Monday, November 1, 2010

ကိုယ်ပိုင်ပစ္စည်း အစစ်လား

                                                   မူရင်းစာအုပ်

                                                   ရေးသားတဲ့ နှစ်
                                                 မောင်ဆုရှင် ဘာသာပြန်သည်

စာအုပ်လေး တစ်အုပ်ဖတ်ဖူးတယ် ဆရာကြီး ဦးဉာဏ်ဝန် ရေးခဲ့တာ စာအုပ်နာမည်က “ပင်လယ်ပြာနဲ့ တံငါအို ” ၊ စာအုပ်လေးကို ၁၉၅၄ခုနှစ်မှာ ရေးခဲ့တာ ၊ ထုတ်တဲ့တိုက်က ဗန်းမော် စာအုပ်တိုက် ၊ ဘာသာပြန်မှန်း မသိခဲ့ဘူး ၊ ဘိုလိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ဒီစာအုပ်ရဲ့မူရင်းကို ရှာလို့ရလာတယ် The old man and the sea. တဲ့ ၊ ကမ္ဘာကျော် စာရေးဆရာကြီး ကဲနတ်ဟဲမင်းဝေး Ernest henim Gway ရဲ့စာအုပ်လေးပါ ၊ ဒီစာရေး ဆရာက တံငါလုပ်တာတို့ သတ်တာတို့ ဖြတ်တာတို့ ၊ မျှားတာတို့ တောလိုက်တာတို့ သူရေးခဲ့တဲ့ စာအုပ်တိုင်းမှာပါတယ် ၊ ဘယ်စာအုပ်ဖတ်ဖတ် တစ်နည်းမဟုတ် တစ်နည်းနည်းတော့ အဲလိုဟာတွေ နဲ့ပတ်သက်နေတယ် Indian Camp တို့ The sun also rises တို့ A farewell to Arms တို့ The short happy life of fancis macomber တို့ ဆိုတာတွေက သူ့စာအုပ်တွေဘဲ ဟဲမင်းဝေးရေးသမျှ ကမ္ဘာမကျော်တဲ့ စာအုပ်လို့ သိပ်မရှိပါဘူး ၊ သူ့ကို စာရေးဆရာကြီးတွေက “လူ့ပြည်က သတ်ဖြတ်ခြင်းရဲ့ ငရဲကို သိစေဖို့ ဘုရားသခင်က လူ့ပြည်ကို လွှတ်လိုက်တဲ့ စာရေးဆရာ လို့တောင် ပြောဆိုဂုဏ်ပြုကြတယ် ။

သူ့စာအုပ်ကို ဖတ်လိုက်တာနဲ့ ဘယ်လူမျိုးမဆို ဘယ်ဘာသာရေးကို ကိုးကွယ်တဲ့ လူမဆို ဘယ်ရှုထောင့်က မဆိုမှားတယ်လို့ ထောက်ပြဝေဖန်လို့ကို မရလောက်အောင် ရေးတတ်တယ် ၊ နိုင်ငံတိုင်းမှာ သူ့စာအုပ်ကို ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ပြန်လည်ရေးသားကြတယ် ၊  နိုင်ငံတိုင်း လူမျိုးတိုင်းလက်ခံတယ် ၊ သူရေးခဲ့တဲ့ စာအုပ်တွေထဲမှာ အခုပြောမဲ့ The old man and the sea ဟာနာမည်အကြီးဆုံးပါဘဲ ၊ ဒီစာအုပ် ကြောင့် ကမ္ဘာကျော်လာတယ်လို့လဲ ပြောလို့ရတယ် ၊ ပင်လယ်ကို ငါးထွက်ဖမ်းတဲ့ ဆန်တီယာဂိုဆို တဲ့ အဘိုးအိုတစ်ယောက် ငါးထွက်ဖမ်းတာကို ရေးထားတာပါ ၊ လူတိုင်းက စာအုပ်တစ်အုပ်ဖတ်ရင် ဖတ်တဲ့စာအုပ်က တစ်ခုခုပြောသွားတယ်တဲ့ ဒီစာအုပ်ကတော့ ၅ခုလောက်ကို ပြောသွားတယ်ထင်တာဘဲ ၊ ကျွန်တော်ကတော့ အဲလိုဘဲမြင်တယ် ၊ ပင်လယ်ပြင်မှာ ငါးထွက်ရှာတဲ့ အဘိုးအို ငါးကြီး အကြီးတော့ မှိခဲ့ပါရဲ့ ၊ ဒါပေမဲ့ သူ့ရွာကိုပြန်ရောက်တော့ ငါးကအရိုးဘဲ ကျန်တော့တယ် ၊ ဘ၀မှာ ရှာဖွေလာသမျှ ၊ သေဆုံးသွားတဲ့ တနေ့ ဘာမှမပါ လက်ဗလာကြီးနဲ့ ပြန်လာရတယ်လို့များ ပြောချင်လေသလား ၊ ဘာလားညာလားပေါ့ ၊

