Friday, October 7, 2011

ကဗျာ၏ သဒ္ဒ+အတ္ထ+ သဘာဝ

`တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်၊ စကားကမှမပြောနိုင်´ ။ ဒါကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့၊ ငါးထောင်စား ဋီကာပါ လေးချိုးစကားရပ်လေးပါဗျာရယ်၊ ပြောချင်တာက၊ အင်္ဂလိပ်ခေတ်က နန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဂဠုန်ဦးစောနဲ့၊ ဦးဘဖေတို့က နန်းရင်းဝန်ဖြစ် ရန်အင်္ဂလန်မှာ အပြိုင်အရေးဆိုကြရာ ဂဠုန်ဦးစောရဲ့ အဆိုကအောင်မြင်သဖြင့်၊ နန်းရင်းဝန်ရာထူးကို  ဦးစောကရရှိခဲပြီး၊ နန်ရင်းဝန်ဟောင်းဖြစ်သူ ဦးဘဖေ ရှုံးနိမ့်ခါ မြန်မာပြည်ပြန်လာစဉ်၊ သတင်းသမားများ က ဦးဘဖေအား အကြောင်းစုံမေးလိုသဖြင့် စုရုံးကြရာ ဦးဘဖေက အတွေ့မခံပဲ၊ ပုန်းအောင်းနေသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သိသွားသဖြင့်၊ ထိုခေတ်က နန်းရင်းဝန်များ၏ လစာဒေါင်းဒင်္ဂါး ငါးထောင်ကို သရော်လိုသလိုဖြင့် ငါးထောင်စားဋီကာရေးပြီး သရော်စာလေးချိုး စပ်တယ်ပေါ့ဗျာရယ်။

ဆရာကြီးက မြန်မာစာပေကိုလည်း အင်မတန်ကျွမ်းကျင်နိုင်နင်း တဲ့ပုဂ္ဂိုလ်ဖြစ်သလို၊ ဥပမာ ဥပမေယျ တွေနဲ့လည်း စာရေးတတ်၊ ပါဠိစာပေကလည်း တတ်ကျွမ်းတော့ အင်္ဂလိပ်ခေတ်က လစာပေးတဲ့အခါ ဂျော့ဘုရင်မင်းမြတ်မှ မောင်ဘယ်သူအား လစာတော်မြတ် ၁၀၀၀ ချီးမြှင့်တော်မူသည်ဟု ၊ ဂေဇာတ်တွေ ပြန်တမ်းတွေ ထုတ်တာကို ဆရာကြီးကအမြင်ကပ်ပြီး၊ လစာတော်မြတ်ဆိုတာ အညာဒေသက တောင် ကျရေလောက် အဖိုးမတန်သလို သရော်လိုက်ပြီး၊ တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပါ့၊ ဟု မျက်နှာ ဖြူအင်္ဂလိပ်တွေရဲ့ လစာကို နွားကျခံပြီးယူတဲ့ ၊ ဦးစောနဲ့ ဦးဘဖေကို နွားနှစ်ကောင်နဲ့တင်စားခါ။ မောင် ဘဖေ ငါးထောင်မစားရတာကြောင့်၊ စကားကမှ မပြောနိုင်ဟု ပြစ်ပြစ်နှစ်နှစ်ရေးသားလိုက်တယ်ပေါ့ ဗျာရယ်။

 ဦးဖေက နန်းရင်းဝန် မဖြစ်တော့လစာ ငါးထောင်မရတော့ဘူး၊ အဲဒါကြောင့် ရှက်ပြီး သတင်း ထောက်တွေကို အတွေ့မခံတာလို့ သရော်ပြီး နန်းရင်းဝန်ဋီကာတို့၊ ငါးထောင်စားဋီကာတို့၊ ဗိုလ်ဋီကာ မျောက်ဋီကာတို့ရေးပြီး သရော်လွန်းလွန်း၊ ဆရာကြီးဦးလွန်းကို အင်္ဂလိပ်က ခဏခဏ သတိခေါ်ပေးခဲ့ရ တယ်လို့ စာဟောင်းစကားဟောင်းတွေအရ သိရပါတယ်ဗျာတို့။

