Tuesday, May 17, 2011

မဒမ်ငွေ၏ တနပ်စာ

ဒီတလော စိတ်မောလူမောနဲ့ ဖြစ်နေတာဗျ ၊ ဘလော့တွေမှာလဲ တဂ် ထားတာတွေ မရေး ပေးနိုင် တော့ အားနာတယ်၊ ဘယ်လောက်ဘဲ စိတ်မောမော စိတ်မညစ်တတ်တာ ကတော့ ဗီဇပြောရမ လားမသိဘူး၊ ပျော်လို့တော့မဟုတ်ပါဘူးရယ်၊ စိတ်မညစ်တတ်လို့ပါ ။
မဒမ်ငွေက ဒီတလော ၂၁ရက်လုံးလုံး ဘာမှကျွေးလို့မရဘူး၊ ရောဂါအခြေနေက ဘာမှန်းမသိဘူး၊ ဆေးခန်းသွား၊ ဆေးသောက် ဆေးထိုး ၊ နေ့လည်ဖက် အကောင်းကြီး ညကြတော့ ဖျား မိုးလင်း တော့ အလုပ်မလုပ်နိုင် အလုပ်မလုပ်နိုင်တာ ဘာမှမဖြစ်ဘူး ဘာမှမစားတာရယ်၊ စားပြီးရင်အန် တာရယ်ကို၊ စိတ်ပူတာ တနေ့တော့ သူဝမ်းဗိုက်ကြီးက ပူလာတာ ၊ ကျောက်ကပ်ပျက်စီးသွားတဲ့ ဘယ်ဘက်အခြမ်းကလေ တော်တော်လေးကို ရောင်လာပါတယ်။
 ဆေးတွေတိုက်ရင် အန်တယ်၊ သစ်သီးလေးတွေတော့ စားနိုင်ပါတယ်၊ သူအမြဲတမ်းစားတာ ကဗလာသီး အစိပ်လေးတွေ ၊ ဆေးခန်းက ပေးလိုက်တဲ့ ဆေးတွေကလဲ ပြင်းလွန်းလို့ အစာမရှိဘဲ သောက်၊ ကျွန်တော် အဲဒီရက်တွေက ခေါင်းပူတယ်ဗျ၊ နောက်နေ့ကျတော့ မဒမ်ကို ကျွန်တော် ပြောလိုက်မှိတယ်၊ `ယူရေ မင်းဆေးမသောက်နဲ့တော့ကွာ´လို့ အစာမရှိဘဲ ဒီိလိုသာ ဆေးပြင်း တွေသောက်နေရင် မင်းဒုက္ခရောက်လိမ့်မယ်လို့၊ အန်ပါများတော့ အစာအိမ်က သွေးကြောမျှင် လေးတွေ ပြတ်ထွက်ကုန်တယ်၊ နောက်ပြီးတော့ အစာအိမ်ထဲက အက်ဆစ်တွေပါ တအားထွက် တော့အစာအိမ်ကပါ မနေနိုင်တော့ဘူးထင်တယ်၊ နာလာတာနေမှာပေါ့ အမြဲတမ်း အပူချိန်က တစ်ရာကျော်မှာရှိနေတယ်၊ ကဲ ကိုကိုငွေဘာလုပ်သင့်သလဲ။
ဒါနဲ့သူနဲ့ ကျွန်တော် တိုင်ပင်ပြီး ဆေးခန်းက ပေးတဲ့ဆေးတွေကို တစ်လုံးမှမသောက်ဘဲ ဒီည တော့အိပ်ပလိုက်တယ်၊ ထင်တဲ့အတိုင်းပါဘဲ ၊ ဆေးခန်းက အစာအိမ်ဆေးတွေ အဖျားဆေးတွေကို မသောက်ဘဲ နေလိုက်တယ်၊ ဖျားလာရင်တော့ အဖျားဆေးသောက်မယ်ပေါ့၊ အဆင်ပြေလိုက်တာ ဗျာ၊ အဲဒီနေ့က စပြီးမဒမ်ငွေ သက်သာလာတာ၊ ဟိုဟာ စားချင်ဒါစားချင် ဖြစ်လာတယ် ၊ အစာ ၂၁ရက်မစားဘူးဆိုတော့၊ မာတာတွေတော့ စားလို့မရဘူး၊ ဆန်ပြုတ်တိုက်တယ်၊ ခေါက်ဆွဲချက် ကျွေးတယ်၊ အခုတော့ သူနဲနဲစမ်းစားလာပါပြီ။
