Monday, November 1, 2010

ကိုယ်ပိုင်ပစ္စည်း အစစ်လား

                                                   မူရင်းစာအုပ်

                                                   ရေးသားတဲ့ နှစ်
                                                 မောင်ဆုရှင် ဘာသာပြန်သည်

စာအုပ်လေး တစ်အုပ်ဖတ်ဖူးတယ် ဆရာကြီး ဦးဉာဏ်ဝန် ရေးခဲ့တာ စာအုပ်နာမည်က “ပင်လယ်ပြာနဲ့ တံငါအို ” ၊ စာအုပ်လေးကို ၁၉၅၄ခုနှစ်မှာ ရေးခဲ့တာ ၊ ထုတ်တဲ့တိုက်က ဗန်းမော် စာအုပ်တိုက် ၊ ဘာသာပြန်မှန်း မသိခဲ့ဘူး ၊ ဘိုလိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ဒီစာအုပ်ရဲ့မူရင်းကို ရှာလို့ရလာတယ် The old man and the sea. တဲ့ ၊ ကမ္ဘာကျော် စာရေးဆရာကြီး ကဲနတ်ဟဲမင်းဝေး Ernest henim Gway ရဲ့စာအုပ်လေးပါ ၊ ဒီစာရေး ဆရာက တံငါလုပ်တာတို့ သတ်တာတို့ ဖြတ်တာတို့ ၊ မျှားတာတို့ တောလိုက်တာတို့ သူရေးခဲ့တဲ့ စာအုပ်တိုင်းမှာပါတယ် ၊ ဘယ်စာအုပ်ဖတ်ဖတ် တစ်နည်းမဟုတ် တစ်နည်းနည်းတော့ အဲလိုဟာတွေ နဲ့ပတ်သက်နေတယ် Indian Camp တို့ The sun also rises တို့ A farewell to Arms တို့ The short happy life of fancis macomber တို့ ဆိုတာတွေက သူ့စာအုပ်တွေဘဲ ဟဲမင်းဝေးရေးသမျှ ကမ္ဘာမကျော်တဲ့ စာအုပ်လို့ သိပ်မရှိပါဘူး ၊ သူ့ကို စာရေးဆရာကြီးတွေက “လူ့ပြည်က သတ်ဖြတ်ခြင်းရဲ့ ငရဲကို သိစေဖို့ ဘုရားသခင်က လူ့ပြည်ကို လွှတ်လိုက်တဲ့ စာရေးဆရာ လို့တောင် ပြောဆိုဂုဏ်ပြုကြတယ် ။

သူ့စာအုပ်ကို ဖတ်လိုက်တာနဲ့ ဘယ်လူမျိုးမဆို ဘယ်ဘာသာရေးကို ကိုးကွယ်တဲ့ လူမဆို ဘယ်ရှုထောင့်က မဆိုမှားတယ်လို့ ထောက်ပြဝေဖန်လို့ကို မရလောက်အောင် ရေးတတ်တယ် ၊ နိုင်ငံတိုင်းမှာ သူ့စာအုပ်ကို ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ပြန်လည်ရေးသားကြတယ် ၊  နိုင်ငံတိုင်း လူမျိုးတိုင်းလက်ခံတယ် ၊ သူရေးခဲ့တဲ့ စာအုပ်တွေထဲမှာ အခုပြောမဲ့ The old man and the sea ဟာနာမည်အကြီးဆုံးပါဘဲ ၊ ဒီစာအုပ် ကြောင့် ကမ္ဘာကျော်လာတယ်လို့လဲ ပြောလို့ရတယ် ၊ ပင်လယ်ကို ငါးထွက်ဖမ်းတဲ့ ဆန်တီယာဂိုဆို တဲ့ အဘိုးအိုတစ်ယောက် ငါးထွက်ဖမ်းတာကို ရေးထားတာပါ ၊ လူတိုင်းက စာအုပ်တစ်အုပ်ဖတ်ရင် ဖတ်တဲ့စာအုပ်က တစ်ခုခုပြောသွားတယ်တဲ့ ဒီစာအုပ်ကတော့ ၅ခုလောက်ကို ပြောသွားတယ်ထင်တာဘဲ ၊ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ် ၊ ပင်လယ်ပြင်မှာ ငါးထွက်ရှာတဲ့ အဘိုးအို ငါးကြီး အကြီးတော့ မှိခဲ့ပါရဲ့ ၊ ဒါပေမဲ့ သူ့ရွာကိုပြန်ရောက်တော့ ငါးကအရိုးဘဲ ကျန်တော့တယ် ၊ ဘ၀မှာ ရှာဖွေလာသမျှ ၊ သေဆုံးသွားတဲ့ တနေ့ ဘာမှမပါ လက်ဗလာကြီးနဲ့ ပြန်လာရတယ်လို့များ ပြောချင်လေသလား ၊ ဘာလားညာလားပေါ့ ၊

