Saturday, August 13, 2011

နှုတ်ဆက်တော့မည် ဧရာဝတီ

ကျွန်တော်ငယ်စဉ်က ဧရာဝတီ ဆိုတဲ့သီချင်းလေးရဖူးတယ်ဗျ ၊ `ရေဘောင်ဘင် စီးပါလို့ မြစ်ကြီး ++ဧရာဝတီ´ ဆိုတဲ့သီချင်းလေးလေ ကြားဖူးကြားရဲ့မလား၊ ၁၉၉၁ ခုနှစ်များရောက်တော့၊ ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးဆိုတဲ့ သီချင်းလေးကို ရလိုက်မှိသေးတယ်။

`ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ……..၊ ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့ ၀ိညာဉ် ဧရာဝတီ…….အဲဒီစာသားလေးနဲ့ သီချင်းကို အော်ဟစ်ဆိုခဲ့ဖူးတယ်၊ ဆရာဇော်ဂျီက ဧရာ ၀တီကဗျာလေးမှာလည်း၊ `ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေခါလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာမမြင်သော်လဲ့၊ မျှော်၍သာ အထင်နှင့်လှခဲ့ပေါ့လို့၊ မြစ်ကြီး ဧရာကို တခမ်းတနားဖွဲ့ခဲ့ကြလေရဲ့။

 မြန်မာပြည်သားလေဗျာ၊ မြန်မာဆိုတာ မြစ်ကြီးလေးသွယ်သားဗျ၊ ခိုင်ခံ့တဲ့ ပုဂံဆိုတာရှိသလို၊ အမြဲစီးဆင်းနေတဲ့ ဧရာဝတီဆိုတဲ့ မြစ်ကြီးလည်းရှိတယ်။ ဒါကြောင့် ဧရာဝတီ လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံသား တို့ရဲ့ ရေသယံဇာတ ကြွယ်ဝမှု့ကို ဖော်ကျုးပြီးသား ဖြစ်သွားတတ်တယ်လေ၊ ဒါကြောင့် သက္ကတ ကျမ်းစာများမှာပင် (River Of The Refreshment ) ငါတို့ကို တဖန်အင်းအားတွေ ပေးတဲ့ မြစ်ကြီးလို့ တခမ်းတနားရေးသားဖော်ပြခံခဲ့ရတဲ့မြစ်ကြီး။

ဘိုးဘွားတွေကတော့ သန့်စင်တဲ့ ဧရာဝတီကြီးကို ထားခဲ့ပေမဲ့၊ ကျွန်တော်တို့တွေ့ရဲ့ လက်ထက်မှာတော့၊ အနာဂတ်အတွက် အဘိုးအဘွားတွေ ထားခဲ့သလို သန့်စင်မွန်မြတ်တဲ့ မြစ်ကြီး ဧရာဝတီကို ထားခဲ့ဖို့က မကြိန်းသေတော့ဘူးလေ၊ ဧရာဝတီကို ဗိုက်ဖောက်ပြီး သဲတွေရောင်းစားတယ်၊  ကျောက်စရစ်တွေ ထုတ်ယူကြတယ်၊ ရွှေတွေကျင်ကြတယ်၊ ကြာတော့ဧရာဝတီဟာ အနာတရ တွေများပြီး၊ ရေကြောင်းတွေပြောင်းခဲ့ပြီ ၊ မြစ်ကြီးဧရာဝတီ မှန်ကန်စွာ ရေမစီးဆင်းတော့ပြီ။

ဒီလိုအနာတရတွေ များနေပေမဲ့ စောင့်ရှောက်သူကင်းမဲ့တဲ့ မြစ်ကြီးဧရာကို ဒဏ်ရာကုစားပေးမဲ့ လူမရှိတဲ့အပြင် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါဝင် မေခ၊ မလိခမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု့စာချွန်လွှာ (MOU) ကို ၂၀၀၆ခုနှစ်က အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာနနှင့် တရုတ်(China Power Investment Coporation) နှင့် စာချုပ် ချုပ်ဆိုပြီး ဧရာဝတီကြီးရဲ့ ဂုဏ်သွေးစုပ်ကြလေရဲ့။

