Sunday, March 27, 2011

စာပေဟောပြောပွဲနှင့်အတူ


ကျွန်တော် ဖေဖ၀ါရီ လေးရက်နေ့က နေ့မတ်လ ၂၀ရက်နေ့ထိ မြန်မာနိုင်ငံကို ပြန်ဖြစ်တယ်ဗျ၊ မရောက်တာလဲ သုံးနှစ်လောက်ကြာပြီ၊ မြန်မာပြည်ဘာတွေထူးလဲပေါ့၊ ထူးတယ်ဘဲပြောရလိမ့်မယ် ထင်ပါတယ်၊ ခုတလော မြန်မာပြည်မှာ နိုင်ငံကျော်ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေ၊ နိုင်ငံကျော်စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပပြုလုပ်နေကြ တာကိုတွေ့မြင်ခဲ့ရပါတယ်။
ဟိုအရင်ကလဲ တရားပွဲတို့ စာပေဟောပြောပွဲတို့ဆိုတာ ရှိတော့ရှိခဲ့ကြပါရဲ့ ဒီလောက်မများဘူးလို့ထင်တယ်၊ အခုတော့ သိသိသာသာကိုများလာတယ်၊ ကျွန်တော် မှတ်မှိသလောက်ဆိုရင်တော့ စကာင်္ပူရောက် မြန်မာညီကိုယ်မောင်နှမတွေရဲ့ တပ်လှန့်သံကြောင့် စာပေဟောပြောပွဲတွေ တိုးတတ်များပြားလာတယ်ဆိုရင် မှားမယ်လို့မထင်ပါဘူး၊ ဘာကြောင့်လဲဆိုရင် အရင်ကလဲ စာဆိုတော်နေ့တို့ ၊ အမေ့နေ့တို့မှာ နှစ်စဉ်နှစ်တိုင်း စာရေးဆရာကြီးတွေ ဟောပြောကြပါတယ်၊ မန္တလေးမှာဆို ဦးလှသိန်းဓမ္မာရုံမှာ အမေ့နေ့ကို ၁၉၉၆ခုနှစ်ကတည်းကစပြီး ဘဘဦးသုခ ကအမေဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဟောခဲ့တယ်၊ နောက်တော့ စာဆိုတော်နေ့တွေ ကုလသမဂ္ဂဂေဇာတ်ဝင်နေ့တွေ၊ မြန်မာအခါတော်နေ့တွေမှာ ကြိုကြားကြိုကြား ဟောကြပြောကြတာ တွေ့ဖူးမြင်ဖူး ဖတ်ဖူး မှတ်ဖူးပါတယ်။
ရန်ကုန်မှာကတော့ ၂၀၀၃-၂၀၀၄ ကစပြီး၊ ကြည့်မြင်တိုင်က နိုင်ငံတော်သာဓု ပရိယတ္တိစာသင်တိုက်ကြီးမှာ ဧပြီလကနေစပြီး ဇွန်လကုန်ထိ ညစဉ်ညတိုင်း နိုင်ငံကျော်စာရေးဆရာကြီးတွေဖြစ်တဲ့ ဆရာချစ်တို့၊ နန္ဒာသိန်းဇံ၊ ဒေါက်တာမင်းတင်မွန်၊ ကောင်းသန့်၊ ဖေမြင့်၊ သိပ္ပံမှူးတင်၊ စတဲ့ဆရာကြီးတွေ၊ ရဟန်းစာဆိုတွေဘက်က အရှင်ဆန္ဒာဓိက၊ အရှင်ဆေကိန္ဒ၊ အရှင်သုန္ဒရ၊ အရှင်ပညာသီဟ၊ ရဝေနွယ်အင်းမ၊ ဓမ္မဘေရီတောင်စွန်း၊ စသဖြင့် နှစ်စဉ်နှစ်တိုင်း တစ်လကျော်နှစ်လ စာပေဟောပြောပွဲကျင်းကြပါသလို၊ ဧရာဝတီတိုင်းက ဒေးဒရဲမြို့မှာလဲ နှစ်တိုင်း နိုင်ငံကျော်စာရေးဆရာကြီးများ ကျွန်တော် မှတ်မှိသလောက်၊ ဒါရိုက်တာမောင်ဝဏ်ဏ၊ ချစ်ဦးညို၊ သုမောင်၊ မောင်မျိုးမင်း၊ ဓနုဖြူဆွေမင်း၊ အီကြာကွေး၊ နန္ဒာမိုးကြယ်၊ ဖေမြင့်၊ ချစ်စံဝင်း၊ လယ်တွင်းသားစောချစ်၊ စသောပုဂ္ဂိုလ်များ၊ ကြို့ပင်ကောက်မြို့မှာလဲ နှစ်စဉ် စာပေဟောပြော ပွဲတွေကျင်းပပါတယ်။