ဒါမှမဟုတ် အသက်ရွယ်ကြီးရင့်နေတဲ့ ငါလိုအဘိုးအိုတောင် ဒီလိုငါးကြီး ဖမ်းနိုင်ခဲ့သေးရင် မင်းတို့လို ငယ်ရွှယ်တဲ့လူတွေက ဘာလို့ငါ့မိလာတဲ့ ငါးလောက်မကကြီးတဲ့  ငါးကိုမင်းတို့တွေ  မဖမ်းနိုင်ရမလဲဆိုတဲ့ အတွေးမျိုးကိုပေးတဲ့ တတ်ကျမ်းလား ၊ ဒါမှမဟုတ် ငါးကဖမ်းတုန်းကတော့ အသားတွေ အရမ်းများတဲ့ ငါးကြီးပါကွယ် ၊ ဒါပေမဲ့ ပင်လယ်ထဲမှာ ငါးလေးတွေက တွက်လို့ အရိုးဘဲ ကျန်တော့တာ ၊ ငါအကောင်းဆုံး လုပ်ခဲ့တယ် အကောင်းဆုံး မဖြစ်ခဲ့ဘူး ဒီငါးရိုးကြီးဟာ ငါအကောင်းဆုံး လုပ်ခဲ့တယ်ဆိုတဲ့ သက်သေပါဘဲလို့ စိတ်ပြေစေတဲ့ အတွေးမျိုးပေးတဲ့ စာအုပ်လား ဘာလား ညာလား စသဖြင့် တွေးစရာတွေကတော့ အရမ်းများတဲ့စာအုပ်ရယ်ပါ ။

The old man and the sea ကို မြန်မာနိုင်ငံမှာ စာရေးဆရာ သုံးယောက် ဘာသာပြန်ပါတယ် ၊စာအုပ်တိုက်မျိုးစုံက ၅ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ် ၊ အစောဆုံး ကာလကတော့ ၁၉၅၄ ခုနှစ်မှာ ဗန်းမော်စာအုပ်တိုက်က ဆရာဦးဉာဏ်ဝန် ရေးခဲ့တာပါ ၊ ၁၉၆၄ခုနှစ်မှာ ဆရာတင့်တယ်က ဗမာ့ရှေ့ ဆောင် ပုံနှိပ်တိုက်က ထုတ်ဝေပါတယ် ၊ ၁၉၇၄ခုနှစ်မှာ ဆရာမောင်ဆုရှင်က စာပေဗိမ္မာန်က နေ ထုတ်ဝေပါတယ် ၊ ဆရာကဘဲဆက်လက်ပြီး ၁၉၉၅ခုနှစ်မှာ ယောမင်းကြီး စာအုပ်တိုက် ကထုတ်ဝေပြီး ၁၉၉၉ခုနှစ်မှာ ရာပြည့်ကနေထုတ်ဝေပါတယ် ၊ မြန်မာနိုင်ငံမှာ စာအုပ် တစ်အုပ်ကို စာရေးဆရာ နှစ်ဦးဘာသာပြန်တဲ့ စာအုပ်ကိုသာ တွေ့ဖူးပါသေးတယ် ၊ သုံးယောက် ဘာသာပြန်တဲ့ စာအုပ်ဆိုလို့ သိပ်ရှားပါတယ် ၊ မြန်မာနိုင်ငံရဲ့ ပဌမဆုံး ၀တ္ထုကို ဆရာကြီး ဂျိမ်းလှကျော်က ကိုရင်မောင် မမယ်မ နာမည်နဲ့ ရေးပါတယ် မူရင်းစာအုပ်က မွန်ဆိုခရစ္စတီး ရတနာသိုက်ပါ ဘာသာပြန်မှီးငြမ်း ထားတာပါ  ၊ ဆရာကြီးရွှေဥဒေါင်း ကတော့ စောလမုန်ရတနာသိုက် ဆိုပြီး မွန်ဆိုခရစ္စတီး ရတနာသိုက်ကို ထပ်ပြီးဘာသာပြန်ပါတယ် ။