၂၀၁၁၊ ၆လပိုင်းတုန်းက Think Think Group လို့ဆိုတဲ့ အဖွဲ့အစည်းတခုကတော့ မြစ်ဆုံစီမံ ကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းရယ်ကို လာပြီးတော့ လေ့လာကြတယ်လေ၊ အဲဒီထဲမှာပါ ၀င်တဲ့လူတွေက အသက်လေးဆယ်ကျော် ၀န်းကျင်လူလတ်ပိုင်းတွေပါ၊ စင်္ကာပူတက္ကသိုလ် များက PhD ရထားသူတွေပါတယ်၊ သူတို့လေ့လာပြီး မြန်မာပြည်ကို အကြံဥာဏ်ပေးခဲ့တာက `ဒီမြစ်စုံရေကာတာတွေဆောက်လုပ်ရင် မြန်မာပြည်သူတွေကို ထိခိုက်နိုင်တယ်၊ ဒီနေရာမှာ ဆည်ကြီးတွေ ၇-ခုမဆောက်သင့်ဘူး၊ မဖြစ်မနေဆောက်မယ်ဆိုရင်တော့ အသေးလေး ၂-ခုသာ ဆောက်သင့်တယ်၊ ဆည်တခုတည်းရဲ့ ရေ၀ပ်ဧရိယာဟာ စတုန်းရန်းမိုင် ၅၀၀နီးပါးရှိတယ်။

 အဲဒီတခုတည်းကပင်လျှင် ကချင်ပြည်နယ်ဧရိယာရဲ့ လေးပုံတစ်ပုံဖြစ်တယ်လို့ အကြံပေးသွားပြီး ရရှိလာတဲ့ အချက်လက်များကိုလည်း၊ တရုတ်အစိုးရကို Professional ပီသစွာ တိတိကျကျ အစီရင်ခံသွားမယ်လို့  အကြံပေး ပြောကြားသွားပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ သယံဇာတတွေဖြစ်တဲ့ သစ်တောတွေ၊ နိုင်ငံခြားသားခရီးသွား တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ရေမြေတောတောင်တွေ၊ မြေအောက်သယံဇာတဖြစ် တဲ့ရွှေ၊ ရေနံ ၊ ကျောက်စိမ်းနဲ့ အခြားဓာတ်သတ္တုတွေဆုံးရှုံးမှာကတော့ ကြိန်းသေပါဘဲ၊ တရုတ်အ စိုးရရဲ့ (MOU) စာချုပ်အရ ရင်းနှီးမြုပ်နှံမဲ့ ငွေကြေးပမာဏဟာ ၃.၆ဘီလျံ ဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ ချိန်ကြည့်ရင်တော့ တော်တော်နဲတဲ့ငွေပမာဏပါ၊ နောက်ပြီး အကျိုးအမြတ်ဝေခွဲမှု့က ၁၀ပုံ ၂ပုံခွဲဆိုတော့ တော်တော် လေးကို စဉ်းစားရမဲ့သဘောဖြစ်ပါတယ်။ ဒီစီမံကိန်းသာ အကောင် ထည်ပေါ်ခဲ့ရင် ကချင်ပြည်နယ်ရဲ့ စတုရန်းမိုင်း ၃၅၀၀ရေမြုတ်ပါမယ်၊ ဒါဟာ ကချင်ပြည်နယ် ရဲ့ မြေဧရိယာ ကုန်သလောက်ဖြစ်နေပါပြီ၊ ဒါတွေမကဘဲ ရေ၀ပ်သွားတဲ့ အတွက်ဆုံးရှုံးရမဲ့ သယံဇာ တတွေ၊  biodiversity အများကြီး အများကြီး အများကြီးဗျာ။

နောက်ပြီး ဧရာဝတီမြစ်ရေဟာ အရင်လမ်းကြောင်းအတိုင်း မစီးဆင်းရဘဲ ဘေးကိုဝိုက်ပြီး စီးဆင်းရ မှာဖြစ်လို့ အရင်စီးဆင်းနေကျ လမ်းဟာ အလိုလိုကောသွားပါလိမ့်မယ်၊ ကဲကျွန်တော်တို့တွေ ဘယ်လောက်ဆုံးရှုံးလိုက်သလဲ၊ ကျွန်တော်တို့အဲလိုဆုံးရှုံးလိုက်ပေမဲ့ တရုတ်ပြည်က ပြည်နယ်ကြီး တွေကတော့ ဧရာဝတီရဲ့ ခွန်အားတွေနဲ့ မီးတွေထိန်ထိန်ညီးတော့မယ် နှစ်ပေါင်း ငါးဆယ်လောက် မီဂါဝပ် တစ်ထောင်ထွက်မှ ကျွန်တော်တို့က ၂၅၀မီဂါဝပ်ရမယ်၊ ထားပါ မီးရတာမရတာက ကျွန်တော်တို့အတွက် မထူးဆန်းတော့ပါဘူး။

