Saturday, March 5, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက်

ကျွန်တော်ငယ်စဉ်ကပါခင်မျာ ကျွန်တော့်ကိုကိုကြီးရဲ့ သူငယ်ချင်းကိုကြီး ထွန်းစောဟာ ကိုးမိုင်အေ ၀မ်းခြံထဲက ဦးမောင်မောင်စိုး လမ်းပေါ်မှာ နေထိုင်ပါတယ် ၊ မိဘတွေက လဲ ချမ်းသာသူပါ ၊ မွန်လူ မျိုးကြီးဖြစ်ပါတယ် ၊ ၀၀တုတ်တုတ်ကြီးပါ  ညီမလေး၂ယောက်ရှိပါတယ် ၊ မိဘချင်းလဲရင်းနှီးသူတွေ ပါ ၊ ကိုကြီးထွန်းစောဟာ ဒေါက်တာဘွဲ့ယူထားသူပါ ၊ ယူကေမှာလဲ အရိုးအကြောနဲ့ မဟာဘွဲ့ အောင်မြင်ထားသူပါ ၊ ဒါပေမဲ့ သူကဆေးမကုပါဘူး ပန်းစိုက်စားပါတယ် ၊ ကျွန်တော်ကိုကိုကြီးက ပန်းဆရာဝန်လို့ နောက်နောက်ခေါ်ပါတယ် ၊ ကိုကြီးထွန်း ကိုကြီးဘာလို့ ဆေးမကုသလဲဗျလို့ မေးကြည့်တော့ “မဟော်သဓာဟာ လက်ထဲမှာဆေးလုံးပါလာပေမဲ့ ဆေးကုတဲ့သမားတော်မလုပ် ဘူးညီရယ် အကိုလဲအဲလိုဘဲ ဟားဟားဟား”လို့မေးတိုင်းအဲလိုဖြေပါတယ်။
 ပန်းစိုက်စားတယ်ဆိုပြီး ဆင်းတိဆင်းရဲ လူတော့မဟုတ်ပါဘူး၊ တစ်နှစ်ကို ငွေသိန်း၄၀၀ကျော်ဝင်ပါတဲ့ ၊ ဒါတောင် တစ်မျိုးထဲစိုက်တာပါ ၊ သစ္စာပန်းတစ်မျိုးဘဲ စိုက်ပါတယ် ၊ စကာင်္ပူနိုင်ငံကို ၁၉၉၆ခုနှစ်ကတည်းက စတင်ပို့တယ်လို့ဆိုပါတယ် ၊ သုံးကြိမ်လောက် မအောင်မြင်ဖြစ်ခဲ့တယ်လို့ လဲပြောပါတယ် ၊  နောက်ပိုင်းတွေမှာတော့ အောင်မြင်ခဲ့ပြီလို့ ပြောပါတယ် ၊ ၂၀၀၆ နဲ့၂၀၀၇မှာ ပန်းဘိုးငွေသိန်း ၇၀၀ ကျော်ရရှိတယ်လို့ ဆိုပါတယ် ၊ အခုလဲရန်ကုန်မှာ ရုံးခန်းဖွင့်ပြီး ၀န်ထမ်း၅၀ကျော်နဲ့ ပန်းရောင်း နေတာပါဘဲ။
သူ့ရဲ့ပန်းခြံဟာ ပြည်မြို့က သန္ဓေပင် နှင့် ကြံတောကုန် နားက ပွင့်လှသိမ်ကုန်းဆိုတဲ့ နေရာမှာ ရှိပါတယ။် ခြံအကျယ်အ၀န်းက ၁၅ ဧကပါ ၊ အိမ်ကိုလာလည်တိုင်း လာလာခေါ်ပေမဲ့ ကျွန်တော်တို့ ညီကိုတွေ မလိုက်ဖြစ်ကြပါ ၊ ဒီတခါတော့ သူ့မွေးနေ့ ခြံထဲမှာလုပ်မှာ မလိုက်ရင်သေခန်းပြတ်လို့ ပါးနဲ့မားကိုအပူကပ်ပါတယ် ၊ အဲဒါနဲ့ ကျွန်တော်တို့ညီကိုများဟာ သူ့ခေါ်ရာကိုလိုက်ခဲ့ရပါ တော့တယ် ၊ သူ့ခြံကြီးကတော်တော်ကျယ်ပါတယ် ၊ ပန်းစိုက်ဘို့လုပ်ထားတဲ့ ဘောင်လေးတွေ အများကြီးနဲ့ ထိုးထိုးထောင်ထောင် သစ္စာပန်းလေးတွေဟာ ၊ အရမ်းလှပပြီး ခြံထဲဝင်လာတဲ့လူကို ရင်ကိုအေးမြသွားစေပါတယ်။