ခေတ်တွေကာလတွေ ပြောင်းလာတော့ မြန်မာစာပေ မြန်မာစကားဟာလည်း နဲနဲတော့ တိမ်ကောလာ တယ်ဗျာတို့ရဲ့၊ မြန်မာစာကို မြန်မာလူမျိုးတွေ သိပ်မတတ်ကြတော့ဘူး၊ ဖတ်တတ်ဖူးလား ၊ ဖတ်တတ်ပါ တယ်ပါ။ ရေးတတ်ဘူးလား ရေးတတ်ပါတယ်ဗျာတို့၊ သို့သော် ၀ါကျဖြစ်အောင်တော့ ရေးတတ်သူရှား တယ်၊ စကားပြေပြစ်အောင်၊ ရေးတတ်တတ်တဲ့ ၀စနာလကာင်္ရတို့၊ အဲဒီစာကိုအသံထွက်အောင် ဖက် လိုက်တဲ့အခါ ပြေပြစ်ချောမွတ်တဲ့ပြီး နားထောင်ကောင်းတဲ့အဆင့် သောတာလကာင်္ရတို့ဖြစ်အောင်က တော့ အတော်တန်မြန်မာစာကို သင်ခဲ့ရုံနဲ့မရဘူးဗျာရယ်၊ လေ့ကျင့်ယူရတယ်။

 မြန်မာနိုင်ငံဖွား မြန်မာနိုင် ငံမှာကြီးတော့၊ မြန်မာစာတော့ပြောတတ်ပါတယ်၊ သို့သော် ရေးတတ်ဖို့ကြတော့ ကျောင်းတတ်ခဲ့မှ ရေး တတ်ပါတယ်၊ ထို့အတူ အင်္ဂလိပ်တွေလည်း ကျောင်းမနေပဲ ၊ စကားတော့ပြောတတ်ပါတယ်၊ စာရေး တတ်ဖို့ကြတော့ ကျောင်းတတ်မှကို ဖြစ်မယ်မလား၊ ဒါကြောင့် အချို့အင်္ဂလိပ်တွေ စာရေးရင် ၀ါကျမမှန် တာတွေမများကြီးရှိပါရဲ့၊ ထို့အတူပဲ မြန်မာတွေလည်း စကားပြေ ကျစ်လစ်အောင် မရေးတတ်ရင် စာဖက် ရတဲ့အခါ သာယာနာပျော်ဖွယ် မဖြစ်တတ်ပါဗျာတို့။

မြန်မာစာဟာ အက္ခရာ၄၁လုံး၊ ဗျည်း၃၃လုံး၊ သရ ၈လုံး၊ ဒီဃ ၅-လုံး၊ ရဿ ၃-လုံး၊ စသဖြင့် ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး၊ မြန်မာစကားကိုတော့ အရပ်သုံး ၊ ရှင်ဘုရင်သုံး၊ ရဟန်းသံဃာ သုံးဆိုပြီး သုံးခုနဲ့ဖွဲ့စည်း ထားတဲ့ ကျယ်ပြန့်တဲ့ဘာသာစကားပါ၊ အစားအသောက် တခုမှာပဲ ဘုရင်ကျတော့ စားတော်ခေါ်တယ်၊ အရပ်သားတွေကြတော့စားတယ်၊ ဘုန်းတော်ကြီးတွေက သုံးဆောင်တယ်၊ ဘုဉ်းပေးတယ် စသဖြင့် စကားလုံး နဲ့ဝေါဟာရကြွယ်ဝတဲ့ ဘာသာစကားကြီးတခုဖြစ်လို့။ ကမ္ဘာပေါ်မှာ အသင်ယူရခက်ခဲတဲ့ ဘာသာစကားတွေထဲမှာ၊ မြန်မာဘာသာစကားဟာလည်း အပါအ၀င်လို့ ဘာသာဗေဒပညာရှင် တွေဝန်ခံထားတယ်ပေါ့ဗျာရယ်။

မြန်မာစာကိုရေးတဲ့အခါ ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောချင်တဲ့အရာကို ကပ်ပြီးထည့်ထားလေ့ရှိပါတယ်၊ ကဗျာဖြစ်စေ၊ စာဖြစ်စေ စိတ်ကူးစိတ်သန်းဆိုတဲ့ အဖွဲ့အနွဲ့ပါသလို၊ ကိုယ်ပြောချင်တဲ့အမှာကိုလည်း တပါးတည်း ပူးတွဲထည့်ရေးကြပါတယ်၊ ဒါကြောင့်မို့ မြန်မာစာကို လည်လည်ပတ်ပတ် မဖတ်တတ်ရင်၊ သို့မဟုတ် ဖတ်ရုံလေးဖတ်တတ်ရင်တော့၊ ရေးတဲ့လူရဲ့ အာဘော် သို့မဟုတ် ဘာကို ဆိုလို တယ်ဆိုတာကို နားလည်ဖို့ အင်မတန်ခက်ခဲပါတယ်။

