Wednesday, November 17, 2010

ဥစ္စာစောင့်နှင့် သိုက်နန်းရှင် ဇာတ်သိမ်းပိုင်း

ထိုင်းလေယာဉ်ကွင်းထဲမှ အယုဒ္ဓယ နဂါးသိုက်နန်း ပုံ


ဘိုးဘိုး သိုက်ကရလာတာတွေ ဘယ်လိုခွဲဝေယူတုန်း ဘိုးဘိုးကဘာရတုန်း ၊ အင်းဟုတ် သားနော် ၊ စကားတွေချော်နေတာ ဘိုးဘိုးက ငွေဒင်္ဂါးပြားရတယ် ၊ တစ်ယောက်ကို နှစ်ပိဿာလောက် ရှိမယ်ထင်ပါတယ် ၊ ဘိုးဘိုးဆရာက တန်းခွဲပေးတာလား၊ ဘယ်က သာကွယ် ၊ သိုက်တူးလို့ရရင် တန်းပြီး ယူလို့မရပါဘူး ၊ အစီအမံတွေကို လုပ်ရသေးတယ် ကွဲ့ ၊ ငွေယားတို့ ဆေးယားတို့ ဆိုတာတွေရှိသေးတယ်။

 ငွေယားဆိုတာက အဲဒီငွေတွေ ဒါမှမဟုတ် ပစ္စည်းတွေကို ကိုင်လိုက်တာနဲ့ ယားတာဘဲ ၊ တချို့ကျတော့ ကိုင်ရုံနဲ့ မယားဘူး သုံးမှယားတယ် ၊ ပြောရရင်ရှည်တော့မယ်ကွယ့် ဒီလိုကွယ် ဗေဒင်လေးပုံဆိုတာ မြေးကြားဖူးသလား ၊ ကြားဖူးတာပေါ့ တိတိကျကျတော့မသိဘူး ၊ အင်း ဗေဒင်လေးပုံတဲ့ သာမ ၊ ယဇု ၊ ဣရု ၊ အထဗ္ဗဏ ၊ ဆိုတဲ့ ဗေဒင်လေးပုံ ရှိတယ် ၊ အဲဒီဗေဒင်ပညာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ရသေ့တွေကွယ့် အိန္ဒိယနိုင်ငံ ဟိမ၀န္တာ တောင်တန်းမှာ နေထိုင်ကြတဲ့ ဟင်ဒီဝါဒီ ရသေ့ကြီးတွေဘဲ ၊ သူတို့တွေဟာ ဘယ်ခုနှစ်လောက်က တည်းက ဗေဒင်ပညာရပ်တွေကို တ်ီထွင်ခဲ့တယ်ဆိုတာ တိတိကျကျ ယခုတိုင်ပညာရှင် တွေမသိရသေးဘူး ဗုဒ္ဓဘုရားမပွင့်ပေါ်မှီကတည်းက ရှိခဲ့တယ်ဆိုတာ ပိဋကတော်မြန်မာ ပြန်တွေမှာတွေ့ဖူးတယ်။

အလောင်းတော်မွေးတော့ တောထွက်ပြီး ဘုရားဖြစ်မယ်လို့ ဟောခဲ့တဲ့ ကောဏ္ဍည ရဲ့အနွယ်တွေဖြစ်တဲ့ ကောဏ္ဍညပုဏ်ဏား အနွယ်တွေဟာ ဗေဒင် ပညာကို ဆုံးခမ်းတိုင်အောင်သင်ယူခဲ့တဲ့ အနွယ်တော်တွေလို့ သက္ကဘာသာနဲ့ရေးထားတဲ့ ကရာဇိသျှာမူနတီး (နပ်ပတ်တီးဗေဒင်ကျမ်း)အဖွင့်မှာရေးထားတယ် ၊ ယခုတိုင်လဲ အဲဒီ အနွယ်တော်တွေဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်နဲ့ ၊ ပန်ဂျပ်ပြည်နယ်တွေမှာ ကျန်ရှိနေ သေးတယ်လို့ ဆိုတယ်ကွယ် ၊ မိတ်ဆွေတစ်ယောက် ပြောတာကတော့ အခုတော့ ကောဏ္ဍညအနွယ်တွေဟာ နတ်ဆရာအဖြစ်အသက်မွေး နေတယ်လို့ ပြောတာပါဘဲ ။

 ဘိုးဘိုး ငွေယားလေ ဘယ်လိုဖြစ်တာတုန်း၊ အေးပါကွယ် ငွေယားပါဘဲ ပြောပါ့မယ် ရေးမှာ သာလိုက်ရေးထားပါ ၊ ဗေဒင်ကျမ်းလေးဆောင်ကို ပြုစုတဲ့ ရသေ့တွေဟာ စုစုပေါင်း ရှစ်သောင်းရှိတယ်လို့ ဆိုတယ်ကွယ် ၊ သာမဆိုတဲ့ကျမ်းမှာ တောတောင်ရေမြေတို့ရဲ့ နိ မိတ်လက္ခဏာတွေတဲ့ ၊ ယဇု ဆိုတဲ့ကျမ်းမှတော့ ဘဂ၀ါဂီတကျမ်းတွေတဲ့ တောတွေ တောင်တွေကိုစောင့်တဲ့ နတ်တွေကို ပူဇော်ပုံပူဇော်နည်းတွေရေးထားတယ် ဆိုတယ် ၊ ဣရု ကျမ်းဆိုတာကတော့ အမျိုးမျိုးပြောကြပါတယ်ကွယ် ၊ သခင်ဘသောင်းရဲ့ ဘာသာကြီး လေးခု အနှစ်သာရမှာ ရေးထားတဲ့အတိုင်းဆိုရင်တော့ သူဟာလဲ ယဇ်နတ်ပူဇော်ဖို့ ရေး စပ်သီကုံးထားတဲ့ ကဗျာကျမ်းတစ်မျိုးဆိုပါတော့။

