Friday, September 2, 2011

ဈေးကြီးလွန်းလို့ပါ

ယဉ်ကျေးမှု့ဆိုသဟာကြီးကို နိုင်ငံတိုင်း လူမျိုးတိုင်း တန်ဘိုးထားကြသမို့လား ဗျာတို့ရယ်၊ အဲသ ဟာကြောင့်မို့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု့ အတွက် လူသားရင်းမြစ်ဖွံ့ဖြိုးရေး အစီစဉ်တွေ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ဟောပြောပွဲတွေလုပ်ကြပေသပေါ့၊ ယဉ်ကျေးမှု့ဆိုသ ဟာကြီးက လူ့အရင်းမြစ်ထဲပါသမို့လားဗျာရယ်၊ သူတပါးပစ္စည်းအချောင်ယူချင်၊ မတော်လောဘနဲ့ရှာဖွေ၊ မကောင်းတာတွေကြံ၊ နုတ်ကလဲအထွက်ကြမ်းဆိုရင်ဖြင့် ဘယ်လိုလုပ်ပြီး ဒီလု့တို့အဖို့ မယ်၊။

ပညာဆိုတဲ့ လူ့အရင်းမြစ်ကိုရှာဖွေနိုင်ပါ့မလဲဗျာတို့၊ အချောင်ရမှန်းသိနေရင် အချောင်ပဲ လိုက်ယူရလိမ့်မပေါ့၊ အဲကလို အဲဂလိုကြောင့် ပညာ၊ စီးပွား၊ ဥစ္စာတို့ရဲ့ အခြေခံအရင်းမြစ်ဟာ ကိုယ်နုတ် နှစ်လုံး သုံးပါလုံး ယဉ်ကျေးလိမ္မာခြင်းပေမို့လားဗျာရယ်၊ သဟာကြောင့် အမိမြန်မာပြည် အပါအ၀င် နိုင်ငံရပ်ခြား တိုင်းတပါးတို့တွင်လည်း ယဉ်ကျေးလိမ္မာသင်တန်း၊ တရားပွဲ၊ ဆွေးနွေးခြင်း ဟောပြောပွဲ လုပ်ခြင်း၊ စသော လူသားအရင်းမြစ် ဖွံ့ဖြိုးမှု့ အစီစဉ်တွေကြောင့်၊ ဗြိတိန်နိုင်ငံက ခိုးဆိုးလုယက် ၃၀%ကျဆင်း၊ အမေရိကန် ၄၅%ကျဆင်း၊ ဂျာမနီ ၆၅%ကျဆင်း၊ ဂျပန် ၇၂ %နှုန်း၊ အဲဂလိုနည်းတွေနဲ့ လူသားရင်းမြစ်ကို မြှင့်တင်ကြသည်ဟူလို။

နိုင်ငံရပ်ခြား တွေကိုလည်း သူတစ်ပါးလို များများမရောက်ဖူးပါဗျာတို့ရယ်၊ မိမိနိုင်ငံ အတွင်းမှာဘဲ ကျင်လည်ကျတ်စားရသည် အားလျှော်စွာ၊ အတွေ့အကြုံ အလုံးစုံကို ဖောက်သယ်ချတဲ့သဘောပါ ပဲ၊ ပါဏာတိပါတာ ၊ အဒိန္နာ ဒါနာ၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မုသားပြောခြင်း၊ အရက်သေစာ သောက်စားမူးယစ်ပြီး ကာရာအိုကေဆိုခြင်း၊ သူများသားမယားကို ပြစ်မှားခြင်း တနည်းအားဖြင့်( သူများပစ္စည်းကို ကိုယ့်ပစ္စည်းကဲ့သို့ ပုံမှန်သုံးစွဲခြင်း) ၊ စသောကံငါးပါး တို့ဟာဆိုရင်ဖြင့်၊ ငါးပါးသီလခေါ်သပေါ့ မြန်မာနိုင်ငံမှာ ကျောင်းတတ်ဖူးတဲ့ သူငယ်တန်း ခလေးတွေတိုင်း သိကြလေရဲ့၊ အခြားနိုင်ငံက သူတွေဟာ ဒါတွေကိုအသက်လေးဆယ် လောက်မှ သိကြတာကို မြင်ခဲ့ဖူး ကြားခဲ့ဘူးပါရဲ့ဗျာတို့ရယ်။အဲသလို လူ့ကျင့်ဝတ်တွေနဲ့ ရင်းနှီးပြီးကြီး ပြင်းခဲ့ရတဲ့ မြန်မာလူမျိုးများပင် မဟုတ်ပါတုံလော၊

