Tuesday, October 18, 2011

နောင်လာနောင်နှောင်း ဆက်တိုင်းကောင်း

သစ်ပင် ဆိုတာ အိမ်တိုင်းရှိရဲ့မဟုတ်လား ဗျာတို့ရယ်၊ သစ်ပင်ဆိုသဟာကြီးကို ဖြင့် နိုင်ငံတော် များများက နှစ်သက်ကြတယ်၊ ၂၀၁၀တုန်းကပေါ့ဗျာရယ်၊ သီရိလကာင်္နိုင်ငံကို ရောက်ခဲ့သေးရဲ့ ကမ္ဘာ့အစိမ်းစိုဆုံးနိုင်ငံတဲ့၊ သစ်ပင်မခုတ်တဲ့နိုင်ငံတဲ့၊ အမျိုးမျိုးပါဘဲ အမည်အရည်တွေက၊ သူတို့ပြောသလောက်လည်း နိုင်ငံကအေးချမ်း စိမ်းစိုလှပါတယ်၊ ကန္နီမြို့ကိုလည်း ရောက်ခဲ့သေး မြန်မာပြည်ဆိုရင်တော့ ပြင်ဦးလွင်လိုနေရာပါ၊ မြူတွေဝေနေတယ်။

 အဲဒီတောင်အလယ်ခေါင်မှာ ပါတာဓနိယ တက္ကသိုလ်ဆိုတာကြီး ရှိလေရဲ့၊ အေးချမ်းလိုက်ပုံများ ပြောစရာမရှိပါဘူး၊ သူတို့ ဆင်ဟာလီလူမျိုးတွေက သစ်ပင်စိုက်တဲ့အလေ့ရှိသတဲ့ ဗျာတို့ရယ်၊ ကျွန်တော် တို့ခပ် ငယ်ငယ် ကျောင်းသား ဘ၀ဆီက ကျောင်းသုံးစာအုပ်ထဲမှာ အသက်၈၀ကျော် အဖိုးအို တစ်ယောက်က သရက်ပင်စိုက်ရင်း အိမ်ရှေ့မင်းသားတပါးနဲ့တွေ့တာကိုး၊ အိမ်ရှေ့မင်းက အဘိုး ဘယ်နှာကြောင့် ဒီအသက်ရွယ် ရောက်မှ သစ်ပင်ထစိုက်သတုန်း၊ အေးဆေးနေပါ့လား ဆိုတော့ နောက်လာနောက်သားတွေ စားသောက်ဖို့ပါတဲ့ဗျာရယ်။

အဲသဟာနဲ့ မင်းသားက အဖိုးအိုကို ပတ္တမြားလက်စွပ်ချွတ်ပြီး ချီးမြင့်ခဲ့သကိုး၊ အဘိုးအိုက ပတ္တမြားလက်စွပ်ကို ပွတ်ပြီးသကာလ ပတ္တမြားသီး သီးလေပြီဟု ကြွေးကြော်သတဲ့်၊ အဲဒီပုံပြင်ရဲ့ မူရင်းဟာ ဆင်ဟာလီဘာသာနဲ့ ရှိနေတယ်ဆိုပဲ၊ အဲဒီပုံပြင်ဟာ ဆင်ဟာလီပုံပြင်လို့၊ အဲဒီ ပါတာဓနိယ တက္ကသိုလ်ကြီးက ပါမောက္ခလုပ်နေတဲ့ ကိုးရီးယားလူမျိုး ဆရာ မတစ်ယောက်က ပြောတာကိုးဗျာရယ်။

ဆိုလိုတာက အရင်ကလူကြီးတွေ သစ်ပင်စိုက်ခဲ့ကြတာဆိုရင်ဖြင့်၊ နောက်လာနောက်သားများ အတွက်ဆိုသမို့လား၊ အခုကာလကြီးမှာတော့ နောက်လာနောက်သားတွေကို ရည်ရွယ်စိုက်ဖို့ နေနေသာသာ၊ လက်ရှိကာလမှာဘဲ လုံလောက်စေရန် ထိမ်းသိမ်းနေရတဲ့ အခြေနေမဟုတ်ပါလား ကွယ်တို့၊ ထင်းအတွက် သစ်ပင်ခုတ်ရတယ်၊ နိုင်ငံစီးပွားဖွံ့ဖြိုးဖို့ ခုတ်ရပြန်တယ်၊ အဆောက်အအုံ တည်ဆောက်ဖို့ခုတ်ရတယ်။

 ဆည်မြောင်းတာတမံတွေကြောင့် ခုတ်ရပြန်တယ်၊ ရွှေတူးရန်ခုတ် ရပြန်တယ်၊ စသဖြင့်ပေါ့လေ သိလျှက်ရော ၊ မသိဘဲနဲ့ရော ကျွန်တော်တို့တွေ သစ်ပင်ကိုခုတ်လာ လိုက်ကြတာဟာ ဆိုရင်ဖြင့် ကမ္ဘာ့ကြီးပူနွေးလာတဲ့အထိ ခုတ်လိုက်ကြတယ်ပေါ့၊ အခုကမ္ဘာကြီး ပူနွေးလာပြီ၊ မြန်မာပြည်မှာ မုန်တိုင်းတွေခနခန၀င်ကုန်ပြီ၊ သစ်ပင်ခုတ်လိုက်တဲ့အတွက် အစိုဓာတ် ထိမ်းသိမ်းနိုင်မှု့၊ ဇီဝပိုးမွှားတို့ဖောက်ဖွားနိုင်မှု့၊ လွင်တီးခေါင်ဖြစ်မှု့၊ မိုးခေါင်ရေရှားမှု့ စသဖြင့်စသဖြင့် သစ်ပင်ရဲ့ ဂေဟစနစ်ကြီး ပျက်စီးသွားကြလေရဲ့။

