Friday, November 26, 2010

အဖိုးနှင့် သူ့မြေး ကျွန်တော်


အဖိုးသာအခုနေရှိရင် အသက်၉၆နှစ် ရှိပြီ ၊ ကျွန်တော့်အဖိုးကို မြန်မာသက္ကရာဇ် ၁၂၇၇ခုနှစ် ၊ နယုန်လပြည့်ကျော် ၁၅ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၁၁-၆-၁၉၁၅ခုနှစ် ၊ မှာ မော်လမြိုင်မြို့မှာ  အဖဦးသာဆိုင် (ရွှေလှံဗိုလ်ခေါ် ကောလင်းမြို့စား မန္တလေး မြို့တော်ဝန် မဟာမင်းခေါင် အနော်ရ ထာဘွဲ့ခံ မင်းကြီးဦးချိမ့်၏  ၀န်စာရေးတော်ကြီး)နှင့် ၊ အမိဒေါ်နှင်းအိ (သီပေါ ဘုရင်၏ ပြည်လုံး အံ့လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိ ရန်အောင်၏ သမီး)တို့မှ ဖွားမြင်ခဲ့သူပါ။
 အဘိုးဟာ ရှေးခေတ် နောက်ခေတ်ကို ပက်ပက်စက်စက်ကြီး မှီခဲ့သူမို့ ၊ ဗဟုသုတမျိုးစုံ ၊ အတွေ့အကြုံမျိုးစုံ ရှိသူပါ ၊ မျိုးချစ်စိတ် အလွန်အမင်းပြင်းထန်သူမို့ ၊ အင်္ဂလိပ်ကျောင်း မတတ်ဖူးပါ ၊ သို့သော် အင်္ဂလိပ်စာ တော်တော်တတ်သလို ဂျပန်စာနဲ့ ဂျပန်စကားကိုပါ တတ်မြောက်ပါတယ် ၊ ကျွန်တော်အကို ဆရာဝန်ကြီးများကတောင် အဖိုးဖတ်ဖူးတဲ့ အင်္ဂလိပ်စာ အုပ်မျိုးမဖတ်ဖူးခဲ့ပါ ၊ အဘိုးက မော်လမြိုင်ဗုဒ္ဓဘာသာ ကျောင်းထွက်လို့ဆိုပါတယ် ၊ ၇တန်း အောင်ခဲ့တယ်ကွယ့်လို့ ပြောပါ တယ် ၊ မော်လမြိုင်က ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ စာသင်ပေးခဲ့ဖူးသေးတယ်လို့ ပြောခဲ့ဖူးပါတယ် ကိုရင်ဝတ်နဲ့ ပထမလတ်တန်းအောင်မြင်ခဲ့ဖူးပါတယ်။
 လွတ်လပ်ရေး ခေတ်တလျှောက်လုံး ၊ ဘီအိုင်အေ ၊ ဘီဒီအေ အဲလို ခေတ်တွေမှာတော့ စစ်သားလုပ်ခဲ့ပါသေးတယ် ၊ ဘီအိုင်အေမှာ ဗိုလ်ကြီး အဆင့်တာဝန် ထမ်းဆောင်ခဲ့သူပါ ၊ ဂျပန်ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ စစ်တိုက်ခဲ့သူပါ၊ ဂျပန်ခေတ်က စစ်တောင်းတံတား တိုက်ပွဲမှာ ဂျပန်စစ်ဗိုလ်နဲ့ ဓားချင်း ယှဉ်ခုတ်ခဲ့လို့ အဖိုးညာလက်အဖျားတွေ ပြတ်ကျလုနီးနီး ဓားထိခဲ့ပါတယ်၊ ဖဆပလ ခေတ်မှတော့၊ ဖဆပလအဖွဲ့ထဲမှာ အတွင်းရေးမှူးလုပ်ပါတယ်။
 ဗိုလ်ချုပ်ရဲ့ အမိန့်နဲ့ ဂျပန်စစ်ပြန်တွေကို ပြန်လည် နေရာချထားရေး လုပ်ပါတယ် ၊ လွတ်လပ်ရေးခေတ်မှာ မဏ္ဍိုင်သတင်းစာ ကိုတည် ထောင်ခဲ့ပြီး ၊ ဘိုးဘိုးမိန်းမကတော့ မော်လမြိုင် သွေးဆေးနာမည်နဲ့ ဆေးတိုက်ဖွင့်ပါတယ်၊ ၁၉၉၆ခုနှစ်မှာ နိုင်ငံဂုဏ်ရည်တတိယဆင့် ရရှိခဲ့ပါတယ်၊ ၁၉၇၀ခုနှစ်မှာ သမိုင်းဝင် ပမဆင့်ကို အဘိုးရော အဖွားပါ ပူးတွဲရပါတယ် ၊ စာပေနှံ့စပ်ပုံကတော့ အံ့လောက်ပါတယ် ၊ ဒါကတော့ အဖိုးရဲ့ ဘ၀ တစိတ်တဒေသပါ ။
