Wednesday, October 20, 2010

ဆပ်ကပ်ပွဲ

                                  စာရေးဆရာကြီး William Wordsworth ၏ပုံ



ဆပ်ကပ်ပွဲ
ကျွန်တော်ဆယ်ကျော်သက် အရွယ်တုန်းကပါ ၊ ကျွန်တော်နဲ့ ကျွန်တော့်အဖေဖေဟာ ဆပ်ကပ်ပွဲကို ကြည့်ဖို့ လက်မှတ်ဝယ်ရန်အတွက် တန်းစီနေပါတယ် ၊ နောက်ဆုံးကျွန်တော်တို့ အကြားမှာ လက်မှတ် ရောင်းတဲ့ နေရာနဲ့ မိသားစုတစ်စုသာ ရှိပါတော့တယ် ၊ ဒီမိသားစုကို ကျွန်တော်စိတ်ထဲမှာ တော်တော်လေး စွဲကျန်နေခဲ့ပါတယ် ၊ ကလေးက ရှစ်ယောက် အားလုံး၁၂နှစ် အောက်အရွယ်တွေ ဖြစ်ဖို့များပါတယ် ၊ သူတို့တွေမှာ ငွေများများစားစား မရှိတာကို သူတို့ရဲ့ ဟန်ပန်နဲ့ ၀တ်စားလာတဲ့ အ၀တ်အစားလေးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ။

သူတို့ဝတ်လာတဲ့ အ၀တ်အစားလေးတွေဟာ တန်ဖိုးမကြီးလှပါဘူး၊ ဒါပေမဲ့ သန့်သန့်ပြန့်ပြန့်လေးတွေပါ  လက်ချင်းတွဲကာ သူတို့မိဘတွေ နောက်က နှစ်ယောက်တွဲ တန်းစီနေတဲ့  ကလေးအားလုံးဟာ ရည်ရည်မွန်မွန်လေးတွေပါ ၊  သူတို့လေးတွေက ဒီညကြည့်ရမဲ့ လူရွှင်တော်တွေ အကြောင်း ဆင်တွေအကြောင်း အခြားပြကွက်တွေ အကြောင်းတွေကို တတွတ်တွတ်နဲ့ ပြောဆိုနေကြပါတယ် ၊ အရင်က သူတို့လေးတွေဟာ ဆပ်ကပ် ပွဲဆိုတာကို လုံးဝမကြည့်ခဲ့ဖူးဘူးဆိုတာ မှန်းဆကြည့်နိုင်ရုံနဲ့ သိနိုင်ပါတယ် ၊ ဒီနေ့ညဟာ သူတို့လေးတွေရဲ့ ဘ၀အတွက် အထူးအဆန်းလေး တစ်ခုဖြစ်ဖို့ ကျိန်းသေပါတယ် ။

သူတို့ အဖေနဲ့ အမဟာ အုပ်စုရဲ့ ရှေ့နားမှာ မားမားမတ်မတ် ရပ်နေကြပါတယ် ၊ အမေဖြစ်သူဟာ ခင်ပွန်းဖြစ်သူရဲ့ လက်ကိုဆွဲထားရင်း ဒီညမှာတော့ ရှင်ဟာ ကျမအတွက် ချပ်ဝပ်တန်ဆာတွေနဲ့ တောက်ပနေတဲ့ သူရဲကောင်းကြီးပါဘဲဆိုတဲ့ ပုံစံမျိုးနဲ့ ယောကျာ်းရဲ့ မျက်နှာကို ရွမ်းရွမ်းစားစား ကြည့်နေသလို  ၊ ယောကျာ်း ဖြစ်သူကတော့ ပြုံပြုံးကြီးလုပ်နေပြီး ဟန်ပန်ကြီးစွာနဲ့ သူ့မိန်းမကို ကြည့်ပြီး “မင်းတောင် ဒီအမှန်တရားကို နားလည်သွားမှကိုး ” ဆိုတဲ့ ပုံစံနဲ့  ဇနီးဖြစ်သူ့ကို ပြန်လည် ကြည့်နေပါတယ် ။

