Friday, December 16, 2011

မိန်းကလေးများ အသဲကွဲတတ်သည်

 
အချစ်ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ချစ်သူသေဆုံးခြင်း စသည်စသည် အကြောင်းကြောင်းတို့ကြောင့် လူတို့မှာ အသဲကွဲခြင်းဟုခေါ်သော စိတ်နှလုံးထိခိုက်ခြင်းဝေဒနာကို ခံစားရသည်ဖြစ်ခါ၊ ထိုထိုသော ရောဂါဘယ ကိုခံစားရသူအပေါင်းတွင် မိန်းကလေးများက ပိုမိုပြီး အထိခိုက်ဆုံးဖြစ်ကြောင်း  နိုဝင်ဘာ ၂၀ရက်နေ့ထုတ် Daliy Mail သတင်းစာပါ သတင်း တစ်ပုဒ်က ဆိုတယ်ပေါ့ သပ္ပုရိသ သူတော်စင်အပေါင်းတို့။

အမေရိကန်နိုင်ငံ အာကင်းဆတ် တက္ကကသိုလ်မှ ဒေါက်တာအဘီရှက်ဒက်ရှ်မက်၏ လေ့လာတွေ့ ရှိချက်မှာတော့ လူသားတွေဟာ ပျော်ရွှင်မှု့ကြောင့်ဖြစ်စေ၊ စိတ်နှလုံးထိခိုက်မှု့ ကိစ္စကြောင့် ဖြစ် စေ စိတ်ကို အထူးလှုံ့ဆော်သော ကိစ္စနှင့်ကြုံသောအခါ လူ့နှလုံးကို အတိုင်းအတာတခုထိ ထိခိုက် ဒဏ်ရာရတတ်ပြီး နှလုံးရောဂါရသည်အထိဖြစ်တတ်တယ်လို့ ဆိုလေငဲ့၊  သို့ကလို ခံစားရသော လူသားတို့အနက်မှ သုံးတောင်ဝတ်မိန်းမသားများမှာ နှလုံးရောဂါအဖြစ်ဆုံးပါတဲ့ ဗျာတို့ရယ်။

ဆက်လက်ပြီး ဒေါက်တာအဘီရှက်က စိတ်မကောင်းစရာနှင့်ကြုံရသောအခါ  စိတ်ဖိစီးမှု့ဒဏ်ကို ဖြစ်စေသော အဒရီလင်နှင့် အခြားဟော်မုန်း များသည် ပမာဏ အများအပြားထွက်လာတတ်သည်၊ ထို့သောထွက်လာသော ဟိုမုန်းများက နှလုံး၏ သွေးတွန်းထုတ်ရာ အခန်းကို ရုတ်ချည်းဖောင်း တတ်လာစေ၍၊ ပုံမှန်လည်ပတ်နေကျ စည်းချက်ကို ပျက်စေပြီး၊ ထိုသို့ပျက်သွားခြင်းကို နှလုံးရှော့ခ် ဖြစ်ခြင်းဟု ဆိုကြောင်း၊ အလွန်စိတ်ထိခိုက်စရာ နှင့်ကြုံရပါက ဟိုမုန်းများ ဆောင့်တက်ပြီး ထိုသို့ ရှော့ဖြစ်တက်တယ်လို့လည်း ဆိုလေရဲ့။

အထက်ပါ နှလုံးရှော့ဖြစ်ခြင်း ဝေဒနာ (တနည်း) အသဲကွဲခြင်းကို ဗြိတိန်နိုင်ငံ တစ်ဝန်း ဆေးရုံတစ် ထောင်ကျော်မှာ စစ်တမ်းကောက်လိုက်တဲ့အခါ ဝေဒနာရှင် ၆၂၂၉ဦးအနက် အတောင်နှစ်ဆယ် ၀တ်မင်းယောကျာင်္းများရဲ့ပါဝင်မှု့က ၆၇၁ဦးသာ ရှိတယ်လို့ဆိုပါတယ်၊ အမျိုးသမီးများဟာ အမျိုး သားများထက် နှလုံးဖောက်ပြန်နိုင်ချေဟာ ၉.၅ ဆခန့် များပြားတယ်လို့ ဆိုချေတယ်ပေါ့ဗျာတို့ ရယ်။

