Saturday, November 27, 2010

မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတကြီး ဒေါက်တာ ဦးဘဦး


          ၁၉၅၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် နှင့် သမ္မတကြီး ဆာဘဦး
သမ္မတကြီး အင်္ဂလိပ်ဘာသာဖြင့် ဆွေးစဉ်မျိုးဆက်အကြောင်းကို ရေးသားထားသည့်စာအုပ် မြန်မာပြန်

ဦးဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတကို ဗမာတိုင်းရင်းသား လူမျိုးထဲကနေ ရွေးချယ်ဖို့ အလှည့်ကျခဲ့ပါသည်။ ထိုအခါ ဒေါက်တာဘဦးသည် ပါလီမန် ဒီမိုကရေစီခေတ် အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် မှ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။

သမ္မတကြီး ဒေါက်တာ ဦးဘဦးသည် ခရစ် ၁၈၈၇ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ ၌ ဖွားမြင်သည်။ အဘမှာ အရေးပိုင် ဦးဘိုးလှ (စီ-အိုင်-အီး၊ ကေ-အက်ဖ်၊ အမ်-အေ၊ တီ-အမ်) ဖြစ်ပြီး မိခင်မှာ ဒေါ်ညွန့် ဖြစ်သည်။ ဒေါက်တာ ဦးဘဦးသည် သားအကြီးဆုံး ဖြစ်သည်။ 
မောင်ဘဦးသည် ငယ်စဉ်က ပုသိမ်မြို့ မူလတန်းကျောင်းတွင် လည်းကောင်း၊ မအူပင်မြို့  အစိုးရ အလယ်တန်းကျောင်းတွင် လည်းကောင်း နေခဲ့ပြီး ယင်းမှတဆင့် ပုသိမ်မြို့ အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန်မြို့ အစိုးရ အထက်တန်း ကျောင်းများတွင် အဆင့်ဆင့် ပညာ သင်ကြားခဲ့သည်။ ထိုနောက် ရန်ကုန် ကောလိပ်သို့ တက်ရောက်၍ တက္ကသိုလ် ပညာများကို သင်ယူခဲ့သည်။ ၁၉ဝ၇ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ် တက္ကသိုလ်သို့ သွားရောက်ကာ ပညာ သင်ယူခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ကိန်းဗရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ဝတ်လုံ စာမေးပွဲကို အောင်မြင်ခဲ့သည်။ 
ဒေါက်တာ ဦးဘဦးသည် ၁၉၂၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့ ၌ အစိုးရ အမှုလိုက် ရှေ့နေ အဖြစ် ဝင်ရောက် ထမ်းဆောင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဖျာပုံခရိုင် (ယခု - ဧရာဝတီတိုင်း) စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုမှတဆင့် တောင်ငူ၊ မအူပင်၊ မကွေး၊ မြောင်းမြ ခရိုင်များတွင် ခရိုင် စက်ရှင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ 
ယင်းနောက် ၁၉၃ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တရားလွှတ်တော်၊ တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် အင်းစိန်ခရိုင် စက်ရှင် တရားသူကြီး အဖြစ် လည်းကောင်း၊ ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ်များသည် တောင်သူ လယ်သမား အရေးအခင်းများနှင့်ဂဠုန် ဆရာစံ နှင့် တော်လှန်ရေးသမားများ ထွက်သော နှစ်များ ဖြစ်ကြသည်။ မျိုးချစ်လယ်သမားခေါင်းဆောင်ကြီး ဆရာစံကိုကြိုးပေးသတ်ဖြတ်ဖို့ အမိန်ချခဲ့တဲ့ တရားသူးကြီးမှာ ဦးဘဦး ဖြစ်သည်။ 
၁၉၃၁ ခုနှစ်တွင် အထူးခုံရုံး အဖွဲ့ဝင် အဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ ၁၉၃၂ ခုနှစ်၊ ဧပြီလ အထိ၊ အင်းစိန်၊ ပြည်၊ သရက် ခရိုင်များ၏ စက်ရှင် တရားသူကြီးနှင့် အထူး တရားသူကြီး အဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။ ၁၉၃၂ ခုနှစ်၊ ဧပြီလတွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် အမြဲတမ်း တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ယင်းရာထူးသည် ဒုတိယ ကမ္ဘာစစ် ဖြစ်သည်အထိ ဖြစ်သည်။ 
ဒေါက်တာ ဦးဘဦးသည် တရားရေးဝန်ကြီး အဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၇ ခုနှစ်တွင် ရွေးကောက်ပွဲ ဆိုင်ရာ အထူးခုံရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၃ဝဝ ပြည့်နှစ်လောက် ရောက်သောအခါ ကျောင်းသား အရေးတော်ပုံ စုံစမ်းရေး ခုံရုံး ဥက္ကဋ္ဌ အဖြစ်လည်း ဆက်လက် ဆောင်ရွက်ခဲ့ရသည်။ အဓိပတိ ဒေါက်တာဘမော် အစိုးရ ဂျပန်ခေတ်တွင် တရား လွှတ်တော်ချုပ် တရားဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ရသည်။ 
