Monday, November 22, 2010

မြန်မာ့နိုင်ငံရေး ကြယ်တစ်ပွင့်လား

                                   ပြည်နယ်လွတ်တော်အမတ်လေး မနန်းအက်စကီမိုး


 “ပြန်ထဲအရေး ပေါက်နှင့်ကျေးသို့ ၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏” ကန်တော် မင်းကျောင်းဆရာတော်ရဲ့လောကသာရပျို့မှာ ဆိုထားသမို့ ၊ ပြည်ထောင်စု မြန်မာနိုင်ငံဖွား လူငယ်လူရွယ်များဟာ နိုင်ငံရေးလုပ်ကိုင်မှုကို တော်တော်များများ လက်ရှောင်ကြပါတယ် လုပ်ကိုင်သူ လူငယ်လူရွယ်များကလဲ တည်ဆဲဥပဒေ ဥပဒက်တွေနဲ့ ငြိစွန်းလို့မို့ မကြာခဏဆိုသလို အင်းစိန် ၊ သာယာဝတီ ၊ ဟိုဟိုဒီဒီ ထောင်နန်းစံမြန်းကြရသဖြင့် ၊ ကျွန်တော်အပါအ၀င် မြန်မာလူငယ်လူရွယ် တော်တော်များများဟာ ထောင် အကျမခံနိုင်ပါသဖြင့် ၊ မိဘဆွေမျိုး ညီကိုယ်မောင်နှမ  တစုက ၀ိုင်းဝန်းတောင်းပန်လို့မို့ နိုင်ငံအရေး စိတ်ဝင်စားကြပါသော်လဲ ထဲထဲဝင်ဝင် လုပ်ကိုင်ကြခြင်းမရှိပါ ၊ သို့သော် အကြောင်းညီညွတ် လာရင်တော့ဖြင့်  လုပ်ကိုင်သူတိုင်းရဲ့ နောက်ကိုဝိုင်း ရံပေးလိုကြသည့် စိတ်ဓာတ်မှာ ၊ မြန်မာလူငယ်တစ်ရာတွင် ၉၉ယောက်ရှိသည်ဟု ခန့်မှန်းမှိပါသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တို့ဖြင့် ပြဋ္ဌာန်းအတည်ပြုလိုက်သော ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာထုတ်ပြန်ချက်တစ်ခုတွင် ရှမ်းအမျိုးသားဒီမိုကရက်တစ် ပါတီတွင် အမှတ်(၁)ပြည်နယ်လွတ်တော်မဲဆန္ဒ နယ်မြေ လဲချားတွင် ယှည်ပြိုင်ဖက် ကမ္ဘာကျော် ကြံ့ခိုင်ဖွင့်ဖြိုးအသင်းကြီးရဲ့ အမတ်လောင်းဦးစိုင်းချစ်ဆွေနှင့် တစည ပါတီအမတ်လောင်း ဦးလပန်းတို့ကို မဲအရေတွက်ပေါင်း ၄၀၀၀ကျော်နဲ့ အပြတ်အသတ်နိုင်ခဲ့သူလေးပါ ၊ နာမည်ကတော့ နန်း အက်စကီမိုးဖြစ်ပါတယ် ၊ အသက်ကတော့ ၂၅နှစ်ပါ ၊ ဒီအသက်အရွယ်ဟာ လွတ်တော်  အမတ်လောင်း ၀င်ပြိုင်ခွင့်ရတဲ့ အသက်ကန့်သက်ချက်ကို ပြည့်မှီရုံသာရှိပါတယ် ။ ယှဉ်ပြိုင်ဖက် အမတ်တွေရဲ့ အသက်ကိုကြည့်ရင် မြေးအဖိုးအရွယ်လောက် ရှိတာကို တွေ့ရမှာဖြစ်ပါတယ် ၊ မည်သို့ပင်ဖြစ်စေ ၊ မနန်းအက်စကီမိုးဟာ မြန်မာနိုင်ငံအတွက် အသက်အငယ်ဆုံး ပြည်နယ်လွတ်တော် အမတ် တစ်ယောက်ဖြစ်ခဲ့သလို ၊ သူ့ရဲ့ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီအတွင်းမှာလဲ အသက်ငယ်ဆုံးသော ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပါပြီ ။