သို့ကလို အထိမခံ ရွှေပုဂံကဲ့သို့ ထိလွယ်ရှလွယ်ရှိချေ လှစွာသော အနှီအမျိုးသမီးထု ကြီးကို နှလုံးကွဲအောင် ပြုမှုနိုင်သော လူသားများမှာ ကိုကိုငွေတို့ကဲ့သို့သော ချစ်သူကြင်သူ ယောကျာင်္း များကသာ ပြုလုပ်နိုင်တယ်လို့လဲ ကိုကိုငွေ စေ့ငုရသော ရိုက်တာသတင်းတရပ်မှာလည်း ဖော်ပြ တာကို ဖတ်မှတ်လိုက်သေးပေတော့၊ အကြင် သတို့သားတို့က မိမိရဲ့ ချစ်သူကြင်သူကို အဘယ့် ကြောင့် နှလုံးကွဲအောင်ပြုချေဘိသနည်း။ အကြင်သတို့သမီးကလည်း မိမိကိုချစ်ခင်တဲ့ သတို့သားလောင်က နှလုံးကွဲလောက်အောင် ဘယ်လိုပြစ်မှု့တွေ ကျူးလွန်ဘိသတုန်း။

ချစ်သူစုံတွဲဆိုတာ စိတ်ညစ်စရာ စိတ်ဆိုးစရာ ရံဖန်ရံခါ ရှိပေလိမ့်မပေါ့ ၊ ငိုအောင်မလုပ်နဲ့လေ ငိုအောင် လုပ်ပြီးရင်လည်း ဟိုမောင်က ပြန်ချော့ချေပေါ့ ၊ ခုတော့ဟုတ်ပေါင်ဗျာတို့ရယ် သတို့သမီး လောင်း၊ သတို့သားလောင်းတို့ကလည်း အိုင်မြင်တိုင်း ခြေဆေး၊ ချုံကွယ်ကွယ်တိုင်း ရှုးရှုးပေါက် နေတော့ကား မကြာမခဏဆိုသလို အင်တာနက်ဆိုင်မှာ ငိုသံတွေ ရှိုက်သံတွေကြားရသပေါ့။ ငိုသံ ရှိုက်သံတွေက အရေးမကြီးဘူးဗျာတို့ ကိုယ့်လုံးလ ပယောဂကြောင့်မယ်မင်းကြီးမလေး များခင်မျာ နှလုံးကွဲသွားလျှင်ရင်ဖြင့် ပါဏာတိပါတာ ဖြစ်မယ်မဟုတ်ပါလား၊ ဘယ်နှာကြောင့်လဲကိုကိုငွေလို့ မေးခဲ့ရင် မိန်းကလေးတွေက ယောကျာင်္းလေးများထက် အသဲကွဲလွယ်ကူကြောင်းပါ သပ္ပုရိသနွယ် ၀င်သူတော်စင် အပေါင်းတို့ လေ။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ (ရှင်)……။

10 comments:

မဒမ်ကိုး said...

မှန်ပါဒယ် မှန်ပါဒယ် ဆြာငွေ ပုရိသအပေါင်းကိုလာဖတ်အောင် သာပြောပါလေ ..း)

ကိုကိုမောင်(ပန်းရနံ့) said...

အပေါ်က မဒမ်တစ်ယောက်က ဇွတ်ထောက်ခံနေပါလား။ ပျိုပျိုမေတွေကြောင့် ပုရိသတွေ ဟတက်ကွဲနေတာကိုဖြင့် မဒမ်တစ်ယောက် ကန်းချင်ယောင် ဆောင်နေရော့ထင့်။း)

အသဲကွတတ်သည်။ ဖြေးဖြေးမုန်းပေါ့ဗျာတို့ရယ်။း)

မိုးယံ said...

သူ့စစ်တမ်းကို သဘောကျပါတယ်..
ဒါပေမယ့်..
အခုတော့..ငါကွဲနေတယ်... အသည်းအသည်း

ကွကိုယ်ပြန်စဉ်းစားရသေးတယ်..ငါ ....

