Wednesday, November 30, 2011

ချစ်လိုက်တာတုန်လို့


ခုတလောတော့ဖြင့် ကိုကိုငွေတို့ ဘလော့ ပျောက်လှချေတယ်လို့ ဘလော်ကာများက ပြောဆို နေကြမို့လား၊ ဟုတ်ကဲ့ ကိုကိုငွေ မအားဘူးခင်မျ။ တော်တော်လေးမအားတာ အရင်က မှနဲနဲအားသေးတယ်ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ရက်နေ့ တိတိကျကျပြောရရင် ၊ အဲဒီနေ့မနက် ၇နာရီကတည်းက မအားတာ၊ အဲဒီနေ့မှာ မဒမ်ငွေလာတယ်ကိုး ရန်ကုန်ကို၊ ဆိုတော့ကား ကြိုဆိုနေရာချထားရေး လုပ်ရပြန်တယ်၊ အဲဒီနေ့ တနေ့ကုန်တယ်ဆိုပါစို့၊ နောက်နေ့ကျပြန်တော့ မဒမ်ငွေကို ဒလဖက်ကမ်းကို နှစ်ထပ်သဘောင်္ကြီးစီးပြီး လိုက်ပို့ရတယ်၊ ကိုကိုငွေချစ်သူက ခလေးသာသာရယ်၊ ခရီးပန်းမခံနိုင်ဘူး ၊ အစားအစာမာမာ မစားသောက်နိုင်ဘူး စာချင်တဲ့ဟာကြတော့လည်း၊ အဝေးကြီးတွေ YKKO ကြေးအိုးစားချင်သတဲ့၊ ညကြီးမင်းကြီး လိုက်ပို့ပေးရတယ်၊ အခြားနေရာတွေ ရွှေယုန်လေးတို့မှာလည်း ရှိပါရဲ့ သူကခံတွင်းမလိုက်ဘူး၊ အဲဒီ ကဟာမှမစားရရင် မဒမ်ငွေက စကာင်္ပူ တောင်ပြန်ရောက် ဖို့မရှိဘူးလေ။

သုံးဆယ်ရက်နေ့ ကတော့ မန္တလေးကိုချီတတ်ကြတယ်၊ တလမ်းလုံးကားမူးလို့ချမ်းလို့ဆိုတော့ မဒမ်ငွေကို မျက်နှာသုတ်တပတ်နဲ့ အထုပ်ထုပ်ထားရတယ်၊ လကုန်တော့ မန္တလေးကိုရောက်ပါရော၊ မဒမ်မောင်လေးတွေနဲ့ မိခင်ကြီးကလာရောက် ကြိုဆိုကြလေရဲ့၊ နိဝင်ဘာလသုံးရက်နေ့ ရောက်ပြန်တော့ မဒမ်ငွေက ၂၇နှစ်ပြည့်တယ်၊ မွေးနေ့ပွဲ ကိုကိုငွေက ဒင်ဆန်း လုပ်ကျွေးတယ်၊ တော်တော်လေး လက်ဝင်ပါရဲ့ ပင်ပန်းလိုက်တာဗျာတို့ရယ်၊ မဒမ်ငွေနဲ့ အပေါင်းအပါများကတော့ တော်တော်စားကောင်းလို့ဆိုပါရဲ့၊ ဆိုင်ဖွင့်ရောင်းဖို့တောင် အဘိယာစကပြုကြသေး၊ အလကား အားပေးချင်နေလို့ကြလိမ့်မယ်လို့ ယူဆရတာပါပဲ ဗျာတို့ရယ်။

လည်တယ် ပတ်တယ် မန္တလေးအနှံ့ပေါ့၊ မရွှေစင်ဦး အိမ်ကို သွားလည်မလို့ပါပဲ၊ သူတို့ခမျာ ဖခင်ရဲ့ ကျမ်းမာရေးကြောင့် အလုပ်ရှုပ်နေလိမ့်မယ်လို့ ယူဆလို့မသွားခဲ့ပါဘူး၊ ခွင့်လွှတ်နော် မရွှေစင်ဦး၊ မေမြို့ကို လ္ဆန်း၁၄ရက်နေ့သွားတယ်လေ၊ တပ်ထဲက မဒမ့်သူငယ်ချင်း ရဲ့ တိုက် ခန်းမှာနေခဲ့တယ်၊ ပျော်စရာကောင်းပါရဲ့၊ ဒါပေမဲ့ တအားအေးတယ်။

လပြည့်နေ့ကြတော့ မန္တလေး ပြန်ရောက်တယ်၊ မဒမ်ငွေရဲ့ အဖေတို့မိဘများရှိရာ မင်းကွန်းဘက်က အာလောင်ဆိုတဲ့ ရွာကိုသွားတယ်လေ၊ အပြန်လမ်းမှာ ပျော်ပွဲစားဆိုလား ဘာလား ဆိုင်ကယ်ရှေ့ဝါးလုံးနဲ့ ဖြတ်ဖြတ်တားတဲ့လူတွေကို ငါးရာပေး တရာပေး နဲ့ပေးလာလိုက်တာ မန္တလေးလဲရောက်ရော နှစ်ထောင်ကျော် ကုန်သွားပါရော၊ အလှူတန်းလုပ်တယ်ဆိုပြီး ချီးမွှမ်းခံရလိမ့်မယ်မထင်ပါနဲ့ ၊ မဒမ်က ငါးရာပေးရမလားဆိုပြီး ဆူလိုက်တာ ညံ့နေတာပဲ၊ မိန်းမများ စိတ်ညစ်ဖို့ကောင်းလိုက်တယ် တကယ်ပဲ။

မန္တလေးရောက်တော့ ညဖက် မုန့်လုံးရေပေါ် လိုက်တန်းစီတယ်လေ မန္တလေးတမြို့လုံး လုံးလိုက် ကြတဲ့မုန့်လုံး၊ ကိုကိုငွေတို့ကတော့ သွားမတောင်းပါဘူး၊ မုန့်လုပ်တဲ့ နေရာလေး မတ်တပ် သွားရပ်နေလိုက်တာ ၊ မုန့်ုယူမလားဆိုတော့ အင်းလို့ပြောလိုက်တာ ပေးကြပါရဲ့၊ ညီအငယ်ကောင်က ပြောနေသေးတယ် အကိုရေ မုန့်တောင်းစားထဲမှာ ညီတို့ကတော်တော်လေး သနားဖို့ကောင်းတယ်တဲ့၊ အဲဒါကြောင့် ပါးစပ်ဟတောင်မဟရသေးဘူး မုန့်တွေလာလာပေးကြတာတဲ့၊ ဟုတ်လောက်ပါရဲ့၊ ရုပ်ရည်တွေကလည်း သနားစရာလေးတွေ မို့လား။