 အထဗ္ဗဏဆိုတဲ့ ဗေဒင်ကျမ်းကတော့ အရမ်းစုံတဲ့ ကျမ်းပေါ့ ဗေဒင်ပညာ ၊ ဝေဒင်ပညာ ၊ စုန်းအတတ် ၊ ကဝေအတတ် ၊ အဂ္ဂိရက် အတတ် ၊ နေကြတ် ၊ လကြတ် ၊ နက္ခတ်ကြတ် ၊ နေသွား၊ လသွား၊ နက္ခတ်သွား အင်း ၊ အိုင်၊ ခလှဲ့ ၊ လက်ဖွဲ့ ၊ အဆောင် ၊ ယတြာ ၊ ကာယသိဒ္ဓိ ၊ ပီယသဒ္ဓိ ၊ ရာဇသျှို ၊ ဣတ္ထိသျှို ၊ပီယသျှို ၊စတဲ့အတက်ပညာတွေ အသားလှုတ်ကျမ်း ၊ အိမ်မက်တိတ္ထုံ ၊ ချတောင်ဘို့ ၊ ပျားစွဲ ၊လင်းတနား ၊ စသဖြင် စသဖြင့် ကောင်းကျိုးဆိုးကျိုးတွေကို ဟောတဲ့ ကျမ်းတဲ့ ၊ ဘိုးဘိုး ဗေဒင်နဲ့ဝေဒင်ဆိုတာ မတူဘူးလား၊ မတူပါဘူးကွဲ့။

ဝေဒင်ပညာဆိုတာ ဗေဒင်နဲ့မတူဘူး သူကအိန္ဒိယက လာတဲ့ပညာပါ ၊ နေနဲ့လရဲ့သွားလာပုံကို ကြည့်ပြီး ဇာတာပုံချပြီး ဟောတာကွယ် ဒီနေရာမှာ ဟောပုံက မတူဘူး တချို့ကနေသွား တဲ့လမ်းကြောင်းကို ကြည့်ပြီးဟောတာကို စန်းအဟောလို့ခေါ်တယ် လသွားတာ ကိုကြည့်ပြီး ဟောတာကိုတော့ လာဘ်အဟောတဲ့ ဒါကြောင့်ဇာတာပုံတွေမှာလာဘ် ဆိုတာလေး ပါတာ အိန္ဒိယမှာ ယနေ့တိုင် ဒီပညာတွေထွန်းကားနေတုန်းဘဲ သူတို့ကတော့ နေသွားတာကိုကြည့်ဟောတယ် စန်းအဟောပေါ့ကွယ် ဘယ်လိုဘဲ ဟောဟော နှစ်ခုလုံးကို ဝေဒင်ပညာခေါ်ပါတယ် ၊ ဗေဒင်ပညာဆိုတာက မြန်မာဖြစ်ပါ၊ မွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စား ၈နဲ့စား ပေါင်းမြောက် စသဖြင့်ကြည့်ရှုသုံးသပ် ဟောတာကို ဗေဒင်ပညာကွယ့် ။

အဲဒီဗေဒင်လေးပုံမှာ အထဗ္ဗဗေဒင်ကျမ်းဟာ အင်မတန်ကျယ်ဝန်းတယ် ၊ ကျမ်းစာပြုစုမဲ့ ရသေ့ရှစ်သောင်းထဲက လောကီအတတ်ပေါင်းစုံကို တတ်မြောက်တဲ့ လက်ရွေးစင် ရသေ့ ကြီး ၁၈ပါးကို ရွှေးထုတ်ပြီး အခုပြောမဲ့ အထဗ္ဗဏ ဗေဒင်ကျမ်းကိုရေးခဲ့တာဘဲကွယ် ၊ အဲဒီ ရသေ့ကြီးတွေဟာ သူတို့ရေးတဲ့ ကျမ်းစာတွေထဲက အတိုင်းဟုတ်မဟုတ် ဖြစ်မဖြစ်ကို စမ်း စစ်တဲ့အနေနဲ့ ငွေတွေသွန်းလုပ်ခဲ့ကြတယ်။

 နောင်လူတွေ ဒီပညာရပ်တွေကို လေ့လာ လိုက်စားတဲ့လူတွေ ဒီပညာရပ်တွေကို ကုန်အောင်သင်ယူနိုင်စေဖို့ ၊ အကျင့်သီလကောင်း ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်စေဖို့ ၊ စတဲ့စတဲ့ အကြောင်းတွေကို ကြည့်ပြီးတော့ ကိုင်ရင်ယားတဲ့ ငွေယားတွေ ၊ သုံးရင်ယားတဲ့ နတ်ယားတွေ ၊ ယူသုံးပြီး ပြန်မထားရင် ယားတဲ့ သစ္စာယားတွေ ၊ နောက်တစ်ခုအတတ်ပညာတွေနဲ့ ဆိုင်တဲ့ အင်းယားဆိုတာ လဲရှိသေးတယ် အဲလိုဟာတွေကို ဖန်တီးထားခဲ့တယ် ၊ အဲဒါတွေကိုနိုင်နင်းတဲ့ ဖြေဆေး နည်းတွေကိုလဲ အထဗ္ဗဗေဒင်ကျမ်းမှာ အကုန်ထည့်ရေးထားခဲ့တယ် ၊ သဘောကတော့ ဒီပညာတွေကို မတတ်ဘဲ ၊ ဒီပစ္စည်းတွေကိုသုံးလို့မရဘူးလို့ပြောခဲ့ချင်တာနေမှာပေါ့။

 ဘိုးဘိုး သစ္စာယားဆိုတာက ခေတ္တယူသုံးလို့ရတယ်ပေါ့ ၊ အေးလေ ယူသုံးလို့ရတယ် ယူ သုံးပြီး ပြန်မထားမှ ယားတာ ၊ တခါမှမကြားဖူးပါဘူးဘိုးဘိုးကလဲ  ရှိလို့လား ရှိတာပေါ့ကွယ် ၊ မင်းကသာမကြားဖူးတာပါကွယ် ၊ မြန်မာပြည်မှာ အဲလိုရွှေထည်ငွေထည်တွေကို ငှားပြီး သုံးလို့ ရတဲ့နေရာ ဘိုးဘိုးသိခဲ့တာတွေကို လေးနေရာလောက်ရှိတယ် ၊ အထင်ရှားဆုံးက ကျောက်ဆည်မြို့က ကျောက်သေတ္တာဘုရားဟာ အထင်ရှားဆုံးပေါ့ ၊ အဲဒီဘုရားမှာ ခုတိုင် ကျောက်သေတ္တာကြီးရှိသေးတယ် ဟိုတုန်းက အဲဒီအထဲမှာ ရွှေထည်ပစ္စည်းတွေ အားကြီးရော။