၂၂ရက်မြောက်နေ့ရဲ့ ညနေပိုင်းမှာ ဆေးခန်းကိုတခါထပ်သွားလိုက်တယ်၊ ဆရာဝန်က သူ့ကို တောင်မှတ်မှိနေပြီ၊ နောက်ဆုံး ပူနေတဲ့ဗိုက်ကိုကြည့်ပြီး ဆရာဝန်က ကျောက်ကပ်အလုပ်မလုပ် တော့တာကို ရိပ်မှိသွားဟန်ရှိတယ်၊ နောက်ပြီး ၀မ်းထဲမှာရှိနေတဲ့ ကျောက်လဲနေရာရွေ့နေတယ် လို့ သူက ပြောလိုက်ပြီး၊ ချန်ဂီ ဆေးရုံကိုချက်ခြင်းသွားဘို့ ညွန်ကြားလိုက်တယ်၊ ဆရာ ၀န်ထောက်ခံ စာလဲပေးလိုက်တယ်။
 ဟိုရက်က X –Ray ရိုက်ဖို့ ဆရာဝန်က စာတစ်စောင်ရေး ပေးသေးတယ်၊ သို့သော် သူပြောတဲ့အတိုင်းသွားတော့ နောက်လလောက်မှ ရိုက်လို့ရမယ်လို့ ရက်ချိန်းပေးတယ်၊ နက်ဖြန်တော့ ချန်ဂီကို သွားကြမယ်ပေါ့ ၊ လိုအပ်တာတွေ ပြင်ဆင်ကြ ဆေးရုံ တက်ရရင်လဲ တက်မယ်ဆိုပြီး အထုပ်ပြင်ကြတယ်ဗျာ၊
ဆေးရုံမှာလိုအပ်တာက ဆရာဝန်ရဲ့ ထောက်ခံစာရယ်၊ အသက်အာမခံထားတယ်ဆိုတဲ့ စာရွက် စာတမ်းတွေရယ်၊ ဒေါ်လာ၂၀၀၀လောက်ရယ်ပါ၊ ဆေးရုံရောက်တော့ X-Ray ရိုက်လိုက်တာ ကျောက်တွေ့တယ်၊ နောက် သေချာအောင်ဆေးစစ်တာတွေ စကင်ဖတ်လိုက်တာတွေ နဲ့ စုပေါင်းပြီး ဆရာဝန်ရဲ့ မှတ်ချက်ကတော့ မဒမ်ငွေ ဘယ်ဘက်ကျောက်ကပ်တခြမ်း ပျက်ဆီးသွားပြီ လို့အတည်ပြုလိုက်တယ်။
 နောက်တော့ မဒမ်ရဲ့ ဘယ်လက်မောင်းနဲ့ လက်ဖမိုးမှာ ဆေး၃လုံးထိုး လိုက်တယ်၊ ပူတင်းကားနေတဲ့ မဒမ်ရဲ့ ဗိုက်ဟာ အလိုလိုချပ်ပြီးကျသွားတယ်၊ သူတို့စီမှာ ဆေးကု ရတာဟာ ဆေးဘိုးဝါးခ တခဏအတွင်း ၁၀၀၀ လောက်ကုန်ပေမဲ့၊ သက်သာသွားတာရယ် အဖြေ အတိအကျ သိသွားတာရယ်ဟာ၊ ကျွန်တော်တို့နှစ်ယောက်အတွက် အရမ်းပျော်စရာကောင်း တယ်ဗျ။ ကျေလဲကျေနပ်တယ်၊ အရမ်းလဲ ကရုစိုက်ကြတယ်။
ခွဲစိပ်မယ်ဆိုတာ ဆရာဝန်ကလဲပြောတယ်၊ နောက်ပြီးတော့ ဒီလောက်အဖြေအတိအကျကို ဆရာဝန် တွေရော ဆေးကုခံမဲ့လူနာကပါ အတိအကျ မြင်တွေ့နေရပေမဲ့ ၊ သူတို့က ဒါကို အတည်ထပ်ပြုဘို့လိုသေးတယ်တဲ့၊ ချန်ဂီဆေးရုံထက် မြင့်တဲ့ဆေးရုံမှာ ဆေးထပ်စစ်ရအုံးမယ် ၊ စကင် ထပ်ရိုက်ခိုင်းသေးတယ်၊ သူတို့က ကြိန်းသေအောင်ဆိုတဲ့စေတနာနဲ့ပါ ၊ အခုအဲဒီဆေးရုံ ကိုချန်ဂီဆေးရုံက ရေးပေးလိုက်တဲ့ ဆရာဝန်ရဲ့စာနဲ့ မဒမ်ရဲ့ ကျော်ကပ်ကိုရိုက်ထားတဲ့ စီဒီခွေရယ် ကိုကိုင်ပြီးစောင့်နေရတယ်။