ကျွန်တော်တို့ မိဘများက ငယ်ငယ်က ဆုံးမလေရဲ့၊ သူများပစ္စည်းမယူရဘူးနော်သား၊ ယူတော့ဘာဖြစ်လဲပါးရယ်လို့ပြန်ပြောတော့ မိုးကြိုးပစ်တတ်သတဲ့၊ ဘယ်သူကပြစ်မှာတုန်းလို့ မေးတော့ သိကြားမင်းကပြစ်မှာတဲ့၊မေမေဖြစ်သူကလည်း မိဘပစ္စည်းကို မသိဘဲ မယူရဘူးနော် ယူတော့ဘယ်လိုဖြစ်သလဲမေမေ ကိုယ့်မိဘပစ္စည်းကို မသိဘဲယူရင် မိုးကြိုးပစ်တတ်တယ် ကိုကိုငွေတို့ ငယ်စဉ်က ငါးကြော်မှခိုးမစားရဲ၊ မိုးကြိုးပစ်မှာ ကြောက်လို့၊ သိကြားမင်း ဆိုတဲ့ဟာ ကြီးကို မမြင်ဘူးဘဲ ကြောက်နေရတယ်။

ကျွန်တော့အဖေနဲ့အမေက ကျွန်တော့်ကိုသာ ဆုံးမတယ် မထင်နဲ့ ကျွန်တော့်အကိုတွေလည်း အဲလိုဘဲဆုံးမတယ်တဲ့၊ ကိုကို မိုးကြိုးနဲ့ ပစ်တယ်ဆိုတဲ့ သိကြားမင်းကို မြင်ဖူးလားကိုကိုလို့ မေးတော့ ၊ သူလည်းဝါးတားတား သူတို့က ၀ါးတားတားသာ ဖြစ်တာ လိမ်ရင် ခိုးရင် မုသားပြောရင် အရက်သောက်ရင် သူများမိန်းမ ပြစ်မှားရင် မိုးကြိုးပြစ်မယ် လို့မုချယုံကြည်ကြတာလေ၊ တခါတရံ မိုးကြီးလေကြီးများကျလို့ ဒိန်း ဒိုင်းနဲ့ မိုးချိန်းသံ မိုးကြိုးပစ် သံများကြားရင်ဖြင့် ၊ မေမေက အသံကြားတဲ့ဖက်လှည့်ပြီး အေးအဲဒါလေးထောင့်ကန်ဘက် ပြစ်တာ အဲဒီဖက်က ငါးရှာဖားရှာ အရက်သမား မိဘစော်ကားတဲ့ လူတွေများတယ်၊ ဘာညာနဲ့ ကျွန်တော်တို့ ညီကိုယ်တွေကို ခြောက်တာ အကြီးကောင်ကြီးတွေကလည်း အသက်သာ လေးဆယ်နားနီးတာ မျက်လုံးပြူးကြီးတွေနဲ့ မေမေနားကပ်ပြီး ကြောက်နေလိုက်ပုံများ၊ တကယ် လားဟန်ဆောင်သလားတော့ ကျွန်တော်မသိဘူး ကျွန်တော်လည်းမေမေအဲလိုပြောရင် ကြောက် တာဘဲ။

မကောင်းတာလုပ်ရင် ရူးဂါးမင်းကပြစ်သတဲ့၊ ကျွန်တော်ငယ်ငယ်တုန်းက အဲဒီရှုးဂါးမင်းက ကျွန်တော်တို့အိမ်မှာ သိပ်ခေတ်စားတယ်။  ညအိပ်ယာဝင်တော့ ဖေဖေတို့မေမေတို့က  ၊ မြတ်စွာ ဘုရားလက်ထက် တော်တုန်းက သစ္စကပုရပိုက်ကြီးဆိုတာ ရှိသတဲ့ ဘုရားနဲ့ ငြင်းတာ ရှုံးနေလျှက်နဲ့ ၀န်မခံလို့ သိကြားမင်းက ဘီလူးယောင်ဆောင်ပြီး ရဲရဲနီတဲ့ သံ တင်းပုတ်ကြီးနဲ့ မှားပါတယ်လို့ဝန်မခံရင်ထုမယ် ဘာညာနဲ့ ချိန်းခြောက်လို့ သစ္စကပရပိုဏ်ကမြတ်စွာဘုရားကို အရှုံးပေးရသတဲ့၊ သိကြားမင်းကလည်း လျှောက်သွားတယ်တဲ့ သာသနာ တော်အတွင်းမှာ သာသနာတော်ကိုစော်ကားပြီး မိဘစကားနားမထောင်တဲ့လူ ကံငါးပါးကို မလုံခြုံ သူတွေကို မိုးကြိုးလက်နက် နဲ့ပစ်ပါ့မယ်ခွင်းပါ့မယ်လို့ ကတိပေးသတဲ့။