စစ်ပြီးသော အခါမှ စ၍ လွတ်လပ်ရေး မရမီ စပ်ကြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ အထိ လက်ရှိ တရားလွှတ်တော် တရားဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူ ဆောင်ရွက် ခဲ့ရသည်။ မြန်မာနိုင်ငံ လွှတ်လပ်ရေး မရမီကလေးတွင် ဗြိတိသျှ အစိုးရတို့က 'ဆာ' ဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရသည်။ အာရှ အရှေ့တောင်ပိုင်း ဆိုင်ရာ မဟာမိတ် တပ်ဖွဲ့ သေနာပတိ လော့မောင့်ဘက်တန် မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဒေါက်တာ ဆာဘဦးသည် အိုရီယင့် ကလပ် ဥက္ကဋ္ဌ အဖြစ် ဧည့်ခံခဲ့သည်။ အလ္လာပသလ္လာပ စကားပြောဆိုရင်း မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရန် စကား ဆိုခဲ့ဖူးသည်ဟု သိရသည်။ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရာ၌လည်း ဒေါက်တာ ဆာဘဦးသည် အရေးပါသော နေရာမှ ထိရောက်စွာ ပါဝင် ဆောင်ရွက်ခဲ့သည်။ 
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော အခါ ဒေါက်တာ ဆာဘဦးကိုပင် တရား လွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ် အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် ဒေသဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်တို့တွင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ 
နိုင်ငံတော် အစိုးရက ဒေါက်တာ ဆာဘဦးအား အဂ္ဂမဟာသရေ စည်သူဘွဲ့နှင့် အဂ္ဂမဟာသီရိ သုဓမ္မဘွဲ့များကို ချီးမြှင့် ခံရပြန်သည်။ ယင်းအပြင် ရန်ကုန် တက္ကသိုလ်က ဥပဒေ ပါရဂူ (ဒေါက်တာ) ဘွဲ့ကို ချီးမြှင့်ခြင်း ခံရပြန်သည်။ ဒေါက်တာ ဆာဘဦးသည် သမ္မတ အဖြစ် တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ ဗြိတိသျှ အစိုးရက ပေးသော ဆာဘွဲ့ကို စွန့်လွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သမ္မတရာထူး သက်တမ်း ကုန်ဆုံးသော အခါ အငြိမ်းစား ယူခဲ့သည်။ သို့သော် ၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရ အကြံပေး အဖွဲ့  ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့ရပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာ ဦးဘဦးသည် လူမှု ဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကြက်ခြေနီ အသင်း၊ ပြည်သူ့ သူနာပြု အဖွဲ့၊ တက္ကသိုလ် ရန်ပုံငွေ အဖွဲ့၊ ပန်းဥယျာဉ် အသင်း စသည်တို့တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် 'ကျွနု၏ မြန်မာနိုင်ငံ' ခေါ် ကိုယ်ရေး အတ္တုပ္ပတ္တိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့သည်။ 
၁၉၁၃ ခုနှစ်တွင် ဒေါက်တာ ဦးဘဦးသည် ခရိုင် တရားသူကြီးဟောင်း ဦးအောင်ဇံ၏ သမီး ဒေါ်ဒေါ်ငြိမ်းနှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ဒေါ်ဒေါ်ငြိမ်းသည် ၁၉၂၂ ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရသည်။ ဒေါ်ဒေါ်ငြိမ်း ကွယ်လွန် သွားပြီးနောက် ဒေါက်တာ ဦးဘဦးသည် ၁၉၂၃ ခုနှစ်တွင် ရိက္ခာတော်ရ အရေးပိုင် ဦဆိုးဖေ၏ သမီး ဒေါ်ဒေါ်အေးနှင့် လက်ဆက်ခဲ့ရာ သမီး ၃ ယောက်နှင့် သား ၂ ယောက် ရရှိခဲ့သည်။ ဒေါ်ဒေါ်အေးသည် ၁၉၄၁ ခုနှစ်တွင် ကွယ်လွန် သွားပြန်သည်။ 
သမ္မတဟောင်း ဒေါက်တာဦးဘဦးသည် တော်လှန်ရေး ကောင်စီ အစိုးရ အုပ်ချုပ်ရေး လွှဲပြောင်းယူပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ အသက် ၇၆ နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် အမှတ်(၅၄) ရွှေတောင်ကြားရိပ်သာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၌ ကွယ်လွန် အနိစ္စ ရောက်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် သမီး ၃ ယောက်နှင့် သား ၂ ယောက် ကျန်ရစ်ခဲ့သည်။ 

