Wednesday, November 17, 2010

ဥစ္စာစောင့်နှင့် သိုက်နန်းရှင် ဇာတ်သိမ်းပိုင်း

ထိုင်းလေယာဉ်ကွင်းထဲမှ အယုဒ္ဓယ နဂါးသိုက်နန်း ပုံ


ဘိုးဘိုး သိုက်ကရလာတာတွေ ဘယ်လိုခွဲဝေယူတုန်း ဘိုးဘိုးကဘာရတုန်း ၊ အင်းဟုတ် သားနော် ၊ စကားတွေချော်နေတာ ဘိုးဘိုးက ငွေဒင်္ဂါးပြားရတယ် ၊ တစ်ယောက်ကို နှစ်ပိဿာလောက် ရှိမယ်ထင်ပါတယ် ၊ ဘိုးဘိုးဆရာက တန်းခွဲပေးတာလား၊ ဘယ်က သာကွယ် ၊ သိုက်တူးလို့ရရင် တန်းပြီး ယူလို့မရပါဘူး ၊ အစီအမံတွေကို လုပ်ရသေးတယ် ကွဲ့ ၊ ငွေယားတို့ ဆေးယားတို့ ဆိုတာတွေရှိသေးတယ်။

 ငွေယားဆိုတာက အဲဒီငွေတွေ ဒါမှမဟုတ် ပစ္စည်းတွေကို ကိုင်လိုက်တာနဲ့ ယားတာဘဲ ၊ တချို့ကျတော့ ကိုင်ရုံနဲ့ မယားဘူး သုံးမှယားတယ် ၊ ပြောရရင်ရှည်တော့မယ်ကွယ့် ဒီလိုကွယ် ဗေဒင်လေးပုံဆိုတာ မြေးကြားဖူးသလား ၊ ကြားဖူးတာပေါ့ တိတိကျကျတော့မသိဘူး ၊ အင်း ဗေဒင်လေးပုံတဲ့ သာမ ၊ ယဇု ၊ ဣရု ၊ အထဗ္ဗဏ ၊ ဆိုတဲ့ ဗေဒင်လေးပုံ ရှိတယ် ၊ အဲဒီဗေဒင်ပညာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ရသေ့တွေကွယ့် အိန္ဒိယနိုင်ငံ ဟိမ၀န္တာ တောင်တန်းမှာ နေထိုင်ကြတဲ့ ဟင်ဒီဝါဒီ ရသေ့ကြီးတွေဘဲ ၊ သူတို့တွေဟာ ဘယ်ခုနှစ်လောက်က တည်းက ဗေဒင်ပညာရပ်တွေကို တ်ီထွင်ခဲ့တယ်ဆိုတာ တိတိကျကျ ယခုတိုင်ပညာရှင် တွေမသိရသေးဘူး ဗုဒ္ဓဘုရားမပွင့်ပေါ်မှီကတည်းက ရှိခဲ့တယ်ဆိုတာ ပိဋကတော်မြန်မာ ပြန်တွေမှာတွေ့ဖူးတယ်။

အလောင်းတော်မွေးတော့ တောထွက်ပြီး ဘုရားဖြစ်မယ်လို့ ဟောခဲ့တဲ့ ကောဏ္ဍည ရဲ့အနွယ်တွေဖြစ်တဲ့ ကောဏ္ဍညပုဏ်ဏား အနွယ်တွေဟာ ဗေဒင် ပညာကို ဆုံးခမ်းတိုင်အောင်သင်ယူခဲ့တဲ့ အနွယ်တော်တွေလို့ သက္ကဘာသာနဲ့ရေးထားတဲ့ ကရာဇိသျှာမူနတီး (နပ်ပတ်တီးဗေဒင်ကျမ်း)အဖွင့်မှာရေးထားတယ် ၊ ယခုတိုင်လဲ အဲဒီ အနွယ်တော်တွေဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်နဲ့ ၊ ပန်ဂျပ်ပြည်နယ်တွေမှာ ကျန်ရှိနေ သေးတယ်လို့ ဆိုတယ်ကွယ် ၊ မိတ်ဆွေတစ်ယောက် ပြောတာကတော့ အခုတော့ ကောဏ္ဍညအနွယ်တွေဟာ နတ်ဆရာအဖြစ်အသက်မွေး နေတယ်လို့ ပြောတာပါဘဲ ။

 ဘိုးဘိုး ငွေယားလေ ဘယ်လိုဖြစ်တာတုန်း၊ အေးပါကွယ် ငွေယားပါဘဲ ပြောပါ့မယ် ရေးမှာ သာလိုက်ရေးထားပါ ၊ ဗေဒင်ကျမ်းလေးဆောင်ကို ပြုစုတဲ့ ရသေ့တွေဟာ စုစုပေါင်း ရှစ်သောင်းရှိတယ်လို့ ဆိုတယ်ကွယ် ၊ သာမဆိုတဲ့ကျမ်းမှာ တောတောင်ရေမြေတို့ရဲ့ နိ မိတ်လက္ခဏာတွေတဲ့ ၊ ယဇု ဆိုတဲ့ကျမ်းမှတော့ ဘဂ၀ါဂီတကျမ်းတွေတဲ့ တောတွေ တောင်တွေကိုစောင့်တဲ့ နတ်တွေကို ပူဇော်ပုံပူဇော်နည်းတွေရေးထားတယ် ဆိုတယ် ၊ ဣရု ကျမ်းဆိုတာကတော့ အမျိုးမျိုးပြောကြပါတယ်ကွယ် ၊ သခင်ဘသောင်းရဲ့ ဘာသာကြီး လေးခု အနှစ်သာရမှာ ရေးထားတဲ့အတိုင်းဆိုရင်တော့ သူဟာလဲ ယဇ်နတ်ပူဇော်ဖို့ ရေး စပ်သီကုံးထားတဲ့ ကဗျာကျမ်းတစ်မျိုးဆိုပါတော့။