မဒမ်တို့အိမ်မှာတော့ ကျွန်တော်က ထမင်းချက်တာဝန်ယူပါတယ်၊ ငါးနာရီထတယ် မဒမ်နဲ့ ညီနှစ်ကောင်ကို ခေါ်ပြီးတောင်တက်တယ်၊ တောင်တက်ပြီးပြန်လာရင် မုန့်စားသွားတယ်၊ မုန့်စား ပြီးတာနဲ့ ဈေးဝယ်ထွက်တယ် ဈေးဝယ်ထွက်တော့ ကျွန်တော်နဲ့ညီတွေက အထုပ်ကိုင် မဒမ်ကအရှေ့က၀ယ်၊ သဘောထားကလည်း တခါမှတိုက်ဆိုင်တယ်မရှိပါဘူး ၊ ညီမပုရေ ဒါလေးဝယ်ရအောင်ကွယ် ဟင့်အင်း ဟိုဟာဝယ်မယ်၊ အနောက်က တတွက်တွက်သာ ပြောနေတာပါ ၊ အိမ်ရောက်တော့ အထုပ်တွေ ဖြေကြည့်လိုက်ရင် သူ့အကြိုက်တွေသာပဲ များပါတယ်။

ကိုကိုငွေကတော့ အချက်အပြုတ်ပိုင်းပေါ့နော ချက်တယ် ပြုတ်တယ်၊ ဖျော်ရည်ဖျော် တယ်၊ ဆေးတိုက်တယ်၊ ရေခပ်ပေးရတယ်၊ ကိုကိုငွေက အိမ်ရှင်မလိုဖြစ်နေတယ်၊ ယောက်ခမလား ချစ်ရှာသားပဲ သားမက်လောင်းကိုတော့၊ ဘာလို့သိလဲဆိုရင် မဒမ်နဲ့ ကျွန်တော်က တနေ့ကို နှစ် ခါအနဲလေးထားပြီး ရန်ဖြစ်တယ်စကားများတယ်၊ သိပ်တော့မကြာပါဘူး ငါးမိနစ် လောက်ကြာ ပြန်တည့်တတ်တယ်၊ အဲဒီလိုဆိုရင် အမေက ကျွန်တော့်ဖက်ကနေပြီး မဒမ့်ကိုဆူတယ်၊ မဒမ်ငြိမ်ကျသွားတာပဲ၊ ယှဉ်လို့မရဘူးလေ လူကြီးဆိုတော့သိတာပေါ့ ဘယ်သူကမှန်တယ်ဆိုတာ။

အမေကကျွန်တော့်ဖက်က ၀င်မပါရင်လည်း ကျွန်တော်က အထုပ်ပြင်ပါတယ်၊ ညနေကားနဲ့ ရန်ကုန် ပြန်မယ်ဘာညာဆိုရင် အကုန်လုံးက အထုပ်တွေဝိုင်းဆွဲဘာညာနဲ့ ဆိုတော့ မပြန်ဖြစ်ပါ ဘူး။ မဒမ်ငွေက ဆိုးတယ်ဗျ ၊ အသိမိတ်ဆွေပေါတယ် ပြောလိုက်တဲ့စကားတွေ၊ သူကတော့ ဖလပ်ဆေဘယ်(flexible) ဖြစ်တယ်ပြောတာပဲ၊ အိမ်လာတဲ့ဧည့်သည်ဆိုရင် သူကလက်ခံစကားပြောတယ် အိမ်ကိုမလာတဲ့ ဧည့်သည်ဆိုရင် အဲဒီအိမ်ကိုလိုက်ပြီး ပြောတယ်၊ တနေ့တော့ ကျွန်တော့်ကို သူ့ သူငယ်ချင်းက လာခေါ်သွားတုန်း ၊ သူကကျွန်တော်လစ်ပြီဆိုပြီး သုံးနာရီခွဲလောက်ကတည်းက အိမ်ကထွက်သွားလိုက်တာ သူ့မောင်လေးအငယ်ကောင်နဲ့ ညနေ၆း၀၀နာရီနဲ့ပြန်မလာဘူး၊ အဲဒါကျွန်တော်က မျှော်နေသေးတယ်၊ ကဲဟေ့ အကြောင်းသိကြရောပေါ့ဆိုပြီး မန္တလေးမြောက်ကျုံးကနေ စပတ်လိုက်တာ ကျုံးပတ်လည် လမ်းလျှောက်ပလိုက်တယ် ည၈နာရီမှ ပြန်ရောက်တယ်။

ဟိုးဟိုး ရှာလိုက်ကြတာ ယောက္ခမနဲ့သမီးဆိုတာ ဒေါင်းတောက်နေတာပဲ ကိုကိုငွေက ဘာရလိမ့် မလဲ ရှာမယ်ဆိုတာသိတော့ အရှေ့ကျုံးမှာထိုင်နေလိုက်သေးတာ၊ ပြီးမှ အေးအေးလေး လေချွန် ပြီးပြန်လာတာ ၊ အဲဒါနဲ့ မဒမ်က ကျွန်တော့ ကို ပြောစရာရှိလို့ဆိုပြီး အရှေ့ကျုံးကိုဆိုင်ကယ်နဲ့ တင်ခေါ်တော့ ၊ ကျွန်တော်က အနောက်က အသာလေး ထိုင်စီးပြီး သူမေးသမျှ တခွန်းမှပြန်မပြောဘူး။ မပြောဘူးလား ဆိုင်ကယ်ကို လက်လွှတ်စီးမှာနော်တဲ့ ၊ အင်းကောင်းတယ် စီးလေလို့ မင်းအဲလိုစီးရင် အကိုကအနောက်ကနေ ခုန်ချမှာဆိုပြီး ပြန်ချိန်းခြောက်တာ၊ မဒမ်က ကျုံးထဲခုန်ချမလို့တဲ့၊ စတန့်ထွင်သေးတာ ဟုတ်တာလည်းမဟုတ်ဘူး တော်သေးတယ်၊ ကိုကိုငွေကဘဲ ပြန်ချော့ပြီး ပြန်ခဲ့ကြတယ်။

မန္တလေးခရီးစဉ်ကို အတိုချုံးလိုက်တဲ့အခါမှာတော့ ရန်ပွဲငယ် ၁၁၊ ရန်ပွဲကြီး၎ဆိုပြီး မှတ်တမ်းပြုလို့ ရသပေါ့ဗျာတို့ရယ်၊ ချစ်စကြင်နာစဆိုတော့ကား မကြာမကြာဆိုသလို ခွန်းကြီးခွန်းငယ်ခွန်းလတ် စကားများခြင်း ပြဿနာများခြင်းရှိသပေါ့၊ အခုတော့ အသံမကြားရတော့ပါဘူး၊ ၁၄ရက်နေ့ညက ရန်ကုန်ကိုပြန်ခဲ့တယ်၊ ၁၅ရက်နေ့ လျှောက်လည်ကြ တယ်၊ ၁၆ရက်နေ့ နေ့လည်၁၁နာရီခွဲနဲ့ မဒမ် စကာင်္ပူကိုပြန်သွားတယ်။