နှစ်ပေါင်း ၅၀ရှိတဲ့ သစ်ပင်တစ်ပင်ရဲ့ဝန်ဆောင်မှု့ဟာ တနှစ်ကို ဒေါ်လာ နှစ်သိန်းဖိုးရှာဖွေ ပေးနိုင် တယ်လို့ ပညာရှင်တွေရဲ့သုတေသနစာတမ်းတွေက ဆိုပါတယ်၊  နှစ်ပေါင်းငါးဆယ် သက်တမ်းရှိ တဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်ဆီဂျင်ထုတ်လွှင့်နိုင်မှု့ဟာ ၃၁၂၅၀ ဒေါ်လာ၊ လေတိုက်စားခြင်း ကို ကာကွယ်မှု့သည် ၆၂၅၀၀ ဒေါ်လာ၊ မြေဆီသြဇာကောင်းမွန်လာစေမှု့နှင့်၊ ပျက်ဆီးမှု့ထိမ်းသိမ်း  ခြင်းသည်၊ ၃၁၂၅၀ ဒေါ်လာ၊ ရေသံသရာလည်စေပြီး လူသားတို့ရေရရှိမှု့သည် ၃၇၅၀၀ ဒေါ်လာ သစ်ပင်ပေါ်နှင့် သစ်ပင်ကိုမှီခိုနေသော သတ္တ၀ါများကို ရယူနိုင်မှု့သည် ၃၁၂၅၀ ဒေါ်လာ၊ သစ်ပင်မှ ဦးဏှောကဥာဏ်ရည်အတွက် လိုအပ်သော ပရိုတင်းဓာတ်ရရှိစေနိုင်မူ့သည် ၂၅၀၀ဒေါ်လာရရှိ ပြီး အပင်လိုက်ခုတ်လှဲပြစ်ပြီး ရောင်းမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၆၀၀သာရမယ်လို့ ၊ အမေရိကန်သိပ္ပံပညာရှင်ကြီး Miller Gtyler ရဲ့သစ်ပင်ဆိုင်ရာ သုတေသနစာတမ်း တခုမှ တင်ပြထားကြောင်း မှတ်သားမှိပါရဲ့ဗျာတို့ရယ်။

အဲဂလိုလေးတွေ မှတ်သားထားတာလေးတွေ တင်ပြပြီးရင် စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ ပြည်မြန် မာအကြောင်းလေး ရေးရပါအုံးမယ်ဗျာတို့၊ မြန်မာနိုင်ငံမှာ ၁၉၉၀ပြည့်နှစ် အစောပိုင်းက သစ်တော ဖုံးလွှမ်းမှု့ဟာ နိုင်ငံဧရိယာ ၇၀%ဖြစ်ပြီး၊  ၂၀၁၁ခုနှစ်ပိုင်းတွင် ၄၇ %သာကျန်တော့တယ်တဲ့ဗျာ၊ သစ်တော ဧရိယာဟာ ဟတ်တာ ၃၁.၇၇၃ သာကျန်ရှိတော့တယ်လို့ သစ်တောဦးစီးဋ္ဌာနက ထုတ်ပြန်ထားပါတယ် ဗျာတို့၊ သစ်ပင်တွေ ကုန်ဆုံးခဲ့ရတဲ့ ကာလတွေကတော့ စစ်အစိုးရ အာဏာယူလာခဲ့တဲ့ ၉၀အနီးနား တ၀ိုက်ကစတင်ပါတယ်။

 အဲဒီကာလရဲ့ခေါင်းဆောင်တွေက ပညာတတ်တွေမဟုတ်တော့၊ သစ်တောထိန်းသိမ်းရမယ်လို့ သဘောပေါက်ခဲ့ဟန် မတူပါဘူး၊ စီးပွားရေးကုမ္ပဏီမျိုးစုံနဲ့၊ စာချုပ်ချုပ်ပြီး သစ်ပင်ထိုင်ရောင်းစားကြတယ်ပေါ့ဗျာရယ်၊ သစ်ပင်ရောင်းလိုက်တာ ဘယ်လောက်ရောင်းတယ်မှတ်တုန်း အမြစ်ကိုပါ တူးပြီး ရောင်းစားတယ်၊ ပိုပြောတယ် မထင်နဲ့ စာဖတ်သူတို့အထဲမှာ မြန်မာပြည်နဲ့ နယ်နိမိတ်ထိဆက်နေတဲ့ ကြယ်ခေါင်ကို ရောက်ဖူးသူပါမယ်ဆိုရင် သိကြပါလိမ့်မယ်၊ ကြယ်ခေါင် မြို့ရယ် လမ်းတစ်ဖက်တစ်ချက်မှ စိုက်ပျိုးထားတဲ့ ကျွန်းပင်ကြီးတွေဟာ မြန်မာနိုင်ငံက နှစ်ငါးဆယ် ခြောက်ဆယ် သက်တမ်းရှိတဲ့ အပင်ကြီးတွေကို အမြစ်ပါ ၀ယ်ယူပြီး စိုက်ပျိုးထားတာပါ။