 စာရေးသူရဲ့ ပြောလိုတဲ့ လိုရင်း(တနည်း) မက်စိပ်ကို နားမလည်ရင် ရသလို့ခေါ်တဲ့၊ သဘာဝကျမှု့ မကျမှု့ကို ဝေဘန်ဖို့ အင်မတန် ခက်ခဲသွားတတ်ပါတယ်။ စာရေးသူရဲ့ အမှာကိုမသိပဲ ရမ်းဖတ်နေတဲ့လူတစ်ယောက်အတွက်၊ ဘယ်လိုမှ စာအုပ်စာပေကလာတဲ့ အသိပညာများ တိုးတက်လာဖွယ်မရှိအတွက်၊ အရေမရအဖတ်မရ စာဖတ်သူ ဖြစ်သွားတတ်ပါတယ်၊ ဆရာကြီး ဓနုဖြူမောင်ခင်မင်ရဲ့ စကားပြေသဘောတရား စာအုပ်ရဲ့တနေရာမှာ၊` စာရေးသူရဲ့ ဆိုလိုရင်း ကိုမသိပဲ၊ ဟုတ်နိုးနိုးနဲ့ ရမ်းသမ်းပြီး အဓိပ္ပါယ်ကောက်ယူမှိပါက ၊ အပြိန်အဖျင်းလို့ခေါ်တဲ့ စကားမျိုးဖြစ် တတ်တယ်´လို့ဆိုပါတယ်။

အခုရေးပြခဲ့တဲ့ တောင်ကျရေ နွားနှစ်ကောင်၊ မ၀သလိုပ၊ မောင်ဘဖေ၊ ငါးထောင်မရတာကြောင့်၊ စကားကမှ မပြောနိုင်ဆိုတဲ့ အပိုဒ်ကို ကျောင်းဆရာတဦးက၊ အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်…………..။

တောင်ကျရေကကွာ နဲနဲလေးဆိုတော့၊ နွားနှစ်ကောင်တောင် မ၀ဘူးကွာ၊ အဲဒီမှာ မောင်ဘဖေဆိုတဲ့လူ က အဲဒီရေထဲမှာငါး သွားထောင်တာ မရလို့မို့၊ စိတ်ညစ်ပြီး စကားတောင်မပြော နိုင်တော့ဘူးတဲ့၊ အဲသလို အဓိပ္ပါယ်တလွဲ ကောက်ယူလိုက်တဲ့အခါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ပြောချင်တဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်၊ အဲလို သဒ္ဒလို့ခေါ်တဲ့ အရေးအဖွဲ့ကနေ ထွက်လာတဲ့၊ အတ္ထလို့ခေါ်တဲ့-အနတ်အဓိပ္ပါယ်ကို ကောက်မယူနိုင်ရင်၊ သဘာဝ-လို့ခေါ်တဲ့ ရသခံစားမှု့၊ အသိညာဏ် ဖြစ်မှု့တွေ ဘယ်လိုဖြစ်လာနိုင်ပါလိမ့်မယ်ဗျာတို့။

စာပေမှာ ဖြစ်စေ သီချင်းမှာဖြစ်စေ၊ ကဗျာလကာင်္တို့တွင်ဖြစ်စေ၊ ပထဆုံး သဒ္ဒဆိုတဲ့အရေး အဖွဲ့ကို နားလည်ဖို့လိုပါတယ်၊ သဒ္ဒဆိုတဲ့ အရေးအဖွဲ့ကို နားလည်ပြီဆိုရင် အတ္ထဆိုတဲ့-ဘာကိုမှာချင်တယ် ဘာကိုပြောချင်တဲ့ ဆိုတဲ့မက်စိပ်ကို သိအောင်ကြိုးစားရပါတယ်၊ အဲဒီနှစ်လွှာကိုပေါက်ပြီဆိုမှ သဘာဝ ဆိုတဲ့ အဆင့်ကိုရောက်ပြီး၊ ရသခံစားနိုင်မှု့၊ အသိညာဏ်ဖွင့်ဖြိုးမှု့ စသဖြင့်စသဖြင့်၊ တစ်ဆင့်ပြီးတဆင့် ခံစားရမှာဖြစ်ပါတယ်၊ စာတပုဒ်ဆိုသည်မှာ အဖွဲ့အနွဲ့၊ အနက်ဓိပ္ပါယ်၊ ရသ တို့ပါဝင်မှသာ စာလို့ခေါ်ပါ တယ်။