နောက်ပြီး ပိဋကတ်တော် မြန်မာပြန် အဗ္ဗန္တသုတ်ထဲမှာ သိကြားမင်းက ကိုရင်ပေါက်စ ရဟန္တာလေးတွေ ဖြစ်တဲ့ သုမန သာမဏေတို့ ၊ ရေ၀တသာမဏေတို့ သံကိစ္စ သာမဏေတို့တွေကို ထမင်းကျွေးပါ့မယ်ဆိုပြီး ခေါ်သွားပြီး ထမင်းမကျွေးဘဲ ဆဲဆိုနေတဲ့ ပုဏ္ဏားမကို သိကြားမင်းက ဆင်းပြီး ၀ရဇိန်နဲ့ပြစ်မယ် ခတ်မယ် ဘာညာနဲ့ဆင်း ချိန်းခြောက်ဖူးကြောင်း။ ရှေးရှေးတုန်းက မိဘတွေကို ဆော်ကားသူများ မိုးကြိုးပြစ်ကြောင်း စတဲ့ဟာတွေက၊ အိပ်ယာဝင်ပုံပြင် ကျွန်တော်တို့ ညီကိုယ်သုံးယောက်မှာ အဲဒီ ၀ရဇိန်နဲ့ သိကြားကို အမျိုးမျိုးပုံဖော်ကြည့်ကြတယ်၊ အပြစ်လုပ်ရမှာလည်း ကြောက်တယ်၊ အခုထိ အရက်ဆို သောက်ကိုမသောက်ဘူး (ဘီယာဘဲ)သောက်တယ်၊ မိုးကြိုးပစ်မှာဆိုးလို့။

ဒါတွေက ငယ်ငယ်တုန်းကလေဗျာ၊ အခုကကြီးနေပြီပဲဟာကို တခါမှသိကြားမင်းနဲ့ မတွေ့တော့ သိပ်မကြောက်ချင်တော့ဘူး၊ ဒီသိကြားမင်းကလည်း နှစ်တိုင်းလာတယ်တဲ့ လူပြည်ကို လာတိုင်းလည်း ကျွန်တော်နဲ့မတွေ့ဖူးဘူး အမှန်မှာသူက ရုံးခန်းလေးဖွင့်ဖို့ကောင်းတာ ဘယ်ရှာမရမှန်းမသိဘူး ရုံးခန်းလေးနဲ့ဆိုတော့ တွေ့ရမြင်ရလွယ်တာပေါ့သူမရှိလည်း စာရေးမ လေးဖြစ်ဖြစ် ငှားပြီးထားသင့် သူမရှိတဲ့အခါတွေ့ရတာပေါ့ ၊ မဟာမြတ်မုနိဘုရားကြီး ဗောက်ဖောက် သွားတဲကောင် မိုးကြိုးပစ်တယ်မကြားဖူး၊ ဘုရားခေါင်းဖြတ်ပြီး ယိုးဒယားလာ ရောင်းစား တဲ့ ကောင်တွေလည်း မိုးကြိုးမပြစ်ဖူး၊ စက်တင်ဘာအရေးခင်းဖြစ်တုန်းကလည်း မိုးကြိုး ရော လေကြိုးရော ဘာမှမလာဖူး၊ ဘုရားကို ပြောတုန်းကတော့ ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ ၊ အဲလိုသူက ထင်ထင်ရှားရှားမပြတော့ ကျွန်တော်တို့ လိုကောင်တွေက မကြောက်တော့ဖူး။