ဒါမှမဟုတ် အသက်ရွယ်ကြီးရင့်နေတဲ့ ငါလိုအဘိုးအိုတောင် ဒီလိုငါးကြီး ဖမ်းနိုင်ခဲ့သေးရင် မင်းတို့လို ငယ်ရွှယ်တဲ့လူတွေက ဘာလို့ငါ့မိလာတဲ့ ငါးလောက်မကကြီးတဲ့  ငါးကိုမင်းတို့တွေ  မဖမ်းနိုင်ရမလဲဆိုတဲ့ အတွေးမျိုးကိုပေးတဲ့ တတ်ကျမ်းလား ၊ ဒါမှမဟုတ် ငါးကဖမ်းတုန်းကတော့ အသားတွေ အရမ်းများတဲ့ ငါးကြီးပါကွယ် ၊ ဒါပေမဲ့ ပင်လယ်ထဲမှာ ငါးလေးတွေက တွက်လို့ အရိုးဘဲ ကျန်တော့တာ ၊ ငါအကောင်းဆုံး လုပ်ခဲ့တယ် အကောင်းဆုံး မဖြစ်ခဲ့ဘူး ဒီငါးရိုးကြီးဟာ ငါအကောင်းဆုံး လုပ်ခဲ့တယ်ဆိုတဲ့ သက်သေပါဘဲလို့ စိတ်ပြေစေတဲ့ အတွေးမျိုးပေးတဲ့ စာအုပ်လား ဘာလား ညာလား စသဖြင့် တွေးစရာတွေကတော့ အရမ်းများတဲ့စာအုပ်ရယ်ပါ ။

The old man and the sea ကို မြန်မာနိုင်ငံမှာ စာရေးဆရာ သုံးယောက် ဘာသာပြန်ပါတယ် ၊စာအုပ်တိုက်မျိုးစုံက ၅ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ် ၊ အစောဆုံး ကာလကတော့ ၁၉၅၄ ခုနှစ်မှာ ဗန်းမော်စာအုပ်တိုက်က ဆရာဦးဉာဏ်ဝန် ရေးခဲ့တာပါ ၊ ၁၉၆၄ခုနှစ်မှာ ဆရာတင့်တယ်က ဗမာ့ရှေ့ ဆောင် ပုံနှိပ်တိုက်က ထုတ်ဝေပါတယ် ၊ ၁၉၇၄ခုနှစ်မှာ ဆရာမောင်ဆုရှင်က စာပေဗိမ္မာန်က နေ ထုတ်ဝေပါတယ် ၊ ဆရာကဘဲဆက်လက်ပြီး ၁၉၉၅ခုနှစ်မှာ ယောမင်းကြီး စာအုပ်တိုက် ကထုတ်ဝေပြီး ၁၉၉၉ခုနှစ်မှာ ရာပြည့်ကနေထုတ်ဝေပါတယ် ၊ မြန်မာနိုင်ငံမှာ စာအုပ် တစ်အုပ်ကို စာရေးဆရာ နှစ်ဦးဘာသာပြန်တဲ့ စာအုပ်ကိုသာ တွေ့ဖူးပါသေးတယ် ၊ သုံးယောက် ဘာသာပြန်တဲ့ စာအုပ်ဆိုလို့ သိပ်ရှားပါတယ် ၊ မြန်မာနိုင်ငံရဲ့ ပဌမဆုံး ၀တ္ထုကို ဆရာကြီး ဂျိမ်းလှကျော်က ကိုရင်မောင် မမယ်မ နာမည်နဲ့ ရေးပါတယ် မူရင်းစာအုပ်က မွန်ဆိုခရစ္စတီး ရတနာသိုက်ပါ ဘာသာပြန်မှီးငြမ်း ထားတာပါ  ၊ ဆရာကြီးရွှေဥဒေါင်း ကတော့ စောလမုန်ရတနာသိုက် ဆိုပြီး မွန်ဆိုခရစ္စတီး ရတနာသိုက်ကို ထပ်ပြီးဘာသာပြန်ပါတယ် ။

The old min and the sea ကို ဟဲမင်းဝေးက ၁၉၅၂ခုနှစ်မှာ ရေးသားခဲ့တာပါ ၁၉၅၄ခုနှစ်မှာ စာပေကလောင်ဆုလို့ခေါ်တဲ့ ပူလစ်ဆာဆုကိုရရှိပါတယ် ၊ အဲဒီနှစ်မှာဘဲ နိုဗယ်ဆုရရှိပါတယ် ၊ ၁၉၅၈ခုနှစ်မှာ ၊ ဟောလီးဝုဒ်မှာ ရုပ်ရှင်ရိုက်ပါတယ် ၊ အဲဒီခေတ်တုန်းက ဒေါ်လာ ၆၅၀၀၀ပေးခဲ့ရ တဲ့  ကြေးအမြင့်ဆုံး သော ဇာတ်ညွန်းအဖြစ် မှတ်တမ်းဝင်ပါတယ် ၊ ဒီစာအုပ်ကို လုံးခြင်းထုတ်ဖို့ ဒေါ်လာ ၁၀၀၀၀ ပေးခဲ့ရလို့  ကြေးအကြီးဆုံး လုံးခြင်းဝတ္ထုလဲဖြစ်ခဲ့ပါတယ် ၊ ဒီလိုစာပေ တွေရေးသားပြီး ငါးမျှား ၊ တောလိုက် ၊ အပျော်တမ်းစစ်သား ဘ၀စတဲ့ လုပ်ငန်းတွေနဲ့ဘဲ သူဟာ မွေ့လျှော်သူပါ ၊ ပစ္စည်းမဲ့ လူတန်းစား စနစ်ကိုအရမ်းအားကျတဲ့ စာရေးဆရာကြီးလဲ ဖြစ်ပါတယ် ၊ သေရင် ငါ့နောက်မပါဘူးဆိုတဲ့ အတွေးမျိုးကို ဘာသာမဲ့ တစ်ယောက်ပေမဲ့ စာပေအသိဉာဏ် ၊ ဘ၀ အတွေ့အကြုံ တွေကနေ နားလည်သဘောပေါက်ပြီး လက်ခံကျင့်သုံးနေသူ ဖြစ်ပါတယ်၊ နိုဗယ် စာပေဆု ရခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့စာပေပညာရှင်သုံးယောက်ကိုသာ နိုဗယ်ဆု ချီးမြင့်ရပါသေးတယ် ၊ စာပေဆိုင်ရာ နိုဗယ်ဆုဟာ စာရေးဆရာတိုင်း မက်မောတဲ့ဆုပါ၊ လူတိုင်း တန်ဘိုးထား မြတ်နိုးကြပါတယ်၊ တချို့စာရေးဆရာကြီးများဟာ နိုဗယ်ဆုကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းထားခဲ့ကြပါတယ် ၊ ဟဲမင်းဝေးကတော့ နိုဗယ်ဆုရပြီး တစ်လလောက် မှာ သူရထားတဲ့ စာပေဆိုင်ရာ နိုဗလ်ဆုတံဆိပ်ကို ဘုရားရှိခိုး ကျောင်းတစ်ခုကို လှူပြစ် လိုက်ပါတယ် ၊ တစ်ကမ္ဘာလုံး သူ့ရဲ့အလှူကို အာရုံစူးစိုက်ခြင်း ခံခဲ့ရပါတယ်။

သတင်းထောက်တစ်ယောက်က နိုဗယ်ဆုကြီးကို ဘာလို့လှူလိုက်ပါသလဲလို့ မေးလိုက်တဲ့အခါ “ကျွန်တော်က ကျွန်တော်ပိုင်တဲ့ အရာဝတ္ထုတခုကို သူများကို မပေးရသေးရင် ကျွန်တော်ပိုင်တဲ့ ပစ္စည်းလို့ မယူဆဘူး ဗျတဲ့ ” ကျွန်တော် ဟဲမင်းဝေးရဲ့ စကားကို ကျွန်တော်သိလိုက်တဲ့ အချိန်မှာ ငါတို့လက်ထဲက ပစ္စည်းတွေဟာ ငါတို့မပိုင်ဘူး ၊ ပိုင်တဲ့ ပစ္စည်းဆိုရင် ပေးလို့ရရမယ် ၊ သူများကို ပေးလို့မရဘူးဆိုရင် ငါရဲ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ အတွေးတွေ ပေါက်မှိပါတယ် အတွေးပေါက်ခဲ့ဖူးပါသော်လည်း တကယ်ပေးကမ်းစွန့်ကြဲ ရတော့မဲ့အခြေ နဲ့ကြုံပြီဆိုရင် လက်တွန့်ခဲ့ဖူးပါတယ် ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်မေမေက ကျွန်တော့်ကို အ၀တ်အစား သေးသေးလေး တစ်စုံ ထုတ်ပြပါတယ် ၊ မေမေဒါလေးက ဘယ်သူ့အတွက်လဲဆိုတော့ “မင်းသုံးနှစ်သားက ၀တ်ခဲ့တဲ့ ၀တ်စုံလေးတဲ့” အို ဘာလို့သိမ်းထားတာလဲ ပေးပြစ်လိုက်ပါလား မရှိတဲ့လူတွေကိုလို့ ပြောတော့  အို ဘာလို့ ပေးရမှာလဲတဲ့ ၊ ကျွန်တော် ၂၀၀၄ခုနှစ်က ကိုးရီးယားကို အလည်အပတ် အကိုတွေနဲ့ သွားဖူးပါတယ်၊ ဆိုးလ်မြို့တော်ရဲ့ လမ်းစုံတွေ လမ်းထိပ်တွေမှာ အ၀တ်အစားတင် သံစဉ်သေးသေးလေးတွေ တွေ့ပါတယ်၊ တချို့တွေက အိမ်မှာမ၀တ်တော့တဲ့  အ၀တ်အစားတွေကို အမှိုက်ပုံးထဲ မထည့်ဘဲနဲ့ လျှော်ဖွတ် မီးပူတိုက်ပြီး မရှိ ဆင်းရဲသားတွေ ယူဖို့ပြစ်ထားတာလို့ ပြောပါတယ် ၊ ကျွန်တော်က အကြီးကောင်ကို လက်တို့ပြီး ဒို့တွေရဲ့ အ၀တ်ဟောင်းတွေကိုလဲ ဒီလိုပေးကြည့်ရင် မကောင်းဘူးလားလို့ တိုင်ပင်ကြည့်တော့ ဘာလို့ဖိ့တုန်းဟ အမှတ်တရထားသင့်တယ်လို့ ပြန်ပြောပါတယ် ၊ ကျွန်တော်တို့ လူသားတွေဟာ အသစ်မြင်တိုင်း လိုချင်သလို ၊ အဟောင်းကိုလဲ မစွန့်လွတ် ချင်ကြပါ ၊ ဟဲမင်းဝေး ပြောသလို ကိုယ်ပိုင်ပစ္စည်းဟုတ်တယ် မဟုတ်ဘူး ဆိုတာဟာ သူတပါးကိုပေးကြည့်ရင် သိတယ်လို့ ဆိုတော့ ၊ ကျွန်တော်တို့တွေဟာ ကိုယ်မပိုင်တဲ့ ပစ္စည်းတွေနဲ့များ ကြီးပြင်းလာခဲ့ကြတာလား ၊ ဘယ်လောက်ထိ ဒီပစ္စည်းတွေနဲ့ နေအုံးမလဲလို့ တွေး ကြည့်နေမှိပါတော့တယ် …။

ငါးရာ့ငါးဆယ် အသီတိနိပါတ်တော် မြန်မာပြန်ထဲက မဉ္စက ဇာတ်တော်ဆိုတာလေး ဖတ်ဖူးပါတယ် ၊ မဉ္စက= ဆိုတာ ငါ့ဥစ္စာတဲ့ (ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန် ) နှံပြည်စုတ် ငှက်ကလေးဟာ မဉ္စက မဉ္စကနဲ့  ညောင်သီးအမှည့်တွေ ပြည့်နေအောင်သီးတဲ့ ညောင်ပင်ပေါ်မှာ တက်အော်နေပါတယ် ၊ တကယ်တမ်း သူစားနိုင်တာက ညောင်သီးလေး တစ်လုံးရယ်ပါ ၊ အဲဒီချိန်မှာ ဗျိုင်းလို အကောင်ကြီး ငှက်မျိုးတစ်အုပ် ရောက်လာပြီး ညောင်ပင်က အသီးတွေကို အကုန်စားပြစ်လိုက်ပါတယ် ၊ ငှက်ကြီးတွေက ၊ ညောင်သီးတွေကို ကုန်အောင်စားသွားပြီး အီးအီးတွေညောင်ပင်ပေါ် ပါချထားခဲ့ပါတယ် ၊ ငှက်ကလေး မောင်မဉ္စက ကတော့ ငှက်အကြီးတွေ စွန့်ခဲ့တဲ့ မစင်တွေနဲ့ ညောင်ပင်ပေါ်မှာ ငါ့ဥစ္စာ ငါ့ဥစ္စာနဲ့ အော်ဟစ်ကျန်ရစ်နေခဲ့ပါတော့တယ် ၊ တကယ်တော့ ကျွန်တော်တို့တွေဟာ မောင်မဉ္စက တွေများလား ခင်မျာ ။

ယခုအခါ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးညီကိုယ်မောင်နှမများ ၊ ဂီရိလေမုန်တိုင်းကြောင့် ဒုက္ခရောက် နေကြပါတယ် ၊ ကျွန်တော်တို့ရဲ့ မပိုင်ဆိုင်သေးတဲ့ ပစ္စည်းတချို့ကို ကိုယ်ပိုင်ဖြစ်အောင် ဘယ်လိုလုပ်ကြရင် ကောင်းလေမလဲလို့ ကျွန်တော်တို့ ဇနီးမောင်နှံတွေးနေကြပါတယ် ၊ ကျွန်တော်တို့ ဇနီးမောင်နှံကတော့ u$ ၅၀၀ လှူလိုက်ပါပြီ၊ အားလုံးကိုယ်ပိုင်ပစ္စည်း လုပ်နိုင်ကြလိမ့်မယ်လို့ ငွေလမင်းတို့က မျှော်လင့်ပါတယ်ခင်မျာ ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ….။




                    

10 comments:

သောစေယျံ said...

သာဓု ၃ ညီလေးနဲ့ညီမငယ်လေးတို့ အလှုကိုသာဓုခေါ်လိုက်တယ်နော်

မြစ်ကျိုးအင်း said...

သာဓုခေါ်ပါတယ် ညီတို့ရေ

အဝတ်အထည်တွေကို မစွန့်ပစ်တာက အမှတ်တရ ဆိုတာလည်း ပါသလို တထည်ချင်းစီရဲ့ ဈေးနှုန်းတွေနဲ့ နိင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လူတွေရဲ့ ဝင်ငွေနဲ့လည်း ဆိုင်မယ်ထင်တယ်။
မြန်မာပြည်မှာ အဝတ်အထည်တွေ မလွှင့်ပစ်ခဲ့တဲ့ အကိုတို့တောင် ဒီမှာတော့ သွားသွားပစ်ရတယ်။ ရတဲ့လုပ်ခနဲ့ဆို အသစ်တထည်ဝယ်ဖို့ ဈေးပေါ တာက အဓိက ကွာခြားချက် ဖြစ်မယ်ထင်တယ်။

ဒေါင်းမင်း said...

သာဓုခေါ်ပါတယ်ဗျာ။။ကျွန်တော်တောင်ဂီရီမုန်တိုင်းအတွက်
လှူမယ်ဆိုပြီးမလှူဖြစ်သေးဘူး၊သွားလှူဖို့အချိန်မရတာလဲ
ပါပါတယ်။..အရာရာတိုင်းသောကျွန်တော်ရှာသမျှပစ္စည်း
တွေဟာကိုယ်ပိုင်ပစ္စည်းတွေပဲဖြစ်ချင်တယ်။ကျွန်တော်
ခန်နာကိုယ်သွေးသားတွေကအစပေါ့...
ခင်မင်စွာဖြင့်
ဒေါင်းမင်း

မိုးယံ said...

သာဓု သာဓု သာဓု (၀မ်းမြောက် ၀မ်းသာဖြင့်)

ကိုဇော် said...

သာဓု..သာဓု..သာဓု...
အသစ် ဝင်လာရင် အဟောင်းလေးကိုတော့ စွန့်ပစ်တာ ကောင်းပါတယ်။ ဆက်လက်လှူဒါန်းနိုင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ကောင်းမြတ်တဲ့ စိတ်ထားပါပဲ လ ၂ စင်းရေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပင်လယ်ပြာနဲ့တံငါအို စာအုပ်ကို အရမ်းကို ကြိုက်တယ်
ဖတ်ပြီးတိုင်းလည်း ခံစားချက်တစ်မျိုးနဲ့ မျက်ရည်ဝဲမိတယ်..
အဖိုးအိုကို သနားတာလိုလို၊ အားကျတာလိုလိုနဲ့ ဘယ်လိုခံစားချက်မှန်းကို မသိဘူး
ငွေလမင်းတို့ရဲ့ အလှူအကြောင်းနဲ့ စိတ်ဓာတ်လေးတွေကိုတော့ လေးလေးစားစား ခံစားဖတ်ရှုမိပါတယ်..
ဒီလို စိတ်ဓာတ်ကောင်းလေးတွေ အခြေခံနဲ့မို့ ရာသက်ပန် အပူအပင်ကင်းစွာ ပျော်ရွှင်ချမ်းမြေ့နိုင်တဲ့ အိမ်ထောင်ရေး ဖြစ်ကြပါစေနော်

ခင်မင်စွာနဲ့

မမချော

sosegado said...

ကောင်းမှုအတွက် သာဓုခေါ်ပါသည်၊ ဒီထက်လှူနိုင်ပါစေ။

အုပ်ကြီး said...

တကယ်ကို ကောင်းမွန်တဲ့စိတ်ထားနဲ့ 
လှပတဲ့အရေးအသား ..
လေးစားစရာပါခင်ဗျာ

Saw Thet Lin said...

ဒီ ပိုစ့်လေးကို ချိတ်ထားပါတယ်။ ကျေးဇူးတင်ပါတယ်။