 ဒါပေမဲ့ ကျွန်တော်သိသလောက် အဲလောက်ဟောကြားခဲ့ပေမဲ့ စကာင်္ပူ ရောက်မြန်မာတွေကျင်းပတဲ့ စာပေဟောပြောပွဲလောက် နာမည်မကြီးကြပါဘူး၊ အခုမြန်မာပြည် ပြန်ရောက်တော့ အောင်မလေး အိမ်ပေါက်စေ့ စကာင်္ပူနိုင်ငံရောက် မြန်မာများ ကပြုလုပ်တဲ့ ပထမအကြိမ်စာပေ ဟောပြောပွဲကို လူတိုင်းလူတိုင်းကြည့်နေကြလို့ ၀မ်းသာလိုက်ရတာ ၊ လက်ဘက်ရည်ဆိုင်လဲ ဆရာချစ်၊ နေ၀င်းမြင့်၊ ဂျုး၊ ခင်ခင်ထူး ၊အောပီကျယ်၊ ခင်ခင်ထူး၊ ဂျုး ၊နေ၀င်းမြင့်၊ ဆရာချစ် ပတ်လည်ရိုက်နေလိုက်ကြတာ၊ ဒုတိယအကြိမ်လုပ်တော့လဲ လူတွေနားထောင်လိုက် ကြတာ၊ ဒါနဲ့မော်လမြိုင်ကို ၂လပိုင်းအကုန်လောက်က ရောက်တော့ စာပေဟောပြောပွဲလုပ်ကြသေးသတဲ့။
 ဟာ မြတ်စွာဘုရား သာသာလုပ်ပါ ညီကိုယ်ဝမ်းကွဲ ထွန်းမင်းကျော် အဆိုအရဆိုရင် ၇ရက်တောင်ကျင်းပတာတဲ့ လူပရိတ်သတ် တညကို နှစ်သောင်းလောက်လာနားထောင်တယ်၊ စာအုပ်ဈေးပွဲတော်ပါတယ်၊ ကျောင်းသားတွေအတွက် ကဗျာပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေ စတာတွေနဲ့ ဒီဇင်ဘာ၂၅ရက်နေ့ကနေ ကျင်းပလိုက်တာ ၃၁နေ့ကျမှ ပြီးတယ်တဲ့ စာရေးဆရာပေါင်း ၂၂ယောက်လာပြီးဟောပြောသွားတယ်လို့လဲ သူကဆက်ပြောပါတယ်၊ ကျွန်တော်ဆက်ဆက်ပြီး စဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ မွန်လူမျိုးတွေနေထိုင်တဲ့ အဲဒီအရပ်ဒေသဟာ ဘာလုပ်လုပ် သူတို့ကစပြီး ကြီးကြီးကျယ်ကျယ်လုပ်ကြတယ်၊ ဘာသာရေးနဲ့ပတ်သက်လို့ သာသနာတော်မြန်မာပြည်ကို စတင်ရောက်ရှိလာတာ မွန်ပြည်နယ်က၊ အမျိုးသားသီတင်းစာ စတင်ထွက်ရှိတာ မော်လမြိုင်က၊ အမျိုးသားကျောင်းတွေ စတင်တည်ထောင်တာ မော်လမြိုင်က တော်တော်နိုးကြားတဲ့ မော်လမြိုင်လို့ တွေးလိုက်မှိပါတယ်။