 နောက်ထပ် ၁၀၀၀ထောင်လောက်ကုန်ရအုံးမဲ့ သဘောပေါ့၊ အကယ် လို့သာ ခွဲစိပ်ဘို့ကြိန်းသေပြီဆိုရင်တော့ အကြီးစား ခွဲစိပ်မှု့ဖြစ်လို့ ဒေါ်လာ တစ်သောင်း ကျော်ကုန်ကျမယ်လို့ ခန့်မှန်းပြောဆိုပါတယ်။ မဒမ်ငွေ ရုံးက Issurance  လုပ်ပေးထားတော့ မဒမ်ငွေဘက်က အလွန်ဆုံးငွေကုန်ရင် နှစ်ထောင်လောက်ဘဲ ကုန်မှာဆိုတော့ တော်သေးတာပေါ့ဗျာ။
အခုတော့ မဒမ်ငွေလဲ တော်တော်နေကောင်း နေပါပြီ၊ အလုပ်ကိုလဲ သူ့သူဌေးက မခိုင်းဘူး ထိုင်စားခိုင်းထားတယ်၊ အလုပ်မရှိတော့ ဘလော့လည်တယ်၊ တဂ်ထားတာလေးတွေ ရေးတယ် ပေါ့၊ ပျော်တယ်ဗျာ အရင်ကထက်တောင်ပျော်သေး၊ ဟော ၂၁ရက် အဖတ်မစားတဲ့ မဒမ်ငွေ ကို စားသောက်လာလို့ ကျွန်တော်က၀မ်းသာတယ်၊ ချက်ကျွေးတယ်၊ မဒမ်ငွေလည်း နလန်ထမို့ထင့် စားလိုက်ပုံကတော့၊ အညာလေသံလေးနဲ့ ပြောရရင်တော့ အံ့ချက်တော်လို့တောင် ပြောရမလိုဘဲ။
နေကောင်းတ်ဲနေ့က စပြီးပြောမယ်နော်၊ သူဘာတွေစားသလဲပေါ့၊ ကျွန်တော်တို့သူနဲ့ ညနေပိုင်းဈေးသွား တယ်၊ သူက ပလာတာ နှစ်ချပ်စားတယ်၊ နောက်ပြီးတော့ ကုတ်တဗူးသောက်တယ်၊ နောက်ထပ် ထမင်းကျော် တစ်ပန်းကန် တစ်ယောက်တည်းစားတယ်၊ အဲကနေပြန်လာတုန်းလေး ဈေးကနေ ကြက်သားနဲ့ ၀က်သား ၄ကျပ်ဘိုးစီ၊ ၀ယ်လာတယ်၊ ပြီးတော့ ကဗ္ဗလာသီး ခြောက်လုံးဝယ်တယ်၊ ပြန်လာတယ်၊ အိမ်ကိုရောက်တော့ ၀က်သားလေးတွေကိုပြုတ်ပြီး၊ အသားမွှာလေးလုပ်ပြီး ၀က်သားနဲ့ ကြတ်သားမွှကျော် ကျော်ခိုင်းတယ်၊ ကျော်ပေးပြီးပြီးခြင်း ထစားတယ်။
 အဲဒီညမှာဘဲ ခေါက် ဆွဲချက်တယ်၊ ကြက်သားလေးနဲ့ အဲဒါကိုလည်း တပွဲထစားလိုက်သေးတယ်၊ ကဗ္ဗလာသီး နှစ်လုံး စားပြီး အိပ်သွားတယ်။နောက်နေ့ကြတော့ မနက်စာကို အကြော်အလှော်လေးတွေနဲ့ ချက်ပြုတ် ကျော်လှော်စားသောက်ပြီး၊ ညနေပိုင်းကြတော့ ထိုင်းဈေးကိုသွားစားကြတယ်၊ ထမင်းဖြူ၊ တုံယန်း ဟင်းချို၊ ၀က်သားပေါင်းနဲ့ မစိုးပါဘူးဗျ၊ မဒမ်စားနိုင်ပါတယ်၊ အဲဒီထိုင်းဈေးကနေ မျှစ်ရယ်၊ ဆန်ပြား ထုပ်တွေရယ်၊ တုံယန်းအခြောက်ထုပ်ရယ်ဝယ်လာပြီး  ညပိုင်းရောက် တော့ ပြောင်းဖူးကြော်စားတယ်။