တရုတ်နဲ့ စစ်အစိုးရက ပါတနာကျတော့ မြန်မာပြည်ဘက် က ကျွန်းတွေဟာ အတုံးလိုက်ရော အပင်လိုက်ပါ အလိုလို တရုပ်ပြည်ဘက်ကို ရောက်သွားကြ လေရဲ့၊ ကျွန်တော် တနိုင်းကို ရောက်တော့ မျက်ရည်တောင်ကျမှိတယ်ဗျာ၊ မြန်မာပြည်ဘက်ကျ တော့ ၊ ငှက်ပျောပင်လေးတွေ ကျိုးတို့ကျဲတဲ၊ တရုတ်ပြည်ဘက်ကျတော့ ကျွန်းပင်ပြီးတွေ မဲမှောင် နေတာဘဲ၊ တချိန်တုန်းက တရုတ်ပြည်ဘက်အခြမ်းက ဘာမှမရှိဘူး၊ ကျွန်တော်တို့ဘက်မှာ မဲမှောင်နေတာ ကျွန်းပင်တွေက အခုတော့ပြောင်းပြန် ဆိုရမလိုပါပဲ ဗျာတို့၊ တရုတ်အစိုးရက ကျွန်းပင်ခုတ်တာနဲ့ သေနတ်နဲ့ ပစ်သတ်သတဲ့ဗျာတို့ရယ်။

ကဲရှိစေတော့ ပြီးခဲ့တာတွေပြီးပြီဗျာရယ်၊ ခေါင်းဆောင်ညံ့ရင် လူမျိုးညံ့ရုံတင်မက သစ်ပင်ပါ မျိုးတုန်းတယ်ဆိုတာ သိစေချင်တာပါ၊ ကျွန်တော့်တို့အတွက်ကတော့ ဥပဒေတွေရှိပါတယ် သစ် တစ်ပင်ခုတ် ထောင်သုံးနှစ်တဲ့လေ၊ တကယ်တန်းသာ အဲဒီအတိုင်း လုပ်ရင် ထောင်ထဲမှာတော့ အစိမ်းရောင်တွေကြီးနေတော့မပေါ့၊ အခုတော့ လွင်တီးခေါင်ဖြစ်ကုန်ပြီဗျာတို့၊ ရာသီဥတုတွေ ဖောက်ပြန်ကုန်ပြီ၊ သစ်ပင်ရဲ့ဂေဟ စနစ်ပျက်သုဉ်းကုန်ပြီ။

အစိုးရသစ်လက်ထက်မှာတော့ အစိမ်းရောင်အစီစဉ်ဆိုပြီးတော့ နိုင်ငံတ၀န်လုံး သစ်ပင်သန်း၃၀ စိုက်မယ်လို့ စီစဉ်နေတယ်လို့သိရတော့ ၀မ်းမြောက်မှိပါရဲ့။ ကျွန်တော့်အမြင်ကတော့ အပင်သစ် စိုက်တာထက် ၊ ရှိတဲ့အပင်ကို ထိန်းသိမ်းတာပိုကောင်းမယ်ထင်တာပါဘဲ၊ ဘာလို့ဆိုရင် သွား အစစ်နုတ်ပြီး သွားအသစ်လုပ်တော့ သွားအဟောင်းလောက်တော့ မကောင်းနိုင်ဘူးမလား၊ သစ်ပင်စိုက်တာက လွယ်ပါတယ်ဗျာတို့၊ သို့သော် သစ်ပင်ကိုထိမ်းသိမ်းဘို့ဆိုတာကြတော့၊ တော်တော်ခတ်ခဲတယ်၊ အပင်စိုက်ပြီး ပြစ်ထားရင်လဲ ဘာထူးမတုနုး၊ ဘာမှမထူးပါဘူး၊ ပျက်ဆီးသွားမှာဘဲ၊ နိုင်ငံတိုင်းကတော့ သစ်ခုတ်ရပါတယ် သို့သော် စနစ်ကျဖို့တော့လိုပါတယ်။

စစ်အစိုးရလက်ထက်တုန်းက အစုအဖွဲ့ပိုင်သစ်တောဆိုပြီး ဗရမ်းဗတာလုပ်ခဲ့ကြတယ်၊ အစုအဖွဲ့ ပိုင်ဆိုတာ မင်းပိုင်တဲ့သစ်တောလို့ ပြောပြီးစာချုပ်ချုပ်လိုက်တာလေ ၊ အဲတော့ သစ်တောပိုင်တဲ့ မောင်ရင်က ခုတ်လိုက်တာမှ၊ အမြစ်ပါမကျန်ဆိုသလိုပါဘဲ၊ နောက်ပြီး လောင်စာအတွက် အသုံးပြု တာတွေကလည်း ယခုတိုင်မထိမ်းသိမ်းနိုင်သေး၊ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဆိုရင် အရမ်း ခုတ်တဲ့နေရာလို့ စာရင်းဇယားတွေကပြတယ်။