ကိုကိုငွေလိုက်ပို့လိုက်တယ်၊ ငိုချင်လိုက်တာဗျာတို့ရယ် သုံးရက်လောက်ထမင်းမစားနိုင်ဘူး အချိန် ပြည့်လွမ်းတယ်၊ သူ့ကိုဖုန်းဆက်တယ် သူလည်း ထမင်းမစားနိုင်ဘူး ဘာမှလည်းမလုပ်ချင်တော့ ဘူး၊ ဘာကိုကြည့်ကြည့် သူ့ကိုပဲမျက်စိထဲကမြင်တယ်၊ ဘာသံကိုနားထောင်ထောင် သူ့အသံပဲ ကြားတယ်၊ အခုတော့ ကိုကိုငွေလည်းတော်တော်လေး နေသားကြပါပြီး သင်္ကြန်လောက်ကျရင် တော့ မဒမ်ဆီသွားပါအုန်းမယ်၊ မဒမ်ရေ လာတုန်းကရန်ဖြစ်ဖြစ် စကားများများ ပြန်သွားတော့လည်း လွမ်းတယ်ကွ၊ နီးတကျက်ကျက် ဝေးတသက်သက်ဆိုတာ ဒါထင်ပါရဲ့၊ ဒို့တွေများလည်း အတူတူ မနေကြရဘူးနော်၊ ဗုဗ္ဗေစ ကတပုညတာ စက်များ ပျက်ခဲ့လေသလား၊ သို့တည်းမဟုတ် ဟိုးအရင် ဘ၀တွေက ဒို့တွေ သူများချစ်ခြင်းတွေ မိသားစုခြင်းတွေများ ခွဲခဲ့ကြလို့လားမသိဘူးနော်။

ကဲထားပါလေ ဝေးဝေးနေတော့လည်း နီးတဲ့အခါ ပိုပြီးချစ်လို့ရတာပေါ့ ဟုတ်ဘူးလား၊ အခုလို ဝေးနေတော့ တယောက်ကိုတစ်ယောက် မနာလိုလိုက် စိတ်ဆိုးလိုက် စိတ်ကောက်လိုက်။ ကောင်း ဘူးလားဗျာတို့ရယ်၊

ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်သားဘ၀ထူထောင်တော့မယ်လို့ရပ်သိရွာသိ ထုတ်ဖော် ကြေညာ လိုက်ပြီဆိုတော့ မဒမ်ရော ကိုကိုငွေပါ ကြိုးစားနေကြရတယ်ပေါ့ ဗျာတို့ရယ်၊ မဒမ်ကလည်း သူ့ရဲ့ အလုပ်တိုးတက်ဖို့ စာတွေဖတ်နေရပြီလို့ ဆိုလေရဲ့၊ ကိုကိုငွေကလည်း အမိမြန်မာပြည်ကြီးမှာ ငွေစကြေးစလေးတွေစုရန်အလို့ငှာ လုံးပန်းသတ်ပုတ်နေရပါသဖြင့်၊ ကိုကိုငွေတို့ ချစ်သူနှစ်ဦး ဖန်တီထားသော ငွေလမင်းဘလော့မှ မကြာမကြာ ပျောက်မည်ဖြစ်ပါကြောင်း။ သို့သော် မကြာ မကြာလည်း ပြန်လည်ပေါ်လာမည်ဖြစ်ပါကြောင်း…………….။

ဘလော့ စာရှု့သူများ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Wednesday, November 23, 2011

ကမ္ဘာကျော် ဂတ်တီးစ်ဘတ် မိန့်ကွန်း




 လက်ရေးမူ


ခရစ်နှစ် ၁၉၆၃ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦး ပြောဆိုခဲ့သော မိန့်ခွန်းများအနက် မာတင်လူသာကင်း၏ I have a dream (ကျွန်တော်မှာ အိမ်မက်တခုရှိသည်)ဟူသော မိန်းခွန်း ရှည်နှင့် ၊ အမေရိကန်နိုင်ငံ၏ ၁၆ ဆက်မြောက်သမ္မတကြီး အီဗရာဟင်လင်ကွန်း၏ ဂတ်တီးစ် ဘတ်စစ်သင်္ချိုင်းတွင် ပြောဆိုခဲ့သော စာလုံးရေ ၂၈၇ လုံးပါ  သုံးမိနစ်ကြာမိန့်ခွန်း ဂတ်တီးစ်ဘက်သည် ထင်ရှားသော ကမ္ဘာကျော် မိန့်ခွန်းရှည်နှင့် မိန့်ခွန်းတိုတို့ဖြစ်သည်။

မာတင်လူသာကင်း၏ မိန့်ခွန်းနောက်ကွယ်တွင် လူဖြူ လူမဲ ပြဿနာရှိသကဲ့သို့၊ သမ္မတကြီး လင်ကွန်း၏ ဂတ်တီးစ်ဘတ်မိန့်ခွန်း၏ နောက်ကွယ်တွင်လည်း တောင်ပိုင်းမြောက်ပိုင်း ခွဲထွက်ရေး ကိစ္စများနှင့်  အမေရိကန်ပြည်တွင်းစစ်ကြီး မီးတဟုန်းဟုန်းတောက်လောင်ခြင်းတည်းဟူသော စစ်အနိဋ္ဌာရုံ နောက်ခံသမိုင်းကြောင်းရှိသည်။

ဂတ်တီးစ်ဘတ် မိန့်ခွန်းပြောကြားခဲ့ရာ ဂတ်တီးစ်ဘတ်စစ်သင်္ချိုင်းသည်ကား ၊ ပြည်ထောင်စုတပ် များနှင့် တောင်ပိုင်းပြည်နယ်တပ်များ၊ ရင်ဆိုင်တိုက်ခိုက်ခဲ့ရာနေရာဖြစ်ပြီး အသေအကျေအများ ဆုံးသောနေရာဖြစ်သည်၊ ထိုနေရာကို ပြည်သူများ သံဝေဂရရှိပြီး ၊ စစ်၏ အနိဋ္ဌာရုံမှန်သမျှကို ပြန်ပြောင်းသတိရပါစေခြင်းငှာ ဂတ်တီးစ်ဘတ် တိုက်ပွဲနေရာကို အမျိုးသားသုဿာန်အဖြစ် အထိမ်း အမှတ်ပြုသောအခမ်းအနားတွင် သမ္မတလင်ကွန်းက ဤမိန့်ခွန်းကိုပြောဆိုခဲ့ ခြင်းဖြစ် သည်။