ကျွန်တော်ပျော်လိုက်တာဗျာ၊ သူတအားစားလာတယ်ပေါ့၊ စိတ်အားငယ်ခြင်း ၊ ငိုရင်းဝမ်းနည်းခြင်း မျက်နှာငယ်ခြင်းမရှိပါဘူး၊ စားသောက်ပြီးအိပ်ပါများလာလို့ မျက်နှာကြီးသာ ကြီးလာပါတယ်၊ နောက်နေ့ မိုးလင်းတော့ ထထခြင်း ခေါက်ဆွဲနန်းပြားနှစ်ထုပ် ပြုတ်သောက်ပါတယ်၊ နေ့လည်ကြတော့ မနေ့က၀က်သားမွှာကြော်လေးကို မျှစ်နဲ့ရောချက်ပြီးစားပါတယ်၊ နောက်ပြီး ကြက်သားပြုတ်ထားတာကို ၊ ပဲငပိနဲ့ချက်ပြီးစားပါတယ်၊ ညနေပိုင်းကြတော့ ကျွန်တော်ဈေးသွား ပါတယ်၊ လေချူသီးလို့ခေါ်တဲ့၊ တရုတ်ဇီးသီး ၅ကျပ်ခွဲဖိုးဝယ်လာပါတယ်၊ နှစ်ယောက်သားစားတာ တနေ့တည်းကုန်သွားပါတယ်။
 ညနေ ၃နာရီလောက်မှာ ဗိုက်ဆာလို့ နန်းပြားနှစ်ထုပ်ထပ်ဖျော် သောက်ပါတယ်၊ လက်ဘက်တပွဲသုတ်စားတယ်၊ လေချူသီးထပ်စားပါတယ်၊ ၅နာရီလောက်မှာ နှစ်ယောက်လုံးဗိုက်ဆာလာလို့ Betok food court ကို သွားပြီး သူကကြက်ခြေထောက်နဲ့၊ ကြာဇံဖတ်ကို ခေါက်ဆွဲအရည်နဲ့တပွဲ သောက်ပါတယ်၊ ကျွန်တော်က ခေါက်ဆွဲအဖတ်နဲ့ အရေတပွဲသောက်ပါတယ် တစ်ယောက်သုံးကျပ်ဘိုးပါ၊ အဲဒီနောက်မှာ မဒမ်ငွေက ကြက်ခြေထောက် အကင်၂ကျပ်ခွဲဘိုးစားပါတယ်၊ ကျွန်တော်က ဘီယာသောက်ပါတယ်၊ နောက်ပြီး မဒမ်က ကြံရည်တစ်ခွက် သောက်ပါတယ်၊ ဗိုက်တွေ လည်းတင်းကားနေပြီမို့ အိမ်ကိုပြန်လာပါတယ်။
အိမ်ရောက်ရော မဒမ်ငွေက ဗိုက်ဆာလိုက်တာလို့ သနားစဘွယ်မျက်နှာလေးနဲ့ ညီးညူရှာပါ တယ်၊ ကဲမဒမ် ဘာစားချင်လဲပြော အိုင်ချက်ကြွေးမယ်ပေါ့ ပြောင်းဖူးကျော်ပါတဲ့ခင်မျာ၊ အဲဒါနဲ့ ပြောင်းဖူးတစ်ဖူးကို မုန့်နှစ်တို့ဘာတို့နဲ့ နယ်ဖတ်ပြီး အပြားလေးတွေ ကြော်ကျွေးလိုက်ပါတယ်၊ အော် နေမကောင်းဘူးမို့လားခင်မျ၊ စားချင်ရှာပေမပေါ့၊ ညအိပ်တော့ ကျွန်တော်စဉ်းစားတယ် ကျောက်ကပ်တခြမ်း ထုတ်ရမဲ့လူတွေဟာ ဒီလိုစားသလားပေါ့၊ ဒါမှမဟုတ် ကျော်ကပ်ကြောင့် များ ခံတွင်းလိုက်သေလားပေါ့၊ ဒါမှမဟုတ် မပြောကောင်းမဆိုကောင်း ဆေးရုံကနေပြီး ဘုတ်များဝင် လာသလားလို့ တွေးပြီး ကျွန်တော်တွေးနေမှိလိုက်သေးတယ်၊ အဲဒီညမှာ အိမ်မက်မက်တော့ ကျွန်တော်က ဘလော့ရေးတာတဲ့ ခေါင်းစဉ်က မဒမ်ငွေရဲ့ တနပ်စာတဲ့။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောက်ကပ်တခြမ်း ထုတ်ရတာဘဲဖြစ်ဖြစ် ၊ မထုတ်ရတာဘဲဖြစ်ဖြစ် မဒမ်ငွေ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် ရီနိုင်မောနိုင်တာကိုဘဲ၊ ပျော်လှပါပြီ ငွေဆိုတာ ရှိရင်တော့ ကုန် မှာပေါ့ဗျာ၊ ရှာရင်လဲရနိုင်တာဘဲ မဟုတ်ပါလား၊ ငွေရှာဘို့အတွက် ကျွန်တော်တို့နှစ်ယောက်လုံး မှာ ပညာဆိုတဲ့အရင်းနှီး ထိုက်သလောက်ရှိနေပါ့ဘဲ၊ ငွေထုပ်ကြီးဖင်ခုထိုင်ပြီး မစားနိုင်မသောက် နိုင်နဲ့ နေနေရတဲ့လူတွေထက်စာရင် ကျွန်တော်တို့နှစ်ယောက်ဟာ ကံကောင်းနေတာဘဲ မဟုတ် ပါလား၊ ငွေရှိပြီးမပျော်ရွှင်တဲ့ဘ၀တွေထက် ငွေရှိပြီး စားသောက်ပျော်ပါးပြီး ကျမ်းမာစွာနေနိုင်ခါ ချစ်ချစ်ခင်ခင် နေနေရတာကိုဘဲ ကျွန်တော်ပျော်လှပါပြီ။
 နေမကောင်းနေတဲ့ကာလတလျှောက်လုံး သူစားချင်တာချက်ကျွေး သူ့အ၀တ်တွေလျှော်ဖွပ်ပေး မီးအိုးထိုးပေး၊ နှိပ်ပေး လမ်းလျှောက်ပေး ဆေးခန်းလိုက်ပို့ သတို့သားလောင်း တစ်ယောက်တာဝန်ကျေပွန်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်မှိ ပါတယ်၊ တစ်ကယ်တန်းတော့ ဒီ၂၁ရက်ဟာ ကျွန်တော့ရဲ့အချစ်ကို မဒမ်စမ်းသပ်ခွင့်ရသွာတာ ဘဲ မဟုတ်ပါလား၊ တစ်ခုမဒမ်ကိုတောင်းပန်ချင်တာက ကျွန်တော် ချက်ပြုတ်ပြီး မဒမ်မစားလို့ နေမ ကောင်းတဲ့အချိန်မှာ မဒမ်ကိုအော်မှိပါတယ်၊ အဲဒါကိုမဒမ်က စိတ်မဆိုးဘဲ ခွင့်လွတ်ပါလို့၊ ကိုကို ငွေကတောင်းပန်ပါတယ်။
ကဲဘလော့စာရူသူ ကျွန်တော့ရဲ့ခေါင်းစဉ်မှာတပ်ထားတဲ့ မဒမ်ငွေရဲ့တနပ်စာကိုရေးရင်း စိတ်ထဲရှိ တာရေးချလိုက်တာဘဲဗျ၊ မဆိုင်တာတွေရေး တာဘဲလို့ အပြစ်တင်မယ်ဆိုရင်လည်း ပျော်လို့ရေး လိုက်မှိတာမို့ သီးခံကြပါလို့ တောင်းပန်လိုက်ပါတယ် အားလုံးစာရှုသူတွေ ကျမ်းမာ ပျော်ရွှင်နိုင်ပါ ကြောင်း ငွေလမင်းတို့ ဆုမွန် တောင်းပါတယ်၊ ရွှင်လန်းချမ်း မြေ့ကြပါစေခင်မျာ။