ဟိုတလောကတော့ ရန်ကုန်ပြန်ရောက်စ ဆိုတော့ ရွှေတိဂုံတက်ဖူးပါတယ်၊ သူငယ်ချင်းတစ် ယောက်ကားနဲ့လိုက်ပို့တာ ၊ မြောက်မုခ်ကနေ တတ်ခဲ့တယ်၊ သူကလုပ်စရာပြီးရင် အရှေ့မုခ်ကို လာကြိုမယ်လို့ဆိုတယ်၊  ဖိနပ်လေးကို ကြွပ်ကြွပ်အိတ် အကြည်လေးနဲ့ ထည့်ယူလာပြီး၊ စနေ ထောင့် ကျောက်စိမ်းဘုရားနားမှာ ကျကျနနထိုင် ဘုရားကိုအာရုံပြု၊ ပရိတ်လေးရွတ်၊ မျက်လုံးလေး ဖွင့်ဖွင့်ပြီးကောင်မလေးတွေကိုလည်း မကြာမကြာကြည့် အဲလိုလေးဆိုတော့၊ ဘာကိုမှအမှတ်မရ လောက်အောင် အာရုံကရနေတာ အော်ရန်ကုန်သားဖြစ်လင့်ကစား ရွှေတိဂုံရှင်ပင်နဲ့ ဝေးရတာ ကြာပါပေါ့၊ ကမ္ဘာအံဖွယ်ကြီး ကမ္ဘာမှာ အတုမရှိဘူး၊ အတုရှိဘို့နေနေသာသာ အတူတောင်မရှိတဲ့ ဘုရားပါလား။

 နိုင်ငံခြားသားတိုင်းက မြန်မာက လို့ပြောရင် ရွှေတိဂုံကိုငါသိတယ်လို့ ပြန်ပြောကြ တဲ့ဘုရား၊ တန်ဆောင်တွေကြည့်လိုက်ပါအုံး အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေး ကောင်စီလက် ထပ်မှာ သဘောင်္ဆေးနဲ့ ဆိုင်းဘုတ် အလွန်အလုပ်လုပ်ကြလို့ ၊ ဒီတန်ဆောင်းတွေဟာ ရွှေရောင် ပြောင်းကုန်ကြရတာ၊ အရင်တုန်းက ရွှေတိဂုံ တန်ဆောင်းတွေဟာ သစ်စေးရောင် အညိုရောင်တွေ သုတ်ထားတာ၊ အဲဒီအရောင်ကို ဗိသုကာ ဆရာကြီးခင်မောင်ရင်က မြန်မာရောင်ကွ မြန်မာဆိုတာ ညိုတာကြိုက်တယ်၊ ၊ မှိုင်းတာကြိုက်တယ်၊ တည်တာကြိုတယ် ၊ ငြိမ်တာကြိုက် တယ်၊ အဲဒါ ကြောင့် ဘုရားတံဆောင်းက သစ်သားကနုတ်တွေကို အညိုရောင် သစ်စေးသုတ်ထားတာ၊ မြန်မာ ဆိုတာ လျှပ်ပေါ်လော်လီတာမကြိုက်ဘူး၊ ဘာညာသာဓကာ စသဖြင့်နဲ့တွေးပြီး ၊ ပြန်တော့မှ သူငယ်ချင်းရောက်လောက်ပြီ အချိန်လည်းမနဲတော့ဘူးဆိုပြီး ဖိနပ်လှမ်းယူလိုက်တော့ ဖိနပ် မရှိတော့ဘူးဗျ။

`ဟလို သူငယ်ချင်း ငါ့ဖိနပ်ပျောက်လို့ ငါ့ကိုဖိနပ်လေးတရံလောက် ၀ယ်လာပေးပါကွာ ပိုက်ဆံပါ လား၊ ငါပြန်ပေးမယ်၊ မပါဘူးကွ၊ ၃၅၀၀ဘဲရှိတော့တာ ဟာ ဒါဆိုလည်းဖော့ဖိနပ်သာ ၀ယ်ခဲ့ကွာ နံပါတ် ကတော့မင်းခြေထောက်နဲ့ သာတိုင်းဝယ်ခဲ့လိုက် ၊ မင်းဖိနပ်ကို ဘယ်ထားလို့ပျောက်တာ တုန်း အော် ငါ့ဘေ်းနားချထားတာဘဲလေ´ ကားပေါ်ရောက်တော့ လာတုန်းက ဖိနပ်တမျိုးနဲ့လာတာ ပြန်တော့ ရေချိုးခန်းသုံးဖော့ဖိနပ်နဲ့၊ အော် သင်္ခါ သင်္ခါ တော်တော်လေးမှန်ပါကလား။