 ထူးဆန်းတာက ဒီမြစ်ကြီး မြစ်အဖြစ်ကနေ ကုန်း ခေါင်ခေါင် ဖြစ်သွားမှာကို ဘယ်သူကတာဝန်ယူမှာလဲ၊ အခုစာချုပ်တွေကို လက်မှတ်ထိုးထားတဲ့ လူတွေက တာဝန်ယူမှာလား၊ နိုင်ငံသားတွေရဲ့ အမျိုးသားရေး လက္ခဏာ အမွန်အမြတ် ပစ္စည်းကြီးတခု အသိဥာဏ်မဲ့ လူတစုရဲ့လက်ချက်နဲ့ တိမ်ကောပပျောက်သွားမှာကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမလဲ။ သယံဇာတ မုဒိမ်းမှု့နဲ့ ဘ၀ပျက်ရတော့မဲ့ ဧရာဝတီကြီးကို ကျွန်တော်တို့မှာ ဘာပါဝါ ဘာအာဏာမှမရှိတော့ ဘာမှမလုပ်ပေးနိုင်ဘူး။

မျက်ရည်ဝဲရတာဘဲ ရှိမှာပေါ့ ကျွန်တော့သားတွေ သမီးတွေကြီးတဲ့အခါ မေခနဲ့မလိခကို အခွင့်သင့်လို့ရောက်ခဲ့တဲ့အခါ ဟိုလွန်ခဲ့တဲ့နှစ်များဆီက ဒီမြစ်နှစ်ခုပေါင်းစုံရာနေရာကနေ ဧရာဝတီမြစ်ကြီးရှိခဲ့တယ်လို့ ပုံပြင် ကိုဝမ်းနည်းစွာ ပြောရလိမ့်မယ်ထင်ပါရဲ့။

ဧရာဝတီမြစ်ကြီးနဲ့ပတ်သတ်ပြီး ဆရာကြီးလူထုစိန်ဝင်းနဲ့ အင်တာဗျူးတခုမှာ ဆရာကြီးက သတင်းသမားတစ်ယောက်အနေနဲ့၊ `ဧရာဝတီမြစ်ကြီးရဲ့ တိမ်ကောပပျောက်ရမဲ့ အန္တရာယ်တွေ ရှိလာလို့၊ အန္တရာယ်ကို မျက်စိအရှေ့မှာတင် တွေ့လာရလို့၊ သတင်းတွေ ၊ မီဒီယာတွေမှာ ဧရာဝတီမြစ်အကြောင်း မမြင်ချင်အဆုံး မတွေ့ချင်အဆုံးမြင်နေရ ၊ ကြားနေရလို့၊ သတင်းသမား တစ်ယောက်အနေနဲ့ ဒီဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်သွားမဲ့ဘယ်အရေးကိစ္စမဆို တားဆီး ရမှာဘဲဖြစ်တယ်လို့´ ဖြေသွားပါတယ်။

ဆက်ပြီးတော့ ဆရာကြီးက ဧရာဝတီနဲ့ပတ်သတ်ပြီး ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီး ရေးသားပြောဆိုနေတယ်လို့ ပြောလာလို့ရှိရင် အဲဒီအချက်ကို လုံးဝငြင်းဆိုပါတယ်လို့၊ ထပ်လောင်းပြောသွားပါသေးတယ်၊ ဆရာကြီးသည်လည်း ဧရာ ၀တီမိခင်ရဲ့ သားပဲမဟုတ်လား။

သြဂုတ်လ ၉ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာမှာ (လျှပ်စစ်ဝန်ထမ်းတစ်ဦး) ဆိုတဲ့အမည်နဲ့ရေး သားတဲ့၊ `ထာဝရ အမွေအနှစ် မွန်မြတ်သည့်စေတနာ´ ဆိုတဲ့ဆောင်းပါးမှာ ဆောင်းပါးရှင်က….

`နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မှီစွာ ဖြည့်တင်းဆောင်ရွတ် ပေးနိုင်ရန်အတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်ထည်ဖော် ဆောင်ရွတ်ပေး လျှက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တနှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်ထည်ဖော် ဆောင်ရွတ် လျှက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာဝှမ်းရေအားလျှပ်စစ်နှင့် ပတ်သတ်၍ နိုင်ငံတ  ကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသားလျှက်ရှိသည်ဟု ´နိုင်ငံပိုင်သတင်းစာမှာ ရေးသားဖော်ပြပါတယ်၊ ကျွန်တော်ကတော့ အဲ ဒီစာဖတ်ပြီး အဲဒီဆောင်းပါးရှင်ကို ထမင်းစားတာမှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မှိတယ်။

အဲဒီဆောင်းပါရှင်းက အဲဒီဆောင်းပါမှာ နိုင်ငံအတွက်ဘယ်လိုအကျိုးရှိတယ် ဧရာဝတီမြစ်ကြီး အတွက်အာမခံချက် ဒါတွေကိုတခုမှချမပြသွားဘူး၊ တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ရဲ့ ၅၆၉ စာမျက်နှာပါ အချက်အလတ်တွေကိုသာကိုးကားပြီးရေးသွားပါတယ်၊ ဒီဆည်တွေမဆောက်မှီ ဧရာဝတီမြစ်ကိုဘယ်လို မြစ်ကြောင်းဆိုင်ရာ ပြုပြင်မှု့တွေလုပ်မယ် ဆိုတာတခုမပါဘူး၊ ဧရာဝတီ ကိုဆည်လုပ်လိုက်လို့ ရေမစီးဆင်းတော့ရင် ၊ ဧရာဝတီမြစ်ရေကို မှီခိုသောက်သုံးနေတဲ့ လူတွေရဲ့ နွေရာသီ ရေချိုပြဿနာ ဘယ်လိုဖြေရှင်းမလဲဆိုတာ မပါဘူး၊ ဘာတွေရေးသွားတယ်မှတ်လဲ ဒီဆည်တွေ ဆောက်တဲ့အတွက် လူ၂၆၀၀ အလုပ်ရတယ်တဲ့၊ အိမ်ထောင်စု ထောင်ဂဏာန်း လောက် နေရာ ချထားပေးလို့ရတယ်တဲ့။

ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းအမွေအနှစ် (National Heritage) ဗျ၊ တမျိုးသား လုံးနဲ့ဆိုင်တဲ့ နိုင်ငံလုံးဆိုင်ရာအမွေအနှစ်ကို နိုင်ငံပရောဂျက်တခုအနေနဲ့ အကျိုးအမြတ်ထုတ် ယူတာကို လူ၂၆၀၀လောက် အလုပ်ရတယ်၊ အိမ်ထောင်စု တစ်ထောင်နေရာချထားပေးနိုင်တယ် ဆိုတော့ ၊ အဲဒီဆောင်းပါရှင်ဟာ၊ အရူးထောင်ကနေ ပြန်လာတာဖြစ်ရင်ဖြစ် မဖြစ်ရင် အိမ်မှာရူးနေ လို့ပေါဗျာ၊ အဲလူရဲ့စကားကို နားထောင်ပြီး နိုင်ငံပိုင်မီဒီယာတခုကနေ ထည့်ခွင့်ပေးတယ်ဆိုတာ ကလည်း ရေးတဲ့လူထက်သာလို့သာပေါ့၊ သူပြောတဲ့အတိုင်း လူသန်းပေါင်း ၇၀ကျော်ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ၊ လူ၂၆၀၀ မျက်နှာကိုသာ ကြည့်ပြီးလုပ်မယ်ဆိုရင် ဒီအလုပ်ဟာ သီအိုရီအရ တောင် မစဉ်းစားကောင်းတဲ့ လုပ်ငန်းဆိုတာ မသိလို့သာဖြစ်ပါလိမ့်မယ်။