13 comments:

အင်္ဂါဟူး said...

ကိုကာကိုလာတွေ ကုတ်တွေတော့ လျှော့သောက်စေချင်တယ်... သေချာတော့ မသိပါဘူး.. ဒီတိုင်းမြင်နေကြားနေရတာပဲ။

ဖုတ်ဝင်တာမဟုတ်လောက်ပါဘူး.. ။

စားနိုင်သောက်နိုင် တာရယ်... သက်သာသွားတာရယ်... ထိုင်စားနေရတာရယ်.. အတော် နိပ်တာပဲ။

အော်မိတဲ့ ကိုကိုငွေကိုလည်း မဒမ်က ခွေးလွှတ်လိုက်ပါ။.

မောင်မောင် said...

ဟောဗျာ ကျောက်ကပ်တစ်ဖက်ထုတ်ပစ်ရမှာမို့  မဒမ်ငွေ အတွက် စိတ်မကောင်းမိပါဘူး။
ကိုကိုငွေ က လဲတာဝန်ကျေသားပဲနော်။
ကျွန်တော်ဆိုယင် အဲလောက်စိတ်ရှည်ပါ့ မလားလို့ ပေါ့...

ညိမ်းနိုင် said...

စားနိုင်လှချည်လား မဒမ်ငွေရ...၊ဝမ်းသာတယ်ဗျာ...ခုလို
စားနိုင်သောက်နိုင်လာတာ....၊ကိုကိုငွေကလည်း ဂရုတစိုက်
ရှိတာ...မင်္ဂလာတစ်ပါးပါပဲ...။ခွဲစိပ်ကုသမှုလည်း အဆင်ပြေ
မှာပါ...။အဆင်ပြေစေဖို့ ဆုတောင်းပေးနေတယ်ဗျိုးးးး။

မင်းဧရာ said...

အကိုရေးတဲ့ ပို့စ် လေးကိုဖတ်ပြီး ထပ်တူထပ်မျှ ၀မ်သာ ကြည်းနူးမိပါတယ် ထိုထက်မကသော ၀မ်သာကြည်နူးမှု့ နဲ့အတူ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြရပါစေဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

မဒမ်ရော ကိုကိုငွေရော ပျော်တယ်ဆိုတော့လည်း စိတ်ကြည်နူးရပါတယ်။
ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ထက်ဆုံး နေသွားတဲ့သူတွေ အများကြီးရှိသားဘဲ။
လူတစ်ယောက်မှာ တစ်ခြမ်းရှိရင်လဲဖြစ်တာဘဲလေ
၂ယောက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပြန်လည်ပျော်ရွှင်နေကြပြီဆိုတော့ ၀မ်းသာကျေနပ်မိပါကြောင်း
စားနိုင်တုန်း စားရတာ ကျွေးရတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလဲ
ဘယ်လောက်ကျွေးဦးတော့ မစားနိုင်တဲ့ခါကျ သိပ်စိတ်ဆင်းရဲရတာ သိပြီဆိုတော့ ကိုကိုငွေလည်း ရှေ့ရှောက် ပိုပြီး အလိုလိုက်ဂရုစိုက်တော့မယ် မဟုတ်လား

...အလင်းစက်များ said...

ဂလိုလေးကြားရတာ ၀မ်းသာပါ့ဗျား........ စားနိုင်တာ စားပစေ... တစ်ခါတစ်ခါ အင်းဂလိပ်ဆေးများက သိပ်နားလည်ရခက်တာ။ ကျောက်ကပ်ပြသနာဖြစ်ပါတယ်ဆိုမှ ဆေးတွေ နင်းကန် ပေးတဲ့ ဆြာဝန်ကို ဒေါက်ဒေါက် နဲ့  ခေါင်းခေါက်ပစ်ချင် ထှာ။

ကဲ.. တာဝန်ကျေပါတယ် ဂတိုးသားကြီးရေ...။

မဒမ်ငွေရောဂါဝေဒနာများ မြန်မြန်ပျောက်ကင်းပါစေဗျား။

စော(အဝါရောင်မြေ) said...