 အဲဒီဒေသမှာဘဲ မီးသွေးဖုတ်လုပ်ငန်းတွေ၊ ဗာဂျီး နီးယားဆေးစက်ရုံတွေဟာ၊ ယနေ့တိုင်ထင်းလောင်စာဖြင့် လည်ပတ်နေကြတုန်းဗျာတို့၊ ဓာတ်ငွေ့ တွေတော့ထွက်ပါတယ်၊ ကားတွေတောင် ၅ပေါင်ရဖို့ တနေကုန်တန်းစီနေရသမို့လား၊ ကျွန်တော် တို့နိုင်ငံက ရှိတာတော့ အကုန်ရောင်းစားတတ်ပါတယ် ၊ လင်သေတဲ့မုဆိုးမအိမ်လိုပါဘဲဗျာရယ်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာရှင်တွေက မကွေးတိုင်းဟာ တည်နေရာအနေထားအရ  အနောက်တောင်မုတ်သုံလေကို ရခိုင်ရိုးမတောင်တန်း ၊ ချင်းတောင်တန်းတို့က ကာရံထားသည့် အတွက် ယင်းတောင်တန်းတွင်သာမိုးရွာသွန်းပြီး၊ သစ်တောများစိမ်းစိုလျှက်ရှိခါ ၊ မကွေးတိုင်း မှာ မိုးရွာသွန်းမှု့နဲပြီး၊ အပူပိုင်းဇုန်တောများပေါက်ရောက်ကြောင်း၊ ချင်းတောင်တန်းနှင့်  နယ်နိမိတ် ခြင်းထိဆက်လျှက်ရှိသောကြောင့်၊ သဘာ၀၀န်းကျင်အနေအထား တို့သည်လည်း အမှီသဟဲပြု နေကြသည့်အပြင် လက်ရှိအနေထားအရ ချင်းတောင်တန်းများမှာ သစ်တောပြုန်းတီးလာပြီဖြစ် တဲ့အတွက်  ချင်းတောင်တန်းနှင့် မကွေးတိုင်းဟာ နောင်၁၅ နှစ်မှာ ပုံတောင်ပုံညာဒေသလို တောင်ပေါ်သဲဂန္တာရ နဲ့မြေပြန့်သဲကန္တာရဖြစ်မယ်လို့ သဘာ၀၀န်းကျင်ထိမ်းသိမ်းရေး အစီရင်ခံစာ တွေက တညီတ ညွတ်တည်း ခန့်မှန်းထားပါတယ် ဗျာတို့။

ဒါကြောင့်မို့ သစ်ပင်အသစ်လည်းစိုက်၊ စိုက်ပြီးတဲ့အပင်ကိုလည်းဖြစ်ထွန်းအောင် ပြုစုစောင့် လျှောက်၊ ရှိပြီးသားအပင်တွေကို ပြည်သူရော အစိုးရရော ၀ိုင်းဝန်းကြမယ်ဆိုရင်ဖြင့် ၊ ကျွန်တော် တို့၊ တစ်သက်ပျော်စရာဖြစ်မဲ့ပြင်၊ နောင်လာနောင်နှောင်း ဆက်တိုင်းကောင်းပါလိမ့်မည်ဟု၊ မျှော်လင့်ရေးသားလိုက်ရပါကြောင်း။

ဘလော့စာရှု့သူများ သစ်ပင်ကိုစောင့်လျှောက်သူ၊ ချစ်တတ်သူ၊ သစ်ပင်မခုတ်သူများ ဖြစ်ကြပါစေ ကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Tuesday, October 11, 2011

ဝင်ငွေအကောင်းဆုံး အမျိုးသမီး အော်ပရာဝင်းဖရေး

 

 
အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် နာမည်ကျော်ကြားနေသော အော်ပရာဝင်းဖရေးသည် ယခုနှစ်၏ ၀င်ငွေအကောင်းဆုံးသော အမျိုးသမီး အနုပညာရှင်များစာရင်းတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်တွင် ကိုယ်ပိုင်ရုပ်သံလိုင်းကို တင်ဆက်နိုင်ခဲ့သည့် ၀င်ဖရေးသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၂၉၀ ကျော်ရရှိခဲ့ပြီးနောက် ၀င်ငွေအကောင်းဆုံး အမျိုးသမီးအနုပညာရှင် တစ်ဦးနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဝင်ငွေအကောင်းဆုံး အနုပညာစာရင်းကို Forbes Megazine မှ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၁ မေလ အတွင်း ရရှိခဲ့သော ၀င်ငွေများကို မူတည်ပြီးတွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွက်ချက်ခဲ့သော စာရင်းအရ ပေါ့ပ်အဆိုတော် လေဒီဂါဂါမှာ ၀င်ငွေအကောင်းဆုံး ဒုတိယနေရာတွင်သာ ရှိနေခဲ့ကြောင်း သိရသည်။

လေဒီဂါဂါအနေဖြင့် ၀င်းဖရေး၏ ၀င်ငွေကို မည်သို့မျှ မီနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်အတွင်း လေဒီဂါဂါ၏ ၀င်ငွေမှာ အမေရိကန်ဒေါ်လာသန်း ၉၀ ဖြစ်သည်။

