စိတ်ကူးမှိတယ် ၊ ငါတို့တကြိမ်တခါမှ မမြင်ဘူးဘဲနဲ့ ဒီလောက်ကူညီတဲ့ လူတွေ ထမင်းတနပ်ကြွေးဘူးတဲ့ လူတွေ ဘာပြန်လုပ်ပေး ရမလဲ ဆိုပြီး စဉ်းစားတော့ ၊ အကြံတခုရတယ် ၊ ငွေပေးရင်တော့ ရိုင်းမယ်ထင်လို့ ၊ အလတ်ကောင် ပါးနဲ့ မေမေ အတွက် ထည့်ပေးလိုက်တဲ့ ချည်တပတ်လေး နှစ်ထည်နဲ့ ပုဆိုးနှစ်ကွင်းနဲ့ ထမိန်နှစ်ကွင်းကို အမကြီးနဲ့ အကိုကြီးရှေ့မှာ ချပြီး ထိုင်ကန်တော့လိုက်တယ် ၊ မယူပါဘူးလို့ အတန်တန်ငြင်းနေပေ မဲ့ မယူရင် စိတ်ဆိုးမှာလို့ ၊ ပြောတော့ ယူထားလိုက်တယ် ၊ သူတို့သမီး လေးကိုမုန့်ဘိုး ၂၀၀၀ပေးခဲ့တယ် ၊ ပန်းပုဆရာအကိုက  သူ့လက်ထဲက လက်ပတ်နာရီလေးကို တဲရှင်အကိုကြီး ကို ပတ်ပေးလိုက်တယ် ၊ ငွေ၅၀၀ ခလေးလေးကို မုန့်ဘိုးပေးလိုက်တယ် ၊ အားလုံးနုတ်ဆက်ပြီး ထမင်းထုတ်လေးယူ ၊ ရေဗူးထဲ ရေဖြည့်ပြီး ရွာဘက်ကို ဦးတည်ပြီး လျှောက်လာခဲ့တယ် ၊ တပြလောက် ရောက်မှ ပန်းပုဆရာ အကိုကြီးကို အကို တဲရှင်အကို ကြီးနာမည်ဘယ်သူတုန်း ဆိုတော့ အေးသိဘူးဟတဲ့ ၊ ဟာမေးခဲ့အုံးလေ ဟာ ပြန်သွားနေရအုံးမယ် တဲ့ အဲဒါနဲ့ နှစ်ယောက် သား သံပြိုင်အော်လိုက်တာ“ အမကြီး မိသန်းငြိမ်းရေ အကိုကြီးနာမည် ဘယ်သူတုန်းဗျ ” ဟိုအကိုကြီးက ပြေးထွက်လိုက်လာတယ် ၊ ဘာလဲညီလေးတို့တဲ့ အကိုကြီးနာမည် ဘယ်သူတုန်း ဗျလို့ မေးလိုက်တော့ သန်းအောင်တဲ့ ဘာလို့တုန်း မှတ်ထားမလို့ ဆိုတော့ ဟားဟားဟား နဲ့ရီပြီး ကြောကိုပုတ်ပြီး ကျန်ရစ်ခဲ့တယ် ၊ အော် တွေ့စုံကြုံ ကွဲ ဓမ္မာဆိုပေမဲ့ နှစ်နာရီလောက်စုံ လိုက်ရပြီး ခွဲခဲ့ရတော့ စိတ်ထဲမှာ အမျိုးတွေစီက ပြန်သလိုလိုလေး ဘဲ ၊ တော်တော်ပြပြ လေးရောက်မှ လှည့်ကြည့်တော့ နေပူထဲမှာ ငူငူကြီးရပ်ပြီး ၊ တာ့တာလုပ်ပြနေလေရဲ့ ။ မမေ့ပါဘူး ကိုသန်းအောင် နဲ့ အမကြီး မိသန်းငြိမ်းရယ် ။