ဤမိန့်ခွန်း၏ ထူးခြားချက်မှာ ကမ္ဘာပေါ်တွင် အတိုဆုံးနှင့် စာလုံးအရေတွက်အနည်းဆုံး မိန့်ခွန်းဖြစ် သလို၊ လူသားထုတရပ်လုံးနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရကြားတွင် အထင်ရှားဆုံးသော မိန့်ခွန်း ဖြစ်သည်၊ မည်မျှမိန့်ခွန်းတိုသည်ကို``ဤမိန့်ခွန်းသည် ကမ္ဘာပေါ်တွင်  အတိုတကာ့အတိုဆုံး မိန့် ခွန်းဖြစ်သည်။ စာလုံးရေအားဖြင့် ၂၈၇လုံးသာရှိပြီး၊ အချိန်အားဖြင့် ၃မိနစ်သာကြာလေသည်။ မိန့် ခွန်းမည်မျှ တိုတောင်းသနည်းဆိုလျှင် ဓာတ်ပုံရိုက် မှတ်တမ်းတင်သည့်အဖွဲ့က နေရာယူပြင်ဆင် နေသည့်အချိန်တွင် မိန့်ခွန်းပြီးသွားသည့်အတွက် ဓာတ်ပုံရိုက်ခွင့်ပင် မရလိုက်ကြ´´ ဟု ဂတ်တီးစ်ဘတ်မိန့်ခွန်းကို မြန်မာဘာသာပြန်ဆိုသူ(ဆရာတိုက် စိုး)က ထိုစာအုပ်ငယ်၏ နိဒါန်း တွင် အထက်ပါ အရေးသားထားလေသည်။

ဂတ်တီးစ်ဘတ်မိန့်ခွန်း၏ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်……………………………………

ဤယနေ့မှစ၍ ရေသော် လွန်ခဲ့သော ရှစ်ဆယ့်ခုနှစ်နှစ် ကာလအခါက ကျွန်ုပ်တို့၏ ဘိုးဘေးဘီ ဘင်တို့သည် ဤအမေရိကတိုက်တွင် လူသစ် ပြည်သစ်ကိုထူထောင်ခဲ့ကြသည်။ ထိုလူသစ် ပြည်သစ် သည် အခြားမဟုတ်။ လွတ်လပ်ရေးစိတ်တွင် သန္ဓေတည်ခဲ့သည်ဖြစ်၍၊ လူခပ် သိမ်းကိုဘုရားသခင်က ညီတူညီမျှ ဖန်ဆင်းသည်ဟူသော တရားတော်ကို လက်ကိုင်ပြုခဲ့ သည်လည်း ဖြစ်သော လူသစ်ပြည်သစ် ဖြစ်သည်။

ယခုအခါ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်နှင့်ကြုံနေရသည်၊ ဤပြည်တွင်းစစ်သည် ဤတိုင်းဤပြည် ၏၊ တည်တံ့ခိုင်မြဲရေးအတွက်သော် လည်းကောင်း၊ အထက်တွင် ဆိုခဲ့သည့်အတိုင်း၊ လွတ်လပ် ရေးစိတ်ဓာတ်၌ သန္ဓေတည်ခဲ့သည်လည်းဖြစ်၍၊ လူခပ်သိမ်းကို ဘုရားသခင်က ညီတူညီမျှ ဖန် ဆင်းသည်ဟူသော တရားတော်ကို လက်ကိုင်ပြုခဲ့သည်လည်းဖြစ်သော၊ တိုင်းပြည်တခုခု၏ တည်တံ့ ခိုင်မြဲရေးအတွက်သော်လည်းကောင်း၊ မှတ်ကျောက်သဖွယ် ဖြစ်သည်။

ယခုအခါတွင် ကျွန်ုပ်တို့သည် ဤပြည်တွင်းစစ်၏ စစ်မြေပြင်ပေါ်သို့၊ ရောက်လာစုံမှိကြပြီး၊ ဤသို့ ရောက်လာစုံမှိကြခြင်းသည်၊ ဤစစ်မြေပြင်၏ တစိတ်တစ်ဒေသကို လူသစ်ပြည်သစ် တည်တံ့မြဲ အောင် အသက်စွန့်ကြဲခဲ့ကြသော အာဇာနည်များအတွက် ခေါင်းချရာ အရပ်အဖြစ်ဖြင့်၊ သတ်မှတ် အပ်နှင်းရန်ဖြစ်သည်။ ထိုသို့ သတ်မှတ်အပ်နှင်းခြင်းသည် ပြုသင့်ပြုထိုက်သော အမှု့ပင်ဖြစ်သည်။

အမှန်စင်စစ်မှာ ဤနေရာကို ကျွန်ုပ်တို့က သတ်မှတ်အပ်နှင်းနိုင်သည်လည်းမဟုတ်၊ သမုတ်နိုင် သည်လည်းမဟုတ်၊ အလေးအမြတ်ပြုနိုင်သည်လည်းမဟုတ်၊ ဤစစ်မြေပြင်၌ သက်စွန့်ကြိုးပန်း အမှု့ထမ်းခဲ့ကြသော သေလူရော ရှင်လူတို့ကပါ သမုတ်ခဲ့ကြခြင်းသာ ဖြစ်သောကြောင့်၊  ကျွန်ုပ် တို့သမုတ်သည်ထက် သာလွန်ထူးကဲ မြင့်မြတ်လှပေသည်။

ဤနေရာတွင် ကျွန်ုပ်တို့၏ ချီးကျူးစကားကို ကမ္ဘာကသိလျှင်လည်း နည်းနည်းသာဖြစ်မည်။ မှတ်မှိ လျှင်လည်း တခဏ အကြာသာဖြစ်မည်။ သို့ရာတွင် ထိုအာဇာနည်ပုဂ္ဂိုလ်တို့ သက်စွန့်ကြိုးပမ်း ဆောင်ရွတ်ခဲ့သည်တို့ကိုကား ကမ္ဘာကမေ့နိုင်တော့မည်မဟုတ်။ အမှန်စင်စစ်မှာ ထိုသို့သတ်မှတ် အပ်နှင်း၍ သမုတ်ခြင်း၏ သဘောသည် ကျွန်ုပ်တို့အတွက်သာ ဖြစ်ရာ သက်စွန့်ကြိုး ပမ်း အမှု့ထမ်းခဲ့ကြသော အာဇာနည်တို့၏ မပြီးဆုံးသော လုပ်ငန်းကို ကျွန်ုပ် တို့က ဆက်လက်၍ လုပ်ကိုင်သွားရန်ဖြစ်သည်။