မြန်မာနိုင်ငံရဲ့ သမိုင်းအနေအထားများကို ကြည့်ရူသုံးသပ်တဲ့အခါ ရှမ်းအမျိုးသားများဟာ အင်မတန် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်တာကို တွေ့မြင်ကြရမှာပါ ၊ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ် ၁၉၄၇မှာ နိုင်ငံတော်သမ္မကြီးဖြစ်ခဲ့သူဟာ စ၀်ရွှေသိုက်ဖြစ်သလို ၊ ဖက်ဒရယ်ပြည်ထောင်မှုအဖြစ် ရေးသားချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အချက်အလက်တို့ကို မျက်ကွယ်ပြုပြီး ခွဲထွက်ပိုင်ခွင့်ရှိသော တိုင်းရင်းသားများတွင်လဲ ရှမ်းတိုင်းရင်းသားများ လူမျိုးစုတစ်ခုသာ တရားဝင်ခွင့်ပြုခဲ့ကြပါတယ် ၊ အခြား မည်သည့်တိုင်းရင်းသားများမှ ခွဲထွက်ပိုင်ခွင့်မရှိပါ ၊ အဘယ်ကြောင့်ဆိုသော် ရှမ်း လူမျိုးများသည် မြန်မာဘုရင်၏ လက်အောက်ခံမဟုတ်ဘဲ ၊ တစ်ထီးတစ်နန်း နေထိုင်သောလူမျိုးစု ဖြစ်သောကြောင့်လို့ ၊ ပင်လုံစာချုပ်တွင် ပါဝင်ချုပ်ဆိုရေးသားခဲ့တဲ့ ဦ်းချန်ထွန်းရဲ့ ပင်လုံအကြောင်းသိကောင်းစရာမှာ ဖတ်မှတ် လိုက်ဖူးပါတယ် ၊ ဒါကြောင့်များ အရမ်းနိုးကြားနေတဲ့ လူမျိုးတွေများလားလို့ တွေးပြီး အားကျမှိပါတယ် ။

မြန်မာနိုင်ငံမှာ တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရားဝင်ပြည်နယ် လွတ်တော်အမတ် ဖြစ်ခဲ့သူ မနန်းအက်စကီးမိုးဟာ လဲချားအထက မှာကိုးတန်းအောင်မြင်ခဲ့ပြီး မန္တလေး VEC ပညာ ရေးရိပ်ဿာမှာ ဆယ်တန်းအောင်မြင်ခဲ့ခါ အေးသာယာက GTC မှာ ITနဲ့ ကျောင်း၂နှစ်တက်ခဲ့တယ်လို့ ဆိုပါတယ် ၊ ပင်လုံတက္ကသိုလ်ကနေ ၂၀၀၉ခုနှစ်က အင်္ဂလိပ်စာနဲ့ ကျောင်းပြီးခဲ့တယ်လို့ ဘီဘီစီ အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့ မိုဘီဂျီနိုမှာ ဖြေကြားသွားပါတယ်။

လွတ်တော်အမတ် အဖြစ်နဲ့ ပထမဦးဆုံး လုပ်ချင်တဲ့အလုပ်က ဘာလဲလို့ မေးကြည့်တဲ့အခါ “ကျမတို့နယ်မှာ မူလတန်း ပညာရေး အခမဲ့ပြုလုပ်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်” နောက်တစ်ခုကတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် လုပ်မယ်လို့လဲ ဖြေကြားသွားပါသေးတယ် ၊ မြန်မာ့နိုင်ငံရေး  လောကမှာ ဘယ်သူ့ကိုအားကျပါသလဲလို့ မေးတဲ့အခါ “မေမေစု”ကိုအားကျပါသတဲ့ ၊ စကားပြောခွင့်ရခဲ့ရင် သူ့မဲဆန္ဒနယ်မှာ သူတွေ့ကြုံခဲ့ရတာလေးတွေကို ပြန်ပြောပြချင်တယ်လို့ ဆိုပါတယ် ၊ ဘာကို အကြောက်ဆုံး လဲလို့မေးမြန်းတဲ့အခါမှတော့ ကြိုတင်မဲကို ကြောက်ပါသတဲ့ ၊ ကြိုတင်မဲ ပေးခွင့်ရှိတဲ့ နယ်သုံးခုလုံးမှာ သူဟာရှုံးနိမ့်ခဲ့လို့လို့ ဆိုပါတယ် ။ မည်သို့ပင် ဖြစ်စေ တည်ဆဲအစိုးရရဲ့ တရားဝင်ခွင့်ချက်နဲ့ တရားဝင်ပြည်နယ်လွတ်တော် အမတ်လေးဖြစ်လာခဲ့သူ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး လွတ်တော်အမတ်လေးကို ၀ိုင်းဝန်းဂုဏ်ပြု ကြပါစို့လားခင်မျာ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ။

10 comments:

မိုးယံ said...

သူ့ကိုတင် မဟုတ်ဘူး။ ရှမ်းတမျိုးသားလုံးလဲ ဒါထက်စည်းလုံးစေချင် တိုးတက်စေချင်တယ်။ 99 ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော်စိုးရိမ်တာက အဲလို ခွဲထွက်ခွင့်တွေ ဘာတွေတောင်ရတဲ့ တစ်မူးရှိတစ်ပဲလှူ ရှမ်းတောင်သူတွေ နေတဲ့ ပြည်ကြီးမှာ ဘာသာခြားများ အမျိုးကို တစ်စတစ်စ ၀ါးမြိုနေတယ်။ ရှမ်းပြည်နိုင်လောက်အကျယ်အ၀န်းမှ မရှိပဲ နိုင်ငံမှာ ငတ်ပြတ်နေသူတွေက ရှမ်းတိုင်းရင်းသူလေးတွေကို လိမ်ညာပေါင်းသင်း သွေးသွင်းသလို လူငယ်များနဲ့ အဆောက်အဦးများလဲ တိုးတက်နေတာ ရင်နာစရာပါဗျာ။ ဒီကောင်မလေး အမျိုးဘာသာ သာသနာကို ပါ အားသွန်ခွန်စိုက် ထမ်းရွက်နိုင်သော အမျိုးကောင်းသမီးလေးဖြစ်ပါစေဗျာ လို့ငွေလမင်းတို့နဲ့ ထပ်တူ ဆုတောင်းပထနာ ပြုလိုက်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒါဘဲ
ပြည်နယ်တွေအားသာချက်က မြို့တော်ကြီးတွေထက် မျိုးချစ်စိတ်အပြည့်ရှိတယ်
ကိုယ့်လူမျိုးကို ရဲရဲရင့်ရင့်အားပေးကြတယ်. မဲထည့်ကြတယ်
မြို့ကြီးတွေမှာတော့ ဟိုဟာကြီးတွေကသာ နိုင်ကြတာ
အင်းလေ ဥာဏ်နီဥာဏ်နက် ဥာဏ်စိမ်းတွေကလည်း ပါတာကိုး

...အလင်းစက်များ said...

ဒါပဲလေ... ကြိုတင်မဲပေါ့ ... ဟင်းဟင်း ကြိုတင်မဲလေ... ဟွန်းဟွန်း... ဒါကြောင့်သာ ... ဟွန်းဟွန်း

(ကြောင်ဖြူများရှင် မင်ကလားကြီး)

ကိုဇော် said...

သြော်. . .
ကြိုတင်မဲကို ကြောက်သတဲ့လားကွယ်။
သမီးလေး ကြောက်မယ် ဆိုလည်း ကြောက်သင့်ပါတယ်။
ကြိုတင်ပြီးတောင်မှ မဲနေတယ် ဆိုမှတော့. .
ဘယ်လိုလုပ် လာပြီး ဖြူစင်တော့မလဲကွယ်။

Anonymous said...

မိုဘီဂျီနိုမှာလည်း နားထောင်လိုက်ရတယ်.. ပြောတာ ကောင်းတယ်.. နိုင်ငံရေးလုပ်မယ့်လူဆိုတာ ဒါမျိုးမှပေါ့.. လူငယ်တွေကို အားပေးချစ်ခင်လျက်..

sosegado said...

လက်တွေ့လုပ်သွားလို့ ဂုဏ်ယူမိပါတယ်

လသာည said...

သူလေး ကြယ်တပွင့်အဖြစ် ဆက်လက်ကြိုးစားအောင်မြင်ပါစေလို့ ဆုတောင်းမိတယ်။

မျက်နှာလေးကလည်း ငြိမ်းချမ်းသလို ချစ်စရာလေး

နေသွေး(ဘရာဗို) said...

;) တော်ပါပေတယ်
နောက်ထပ် တော်လာ စေချင်ပါတယ်

blackcoffee said...

ဂုဏ်ပြုပါတယ်ဗျာ.. ကျွန်တော်ကလဲ လူငယ်ထဲက လူငယ်ပါဘဲ....

သဇင် said...

လေးစားဂုဏ်ယူပါတယ် မနန်းအက်စကီမိုး.... ဒီလို မျိုးဆက်သစ်လေးတွေ အများကြီးပေါ်ထွန်းလာနိုင်ပါစေလို့......