ထမင်းထုတ်လေး ကိုင်ပြီး ရွာထဲကို ကိုယ့်အတွေးနဲ့ ကိုယ်နှစ်ယောက်သား စကားမပြော ဘဲဝင်လာပြီး ၊ ရထားစီပြန်လာ ဘုန်းတော်ကြီးတွေကို သွားတွေ့တော့ ဘုန်းကြီးတွေက အငယ် တပါးက စာစောင်ဖက်နေတယ် ၊ အကြီးဘုန်းတော်ကြီးက အိပ်နေတယ် ၊ အရှင်တို့ ထမင်းသုံး ဆောင်ပြီးပလား ၊ အေးစားပြီးပြီကွ ဘာလို့တုန်း ၊ ကပ်မလို့ပါဘုရား ၊ အယ် ငါတို့က ရွာထဲက ဒကာမကြီးတွေ လာကပ်သွားတယ်တဲ့ ၊ ကဲမှတ်ကရော မင်းတို့က ဘယ်ကရတာတုန်း ထမင်းကို ကိုသန်းအောင်တို့ လှူလိုက်တာပါဘုရားလို့ နှစ်ယောက်တိုင်ပင် ထားသလို ပြောလိုက်တော့ ရီလိုက်ရတာ ၊ အင်းမစားရသေးတဲ့ လူတွေ ရှိလောက်တယ် သားရဲ့သူတို့ကိုရှာ ပေးလိုက်ပါလား တဲ့ ၊ မှန့်လှပါဘုရား  ဆိုပြီး ၊ ပန်းပုဆရာနဲ့ ကျွန်တော် တစ်ယောက် မျက်နှာတယောက်ကြည့် မှိလိုက်တယ် ၊ ဒီထမင်းနဲ့ ဒီဟင်းလေးကို သမြောနေမှိတယ် ၊ ဘာကြောင့်မှန်းမသိပါဘူး ၊ အကိုမင်း သမြောလား အေးကွာ ၊ ငါသမြောသလိုလို ဖြစ်တယ်ကွတဲ့ ၊ ကျွန်တော်လဲ တူတူဘဲ အကိုရာ တခါမှ ဒီလောက်ဆင်းဆင်းရဲရဲ မဖြစ်ဘူးဘူး အေးကွာ ငါလဲဒီတခါ ကြုံဘူးတာဘဲ ၊ ကဲပါ ညီရာ မင်းနဲ့ အကိုအမှတ်တရ ပေါ့ ၊ လာလိုက်ရှာပြီး လှူလိုက်မယ် ဆိုပြီး လိုက်ရှာတာ စားမဲ့လူ မရှိပါဘူး ၊ နောက်ဆုံးတော့ ကဲ အကို ကျုပ်တို့ နှစ်ယောက်ထပ်စား မယ်ဗျာ လို့ပြောတော့ အေး ကောင်းတယ် ဆိုပြီး ရထားလမ်းဘေးက အိုင်ထဲ လက်ဆင်းဆေး ပြီး နှစ်ယောက်သား ကြွပ်ကြွပ် အိပ်ထဲ နှိုက်စားတာ ပြောင်သွားတာဘဲ ၊ ပြီးတော့ ဘာကို ရီချင်မှန်းမသိတာနဲ့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ဟီးဟီးနဲ့ ရီလိုက်တာ ပျော်သလိုလို ၀မ်းနည်းသလိုလိုလေး လဲခံစားရတယ် ။ ပြီးတော့ မြောင်းထဲက ကရေနဲ့ လက်ဆေး ၊ ကိုယ်အ၀တ်စားနဲ့ ကိုယ်သုတ် လူ့ဘ၀ တသက်မှာ လယ်တဲထဲလဲ ထမင်း စားဘူးခဲ့သလို ၊ ရထားလမ်းဘေးက မြတ်ခင်းပေါ်မှာ လဲ ကြွပ်ကြွပ်အိပ်ထဲက ထမင်းကို နှစ်ယောက်စားခဲ့ ဘူးခဲ့ပါ၏။