 လူတွေက ရှင်ပြုမယ် ရဟန်းခံမယ်ဆိုရင် အဲဒီသေတ္တာကြီးထဲဟာ ရတနာပစ္စည်းတွေကို ငှားရမ်းပြီး ရှင်လောင်းတွေ ပဉ္ဇင်းလောင်းတွေကို ဆင်ပေးကြတယ် ၊ ပြီးတော့ ပြန်ထားတယ် ဘာမှမဖြစ်ပါဘူး ၊ နောက်ပိုင်းတော့ လူတွေက ယုတ်မာပြီး အချောင်လိုချင်လာတော့ ပြန်မထားကြ အဲလိုနဲ့ အဲဒီသေတ္တာကြီးမှာ ဘာမှမရှိတော့တာ ၊ ဒါဆိုယူသွားတဲ့လူတွေက အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ဟာတွေကိုတတ်လို့ ယူနိုင်တာပေါ့ အင်းဖြစ်နိုင်တာပေါ့ကွယ် ။ မတတ်ဘဲနဲ့ ခိုးယူသွားပြီး အသေခံတဲ့လူမိုက်တွေလဲ ရှိမှာပေါ့ ။

ဒါနဲ့ဘိုးဘိုးတို့သိုက်ထဲက ရလာတဲ့ ဥစ္စာတွေနဲ့ ဒီအထဗ္ဗဏဗေဒင်ကျမ်းကို ပြုစုခဲ့တဲ့ ရသေ့ကြီး တွေနဲ့က ဘယ်လိုဆက်စပ်တာတုန်း အင်း မင်းကိုဘိုးဘိုးပြောဖူးတယ်လေ ၊ ငွေဒင်္ဂါးတွေရခဲ့ တယ်ဆိုတာ ၊ ရတနာပုံ ဒေါင်းဒင်္ဂါးတွေမဟုတ်ဘူးကွဲ့ ၊ ဘိုးဘိုးတို့ရခဲ့တဲ့ ငွေဒင်္ဂါးပြားတွေက အကြီးကြီးတွေကွ ဘယ်လောက်ကြီးလဲဆိုရင် တချို့အပြားတွေက သူငယ်တော်အက ကတဲ့အခါ  သူငယ်တော် မင်းသားလေး လည်ပင်းမှာဆွဲထားတဲ့ အပြားလောက်ကိုရှိတယ် ၊ တချို့က ဒင်္ဂါးလို့သာ ပြောတာအ၀ိုင်းမဟုတ်ဘူး ၊ လေးထောင့်တွေ ၊ သုံးထောင့်ချွန်တွေ ဒါတွေကို သိုက်အပြင်ကို ရောက်တော့ဆရာက စုပုံစေတယ် ၊ ဘိုးဘိုးတို့သယ်လာတဲ့ အိတ်၁၉လုံးကို သွန်လိုက်တာ အပုံကခါးလောက်ကို ရှိတယ်။

 ပြီးတော့ ဆရာဟာ ဘိုးဘိုးတို့ကိုပြောတယ် ၊ ဒါဟာ ခုနက ရသေ့ကြီးတွေရဲ့ပစ္စည်းတွေတဲ့ ၊ ဒင်္ဂါးတွေမှာ တချို့က စန္ဒရီရုပ်ပါတယ် ၊ တချို့က မြန်မာ စာအက္ခရာတွေထဲက “သ”လိုလို “တ”လိုလို“ဟ”လိုလိုပါတယ် ၊ ဒါကြောင့်ဆရာဟာ ဒီငွေတွေဟာ သုံးလို့မရသေးဘူးလို့ဆိုတယ် ၊ ဒီငွေသားတွေဟာ ရှေးရသေ့တွေစီရင်ထားလို့မို့ ၊ ငွေမှာစောင့်တဲ့ အစောင့်သီးသန့် ရှိသေးတယ်တဲ့ ၊ အဲငွေတွေဟာ သုံးရင်ယားတဲ့ ဆေးယားတွေတဲ့ ၊ ဒါကြောင့်ဖြေ ဆေး လိုတယ်လို့ဆိုတယ်ကွယ် ၊ ဒါဆိုဒင်္ဂါးပြားတွေက တစ်ယောက်ထဲ သွန်းထားတာမဟုတ်ဘူး ပေါ့ ၊ အင်းပေါ့ ရသေ့ဆရာကြီးတွေ ၁၈ပါး စီရင်ခဲ့တာ ၊ သူတို့ရဲ့မူပိုင်သင်္ကေတတွေ ရှိတယ် ၊ အဲဒီ သင်္ကေတဆိုတာ ဆရာပြောမှဘိုးဘိုးတို့ သိရတာ ၊ ဘူမိရတ်ကျမ်းမှာပါတယ်ကွဲ့ ၊ ဘူမိရတ်ကျမ်း ဆိုတာလဲ အထဗ္ဗဏ ဗေဒင်ကျမ်းထဲက ကျမ်းငယ်တစ်စောင်ပါကွယ် ၊ အဲဒါဆို အဲဒီ၁၈ပါးလုံးကို ဘိုးဘိုးသိလား ၊ သိတာပေါ့ ပြောပြမယ်ကွယ် ။

ဘိုးဘိုမှတ်စုစာအုပ်ထဲမှာ ဒီရသေ့ကြီးတွေအကြောင်းမှတ်ထားတယ် ကျီးသဲလေးထပ်  ဆ ရာတော်ကြီးရေးခဲ့တဲ့ စွယ်စုံကျော်ထင်ပုစ္ဆာကျမ်းရဲ့ စာမျက်နှာ ၂၈၆ ၊ ပုစ္ဆာအမှတ် ၄၂၈ကို မှာ ၊ “ငွေယားလည်းသတ် ၊ ဘူမိရတ် ၊ အတတ်ဘယ်ဗေဒင်ထွက်နည်း။” ဆိုတဲ့ ပုစ္ဆာပါတယ် အဲဒီပုစ္ဆာအတိုင်း မြေးကိုပြောပြမယ် ၊ အထဗ္ဗဏ ဗေဒင်ကျမ်းကို ပြုစုတော်မူတဲ့ ရသေ့ဆရာ ကြီးများဟာ သူ့တို့ပြုစုတဲ့ကျမ်းစာတွေကို နောင်လူတွေ အပူအပင်ကင်းကင်းနဲ့ သင်ယူနိုင် အောင် ၊ သီလရှိတဲ့လူတွေ ကောင်းမှုပြုနိုင်အောင်ဆိုပြီး သူတို့ပြုစုခဲ့တဲ့ ကျမ်းစာတွေထဲမှာ ပါတဲ့ ငွေလုပ်နည်းသွန်းနည်းတွေအတိုင်း ငွေတွေသွန်းလုပ်ပေးခဲ့ကြတယ်။