 ညပိုင်းမှာ ကွစ်ပြစ်ကြီးပေါ်ထိုင်ပြီး အရက်သောက်ကြ လေဖုတ်ကြ သီချင်းဆိုကြ တယောထိုးကြနဲ့ ပျော်စရာကောင်းလှပါတယ် ၊ ကိုကြီးထွန်းရဲ့ ခြံဝန်ထမ်းတွေဟာ စုစုပေါင်း ၂၂ယောက်လို့ဆိုပါတယ် ၊ တစ်နှစ်လုံးနေမှ ပန်းပင်စိုက်တာနဲ့ အထွေထွေဝန်ထမ်းစရိတ် ဟာ သိန်း၂၀ကျော်ဘဲကုန်ကျပါတယ်တဲ့ ၊ ရတဲ့ငွေဟာ သိန်းရာချီရတာဆိုတော့ သူဟာအရင်းရှင် ကြီးဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။
သူ့ရဲ့ခြံကြီးထဲမှာ ဓာတ်ခွဲခန်းလေးလဲရှိပါသေးတယ် ၊ ပန်း ပင်တွေကို ကျတဲ့ပိုးတွေကို သုတေသနလုပ်တယ်လို့ ဆိုပါတယ် ၊ ဒီမြေကြီးတွေ ၀ယ်တုန်းက တစ်ဧကမှ သုံးသိန်းမရှိတရှိဘဲ ပေးရတယ်လို့ ပြောပါတယ် ၊ ကိုကြီးထွန်းရာ အကိုပန်းရောင်းတာက ချမ်းသာလိုက်တာ လွန်ရော တချို့ပန်းစိုက်တဲ့လူတွေကြတော့လဲ ဆင်းရဲလှပါလားဗျ ၊ “မတူဘူး ညီရဲ့ အကိုကပညာတတ်လေ တချို့ပန်းသာစိုက်နေတာ သစ္စာပန်းကို ဘယ်မျိုးစေ့ထဲပါမှန်းတောင် မသိဘူးညီ ၊ ပညာတတ်တဲ့ ပညာမတတ်တဲ့လူ လုပ်ငန်းခြင်းယှဉ်လုပ်ရင် ပညာတတ်တဲ့လူက ချမ်းသာတာဘဲ။
 အကိုပန်းစိုက်မယ်ဆိုတော့ အကို့အိမ်က ဆရာဝန်လုပ်ခိုင်းတယ် ၊ လှည်းတန်းမှာ တိုက်ခန်း ၀ယ်ပေးထားတယ် ၊ ဆေးခန်းဖွင့်ဘို့ အကိုကရောင်းစားလိုက်တယ် ပန်းစိုက်ဘို့အရင်း နှီး လုပ်ပလိုက်တယ် ၊ ဟောအခုတော့ ဆရာဝန်လုပ်ချင်လိုက်တာလို့ ပြောရင်မိဘတွေမပြောနဲ့ ပူတီးတို့ကတောင် လက်မခံတော့ဘူး ၊ မင်းအမပူတီးက ဘာပြောတယ်မှတ်လဲ အကိုမလုပ်နိုင် တော့ရင် ဒီပန်းခြံကို သူ့ကိုပေးရမယ်တဲ့ ၊ ဒီလုပ်ငန်းကိုသူ ဆက်လက်လုပ်ကိုင်မယ်တဲ့ ဟားဟား လောဘကြီးလိုက် ၊ ကျွန်တော်တို့ အဲဒီညမူးရူးပြီး ဟိုဟာအော် ဒီဟာအော်နဲ့အော်ကြပါသော်လဲ ရွာအပြင် ခြံဖြစ်ပါ၍ မည်သူမှလဲ လာမတားပါ ၊ ပျော်စရာတော့အလွန်ကောင်းလှပါတယ် ၊ ကိုကြီး ထွန်း ကျွန်တော်အိပ်ချင်လို့ သွားအိပ်တော့မယ် ၊ မနက်ဖြန် ကိုကြီးရဲ့ သစ္စာပန်းအကြောင်းကို သေ သေချာချာ ပြောပြနော် ကျွန်တော်မှတ်ထားမယ် ၊ နောက်တော့ စာရေးဆရာ လုပ်ဖြစ်ရင် ကိုကြီး ပန်းခြံကို ကြော်ငြာပေးမယ် ၊ ဟုတ်ပါပြီဗျား ဟားဟားဟား….။