စေတီ ပုထိုးဂူမျိုးမျိုးတွေ ပေါပါရဲ့၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြီး ၅သိန်းကျော် ခြောက်သိန်းနီးပါး၊ တရားပွဲတွေက ကျောင်းတွင်း ကျောင်းပြင် ဘုရားဝန်း ဘုရားပြင်၊ လမ်းဘေးပါ မကျန် တနှစ်တနှစ်ပွဲပေါင်း ၁၀၀၀ကျော် ၂၀၀၀ထောင်နီးပါး ၊ ဆရာတော်ဘုရားကြီးများ ဟောဖော် ညွန်ပြ ဆိုဆုံးမတဲ့နိုင်ငံ၊ အဘိဓမ္မာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ မင်္ဂလာစာမေးပွဲ၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲ၊ အဘိဓမ္မာစာမေးပွဲ စသဖြင့် လူတွေကို ယဉ်ကျေးအောင်ဆုံးမတဲ့ နိုင်ငံပါဗျာရယ်၊ အဲ လောက်ဘာသာရေးနဲ့ ပတ်သတ်ပြီးသင်တန်း စာမေး ပွဲတွေလုပ်ပေးတယ်လို့ ဘယ်နိုင်ငံမှာမှ မရှိဘူးထင်ပါရဲ့၊ သိမ်မင်္ဂလာကြတ်သရေ အရမ်းပြည့်စုံတဲ့တိုင်းပြည်ကြီးပါ။

ဒါကမြင်ရတဲ့ အပိုင်းက မမြင်ရတဲ့အပိုင်းကလည်း ရူးဂါးမင်းက ၀ရဇိန်နဲ့ပြစ်မယ် ဘာမယ်ဆိုတာ တွေက ရှိသေးတယ်၊ ဒါတောင် ကျွန်တော်မြန်မာတို့ရဲ့ အထွဋ်မြတ် ရွှေတိဂုံစေတီတော်ပေါ် ဖိနပ်ပျောက် ခဲ့သေးတယ်၊ သူငယ်ချင်းမေးတော့ သူကနှစ်ခါရှိပြီတဲ့၊ နောက်တစ်ယောက်က သင်တန်းမှာ လဲ စီးခံရတာတဲ့၊ နောက်တယောက် အသလွတ်ကိုပျောက်တာ နာရေးသွားတုန်း လစ်သွားခြင်းခံ ရတာ၊ စသဖြင့်စသဖြင့် တော်တော်များများ အဲဂလိုဖြစ်တယ်။

 သူငယ်ချင်းတစ်ယောက်က  အောင်မယ် ဖိနပ်ခိုးတယ်ဆိုပြီး အထင်မသေးနဲ့ကိုယ့်လူတို့ အင်္ဂလိပ်စာတတ်တယ် စကောနဲ့အယ်ရိုဆော့ ယှဉ်ချထား အယ်ရိုဆော့ကိုမယူဘူး စကော ကိုယူတယ်၊  အဲလိုပြောလိုက်တော့ ကြံဖန်ဂုဏ်ယူလိုက်သေးတယ် အင်္ဂလိပ်စာတတ် မြန်မာဖိနပ် သူခိုးလို့။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင် ဖိနပ်ခိုးတာနင်လို့ အင်္ဂလိပ်ခေတ်က ကဗျာစပ်ခဲ့တဲ့လူကို ပြန်တောင်ချေပလိုက် ချင်သေး ၊ အေဘီစီဒီ တတ်ရဲ့သားနဲ့ ဖိနပ်ခိုးပါလျှင်၊ စကောရတယ်ရှင် လို့။

အိမ်ပြန်ရောက်တော့ ဖေဖေ ဖေ့ဖေ့သိကြားမင်းက မနက်က ဘုရားအာရုံပြုနေရင်း သားဖိနပ်ကို မသွားတဲ့မောင်ရင်ကို ၀ရဇိန်နဲ့မပြစ်ပါလားလို့ ပြောလိုက်တော့ ဖေဖေကရီပြီး ဘာပြောတယ် တယ်ထင်သလဲ၊ ဟေ့ ကိုလူ့ သိကြားမင်းဝရဇိန်လက်နက် ပျက်နေလို့  ပန်းတိမ် ရောက်နေ တယ်သားရဲ့ လို့ဖေဖေက အတည်ပေါက်နဲ့ပြောပါတယ်၊ ကျွန်တော်က ဖေဖေ ကလည်း ပေါက်က ရပြောတော့မယ် ဟာ တကယ်ကိုယ့်လူ့ရဲ့ အဲဒါကြောင့် စလေဦးပုညက တေးထပ် တပုဒ်တောင် စပ် ထားသေးတယ် (ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန် ၊ ပြစ်ရှာမဲ့၊ ၀ရဇိန်ငယ်၊ ပန်းတိမ်မှာ ပြင်တုန်းထင်ရဲ့လေး)။ ဟားဟားဟား လို့သာ အော်ရီပြစ်လိုက် မှိပါတော့တယ်၊ ပန်းတိမ်အပ်ပြီး ၀ဇိန်လက်နက်ကို ပြင်နေတယ်ဆိုရင်လဲ၊ မြန်မြန်လေး ပြင်တော်မူပါ  ရှုးဂါးမင်းရယ်၊ ဖိနပ်တွေ ဈေးကြီးလွန်းလို့ပါလို့။