စာကြွင်း
ရွှေဥသြ စာအုပ်မှ ကူးယူပြီး ပို့စ်တင်ဖို့ လုပ်နေတုန်း သူငယ်ချင်း ကျော်မင်းမြတ်က မြန်မာဝီခီမှာ ရှိတယ်ဆိုလို့ ၊ သွားကြည့်လိုက်ပါတယ် ရွှေဥသြရဲ့ စာအုပ်ထဲကအတိုင်း ရေးထားတာဖြစ်လို့မို့ တူတူဘဲဆိုပြီး ကူးချပြီး ဒီမှာတင်လိုက်ပါတယ် ၊ စာဖတ်သူများ ကျမ်းမာပျော်ရွှင်ကြပါစေ ၊ ဒီပို့စ်ပြီး ရင်တော့ ပါလီမန်ခေတ်ရဲ့ နောက်ဆုံးသမ္မတကြီး မန်းဝင်းမောင် အကြောင်းကိုတင်ပါ့မယ် ၊ ပြီးရင် ၊ မဆလခေတ်မှ နအဖခေတ်တိုင်အောင် နိုင်ငံခေါင်းဆောင်များ အကြောင်းကို တင်ပါ့မယ် ပြီးရင် မင်းပြောင်းမင်းလဲတွင်ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ကို ဖတ်ချင်စဖွယ်ပိုစ့်လေးတွေ ပိုင်းပြီးတင်ပါ့မယ် ၊ အထက်ပါအကြောင်းအရာတွေကို ပိုစ့်လေးနှစ်ခုနဲ့ဘဲ တင်မှာပါ ၊ စောင့်ပြီးအား ပေးကြအုံးနော် ၊ စာကစရေးစဆိုတော့ အားပေးတာ မခံရရင် အားငယ်တတ်လို့ပါ ၊ အားငယ်ရတဲ့ အထဲ မဒမ်ငွေရဲ့ ဟိန်းဟောက်မှုဒဏ်ကိုလဲ သနားစဖွယ်ခံယူနေရပါတယ် ၊ အားလုံးရွှင်လန်းချမ်း မြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းပေးလိုက်ပါတယ် ၊ ရွှင်လန်းချမ်း မြေ့ကြပါ စေ ခင်မျာ..။

11 comments:

လသာည said...

