Wednesday, October 6, 2010

“တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိ ပါစေသော် ”

                                ဤကား  ကိုဖြူကွက်နှင့် တူသော ခွေးတည်း

သူတို့၏ အမည်များမှာ  ကိုဖြူကွက်နှင့် ကိုငမဲ ဟူသတည်း ၊ ကိုဖြူကွက်ဆိုတာ အခုခွေးတို့ ၏သက်တမ်းအားဖြင့် ၇၀ကျော် လူ့သက်တမ်းအားဖြင့် ၈ သား မြန်မာခွေးစစ်စစ်ဖြစ်ပြီး ၊ အရောင် မှာ အဖြူနှင့် အ၀ါကွက်သဖြင့် ကိုဖြူကွက်ဟု တွင်ပါသည် ၊ ခွေးဆိုပေသိ ရဲစွမ်းသတ္တိနှင့် ပြည့်စုံ လိမ့်မည် ဟူ၍ မထင်လိုက်ပါနှင့် အင်မတန်ကြောက်တတ်သည့် ခွေးဖြစ်ပါသည် ၊ တနေ့ တာ သူ့လုပ်ငန်းမှာ မိုးလင်းရင် အိမ်က အကြီးကောင် ပိုသော ကော်ဖီနဲနဲ ၊ ကျွန်တော်ပိုသော နွားနို့ နှင့် နံပြား ကတ်ကြေးကိုက် တစ်ခုနှစ်ခု ၊ မေမေနှင့် အလတ်ကောင်၊ ပါး တို့ပိုသော မုန့်ဟင်းခါးကို အဖတ် မပါတောင် အရေနဲနဲ သူ့ဇလုံလေးထဲ ထည့်ပေးထားလျှင် သူ့ဖာသာ တမျိုးပြီး တမျိုး စားသောက်ပြီး ၊ သူ့အတွက် အထူးစီမံ ထားသော ခွေးကုတင်ပုလေးမှာ မှေးစက်ခါ  ဇိမ်ယူတတ်သလို ၊ နို့ ကော်ဖီ မုန့်ဟင်းခါး အရေ တစုံတခု လိုပါက ၊ ချောင်းပင် မဟန့်ရဲလောက် အောင် ပြာလောင်ခတ်ပြီး အမြီးယမ်းလေ့ ရှိပါတယ် ၊ “ကိုဖြူုကွက် ခင်များကို ကြည့်မ ရတော့ဘူးနော် ” လို့ ခပ်မာမာ အသံပေးလိုက်လျှင်ဖြင့် ၊ တုတ်တုတ်မျှ မလှုပ်တော့ဘဲသူ့ကု တင်ပုလေး စီပြန်သွားပြီး မျက်နှာငယ်လေးနှင့် အိပ်နေတတ်ပါသည် ။

နေ့လည်ပိုင်းတွင် လူတွေထမင်းစားတာနဲ့ စားပွဲခုံအောက်မှာ ၀င်ပြီး အီအီနှင့် သူရှိပါကြောင်း အရိုးများကို ချပေးလျှင် စားမည်ဖြစ်ကြောင်း သတင်းပို့သကဲ့ သို့ အတင်းအမြီးကို သမံတလင်းနှင့် ပုတ်ပါသည် ၊ ချကြွေးတာ မှန်သမျှ အကုန်စားပါသည် ၊ ကိုငမဲကား ထိုသို့မဟုတ်ခွေး ဣနြေ္ဓ တို့ နှင့် ပြည့်စုံ၏ ၊ မည်သည့်အခါမျှ မတောင်း သူ့ဇလုံထဲ လာထည့်မှ စားတတ်၏ စားလျှင် လဲ စည်းစနစ်ကျ၏ ကိုဖြူကွက်လို ဟိုထိုးဒီိထိုး ပွနေအောင်မစား  အောက်ခြေကနေ နခမ်းသပ်စား တတ်၏ ၊ တနေ့ကို နှစ်ကြိမ် အပြင်ထွက်ပေးရ၏ ၊ မနက်ဘက် အိမ်မှ အကြီးကောင်ကား စထွက်သည့် အချိန်မှစ၍ ကိုဖြူကွက် ခင်မျာ တအီအီနှင့် ဟိုပြေးဒီပြေး မျက်စိနောက် လောက် အောင် ဟန်ရေးပြတတ်၏ ၊ ခြံတံခါး ဖွင့်လျှင် သူ့ဖမ်းထားရပြီး ပါးနောက်ဆုံးထွက် ပြီဆိုမှ သူ့ကို လွှတ်ပေးရ၏ ၊ ကိုငမဲ ကားတုတ်တုတ်မျှ မလှုပ် ၊ “ကိုငမဲ အပြင်ကြွ” ဆိုမှ ဖြေးဖြေးလေး တစ်လှမ်း ချင်းထွက်သွားတတ်၏ ။အိမ်ကို ပြန်လျှင် ကိုငမဲ အရင်ရောက်ပြီး ၊ ဖြူကွက်ရေ လာဟ ဘာညာ သာရကာ ဆိုမှ ၊ ပြန်ဝင်လာ တတ်၏ ၊ အပြင်မှာ တွေ့လို့ လိုက်ခေါ်ပါက ငမဲရေဆိုလျှင် ပြန်လာ တတ်ပေမဲ့ ၊ ဖြူကွတ်ရေ ဟု ခေါ်လိုက်လျှင် နှစ်ဆ တိုးပြီး အရှေ့ကိုသွားတတ်၏ ။