 နောင်လူတွေ ဟာပညာလဲတတ် ၊ ဥစ္စာလဲရတဲ့အခါ သူတို့ရဲ့ကျေးဇူးရှင်ဟာ ဘယ်သူလဲဆိုတာ သိရ အောင်ကိုယ်ပိုင်အမှတ်အသား လေးတွေထားခဲ့တယ်ကွဲ့ အဲဒီထဲက ခေါင်းဆောင်ရသေ့ကြီး ဘွဲ့နာမည်က သာသန တဲ့ သူသွန်းခဲ့တဲ့ငွေတွေက ကျောဘက်နဲ့ဝမ်းဘက် တစ်ခုခုမှာ “ဃ”အက္ခရာ “လ”အက္ခရာ “က”အက္ခရာ တစ်ခုခုပါတယ် ၊ သူငွေတွေက ကိုင်တာနဲ့ ယား တယ် ၊ တဗ္ဗရသေ့ကြီးငွေကတော့ တံဆိပ်လိုလိုဘုလေးတွေပါတယ် ၊ နာဂီသက္ခ ရသေ့ကြီး သွန်းခဲ့တဲ့ငွေတွေကျပြန်တော့ “သ”အက္ခရာ၃ခုပါတယ်ကွယ် ၊ သုဇနရသေ့ကြီးငွေကတော့ “က”အက္ခရာပါတယ် ၊ စိတြရသေ့ကြီးငွေတွေကတော့ ဂဠုန်တံဆိပ်နဲ့ ၊ အဋ္ဌနံရသေ့ကြီးငွေ တွေကတော့ တံဆိပ်မပါဘူး လေးထောင့်ပုံ အချောင်းတွေ အမြောင်တွေကွဲ့ ဒီရသေ့ကြီး အထိ ငွေတွေကတော့ ကိုင်တာနဲ့ယားနဲ့ ငွေယားအမျိုးအစားတွေကွဲ့၊ သူ့ရေးခဲ့တဲ့ ဗေဒင်ကျမ်းထဲက ဖြေနည်းကိုမသိရင် ကိုင်တာနဲ့ယားတာဘဲ ၊ သိတဲ့လူကတော့ သုံးရုံဘဲ ပြဿနာမရှိဘူးကွယ် ။

နောက်ရသေ့ကြီးကတော့ ကောက္ကစိန္ဒရသေ့ကွယ် စန္ဒရီရုပ်ပါတယ် ၊ နောက်တစ်ပါးက တိစိ တ္တသွာသု ရသေ့တဲ့ သူကတော့ ငွေတွေမကဘူး ရွှေတွေလဲသွန်းခဲ့သေးတယ် ၊ အဂ္ဂိရတ် ပညာရပ်မှာပါတဲ့ ရွှေဖမ်းနည်းဟာ ဒီရသေ့ကြီးစီရင်ခဲ့တာ ၊ တံဆိပ်အမှတ်အသားမပါဘူး ကျောက်ဆည်မြို့နားက ကျောက်သေတ္တာဘုရားမှာ ကျောက်သေတ္တာနဲ့ထားခဲ့ ရွှေထည် ငွေထည်တွေဟာ သူ့သွန်းခဲ့တာပေါ့ကွယ် ၊ သူကတော့ငွေယား အမျိုးအစားမဟုတ်ဘူး သစ္စာယားခေါ်တယ် ၊ ငှားသုံးလို့ရတယ် ကတိအတိုင်း ပြန်လာမထားရင်တော့ ယားတယ် ဗျာ ၊ သူထားခဲ့တဲ့ကျမ်းစာကို သင်ယူတတ်မြောက်တဲ့ လူတွေက နည်းသိပြီး ယူသုံးရင်တော့ ရတယ်လို့ဆိုတယ်ကွယ်။

 နောက်တစ်ပါးက သံသာဝိသုရသေ့ သူ့ရဲ့ငွေတွေ မှာတော့ “၀”အက္ခရာပါတယ် ၊ တက္က ရသေ့ကြီးရဲ့ငွေကတော့ အမဲရောင် ဒါမှမဟုတ်ရင် မဲညစ်ညစ်တွေ ၊ ကတ္တိရသေ့ ကြီးရဲ့ငွေတွေကတော့ အ၀ိုင်းတွေဆိုရင် “ဠ”အက္ခရာ နှစ်ချက်ပါတယ် ၊ တြိဂံ စတုဂံ ပုံတွေဆိုရင်တော့ “၀”အက္ခရာနဲ့လေ ၊ ယသိန္ဒရသေ့ကြီးရဲ့ ငွေတွေကတော့ “ပ၊ဖ”တခုခုပါတတ်တယ် ၊ ဂန္ဓရီရသေ့ကြီး စီရင်ခဲ့တဲ့ ငွေတွေကတော့ “၀” အက္ခရာပါတယ်ကွဲ့ ၊ အ၀ိုင်းတွေလို့ဆိုတယ် အလေးချိန် ၅၀ကျပ်သားရှိတယ်လို့ ဆိုတယ်ကွယ် ၊ ကောကာလိက ရသေ့ကြီးကတော့ စန္ဒရီပုံပါတဲ့ ငွေချောင်းတွေကိုသွန်းခဲ့တယ်လို့ ဆိုတယ်ကွဲ့။

 ငွေယားဟာ ကိုင်ရင်ယားတယ် ၊ သုံးရင်သေတယ် ၊ သစ္စာယားက ပြန်မထား ရင်သေတတ်တယ် ၊ ယားတတ်တယ် ၊ ဆေးယားကတော့ သုံးရင်ယားတယ် ၊ အင်းယား တို့ ဘာတို့ကတော့ကွယ် အဘိုးမသိပါဘူး ၊ မှတ်ထားဖူးတာလဲ မရှိခဲ့ဘူးကွယ် ၊ ဘိုးဘိုးတစ်ယောက်ထဲမသိတာမဟုတ်ဘူး ဘိုးဘိုးဆရာလဲ အဲဒါကိုမသိဘူး ၊ ဘိုးဘိုးဆရာရဲ့ ဆရာက အင်းယားကြောင့် သွေးအန်သေသွားတာလို့ ဆရာပြောခဲ့တယ်ကွယ် ။