ညီကိုယ်တော်က DVD တစ်ချပ်ပေးလိုက်တယ်၊ အဲဒါက ဒုတိယပိုင်းတဲ့ စာရေးဆရာတွေ ဟောပြောထားတဲ့ ရုပ်သံခွေပါ၊ အဲဒီအခွေထဲမှာ ဆရာမခင်ခင်ထူး၊ ဆရာနေ၀င်းမြင့်၊ ဆရာဦးလှထွန်း(မြန်မာစာ)၊ ဆရာဦးဘုန်း(ဓာတု)၊ ဆရာကျော်ရင်မြင့်+ဖေလင်းသစ်၊ ဆရာအတ္တကျော်၊ ဆရာမဂျုး၊ ဆရာကြည်မင်း(ကျော်ဇောမင်း)၊ဆရာကိုတာ၊ ဆရာအော်ပီကျယ်တို့ ၁၀ယောက်ဟောပြောထားတဲ့အခွေပါ၊ ဟောပြောချက်တွေကလဲ ကောင်းလိုက်တာမှ ကြက်သီးမွေးညင်း ထချင်လောက်တဲ့ အထိကောင်းပါတယ်။
 ဒီအခွေကိုကြည့်ပြီး စာပေဟောပြောပွဲကို တပ်လှန့်ပေးလိုက်တဲ့ စကာင်္ပူက သဇင်မဂ္ဂဇင်းမိသားစု နဲ့မြန်မာ ညီကိုယ်မောင်နှမတွေကို ကျေးဇူးတင်မှိပါတယ်၊ သောကြာအယ်ဒီတာချုပ် ဆရာဝေသာက စကာင်္ပူ အခွေမြန်မာပြည်ကိုရောက်လာကတည်းက စာပေဟောပြောပွဲတွေကို အခွေထုတ်ရတယ်လို့ ဒီမှာသိကုန်ကြတယ်တဲ့၊ ဘယ်လိုဘဲဖြစ်ဖြစ် စာအုပ်စာပေဖတ်တယ်၊  စာရေးဆရာကြီးတွေရဲ့ အတွေးအမြင် အရေးအသားတွေကို နားထောင်ကြတယ်ဆိုတာ ၊ အင်မတန်မှကောင်းပါတယ်။
ဂျိန်းသွန်မဆင် ဆိုတဲ့ ပုဂ္ဂိုလ်က စာပေဟောပြောပွဲနဲ့ပတ်သတ်ပြီး စကားလေးတစ်ခု ပြောခဲ့ဖူးပါတယ်`မင်းဟာ စာအုပ်တစ်အုပ်ဖက်လို့ အတွေးအမြင်သစ် တစ်ခုကိုရတယ်ဆိုရင် စာအုပ်ရေးသားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို စာအုပ်တစ်အုပ် ဖတ်ချိန်လောက် အချိန်ပေးပြီး နားထောင်လိုက်ရင် မင်းဟာ အတွေးအမြင်သစ်တစ်ရာကို လက်ခံရရှိလိမ့်မယ်တဲ့´ စာအုပ်ဖတ်ခြင်း စာပေစကားနားထောင်ခြင်းဟာ တစ်ဦးတစ်ယောက်ခြင်း ရဲ့အသိညာဏ်ကို နိုးဆွပေးတာဘဲမဟုတ်ပါလား၊ ကျွန်တော်တို့အမိနိုင်ငံတော်ကြီးမှာ တဦးတစ်ယောက်ခြင်းအသိညာဏ်ဟာ အင်မတန်နဲပါးတာကိုတွေ့မြင်ရပါတယ်။
အလှူအိမ်မှာ ယနေ့တိုင် ဖိနပ်အခိုး ခံနေရဆဲပါ၊ မသာအိမ်မှာ ဟစ်ဟော့သီချင်းဖွင့် ဆူညံပြီး ၀ုန်းဒိုင်းကြဲ ရန်ဖြစ်နေကြဆဲပါ၊ ပြည်လမ်းမပေါ်မှာ အစိုးရက ညဘက်လင်းဘို့ထွန်းပေးထားတဲ့ လမ်းဘေးမီးတိုင်က မာကျုရီမီးသီးကြီးတွေကို အသက်၂၀ကျော် သုံးဆယ်တွေက ညကြီးသန်းခေါင်မှာ လေးခွနဲ့ပြစ်ပြီး လက်တည့်စမ်းနေကြဆဲပါ၊ ကားပေါ်မှာ ခါးပိုက်နှိုက်ကြဆဲ၊ ဗိုက်ကြီးသည်နဲ့ ဘုန်းတော်ကြီးကို နေရာမပေးတတ်ကြသေး၊ ကားပေါ်တက်ရင် တံဒေါင်နဲ့တွက်ပြီးတတ်တတ်ကြသလို၊ လူလစ်ရင်လဲ လစ်သလို ကွမ်းတံတွေး တဗြစ်ဗြစ်ထွေးတတ်ကြပါတယ်၊ ဘုရားဖူးရင်တောင် ပါလာတဲ့အိတ်ကို အရှေ့ချရှစ်ခိုးနေရဆဲမဟုတ်ပါလား။