ဘလော့စာရှု့သူများ  ဖိနပ်စောရတောဝါ ကင်းရှင်းပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်း ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


15 comments:

ကိုထွဋ် said...

ကျနော်တော့ ဖိနပ်မပါဖုးသေးဘူး.... ဖိနပ် အကောင်းစား မဝယ်နိုင်တာလဲပါတာပေါ့..

ငယ်ငယ်တုန်းကတော့ ဒေဝေါတို့ ဘာတို့ ဆို သိပ်ကြောက်ခဲံရတာပေါ့.. အခုတော့ အေးဆေးပဲ..

ခင်မင်စွာဖြင့်..

နတ်ဆိုးလေး said...

ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန် ၊ ပြစ်ရှာမဲ့၊ ၀ရဇိန်ငယ်၊ ပန်းတိမ်မှာ ပြင်တုန်းထင်ရဲ့လေး

ကြားဖူးတယ် ဘယ်မှာလဲ မသိ...
ဖတ်ပြီး ပြုံးသွားပါတယ်...

နေ၀သန် said...

ဒီပို့စ်လေးကို ဖတ်ရင်း သဘောကျမိတယ်..။ ပြောချင်တာလေးကိုလည်း ဖျော့ဖျော့လေး ပြောသွားတယ်..(ကျွန်တော်နားလည်တာကို ပြောတာပါ...).။ ဖိနပ်ပျောက်တာကတော့...ကျွန်တော်လည်း မန္တလေး မဟာမြတ်မုနိမှာ ပျောက်ဖူးတယ်... အပြန် မိုးကရွာ... ရေကကြီး... ဖိနပ်ကမရှိ... စိတ်တိုလိုက်တာ လွန်ရော.. :D...


ခင်မင်လျက်
နေ၀သန်

မိုးယံ said...

ဖိနပ်တော့ အပျောက်ဖူးသေးဘူး... (အဲလိုပြောလို့ တစ်ခါမှ ဖိနပ်ဝယ်မစီးပဲ အလှူ၊ ဘုရား သွားတယ် မထင်ငြားနဲ့ကွယ်)

ဆရာတော်ဘုရားကြီးတစ်ပါးက မိန့်ဖူးတယ်..သူ့ဖိပ်ပျောက်တာကို သူ့တပည့်က စိတ်မကောင်းဖြစ်ပြီး တစ်ဖွဖွ ပြောလို့ ဆရာတော်ကြီးက ရှက်ပြီး “ ဟဲ့..အဲဒါ ခဏခဏ ပြောမနေနဲ့ ငါရှက်လို့ကွ၊ ငါ့ကံကြွေး ငါပြန်ဆပ်ရတာလို့ပြောသတဲ့” ဒါပေမယ့် ပြုသူ အသစ် ဖြစ်သူအဟောင်းပါလေ။

ပြည်မြန်မာကို စာစီပြောရရင် ပလီတယ်...မထင်နဲ့ ကိုကိုငွေရေ... ဖြူးဆရာတော်တို့ ဟောရင်းသာ အသက်ထွက် (ပျံတော်မူရှာတယ်) ဟိုတစ်လောက ဂျာနယ်ကျော်ကြီးမှာ တောင်ပြုံးက နတ်ပွဲ နှစ်ပေါင်းဘယ်လောက်အတွင်း အစည်ကားဆုံးဆိုပဲ (ဆရာတော်ကြီးကတော့ “ လူ့တော်သလင်းပွဲ” လို့ မိန့်တော်မူ ရှာတယ်ကွယ်.

အော်ပီကျယ်လည်းပြောရှာတယ်...သိကြားမင်းက လက်လည်းမတည့်ဘူးတဲ့။ (ပန်းတိမ်က ပြန်လာလည်း မှန်အောင်ပစ်နိုင်မှာ မဟုတ်ပါဘူး)

ဒါနဲ့များ ခင်မောင်ရင်တို့က စပြီး သိကြားသာသနာ ရောက်ချင်ကြသေးတယ်... အတော်ခက်တဲ့ ငါတို့တွေ။

မအိမ်သူ said...