 အထဗ္ဗဏဆိုတဲ့ ဗေဒင်ကျမ်းကတော့ အရမ်းစုံတဲ့ ကျမ်းပေါ့ ဗေဒင်ပညာ ၊ ဝေဒင်ပညာ ၊ စုန်းအတတ် ၊ ကဝေအတတ် ၊ အဂ္ဂိရက် အတတ် ၊ နေကြတ် ၊ လကြတ် ၊ နက္ခတ်ကြတ် ၊ နေသွား၊ လသွား၊ နက္ခတ်သွား အင်း ၊ အိုင်၊ ခလှဲ့ ၊ လက်ဖွဲ့ ၊ အဆောင် ၊ ယတြာ ၊ ကာယသိဒ္ဓိ ၊ ပီယသဒ္ဓိ ၊ ရာဇသျှို ၊ ဣတ္ထိသျှို ၊ပီယသျှို ၊စတဲ့အတက်ပညာတွေ အသားလှုတ်ကျမ်း ၊ အိမ်မက်တိတ္ထုံ ၊ ချတောင်ဘို့ ၊ ပျားစွဲ ၊လင်းတနား ၊ စသဖြင် စသဖြင့် ကောင်းကျိုးဆိုးကျိုးတွေကို ဟောတဲ့ ကျမ်းတဲ့ ၊ ဘိုးဘိုး ဗေဒင်နဲ့ဝေဒင်ဆိုတာ မတူဘူးလား၊ မတူပါဘူးကွဲ့။

ဝေဒင်ပညာဆိုတာ ဗေဒင်နဲ့မတူဘူး သူကအိန္ဒိယက လာတဲ့ပညာပါ ၊ နေနဲ့လရဲ့သွားလာပုံကို ကြည့်ပြီး ဇာတာပုံချပြီး ဟောတာကွယ် ဒီနေရာမှာ ဟောပုံက မတူဘူး တချို့ကနေသွား တဲ့လမ်းကြောင်းကို ကြည့်ပြီးဟောတာကို စန်းအဟောလို့ခေါ်တယ် လသွားတာ ကိုကြည့်ပြီး ဟောတာကိုတော့ လာဘ်အဟောတဲ့ ဒါကြောင့်ဇာတာပုံတွေမှာလာဘ် ဆိုတာလေး ပါတာ အိန္ဒိယမှာ ယနေ့တိုင် ဒီပညာတွေထွန်းကားနေတုန်းဘဲ သူတို့ကတော့ နေသွားတာကိုကြည့်ဟောတယ် စန်းအဟောပေါ့ကွယ် ဘယ်လိုဘဲ ဟောဟော နှစ်ခုလုံးကို ဝေဒင်ပညာခေါ်ပါတယ် ၊ ဗေဒင်ပညာဆိုတာက မြန်မာဖြစ်ပါ၊ မွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စား ၈နဲ့စား ပေါင်းမြောက် စသဖြင့်ကြည့်ရှုသုံးသပ် ဟောတာကို ဗေဒင်ပညာကွယ့် ။

အဲဒီဗေဒင်လေးပုံမှာ အထဗ္ဗဗေဒင်ကျမ်းဟာ အင်မတန်ကျယ်ဝန်းတယ် ၊ ကျမ်းစာပြုစုမဲ့ ရသေ့ရှစ်သောင်းထဲက လောကီအတတ်ပေါင်းစုံကို တတ်မြောက်တဲ့ လက်ရွေးစင် ရသေ့ ကြီး ၁၈ပါးကို ရွှေးထုတ်ပြီး အခုပြောမဲ့ အထဗ္ဗဏ ဗေဒင်ကျမ်းကိုရေးခဲ့တာဘဲကွယ် ၊ အဲဒီ ရသေ့ကြီးတွေဟာ သူတို့ရေးတဲ့ ကျမ်းစာတွေထဲက အတိုင်းဟုတ်မဟုတ် ဖြစ်မဖြစ်ကို စမ်း စစ်တဲ့အနေနဲ့ ငွေတွေသွန်းလုပ်ခဲ့ကြတယ်။

 နောင်လူတွေ ဒီပညာရပ်တွေကို လေ့လာ လိုက်စားတဲ့လူတွေ ဒီပညာရပ်တွေကို ကုန်အောင်သင်ယူနိုင်စေဖို့ ၊ အကျင့်သီလကောင်း ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်စေဖို့ ၊ စတဲ့စတဲ့ အကြောင်းတွေကို ကြည့်ပြီးတော့ ကိုင်ရင်ယားတဲ့ ငွေယားတွေ ၊ သုံးရင်ယားတဲ့ နတ်ယားတွေ ၊ ယူသုံးပြီး ပြန်မထားရင် ယားတဲ့ သစ္စာယားတွေ ၊ နောက်တစ်ခုအတတ်ပညာတွေနဲ့ ဆိုင်တဲ့ အင်းယားဆိုတာ လဲရှိသေးတယ် အဲလိုဟာတွေကို ဖန်တီးထားခဲ့တယ် ၊ အဲဒါတွေကိုနိုင်နင်းတဲ့ ဖြေဆေး နည်းတွေကိုလဲ အထဗ္ဗဗေဒင်ကျမ်းမှာ အကုန်ထည့်ရေးထားခဲ့တယ် ၊ သဘောကတော့ ဒီပညာတွေကို မတတ်ဘဲ ၊ ဒီပစ္စည်းတွေကိုသုံးလို့မရဘူးလို့ပြောခဲ့ချင်တာနေမှာပေါ့။