ကျွန်တော်ကတော့ မြန်မာသက္ကရာဇ် ၁၃၅၂ခု ၊ ပြာသိုလပြည့်ကျော် ၁ရက် ၊ ခရစ်နှစ် ၁၉၉၀ပြည့် ဒီဇင်ဘာ ၃၁ရက် ၊ တနလာင်္နေ့ည မြန်မာစံတော်ချိန် ၁၂နာရီ ၊ ၅မိနစ်တွင် မြောက်လတ္တီကျု ၁၆ဒီဂရီ  ၄၇မိနစ် ၊ အရှေ့လောင်ဂျီကျူ့၉၆ ဒီဂရီ ၁၂မိနစ်တွင် ရန်ကန်မြို့ ဒဗ္ဗလင်ဆေးရုံတွင် သတို့သား .....ကို မာတာမိခင်မှ ဖွားသန့်စင်သည် အသက်၁၂၀ ရှည်စေသော်ဟု အဖိုး လုပ်ပေးထားတဲ့ ဇာတာမှာ အဲလိုရေးထားပါတယ်။
ကျွန်တော့ကိုမွေးမဲ့နေ့ ညနေမှာ မော်လမြိုင်မှာ အဖွားဆုံးပါတယ် ၊ အဲဒီည သန်းခေါင်းယံအချိန်မှာ ကျွန်တော်မွေးပါတယ် ၊ အဖွားနဲ့ ကျွန်တော်ဟာ မီးဝင်မီးထွက် ဖြစ်ပါတယ် ၊ အဖွားဆုံးခါနီးတော့ အဖွားရဲ့ခြေထောက်မှာ အဖိုးက မီသွေးလေးနဲ့ခြစ်ပေးလိုက်ပြီး မေမေဆီမှာ ပြန်ဝင်စားလို့ မှာလိုက်တယ်လို့ ဆိုပါတယ် ၊ ကျွန်တော်ကို အဲဒီညမှာ မွေးတော့ အဖိုးဟာ သူ့မိန်းမ၀င်စားတာ ဟုတ်မဟုတ် သိချင်လို့ ကျွန်တော်ခြေထောက်ကို ကြည့်ခိုင်းတယ်လို့ဆိုပါ တယ် ၊ တိုက်ဆိုင်စွာဘဲ ကျွန်တော်ဘယ်ဘက် ခြေထောက်မှာ ၊ အမဲရောင်အခြစ်ရာ အမှတ်သားလေးပါလာတဲ့အပြင် ၊ ညာဖက်နံပါးမှာပါ အမဲစက်ကြီးတစ်ခုပါလာပါတယ် ၊ အဲဒီအမှတ်အသားဟာ ဖွားဖွားမှာလဲ ပါတယ်လို့ မေမေကဆိုပါတယ် ၊ မည်သို့ပင်ဖြစ်စေ ကျွန်တော်ဟာ အဖွားဝင်စားပါတယ်ဆိုပြီး အဖိုးရဲ့အချစ်တော်ဖြစ်သွားပါတယ် ။
အိမ်မှာအဖိုးဟာ သြဇာကြီးမားသူ ဖြစ်ပါတယ် ၊ အဖိုးက ကျွန်တော့်ဘက်တော်သားကြီးဖြစ်လို့ ကျွန်တော်ရဲ့ပါးဟာ အဖိုးတည်းဟူသော စိန်နားကပ်ကြောင့်  ပါးတည်းဟူသော ကျွန်တော်ဟာ ပြောင်ပြောင်ပြောင်နဲ့ နေပါတယ် ၊ နောင်တော်ကြီး နှစ်ပါးရဲ့ငြူစူစောင်းမြောင်း မှုကိုအပြင်း အထန်ခံရပါတယ် ၊ အဖိုးဘယ်သွားသွား သွားလေရာ ခေါ်ဆောင်သွားတတ်ပါတယ် ၊ ကျွန်တော် တို့ ညီကိုယ် တွေဟာ အသက်၇ နှစ်စီကွာပါတယ် ၊ အကြီးဆုံးအကိုနဲ့ ကျွန်တော်ဟာ ၁၄နှစ်ကွာပါ တယ် အလတ်ကောင်နဲ့ ကျွန်တော်ဟာ ၇နှစ်ကွာပါတယ်။
မိဘနှစ်ပါး အလုပ်သွားချိန်မှာ အကိုနှစ်ယောက် ကျောင်းတက်နေပါတယ်၊ ကျွန်တော်နဲ့ အဖိုးကတော့ အိမ်တော်စောင့် ဖြစ်ပါတယ်၊ အဖိုးက ကျွန်တော်စာမတတ်ခင်ကတည်းက ဘုရားရှိခိုးသင်ပေး ၊ သီချင်းတွေ သင်ပေး ပီယာနိုတီးခိုင်း တယောထိုးခိုင်း ၊ စာလေးရေးတတ်လာတော့ ဟိုဟာမှတ်ခိုင်း ဒါမှတ်ခိုင်း ၊ ဟိုဟာသင်ပေး ဒါသင်ပေး လုပ် ပါတယ် ၊ ဒါကြောင့် ကျွန်တော့မိသားစုမှာ ကျွန်တော်ဟာ အဖိုးနဲ့ မိသားစုဝင်တွေထက် ပိုမိုအကျွမ်းဝင်သူပါ။