လေဒီဂါဂါကို အမေရိကန်ဒေါ်လာသန်း၂၀၀ကျော် ဖြတ်ထားနိုင်ခဲ့သော ၀င်းဖရေး၏ ၀င်ငွေအများစုမှာ ယခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော OWN ရုပ်သံလိုင်းမှ တစ်ဆင့် ရရှိခဲ့သော ၀င်ငွေများကြောင့် ဖြစ်ပါသည်။ OWN သည် ၀င်းဖရေးပိုင်ဆိုင်သည့် ရုပ်သံလိုင်းဖြစ်ပြီး ထိုအစီအစဉ်မထုတ်လွှင့်မီကပင် ကြော်ငြာအမြောက်အမြား ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဝင်ဖရေးနှင့် လေဒီဂါဂါတို့ပြီးနောက် ၀င်ငွေအကောင်းဆုံး တတိယနေရာတွင်ရှိနေသော အမျိုးသမီးမှာ ဘတ်တနီဖရန်ကယ် ဖြစ်ပါသည်။ ဖရန်ကယ်မှာ Real Housewives of New York ရုပ်သံဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင် တစ်ဦးဖြစ်ပြီး ယခုနှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၅ သန်း ရရှိခဲ့သည်။

စူပါမော်ဒယ် ဂျီဆဲဘန်ချမ်၊ အဆိုတော် တေလာဆွဖ် နှင့် အယ်လန်ဒီဂျန်နရစ်တို့မှာ ၀င်ငွေအမေရိကန်ဒေါ်လာ ၄၅ သန်းစီဖြင့် အကောင်းဆုံး စတုတ္တ နေရာတွင် ရှိနေခဲ့ကာ ကေတီပယ်ရီမှာ ၀င်ငွေအကောင်းဆုံး အဠမနေရာတွင်သာ ရှိနေခဲ့သည်။

Weekly Eleven Journal မှ ကူးယူဖော်ပြသည်။

Saturday, October 8, 2011

Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခု


၂၆-၀၉-၂၀၁၁ Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခုဖြစ်ပွါးခဲ့သည်။ ဖြစ်စဉ်မှာ Shwe Thadar Pte.Ltd. (111 North Bridge Rd #04-45A, Peninsula Plsza, Singapore 179098) ၏ပိုင်ရှင်ဖြစ်သူ စံဦး (၂၆ နှစ်) Passport No.863028၊ Employment Pass FIN No.G0648722Q ကိုင်ဆောင်သူသည် မြန်မာသံရုံးတွင် Passport သက်တမ်းတိုး၊ အခွန်ဆောင်၊ မှန်ကန်ကြောင်းထောက်ခံစာများကို ကိုယ်စားလှယ်လွှဲစာများနှင့်အတူ တရားဝင် တာဝန်ယူဆောင်ရွက်ပေးနေသူဖြစ်သည်။

အဆိုပါနေ့စွဲတွင် Passport စာအုပ် ၄၂ အုပ်၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင်ရန် ငွေကြေး (S$ 100,000) တစ်သိန်းနီးပါးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု (သပြေနု) မှ၊ အခွန်ဆောင်ရန်အပ်နှံထားသော စာအုပ်များကို ပြန်လည်ရယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းယူရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထို့ကြောင့် ၄င်းရှိနိုင်သည်ဟု သတင်းရရှိသော "မိုး" PP အခွန်ဆောင်၊ သက်တမ်းတိုး အကျိုးဆောင်အိမ် (BLK-27, #05-186 Lorong 6, Toa Payoh, S310027) သို့ လိုက်လံရှာဖွေရာ တရားခံအားမတွေ့ရပဲ မိခင်ဖြစ်သူ ဒေါ်သဒ္ဒါဖြူနှင့်သာတွေ့ဆုံခဲ့ရသည်။ ဒေါ်သဒ္ဒါဖြူကို စစ်ဆေးမေးမြန်းရာ သားဖြစ်သူ စံဦးသည် ငွေများနှင့်ထွက်ပြေးသွားကြောင်း၊ သူမ၏ နိုင်ငံကူးလက်မှတ်ကိုပါ ပေါင်နှံထားကြောင်းသိရသည်။

၎င်း၏သားဖြစ်သူ စံဦး၏လုပ်ဆောင်ချက်များသည် သူမနှင့်မည်သို့မျှမသက်ဆိုင်ကြောင်း၊ မည်သို့မျှလုပ်ဆောင်မပေးနိုင်ကြောင်း၊ နိုင်ငံကူးလက်မှတ်များမှာ စံဦး၏ Employer ဖြစ်သူ မအေးမာ (ASK AMYA Travels and Tours Pte.Ltd) ထံတွင် အပ်နှံထားကြောင်းဝန်ခံပြောဆိုသည်။ အထက်ပါဝန်ခံချက်အရ မအေးမာ၏ နေအိမ် (Blk-113, Braddle Rd, Lorong 1) တွင် PP (passport) စာအုပ်များကို လိုက်လံသိမ်းဆည်းရာ၊ စာအုပ်များနှင့်အတူ ဖမ်းဆီးရရှိသည်။ သိမ်းဆည်းရရှိသော စာအုပ်များကို ဒေါ်သန်းသန်းနု (သပြေနု) မှ သက်ဆိုင်ရာကာယကံရှင်များအား ၂၇-၀၉-၂၀၁၁ မှစပြီး ပြန်လည်ပေးအပ်လျက်ရှိရာ အချို့သောဆက်ဆိုင်သူများမှာ ယနေ့တိုင် လာရောက်ယူဆောင်ခြင်းမရှိသေးပါ။ တရားခံ စံဦးမှာလည်းယနေ့တိုင်လွတ်မြောက်ဆဲဖြစ်သည်။