သစ္စာပန်းရဲ့အစ
သစ္စာပန်းဟာ မူရင်းမိခင်ဒေသဟာ တောင်အမေရိကတိုက်ရဲ့မြေထဲပင်လည်ဒေသမှာ စတင်ဖြစ် ပေါ်လာပါတယ် ၊ အာဖရိကတိုက်တောင်ပိုင်း ၊ မြောက်ပိုင်း ၊ အလယ်ပိုင်း ၊ အမေရိကတိုက်နဲ့ အာရှတိုက် အထိပျံ့နှံ့လာပါတယ် ၊ ၁၉၅၆ခုနှစ်မှာ တူရကီနိုင်ငံက သစ္စာပန်းမျိုးစေ့တချို့ဟာ ဥရောပ တိုက်ထဲထိ ပျံ့နှံ့သွားတယ်လို့ တချို့ကဆိုကြသေးတယ်ကွ ၊ မြန်မာနိုင်ငံကိုတော့ ၁၉၂၅ခု နှစ်မှာရောက်ခဲ့တယ် ၊ ပြင်ဦးလွင်က ရုက္ခဗေဒ ဥယျာဉ်နဲ့ ဘုရင်ခံအိမ်တော်မှာ စတင်စိုက်ပျိုးရာ ကနေ ၊ ၁၉၂၇ခုနှစ်မှာ မြန်မာပြည်တော်တော်များများမှာ စတင်စိုက်ပျိုးဖြစ်ထွန်းလာတယ်တဲ့ ညီရဲ့ ။
အခုဆိုရင် ပြည်ခရိုင်တစ်ခုလုံး သစ္စာပန်းကိုစိုက်လာပြီ ညီလေးရဲ့ ၊ ပြည်မြို့က စိုက်တဲ့သစ္စာပန်းဟာ ပြင်ဦးလွင်က စိုက်တဲ့သစ္စာပန်းနဲ့ အရည်သွေးခြင်းတန်းတူဘဲညီ ၊ ပြင်ဦးလွင်က မြေကို မပြုမပြင်ရဘဲ စိုက်ရတာဆိုတော့ အနံခြင်းယှဉ်လိုက်ရင်တော့ ၊ ကိုကိုတို့ ပန်းကအနံနဲနဲ နည်းတယ် ၊ ဒါကတော့လူမသိ သူမသိ လျှို့ဝှက်ချက်ပေါ့ကွာ ၊ ဒါပေမဲ့ သစ္စာပန်းဆိုတာ အနံအဓိကကျတဲ့ ပန်းမဟုတ်ဘူးကွ ၊ ပန်းပွင့် ၊ အပင် ၊ တိုရှည်နဲများနဲ့သာ တန်ဘိုးဖြတ်ရတာ ဖြစ်လို့၊ သိပ်ပြီးတော့ အရေးမကြီးတဲ့ ကိစ္စတခုဘဲလို့ ယေဘုယျမှတ်ထားလို့ရတယ်။
 ကိုကြီးထွန်း သစ္စာပန်းကို စကာင်္ပူကို ပို့ခဲ့တယ်ဆို ဘယ်လိုပို့တာတုန်း ၊ ဒီလိုပါညီ ၁၉၉၅နဲ့ ၁၉၉၆ခုနှစ်ကပါ ၊ ပန်းတွေကို ညနေပိုင်းမှာ ခုတ်ထား ၊ ည (၉)-(၁၀)နာရီ အမြန်ရထားနဲ့ ရန်ကုန်ပို့ ၊ ရန်ကုန်မှာရှိတဲ့ ကိုယ့်ရဲ့ရုံးခန်းကနေ ပန်းတွေကို ယူထားပြီး စကာင်္ပူလေကြောင်းလိုင်းနဲ့ ပို့လိုက်တာဘဲ ၊ ခက်တာက ဟိုရောက်တော့ပန်းတွေက ပွင့်ကုန်လို့ ၊ ပန်းရောင်းရမဲ့ အချိန်နဲသွားတယ်ညီ ၊ အဲဒီမှာ အကိုတို့ရှုံးတာဘဲ ၊ စကာင်္ပူကို တရုတ်နှစ်ကူးဆိုရင် ပို့တယ် ၊ အခုက လေကြောင်းလိုင်းတွေကလဲ အဆင်ပြေလာပြီလေ ဒီနှစ်တရုတ်နှစ်ကူးမှာ ရောင်းရငွေ သိန်း ၃၀၀ကျော်ဘိုးလို့ မှန်းထားတယ် ၊ အော် ညီရယ်ဒီလောက် ကတော့ ရပါတယ် ၊ ကုန်ုကျငွေများသလို အခွန်အတုတ်တွေကလဲ ပန်းအစည်းလိုက်ပေါ်မှာ အခွန် ဆောင်ရတာ ၊ အရင်က ကွန်တိန်နာနဲ့ ချိန်ရတာ ၊ အခုတော့ တစ်စီးခြင်းဖြစ်သွားပြီ ၊ ရတာတွေဘဲညီက မြင်တာကိုးကွ ၊ ပေးရတာတွေကလဲ မနဲဘူးညီ ။
