Thursday, October 28, 2010

ဒိန်ချဉ်


ဒီတလော မဟာဂီတသီချင်း အကြောင်းရေးဖို့ ၊ ထံတျာတေရှင်သီချင်းကို အင်တာနက်မှာ ရှာရင်း နဲ့ ၊ ဒိန်ချဉ်လုပ်နည်းလာတွေ့ပါတယ် ၊ လုပ်ပုံလုပ်နည်းတွေက အစုံပါဘဲ ၊ မြန်မာ ကိုးရီး ယား ၊ အင်္ဂလန် ၊ ဂျပန် နိုင်ငံအလိုက် လုပ်ပုံလုပ်နည်း တော်တော်လေးစုံပါတယ် ၊ ယူကျု့မှာ ရှိတယ် အကုန်လုံး ၊ ဒိန်ချဉ်ကို ကျွန်တော်က ငယ်ငယ်ကတည်းက အရမ်းကြိုက်တယ် ၊ စားတာ မှ တော်တော်လေး စားပါတယ် ၊ ဒိန်ချဉ်ကို ထန်းလျှက်ရေနဲ့ စားတာ ပိုကြိုက်ပါတယ် ၊ အချို့နိုင်ငံ တွေမှာတော့ ပျားရည်နဲ့ စားသောက်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ သကြားနဲ့လဲ စားသုံးတာ တွေ့မြင်ဖူးပါတယ် ၊ဒိန်ချဉ်ဟာ အသားရေ လှပစိုပြေစေသလို ၊ ကိုယ်အနံ့ဆိုးတွေ ကင်းစေတယ် ၊ နောက်ပြီး အူမကြီးကို ကောင်းစွာအထောက်ကူဖြစ်စေလို့ ၊ ၀မ်းကိုလွယ်ကူစေတယ် ၊ အနာကို ကျက်စေတယ် ၊ အူမကြီးကင်ဆာကို  မဖြစ်စေဘူး ။

ဒါကြောင့် ကမ္ဘာအရပ်အရပ် နိုင်ငံအသီးသီးမှာ ၊ ဒိန်ချဉ်ကို ထုတ်လုပ်ရောင်းချကြသလို ၊ အများစု စားသောက်ကြပါတယ် ၊ ဒိန်ချဉ်ဟာ လတ်ဆတ်တဲ့ ဒိန်ချဉ်ဆိုရင် စိမ့်တဲ့အရသာ ရှိပါတယ် ၊ ရက် လွန်ဒိန်ချဉ်ကတော့ ချဉ်တဲ့အရသာ ရှိပါတယ် ၊ ချဉ်တာမှ အက်ဆစ် ချဉ်သလိုချဉ်ပါတယ် ၊ အထက်က ဖော်ပြအပ်တဲ့ အကျိုးကျေးဇူးတွေကတော့ ရက်မလွန်သေးတဲ့ ဒိန်ချဉ်ကိုစားသုံးမှသာ ရရှိစေမှာဖြစ်ပါတယ် ၊ ရက်လွန်တဲ့ ဒိန်ချဉ်ကတော့ ဘေးဥပါဒ်ကိုဖြစ်စေပါတယ် ၊ ယောမင်းကြီးဦး ဘိုးလှိုင်ရဲ့ နာမည်ကျော် ဥတုဘောဇနသင်္ဂဟကျမ်းလို့ ခေါ်တဲ့ အာယုဗ္ဗေဒ ဆေးကျမ်းမှာ ဒိန်ချဉ်သည် သွေးကိုသန့်စေ၏ ၊ ၀မ်းမီးအပူကိုအေးငြိမ်းစေ၏ ၊ ဆီးဝမ်းလေတို့ကိုသက်စေ၏ ၊ အသားအရေကိုလှပစေ၏ ၊ အရိုးချဉ်ဆီကိုဖြစ်ထွန်းစေတတ်၏ ၊ သလိပ်ဒေါသ စမြင်းဒေါသကို ကင်းရှင်းစေတတ်၏ လို့ရေးသားထားပါတယ် ၊ သို့သော် ရက်လွန်ဒိန်ချဉ်များကတော့ ထိုကဲ့သို့ ကောင်းကျိုးပေးစေတတ်မယ်လို့တော့ မထင်မှိပါဘူး ၊ အစားအစာများကို ရေရှည်ခံအောင်လုပ်ပြီး ရောင်းဝယ်ဖောက်ကားတတ်တဲ့ ယနေ့ခေတ်ခါမှာ ဒိန်ချဉ်များဟာ ရက်ပေါင်းများစွာ ခံအောင် အအေးခန်းထဲမှာထားပြီး ရောင်းချတတ်ကြသမို့ ၊ ရက်လွန်တဲ့ ဒိန်ချဉ်တွေအဖြစ်သာ ဈေးကွတ် အတွင်းမှာ မြင်တွေ့နေရပါတယ် ။