လက်မှတ်ရောင်းနေတဲ့ အမျိုးသမီးက “လက်မှတ်ဘယ်နှစ်စောင်ဖြတ်မှာလဲ ” လို့ဖခင်ဖြစ်သူကို လှမ်းမေးလိုက်ပါတယ် ၊ “ကျေးဇူးပြုပြီး လူကြီးလက်မှတ် နှစ်စောင် ကလေးလက်မှတ် ၈စောင် ပေးပါဗျာ ၊ ဒါမှ ကျွန်တော်မိသားစုကို ဆပ်ကပ်ပြနိုင်မှာဗျ ”လို့ သူက၀င့်ကြွားစွာနဲ့ ပြန်ပြောလိုက်ပါတယ် ၊ အဲဒီအချိန်မှာ လက်မှတ်ရောင်းတဲ့ အမျိုးသမီးက ကျသင့်ငွေကို ပြောလိုက်တဲ့ အချိန်မှာတော့ ၊ သူ့ဇနီးက သူ့လက်ကို လွှတ်လိုက်သလို သူမရဲ့  ဦးခေါင်းဟာလဲ ငိုက်စိုက်ကျသွား ပါတယ် ၊ ဖခင်ဖြစ်သူရဲ့ နှုတ်ခမ်းဟာလဲ တုန်တုန်ရီရီ ဖြစ်လာပါတော့တယ် ၊ ဖခင်ဖြစ်သူဟာ ရှေ့ကို နဲနဲတိုးလိုက်ပြီး ၊ “ဘယ်လောက်ကျတယ်လို့ ပြောလိုက်တာလဲ ခင်မျာ ”ဟု တိုးလျှဆုတ်နစ်သော အသံနဲ့ မေးလိုက်ပါတယ် ၊ လက်မှတ်ရောင်းသူက ကျသင့်တာ ထက်ပိုပြီးတော့ ပြောလိုက်ပါတယ် ။

သူတို့မှာ ငွေလုံလုံလောက်လောက် ရှိပုံမရပါ ၊ သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကို ငွေမလောက်လို့ ဆပ်ကပ်မပြနိုင်တော့ဘူးလို့ ဖခင်တစ်ယောက်အနေနဲ့ ဘယ်ပြောထွက်နိုင်ပါ့မလဲ ၊ အခြေအနေကို သိတဲ့ ကျွန်တော်ဖေဖေဟာ သူ့အင်္ကျီထဲက ဒေါ်လာ၂၀တန် တစ်ရွက်ကို မြေကြီးပေါ်ကို ချလိုက်ပါတယ် ၊ ဖေဖေဟာ ဒေါ်လာ နှစ်ဆယ်တန်ကို လှမ်းပြီး ကောက်ယူလိုက်ပြီး အဲဒီလူရဲ့ ပခုံးကို ပုတ်ခါ ၊ “ဒီကဆရာကြီး ခင်များအိပ်ကပ်ထဲက ထွက်ကျတာလေ” ဟုပြောလိုက်ပါတယ် ။

အဲဒီလူကြီးက အခြေအနေကို သိရှိနားလည်ပါတယ် ၊ သူကဖေဖေ လှမ်းပေးလာတဲ့ ဒေါ်လာ၂၀တန် ကိုငြင်းဆန်မနေတော့ဘဲ ၊ သူ့မျက်နှာဟာ အခြေအနေကို တန်ဖိုးထားပါတယ် ၊ သူက ကျွန်တော့် ဖေဖေရဲ့ မျက်လုံးတွေကို စိုက်ကြည့်ခါ ၊ သူ့လက်နှစ်ဖက်နဲ့ ဖေဖေကို လက်တွဲနှုတ်ဆက်လိုက်ပြီး ဒေါ်လာ၂၀တန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ယူလိုက်ပါတယ် ၊ ပြီးတော့ သူ့ပါးပြင်ပေါ်သို့ မျက်ရည် တစ်စက် စီးကျခါ တုန်ရီနေတဲ့ နှုတ်ခမ်းနဲ့ ကျွန်တော့ဖေဖေကို “ ဆရာကြီးရယ် ကျေးဇူးတင်လိုက်တာဗျာ ၊ ကျေးဇူးတင်လိုက်တာ ဒါလေးဟာ ကျွန်တော့်မိသားစု အတွက်တော့ အရမ်းအဓိပ္ပါယ်ရှိပါတယ်ဗျာ ”