mrsorcerer@googlegroups.com  မှ ကူးယူဖော်ပြသည်။

Friday, October 7, 2011

ကဗျာ၏ သဒ္ဒ+အတ္ထ+ သဘာဝ

`တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်၊ စကားကမှမပြောနိုင်´ ။ ဒါကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့၊ ငါးထောင်စား ဋီကာပါ လေးချိုးစကားရပ်လေးပါဗျာရယ်၊ ပြောချင်တာက၊ အင်္ဂလိပ်ခေတ်က နန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဂဠုန်ဦးစောနဲ့၊ ဦးဘဖေတို့က နန်းရင်းဝန်ဖြစ် ရန်အင်္ဂလန်မှာ အပြိုင်အရေးဆိုကြရာ ဂဠုန်ဦးစောရဲ့ အဆိုကအောင်မြင်သဖြင့်၊ နန်းရင်းဝန်ရာထူးကို  ဦးစောကရရှိခဲပြီး၊ နန်ရင်းဝန်ဟောင်းဖြစ်သူ ဦးဘဖေ ရှုံးနိမ့်ခါ မြန်မာပြည်ပြန်လာစဉ်၊ သတင်းသမားများ က ဦးဘဖေအား အကြောင်းစုံမေးလိုသဖြင့် စုရုံးကြရာ ဦးဘဖေက အတွေ့မခံပဲ၊ ပုန်းအောင်းနေသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သိသွားသဖြင့်၊ ထိုခေတ်က နန်းရင်းဝန်များ၏ လစာဒေါင်းဒင်္ဂါး ငါးထောင်ကို သရော်လိုသလိုဖြင့် ငါးထောင်စားဋီကာရေးပြီး သရော်စာလေးချိုး စပ်တယ်ပေါ့ဗျာရယ်။

ဆရာကြီးက မြန်မာစာပေကိုလည်း အင်မတန်ကျွမ်းကျင်နိုင်နင်း တဲ့ပုဂ္ဂိုလ်ဖြစ်သလို၊ ဥပမာ ဥပမေယျ တွေနဲ့လည်း စာရေးတတ်၊ ပါဠိစာပေကလည်း တတ်ကျွမ်းတော့ အင်္ဂလိပ်ခေတ်က လစာပေးတဲ့အခါ ဂျော့ဘုရင်မင်းမြတ်မှ မောင်ဘယ်သူအား လစာတော်မြတ် ၁၀၀၀ ချီးမြှင့်တော်မူသည်ဟု ၊ ဂေဇာတ်တွေ ပြန်တမ်းတွေ ထုတ်တာကို ဆရာကြီးကအမြင်ကပ်ပြီး၊ လစာတော်မြတ်ဆိုတာ အညာဒေသက တောင် ကျရေလောက် အဖိုးမတန်သလို သရော်လိုက်ပြီး၊ တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပါ့၊ ဟု မျက်နှာ ဖြူအင်္ဂလိပ်တွေရဲ့ လစာကို နွားကျခံပြီးယူတဲ့ ၊ ဦးစောနဲ့ ဦးဘဖေကို နွားနှစ်ကောင်နဲ့တင်စားခါ။ မောင် ဘဖေ ငါးထောင်မစားရတာကြောင့်၊ စကားကမှ မပြောနိုင်ဟု ပြစ်ပြစ်နှစ်နှစ်ရေးသားလိုက်တယ်ပေါ့ ဗျာရယ်။

 ဦးဖေက နန်းရင်းဝန် မဖြစ်တော့လစာ ငါးထောင်မရတော့ဘူး၊ အဲဒါကြောင့် ရှက်ပြီး သတင်း ထောက်တွေကို အတွေ့မခံတာလို့ သရော်ပြီး နန်းရင်းဝန်ဋီကာတို့၊ ငါးထောင်စားဋီကာတို့၊ ဗိုလ်ဋီကာ မျောက်ဋီကာတို့ရေးပြီး သရော်လွန်းလွန်း၊ ဆရာကြီးဦးလွန်းကို အင်္ဂလိပ်က ခဏခဏ သတိခေါ်ပေးခဲ့ရ တယ်လို့ စာဟောင်းစကားဟောင်းတွေအရ သိရပါတယ်ဗျာတို့။

ခေတ်တွေကာလတွေ ပြောင်းလာတော့ မြန်မာစာပေ မြန်မာစကားဟာလည်း နဲနဲတော့ တိမ်ကောလာ တယ်ဗျာတို့ရဲ့၊ မြန်မာစာကို မြန်မာလူမျိုးတွေ သိပ်မတတ်ကြတော့ဘူး၊ ဖတ်တတ်ဖူးလား ၊ ဖတ်တတ်ပါ တယ်ပါ။ ရေးတတ်ဘူးလား ရေးတတ်ပါတယ်ဗျာတို့၊ သို့သော် ၀ါကျဖြစ်အောင်တော့ ရေးတတ်သူရှား တယ်၊ စကားပြေပြစ်အောင်၊ ရေးတတ်တတ်တဲ့ ၀စနာလကာင်္ရတို့၊ အဲဒီစာကိုအသံထွက်အောင် ဖက် လိုက်တဲ့အခါ ပြေပြစ်ချောမွတ်တဲ့ပြီး နားထောင်ကောင်းတဲ့အဆင့် သောတာလကာင်္ရတို့ဖြစ်အောင်က တော့ အတော်တန်မြန်မာစာကို သင်ခဲ့ရုံနဲ့မရဘူးဗျာရယ်၊ လေ့ကျင့်ယူရတယ်။