ဘယ်လိုဘဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကို ဧရာဝတီက နုတ်ဆက်နေပြီလေ ၊ ကျွန်တော်တို့ ဘိုးဘွား တွေထားခဲ့တဲ့ ဧရာဝတီဟာ ကျွန်တော်တို့လက်ထက်မှာ ပျောက်ကွယ်လုဖြစ်နေပြီ၊ ပျောက် ကွယ်တော့မယ်၊ ကျွန်တော်တို့ကို သားမြေးတွေဟာ ဧရာဝတီမြစ်ဆုံကို မြင်ဖူးတော့မယ်မထင်ပါ ဘူးဗျာ။

ကျွန်တော် စာကိုနိဂုံးချုပ်ပါတော့မယ် ၊ ဘယ်သူဘဲလုပ်လုပ် ဘာဘဲလုပ်လုပ် ၀မ်းနည်း ကြေကွဲစရာတွေ မဖြစ်အောင် ချင့်ချင့်ချိန်ချိန်လေးလုပ်ကြပါလို့ ပြောဆိုခွင့်ရှိရင် ပြောချင်ပါရဲ့၊ မြစ်ဆိုတာ နိုင်ငံတိုင်းမရှိဘူးဗျာ မြစ်ရှိတဲ့နိုင်ငံဟာ အင်မတန်မှ ရှားတယ်။ အင်္ဂလန်ပြည်ဟာ သိန်း မြစ်ကြောင့် သမိုင်းကြီးသလို ၊ ကျွန်တော်တို့လဲ ဧရာဝတီမြစ်ကြောင့် သမိုင်းကြီးခဲ့ကြတယ် အတိတ်က အတိတ်က စာရေးနေရင်း ကျွန်တော်လေ ခင်ဝမ်းဆိုခဲ့တဲ့ +++ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်းစီးဆင်း+++ဧရာဝတီ ဧရာဝတီ ဧရာဝတီ …ဆိုတဲ့သီချင်း လေးကို ညည်းရင်း မျက်ရည်များတောင် ၀ဲမှိပါပေါ့ ဧရာဝတီရယ်။

ဘလော့စာရှု့သူများ အမျိုးသားရေး အမွှေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ။


14 comments:

မိုးယံ said...

ငါတို့လဲ မျက်ရည်ဝဲယုံမက ပုလဲသွယ်ခ မိပါရဲ့ဟယ် (စဉ်းစားမိတဲ့ နေ့က)

“ မိခင် ဧရာဝတီ သို့ တမ်းချင်း ”
အမေ့ရင်နို့နဲ့ သားတို့ ရှင်သန်ခဲ့တာပါ အမေ။
အမေ့ကို သားတို့ ချစ်တယ် အမေ။
ဒါပေမယ့်လည်း အမေ့သား အဝေးနေနေ အနီးနေနေ ဘုန်းကံမွဲသူမို့၊
အမေ့သားက အမေ့ဂုတ်သွေး ဘီးလူးစုတ်လည်း
အဝေးကနေ အံကိုခဲပြီး မျက်ရည်ဝဲမိတယ် အမေ။
ကယ်ဖို့ အစွမ်းမဲ့ခဲ့တာပါ အမေ။
အမေကောရင် အမေ့သားသမီးတွေ အသက်ဆုံးမယ် အိုးအိမ်ပျောက်မယ်.။
သမိုင်းကို ပုံပြင်အမှတ်နဲ့ အမေ့မြေးမြစ် မျိုးဆက်သစ်ကို ပြောရဦးမယ်။
တစ်ခေတ်တစ်ခါ ဘီလူးဟာ လူ့ရွာမှာ ကျွန်တော်တို့ သားအမိကို ဒုက္ခပေးလိုက်တာ အမေရာ။
အမေ လည်းကောတော့မယ်။ အမေ့မိတ်ဆွေ သစ်တောတွေလည်း ပြုန်းခဲ့ပြီ အမေ။
မြေအောက် ဓါတ်ငွေ့ သားတို့ မတွေ့ ခဲ့ပါဘူး။
အမေ့နို့ကို ဆို့ခဲ့တဲ့ သားတို့နဲ့ ဆို့နေတဲ့ သားသမီးတွေ နို့ပြတ်သေတော့မယ် အမေ.......သားတို့ အစွမ်းရှိသလောက် အမေ့ကို ကယ်မယ် အမေ ..။ အားတင်းထားစမ်းပါ အမေရာ။
အမေ့ဟာ သားတို့နိုင်ငံရဲ့ သားကောင်းရတနာ တွေ မွေးထုတ်ရဦးမှာပါ အမေရာ.....။

ကွန်မန့်က တက်မလာလို့ ခဏခဏ ပေးနေမိတာ..များသွားရင် ဖျက်လိုက်ကြပါဗျာ။

မအိမ်သူ said...