 ဘိုးဘိုး သစ္စာယားဆိုတာက ခေတ္တယူသုံးလို့ရတယ်ပေါ့ ၊ အေးလေ ယူသုံးလို့ရတယ် ယူ သုံးပြီး ပြန်မထားမှ ယားတာ ၊ တခါမှမကြားဖူးပါဘူးဘိုးဘိုးကလဲ  ရှိလို့လား ရှိတာပေါ့ကွယ် ၊ မင်းကသာမကြားဖူးတာပါကွယ် ၊ မြန်မာပြည်မှာ အဲလိုရွှေထည်ငွေထည်တွေကို ငှားပြီး သုံးလို့ ရတဲ့နေရာ ဘိုးဘိုးသိခဲ့တာတွေကို လေးနေရာလောက်ရှိတယ် ၊ အထင်ရှားဆုံးက ကျောက်ဆည်မြို့က ကျောက်သေတ္တာဘုရားဟာ အထင်ရှားဆုံးပေါ့ ၊ အဲဒီဘုရားမှာ ခုတိုင် ကျောက်သေတ္တာကြီးရှိသေးတယ် ဟိုတုန်းက အဲဒီအထဲမှာ ရွှေထည်ပစ္စည်းတွေ အားကြီးရော။

 လူတွေက ရှင်ပြုမယ် ရဟန်းခံမယ်ဆိုရင် အဲဒီသေတ္တာကြီးထဲဟာ ရတနာပစ္စည်းတွေကို ငှားရမ်းပြီး ရှင်လောင်းတွေ ပဉ္ဇင်းလောင်းတွေကို ဆင်ပေးကြတယ် ၊ ပြီးတော့ ပြန်ထားတယ် ဘာမှမဖြစ်ပါဘူး ၊ နောက်ပိုင်းတော့ လူတွေက ယုတ်မာပြီး အချောင်လိုချင်လာတော့ ပြန်မထားကြ အဲလိုနဲ့ အဲဒီသေတ္တာကြီးမှာ ဘာမှမရှိတော့တာ ၊ ဒါဆိုယူသွားတဲ့လူတွေက အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ဟာတွေကိုတတ်လို့ ယူနိုင်တာပေါ့ အင်းဖြစ်နိုင်တာပေါ့ကွယ် ။ မတတ်ဘဲနဲ့ ခိုးယူသွားပြီး အသေခံတဲ့လူမိုက်တွေလဲ ရှိမှာပေါ့ ။

ဒါနဲ့ဘိုးဘိုးတို့သိုက်ထဲက ရလာတဲ့ ဥစ္စာတွေနဲ့ ဒီအထဗ္ဗဏဗေဒင်ကျမ်းကို ပြုစုခဲ့တဲ့ ရသေ့ကြီး တွေနဲ့က ဘယ်လိုဆက်စပ်တာတုန်း အင်း မင်းကိုဘိုးဘိုးပြောဖူးတယ်လေ ၊ ငွေဒင်္ဂါးတွေရခဲ့ တယ်ဆိုတာ ၊ ရတနာပုံ ဒေါင်းဒင်္ဂါးတွေမဟုတ်ဘူးကွဲ့ ၊ ဘိုးဘိုးတို့ရခဲ့တဲ့ ငွေဒင်္ဂါးပြားတွေက အကြီးကြီးတွေကွ ဘယ်လောက်ကြီးလဲဆိုရင် တချို့အပြားတွေက သူငယ်တော်အက ကတဲ့အခါ  သူငယ်တော် မင်းသားလေး လည်ပင်းမှာဆွဲထားတဲ့ အပြားလောက်ကိုရှိတယ် ၊ တချို့က ဒင်္ဂါးလို့သာ ပြောတာအ၀ိုင်းမဟုတ်ဘူး ၊ လေးထောင့်တွေ ၊ သုံးထောင့်ချွန်တွေ ဒါတွေကို သိုက်အပြင်ကို ရောက်တော့ဆရာက စုပုံစေတယ် ၊ ဘိုးဘိုးတို့သယ်လာတဲ့ အိတ်၁၉လုံးကို သွန်လိုက်တာ အပုံကခါးလောက်ကို ရှိတယ်။