ဒိန်ချဉ်ရဲ့သက်တမ်းဟာ ဒိန်ချဉ်ဖြစ်ပြီး သုံးရက်အတွင်းသာဖြစ်ပါတယ် ၊ ဒါကြောင့် လောကနီတိမှာ သုံးရက်လွန်သော ဒိန်ချဉ်ကိုမမှီဝဲရာ ၊ အရွယ်လွန်သော မိန်းမ၌ မေထုန်မမှီဝဲရာ ၊ တပေါင်းတန်ခူးစ သောပူပြင်းသော နွေကာလတို့၌ နေ့လည်နေခင်းမအိပ်ရာ လို့ဆုံးမထားပါတယ် ၊ ဒီစကားရပ်များကို နီတိဆရာဟာ ဘုရားဟော ပါဠိတော်များမှ ကောက်ယူဖော်ပြထား ခြင်းဖြစ်ပါတယ် ၊ ကမ္ဘာကျော် မင်းသမီးကြီး အယ်လီဇဘက် တေလာနဲ့ အခြားသော မင်းသမီးတချို့ဟာ ညဘက်မှာ ဒိန်ချဉ်ကို လိမ်းပြီး အိပ်တယ်လို့ တိုင်းမ် မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်လိုက်ရပါတယ် ၊ ကျွန်တော် ထိုင်းမှာနေစဉ်က မဟာချုလာ လောင်ကွန်း တက္ကသိုလ် ဓာတ်ခွဲခန်းမှာ ဒိန်ချဉ်ကို သုတေသန လုပ်တာကို တွေ့ခဲ့ဖူးပါတယ် ၊ ဒိန်ချဉ်ကို အတုံးငယ်လေးတစ်ခုကို မိုက်ခရိုစကုတ်နဲ့ ပုံကြီးချဲ့ကြည့်လိုက်ရင် ဘက်တီးရီးယား ပိုးကောင်လေးတွေ အကောင်ပေါင်းသန်းချီပြီး တွေ့နိုင်တယ်လို့ သုတေသနအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သူငယ်ချင်းက ဆိုပါတယ် ၊ နို့အချဉ် ပေါက်သွားတာ အဲဒီပိုးကောင်လေးတွေ မွေးဖွားဖို့လို့ ဆိုပါတယ် ၊ ဒီိပိုးကောင်တွေဟာ ခန္ဓာကိုယ်အတွင်းမှာ လိုအပ်တဲ့ ပိုးကောင်တွေလို့ လဲဆိုပါတယ် ၊ ဒီပိုးကောင်လေးတွေဟာ ခန္ဓာကိုယ်ထဲကို ရောက်သွားရင်တော့ ခန္ဓာကိုယ်ထဲက လူကိုဥပါဒ်ဖြစ်စေတတ်တဲ့ ပိုးကောင်တွေကို ကိုက်ဖြတ်စားသောက်ပါသတဲ့ ၊ အထူးအားဖြင့် ၀မ်းကို ကိုက်စေတတ်တဲ့ ပိုးတစ်မျိုးကို အထူးနိုင်နင်းလို့ ၊ ဒိန်ချဉ်ကို တနေ့ကို ၂၀ဂရမ် ပုံမှန်စားသုံးရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမရှိဘူးလို့ သူငယ်ချင်း ဒေါက်တာမင်းမြတ်က ဆိုပါတယ် ။

ဒိန်ချဉ်ထဲမှာ ပါတဲ့ပိုးကောင်လေးတွေဟာ နေရောင်ခြည် တိုက်ရိုက်ထိရင် သေပါသတဲ့ ၊ အအေးချိန် ၅၅ ကျော်ရင်လဲ သေဆုံးတတ်ပါတယ်တဲ့ ၊ သူ့အလိုလိုကတော့ နာရီပေါင်း ၆၀ ကျော်ကြာရင် သေတယ်လို့လဲ မင်းမြတ်က ပြောပါတယ် ၊ ဘက်တီးရီးယားလေးတွေ သေဆုံးပြီးမှ စားသောက်တဲ့ ဒိန်ချဉ်ကတော့ ခန္ဓာကိုယ်ကို အကျိုးမဖြစ်စေတဲ့ အပြင် ၀မ်းပျက်တတ်တယ်လို့ ဆိုပါတယ် ။ လောကနီတီ စကားနဲ့ အလွန်ပင်ကိုက်ညီပါတယ် လောကနီတိမှာ သုံးရက်ကျော် သော ဒိန်ချဉ်လို့ ဆိုထားသလို ၊ ခေတ်သစ်ဆေးပညာမှာတော့ နာရီပေါင်း ၆၀ ကျော်ဆိုတော့ တိုက်ဆိုင်စွာဘဲ ခေတ်ဆေးပညာနဲ့ ရှေးပညာရှိတို့စကားဟာ ကိုက်ညီနေပြန်ပါတယ် ။