 မြန်မာနိုင်ငံဖွား မြန်မာနိုင် ငံမှာကြီးတော့၊ မြန်မာစာတော့ပြောတတ်ပါတယ်၊ သို့သော် ရေးတတ်ဖို့ကြတော့ ကျောင်းတတ်ခဲ့မှ ရေး တတ်ပါတယ်၊ ထို့အတူ အင်္ဂလိပ်တွေလည်း ကျောင်းမနေပဲ ၊ စကားတော့ပြောတတ်ပါတယ်၊ စာရေး တတ်ဖို့ကြတော့ ကျောင်းတတ်မှကို ဖြစ်မယ်မလား၊ ဒါကြောင့် အချို့အင်္ဂလိပ်တွေ စာရေးရင် ၀ါကျမမှန် တာတွေမများကြီးရှိပါရဲ့၊ ထို့အတူပဲ မြန်မာတွေလည်း စကားပြေ ကျစ်လစ်အောင် မရေးတတ်ရင် စာဖက် ရတဲ့အခါ သာယာနာပျော်ဖွယ် မဖြစ်တတ်ပါဗျာတို့။

မြန်မာစာဟာ အက္ခရာ၄၁လုံး၊ ဗျည်း၃၃လုံး၊ သရ ၈လုံး၊ ဒီဃ ၅-လုံး၊ ရဿ ၃-လုံး၊ စသဖြင့် ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး၊ မြန်မာစကားကိုတော့ အရပ်သုံး ၊ ရှင်ဘုရင်သုံး၊ ရဟန်းသံဃာ သုံးဆိုပြီး သုံးခုနဲ့ဖွဲ့စည်း ထားတဲ့ ကျယ်ပြန့်တဲ့ဘာသာစကားပါ၊ အစားအသောက် တခုမှာပဲ ဘုရင်ကျတော့ စားတော်ခေါ်တယ်၊ အရပ်သားတွေကြတော့စားတယ်၊ ဘုန်းတော်ကြီးတွေက သုံးဆောင်တယ်၊ ဘုဉ်းပေးတယ် စသဖြင့် စကားလုံး နဲ့ဝေါဟာရကြွယ်ဝတဲ့ ဘာသာစကားကြီးတခုဖြစ်လို့။ ကမ္ဘာပေါ်မှာ အသင်ယူရခက်ခဲတဲ့ ဘာသာစကားတွေထဲမှာ၊ မြန်မာဘာသာစကားဟာလည်း အပါအ၀င်လို့ ဘာသာဗေဒပညာရှင် တွေဝန်ခံထားတယ်ပေါ့ဗျာရယ်။

မြန်မာစာကိုရေးတဲ့အခါ ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောချင်တဲ့အရာကို ကပ်ပြီးထည့်ထားလေ့ရှိပါတယ်၊ ကဗျာဖြစ်စေ၊ စာဖြစ်စေ စိတ်ကူးစိတ်သန်းဆိုတဲ့ အဖွဲ့အနွဲ့ပါသလို၊ ကိုယ်ပြောချင်တဲ့အမှာကိုလည်း တပါးတည်း ပူးတွဲထည့်ရေးကြပါတယ်၊ ဒါကြောင့်မို့ မြန်မာစာကို လည်လည်ပတ်ပတ် မဖတ်တတ်ရင်၊ သို့မဟုတ် ဖတ်ရုံလေးဖတ်တတ်ရင်တော့၊ ရေးတဲ့လူရဲ့ အာဘော် သို့မဟုတ် ဘာကို ဆိုလို တယ်ဆိုတာကို နားလည်ဖို့ အင်မတန်ခက်ခဲပါတယ်။

 စာရေးသူရဲ့ ပြောလိုတဲ့ လိုရင်း(တနည်း) မက်စိပ်ကို နားမလည်ရင် ရသလို့ခေါ်တဲ့၊ သဘာဝကျမှု့ မကျမှု့ကို ဝေဘန်ဖို့ အင်မတန် ခက်ခဲသွားတတ်ပါတယ်။ စာရေးသူရဲ့ အမှာကိုမသိပဲ ရမ်းဖတ်နေတဲ့လူတစ်ယောက်အတွက်၊ ဘယ်လိုမှ စာအုပ်စာပေကလာတဲ့ အသိပညာများ တိုးတက်လာဖွယ်မရှိအတွက်၊ အရေမရအဖတ်မရ စာဖတ်သူ ဖြစ်သွားတတ်ပါတယ်၊ ဆရာကြီး ဓနုဖြူမောင်ခင်မင်ရဲ့ စကားပြေသဘောတရား စာအုပ်ရဲ့တနေရာမှာ၊` စာရေးသူရဲ့ ဆိုလိုရင်း ကိုမသိပဲ၊ ဟုတ်နိုးနိုးနဲ့ ရမ်းသမ်းပြီး အဓိပ္ပါယ်ကောက်ယူမှိပါက ၊ အပြိန်အဖျင်းလို့ခေါ်တဲ့ စကားမျိုးဖြစ် တတ်တယ်´လို့ဆိုပါတယ်။