Anonymous said...

မှန်လိုက်ထှာ..
တစ်ချို့တစ်ချို့တွေဆို
မကြိုက်ခင်ကတည်းက.တစ်ဖက်သက်
အသည်းကွဲတတ်ကြတာလေး))
အမျိုးသမီးရေးရာမှ..အဲလေ.
အမျိုးသမီးများဖက်မှ.
အပြည့်အ၀..ထောက်ခံပါသည်ရှင် :P

ချမ်းမြေ့ပါစေ
ခင်မင်စွာဖြင့်
မိစံ

ကိုအောင်(ပျူနိုင်ငံ) said...

ယောင်္ကျားလေးတွေလည်း အသဲကွဲတတ်ပါတယ်ဗျ ...း)

...အလင်းစက်များ said...

ကွကို တောင် ကွဲနေတာ ပြန်ဆက်မရသေးတာ သူများ ခွဲ ဖို့ တော့ စိတ်တောင် မကူးရဲသေးဘူး။ ဟီး

Angelhlaing(May everybody be happy and healthy! said...

မမ(မဒမ်ကိုး)လိုပါပဲ...အပြည့်အဝ ထောက်ခံပါတယ်အကို....:):)

ချော(အစိမ်းရောင်လွင်ပြင်) said...

အသည်းကွဲလို့ အမူးသမားတွေဖြစ်ကုန်တဲ့သူတွေလည်း တစ်ထောကြီးပါ ကိုကိုငွေရဲ့
မသိချင်ထောင် အဲလေ မသိချင်ယောင် မဆောင်ပါနဲ့လို့။
မိန်းမတွေကွဲရင်တော့ တိုက်ပေါ်ကခုန်ချတာလောက် လုပ်တာပါ။
ယောက်ျားတွေကွဲရင်တော့ တစ်သက်လုံး ယစ်ထုပ်ကြီ့းဖြစ်သွားကြသေးတာ။ :P

sosegado said...

ယောင်္ကျားလေးများ အသဲကွဲလျှင် ဆေးရုံမသွားပါ၊
ဘယ်သွားသလဲ ကွဲဖူးသူများကိုမေးကြည့်ပါ၊
စိုးလွင်လွင်၏ သီးချင်းတစ်ပုဒ်ကို နားထောင်လိုက်ပါ၊

ထိုအတွက် ဆေးရုံစစ်တမ်းမှားပါသည်၊

Anonymous said...

တို့ကတော့ ရက်စက်တတ်တဲ့နှလုံးသားမရှိပါဘူးနော်...ဒီလိုပါပဲ ချစ်တတ်တဲ့မိန်းခလေးက ရက်စက်တဲ့ယောက်ျားနဲ့ တွေ့တတ်တယ်...ချစ်တတ်တဲ့ ယောက်ျားလေးကလည်း ရက်စက်တဲ့ မိန်းခလေးနဲ့တွေ့တတ်ပါတယ်...အပြန်အလှန် သစ္စာရှိကြပြီး..ကိုယ်ချင်းစာစိတ်လေးထားပြီးချစ်ကြရင် တော့အကောင်းဆုံးပါပဲ...အဲလိုချစ်နေကြတဲ့သူတွေ တွေ့ရင် ကြည်နူးမိပါတယ်...အမြဲပျော်ရွှင်နိုင်ကြပါစေလို့လည်းဆုတောင်းပါတယ်...တခါတရံ မိဘအသိုင်းအဝိုင်းကြောင့်လည်း အသဲကွဲကြတတ်ပါတယ်..မိဘတွေကလည်းစိတ်ပူလို့ပေါ့လေ....ခုလောလောဆယ် ကျွန်မကတော့ ယောက်ျားတစ်ယောက်ကိုချစ်ပြီး မိဘအသိုင်းအဝိုင်းကြောင့်ရော သူ့ကြောင့်ပါ အသည်းကွဲနေရပါတယ်...ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူတိုင်း နာလည်မှု ပျော်ရွှင်မှုတွေနဲ့ ပေါင်းဖက်နိုင်ကြပါစေ.....