ကျွန်ုပ်တို့အဖို့မှာ ကျဆုံးသွားသော အာဇာနည်တို့၏ ရည်မှန်းချက်ပန်းတိုင်အတွက် ထိုအာဇာ နည်တို့၏  စိတ်ဓာတ်မျိုးကို  ဆတတ်ထမ်းပိုး တိုး၍ ပွားများကြရမည်ဖြစ်သည်။

ကျွန်ုပ်တို့အဖို့မှာ ကျဆုံးခဲ့သောသူတို့သည် အကျိုးမဲ့အသက်စွန့်ခဲ့ရသည်၏ အဖြစ်သို့မ ရောက်လေအောင်၊ အလေး အနက်သံန္နိဋ္ဌာန် ချမှတ်ကြရမည်ဖြစ်သည်။

ကျွန်ုပ်တို့အဖို့မှာ ဘုရားသခင်ဖန်ဆင်းခဲ့သော ဤလူသစ်ပြည်သစ်တွင် လွတ်လပ်ရေးသစ် ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျွန်ုပ်တို့အဖို့မှာ ပြည်သူ့အကျိုးအတွက် ပြည်သူကတင်မြှောက်သော ပြည်သူ့အစိုးရသည်၊ ဤကမ္ဘာ မြေပေါ်၌ ကွယ်ပျောက်ခြင်းမရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဤဂတ်တီးစ်ဘတ်မိန့်ခွန်းသည်ကား ၁၄၈နှစ်သက်တမ်းကိုကျော်ဖြတ်ခဲ့လေပြီ၊ ဤမိန့်ခွန်းကို လက် ကိုင်ပြုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့ကြသော နိုင်ငံခေါင်းဆောင်များသည်လည်း ရေတွက် ၍ပင်မရ များပြားခဲ့လေပြီ၊ ထိုမိန့်ခွန်းဖြင့် ထိုထိုခေါင်းဆောင်များ နိုင်ငံကောင်းများကို တည် ဆောက်ခဲ့ကြလေပြီ ။

နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတတ်ရေးဟူသည်၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ဟူ၍အော်နေရုံမျှဖြင့် ရစကောင်းသည်မဟုတ်ပေ၊ ဆင်းရဲသားများပျော်ရွှင်၍၊ ပညာမတတ်သူ ဒုက္ခရောက်သူများ မရှိပဲ၊ အကျဉ်းသားမဲ့သောထောင် ၊ သူတောင်းစားမဲ့သောလမ်း၊ လူအိုများချမ်းသာ၍ ၊ အခွန်အတုတ်နည်းပါးပေသည်ဟု ပြောနိုင် သော အစိုးးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရ ဟု ကြွား နိုင်သည်ဟု သောမက်ပိန်း ဟူ သော ပညာရှင်ကမိန့်ကြားခဲ့သည်ကို မှတ်သားဖူးခဲ့ပါ၏။

ထိုပညာရှင်မိန့်ကြားခဲ့သလို တိုင်းပြည်မျိုးဖြစ်ဖို့ဆိုပါလျှင် သမ္မတအီဗရာဟင်လင်ကွန်း၏ ဂတ်တီးစ ဘတ်မိန့်ခွန်းနောက်ဆုံးပိုဒ်ပါ oF the people by the people for the people  ဟူသော အစိုးရမျိုး ရှိနေမှ သာလျှင်၊ ထိုအစိုးရမျိုး သက်ဆိုးကြာမြင့်ရှည်ကြာမှသာလျှင် ဖြစ်စကောင်းလိမ့် မည်ဟု ယုံကြည်ပါကြောင်း….။

ဘလော့စာရှု့သူများ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေကြောင်း ငွေလမင်းတို့က ဆုမွန် တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Friday, November 18, 2011

ပေါက်ဖော်ကြီး သီတင်းကျွတ်


ငယ်စဉ်တုန်းကလေ သီတင်းကျွတ်ခါနီးပြီဟေ့လို့ လူကြီးတွေက ပြောလိုက်ပြီဆိုတာနဲ့ ကိုကို ငွေ တို့က အင်မတန်မြူးပျော်ကြတာကလား၊ သီတင်းကျွတ်ရင် မီးထွန်းလှည်းတွန်းဘို့ ငွေဆုရသည် ကတမျိုး၊ ငရဲမီးဆော့ရန်အလို့ငှာ ဖယောင်းခွာရ၊ ဘိလပ်ရည်ပုလင်း အဖုံးတွေ စုဆောင်းရ၊ ရောင်စုံစက္ကူ တွေစုထား၊ ရွှေသွေးတို့ မိုးသောက်ပန်းတို့ တေဇတို့လို စာအုပ်လေးတွေမှာ ပါတတ် တဲ့ မီးပုံးလုပ်နည်း၊ ဟူသမျှကို စာအုပ်တစ်အုပ်ထဲ ပုံလေးနဲ့ဆွဲပြီး မှတ်ထား၊ မကြာမကြာ စက္ကူအဟောင်းလေးတွေနဲ့ အဲဒီပုံစံကိုလေ့ကျင့် ။

 အဲသီတင်းကျွတ်ဖို့ နှစ်ရက်ပဲလိုတော့တယ်ဟေ့လို့၊ လူကြီးတွေက ပြောတာနဲ့ ကိုကိုငွေတို့ အရပ်တကာ အိမ်တကာ လှည့်လည်ကစားခြင်းကို ရပ်နားပြီး ၊ မီးပုံးလေးတွေလုပ်ရတယ်၊ ညီကိုသုံးယောက် အကြီးက စက္ကူညှပ်ပေး၊ ကိုကိုငွေက ဒုတ်တံလေးတွေကို ဓါးပါးပါး လေးနဲ့ချောလောအောင်သပ်ပေး၊ အလတ်ကောင်က ဆန်ကိုအမှုန့်လုပ်ပြီး ကော်ကြို ရလာတဲ့ ကော်နဲ့ ဒုတ်တံတို့ ညှပ်ထားတဲ့ စက္ကူရောင်စုံတွေနဲ့ ကပ်သင့်တဲ့နေရာကပ်၊ ချိုးသင့် တဲ့နေရာချိုး၊ အောက်ပိုင်းမှာ ရွံ့စေးထည့်ပြီး မီးအုပ်ဆောင်းလိုဟာလည်းပါရဲ့၊ အနားခြောက် ထောင့်နဲ့ အိမ်ရှေ့ဝရမ်တာမှာ ချိပ်ဆွဲစရာ ကြယ်ကြီးတွေလည်းပါရဲ့၊ စက္ကူလေးတွေကို အ၀ိုင်းညှပ်ပြီး အတွန့်လုပ်ထားတဲ့ သစ်ပင်တွေ ခြံတံခါး တွေအတွက်လည်းပါရဲ့ အစုံပါပဲ အရောင်သွေးစုံ မီးပုံးလေးတွေ လုပ်ကြ လူများ အိမ်တွေက မြင်ရအောင် ၁၆တောင်ဝါးကို အဖျားမှာ သစ်သား တစ်ချောင်း ကန့်လန့်ရိုက်ပြီး ၊ ရိုက်ထားတဲ့ သစ်သားတန်းမှာ တစ်လက္မသံလေးတွေရိုက် ရိုက်ထားတဲ့သံတွေမှာ လုပ်ထားတဲ့ မီးပုံးလေးတွေ အရောင်မတူ ကာလာကွဲလေးတွေချိပ်ပြီး ရှိတဲ့အားနဲ့ အိမ်ရှေ့တည့်တည့်မှာ ထောင်ထား အားပါးပါး လာလာကြည့်ကြ လှတယ်ဟေ့ ဟိုညီအကိုလုပ်ထားတဲ့ မီးတိုင်ကြီးက ဟင်းဟင်းဟင်း နဲ့ပီတိ တွေဖြစ်ကြ။