ကျွန်တော်နဲ့ ကျွန်တော့အဖေဟာ ကားလေးဆီကို ပြန်သွားခဲ့ပြီး ၊ အိမ်သို့ ပြန်မောင်းလာခဲ့ပါကြပါတယ် ၊ အဲဒီနေ့ညက ကျွန်တော်တို့ သားအဖနှစ်ယောက် ဆပ်ကပ်ပွဲကို မကြည့်ခဲ့ရပါဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ အကြောင်းမဲ့ မကြည့်ခဲ့ရတာတော့ မဟုတ်ပါဘူး ။

ဒီဝတ္ထုလေးကို ကျွန်တော်ဖတ်ဖူးခဲ့တဲ့အချိန်က ကျွန်တော်၈တန်း ကျောင်းသားဘ၀ကပါ ရေးတဲ့ လူက William Wordsworth (၀ီလီယန် ၀ါ့(ဒ်) ၀ါ (သ်) ပါ ၊ နာမည်လေးက The circus ပါ နှစ်တွေ ကြာခဲ့ပေမဲ့ Chicken soup For the soup Vol -2 ဆိုတဲ့ စာအုပ်လေးဟာ ကျွန်တော့် အိပ်ယာဘေးမှာ အမြဲရှိနေခဲ့ပါတယ် ၊ ဒီစာအုပ်လေးကြောင့် ကျွန်တော်နဲနဲ ပြောင်းလဲခဲ့ဖူးပါတယ် ၊ အဲဒီ ၀တ္ထုလေးထဲက ကျွန်တော်အမှတ်တရ ရှိတဲ့စာလေး တစ်ပိုဒ်ကတော့ “We didn’t go to the circus that night, but we didn’t go without.” အဲဒီညက ကျွန်တော်တို့ သားအဖ ဆပ်ကပ် မကြည့်ခဲ့ရဘူး၊ ဒါဟာ အကြောင်းမဲ့ မကြည့်ခဲ့ရတာတော့ မဟုတ်ဘူးတဲ့ ၊ အရမ်းကောင်းတဲ့ စာသားလေးပါ ၊ တခါတရံမှာ သူတစ်ပါးကို ကူညီလိုက်ရလို့ ကိုယ့်ရဲ့အခွင့်ရေး တစုံတရာ ဆုံးရှုံးခဲ့ရမယ် ဆိုရင် ၊ ဒါဟာ didn’t go without “အကြောင်းမဲ့” မဟုတ်ဘူးလို့ ဖြေ သိမ့်နိုင်ကြပါစေကြောင်း……။

ဒီစာလေးကို ရေးပြီးတဲ့ အချိန်မှာ ကျွန်ုပ်၏ ချစ်လှစွာသော မဒမ်ငွေက ချက်ချင်းတင်ရန် ညွန်ကြား ခြင်းကို ခံရပါတယ် ၊ မတင်ဘူးလို့ ပြောတော့ စိတ်တွေအရမ်းဆိုးနေပါတယ် ၊ စာလဲရေးရ မဒမ်ငွေရဲ့ စိတ်ဆိုး စိတ်ကောက်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည့် သနားစဖွယ် အရမ်းကောင်းသည့် မစ္စတာငွေလမင်းက ၊ စာရှုသူအားလုံးတို့ကို ရွှင်လန်းချမ်းမြေ့သော နေ့တစ်နေ့ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြ ပါစေခင်မျာ ။

10 comments:

မိုးယံ said...

ဒီစာကို ပုံစံ အမျိုးမျိုးနဲ့ ခဏခဏ ဖတ်ဖူးတယ်။ ဦးဖေမြင့်ဘာသာပြန်လဲ ဖတ်ဖူးတယ်။ ပုံပြင်လိုလို ပြောတာလဲ ကြားဖူးတယ်။ စာအုပ် စာစောင်တော်တော်များများမှာလဲ ဖတ်ဖူးတယ်။ ဒါပေမယ့် ဘယ်အချိန် ပြန်ဖတ်ဖတ် ရသ က အပြည့်ပါတုန်း။ ခုတော့ ဘာသာပြန်တဲ့ ငွေလမင်း မောင်နှံကို ထပ်ပြီးတော့ ကျေးဇူးတင်တုန်း။ နောက်လဲ အဲလို စာကောင်းလေးတွေ တင်အုန်း။ လာဖတ်ဦးမှာ

သောစေယျံ said...