:)) ဟုတ်တယ် နောက်ဆို ဘုရားသွားရင် အလှူ ပွဲလမ်းသွားရင် ဈေးကြီးတဲ့ဖိနပ်မစီးနဲ့.. စောရသနားမဲ့ ဖိနပ်မျိုးစီးသွား (ခုံဖိနပ် နောက်မြီးပြတ်လိုလေ)... အဲဒါဆို အသွားတရံ အပြန်တရံ မဖြစ်တော့ဘူး.. နည်းကောင်းလေးပေးတာ.. :P

မေသိမ့်သိမ့်ကျော် said...

ဖိနပ်ပျောက်ဖူးတာတော့ ခနခနပဲ။ အလှူအိမ်သွားရင်း ပြန်လာရင် ခြေဗလာနဲ့ ပြန်လာတာ အကြိမ်ကြိမ်။

သိကြားမင်း၏ ဝရဇိန်လက်နက်ကြီးပြင်နေတာ ပြီးတော့မယ်လို့ မျှော်လင့်ရပါကြောင်းးးး


း)

ခင်တဲ့
မေသိမ့်

Angelhlaing(May everybody be happy and healthy! said...

အတွေ့အကြုံလေးနဲ့ ကွန်မန့်လေးတွေ ဖတ်ရင်း ပြုံးရတယ် အကို :)

ကိုကိုမောင်(ပန်းရနံ့) said...

အလှူသွားရင်း ဖိနပ်ပျောက်၊ ဘုရားသွားရင်း ဖိနပ်ပျောက်နဲ့။
ဒါကြောင့် အလှူတို့ ဘုရားကျောင်းကန်တို့သွားရင် ဖိနပ်ပျောက်တတ်တယ်ဆိုတာကြီးက စိတ်ထဲ စွဲနေပါရောလား ဗျာတို့ရယ်။ အမှန်က ဖိနပ်ချွတ်ပြီးသွားရတဲ့ နေရာတွေမှာ ဖိနပ်ပျောက်ကြတာပါ မဟုတ်ပါလား ဗျာတို့။း((

နိုက်ကလပ်ကို ဖိနပ်ချွတ်ပြီး တက်ရတယ် ဆိုကြပါစို့၊ ဒင်းနားပါတီကို ဖိနပ်ချွတ်ပြီး တက်ရတယ် ဆိုကြပါစို့၊
ပျော်ပွဲရွှင်ပွဲတွေကို ဖိနပ်ချွတ်ပြီး ၀င်ကဲရတယ် ဆိုကြပါစို့။ စကောမဆိုနဲ့ ခုံဖိနပ်တောင် ကျန်မှာ မဟုတ်ပါဘူး ဗျာတို့ရယ်။ ဟာ ဟ။

ဖတ်လို့ အလွန်ကောင်း။

ခင်မင်လျှက်

ညိမ်းနိုင် said...

သိကြားမင်း.....အင်း.....ငယ်ငယ်ကစားခဲ့ဖူးတဲ့ မိုးသကြား
ယိုစုံကိုပဲသတိပြေးရတယ်...နာနတ်ယိုလေးဆိုသိပ်စား
လို့ကောင်းးးးးးးးး:)

စံပယ်ချို said...

စာရေးတော့ အရမ်းကိုကောင်းတယ်
ပြောချင်တဲ့အကြောင်းကိုဒဲ့ဒိုးမပြောပဲ
သွယ်ဝိုက်ပြီးယူသွားတာလေးတွေအရမ်းကိုလှတယ်...
အကိုငွေနဲ့ မဒမ်ငွေ
လျမ်းမြေ့ပါစေရှင်
ခင်မင်တဲ့ jasmine

Anonymous said...

အကိုငွေ နဲ့ မမငွေ.......
ရယ်စရာလေးတွေနဲ့
သတိထားစရာ အကြောင်းလေးတွေကိုဖတ်သွားပါတယ်။
ကျွန်တော်ကတော့ ဘုရား သွားရင် ဖိနပ် ကိုအိမ်မှာပဲထားခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘုရား ကိုလှူမည့် ပန်းက တစ်ဖက်
ကိုယ့် ဖိနပ်က တစ်ဖက် အ၀ီစိ ကိုချိုးကပ်မှာကြောက်လို့။

ဟန်ကြည် said...