 အဖိုးဆုံးတော့ အဖိုးရဲ့စာအုပ်တွေ ခွဲဝေရေးပြဿနာများတတ်ပါတယ် ၊ ကျွန်တော်ဟာ ကျွန်တော်ဗီရိုလေးထဲမှာ အဖိုးရှိစဉ်ကတည်းက အဖိုးရဲ့မှတ်စုတချို့ကို ကျွန်တော် ရေးထားတဲ့ စာအုပ်တွေနဲ့ ပူးတွဲပြီး စာအုပ်ကြီးတစ်အုပ်ချုပ်လိုက်ပါတယ် ၊ စာအုပ်မှာလဲ ကျွန်တော့် နာမည် တပ်ပြီး ထားလိုက်ပါတယ် ၊ မှတ်စုစာအုပ်တွေကို ဖေဖေပိုင်ရမှာ ဖြစ်ပေမဲ့ ၊ ဖိုးဖိုးရဲ့ မြေးကျွန်တော် ကသာ ပိုင်စေရမယ်လို့ ဖိုးဖိုး ဥပဒေထားရစ်ခဲ့ပါတယ် ၊ သိတော်မူကြတဲ့အတိုင်း ဥပဒေထားခဲ့သူ မရှိတော့တဲ့နောက်ပိုင်း ၊ ဥပဒေဟာ အသက်မ၀င်တော့ပါဘူး ၊ ကျွန်တော်ပြည်ပရောက်နေလို့ ဈာပန လုပ်တဲ့နေမှ ပြန်ရောက်ပါတယ်။
 အခုတော့ အဖိုးမှတ်စုတွေ ယူထားတဲ့ လူတွေဆီကနေ ကျွန်တော် ပြန်ခိုးယူထားလို့ ၊ နဲနဲတော့ ပြန်ရပါပြီ ၊ ဖိုးဖိုးဟာ စာရေးနိုင်သူဖြစ်ပါတယ် ၊ ကဗျာလကာင်္တွေ မှတ်တမ်းမှတ်ရာတွေ ၊ ကိုယ့်တွေ့မှတ်တမ်းတွေ တော်တော်စုံပါတယ်၊ အခုတော့ ဖိုးဖိုးရဲ့ မှတ်စုထဲက မင်းပြောင်းမင်းလွဲဖြစ်ရင် ဖြစ်ပေါ်တတ်တဲ့ အရိပ်နိမိတ်လက္ခဏာတရားဆိုတဲ့ နတ်စက်ရောင် သိုက်စာပါ လကာင်္ရှည်ကြီးတခုကို အပိုင်းခွဲပြီး ပိုစ့်တင်ရင်ကောင်း မလား စဉ်းစားမှိပါတယ် ။
 ကဲစာဖတ်သူ ကျွန်တော်အဲဒီ လင်္ကာကြီးကို ကျွန်တော်သိသလောက် အဓိပ္ပါ့ယ်ရှင်းပြီး ငွေလမင်း ဘလော့မှာ တင်ရင် စာဖတ်သူက စောင့်ဖတ်မှာလားလို့ မေးချင်ပါတယ် ဖတ်မယ်မလားခင်မျာ ၊ မညာပါနဲ့ ဖတ်မယ်ဆိုရင် အောက်မှာကွန်မင့်ရေးခဲ့ ၊ ဘာမဖတ်ဖူးလား၊ ဟားဟား မရေးဘူးပေါ့ဗျ ၊ စသဖြင်စသဖြင့် စကားတွေပြောပြီး ကျွန်တော်အိပ်မက်က လန့်နိုးခဲ့ပါတယ်။
 ညကအကြောင်းရာတွေပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်အဖိုး မှတ်စုဖတ်ပြီး အိပ်ပျော်သွားရင်း အိပ်မက်မက်နေတာကိုး ၊ အိပ်မက်ထဲမှာ အခုစာဖတ်နေတဲ့လူကို ကျွန်တော်က အဖိုးအကြောင်း ရှင်းပြနေတာတဲ့ ၊အိပ်ယာနိုးတော့ အိပ်မက်ထဲက ပြောခဲ့တဲ့အတိုင်း ရေးရင်ကောင်းမလား မရေးရင်ကောင်းမလား ၊ တွေးနေတုန်း မဒမ်ငွေဆီကို ထိုအကြောင်းအရာ အတည်ဖြစ်စေဖို့ အစီရင်ခံလိုက်ရာ ၊ ရေးသားရမည်ဖြစ်ကြောင်း အော်ဒါထွက်လာသဖြင့် ကျွန်တော်ရေးဖို့ စီစဉ်နေရပါတော့တယ် ၊ စာရူသူကရော ရေးစေချင်လားခင်မျာ??????????????