The old min and the sea ကို ဟဲမင်းဝေးက ၁၉၅၂ခုနှစ်မှာ ရေးသားခဲ့တာပါ ၁၉၅၄ခုနှစ်မှာ စာပေကလောင်ဆုလို့ခေါ်တဲ့ ပူလစ်ဆာဆုကိုရရှိပါတယ် ၊ အဲဒီနှစ်မှာဘဲ နိုဗယ်ဆုရရှိပါတယ် ၊ ၁၉၅၈ခုနှစ်မှာ ၊ ဟောလီးဝုဒ်မှာ ရုပ်ရှင်ရိုက်ပါတယ် ၊ အဲဒီခေတ်တုန်းက ဒေါ်လာ ၆၅၀၀၀ပေးခဲ့ရ တဲ့  ကြေးအမြင့်ဆုံး သော ဇာတ်ညွန်းအဖြစ် မှတ်တမ်းဝင်ပါတယ် ၊ ဒီစာအုပ်ကို လုံးခြင်းထုတ်ဖို့ ဒေါ်လာ ၁၀၀၀၀ ပေးခဲ့ရလို့  ကြေးအကြီးဆုံး လုံးခြင်းဝတ္ထုလဲဖြစ်ခဲ့ပါတယ် ၊ ဒီလိုစာပေ တွေရေးသားပြီး ငါးမျှား ၊ တောလိုက် ၊ အပျော်တမ်းစစ်သား ဘ၀စတဲ့ လုပ်ငန်းတွေနဲ့ဘဲ သူဟာ မွေ့လျှော်သူပါ ၊ ပစ္စည်းမဲ့ လူတန်းစား စနစ်ကိုအရမ်းအားကျတဲ့ စာရေးဆရာကြီးလဲ ဖြစ်ပါတယ် ၊ သေရင် ငါ့နောက်မပါဘူးဆိုတဲ့ အတွေးမျိုးကို ဘာသာမဲ့ တစ်ယောက်ပေမဲ့ စာပေအသိဉာဏ် ၊ ဘ၀ အတွေ့အကြုံ တွေကနေ နားလည်သဘောပေါက်ပြီး လက်ခံကျင့်သုံးနေသူ ဖြစ်ပါတယ်၊ နိုဗယ် စာပေဆု ရခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့စာပေပညာရှင်သုံးယောက်ကိုသာ နိုဗယ်ဆု ချီးမြင့်ရပါသေးတယ် ၊ စာပေဆိုင်ရာ နိုဗယ်ဆုဟာ စာရေးဆရာတိုင်း မက်မောတဲ့ဆုပါ၊ လူတိုင်း တန်ဘိုးထား မြတ်နိုးကြပါတယ်၊ တချို့စာရေးဆရာကြီးများဟာ နိုဗယ်ဆုကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းထားခဲ့ကြပါတယ် ၊ ဟဲမင်းဝေးကတော့ နိုဗယ်ဆုရပြီး တစ်လလောက် မှာ သူရထားတဲ့ စာပေဆိုင်ရာ နိုဗလ်ဆုတံဆိပ်ကို ဘုရားရှိခိုး ကျောင်းတစ်ခုကို လှူပြစ် လိုက်ပါတယ် ၊ တစ်ကမ္ဘာလုံး သူ့ရဲ့အလှူကို အာရုံစူးစိုက်ခြင်း ခံခဲ့ရပါတယ်။