အဲလို ခွေးဆိုးလေးကို မေမေကလွဲရင် တစ်အိမ်လုံး ဖြူကွက်ကို ချစ်ကြ၏ ၊ ဘာစားစား ဖြူကွက်ဘို့ သာအများဆုံး ပိုပိုသာသာ ကျွေးမွေး၏ ၊ ငမဲကိုတော့ ပုံမှန်လောက်သာ ကျွေးမွေးပါတယ် မေမေကတော့ ကိုငမဲကို အသဲစွဲ ချစ်ပါတယ် ၊ “နင်တို့ ဖြူကွက်က တို့အိမ်ပေါက်မဟုတ်ဘူး ကြီးမှ ရောက်တာ ၊ ဒို့ငမဲက ငယ်ငယ်ကတည်းက ဒီမှာနေတာ ငယ်မွေးခြံပေါက် စည်းကမ်းလဲ ရှိတယ်လို့” ငမဲဘက်က ရပ်တည်ပြီး အမြဲပြောတတ်သလို ၊ သူ့စားသမျှကိုလဲ ငမဲကိုသာ ကျွေးမွေး တတ်ပါတယ် ၊ ထိုနှစ်ကောင်ဟာ လူတွေနဲ့ နီးလို့လား မသိပါ ၊ လူစားသမျှ အကုန်စားတတ် သောက်တတ်ပါတယ်၊ ဖရဲသီး ၊ ငှက်ပျောသီး ၊ အုန်းသီး ၊ သီးနှံစုံ စားသောက်တတ်သလို နေ့လည်စာ အပြီးနဲ့ ညစာ ကြားမှာ အချိန်တအား ကွာတာကြောင့် သူ့တို့အတွက် ဘီစကွတ်မုန့် အ၀ိုင်းလေးတွေ ၀ယ်ပေးထားရပါတယ် ၊ ညစာက ၈နာရီ ၉ နာရီလောက်မှ စားတာမို့  သူ့တို့ကို ညနေပိုင်း ဘီစကွတ် မုန့်အ၀ိုင်းလေးတွေ ကျွေးမွေးရပါတယ် ၊ ကျွေးပြီဆိုလျှင် ဖြုကွက်ဟာ အမြန်ကုန်အောင် စားပါတယ် ၊ ၀ါးတောင်မ၀ါးဘဲ မျိုချပါတယ် ၊ ငမဲကတော့ တစ်ခုခြင်း စားသောက်ပါတယ် ၊ ကိုဖြုကွက်ဟာ လောဘလဲ ကြီးပြီး မုန့်တွေကို ခြံပတ်ပတ်လည်မှာ လိုက်ဖွက်ထားပြီး ၊ အီကြာကွေ့များ ကျွေးမှိရင်တော့ ဖဲ့ပြီးစောင့် ကျွေးမှ အကုန်စားပါတယ် ၊ အချောင်းလိုက် များ ပေးလိုက်ရင်တော့ သူမစားဘဲ သွားဖွတ်ထားပြီး နောက်တစ်ခေါက် လာတောင်းပါတယ် ၊ ငမဲကား  ထိုသို့မဟုတ် ၊ အချောင်းလိုက်ပေးလိုက် ရင်သူ့ဇလုံထဲ ထည့်ပြီး သေသေချာချာ စားတတ်၏် ။

ကိုဖြူကွက် ၊ ကိုငမဲဟူသော  အမည်သညာသည် ၊ အဓိပ္ပါယ် မရှိသော ရုဠှီအမည် သညာ များမဟုတ် ၊ အဓိပ္ပါယ် ရှိသော နိမိတ္တက အနွတ္တ အမည်များဖြစ်ကြလေ ၏် ၊ ကိုဖြူကွက် ၏မိခင်တပ်ရင်း ကား ဘုန်းတော်ကြီး ကျောင်းမှ  ဖြစ်ပြီး ကိုငမဲ၏ မွေးဖွားရာ ဒေသကတော့ မရမ်းကုန်းမြို့နယ် ၊ ကန်ပတ်လမ်း ၊ ၅ ရပ်ကွက် သားတည်း ၊ ကိုဖြူကွက် ကိုရလာစဉ်က ၆လက်မ ကျော်ကျော် ပိန်သေးသေး ခွေးခလေးပေတည်း ၊ အိမ်နားက ဘုန်းတော်ကြီး ကျောင်းတော်မှ ခွေးကြီးများက နှိပ်စက်သည့်အပြင် ၊ ကျောင်းသားငယ် ခလေးများကပါ ၀ိုင်းဝန်းနှိပ်စက်သော ကြောင့် တင်ပါးမှာ အနာကြီးဖြစ်ခါ လောက်ပါတွယ်ပြီး လူကိုမြင်လျှင်တုန် နေအောင်လန့် နေတတ် လို့ ဘုန်းကြီးကျောင်းကို သွားဘောကန်ရင်း သနားလို့ အိမ်ကို ခေါ်လာရင်းက အဆင်းသဏ္ဍာန် ကို ကြည့်သော အားဖြင့် ကြောင်တို့၏ အဆင်းသဏ္ဍာန်နဲ့ ဆင်တူသဖြင့်၎င်း ၊ အဖြူတွင် အ၀ါကွက် သဖြင့်၎င်း ထိုထိုသော အကြောင်းအရာတို့ကို အစွဲပြု၍ ကိုဖြူကက်ဟု တွင်ပါ၏ ၊ အိမ်ကိုရောက် တော့ ဗုဒ္ဓဟူးနေ့ဖြစ်ပါ၏ ၊ ရောက်ကတည်းက ကျွန်တော့ခင်မျာ ပလက်စတစ် လက်အိတ်တထုပ် ၀ယ်ပြီးပြီး နေ့စဉ် အနာဖန်ဆေးခြင်း ၊ နေ့တိုင်းထည့်ပေး ရခြင်း စသောခွေးသူနာ ပြုလုပ်ငန်း ဆောင်တာ အဖြာဖြာကို တာဝန်ယူ လုပ်ဆောင်နေရသလို ၊ တစ်ဖက်ကလဲ အိမ်မှာခွေးမမွေးရ ဟူသော စည်းကမ်းများကို မသိကျိုးကျွံ့ပြု ပြီး တစ်အိမ်လုံးကို ဖားပြီး မွေးဘို့ လုပ်ရပါသေး၏ ၊။