 ပြီးတော့ ဆရာဟာ ဘိုးဘိုးတို့ကိုပြောတယ် ၊ ဒါဟာ ခုနက ရသေ့ကြီးတွေရဲ့ပစ္စည်းတွေတဲ့ ၊ ဒင်္ဂါးတွေမှာ တချို့က စန္ဒရီရုပ်ပါတယ် ၊ တချို့က မြန်မာ စာအက္ခရာတွေထဲက “သ”လိုလို “တ”လိုလို“ဟ”လိုလိုပါတယ် ၊ ဒါကြောင့်ဆရာဟာ ဒီငွေတွေဟာ သုံးလို့မရသေးဘူးလို့ဆိုတယ် ၊ ဒီငွေသားတွေဟာ ရှေးရသေ့တွေစီရင်ထားလို့မို့ ၊ ငွေမှာစောင့်တဲ့ အစောင့်သီးသန့် ရှိသေးတယ်တဲ့ ၊ အဲငွေတွေဟာ သုံးရင်ယားတဲ့ ဆေးယားတွေတဲ့ ၊ ဒါကြောင့်ဖြေ ဆေး လိုတယ်လို့ဆိုတယ်ကွယ် ၊ ဒါဆိုဒင်္ဂါးပြားတွေက တစ်ယောက်ထဲ သွန်းထားတာမဟုတ်ဘူး ပေါ့ ၊ အင်းပေါ့ ရသေ့ဆရာကြီးတွေ ၁၈ပါး စီရင်ခဲ့တာ ၊ သူတို့ရဲ့မူပိုင်သင်္ကေတတွေ ရှိတယ် ၊ အဲဒီ သင်္ကေတဆိုတာ ဆရာပြောမှဘိုးဘိုးတို့ သိရတာ ၊ ဘူမိရတ်ကျမ်းမှာပါတယ်ကွဲ့ ၊ ဘူမိရတ်ကျမ်း ဆိုတာလဲ အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ကျမ်းငယ်တစ်စောင်ပါကွယ် ၊ အဲဒါဆို အဲဒီ၁၈ပါးလုံးကို ဘိုးဘိုးသိလား ၊ သိတာပေါ့ ပြောပြမယ်ကွယ် ။

ဘိုးဘိုမှတ်စုစာအုပ်ထဲမှာ ဒီရသေ့ကြီးတွေအကြောင်းမှတ်ထားတယ် ကျီးသဲလေးထပ်  ဆ ရာတော်ကြီးရေးခဲ့တဲ့ စွယ်စုံကျော်ထင်ပုစ္ဆာကျမ်းရဲ့ စာမျက်နှာ ၂၈၆ ၊ ပုစ္ဆာအမှတ် ၄၂၈ကို မှာ ၊ “ငွေယားလည်းသတ် ၊ ဘူမိရတ် ၊ အတတ်ဘယ်ဗေဒင်ထွက်နည်း။” ဆိုတဲ့ ပုစ္ဆာပါတယ် အဲဒီပုစ္ဆာအတိုင်း မြေးကိုပြောပြမယ် ၊ အထဗ္ဗဏ ဗေဒင်ကျမ်းကို ပြုစုတော်မူတဲ့ ရသေ့ဆရာ ကြီးများဟာ သူ့တို့ပြုစုတဲ့ကျမ်းစာတွေကို နောင်လူတွေ အပူအပင်ကင်းကင်းနဲ့ သင်ယူနိုင် အောင် ၊ သီလရှိတဲ့လူတွေ ကောင်းမှုပြုနိုင်အောင်ဆိုပြီး သူတို့ပြုစုခဲ့တဲ့ ကျမ်းစာတွေထဲမှာ ပါတဲ့ ငွေလုပ်နည်းသွန်းနည်းတွေအတိုင်း ငွေတွေသွန်းလုပ်ပေးခဲ့ကြတယ်။

 နောင်လူတွေ ဟာပညာလဲတတ် ၊ ဥစ္စာလဲရတဲ့အခါ သူတို့ရဲ့ကျေးဇူးရှင်ဟာ ဘယ်သူလဲဆိုတာ သိရ အောင်ကိုယ်ပိုင်အမှတ်အသား လေးတွေထားခဲ့တယ်ကွဲ့ အဲဒီထဲက ခေါင်းဆောင်ရသေ့ကြီး ဘွဲ့နာမည်က သာသန တဲ့ သူသွန်းခဲ့တဲ့ငွေတွေက ကျောဘက်နဲ့ဝမ်းဘက် တစ်ခုခုမှာ “ဃ”အက္ခရာ “လ”အက္ခရာ “က”အက္ခရာ တစ်ခုခုပါတယ် ၊ သူငွေတွေက ကိုင်တာနဲ့ ယား တယ် ၊ တဗ္ဗရသေ့ကြီးငွေကတော့ တံဆိပ်လိုလိုဘုလေးတွေပါတယ် ၊ နာဂီသက္ခ ရသေ့ကြီး သွန်းခဲ့တဲ့ငွေတွေကျပြန်တော့ “သ”အက္ခရာ၃ခုပါတယ်ကွယ် ၊ သုဇနရသေ့ကြီးငွေကတော့ “က”အက္ခရာပါတယ် ၊ စိတြရသေ့ကြီးငွေတွေကတော့ ဂဠုန်တံဆိပ်နဲ့ ၊ အဋ္ဌနံရသေ့ကြီးငွေ တွေကတော့ တံဆိပ်မပါဘူး လေးထောင့်ပုံ အချောင်းတွေ အမြောင်တွေကွဲ့ ဒီရသေ့ကြီး အထိ ငွေတွေကတော့ ကိုင်တာနဲ့ယားနဲ့ ငွေယားအမျိုးအစားတွေကွဲ့၊ သူ့ရေးခဲ့တဲ့ ဗေဒင်ကျမ်းထဲက ဖြေနည်းကိုမသိရင် ကိုင်တာနဲ့ယားတာဘဲ ၊ သိတဲ့လူကတော့ သုံးရုံဘဲ ပြဿနာမရှိဘူးကွယ် ။