ဘယ်လိုမြေတွေစိုက်နိုင်လဲ သစ္စာပန်းက ရေစီးရေလာကောင်းတဲ့ မြေကြီးရှိတဲ့ နေရာကိုနှစ်သက် တယ်ညီရဲ့ ၊ သစ္စာပန်းဆိုတာက ဥဘေးကနေ အမြစ်ထွက်ပေါက်ရတာဆိုတော့ကွာ အမြစ်ထိုး ထွက်လို့ကောင်းတဲ့ မြေမျိုးကိုနှစ်သက်တယ် ၊ အမြန်ခြောက်သွေ့စေတတ်တဲ့ မြေမျိုးကိုတော့ မနှစ် သက်ပြန်ဘူး ၊ ရေ၀ပ်တဲ့ မြေမျိုးကိုလဲ မကြိုက်ဘူး ၊ အစိုဓာတ်လဲရှိရမယ် အမြစ်ထိုးထွက်လို့ ကောင်းတဲ့ မြေလဲဖြစ်ရမယ်ဆိုရင်တော့ သစ္စာပန်းစိုက်နိုင်ပါတယ်ကွ ၊ မြေတိုင်းမှာစိုက်လို့ ဖြစ်ပါတယ် ခြောက်သွေ့လွယ်တဲ့မြေ မဟုတ်ရဘူး ၊ ရေ၀ပ်မနေရဘူး ရေ၀ပ်နေရင် အပင်ခါးရိပြီး အမြစ်ပုတ်သွားတတ်တယ် ၊ စီးပွားဖြစ်စိုက်မယ် ဆိုရင်တော့ကွာ စိုက်ပျိုးရလွယ်ကူတဲ့ သဲနုန်းမြေအမျိုးအစား ဖြစ်ရမယ် ၊ သစ်ဆွေးဓါတ် Organle Matter ထည့်ပေးသင့်တယ် ၊ စိုက်ပျိုးမဲ့ မြေဟာ PH 6.0 ရှိရ မယ် ၊ အဲဒီအဆင့်တန်းမရှိဘူးဆိုရင် အောင်မြင်ဘို့ခက်တယ် ၊ မြေကိုလဲပြုပြင်ရမယ် ထယ်ထိုး ၊ ထွန်မွေ ၊ သုံးကြိမ်လောက်လုပ်လိုက်ရင်တော့ သမန်းကောင်းတဲ့မြေ ဖြစ်လာပြီး ခုနကအဆင့် အတန်းကို မှီသွားတယ် ။
ဘယ်ရာသီတွေမှာ စိုက်ရလဲ ဒို့နိုင်ငံမှာတော့ မိုးဦးကျ မေ၊ဇွန် ၊ ဆောင်းဦးပေါက် စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာမှာ စိုက်ကြတယ်ညီ ၊ ဘယ်လိုစိုက်ကြလဲအကို ။ စိုက်တာကတော့ နည်း စနစ်ငါးခုရှိတယ် ၊ အဆင်ပြေသလိုစိုက်ကြတာပါဘဲ ၊ ဘောင်ဖေါ်စိုက်ပျိုးခြင်း နှစ်ပင်တစ်တန်းစနစ် နဲ့ စိုက်လို့ရအောင် ဘောင်တွေဆွဲရတယ်ညီ ၊ ဘောင်တခုနဲ့တခု သုံးပေကွာပြီး မြောင်းရဲ့အရှည်က ပေခြောက်ဆယ်ရှိတယ် ၊ မြောင်းဘောင်ပေါ်က သစ္စာပန်းနှစ်တန်းဟာ တစ်တန်းနဲ့တစ်တန်း ဆယ် လက်မကွာတယ်  ၊ တစ်ပင်နဲ့ တစ်ပင်ဟာ သုံးလက္မ သို့မဟုတ် ခြောက်လက္မ ခွဲထားရတယ် ၊ ဒါကတော့ ဘောင်ဖေါ်စိုက်ပုံပေါ့ ။
နောက်တခုက ဥသိမ်စိုက်ပျိုးခြင်းပဲကွ မျိုးဥယျာဉ်တွေမှာ မျိုးမွေးပြီး မျိုးကောင်းဥတွေ ရောင်းချ တယ် ဥသိမ်လေးတွေဟာ စားတော်ပဲစေ့လောက်ဘဲ ရှိတယ်ညီရဲ့၊ ဥသိမ်စိုက်ပျိုးခြင်းဟာ တနှစ် လောက်စိုက်ပျိုးရပေမဲ့ ၊ ပန်းပွင့်သေးဘူးညီရဲ့ ဒါပေမဲ့ ကြီးထွားလာတဲ့ ဥသိမ်လေးတွေကို မျိုးအဖြစ်သုံးလို့တော့ရတယ် ၊ ဥသိမ်သက်တမ်း၂နှစ်ကျော်ရင်တော့ ပန်းပွင့်လာတယ် ၊ တချို့က တော့၃နှစ်လောက်ကြာတယ်။