မည်သို့ပင် ဖြစ်စေကာမူ အစာလဲဆေး ဆေးလဲအစာဆိုသမို့ ၊ ဒိန်ချဉ်ကို ဆေးလိုဘဲစားစား မုန့်ပဲသရေစာ အနေနဲ့စားစား တခါတရံစားမှိကြမှာတော့ အမှန်ပါဘဲ ၊ စားသောက်ကုန်များဟာ တခါတရံမှာ သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုအစား တာရှည်အထားခံမှုကို ဘဲအဓိကထား ရောင်းဝယ် ဖောက်ကားကြသမို့ ၊ အားတဲ့ တနေ့နေ့မှာ ဒိန်ချဉ်ဖောက်ပြီး စားလျှင်ရင်ဖြင့် ၊ အာရောဂျံ ပရမံ လာဘံ ။ အာရောဂျံ -အနာကင်းခြင်းသည် ၊ ပရမံ-မြတ်သော ၊ လာဘံ -လာဘ်ပေတည်း ၊ ဟူသော ဘုရားဟော ဒေသနာနှင့် အညီ ၊ အသက်ရှည် အနာကင်းကြမည်ဖြစ်ပါကြောင်း ၊ ဒိန်ချဉ်အ ကြောင်းသိသလောက် ၊ ဖောက်သည်ချလိုက်ပါတယ် ။

အားလုံးအသက်ရှည် အနာကင်းဖို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ။
ဒိန်ချဉ်လုပ်နည်း ရုပ်သံ

8 comments:

မောင်လေး said...

သိပ်ကြိုက်ပါ့ဗျာ...လုပ်ဖြစ်ရင် ပြောပါလား...လာအားပေးမယ်လေ..။

ဘကြီးဖြိုး said...

ဒိန်ချဉ်လုပ်နည်းနိဿရည်းဆိုလို့ဗျာ...တော်တော်နောက်တဲ့လူဘဲ...
၃ခေါက်တိတိပြန်ရှာတယ်...ကိုယ့်မျက်စေ့ဘဲမွဲသလားလို့...
ဒိန်ချဉ်အကြောင်းသိကောင်းစရာလုပ်ပါမောင်ရယ်..

ဒေါင်းမင်း said...

ဗဟုသုတရလိုက်တယ်။ကျွန်တော်ကဒိန်ချဉ်ကြိုက်တယ်။
ဒါပေမယ့်ကျွန်တော်စားနေတာသက်တမ်းလွန်ဒိန်ချဉ်တွေ
ဖြစ်နေတာများတယ်။သက်တမ်းလွန်တယ်ဆိုတာအခုမှ
သိတာလေ။ဒါကြောင့်ဒီပို့အတွက်ကျေးဇူးတင်ရှိပါတယ်။
နောက်ရေခဲသေတ္တာထဲအကြာကြီးသိမ်းထားပြီးမှမစား
တော့ပါဘူး။သုံးရက်ထက်လဲပိုမထာဘူး။အခုဖောက်အခုစား
လုပ်တော့မယ်။
ခင်မင်စွာဖြင့်
ဒိန်ချဉ်ကြိုက်သူဒေါင်းမင်း

ဒေါင်းမင်း said...

ပြောမှပဲမေ့နေတာ..အခုဒိန်ချဉ်စားချင်နေတယ်။
သွားရည်တောင်ကျသလိုလိုဖြစ်နေတယ်။အဲဒါငွေလမင်း
ကြောင့်ဗျို့။ဒိန်ချဉ်အီးမေးကနေပို့ပေးပေတော့ဒါပဲ..

သောစေယျံ said...

ဒိန်ချဉ်အကြောင်းဖတ်ပြီး သွားတောင်စားလိုက်ချင်တယ်ဗျာ
ကျုပ်တို့ပညာသင်နေတဲ့ ကုလားပြည်မှာ လဲပေါတယ်နော်
စားချင်းရင် လာခဲ့

ကိုဇော် said...

ဒိန်ချဉ်ရဲ့ ဗဟုသုတလေးတော့ ဖတ်ပြီးပြီ။
လုပ်နည်းလေးကိုတော့ စာနဲ့ သေချာ ဖော်ပြပေးပေတော့။

မသိပေမဲ့ နည်းနည်း လျှာရှည်လိုက်ဦးမယ်။ လုပ်နည်းမှာ ၂ နည်းရှိတယ်။
အလျင်လုပ်နည်း နဲ့ အစပြု လုပ်နည်း။
ဒီမှာက အလျင်နည်း လုပ်ဖို့ မလွယ်ဘူး။ ဒါကြောင့် အစပြုနည်းလေးကို အဓိက ဖော်ပြပေးပါ။ နှစ်နည်း စလုံး ဆိုရင်တော့ ပိုလို့ ကောင်းပေါ့ဗျာ။ မျှော်နေမယ်။

အကြွေး နှစ်ထုတောင်မှ ချိသွားပီ ငွေလမင်းစုံတွဲမှာ ဟိဟိ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒိန်ချဉ်က မိန်းမတွေနဲ့ တည့်တယ်
များများစားသင့်တယ်တဲ့
ကဲ မစ္စစ်ငွေလမင်း စားကြစို့ နေ့စဉ်
ဒိန်ချဉ်ပုလင်းထောင်လို့......

Anonymous said...

ရှာတုန်းက တံတျာတေချဉ်။ တွေ့တော့ ဒိန်ရှင်။ အဲ ဟုတ်ပေါင် ။
ဖတ်မှတ်သွားပါတယ်။ကျေးဇူးပါဗျား။