ငွေလမင်းဘလော့ကတော့ တကယ့် သမိုင်းစာကြည့်တိုက်တစ်ခုလိုပါပဲ။ လေ့လာချင်စရာ ဖတ်ထိုက်တာတွေ ချည်းပဲ။

ညိမ်းနိုင် said...

အော်....ဒေါက်တာဘမော်အကို ဆရာစံကို ကြိုးပေးခဲ့တဲ့
စက်ရှင်တရားသူကြီး ဦးဘဦး နဲ့ သမတကြီးဦးဘဦး နဲ့က
တစ်ယောက်တည်းကိုး..။ခုလိုသိရတာ ကျေးဇူးတင်ပါ
တယ်ဗျိုး

ကိုဇော် said...

ဒီကစောင့်နေသူ. . . အိုး. . .
ဒီက စောင့်နေသူ . . . .

မဒမ်ဇော်ရဲ့ အဟိန်းအဟောက်ကို လုံးဝမခံရသော ကိုဇော်
( ရှိမှ ရှိဘဲနဲ့ )

ချော(အစိမ်းရောင်လွင်ပြင်) said...

နောင်တက်လာမဲ့ သမ္မတတွေကိုလည်း ပညာတတ်တဲ့သူတွေ ဖြစ်စေချင်တယ်
ဒါမှ အမှားအမှန်ခွဲခြားနိုင်မယ်.. နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ မနိမ့်ကျတဲ့ တန်းတူညီမှုမျိုးနဲ့ ဆက်ဆံခံရစေချင်တယ်.. နိုင်ငံအလယ်မှာ သမ္မတချင်း ယှဉ်လိုက်ရင် ကိုယ့်သမ္မတဟာ ပညာတတ် ဗဟုသုတကြွယ်ဝ ဆက်ဆံရေးကောင်းတဲ့ သမ္မတမျိုး အလိုရှိပါတယ်ပြောရင် လွန်မလား ...

Anonymous said...

ညီမ မသိခဲ့တဲ့ ဗဟုသုတ သမိုင်းကြောင်းလေးတွေ
ဖတ်သွားတယ်ရှင်။ :)

chindwinthu said...

သမိုင်း စာအုပ်စဉ်ကိုတွေ့လိုက်ရသလိုပါဘဲ ငွေလမင်းရေ...။

Unknown said...

အခုမှ ရောက်ဖူးပါတယ်။ စာရေးကောင်းသလို ကျွန်တော် မဖတ်ဖူးတဲ့ စိတ်ဝင်စားစရာသမိုင်း တချို့ တွေ့လိုက်ရတယ်။ ကျေးဇူးတင်ပါ၏။ ဆက်လက်ရေးသားနိုင်ပါစေ။ မဒမ် ဗိုက်ခေါက်ဆွဲလိမ် ခံရအောင် မြှောက်ပေးသွား၏။ :P

စော(အဝါရောင်မြေ) said...

ဖတ်ပါမယ်
တင်သာတင်ပါ
မြန်မာပြည်က အင်္ဂလိပ်ခောတ် လူထု လူနေမှုလေးတွေလဲ ရှိရင် တင်ပေးဦးနော်
အဲဒီခောတ်က ပညာတတ်များတယ်
သူတို့ ရဲ အတွေးအခေါ် လေးတွေ သိခြင်တယ်

Skyblue said...

One of the Excellent post ဟူသည်မှ လွဲ၍ အခြားမှတ်ချက် မရှိပြီ။

မြစ်ကျိုးအင်း said...

ခုမှဖတ်ဖြစ်ပေမယ့် သေသေချာချာ ဖတ်သွား ပါတယ်ဗျာ။ စာဖတ်သူကို တခုခုရစေချင်စိတ်နဲ့ ရေးထားမှန်း သိလို့ စာဖတ်သူအနေနဲ့ ကျေးဇူးတင်ပါတယ်။

Anonymous said...

his house in golden velly (formerly rent to german embassy) was sold to General than Shwe family several months ago with 3 million $.