ရန်အောင်ဟု စာတခုရေးထားတယ်ဆိုပါစို့၊ ရန်အောင်ဟာ အဓိပ္ပါယ်အားဖြင့် ရန်အောင်ပဲဖြစ်ပါတယ်၊ ဘာအဖွဲ့အနွဲ့မှ မပါသလို၊ ဘာကိုမှလဲ ညွန်းဆိုထားတဲ့ အနက်အဓိပ္ပါယ်မရှိပါဘူး၊ ဒါကြောင့် ရန်အောင် ဆိုတဲ့စာလုံးပေါ်မှာ ရသမဖြစ်ပါဘူး၊ ရန်အောင်ဆိုတဲ့ စကားလုံးကိုရသပါချင်တယ်၊ ညွန်းဆိုအပ်တဲ့ အနက်အဓိပ္ပါယ်တခုခုပါချင်ရင်၊ သဒ္ဒဆိုသော အဖွဲ့အနွဲ့တခုခုကို ဆက်လက်ဖွဲ့နွဲ့ရမှာဖြစ်ပါတယ်။ ထို့သို့ဆက်လက် မဖွဲ့ပဲ ရန်အောင်ဟု ထားလိုက်ရင် စာမဖြစ်ပဲ စကားစု တခုမျှသာဖြစ်သွားပါတယ်။

ထို့ကြောင့် မြန်မာကဗျာတို့သည်၊ သဒ္ဒဟုဆိုအပ်သော အဖွဲ့အနွဲ့ပါသလို၊ အတ္ထဟုဆိုအပ် သော အနတ်ဓိပ္ပါယ်လည်းပါပါတယ်၊ ထိုနှစ်ခုကို ပေါက်ပြီဆိုရင်တော့ သဘာဝဟု ဆိုအပ်သော ရသခံစားခြင်း အသိညာဏ်တိုးခြင်း၊ ဗဟုသုတများခြင်းဖြစ်နိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

(နောက်ပို့များတွင်လည်း မြန်မာစကားပြေတွင် အလွှာသုံးပါးပါကြောင်းကို ကျန်စစ်မင်းကြီး၏ စကားရပ်များဖြင့် ကိုးကားရေးသားမည်ဖြစ်ပါကြောင်း)

ဘလော့စာရှု့သူများ ဗဟုသုတကုံလုံကြွယ်ဝ ကြပါစေကြောင်း၊ ငွေလမင်းတို့ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


7 comments:

မဒမ်ကိုး said...

လေ့လာသွားပါကြောင်းရှင်း)

ခင်မင်လျှက်
မဒိုးကန်

AH said...

ဖတ်မှတ်သွားပါတယ်ခင်ဗျာ။

ခင်မင်စွာဖြင့်
AH

မိုးယံ said...

ဒါမျိုးတွေ ဖတ်ရတာ အရမ်းကျေးဇူးတင်တယ် ကိုကိုငွေ..အဲဒါမျိုးလေးတွေ သိချင်တာ..။

တစ်ခု မှတ်ဖူးတာ ရှိတယ်...

ဖွတ်မရ ဓါးမဆုံး

ကမ်းစပ်နားက ဖွတ်ကြီးတစ်ကောင်ကို မြင်လို့ ဖွတ်သားစားချင်တာနဲ့ ဓါးမနဲ့ ပစ်လိုက်တာ မထိလို့တဲ့.. ဖွတ်ကြီးလဲ လွတ် ဓါးမလည်း ရေထဲကျပြီးဆုံးသတဲ့။

တစ်ကယ်ကျတော့...

အတွေ့အထိ ဖောဋ္ဌဗ္ဗတဏှာ ကို ပယ်သတ်ခဲ့ပြီး တရားဓမ္မ ကျင့်တဲ့ သူတွေကို မင်းကွန်းဆရာတော်ကြီးက ဆုံးမပြီး ရေးခဲ့တယ်လို့မှတ်ဖူးတယ်..

“ ဖောဋ္ဌဗ္ဗ မရ ဓမ္မဆုံး ကတုံးသာလျှင် အဖတ်တင်လိမ့်မယ် ” တဲ့... စကားလုံးများ ရွေ့လျားပုံ ဆိုတာ အဲလိုဂျီးများလား ဗျာ။

Angelhlaing(May everybody be happy and healthy! said...

လမ်းညျွှန်ပေးမှုအတွက် ကျေးဇူးပါအကို....

ကိုဇော် said...

ဟုတ်ကဲ့ . .
စောင့်ဖတ်နေပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

`တောင်ကျရေ ငါးနှစ်ကောင် မ၀သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်၊ စကားကမှမပြောနိုင်´

နဲနဲတော့ မျက်စိလည်သွားတယ်။ ငါးနှစ်ကောင်လား နွားနှစ်ကောင်လားဆိုတာ။

ဗဟုသုတတွေ အများကြီးပေးတဲ့အတွက် ကျေးဇူးပါ။ လာမဲ့ ပို့စ်ကိုလဲ မျှော်နေပါတယ်။

ခင်မင်လျှက်

မင်းဧရာ said...

ဗဟုသုတ တွေအတွက်ကျေးဇူးပါ အကို
နောက်ပို့စ်ကိုလည်း မျှော်နေပါ့မယ်။