စားသောက်ပြီး ၊ ညနေ လေးနာရီ လောက်ရောက်တော့ ရန်ကုန်က ရထားစက်ခေါင်းကြီး ရောက်လာ ပါတယ် ၊ ရထားစက်ခေါင်းတပ်ပြီး ရထားကြီးကို စတင်ခုတ်မောင်းဘို့ ဥသြသံ ရှည်ကြီး ဆွဲလိုက်တဲ့ အချိန်မှာတော့ ၅ နာရီထိုးဘို့ ဆယ်မိနစ်သာ လိုပါတော့တယ် ၊ တရွေ့ရွေ့နဲ့ စထွက်ပြီး ၊ တစနဲ့တစ မြန်လာတဲ့ အချိန်မှာတော့ ကျွန်တော်နဲ့ ပန်းပုဆရာ အကိုကြီးဟာ ကိုကြီး သန်းအောင်နဲ့ မကြီး မိသန်းငြိမ်းတို့ တဲလေးရှိတဲ့ အရပ်ကို လှမ်းမျှော်ကြည့်မှိပါတယ် ၊ နေခဲ့ကြပေ အုံးတော့ ထမင်းရှင် ဇနီးမောင်နှံ့နဲ့ ထုံးကြီးကျေးရွာရေ ၊ ပဲခူးကို ကျော်တော့ ဖုန်းလိုင်းတွေ မိပြီ မို့ ဖွင့်ကြည့်လိုက်တော့ အိမ်ကခေါ်ထားတာ ကော ပေါင်းလေးဆယ်ကျော် ၊ အကြီးကောင် အလတ်ကောင် ပါးနဲ့ အိမ်ဖုန်းကော တွေပါ တစ်သီကြီး ၊ ရန်ကုန်ရောက်တော့ ၈နာရီ ထိုးပြီ ၊ အကြီးကောင်ရယ် ပါးရယ် မေမေရယ် လာကြိုကြလေရဲ့ ၊ ဘူတာကို ဖုန်းဆက်မေးကြည့်တယ် နဲ့တူပါတယ် ၊ ရထားပျက်တာကို သိတာနဲ့ အစားအသောက်တွေနဲ့ လာကြိုနေကြတာ ပန်းပုဆရာ ကိုပါ တပါးတည်းခေါ်လာပြီး  ၊ သုဝဏ ဘောလုံးကွင်းနား ထားခဲ့ ပြီး တောင်ဥက္ကလာ ထဲကနေဖြတ်မောင်းပြီး အိမ်ကိုပြန်လာခဲ့ကြတယ် ။

ဘယ်မလဲ အလတ်ကောင်ထည့်ပေးလိုက်တဲ့ ထမိန်နှစ်ထည် တဲ့ မေမေက မေးတယ် ၊ အကြောင်းစုံ ပြောပြလိုက်တော့ ဖေဖေက ချီးမွမ်းလိုက်တာ သိပ်မှန်ကန်တဲ့ လုပ်ရပ်တဲ့ ၊ မေမေကတော့  သဲတော ၀မ်းတွင်းဘက်က လာတဲ့ ထမိန်ကအေးတယ်တဲ့ ၊ ရဘို့မလွယ်ဘူးတဲ့ ပုဆိုးကန်တော့ ခဲ့ရင်တော်လိုက်ပါပြီတဲ့ စာဂရဲလိုက်တာ တအားဘဲတဲ့  ၊ သူ့တို့ဘာတွေ ဆက်ပြောနေလဲ တော့မသိဘူး ၊ ကျွန်တော်လဲ ဖေဖေကို မှီပြီးကားပေါ်မှာ အိပ်လာတာ ၊ မိုးလင်းမှ အိပ်ယာ ပေါ်ရောက်နေတာ ကိုသိတော့တယ် ….။

(ပဲခူးတိုင်း အရှေ့ပိုင်း ၊ ထုံးကြီး ကျေးရွာမှာ ရထားပျက်ခဲ့စဉ်က ကိုယ့်တွေ့ဖြစ်ရပ် ကိုနာမည်နဲ့လိပ်စာတောင် မပြောင်းဘဲ ပြန်လည်ရေးပြတာပါ ၊ ကိုကြီးသန်းအောင်နဲ့ မကြီးမိသန်းငြိမ်း ၊ အမည်မသိ ညီမလေးပါ ကျမ်းမာ ချမ်းသာကြပါစေ….။ )