တစ်အိမ်လုံးက ကိုဖြူကွက်ကို လက်မခံကြပါ ၊ ကိုဖြူကွက် ဘ၀သည် သနားစရာအတိ ပြီးလေ၏ ၊ ကျွန်တော့်ဘိုးဘိုးသည် ကိုဖြူကွက်ကို မေတ္တာ အမဲ့ဆုံး လူသားကြီးဖြစ်ပါ၏ ၊ “မွေးချင်ရင် အခြားခွေးကိုမွေး ဒီခွေးဟာ ကျောင်းခွေးကွယ် အင်မတန် အကျင့်တန်တတ်တယ်”လို့ အဘိုး ကနားချ ပါ၏ ။“အဘိုးရယ် မွေးပါရစေပါ ကိုဖြူကွက်ဟာ အနာကြီးနဲ့ပါ အခြား ခွေးကြီး တွေက တအားနှိပ်စက်တယ် ၊ ကျောင်းသားလေး တွေကလဲ ရိုက်တယ် ကျွန်တော်တို့မကယ်ရင် သူ့ဘ၀ဟာ သနားပါတယ်” ၊ ကယ်ပါနော်လို့ မျက်ရေလေး စမ်းစမ်းနှင့် အသနား ခံပါသော်လည်း  အဘိုးက ၊ “ဒီမှာ ငါ့မြေး အခြားခွေးဝယ်ပေးမယ် ၊ သူ့အနာ ပျောက်ရင် ကျောင်းပြန်ပို့လိုက် လို့” ဒေါသနဲ့ ပြောပါတယ် ကျွန်တော်တို့ တအိမ်လုံးမှာ ဖေဖေရဲ့ ယောက္ခမ မေမေရဲ့ ဖေဖေဟာ သြဇာအကြီးဆုံး လူသားဖြစ်ပါတယ် ၊ သူကဒါဘဲဆိုရင် ကျန်တဲ့လူတွေ ချောင်းတောင်မဟန့် ရဲပါ ၊ ကိုဖြူကကရဲ့ အနာလေးဟာ နေ့စဉ် ဂရုတစိုက် ပြုစုပေးလို့ အသားနီလေးတွေ တက်လာသလို ၊ စားကောင်းသောက်ဖွယ်လေး တွေကြောင့်လဲ ဆူဖြိုးပြီး ပုဝိုင်းဝိုင်းလေး ဖြစ်လာလို့  ချစ်ဘို့ ကောင်း လာပါတယ် ၊ သတ္တ၀ါလေးရဲ့ အနာအမြန် မကျက်ပါစေနဲ့ လို့  မွေးချင်စိတ်နဲ့ မတရားဆုတောင်း မှိပါတယ် ။

ကျွန်တော့်ဆုတောင်း မပြည့်ပါ အနာကျက်လာပြီး အိမ်မှာလဲ နေသားကျနေတဲ့ ကိုဖြူကွက် လေးကို ကျွန်တော် ကျောင်းသွားတုန်း ၊ အဘိုးက ကျောင်းကိုသွားပို့လိုက်တာကို ကျွန်တော်မ သိလိုက်ပါ  ၊ ကျောင်းကနေ ပြန်လာတော့ ၊ ထမင်းစားပြီး အရိုးတွေနဲ့ ဟင်းရေလေးတွေ ပယ်ပယ် နယ်နယ် နယ်ယူပြီး ၊ ဖြူကွက်ကို ထားတဲ့နေရာမှာ သွားကျွေးတော့ ဖြူကွက်မရှိတော့ပါ ၊ “ဘိုးဘိုး ကိုဖြူကွက်ရော ” “ အေးကျောင်းပြန်ပို့ လိုက်ပြီ” ၊ ကျွန်တော်တော်တော် တင်းသွားပါတယ် နလန် ထူစ ခွေးလေးကို နေကောင်းမှ ပြန်ပို့လဲ ရပါလျှက် ၊ လူကြီးမတန်မဲ့ သနားညှာတာရမှန်း မသိ ဇွတ်အတင်း ပြန်ပို့လို့ စိတ်ထောင်းခနဲ့ ဖြစ်ပြီး ၊ “ဘိုးဘိုးကို ဘယ်သူ့ပို့ခိုင်းလို့လဲ လူကြီးလုပ် နေပြီး ဘိုးဘိုး အိပ်ယာထဲ လာမွေးလို့လား သူဘာသာ နေတာကို စပြီးပြဿနာတွေ တက်ပါတယ်  ဘယ်သူဘာ ပြောပြော စိတ်ထဲမှာ ကိုဖြုကွက်ကို ရအောင်မွေးမယ်လို့ ဆုံးဖြတ်ပြီးပြီမို့  ၊ ခြံတခါး ဒိုင်းခနဲ မြည်အောင် ဖွင့်ပြီး ကျောင်းဘက်ကို ထွက်လာပါတော့တယ် ၊ ကျောင်းကိုရောက်တော့ ရင်ဝကို ဆောင့်ကန်လိုက် သလို ကျင်ခနဲဖြစ် သွားပါတယ် ၊ အပြင်မှာ အစားကောင်း အသောက် ကောင်း တွေနဲ့ ဆူဖြိုးလာ တဲ့ ကိုဖြူကွက်လေးကို ကျောင်းက ခွေးတွေက ကျောင်းကိုပြန်လာတာ ၊  မနှစ်သက်ကြဘူးနဲ့ တူပါတယ် ၊ “မင်းက အပြင်ကကောင် ငါတို့ ကျောင်းထဲ မလာနဲ့” ဆိုတဲ့သဘောနဲ့ ကိုဖြူကွတ်ကို အနိုင်ဝိုင်း ကျင့်ထားကြဟန် ရှိပါတယ် ၊ ကိုဖြူကွတ် ရေ လို့လိုက် ခေါ် တော့ ထင်းတုံးတွေ ကြားထဲ က အီအီနဲ့ ကျွန်တော့်အသံကို မှတ်မှိပြီး ၊ သွေးစသွေးန လေး တွေနဲ့ ကုတ်ကုတ်လေး ထွက်လာ ပါတယ် ။