သူမစားဖြစ်တုံးက အတွက်ပါ ပေါင်းစားတာ နေမှာပါ။ ဆား၊ အချိုမုန့်  ၊ ဆော်ဒါ များတာတွေ မစားရဘူး။
ဒညင်းသီး လည်း မတဲ့ဘူး။ ကျန်တာတော့ အားရှိအောင် စားရမှပေါ့။
ဖရဲသီးတို့ ၊ နာနတ်သီးတို့ က ဝမ်းတွင်းကို သန့် ရှင်းစေတယ်။မကြိုက်လည်း နည်းနည်းတော့ စားပေး။
ခေါက်ဆွဲးက ဆော်ဒါပါတယ်၊ များများတော့ မစားနဲ့ပေါ့။ ဆရာလုပ်တာ မဟုပ်ပါဘူး။ ကျမလည်း ကျောက်ကပ်ကြောင့် ငယ်ငယ်က ကိုယ်ရောင်ဘူးတယ်။ ငပိဖုတ်စားလို့ တဲ့။

Angelhlaing(May everybody be happy and healthy! said...

မမရေ ..ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီ ဆိုလို့ ဝမ်းသာမိပါတယ်....။ ကြည်နူးစရာ ပို့စ်လေး ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ...အကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ဆရာဝန်မဟုတ်လို့ မသိပါဘူး ကော်မဲန့် မပေးလိုပေမဲ့ အသိပေးသင့်တယ် လို့ ထင်လို့ ပါ။

ကျောက်တည်တဲ့ ရောဂါအတွက် ဆီကြော် အစပ် လက်လုပ်ချဉ် အစားတွေ ရှောင်သင့်တယ် အပြုတ်တွေသာ စားပြီး ပန်းသီး များများ စားသင့်မယ် ထင်တာဘဲ။
အထက်က ပြောသလို ကိုကာကိုလာ ကုတ် စတဲ့ အစာအိမ်ထိမဲ့ ဖျော်ရည် အစား လတ်ဆတ်တဲ့ သစ်သီး
ဖျော်ရည်သောက်တာ ပိုကောင်းမယ် juice extractor ၀ယ်ထားရင် ကိုယ့်ဖာသာကို လတ်ဆတ်တဲ့ ပန်းသီးဖျော်ရည်အချိန်မရွေး
သောက်နိုင် တာပေါ့။
ဆောင်း

ကိုဇော် said...

ဒီလို သတင်း အသံလေး ကြားရတာကိုက ဝမ်းသာလှပါပြီဗျာ။

ခရစ္စတလ် said...

ဇနီးသည်တို့မည်သည် ကိုယ့်အမျိုးသားက ဂရုတစိုက် ကြင်နာမှုနဲ့တင် ရောဂါတဝက်သက်သာပါပြီ :)

ကျမ်းမာရွှင်လန်းစေဖို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်။

PhyoPhyo said...

အခုမှ ဒီပိုစ့်လေးကိုဖတ်ဖြစ်လို့ပါ။
မဒမ်ငွေလေးရော ကိုကိုငွေရော ကျန်းမာပျော်ရွှင်ကြပါစေ။
နေမကောင်းတာသိရလို့ စိတ်မကောင်းဖြစ်ရတာတယ်၊ အဲဒါကို ကြည်နူးစရာ ပျော်စရာလေးဖြစ်အောင်ရေးပြထားတာ ချီးကျူးမိပါတယ်။
ပျော်ပျော်နေတတ်တဲ့ စိတ်ဓါတ်လေးကိုလည်း လေးစားမိတယ်။
ရှေ့လျောက်ကျန်းမာပျော်ရွှင်ပါစေ
သေချာဆုတောင်းပေးပါတယ်။

စူးနွယ်လေး said...

လင့်ခ်ချန်ခဲ့လို့လိုက်လာရင်းနဲ့ ခုမှစဖတ်ဖူးတာ... စစချင်းဖတ်တဲ့ပို့စ်က မဒမ်ငွေ နေမကောင်းတဲ့ပို့စ်ဖြစ်နေလို့ စိတ်မကောင်းပါဘူး
ကျန်းမာပါစေလို့ဆုတောင်ပေးပါတယ်