စိုက်ပျိုးပုံကတော့မခက်ပါဘူးကွ မြောင်းဘောင်ဖော် တစ်မြောင်းနဲ့ တစ်မြောင်း ၆လက္မလောက်ခွာပြီး မြောင်းငယ်လေးတွေဆွဲလိုက် ၊ ဥတခုနဲ့ တခုဟာ ၃လက္မခြား လောက်စိုက်လိုက်ရင် ဖြစ်သွားတာပါဘဲ ၊ မြေသြဇာ ထက်သန်ဖို့တော့ လိုတယ်ညီရဲ့ ၊ ဒါမှဥကြီး ထွားတာမြန်တယ် ၊ မိုးဦးကျတာနဲ့ ပေါင်းရှင်း ၊ မြေဆွဲပြီး ပျိုးထောင်စိုက်ပျိုးရတယ် ၊ ဒီနည်းက တော့ ပန်းအဖြစ်ရောင်းတဲ့ဥယျာဉ်သမား ၊ ခြံသမားတွေသိပ်မလုပ်ကြဘူး အကိုကတော့ လုပ်တယ် ဒါမှ မျိုးကောင်းမျိုးသန့်အတွက် စိတ်ချရတယ်ညီ ၊ ဒီနည်းကို မျိုးရောင်းတဲ့လူတွေကဘဲ သီးသန့် လုပ်တတ်ကြတယ် ။
နောက်တခုက အစေ့ကိုစိုက်တာ ဥသိမ်ကိုစိုက်တဲအခါ ဆန်းသစ်တဲ့ အရောင်အသွေးနဲ့ တိုးတတ် တဲ့မျိုးဆက်တွေရဖို့  ခဲယဉ်းလို့ တချို့က အစေ့ကိုစိုက်ကြတယ် ၊ အကိုအခုစိုက်ထားတဲ့ ဥသိမ်မျိုး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်က အမျိုးညီ ၊ အစေ့ကိုစိုက်ပုံကတော့ကွာ မစိုက်ခင် အရင်ပျိုးထောင်ရတယ်ညီရဲ့ ထင်းရူးသေတ္တာထဲမှာမြေဆွေး ၊ နွားချေးဆွေးတွေကို မွအောင် ထည့်ပြီးမှ အစေ့ချလိုက်ရတယ်။
 တပေါင်းလ ဆိုရင် ပျိုးထောင်ဖို့အကောင်းဆုံး လပဲညီရဲ့ ၊ စိုက် ပျိုးတော့မယ်ဆိုရင်တော့ ၊ ၁/၂လက္မလောက် မြေမှာမြုတ်ပြီး စိုက်ရတယ် ၊ တပါတ်အတွင်း အပင်ပေါက်တာဘဲ ညီရဲ့ ၊ အပင်ပေါက်လေးတွေဟာ မသိရင် မြတ်နဲ့တူတယ် ၊ ရွေ့ပြောင်း စိုက်ရင် ခတ်ခဲလို့ ကြီးတဲ့အထိထားရတယ် ၊ ပျိုးပင်ပေါက်ကို အလောတော် ရေစိုအောင်ထား ၊ ပေါင်းမြက်ရှင်း ၊ ညှက်လွန်းတဲ့အပင်တွေကိုလည်း နှုတ်ပြစ်ရတယ် ၊ ပျိုးပင်ပေါက်တွေကို ဆောင်ဦး ပေါက်မှာ တူးဖော်တာအကောင်းဆုံးဘဲ။
 အဲဒီကာလဆိုရင် သစ္စာပန်းအစေ့လေးတွေဟာ ဥသိမ် လောက်ကြီးလာပြီ ညီရဲ့ ၊ ဥသိမ်လေးတွေကို သေချာစွာသိမ်းဆည်းပြီး ရှေ့နှစ်မိုးဦးကျမှာ ပြန်လည်စိုက်ပျိုးဖို့ မျိုးသိမ်းထားရတယ် ညီရဲ့ ဒုတိယနှစ်မှာတော့ အပင်တစ်ပင်တည်းက ပေါက် ဖွားလာတဲ့ သားပင် တွေက ပန်းပွင့်များစွာဟာ အရောင်အမျိုးမျိုးနဲ့ ပွင့်လာရော ၊ အရေအသွေးရှိ အလားအလာကောင်း တဲ့အပင်တွေကို ရွေးချယ် မျိုးထားပေးပြီး ကျန်တဲ့အပင် တွေကို ဖယ်ရှားပြစ် ရတယ်ညီရဲ့ ။