သတင်းထောက်တစ်ယောက်က နိုဗယ်ဆုကြီးကို ဘာလို့လှူလိုက်ပါသလဲလို့ မေးလိုက်တဲ့အခါ “ကျွန်တော်က ကျွန်တော်ပိုင်တဲ့ အရာဝတ္ထုတခုကို သူများကို မပေးရသေးရင် ကျွန်တော်ပိုင်တဲ့ ပစ္စည်းလို့ မယူဆဘူး ဗျတဲ့ ” ကျွန်တော် ဟဲမင်းဝေးရဲ့ စကားကို ကျွန်တော်သိလိုက်တဲ့ အချိန်မှာ ငါတို့လက်ထဲက ပစ္စည်းတွေဟာ ငါတို့မပိုင်ဘူး ၊ ပိုင်တဲ့ ပစ္စည်းဆိုရင် ပေးလို့ရရမယ် ၊ သူများကို ပေးလို့မရဘူးဆိုရင် ငါရဲ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ အတွေးတွေ ပေါက်မှိပါတယ် အတွေးပေါက်ခဲ့ဖူးပါသော်လည်း တကယ်ပေးကမ်းစွန့်ကြဲ ရတော့မဲ့အခြေ နဲ့ကြုံပြီဆိုရင် လက်တွန့်ခဲ့ဖူးပါတယ် ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်မေမေက ကျွန်တော့်ကို အ၀တ်အစား သေးသေးလေး တစ်စုံ ထုတ်ပြပါတယ် ၊ မေမေဒါလေးက ဘယ်သူ့အတွက်လဲဆိုတော့ “မင်းသုံးနှစ်သားက ၀တ်ခဲ့တဲ့ ၀တ်စုံလေးတဲ့” အို ဘာလို့သိမ်းထားတာလဲ ပေးပြစ်လိုက်ပါလား မရှိတဲ့လူတွေကိုလို့ ပြောတော့  အို ဘာလို့ ပေးရမှာလဲတဲ့ ၊ ကျွန်တော် ၂၀၀၄ခုနှစ်က ကိုးရီးယားကို အလည်အပတ် အကိုတွေနဲ့ သွားဖူးပါတယ်၊ ဆိုးလ်မြို့တော်ရဲ့ လမ်းစုံတွေ လမ်းထိပ်တွေမှာ အ၀တ်အစားတင် သံစဉ်သေးသေးလေးတွေ တွေ့ပါတယ်၊ တချို့တွေက အိမ်မှာမ၀တ်တော့တဲ့  အ၀တ်အစားတွေကို အမှိုက်ပုံးထဲ မထည့်ဘဲနဲ့ လျှော်ဖွတ် မီးပူတိုက်ပြီး မရှိ ဆင်းရဲသားတွေ ယူဖို့ပြစ်ထားတာလို့ ပြောပါတယ် ၊ ကျွန်တော်က အကြီးကောင်ကို လက်တို့ပြီး ဒို့တွေရဲ့ အ၀တ်ဟောင်းတွေကိုလဲ ဒီလိုပေးကြည့်ရင် မကောင်းဘူးလားလို့ တိုင်ပင်ကြည့်တော့ ဘာလို့ဖိ့တုန်းဟ အမှတ်တရထားသင့်တယ်လို့ ပြန်ပြောပါတယ် ၊ ကျွန်တော်တို့ လူသားတွေဟာ အသစ်မြင်တိုင်း လိုချင်သလို ၊ အဟောင်းကိုလဲ မစွန့်လွတ် ချင်ကြပါ ၊ ဟဲမင်းဝေး ပြောသလို ကိုယ်ပိုင်ပစ္စည်းဟုတ်တယ် မဟုတ်ဘူး ဆိုတာဟာ သူတပါးကိုပေးကြည့်ရင် သိတယ်လို့ ဆိုတော့ ၊ ကျွန်တော်တို့တွေဟာ ကိုယ်မပိုင်တဲ့ ပစ္စည်းတွေနဲ့များ ကြီးပြင်းလာခဲ့ကြတာလား ၊ ဘယ်လောက်ထိ ဒီပစ္စည်းတွေနဲ့ နေအုံးမလဲလို့ တွေး ကြည့်နေမှိပါတော့တယ် …။