နောက်ရသေ့ကြီးကတော့ ကောက္ကစိန္ဒရသေ့ကွယ် စန္ဒရီရုပ်ပါတယ် ၊ နောက်တစ်ပါးက တိစိ တ္တသွာသု ရသေ့တဲ့ သူကတော့ ငွေတွေမကဘူး ရွှေတွေလဲသွန်းခဲ့သေးတယ် ၊ အဂ္ဂိရတ် ပညာရပ်မှာပါတဲ့ ရွှေဖမ်းနည်းဟာ ဒီရသေ့ကြီးစီရင်ခဲ့တာ ၊ တံဆိပ်အမှတ်အသားမပါဘူး ကျောက်ဆည်မြို့နားက ကျောက်သေတ္တာဘုရားမှာ ကျောက်သေတ္တာနဲ့ထားခဲ့ ရွှေထည် ငွေထည်တွေဟာ သူ့သွန်းခဲ့တာပေါ့ကွယ် ၊ သူကတော့ငွေယား အမျိုးအစားမဟုတ်ဘူး သစ္စာယားခေါ်တယ် ၊ ငှားသုံးလို့ရတယ် ကတိအတိုင်း ပြန်လာမထားရင်တော့ ယားတယ် ဗျာ ၊ သူထားခဲ့တဲ့ကျမ်းစာကို သင်ယူတတ်မြောက်တဲ့ လူတွေက နည်းသိပြီး ယူသုံးရင်တော့ ရတယ်လို့ဆိုတယ်ကွယ်။

 နောက်တစ်ပါးက သံသာဝိသုရသေ့ သူ့ရဲ့ငွေတွေ မှာတော့ “၀”အက္ခရာပါတယ် ၊ တက္က ရသေ့ကြီးရဲ့ငွေကတော့ အမဲရောင် ဒါမှမဟုတ်ရင် မဲညစ်ညစ်တွေ ၊ ကတ္တိရသေ့ ကြီးရဲ့ငွေတွေကတော့ အ၀ိုင်းတွေဆိုရင် “ဠ”အက္ခရာ နှစ်ချက်ပါတယ် ၊ တြိဂံ စတုဂံ ပုံတွေဆိုရင်တော့ “၀”အက္ခရာနဲ့လေ ၊ ယသိန္ဒရသေ့ကြီးရဲ့ ငွေတွေကတော့ “ပ၊ဖ”တခုခုပါတတ်တယ် ၊ ဂန္ဓရီရသေ့ကြီး စီရင်ခဲ့တဲ့ ငွေတွေကတော့ “၀” အက္ခရာပါတယ်ကွဲ့ ၊ အ၀ိုင်းတွေလို့ဆိုတယ် အလေးချိန် ၅၀ကျပ်သားရှိတယ်လို့ ဆိုတယ်ကွယ် ၊ ကောကာလိက ရသေ့ကြီးကတော့ စန္ဒရီပုံပါတဲ့ ငွေချောင်းတွေကိုသွန်းခဲ့တယ်လို့ ဆိုတယ်ကွဲ့။

 ငွေယားဟာ ကိုင်ရင်ယားတယ် ၊ သုံးရင်သေတယ် ၊ သစ္စာယားက ပြန်မထား ရင်သေတတ်တယ် ၊ ယားတတ်တယ် ၊ ဆေးယားကတော့ သုံးရင်ယားတယ် ၊ အင်းယား တို့ ဘာတို့ကတော့ကွယ် အဘိုးမသိပါဘူး ၊ မှတ်ထားဖူးတာလဲ မရှိခဲ့ဘူးကွယ် ၊ ဘိုးဘိုးတစ်ယောက်ထဲမသိတာမဟုတ်ဘူး ဘိုးဘိုးဆရာလဲ အဲဒါကိုမသိဘူး ၊ ဘိုးဘိုးဆရာရဲ့ ဆရာက အင်းယားကြောင့် သွေးအန်သေသွားတာလို့ ဆရာပြောခဲ့တယ်ကွယ် ။

ဒါဆိုသိုက်ထဲကို ဒီငွေတွေ ဘာလို့ရောက်နေသလဲ ဘိုးဘိုး၊ အိုဒါကတော့ကွယ် သိုက်ဆိုတာ ဘုရားပစ္စည်းစောင့်တဲ့လူ ရှိသလို ၊ မသူတော်တွေယူသုံးမှာ စိုးလို့ စောင့်တဲ့ သိုက်လဲ ရှိဟန်တူပါရဲ့ ဘိုးဘိုးတို့ တူးခဲ့တဲ့ သိုက်ထဲမှာ ဒီတစ်သိုက်သာ ဒီလိုငွေတွေတွေ့ခဲ့ဖူးတယ် ဘိုးဘိုး ဆရာပြောတာကတော့ ဒီငွေတွေဟာ သိုက်နန်းရှင်က လောဘကြီးပြီး တွေ့တာ တွေလိုက်ယူ သိမ်းထားတာလို့ ပြောတာဘဲ ၊ ဟုတ်လောက်တယ်ကွဲ့ သူတို့လဲလူလိုဘဲ လောဘတော့ ရှိရှာမှာပါဘဲ ၊ ဘိုးဘိုးတို့ရခဲ့တာ ဒီငွေတွေကြီးလား ဒေါင်းဒင်္ဂါးလေးဘာလေး မပါဘူးလား ၊ ပါပါသကောကွယ် ၊ ရတနာပုံ တစ်သုံးဒင်္ဂါးတွေမှ ထပ်လို့။