ဘယ်လိုပြောရမှန်း မသိအောင်ကို သနားမှိပါတယ်  ၊ “ဖြစ်ရလေ ဖြုကွက်ရယ်” လို့တောင် မြည်တမ်းမှိ ပါတယ် ၊ ကျွန်တော် စွေ့ကနဲ ကောက်ယူလိုက်ပြီး ပါးစပ်ကနေ ပြီး“ မင်းကလဲ ဒီမှာကိုက်ရင် အိမ်ပြန်လာခဲ့ပေါ့ကွ အိမ်ကိုမင်းမသိဘူးလား ” ၊ ဆိုပြီး  ကရုဏာဒေါသ နဲ့ တင်ပါးကို လက်နဲ့ ရိုက်လိုက်မှိပါတယ် ၊ သူ့မှာ အီအီနဲ့ တကိုယ်လုံးကိုတုန်ခါ နေပါတယ် ၊ခွေးမျက် နှာငယ် တယ်ဆိုတာ သူများတွေ ပြောတုန်းက နောက်တာ ထင်ခဲ့တာပါ အခု ကိုဖြူကွက် လေးဟာ ၊ ခွေးတို့ရဲ့ မျက်နှာငယ်ခြင်း နဲ့ မျက်နှာငယ်နေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတော့တယ် ၊ လူလိုသာစကား ပြောတတ်ရင် “ကျွန်တော့ကို ကယ်ပါခင်မျာ ၊ ကျွန်တော့်ကို ဟိုကောင်တွေ ၀ိုင်းလုပ်ပါတယ် ၊ အင်အားမမျှလို့ ကျွန်တော်ပုန်းနေ ရပါတယ် ကယ်ပါ ကယ်ပါလို့ ”ပြောချင်ဟန် ရှိပါတယ် ၊ ။ကဲ မင်းကို ဒီနေ့က စပြီး ငါမွေးစားမယ် ၊ မင်းသခင်ဟာ ငါဘဲလိုက်ခဲ့ ဆိုပြီး အိမ်ကို ပြန်သယ်လာခဲ့ပါတယ် ။

“ဟဲ့ကောင် လေး မင်းဒါဘာလုပ်တုန်း ပြောထားတာ နားမလည်ဘူးလား” ၊ “ဘာဖြစ်တုန်းဗျာ ဂျုန်းဂျုံကျ ကျောင်းဒကာကြီးရဲ့ (ဂျုန်းဂျုံကျ ဆိုတာ မော်လမြိုင်က ဘုန်းတော်ကြီးကျောင်းပါ အဘိုးရဲ့ မိဘတွေကနေ စပြီး ကျောင်းတည်ပြီး မေမေတို့လက်ထက် ထိ လှူဒါန်းလာတဲ့ ကျောင်းပါ) ကိုယ့်ဘာသာ ကိုယ်မွေးတာ ကျောင်းဒကာကြီး အိပ်ယာထဲ ထည့်မွေးလို့လား ဒီမှာ သတ္တ၀ါ တစ်ကောင် ဒုက္ခရောက်နေတာ မတွေ့ဘူးလား ၊ ကျောင်းတွေကြီး လွှတ်ဆောက် မနေနဲ့ ကျောင်းဒကာကြီးရဲ့ အခြေခံ မေတ္တာကရုဏာ လေးတွေ မွေးမြူကြအုံး ” ဒီအစုတ်ပလုတ် ကောင် အဘိုးကို ပြန်ပြောနေလိုက်တာ ခွေးမျိုး @@@@@@ ငါရိုက်လို့ နာအုံးမယ် ၊ ရိုက်လေ ရိုက်ရင် အိမ်ကိုမီးနဲ့ရှို့မယ် ၊ ဘာ ညာ နဲ့ ရန်အကြီးအကျယ် ဖြစ်ပြီး ၊ နောက်ဆုံး ကိုယ့်တာဝန် ကိုယ်ယူပြီး မွေးရမယ်ဆိုပြီး တရားဝင် ခွင့်ပြု ချက်ယူပြီး ကိုဖြူကွက်ကို မွေးစားလိုက်ရပါတယ် ၊ ကိုယ့်တာဝန် ကိုယ်ယူဆိုတာ ခွေးကခြံထဲမှာ မစင်စွန့်ရင် ကျုံး ၊ အစာကိုယ့်ဖာသာ ကျွေး ရေကိုယ့်ဖာသာ ကိုယ်ချိုးပေး အိပ်ယာ နေရာ ၊ အင်္ကျီ အစရှိတဲ့ ခွေးဗာဟီယ ကိစ္စအ၀၀ကို ခွေးပိုင်ရှင်က သာတာဝန်ယူရမယ်လို့ ဆိုလိုခြင်းပါတယ် ။

ကိုဖြူကွက် ကိုကုတင်ပုလေး လုပ်ပေး ၊ နို့တိုက် ထမင်းကြွေး ၊ ရေချိုးနေ့စဉ်လုပ် ပေးပါတယ် ၊ “ငါ မရှိရင် ကိုယ့်ကုတင်ပေါ်ကိုယ်နေ နော်ကိုဖြူကွက် မင်းကိုဘယ်သူကမှ ကြည်တာမဟုတ်ဘူး ငါပြန်လာမှ အပြင်ကိုသွား ၊ မစင်မစွန့်နဲ့ ခြံထဲမှာ ညနေကြမှ အပြင်မှာစွန့် ” ရေချိုးပေးတိုင်း သင်ပေးထားပါတယ် ၊ တိရိစ္ဆာန် တွေလဲ လူလိုသိပါ တယ် ၊ ကျွန်တော်ကျောင်းသွားရင် သူဟာ ကုတင်ပုလေးပေါ်က မဆင်းပါ ၊ ကိုဖြူကွက် မစင်ကို တခါမှ ကျွန်တော်မကျုံးခဲ့ဖူး ဘူးပါ ကျွန်တော်ပြန်လာ လို့ ကိုဖြူကက်ရေ ထုတ်ထိုးပါတယ်ဆိုရင် ၊ မိခင်ကိုတွေ့တဲ့ ခလေးလေးလို ခုန်ပေါက်ပြီး လာပါပြီခင်မျာလို့ မအော်ရုံတမယ် တအီအီနဲ့ လာကြိုပါတယ် ၊ ခွေးတွေဟာ အချိန်ကို သိပါတယ် ၊ ငါးနာရီထိုး လို့ကျွန်တော် အပြန်နောက်ကျရင် ကိုဖြူကွက် အိမ်မှာပြာလောင် ခတ်နေပါတယ် ၊ ဘယ်သွားပါလိမ့် ၊ နောက်ကျလိုက်တာ အဲလိုသူ့စိတ်ထဲမှာ နေမယ်ထင်တာပါဘဲ ၊ ကျွန်တော် နောက်ကျတဲ့ နေ့တွေဆိုရင် သူက ခုန်ပေါက်ပြီး ပြေးကြိုပြီး ၊ အကြာကြီး အနားကမခွာ တတ်တော့ပါ ၊ အိမ်က လူတွေက မင်းနောက်ကျလို့ ကိုဖြူကွက် အော်နေတာ လို့ပြန်ပြော ပြပါတယ် ၊  အိမ်က လူတွေ ကျွန်တော် အိမ်ပြန်နောက်ကျ တာကို ဘယ်သူမှ သတိမထား မှိပေမဲ့ ကိုဖြူကွက်က သိပါတယ်  ၊ သူတို့ သားကို ချစ်တဲ့ ကိုဖြူကွက် ကို တစတစနဲ့ တစ်အိမ်လုံး မေတ္တာသက်ဝင် လာကြပြီး မိသားစုဝင် အဖြစ် တစ်ညီတစ်ညွတ်တည်း လက်ခံ ပေးကြပါတယ် ။