ဒါဆိုသိုက်ထဲကို ဒီငွေတွေ ဘာလို့ရောက်နေသလဲ ဘိုးဘိုး၊ အိုဒါကတော့ကွယ် သိုက်ဆိုတာ ဘုရားပစ္စည်းစောင့်တဲ့လူ ရှိသလို ၊ မသူတော်တွေယူသုံးမှာ စိုးလို့ စောင့်တဲ့ သိုက်လဲ ရှိဟန်တူပါရဲ့ ဘိုးဘိုးတို့ တူးခဲ့တဲ့ သိုက်ထဲမှာ ဒီတစ်သိုက်သာ ဒီလိုငွေတွေတွေ့ခဲ့ဖူးတယ် ဘိုးဘိုး ဆရာပြောတာကတော့ ဒီငွေတွေဟာ သိုက်နန်းရှင်က လောဘကြီးပြီး တွေ့တာ တွေလိုက်ယူ သိမ်းထားတာလို့ ပြောတာဘဲ ၊ ဟုတ်လောက်တယ်ကွဲ့ သူတို့လဲလူလိုဘဲ လောဘတော့ ရှိရှာမှာပါဘဲ ၊ ဘိုးဘိုးတို့ရခဲ့တာ ဒီငွေတွေကြီးလား ဒေါင်းဒင်္ဂါးလေးဘာလေး မပါဘူးလား ၊ ပါပါသကောကွယ် ၊ ရတနာပုံ တစ်သုံးဒင်္ဂါးတွေမှ ထပ်လို့။

ငွေတွေကိုဘယ်လိုခွဲဝေကြလဲဘိုးဘိုး ၊ သိုက်ကရတဲ့ငွေတွေကို ဘိုးဘိုးတို့တည်နေတဲ့ ဘုရားနားမှာ ပုံတယ်ကွယ် ၊ ဆရာကကြည့်ပြီး သင်္ကေတပါတဲ့ ငွေတွေကို သီးသန့်စုပုံစေတယ် ၊ မပါတာတွေကတော့ အဲဒီညမှာဘဲ ဝေယူလိုက်ကြတယ် ၊ ဆရာကတော့ ညာတကုတ်လေးရယ် ၊ ကွမ်းအစ်ကြီးတစ်လုံးရယ် ၊ လင်ဗန်းရယ် ၊ နောက်တစ်ခုက အဆောင်တခုပါဘဲကွယ် တောက်တဲ့ လိုလို ၊ အိမ်မြောင်လိုလို အဆောင်တစ်ခုရယ်ကို သူယူတယ် ၊ ငွေတွေကိုတော့ ဝေပုံကျအတိုင်းယူပါတယ် ၊ ဒါပေမဲ့ဘိုးဘိုးတို့လိုသုံးတာမဟုတ်ဘူး ၊ အကုန်လှူပြစ်တာ ၊ ထူးထူး ဆန်းဆန်း ပစ္စည်းတို့ ၊ ရတနာတို့ဆိုရင်တော့ သူက၀ါသနာပါတယ် ၊ အဲလိုဟာတွေကို ဆောင်လဲ ဆောင်ထားလေ့ရှိတယ်။

ဘိုးဘိုးရဲ့ ဆရာဟာ ရခိုင်ပြည်က အန်းမှာနေတာ ၊ နာမည်အရမ်းကြီးတယ် ၊ ဘယ်လိုအစွမ်းသတ္တိတွေကြောင့်ရယ် မသိဘူး ၊ သူ့ကိုသေနတ် နဲ့ပြစ်တာ ၊ ကျည်မထွက်ဘူးကွယ် ၊ ဘိုးဘိုးတခါက အန်းကိုတာဝန်နဲ့သွားတုန်း ၊ သေနတ်နဲ့ သူ့ကိုပြစ်ခိုင်းတယ် ၊ လုံးဝကိုပြစ်လို့မရဘူး ၊ ခြောက်လုံးပြူးဆိုတာ ဆုံလည်လည်သလို လည်နေတယ် တခြောက်ခြောက်နဲ့ ၊ အဲလိုထူးဆန်းတဲ့ အဆောင်အယောင်တွေကြောင့် ဖြစ်မယ်ထင်တယ် ၊တံဆိပ်အမှတ်အသားပါ ငွေတွေကတော့ အုတ်ဖုတ်ဘို့တူးထားတဲ့ မြေကျွင်းကြီးထဲကို ထည့်ကြတယ် ၊ ပြီးတော့ ပဉ္စမုတ္တ လောင်းတယ် ကွဲ့ ၊ ဘာတုန်း ပဉ္စမုတ္တဆိုတာ ပဉ္စဆိုတာ ငါးခု ၊ မုတ္တဆိုတာက ကျင်ငယ်ရေ ၊ မစင်လို့လဲ ယူလို့ရတယ်ကွဲ့ ၊ အဘိုးတို့က ကျင်ငယ်နဲ့ အဲဒီကျွင်းထဲကို လောင်းပန်းထည့်ရတယ် ၊ ရှဲရှဲ ဆိုတဲ့အသံတွေမြည်တယ်ကွဲ့ ၊ အဲဒီအချိန်ကိုင်ရင် နူတတ်တယ် ၊ ဒါမှမဟုတ် အဖြူစွဲ သွားတယ်လို့ ဆရာကဆိုတယ်။

မိုးလင်းတော့ ဆရာက ဘိုးဘိုးတို့ကို ရွာထဲက နွားချေးတွေ ကို တောင်းနဲ့ ကျုးံယူခိုင်းတယ် ၊ ယူပြီးအဲဒီကျင်းထဲကို ထည့်ရတယ် ၊ ဘိုးဘိုးတို့ သိုက်တူးတာ လကွယ်နေ့ ၊ ဒီငွေတွေကို ပြန်ဖော်ယူတာ လဆန်း၃ရက်နေ့လို့မှတ်မှိတယ် ၊ မိုးလင်းတော့သိုက်တူးတဲ့ နေရာမှာ ဂျိုင့်ကြီးဖြစ်သွားတယ် ၊ ဘာမှတော့မထူးခြားပါဘူး ရေကန်ဟောင်းတခုလိုပါဘဲ ၊ လပြည့်နေ့ထိ ဘိုးဘိုးတို့ သင်ပေါင်းချောင်ရွာမှာ နေခဲ့ကြရတယ် စေတီတော်လေးကို မြသိန်းတန်လို့ ဘွဲ့ပေးခဲ့ပြီး ၊ သိုက်တူးလို့ ဂျိုင့်ဖြစ်သွားတဲ့ နေရာကို အုတ်ဖုတ်ဘို့မြေတူးတဲ့ ကျင်းနဲ့ စပ်ဟပ်ပေးလိုက်ပြီး လေးထောင့်သဏ္ဍာန် ရေကန်လေး လုပ်ခဲ့ ကြတယ်။