ငွေတွေကိုဘယ်လိုခွဲဝေကြလဲဘိုးဘိုး ၊ သိုက်ကရတဲ့ငွေတွေကို ဘိုးဘိုးတို့တည်နေတဲ့ ဘုရားနားမှာ ပုံတယ်ကွယ် ၊ ဆရာကကြည့်ပြီး သင်္ကေတပါတဲ့ ငွေတွေကို သီးသန့်စုပုံစေတယ် ၊ မပါတာတွေကတော့ အဲဒီညမှာဘဲ ဝေယူလိုက်ကြတယ် ၊ ဆရာကတော့ ညာတကုတ်လေးရယ် ၊ ကွမ်းအစ်ကြီးတစ်လုံးရယ် ၊ လင်ဗန်းရယ် ၊ နောက်တစ်ခုက အဆောင်တခုပါဘဲကွယ် တောက်တဲ့ လိုလို ၊ အိမ်မြောင်လိုလို အဆောင်တစ်ခုရယ်ကို သူယူတယ် ၊ ငွေတွေကိုတော့ ဝေပုံကျအတိုင်းယူပါတယ် ၊ ဒါပေမဲ့ဘိုးဘိုးတို့လိုသုံးတာမဟုတ်ဘူး ၊ အကုန်လှူပြစ်တာ ၊ ထူးထူး ဆန်းဆန်း ပစ္စည်းတို့ ၊ ရတနာတို့ဆိုရင်တော့ သူက၀ါသနာပါတယ် ၊ အဲလိုဟာတွေကို ဆောင်လဲ ဆောင်ထားလေ့ရှိတယ်။

ဘိုးဘိုးရဲ့ ဆရာဟာ ရခိုင်ပြည်က အန်းမှာနေတာ ၊ နာမည်အရမ်းကြီးတယ် ၊ ဘယ်လိုအစွမ်းသတ္တိတွေကြောင့်ရယ် မသိဘူး ၊ သူ့ကိုသေနတ် နဲ့ပြစ်တာ ၊ ကျည်မထွက်ဘူးကွယ် ၊ ဘိုးဘိုးတခါက အန်းကိုတာဝန်နဲ့သွားတုန်း ၊ သေနတ်နဲ့ သူ့ကိုပြစ်ခိုင်းတယ် ၊ လုံးဝကိုပြစ်လို့မရဘူး ၊ ခြောက်လုံးပြူးဆိုတာ ဆုံလည်လည်သလို လည်နေတယ် တခြောက်ခြောက်နဲ့ ၊ အဲလိုထူးဆန်းတဲ့ အဆောင်အယောင်တွေကြောင့် ဖြစ်မယ်ထင်တယ် ၊တံဆိပ်အမှတ်အသားပါ ငွေတွေကတော့ အုတ်ဖုတ်ဘို့တူးထားတဲ့ မြေကျွင်းကြီးထဲကို ထည့်ကြတယ် ၊ ပြီးတော့ ပဉ္စမုတ္တ လောင်းတယ် ကွဲ့ ၊ ဘာတုန်း ပဉ္စမုတ္တဆိုတာ ပဉ္စဆိုတာ ငါးခု ၊ မုတ္တဆိုတာက ကျင်ငယ်ရေ ၊ မစင်လို့လဲ ယူလို့ရတယ်ကွဲ့ ၊ အဘိုးတို့က ကျင်ငယ်နဲ့ အဲဒီကျွင်းထဲကို လောင်းပန်းထည့်ရတယ် ၊ ရှဲရှဲ ဆိုတဲ့အသံတွေမြည်တယ်ကွဲ့ ၊ အဲဒီအချိန်ကိုင်ရင် နူတတ်တယ် ၊ ဒါမှမဟုတ် အဖြူစွဲ သွားတယ်လို့ ဆရာကဆိုတယ်။

မိုးလင်းတော့ ဆရာက ဘိုးဘိုးတို့ကို ရွာထဲက နွားချေးတွေ ကို တောင်းနဲ့ ကျုးံယူခိုင်းတယ် ၊ ယူပြီးအဲဒီကျင်းထဲကို ထည့်ရတယ် ၊ ဘိုးဘိုးတို့ သိုက်တူးတာ လကွယ်နေ့ ၊ ဒီငွေတွေကို ပြန်ဖော်ယူတာ လဆန်း၃ရက်နေ့လို့မှတ်မှိတယ် ၊ မိုးလင်းတော့သိုက်တူးတဲ့ နေရာမှာ ဂျိုင့်ကြီးဖြစ်သွားတယ် ၊ ဘာမှတော့မထူးခြားပါဘူး ရေကန်ဟောင်းတခုလိုပါဘဲ ၊ လပြည့်နေ့ထိ ဘိုးဘိုးတို့ သင်ပေါင်းချောင်ရွာမှာ နေခဲ့ကြရတယ် စေတီတော်လေးကို မြသိန်းတန်လို့ ဘွဲ့ပေးခဲ့ပြီး ၊ သိုက်တူးလို့ ဂျိုင့်ဖြစ်သွားတဲ့ နေရာကို အုတ်ဖုတ်ဘို့မြေတူးတဲ့ ကျင်းနဲ့ စပ်ဟပ်ပေးလိုက်ပြီး လေးထောင့်သဏ္ဍာန် ရေကန်လေး လုပ်ခဲ့ ကြတယ်။