နေ့စဉ် ပေါင်ချိန်စက်ပေါ်ကို ကိုဖြူကွက်ကို တင်တင်ချိန်ကြည့်  ကိုဖြူကွက်ကို ခေါ်လာတုန်းက ငါးပေါင်ခွဲ  ဘဲရှိပါတယ် တနေ့တခြား ၀လာလို့  ပျော်မှိပါတယ် ၊ အခုတော့ ကိုဖြူကွက်ဟာ တစ်အိမ်လုံးရဲ့  အချစ်တော် ခွေးကြီး ဖြစ်နေပါပြီ  သူ့ကိုယ်လုံးကို ကျွန်တော်တောင် မမနိုင်တော့ ပါ နေ့လည်ပိုင်း ပူတဲ့အခါတွေမှာ ခြံထဲဆင်းပြီး သင်ဖြူးဖျာခင်း ၊ ကိုဖြူကွက်ကို ခေါင်းအုံးပြီး စာအုပ်ဖတ် ရတဲ့အရသာဟာ အနှစ်သက်ဆုံးသော ပျော်စရာတွေထဲက တစ်ခုပါ ၊ ကိုဖြူကွတ် စာ ဖတ်မယ်ဟေ့ အော်လို့ ပြောလိုက်လျှင်ဖြင့် နောက်ကနေလိုက် လာတတ်ပြီး ၊ လက်ပုတ် ပြလိုက်ရင် ခြေပြစ် လက်ပြစ် ကျွန်တော်ကို ကျောပေးပြီး အိပ်ပါတယ် ၊ သူ့ကျောကို ခေါင်းတင်ပြီး စာဖတ် မလှုပ်မယှက် ငြိမ်ပြီး နေပေးတတ်ပါတယ် ၊ ကိုယ်တော်တွေ ဆွမ်းခံကြွလို့ လူတွေ အိပ်နေ တယ်ဆိုရင် ကိုဖြူကွက် လူနားလြာ့ပီး အီအီအီနဲ့ ( ဆွမ်းတော်ဗျို့ ကိုယ်တော်လေးကြွတယ်) လုပ်ပါတယ် ၊ ဒါဆိုရင် ဆွမ်းခံကြွတာ ကြိန်းသေပါတယ် ၊ ဘုန်းကြီးကျောင်းသား ခွေးမလို့ လားမသိပါ ၊ လူဆိုရင်တော့ ငယ်သံပါအောင် ဟောင်ပါတယ် ၊ ကိုရင်ဦးဇင်းတွေကို လုံးဝမဟောင်ပါ ။ (သုကိုရိုက်ထားတဲ့ ဘုန်းကြီးကိုတော့ တွေ့တဲ့ နေရာဟောင်ပါတယ် )

ကိုဖြူကွက်ဟာ စိတ်နာတတ်ပါ၏ ၊ သူ့ကိုငယ်စဉ်က နှိပ်စက်ထားတဲ့ ကျောင်းဘက် ကိုဘယ်တော့မှ မသွား ၊ ကျောင်းဘက်ကို ကျွန်တော်သွားရင်လဲ မလိုက်ပါ ၊ ကျောင်းထဲ ကခွေးတွေနဲ့ သူကိုရိုက်ထားတဲ့ ဦးဇင်းတပါးကို မြင်ပါက တအားဟောင်ပါ၏် ၊ ခွေးပေမဲ့ သူ့ကို မကောင်းတာ လုပ်ထားတဲ့ လူမှန်သမျှကို သူမုန်းပါ၏ ၊ ကိုဖြူကွက်  ဟာ ကြောင်နဲ့ သာတူသည် မဟုတ် ကြောင်ကဲ့သို့ ကြွက်ခုတ်နိုင် စွမ်းလဲလည်းရှိပါ၏ ၊ ကြွက်စုတ်လို့ ခေါ်တဲ့ နုတ်သီး ချွန်ကြွက် တစ်ကောင်တလေ မျက်စိလည် လမ်းမှား  အိမ်ထဲဝင်လာရင်ဖြင့် “ကိုဖြူကွက်ရေ ကယ်ပါအုံးဟ” လို့ အော်လိုက်လျှင် လက်ညိုးထိုး ပြလိုက်တဲ့ နေရာကို အနံ့ခံပြီး မှိအောင်ဖမ်း တတ်ပါ၏ ၊ကြောက်လဲ ကြောက်တတ်ပါ ၏ ၊ သစ်ရွက်လေတိုက်လို့ လှုပ်ရင်တောင်ဟောင်ပါ၏ ၊ တရံတခါ ပိုးဟပ်တကောင်လောက် နံရံမှာတက်လာလျှင် ဟောင်လို့ မဆုံးတော့ သည့်အပြင် တုန်များတောင် နေတတ်ပါသေး၏ ၊ မီးမှောင်ရင် ကုတင်ပေါ်က မဆင်းတော့ပါ ည၁၀ နာရီလောက် ကိုဖြူကွက် ကျင်ကြီးကျင်ငယ် စွန့်ဘို့ မီးဖွင့်ပေးရ ပါသေး၏ ။