အခုရေးပြခဲ့တဲ့ တောင်ကျရေ နွားနှစ်ကောင်၊ မ၀သလိုပ၊ မောင်ဘဖေ၊ ငါးထောင်မရတာကြောင့်၊ စကားကမှ မပြောနိုင်ဆိုတဲ့ အပိုဒ်ကို ကျောင်းဆရာတဦးက၊ အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်…………..။

တောင်ကျရေကကွာ နဲနဲလေးဆိုတော့၊ နွားနှစ်ကောင်တောင် မ၀ဘူးကွာ၊ အဲဒီမှာ မောင်ဘဖေဆိုတဲ့လူ က အဲဒီရေထဲမှာငါး သွားထောင်တာ မရလို့မို့၊ စိတ်ညစ်ပြီး စကားတောင်မပြော နိုင်တော့ဘူးတဲ့၊ အဲသလို အဓိပ္ပါယ်တလွဲ ကောက်ယူလိုက်တဲ့အခါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ပြောချင်တဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်၊ အဲလို သဒ္ဒလို့ခေါ်တဲ့ အရေးအဖွဲ့ကနေ ထွက်လာတဲ့၊ အတ္ထလို့ခေါ်တဲ့-အနတ်အဓိပ္ပါယ်ကို ကောက်မယူနိုင်ရင်၊ သဘာဝ-လို့ခေါ်တဲ့ ရသခံစားမှု့၊ အသိညာဏ် ဖြစ်မှု့တွေ ဘယ်လိုဖြစ်လာနိုင်ပါလိမ့်မယ်ဗျာတို့။

စာပေမှာ ဖြစ်စေ သီချင်းမှာဖြစ်စေ၊ ကဗျာလကာင်္တို့တွင်ဖြစ်စေ၊ ပထဆုံး သဒ္ဒဆိုတဲ့အရေး အဖွဲ့ကို နားလည်ဖို့လိုပါတယ်၊ သဒ္ဒဆိုတဲ့ အရေးအဖွဲ့ကို နားလည်ပြီဆိုရင် အတ္ထဆိုတဲ့-ဘာကိုမှာချင်တယ် ဘာကိုပြောချင်တဲ့ ဆိုတဲ့မက်စိပ်ကို သိအောင်ကြိုးစားရပါတယ်၊ အဲဒီနှစ်လွှာကိုပေါက်ပြီဆိုမှ သဘာဝ ဆိုတဲ့ အဆင့်ကိုရောက်ပြီး၊ ရသခံစားနိုင်မှု့၊ အသိညာဏ်ဖွင့်ဖြိုးမှု့ စသဖြင့်စသဖြင့်၊ တစ်ဆင့်ပြီးတဆင့် ခံစားရမှာဖြစ်ပါတယ်၊ စာတပုဒ်ဆိုသည်မှာ အဖွဲ့အနွဲ့၊ အနက်ဓိပ္ပါယ်၊ ရသ တို့ပါဝင်မှသာ စာလို့ခေါ်ပါ တယ်။

ရန်အောင်ဟု စာတခုရေးထားတယ်ဆိုပါစို့၊ ရန်အောင်ဟာ အဓိပ္ပါယ်အားဖြင့် ရန်အောင်ပဲဖြစ်ပါတယ်၊ ဘာအဖွဲ့အနွဲ့မှ မပါသလို၊ ဘာကိုမှလဲ ညွန်းဆိုထားတဲ့ အနက်အဓိပ္ပါယ်မရှိပါဘူး၊ ဒါကြောင့် ရန်အောင် ဆိုတဲ့စာလုံးပေါ်မှာ ရသမဖြစ်ပါဘူး၊ ရန်အောင်ဆိုတဲ့ စကားလုံးကိုရသပါချင်တယ်၊ ညွန်းဆိုအပ်တဲ့ အနက်အဓိပ္ပါယ်တခုခုပါချင်ရင်၊ သဒ္ဒဆိုသော အဖွဲ့အနွဲ့တခုခုကို ဆက်လက်ဖွဲ့နွဲ့ရမှာဖြစ်ပါတယ်။ ထို့သို့ဆက်လက် မဖွဲ့ပဲ ရန်အောင်ဟု ထားလိုက်ရင် စာမဖြစ်ပဲ စကားစု တခုမျှသာဖြစ်သွားပါတယ်။

ထို့ကြောင့် မြန်မာကဗျာတို့သည်၊ သဒ္ဒဟုဆိုအပ်သော အဖွဲ့အနွဲ့ပါသလို၊ အတ္ထဟုဆိုအပ် သော အနတ်ဓိပ္ပါယ်လည်းပါပါတယ်၊ ထိုနှစ်ခုကို ပေါက်ပြီဆိုရင်တော့ သဘာဝဟု ဆိုအပ်သော ရသခံစားခြင်း အသိညာဏ်တိုးခြင်း၊ ဗဟုသုတများခြင်းဖြစ်နိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

(နောက်ပို့များတွင်လည်း မြန်မာစကားပြေတွင် အလွှာသုံးပါးပါကြောင်းကို ကျန်စစ်မင်းကြီး၏ စကားရပ်များဖြင့် ကိုးကားရေးသားမည်ဖြစ်ပါကြောင်း)

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝ ကြပါစေကြောင်း၊ ငွေလမင်းတို့ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။