ဧရာဝတီမရှိတော့ရင် မြန်မာပြည်ဆိုတာကော ဆက်လက်ပြီးရှိနေနိုင်ပါအုံးမလား စဉ်းစားစရာ...း(

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘနဖူး သိုက်တူးတဲ့လူတွေကြီးစိုးနေသ၍
ဘယ်အရာမှ ကောင်းကောင်းကျန်ခဲ့မှာမဟုတ်ဘူး
အကုန်ရောင်းစားမဲ့သူတွေ

Anonymous said...

let me share on Facebook

သူကြီးမင်း (တုံးဖလား) said...

ဧရာဝတီကို ဆက်လက် ရှင်သန် စီးဆင်းခွင့် ပြုပါ။ အတားအဆီးတွေ မလုပ်ကြပါနဲ့။ လွတ်လပ်စွာ စီးဆင်းပါစေ။ နှုတ်မဆက်ချင်သေးဘူး ဧရာဝတီ။

ခင်မင်လျက်

ညိမ်းနိုင် said...

နှုတ်မဆက်ချင်သေးဧရာဝတီရယ်....၊သို့ပေမယ့်.....:(((

ကိုထွဋ် said...

ဧရာဝတီကို ဖျက်ဆီးဖို့ ကြံနေတဲ့လူတွေပါလား..

း(

မေသိမ့်သိမ့်ကျော် said...

ချစ်သောဧရာဝတီ ကမ္ဘာတည်သရွေ့တည်နေစေချင်ပါတယ်။ ဧရာဝတီကို မဖျက်ဆီးကြပါနဲ့။ ရပ်ကြပါတော့....

အဖြူရောင်နတ်သမီး said...

မြန်မာပြည်နဲ့ ဧရာဝတီ..
ကဗျာတွေ..စာတွေထဲက ဧရာဝတီ...
ရာဇဝင်တွေထဲက ဧရာဝတီ..
ရင်ထဲက ဧရာဝတီ..
မြန်မာ့အလှ.. ကမ္ဘာက သိတဲ့ ဧရာဝတီ..

ဘယ်သူတွေက ဖျက်ဆီးချင်ကြတာလဲ..
ရင်နာနာနဲ့ပဲ တွေးမိ နှမျောမိပါတယ်...

“တိုင်းပြည်ကောင်းဖို့” ဆိုရင်တော့ ဧရာဝတီကို စတေးရတော့မှာပေါ့..

ကျမတို့က ဘာများပြောနိုင် စွမ်းဆောင်နိုင်မှာမို့လို့လဲ...

အကြောင်းမဲ့တော့ ဧရာဝတီကို မဖျက်ဆီးစေချင်ဘူး..

ကျမတို့လို သာမန်လူတွေတောင် ဒီလောက်စဉ်းစားနေရင် အုပ်ချုပ်သူတွေက ပိုပြီးစဉ်းစားမယ်လို့ မျှော်လင့်မိပါတယ်..။

mstint said...

ဖတ်ရတာ ကြားရတာတွေ စိတ်မကောင်းစရာပဲနော် သဗ္ဗေသတ္တာ ဝေနေယျာအပေါင်း ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
ဧရာဝတီမြစ်ကြီး ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ လို့သာ ဆုတောင်းမိပါရဲ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Maung Myo said...

စကားလုံးတွေ ရှားပါးကုန်ပြီး ဧရာဝတီရယ် ။

...အလင်းစက်များ said...

တစ်နေ့ တစ်နေ့  ဒီစိတ်ပဲ ဖြစ်နေတယ်.... ကိုယ်လဲ ဘာမှ မတတ်နိုင်ဘူး။ ခက်လိုက်တာ။ တိုင်းပြည်တော့ ပျက်ပြီထင်ပါရဲ့ဗျာ။

စော(အဝါရောင်မြေ) said...

ွSad!

Anonymous said...

လူတွေကို အညွန့်ချိုးလို့ အားမရဘူး။ ဧရာဝတီကို တောင် ချိုးနေကြပါလား။ အံ့ပ့ါ လူ့ကလိမ်တို့ရယ်။