 အ၀ိုင်းတွေ ၊ အချောင်းတွေ ၊ စမူဆာလို ငွေဒင်္ဂါးတွေကိုတော့ ဆရာဟာ ဘိုင်နင်းပြီး အရည်ကျိုတယ် ၊ ၀ါးဆစ်ဗူးတွေ ကိုမြေမှာမြုတ်ပြီး အရည်ကျိုထားတဲ့ ငွေတွေကို လောင်းထည့်ပြီး တစ်ယောက်ကို စိန်ပြောင်းကျည်ခွံ့လောက်ရှိတဲ့ ငွေတုံးလေးတွေ လုပ်ပြီးယူခဲ့ကြတယ် ၊ လကွယ်နေ့ မှာစေတီတော်ကို ထီးတော်တင်ခဲ့ပြီး ၊ သိုက်မှာရှိတဲ့ မကျွတ်မလွတ်တွေကို အမျှအတန်းပေးဝေတယ် ၊ ဘိုးဘိုးတို့ ရဲ့ဝေစုထဲက သဒ္ဓါသလောက် အလှူအတန်းပြုဖို့ ဆရာကတိုက်တွန်းခဲ့တယ် ၊ နောက်လပြည့်ကျော် ၂ရက်နေ့လောက် ထင်ပါတယ် ၊ ဘိုးဘိုးတို့တွေ အဲဒီသင်ပေါင်းချောင်ရွာကျောင်းမှာ ဆရာနဲ့တကွ အလှူအတန်းလုပ်ပြီး ပြန်လာခဲ့ကြတယ်။

 နောက်ဘိုးဘိုး ရန်ကုန်ရောက် မော်လမြိုက်ရောက် ဖြစ်နေတုန်း ၊ ဆရာနဲ့တွေ့ပြီး ဆရာက ဒီစေတီတော်လေးကို မင်းတသက်ဝတ်တစ်ခုလို လုပ်ပြီးလှူဒါန်းခိုင်းတယ် ၊ အဲဒီသိုက်ကိုဘိုးဘိုးတို့နဲ့ သွားတူးခဲ့တဲ့ ရဲဘော်ရဲဘက်တွေဟာ တချို့က ဆုံးပြီး တချို့က ငွေရေးကြေးရေး ချို့တဲ့ကြတယ်လို့ ဆရာကပြောတယ်ကွယ်၊ ဒါကြောင့်ဘိုးဘိုးဟာ ဒီဘုရားလေးကို ကိုယ်တိုင်ရော လူကြုံနဲ့ရော ၊ လှူဒါန်း နေတာ ပေါ့ကွယ် ………။

 ဘိုးဘိုးဟာ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖောက်သည်ချပြီး မောလာလို့လား ၊ အတိက်ကိုပြန်သတိရလာလို့လား ၊ ကျွန်တော်မပြောတတ်ပါ ၊ ရီဝေငေးမောတဲ့ သူ့အကြည့်တွေကို ကျွန်တော်သတိထားလိုက်မှိပါတယ် ၊ ကျွန်တော်လဲ အဘိုးရဲ့ ပုံပြင်လေးတွေ နားထောင်ရင်း ၊ အိပ်ချင်ပြီဘိုးဘိုးလို့ ပြောဆိုပြီး ဘိုးဘိုးကို ကန်တော့ပြီး ကျွန်တော်အခန်းထဲကို ကျွန်တော်ပြန်လာခဲ့ပါတယ် ၊ မှတ်မှတ်ရရ ကျွန်တော် အဲဒီညက မြသိန်းတန် စေတီလေးကို မရောက်ဖူးပါဘဲနဲ့ ၊ အိပ်မက်မက်ပါတယ် ၊ နောက်၃နှစ်လောက် ကြာတော့ ၊ အဲဒီစေတီလေးဆီကို ကျွန်တော်တို့ မိသားစုအကုန်လုံး ၊ ရောက်ခဲ့ကြပါတော့ တယ် ။

စာကြွင်း
ယခုရေးခဲ့တဲ့ ဥစ္စာစောင့်နဲ့သိုက်နန်းရှင်ဟာ စိတ်ကူးယဉ်ရေးသားထားတာ မဟုတ်ပါ ၂၀၀၉ခုနှစ် အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အသက်၉၄နှစ်အရွယ် ကျွန်ုပ်ဘိုးဘိုးရဲ့ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်ပါတယ် ၊ ပြောပြတယ်ဆိုတာလဲ တခါတည်းပြောပြခဲ့တာမဟုတ်ပါ ၊ ကြုံသလိုပြောပြ ခဲ့တာသာဖြစ်ပါတယ် ၊ တခါတရံ အိပ်ယာထဲမှာ ပြောပြပါတယ် ၊ တခါတရံမှာ နေ့လည်ပိုင်းတွေဖြစ်ပြီး၊ တခါတရံမှာတော့ သူ့ကိုနှိပ်ပေးနေတဲ့ အချိန်မျိုးတွေမှာ ပြောပြခဲ့ပါတယ် ။