နောက်တခုကတော့ ရေထဲမှာ စိုက်ပျိုးတာပါ ၊ ဒီစိုက်နည်းက စီးပွားဖြစ်စိုက်ပျိုးနည်းမဟုတ်ဘူး ညီ အနောက်နိုင်ငံတွေမှာ ပန်းအလှထိုးပြီး အိမ်တွင်းအလှဆင်တာ စတာတွေလုပ်တဲ့နည်းပါ ၊ ဒို့နိုင်ငံ မှာမလုပ်ကြဘူး ၊ ဒို့လူမျိုးက အလှအပကိုသာကြိုက်တာ အပန်းပန်းတော့မခံဘူးလေ ၊ ကြိုက်တဲ့ လူတွေများတယ် ၊ မြတ်နိုးတဲ့လူက မရှိဘူးလေ ၊ ဒီစိုက်ပုံလေးကတော့ သစ္စာပန်းဥကို ရေထည့် ထားတဲ့ အိုးထဲက ကျောက်တုံးပေါ်မှာ တင်ပြီးစိုက်ရတာညီ ၊ ဥလေးကို ရေမျက်နှာပြင်ပေါ်မှာ နဲနဲ လေးဖော်ပေးထားရတယ် ၊ ရေရဲ့ (level)ကိုတော့ မကြာမကြာစစ်ပေးဘို့ လိုမယ်ညီ ၊ စိုက်ပျိုးထား တဲ့အိုးတွေကို အေးပြီး အလင်းရောင်မှရှိ လေ၀င်လေထွက် ကောင်းတဲ့နေရာမှာ အပင်သူငယ်လေး ၁လက္မကျော်တဲ့ အထိထားပေးရတယ်။
 အဲဒီအရွယ်ကို ရောက်ပြီဆိုရင်တော့ အလင်းရောင်ပိုရပြီး အနွေးဓာတ်ရှိတဲ့ နေရာကို တဖြေးဖြေး ရွေ့ရွေ့စိုက်ပေးရတယ် ညီရဲ့ ၊ အဲပန်းလေးတွေပွင့်လာ ပြီဆိုရင်တော့ ၊ အလှထိုးပန်းအိုးလေး ဖြစ်သွားရောညီ ၊ ဒါကတော့ အိမ်တွေမှာ အလှဆင်တဲ့ သစ္စာပန်းစိုက် ပျိုးနည်းလေးပါဘဲ ၊ ကိုကိုအိမ်က ဧည့်ခန်းထဲမှာ စိုက်ထားတဲ့ ပန်းလေးတွေက ဒီနည်းနဲ့စိုက်ထားတာညီ ၊ ဂျပန်နိုင်ငံမှာ အဲလိုစိုက်ပျိုးပြီးသား ပန်းအိုးလေးတွေ ရောင်းတယ်ညီ ။
နောက်တနည်းကတော့ ရှားပန်းပန်းမျိုးတွေကို စိုက်တာညီ ထက်ခြမ်းခွဲစိုက်နည်းခေါ်တယ် သစ္စာပန်းဥအောက်ဖက် အမာရွတ် (ချက်)ပိုင်းပါအောင် ဓားထက်ထက်နဲ့ လှီးရတယ် ၊ (lateral bud ) မျက်စေ့လည်း ပါရမယ် ၊ ထက်ချမ်း ခွဲထားတဲ့ သစ္စာပန်းဥကို အခြောက်ထားပြီး စိုက်ကွင်းမှာ စိုက်ရတယ် ။ သစ္စာပန်းဥ အမြစ်ကို မီးသွေးမှုန့်နဲ့ စိုက်မယ်ဆိုရင်တော့ ဥထဲကရေခိုးရေငွေ့ တွေအပြင်ထွက် မသွားတော့ဘူး ၊ အပြင်က ရေခိုးရေငွေ့ကိုလည်း စုပ်ယူနိုင်သေးတယ် ၊ ပြင်ပပိုးမွှားရောဂါကိုလည်း ကာကွယ်နိုင်သေးတယ်ညီ ရဲ့ နောက်ပြီး ပန်းပွင့်လဲမြန်တယ်ကွ ၊ တချို့ကတော့ (Aldrin) လူးစိုက်ရင်တော့ ပိုကောင်းတာပေါ့ ညီ။
 ရှားပါးတဲ့ သစ္စာပန်းမျိုးတွေကို ထက်ခြမ်းခွဲပြီးစိုက်ပျိုးတာဟာ မျိုးဥနဲနဲနဲ့ အပင်များများရတယ် ညီရဲ့ နောက်မျိုးဥတွေအတွက် ကုန်ကျစရိတ်လဲ အင်မတန်သက်သာတယ်ညီ ။ အကိုတော်တော်လေး ပန်းအကြောင်းကို သိတယ်နော် အင်းပေါ့အကိုက ပန်းသယ်ဆိုတော့ ပန်းအကြောင်းသိရတာပေါ့ ဒီလောက်သိရုံနဲ့တော့ ပန်းစိုက်လို့မရသေးဘူးညီ ၊ အကိုပန်းစိုက်စားဘို့ ၄နှစ်လောက် စာအုပ် မျိုး စုံဖက်ပြီး လက်တွေ့ ၂နှစ်လုပ်ခဲ့ရတယ် ၊ မင်းကပန်းရောင်းတာလေးဘဲ မြင်တာကိုကွ ။
အခုပြောခဲ့တာက ပန်းစိုက်ပုံလောက် ရှိသေးတာညီရဲ့ မင်းကို သစ္စာပန်းတွေရဲ့ လိုအပ်တဲ့ အာဟာ ရအကြောင်းတွေ ပြောပြရအုံးမယ်။