ငါးရာ့ငါးဆယ် အသီတိနိပါတ်တော် မြန်မာပြန်ထဲက မဉ္စက ဇာတ်တော်ဆိုတာလေး ဖတ်ဖူးပါတယ် ၊ မဉ္စက= ဆိုတာ ငါ့ဥစ္စာတဲ့ (ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန် ) နှံပြည်စုတ် ငှက်ကလေးဟာ မဉ္စက မဉ္စကနဲ့  ညောင်သီးအမှည့်တွေ ပြည့်နေအောင်သီးတဲ့ ညောင်ပင်ပေါ်မှာ တက်အော်နေပါတယ် ၊ တကယ်တမ်း သူစားနိုင်တာက ညောင်သီးလေး တစ်လုံးရယ်ပါ ၊ အဲဒီချိန်မှာ ဗျိုင်းလို အကောင်ကြီး ငှက်မျိုးတစ်အုပ် ရောက်လာပြီး ညောင်ပင်က အသီးတွေကို အကုန်စားပြစ်လိုက်ပါတယ် ၊ ငှက်ကြီးတွေက ၊ ညောင်သီးတွေကို ကုန်အောင်စားသွားပြီး အီးအီးတွေညောင်ပင်ပေါ် ပါချထားခဲ့ပါတယ် ၊ ငှက်ကလေး မောင်မဉ္စက ကတော့ ငှက်အကြီးတွေ စွန့်ခဲ့တဲ့ မစင်တွေနဲ့ ညောင်ပင်ပေါ်မှာ ငါ့ဥစ္စာ ငါ့ဥစ္စာနဲ့ အော်ဟစ်ကျန်ရစ်နေခဲ့ပါတော့တယ် ၊ တကယ်တော့ ကျွန်တော်တို့တွေဟာ မောင်မဉ္စက တွေများလား ခင်မျာ ။

ယခုအခါ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးညီကိုယ်မောင်နှမများ ၊ ဂီရိလေမုန်တိုင်းကြောင့် ဒုက္ခရောက် နေကြပါတယ် ၊ ကျွန်တော်တို့ရဲ့ မပိုင်ဆိုင်သေးတဲ့ ပစ္စည်းတချို့ကို ကိုယ်ပိုင်ဖြစ်အောင် ဘယ်လိုလုပ်ကြရင် ကောင်းလေမလဲလို့ ကျွန်တော်တို့ ဇနီးမောင်နှံတွေးနေကြပါတယ် ၊ ကျွန်တော်တို့ ဇနီးမောင်နှံကတော့ u$ ၅၀၀ လှူလိုက်ပါပြီ၊ အားလုံးကိုယ်ပိုင်ပစ္စည်း လုပ်နိုင်ကြလိမ့်မယ်လို့ ငွေလမင်းတို့က မျှော်လင့်ပါတယ်ခင်မျာ ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ….။