 ဒီမြသိန်းတန်စေတီလေး ဆိုတာကတော့ ဧရာဝတီတိုင်း ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့ ၊ သင်ပေါင်းချောင်ကျေးရွှာမှာ ၊ တည်ရှိနေပါတယ် ၊ ဒီစေတီတော် လေးကို ၊၂၀၀၆ခုနှစ်မှာ ဘိုးဘိုးခေါင်းဆောင်ပြီး ၊ ကျွန်တော်တို့မိသားစုများ ထီးတော်တင်လှူ ပူဇော်ခဲ့ကြပါတယ် ၊ အခုတော့ အဲဒီသင်ပေါင်းချောင် ၊ ကျေးရွာလေးမှာ ၊ ဘိုးဘိုးတို့ ခေတ် တုန်းကလို ဘုန်းတော်ကြီး တစ်ကျောင်းထဲမဟုတ်တော့ဘဲ ၊ နှစ်ကျောင်းဖြစ်သွားပါပြီ ၊ ဒက္ခိဏာရုံကျောင်းနဲ့ ၊ ဥတ္တရာရုံကျောင်းပါ ၊ တစ်ကျောင်းမှာ ရခိုင်ဆရာတော်တွေ သီတင်းသုံးတော်မူပြီး ၊ ဘိုးဘိုးတို့သိုက်တူးတုန်းက ရှိခဲ့တဲ့ ကျောင်းကတော့ အခုအခါ ဥတ္တရာရုံလို့ခေါ်ပါတယ် ၊

ဘိုးဘိုးတို့ခေတ်က ဆရာတော်ရဲ့တပည့်လို့သိရပါတယ် ၊ ယခု လက်ရှိဆရာတော်ကတော့ ဗမာဆရာတော်ဖြစ်ပါတယ် ၊ ကျွန်တော် မှတ်မှိသလောက် အနီးအနားဝန်းကျင် ရွာများကတော့ ၊ ကုန်းတန်းကလေးကျေးရွှာ ၊ ၆နံပါတ်ကျေးရွှာ ၊ လေးကုန်းကျေးရွှာဆိုပြီး အစဉ်လိုက်တည်ရှိပါတယ် ၊ အဲဒီလေးကုန်း ကျေးရွာထဲမှာပင် ၊ ဂျပန် ခေတ်က တည်ဆောက်ခဲ့တဲ့ တန်တရာ ဆန်စက်ကြီးရှိပါတယ် ၊ နံပါတ်ကတော့ ၆၁၉ ပါတဲ့ ၊ ရွာတွေအားလုံးဟာ ၊ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်ကြီး တစ်ခုဖြစ်တဲ့ ၊ တိုးမြစ်၏ ကမ်းနဖူး တွင်တည်ရှိနေပြီး ၊ နွေအခါသမယမှာ အလွန်ပျော်ဖွယ်ရာကောင်းပြီး ၊ စပါးပင်နံလေး တသင်းသင်းရယ်နဲ့ရယ်ပါ ၊

စာဖတ်ပရိတ်သတ်ထဲက တစုံတစ်ယောက်ဟာ ၊ ထိုထိုရွာကလေးကို ရောက်ခဲ့မယ်ဆိုရင်ဖြင့် ၊ ဥစ္စာစောင့်နဲ့ သိုက်နန်းရှင်အဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တဲ့နေရာလေးဖြစ်တဲ့ ၊ မြသိန်းတန်စေတီနှင့် ၄င်းနဲ့ကပ်ရပ်က အလျားပေ၆၀ကျော် ၊ အနံ ၃၀ပေလောက်ရှိတဲ့ ရေကန်သာလေးကိုပါ ကြည့်ရှုခဲ့ပြီး ၊ ကျွန်တော်တို့မိသားစုရဲ့ ကုသိုလ်လေးကို အနုမောဒနာပြုပေးပါအုံးလို့ ပြောကြားရင်းနဲ့ ၊ ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတဲ့ ပိုစ့်လေးကို နိဂုံးကမ္ပတ်အဆုံးသတ်ပါရစေ ၊ အားလုံးရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ၊ မင်္ဂလာပါခင်မျာ..။

ကျွန်တော်ရေးခဲ့တာ တော်တော်ကြာသွားပါပြီး ၊ စာဖတ်သူတို့ကိုညှင်းဆဲလိုလို့မဟုတ်ပါ ၊ မှတ်ထားတဲ့ စာအုပ်ဟာ အိမ်မှာကျန်ရစ်နေခဲ့လို့ပါ ၊ မှတ်စုစာအုပ်ကို DHLနဲ့ပို့ခိုင်းရပါ တယ်၊ကုန်ကျငွေဟာ ၆၅ဒေါ်လာဖြစ်ပါတယ် ၊ ကျွန်တော်၉တန်းကျောင်းသားလောက် ကတည်းက ရေးမှတ်ထား တဲ့ ဇာမဏီလို့ခေါ်တဲ့ ရုံးသုံးစာအုပ် လေးအုပ်ကို တအုပ်ထဲ ပေါင်းချုပ်ထားတဲ့ ၊ မှတ်စုစာအုပ်ကြီးပါ ၊ မှတ်ထားတဲ့အကြောင်းအရာတွေ များသမို့ ၊ ကောင်းတာလေးတွေကို ၊ ဘလော့မှာ ရေးတင်ရမယ်လို့ ၊ မဒမ်ငွေက ဆုံးဖြတ်ပါတယ် ၊ မဒမ်ငွေရဲ့ သြဇာအာဏာကို လုံးဝလုံးဝ မလွန်ဆန်နိုင်တဲ့ သနားစရာအလွန်ကောင်းသည့် မစ္စတာငွေလမင်းရဲ့ အရူးလွယ်အိတ်ပမာ ၊ ရေးချွတ်မှတ်သားထားသည့် ၊ စာတိုပေစတချို့ ကိုလဲ လာရောက်မျက်စိဒုက္ခခံကြပါအုံးလို့ ၊ အဘိယာစက ပြုလိုက်ပါရစေလားခင်မျာ ..။