 ခွေးပေမဲ့ ကျေးဇူးတရား  ကိုနားလည် တတ်ပါ၏ အိမ်ကလူတွေ ဘာကျွေးနေနေ ကျွန်တော်က ကိုဖြူကွက် လာပါအုံး ဆိုရင် သူ ကျွန်တော့်ဆီ အရင်လာပါ၏ ၊ သူ့စိတ်ထဲမှာ တစ်အိမ်လုံးမှာ ကျွန်တော့ကိုသာ သခင်ဟု မှတ်ယူထားဟန် တူပါတယ် ၊တခါက ညီကိုယ်တွေ  အပျော်သဘော စမ်းသပ်ဖူးပါ၏ အကြီးကောင် တွေကို ကျွန်တော်က ကိုဖြူကွက်ဟာ ငါ့ကိုအချစ်ဆုံးလို့ ပြောတာကို ဟို မောင်တွေက မယုံ သကာင်္ဖြစ်လို့ ငါးကြော် တစ်တုံးနဲ့ ဖြူကွက်ကို ကျွေးဟန်ပြု ခိုင်းပြီး ကျွန်တော်က ကိုဖြူကွက် “ဒီကိုလာစမ်းလို့ လှမ်းခေါ်ပါတယ်” ငါးကြော် စီသွားရနိုးနိုး ကျွန်တော်စီ လာရနိုးနိုး နဲ့ဖြစ်နေချိန်မှာ “ဖြူကွက် လာစမ်း ငါခေါ်နေတယ် လို့ ” ငေါက်လိုက် ချိန်မှာတော့  ငါးကြော်ကို လှည့်တောင် မကြည့်တော့ဘဲ ကျွန်တော့ စီကိုရောက်လာပါတယ် ခွေးဆိုပေမဲ့ ဒုက္ခရောက်တုန်း ကူညီထားတဲ့ လူနဲ့ ပြည့်စုံချိန်မှ ကျွေးမွေးတဲ့ လူကိုခွဲခြား သိတဲ့ လူသားဆန်တဲ့ ခွေးပေတကား ။

မြန်မာခွေးပေမဲ့  နာခေါင်းအရမ်းကောင်းပါတယ် ကျွန်တော်အ၀တ်အစားတွေ ဖိနပ်တွေ လွင့်ကျတာ တို့ တစ်နေရာရောက် နေတာတို့ဆိုရင် သူချီယူလာတတ်ပါတယ် ၊ ကျန်တဲ့ လူအားလုံး ပစ္စည်းဟာ သူနဲ့မပတ်သက်သလို နေပါတယ် ၊ မေမေက “လူပါးဝတဲ့ခွေး” လို့မကြာမကြာ ပြုံးပြီး ပြောတတ်ပါတယ် ၊ အစားအရမ်းကြီးပါတယ် ကိုယ်လုံးကြီးကတုတ်တုတ် ခဲခဲနဲ့ အရမ်းကိုချစ်ဘို့ ကောင်းသူပါ ၊ ကျွန်တော် နိုင်ငံခြားကို သွားတော့မယ်လို့ အထုတ်တွေ ပြင်နေချိန်မှာ ခွေးပေမဲ့ သိဟန်တူပါတယ် ၊ ဘာကျွေးကျွေး မစားတော့ပါ ၊ ကျွန်တော့်နား ကိုခါတိုင်းထက် ပိုပြီး ကပ်နေပါတယ်  ကျွန်တော် လေယာဉ်ကွင်း သွားဘို့ ကားအပြင်ထုတ် ချိန်မှာတော့ သူဟာ အူပြီးလိုက်လာပါတယ် ၊ မိသားစုတွေ အားလုံး မျက်ရေ ၀ဲရတဲ့အထိ သနားစဖွယ်လေး အူနေပါတော့တယ်  ခြံထဲလဲ ပြန်သွင်းလို့မရပါ သူ့သခင် အဝေးကြီးကို သွားတော့မယ်ဆိုတာ သူသိဟန်တူပါတယ် ၊“ခြေနှစ်ချောင်းနဲ့ နားရွတ်တို မကယ်နဲ့လို့ ”မြန်မာစကားပုံ ရှိပေမဲ့ ကိုဖြူ ကွက်ကို ကျွန်တော်ကယ် တင်ခဲ့ရလို့ ၊ တစ်ခါမှ နောင်တမရဖူးပါ ၊ တရံတခါမှာ အိမ်ကလူကြီး တွေ ကိုဖြူကွက်ကို ဟောက်ရင် ၊ ကျွန်တော်ဟာ ကိုဖြူကွက်ဘက်က ရပ်တည်ခဲ့သူပါ ၊ ဖြူကွတ်ဟာ လူသား မဟုတ်ပေမဲ့ ကျွန်တော့်ညီလေး လိုဖြစ်နေသူပါ  ။

တခါတရံ မိသားစုတွေ နဲ့ရန်ဖြစ်တဲ့ အခါ ဖြူကွက်က ကျွန်တော့်ဘက် ကနေရပ်တည် ပါတယ် ၊ ကျွန်တော် ကစိတ်ဆိုးပြီး အပြင်ထွက်လာရင် ကိုဖြူကွက်က အိမ်ဘက်ကို ခေါင်းလှည့်ပြီး ဟောင် တတ်ပါတယ် ၊ အကြီးကောင် အလတ်ကောင် တွေက ကျွန်တော့ကို လည်ပင်းညစ်ချင် ယောင် ဆောင်ပြီး သူ့ကိုစတဲ့ အခါကိုဖြူကွက်က တကယ်ကို ကိုက်တော့မဲ့ ဟန်ပန်နဲ့ မာန်ဖီတတ်ပါတယ် ၊ “ကိုဖြူကွက် ရေကယ်ပါအုံးဟ” ဆိုတဲ့ ကျွန်တော့အသံ ကိုသူ့သခင် ဒုက္ခရောက်လို့ သူ့ကို တတာ လို့ ၊ ထင်ထားပုံရပါတယ် ၊ အဲလိုကျွန်တော် အော်လိုက်ပြီ ဆိုရင် ကျွန်တော့်ဆီ ပြေးလာပြီး ဘယ်ကောင်လဲ ငါ့သခင်ကိုလုပ်တာ ဆိုတဲ့ ဟန်ပန်နဲ့ ကျွန်တော့အမိန့်ကို နာခံတတ်ပါတယ် ။ ကျွန်တော့ဟာ အိမ်မှာပါးကို အချစ်ဆုံးဆိုတာကို သူသိပုံရပါတယ် ၊ တစ်အိမ်လုံးမှာ ကျွန်တော် ပြီးရင် သူ့ဘ၀မှာ ဖေဖေ့ကို ကျိုးနွံ့ဆုံးပါ ၊ သူ့ရဲ့ လူသားဆန်ဆန် ချစ်စဖွယ်အမူယာ လေးတွေကြောင့်  ယခုတော့ ကိုဖြူကွက်ဟာ ကျွန်တော်တို့ မိသားစုဝင် ဖြစ်သွားခဲ့ ပါပြီ ။