 အဲဒီမီးတိုင်ကြီးကို အောက်ကနေမော့ကြည့် အထဲကမီးမသေမချင်း၊ ချီးကျူးသံတွေ တဝေေ၀ကိုနားစွင့်၊ ဘေးဖက်ကအိမ်က မောင်တွေကလည်း ဒီက၁၆တောင် ၀ါးနဲ့ မီးတိုင်ထောင် တယ်ဆိုရင် သူတို့က အတောင်နှစ်ဆယ်ဝါးနဲ့ ထောင်တယ်၊ သူတို့က အတောင်နှစ်ဆယ်နဲ့ ထောင်ရင် ကျွန်တော်တို့က သူတို့ထက်ရှည်တဲ့ ၀ါးကိုနောက်နေ့ သစ်ဝါးဆိုင်မှာ လိုက်ရှာတယ် ကိုယ့်မီးပုံးလေးတွေကို သူတို့မီးပုံးထက်မြင့်စေချင်တာ၊ လူတွေပိုပြီး ချီးမွှမ်းစေချင်တာ ၊ ကိုယ် ထောင်ထားတဲ့ မီးပုံးကို သူများထောင်ထားတဲ့ မီးပုံးထက်ပိုပြီး ငွားငွားစွင့်စွင့်ရှိစေချင်တာကလား။ အပြိုင်အဆိုင်လေးနဲ့၊ ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း။

အဲမီးတိုင်ထဲက ဖရောင်းတိုင်ကုန်လို့ မီးပုံးတွေမီးမလင်းတော့ဘူးဆိုရင်တော့၊ ကိုကိုငွေက ပထ၀ီ မြေကြီးမှာ ဖရောင်းတိုင်းတွန်းပြီး မီးတွန်းလှည်းတွန်းတယ်၊ မီးတွန်းလှည်းဆိုတဲ့ဟာလေးကလည်း နဲတာမဟုတ်ဘူး တခုအစိပ်ပေးရတဲ့အခါလည်းရှိတယ်၊ ၃၅ကျပ်ပေးရတာလည်းရှိတယ်၊ ဒေါင်းရုပ် ဇီးကွတ်ရုပ်၊ စက်ရုပ်ကြီးမောင်ပြုံးချိုရုပ်အစုံပါတယ်၊ အဲဒီတွန်းလှည်းလေးတွေက တွန်းလိုက်ရင် ဒုတ်ဒုတ်ဒုတ် ဒက်ဒက်ဒက် ဒေါက်ဒေါက်ဒေါက် အသံစုံမြည်တယ် အဲဒီလှည်းလေးတွေကို တွန်းပြီးတော့ ရပ်ကွက်ထဲ လိုက်လှည့်၊ သူများတွေ ခြံရှေ့ အိမ်ရှေ့မှာ တွန်းထားတဲ့ဖရောင်းတိုင်တွေ လေတိုက် လို့ငြိမ်းနေတာပဲ ဖြစ်ဖြစ်၊ မငြိမ်းပဲကုန်သွားလို့ဖြစ်ဖြစ် အောက်မှာဖရောင်းတိုင်က အရည်ပျော်ပြီး အချပ်လိုက်ကြီးတွေဖြစ်နေတတ်တာကိုး။

 အဲသဟာတွေကို ကိုကိုငွေတို့က တွန်းလှည်းတွန်းရင်း အောက်ဆိုက်ရှာတဲ့အနေနဲ့၊ မငြိမ်းသေးရင် မီးမှုတ်ယူ၊ ငြိမ်းရင်ခွာယူ၊ အဲလိုခွာယူနေတဲ့ အချိန်များ အိမ်ထဲကအိမ်ရှင်တွေက အဟင်းအဟမ်းနဲ့ ချောင်း များဟန့်လိုက်လို့ကတော့ ကိုကိုငွေတို့က ပြေးမှပြေး ပြေးရင်လည်း ရိုးရိုးမပြေးဘူး လှည်းတွန်း ပြေးတော့ လှည်းလေးက ဒေါက်ဒေါက်တတ်တတ်နဲ့ ကျွန်တော်တို့အိမ်ရှေ့ရောက်မှ အသံတိက် တော့ ဒါဘယ်သူဆိုတာ မီးထွန်းထားတဲ့လူကြီးတွေက သိတာပေါ့၊ သိပေမဲ့လည်း မပြောကြဘူး ခြံထဲမှာက ယောကျာင်္းလေးရှားတာကိုး ကိုကိုငွေတို့လို မြန်မာဆန်တဲ့ ယောကျာင်္းလေးတွေက ရှား တော့ မသိကျိုးကျွံ့ပြုနေကြတာ၊ အဲဒါကိုကိုငွေတို့က အဟုတ်မှတ်ပြီး ငါ့ကိုမသိဘူးလို့ထင်တာ နေ့တိုင်းသွားသွားမတယ်။

 သူတို့ကလည်း နေ့တိုင်းထွက်ထွန်းတာပဲ တခါတရံ ၀ါဆိုဖရောင်းတိုင်လို အတိုင်ကြီးတွေကိုတောင် ခါးဖြတ်ပြီး ဒါမှမဟုတ် မီးထွန်းလက်စကို မှုတ်ပြီးထားခဲ့ပေးတာ၊ သူတို့စိတ်ထဲမှာလည်း ခလေးတွေငရဲ မီးဆော့ပါစေပေါ့၊ အလှူအတန်းလုပ်တဲ့သဘောနေပါလိမ့် မယ်။ မြန်မာလူမျိုးများရဲ့ ချစ်စရာ ဓလေ့လေးတွေက အဲလိုနေရာတွေမှာလဲ ရှိတတ်တယ်မဟုတ်လား။