စာတွေလာဖတ်တယ်ပါတယ် သိုက် ဒုတိယပိုင်း မရေးသေးဘူးလား စောင့်နေတာ လည်ပင်းရှည်တော့မယ်

နတ်ဆိုးလေး said...

သိပ်ကောင်းတဲ့ ၀တ္ထုလေးပဲ..
ပုံပြင်လိုလို ဘာလိုလို လို့ ပြောနေကြပေမယ့်လဲ
နတ်နတ်တို့က ၀တ္ထုလိုပဲ ခံစားဖတ်ရှုသွားပါတယ်

ခင်လျက်
နတ်ဆိုးလေး(အန္ဓ)

မောင်လေး said...

အဲ့ chicken soup ကို ငယ်ငယ်ကသိပ်ကြိုက်ခဲ့တယ်...။
လွမ်းမိုးမှု တစ်စုံတစ်ရာလည်း ရှိခဲ့ရဲ့..။ခုတော့ သိပ်မကြိုက်
တော့ဘူးဗျ..။ဘာလို့လဲတော့သိဘူး။

ကိုဇော် said...

အတော်ကို နှစ်သက်ခဲ့ဖူးတဲ့ စာလေးပါပဲ။

သဇင် said...

ရောက်လာပြီးဖတ်သွားပါတယ်။ မစ်စတာငွေလမင်းက မဒမ်ငွေကိုကြောက်ရသလားဟင်??? သိုက် ဒုတိယပိုင်းကို အလုပ်တွေမအားမှန်းသိလို့ အတင်း မရေးခိုင်းတော့ပါဘူး။ ကိုယ့်လည်ပင်းကို ဒေါက်ထောက်ထားပြီး ရေးပြီးတင်လာမဲ့ရက်ကိုဘဲစောင့်မျှော်နေပါတယ်။

blackcoffee said...

တကယ်အဖိုးတန်တဲ့ကူညီမှုလေးပါ။တကယ်လိုအပ်တဲ့လူကိုကူညီတာအကောင်းဆုံးကုသိုလ်လုပ်ခြင်းပါဘဲ။ရေးထားတာလေးကောင်းတယ်။အဖေတစ်ယောက်ရဲ့ ခံစားချက်ကိုနားလည်တဲ့အဖေတစ်ယောက်ရဲ့ စေတနာကိုလေးစားမိတယ်။

ရွှေရတုမှတ်တမ်း said...

ငယ်ငယ်ကထဲကစွဲခဲ့တဲ့အကြောင်းလေး..ခုထိလဲစွဲတုန်း

မြစ်ကျိုးအင်း said...

ဇာတ်လမ်းသိနေတာတောင် ဆက်ဖတ် ဖြစ်လောက်အောင် စွဲဆောင်နိင်တဲ့ ဇာတ်လမ်းလေးပါပဲ။
လှိုက်လှိုက်လှဲလှဲ ဖြစ်စေတဲ့ လူမှုဘဝ အခြေအနေလေး မို့လို့ မမေ့နိင်အောင် ခုထိ သတိရနေတာ။

ကောင်းမွန်ဝင်း said...

ကိုယ်ချင်းစာစိတ်က တခါတလေမှာ
ကိုယ့်အတွက်ကော သူ့အတွက်ကော ကိုယ့်အတွက်ကော တန်ဘိုးမဖြတ်နိုင်တယ် ကျေနပ်မှုတွေကိုရစေတယ်လို့လည်း ခံစားမိတယ်။
စာကောင်းကလေးအတွက် မဒမ်ငွေလမင်းကိုကျေးဇူးတင်ပါတယ်။

ကျွန်မလူမှားပြီးကျေးဇူးတင်မိခဲ့တယ်ဆိုရင်တောင်းပန်ပါတယ် မစ္စတာငွေလမင်း။
m^-^m