 ခွေးပေမဲ့ အရမ်းကျေးဇူးသိတဲ့ ခွေးပေမို့ ၊ တရံတခါ ကျွန်တော်ဝန်းကျင်မှာ  ကိုဖြုကွက်လောက်မှ သစ္စာမရှိတဲ့ လူသားများကို မြင်မှိကြုံမှိ တဲ့အခါ အော့နှလုံးနာမှိပါတယ် ၊ အဲလိုလူတွေကို ကျေးဇူးပြုမှိ ခဲ့တဲ့အတွက်လဲ တော်တော်လေး စိတ်ရှုတ်ရပါတယ် ၊ကျေးဇူး တရားဆိုတာ မဆပ်နိုင် ရင်နေလို့ ရပေမဲ့ ရှိဘူးတဲ့ ကျေးဇူး ကိုချေဖျက်တာဟာ အင်မတန် သိပ်ဖျင်းယုတ်ညံ့တယ်လို့ ယူ ဆပါတယ် ထိုအလုပ်ကို သက်ရှိသတ္တ၀ါတွေထဲမှာ အယုတ်ညံ့ဆုံး ကိုဖြူကွက်တို့ တောင် မလုပ်ဘူးဆိုတာ လူတိုင်းသိကြပေမဲ့ လူတိုင်းမလိုက်နာတာဟာ အင်မတန်လူ့သိက္ခာ ကျဆင်း ရပါတယ်   ၊ အတုယူဖွယ်ရာ တိရိစ္ဆာန်တွေရဲ့ အကျင့်စရိုက် တွေထဲမှာ ၊ ကျီးငှက်ကဲ့သို့ အမျိုး ကိုချစ်ခြင်း ၊ ချကောင်ကဲ့သို့ လုံးလ ၊ ကြက်ကဲ့သို့ ၀ီရိယ ၊ ခွေးကဲ့သို့ ရောင့်ရဲမှု ကျေးဇူးသစ္စာ စောင့်သိမှုလို့ ဟိတောပဒေသ မှာရေးသားထားတာကို ဖတ်မှတ်ဖူးပါ၏ ၊  “တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိပါစေသော် ”

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ မေမေငွေလမင်းနှင့် သားလေးငွေလမင်းက ဆုတောင်းလိုက် ပါတယ် ။

ရေးသားသူ သားငွေလမင်း ၊ စာလုံးပေါင်း သတ်ပုံ စစ်သူ မေမေ ငွေလမင်း။

13 comments:

ဒေါင်းမင်း said...

အရမ်းကောင်းပါတယ်။စာဖတ်နေရင်းသတိရမိတယ်။
ကျွန်တော်အိမ်ကမွေးထားတဲ့ဂျက်ကီဆိုဆဲ့ခွေးကြီးနဲ့
မိကြား ဆိုတဲ့ခွေးမလေးကိုသတိရမိတယ်။ဂျက်ကီကတော့သေရှာပါပြီ။မိကြားလေးကတော့အခုမှနှစ်နှစ်ပဲရှိအုံးမယ်။အရမ်း
လိမ်မာတယ်။မိကြားလေးကအရမ်းကြောက်တက်တယ်။
ဒါပေမယ့်အရမ်းလဲဆိုးတယ်။တစ်ခုတော်တာကနှစ်ကောင်
စလုံးတောလိုက်အရမ်းတော်တယ်။ ကျွန်တော်ခွေးကြီးတွေကိုသတိရတယ်ဗျာ။ကျွန်တော်ကခွေးလေးတွေ၊ကြောင်လေးတွေ..အကုန်ပြောရရင်တိရိစ္ဆာန်လေးတွေဆိုသနားပြီးချစ်နေတာ။
ဘာပဲပြောပြောဒီနေ့တော့စိတ်ကအိမ်ကခွေးကြီးတွေကိုလွမ်းနေတော့တာပဲ။ထမင်းတောင်စားမ၀င်တော့ဘူး။

မောင်လေး said...

အေးဗျာ....။ခွေးချစ်တတ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း
ပါသဗျ...။မွေးဖြစ်ခဲ့တဲ့ ခွေးတွေလည်း အများကြီးဗျ...။
ကိုဖြူကွက် ချစ်စရာပဲနော်..။သဘောကျသဗျာ..။
ပြန်ရောက်ရင် ခွေးမွေးဦးမယ်စိတ်ကူထားတယ်...။

SHWE ZIN U said...

ခွေးလေး တွေ ကိုချစ်တတ်တဲ့ ငွေလမင်း ကျန်းမာချမ်းသာ ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့ကလည်း ကြောင်ထက် ခွေးကိုပိုသဘောကျတယ်
ခွေးဆိုတာ သစ္စာရှိတယ် သခင်ကို သခင်မှန်းသိတယ်.
ကြောင်က လူတွေအနားပိုနေရပေမဲ့ သာတဲ့အချိန်သာ အိမ်မှာရှိတတ်ပြီး အိမ်မှာ ပြဿနာတစ်စုံတစ်ရာ၊ နာရေးပေါ်လာတာမျိုးဆို ထွက်ပြေးတတ်တဲ့ စရိုက်မျိုးရှိတတ်တယ်..
ခွေးတွေတောင် သစ္စာရှိမှန်း သိတတ်ရင် ခွေးထက်အသိဥာဏ်ရှိတဲ့ လူတွေလဲ သစ္စာပိုရှိသင့်တာပေါ့နော်။
ငွေလမင်း သားအမိ ပျော်ရွှင်ပါစေဗျား။

ကောင်းမွန်ဝင်း said...

မြန်မာပြည်မှာတုန်းကတော့ ခွေးအမြဲမွေးလာခဲ့တာပါ။
ခွေးကောကြောင်ကောချစ်တတ်ပါတယ်။
ဒီပို့စ်ကိုဖတ်တော့ မွေးခဲ့တဲ့ သူတို့တွေကို သတိရမိပါတယ်။
ဖတ်လို့အရမ်းကောင်းတယ်။

ကိုဇော် said...