ဟုတ်ကဲ့ စာရေးထားတာ များနေလို့ ခွဲတင်ပါ့မယ် စာဖတ်သူများ စိတ်ဝင်စားရင် ပန်းစိုက်လို့ရအောင် သစ္စာပန်း စိုက်နည်း ပြုစုနည်းများကို မှတ်ထားတာရော စာအုပ်များမှ ပါကိုးကားပြီးတော့ ရေးထားပါတယ် ခင်မျာ ။ စာဖတ်သူများ ကျန်းမာပျော်ရွှင်ပါစေ လို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ဗျာ။


10 comments:

Angelhlaing(May everybody be happy and healthy! said...

သစ္စာပန်းခင်းထဲရောက်သွားသလိုပါပဲ။
ဗဟုသုတလေးတွေအတွက်ကျေးဇူးပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ.

အင်္ဂါဟူး said...

ဆက်ပါ ဆက်ပါ....

စုထားတဲ့ ပိုက်ဆံလေးနဲ့ ပန်းစိုက်လို့ အောင်မြင်ပါက... ဦးငွေအား ဂျော်နီလမ်းလျှောက်နဲ့ ကန်တော့ပြီး ဒေါ်ငွေအား ရေသဘင် မျက်မှန်တစ်လက် ကန်တော့ပါမည်။

ကိုဇော် said...