 အ၀ိုင်းတွေ ၊ အချောင်းတွေ ၊ စမူဆာလို ငွေဒင်္ဂါးတွေကိုတော့ ဆရာဟာ ဘိုင်နင်းပြီး အရည်ကျိုတယ် ၊ ၀ါးဆစ်ဗူးတွေ ကိုမြေမှာမြုတ်ပြီး အရည်ကျိုထားတဲ့ ငွေတွေကို လောင်းထည့်ပြီး တစ်ယောက်ကို စိန်ပြောင်းကျည်ခွံ့လောက်ရှိတဲ့ ငွေတုံးလေးတွေ လုပ်ပြီးယူခဲ့ကြတယ် ၊ လကွယ်နေ့ မှာစေတီတော်ကို ထီးတော်တင်ခဲ့ပြီး ၊ သိုက်မှာရှိတဲ့ မကျွတ်မလွတ်တွေကို အမျှအတန်းပေးဝေတယ် ၊ ဘိုးဘိုးတို့ ရဲ့ဝေစုထဲက သဒ္ဓါသလောက် အလှူအတန်းပြုဖို့ ဆရာကတိုက်တွန်းခဲ့တယ် ၊ နောက်လပြည့်ကျော် ၂ရက်နေ့လောက် ထင်ပါတယ် ၊ ဘိုးဘိုးတို့တွေ အဲဒီသင်ပေါင်းချောင်ရွာကျောင်းမှာ ဆရာနဲ့တကွ အလှူအတန်းလုပ်ပြီး ပြန်လာခဲ့ကြတယ်။

 နောက်ဘိုးဘိုး ရန်ကုန်ရောက် မော်လမြိုက်ရောက် ဖြစ်နေတုန်း ၊ ဆရာနဲ့တွေ့ပြီး ဆရာက ဒီစေတီတော်လေးကို မင်းတသက်ဝတ်တစ်ခုလို လုပ်ပြီးလှူဒါန်းခိုင်းတယ် ၊ အဲဒီသိုက်ကိုဘိုးဘိုးတို့နဲ့ သွားတူးခဲ့တဲ့ ရဲဘော်ရဲဘက်တွေဟာ တချို့က ဆုံးပြီး တချို့က ငွေရေးကြေးရေး ချို့တဲ့ကြတယ်လို့ ဆရာကပြောတယ်ကွယ်၊ ဒါကြောင့်ဘိုးဘိုးဟာ ဒီဘုရားလေးကို ကိုယ်တိုင်ရော လူကြုံနဲ့ရော ၊ လှူဒါန်း နေတာ ပေါ့ကွယ် ………။

 ဘိုးဘိုးဟာ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖောက်သည်ချပြီး မောလာလို့လား ၊ အတိက်ကိုပြန်သတိရလာလို့လား ၊ ကျွန်တော်မပြောတတ်ပါ ၊ ရီဝေငေးမောတဲ့ သူ့အကြည့်တွေကို ကျွန်တော်သတိထားလိုက်မှိပါတယ် ၊ ကျွန်တော်လဲ အဘိုးရဲ့ ပုံပြင်လေးတွေ နားထောင်ရင်း ၊ အိပ်ချင်ပြီဘိုးဘိုးလို့ ပြောဆိုပြီး ဘိုးဘိုးကို ကန်တော့ပြီး ကျွန်တော်အခန်းထဲကို ကျွန်တော်ပြန်လာခဲ့ပါတယ် ၊ မှတ်မှတ်ရရ ကျွန်တော် အဲဒီညက မြသိန်းတန် စေတီလေးကို မရောက်ဖူးပါဘဲနဲ့ ၊ အိပ်မက်မက်ပါတယ် ၊ နောက်၃နှစ်လောက် ကြာတော့ ၊ အဲဒီစေတီလေးဆီကို ကျွန်တော်တို့ မိသားစုအကုန်လုံး ၊ ရောက်ခဲ့ကြပါတော့ တယ် ။

စာကြွင်း
ယခုရေးခဲ့တဲ့ ဥစ္စာစောင့်နဲ့သိုက်နန်းရှင်ဟာ စိတ်ကူးယဉ်ရေးသားထားတာ မဟုတ်ပါ ၂၀၀၉ခုနှစ် အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အသက်၉၄နှစ်အရွယ် ကျွန်ုပ်ဘိုးဘိုးရဲ့ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်ပါတယ် ၊ ပြောပြတယ်ဆိုတာလဲ တခါတည်းပြောပြခဲ့တာမဟုတ်ပါ ၊ ကြုံသလိုပြောပြ ခဲ့တာသာဖြစ်ပါတယ် ၊ တခါတရံ အိပ်ယာထဲမှာ ပြောပြပါတယ် ၊ တခါတရံမှာ နေ့လည်ပိုင်းတွေဖြစ်ပြီး၊ တခါတရံမှာတော့ သူ့ကိုနှိပ်ပေးနေတဲ့ အချိန်မျိုးတွေမှာ ပြောပြခဲ့ပါတယ် ။

 ဒီမြသိန်းတန်စေတီလေး ဆိုတာကတော့ ဧရာဝတီတိုင်း ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့ ၊ သင်ပေါင်းချောင်ကျေးရွှာမှာ ၊ တည်ရှိနေပါတယ် ၊ ဒီစေတီတော် လေးကို ၊၂၀၀၆ခုနှစ်မှာ ဘိုးဘိုးခေါင်းဆောင်ပြီး ၊ ကျွန်တော်တို့မိသားစုများ ထီးတော်တင်လှူ ပူဇော်ခဲ့ကြပါတယ် ၊ အခုတော့ အဲဒီသင်ပေါင်းချောင် ၊ ကျေးရွာလေးမှာ ၊ ဘိုးဘိုးတို့ ခေတ် တုန်းကလို ဘုန်းတော်ကြီး တစ်ကျောင်းထဲမဟုတ်တော့ဘဲ ၊ နှစ်ကျောင်းဖြစ်သွားပါပြီ ၊ ဒက္ခိဏာရုံကျောင်းနဲ့ ၊ ဥတ္တရာရုံကျောင်းပါ ၊ တစ်ကျောင်းမှာ ရခိုင်ဆရာတော်တွေ သီတင်းသုံးတော်မူပြီး ၊ ဘိုးဘိုးတို့သိုက်တူးတုန်းက ရှိခဲ့တဲ့ ကျောင်းကတော့ အခုအခါ ဥတ္တရာရုံလို့ခေါ်ပါတယ် ၊

