Tuesday, October 19, 2010
နောက်ဆုံးနှစ် ကျောင်းသားကို အင်တာဗျူးခြင်း
အနာဂတ် ခေါင်းဆောင်များ ပညာရင်နို့သောက်ဆို့ရန်ကျောင်းတော်သို့ ချီတက်နေကြပုံ
                               အခမဲ့ ပညာရေးမရှိလို့ ကျောင်းမတက်နိုင်ပါဘူးရှင်
“ဒီပိုစ့်လေးဟာ ဖော်ဝက်မေးလ်လေးပါ မန္တလေး ဖောင်တော်ဦး ပရဟိတက ကျွန်တော့်သူငယ်ချင်း စေတနာ ဆရာမလေးတစ်ယောက် ကနေပို့ပေးလိုက်တဲ့ မေးလ်လေးပါ ၊ ရီစရာ မောစရာတွေနဲ့ ပြည့်နှက်နေလို့မို့ အားလုံးကိုမျှဝေ ပေးလိုက်ပါတယ် ၊ အောက်ခြေက စာသားလေးတွေက ကျွန် တော်ကြုံခဲ့ ရတာလေးတွေနဲ့ အဘိုးပြောပြဖူးတာလေးတွေကို ထည့်ပေးလိုက်တာပါ ”
မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ?
ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင် ကျူရှင်လခ သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို စုဆောင်းနေပါတယ်။ ဒါမှလည်းစာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီးဖုံးဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့မလုပ်ဖြစ်သေးဘူး။
မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ?
ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ကယ်လို့ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင်လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက်ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ဆိုတော့အိမ်က ထောက်ပံ့ ပေးနေဆဲပါ ဒါပေမယ့် ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေပိတ်ကုန်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကိုလွမ်းတာတို့ သူငယ်ချင်းတွေကို တမ်း တတာတို့ ချစ်သူလေးကို ခွဲရမှာတို့ထက်သောက်သုံးမကျတဲ့ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်း နည်းမိပါတယ်။
မေး-ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရိကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့ နေရာတွေတို့ ဘာတို့တွေတောင် ရောက်ကြတယ်လေ မောင်လေးတို့ရော?
ဖြေ-ဒါမျိုးစဉ်းစားဖို့တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့ စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တစ်ကယ်ဆိုရင် နေ့သင်တဲ့စာ တွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့နိုင်ငံတော်နဲ့ ဆိုင်တဲ့ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ၀က်တင် တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေ ချင်ပါတယ်။ ကျန်တာဘာကိုမှစိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေ နပ်နေပါတယ်။
မေး-ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။
ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြားခြားနားသွားတာမဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သား  တော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ ကျောင်း သားတွေ ဆိုတာက များသောအားဖြင့် တောကြီးမျက်မည်းလို နေရာတွေမြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကိုမိုက်ရိုင်းသွားကြတော့ တာပေါ့။
မေး-အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင်သူတို့ဆီမှာလာ လုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား?
ဖြေ-အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထား တာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ် သင်တန်းကျောင်းမှာ တက်ဖို့ ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခ်ါတာပေါ့ဗျာ။ ဒါလောက်ပါဘဲ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေ အနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင် တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ် တော်နေသလား ဥပမာပြောရရင် လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ ကိုယ်က ခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာက တော့ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ဦး လောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ကျွန် တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀၀ လောက်က ကံစမ်းကြပါတယ်။
မေး-ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား?
ဖြေ-လုံးဝကိုမရှိပါဘူးခင်ဗျာ။ တစ်ကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်ကစာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီသစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီ စောင့်ရတာတို့ မလုပ်ချင်ပါဘူး။
မေး-ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား?
ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်းမရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်း ရောင်းဖြစ်မှာပါ လမ်းဘေး ကွမ်းယာဆိုင်လေးတစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့မပြော နိုင်သေးပါဘူး။
မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။
ဖြေ-တစ်ချို့တွေကပြောကြပါတယ် ပညာစီးပွားဆိုတာပေါ့။ ဒီနေ့ခေတ် ပညာရေးက စီးပွားရေးဆန် လာတယ်တဲ့။ အကောင်းမြင်တဲ့သူ ရှိသလိုအဆိုးမြင်တဲ့ သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာ လူထုစိန်ဝင်းပြောပြောနေကြပေါ့။ ပညာသင်တာစဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ် တွေကျက်ပြီး အလွတ်တွေချရေးပြီးအောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ် ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့စာတွေကို ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့်ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။
မေး-မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကို့တိုင်းပြည် ကို့လူမျိုးအတွက်ပေါ့ ?
ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင် စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။ တစ် ကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေ လဲပဲပြုတ်ဆက်ရောင်းကြမှာဘဲ ဆိုက်ကားဆရာတွေလည်း ဆိုက်ကားဆက်နင်းကြမှာဘဲ။ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလား ပါဘဲ။ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မ တော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။ ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေ ကိုကြို တင်မသုံးသပ်ဘဲနဲ့ ၀င်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေကရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့ စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ် နေကြပါတယ်။ ဒီတော့ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။
အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်
ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ အစ်မကို ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော်တက်ခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းတိုင်း တက္ကသိုလ်တိုင်းမှာ ဆိုင်းဘုတ်ကြီး ဆိုင်းဘုတ် ငယ် ဆိုင်ဘုတ်လတ်ဖြင့် ၊ “ပညာမြင့်မှ လူမျိုးမြင့်မည်” “ပညာရေးဖြင့် ခေတ်မှီနိုင်ငံ တော်ကြီး တည်ဆောက်ကြအံ့” စသဖြင့် စသဖြင့် တွေ့ရှိပါတယ် ၊ ပညာတော့မသိပါ ဆိုင်းဘုတ်ကြီးကတော့ ဖြင့် မြင့်လွန်းသဖြင့် လက်နှင့်မမှီပါ ဆေးသုတ်သည့်အခါ လှေကားဖြင့် တက်သုတ်တာကို တွေ့မြင် ခဲ့ရပါတယ် ၊ ပညာရေးအတွေ့အကြုံ အများကြီးရှိတဲ့ ယခင် ဖဆပလ ၀ါဒဖြန့်ချီရေးမှူး မဏ္ဍိုင်သတင်းစာ ကိုတည်ထောင်ခဲ့တဲ့ သတင်းစာဆရာကြီး ကျွန်တော့ ဘိုးဘိုးကို ကျွန်တော်က ဘိုးဘိုး ဒီဆိုင်းဘုတ်က မြန်မာလိုရေးထားတဲ့ စာသားတွေရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးပါအုံးလို့ ပြောတော့ “အဲဒါငါ့မြေးတို့ကို နိုင်ငံခြားမှာ ပညာသင်ဖို့သတိပေးထားတာ”လို့ ရှင်းပြပါတယ် ၊ အော် ကျွန်တော်အဘိုးနောက်နေတာလို့ ထင်ခဲ့မှိပါတယ်  အဘိုးတကယ်ပြောခဲ့တာလို့ ကြီးလေ သိလေဖြစ်လာပါတော့တယ် ၊ “ငါမြေးတချိန်က တရုတ်ပြည်ကြီးမှာ မောစီတုန်းခေတ်ထတုန်းက အခုလိုဘဲ ဆိုင်းဘုတ်ကြီးတွေနဲ့ လောက်စပီကာ အသေးလေးတွေနဲ့ ၊ ရေးခဲ့ အော်ခဲ့လို့ နယူးယောက် တိုင်းသတင်းစာမှာ noticeborad administration လို့တောင် နာမည်ပေးခံခဲ့ရသေး တယ်ကွယ် ၊ ဆိုင်းဘုတ်ရေးပြီး  ဆိုင်းဘုတ်ထဲက စာသားနဲ့ ဆန့်ကျင်ဘက်လုပ်တာ ကြိုးနီစနစ်ရဲ့ လုပ်ထုံး တစ်ခုဘဲကွာ ၊ မင်းနောင်တော့ သိပါလိမ့်မယ် ။ ဒီအမေးအဖြေလေးဟာ ရုတ်တရက် ကြည့်ရင်တော့ဖြင့်  ရီစရာလေးပါ ၊ သို့သော် ကျွန်တော်တို့တတွေကတော့ အရွယ်ရောက်ပြီ ဖြစ်လို့ ကိစ္စမရှိကြတော့ပေမဲ့ ကျွန်တော်တို့ ရဲ့ညီလေး ညီမလေးတွေနဲ့ ကျွန်တော်တို့ရဲ့မျိုးဆက်ကနေ ပေါက်ဖွားလာမဲ့ သားမြေးမြစ်တို့ အတွက်တော့ ရင်မောစရာကောင်းလှပါတယ်၊ ဘိုးဘိုးပြောပြတာက ဟိုးတချိန်တုန်းက ငါ့တို့ရဲ့ရန်ကုန် တက္ကသိုလ်ကြီးဟာ အာရှမှာ တစ်တဲ့ ၊ ဒို့တက္ကသိုလ်ကို နိုင်ငံခြားသားတွေ အများကြီးလာ တက်ကြတယ်ကွယ် ၊ တက္ကသိုလ်ဝန်းထဲမှာ အင်္ဂလိပ်လိုသာ ပြောကြရတယ် ၊ တက္ကသိုလ်ကြီး တစ်ခုလုံးကို တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ကြီးက အုပ်ချုပ်ပြီး ၊ နိုင်ငံခြားက ဧည့်ပါမောက္ခတွေ ဆိုတာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကြီးဘဲ “အခြေလေးချောင်း တော်လှန်ရေး” စာအုပ်ကိုရေးတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ရှိုးဝဲလ် တောင် ဒီမှာ ပါမောက္ခဖြစ်ဖူးသေးတယ်ကွယ် ။၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ တက္ကသိုလ်ကြီးထဲ ကအင်္ဂလိပ်စာ စနစ်ကို အစိုးရက ဖျက်သိမ်းလိုက်တယ် တက္ကသိုလ်ကြီးကိုလဲ အစိုးရအုပ်ချုပ်ရေး ဘက်ကိုပြောင်းလိုက်တယ် ၊ တကယ်လား ??? အော်  ဒါကြောင့်ကိုး…….။ဒုတိယ ကမ္ဘာစစ် အတွင်းက အင်္ဂလန်နိုင်ငံက ၀န်ကြီးချုပ် ၀င်စတန်ချာချီရဲ့ မိန့်ခွန်းတစ်ခုထဲမှာ “တိုင်းပြည်ထဲက ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ပဲ ၊ နိုငံတစ်ခုရဲ့ အနာဂတ်ကို ကြည့်ချင်ရင် အဲဒီနိုင်ငံက ကလေးတွေကို ဆိုင်ရာအစိုးရက ဘယ်လိုပြုစုပျိုးထောင်တယ်ဆိုတာကိုကြည့်ယုံနဲ့သိနိုင်တယ်”လို့  ပြည်သူတွေကို မိန့်ခွန်းပေးသွားဖူးပါတယ် ။
ဟိုတလောက ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ အခွေလေး နားထောင်လိုက်ရတယ် အဲဒီထဲက နွေရာသီရောက်ရင် မီးသတိပြုဖို့ နှိုးဆော်တတ်တဲ့ အဆိုတော်ဦးထွန်းရွှေရဲ့ မီးဘေး ရှောင်ဗျို့ မလောင်ခင် တားကြပါ ဆိုတဲ့ သီချင်းရဲ့ မူလသီချင်းစာသားလေးကို ဆရာကြီး ဦးအောင်သင်းက ဒီလိုလေး ဆိုပြသွားပါတယ် …………
ဗမာပြည်ကြီးမှာ အဆင့်အတန်းလုလို့ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာ
သေချာစွာ စဉ်းစားလိုက်ရင်
ပညာ အခြေခံနည်းလို့သာ... ပါတီတွေ ကွဲကာ အလွဲလွဲအမှားမှား ဖြစ်ပေါ်နေတာဟာ
ပညာ...... ပညာ......ပညာ .မရှိလို့ စိတ်နေ မမြင့်ကြတာ ။
ဝမ်းနည်းစရာ ယခုခေတ်ကြီးမှာ တွေ့မြင်ရတာ
ကလေးသူငယ်များမှာ
်စ်ကား စပယ်ယာ
သတင်းစာ ရှောက်သီးဆေးပြား ရေခဲချောင်းနဲ့ မြေပဲလှော်ပါ
တကြော်ကြော်အော် ကာ ရောင်းနေရရှာ....
ရသမျှနဲ့ အမြတ်လေးများနဲ့ ရောင့်ရဲတင်းတိမ် ပျော်ရွှင်ကာ
ပညာ ... ပညာ ... ပညာမရှိလို့ အခုလို ဖြစ်ရတာ ။
အားလုံးရွင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ။