Tuesday, October 26, 2010

သာယာဝတီထောင်သို့ တစ်ခေါက်


                                            ကမ္ဘာကျော် အင်းစိန်ထောင်ကြီးပုံ(အပေါ်စီးမှ ကြည့်ပုံ)

ကဲသွားမယ်ဟေ့ ဟုတ်ကဲ့ ကျွန်တော်က ဘာလုပ်ရမှာတုန်း ဆေးအိတ်ကိုင်၊ ဟုတ် ဆရာညွန့် မလိုက်ဘူးလား၊ ဟေ့ ကောင်လေး ထောင်ဟ၊ ဟိုတယ်မဟုတ်ဘူး လိုက်ချင်တိုင်း လိုက်လို့ မရဘူး သုံးယောက်ဘဲ ၀င်လို့ရတယ်၊ ငါရယ်မင်းရယ်၊ နက်စ်ရယ် သုံးယောက် အကိုက်ဘဲ ဆရာညွန့် အိမ်စောင့်ရမယ် “ဟုတ်ကဲ့ဆရာကြီး” ကောင်လေး မင်းဆေးအိတ် ငါ့ပေးစမ်း ငါထည့်စရာရှိလို့ကျွန်တော် လှမ်းကြည့်လိုက်တော့ ဆေးပြင်းလိပ်တွေကို လက်မလောက် အတိုလေးတွေ ညီနေအောင် ဓားနဲ့ဖြတ်ထားတဲ့ ဆေးပြင်းလိပ်အတိုလေးတွေပါ။


“ကိုကို အဲဒါ ဆေးပြင်းလိပ်တွေမလား ဘာလုပ်တာတုန်း” မင်းမသိပါဘူး ကောင်လေးရာ၊ ဟိုရောက်တော့မှကြည့် “မင်းရဲ့ ကိစ္စ ၀ိစ္စတွေကပြီးပလား” “ပြီးပြီလေ ဘာမှသိပ်မပါပါဘူး ချောကလက်လေးရယ်၊ ဆန်းလိုက် ဝေဖာနှစ်ထုပ်ရယ်၊ ရေဗူးရယ် ပိုက်ဆံအိတ်ရယ် ဒါဘဲ၊ ရော့ ဒီသတင်းစာ စက္ကူလေးတွေ မင်းအိတ်ထဲ ထည့်ခဲ့၊ ဘာလုပ်ဖို့တုန်းဗျ၊ သေသေချာချာ ထည့်ခဲကွာ စကားမများနဲ့ အသုံးရှိလို့ ဟုတ်ကဲ့ ကျွန်တော့်အိတ်ထဲကို သတင်းစာ စာရွက် လက်သုံးလုံးလောက် ဖြတ်ဖြတ်ပြီး အထပ်လိုက်လေးတွေကို ကလစ်နဲ့ကိုက်ပြီး ထားတဲ့ စက္ကူလေးတွေတစ်ထပ်ကို ကျွန်တော့် ကျောပိုးအိတ်ထဲကို ထည့်ပေးပါတယ်၊ အားလုံးပြီးတော့ အိမ်ရှေ့ကနေ အကျဉ်းဦးစီး သာယာဝတီ ဆိုတဲ့ တံဆိပ်နဲ့၊ ဂျစ်ကားအပြာရောင် တစ်စီးထိုးရပ်လာပါတယ်၊ တီတီ၊ ကဲ ကောင်လေး သွားကြမယ်၊ ကားရောက်ပြီ ။

ကားရှေ့ခန်းမှာ ကိုကိုကြီး စီးပြီးတော့၊ ကျွန်တော်က ကားနောက်က စီးရပါတယ်၊ သာယာဝတီ ဆေးရုံကြီးကို ရောက်တော့၊ အသင့်စောင့်နေတဲ့ ဆေးရုံပြာတာ တစ်ယောက်ဟာ ဆေးဘောက်ကို ကိုင်ပြီး ကားပေါ်တက်ပါတယ်၊ ကျွန်တော်နဲ့ နောက်ခန်းမှာ အတူတူစီးပြီး၊ ဆရာကြီးရဲ့ နဲ့ဘာတော်လဲ ဘာညာ သာရကာ မေးမြန်းပါတယ်၊ နာမည်က ကိုငွေစိုးလို့ ပြောပါတယ်၊ သာယာဝတီ ထောင်အ၀ကို ရောက်ပြီဆိုကြပါတော့ဗျာ၊ ဂျိုင်း ဒီအသံကြီးက သာယာဝတီ ထောင်ဗူးဝလို့ ခေါ်တဲ့ ထောင်တံခါးမကြီး အောက်က တံခါးငယ်လေးရဲ့ ပိတ်သံပါ၊ သာယာဝတီထောင်မှာ အခြားထောင်တွေနဲ့မတူ ထောင်ဗူး နှစ်ခုရှိပါတယ်၊ တစ်ပေါက်ကတော့ အခြားထောင်တွေများလို ထောင်ဗူးဝကြီးပါ၊ ကျန်တစ်ပေါက်ကတော့ ဆရာစံဗူးလို့ခေါ်ပါတယ်၊ ဒီဆရာစံဗူးဆိုတာက နယ်ချဲ့တွေကို တော်လှန်ပုန်ကန်ခဲ့တဲ့ သုပန္နက ဂဠုန်ဆရာစံ အတွက် ဖောက်ခဲ့တဲ့ အပေါက်ဖြစ်ပါတယ်၊ အကြောင်းက ဒီလိုပါ ဆရာစံကို ကြိုးပေးဖို့ သာယာဝတီ ထောင်မှာထားဖို့ ခေါ်လာစဉ်က ဆရာစံကို ထောင်ဗူးဝကြီးက သွင်းပါတယ်။


ထောင်ဗူးဝဆိုတာ လူတွေကို နံနှိမ် ထားတဲ့နေရာလို့ ဆိုပါတယ် ၊ အဲဒီဗူးကြီးရဲ့ အမြင့်အုတ်ရိုးပေါ်မှာ အမျိုးသမီးတွေရဲ့ အညစ်အညမ်း ပစ္စည်းတွေနဲ့ စီမံထားတယ်လို့ ဆိုပါတယ်၊ အကယ်၍ လူတစ်ယောက်ဟာ ကာယ သိဒ္ဓိစတဲ့ ဆေးတွေ အင်းတွေ ခန္ဓာကိုယ်မှာ ထိုးထားမယ်ဆိုရင် ထောင်ဗူးဝကို ရောက် တာနဲ့ ထိုဆေးတွေဟာ အာနိသင် ပျက်ပြယ်သွားပါတယ်၊ အကြောင်းကတော့ ထိုလူဟာ ဆေးတွေရဲ့ အစွမ်းသတ္တိကြောင့် ထောင်ထဲမှာ ရိုက်ရင်ထုရင် မနာကျင်တော့တာကြောင့် အာဏာဖီဆန်တာတွေ ထောင်ထတာတွေ လုပ်မှာစိုးတဲ့အတွက် အင်္ဂလိပ်အစိုးရက စနစ်တကျ လုပ်ထားတာ ဖြစ်ပါတယ် ။


ဆရာစံကို ဒီထောင်ဗှူးဝကနေ သွင်းတဲ့အခါမှာ ဆရာစံဟာ မ၀င်ဘဲ ပေရပ်နေပါတယ်၊ ထောင်ကြပ်တွေ ဘာယာတွေက ထုထောင်းရိုက်နှက်သော်လည်း ဆရာစံဟာ အခြားအပေါက်ကနေ မသွင်းရင် မ၀င်ဘူးလို့ ပေရပ်နေတာကြောင့်၊ ထောင်ရဲ့အခြား တစ်ဖက်ကနေ ဆရာစံဝင်ဖို့ အပေါက်တစ်ခု ဖောက်ပေးလိုက်ရပါတယ်၊ အဲဒီခေတ်က အခြေအနေအရ ဆရာစံဟာ အင်မတန် သြဇာကြီးတာက တစ်ကြောင်း၊ ဆရာစံကို အကြောင်းပြုပြီး နောက်လူတွေက အစိုးရမင်းတွေကို ပုန်ကန်ခြားနားမှာ စိုးရိမ်လို့ ဖောက်ပေးလိုက်ရတာလို့ ပြောပါတယ် ။ အဲဒါကတော့ ဆရာစံ ဗူးအကြောင်းသိကောင်းစရာလေး တစ်ခုပါ ။

ဂျိုင်း ဒီအသံကြီးလဲ ကြားလိုက်ရော ကျွန်တော် ထောင်ထဲကို ရောက်နေပါပြီ၊ အဲဒီအသံကြီးကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ငါတို့ပြန်မထွက်ရရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးမျိုး ၀င်လာပြီး ကြောက်လှန့်မှိပါတယ်၊ စိတ်က ကြောက်ကြောက်ရှိတာမို့ ကိုကိုဂျုတီ ကုတ်ကိုလှမ်းဆွဲလိုက်မှိ ပါတယ်၊ ဟဲ့ ကောင်လေး နေစမ်း ဘာဖြစ်တာတုန်း ကြောက်လို့ဗျ ဟားဟား xxxxxx ကြောက်ပါလား ဘာကြောက်စရာ ရှိလို့တုန်း လွှတ်စမ်း ငါလက်မှတ်ထိုးရမယ်၊ နှစ်ရစ်နဲ့ ထောင်အကြပ် တစ်ယောက်က ကိုကိုကြီးကို အလေးပြုပြီး လူဝင်လူထွက် စာရင်းမှာ လက်မှတ် ထိုးစေပါတယ်၊ ကျွန်တော်လဲ ထိုးခဲ့ပါတယ်။ အလုပ်အကိုင် ဆိုတဲ့နေရာမှာ သူနာပြုလို့ ရေးလိုက်ပါတယ်၊ လာရသည့်အကြောင်း ကိစ္စဆိုတဲ့ နေရာမှာ ဆေးကုသဆိုပြီး ထည့်လိုက်ပါတယ်၊ နောက် ဆရာကိုငွေစိုး လက်မှတ်ထိုးပါတယ်၊ ပြီးတာနဲ့ ထောင်ကြပ်ဟာ စာအုပ်ပိုက်ပြီး ရှေ့ကသွားပါတယ်၊ ကျွန်တော်တို့က နောက်ကလိုက်ပါတယ်၊ အခန်းတစ်ခန်းရှေ့မှာ ကျွန်တော်တို့တွေ မတ်တပ်ရပ်နေရပြီး ၊ ထောင်ကြပ်ဟာ  အခန်းထဲဝင်သွားပါတယ် ။


အခန်းဝမှာ ရေးထားတဲ့ စာတန်းလေးက “ဒုထောင်ပိုင်” ရုံးခန်းလို့ ရေးထားပါတယ်၊ နောက်တစ်ခန်း “ထောင်ပိုင်ကြီး” နောက်တစ်ခန်း “ဒုထောင်မှူး” နောက်တစ်ခန်း “ထောင်မှူးကြီး”၊“ထောင်မှူးကြီး” အခန်းမှာ ထောင်ကြပ်ကြီးက စာအုပ်ယူပြီး ၀င်သွားပြန်ပါတယ်၊ သူပြန်ထွက်လာတော့ ထောင်မှူးကြီးပါ ပါလာပြီး ပြီးနှုတ်ဆက်ပါတယ်၊ ဆရာကြီး ဒီက လေးက ဟောက်စ် ဆင်းနေတာလား၊ မဟုတ်ဘူး ထောင်မှူးရဲ့ ကျွန်တော့်ညီ အိမ်တော်ဝန် ဖျားနေလို့ ညီလေးကို ပေါ်တာ ဆွဲလာတာ၊ ဟားဟား ကောင်းပါလေ့ဗျာ ကဲဆရာ ဆက်လုပ်စရာ ရှိတာ လုပ်လိုက်အုံး၊ ကျွန်တော် အလုပ်လုပ်လိုက်အုံးမယ်  နောက်အပတ် လောက်ဆိုရင် ဆရာ လာစရာ မလိုတော့ လောက်ဘူးဗျ၊ အထက်က ဒီမှာ ဆရာဝန်တစ်ယောက် ချပေးမယ်လို့ အော်ဒါ ထွက်လာပြီ၊ ဟုတ်လား ကောင်းတာပေါ့ ထောင်မှူးကြီးရယ်။

 ကျွန်တော်တို့ ထောင်ကြပ် ခေါ်လာတဲ့ နေရာကို ရောက်ပါပြီ၊ မိန်းဂျေးလို့ ခေါ်တဲ့ ဗဟိုထောင်ကြီးရဲ့ အောက်ဆုံးအထပ်ဖြစ်ပါတယ်၊ အဲဒီအထဲမ၀င်ခင် ကျွန်တော်တို့တွေကို တစ်ရစ်နဲ့ ထောင်ကြပ်တစ်ယောက်နဲ့ သုံးရစ် ထောင်ကြပ်ကြီးတို့က အ၀တ်အစားတွေကို ဆောင်းဘောက် စပီကာ နောက်ပိုင်းမှာရှိတဲ့ သံလိုက်အ၀ိုင်းကြီးတွေနဲ့ လိုက်ကပ်ပြီး စစ်ပါတယ်၊ အဓိပ္ပါယ်က ကျွန်တော်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဓားတို့ ဓားမြောင်တို့ ဘရိတ်ဓား စတာတွေ ပါလာမှာ ဆိုးလို့လို့ဆိုပါတယ်၊ ဂျုတီကုတ်ကို ချွတ်ပေးလိုက်ရပြီး၊ အသံဖမ်းစက် ဘာညာတွေ ပါမှာဆိုးလို့ တစ်ယောက်ချင်း စစ်ဆေးပါတယ်၊ အားလုံး စစ်ပြီးပြီဆိုမှ ထိုအဆောင်လေးထဲကို ကျွန်တော်တို့ ၀င်ခွင့်ရပါတယ်၊ အခုဆေးကုသမဲ့ နေရာကတော့ ထောင်မကြီးရဲ့ အဆောင်တစ် အောက်ထပ်က အခန်းလေးဖြစ်ပါတယ်၊ ကုတင်ပုလေး တစ်လုံးမှာ ဂုန်နီအိတ်ခင်းထားပါတယ်။

ဆေးခန်းအသေးစားလေးလို ဆေးထည့် ဘီဒိုပုလေးတစ်ခု၊ ဒွစ်ချိပ်တဲ့ စင်တစ်ခ၊ု  မီးအိမ်တစ်ခု မီးချောင်းနှစ်ချောင်း၊ ဒန်ဇလုံတစ်ခု၊ ရေဘုံဘိုင်ခေါင်းနဲ့ ဘေလ်စင်တစ်ခ၊ု  ထိုင်စရာ ခုံသုံးလုံး ၊ စားပွဲတစ်ခုနဲ့ နဲ့ စားပွဲနဲ့ ထိုင်ရမဲ့ ခုံတစ်လုံး ဒါအကုန်ပါဘဲ၊ ထောင်ဆိုပေမဲ့ အပြင်ဆေးခန်းလေး တွေလိုဘဲ သပ်ရပ်လှပါတယ်၊ လေကောင်း လေသန့်လေးလဲရပါတယ်။ အားလုံး ဆေးအိတ်ကို ခုံပေါ်တင်ပြီး ကျွန်တော်က ခုံတစ်လုံးမှာ ထိုင၊် ဆရာကိုငွေစိုးက ထောင်ကပေးတဲ့ ဆေးဘုတ် (ထောင်လူနာမှတ်တမ်း)မှာ ယနေ့ ဆေးကုသခွင့်ရသည့် လူနာတွေရဲ့ အရေအတွက်ကို ကိုကိုကြီးကို ပြောလိုက်ပါတယ်၊ ဆရာကြီး ၃၉ ယောက်ဗျာ၊ အင်း ။ 


အပြင်တံခါးဝမှာတော့ ထောင်ကြပ်နှစ်ယောက် အပြာဝတ် ဒါဗာယာလို့ခေါ်တဲ့ ဆေးခန်းအုပ်ချုပ် တာဝန်ကျ ထောင်သား တစ်ယောက်က သတိအနေထားနဲ့ ရပ်နေကြပါတယ်၊ ဗာယာဆိုတာ တန်းစီးလိုဟာနဲ့ တူပါတယ်၊ ရေကန်မှာ အုပ်ချုပ်ဖို့တာဝန်ကျသူကို ရေကန်ဗာယာလို့ ခေါ်ပါတယ်၊ စိုက်ခင်းအုပ်ချုပ်ဖို့ တာဝန်ကျသူကတော့ စိုက်ခင်းဗာယာပေါ့ သူတို့လဲ ထောင်သားတွေပါဘဲ၊ မကြာခင် ကိုကိုကြီးက အကြပ်ကြီး စမယ်ဗျို့လို့ တာဝန်ကျနေတဲ့ ထောင်ကြပ်ကြီးကို လှမ်းပြောလိုက်ပါတော့တယ် ။

ဒေါင် ဒေါင် ဒေါင် ………….အဆောင်တစ်.“ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” အဆောင်နှစ် “ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” အဆောင်သုံး“ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ”အဆောင်လေး“ ဘုတ်တိုက်ပြီး လူနာ၃၉ ဆေးစစ်ဖို့ပြင် ” ဆေးခန်းအရှေ့က ခုနက ဆေးခန်း ဗာယာမှ စပြီးအော်လိုက်ပြီး တစ်ဆင့်တစ်ဆင့် ဆင့်ကဲဆင့်ကဲ တစ်ထောင်လုံး ထိုအသံကြီးများ ဖြင့် လွှမ်းမိုးသွားပါတော့၏။ ၁၀မိနစ်လောက် အကြာမှာ လူနာ ၃၉ ဦးအပြင် သူ့တို့ရဲ့ တန်းစီးများ တန်းစီးဆိုတာ ဒီနေရာမှာ နှစ်မျိုးတွေ့ပါတယ်၊ တန်းစီးကြီး ၁၂မှတ် ဗာယာ လို့ခေါ်ပါတယ်၊ တန်းစီးငယ်ကတော့ ရှစ်မှတ် ဗာယာလို့ခေါ်ပါတယ်။ 


တန်းစီးနှစ်ဦးအပြင် ဘုတ်ကိုင် ဆိုတာ ရှိပါသေးတယ်၊ ခေါင်းဆောင်ပါ ထမင်းစားတဲ့ကိစ္စမှာ ဝေခြမ်းပေးရသူကို ထမင်းဘုတ်၊ မိလ္လာ သွန်ဖို့ တာဝန်ခွဲပေးရတဲ့သူကို မိလ္လာဘုတ် ခေါ်ပါတယ်၊ ဆေးစစ်ဖို့ ကြီးကြပ်ပေးသူကို ဆေးဘုတ် စသဖြင့် ဘုတ်မျိုးစုံ ရှိပါတယ်၊ အကျဉ်းထောင် အတွင်းမှာ လူနာတိုင်း ဆေးကုသခွင့်ရ သည်မဟုတ်ပါ၊ ဘယ်လောက် အသဲအသန် ဖြစ်နေနေ ဘုတ်ကိုင်တဲ့ လူကို လာဘ်ထိုးရပါတယ်၊ အဲလူတွေက သူ့တို့ဘုတ်မှာ မှတ်ပြီး၊ ဆေးခန်းဗာယာကိုပြ ဆေးခန်းဗာယာကနေ ထောင်ပိုင်ကိုပြ ထောင်ပိုင် ကနေမှ တစ်ဆင့် ထောင်မှူးကြီးဆီကို တင်ပြပြီး အထက် အဆင့်ဆင့်က လက်မှတ်ထိုး လိုက်မှသာလျှင် ယခုလိုဆေးကုသခွင့်ရကြပါတယ် ။

တန်းစီးကြီးနဲ့ တန်းစီးငယ်ဆိုတာက တန်းစီးကြီးဆိုတာ ဆိုင်ရာအဆောင်တစ်ခုလုံးရဲ့ နှစ်ကြီးသမား ထောင်ဝါရင့်ကိုခေါ်တာပါ၊ ထောင်အတွင်းမှာ သူ့သြဇာဟာ ဘုရင်ခံ အနေအထားလောက် ရှိပါတယ်၊ တန်းစီးငယ်ကတော့  သူနေထိုင်တဲ့ အဆောင်မှာ အကြီးဆုံးခေါင်းဆောင်ပါ နှစ်ကြီး နှစ်ငယ်နဲ့ မဆိုင်ပါ ထောင်လက်ကောက်လို့ ထောင်အခေါ်နဲ့ ခေါ်ကြပါတယ်၊ အင်္ဂလိပ်ခေတ်တုန်းကတော့ ၈မှတ်ဗာယာ၊ ၁၂မှတ်ဗာယာ၊ သူတို့အထက်မှာ သန္ဓေဆိုတာ ရှိပါသေးတယ်၊ သန္ဓေရဲ့အထက်မှာ ၆ထောင်ပိုင်၊ သူ့အထက်မှာ ဂွင်းနီး ဆိုတာရှိပါသေးတယ် နာမည်အရင်းက ကွင်းနီပါ ကွင်းအနီကြီးကို လည်ပင်းမှာ စွပ်ထားရလို့ပါ သူ့ရာထူးက ထောင်ကြပ်ချုပ်ကြီးလို့ ခေါ်ပါ တယ်၊ ဒါကအင်္ဂလိပ်ခေတ်ကပါ ဒီခေတ်မှာတော့ ရှိလားမရှိလား မသိပါဘူး၊ ကျွန်တော်ကတော့ တန်းစီး ဘုတ်ကိုင် ဗာယာ ဆိုတာတွေကိုဘဲမြင်ခဲ့ရပါတယ်  ထောင်အာဏာပိုင် အားလုံးကတော့ နံပါတ်ဒုတ်ကို ကိုင်ရပါတယ်၊ တန်းစီးတွေ ဘုတ်ကိုင်တွေမှာ ကိုင်ခွင့်မရှိပါ၊ အင်္ဂလိပ်ခေတ်ကတော့ ဂွင်းနီကြီးတွေ ဒုတ်ကိုင်ရပါတယ်၊ ဒါတွေကတော့ ဆရာကြီး ဒဂုံရွှေမျှားရဲ့ “ထောင်မင်းသား ဦးဖိုးထော်” စာအုပ်နဲ့ ထောင်မှူးကြီးငြိမ်း စာရေးဆရာ ရန်အောင်မောင်မောင်ရဲ့ “ထောင်တစ်သက် အတွေ့အကြုံစာအုပ်” တွေထဲက ထောင်ဗဟုသုတ တချို့ကို ထည့်ရေးလိုက်တာပါ ။

အင်္ဂလိပ်မင်း လက်ထက်မှာ ထောင်တွေဟာ အင်မတန်စနစ်ကျပါတယ်၊  နိုင်ငံရေးသမား တွေအတွက် အေကလပ်၊ ဘီကလပ် စသဖြင့် ထားပေးထားပါတယ်၊ ထောင်ဆရာဝန် ဟူပြီး သီးသန့်ရှိပါတယ် ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး နောက်ပိုင်း ကလပ်တွေအကုန် ဖြုတ်လိုက်ပါတယ်  ထောင်ဆရာဝန် ဟူ၍ သီသန့်မရှိဘဲ မြို့နယ် ခရိုင်စသဖြင့် ထောင်ရှိရာ မြို့နယ်တွေမှာ တာဝန်ကျ ဆရာဝန်တွေနဲ့သာ အများအားဖြင့် ကုသပေးပါတယ် ။

ဆေးဘုတ်ကိုင် ထောင်သား အခန်းထဲကို ၀င်လာပါတယ် ဆရာကိုငွေစိုးကို ဆေးဘုတ်ပြပါတယ် ဆေးဘုတ်ထဲက အစဉ်လိုက် အတိုင်းခေါ်ယူ ကုသရမှာ ဖြစ်ပါတယ်၊ ကိုကိုကြီးက ဆေးဘုတ်ကိုင် ကို အပြင်ထွက်ခိုင်းလိုက်ပါတယ်၊ ထိုလူက အပြင်ထွက်ပြီး အော်ပါတယ်၊ အော်တာမှ အစုံပါ အမည် အေးကို  အဖ ဘယ်သူ၊ လူမျိုး၊ ပြစ်မှု၊ ထောင်သက်၊ အမှုစီရင်လိုက်တဲ့ရုံး စသဖြင့် စုံစုံ စိစိ အော်ပြီးမှ ဆေးကုသခံရမဲ့ ထောင်သားက ရောက်လာပါတယ်၊ ကုတင်ပေါ်တက် ဆေးကုသရပါတယ်၊ ဆေးကုခံရမဲ့ ထောင်သားတွေဟာ အပြင်မှာ တရားထိုင်သလို ပုံစံမျိုးနဲ့ ထောင်ပုံစံ ထိုင်နေရပါတယ်၊ တချို့လူနာ အကျဉ်းသားတွေဟာ ခြေထောက်မှာ ခြေကျင်းကြီးတွေပါပါတယ်၊ ထိုင်လို့မရပါ၊ မတ်တပ်ရပ်နေရပါတယ်၊ ခြေကျင်းမှာ ဒေါက်တွေပါပါတယ်၊ ဒေါက်တွေကို ခါးမှာ ချီထားတဲ့ကြိုးနဲ့ ချိပ်ဆက်ထားလို့မို့ ခြေကျင်းဝတ်ထားရတဲ့ အကျဉ်းသားအားလုံးဟာ ထိုင်လို့မရပဲ အိပ်ရင်လဲ မတ်တပ်ရပ်သာ အိပ်လို့ရပါတယ် ။

ပထမလူနာ ဆေးတစ်လုံးထိုးလိုက်ပါတယ်၊ နောက်လူနာ ချောင်းတဟွတ်ဟွတ်နဲ့ပါ ချောင်းကို သလိပ်မရဘဲ ဆိုးနေတဲ့ ပုံစံမျိုးပါ၊ ကိုကိုကြီးက “ဘာဖြစ်သလဲ ” ချောင်းတအားဆိုးပါတယ် ခင်မျ၊ ကြာပြီလား တစ်လကျော်ပါပြီ၊ သွေးပါလား၊ ပါပါတယ်၊ ဆေးလိပ်သောက်လား အရင်က သောက်ပါတယ် အခုသောက်စရာမရှိလို့ သောက်လို့မရတော့ပါဘူး၊ ဘယ်အချိန်က စပြီး ချောင်းဆိုးတယ်လို့ မှတ်မှိသလဲ၊ ဟုတ်ကဲ့ လွန်ခဲ့တဲ့ တစ်လလောက်က ဆေးလိပ်သောက်ရင်း ကနေစပြီး ချောင်းဆိုးတာပါ ၊ ဘာဆေးလိပ်လဲ၊ ဟုတ်ကဲ့ ပြောရမှာ ခက်ပါတယ်၊။


အလုပ်လုပ်ရင်း ဆေးလိပ်တို နှစ်ခုတွေ့လို့ကောက်လာပါတယ်၊ အဆောင်ပြန်ရောက်တော့ အထဲကပါတဲ့ ဆေးသားလေးတွေကို ထုတ်ယူပြီး သနပ်ဖက်ကို ရေခွက်ထဲထည့်ပြီး နူးပါတယ်၊ ပြီးတော့ ဖက်လေးကို လေသလပ်ခံပြီး ခုနက ထုတ်ထားတဲ့ ဆေးသားလေးတွေနဲ့ ဆေးလိပ် သေးသေးလေးတွေ လိပ်သောက်ပါတယ် စုစုပေါင်း လက်မလောက်ရှိတဲ့ ဆေးလိပ်လေး နှစ်ခုရပါတယ်၊ အဲဒီညကနေ စချောင်းဆိုးပါတယ်၊ ကျွန်တော် ဘေးကနားထောင်နေရင်း တော်တော် စိတ်ဆင်းရဲမှိပါတယ် တကယ့်လူငရဲဘဲ လို့တွေး မှိပါတယ်။


ခင်များ အပြင်မှာ မိသားစု ရှိလား၊ မရှိပါဘူး ဆရာကြီး၊ ဒါဆိုထောင်ဝင်စာ မရဘူးပေါ့၊ ဟုတ်ကဲ့ မရပါဘူးခင်မျာ၊ ဘာစားချင်သလဲ ကျုပ်ရေးပေးလိုက်မယ်၊ အမဲသားပါ ဆရာကြီး၊ အေး ဒီစာယူပြီး ဆေးဘုတ်ကိုပြလိုက်၊ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ဆေးလိပ်က သောက်ချင်သေးတာလား၊ ဘယ်လိုမေးလိုက်တာလဲ ဆရာကြီးရယ်၊ အစာစားပြီးတိုင်း ခံတွင်းချဉ်လိုက်တာ ဆိုတာ ပါးတွေတောင် တောင်ပါတယ် ဆရာကြီးရယ်၊ ကိုကိုကြီး ဘေးဘီကြည့်ပြီး ကျွန်တော့်ကို လာဖို့ မျက်ရိတ်ပြလိုက်ပါတယ် ၊ စက္ကူတွေပေး၊ ကျွန်တော် ခုနစက္ကူထုတ်လေးကို ဆေးအိပ်နား ချပေးလိုက်ပါတယ်၊ အဲဒီထဲက စက္ကူဖြတ်စ တစ်ထပ်ကို ထောင်သားကြီးရဲ့ ခါးကို ကျစ်ပေးလိုက်ပါတယ် သူ့အိတ်ထဲက ဆေးပြင်းလိပ်တိုလေးတွေ သုံးလေးခုကိုလဲ ခါးမှာ မသိမသာလေး ကျစ်ပေးလိုက် ပါတယ်၊ ထိုလူနာ စကားပြန်မပြောပါ မျက်လုံးတွေက တအား ကျေးဇူးတင်နေပုံပါ ။

ဖိုးနီ၊ သူကတော့ ခြေထောက်မှာ ခြေကျင်းကြီးနဲ့ပါ လာပုံကိုက စမ်းစမ်းနဲ့၊ ဘာဖြစ်သလဲ မျက်စိတွေ ၀ါးလာပါတယ် ဆရာကြီ ၊ အင်း ကြာပြီလား ဟုတ်ကဲ့ ကြာပါပြီ၊ နောက်ဆုံး အဖြေကတော့ ခြေထောက်မှာ တပ်ထားတဲ့ သံခြေကျင်းကြီးကနေ ခြေထောက်ပတ်လည် စားပြီး သံဆိပ်တက်ပြီး မျက်စိ ကွယ်လုကွယ်ခင် ဖြစ်နေတာပါ၊ ကိုကိုကြီးက ပြင်ပဆေးရုံမှာ ဆေးကုသခံယူဖို့ ဆေးဘုတ်ကို ခေါ်ပြီး လက်မှတ် ထိုးပေးလိုက်ပါတယ် ၊ ဆေးတစ်လုံးထိုးပြီး ပေးလိုက်တာလဲ တွေ့ပါတယ် ။ 


နောက်တစ်ယောက် ဦးကြည်မောင် အသက်၅၀ကျော် အဘိုးကြီးပါ တစ်ခေါင်းလုံးဖွေးဖွေး ဖြုနေပါပြီ၊ ဘာဖြစ်သလဲ မူးတယ်ဆရာ တောင်ယာထဲမှာ ပြစ်ပြစ်လဲတာ ၁၀ခါ မကတော့ဘူး၊ သွေးတိုးရှိသလား ရှိပါတယ်၊ သွေးပေါင်ချိန်လိုက်တော့ သွေးတိုးနေပါတယ် ထောင်အစားအစာတွေနဲ့ မတည့်တာတွေလဲ ပါမယ်နဲ့တူပါတယ်၊ ထောင်ဆိုတာက ငါးပိငါးခြောက် တအားစားတဲ့ နေရာမို့လား၊ ဆေးတစ်လုံးထိုးပြီး ဆေး ပေးနေတာကို တွေ့ပါတယ်။


အဲဒီအချိန်မှာ ကျွန်တော်ဟာ အလိုက်ကန်းဆိုးမသိဘဲ အိတ်ထဲက နို့ဝေဖာတွေကို ထုတ်စားနေမှိပါတယ်၊ အဘိုးကြီးက အနံမွှေးလို့လားမသိဘူး၊ ကျွန်တော်ဘက်ကိုဘဲ ခေါင်းငဲ့ငဲ့လာပါတယ်၊ တံထွေးကိုလဲ မကြာမကြာ မျိုချပါတယ်၊ ကျွန်တော်က အဘ စားချင်လို့လား၊ အေးစားချင်တယ်လို့ ပြောပါတယ် ၊ ကိုကိုကြီးက တားရမှာလဲ အားနာတယ်ထင်ပါတယ်၊ ကောင်လေး လျှောက်မလုပ်နဲ့ကွ သူတို့မှာ လွယ်တာ မဟုတ်ဘူး အပြင်ရောက်ရင် တန်းစီးက ကစ်လိမ့်မယ်၊ ကိုကိုရယ် သနားပါတယ် ကျွေးလိုက်မယ်လေ၊ နေအုံး ဆိုပြီး၊ အဘိုးကြီးကို တံခါးကိုကြောပေးခိုင်း လိုက်ပါတယ်၊ ကျွန်တော်က အဘိုးကြီး မျက်နှာ ရှေ့ကနေရပါတယ်၊ ကိုကိုက နားကြပ်နဲ့ ကျောထောက်လိုက် ဟိုထောက်လိုက် ဒီထောက်လိုက်နဲ့ အယောင်ပြပေးနေပါတယ်၊ ကျွန်တော်က အဘိုးကြီးကိုမုန့်ခွံ့ကျွေးပြီး ရေတိုက်ရပါတယ်၊ တော် တော်စားချင်နေပုံ ရပါတယ်၊ ဝေဖာကို မ၀ါးဘဲ မျိုးချတယ်တောင် ထင်မှိပါတယ်၊ အသက်ကကြီးလို့ ဝေဖာဟာ ပါးစပ်ထဲမှာ ခြောက်ခြောက်နေလို့ ရေလေးပါ ကူကူတိုက်ပေးနေရပါတယ်၊ ဘာမဆိုင်ညာမဆိုင် ၊ ငါ့ဘိုးဘိုးသာ ဆိုရင်လို့ စိတ်ကူးမှိပြီး စိတ်တော်တော်မကောင်း ဖြစ်မှိပါတယ်။ 


ဒီအသက် ဒီအရွယ် ဟာ ဘုရားကျောင်းကန်မှာ တရားထိုင် ပုတီးစိပ်နဲ့ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း နေရမဲ့ အချိန်ဖြစ်ပေမဲ့၊ အကုသိုလ်ကြောင့်  လူ့ငရဲမှာ ၀ဋ်ခံနေရတာဟာ ရင်ထဲမချိစရာပါ၊ သူလဲ ဆေးလိပ်သောက်တတ်တယ်လို့ ဆိုသမို့ ထုံးစံအတိုင်း ဆေးပြင်းလိပ် အတိုလေးတွေနဲ့ စက္ကူလေး တစ်ထပ် ကျစ်ပေးလိုက်ပါတယ်၊ လူနာအားလုံးဟာ လူရုပ်လူသဏ္ဍာန် မပီပြင်ကြတော့ပါ၊ တွေ့လိုက်ရရင် လူတွေအားလုံးဟာ ငတ်မွတ်ပြီးနေတဲ့ လူတွေလိုပါဘဲ၊ ကျွန်တော်တို့ ညီအကို နဲ့ ဆရာကိုငွေစိုး၊ လာတုန်းက အတိုင်း အစစ်ဆေးခံ လက်မှတ်ထိုးပြီး ပြန်ထွက်လာပြီး ၊ အကျဉ်းဦးစီးက ကားနဲ့ ပြန်လာခဲ့လိုက်ပါတယ်။ 


အိမ်ပြန်ရောက်တော့၊ ကိုကိုက ဘာလို့ ချောင်းဆိုးတဲ့ လူကိုဆေးလိပ်ပေးရတာတုန်း ချောင်းပိုဆိုးနေရင် ခက်မကုန်ဘူးလား၊ ငါဆရာဝန် ပါကောင်လေးရာ သိပါတယ်၊ ငါကသူ့တို့ကို သောက်စေချင်လို့ ပေးလိုက်တာမဟုတ်ဘူးဟ ထောင်ထဲမှာ ဆေးလိပ်ရှိရင်၊ အကုန်ဖြစ်တယ်ကွာ မသောက်တဲ့ လူတွေလဲ သောက်တယ်လို့ ငါ့ကို ညာပြောနေတာ ငါသိတာပေါ့၊ ငါဘာလို့ပေးလိုက်လဲ သိလား၊ ဘာလို့တုန်း ရောဂါသည်တွေက ညဘက် ညောင်းရင် ဆေးလိပ်တိုက်ပြီး အနင်းခံနိုင်တယ်လေ၊ အနှိပ်လဲခံနိုင်တယ် အဲလိုလေး တွေးပြီး ပေးလိုက်တာကွ၊ ဒီလိုမှန်း အစကသိရင် ကိုကိုရာ ကျားပျံမကောက် ဆေးလိပ်ကြီးတွေ အစည်းလိုက် ၀ယ်သွားတာပေါ့၊ အေးပေါ့ ဒါမှ ဒို့ညီအကိုနှစ်ယောက် ထောင်အတူတူကျမှာ ထောင်ဥပဒေမှာ အပြင်ကဘာမှ သွင်းခွင့်မရှိဘူးကွ၊ ထောင်ဝင်စာတောင် အစားအစာလောက် လက်ခံတာ ။ အရင်တုန်းက ဆရာကြီးသိန်းဖေမြင့်တို့ ထောင်ထဲကနေ ထမင်းချိုင့် အပြင်မှာ ဆွဲစားတယ်လို့ ကြားဖူးပါတယ်။ 


ခေတ်တွေအဆက်ဆက် ပြောင်းခဲ့ပေမဲ့ လူသား အပြစ်ထောင် ဆိုတာတွေဟာ သံသရာ လည်နေအုံးမှာတော့ အမှန်ပါ၊ အရင်က ထောင်တွေထဲမှာ ညရောက်ပြီ ဆိုရင် တာဝန်ကျ စန္ဒရီဗာယာ များက ၁၅မိနစ် တစ်ခါ “အားလုံးကောင်းပါသည်ဗျား” လို့ ထောင်တိုင်း မှာ ညတိုင်း ညတိုင်း အော်ရပါသတဲ့ ၊ ကုလား စန္ဒရီများက ALL Well  ဆပ် လို့ အော်ပါသတဲ့ ဆပ်ဆိုတာကတော့ ကုလားစကား ခင်များ ဆိုတဲ့ အဓိပ္ပါယ်ပါ အားလုံးပေါင်းလိုက်တဲ့အခါ “အားလုံး ကောင်းပါသည်ဗျား” ၁၈၉၄ခုနှစ်ကတည်းက ရေးသားခဲ့တဲ့ အကျဉ်း ထောင်ဥပဒေ Burma Jail Mannual ဟာ နှစ်ပေါင်းရာကျော် ကြာခဲ့ပြီ ဖြစ်ပေမဲ့ ထောင်ထဲက ညဘက်အော်သလို အကျဉ်းအသီးသီး ထောင်အသွယ်သွယ်မှ လွတ်မြောက်လာခဲ့တဲ့ ထောင်သား ထောင်သူများ အရပ်ထဲကို ပြန်ရောက်လာတဲ့အခါ “အားလုံးကောင်းပါသည်”လို့ ဖြစ်သွားကြတာများ  ဘယ်နှစ်ဦးလောက် တွေ့ဖူးလေသလဲကွယ်တို့…………။ ဟိုကြေငြာလေးထဲကလို တိုးလို့ တိုးလို့ တိုးလို့ သာပင် ဆိုးနေကြသည် မဟုတ်ပါလော ………….။


စာရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းပေးလိုက်ပါတယ် ။

13 comments:

ဒေါင်းမင်း said...

မှတ်သားမိပါတယ်။အော်..ရခဲလှတဲ့လူဘ၀ရောက်တာတောင်ထောင်ထဲအချိန်ကုန်ရတာတော်တော်သနားစရာကောင်းတယ်။
ကံကံ၏အကျိုးကိုပိုပြီးယုံကြည်သက်ဝင်လာတယ်။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ကိုဇော် said...

ဝဋ်းကြွေးတွေလို့ပဲ မှတ်ယူမိပါတယ်။

နတ်ဆိုးလေး said...

စုံလှချည်လားဗျ သာယာဝတီထောင်လဲ ရောက်သွားတာပဲလား..

ဖတ်၏ သက်ပြင်းချ၏
:)

မောင်လေး said...

စိတ်မကောင်းဘူဗျ..။အပြစ်လုပ်ခဲ့သူတွေကို ထောင်ချတာ
မှန်ကန်ပါရဲ့လားလို့တွေးမိတာကြာပြီ။ခက်တာက ဒီနည်း
နဲ့ပဲ လူတွေကို အပြစ်မလုပ်ဖြစ်အောင် တားစီးနိုင်မယ်ထင်
ရဲ့..။

ဧပရယ်လ်ပူး@ပူးတေ said...

တခေါက်ဆိုဆိုသလောက် လာလည်ရကျိုးနပ်ပြီး ဗဟုသုတရပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး ဖတ်လို့ကောင်းပါတယ်... ဘာပြောရမလဲ မသိဖြစ်သွားတယ်... ဖတ်ပြီး သက်ပြင်းပဲ ချသွားနိုင်တော့တယ်။

အားရင် သိုက်တူးတဲ့ အကြောင်းလေး ဆက်ရေးဦးနော်။ စိတ်ဝင်စားဖို့ကောင်းလို့

sosegado said...

ထောင် မရှိမဖြစ်လို့ ပြောတာပဲ၊
ခေတ်နှင့် မညီတဲ့ဥပဒေတွေချိန်းသင့်ပါပြီ

~ဏီလင်းညို~ said...

စာလေးဖတ်ရင်း မတူညီတဲ့ ဘ၀တွေအကြောင်း တွေးမိသွားတယ်.....။
ဖတ်ခွင့်ရလို့ ၊ သိခွင့်ရလို့ ကျေးဇူးလည်း တင်မိပါတယ်......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

လသာည said...

တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်..

ပြည် (ပြေ) ကို သွားတုန်းက ထောင်ကြီးနားက အဖြတ် ထောင်သားတွေကို မြင်တော့ တစ်မျိုးပါပဲ...။
လူဆိုးလို့ ထောင်ထဲရောက်ပေမယ့် အကျဉ်းသမားဘ၀ မြင်ရတော့လည်း စိတ်မကောင်းဖြစ်မိသား..

မြစ်ကျိုးအင်း said...

ထောင်ဝင်းထဲက ဝန်ထမ်းအိမ်ယာမှာ တလလောက် သွားနေဖူးလို့ ညဘက်တွေ အားလုံးကောင်းပါသည်လို့ အော်ကြတာတွေ မနက်ရောက်ရင် ရဲဘက်တွေ တန်းစီပြီး ဘုတ်ထွက်တာတွေ တွေ့ခဲ့ဖူးတယ်။
ထောင်တွင်းထဲ အတွေ့အကြုံတော့ ခုမှ ဖတ်ရတယ်။
မသိသေးတာတွေ သိရတာ ကောင်းတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး စိတ်မကောင်းဖြစ်ရတာ မျက်ရည်တောင်လည်မိတယ်။ လူတွေရဲ့ အနိမ်ခံ လူသားတွေအပေါ် ပြုခဲ့တဲ့
ငွေလမင်းတို့ ညီအစ်ကို ၂ယောက်ရဲ့ လူသားဆန်မှုကို လေးစားမိပါတယ်.. ချီးလဲချီးကျူးပါတယ်.. လူမသိ သူမသိ လုပ်ခဲ့တဲ့ အလှူဒါနလဲ ဖြစ်ပါတယ်..
ကောင်းသော အကျိုးကျေးဇူးကို ပြန်လည်ခံစားရပါစေလို့ ဆုတောင်းပေးပါတယ်..

nothing said...

ဖတ်ရင်းနဲ့ စိတ်မကောင်းပါဖြစ်လိုက်တာ.... အရေးသားရော အကြောင်းအရာပါ အနှစ်သာရ ပြည့်လိုက်တာနော်....

မဗေဒါ (၈၈) said...

ငွေလမင်းရေ ..

ဆရာစံ အာခံပုံကိုလည်း မှတ်မိသွားတယ်.. မသိသေးတာတွေ လည်း သိသွားတယ်..။ အပြစ်ရှိလို့ ထောင်ထဲရောက်တာ မဆန်းပေမဲ့လည်း အပြစ်တွေ ရှိသထက်ရှိအောင် တနည်း ကျူးလွန်အောင် ဖြစ်စေတဲ့ အခြေအနေဆိုးတွေအတွက် မဖြစ်ခင်က တခုခု စီစဉ်လုပ်ဆောင်ပေးနိုင်ရင်တော့ ကောင်းမယ်လို့ ယူဆမိပါတယ်..။

သာယာဝတီထောင်ကို ရောက်ဖူးတယ်.. ကြေကွဲစရာမြင်ကွင်း ကို အခုထိ မမေ့ဘူး...။ အဲဒီတုန်းက သူငယ်ချင်းလည်း ဆုံးရှာပြီ.. တချို့လည်း နိုင်ငံခြားရောက်ကုန်ပြီ.. တချို့လည်း အဲဒီထဲက ပေးလိုက်တဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ.. နုလုံးသားထဲက အနာတွေအပြည့် ရှိနေကြတုန်းပဲ..။

ဘာပဲဖြစ်ဖြစ်.. ထောင်ဆိုတာကတော့ အင်မတန် ကြောက်စရာ ကောင်းတဲ့အရပ်လို့ပဲ နားလည်ပါတယ်..။

လူသားများအားလုံး ထောင်နဲ့ ဝေးနိုင်ကြပါစေလို့ ..

ခင်မင်စွာဖြင့်

မဗေဒါ (၈၈)

မောင်မျိုး said...

ဖတ်ရခဲတဲ့ တောင်းတွင်း အဖြစ်ပျက်လေးတွေ ဖတ်ရတာ ကျေးဇူးပါဗျာ ။ အပြစ်လုပ်တဲ့သူတွေက ထောင်ထဲမှာ အပြစ်တွေကို ဆေးကြော နေကြပေမယ့် အပြစ်ကြီးကြီးလုပ်ပြီး အပြင်မှာ ကောင်းစားနေတဲ့သူတစ်ချို့လည်း ရှိနေကြသေးတာပဲ ရင်လေးစရာ စိတ်မကောင်းစရာပါ ။