ဟား . . အတော်ပဲဗျာ။ ကျနော် ပန်းစိုက်ဖို့ အတော် စိတ်ဝင်စားနေတာ။ နက်ထဲမှာလည်း နည်းနည်းပါးပါး ရှာဖြစ်ပါသေးတယ်။ အခုလို လက်တွေ လုပ်ပြီး အောင်မြင်ထားတဲ့ လူဆီက နည်းလမ်းရတော့ ပိုကောင်းတာပေါ့ဗျာ။ ဆက်ပါဦး။

...အလင်းစက်များ said...

ပြင်ဦးလွယ်မှာ ခဏနေရတုန်းက သစ္စာပန်းဥလေးတွေ ပျိုးချဘူးတယ်... ဘာရယ် မဟုတ် မျိုးစေချတိုင်း ပန်းပွင့်တဲ့ အရပ်မို့  လုပ်ကြည့်တာ....

မီးသွေးခဲလေးတွေနဲ့  စိုက်ကြည့်တာ အဲ့သည်ပန်းက ပိုမြန်ပြီး ပိုလှသဗျ.... ခုမှဖတ်ကြည့်လို့ သတိရမိတာ..

ဘာပဲဖြစ်ဖြစ် အောင်မြင်ဖို့ ဆိုရင် နှစ်နဲ့ ချီပြီးရင်းနှီး သင့်ရင် ရင်းနှီးရမယ် (ငွေအားတင်မက ဦးနှောက်အားပါ) ဆိုတာ တို့ လူမျိုးတွေ သိစေချင်တယ်.. ကိုယ်တိုင်လဲ နမူနာယူသွားတယ်...

ကျောက်သစ္စာ said...

ခြံစိုက်တာတော့ တကယ်ဝင်ငွေကောင်းတယ်..ဒီမှာ ယိုးဒယားတွေ၊ ဗမာဆရာဝန်တောင်ပါသေး..အာရှကြိုက် စားပင်တွေစိုက်ကြတာ တပတ်ကို ဒေါ်လာတသောင်း အနဲဆုံးဝင်တယ်..ရိုးရိုး သစ်သီးခြံစိုက်တဲ့ အဖြူတွေက အဲလောက်မဝင်ဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့က ပန်းတွေကြိုက်တယ်
အိမ်မှာ စိုက်လဲစိုက်ထားတယ်
ဒါကြောင့်ပန်းစိုက်နည်းဆို စိတ်ဝင်စားတယ်
အသက်ကြီးလာရင်ပန်းပင်လေးစိုက် စာလေးဘာလေးဖတ် ပြီး အေးဆေးနေဖို့ စိတ်ကူးတယ်လေ။
ခုလဲ ရေးထားတာတွေကို စိတ်ဝင်တစား ဖတ်သွားပါတယ်..
ဆက်ရေးမဲ့အကြောင်းလေးလဲ စိတ်ဝင်စားတယ်
စောင့်ဖတ်ပါမယ်

မေသိမ့်သိမ့်ကျော် said...

တကယ်ကို ဗဟုသုတရပါတယ်။ အစ္စတာလီလီ (တစ်ချို့က လက်ထပ်ပန်းလို့ ခေါ်ကြတယ်) စိုက်တာနဲ့ သွားတူတယ်လို့ ထင်မိပါတယ်ရှင်။ ကျွန်မ အဖေက အရင်က သစ္စာပန်း နဲ့ အစ္စတာလီလီတွေ ခြံထဲမှာစိုက်တာလောက်ပဲ မြင်ဖူးတာ။ ဒီလောက် အသေးစိတ် မသိဘူး။ အခုမှပဲ အသေအချာ သိရတော့တယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ခင်မင်လေးစားလျက်

sosegado said...

ဗဟုသုတလေးရသွားပါသည် သစ္စာပန်း၊ ရောက်လာပုံကိုတော့သိရပါသည်၊ သစ္စာပန်း ဘယ်လိုစခေါ်ဖြစ်လဲလေးသိရရင်ကောင်းမယ်လို့၊

စော(အဝါရောင်မြေ) said...

အဲလို သေးစိတ်သိတဲ့ ပြောတဲ့သူကရှားတယ်နော်။
စိတ်ဝင်တစား လာဖတ်သွားပါတယ်။
သစ်ခွပန်း ကို ဘယ်လို အောင်မြင်အောင် စိုက်လည်း သိရင်လဲ တင်ပေးပါအုံးနော် ။
ခုတော့ သစ္စာပန်း ကြောင်း စောင့်ဖတ်ဦးမယ်။

Anonymous said...

သစ်ခွပန်းအကြောင်းလေးလည်းတင်ပေးပါဦး