စာပေဟောပြောသံတွေ တရားသံတွေဆူညံနေလင့်ကစား ခံစားတတ်တဲ့နှလုံးသား၊ ခံစားတတ်တဲ့ အသိညာဏ်တွေ တဦးချင်းတစ်ယောက်ချင်း မရှိသေးသမျှ ၊ ကျွန်တော်တို့ဝန်းကျင်ဟာ ဘယ်တော့မှ တည်ငြိမ်အောင် တည့်မတ်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ တွေးမှိပါတယ်၊ ဒါကြောင့် စာပေဟောပြောပွဲတွေလဲ နားထောင်ကြမယ်၊ တရားတော်တွေလဲ နာကြမယ်၊ လူတစ်ဦးတစ်ယောက်ချင်းမှာ ရှိသင့်ရှိထိုက်တဲ့ အသိညာဏ်လေးတွေလဲ ဖြည့်စွက်ကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နေရာ အမိမြန်မာပြည်ကြီးဟာ ပျော်ရွင်ချမ်းမြေ့သောသော အိုအေစစ်တစ်ခုဖြစ် လာလိမ့်မယ်လို့ ငွေလမင်းတို့ကယုံကြည်မှိပါတယ်။
စာရှုသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ၊ အော်ဒါနဲ့စကားမမစပ် လေယာဉ်ပေါ်တက်ခါနီး မှာ ဆရာအော်ပီကျယ်နဲ့ ဘလော်ကာ နေဇော်လင်းလား နေဇော်နိုင်လားတို့ မသိဘူး သူတို့ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ တွေ့လို့နုတ်ဆက်လိုက်သေးတယ်၊ ဒူဘိုင်းသွားမလို့တဲ့ ဆရာချစ်က ရှေ့ကရောက်နှင့်ပြီတဲ့ ဆရာအော်ပီကျယ်က ထိုင်းကနေ ဒူဘိုင်းလေယာဉ်စီးမယ်လို့ဆိုပါတယ်၊ စကာင်္ပူ ဟောပြောပွဲကို ဆရာအောင်သင်းမလာနိုင်လို့ စီဒီခွေနဲ့ ဘဲဟောပြောလိမ့်မယ်လို့ ဆရာအော်ပီကျယ်က ပြောသွားပါသေးတယ်။
 စကာင်္ပူမှာ လူကြီးနဲ့လူငယ်နှစ်ဖွဲ့ကွဲသွားပြီး စာပေဟောပြောပွဲ ၊ နှစ်ပွဲဖြစ်လိမ့်မယ်လို့ ဆရာအော်ပီကျယ်က ဘုန်းတော်ကြီးတစ်ပါးကို လျှောက်နေတာကို ကြားရပါတယ်၊ ဟင်း အောင်မြင်မယ်မကျန်သေးဘူး မြန်မာ အကျင့်က စပြီလို့ တွေးလိုက်မှိသေး။ နောက်ရက်တွေဘလော့တင်ဖြစ်ရင် မော်လမြိုင်ဟောပြောခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ ဟောပြောချက်တချို့ကို ကောက်နုတ်ရေးမယ်လို့ တွေးထားပါတယ် ဖတ်ျမယ်မလားခင်မျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