အဲသလို မှုတ်လို့ခွာလို့ ရလာတဲ့ဖယောင်းတွေကို အိမ်ပြန်ယူလာပြီး၊ အိမ်ခြေရင်းက နေ၀င်း နောင်တို့ ငမိုးတို့ ကျော်မင်းထွန်းတို့ အောင်မြတ်ကျော်တို့ကို လှမ်းခေါ်၊ ငရဲမီးကစားမယ်ဟေ့ ဘယ်သူတို့ဘယ်ဝါတို့လို့ အော်ဟစ်ခေါ်လိုက်ပြီဆိုရင် အဲဒီမောင်ရင်တွေလည်း ကိုကိုငွေလို ဖရောင်းတိုင်အကျိုးအပဲ့တို့၊ ဖရောင်းဂျတ်တို့နဲ့ ရောက်ချလာတာပဲ၊ အဲသူတို့ရောက်လာပြီဆို ရင် ကိုကိုငွေက မြေကျင်းလေးတူးရတယ် ဖရောင်းတိုင်တလက္မလောက် အတိုင်တွေထည့်ထွန်း လို့ရတဲ့ ကျင်းငယ်လေး အဲကျင်းလေးထဲ ခုနကရလာတဲ့ ဖရောင်းထုပ်ထဲက ဖရောင်းတိုင်လေး ကိုထောင်ထွန်းလိုက် ပြီးရင် လေးလက္မသံလောက် ဒါမှမဟုတ် သွတ်နန်းကြိုးလိုဟာကို ခွေပြီးကျင်းပေါ်တင် ၊ ပြီးတော့ ကျားကွက်လို့ခေါ်တဲ့ ဘိလပ်ရည်ပုလင်းအဖုံးကို ပက်လက်လေး လန်တင်ထားပြီး ဖရောင်းဂျတ်လေးထည့် ဖရောင်းဂျတ်ကအရည်ပျော်လာပြီဆိုတာနဲ့ အောက်က မီးက အဲဒီဘိလပ်ရည်ခွက်လေးကို တက်လောင် မီးတော်တော်များများလေး လောင်ပြီလဲဆိုရော  ရေလေးနဲနဲလေးနဲ့ ဖြန်းလိုက် ၀ုန်းကနဲ့ အသံလေးနဲ့ မီးလုံးကြီး၂ပေကျော် ၃ပေထိ တက်သွား အောင်မလေး ဘာပြောကောင်းမလဲ ရင်ထဲကိုသိပ်ကနဲ သိပ်ကနဲနေတယ် စိတ်ထဲမှာလည်း ငါကွ ဆိုတဲ့ မာန်မျိုးအပြည့်နဲ့ပေါ့။

သူငယ်ချင်းတွေ တစ်ယောက်တခါ သို့မဟုတ် နှစ်ခါစီလုပ်ပြီးတော့၊ ဒီညတော်ကြမယ် နက်ဖြန် ခါကျမှ ဆက်လုပ်မယ်ဆိုပြီး သဘောတူကျ၊ ဒီကစားနည်းကို ငရဲမီးကစားတာလို့ ခေါ်တယ် ဘယ်သူတွေထွင်ခဲ့သလဲတော့သိဘူး၊ ဘယ်လိုတတ်လိုက်မှန်းလည်းမသိဘူး၊ ဒါပေမဲ့တော်တော် တော့ပျော်ဖို့ကောင်းတာအမှန်ပဲ၊  တစ်ယောက်တည်းကစားရင်လည်း ပျော်ဖို့မကောင်းဘူး လူကြီး တွေပါရင်လည်း ပျော်ဖို့မကောင်းဘူး၊ ရွယ်တူတွေနဲ့ စုကစားမှပျော်ဖို့ကောင်းတယ်။

အဲကစားလို့ပြီးသွားပြီဆိုရင်တော့ တစ်ယောက်တစ်ယောက်စီမှာ ဖရောင်းတိုင်းအတိုအထွာလေး တွေ ဖရောင်းဂျတ် အပေါင်းအစလေးတွေကျန်ခဲ့သေးတယ်၊ တချို့က နောက်နေ့ဆော့ဖို့ချန်ထား တတ်တယ်၊ ကိုကိုငွေကအဲလိုဟာမျိုးကို အလွန်လောဘရှိတယ်၊ မတ်စေ့လို့ခေါ်တဲ့ ၂၅ပြားစေ့နဲ့ ခုနကကျန်တဲ့ ဖရောင်းတိုင်အတိုအထွာကြေး၊ ဖရောင်းဂျတ်ကြေး မျောက်ပန်းလှန်ကြတယ်၊ ကိုကို ငွေနိုင်တာများပါတယ်၊ နိုင်လို့ရတဲ့ ဖရောင်းဂျတ်ကို အုံးမှုတ်ခွက်ကြီးထဲမှာ ထည့်ထားလိုက်တာပဲ နောက်ရက်တွေ ဆက်လောင်း ဆက်ခွာ ဆက်ဆော့၊ အဲသီတင်းကျွတ် နောက်ဆုံးနေ့ကို ရောက်ပြီ ဆိုရင်၊ ခုနကလောင်းကစားကရထားတဲ့ ဖရောင်းဂျတ်လေးတွေကို အရည်ကျိုပြီး မီးစာ လေးနဲ့ ဆီမီးခွက်ခလေးထဲထည့် အောက်ကနေပြီး သစ်သားပြားလေးနဲ့ခံပြီး ပန်းပင်အောက်တို့ ကျောက်ပြင် မီးဖိုချောင်၊ ဆန်အိုး ဆီပုံး အဲဒီနေရာလေးတွေမှာ တခွက်စီ တခွက်စီလိုက်ချထားရ တယ်။

 ဘာလို့လဲလို့ဆိုရင် အဲဒီပန်းပင်တို့ မီးဖိုချောင်တို့ ကျောက်ပြင်တို့မှာ စောင့်တဲ့နက်တွေ ရှိတယ်တဲ့၊ သူတို့က လှူစရာမရှိလို့ ဘုရားကိုလှူရအောင် ကိုကိုငွေတို့က စပို့တင်း လုပ်ပေးရတာဆိုကိုး အဘိုးကအဲလိုပြောတာပဲ၊ ဖရောင်းအရည်နဲ့လုပ်ထားတဲ့ ဆီမီးခွက် ခလေးတွေ သွားချပြီဆိုရင် ပါးစပ်ကလည်း ထုတ်ပြောရသေးတယ်၊ ကျောက်ပြင်မှာ ချထားမယ် ဆိုရင် ကျောက်ပြင်စောင့်နတ်ကြီး ကျောက်ပြင်စောင့်နတ်ကြီးအတွက် ဆီမီးခွက်ပေးပါတယ်၊ ကျွန်တော်ပေးတဲ့ ဆီမီးခွက်နဲ့ ဘုရားကိုလှူပါ ကျွန်တော့်ကိုလည်း ကျမ်းမာရေးကောင်းအောင် ပညာတော်အောင်စောင့်လျှောက်ပါ ဘာညာနဲ့ ပြောခဲ့ရတယ်။