ဘိုးဘိုးတို့ခေတ်က ဆရာတော်ရဲ့တပည့်လို့သိရပါတယ် ၊ ယခု လက်ရှိဆရာတော်ကတော့ ဗမာဆရာတော်ဖြစ်ပါတယ် ၊ ကျွန်တော် မှတ်မှိသလောက် အနီးအနားဝန်းကျင် ရွာများကတော့ ၊ ကုန်းတန်းကလေးကျေးရွှာ ၊ ၆နံပါတ်ကျေးရွှာ ၊ လေးကုန်းကျေးရွှာဆိုပြီး အစဉ်လိုက်တည်ရှိပါတယ် ၊ အဲဒီလေးကုန်း ကျေးရွာထဲမှာပင် ၊ ဂျပန် ခေတ်က တည်ဆောက်ခဲ့တဲ့ တန်တရာ ဆန်စက်ကြီးရှိပါတယ် ၊ နံပါတ်ကတော့ ၆၁၉ ပါတဲ့ ၊ ရွာတွေအားလုံးဟာ ၊ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်ကြီး တစ်ခုဖြစ်တဲ့ ၊ တိုးမြစ်၏ ကမ်းနဖူး တွင်တည်ရှိနေပြီး ၊ နွေအခါသမယမှာ အလွန်ပျော်ဖွယ်ရာကောင်းပြီး ၊ စပါးပင်နံလေး တသင်းသင်းရယ်နဲ့ရယ်ပါ ၊

စာဖတ်ပရိတ်သတ်ထဲက တစုံတစ်ယောက်ဟာ ၊ ထိုထိုရွာကလေးကို ရောက်ခဲ့မယ်ဆိုရင်ဖြင့် ၊ ဥစ္စာစောင့်နဲ့ သိုက်နန်းရှင်အဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တဲ့နေရာလေးဖြစ်တဲ့ ၊ မြသိန်းတန်စေတီနှင့် ၄င်းနဲ့ကပ်ရပ်က အလျားပေ၆၀ကျော် ၊ အနံ ၃၀ပေလောက်ရှိတဲ့ ရေကန်သာလေးကိုပါ ကြည့်ရှုခဲ့ပြီး ၊ ကျွန်တော်တို့မိသားစုရဲ့ ကုသိုလ်လေးကို အနုမောဒနာပြုပေးပါအုံးလို့ ပြောကြားရင်းနဲ့ ၊ ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတဲ့ ပိုစ့်လေးကို နိဂုံးကမ္ပတ်အဆုံးသတ်ပါရစေ ၊ အားလုံးရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ၊ မင်္ဂလာပါခင်မျာ..။

ကျွန်တော်ရေးခဲ့တာ တော်တော်ကြာသွားပါပြီး ၊ စာဖတ်သူတို့ကိုညှင်းဆဲလိုလို့မဟုတ်ပါ ၊ မှတ်ထားတဲ့ စာအုပ်ဟာ အိမ်မှာကျန်ရစ်နေခဲ့လို့ပါ ၊ မှတ်စုစာအုပ်ကို DHLနဲ့ပို့ခိုင်းရပါ တယ်၊ကုန်ကျငွေဟာ ၆၅ဒေါ်လာဖြစ်ပါတယ် ၊ ကျွန်တော်၉တန်းကျောင်းသားလောက် ကတည်းက ရေးမှတ်ထား တဲ့ ဇာမဏီလို့ခေါ်တဲ့ ရုံးသုံးစာအုပ် လေးအုပ်ကို တအုပ်ထဲ ပေါင်းချုပ်ထားတဲ့ ၊ မှတ်စုစာအုပ်ကြီးပါ ၊ မှတ်ထားတဲ့အကြောင်းအရာတွေ များသမို့ ၊ ကောင်းတာလေးတွေကို ၊ ဘလော့မှာ ရေးတင်ရမယ်လို့ ၊ မဒမ်ငွေက ဆုံးဖြတ်ပါတယ် ၊ မဒမ်ငွေရဲ့ သြဇာအာဏာကို လုံးဝလုံးဝ မလွန်ဆန်နိုင်တဲ့ သနားစရာအလွန်ကောင်းသည့် မစ္စတာငွေလမင်းရဲ့ အရူးလွယ်အိတ်ပမာ ၊ ရေးချွတ်မှတ်သားထားသည့် ၊ စာတိုပေစတချို့ ကိုလဲ လာရောက်မျက်စိဒုက္ခခံကြပါအုံးလို့ ၊ အဘိယာစက ပြုလိုက်ပါရစေလားခင်မျာ ..။



12 comments:

ဒေါင်းမင်း said...

အရမ်းကိုစိတ်ဝင်စားစရာလဲကောင်းတယ်။မှတ်သားစရာလဲ
တပုံကြီးမှတ်သားသွားတယ်။နောင်တစ်ချိန်အဲဒီနေရာလေး
ကိုအရောက်သွားချင်သေးတယ်။စာရေးသူလဲအခုလိုမှတ်
သားသိမ်းဆည်းပြီးယခုလိုပြန်လည်တင်ပြပေးတာအလွန်
ကျေးဇူးတင်ပါသည်။နောင်လဲမှတ်သားထားတာများကိုလဲ
ပြန်လည်တင်ပြပေးပါအုံးလို့......
ခင်မင်လေးစားစွာဖြင့်
ဒေါင်းမင်း

သောစေယျံ said...

ငွေလမင်းရေ..
ရွှေတိဂုံမှာရှိတဲ့ သိုက်နန်းအကြောင်းလေးများသိထားရင်ဆက်ရေးပြီးတင်ပေးပါလား

သဇင် said...

မြန်မာပြည်ပြန်ရောက်တဲ့အခါ ဒေးဒရဲမြို့၊သင်ပေါင်းချောင် ရွာမှာရှိတဲ့ မြသိန်းတန်စေတီကိုအရောက်သွားအုန်းမယ်။ စေတနာရှေ့ထားပြီးရေးပေးတဲ့အတွက် ကျေးဇူးကမ်ဘာပါနော်။ အခုလာမဲ့ဒီဇင်ဘာလမှာ ကျမတို့မြို့ကိုလာလည်မယ်ဆိုလို့ မစ်စတာငွေလမင်းကို မဒမ်ငွေနဲ့အတူဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ရောက်လာခဲ့ရင်လဲ ကုလားမုန့်၊တရုပ်မုန့်၊မြန်မာမုန့်တွေ အကုန်ဝယ်ကြွေးပါ့မယ်။ ထမင်းမကြိုက်ဖူးဆိုလို့ပါ။ နောက်ရေးတင်မဲ့ ပို့စ်ကိုလဲ အမြဲလာအားပေးပါ့မယ်။ နောက်ဖတ်ချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လဲ မဒမ်ငွေကို အပူကပ်ရမယ်။ မဒမ်ငွေရဲ့သြဇာအာဏာကိုလုံးဝလုံးဝမလွန်ဆန်နိုင်တဲ့ မစ်စတာငွေလမင်းမို့လို့ပါ။

သဇင် said...