7 comments:

အင်္ဂါဟူး said...

ဖတ်မှာ ဖတ်မှာ၊ ရုပ်သံပါ ရရင် ပိုကောင်းမယ် ကိုကိုငွေ။

အဲလောက်တောင် ဖြစ်နေကြပြီလား မြန်မာပြည်မှာ၊ ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်။ ကိုယ့်အတွေးနဲ့ကိုယ် တစ်ခုခုတော့ ပြောင်းနိုင်ကောင်းရဲ့လို့ တွေးမိတယ် (လူနေမှု စရိုက်တွေကို ဆိုလိုပါသည်)

နှစ်ဖွဲ့ စကွဲတဲ့ မြန်မာအကျင့်ဆိုတာတော့ မကြိုက်လှဘူးဗျာ။ နှစ်ပတ်ခြား ဆိုတာလဲ သိပ်တော့မနိပ်လောက်ဘူးလို့ ထင်တာပါပဲ။

peter kyaw said...

ဆရာအော်ပီကျယ်နှင့် အတူတူတွေ့ ရတဲ့ ဘလော့ ဂ်ဂါက
နေစိုးနိုင်ဖြစ်ပါတယ်...

စော(အဝါရောင်မြေ) said...

စာပေဟောပြောပွဲးက တပတ်ပဲခြားပြီး နှစ်ပွဲး။ တစ်ပွဲးက ဆရာဦးအောင်သင်း လာမယ်။
တပွဲးက မလာဘူ။
ီဒူဘိုင်းပွဲးမှာ ပြောသွားတယ်လေ။ နှစ်ယောက်ရှိရင် သုံးဖွဲ့ ကွဲးတယ်တဲ့။

ကိုဇော် said...

ရေးထားတဲ့ အချက် တော်တော်များများကို သဘောတူပါတယ်။ မြန်မာ ဆိုတာကလည်း အတော် ခက်တာပဲကိုး။ ပင်ကို ကောင်းကွက် စတိုင်လ်ရယ်လို့ ဘယ်ဟာကို ပြရမယ် မသိဘူး။

Anonymous said...

ဘာဘဲလုပ်လုပ် ဒီလိုတွေ ဖြစ်နေတာကို စိတ်ညစ်လှတယ်

ရွှေမြန်မာ
ရွှေစင်ဦး

မောင်လေး said...

အေးဗျ...ဒီတစ်ခါဘယ့်နှယ် တပတ်ခြားနှစ်ပွဲ ဖြစ်ရသလဲ
တွေးနေတာ... စော ပြောသလို ကျွန်တော်တို့တွေကလည်း
၂ယောက်ရှိ ၃ဖွဲ့ကွဲသကိုးဗျာ...။မော်လမြိုင်ဟောပြောပွဲ
ကောက်နှုတ်ချက်တွေကို စိတ်ဝင်စားသဗျိုးးးးး

Anonymous said...

အော်.. သူတစ်လူ ငါတစ်မင်း အချင်းချင်း ရင်ကြားစေ့လို့ မရ ခွဲရေး တွဲရေး အကွဲ အလွဲတွေနဲ့ အငြင်းပွားနေကြ တာကိုက မြန်မာလူမျိုးရဲ့ စတိုင်လို့ပြောရမလားမသိတော့ပါဘူး။ ၂ယောက်ရှိ ၃ဖွဲ့ ကွဲယုံတင် မဟုတ်ဘူး အယူအဆကပါ ၃ဖွဲ့မှာ ၆မျိုးလောက်ကွဲသေးတာဗျိုး ဘယ်မှာလာပြီး ညှိနှိုင်းလို့ ရနိုင်ပါတော့မလဲ။ သိကြားမင်းတောင် ဆင်းမကယ်နိုင်တဲ့အပေါက်။ စိတ်ပျက်မိပါရဲ့။