ကဖိုးငွေရယ် ရှူးဂါးမင်းဆိုလို့ မျက်စိလည်သွားလိုက်တာ တော်တော်ကြာမှ သဘောပေါက်တော့တယ်...အနှီရှူးဂါးမင်းက ၀ရဇိန်နဲ့ မခွင်းတော့ဘူး ကိုရင်...အဲဒါတွေ အကုန်ရောင်းစားပြီး ပေါပေါလောလောရတဲ့ အုတ်ခဲပိုင်းနဲ့ ပစ်တော့မယ်ဆိုပဲ...ဒါပေမယ့် အုတ်ခဲပိုင်းကန်ထရိုက်က လိုသလောက်အုတ်ခဲကို လောက်ငအောင် မသွင်းနိုင်သေးလို့ မပစ်သေးတာလို့ သိကြားမင်းဒေါ့ကွန်းမှာ ရေးထားသတဲ့ဗျား...အင်း...ဟုတ်တော့လည်း ဟုတ်ပေမပေါ့လေ...ပစ်စရာလူကလည်း အများသား မဟုတ်လား...အဲသလိုများ ပစ်တဲ့အချိန်ရောက်လို့ကတော့ သံခမောက်တွေ ရောင်းကောင်းလိုက်မယ့်ဖြစ်ခြင်း...

ကိုဇော် said...

အခိုးခံရတယ် ဆိုတာ ၊ ပျောက်တယ် ဆိုတာ ကိုယ်က ညံ့လို့ ဆိုပြီး အမေက ဆုံးမဖူးတယ်ဗျာ။ ဒါကြောင့် အမြဲလိုလို သတိထားပါတယ်။ ဒါကြောင့် အဖြစ်နည်းတယ် လို့ ဆိုရမှာပဲ။ ဒီတော့ သိကြားမင်းကိုလည်း အကူအညီ တောင်းစရာ မလိုတော့ဘူးပေါ့။

*** ဘလော့မှာ စာဖတ်လို့ မရဘူးဆိုတာက ပထမ အချက်က မော်ဇီလာနဲ့ ဖတ်ပေးပါ။ ဒုတိယ အချက်က သုံးနေတဲ့ စက်ထဲမှာ မဟုတ်တဲ့ ဖွန့်တွေ ရှိနေလို့ ထင်ပါတယ်။ ဒါကြောင့် အောက်ပါ အတိုင်း လုပ်ကြည့်ပါ။ Start > Control Panel > Fonts > အဲဒီမှာ ရှိနေတဲ့ Search မှာ Ayar , Myanmar 1 , Myanmar 2 , Myanmar 3 ဒီလို ရေးရှာလိုက်ြ့ပီးတော့ တွေ့သမျှ အကုန် Delete လုပ်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။ ကျနော်ကတော့ ဖတ်မရတဲ့ ဘလော့ မရှိသေးပါဘူး။*** အဆင်ပြေပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စဉ်းစားမိတာ ပြောရရင် ဖိနပ်အိုးတာတောင် ဒီလောက်အပြစ်ကြီးရင်
တခြားဟာတွေ တန်ဖိုးကြီးကြီးတွေ ခိုးယူနေတဲ့ သူခိုးအကြီးစားတွေကျတော့ ပိုဆိုးမယ်နော်
ထပ်တူဆုတောင်းပါတယ်။ သိကြားမင်းရဲ့ ဝရဇိန် အမြန်ဆုံးပြန်ကောင်းပါစေလို့
ဒါမှ သူခိုးတွေ နည်းသွားမှာ။ သူခိုးအကြီးစားတွေကိုပြောပါတယ်း)

ကိုကိုးအိမ်(မန္တလေး) said...

ဟုတ်ပါ့ဗျို့... မြန်မာ့အရောင်.. ကျက်သရေရှိလှတဲ့ အရောင် တည်ကြည်ခြင်း ခန့်တည်ခြင်း အလေးအမြတ်ထားခြင်းနဲ့ ညွတ်နူးခြင်း တို့နဲ့ပြည့်နေတဲ့ အရောင်.... ခုတော့လည်းဗျာ... အင်းလေ ကောင်းမှူ့တော် ဘုရားကြီးမြင်တိုင်းတောင် မျက်စိလည်တတ်သေးတာကိုး... သင်္ခါရပဲ တွေးရတော့မလိုပေါ့... ကျွန်တော်က ဖိနပ်တော့ပျောက်ဘူး တနင်္ဂနွေထောင့်ကို ရှာရင်းနဲ့ ပျောက်ပျောက်နေတတ်တာ.. ဟားဟား