သောစေယျံတောင်းဆိုထားတာကို ဒီနေရာကနေ ရာနှုန်းပြည့်ထောက်ခံလိုက်ပါတယ်။ ဟီဟိ

SHWE ZIN U said...

ငွေလမင်း ရေ (နှစ်ယောက်လုံး ကို ခေါ်တာနော်)

ဒီလို ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန်တွေကို ဖတ်ရတာ သိပ်ဝမ်းသာတာဘဲ နောက်ပြီး ဒီပိုစ့် လေး အတွက် ငွေလမင်း ရဲ့ အားထုတ်မှု့ ကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ်ဗျာ

အမ ရဲ့ ဖေဖေ ကိုလည်း ပေးဖတ်ရအုန်းမယ် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နောက်လည်း အဖိုး ပေးတဲ့ ဗဟုသုတ လေးတွေ ကို ဝေမျှပေးပါအုန်း
ဘုရားကိုလည်း ရောက်ရင် သာဓုခေါ်ပါမယ်
.

ကိုဇော် said...

ဒီလိုတွေ စိတ်ဝင်စားတဲ့ လူဆိုတော့ ကြိုက်တယ်ဗျာ။
လောဘကြောင့် မဟုတ်ပါဘူး ၊ အဲဒီလို တူးရတာတွေကို သဘောကျတာ ၊ စိတ်ဝင်စားတာ။ တူးလည်း တူးကြည့်ချင်သေးတယ်။ စာအုပ်လေးကို အိမ်ကနေ ပို့ခိုင်းတယ် ဆိုတာ ကြားတော့ ပြန်ပြီး သတိရမိတယ်။ ကျနော်လည်း ဒီလိုပါပဲ။ ကိုယ်တိုင် မှတ်တမ်းလေးတွေကို ပိုပြီးတော့ တန်ဖိုး ထားတတ်သူပါ။

မစ္စတာငွေလမင်းရဲ့ တနားစရာ မျောက်နှာလေးကို မြင်ယောင်ပြီး ဖတ်သွားပါတယ်ဗျာ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ငွေကုန်ကြေးကျခံပြီးတောင် တကူးတက မှာယူပြီး ဘလော့ပေါ်တင်ပေးတဲ့ မှတ်သားထားသူ မောင်ငွေလမင်း၊ တင်ဖို့ သြဇာပေးသူ မဒမ်ငွေလမင်း နှစ်ဦးလုံးကို ကျေးဇူး အထူးတင်ပါကြောင်း
ဒီလိုစေတနာတွေကြောင့်လည်း မသိတာသိရ၊ မကြားဖူးတာ ကြားရလို့ ဗဟုသုတတွေ ရလိုက်ပါတယ်...
စေတနာအကျိုးပေးကို လက်တွေ့ခံစားကြရပါစေ.....

JUSTICE999BURMA said...

စပါးပင်နံလေး တသင်းသင်း နဲ့  နေရာလေးကို ရောက်ချင်တယ် ..... ဘယ်ဒေါ့များမှ. :)

ရောက်ဖြစ်ခဲ့ရင်တော့ ရေကန်သာလေးကို လဲ ကြည့်ဖြစ်အောင်ကြည့်မယ်...

ဒါပေသည့် ဒါပေသည့် ရောက်ဖြစ်ရင် ရောက်ဖြစ်ရင်..... အင်း ရောက်ဖြစ်ပါ့မလားတောင်မသိ....... :)

ရွှေရတုမှတ်တမ်း said...

စိတ်ဝင်စားလို့ အစအဆုံးပြန်ဖတ်တာ..အချိန်တော်တော်ပေးလိုက်ရတယ်..
အရေးအသားက ဆရာကြီးစစ်ကိုင်းဦးဘိုးသင်းတို့စတိုင်ဖြစ်နေတယ်..စပြီးဖတ်တဲ့ ကလေးတွေ မညည်းငွေ့အောင် ဆရာကြီးရွှေဥဒေါင်းတို့လ်ု နဲနဲသွက်ပေးပါ

jess said...

ငွေလမင် ဘာသာကြီးလေးခုအနှစ်သာရများက ဦးညှိသောင်း ၁၉၇၅ ခုမှာရေးသာထုတ်ဝေသောစာအုပ်ဖြင့်ပါတယ်လို မှတ်သားရခဲ့ပါတယ်

မောင်လေး said...

ငွေယားသိုက်တစ်ခု ကျွန်တော်တို့မြို့က နန်းဦးဘုန်းကြီး
ကျောင်းမှာ အရင်ကရှိတယ်ဗျ..။အဖေတို့ငယ်ငယ်က အထိရှိတုန်း။အဖေကလေးတွေယူပြီး ဆော့နေကြတဲ့..။
အဲ..အိမ်ထိပါသွားရင်တော့ ယားပြီသာမှတ်ပေတော့တဲ့..။
ပြန်ထားမှပျောက်တယ်။နောက်တော့ သိုက်ဆရာတွေလာ
လွန်းလို့ နေရာရွေ့သားတယ်ပြောတယ်..။
ဖတ်ရတာ ဗဟုသုတတွေရတယ်ဗျိုး...။နောက်ထပ် တင်
မှာတွေကို မျှော်နေမယ်...။

မြစ်ကျိုးအင်း said...

ခြေခြေမြစ်မြစ် တိတိကျကျနဲ့မို့ တန်ဖိုးရှိလွန်းတဲ့ ပို့စ်လေးပါပဲ။ ဒီလိုဆန်းကြယ်တာတွေ နယ်လွန်ဖြစ်ရပ်တွေကို သဘောကျတယ်။
စာဖတ်သူတွေအတွက် စေတနာကို မြင်ရလို့
ကျေးဇူးတင်ပါတယ်ဗျာ။
သုတရသလေးတွေ ဆက်ရေးပါအုံး။

(မအားမလပ်လို့ ခုမှ ရောက်ဖြစ်တာ ခွင့်လွှတ်ဗျ)