အတော် ခွေးချစ်တတ်ပုံရတယ်။
ကျနော်ကလည်း ခွေးကို အတော်ချစ်တတ်သလောက် ကြောင်ကို မစားရ ညောင် ညောင် ၊ စားရ ညောင် ညောင် ကြောင့် မချစ်ဘူး။

အိမ်မှာလည်း “ ရန်နိုင် ၊ ရန်ရှင်း ” ဆိုတဲ့ ခွေးညီအစ်ကို မွေးဖူးတယ်။ အတော်ကို သိတတ်တဲ့ ကောင်တွေဗျာ။
သူ့တို့ အကြောင်းကို ကျနော် ပို့စ်ပေါင်းများစွာ ၊ ကဗျာတွေ များစွာ ရေးထားဖူးပါတယ်။ နောက်လည်း ရေးစရာတွေ အများကြီး ရှိသေးတယ်။
ခွေးဆိုတာ အနီးကပ်နေဖူးလေ သိသာလေပဲ။ အတော် ချစ်ဖို့ ကောင်းတာဗျာ။

ကိုဇော် said...

ဒါနဲ့....
ဆရာလုပ်တယ် လို့တော့ မထင်စေချင်ဘူး။
လူဆိုတာ ဘယ်သူမဆို သုညက စကြရတာ မဟုတ်လား။ ဒီလိုပဲ လေ့လာမေးမြန်းရင်း သင်ယူရတာပေါ့ဗျာ။ ကျနော်လည်း ဒီလိုပါပဲ။

ပို့စ်တွေကို Word ထဲမှာ အရင် ရေးပြီးမှ Copy ကူးပြီး တင်တယ် လို့ ထင်တယ်။ ဒီအတိုင်း Paste လုပ်ပြီး တင်လိုက်ရင် စာတွေက အခုလို တစ်ကြောင်းနဲ့ တစ်ကြောင်း ကပ်နေတတ်တယ်။ ဒါကို တင်မယ် ဆိုရင် Edit HTML ကို ပြောင်းပြီးမှ Paste လုပ်ပါ။ ပြီးမှ Compose ကို ပြန်ပြောင်းပြီး စာတွေကို ညှိလိုက်ပါ။ ဒါဆိုင်တော့ ပို့စ်တင်လိုက်တဲ့ အခါမှာ စာလုံးတွေက အခုလို မကပ်တော့ပဲ ညီသွားပါလိမ့်မယ်။ ဒါဆိုရင် လှလှပပ စာတစ်ပုဒ် ဖြစ်သွားပါလိမ့်မယ်။

ပျော်ရွှင် အဆင်ပြေပါစေဗျာ။
ကိုဇော်

( စမ်းလုပ်ပြီးလို့ အဆင်ပြေပြီ ဆိုရင် ဒီစာကို ဖျက်လိုက်လို့ရပါတယ်။ မျှဝေတဲ့ သဘောပါပဲ။ )

ရွှေရတုမှတ်တမ်း said...

ခွေးချစ်တတ်သူပေကိုး...ဘကျောက်ကတော့..
တိရစ္ဆာန်ကို မချစ်တတ်ဘူး...လူတော့ လေပါတီမမြရင်သီချင်းလို တနာရီထဲ...

မိုးယံ said...

အော် လက်စသတ် မစ္စငွေလမင်းနဲ့ မစ္စတာငွေလမင်းက သားအမိကို ဟိုတစ်ခါကျတော့ ဖေဖေငွေလမင်း သမီးငွေလမင်း ဖတ်ရင်းကို လ ကမ္ဘာကို ရောက်နေသလို လည်နေပြီ။ အဲနှစ်ယောက် ကို အိမ်က အမေနဲ့ အတူထားရင်ကောင်းမယ် အိမ်က မယ်တော်ကြီးကလဲ ကိုယ့်ထမင်း ကိုယ်စားပြီး ခွေးကျွေးသေးတာ။ သူကတော့ ခွေးချစ်သလား ဘာလားကိုယ်လဲ သေချာ မမေးမိဘူ။ အနော်ကတော့ ပထမ ချစ်သလိုလိုနဲ့ နောက်တော့ မချစ်သလိုလို ပဲ။ ရွာသားလေ။ အိမ်ရှေ့မှာ ကွပ်ပျစ်ရှိတယ်။ မြန်မာကားထဲကလို အိမ်သပ်သပ် ကွက်ပျစ် သပ်သပ်မဟုတ်ဘူး တစ်ဆက်တည်း။ ခွေးက ၈ ကောင် ကိုးကောင် ချိဒယ်။ ဘာတဲ့ နက်မ ၊ဂျားမ (ကျားမ)။အောင်နက် ၊ ဖြူလုံး။ ငညို ၊ ပိန်းသေး။ ဘာတွေမှန်းကို မသိဘူး အမေပေးထားတာ တော်သလင်းဆို ချိတ်ညစ်တယ် ပြီးရင် မွေးပြန်ရော ကျွေးရတယ် သန့်ရှင်းရေး လုပ်ပေးရတယ်။ ဖိနပ်တွေ ပြန်လိုက်ရှာရတယ်။ တော်တော် ရှုပ်တဲ့ကောင်တွေ မွေးသမိခင် မျက်နှာကြောင့် ကြည့်နေတာ လစ်ရင် လစ်သလိုတော့ ကစ်ပေးလိုက်တယ်။

အနမ်း said...

ခွေးတွေဟာ လူနဲ့အနီးစပ်ဆုံးပါပဲ. ကိုယ့်သခင်အပေါ် တော်တော်လည်း သစ္စာရှိကြပါတယ်။

ကိုကိုးအိမ် said...

ဇေရေ ဖောင့်တွေဆက်နေတယ် လိုင်းစပေ့ဇင် ပြင်လိုက်ဦးနော်



ခင်မင်လျှက်
ကိုကိုးအိမ်

sosegado said...

ကြုံရင်ခွေးသက်တန်းလေးရေးပေးပါဦး၊ ၇၀ နှင့် ၈ ဆိုတော့ ဘယ်လိုတွက်?

အမေကျင် said...

ဖတ်လို့အရမ်းကောင်းတယ်။