 ကျွန်တော့အဖိုးကို ကျွန်တော်က မေးတော့ အဲလိုလုပ်တော့ဘာဖြစ်တုန်း ဖိုးဖိုးလို့မေးတော့ အဲလိုလုပ်ရင် စီးပွားဖြစ်တယ်ကွဲ့တဲ့၊ သားကစီးပွားမှမလုပ်တာကို ဘာဖြစ်မှာတုန်းဆိုတော့ မင်းကညဖက်ညဖက် မျောက်ပန်းလှန် တယ်လေ (ခေါင်းပန်းလှည့်တယ်) အဲဒီတော့ မင်းနိုင်ရင် နတ်တွေက သူတို့ဆီမီးခွက်ရမှာဆိုတော့ မင်းကိုသူတို့က မစတာပေါ့ကွဲ့၊ လို့ကျွန်တော့်အဖိုးကပြောတော့  စိတ်ထဲတော့ နဲနဲကျေနပ်သွားတယ်၊ ငါ့ဖရောင်းတွေ ညတိုင်းနိုင်တာက ဒါကြောင့်ကိုးလို့တွေးမှိတယ်။

 ကြီးလာတဲ့အခါကျတော့မှ တွေးမှိတာက ကျွန်တော်တို့တွေ  သူများထွန်းထားတဲ့ ဖရောင်း တိုင်ကိုမှုတ်ယူလာတာတို့ ဖရောင်းခွာတာတို့ ဆိုတာတွေက သမာတာလည်း ပါရဲ့ မသမာတာ လည်း ပါရဲ့မဟုတ်လား၊ မသမာစွာယူငင်လာမှိရင် အပြစ်ရှိတယ်လေ၊ အဲဒီအပြစ်တွေ ကျေအောင် လို့ ကုသိုလ်ပြန်လုပ် ခိုင်းတဲ့သဘောလို့ ကျွန်တော်ကတော့ထင်တာပါဘဲ။

အဲဒီသီတင်းကျွတ်ဆိုတဲ့ ဟာလေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကပေါ့ဗျာတို့ရယ်၊ ခလေးတို့ ဘာသာဘာဝ ပျော်ခဲ့ရတာပေါ့၊ အခုသတင်းကျွတ်များကြတော့ တယ်လွယ်သကိုး မောင်မယ်တို့ရဲ့၊ သီတင်းကျွတ်ပြီဆိုလိုက်တာနဲ့ နီးစပ်ရာ လျှပ်စစ်ဆိုင်က မီးဆိုင်းလေးတွေ မီးသီး လေးတွေ ၀ယ်ပြီးဆင်လိုက်ကြတာပါပဲ၊ တချို့ကြတော့လည်း တရုတ်မီးပုံးလေးတွေ၊ အဲဒီပစ္စည်း တော်တော်များများကလည်း ကျွနုပ်တို့ရဲ့ မိတ်ဆွေကောင်းကြီး တရုတ်ရဲ့ နိုင်ငံတွင်းကဖြစ် တယ် ဆိုကိုး၊ တရုတ်မီးဆိုင်းရတယ်၊ မီးသီးရှိမယ်၊ မီးပန်းရှိမယ်၊ မီးပုံးပျံရှိမယ်၊ ဗောက်အိုးမျိုးစုံရှိမယ်၊ ရူး ဒိုင်းရှိမယ်။

 ကဲသီတင်းကျွတ်နဲ့ဆက်စပ်ပြီး ကျွန်တော်တို့ မြန်မာဖြစ်ပစ္စည်း ဘယ်မှာရှိကြလို့တုန်း ဗျာတို့ရယ်၊ ပြည်တွင်းဖြစ်ကိုအားပေးပါ၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ ဆိုတဲ့ ဆိုင်းဘုတ်တွေတောင် သူတို့ကိုရေးတဲ့ စုတ်တံနဲ့ သဘောင်္ဆေးက မြန်မာပြည်ထုတ်မှ မဟုတ်တာကိုးဗျာရဲ့၊ တခါတခါ ဘာလိုလိုနဲ့ မသိမသာလေး တိုင်းတပါးက ကိုယ့်ရိုးရာဓလေ့ကို မွေးစားသွားတာ ကိုယ့်ရိုး ရာဓလေ့ကို တိုင်းတပါးသားတွေထုတ်တဲ့ ပစ္စည်းနဲ့ ဆင်နွှဲရတာ သိပ်တော့ ဟန်မကျဘူး လို့ထင်မှိတာပါဘဲ၊ သီတင်းကျွတ် ဆိုသီတင်းကျွတ်မို့၊ သက်ြန်ဆို သင်္ကြန်မို့၊ ကြာရင်တော့ ကျွန်တော် တို့ ဒီအတိုင်းဆက်သွားနေရင်ဖြင် ယဉ်ကျေးမှု့ကိုတောင် တရုတ်ကမွေးစားတော့မှာ ကြိန်းသေ သလောက်ဖြစ်နေပါပြီကော။

မြန်မာ့လက်ဝှေ့ကို ဂျပန်ကမွေးစားသလိုမျိုး၊ မြန်မာခြင်းဝိုင်းကို ယိုးဒယားကမွေးစားသလိုမျိုး၊ မြန်မာတွေရဲ့ သင်္ကြန်နဲ့ သီတင်းကျွတ်ကိုလည်း တရုတ်က မကြာခင်တရုတ်ကမွေးစားတော့မယ်လို့ ကိုကိုငွေက ထင်လို့မို့ ယခုသတင်းကျွတ်ကိုတော့ဖြင့် ပေါက်ဖော်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ပေါက်ဖော်ကြီး သီတင်းကျွတ်ဟု တင်စားခေါ်ဝေါ်လိုက်ရပါကြောင်း။

ဘလော့စာရှု့သူများ မြန်မာရိုးရာဓလေ့ထုံးထမ်းများကို မြန်မာပြည်ဖြစ်ပစ္စည်း စစ်စစ်ဖြင့်သာ ဆင်နွှဲနိုင်ကြပါကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက်ပါတယ် ရွှင်လန်းချမ်းမြေ့ကြပါ စေခင်များ။